← Chapters

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အခန်း (၁၉၉-၂၀၁)

Vol. 14 Ch. 199-201

အပိုင်း (၁၉၉)

ရှမြန်သည် ဖူဖန့်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ကလေးက မသိနားမလည်တာ ဟုတ်ပါတယ်။ လူကြီးတွေကတော့ တာဝန်ယူပေးသင့်တာပေါ့"

"အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ ဒီလောကကြီးကို ဂရုမစိုက်ဘူး။ ရှင့်ရဲ့ကလေးကလည်း သူ လုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်နေဦးမယ်"

ဖူဖန့်၏အမေသည် အမှန်ပင် လူမိုက်တစ်ယောက် လုပ်ချင်နေလေသည်။ "ကျွန်မက ဘာဖြစ်လို့ လျော်ကြေးပေးရမှာလဲ။ ဒါက ကလေးတွေကြားက ရန်ပွဲသက်သက်ပဲလေ"

သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "သူ့အဖေက အာဇာနည်တဲ့လား"

"ဒီအရိုင်းအစိုင်း ကလေးမလေးက တင်းမင်ကျင်းရဲ့ ကလေးဟုတ်မဟုတ်တောင် သေချာမသိသေးဘဲနဲ့"

ဖူဖန့်၏အမေသည် သရော်လှောင်ပြောင်ကာ ပြောလိုက်၏။ "တင်းမင်ကျင်း သေသွားပြီးတဲ့နောက်မှာ အဲဒီမိန်းမပျက် ဟူရွှယ်ကျန်းက သူနဲ့အတူ လိုက်ပြေးသွား...အ"

ရှမြန်က မတုံ့ပြန်ရသေးခင်မှာပင် သူမဘေးက ကလေးမလေးသည် ဘာတစ်ခွန်းမှမပြောဘဲ ဖူဖန့်အမေဆီသို့ အရှိန်ဖြင့်ပြေးဝင်သွားကာ သူမ၏ခေါင်းလေးနှင့် ဖူဖန့်အမေ၏ဝမ်းဗိုက်ကို ဝင်တိုက်ပစ်လိုက်တော့သည်။

ဝံပုလွေပေါက်လေးတစ်ကောင်လို သူမသည် ဖူဖန့်အမေကို ဒေါသတကြီးဖြင့် စိန်းစိန်းဝါးဝါး ကြည့်နေ၏။

ဖူဖန့်အမေသည် နောက်သို့ ခြေ၂လှမ်းဆုတ်သွားပြီး သူမ၏ဗိုက်ကို အုပ်ထားလိုက်ရတော့သည်။ တင်းစီကျင်းက သူမကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူမသည်လုံး ဝမမျှော်လင့်ထားချေ။ သူမ၏ပထမဦးဆုံးတုံ့ပြန်မှုမှာ လက်ကိုမြှောက်ကာ ကလေးကို ရိုက်ချပစ်ဖို့ရန်ဖြစ်၏။

ရှမြန်က ရှေ့သို့မြန်မြန်လျှောက်လာပြီး လက်နှစ်ဖက်နှင့် တင်းစီကျင်းကို ဖမ်းဆွဲလိုက်ပြီး တစ်ချိန်တည်းတွင် ဖူဖန့်၏အမေကို ဝမ်းဗိုက်တည့်တည့် ကန်ကျောက်ပစ်လိုက်တော့သည်။ "ရှင်က အရှက်မဲ့လှချည်လား။ လူကြီးတစ်ယောက်က ဒီလို ငယ်ငယ်ရွယ်ရွယ် ကလေးလေးတစ်ယောက်ကို ရိုက်နှက်နေတယ်"

သူမ၏ ကန်ချက်သည် အလွန်အားပြင်းလွန်းသဖြင့် ဖူဖန့်၏အမေမှာ ကြမ်းပြင်ပေါ်တွင် ထိုင်ကျသွားပြီး လူတိုင်း၏ အထိတ်တလန့် အော်ဟစ်နေသည့် အသံကြားထဲတွင် ထမလာနိုင်တော့ချေ။

သူမသည် အရင်က ဒီလိုနစ်နာမှုမျိုးကို တခါမှ မခံခဲ့ရဖူးသည်မှာ သိသာသည်။ ဖြစ်ပျက်သွားသည့်အခြေအနေကို သိရှိပြီးသွားသည့်နောက်တွင် သူမကခုန်ထလာပြီး ရှမြန်ဆီသို့ အရှိန်ဖြင့် ပြေးဝင်လာတော့၏။ "သောက်ကျိုးနည်း အယုတ်တမာ။ နင်ကများ ငါ့ကို ရိုက်ရဲရသလား"

"ငါ နင့်ကို ရိုက်နှက်ပစ်ရလိမ့်မယ်"

ရှမြန်က တင်းစီကျင်းကို ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကြားသို့ တွန်းထုတ်လိုက်သည်။ ကလေး၃ယောက်ကလည်း အလွန် ကျွမ်းကျွမ်းကျင်ကျင် တင်းစီကျင်းကို ထောင့်လေးနားသို့ ဆွဲခေါ်ထားလိုက်ကြ၏။

ရှမြန်က ပျော့ပျော့ပျောင်းပျောင်း နောက်သို့ခုန်ရှောင်လိုက်ပြီး ဖူဖန့်အမေက ဖြတ်သွားသည့်အချိန်တွင် သူမ၏လက်ဝါးက ခုခံနေသယောင် ရှိသော်ငြားလည်း အမှန်တွင်တော့ သူမ၏လက်ကို တွန်းထုတ်လိုက်ကာ တစ်ဖက်လူမှာ ထိန်းမရတော့ဘဲ ဆရာမစားပွဲပေါ်သို့ လဲကျသွားတော့သည်။ သူမ၏ ခြေသလုံးသည် စားပွဲထောင့်နှင့် ခပ်နာနာလေး သွားရိုက်မိပြီး အားလုံးမှာ တော်တော်လေး နာသွားသည်ကို မြင်လိုက်ရတော့၏။

ရန်ပွဲတစ်ခု ဖြစ်တော့မည်ကို မြင်လိုက်ရသဖြင့် ဆရာမလျိုက သူတို့ကို လှမ်းတားလိုက်ကာ ပြောလိုက်၏။ "နှစ်ဖက်မိဘတို့ ကျေးဇူးပြုပြီးတော့ စိတ်လျှော့ကြပါ။ ရန်ဖြစ်တာက ပြဿနာကို မဖြေရှင်းနိုင်ပါဘူး"

ဖူဖန့်၏အမေသည် နာကျင်နေရာမှ ပြန်သက်သာလာပြီး ဒီရန်ပွဲတွင် အသာစီး မရနိုင်မှန်း သဘောပေါက်သွားသဖြင့် သူမက ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှမြန်ကိုလက်ညှိုးထိုးကာ ကျိန်ဆဲရင်း ဝုန်းဒိုင်းကြဲတော့သည်။ "နင်က ဘာဖြစ်လို့ ဒီအမျိုးယုတ်လေးကို အဲဒီလောက်တောင်မှ စိုးရိမ်နေတာလဲ။ တင်းမင်ကျင်းရဲ့ မယားငယ်မလို့လား"

"နင်က မြေခွေးမနဲ့တူသားပဲ။ ဒါပေမဲ့ နင်ကတော့ တကယ့်ကို နံဟောင်ပုပ်သိုး... ဒီလောက်ငယ်ငယ်လေးနဲ့..."

ထိုစကားကို နားထောင်နေရခြင်း၏ ရွံရှာမှုအဆင့်သည် ရှမြန်၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားတော့၏။ ကလေးကို ဤသို့သင်ပြထားခံရသည်ကလည်း မဆန်းတော့ချေ။

ဆရာမလျိုသည် ကြံရမရဖြစ်သွားသည့်အချိန်မှာပင် သူမ၏ဘေးက ခေါ်ထားသည့်ဖုန်းက ရုတ်တရက် ချိတ်ဆက်သွားသည်ကို ကြားလိုက်ရ၏။ စပီကာကို ဖွင့်ထားသည့်အတွက် အသံက အလွန်ကျယ်လောင်သွားတော့သည်။

အားလုံးက လှမ်းကြည့်လိုက်သည့်အချိန်တွင် ခုနတုန်းက ဖူဖန့်အဖေကို ရိုက်နှက်ခဲ့သည့် လူငယ်လေးသည် သုန်မှုန်နေသည့် မျက်နှာတစ်ခုဖြင့် ဆရာ့စားပွဲပေါ်က ဖုန်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

"ဟယ်လို။ လုံချန်ခရိုင်ရဲစခန်းကပါ"

ဖုန်းထဲက ထွက်လာသည့်အသံကြောင့် အားလုံးမှာ အထိတ်တလန့် ဖြစ်သွားတော့သည်။ ဖူဖန့်အမေ၏ ဆူပူကြိမ်းမောင်းသံကလည်း ရုတ်တရက် ရပ်တန့်သွားတော့၏။

နဥ်ရှောက်ပိုင်က သူမကို အေးတိအေးစက် လှမ်းကြည့်လိုက်ကာ ဖုန်းပြန်ဖြေလိုက်၏။

"ကျွန်တော် ရဲခေါ်ချင်လို့ပါ။ လုံချန်မူလတန်းကျောင်းမှာ တစ်စုံတစ်ယောက်က အာဇာနည်တစ်ယောက်ကို စော်ကားမော်ကား ပြောနေပြီး အာဇာနည်ရဲ့မိဘမဲ့ကလေးတွေကို ရိုက်နှက်နေပါတယ်"

တစ်ဖက်လူသည် လိပ်စာအသေးစိတ်ကို မေးမြန်းပြီးပြောလိုက်၏။ "အားလုံးပဲ။ ဒီမှာခဏလောက် ကျေးဇူးပြုပြီးတော့ စောင့်နေပေးပါ။ ရဲကားက ၁၀မိနစ်နေရင် ရောက်ပါလိမ့်မယ်" ဖူဖန့်အမေ၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူစုတ်သွားတော့သည်။ သူမသည် ၀ုန်းဒိုင်းကြဲပြီး ပြဿနာရှာရမည်ကို ဂရုမစိုက်နိုင်တော့ချေ။ သူမက ကြမ်းပြင်ပေါ်မှ ထရပ်လိုက်ကာ မေးလိုက်၏။ "ရှင် ဘာဖြစ်လို့ ရဲကိုခေါ်လိုက်တာလဲ"

နဥ်ရှောက်ပိုင်က သူမကို ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။ "ခင်ဗျားကမှ အေးအေးဆေးဆေး ပြဿနာ မဖြေရှင်းချင်တာ။ ဒီတော့ ရဲတွေကိုပဲ ဖြေရှင်းခိုင်းလိုက်တော့ပေါ့"

"တိုက်တိုက်ဆိုင်ဆိုင် ကလေးကလည်း ဒဏ်ရာရနေသေးတယ်လေ။ ကျုပ်ကလည်း ခင်ဗျား ပြောသမျှ စော်ကားတဲ့စကားတွေအားလုံးကို အသံသွင်းထားသေးတယ်။ ဒီနေရာမှာ မျက်မြင်သက်သေတွေလည်း အများကြီးရှိတယ်။ ခင်ဗျားကို ထိန်းသိမ်းရေးစင်တာကိုပို့ဖို့ လုံလောက်ပါတယ်"

ရှမြန်သည် အပြုံးဖြင့် ဖူဖန့်ကို ကြည့်လိုက်ကာ ပြောလိုက်၏။

"အို ရဲတွေကခဏနေ နင်နဲ့ နင့်ရဲ့အမေကို လာဖမ်းကြတော့မယ်။ နင့်ရဲ့အမေလည်း အလုပ်ကြမ်းစခန်းမှာ အကျဉ်းသားတစ်ယောက် ဖြစ်လာတော့မယ်။ နင်လည်း အလုပ်ကြမ်းစခန်းက အကျဉ်းသားတစ်ယောက်ရဲ့ သား ဖြစ်လာတော့မယ်"

ဖူဖန့်သည် အထိတ်တလန့် ဖြစ်သွားတော့သည်။

ရဲတွေက နင့်ကိုလာဖမ်းတော့မယ် ဟူသည့် ခြိမ်းခြောက်စကားသည် ကလေးဘဝကတည်းက အလွန်မှ အင်အားကြီးမားခဲ့လေသည်။ သူသည် လုံးဝကို မသိနားမလည်သည့်ကလေးမဟုတ်ဘဲ ရှမြန်ပြောသည့် စကားက အမှန်ဖြစ်နေသည်ကို သိလိုက်၏။

"ဟင့်အင်း။ ငါ့အမေက အကျဉ်းသားတစ်ယောက် မဟုတ်ဘူး။ နင်ကမှ အကျဉ်းသား"

သူက သူ့အမေ၏အင်္ကျီကို အလောတကြီး ဖမ်းဆွဲထားလိုက်ပြီး "အမေ။ ရဲတွေကအမေ့ကို ခေါ်သွားတာကို ခွင့်မပြုရဘူးနော်"

ရှမြန်က အော်ရယ်ကာ ပြောလိုက်၏။ "ရဲတွေက ဘယ်သူတွေကို ဖမ်းတာလဲ။ လူဆိုးတွေကိုလေ။ နင်နဲ့ နင့်အမေ နှစ်ယောက်စလုံးက လူဆိုးတွေပဲ။ နင်တို့တွေက သေချာပေါက် အဖမ်းခံရမှာပေါ့"

ဖူဖန့်၏အမေသည် နဉ်ရှောက်ပိုင် ပြောလိုက်သည့်စကားက အမှန်ဖြစ်နေသည်ကို သဘောပေါက်သွားပြီး ရဲတွေကလည်း သူမကို မကြာခင် လာရောက်ဖမ်းဆီးပေတော့မည်။

ဒီလိုကိစ္စမျိုးသည် ရဲများ၏တာဝန်မဟုတ်မှန်း ခံစားမိနေသော်ငြားလည်း သူမသည် စွန့်စားမှုကို လက်ခံရမှာ ကြောက်ရွံ့မိသဖြင့် ထရပ်ကာ ဖူဖန့်ကို ဆွဲထုတ်သွားချင်တော့၏။

ရှမြန်က သူမကိုမတားဘဲ ဖြည်းဖြည်းချင်းသာ ပြောလိုက်လေသည်။ "ဟုတ်တယ်။ မြန်မြန်ပြေးတော့။ ဒါမှ ရဲတွေကလည်း ရှင်တို့တွေကို ဖမ်းဖို့ ရှင့်အိမ်ကိုလာနိုင်မှာ။ အဲဒီအချိန်ကျရင် ရှင့်ရဲ့အိမ်နီးချင်းတွေကလည်း ရှင်က အလုပ်ကြမ်းစခန်းက အကျဉ်းသားတစ်ယောက်ဆိုတာ သိသွားကြလိမ့်မယ်"

