နတ်ဘုရား ဇီဝိန်ချုပ်သိုင်း
Vol. 10 Ch. 935
ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သောအခါ တစ်ကမ္ဘာလုံးမှာ သွေးရောင်လွှမ်းနေသည့်အလားပင်။ နွံအိုင်ထဲရှိ ရေပြင်ပေါ်တွင် လှိုင်းလုံးများထလာပြီး ၎င်းနွံအိုင်အတွင်း ရှိနေကြသည့် သတ္တဝါအားလုံးမှာ ပိုင်ရှောင်ချန်း၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် မသိစိတ်မှ တုန်ရီလာကြတော့သည်။
လျှပ်စီးတိမ်တိုက်သခင်၏နှလုံးသားမှာ သူ၏ဘဝတစ်လျှောက်လုံးတွင် အခုန်အမြန်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး သူ၏အသိစိတ်များမှာလည်း ကြောက်ရွံ့မှုများကြောင့် ချာချာလည်နေတော့သည်။
" သောက်ကျိုးနည်း ဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်က ဘာလို့ ဒီလောက်တောင်စွမ်းနေရတာလဲဟ "
သူသည် စိတ်ထဲတွင် ငြီးတွားနေတော့သည်။
“ သူက အစောပိုင်းနတ်အဆင့်မှာ ရှိနေတာမှ မဟုတ်တော့ပဲ "
သူသည် ရုတ်တရက် အလွန် ဝင့်ဝါစွာပြုမူခဲ့မိကြောင်း အမှတ်ရသွားပြီး ပိုင်ရှောင်ချန်းအား အမျက်ထွက်အောင် လုပ်မိခဲ့သဖြင့် သူ့ကိုယ်သူ ကျိန်ဆဲမိနေတော့သည်။ ပို၍ ဆိုးသည်မှာ ထွက်ပြေးခွင့်ရှိစဥ်က ထွက်မပြေးခဲ့သည့် သူ၏ကလေးကလားဆန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
သူသည် သူ့မျက်နှာအား ထပ်ခါထပ်ခါ ရိုက်နှက်ပစ်ချင်စိတ်များ ပေါက်နေပါသော်လည်း ယခုတွင်မူ အမြန်ဆုံးနည်းဖြင့် ထွက်ပြေးရုံမှတစ်ပါး အခြားမတတ်နိုင်လောက်အောင် ဖြစ်နေတော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မော့ကြည့်လိုက်သည်။ သူ၏ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် အနီရောင်မြူခိုးများကြောင့် သွေးရောင်ကဲ့သို့ နီမြန်းနေသော သူ၏မျက်ဝန်းများကို မည်သူမှ မမြင်နိုင်ပေ။
ထို့နောက် သူက သူ့အသံနှင့် လုံးဝမတူသော အသံကြီးတစ်သံဖြင့် ရေရွတ်လိုက်တော့သည်။
" နတ်ဘုရား ဇီဝိန်ချုပ်သိုင်း "
သူ၏နှုတ်မှ ထိုစကားသံများ ထွက်ကျလာသည်နှင့် သူသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သွေးရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ လက်ဖျားခါရလောက်သော အမြန်နှုန်းမျိုးဖြင့် လေထုကြီးအား ထိုးခွင်းသွား၏။ သူ၏ ရွေ့လျားမှုနှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် အချိန်ကိုပင် ဖြတ်၍ သွားနိုင်သည့် အလား ထင်မှတ်ရသည်။
ထိုသို့ ရွေ့လျားမှုမျိုးမှာ မည်သည့် တည်နေရာရွှေ့ပြောင်းမှုမျိုးထက်မဆို မြန်ဆန်နေသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ထွက်ပြေးနေသည့် လျှပ်စီးတိမ်တိုက်သခင်၏ အရှေ့သို့ ရောက်ရှိသွားပြီး မည်သည့်နည်းနှင့်မျှ သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့အား ဝင်တိုက်လိုက်တော့သည်။
