အခန်း (၂၀၂-၂၀၄)
Vol. 14 Ch. 202-204
အပိုင်း (၂၀၂)
မောက်ဟွေ့မေသည် အသီးပန်းကန်ဖြင့် ရောက်ချလာပြီး ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ဆွံ့အသွားတော့သည်။ "အမေ ဘာတွေပြောနေတာလဲ"
"ဘာတွေပြောနေရမှာလဲ" ရှဝမ်ယွဲ့က ပြောလိုက်သည်။ "တရုတ်နှစ်သစ်ကူးပြီးသွားရင် နင် ၂၆နှစ် ပြည့်တော့မယ်။ နင် အပျိုကြီးဖြစ်တော့မယ်"
"ဪ ဟုတ်သားပဲ" ရှဝမ်ယွဲ့က ပြောလိုက်သည်။
"အမေ သူဌေးတစ်ယောက်နဲ့ သိထားတယ်။ ဦးလေးဟယ်လေ။ နင် တွေ့ဖူးပါတယ်။ သူက ပြောတယ်။ သူ့ရဲ့သားကလည်း နင့်အသက်အရွယ်လောက်ပဲတဲ့။ ရည်မှန်းချက်လည်း ကြီးတယ်တဲ့။ သူကငါ့ကို သူ့အတွက် နင့်ကို မေးပေးစေချင်နေတာ။ ငါ နင့်ကို သူနဲ့ မိတ်ဆက်ပေးရမလား"
မောက်ဟွေ့မေက ဘာမှမပြောရသေးခင်မှာပင် ဖန်းရုံဖန်သည် သိသိသာသာ ကိုယ်ကိုမတ်လိုက်ပြီး မောက်ဟွေ့မေကို စိုက်ကြည့်နေမိကာ သူ့လက်ထဲက လှုပ်ရှားမှုများကလည်း နှေးကွေးသွားတော့သည်။
ရှဝမ်ယွဲ့ကတော့ သတိထားမိဟန်မတူဘဲ သူမကသူ့ကို အပြုံးဖြင့် ကြည့်လိုက်ကာ ပြောလိုက်၏။
"ရှောင်ဖန့် ဟုတ်တယ်မလား။ မင်းက အိမ်ထောင်ကျပြီးသွားတော့ နှမြောစရာပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဒေါ်ဒေါ်က မင်းကို အရင်ဆုံး စဉ်းစားမိဦးမှာ"
ဖန်းရုံဖန်သည် ချက်ချင်းဆိုသလို ပြန်ပြောလိုက်၏။ "မဟုတ်ပါဘူး။ ဒေါ်ဒေါ် ကျွန်တော် လက်မထပ်ရသေးပါဘူး"
ရှဝမ်ယွဲ့က အင်မတန်အံ့ဩသွားလေသည်။ "အို တောင်းပန်ပါတယ်။ ငါ စကားမှားသွားတာပဲ။ မင်းက လက်မထပ်ရသေးဘူးလား။ မင်းရော လက်တွဲဖော် မရှိသေးဘူးလား"
"မရှိသေးပါဘူး" ဖန်းရုံဖန်သည် သူစကားပြောသွားသည်မှာ အလွန်နှေးကွေးသွားပြီး ရှဝမ်ယွဲ့က သူ့ကို အထင်လွဲသွားမည်ကို စိုးရိမ်သွားတော့၏။ "ကျွန်တော်က ကျောင်းတက်တာ နောက်ကျခဲ့တယ်လေ။ ကျွန်တော် ကောလိပ်ကဘွဲ့ရထားတာ ၂နှစ်လောက်တောင် မပြည့်သေးပါဘူး။ ကျွန်တော်လည်း သင့်တော်တဲ့အလုပ်တစ်ခုကို လုံးဝရှာမတွေ့သေးဘူးလေ။ ဒါကြောင့် ကျွန်တော်လည်း အလုပ်ထွက်ပြီးတော့ ဟွေ့မေနဲ့ အတူတူ အလုပ်စလုပ်နေတာပါ"
ရှဝမ်ယွဲ့က သက်ပြင်းချလိုက်ပြီး နှမြောတသစွာပြောလိုက်၏။ "အိုး နင့်ကြည့်ရတာလည်း အရမ်း တည်ငြိမ်နေတဲ့ပုံပါပဲ။ ငါက နင့်ကို အိမ်ထောင်ပြုပြီးသွားပြီလို့တောင် ထင်နေတာ"
သူမသည် မောက်ဟွေ့မေကို ကြည့်ကာ ပြောလိုက်လေသည်။ "ငါကတော့ နင့်ဦးလေးဟယ်နဲ့ တစ်ခါလောက် ချိန်းထားပြီးသွားပြီ။ ဟွေ့မေ နင် သူ့ကို အရင်ဆုံး သွားတွေ့ကြည့်လိုက်ပါလား"
"ဒေါ်ဒေါ်" ဖန်းရုံဖန်က ရှက်ရှက်ဖြင့် သူမကို ဖြတ်ပြောလိုက်၏။ "ကျွန်တော် အရင်ဆုံး ပြန်လိုက်ပါဦးမယ်။ ကျွန်တော် စက်ရုံကကိစ္စတွေကို ဟွေ့မေကိုအရင်ဆုံး သတင်း ပို့ရဦးမယ်... ဒေါ်ဒေါ်လည်း တွေ့ပါတယ်..."
"ဪ စီးပွားရေးအလုပ်က ပိုပြီးအရေးကြီးတယ်လို့ မင်းက ပြောလိုက်တာပဲ" ရှဝမ်ယွဲ့က ပြောလိုက်သည်။ "ဟွေ့မေ နင် အရင်သွားလိုက်"
ထွက်သွားကြသည့်လူ၂ယောက်၏ ကျောပြင်ကိုကြည့်လိုက်ပြီး ရှဝမ်ယွဲ့သည် ဓားကိုကောက်ကိုင်ကာ အသားကို ခုတ်ဖြတ်ရင်း အထင်သေးစွာဖြင့် ပြောလိုက်တော့သည်။ "ဒီရှောင်ဖန်ကလေ နေရာတိုင်းမှာ တော်ပါတယ်။ ဒါပေမဲ့ သူက အရမ်းကို နှေးလွန်းတယ်"
တိတ်တိတ်လေး ခိုးရယ်နေသည့် မောက်ဟွေ့လန်က မော့ကြည့်လိုက်ကာ ပြောလိုက်၏။ "အမေ အမေ သိနေတာ မဟုတ်လား။ အမေ ဒါကို တမင်လုပ်လိုက်တာ မဟုတ်လား"
ရှဝမ်ယွဲ့ကလည်း ဘဝင်ခိုက်သွားကာ ပြုံးပြီးပြောလိုက်၏။ "ဘာလဲ။ ငါ အိမ်မှာ ရှိမနေတဲ့အချိန်မှာ ငါက ဘာမှမသိဘူးလို့ နင်က ထင်နေတာလား။ နင်တို့အားလုံးက ငါ့ကလေးတွေပါ။ တစ်ချက်ကြည့်လိုက်တာနဲ့ နင်တို့တွေ ဘာစဉ်းစားနေလဲဆိုတာ ငါသိပါတယ်"
မောက်ဟွေ့ကျူးသည် မျက်လုံးများကိုပင့်ကာဖြင့် ပြေးထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ ရှဝမ်ယွဲ့က အပြုံးဖြင့်ပြောလိုက်၏။ "စောင့်ကြည့်နေလိုက်။ ခဏနေကြရင် သူ ငါတို့ကို ဆုံးမဖို့ ဝင်လာတော့မယ်"
မောက်ဟွေ့လန်က ပြုံးကာပြောလိုက်သည်။ "သမီးလည်း ဒါကိုသိသားပဲ"
၁၀မိနစ်ကြာပြီးသွားသည့်နောက်တွင်တော့ မောက်ဟွေ့ကျူးသည် သူမ၏ပါးစပ်လေးကို အုပ်ကာ ခိုးပြီးပြန်လာတော့၏။
မောက်ဟွေ့လန်က ပြုံးပြီးမေးလိုက်သည်။ "နင် ဘာကြားခဲ့လို့လဲ"
မောက်ဟွေ့ကျူးက အခန်းအလယ်က နေရာလွတ်ထဲတွင် ရပ်လိုက်ပြီး သူမ၏ကိုယ်နေဟန်ထားကို ပြုပြင်လိုက်လေသည်။
"ဟွေ့...ဟွေ့မေ" သူမသည် သြရှရှအသံတစ်ခုဖြင့် ပြောပြီး ကူးကယ်ရာမဲ့စွာ ခေါင်းကို ကုတ်လိုက်ပြီးနောက် ဖန်းရုံဖန်၏အမူအရာကို ပြီးပြည့်စုံနေအောင် အတုခိုးပြလိုက်သည်။
"ကြင်ဖက် သွားမတွေ့ပါနဲ့"
လူအုပ်ကြီး၏ ရယ်သံများကြားထဲတွင် မောက်ဟွေ့ကျူးက မလှုပ်မရှားရှိနေကာ သူမ၏အမူအရာကို ပြောင်းလိုက်ပြီး မောက်ဟွေ့မေပုံစံ ဖြစ်လာလေသည်။ သူမက သူမ၏လည်ချောင်းကို ညှစ်လိုက်ပြီး ဝင့်ကြွားသွားသည့် အသံတစ်ခုဖြင့် ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ ကျွန်မ နောက်တစ်နှစ်ဆိုရင် လက်ထပ်တော့မှာ"
ထို့နောက်တွင်တော့ သူမက သြရှရှအသံဖြင့် ရှက်ရွံ့စွာ စကားပြောနေသည့် ဖန်းရုံဖန်၏ပုံစံ ပြောင်းလဲလိုက်ပြန်သည်။
"ဒေါ်ဒေါ့် ကြည့်ရတာ ကျွန်တော့်ကို အရမ်းသဘောကျတဲ့ပုံပါပဲ။ မင်းရော ဘယ်လိုထင်လဲ"
ထို့နောက်တွင်တော့ သူမ၏ခေါင်းကို ငုံ့ထားလိုက်ကာ မောက်ဟွေ့မေပုံစံ ပြောင်းလဲလိုက်ပြီး သူမ၏အင်္ကျီအနားလေးကို လုံးခြေလိုက်ပြီးနောက် ရှက်ရွံသည့်အမူအရာ လုပ်ပြလိုက်ပြီး ရယ်စရာ ပြောလိုက်လေသည်။ "ကျွန်မက ဘာခံစားရမှာလဲ"
"ကျွန်တော်အထင် ကျွန်တော့အထင်တော့..." သူမက ကြမ်းရှရှအသံတစ်ခုဖြင့် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်ကာ စိတ်ခံစားချက်လွှမ်းမိုးသွားသည့်အသံဖြင့် အော်ကာပြောလိုက်လေသည်။
"မင်း ကျွန်တော့်ကို ဘယ်လိုထင်လဲ။ ကျွန်တော် မင်းကို သဘောကျပါတယ်။ မင်း ကျွန်တော့်ကို နောက်နှစ်ကျရင် လက်ထပ်နိုင်မလား"