ဖူဖန့်၏အမေသည် ထွက်မပြေးရဲပြန်တော့ချေ။ သူမက ကိုယ်ကိုလှည့်လိုက်ပြီး သူမ၏အစောပိုင်းက ထောင်လွှားဝင့်ကြွား စီးပိုးနေသည့်သဘောထားမှာ ဘာအရိပ်အယောင်မှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။ သူမက အောင့်သက်သက်ဖြင့် ပြောလိုက်၏။

"ငါ ပိုက်ဆံပေးပါ့မယ်။ ငါ နင်တို့ကို ပိုက်ဆံပေးလိုက်ပြီဆိုရင် အဆင်ပြေသွားပြီပဲ မဟုတ်လား။ ငါ့မှာ ငွေအများကြီး ပါမလာလို့ပါ။ ငါ အခုပဲ ပေါင်အာရဲ့အဖေကို ပိုက်ဆံချက်ချင်း ယူလာခိုင်းလိုက်ပါ့မယ်။ စကားကောင်းကောင်း ပြောကြတာပေါ့"

သူမသည် နဥ်ရှောက်ပိုင်ကို တစ်ဖန်ကြည့်လိုက်ပြီး သိမ်မွေ့နေသည့်လေသံဖြင့် ပြောလိုက်၏။

"ရှင်လည်း တွေ့ပါတယ်။ ဒီကိစ္စက ကလေးတွေကြားက ကိစ္စတစ်ခုပဲလေ။ ကျွန်မ ဖူဖန့်ကို ခေါ်သွားပြီးတော့ ကောင်းကောင်းလေး ဆုံးမလိုက်ပါ့မယ်။ ကျေးဇူးပြုပြီးတော့ ရဲတွေကို မလာခိုင်းပါနဲ့တော့နော်။ ဟုတ်ပြီလား"

"ဒါမှမဟုတ်လည်း တကယ်လို့ ရှင်တို့က ယွမ်၅၀က အရမ်းနည်းနေတယ်လို့ ထင်တယ်ဆိုရင် ကျွန်မက ရှင်တို့ကို ယွမ်၁၀၀ပေးနိုင်ပါတယ်။ ရှင်တို့တွေ ရဲတွေကို ပြန်သွားခိုင်းလိုက်ပါနော်"

နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထားလိုက်သည်။ ရှမြန်ကတော့ တအံ့တဩဖြင့် ပြောလိုက်၏။

"ဪ ရှင်က ဆင်ခြင်တတ်သေးသားပဲ"

ဒီအခိုက်အတန့်တွင်တော့ သူမက ပြုံးကာပြောလိုက်သည်။ "ဒါပေမဲ့ အရမ်းနောက်ကျသွားပြီလေ။ ရဲတွေက လမ်းပေါ်ရောက်နေပြီ။ ကျွန်မတို့အားလုံး ရဲစခန်းကို သွားရလိမ့်မယ်"

"ရှင်တို့တွေက အချုပ်ထဲပဲ သွားချင်သွားချင်၊ လျော်ကြေးပဲ ပေးချင်ပေးချင်။ ရဲအရာရှိရဲ့စကားကိုတော့ နားထောင်ရဦးမယ်"

ဖူဖန့်၏အမေသည် မရွှင်မပျဖြစ်သွားပြီး တစ်ခုခုကို ဆက်ပြီးပြောချင်လိုက်သော်ငြားလည်း နဥ်ရှောက်ပိုင် ကပြတင်းပေါက်ကိုလှမ်းမှီကာ အပြင်ကိုလှမ်းကြည့်ပြီး ပြောလာသည်ကို ကြားလိုက်ရသည်။ "အချိန်ကိုက်ပဲ။ ခင်ဗျားတို့ မိသားစုတွေအားလုံး အတူတူရောက်လာကြပြီ"

အားလုံးက စဉ်းစားနေသည့်အချိန်မှာပင် အပြင်ဘက်က လှေကားတွင် ဆူညံသံတစ်ခုကို ကြားလိုက်ရ၏။

ထိုခဏတွင်တော့ ဖူဖန့်၏အဖေသည် လက်နက်များနှင့် လူအနည်းငယ်ကို ခေါ်ဝင်လာကာ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်လေသည်။

သူသည် သူ့လက်ထဲက မီးဖိုချောင်ဓားနှင့် နဉ်ရှောက်ပိုင်ကို ချိန်ရွယ်ထားပြီး ပြောလိုက်၏။ "မြေးကလေး မင်းက မင်းမှာလက်၂ဖက်ရှိနေလို့ အရမ်းကို တရားမျှတသွားပြီလို့ ထင်နေတာပေါ့လေ။ ဒီနေ့ဘယ်သူက ပိုပြီးတော့ မြန်လဲဆိုတာကို ကြည့်ရဦးမယ်။ မင်းရဲ့လှုပ်ရှားမှုလား ဒါမှမဟုတ် ငါ့ရဲ့ဓားလား"

ရှမြန်...

သူမသည် ဒီမိသားစုကို မည်သို့ပြောရမည်မှန်းပင် မသိတော့ချေ။ သူတို့သည် နေ့စဉ်ကိစ္စရပ်များအပေါ်တွင် ဒီလိုရက်စက်ကြမ်းကြုတ် စီးပိုးသည့်အပြုအမူအပေါ် မှီခိုအားကိုးသယောင် ရှိသည်။

သို့သော်ငြားလည်း ဒါသည် အမှန်ပင် နတ်ဘုရားကပေးလာသည့် အခွင့်အရေးတစ်ခုသာ ဖြစ်လေ၏။ အစတုန်းကတော့ ဖူဖန့်အမေကို နှုတ်အားဖြင့် အငြင်းပွားစရာအမှုတစ်ခုအနေဖြင့် စွဲဆိုနိုင်ရုံသာရှိသဖြင့် စိုးရိမ်နေခဲ့ရသည်။

ဒီကိစ္စသည် ကြီးအောင်လည်း လုပ်လို့ရနိုင်သလို သေးသွားအောင်လည်း လုပ်လို့ရနိုင်သည်။

သို့သော်ငြားလည်း တစ်စုံတစ်ယောက်ကို ဓားဖြင့်ထိုးဖို့ရန် ကြိုးစားအားထုတ်မှုကတော့ တကယ့်ကို ကြီးမားသည့်ပြဿနာပင်။

ဖူဖန့်အမေသည် ဒီအရာကို နားလည်သွား၏။ သူမ၏ယောက်ျားက ပြေးဝင်လာသည့်အချိန်တွင် သူမက ရှေ့သို့အပြေးအလွှား ပြေးသွားကာ သူ့ကိုတားမြစ်ပြီး အပြင်သို့ တွန်းထုတ်၏။ "သူ့ကိုမရိုက်နဲ့။ သူ့ကို မရိုက်နဲ့။ မြန်မြန်ပြေးတော့။ ရဲတွေလာနေပြီ"

ဖူဖန့်အဖေသည် သူ့မိန်းမက ဝင်တားလိုက်သဖြင့် ဇဝေဇဝါ ဖြစ်သွားတော့၏။ "မင်း ဘာပြောလိုက်တယ်"

"ငါ့ကို လွှတ်စမ်းပါ။ ငါ ဒီမြေးလေးကို အရင်ဆုံး ရှင်းထုတ်လိုက်ဦးမယ်"

ဖူဖန့်၏အမေမှာ ဒေါသဖြင့်ပြောတော့သည်။ "သူ ရဲကို ဖုန်းဆက်ထားတယ်။ ရဲတွေခဏနေ ဒီကိုလာတော့မယ်။ ဘာလို့ ထွက်မပြေးသေးတာလဲ"

ဖူဖန့်အဖေသည် စကားကိုမယုံကြည်ဘဲ သရော်ကာပြောလေသည်။

"ကလေးတွေ ရန်ဖြစ်ကြတာကို ဘာဖြစ်လို့ ရဲခေါ်ရမှာလဲ။ သူက ဒီအတိုင်း မင်းကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ။ သူ့အရူးလုပ်တာမခံနဲ့ အရူးမ။ ငါ့လမ်းက ဖယ်စမ်းပါ"

"ညီအစ်ကိုတို့ရေ။ ဒီနေ့ အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူတို့သည် အပြေးဝင်လာကြ၏။ ရှမြန်ကလည်း အနောက်ဘက်သို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်ကာ ရုံးခန်းတံခါးကို ပိတ်ထားလိုက်တော့သည်။

လူနည်းစုသည် အူကြောင်ကြောင်ဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ကြပြီး ရှမြန်ကအပြုံးဖြင့် ပြောလိုက်တော့သည်။ "ဟုတ်ပြီ။ ရှင်တို့ ဒီလိုလုပ်ချင်တယ်ဆိုရင်လည်း လုပ်ကြတော့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ ဖူဖန့်အမေရဲ့ ကိစ္စက ၁ရက်၊ ၂ရက်လောက်ပဲ အချိန်ယူရလိမ့်မယ်လို့ ကျွန်မက ထင်ထားခဲ့တာ"

သူမသည် သူတို့၏လက်ထဲက လက်နက်များကို တစ်ခုပြီးတစ်ခု သေသေချာချာလေး ကြည့်လိုက်၏။

"ဓားတရမ်းရမ်းနဲ့ လူတွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်တယ်။ ဒီလိုကိစ္စမျိုးကို အချုပ်ထဲမှာ နှစ်ပေါင်းများစွာ အမိန့်ချမှတ်လို့ရနိုင်တယ်"

သူမက ဖူဖန့်ကိုကြည့်ကာ ပြောလိုက်လေသည်။ "အခု နင့်ရဲ့အဖေလည်း အလုပ်ကြမ်းစခန်းက အကျဉ်းသားတစ်ယောက် ဖြစ်လာတော့မယ်။ ကျွတ် ကျွတ် နင့်ရဲ့မိဘ၂ယောက်စလုံးက အလုပ်ကြမ်းစခန်းက အကျဉ်းသားတွေ ဖြစ်တော့မှာပဲ"

ဖူဖန့်သည် မျက်ရည်များ တသွင်သွင် စီးကျသွားတော့သည်။ "အဖေ မြန်မြန်လုပ်ပါ။ ရဲတွေ လာတော့မယ်။ အဖေ့ကို အကျဉ်းသားတစ်ယောက် မဖြစ်စေချင်ဘူး။ အဖေ့ကို ရဲတွေရဲ့ဖမ်းသွားတာ မခံရစေချင်ဘူး"

သူ့အဖေသည် ထိုစကားကို မယုံသည်မှာ သိသာလေသည်။ သူက နှာခေါင်းရှုံ့လိုက်သည့်အချိန်မှာပင် အပြင်ဘက်က ဥဩဆွဲသံများကို ကြားလိုက်ရတော့၏။

သူ့အမူအရာသည် နောက်ဆုံးတော့ ပြောင်းလဲသွားတော့သည်။ "မင်းတို့တွေ တကယ်ပဲ ရဲခေါ်ခဲ့တာလား"

ဖူဖန့်အမေက ဒေါသတကြီး ပြောလိုက်၏။ "ရဲတွေ ခေါ်ထားပါတယ်လို့ ကျွန်မ ရှင့်ကိုပြောထားသားပဲ။ ဒါပေမဲ့ ရှင်က မယုံဘူးလေ"

ဖူဖန့်အဖေသည် ချက်ချင်းဆိုသလို ကိုယ်ကိုလှည့်ကာ သူ့ညီအစ်ကိုများကို လှမ်းအော်လိုက်လေသည်။

"အရင်ဆုံးသွားကြမယ်"

သို့သော်ငြားလည်း ရှမြန်က တံခါးကို ပိတ်ဆို့ထားကာ လှုပ်ရှားဖို့ရန် ခွင့်မပြုခဲ့ချေ။

"အယုတ်တမာမလေး လမ်းဖယ်စမ်း" တစ်စုံတစ်ယောက်က လက်ကိုဆန့်ကာ သူမကို လှမ်းဆွဲလိုက်သည်။

ရလဒ်အနေဖြင့် ရှမြန်က သူ့လက်ထဲက တုတ်ချောင်းကို လုယူလိုက်ပြီး သူ့ကို ပြန်တွန်းလိုက်၏။

"သွားပါ။ ဆက်လုပ်။ တကယ်လို့ ကျွန်မ ဒဏ်ရာရသွားတယ်ဆိုရင် ကျွန်မက ရှင်တို့ကို အချုပ်ထဲပို့နိုင်တဲ့အပြင် အရာအားလုံး ဆုံးရှုံးသွားအောင်လည်း လုပ်လို့ရတယ်"

ဒီလူများသည် ဖူဖန့်အဖေက လူများကို ခြိမ်းခြောက်ဖို့ရန် ခေါ်လာကြသည့်လူများဖြစ်၏။ နောက်ဆုံး သူတို့တွင် နက်နက်ရှိုင်းရှိုင်း အမုန်းတရားများလည်း မရှိချေ။ ဒီအခိုက်အတန့်တွင် ဥဩသံကလည်း အပြင်ဘက်တွင် တဝီဝီမြည်နေတော့သည်။ ထို့ကြောင့် သူတို့မှာ ဘာမှမလှုပ်ရှားရဲတော့ချေ။ သူတို့သည် ကျိန်ဆဲရုံသာ တတ်နိုင်ပြီး တိုးဝှေ့နေကြတော့၏။

ရှမြန်ကတော့ မလှုပ်မရှားရှိနေဆဲပင်။

ဥဩဆွဲသံသည် အောက်ထပ်တွင် ရပ်တန့်သွားသည့်အချိန်ကျမှ ရှမြန်က တံခါးကို ဖွင့်ပေးလိုက်ကာ အပြုံးဖြင့်ပြောလိုက်တော့၏။ "ရှင်တို့တွေ အခုပြေးလို့ရပြီ"

"ဒါပေမဲ့ ပြေးနေတုန်း အဖမ်းခံလိုက်ရရင်တော့ ပြစ်မှုက..." ရှမြန်သည် သူမ၏ခေါင်းလေးကို စောင်းလိုက်ကာ ခဏလောက် စဉ်းစားလိုက်ပြီးမှ "ပိုပြီးတော့ပြင်းထန်တဲ့ ပြစ်မှုတစ်ခု ဖြစ်သွားလိမ့်မယ်။ ဟုတ်တယ်မလား"

ဒီလူများသည် ထွက်လည်းမပြေးနိုင်တော့သလို ဆက်လည်းမနေနိုင်ချေ။ နောက်ဆုံးတော့ သူတို့သည် ဖူဖန့်၏ အဖေကို ကြောက်လန့်တကြား ဒေါသတကြီးဖြင့် ကြည့်သာနေနိုင်တော့၏။

"ဒါက ကလေးတွေကြားက ရန်ပွဲတစ်ခုပဲလေ။ ကြည့်ပါဦး။ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ"

"ဟုတ်ပါ့။ လူကြီးတစ်ယောက်က ကလေးတစ်ယောက်နဲ့ ပြိုင်ပြီး ရန်ဖြစ်နေတယ်ဆိုတာကို ကျုပ်တစ်ခါမှ မကြားခဲ့ဖူးဘူး။ ခင်ဗျားက ခင်ဗျားရဲ့ကလေးကို အရမ်းအလို လိုက်ထားခဲ့တာ မဟုတ်ဘူးလား"