ထိုအခါ လေထဲတွင် အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားပြီး လျှပ်စီးတိမ်တိုက်သခင်မှာ အပြင်းအထန် တုန်ရီသွားတော့သည်။ သူသည် ချက်ချင်းပင် ခြောက်သွေ့စပြုလာပြီး သူ၏နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သည့် အကြောက်တရားကြီးတစ်ခု ကြီးစိုးလာတော့သည်။
" သူက ဘောက်မဲ့ကြောင့် ဒီလောက်မြန်နေရတာလဲ။ သူ...သူက ငါ့ရဲ့ သက်စောင့်အားတွေကို စုပ်ယူနေတာပဲ "
လျှပ်စီးတိမ်တိုက်သခင်မှာ ပြန်လည်ခုခံရန် ကြိုးပမ်းလိုက်၍ ရောင်စုံအလင်းတန်းများ တောက်ပလာပါသော်လည်း ပိုင်ရှောင်ချန်း၏ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို လုံးဝမယှဥ်နိုင်ပေ။
အချိန်တိုလေးအတွင်း လျှပ်စီးတိမ်တိုက်သခင်မှာ အရိုးတခြား အသားတခြား ဖြစ်လုနီးပါး ဖြစ်သွားပြီး သူ၏မျက်နှာမှာ သေခြင်းတရား၏ အရိပ်မည်းကြီးအား ရင်ဆိုင်နေရသည့်အလား ဖြူဆုတ်သွားတော့သည်။ သူ၏သက်စောင့်အားမီးတောက်မှာ ငြိမ်းသက်သွားတော့မည့်ဆဲဆဲ အခြေအနေသို့ ရောက်သွားသဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတော့သည်။
ထိုဖြစ်ရပ်မှာ မြန်ဆန်လွန်းနေသည်။ ထိုတစ်ချက်တည်းကြောင့် သူ၏အသက်စွမ်းအားများမှာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလောက်အောင် စုပ်ယူခံလိုက်ရသည်။ လျှပ်စီးတိမ်တိုက်သခင်မှာ တုန်တုန်ရီရီနှင့် မျှော်လင့်ချက် ကင်းမဲ့နေသည့်အလား သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်တော့သည်။
" မဖြစ်ဘူး "
သူ၏ရင်ထဲတွင် နောင်တကြီးစွာရနေပြီး ယခုကဲ့သို့ အသက်ပင် ဇီဝိန်ချုပ်သွားနိုင်သည့် အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေသည့် အချိန်အပိုင်းအခြားလေးတွင် ပိုင်ရှောင်ချန်းက ထူးဆန်းနေကြောင်း သူ ရိပ်မိလိုက်သည်။ ပိုင်ရှောင်ချန်းသည် သွေးမြူခိုးထဲတွင် သတိမေ့မျောနေသည့်အလား မိန်းမောတွေဝေနေသည့်ပုံစံ ပေါ်နေသည်။
လျှပ်စီးတိမ်တိုက်သခင်မှာ လုံးဝစိတ်ပျက်အားလျော့နေရာမှ မျှော်လင့်ချက် အရိပ်အယောင်တစ်ခုအား မြင်တွေ့လိုက်ရသဖြင့် တုန်ရီသွားတော့သည်။ ယခုအချိန်က တွေးတောကြံဆနေရန် အချိန်အခါ မဟုတ်ကြောင်း သူက သိထားသဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပြီး စောစောက သူ၏ခန္ဓာကိုယ် ခြောက်သွေ့နေမှုကို ပြောင်းပြန်လှန်ပစ်နိုင်သည့် နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထို့နောက် ရောင်စုံအလင်းတန်းများ တောက်ပစွာ လင်းလက်သွားပြီး သူသည် အံကြိတ်၍ အောက်ဘက်ရှိ နွံအိုင်ထဲသို့ ထိုးဆင်းသွားတော့သည်။
ချက်ချင်းပင် သူသည် နွံအိုင်ထဲသို့ ရောက်ရှိသွားပါသော်လည်း အနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်းက အောက်သို့ငုံ့ကြည့်လိုက်ပြီး သူ၏နောက်သို့ လိုက်သွားပြန်တော့သည်။
နွံအိုင်ကြီးတစ်အိုင်လုံး တုန်ခါသွား၏။ အချိန်တိုလေးအတွင်း မျှော့အုပ်ပေါင်းများစွာမှာ ထိုတုန်ခါမှုကြောင့် မဟုတ်ပဲ ပတ်ပတ်လည်ရှိ သက်စောင့်အားများကို စုပ်ယူနေသည့် ပိုင်ရှောင်ချန်း၏ သွေးမြူခိုးကြောင့် သေဆုံးသွားကြတော့သည်။