အားလုံးသည် မောင်ဟွေ့ကျူးကြောင့် အလွန်သဘောကျသွားပြီး နောက်ပြန်လဲကျသွားကြတော့၏။ ရှ၀မ်ယွဲ့ကလည်း အလွန်မှရယ်ရသဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။
"နောက်ဆုံးမှာ သူတို့တွေ အဲ့ဒီလိုပြောတာ လုံးဝမဟုတ်ဘူး"
မောက်ဟွေ့ကျူးကလည်း ရယ်မောကာပြောလိုက်သည်။ "အဲဒါက တီဗီဇာတ်လမ်းထဲမှာဆိုရင် အမြဲတမ်း ဒီလိုဇာတ်သိမ်းတာပဲလေ။ ဒီလိုပုံစံမှ ကြည့်လို့လှမှာပေါ့"
ရှဝမ်ယွဲ့က ပြုံးကာပြောလိုက်၏။ "ကြည့်ရတာ ငါတော့ နင့်ကို စောင့်ကြည့်နေရတော့မယ် ထင်တယ်။ အခုအချိန်ကစပြီးတော့ နင်တစ်ရက်ကို ၂နာရီပဲ တီဗွီကြည့်ရတော့မယ်"
မောက်ဟွေ့ကျူးသည် ခဏလောက် မှင်တက်အံ့သြသွားတော့၏။ ဒီလိုရွှတ်နောက်နောက် ဆိုးသွမ်းနေခြင်းက မိုးကြိုးသွားတစ်ခုကို ရရှိလာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။ သူမက ချက်ချင်းဆိုသလို ငိုကြွေးလေတော့၏။ "မလုပ်ပါနဲ့အမေရယ်။ သမီးကျောင်းစာမှာ နောက်မကျစေရပါဘူး"
အနီးအနားတွင် ရပ်နေသော်လည်း သိပ်ပြီးမပြုံးသည့် မောက်ကျစ်ရှန်းက မေးလိုက်လေသည်။ "သူက ဘာထပ်ပြောသေးလဲ"
မောက်ဟွေ့ကျူးက ဒုတိယတစ်ကြိမ် ဇာတ်ကောင်နေရာကို ပြန်ဝင်သွားလိုက်ကာ စိတ်လှုပ်ရှားနေသည့်ဟန်ပန်ဖြင့် သူမ၏လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ကြမ်းရှရှလေသံတစ်ခုဖြင့် ပြောလိုက်လေသည်။
"ကျွန်တော်တို့အိမ်မှာ အစ်ကိုတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်စလုံးကလည်း လက်ထပ်ပြီးသွားပါပြီ။ ကျွန်တော့်ရဲ့မိသားစုတွေကလည်း အရမ်းကို ပွင့်လင်းကြတဲ့သူတွေပါ။ ကျွန်တော် အိမ်တစ်လုံး ဝယ်ဖို့လည်း ပိုက်ဆံပြင်ဆင်ထားပြီး သွားပါပြီ။ ကျွန်တော် နောက်တစ်နှစ် နည်းနည်းလောက် ထပ်စုဆောင်းနိုင်ရင် တိုက်ခန်းတစ်ခုလည်း ဝယ်နိုင်မှာပါ။ မင်းကရော။ မင်းက ဘယ်နေရာကို ကြိုက်လဲ"
ထို့နောက်တွင်တော့ မောက်ဟွေ့ကျူးက သူမ၏လည်ချောင်းကို ညှစ်ထားလိုက်ကာ မောက်ဟွေ့မေအသံ လိုက်တုပြောလိုက်သည်။
"ဒါဆိုရင်တော့ ရှင် အိမ်တစ်လုံး ဝယ်နိုင်တော့မယ်လို့ မထင်ဘူး။ တကယ်လို့ ရှင်သာ ကျွန်မရဲ့လက်တွဲဖော် ဖြစ်လာမယ်ဆိုရင် ရှင်နောက်တစ်နှစ် လစာရတော့မှာ မဟုတ်ဘူး"
ထိုနောက်တွင်တော့ မောက်ဟွေ့ကျူးက မယုံမကြည့်ဖြင့် သူမ၏မျက်လုံးများကို ပြူးကျယ်ထားလိုက်ပြီး ခဏလောက် မှင်တက်အံ့သြသွားသယောင် ပြုလုပ်ပြလိုက်ပြီးနောက် သူမ၏ ခေါင်းကို ထိကာ သွားများပေါ်သည်အထိ ပြုံးပြလိုက်လေသည်။ "ကောင်းပါပြီ။ ကျွန်တော်... ကျွန်တော် ကျွန်တော်ရဲ့ ကျန်တဲ့တစ်ဘ၀လုံးအတွက် မင်းအတွက် အလုပ်လုပ်ပေးမှာပါ"
ရှ၀မ်ယွဲ့က ပြုံးပြီးခေါင်းညိတ်လိုက်တော့သည်။ "မဆိုးဘူး"
မောက်ကျစ်ရှန်းကတော့ စိတ်မကောင်း ဖြစ်သွားသည့်ရုပ်လေးနှင့် အသားလုံး ကြော်ဖို့ရန်အတွက် အသားပန်းကန်လုံးကို မီးဖိုချောင်ထဲသို့ တိတ်တိတ်လေး ယူဝင်သွားတော့သည်။
အသားနံ့များက လှိုက်တက်လာသည်နှင့် နဥ်ရှောက်ယွင်၏အိမ်တွင် ကစားနေသည့် ချန်းချန်းနှင့် ရှောင်ဖုန်းတို့သည် အရသာခံရေဒါတစ်ခု တပ်ဆင်ထားသလို ပြေးဝင်လာကြတော့၏။ ကလေး၃ယောက်က မီးဖိုဆောင်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားကြကာ မကြာမီတွင် သူတို့တစ်ယောက်ချင်းစီသည် လက်ထဲတွင် အသားလုံးတစ်ခုဖြင့် ပြေးထွက်လာတော့သည်။
ခဏအကြာတွင်တော့ မောက်ဟွေ့ကျူး၏အသံက တစ်ဖန်ပြန်ထွက်လာသည်။ "အမေ ဧည့်သည် လာနေတယ်"
သူမက တစ်ဖန်ထပ်ပြီး အော်ပြောလိုက်၏။ "ဟဲ့ ဟဲ့ ဟဲ့ သတိထား။ ပြုတ်မကျစေနဲ့"
ချန်းချန်းကလည်း စိုးရိမ်တကြီး ပြောလိုက်သည်။ "အဲဒီဘက်ကို ဆွဲမသွားနဲ့လေ။ နင်က အဲဒီလိုလုပ်ရင် ပြုတ်ကျသွားမှာပေါ့"
"အို အလိုက်တာ"
ချန်းချန်းက ပြန်ချေပလိုက်ပြန်သည်။ "နင်ကမှ အတာ"
သူတို့၂ယောက်က ရန်ဖြစ်တော့မည်ကို မြင်လိုက်ရသည့်အခါ ရှောင်ဖုန်းက လှမ်းပြီး အော်ပြောလိုက်တော့သည်။ "ဦးလေးနဥ် ကူညီပါဦး"
နဥ်ရှောက်ပိုင်က ချက်ချင်းဆိုသလို ဓားကိုချထားလိုက်ပြီး အပြင်သို့ လျှောက်ကာ ထွက်သွားလိုက်၏။ ရှမြန်ကလည်း သူ့နောက်မှနေ၍ အလောတကြီး လိုက်ပါလာခဲ့သည်။ သူတို့သည် တံခါးအပြင်သို့ ထွက်လာသည့်အချိန်တွင် တင်းစီကျင်းက သူမ၏ကလေးစက်ဘီးလေးကို တွန်းလာသည်ကို တွေ့လိုက်ရလေသည်။
သူမ၏ စက်ဘီးလက်ကိုင်တွင်လည်း အိတ်ကြီးတစ်လုံးပါနေ၏။ အထဲတွင် ဘာပါသည်လည်းတော့ မသိချေ။ တော်တော်လေး လေးလံနေဟန်တူသည်။ လက်ကိုင်က ယိမ်းယိုင်နေပြီး ပြုတ်ကျတော့မလိုဖြစ်နေ၏။
မောက်ဟွေ့ကျူးက ဘယ်ဘက်အခြမ်းကိုဖိပေးဖို့ ကြိုးစားနေသော်ငြားလည်း သူမ၏အားက အလွန်ကြီးမားနေသဖြင့် အိတ်ကပြုတ်ကျတော့မလို ဖြစ်သွားသည်။ ချန်းချန်းကလည်း ညာဘက်ခြမ်းကို ဖိပေးဖို့ကြိုးစားပြီး သူ၏အားအားလုံးကို သုံးထားသဖြင့် တင်းစီကျင်း၏စက်ဘီးကို လှဲချမိတော့မလိုဖြစ်သွား၏။ ရှောင်ဖုန်းမှာ လက်ကိုင်ကို မြန်မြန်ဖမ်းဆွဲထားကာ လဲကျတော့မလို ဖြစ်နေသည့်ဟန်ချက်ကို ထိန်းထားရလေသည်။
ရှမြန်သည် သူတို့၏ရုပ်လေးကိုကြည့်ပြီး မနေနိုင်ဘဲ ရယ်မောမိတော့၏။ နဥ်ရှောက်ပိုင်ကတော့ ရှေ့သို့မြန်မြန်လျှောက်သွားပြီး အိတ်ကို ကောက်ယူပေးလိုက်သည်။
ကလေး၄ယောက်လုံးသည် တစ်ချိန်တည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့၏။ တင်းစီကျင်းက စက်ဘီးကို ရပ်ထားလိုက်ပြီး ပြောလိုက်သည်။ "ဦးလေးကျန်း ပို့လာပေးတဲ့ ဒေသထွက်ပစ္စည်းတွေ အများကြီးပဲရှိတယ်။ သမီး ဦးဦးတို့ကို နည်းနည်းပါးပါး လာပို့ပေးတာ"
ရှမြန်က ကိုယ်ကိုကုန်းကာ တစ်ချက်လောက် ကြည့်လိုက်သည်။ ၀က်ပေါင်ခြောက်နှင့် ဝက်ဆားနယ် အိတ်တစ်ဝက် ဖြစ်နေသည်။ အလွန်လေးလံနေပုံပေါ်သည်ကလည်း မဆန်းတော့ချေ။
"သမီး ဒီနေရာကို တွန်းလာခဲ့တာလား" ရှမြန်က မေးလိုက်သည်။ "သမီးဘာဖြစ်လို့ အများကြီး ယူလာတာလဲ။ ဒါက အစားအသောက်တွေ အများကြီး ထိန်းသိမ်းထားလို့ ရတယ်လေ။ ဖြည်းဖြည်းချင်း စားလို့ရတယ်"
တင်းစီကျင်းက သတိဖြစ်သွားကာ "အဘွားရဲ့ပစ္စည်းတွေကို ဦးလေးက ယူသွားတော့မှာလေ"