"ကံဆိုးလိုက်တာ"

ဖူဖန့်၏ အဖေသည် ဒေါသထွက်လွန်းသဖြင့် သူ့သွေးဖိအားမှာ ထိုးတက်လာတော့သည်။ သို့သော်ငြားလည်း သူ့မှာ ကူကယ်ရာမဲ့သွားပြီး ခပ်ကြမ်းကြမ်း စကားလုံးကိုပင် မပြောရဲတော့ချေ။

ရှမြန်က သရော်လိုက်တော့၏။ "ဒါကိုမှ ကျိုးကြောင်းသင့်ပြီး ဆင်ခြင်ဉာဏ်ရှိတယ်လို့ ခေါ်တယ်မဟုတ်လား"

"ဒီတော့ ရှင်က လူတွေကို အနိုင်ကျင့်ဖို့အတွက် ဒီအတိုင်း တုံးအချင်ဟန်ဆောင်နေတာပေါ့လေ။ ဟုတ်လား"

ရဲများက ရောက်လာသည့်အချိန်တွင် နှုတ်ဖြင့် အငြင်းပွားသည့် ကိစ္စတစ်ခုဖြစ်သည်ဟု သူတို့ ထင်ထားခဲ့သည့်အရာသည် လက်နက်ဖြင့် တိုက်ခိုက်ခြင်းတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထို့ကြောင့် သူတို့သည် လူအားလုံးကို ခေါ်သွားဖို့ရန်အတွက် နောက်ထပ်ရဲကား၂စီးကို ထပ်ခေါ်ရတော့သည်။

ဝန်ခံချက် မှတ်တမ်းတင်သည့်အချိန်တွင်လည်း ရှမြန်သည် ဒီကိစ္စကို အာဇာနည်တစ်ယောက်အား စော်ကားခြင်းတစ်ခု အသွင် ပြောင်းလဲသွားအောင်လုပ်ပြီးပြီး ဖူဖန့်တို့မိသားစုကို သေချာပေါက် သင်ခန်းစာတစ်ခု ပေးရမည်ဟု စဉ်းစားထားလိုက်တော့၏။

ရလဒ်အနေဖြင့် သိပ်မကြာသေးခင်မှာပင် သူမက ဘာအားထုတ်မှုမှ မလုပ်ရသေးခင်မှာပင် ရဲစခန်းက ဖူဖန့်၏ အဖေနှင့် အမေ၂ယောက်စလုံးကို နေရာမှာတင် ဖမ်းဆီးသွားတော့သည်။

ဖူဖန့်၏အမေကို ၆ရက်၊ ၇ရက်လောက် ထိန်းသိမ်းခံရမည်ဖြစ်ကာ ဖူဖန့်၏အဖေကတော့ အနည်းငယ် ပိုကြာကြာ ထိန်းသိမ်းခံရလိမ့်မည်ဟု ပြောကြသည်။ သူတို့သည် စီရင်ချက်ချခြင်း မခံခဲ့ရသော်ငြားလည်း ဒီလိုခေတ်အခါမျိုးတွင် အပြင်ထွက်ပြီး လူအများကို တွေ့ဆုံရသည့်အခါ သူတို့အတွက် ရှက်ရွံ့စေဖို့ရန် လုံလောက်လေသည်။

သက်သေ လုပ်ပေးရန် ရောက်လာကြသည့်မိဘများသည် ရှမြန်နှင့် နဥ်ရှောက်ပိုင်တို့ကို တအံ့တသြဖြင့် ကြည့်လိုက်ကြပြီး "ငါ့နောက်မှာ တစ်ယောက်ယောက် ရှိသေးပါလား" ဟူသည့်စကားလုံးကို ပြောနေသယောင်။ တချို့က သူတို့နှင့် ရင်းနှီးဖို့ ကြိုးစားကြလေတော့သည်။

သို့သော်ငြားလည်း ရှမြန်ကိုယ်တိုင်က မျက်ရည်လည်ရွှဲဖြစ်နေသဖြင့် သူမသည် မနေနိုင်တော့ဘဲ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်မိတော့သည်။

နဥ်ရှောက်ပိုင်ကတော့ ခေါင်းခါပြလိုက်၏။ "ငါမဟုတ်ပါဘူး" ထို့နောက်တွင်တော့ တီးတိုးပြောလိုက်လေသည်။

"အဲဒီကိစ္စက တင်းစီကျင်းအဖေနဲ့ ပတ်သက်နေတာ ဖြစ်ရမယ်"

အာဇာနည်များသည် သူတို့၏လူမမယ်ကလေးများကို ပြုစုစောင့်ရှောက်ပေးဖို့ရန်အတွက် သူတို့နှင့်အတူ သေအတူရှင်မကွာ ရင်ဆိုင်ကြရသည့် ရဲဘော်များ ရှိလေ့ရှိသည်။ သူတို့သည် တင်းစီကျင်းနှင့် တစ်ချိန်လုံး အတူတူ မရှိနေနိုင်သော်ငြားလည်း သူတို့သည် ဒီလိုဆက်ဆံရေး အားလုံးကိုတော့ သေချာပေါက်စောင့် ရှောက်ပေးရပေမည်။

နောက်ပိုင်းတွင်တော့ သူ့ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်တော့၏။

သူတို့သည် ပြန်တော့မည်အချိန်တွင် ခေါင်းဆောင်ဖြစ်ဟန်တူသည့် ရဲအရာရှိတစ်ယောက်က ရောက်ချလာ၏။ သူက ရှမြန်ကို အလေးပြုကာ ပြောလိုက်သည်။ "ဒီကလေးအတွက် ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒီကလေးဆီမှာ ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာကိုတောင် ကျွန်တော်တို့တွေ သိမှာမဟုတ်ဘူး"

...

အပိုင်း (၂၀၀)

သူသည် ခေါင်းကိုငုံ့လိုက်ကာ တင်းစီကျင်း၏ ခေါင်းကို ထိကိုင်ပေးပြီး ပြောလိုက်၏။ "လိမ္မာတဲ့ကလေး။ ကလေးရဲ့အဖေက တကယ့်ကို ကြီးမြတ်တဲ့လူတစ်ယောက်ပါ။ ကလေးက စာကြိုးစားပြီးတော့ သူ့ကို အရှက်မခွဲရဘူးနော်။ တကယ်လို့ နောက်ပိုင်းမှာ ဘာအခက်အခဲပဲ တွေ့တွေ့ ဦးတို့ဆီ လာခဲ့နော်"

အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောခဲ့သည့် တင်းစီကျင်းသည် နောက်ဆုံးတော့ သူမ၏ခေါင်းလေးကို မော့ကာ မေးလိုက်၏။ "ဦးလေးက သမီးရဲ့အဖေကို သိလို့လား"

အရာရှိက ရင်းနှီးဖော်ရွေစွာ ပြုံးပြလိုက်ပြီး "ဦးက သူ့ကို မသိပါဘူး။ သူ့အကြောင်းကိုပဲ သိတာပါ။ သူက အရမ်းကို လေးစားစရာကောင်းတဲ့ လူတစ်ယောက်ပါ။ သမီးကလည်း သူ့လိုဖြစ်လာမယ်လို့ ဦး မျှော်လင့်ပါတယ်"

တစ်ဖက်လူသည် တင်းမင်ကျင်း ဆုံးပါးသွားရသည့် အကြောင်းအရင်းကို ထုတ်မပြောခဲ့ချေ။ ထို့ကြောင့် သူသည် လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေရသည့် အာဇာနည်တစ်ယောက် ဖြစ်နိုင်ခြေ အလွန်ရှိနေ၏။ သူ သေဆုံးသွားပြီးသည့်နောက်တွင်လည်း သူ၏အုတ်ဂူတွင် နာမည်တစ်ခု ရေးထွင်းနိုင်လိမ့်မည် မဟုတ်ပေ။

ရဲအရာရှိ ပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် တင်းစီကျင်း၏ မျက်လုံးများသည် နောက်ဆုံးတော့ လင်းလက်သွားတော့၏။ ဒီနေရာက တခြားနေရာနဲ့မတူဘူး။ ဘယ်သူကမှလည်း သူမကို ရယ်မောနေကြတာ မရှိသလို ဘယ်သူမှလည်း အနိုင်မကျင့်ကြဘူး။ ဒီနေရာက လူတွေက သူမအဖေအကြောင်း ပြောလိုက်တဲ့အချိန်ကျရင် လေးစားမှုအပြည့် ရှိနေတာပဲ။

ဒီလိုလေးစားမှုမျိုးသည် သူမ၏ခန္ဓာကိုယ်ထဲသို့ အားဆေးတစ်ခု ထိုးသွင်းခံလိုက်ရသယောင်ရှိကာ သူမကို ယုံကြည်ချက်များ ပေးစွမ်းနေပြီး သူမကို လောကကြီးအား ဆက်ပြီးကြောက်ရွံမနေတော့အောင် ဖြစ်စေလေသည်။

ရှမြန်သည် သူမ၏ ခန္ဓာကိုယ်ပေါ်က ဆူးချွန်များက မသိမသာ နည်းပါးသွားသည်ကို သတိထားမိလိုက်၏။

ခဏအကြာတွင်တော့ ခြေထောက်များကို စည်းထားသည့် အဖွားကြီးတစ်ယောက်သည် အလောတကြီး အပြင်ဘက်မှနေ၍ ဝင်လာခဲ့၏။ "စီးစီး...စီးစီး ဒီမှာရှိလား"

သူမသည် အလွန်စိုးရိမ်နေသဖြင့် သူမ၏နဖူးပေါ်တွင် ချွေးစေးများပင် ထွက်လို့နေသည်။ "ကလေး ဘာဖြစ်လို့ စခန်းရောက်နေတာလဲ။ ရဲအရာရှိ ဘာဖြစ်ခဲ့လို့လဲ"

တင်းစီကျင်းသည် မြန်မြန်ပြေးသွားလိုက်ကာ "အဘွား သမီး ဒီမှာပါ။ သမီး အဆင်ပြေပါတယ်"

အဘွားကြီးသည် မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အကြည့်တစ်ခုဖြင့် သူမကိုကြည့်လိုက်၏။ "ရဲဌာနက ရဲဘော်တွေက အဘွားတို့အိမ်ကို လာပြီးတော့ သူရဲကောင်းလက်မှတ်ကို လာပြီးတော့ တောင်းသွားတယ်လေ။ သမီး ဘာဖြစ်လို့လဲ။ သမီးဘာဒုက္ခတွေတွေ့ခဲ့လို့လဲ"

"အဘွား ကလေးမလေးက ဘာဒုက္ခမှမဖြစ်ပါဘူး" ရဲအရာရှိက ပြောပြလိုက်သည်။

"တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်ချင်နေခဲ့တာပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့တွေ သူ့ကို ဖမ်းပြီးသွားပါပြီ"

အဘွားကြီးသည် ခဏလောက် မှင်တက်အံ့သြသွားတော့သည်။ "သူ အဖမ်းခံလိုက်ရပြီလား"

သူမသည် စိုးရိမ်စိတ်အပြည့် ဖြစ်သွားတော့သည်။ "ဒါဆိုရင် သူက နောက်ပိုင်းကျရင် ကျွန်မတို့တွေကို ထပ်ပြီးတော့ ဒုက္ခလာပေးဦးမှာလား"

ရဲအရာရှိက ပြောလိုက်၏။ "မဟုတ်ပါဘူး။ သူတို့တွေ နောက်တစ်ခါ အဲ့ဒီလိုမလုပ်ရဲတော့ပါဘူး"

အဘွားကြီး၏ မျက်လုံးများသည် ရုတ်တရက်ဆိုသလို နီရဲသွားတော့သည်။ "အခုအချိန်ကစပြီး ဘယ်သူကမှ စီးစီးကိုထပ်ပြီး အနိုင်ကျင့်နိုင်မှာ မဟုတ်တော့ဘူးပေါ့နော်" ရဲအရာရှိက ပြောလိုက်သည်။

"ဟုတ်ပါတယ်။ နောက်ဆိုရင် ဘယ်သူကမှ စီးစီးကို အနိုင်ကျင့်တော့မှာ မဟုတ်ပါဘူး။ အဘွားကိုလည်း အတူတူပါပဲ။ တကယ်လို့ နောက်ပိုင်း အခက်အခဲ တစ်စုံတစ်ရာ ရှိတယ်ဆိုရင် ကျွန်တော်တို့ဆီကို လာခဲ့ပါ။ ကျွန်တော်တို့တွေက အဘွားတို့အတွက် တတ်နိုင်တာအားလုံး ဖြေရှင်းပေးမှာပါ"

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်" အဘွားကြီးသည် ဗလုံးဗထွေး ပြောလိုက်၏။

"အဖွဲ့အစည်းကို ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်"

တင်းစီကျင်းက ရုတ်တရက် မေးလိုက်လေသည်။ "သမီးရဲ့ဦးလေးကိုရော ဖမ်းပေးလို့ရလား"

အဘွားကြီး၏အမူအရာမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။ "စီးစီး သမီး ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ"

တင်းစီကျင်းက ပြောလိုက်သည်။ "သမီး အားလုံးကို သိပါတယ်။ သူက သမီးအဖေရဲ့ ထောက်ပံ့ကြေးလစာကိုလည်း ခိုးသွားတယ်။ ဒါကြောင့် အဘွားက ဆရာဝန် သွားပြဖို့တောင် ပိုက်ဆံမရှိဘူးလေ။ သူက အမေ့ကိုလည်း အနိုင်ကျင့်ခဲ့တယ်။ အမေက ဒါကိုသည်းမခံနိုင်လို့ ထွက်သွားခဲ့တာ"

ရဲအရာရှိက မျက်မှောက်ကြုတ်နေသည်ကို မြင်လိုက်ရသည့်အခါ အဘွားကြီးမှာ အလောတကြီး ပြောလိုက်တော့သည်။ "ကလေးက ဘာမှနားမလည်ဘဲနဲ့ လျှောက်ပြောနေတာပါ။ သူ့ရဲ့ဦးလေးက ပိုက်ဆံကို ဒီအတိုင်း ချေးငှားသွားချင်တာပါ။ ပိုက်ဆံကို ချေးငှားသွားတာပါ..."