မျှော့များသာ သေဆုံးသွားသည်မဟုတ်ပေ။ ပိုးလောက်လန်းများနှင့် နွံအိုင်ထဲရှိ အခြားသက်ရှိများမှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်းအနားသို့ ရောက်သွားသည့်အရာတိုင်း အသက်ပျောက်သွားကြသည်သာဖြစ်သည်။
" ကြည့်ရတာ ဒီကောင်တစ်ခုခုတော့ ထူးဆန်းနေပြီ "
လျှပ်စီးတိမ်တိုက်သခင်က တွေးလိုက်သည်။
“ အဲဒီမှော်အတတ်ကြီးက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ။ အားနည်းချက်တစ်ခုခုတော့ ရှိကိုရှိရမယ် "
သူသည် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ဝမ်းမြောက်နေ၏။ ပိုင်ရှောင်ချန်းသည် အသိစိတ် တစ်ဝက်ဝက်တစ်ပျက်သာ ရှိသော အခြေအနေသို့ရောက်နေသည်မှာ အသေအချာပင်ဖြစ်သည်။ ထို့အပြင် နွံအိုင်ထဲသို့ ထိုးဆင်းသွားခဲ့သည်မှာ လျှပ်စီးတိမ်တိုက်သခင်အား လိုက်ဖမ်းရန်မဟုတ်ပဲ နွံအိုင်ထဲတွင် ရှိနေသည့် သက်စောင့်အားများကို စုပ်ယူရန်သာ ဖြစ်သည်။
ထိုအချက်ကြောင့် လျှပ်စီးတိမ်တိုက်သခင်မှာ အခွင့်အရေးတစ်ခု ရသွားခဲ့သည်။ ပိုင်ရှောင်ချန်းက ထိုနေရာတစ်ဝိုက်ရှိ သက်စောင့်အားများကို စုပ်ယူနေစဥ် လျှပ်စီးတိမ်တိုက်သခင်က နွံအိုင်အား ဖြတ်၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြတ်ပြေးရသည်မှာ အန္တရာယ်များပါသော်လည်း ပိုင်ရှောင်ချန်းနှင့် တည့်တိုးရင်ဆိုင်ရသည်ထက်တော့ အန္တရာယ်မများသေးပေ။
ပိုင်ရှောင်ချန်း တစ်ခုခုထူးဆန်းနေသည်မှာ အသေအချာပင်ဖြစ်သော်လည်း သူသည် ၎င်း၏အဖြေကိုရှာဖွေနိုင်ရန်အတွက် နောက်သို့လှည့်ကြည့်ရန် စိတ်ကူးပင်မရှိပေ။ ပိုင်ရှောင်ချန်း၏ မှော်အတတ်ကြီးမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသဖြင့် လျှပ်စီးတိမ်တိုက်သခင်၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်၊ ၎င်းမှာ သူ၏အခြားခန္ဓာကိုယ်တစ်ခြမ်းနှင့် မပူးပေါင်းနိုင်သေးသရွေ့ အတတ်နိုင်ဆုံး ပိုင်ရှောင်ချန်းနှင့် ခပ်ဝေးဝေးနေရန်သာ ဖြစ်သည်။
အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်ခန့် ကြာသွားပြီးနောက် ဖရိုဖရဲ ဖြစ်နေသည့် လျှပ်စီးတိမ်တိုက်သခင်မှာ တော်တော်ဝေးဝေးသို့ ရောက်သွား၏။ ထို့နောက် သူက နွံအိုင်ရေပြင်ထဲမှ ထိုးထွက်လာတော့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မျှော့နှင့် ပိုးလောက်လန်းများကပ်နေပါသော်လည်း သူက ၎င်းတို့ကို ဖယ်ရှားရန်ပင် ကြိုးစားမနေတော့ပေ။ သူက အသက်ကိုအငမ်းမရရှူသွင်းလိုက်ပြီး အတတ်နိုင်ဆုံး အဝေးသို့ လျင်မြန်စွာပျံထွက်သွားကာ ကြောက်ရွံ့နေသည့်မျက်နှာဖြင့် နောက်ဘက်သို့လှည့်ကြည့်နေတော့သည်။
" အဲဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က တကယ့်ကို မိစ္ဆာကောင်ကြီးပဲ။ သေကို မသေနိုင်ဘူး။ မြောက်ပိုင်းရဲ့ မဟာရန်သူကြီးတွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ သူ အခုထက်ပိုပြီး စွမ်းအားကြီးမားနေရင်တောင် အလယ်ပိုင်းနတ်အဆင့်ကို မရောက်သေးပါဘူး။ ငါ့ အခြားခန္ဓာကိုယ်တစ်ခြမ်းနဲ့ ပေါင်းစည်းပြီးလို့ကတော့ သူ့ကိုငါ သတ်နိုင်မှာပါ "