ရှမြန်က ကလေးမလေး၏ခေါင်းကို ထိကိုင်ပေးလိုက်သည်။ သူမသည် အလွန်ခေါင်းမာသည့် ကလေးမလေး တစ်ယောက် ဖြစ်ပြီး သူမ၏ဦးလေးဖြစ်သူက တစ်စက်ကလေးမှ အသားယူမှာကို ခွင့်မပြုနိုင်ပေ။ တစ်ဖက်သူကပင် အိမ်ပြောင်းသွားတော့မည်။
"ဟုတ်ပါပြီ။ ဒါဆိုရင်လည်း ဒီမှာအရင်ဆုံး ထားထားလိုက်နော်။ သမီး စားလို့ကုန်သွားတဲ့အချိန်ကျမှ ဒါကိုပြန်လာယူလှည့်"
တင်းစီကျင်းက လူကြီးလေးတစ်ယောက်လို ပြောလိုက်၏။ "ဟင့်အင်း။ အိမ်မှာအများကြီး ကျန်ပါသေးတယ်။ သမီးက ဒါကို ဒေါ်ဒေါ်တို့အတွက် လာပေးတာပါ"
ဘေးတွင် ချောင်းဟန့်သံ ခပ်သဲ့သဲ့လေး ကြားလိုက်ရ၏။ ရှမြန်က မော့ကြည့်လိုက်သည့်အခါ ဟယ်ဝေဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ သူသည် လက်ထဲတွင် အသီး၊ စီးကရက်နှင့် အရက်များကို ကိုင်ထားပြီး ထိုနေရာတွင် ရပ်နေသည်မှာ မည်မျှကြာသွားပြီကိုပင် မသိချေ။ မောက်ဟွေ့ကျူးသည် အခုလေးတင်မှ မှတ်မိသွားကာ အော်ခေါ်လိုက်၏။ "ဒေါ်ဒေါ်မြန့်မြန် ဧည့်သည် ရောက်နေတယ်"
ရှမြန်မှာ ဆွံ့အသွားတော့၏။ "ငါက နင် စီကျင်းအကြောင်း ပြောတယ်လို့ ထင်နေတာ"
မောက်ဟွေ့ကျူးကလည်း ပြောလိုက်၏။ "စီကျင်းက သူငယ်ချင်းလေ။ ဧည့်သည်မှ မဟုတ်တာ"
ရှမြန်က အပြုံးဖြင့် ဟယ်ဝေကို နှုတ်ဆက်လိုက်၏။ "လူကြီးမင်းဟယ် ကျေးဇူးပြုပြီးတော့ မြန်မြန်ဝင်ပါ"
ဟယ်ဝေကလည်း အနည်းငယ် ရှက်ရွံ့သွား၏။ "မစ်ရှ၊ လူကြီးမင်းနဉ်"
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်ကာ အိတ်ကို ကောက်ယူလိုက်ပြီး ပြန်လျှောက်သွားတော့၏။ ရှမြန်ကတော့ တင်းစီကျင်းကို ပြောလိုက်လေသည်။ "သူတို့တွေနဲ့ ခဏသွားကစားလိုက်ဦးနော်။ ခဏနေကြရင် အသားလုံးကြော်နဲ့ ဝက်နံရိုးကြော်ကို ယူပြန်သွားဦး"
ဟယ်ဝေသည် နဥ်ရှောက်ပိုင်နောက်မှနေ၍ အိမ်ထဲသို့ လိုက်ဝင်သွားပြီး မိသားစုတစ်စုလုံးက အလုပ်များနေကြသည်ကို တွေ့လိုက်ရသည်။ ရှ၀မ်ယွဲ့သည် သူ့ကို တွေ့လိုက်ရသည့်အချိန်တွင် မှင်တက်အံ့ဩသွားတော့၏။ "ဟယ် ဒါက ဟယ်ဝေ မဟုတ်လား။ လာထိုင်ပါဦး"
"ကြည့်ပါဦး။ ငါ အလုပ်များနေတာနဲ့ မင်းကို သေသေချာချာလေး ဧည့်မခံပေးနိုင်ဘူး"
ဟယ်ဝေက မြန်မြန်ပြောလိုက်သည်။ "ရပါတယ်။ ကျွန်တော်က အရင်ဆုံး ကြိုပြီးတော့ ဖုန်းမဆက်သွယ်ခဲ့ရလို့ပါ"
သူသည် အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်၏။ "ဒေါ်ဒေါ်တို့တွေက နှစ်သစ်ကူးပစ္စည်းတွေကို အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်ကြတာလား"
ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ်လေ။ ငါတို့ကျေးလက်ဘက်ကလူတွေက အစားအသောက်ကို ကိုယ့်ဟာကိုယ် လုပ်ကြတာ။ ကိုယ့်ဟာကိုယ်လုပ်မှပဲ အရသာက ပိုပြီးတော့ ကောင်းတာလေ။ တရုတ်နှစ်သစ်ကူးရဲ့ ရည်ရွယ်ချက်က ပျော်ရွှင်စေချင်လို့ မဟုတ်လား။ မိသားစုတွေ အတူတူ စုဝေးတယ်ဆိုတာကလည်း ရှားပါးတယ်လေ။ ဒီတော့ အတူတူ ချက်ပြုတ်တာက ပျော်စရာကောင်းတာပေါ့"
သူမ စကားပြောပြီးသွားသည်နှင့်ချက်ချင်း ဟယ်ဝေသည် အိပ်ကို ချထားပြီး ပြန်ရောက်လာကာ အသားစိမ်းများ အပြည့်ထည့်ထားသည့် သံဇလုံကြီးရှေ့တွင် ထိုင်ချလိုက်သည့် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။ သူက ဓားတစ်ချောင်းကို ကောက်ယူလိုက်ပြီး ကြက်သားနှင့် ဘဲသားများကို ကလီစာများ စတင်ထုတ်ယူလိုက်သည်။
ရုတ်တရက်ဆိုသလို မိန်းကလေးတစ်ယောက်၏အသံက အပြင်ဘက်မှနေ၍ ထွက်လာတော့သည်။
"ဝက်နံရိုးကြော်"
ထို့နောက်တွင်တော့ ကလေး တော်တော်များများ၏ ရွှင်လန်းအားရသံများကို ကြားလိုက်ရလေသည်။ ရှမြန်က ဂျုံကိုနယ်ကာ အော်ပြောလိုက်၏။ "ရှောင်ဖုန်းရေ။ အန်တီလေးလည်း တစ်ခုလောက် စားချင်တယ်"
ခဏအကြာတွင်တော့ ကလေး၄ယောက်သည် တစ်ယောက်ပြီး တစ်ယောက် ဝင်လာကြတော့သည်။ မောက်ဟွေ့ကျူးက လက်တစ်ဖက်ထဲတွင် အသားကို ဝါးစားနေပြီး ကျန်သည့် လက်တစ်ဖက်တွင်တော့ နံရိုးပန်းကန်ကို ကိုင်ထားသည်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း သူတို့၏လက်ထဲတွင် အသားတချို့ကို ကိုင်ထားပြီး အလုပ်လုပ်နေကြသည့်လူများကို တစ်ယောက်တစ်တုံးစီ လိုက်ကျွေးနေကြ၏။
ဟယ်ဝေသည် အပြင်လူများ၏ မျက်လုံးထဲတွင် အေးစက်စက် ခပ်တန်းတန်း မြင်ရသယောင်ရှိသည့် သခင်လေးနဥ်က သူ့ပါးစပ်ကို ဟလိုက်ကာ ရှမြန်၏တူလေးက ဝက်နံရိုးကျွေး လာသည်ကို ရွံရှာခြင်းမရှိဘဲ လှမ်းကိုက်လိုက်ပြီး သူက အသားကိုစားရင်း သူ့ပါးများက ဖောင်းကားနေသည်ကို ကြည့်နေမိ၏။
ဒီအခိုက်အတန့်တွင် သူသည် "သူစိမ်းတွေနဲ့ ခပ်ဝေးဝေးနေ" ဟူသည့်သဘောထား လုံးဝမရှိတော့ဘဲ သာမန်မိသားစုက ယောက်ျားတစ်ယောက်နှင့် ဆင်တူနေတော့၏။ ဟယ်ဝေသည် နံရိုးက အရသာရှိမှာပဲဟု ရှင်းမပြတတ်အောင် ခံစားလိုက်ရတော့၏။
သို့သော်ငြားလည်း ကလေးများက သူ့ကို ဝက်နံရိုး ကျွေးလိမ့်မည် မဟုတ်သည်မှာ သိသာသည်။
ရှမြန်က လွတ်လွတ်လပ်လပ် စားသောက်ရင်း ချစ်စရာပုံစံလေးဖြစ်နေသည့် နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ဂျုံမှုန့်ဖြင့် သူ့မျက်နှာကို လှမ်းသုတ်လိုက်သည်တွင် ရှ၀မ်ယွဲ့က သူမကို သတိပေးကာ လှမ်းကြည့်လိုက်တော့၏။ "အစားအသောက်ကို မဖြုန်းတီးနဲ့လေ"
"နောက်ပိုင်းကျမှ ဒီကလေးတွေ လိုက်ဆော့နေကြရင် ဘယ်လိုလုပ်မလဲ"
နဥ်ရှောက်ပိုင်က သူမကို ပီတိဖြာသွားသည့် အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာကို ပိုပြီးနီးကပ်ထားလိုက်၏။ ရှမြန်က သူမ၏နှာခေါင်းကိုရှုံ့လိုက်ကာ သူ့မျက်နှာပေါ်က ဂျုံများကို ကူညီပြီးသုတ်ပေးလိုက်တော့သည်။
ဟယ်ဝေသည် အနည်းငယ် ငေးမောသွားတော့သည်။ သူသည် ဒီလို သာမန်နွေးထွေးသည့် မြင်ကွင်းမျိုးကို မမြင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်၏။
မိသားစုစီးပွားရေးက ပိုပြီး ကြီးထွားလာသည်နှင့်အမျှ သူတို့၏အိမ်က ဝေယျာဝစ္စအားလုံးကို အစေခံများက တာဝန်ယူပေးရသည်။ သူသည် သူ့မိဘများက ထမင်းစားစားပွဲတွင် စားသောက်သည်မဟုတ်လျှင် စာကြည့်ခန်းထဲတွင်သာ စားသောက်သည်ကို မြင်ဖူးခဲ့သည်။ သို့သော်ငြား...