မိသားစုအရေးကိစ္စများ ပါဝင်ပတ်သက်နေသည်မှာ သိသာသည်။ ထို့ကြောင့် ရှမြန် မပြောနှင့် ရဲအရာရှိကပင် ဝင်ရောက်စွက်ဖက်လို့ မရနိုင်ချေ။

တင်းစီကျင်းတွင် သူမကို စောင့်ရှောက်ပေးမည့် အားကိုးရမည့်လူရှိကြောင်း သိလိုက်ရသဖြင့် သူတို့ကလည်း အရင်ဆုံး ပြန်လာခဲ့လိုက်တော့သည်။

မပြန်ခင်တွင် ရှောင်ဖုန်းက သူ့လက်ထဲက ယုန်ဖြူသကြားလုံးလေးကို တင်းစီကျင်း၏ လက်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သေးသည်။ ဒီတစ်ကြိမ်တွင်တော့ ကလေးမလေးက မငြင်းပယ်ဘဲ သူ့ကိုကျေးဇူးတင်စကား တိုးတိုးလေး ပြောလိုက်သေးသည်။

ရှောင်ဖုန်းက ရုတ်တရက် သူ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်လေသည်။

သူတို့သည် ရဲစခန်းသို့လာခဲ့သည့်အချိန်တွင် လုံးဝကို မှောင်မည်းနေပြီဖြစ်၏။ ကားဖြင့် ပြန်လာသည့်လမ်းတွင် နဥ်ရှောက်ပိုင်က ရုတ်တရက် အသံထွက်ကာ အော်ရယ်လေတော့သည်။

"ဘာဖြစ်တာလဲ"

နဥ်ရှောက်ပိုင်က နောက်ခန်းက ကလေး၃ယောက်ကို လှမ်းကြည့်လိုက်ပြီး "အရင်တုန်းကတော့ တစ်ယောက်တည်းအတွက် ဒီကိုလာခဲ့ရတယ်လေ။ ဒါပေမဲ့ အခုကျတော့ ကလေး၃ယောက်ကိုတောင်မှ အတူတူ ခေါ်လာခဲ့သေးတယ်။ နောက်နှစ်အနည်းငယ် နေရင်တော့ ငါတို့တွေ ရဲစခန်းနဲ့ တော်တော်လေး ရင်းနှီးနေတော့မှာပဲ။ ဟုတ်တယ်မလား"

ရှမြန်ကလည်း အော်ရယ်တော့သည်။ "ကျွန်မတို့က ဘာတတ်နိုင်မှာလဲ။ ကျွန်မတို့က ဒီလို ကျိုးကြောင်းဆင်ခြင်မှု မရှိတဲ့ သူတွေကို တွေ့ရတဲ့အခါ ရဲစခန်းက ဦးလေးတွေကို အားကိုးတာကလွဲပြီး တခြားပိုကောင်းတာ မရှိဘူးလေ"

ရှမြန်က ထိုကိစ္စကို ပြီးဆုံးသွားပြီဟု ထင်ခဲ့လေသည်။ သို့သော်ငြားလည်း နောက်တစ်နေ့တွင်တော့ ရှောင်ဖုန်းက မနက်အစောကြီး အိပ်ရာထပြီး မနက်စာစားပြီးနောက် သူ့ကျောပေါ်တွင်လည်း ကျောပိုးအိတ်ငယ်လေးတစ်လုံးဖြင့် မျက်နှာချင်းဆိုင်က ခြံဝင်းဆီသို့ သွားလေတော့၏။

ခဏအကြာတွင် သူသည် နဥ်ရှောက်ယွင်၏ စတူဒီယိုထဲက ယူလာတာ သေချာသည့် ဆေးဘူး တစ်ပုံတစ်ပင်ကြီးနှင့် ပြန်ထွက်လာတော့၏။

ရှမြန်က ဇဝေဇဝါဖြင့် သူ့ကိုကြည့်လိုက်၏။ "သားမှာ ဒီလိုပန်းချီဆေးတွေ အများကြီးရှိတယ် မဟုတ်လား။ သားက သားရဲ့အန်တီလေးကို ဒီလိုဆေးမျိုးဝယ်ပေးစေချင်တာလား"

ရှောင်ဖုန်းက ခေါင်းခါပြ၏။ "ဒါက အရောင်မပြယ်တဲ့ ဆေးတစ်မျိုးလေ။ ဒါကို သိပ်မသုံးဘူး"

သူသည် ပန်းချီဆေးများကို ရွေးထုတ်လိုက်ပြီးနောက် သူ၏စတူဒီယိုသို့ သွားလိုက်ကာ စုတ်တံနှင့် ဆေးထည့်သည့် အောက်ခံကို သွားယူလာခဲ့ပြီး နောက်ဆုံးတော့ သရေစာမုန့်များထည့်သည့် ဗီရိုဆီသို့ အပြေးလွှားသွားလိုက်ကာ သကြားလုံးနှင့် ဘီစကစ်များကို ယူထုတ်လာခဲ့လေသည်။ ထိုအရာများကို သူက၃ပုံပုံပြီး စီစဉ်လိုက်သေးသည်။

"သားပန်းချီဆွဲဖို့ အပြင်သွားဖို့ စဉ်းစားနေတာလား" ရှမြန်က ပြုံးလိုက်သည်။

သူမ စကားပြောပြီးသွားသည်နှင့်ချက်ချင်း ချန်းချန်းနဲ့ မောက်ဟွေ့ကျူးတို့ကလည်း ပြေးဝင်လာကြကာ တစ်ယောက်ချင်းစီပေါ်တွင် ကျောပိုးအိတ်ငယ်လေးများကို လွယ်ထားပြီးနောက် ရှောင်ဖုန်းက အိပ်ရာပေါ်တွင် ၃ပုံပုံထားပေးသည့် ပစ္စည်းများကို သူတို့၏ ကျောပိုးအိတ်လေးများထဲသို့ ထည့်လိုက်ကြလေသည်။

ရှမြန်သည် သူတို့က ပစ္စည်းများကို ထည့်သိမ်းကာ သူတို့၏ကျောပိုးအိတ်ကို လွယ်ပြီး အပြင်ထွက်တော့မည်ကို တွေ့လိုက်ရသဖြင့် သူမမှာ မြန်မြန်ပြောလိုက်ရတော့၏။ "ဒီနေ့က ကျောင်းပိတ်ရက်လေ။ ကျောင်းမှမဖွင့်တာ"

ရှောင်ဖုန်းက ခေါင်းလေးကိုမော့ကာ ပြောလိုက်သည်။ "သားမှာ စာသင်ခန်းတော့ရှိပါတယ်"

ချန်းချန်းကလည်း ပြောလိုက်သည်။ "ဒါက ကွက်တိပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသွားစရာ မလိုတော့လို့လေ"

"ဟုတ်တယ်။ စာသင်ခန်းထဲကို သွားပြီးတော့ တင်းစီကျင်းအတွက် ပန်းချီသွားဆွဲပေးမှာ"

"တင်းစီကျင်းအတွက် ပန်းချီသွားဆွဲပေးမလို့ ဟုတ်လား"

ရှောင်ဖုန်းက ပြောလိုက်သည်။ "တင်းစီကျင်းရဲ့စားပွဲတွေက ညစ်ပတ်နေတာလေ"

"ဒီတော့ သားက သူ့အတွက် သူ့စားပွဲကိုသွားပြီးတော့ ပန်းချီဆွဲပေးချင်တာလား" ရှမြန်သည် သူတို့ စဉ်းစားနေသည့်အရာကို ဝိုးတဝါး ခန့်မှန်းမိလိုက်၏။

အမလေး။ ဒီကလေးတွေက တကယ့်ကို ကြံရေဖန်ရေရှိသားပဲ။

ရှမြန်သည် စိတ်ဝင်စားသွားတော့သည်။ ထို့ကြောင့် သူမက သူမ၏ ဒီဗီနှင့်ကင်မရာကို ယူထုတ်လာခဲ့ပြီး ပြောလိုက်၏။ "လာခဲ့။ အန်တီလေးလည်း သားတို့နဲ့ အတူလိုက်ခဲ့မယ်"

ချန်းချန်းက ပြန်ပြောလိုက်သည်။ "အန်တီက သားရဲ့ဦးဦးကို သွားမရှာဘူးလား"

ရှမြန်က သူ့နဖူးလေးကို လှမ်းတောက်လိုက်ကာ ပြောလိုက်သည်။ "သားရဲ့ဦးဦးက ကိစ္စရှိလို့ အပြင်ထွက်သွားတယ်"

ရုံရှင်းနှင့် ထန်မြောင်မြောင်တို့၏ မင်္ဂလာပွဲသည် အတည်ပြုပြီးသွားသည်ဖြစ်၏။ နဉ်ရှောက်ပိုင်သည် တချက်လောက် သွားကြည့်ပေးရကာ ညနေခင်းအထိ ပြန်ရောက်လာသေးမည် မဟုတ်ချေ။

ထို့ကြောင့် ရှမြန်က ကလေး၃ယောက်နှင့် လိုက်လာကာ လုံချန်မူလတန်းကျောင်းဆီသို့ လာခဲ့တော့သည်။

ထိုအချိန်တော့တွင်တော့ ဒီဗျောက်အိုးလေး၃ယောက်သည် ကျောင်းထဲတွင် တော်တော်လေး နာမည်ကြီးနေသည်ကို သိလိုက်ရတော့၏။ တံခါးစောင့်အဘိုးကြီးကပင် သူတို့ကို သိနေသည်။

ရှောင်ဖုန်းက သံတံခါးလေးကို လှမ်းမှီကာ "အဘိုး"ဟု ဂိတ်စောင့်ကို လှမ်းခေါ်လိုက်လေသည်။ အဘိုးကြီးက သူ့ကိုမြင်လိုက်ရသည့်အခါ ပန်းပွင့်တစ်ပွင့်လို ပြုံးပြလိုက်၏။ "ဒါက ရှောင်ဖုန်း မဟုတ်လား။ ဒီနေ့ အတန်း မရှိဘူးလေ"

"ဟုတ်ပါတယ်" ရှောင်ဖုန်းကလည်း လိမ်လိမ်မာမာလေး ပြန်ဖြေသည်။ "အဘိုး သားတို့တွေ စာသင်ခန်းကို သွားစရာလိုလို့ပါ။ ကျေးဇူးပြုပြီးတော့ သားတို့အတွက် တံခါးလေး ဖွင့်ပေးပါဦး"

ထို့နောက်တွင်တော့ အဘိုးကြီးသည် ဘာမေးခွန်းမှ မမေးတော့ဘဲ သူတို့ကို ပေးဝင်လိုက်တော့သည်။

ရှောင်ဖုန်းက သူ့လည်ပင်းတွင် ဆွဲထားသည့်သော့ကို ဆွဲထုတ်လာပြီး အခန်းတံခါးကို ဖွင့်လိုက်လေသည်။ သူသည် တံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် နောက်ဆုံးတန်း အလယ်ကစားပွဲလေးကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်သွားတော့၏။ အလွန်ထင်သာမြင်သာ ရှိနေတော့သည်။

မနေ့ညနေခင်းက ဒီကလေးများသည် ရန်ဖြစ်ခဲ့သည့်အတွက် ရုံးခန်းသို့ ခေါ်ခံခဲ့ရတာဖြစ်နိုင်သည်။ ထို့ကြောင့် ဒီနေရာက စစ်မြေပြင်တစ်ခုလို ကျန်ရှိနေသေးတာဖြစ်မည်။

စားပွဲပေါ်က စာအုပ်များက ဖရိုဖရဲဖြစ်နေကာ အများစုကလည်း စုတ်ပြဲလို့နေသည်။

အနီးသို့ ပိုပြီးကပ်လာသည့်အချိန်တွင် ပိုလို့ပင် အထိတ်တလန့် ဖြစ်ရတော့၏။

သူမ၏အတိတ်ဘဝက တီဗီထဲတွင်မြင်ခဲ့ရဖူးသည့် ကျောင်းတွင်း အနိုင်ကျင့်သည့်ပုံစံကဲ့သို့ပင် စားပွဲပေါ်တွင် ခဲတံ၊ ဖောင်တိန်နှင့် အနီရောင်မာကာများဖြင့် ရေးခြစ်ခံထားရလေသည်။

"ဝက်ခေါင်းကောင်မလေး”၊ “ခွေးမလေး"၊ "ဘယ်သူမှ နင့်ကို မလိုချင်ဘူး"၊ "ငရဲကိုသွားလိုက်တော့"

ဤသို့သော စကားလုံးများကို ကလေးဆန်ဆန် လက်ရေးများဖြင့် ရေးသားထားကာ ကလေးတစ်ယောက်၏ နုနယ်သည့်နှလုံးသားကို နက်နက်ရှိုင်းရှိုင်း နာကျင်ဖို့ရန် လုံလောက်လေသည်။

မှင်တစ်အိုးလုံးကိုလည်း စားပွဲ၏အောက်ခြေရောက်သည့်အထိ လောင်းချထားခံရဟန်တူ၏။ ညစ်ပတ်ပေရေနေသည့် အရာများကို လုံးဝသုတ်ပစ်လို့ မရနိုင်တော့ချေ။

ဖောင်တိန်ဘူးလေးကိုလည်း စားပွဲပေါ်တွင် ရှုပ်ပွနေအောင် ပစ်တင်ထားပြီး အတွင်းက မှင်တံကလည်း ကျိုးပဲ့လို့နေသည်။

သူတို့သည် ဒီစာသင်နှစ်ဝက်မှ ဖောင်တိန်များကို အသုံးပြုဖို့ရန် စတင်လိုအပ်လာခဲ့ခြင်းဖြစ်သည်။ သူတို့အတွက်တော့ ဖောင်တိန်များသည် စျေးအကြီးဆုံး စာရေးကိရိယာများဖြစ်၏။ ကျောင်းသားအများစုတွင် မူလတန်းကျောင်း တစ်လျှောက်လုံးတွင် ဖောင်တိန်တစ်ချောင်းသာ ရှိနိုင်လေသည်။

တင်းစီကျင်းသည် ဒီလောက် အတိုင်းအတာအထိ အနိုင်ကျင့်ခံရလိမ့်မည်ဟု သူမမှာ လုံးဝ ထင်မထားခဲ့ချေ။ ကလေးက သူ့တစ်ကိုယ်လုံးတွင် ဆူးများဖြင့် ပြည့်နှက်နေသည်ကလည်း မဆန်းတော့ပေ။

ဖူဖန့်ကဲ့သို့ မိဘများ အကြောင်း စဉ်းစားမိသည့်အခါတွင်လည်း... ကလေးက ထိုမျှလောက် ရက်စက်သည်ကလည်း မဆန်းတော့ပေ။

ရှမြန်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ကလေး၃ယောက်၏ ခေါင်းလေးကို တစ်ယောက်ချင်းစီ အသာအရာ ပုတ်ပေးလိုက်၏။ "နင်တို့လေးတွေ တကယ်အံ့သြဖို့ကောင်းတာပဲ”

ငါ မနေ့တုန်းက ဖူဖန့်ရဲ့အမေကို ၁ခါ၊ ၂ခါလောက်ဆက်ပြီးတော့ ကန်ပစ်လိုက်သင့်တာပဲ။ ဒါတောင်မှ ငါ့ကို တော်တော်လေး ခံစားချက်သက်သာစေမှာ မဟုတ်သေးဘူး။

ရှောင်ဖုန်းက သူ၏မျက်လုံးလေးများကို ကွေးထားလိုက်ပြီးနောက် သူ၏ကျောပိုးအိတ်လေးကို ကောက်ယူလိုက်ကာ ပန်းချီဆေးများကို စတင်ထုတ်ယူလာလေသည်။ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကလည်း ကူညီပေးကြ၏။