ထိုသို့ အဆင့်ဆင့် တွေးတောလိုက်ပြီးနောက် သူသည် အခြားခန္ဓာကိုယ်တစ်ခြမ်းနှင့် ထပ်၍ဆက်သွယ်လိုက်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။
ထိုစဥ် ပိုင်ရှောင်ချန်းသည် နွံအိုင်ထဲသို့ ကျဆင်းသွား၍ ဧရာမလေပွေကြီးတစ်ခု အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့စပြုလာတော့သည်။
နွံအိုင်ထဲရှိ မျှော့များနှင့် ပိုးလောက်လန်းများမှာ သွေးရူးသွေးတမ်းနှင့် ဟိုဟိုသည်သည် ပြေးလွှားနေကြ၏။
၎င်းတို့ထက် ပို၍စွမ်းအားကြီးသည့် သက်ရှိများပင် ထိုနည်းတူပင်။ ပင့်ကူကြီးများ၊ ဘီလူးကြီးများနှင့် အခြားကြောက်မက်ဖွယ် သတ္တဝါများမှာလည်း ပြေးလွှားနေကြသည်သာဖြစ်သည်။
ထိုလေမုန်တိုင်းကြီးက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ၎င်းနှင့် ထိတွေ့မိသွားသည့် သက်ရှိတိုင်း၏သက်စောင့်များအား စုပ်ယူလိုက်သဖြင့် ၎င်းတို့မှာ ခြောက်သွေ့ကာ သေဆုံးသွားကြတော့သည်။
ထိုဖြစ်ရပ်ကြီးမှာ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်ခန့်ထိ ကြာမြင့်သွား၏။
ထို့နောက် ပိုင်ရှောင်ချန်းက လေပေါ်သို့ ပျံတက်သွား၍ နွံအိုင်ထဲမှ ဝုန်းခနဲ မြည်ဟည်းသံ ထွက်ပေါ်လာသည်။ သူ၏ပတ်ပတ်လည်တွင် မည်သည့်သွေးမြူခိုးမှ ရှိမနေတော့ပေ။ သူ၏မျက်နှာမှာ နီမြန်းနေပြီး မယုံကြည်နိုင်သည့်အမူအရာတစ်ခု ထင်ဟပ်နေ၏။ သူ၏ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်၍မရလောက်အောင် တုန်ရီနေသည်။
ထိုအချိန်တွင် သူသည် လျှပ်စီးတိမ်တိုက်သခင်အကြောင်း တွေးတောမနေတော့ပေ။ ကုန်းမြေအချို့ရှိသည့် နေရာတစ်ခုသို့ ပျံသန်းသွားပြီး တင်ပျဥ်ခွေ ထိုင်ချကာ သူ့ကိုယ်သူ သေသေချာချာ စစ်ဆေးကြည့်လိုက်တော့သည်။
အချိန်အတော်အတန် ကြာမြင့်သွားသောအခါ သူ၏မျက်လုံးများပွင့်လာပြီး အကြောက်တရားများဖြင့် တဖျတ်ဖျတ် လက်နေတော့၏။
" သောက်ကျိုးနည်း ဘာတွေဖြစ်သွားတာလဲ။ နတ်ဘုရားဇီဝိန်ချုပ်သိုင်းသုံးလို့ရှိရင် ဘာလို့ငါက အသိစိတ်ပျောက်သွားရတာလဲ။ ဘာလို့လဲ "
ဖြစ်ပျက်သွားခဲ့သည့်ကိစ္စရပ်များကို ပြန်တွေးမိလိုက်သောအခါ သူ၏နှလုံးသားမှာ ကြောက်ရွံ့တုန်ရီသွားရတော့သည်။
သူ အသေအချာသိနေသည့် အချက်တစ်ချက်မှာ သူ အသိစိတ်ပျောက်သွားပြီးနောက် သူ၏အသိစိတ်ကို အခြားမည်သည့် သက်ရှိမှ ဝင်ရောက်ထိန်းချုပ်မှု မရှိခဲ့ခြင်းပင်။ သူ၏ခန္ဓာကိုယ်မှာ အလိုအလျောက်ပြုမူလှုပ်ရှားခဲ့ပြီး ပတ်ပတ်လည်ရှိ သက်စောင့်အားများကို တတ်နိုင်သမျှ အစွမ်းကုန် စုပ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးမိလိုက်ရုံနှင့် ပိုင်ရှောင်ချန်းမှာ ကြောက်ရွံ့စိုးထိတ်လာတော့သည်။
" မဖြစ်ဘူး။ အရင်တုံးက နတ်ဘုရားဇီဝိန်ချုပ်သိုင်း ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ငါမသိခဲ့လို့ သုံးခဲ့တာ။ အခုသိသွားပြီဆိုတော့ သုံးလို့မဖြစ်ဘူး။ တော်တော်ကို အန္တရာယ်များလွန်းတယ် "