သူသည် နဥ်ရှောက်ပိုင်၏ သိမ်မွေ့သည့်အပြုံးကို ကြည့်လိုက်ပြီး ဒီလိုဘဝမျိုးက ပိုပြီး စိတ်ကျေနပ်ဖွယ်ကောင်းကာ ပျော်စရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
သူသည်လည်း သူတို့ထဲကတစ်ယောက် ဖြစ်လာချင်တော့၏...
ရှ၀မ်ယွဲ့က သူ့ရှေ့တွင် အသီးပန်းကန်ကို ချထားပေးပြီး ပြောလိုက်သည်။ "ဟွေ့မေကို လာတွေ့တာလား"
"ဟုတ်ပါတယ်" ဟယ်ဝေကလည်း သူသည် မောက်ဟွေ့မေကို ထပ်ပြီးပိုးပန်းချင်ပါသည်ဟု မပြောရဲခဲ့သဖြင့် ဤသို့သာ ပြောလိုက်လေတော့သည်။ "သူ Dနိုင်ငံက ပြန်လာပြီလို့ ကြားလို့ပါ။ ကျွန်တော် သူ့အခြေအနေလေးကို မေးကြည့်ချင်လို့ပါ။ ပြီးရင်တော့ နောက်တစ်နှစ်ကျရင် သူနဲ့လက်တွဲလုပ်နိုင်မဲ့ အခွင့်အရေးလေးများ ရှိမလားလို့ သိချင်လို့ပါ"
"ဪ" ရှ၀မ်ယွဲ့က အပြုံးဖြင့်ပြောလိုက်၏။ "သူ သူ့ချစ်သူကောင်လေးနဲ့ အပြင်ထွက်သွားတယ်။ ခဏနေ ပြန်လာလိမ့်မယ်။ ခဏလောက် စောင့်ပေးပါဦးနော်"
ဟယ်ဝေ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ "သူက ချစ်သူကောင်လေး ရှိသွားပြီလား"
"ဟုတ်တယ်လေ။ သူ မင်းကို မပြောပြဘူးလား" ရှ၀မ်ယွဲ့က အပြုံးဖြင့်ပြောလိုက်၏။ "သူကလည်း ဒါကို အသိပေးဖို့ အရမ်းအလုပ်များနေတာ နေမှာပါ။ ငါတို့တွေလည်း သိပ်မကြာခင်ကမှ ဒီအကြောင်းကို သိလိုက်ရတာ"
သူမ စကား ဆုံးသွားသည်နှင့်ချက်ချင်း ဖန်းရုံဖန်၏ စိတ်လှုပ်ရှားနေသည့်အသံက အပြင်မှနေ၍ ဝင်ရောက်လာတော့၏။ "ဦးလေး ကျွန်တော် လုပ်လိုက်ပါ့မယ်"
ဟယ်ဝေသည် အမှတ်တမဲ့ ထရပ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ ဖန်းရုံဖန်က ပုဆိန်ကို လှမ်းယူလိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ထင်းခွဲနေသည်ကို တွေ့လိုက်ရတော့၏။
ဟုတ်ပါသည်။ သူက ဖန်းရုံဖန်ကို သိလေသည်။ သူသည် ကျင်းရိတောင်ပေါ်က ဖြစ်၏။ သူ့မိသားစုကလည်း အသီးခြံပိုင်ရှင်သာ ဖြစ်သည်။ သူတို့သည် ချမ်းသာသည့်သူများပင် မဟုတ်ကြချေ။ သူသည် နေ့တိုင်း မောက်ဟွေ့မေအနားတွင် တကောက်ကောက် လိုက်ပါနေသူသာ...
ဘာဖြစ်လို့ သူဖြစ်နေတာလဲ။ ဟယ်ဝေသည် အမှတ်တမဲ့ လက်သီးများကို တင်းနေအောင် ဆုပ်ထားတော့၏။
ရှ၀မ်ယွဲ့က ဘယ်အချိန်ကပင်မသိဘဲ သူ့ဘေးတွင် ဝင်ရပ်လိုက်ကာ သမက်ဖြစ်သူကို ပိုပိုပြီး ကျေနပ်နေသည့် ယောက္ခမလေသံဖြင့် ပြောလိုက်လေသည်။ "မဆိုးဘူး။ သူက အမြင်လည်း ရှိတယ်။ အလုပ်လည်း လုပ်နိုင်တယ်။ အရေးအကြီးဆုံးကတော့ သူက လူတွေကို ဘယ်လို စောင့်ရှောက်ပေးရမလဲဆိုတာ သိတယ်။ အထူးသဖြင့် ဟွေ့မေအပေါ်လည်း ကောင်းပေးတယ်လေ"
"ဒီလိုယောက်ျားမျိုးကို လက်ထပ်ရတာကတော့ သေချာပေါက် ကောင်းတဲ့စိတ်ကူးမျိုးပဲ"
ဟယ်ဝေမှာ ဆွံ့အသွားလေတော့သည်...။
...
အပိုင်း (၂၀၃)
မောက်ဟွေ့မေသည် ဟယ်ဝေကို တွေ့လိုက်ရသဖြင့် အံ့ဩရုံသာ ရှိပြီးနောက် သူနှင့်အတူ တည်တည်ငြိမ်ငြိမ် လိုက်ထွက်သွားလေသည်။
ဖန်းရုံဖန်ကတော့ ဟယ်ဝေကို လုံးဝဂရုမစိုက်ချေ။ ယခုအချိန်တွင် သူ့တွင်ရှိသည့် တစ်ခုတည်းသောစိတ်ကူးမှာ ထင်းများကို လုံလဝီရိယရှိရှိဖြင့် ခွဲခြမ်းပေးပြီး သူ၏ယောက္ခမလောင်း သဘောကျခြင်းကို ရယူဖို့ရန်သာ ဖြစ်လေသည်။
မောက်ဟွေ့ကျူးက သူမနောက် လိုက်ကာ ထွက်သွားပြီး ခိုးနားထောင်ချင်သော်ငြားလည်း ရှ၀မ်ယွဲ့က သူမကို လှမ်းတားလိုက်၏။ "ဒီလောက်ဆိုရင် လုံလောက်ပြီ။ မရိုင်းနဲ့တော့"
သူမက တလေးတနက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မောက်ဟွေ့ကျူးကလည်း ရှောင်ဖုန်းနှင့် တခြားသူများနှင့်အတူ လိမ်လိမ်မာမာလေး သွားကစားတော့သည်။
ရှမြန်သည် မောက်ဟွေ့ကျူးက တစ်ခုခု နားမခံသာစရာ ကြားသွားမည်ကို ရှဝမ်ယွဲ့က စိုးရိမ်ခြင်းကြောင့်ဖြစ်မည်ဟု သံသယ ဖြစ်လိုက်မိ၏။
မောက်ဟွေ့မေသည် ဟယ်ဝေနှင့် လမ်းခွဲရသည့် အကြောင်းအရင်း အတိအကျကို ရှဝမ်ယွဲ့အား မပြောပြခဲ့သော်ငြားလည်း တစ်ဖက်လူက တရားလွန်လုပ်ခဲ့ခြင်း မဟုတ်လျှင် တရားလွန် ပြောဆိုခဲ့ခြင်းကြောင့် သိမ်မွေ့ပြီး သဘောထားကြီးသည့် မောက်ဟွေ့မေက အလွန်ပြတ်ပြတ်သားသား လမ်းခွဲခဲ့ခြင်းဖြစ်မည်မှာ သေချာသည်။
ရှမြန်၏ ခန့်မှန်းချက်များက မှန်ကန်နေသည့်အကြောင်း အချက်အလက်များက သက်သေပြနေသည်။ ရှဝမ်ယွဲ့သည် ဘာတစ်ခုကိုမှ ဂရုမထားသယောင် ရှိသော်ငြားလည်း သူမသည် အမှန်တွင်တော့ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိနေခဲ့ကာ လုနနနှင့် ချီခိုင်တို့၏မင်္ဂလာပွဲကိုပင် သိနေလေသည်။
ဟယ်ဝေနှင့် ဖန်းရုံဖန်တို့ကို လိုက်ပို့ပေးပြီးသည့်နောက်တွင် ရှဝမ်ယွဲ့သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့၏။ "နောက်ဆုံးတော့ သတ်မှတ်ပြီးသွားပြီပဲ"
မောက်ဟွေ့မေကလည်း အချစ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီး လက်ထပ်ဖို့ရန် ရှဝမ်ယွဲ့၏ဖိအား မပါသဖြင့် သူမကတော့ စိတ်အေးသွားသလို ခံစားလိုက်ရ၏။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူမမှာ မနေနိုင်တော့ဘဲ ရယ်စရာပြောမိတော့သည်။ "အမေ။ အမေက ကျွန်မကို ဘယ်လောက်အထိ လက်ထပ်စေချင်နေတာလဲ"
ရှဝမ်ယွဲ့က ပြောလိုက်၏။ "အားကိုးလို့ မရတဲ့လူ၂ယောက် ဆက်တိုက် တွေ့ပြီးသွားပြီဆိုတော့ ငါ ဘယ်လောက်အထိ လန့်ဖျပ်သွားလဲဆိုတာ နင် မသိလို့ပါ"
"တကယ်လို့ ဖန်းရုံဖန်သာ အလုပ်မဖြစ်ဘူးဆိုရင် နင်ကတော့ တစ်စုံတစ်ယောက်ကို ပစ်မှားထားလို့ ဘယ်တော့မှ လက်ထပ်ရမှာ မဟုတ်ဘူးလို့ ငါ သံသယဖြစ်မိတော့မှာ"
မောက်ဟွေ့မေကတော့ မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။
ရှဝမ်ယွဲ့က ဒေါသဖြင့် ပြောလိုက်သည်။ "နင်က ဘာကို ရယ်နေတာလဲ။ ငါ ဟယ်ဝေကိစ္စ မပြောရသေးဘူးနော်။ အမေကလည်း အစကတည်းက ဒီကိစ္စက သင့်တော်တယ်လို့ မစဉ်းစားမိပါဘူး။ ဒါပေမဲ့ ချီခိုင်ကတော့ ရက်စက်တဲ့စိတ်ထားတစ်ခု ရှိနေတာပဲ"
"ငါ ကြားထားတာကတော့ သူက လူချမ်းသာရဲ့ သမီးတစ်ယောက်ကို ရှာတွေ့သွားပြီး သူ့ကို ကိုယ်ဝန်ရှိအောင် လုပ်ပြီးတော့ လက်ထပ်ခဲ့တာတဲ့။ အဲဒီမိသားစုမှာလည်း သမီးတစ်ယောက်ပဲ ရှိတာလေ"