ရှမြန်သည် အလွန် အစီအစဉ် တကျဖြစ်နေသည့် သူ၏သေးငယ်လွန်းသည့် လက်မောင်းလေးနှင့် လက်များကို ကြည့်လိုက်ပြီး ဒီဗီကိုတပ်ဆင်ရင်း မင်္သကာသလို မေးလိုက်လေသည်။ "ဒါတွေကို ဖုံးလို့ရလို့လား"

ရှောင်ဖုန်းက ခေါင်းညိတ်ပြသည်။ "ရတာပေါ့"

သူက ပန်းချီဆွဲသားသလို ထူထဲသည့် အခြေခံအလွှာတစ်ရောင်ကို အရင်ဆုံးခြယ်သပြီးမှ ပန်းချီဆွဲလိမ့်မည်ဟု ရှမြန်က ထင်ထားခဲ့သော်ငြားလည်း သူမသည် ရိုးအလွန်းသည်ဟု သိလိုက်ရတော့သည်။ အခြေခံအရောင်ကို ခြယ်သခြင်းနှင့် ပန်းချီဆွဲသခြင်းများက ဘာကွာခြားချက် ရှိပါမည်နည်း။

ကလေးလေးက စုတ်တံလေးတစ်ချောင်းကို ကိုင်ထားကာ စားပွဲကိုမှီရင်း စားပွဲပေါ်တွင် မျဥ်းကြောင်းလေးများကို ဆွဲသားလိုက်သည်ကို တွေ့လိုက်ရသည်။

ရှမြန်သည် ပါရမီရှင်လေး၏ အရည်အချင်းကို မျက်မြင်တွေ့လိုက်ရတော့၏။ သူသည် အကြမ်းပင် တစ်ခုမှ မရေးဆွဲခဲ့ချေ။ သူ့စိတ်ထဲတွင် စဉ်းစားထားသမျှအရာအားလုံးကို ချရေးလိုက်သည်နှင့်တူသည်။ သို့သော်ငြားလည်း ထိုညစ်ညမ်းပြီး ရွံစရာကောင်းသည့် စကားလုံးများနှင့် မျဥ်းကြောင်းများသည် ချောချောမွေ့မွေ့ ဆက်သွယ်ခြင်းခံ လိုက်ရကာ နွေးထွေးလှပလာတော့သည်။

ကလေးက စားပွဲကိုမှီထားပြီး နောက်ဆုံးတော့ ထိုင်ခုံလေးပေါ်သို့ တက်ရပ်လိုက်ပြီးနောက် ၂နာရီနီးပါးလောက် ဆွဲသားလိုက်လေသည်။ အပြာရောင်မှင် စွန်းထင်းနေသည့် ညစ်ပတ်နေသည့် စွန်းထင်းရာများသည် တလက်လက် တောက်ပနေသည့် ရေကန်လေးတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

ရေကန်အပေါ်ဘက်တွင်တော့ နေရောင်ခြည်က တောက်ပနေကာ မြက်ခင်း၊ ပန်းပင်နှင့် လှပသည့် သမင်တစ်ကောင်ပင် ပါရှိလေ၏။

သူ၏ ပန်းချီဆွဲသားသည့် အရည်အချင်းက မရင့်ကျက်သေးသော်ငြားလည်း ကလေးဆန်ဆန် ပန်းချီကားလေးကပင် လွန်ဆန်စရာမရှိနိုင်သည့် အနွေးဓာတ်တစ်ခုကို ပေးစွမ်းနေလေသည်...

သူ ပန်းချီဆွဲနေသည်ကို စောင့်စားရင်း ပျင်းရိငြီးငွေ့လာကြသည့် ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့က စားပွဲပေါ်က ရှုပ်ပွနေသည့် အပေါက်အရာလေးများကို သန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်၏။ ဒီကာလအတွင်းတွင် ကြွက်သေတစ်ကောင်သည် ပြုတ်ကျလာခဲ့ပြီး ရှမြန်မှာ အလန့်တကြား ဖြစ်သွားခဲ့သေးသည်။

မောက်ဟွေ့ကျူးက ကြွက်သေကို လှမ်းယူလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ အပြင်ကို ပစ်ထုတ်လိုက်တော့၏။

စာအုပ်များကို ပြန်လည်ပြင်ဆင်ပေးထားပြီး စာရေးကိရိယာများကိုလည်း သိမ်းဆည်းပေးလိုက်သည်။ နောက်ဆုံးတွင်တော့ ရှောင်ဖုန်း ပြင်ဆင်လာခဲ့သည် သကြားလုံးများနှင့် ဘီစကစ်များကို ခုံထဲသို့ ထည့်ထားပေးလိုက်သည်။

ရှမြန်သည် သူတို့ကိုကြည့်ရင်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ ဒီစားပွဲလေးက ကလေးမလေး၏ နှလုံးသားထဲက စိတ်ဒဏ်ရာကို ကုသပေးနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။

သို့သော်ငြားလည်း ကလေးများကတော့ ထိုအကြောင်းကို အများကြီး စဉ်းစားမိဟန်မတူချေ။ သူတို့သည် သူတို့လုပ်ချင်သည့်အရာကိုသာ လုပ်ပေးခဲ့ခြင်းဖြစ်၏။ ဒီဖြူစင်သန့်ရှင်းသည့်စိတ်ကပင် လူအများကို နွေးထွေးသွားသလို ခံစားရစေသည်မှာ အတိအကျပင်။

ရှောင်ဖုန်းပန်းချီကား၏ အပြီးသတ်လက်ရာကို ကြည့်လိုက်ကြပြီး မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က ရုတ်တရက် စိတ်ဝင်စားလာကြတော့သည်။

မောက်ဟွေ့ကျူးက ပြောလိုက်၏။ "ရှောင်ဖုန်း ငါလည်း ဒီလိုတစ်ခုလောက် လိုချင်တယ်။ နင်လည်း ငါ့အတွက် ကြယ်နဲ့လတွေပါတဲ့ ညကောင်းကင်လေးတစ်ခု ဆွဲပေးနော်"

ချန်းချန်းကလည်း ပြောလိုက်သည်။ "ငါကတော့ အပြာရောင်ကောင်းကင်၊ အဖြူရောင်တိမ်တွေနဲ့ လေယာဉ်ပျံတွေကို လိုချင်တယ်"

ရှောင်ဖုန်းက သူ၏ကျောင်းလွယ်အိတ်လေးကို ကြည့်ကာ ပြောလိုက်၏။ "ပန်းချီဆေးက မလောက်တော့ဘူး"

"ငါ ငါ့အမေဆီမှာ သွားတောင်းလိုက်မယ်လေ။ ငါတို့တွေ ဒီနေ့ ညနေ့ခင်းကျရင် ထပ်လာကြမယ်"

ရှမြန်သည် အော်ရယ်လိုက်တော့သည်။ သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပြောလိုက်၏။ "ဒါက ခြွင်းချက်တစ်ခုပဲလေ။ တခြားစားပွဲတွေကို ဒီအတိုင်း ပန်းချီဆွဲပေးလို့မရဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် လူတိုင်းက ဒီလို လိုက်လုပ်ကြတော့မှာပေါ့။ ဒါဆိုရင် အရာအားလုံးကတော့ ရှုပ်ပွသွားလိမ့်မယ် မဟုတ်လား"

မောက်ဟွေ့ကျူးကတော့ စိတ်ပျက်သွားသည်။ "တကယ်ကြီးလာ"

ချန်းချန်းက ပြောလိုက်သည်။ "ငါ တနင်္လာနေ့ကြရင် ဆရာမကို မေးလိုက်မယ်လေ။ ငါလည်း ဆွဲချင်တယ်"

မောက်ဟွေ့ကျူးက ပြောလိုက်၏။ "ဒါဆိုရင် ငါလည်း သွားမေးရမယ်"

ရှမြန်က ပြောလိုက်သည်။ "ဟုတ်ပါပြီ။ တကယ်လို့ဆရာမက နင်တို့ကို ခွင့်ပြုတယ်ဆိုရင်လည်း ပုံဆွဲကြပေါ့"

ဒါပေမဲ့ ဆရာ၊ ဆရာမတွေက သေချာပေါက် ပန်းချီဆွဲခွင့်ပေးမှာ မဟုတ်ပါဘူး။

ဟုတ်ပါသည်။ တနင်္လာနေ့ ညဘက်တွင်တော့ ရှမြန်သည် ထိုအကြောင်းကို ရှောင်ဖုန်းနှင့် ဖုန်းပြောသည့်အခါ ရှောင်ဖုန်းက ပြောပြလေသည်။ "ဆရာမက သားတို့ကို ပန်းချီထပ်ပြီးတော့ ဆွဲခွင့် မပေးတော့ဘူး"

ရှမြန်က မေးလိုက်၏။ "တင်းစီကျင်းရဲ့စားပွဲကရော"

"သူ့ရဲ့စားပွဲကျတော့ အဆင်ပြေတယ်လို့ ဆရာမက ပြောတယ်" ရှောင်ဖုန်းက ဝမ်းသာအားရ ပြောလေသည်။ "တင်းစီကျင်းကလည်း အဲဒါကို ကြိုက်တယ်တဲ့။ သူ ဒီနေ့ ပြုံးနေတာ"

ရှမြန်သည် ဖုန်းတစ်ဖက်က ကောင်ကလေးက ပျော်ပျော်ရွှင်ရွှင် ကိုယ်ကို ယိမ်းနွဲ့နေမည်ကို စိတ်ကူးယဉ်နိုင်မိ၏။

"တကယ်လား။ ဒါဆိုရင်တော့ အံ့သြစရာကောင်းတာပဲ။ ရှောင်ဖုန်းရဲ့ပန်းချီက အရမ်းလှတာလေ"

မောက်ဟွေ့ကျူးကလည်း ပြောလိုက်သည်။ "လူတွေအများကြီးက အဲဒီစားပွဲကို လိုချင်နေကြတာလေ။ ဒါပေမဲ့ ဘယ်သူမှ တင်းစီကျင်းကို အနိုင်မကျင့်ရဲကြတော့ဘူး"

"သူတို့တွေက တင်းစီကျင်းက အတန်းပြီးသွားလို့ သန့်စင်ခန်းသွားတဲ့အချိန်မှာပဲ အဲဒီစားပွဲမှာ ထိုင်နိုင်တော့တာလေ။ ဒါပေမဲ့ တင်းစီကျင်းကတော့ စားပွဲကို ကိုင်ထားပြီးတော့ တစ်မနက်ခင်းလုံး သန့်စင်ခန်း မသွားခဲ့ဘူး"

ရှမြန်မှာ မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ ကလေးများကို ပြုစုပျိုးထောင်ရသည့်စိတ်ကူးသည် အမြဲတမ်း ထူးခြားဆန်းပြားနေလေသည်။

အတင်းပြောဘုရင်မ မောက်ဟွေ့ကျူးက ဆက်ပြော၏။ "သူ့အဖေရဲ့ ရဲဘော်ရဲဘက်ဦးလေးက မနေ့တုန်းက လာပြီးတော့ သူ့အတွက် အဝတ်အစား အသစ်တွေနဲ့ စာရေးကိရိယာ အသစ်တွေလည်း ဝယ်ပေးသွားတယ်"

"သူ့ရဲ့ဦးလေးကလည်း သူ့ကိုထပ်ပြီးတော့ အနိုင်မကျင့်ရဲတော့ဘူးတဲ့"

...

ရှမြန်သည် မောက်ဟွေ့ကျူး ပြောပြသည့်အကြောင်းအရင်းကို အကြမ်းဖျင်း နားလည်လိုက်၏။ တင်းမင်ကျင်း ဆုံးပါးသွားပြီးနောက်ပိုင်း ထောက်ပံ့ကြေးသည် တင်းစီကျင်း၏အမေက ပိုက်ဆံနှင့် ထွက်ပြေးသွားမှာကို စိုးရိမ်သည်ဟုပြောခဲ့သည့် သူ၏ညီငယ်လေးက ယူသွားခဲ့ခြင်း ဖြစ်နေသည်မှာ အမှန်ဖြစ်နေသည်။

အမှန်တွင်တော့ သူသည် ဒီငွေကိုသုံးကာ သူ့ကိုယ်ပိုင်မိသားစုအတွက် အိမ်တစ်လုံး ဝယ်ခဲ့ခြင်းဖြစ်၏။

တင်းစီကျင်း၏အမေကလည်း အလွန်လှပသော်ငြားလည်း အားနည်းသည့် အကျင့်စရိုက်တစ်ခု ရှိနေသည်။ သူမသည် ခက်ခဲသည့် အချိန်တစ်ခု ပိုင်ဆိုင်ထားခဲ့၏။ အကြောင်းမှာလည်း တင်းမင်ကျင်းက တစ်နှစ်ပတ်လုံး အိမ်နှင့် ဝေးရာတွင် ရှိနေပြီး သူမ၏ မတ်လေး၏ အနိုင်ကျင့်ခံရခြင်းကြောင့်ပင်။ ထို့အပြင် အဘွားကြီးကလည်း သူမ၏သားအငယ်ဆုံးကို မျက်နှာလိုက်သည်။ သင့်တော်သည့် ယောက်ျားတစ်ယောက်နှင့် တွေ့ဆုံပြီးသွားသည့်နောက်တွင် သူမသည် တင်းစီကျင်းကို ထားခဲ့ကာ သူ့နောက် လိုက်ပြေးသွားတော့သည်။

အဘွားကြီးကလည်း စိတ်ဓာတ်မာကျောသည့် လူတစ်ယောက် မဟုတ်ချေ။ သူမ၏ သားအကြီးဆုံးသည် ဆုံးပါးသွားခဲ့ပြီဖြစ်၏။ သူမ၏အငယ်ဆုံးသားသာ သူမကိုထောက်ပံ့ပေးမည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။ သူမသည် သူ လုပ်သမျှ အရာအားလုံးကို သည်းခံရပေတော့၏။

သူမသည် သူမသားအကြီးဆုံး၏ ကျန်ခဲ့သည့် တစ်ဦးတည်းသော ကလေးတင်းစီကျင်းကို ကာကွယ်ပေးဖို့ရန် အကောင်းဆုံး ကြိုးစားခြင်ခဲ့သော်ငြားလည်း သူမသည် ထိုသို့လုပ်ရန် အရည်အချင်း အမှန်ပင် မရှိခဲ့ချေ။ နောက်ဆုံးတွင်တော့ မြေးအဘွားနှစ်ယောက်စလုံးက အနိုင်ကျင့်ခံရတော့သည်။

လိုရင်းကို ပြောရမည်ဆိုလျှင်တော့ ရိုးသားသည့် အရာရှိတစ်ယောက်ကပင် ဖြေရှင်းပေးရန် ခက်ခဲသည့် ရှုပ်ထွေးနေသည့် မိသားစုအကြွေးတစ်ခုသာ ဖြစ်လေတော့သည်။

...