သူ၏ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့သည့် ခံစားချက်ကြီးမှာ လုံးဝကြောက်မက်ဖွယ်ကောင်းနေသည်။
အချိန်အတော်အတန် ကြာသွားသည်။ ထို့နောက် ပျက်စီးသွားခဲ့သော ထာဝရသွေးစက်တစ်စက်က အပြည့်အဝပြန်လည်ဖြစ်ထွန်းလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ရုတ်တရက် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာတစ်ခု ပေါ်ပေါက်လာတော့သည်။
ထိုနွံအိုင်ထဲတွင် သူကုန်ဆုံးခဲ့သော အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်အတွင်း သက်စောင့်အားမည်မျှအထိ စုပ်ယူခဲ့သည်ကို စိတ်ကူးနှင့်တွက်ဆကြည့်နေမိတော့သည်။
" ငါသာ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ နတ်ဘုရားစွမ်းရည် ဖြစ်လာမှာပဲ "
ထို့နောက် သူသည် ဝေခွဲ၍မရသော အမူအရာဖြင့် နွံအိုင်ကြီးအား ငုံ့ကြည့်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ၎င်းထဲတွင် သက်စောင့်အား လုံးဝရှိမနေတော့ကြောင်း သိလိုက်ရသည်။
အဝေးတစ်နေရာတွင်ရှိနေသော နွံအိုင်အစိတ်အပိုင်းများမှာပင် သက်စောင့်အား အငွေ့အသက် အနည်းငယ်မျှ မရှိတော့ပေ။
" ငါဘယ်လောက်တောင် စုပ်ယူခဲ့တာလဲ "
သူသည် မျက်လုံးများပြူးကျယ်လျက် အံ့အားသင့်နေပြီး ရုတ်တရက် စိတ်လှုပ်ရှားသွားတော့သည်။
" ဟားဟားဟား။ ငါဒီလောက်တော်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကြောင့် အသိစိတ်ပျောက်သွားတာတောင်မှ အကျိုးအကျေးဇူးအများကြီးရအောင် လုပ်နိုင်ခဲ့သေးတယ်ကွ "
ထို့နောက် သူသည် နွံအိုင်ကိုဖြတ်၍ အနည်းငယ်လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ဟိုဟိုသည်သည်တွင် သက်စောင့်အား လက္ခဏာအချို့ကို တွေ့ရှိလိုက်ရသည်။ သို့သော် သူက အနီးသို့ရောက်လာသည်နှင့် ၎င်းတို့မှာ သူ့အား ရှောင်ရှားလိုသည့်အလား ပျောက်ကွယ်သွားကြသည်။
ထိုအချင်းအရာကြောင့် သူ ပို၍စိတ်လှုပ်ရှားလာရတော့သည်။ လမ်းခုလတ်တွင် သူသည် သူ၏အိတ်ကို ပုတ်၍ ဖက်တီးကျန်းကြီးအားထုတ်လိုက်ပြီး သူ၏နဖူးကိုတို့ထိလိုက်သည်။ ထိုအခါ ဖက်တီးကျန်းကြီး၏မျက်လုံးများပွင့်လာပြီး အသက်မပါသော မျက်ဝန်းများဖြင့် ဘေးဘီဝဲယာသို့ အနည်းငယ်အကဲခတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းအား သတိထားမိလိုက်တော့သည်။ ထိုအချိန်တွင် သူသည် ချက်ချင်းပင် ထခုန်လိုက်ပြီး တစ်စုံတစ်ခုကိုပြောရန် ပြင်လိုက်တော့သည်။
သို့သော် ပိုင်ရှောင်ချန်းက သူ့ထက်အရင် လက်ဦးသွားတော့သည်။ သူသည် လက်ကိုနောက်ပစ်၍ မေးငေါ့ကာ ဆိုလိုက်သည်။
“ အစ်ကိုကြီးရေ၊ အစ်ကိုကြီးက နွံအိုင်ထဲမှာ ချုံခိုတိုက်ခိုက်ခံခဲ့ရတာ။ အဲဒါကို ကျွန်တော်က အရမ်းစိတ်တိုသွားလို့ နွံအိုင်ထဲမှာရှိတဲ့ သက်ရှိအားလုံးကို အစ်ကို့ဆီ အတင်းအကြပ် ေတာင်းပန်ခိုင်းခဲ့တယ်။ အဲဒါကြောင့် အခုကစပြီး အဲဒီကောင်တွေက ကျွန်တော်တို့ကို ဝေးဝေးက ရှောင်နေတော့မှာဗျ။ မယုံဘူးလား။ မယုံရင် လှည့်ပတ်ကြည့်လိုက်လေ "