ရှဝမ်ယွဲ့သည် အမှန်ပင် ထိတ်လန့်သွားတော့သည်။ အကယ်၍ သူသာ မူးမနေခဲ့ဘဲ စကားမှားပြီး မပြောခဲ့လျှင် သူမကတော့ ဝံပုလွေတစ်ကောင်ကို အိမ်ထဲ ခေါ်ဝင်မိပေလိမ့်မည်။
"မိသားစုက သူ့ကို သေသေချာချာလေး မြင်နိုင်ကြရဲ့လားတောင် မသိပါဘူး"
မောက်ဟွေ့မေသည် ထိုကိစ္စအကြောင်းကို စဉ်းစားလိုက်မိသည့်အချိန်တွင် မသက်မသာ ခံစားလိုက်ရ၏။ ထိုကိစ္စကို တောင်းဆိုခဲ့သည့်သူက လုနန ဖြစ်ခဲ့သော်ငြားလည်း ချီခိုင်လို လူယုတ်မာတစ်ယောက်ကို အောင်မြင်ခွင့် ပေးလိုက်ရသည်ကတော့ လုံးဝ သဘောမတွေ့စရာ ဖြစ်နေဆဲပင်။
ရှမြန်က ပြုံးပြီးပြောလိုက်၏။ "စိတ်မပူပါနဲ့။ ချီခိုင်ကတော့ ဒီကိစ္စကို နောင်တရနေပြီလို့ ထင်တယ်"
မောက်ဟွေ့မေက ဇဝေဇဝါဖြင့်သူမကို ကြည့်လိုက်သည်။ "နင်က သိလို့လား"
"သိတာပေါ့" ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။ "ငါ အစ်ကိုရုံရဲ့ စေ့စပ်ပွဲကို သွားခဲ့တယ် မဟုတ်လား။ အစ်မမြောင်မြောင်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အသေးစိတ် ပြောပြလိုက်တယ်"
အမှန်အတိုင်းပြောရလျှင်တော့ ရှမြန်သည် ထိုကိစ္စကို မေ့လျော့နေခဲ့ပြီးသားဖြစ်၏။ သို့သော်ငြားလည်း ထန်မြောင်မြောင်က ထိုကိစ္စကို သတိရနေသေးမည်ဟု ထင်မထားခဲ့မိချေ။
ထန်မြောင်မြောင်သည် ရှမြန်နှင့်အတူ ထိုအတင်းအဖျင်းကိစ္စ... အဲ... ထိုသတင်းအချက်အလက်များကို ပြောနေသည့်အချိန်က မျက်နှာက အေးစက်နေလေ၏။ ရှမြန်ကလည်း တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
မောက်ဟွေ့မေက စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်တော့သည်။ "ဘာဖြစ်သွားတာလဲ။ သူတို့တွေက အောင်အောင်မြင်မြင် လက်ထပ်ခဲ့ကြတာပဲ မဟုတ်ဘူးလား။ ချီခိုင်က ဘာကို နောင်တရနေတာလဲ"
"ဟုတ်တယ်လေ။ သူတို့တွေ လက်ထပ်ခဲ့ကြပါတယ်" ရှမြန်က ပြောလိုက်၏။ "၉လပိုင်းတုန်းကပေါ့။ လုနနက ကိုယ်ဝန်ရှိသွားပြီလေ။ ချီခိုင်ရဲ့အမေက တောကနေတောင်မှ တက်လာပြီးတော့ မင်္ဂလာပွဲကို ကမ်းလှမ်းခဲ့သေးတာ"
"နောက်ဆုံးတော့ သူက ရွှေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ဆင်စာကို ထုတ်လာပြီး ဒါက သူ့မိသားစုရဲ့ပိုင်ဆိုင်မှု အားလုံးပါလို့ အရိုးခံအတိုင်း ပြောလိုက်သေးတယ်"
"အဘွားကြီးကလည်း ကောင်းကောင်းမွန်မွန် ပြောဆိုတယ်။ သူတို့မိသားစုက ချီခိုင်က ကလေးဘဝကတည်းက အရမ်းကို ထက်မြက်ပြီး ရှားပါးတဲ့အနာဂတ်တစ်ခု သေချာပေါက် ပိုင်ဆိုင်ရမှာလို့တောင် ပြောနေသေးတယ်။ သူက တက္ကသိုလ်ကနေ ဘွဲ့ရသွားတာနဲ့ အလုပ်တစ်ခုကိုရှာပြီး ယန်မြို့မှာ အိမ်တစ်လုံး ဝယ်နိုင်လိမ့်မယ်။ လုနနကိုလည်း ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ ထားပေးနိုင်လိမ့်မယ်တဲ့"
"ချီခိုင်ရဲ့မိသားစုတွေက ဆင်းရဲပေမဲ့လည်း ချီခိုင် ကျောင်းတက်တဲ့အချိန်တုန်းက အဘွားကြီးက အရမ်းကို ရက်ရက်စက်စက်နဲ့ သူ့သမီးတွေဆီကနေ ညှစ်ထုတ်ခဲ့တာလေ။ သူက ချီခိုင်ရဲ့ မင်္ဂလာပွဲအတွက် ပိုက်ဆံတွေ မပြင်ဆင်ထားဘူးလို့တော့ ငါတော့ မယုံပါဘူး"
"ဒီအပြင် ချီခိုင်ကလည်း ကောလိပ်တက်နေတဲ့ ၄နှစ်တာအတွင်းမှာ အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့တာပဲလေ။ သူက လုနနနဲ့ နှစ်ဝက်လောက် တွဲလာခဲ့တာပဲ။ လုနနကလည်း သူ့ကို ပိုက်ဆံအများကြီး ပေးထားပြီးပြီ။ ဒီတော့ လက်ဖွဲ့ကပိုပြီးတော့ စိတ်ရင်းပါသင့်တာပေါ့"
"အရေးအကြီးဆုံးကတော့ အဲဒီရွှေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတစ်ဆင်စာဆိုတာ လုနနက အဖွားကြီးကို မျက်နှာလုပ်ဖို့ ဝယ်ထားပေးတဲ့ဟာတဲ့လေ"
"သမီးဖြစ်သူက ပေးထားတဲ့လက်ဆောင်ကို မင်္ဂလာလက်ဖွဲ့တစ်ခုအနေနဲ့ အသုံးချလိုက်တော့ သူက ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ" ရှ၀မ်ယွဲ့က သရော်ကာပြောလိုက်၏။
"ဒါကလည်း အဘွားကြီးက သေချာသိနေလို့ပေါ့။ သူတို့သမီးက ကိုယ်ဝန်ရနေပြီ။ သူ့ကို သေချာပေါက် လက်ထပ်ပေးရတော့မယ်။ ဒီတော့ သူကလည်း အရှက်မဲ့သွားပြီပေါ့"
"လုမိသားစုက ဘာလုပ်ခဲ့လဲ။ သူတို့တွေကရော သူ့သမီးကို လက်ထပ်ဖို့ သဘောတူပေးခဲ့တာလား"
"သူတို့တွေ သဘောတူပေးခဲ့တယ်လေ" ရှမြန်က ပြောလိုက်သည်။
"လုမိသားစုက ပြောတယ်။ သူတို့ရဲ့သမီးက ဒုက္ခရောက်နေမှာကို မကြည့်ရက်နိုင်ပါဘူးတဲ့။ အထူးသဖြင့် သူက ကိုယ်ဝန် ရှိနေပြီဆိုတော့ သူတို့တွေကလည်း လက်ဖွဲ့အနေနဲ့ လုနနကို အိမ်တစ်လုံးနဲ့ ကားတစ်စီး ပေးလိုက်တယ်လေ"
"အဘွားကြီးကလည်း သူတို့တွေကို ထိန်းချုပ်လို့ရသွားပြီလို့ မြင်လိုက်တယ်။ သူက အရမ်းကို မာန်တက်သွားပြီး လုနနရဲ့ အိမ်ရှေ့မှာတင် ယောက္ခမ အာဏာ စတင်ပြတော့တာပဲ"
ရှ၀မ်ယွဲ့က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်တော့၏။ "ဒါတော့ အရမ်းလွန်သွားပြီ"
မောက်ဟွေ့မေကလည်း ပြောလိုက်သည်။ "သူက ချီခိုင်လို လူတစ်ယောက်ကိုတောင်မှ ပြုစုပျိုးထောင်နိုင်သေးတာပဲ။ သူ့ကို လူကောင်းတစ်ယောက်လို့ မျှော်လင့်စရာရှိသေးလို့လား"
ရှမြန်က ပြုံးပြီးပြောလိုက်သည်။ "ဟုတ်တယ်။ သူက မကောင်းတဲ့ အကျင့်စရိုက်တွေ ရှိနေတဲ့အပြင် ဒေါသလည်းကြီးတယ်တဲ့"
"ငါ့အထင်ကတော့ သူ့သားက လုမိသားစုကို သူ့လက်ထဲမှာ ထိန်းချုပ်နိုင်သွားပြီလို့ သူက ထင်ထားတာ နေမှာပေါ့။ ဒီတော့ လုမိသားစုကလည်း သူ့သားရဲ့ပိုင်ဆိုင်မှု အနှေးနဲ့အမြန် ဖြစ်လာလိမ့်မယ်လို့ ထင်တာနေမယ်။ လုအဖေနဲ့ အမေ အလုပ်သွားတဲ့အချိန်ဆိုရင် သူက အစေခံတွေကို ပတ်ပြီးတော့ အမိန့်ပေးတော့တာပဲ။ သူက လုနနကိုတောင်မှ ဟိုခိုင်းဒီခိုင်း ပတ်ပြီးတော့ အမိန့်ပေးသေးတယ်တဲ့လေ"
"သူတို့က ပြောသေးတယ်။ လုနနက အချက်အပြုတ်နဲ့ အဝတ်လျှော်တွေကိုလည်း သင်ယူရမယ်တဲ့။ ချွေးမတစ်ယောက်က ဒီကိစ္စတွေကို သေချာပေါက် သိထားရမယ်လို့တောင် ပြောသေးတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက နောက်ပိုင်းကျရင် ချီခိုင်ကိုဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် ပြုစုပေးနိုင်မှာလဲတဲ့လေ။ ကျေးရွာဘက်က ချွေးမတွေဆိုရင် ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ တစ်ချိန်လုံး ငြိမ်ငြိမ်လေးပဲ ထိုင်မနေရဘူး။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ကလေးမွေးတဲ့အခါ ခက်ခဲမယ်လို့တောင်မှ ပြောကြသေးတယ်။ သူတို့က ဆင်ခြေတွေ အများကြီးရှိတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့က သူတို့ရဲ့ ချွေးမကို နှိပ်စက်နေကြတာပဲလေ"