အပိုင်း (၂၀၁)

ဆောင်းရာသီ အားလပ်ရက်အတွင်းတွင် တင်းမင်ကျင်း၏ ရဲဘော်ရဲဘက်များထဲက တစ်ယောက်သည် ယန်မြို့သို့ ကိုယ်တိုင်လာခဲ့ပြီး တင်းစီကျင်းအဘွားအတွက် ကုသမှုကို စီစဉ်ပေးခဲ့၏။

အဘွားကြီး၏အသည်းက လုံးဝမကောင်းတော့ချေ။ သူမသည် အသက်အရွယ်နှင့် အလုပ် အလွန်အကျွံလုပ်ခဲ့သည့်အတွက် နာတာရှည်ရောဂါတချို့ ခံစားနေရ၏။ သူမသည် ကိုယ့်ဟာကိုယ် ဂရုစိုက်ဖို့ လိုအပ်ကာ အပတ်တိုင်းလည်း နောက်ဆက်တွဲစစ်ဆေးမှုနှင့် ဆေးကုသမှုခံယူဖို့ရန် ဆေးရုံသို့သွားရပေမည်။

တင်းစီကျင်း၏ ဦးလေး တင်းမင်ရှန်း ယူသွားသည့် ထောက်ပံ့ကြေးက အဘွားကြီးကြောင့် ပြန်လည်ရယူဖို့ရန် ခက်ခဲနေသည်။

သို့သော်ငြားလည်း သူ၏ရဲဘော်ရဲဘက်များကတော့ အစီအစဉ်များ ပြုလုပ်ပေးခဲ့သည်မှာ သိသာသည်။ တင်းမင်ရှန်းသည် ကုမ္ပဏီမှ ပြောင်းရွှေ့စာတစ်ခုကို လက်ခံရရှိခဲ့ပြီး ယန်မြို့မှနေ၍ ပိုပြီးဝေးသည့် ခရိုင်တစ်ခုဆီသို့ ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့သည်။

တင်းမင်ရှန်း၏ ဒီအလုပ်ကလည်း အစကတည်းက တင်းမင်ကျင်းက သူ့အတွက် စီစဉ်ပေးထားခဲ့ခြင်း ဖြစ်၏။ ကုမ္ပဏီက အလွန်အလားအလာရှိသည့် နိုင်ငံပိုင်လုပ်ငန်းတစ် ခုဖြစ်သည်။ ထို့ကြောင့် သူသည် ယန်မြို့မှ ထွက်ခွာဖို့ရန် မလိုလားသော်ငြားလည်း ဒီထမင်းအိုးကို မှောက်ပစ်ဖို့ရန် သတ္တိမရှိချေ။ သူသည် နွေဦးပွဲတော် ပြီးသွားလျှင် သူ့မိသားစုနှင့်အတူ ထွက်ခွာသွားရလိမ့်မည်။

သူတို့က ပြောင်းရွှေ့ရမည်ကိုသိနေသဖြင့် သူ့မိန်းမမိသားစုကလည်း သူတို့အခုမှ ပြောင်းရွှေ့နေထိုင်နေသည့် အဆောက်အဦကို စတင်မျက်စိကျလာပြီဖြစ်ကာ ထိုနေရာတွင် နေထိုင်ဖို့ရန်အတွက် သူတို့၏ ယခုမှ အိမ်ထောင်ပြုထားခဲ့သည့် ယောက်ဖကို နေထိုင်ခွင့်ပေးကာ အိမ်ငှားခ ပေးမည်ဟု ဆိုလေသည်။

တင်းမင်ရှန်းကလည်း ထိုသို့မလုပ်ချင်သည်မှာ သဘာဝပင်။ နတ်တစ်ပါးကို အိမ်သို့ပင့်သည်က လွယ်ကူသလောက် ပြန်ပို့ရန် ခက်ခဲပေလိမ့်မည်။ သူသည် သူ့ယောက်ဖ၏ အကျင့်စရိုက်ကို ကောင်းကောင်းသိနေ၏။ သူသည် အိမ်ပြောင်းလာသည်နှင့်ချက်ချင်း မောင်းထုတ်လို့ရနိုင်တော့မည် မဟုတ်ချေ။

ထို့အပြင် တစ်စုံတစ်ယောက်ကလည်း သူ့ကိုသတိပေးခဲ့ဖူးသည်။ အာဇာနည်တစ်ယောက်၏ ဆွေမျိုးအနေနှင့် သူသည် မကြာမီတွင် ရာထူးတိုးနှင့် ပြန်လည် ပြောင်းရွှေ့လာရနိုင်သည်။ သူသည် ချက်ချင်းဆိုသလို တင်းစီကျင်းနှင့် အဘွားကြီးတို့ကို သူ့အိမ်တွင် လာနေရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့ပြီး အထူးသဖြင့် တင်းစီကျင်း အပေါ်တွင်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့သည်။

သူတို့ ပြောင်းရွှေ့သွားပြီးသည့်နောက်တွင်လည်း တင်းစီကျင်းတို့မြေအဘွားက ထိုနေရာတွင် ဆက်ပြီးနေနိုင်သည်ဟု ပြောခဲ့သည်။ ဒါသည် သူ၏ယောက်ဖဖြစ်သူကို တခြားအတွေးများ မရှိတော့အောင် ငြင်းပယ်လိုက်ရုံသာမက ဌာနချုပ်ခေါင်းဆောင်များကိုလည်း သူ့အား တစ်ချိန်လုံး သတိရစေရန် သတိပေးနေပြီးဖြစ်ကာ ခဲ၁လုံးနှင့် ငှက်၂ကောင် ပစ်လိုက်ခြင်းပင်။

ထိုအချက်အလက်များ အားလုံးကလည်း ရှမြန်က တင်းမင်ကျင်း၏ ရဲဘော်ရဲဘက်များထံမှ ကြားရသည်မှ ကောက်ချက်ချခဲ့ခြင်းဖြစ်၏။

ဟုတ်ပါသည်။ တင်းမင်ကျင်း၏ ရဲဘော်ရဲဘက်မပြန်ခင်တွင် သူသည် တင်းစီကျင်းကို ခေါ်ကာ ရှမြန်ကို ကိုယ်တိုင်လာရောက် ကျေးဇူးတင်စကားပြောခဲ့သေးသည်။

ဟုတ်ပါသည်။ အဓိကအကြောင်းအရာကတော့ သူမတွင် အချိန်ရှိလျှင် တင်းစီကျင်းကို စောင့်ရှောက်ပေးဖို့ရန် တောင်းဆိုခြင်းဖြစ်ပြီး တစ်ခုခုဖြစ်ခဲ့လျှင်လည်း သူတို့ကို ဆက်သွယ်ပေးဖို့ရန် ဖြစ်သည်။

ဒါကလည်း ပြဿနာမရှိတာ အမှန်ပင်။ သူက မပြောလျှင်ပင် ရှောင်ဖုန်းက ဒီကလေးမကို စပြီးစောင့်ရှောက်နေနှင့်ပြီ ဖြစ်၏။ သူက နေ့တိုင်းကျောင်းသို့ ချိုချဥ်တစ်လုံး ပိုပြီးထည့်သွားပေးကာ ရှားပါးပြီးအရသာရှိသည့် အစားအသောက်များအတွက် ဆိုလျှင်လည်း ၂ယောက်စာ ထုပ်သွားသေးသည်။

ရဲဘော်၏ အချိန်ကလည်း အလွန်ကျပ်နေသဖြင့် သူကအလည်လာပြီး မြန်မြန်ပြန်သွားခဲ့ရသည်။ သို့သော်ငြားလည်း သူရောက်လာခဲ့ခြင်းကြောင့် ကူကယ်ရာမဲ့နေသလို ခံစားရစေပြီး တစ်ချိန်လုံး သတိနှင့်ဖြစ်နေတတ်သည့် တင်းစီကျင်း၏ စိတ်အခြေအနေကလည်း ပြေလျော့သွားခဲ့သည်။

သူမသည် မကြာခဏဆိုသလို ဝံပုလွေပေါက်လေးတစ်ကောင်လို ဖြစ်နေဆဲဖြစ်သော်ငြားလည်း တချို့လူများထံတွင်တော့ ယဥ်ပါးလာခဲ့သည်။

ဥပမာ ရှောင်ဖုန်းနှင့် တခြားသူများရှေ့တွင် ဖြစ်သည်။

သူမ၏ရဲဘော်ရဲဘက်များ ပြန်သွားပြီး ပထမကျောင်းပိတ်ရက်တွင်တော့ သူမသည် သူမ၏ကလေး စက်ဘီးလေးကို တွန်းကာ ကလေး၃ယောက်နှင့် လာကစားလေသည်။ သူမ စက်ဘီးကို တွန်းလာရသည့်အကြောင်းရင်းမှာ စက်ဘီးကို မစီးတတ်သေးသောကြောင့်ပင်။

တင်းမင်ကျင်း၏ ရဲဘော်ရဲဘက်က သူမအတွက် ဒီစက်ဘီးကို ဝယ်ပေးခဲ့သည့်အချိန်က သူသည် သူမကို ခဏလောက်တော့ စက်ဘီးစီးသင်ပေးခဲ့ပြီး ပြန်သွားခဲ့ရသည်။

သူမ၏ဦးလေးနှင့်ဝမ်းကွဲက သူမ၏စက်ဘီးအသစ်လေးကို မက်မက်မောမော မျက်စိကျနေသည်ကို မြင်ရသဖြင့် တင်းစီကျင်းမှာ ရှောင်ဖုန်းနှင့် တခြားသူများကို လာရှာဖို့ရန်အတွက် မိနစ်၂၀နီးပါး စက်ဘီးလေးကို ဒီအတိုင်းတွန်းလာခဲ့ရသည်။

ကလေးမလေးသည် သူတို့၃ယောက်အတွက်တော့ အလွန်သဘောကောင်းပြီး သူမ၏စက်ဘီးကို ကလေး၃ယောက်အား ပေးစီးတတ်သည်။ ကလေးများကလည်း ကစားစရာအသစ်ဖြင့် အလွန်ပျော်ရွှင်ခဲ့ကြ၏။

တစ်ခုတည်းသာ ရှိသည့် ဒီလိုကစားစရာမျိုးအတွက်တော့ သူတို့က စည်းကမ်းတစ်ခု ချမှတ်ထားလေသည်။

ရှောင်ဖုန်း၊ ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့ တစ်ယောက်ချင်းစီက စက်ဘီးကို တစ်ယောက်၁ပတ်စီစီးကြပြီး စက်ဘီးပိုင်ရှင်ဖြစ်သည့် တင်းစီကျင်းကတော့ ၂ပတ်စီးရမည်။ သံသရာက ဤသို့ဆက်လည်သွား၏။

ရှမြန်ကလည်း အိမ်တွင်နေရသည်ကို ပျင်းရိငြီးငွေ့လာသဖြင့် သူမက အရင်ဆုံး သူတို့ကို စက်ဘီးစီးရာတွင် ကူညီပေးခဲ့သည်။ သို့သော်ငြားလည်း သူမသည် အလွန်ပင်ပန်းလာသဖြင့် ထို့နောက်တွင်တော့ သူတို့ဟာသူတို့ ကစားခိုင်းထားရတော့သည်။

ထို့နောက် အပြင်သို့ ထွက်လာသည့်အချိန်တွင်တော့ ကလေး၄ယောက်သည် လမ်းကြားထဲတွင် စက်ဘီးစီးသင်နေသည်ကို တွေ့ရပေလိမ့်မည်။ သူတို့ထဲက ၁ယောက်က စက်ဘီးပေါ်တွင်ထိုင်နေပြီး ကျန်သည့် ၃ယောက်ကတော့ ဘယ်တစ်ဖက်ညာတစ်ဖက်၊ ရှေ့ သို့မဟုတ် နောက်မှတစ်ဖက် ဝိုင်းပြီးထိန်းပေးကြသည်။ သူတို့အားလုံးကလည်း စိုးရိမ်တကြီး တစ်ယောက်နှင့် တစ်ယောက် ကူညီပေးဖို့ရန် ကြိုးစားကြ၏။ နောက်ဆုံးတွင်တော့ သူတို့အားလုံးသည် ပက်လက်လန်ကာ လဲကျသွားတော့၏။

အားလုံးကလည်း သူတို့မြင်သည့်အရာကြောင့် ရယ်မောကြသည်။

နောက်တစ်နေ့တွင် ကျိုးရွှယ်ဝမ်က ကလေးစက်ဘီး အသစ်၃စီးကို ဝယ်ပြန်လာပေးခဲ့သည်။ ယခုတော့ ကလေး၃ယောက် ကတစ်ယောက်ချင်းစီတွင် ၁စီးစီရှိလာကြ၏။ တံခါးကလည်း နေ့တိုင်း လှုပ်ရှားမှုများဖြင့် စည်ကားလို့ နေတော့သည်။ လူကြီးများက သူတို့အားသည့်အချိန်ဆိုလျှင် ကူညီပေးတတ်ပြီး မအားသည့်အချိန်တွင်တော့ ကလေးများက ကိုယ့်ဟာကိုယ်ကစားကြသည်။

မောက်ဟွေ့ကျူးက ပထမဦးဆုံး စက်ဘီးစီးတတ်သွား၏။ ဒီသတ္တိရှိသည့် ကလေးမက လဲကျမှာကို မကြောက်ချေ။ ၁၀ခါလောက် စက်ဘီးမှောက်ပြီးသွားသည့်နောက်တွင် သူမသည် နောက်ဆုံးတော့ လမ်းပေါ်သို့ ပြန်တက်လာနိုင်တော့၏။ သို့သော်ငြားလည်း သူမ ပေးလိုက်ရသည့် တန်ကြေးကတော့ သူမ၏ ချည်သားအနွေးထည်နှင့် ဘောင်းဘီများမှာ စုတ်ပြဲသွားခြင်းသာ ဖြစ်တော့သည်။

ချန်းချန်းကလည်း သူမနောက်မှ အနီးကပ်လိုက်ပါလာသည်။ သူကတော့ အတွေးသမားဖြစ်ပြီး မကြာခဏ မစီးတတ်ပေ။ သို့သော်ငြားလည်း သူသည် ၁ကြိမ်တိုင်းတွင် သိသာသည့် တိုးတက်မှုများ ရှိလာ၏။ ၁ခေါက်၊ ၂ခေါက် စက်ဘီးလဲပြီးသွားသည်နောက်တွင် သူသည် စက်ဘီးစီးတတ်သွားတော့သည်။ သူသည် မောက်ဟွေ့ကျူးနှင့် ထိပ်တိုက်မတွေ့သရွေ့ မတော်တဆ ကိစ္စရပ်များမရှိပေ။

သူတို့၂ယောက်က ယှဉ်ပြိုင်နေစဉ်မှာပင် ရှောင်ဖုန်းက သူ၏ခြေထောက်လေးများဖြင့် ဖြည်းဖြည်းချင်း ခြေနင်းကိုနင်းနေရကာ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က စိုးရိမ်စိတ်ကြောင့် ခေါင်းကုတ်ကြတော့သည်။