မောက်ဟွေ့မေမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။ "လုနနကရော ပြောတဲ့အတိုင်း လုပ်ခဲ့တာတဲ့လား။ ချီခိုင်က ဂရုမစိုက်ဘူးတဲ့လား။ သူက အဲဒီလောက်တော့ မအပါဘူး။ ဟုတ်တယ်မလား။ သူက နောက်ဆုံးတစ်ကြိမ်တုန်းကတောင်မှ တော်တော်လေး လန့်သွားတာပဲလေ။ ဒီတော့ သူက သူ့အမေကို အဲ့ဒီလို လုပ်ခွင့်ပေးမှာတော့ မဟုတ်ပါဘူး"
ရှမြန်က ပြောလိုက်သည်။ "ချီခိုင်က သူ့အမေကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ လုနနက သိတယ်လေ။ ဒါကလည်း ချီခိုင်အတွက်ဆိုပြီး သူက ထင်တာနေမှာပေါ့။ ဒီတော့ သူကလည်း ပြောသမျှအားလုံးကို လုပ်ပေးခဲ့တယ်။ သူ့ကို အလုပ်အကျွေး ပြုရင်း အလုပ်များနေတဲ့ အဘွားကြီးကလည်း အရမ်းကို ပျော်ရွှင်နေတော့တာပေါ့"
"ချီခိုင်က ကျောင်းသွားတယ်လေ။ လုနနကတော့ ခွင့်ယူထားရပေမဲ့ သူကတော့ ခွင့်မယူဘူးတဲ့"
"နောက်တော့ရော။ လုမိသားစုက သိသွားတာလား"
"သိသွားတာပေါ့" ရှမြန်က ပြောလိုက်သည်။ "အဲဒါကလည်း လုမိသားစုအိမ်မှာပဲ ဖြစ်သွားတာ။ အစေခံတွေကလည်း ဘယ်လိုလုပ်ပြီးတော့ မညည်းညူဘဲ နေကြမှာလဲ။ အဲဒီနောက်ပိုင်းမှာတော့ လုအဖေက လက်ဖွဲ့အနေနဲ့ ပေးထားခဲ့တဲ့ အိမ်နဲ့ ကားကို ပြန်သိမ်းလိုက်ပြီး မင်္ဂလာပွဲအတွက်ပဲ တာဝန်ယူပေးတော့တယ်လေ"
"လုနနကိုလည်း လက်ထပ်ပြီးသွားတဲ့ နောက်ပိုင်းမှာလည်း အိမ်မှာပဲ နေခိုင်းတော့တာ"
"ချီခိုင်က တောင်းပန်ပြီးတော့ ကတိတွေပေးခဲ့တာပေါ့။ လုနနကို သောင်းကျန်းဖို့တောင်မှ လှုံ့ဆော်ခဲ့သေးတယ်လေ"
"လုအဖေက ချီခိုင်ကို လျစ်လျူရှုထားပြီး လုနနကို တိုက်ရိုက်ပြောခဲ့တယ်။ ချီခိုင်က ငါတို့ရဲ့ပိုက်ဆံကို မလိုချင်ဘူးလို့ နင်ပဲ ပြောခဲ့တယ် မဟုတ်လား။ ဒါဆိုရင် သူက အိမ်နဲ့ကားကို ဘာဖြစ်လို့ ဂရုစိုက်နေသေးတာလဲတဲ့"
"တကယ်လို့ မင်းတို့တွေ အိမ်ပြောင်းသွားချင်တယ်ဆိုရင် မင်းတို့ရဲ့ရွှေလက်ဝတ်ရတနာကို ရောင်းချပြီး နေဖို့ အိမ်တစ်လုံး ငှားလိုက်လို့ရတယ်"
"ပြီးတော့ သူက ချီခိုင်ကို ပြောလိုက်တယ်လေ။ မင်းက နနကို တကယ်ချစ်ပါတယ်။ သူ့အတွက် ဘာမဆို လုပ်ပေးဖို့ လိုလားပါတယ် လို့ပြောခဲ့တယ် မဟုတ်လားတဲ့"
"သူက အခုမင်းရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားရတာ။ မင်းက သူ့ကို မင်းနဲ့အတူ အပြင်ကို ခေါ်သွားပြီးတော့ မရှိတဲ့မျက်နှာလေးအတွက် ဒုက္ခခံခိုင်းမလို့လား။ မင်းရဲ့အမေက သူ့ကို ဘယ်လိုဆက်ဆံလဲဆိုတာ မင်း တွေ့ပြီးပြီလား။ မင်းကတော့ နေ့တိုင်း ကျောင်းသွားနေတယ်။ ပြီးတော့ ဒါက နနရဲ့ပထမဦးဆုံး ကိုယ်၀န်။ တကယ်လို့ တစ်ခုခုသာ လွဲမှားသွားရင် မင်းက ဒါကို တတ်နိုင်လို့လား"
"မင်းတို့အချင်းချင်း ချစ်ကြိုက်ကြတယ်ဆိုမှတော့ အဲဒါကို ငါ့ကို သက်သေပြကြလေ။ နနက စွန့်လွှတ်နေရတဲ့ လူတစ်ယောက်တော့ အမြဲတမ်း လုပ်နေလို့ မရဘူး။ ချီခိုင် မင်း သူ့အတွက် ဘာလုပ်ပေးပြီးသွားပြီလဲ။ နန သူမင်းကို ဘယ်လောက် ချစ်လဲဆိုတာကို နင်မသိချင်ဘူးလား။ သူ နင့်အတွက် ဘယ်လောက် အတိုင်းအတာအထိ စွန့်လွှတ်ပေးချင်တယ် ဆိုတာတွေကိုရော မသိချင်ဘူးလားတဲ့"
မောက်ဟွေ့မေက ပြုံးကာပြောလိုက်၏။ "ဒီစကားလုံးတွေကတော့ လုနနအတွက် ငယ်ထိပ် သွေးတက်စေတဲ့ စကားတွေဖြစ်မှာပဲ စိုးရတယ်"
ရှမြန်ကလည်း ပြုံးကာပြောလိုက်သည်။ "မဟုတ်လို့လား။ အဖေလု ပြောလိုက်တဲ့စကားကလည်း တော်တော်လေးကို နားကြားကောင်းတယ်လေ။ သူက ချီခိုင်ကို အိမ်ပါသမက်ဖြစ်အောင် တောင်းဆိုခဲ့တာ မဟုတ်ဘူး။ သူတို့တွေက လက်ထပ်သင့်တယ်။ တစ်ခုပဲ။ ကလေးက ကျောင်းတက်နေပြီးတော့ ဒီတော့ အခုလောလောဆယ် သူတို့တွေက အိမ်မှာပဲနေရမယ်"
"ချီခိုင်ကလည်း မိသားစုရဲ့ငွေနောက်ကို လိုက်နေတာ မဟုတ်ဘူး။ လုပ်ရည်ကိုင်ရည်လည်းရှိပြီး အလားအလာ ရှိနေတဲ့အတွက် အိမ်မပြောင်းခင် သူက အိမ်တစ်လုံး ဝယ်တဲ့အထိ ငါတို့တွေ စောင့်ပေးနိုင်တယ်"
"လုအမေကလည်း ပြောလိုက်တယ်လေ။ သူ့ရဲ့မိသားစုက ချီခိုင် ကောင်းစားဖို့အတွက်နဲ့တော့ လက်ဖွဲ့ကို ပေးလိုက်မှာ မဟုတ်ဘူးတဲ့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တကယ်လို့ ချီခိုင်က ရွှေလက်ဝတ်ရတနာတစ်ဆင်စာပဲ ယူထုတ်လာတဲ့အချိန်မှာ သူတို့တွေကတော့ အိမ်တစ်လုံးနဲ့ ကားကို ပေးလိုက်ရမယ်ဆိုရင်၊ သူတို့အတွက် နောက်ပိုင်းကျရင်လည်း အလုပ်တစ်ခု စီစဉ်ပေးရဦးမယ်ဆိုရင် အပြင်လူတွေက သူ့ကို သိုက်တူးသမားတွေလို့ ထင်ပြီး လူတိုင်းကလည်း အထင်သေးသွားမှာ စိုးရိမ်ရတယ်တဲ့"
ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်၏။ "ကောင်းတယ်။ ဒီကလေးမရဲ့အမေ ပြောတာမှန်တယ်။ ချီခိုင်က သူ့ကို လိုချင်နိုင်ဦးမှာတဲ့လား။ တကယ်လို့ ကလေးမကို သူ့ကို ပေးလိုက်မယ်ဆိုရင်တောင်မှ သူကတော့ ကလေးမကို လိုချင်တော့မှာ မဟုတ်ဘူး"
"တော်သေးတာပေါ့။ လုလင်မယားက သေသေချာချာလေး မြင်တတ်ပေလို့ပဲ"
ရှမြန်ကတော့ စဉ်းစားလိုက်လေသည်။ ဒါက ဘယ်လိုလုပ်ပြီးတော့ မရှင်းလင်းဘဲနေမှာလဲ။ ဟယ်ဝေက သူတို့လင်မယားကို အသံသွင်းထားတဲ့စက် ဖွင့်ပြလိုက်တာပဲ ဖြစ်ရမယ်။ သူတို့တွေကလည်း ချီခိုင်ရဲ့ မျက်နှာအစစ်ကို သိသွားကြတာပေါ့။
ဆန့်ကျင်ဘက်အနေနဲ့ အသံသွင်းထားတာကို နားမထောင်ဖို့ လုနနကို တိုက်တွန်းခဲ့တာလည်း ချီခိုင်ပဲလေ။ ဒီအသံသွင်းထားတဲ့စကားတွေက အမှန်လား အမှားလားဆိုတာတောင် သူကိုယ်တိုင်မှ မသိဘဲ။ ပြီးတော့ မောက်ဟွေ့မေကလည်း ဘယ်အပိုင်းကို အသံသွင်းထားတယ်ဆိုတာ မသိဘူးလေ။
“ချီခိုင်က ဘယ်လောက်ပဲ အကြံဉာဏ်များနေပါစေ။ သူက အသိပညာ အကန့်အသတ်နဲ့ တောင်ပေါ်ကလာတဲ့ လူငယ်လေးတစ်ယောက်ပဲ။ သူက လူ့အဖွဲ့အစည်းထဲမှာ အချိန်အကြာကြီး ရောက်နေပြီဖြစ်တဲ့ လုမိဘတွေလို မြေခွေးအိုကြီးတွေနဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ"
"အဲဒီနောက်မှာတော့ သူတို့တွေက မင်္ဂလာပွဲတစ်ခု လုပ်ပေးလိုက်ကြတယ်။ လုအဖေက သူ့ကို လုံလောက်အောင် မျက်နှာသာ ပေးခဲ့ပါတယ်။ သူက ဆင်းရဲတယ်ဆိုပေမဲ့ ရည်မှန်းချက်ကြီးပြီး လိမ္မာတဲ့ကောင်လေးတစ်ယောက်၊ သူ့သမီးအပေါ်လည်း ကောင်းတယ်လို့တောင် ပြောပေးလိုက်သေးတယ်။ သူက ကျောင်းမှာ သူ့သမီးကို ဂရုမစိုက်နိုင်မှာစိုးလို့ သူက သူ့ရဲ့မျက်နှာကို အပျက်ခံပြီးတော့ သူ့သမီးကို မိဘအိမ်မှာ ပေးနေလိုက်တာလို့တောင်မှ ပြောသေးတယ်"
"အဲဒီနောက်မှာတော့ ချီခိုင်ကလည်း သူ့ရဲ့ဂုဏ်သတင်းအတွက် လုနနအပေါ် ပိုပြီးတော့ ကောင်းမွန်ရုံပဲ တတ်နိုင်တော့တာပေါ့။ လုနနကတော့ အရမ်းကိုဝမ်းသာနေပြီး သူ့ရဲ့မိဘတွေက အစီအစဉ်ကောင်းတစ်ခုကို လုပ်ပေးခဲ့တာ။ သူနဲ့ ချီခိုင်တို့ကလည်း အမြဲတမ်း အတူတူနေနိုင်တာလို့ ခံစားလိုက်ရတယ်လေ"
"သူက ချီခိုင်ရဲ့ အတန်းအချိန်ဇယားတွေကို ကောင်းကောင်း သိထားတာကိုး။ တကယ်လို့ သူက အိမ်ကို အချိန်မီ ပြန်မလာဘူးဆိုရင် ဖုန်းခေါ်တာ ဘာညာတွေ ပြောနေစရာ မလိုဘူး။ သူက မိသားစုဒရိုင်ဘာကို လွှတ်ပြီးတော့ ကိုယ်တိုင်တောင် သွားကြိုလိုက်သေးတာ"
"လိုရင်းကို ပြောရမယ်ဆိုရင် စာသင်နေတဲ့အချိန်ကလွဲရင် သူ့ရဲ့အချိန်တွေအားလုံးကို လုနနနဲ့ပဲ အိမ်မှာ အတူတူ ကုန်ရတော့တာပေါ့"
"လုအဖေ ပြောတဲ့စကားအရဆိုရင်တော့ ချီခိုင်က အလုပ်တစ်ခု ရှာဖွေဖို့တောင်မှ အလျင်လိုစရာ မလိုတော့တဲ့ပုံပဲ။ ဒါပေမဲ့ လုနနက ကလေးမွေးပြီးတဲ့အထိ သူ့ကိုပဲ အဖော်ပြုပေးသင့်တယ်တဲ့။ အဲဒီအချိန်ကျရင် သူက ကောလိပ်ကနေလည်း ဘွဲ့ရပြီးလောက်ပြီ။ လုမိသားစုကလည်း သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးလိမ့်မယ်"
ရှဝမ်ယွဲ့သည် ရုတ်တရက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်တော့၏။ "ကလေးမွေးပြီးတဲ့အထိ အတူတူ နေပေးရမယ်ပေါ့လေ"
မောင်ဟွေ့မေသည် ဇဝေဇဝါဖြင့် သူမကိုကြည့်လိုက်၏။
ရှ၀မ်ယွဲ့က ပြုံးပြီးပြောလိုက်လေသည်။ "ကလေးကို စောင့်ရှောက်ရမဲ့ အကောင်းဆုံးအချိန်က ဗိုက်ထဲမှာ ရှိနေတဲ့အချိန်ပဲလေ။ ကလေးမွေးပြီးသွားရင် သူက လုနနကို အဖော်လုပ်ရဦးမယ်။ လုနနက အချစ်ဆိုအချစ်၊ ရေဆိုရေ စိတ်ကျေနပ်အောင် လုပ်ပေးနေရတဲ့ နုနယ်တဲ့ ကလေးမတစ်ယောက်လေ။ ကလေးနဲ့ သူ့ကို အတူတူ လက်လွှတ်ထားနိုင်ဖို့ဆိုရင် အနည်းဆုံးတော့ ၄၊ ၅နှစ်လောက် အချိန်ယူရလိမ့်မယ်"
"လူငယ်လေးတစ်ယောက်အတွက် အဖိုးအတန်ဆုံး ဒီ၄၊ ၅နှစ်က ဒီအချိန်အတိုင်းအတာအတွင်းပဲလေ။ တကယ်လို့ လူငယ်လေးက ဘွဲ့ရသွားပြီဆိုတာနဲ့ သူက အိမ်မှာပဲနေပြီး ဒီ၄၊ ၅နှစ်ကို သူ့မိန်းမနဲ့ကလေးကိုပဲ စောင့်ရှောက်နေရလိမ့်မယ်။ တကယ်လို့ လုမိသားစုက သူ့ကို နည်းနည်းလေး ပိုပြီး ထောက်ပံ့ပေးမယ်ဆိုရင်တောင် သူ ပျက်စီးသွားတဲ့အထိ ထောက်ပံ့ပေးဖို့ လုံလောက်မှာပါ"
ရှ၀မ်ယွဲ့က ခန့်မှန်းလိုက်၏။ "လုမိသားစုက ချီခိုင်ကို သူ့သမီးကို ဖျော်ဖြေပေးဖို့ အရုပ်တစ်ရုပ်လို ထားဖို့ ရည်ရွယ်ထားတာပဲ"
မောက်ဟွေ့လန်က မနေနိုင်ဘဲ မေးလိုက်တော့သည်။ "နောက်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ။ သူက အသုံးမကျဘူးဖြစ်သွားရင် သူက လုမိသားစုရဲ့ကုမ္ပဏီကို ၀င်လုပ်လို့ရသေးတယ်လေ"
"လုမိသားစုရဲ့ကုမ္ပဏီက ဘာဖြစ်ရမှာလဲ" ရှမြန်က ပြောလိုက်သည်။ "အဲဒါက ဟယ်မိသားစုရဲ့ကုမ္ပဏီပဲ။ လုမိသားစုက ရှယ်ယာတွေပဲ ပိုင်ဆိုင်ထားတာ။ လုလင်မယားကလည်း ကုမ္ပဏီအခွဲလေးတစ်ခုကိုပဲ စီမံအုပ်ချုပ်နိုင်တာ"
"အကျိုးအမြတ်က သီးခြားလည်ပတ်နေတဲ့ စက်ရုံငယ်လေးတွေထက်တော့ နည်းနည်းလေး ပိုပါတယ်။ ဒါပေမဲ့ လင်မယား၂ယောက်က နှစ်၁၀၀လောက် နေပြီးသွားရင် လုနန အမွေဆက်ခံနိုင်တဲ့ဟာတွေကလည်း ရှယ်ယာတွေနဲ့ အမြတ်ခွဲဝေမှုပဲ ရှိမှာလေ"
...
အပိုင်း (၂၀၄)
ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်၏။ "အဲဒီကိစ္စကလည်း အဝေးကြီး လိုပါသေးတယ်။ လုမိသားစုက ငယ်ရွယ်သန်မာသေးတယ်။ သူတို့တွေက ကြိုတင် ကာကွယ်ထားရမဲ့ဟာတွေကိုလည်း ပြင်ဆင်ထားပြီးသား။ တကယ်လို့ ချီခိုင်ကို ၁၀နှစ်၊ အနှစ်၂၀ကျော် ဒီလိုပုံစံမျိုး ဆက်ပြီး ထိန်းသိမ်းထားမယ်ဆိုရင် သူက ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက သိမှာလဲ။ လုနနကလည်း သူ့ကို စိတ်ကုန်သွားပြီး ကွာရှင်းချင် ကွာရှင်းလိုက်မှာပေါ့"
ရှမြန်သည် ထိုအကြောင်းကို သေသေချာချာ စဉ်းစားလိုက်ပြီး လုမိသားစုက အမှန်ပင် အလွန်စေ့စပ်လွန်းလှသည်ဟု ခံစားလိုက်ရ၏။ လုနနသည် အိမ်တွင်နေနေရသည်။ သူတို့သည် သူမကို ဘာပိုင်ဆိုင်မှုမှ မပေးခဲ့ချေ။ လုနနက အနာဂတ်တွင် မတော်တဆ ကိစ္စတစ်ခုဖြစ်ခဲ့လျှင် သို့မဟုတ် ကွာရှင်းချင်ခဲ့လျှင် ချီခိုင်သည် သာမာန်ပိုင်ဆိုင်မှု၏ ဝေစုတစ်စုကိုပင် ရနိုင်လိမ့်မည် မဟုတ်ချေ။
အနာဂတ်တွင်လည်း ချီခိုင် အလုပ်လုပ်ရမည့်နေရာမှာ သူသည် ဟယ်မိသားစု၏ကုမ္ပဏီကလွဲလျှင် တခြားနေရာသို့ သွားနိုင်တော့မည် မဟုတ်ချေ။ လုလင်မယားနှင့် ဟယ်ဝေတို့က သူ့ကို ဖိနှိပ်ဖို့ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ သူ၏နောက်ဆုံးရလဒ်မှာ အိမ်သို့ပြန်လျှင်ပြန် သို့မဟုတ်လည်း လုနနကို ခစားနေဖို့ရန်သာ ရှိတော့၏။
ချီခိုင်၏ ဘဝကတော့ ပျက်စီးသွားပေပြီ။
လုလင်မယားက အရာအားလုံးကို ချက်ကျလက်ကျ ပြင်ဆင်ထားခဲ့သည်ဟု ရှမြန်က စဉ်းစားနေတုန်း ရှိသေးသည်။ ပိုလို့ပင် တရားလွန်သွားသည့် ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်ဟု ထင်မထားခဲ့မိချေ။
၄လပိုင်းအကုန်တွင် လူနနနှင့် ချီခိုင်တို့သည် သူတို့၏မင်္ဂလာပွဲကို ကြေညာခဲ့ပြီး သူတို့ကို ကျောင်းထွက်ဖို့ရန်အတွက် တောင်းဆိုခံခဲ့ရသည်။ (ဒီနေရာမှာ ကျောင်းက တောင်းဆိုတာပါ။ နောက်ပိုင်း အကြောင်းအရင်း ပါလာပါလိမ့်မယ်)
အဓိပ္ပာယ်မှာ သူတို့၂ယောက်စလုံးသည် ကောလိပ်အောင်လက်မှတ်ပင် ရလိမ့်မည် မဟုတ်တော့ပေ။
လုနနကတော့ ပျော်ရွှင်သည့်ဆက်ဆံရေးတစ်ခုထဲတွင် ရှိနေပြီး မိခင်မေတ္တာစိတ်အပြည့်ဖြင့် ကိုယ်ဝန်ရှိနေသည်။ သူမသည် ဒီလိုကိစ္စမျိုးကို လုံးဝဂရုမစိုက်ချေ။ အဓိကအကြောင်းအရင်းမှာ တက္ကသိုလ်လက်မှတ်က သူ့အတွက် ဘာထိခိုက်မှုမှ ရှိလာမည် မဟုတ်ခြင်းကြောင့်ပင်။