နောက်ဆုံးတွင် သူတို့သည် စက်ဘီးကို ဒီအတိုင်း ရပ်ထားလိုက်ကြပြီး သူတို့နှစ်ယောက်က တစ်ဖက်တစ်ချက် ချင်းစီတွင်ရပ်ကာ ရှောင်ဖုန်းကို ထိန်းထားပေးကြပြီး သူတို့၏ကိုယ်ပိုင် အတွေ့အကြုံအသီးသီးအား ရှောင်ဖုန်းကို သင်ကြားပြသပေးတော့သည်။

ရှောင်ဖုန်း၏လက်ကိုင်သည် သူတို့၂ယောက်ကြောင့် ဟိုယိုင်ဒီယိုင် ဖြစ်လာတော့သည်။ သူ့မှာ စက်ဘီးပင် မစီးရသေးချေ။ သူတို့၂ယောက်သားက ရန်စဖြစ်တော့၏။

ထို့နောက်တွင်တော့ ရှောင်ဖုန်းက ဒယိမ်းဒယိုင်ဖြင့် စက်ဘီးကို ၂လှမ်းလောက်နင်းကြည့်သည်။ သူတို့၂ယောက်မှာလည်း ရန်မဖြစ်နိုင်တော့ဘဲ ရှောင်ဖုန်းကို မြန်မြန်အားပေးရတော့၏။

အဘွားဖြစ်သူနှင့် ဆေးရုံသို့ လိုက်သွားပြီးပြန်လာခဲ့သည့် တင်းစီကျင်းက စက်ဘီး စီးတတ်သွားပြီးသည့်နောက်မှာသာ ရှောင်ဖုန်းက နောက်မှလိုက်လာပြီး စက်ဘီးကို စီးတတ်သွားတော့သည်။

ပျော်ရွှင်စရာအခြေအနေကို လာရောက်ကြည့်သည့် မောက်ဟွေ့လန်က ပြောလိုက်သည်။

"ရှောင်ဖုန်း စက်ဘီးစီးတာ အရမ်းကို တည်ငြိမ်တာပဲ။ သူက စက်ဘီးကို ဘယ်လို စီးရမလဲဆိုတာ သိပြီးသားပဲ ထင်တယ်"

"နင်က တင်းစီကျင်းကို တမင်တကာ စောင့်ဆိုင်းနေတာ မဟုတ်လား။ နောက်ဆုံးအဲဒီမိန်းကလေးက တော်တော်လေးကို စိတ်အားပြင်းပြတဲ့ပုံပဲ"

နဉ်ရှောက်ပိုင်က ပြောလိုက်သည်။ "ရှောင်ဖုန်းရဲ့ ဟန်ချက်ထိန်းတာနဲ့ စိတ်ရှည်မှုက အကောင်းဆုံးပဲ"

တစ်နည်းအားဖြင့်ပြောရလျှင် သူသည် အမြန်ဆန်ဆုံး တတ်မြောက်ခဲ့သူဖြစ်ပြီး သူ၏ သူငယ်ချင်းများအားလုံးက ယှဉ်ပြိုင်လိုစိတ် ကြီးမားကြသူဖြစ်၏။

ရှမြန်က နဥ်ရှောက်ပိုင်၏လက်မောင်းကို တွဲထားလိုက်ကာ သက်ပြင်းချလိုက်သည်။ "ရှောင်ဖုန်းက မြေပြင်ပေါ်ကို ဆင်းသက်လာတဲ့ နတ်သားလေးပဲ"

နဉ်ရှောက်ပိုင်က သူမ၏ရှေ့ဆံပင်ကို လှမ်းဆွဲလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "မင်းလဲ အတူတူပါပဲ။ ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးလေ"

မောက်ဟွေ့လန်သည် တအံ့တသြဖြင့် သူ့ကိုလှမ်းကြည့်လိုက်ပြီး ဒေါက်တာနဥ်က ဒီလို လူလိမ်တစ်ယောက် ဖြစ်လိမ့်မည် ဟု လုံးဝ မျှော်လင့်မထားသည်မှာ သိသာသည်။

သို့သော်ငြားလည်း ရှမြန်ကတော့ ထိုစကားကြောင့် အလွန်ကျေနပ်သွား၏။ သူက တစ်ဖက်လူ၏ပုခုံးကို မှီထားလိုက်ကာ တရင်းတနှီးဖြင့် ပွတ်သပ်နေလေသည်။ "ဒီလိုဆိုရင်တော့ ဒေါက်တာနဥ် ရှင်ကံကောင်းတာပဲ"

နဉ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြုံးပြလိုက်သည်။ "ဟုတ်တယ်လေ။ အဲဒါတွေအားလုံးကလည်း ကိုယ့်အပိုင်ပဲ မဟုတ်လား"

မောက်ဟွေ့မေမှာ အမြဲတမ်း လွှမ်းမိုးခံနေရသဖြင့် သူမမှာ ပြတ်ပြတ်သားသား လှည့်ထွက်သွားပြီး စာကြိုးစားမည်ဟုသာ ဆုံးဖြတ်လိုက်လေတော့သည်။

ဒီနှစ်ကုန်ခါနီးတွင် ကောင်းမွန်သည့်ကိစ္စများ အများအပြား ဖြစ်သွားဟန်တူသည်။ တင်းစီကျင်း၏ ပြဿနာကိုလည်း ဖြေရှင်းပြီးသွားပြီဖြစ်ကာ ရုံရှင်းနှင့် ထက်မြောင်မြောင်တို့ကလည်း နောက်ဆုံးတော့ စေ့စပ်ပြီးသွားကြသည်။

ရှမြန်နှင့် နဥ်ရှောက်ပိုင်တို့သည် စေ့စပ်ပွဲပါတီကို တက်ခဲ့ကြသေး၏။ ရုံရှင်းသည် သူတို့ရှေ့တွင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသော်ငြားလည်း ထန်မြောင်မြောင်အနားတွင် ရှိနေသည့်အချိန်တွင်တော့ သူက ပိုပြီးလေးနက်ကာ ပျော်ရွှင်နေသည်။

လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရဖို့ရန် စစ်ပွဲတွင် ကျရှုံးပြီးသွားသည့်နောက်တွင်တော့ သူသည် သူဘဝတွင် လက်တွဲဖော်အမျိုးသမီးအတွက် တာဝန်ယူပေးမည်ဟု ဆုံးဖြတ်ခဲ့ဟန်တူ၏။

"အို။ အစ်မ မြောင်မြောင်ကတော့ ပျော်ပါ့မလားတောင် မသိပါဘူး" ရှမြန်သည် အနည်းငယ် စိုးရိမ်နေလေသည်။ ရုံရှင်းကလည်း အနည်းငယ် အားကိုးရဟန်မတူချေ။

နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ "စိတ်မပူပါနဲ့။ ရုံရှင်းက အားကိုးရတဲ့သူ တစ်ယောက်ပါ။ နည်းနည်းလေး တုံးအတာပဲရှိတာ။ တကယ်လို့ သူ့ကို တာဝန်နဲ့ မချည်နှောင်ထားဘူးဆိုရင် သူက သူ့တစ်ဘဝလုံး အိုင်ဒေါတွေကို လိုက်နေတာနဲ့ပဲ အချိန်ကုန်သွားမှာ"

နှစ်အလယ်ပိုင်းက သူ အချိန်အကြာကြီး လိုက်လံပိုးပန်းခဲ့သည့် နတ်ဘုရားမလေးသည် တိုးတိုးတိတ်တိတ် လက်ထပ်ပြီးသွားသည့် အကြောင်းကို သိလိုက်ရသည့်အခါ ရုံရှင်းက မကျေမနပ် ပြောနေသည့် အကြောင်းအရာများကိုပင် ရှမြန်က ပြန်စဉ်းစားမိလိုက်သေးသည်။ ဒါက အသည်းကွဲနေသည့်ဟန်မတူဘဲ ဖန်များကို ဆုံးရှုံးလိုက်ရခြင်းနှင့် ပိုတူတော့၏။ သူမမှာ မရယ်ဘဲ မနေနိုင်တော့ချေ။

သူတို့သည် အိမ်ပြန်ရောက်လာသည့်အချိန်တွင် နဉ်ရှောက်ပိုင်က သူမ၏လက်ကို တွဲထားကာ သူ့အိမ်ထဲသို့ တန်းတန်းမတ်မတ် လျှောက်ကာဝင်သွားလိုက်၏။ ရှမြန်ကလည်း အကြောင်း သိနေသဖြင့် ပြုံးနေလိုက်တော့သည်။

နှစ်ကုန်အချိန်က နီးကပ်လာပြီဖြစ်သည်။ ရှဝမ်ယွဲ့၏ စက်ရုံကလည်း အလုပ်ကို ရပ်နားထား၏။ မောက်ကျစ်ရှန်းကလည်း အိမ်သို့ပြန်လာကာ ကလေး၃ယောက်ကလည်း အားလပ်ရက်ရနေသည်။ မောက်မိသားစုသည် တစ်နေ့လုံး စည်ကားသိုက်မြိုက်နေပြီး သူတို့၂ယောက်စလုံးက အချိန်တော်တော်ကြာအောင် သီးသန့် အေးအေးချမ်းချမ်းလေး မနေနိုင်ခဲ့ချေ။

သို့သော်ငြား သူတို့၏အစီအစဉ်သည် မကြာမီ နှောင့်ယှက်ခံလိုက်ရတော့သည်။ သူတို့သည် တံခါးထဲသို့ မဝင်လာရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူမကို လှမ်းထားလိုက်တော့၏။ "ရှမြန်။ မြန့်မြန်"

လေသံကအလွန်မှ ဝမ်းသာနေဟန်တူ၏။

ရှမြန်က လှည့်ကြည့်လိုက်သည့်အခါ မောက်ဟွေ့မေက တက်စီပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။ သူမသည် သူမ၏ခရီးဆောင်အိတ်ကိုပင် ဂရုမစိုက်အားတော့ပဲ ရှမြန်ဆီသို့ အပြေးအလွှား ဝင်ရောက်လာတော့၏။ "မြန့်မြန် ငါတို့တွေ လုပ်နိုင်သွားပြီ"

"အစ်မ ဟွေ့မေ" ရှမြန်ကလည်း အလွန်ဝမ်းသာသွားသည်။ "အစ်မ မနက်ဖြန်မှ ပြန်လာမယ်လို့ ပြောထားတာမဟုတ်လား"

စန်းမေဖျော်ရည်စက်ရုံ၏ ဖျော်ရည်များအားလုံးက စမ်းသပ်စစ်ဆေးမှု အောင်မြင်ပြီးသွားသည်နောက်တွင် မောက်ဟွေ့မေသည် လွန်ခဲ့သည့်တစ်လက အရောင်းမြှင့်တင်ဖို့ရန်အတွက် နမူနာများကိုယူကာ Dနိုင်ငံသို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။

"ငါလည်း တိုက်တိုက်ဆိုင်ဆိုင် လေယာဥ်လက်မှတ်တစ်ခု ရခဲ့လို့လေ။ ဒါကြောင့် စောစောပြန်လာခဲ့တာ"

မောက်ဟွေ့မေက ဝမ်းသာအားရ ပြောလိုက်၏။ "ဒီတစ်ခါ ငါတို့တွေ အမှာစာ ဘယ်လောက်ရခဲ့လဲ သိလား"

ရှမြန်သည် သူမ၏တောက်ပနေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး ရဲတင်းစွာခန့်မှန်းလိုက်တော့၏။

"၃သန်းလား"

"၅သန်းလား"

မောက်ဟွေ့မေသည် ခေါင်းကို ဆက်တိုက်ခါနေပြီး နောက်ဆုံးတော့ မစောင့်နိုင်တော့ဘဲ ပြောလိုက်တော့သည်။ "ကန်ဒေါ်လာ၂သန်း"

"ဘယ်လောက်" ရှမြန်သည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားပြီးနောက် မောက်ဟွေ့မေကို ပွေ့ဖက်လိုက်ကာ ဝမ်းသာအားရအော်ဟစ်ကာ ပြောလိုက်တော့သည်။ "အား အစ်မ နင်အရမ်းတော်တာပဲ"

"ငါတော့ ချမ်းသာပြီ။ ငါတော့ ချမ်းသာပြီ"

မောက်ကျစ်ရှန်းက ဆူညံသံကို ကြားလိုက်သဖြင့် အပြင်သို့ထွက်လာခဲ့၏။ သူသည် မောက်ဟွေ့မေ၏ ခရီးဆောင်အိတ်ကို လှမ်းယူလိုက်ပြီး အပြုံးဖြင့် ပြောလိုက်လေသည်။ "ဟွေ့မေ တရေးလောက် အိပ်လိုက်ဦးနော်။ ငါတို့တွေ အိမ်ရောက်သွားတဲ့အချိန်မှပဲ ဒီအကြောင်းကို ပြောကြမယ်"

"ဒေါက်တာနဥ် ညစာအတူတူစားရအောင်"

ရှ၀မ်ယွဲ့သည် ယူအက်စ်ဒေါ်လာ၂သန်းက ယွမ် ၁၆သန်းနှင့် ညီမျှသည်ဟု ကြားလိုက်ရသည့်အချိန်တွင် သူမကလည်း အထိတ်တလန့် ဖြစ်သွားပြီး မောက်ဟွေ့မေကို လက်မထောင်ပြလိုက်တော့၏။

"နင်က ငါ့သမီး ပီသပါပေတယ်။ ငါ့မှာ အရင်တုန်းက နိုင်ငံခြားငွေတွေကို တစ်ခါမှ မမြင်ခဲ့ဘူးဘူး။ အခုတော့ နင်က ဒါကို တိုက်ရိုက်ရှာဖွေနိုင်သွားပြီ"

သို့သော်ငြားလည်း နှစ်ကုန်တော့မည်ဖြစ်သဖြင့် ရှ၀မ်ယွဲ့သည် ပိုက်ဆံထက် မောက်ဟွေ့မေ၏ တစ်သက်တာအရေးကိစ္စကို ပိုပြီးစိုးရိမ်နေလေသည်။

"အခု နင့်ရဲ့စက်ရုံကလည်း နောက်တစ်နှစ်အထိ စိုးရိမ်စရာ မလိုတော့ဘူးဆိုတော့ နင် လက်တွဲဖော်လေး တစ်ယောက် မြန်မြန်ရှာလိုက်ပါတော့လား။ တရုတ်နှစ်သစ်ကူးကလည်း ရက်ပိုင်းပဲ လိုတော့တယ်။ ဒီတစ်နှစ်ရော တစ်ယောက်ယောက်ကိုခေါ်ပြန်လာနိုင်သေးရဲ့လား"

မောက်ဟွေ့မေက သူမ၏မျက်နှာကို အုပ်ထားလိုက်ကာ ပြောလိုက်၏။ "အမေကလည်း..."

ရှ၀မ်ယွဲ့က ပြန်ပြောသည်။ "ငါက စိတ်မရှည်လက်မရှည် ဖြစ်နေတာကို သိပါတယ်။ ဒါပေမဲ့ နင်လည်း မြန်မြန် လုပ်ရမယ်လေ။ တကယ်လို့ နင်သာ လက်မထပ်နိုင်သေးဘူးဆိုရင် မြန့်မြန်က သိပ်မကြာခင် လက်ထပ်ရတော့မှာ။ မြန့်မြန်ကို အချိန်မနှောင့်နှေးပါစေနဲ့"

ရှမြန်သည် သူမ၏ဘေးတွင် စားသောက်နေသည့် နဥ်ရှောက်ပိုင်က ရုတ်တရက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရ၏။

ဒီခေတ်အခါတွင် စာထဲတွင် ရေးသားမထားခဲ့သည့် ဒီလိုစည်းကမ်းတစ်ခုရှိခဲ့၏။ ပုံမှန်အခြေအနေအောက်တွင် မိသားစုတစ်ခုတည်းက မင်္ဂလာပွဲသည် ကြီးစဉ်ငယ်လိုက် စီစဉ်ပေးရသည်။

သို့မဟုတ်လျှင် ဤကဲ့သို့သော အတင်းအဖျင်းများပြားသည့် အခြေအနေမျိုးတွင် သူတို့၏ လူနေမှုဘဝအားလုံးကို စုပေါင်းနေထိုင်ရသဖြင့် လူထုအမြင်သည် လူအများကို အမှန်ပင် လွှမ်းမိုးနိုင်လေသည်။

လမ်းထဲက ဝမ်မိသားစုမှာကဲ့သို့ပင်။ ဒီနေရာပတ်ဝန်းကျင်က လူအားလုံးက သူတို့အကြောင်းကို ကြားဖူးကြ၏။ သူတို့မိသားစုသည် နာမည်ကြီးကြသည့် အကြောင်းအရင်းမှာ သူတို့၏မိသားစုတွင် သမီးအကြီးဆုံးတစ်ယောက်ရှိပြီး ဒီသမီးက လက်မထပ်နိုင်ရသည့် အကြောင်းအရင်းကလည်း သမီးအငယ်က အရင်ဆုံးလက်ထပ်သွားခဲ့ခြင်းကြောင့်ပင်။

လူတော်တော်များများက အကြီးဆုံးသမီးတွင် ပြဿနာရှိလို့များလား။ လက်မထပ်နိုင်ရသည့် အကြောင်းအရင်း ရှိနေသည်လား သို့မဟုတ် သမီးအငယ်က လက်ထပ်ဖို့ရန် ဤမျှလောက် အလျင်လိုနေရသည်မှာ သူမထံတွင် သိက္ခာကျဖွယ်ကိစ္စရပ်များ ရှိနေ၍လား ဟုခန့်မှန်းကြလေသည်။

ဒီလိုခန့်မှန်းချက်မျိုးက အကြီးဆုံးသမီး၏ ကြင်ဖက်တွေ့ရသည့် အခြေအနေပေါ်တွင် ဆိုးကျိုးများ သက်ရောက်စေခဲ့လေသည်။ ရလဒ်အနေဖြင့် မူလက အလွန်ချေးများခဲ့သည့် အကြီးဆုံးသမီးသည် လူတိုင်း၏ အထင်သေးခြင်းခံခဲ့ရကာ သူမ၏ပတ်ဝန်းကျင်က လူများ၏ ခန့်မှန်းချက်ပေါင်းစုံကြောင့် အပျိုကြီးတစ်ယောက် ဖြစ်လာတော့သည်။

နဥ်ရှောက်ပိုင်၏ တွေးတွေးဆဆ အကြည့်လေးကို မြင်သွားသည့်အခါ ရှမြန်သည် ရှ၀မ်ယွဲ့က ထိုစကားကို သူကြားအောင် တမင်တကာပြောလိုက်သည်ဟု သံသယ ဖြစ်မိတော့သည်။

မည်သို့ဆိုစေ။ ဟယ်ဝေသည် နောက်တစ်နေ့တွင် လက်ဆောင်များဖြင့် အိမ်တံခါးသို့ ရောက်လာခဲ့သည်။ ပုံမှန်အခြေအနေအောက်တွင်တော့ မောက်ဟွေ့မေသည် လှုံ့ဆော်ခံလိုက်ရမည်ဖြစ်ကာ သူမ၏ ဘဝတစ်သက်တာ အရေးကိစ္စကို မြန်မြန် သတ်မှတ်ပေလိမ့်မည်။

သို့သော်ငြားလည်း ရှ၀မ်ယွဲ့၏ရှေ့တွင်တော့ ဒီကိစ္စသည် အနည်းငယ် မလိုအပ်သယောင်ရှိနေ၏။ ကံကောင်းချင်တော့ ဒါသည် မောက်ဟွေ့မေ၏ မကောင်းသည့် အချစ်ရေးကိစ္စများကို သွယ်ဝိုက်နည်းအားဖြင့် ဖယ်ရှားပေးလိုက်ကာ အချည်းနှီးတော့ မဖြစ်ခဲ့ချေ။

ဒီနေ့တွင်တော့ မိသားစုများသည် စောစောအိပ်ရာထကြပြီး နှစ်သစ်ကူးပစ္စည်းများကို စတင်ပြင်ဆင်ကြ၏။ လတ်တလောနှစ်များတွင် သူတို့သည် နှစ်သစ်ကူးအစားအသောက်ကို ပြင်ဆင်ရာတွင် မိသားစု ၃ခုစုပေါင်းကာ ပြင်ဆင်သည့်အလေ့အကျင့်ကို ထိန်းသိမ်းထားခဲ့ကြသည်။

ရှ၀မ်ယွဲ့က ကြက်သား၊ ဘဲသား၊ ငါး၊ အသားနှင့် တခြားပစ္စည်းများကို သွားဝယ်ခဲ့သည်။ ယခုအချိန်တွင်တော့ သူမသည် အစားအသောက် လုပ်ငန်းလောကထဲတွင် ရောက်လာသဖြင့် သူမသည် ထိုပစ္စည်းများကို လက်လီရောင်းချသူများထံတွင် အလုံးလိုက် တိုက်ရိုက် ဝယ်ယူနိုင်လာသည်။ သူမ၏ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကို ငွေမျှပေးသည့်အပြင် သူမသည် သူမကိုယ်တိုင်အတွက်လည်း အားလုံးကို ပြင်ဆင်ထားခဲ့၏။

လူအများကြီးရှိနေသဖြင့် ထိုင်ခုံများအားလုံးကို ပင်မအခန်းထဲတွင် နေရာချထားလိုက်သည်။ ရှမြန်နှင့် မောက်ဟွေ့မေတို့က ကော်ဖီစားပွဲပေါ်တွင် ပန်းပွင့်ပုံစံ ပေါက်စီများကို ပြုလုပ်ထားလိုက်၏။ နဥ်ရှောက်ပိုင်က သူ့လက်ထဲတွင် ဇလုံအကြီးကြီးတစ်ခုဖြင့် ရှမြန်၏ဘေးက ထိုင်ခုံငယ်လေးပေါ်တွင် ထိုင်နေပြီး သူ၏ခွဲစိတ်ခန်းသုံးဓားကို သုံးကာ ကြက်သား၊ ဘဲသားအမဲသားနှင့် သိုးသားများကို ပြင်ဆင်ပေးနေလေသည်။

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့မေတို့က အမတရှစ်ပါး စားပွဲဘေးတွင် ထိုင်ပြီး အစာများကို ပြင်ဆင်နေကြ၏။

မောက်ကျစ်ရှန်းကတော့ အပြင်ဘက်တွင် မီးမွှေးဖို့ရန် ထင်းများခွဲနေသည်။ ထင်းမီးဖိုတွင် ချက်ပြုတ်ထားသည့် အစားအသောက်များက ပိုပြီးအရသာရှိ၏။ ဒေါ်ဒေါ်ဝေကလည်း ကြော်လှော်ဖို့အတွက် ပြင်ဆင်နေသည်။

"အမေ ဧည့်သည်တစ်ယောက် လာနေတယ်" မောက်ဟွေ့ကျူးက အော်ဟစ်ကာ လှမ်းပြောလိုက်ရင်း သန့်ရှင်းသပ်ရပ်ပြီး တင့်တယ်ကာ အပြုအမူကောင်းသည့် လူငယ်လေးတစ်ယောက်ကို တံခါးမှနေ၍ ဦးဆောင်ကာခေါ်ဝင်လာသည်။

မောက်ဟွေ့မေသည် ပြတင်းပေါက်မှနေ၍ လူကို တွေ့လိုက်ရသည့်အခါ ချက်ချင်းဆိုသလို သူမ၏ မီးဖိုချောင်ဓားကို ချထားလိုက်ပြီး သူ့ကိုနှုတ်ဆက်ဖို့ရန် အပြင်ထွက်လာတော့သည်။ "ရုံဖန် ရှင် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"

ဖန်းရုံဖန်က သူမ၏မျက်လုံးများ လင်းလက်သွားသည်ကို တွေ့လိုက်ရ၏။ "ဟိုလေး မင်း ဒီနေ့ အိမ်ပြန်ရောက်တယ်လို့ ကျွန်တော် ကြားလို့ပါ။ ဒါကြောင့်မလို့ ကျွန်တော် မင်းကို လာတွေ့တာ။ ဒီတစ်ကြိမ်ရော အားလုံးအဆင်ပြေခဲ့ရဲ့လား"

"ဘာဖြစ်လို့ အဲဒီလောက်တောင် ပိန်သွားတာလဲ။ နိုင်ငံခြားက အစားအသောက်က အရမ်းကြီး ဆိုးဝါးနေလို့လား"

"ဒါနဲ့လေ။ အရင်တစ်ခေါက်တုန်းက မင်း အချဉ်တည်ထားတဲ့ အစားအသောက်တွေ စားချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော် နည်းနည်းပါးပါးလောက် ယူလာပေးတယ်။ ကျွန်တော့်အမေ လုပ်ထားတဲ့အချဥ်က ကျွန်တော်တို့ဘက်မှာဆိုရင် အကောင်းဆုံးပဲလေ"

မောက်ဟွေ့မေသည် အသံထွက်ကာ အော်ရယ်တော့သည်။ "ရှင်က ကျွန်မတို့စက်ရုံရဲ့ အမှာစာအကြောင်းကို မစိုးရိမ်ဘူးလား"

ဖန်းရုံဖန်က ပြုံးကာပြောလိုက်သည်။ "မင်း အရမ်းပျော်နေတာကို မြင်ရတော့ ဒါက သေချာပေါက် ကောင်းမှာပဲလေ"

ရှဝမ်ယွဲ့သည် ဆူညံသံကို ကြားလိုက်ရသည့်အခါ အပြင်သို့ထွက်လာပြီး မြန်မြန်လှမ်းခေါ်လိုက်၏။

"ရှောင်ဖန်ပဲ။ မြန်မြန်ဝင်လာခဲ့လေ။ ဟွေ့မေ နင် အဲဒီမှာဘာလုပ်နေတာလဲ။ ဧည့်သည်ကို ဘာဖြစ်လို့ အထဲမဝင်ခိုင်းသေးတာလဲ"

ဖန်းရုံဖန်သည် အတွင်းဘက်က အခြေအနေကို မြင်လိုက်ရသည့်အခါ မှင်တက်အံ့ဩသွားတော့၏။ သူက အိုးတိုးအမ်းတမ်းဖြင့် ပြောလိုက်တော့သည်။ "ကျွန်တော် အရင်ဆုံး ဖုန်းခေါ်လိုက်သင့်တာပါ"

ရှဝမ်ယွဲ့က ပြုံးကာပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ မင်းကို ကြိုဆိုပါတယ်။ ပြီးခဲ့တဲ့ ၆လလုံးလုံး ငါတို့ရဲ့‌ဟွေ့မေကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ပါတယ်။ ဒေါ်ဒေါ်ကလည်း မင်းကို အပြင်လူလို သဘောမထားတော့ပါဘူး"

"လာ။ လာထိုင်အုံး။ ဟွေ့မေ မြန်မြန်သူတို့ကို နှုတ်ဆက်လိုက်ဦးလေ"

"တော်ပါပြီ ဒေါ်ဒေါ်။ ကျွန်တော် ကူညီပေးပါရစေ"ဖန်းရုံဖန်သည် မြန်မြန်ထရပ်လိုက်ပြီး တံခါးနားက ဇလုံတွင် လက်သွားဆေးလိုက်ပြီးနောက် တစ်ဝက်တစ်ပျက် ခုတ်ပိုင်းထားသည့် အသားဆီသို့ လျှောက်သွားလိုက်ကာ စတင်အလုပ်လုပ်လိုက်လေသည်။

ဒါကို မြင်ရသည့်အခါ ရှဝမ်ယွဲ့က ပစ္စည်းကို မြန်မြန်လှမ်းဆွဲလိုက်သည်။ "ငါတို့တွေက ဘယ်လိုလုပ်ပြီးတော့ ဧည့်သည်တွေကို အလုပ်ခိုင်းလို့ရမှာလဲ"

ဖန်းရုံဖန်သည် လက်လျှော့ဖို့ရန် ငြင်းဆိုမည်က သဘာဝပင်။ နောက်ဆုံးတော့ ဒီနေရာတွင် အမြဲတမ်း အနိုင်ရလာခဲ့သည့် ရှဝမ်ယွဲ့သည် အရှုံးပေးလိုက်ရတော့သည်။ သူမက ဖန်းရုံဖန်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။ "တကယ့်ကိုတော်တဲ့ လူငယ်လေးပဲ"

"ဒီမယ် ဒေါ်ဒေါ်က မင်းဆီကနေ အကူအညီတောင်းစရာလေး တစ်ခုရှိလို့ပါ"

ဖန်းရုံဖန်က ချက်ချင်းနားစွင့်ထားလိုက်သည်။ "ဒေါ်ဒေါ် ကျေးဇူးပြုပြီးတော့ပြောပါ"

"ဟွေ့မေက ပြောတယ်။ စက်ရုံက ဒီတစ်ခါ ယူအက်စ်ဒေါ်လာ၂သန်းဖိုး အမှာစာရခဲ့တယ်တဲ့။ မင်းတို့ရဲ့စက်ရုံကလည်း နောက်တစ်နှစ်ဆိုရင် ချောချောမွေ့မွေ့ ဖြစ်လာတော့မှာလေ"

ရှဝမ်ယွဲ့က ပြောလိုက်သည်။ "ကျေးဇူးပြုပြီးတော့ စက်ရုံကိစ္စကို ကူညီပြီးတော့ စောင့်ရှောက်ပေးပါဦး။ ဒါမှပဲ ဟွေ့မေကလည်း သူ့ရဲ့တစ်သက်တာအရေးကိစ္စတွေကို အာရုံစိုက်နိုင်မှာ"

...

All Chapters