သို့သော်ငြားလည်း ချီခိုင်ကတော့ သူသည် ပြိုလဲသွားမှာကို စိုးရိမ်နေရ၏။ သူသည် ဘွဲ့ရဖို့ရန်အတွက် ၂လသာ လိုတော့သည်။ သို့သော်ငြားလည်း ကျောင်းထွက်လိုက်ရ၏။ ဒီလိုခေတ်အခါမျိုးတွင် တက္ကသိုလ်ဘွဲ့လက်မှတ်တစ်ခု၏ အရေးပါမှုသည် အင်မတန်မှအရေးကြီးလေသည်။
ဟုတ်ပါသည်။ ဒါကလည်း ရှမြန်နှင့်တခြားသူများ၏ ခန့်မှန်းချက်သက်သက်ပင်။
သို့သော်ငြားလည်း သူတို့သည် ချီခိုင်၏စိတ်အခြေအနေကို ခန့်မှန်းဖို့ရန် ရပ်တန့်လိုက်ကြတော့၏။ အကြောင်းမှာ သူတို့မိသားစုထဲက တစ်စုံတစ်ယောက်သည် ဒီကိစ္စနှင့် ပတ်သက်ပြီး စိတ်ဝေဒနာတစ်ခု ဖြစ်လာတော့မည်ဖြစ်သောကြောင့်ပင်။
မောက်ဟွေ့မေက သူတို့နှင့်သတင်းကို မျှဝေပေးရန် ဖုန်းခေါ်ခဲ့သည့်အချိန်တွင် နဥ်ရှောက်ပိုင်က သူတို့အတွက် မင်္ဂလာပွဲဟိုတယ်ကိုပင် တက်တက်ကြွကြွ ရွေးချယ်ပေးခဲ့သေးသည်။
မောက်ဟွေ့မေနှင့် ဖန်းရုံဖန်တို့ နှစ်ယောက်စလုံးက မငယ်တော့ချေ။ သူတို့သည် ၁၂လပိုင်းတွင် သူတို့၏ဆက်ဆံရေးကို အတည်ပြုပြီးခဲ့သည့်နောက်တွင် အခြေအနေက အလွန် လျင်လျင်မြန်မြန် တိုးတက်လာခဲ့၏။ ၁၂လပိုင်း၁၅ရက်နေ့ ရောက်လာသည်နှင့်ချက်ချင်း တစ်ဖက်လူ၏ မိဘများက လာရောက်တောင်းရမ်းခဲ့သည်။
တစ်ဖက်လူ၏ မိသားစုနောက်ခံကလည်း သာမန်သာဖြစ်သည်။ သို့သော်ငြားလည်း မိသားစုသည် စည်းလုံးညီညွတ်ကာ မိဘများကလည်း အမြင်ကျယ်ကြသည်ကို မြင်နိုင်လေသည်။ သူတို့သည် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့နှင့်လည်း တော်တော်လေးကို သင့်မြတ်လှ၏။ မည်သို့ဆိုစေ ရှ၀မ်ယွဲ့သည် ဒါက လက်ထပ်ပေးဖို့ရန် မှန်ကန်ကောင်းမွန်သည့် မိသားစုတစ်ခုဖြစ်သည်ဟု ခံစားရလေသည်။
ထို့နောက်တွင်တော့ သူတို့သည် မင်္ဂလာပွဲရက်ကို တိုင်ပင်ကြတော့၏။ နှစ်ဖက်မိဘများက စောလေကောင်းလေဟု မျှော်လင့်ထားသော်ငြားလည်း မောက်ဟွေ့မေသည် ကောလိပ်တွင် သူမ၏ နောက်ဆုံးစာသင်နှစ်ကျမ်း ပြုစုနေရသေးသည်။ ဖျော်ရည်စက်ရုံက ပြီးခဲ့သည့်နှစ်ကလောက် အလုပ်မများတော့သော်ငြားလည်း ဖန်းရုံဖန်သည် တစ်ယောက်တည်း စီမံနေရသည့်အတွက် ပင်ပန်းလို့နေ၏။
သို့သော်ငြား နဥ်ရှောက်ပိုင်၏ မသိမသာ တွန်းအားပေးခြင်းအောက်တွင် မင်္ဂလာရက်ကို မေလထဲတွင် သတ်မှတ်လိုက်လေသည်။ နောက်ဆုံး မောင်ဟွေ့မေသည် ၆လပိုင်းတွင် သူမ၏ ဘွဲ့လက်မှတ်ကျမ်းတစ်ခု ပြင်ဆင်ပြီးသွားပြီဖြစ်ကာ စက်ရုံကလည်း ၇လပိုင်းတွင် နှစ်သစ်အတွက် အသီးများကို မှာယူဖို့ရန် စတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အလွန် အလုပ်များလာတော့မည်ဖြစ်သဖြင့် လက်ထပ်ဖို့ရန် အချိန်ရှိလာလိမ့်မည် မဟုတ်တော့ချေ။ ထို့ကြောင့် မေလသည် အသင့်တော်ဆုံးလ ဖြစ်လာတော့၏။
ထို့ကြောင့် နှစ်ဖက်မိသားစုကလူကြီးများက မင်္ဂလာပွဲကိုပြင်ဆင်ရင်း အလုပ်များလာကြတော့သည်။ နဥ်ရှောက်ပိုင်က အကူအညီပေးဖို့ရန် မကြာခဏ အရင်ဆုံးစတင်တတ်ပြီး အခြေအနေကိုလည်း မကြာခဏ မေးမြန်းတတ်ကာ အသေးစိတ်အခြေအနေများနှင့် လုပ်ထုံးလုပ်နည်းများကိုပင် အသေးစိတ် မေးမြန်းနေလေသည်။
လုံးဝလက်မထပ်ရသေးသည့် သူများအတွက်တော့ ဒီလိုငြီးငွေ့ဖွယ်ကိစ္စက ဒီအတိုင်းကို လွန်ကဲလွန်းလှသည်။ ရှမြန်သည် ထိုအကြောင်းကို တစ်ခါကြားလိုက်ပြီးသည့်နောက်တွင် သူမ၏ခေါင်းမှာ ပေါက်ကွဲတော့မလိုပင် ခံစားလိုက်ရ၏။
သို့သော်ငြားလည်း နဥ်ရှောက်ပိုင်က ဂရုတစိုက် နားထောင်နေသဖြင့် ရှ၀မ်ယွဲ့မှာ ရှမြန်ကို တွေ့သည်အချိန်တိုင်း အားကျလာတော့သည်။ "နင် အရင်ဘဝက ဘာတွေများလုပ်ခဲ့တာလဲ။ ဒီဘဝမှာ အရမ်းကို ကံကောင်းနေတာပဲ"
နဥ်ရှောက်ပိုင်သည် သူတို့၏မင်္ဂလာပွဲအတွက် သိသိသာသာ လေ့ကျင့်လို့နေတော့၏။ အခြေအနေကို အကဲခတ်ကြည့်လျှင် ရှ၀မ်ယွဲ့သည် ရှမြန်ကတော့ ဘာတစ်ခုမှ စိတ်ပူစရာမလိုဘဲ လူကိုဒီအတိုင်း ပို့ပေးနိုင်လိမ့်မည်ဟုပင် ခန့်မှန်းရလေသည်။
ရှမြန်ကလည်း သူမ၏ရင်ထဲတွင် ချိုမြိန်သွားတော့၏။ "ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက နတ်သားလေးတစ်ပါးကို ကယ်တင်ပေးခဲ့လို့ ဖြစ်မှာပေါ့။ ဟား ဟား ဟား"
ရလဒ်အနေဖြင့် ဟိုတယ်ကို ဘိုကင်လုပ်သည့်အချိန်တွင် မောက်ဟွေ့မေက ဖုန်းပြန်ခေါ်လာပြီး ဒီကိစ္စကို သူမအား ပြောပြတော့သည်။
ထိုအခါကျမှ ရှမြန်နှင့် မောက်ဟွေ့မေတို့သည် ယခုခေတ်အချိန်တွင် တက္ကသိုလ်တက်နေစဉ်ကာလအတွင်း လက်ထပ်ခွင့် မရှိသည့်အကြောင်းကို သိလိုက်ရတော့၏။ အကယ်၍ လက်ထပ်မည်ဆိုလျှင် ကျောင်းထုတ်ခံရပေလိမ့်မည်။
ထိုအချိန်က ရယ်စရာကောင်းသည့်ကိစ္စမှာ ရှဝမ်ယွဲ့၊ မောက်ကျစ်ရှန်းနှင့် မောက်ဟွေ့လန်တို့၏ ပထမဦးဆုံးတုံ့ပြန်မှုက မောက်ဟွေ့မေ၏ မင်္ဂလာပွဲကို ရွှေ့ဆိုင်းရခြင်းကြောင့် မဟုတ်ဘဲ သူတို့အားလုံးက နဥ်ရှောက်ပိုင်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြခြင်းပင်...
သူတို့၏ မျက်လုံးထဲတွင် ကိုယ်ချင်းစာရိပ်များ အပြည့်ဖြစ်သွားတော့၏။
နဥ်ရှောက်ပိုင်...
သူသည် မော့ကြည့်လိုက်ပြီး ရှမြန်ကို အတည်ပြုလိုက်လေသည်။ "အမှန်ပဲလား"သူသည် မျှော်လင့်ချက် ရှိနေသေး၏။ "သူတို့ကျောင်းကပဲ ခွင့်မပြုတာဘဲနေမှာပါ။ ဟုတ်တယ်မလား။ တခြားတက္ကသိုလ်တွေအားလုံးက ခွင့်မပြုတာတော့ မဟုတ်ဘူးမလား"
ရှမြန်က ပြောလိုက်၏။ "သူတို့တွေကို ကျောင်းထွက်ဖို့ နားချတယ်ဆိုကတည်းက ဒါက အမှန်ပဲဖြစ်ရမယ်။ တိုင်းပြည်ရဲ့ အခြေခံသဘောတရား စည်းမျဉ်းစည်းကမ်းကို ကြည့်မယ်ဆိုရင် ဒီစည်းမျဉ်းစည်းကမ်းက တက္ကသိုလ်တစ်ခုတည်းအတွက် ကန့်သတ်ထားတာတော့ မဖြစ်နိုင်ဘူး"
ရှ၀မ်ယွဲ့ကလည်း နားမလည်နိုင်တော့ချေ။ "အရင်တုန်းက ကလေးတွေ ရှိတဲ့လူတွေကတောင်မှ ပုံမှန်အတိုင်း ကောလိပ်သွားနိုင်သေးတာပဲ။ ဘာဖြစ်လို့ အခုကျမှ လက်ထပ်ခွင့် မပေးတော့တာတဲ့လဲ"
"ဥပဒေက သတ်မှတ်ထားတာက အမျိုးသမီးတွေက အသက်၂၀ကျော်သွားရင် လက်ထပ်လို့ရပြီ။ ဒါပေမဲ့ သူတို့တွေက ကောလိပ်တက်နေတဲ့အချိန်အတွင်းတော့ လက်ထပ်ခွင့်မရှိဘူး။ သူတို့တွေ ကောလိပ်ကနေ ဘွဲ့ရလာတဲ့အချိန်ကျရင် အကြီးဆုံးအသက်အရွယ်က ၂၅၊ ၂၆နှစ်လောက် ဖြစ်သွားလိမ့်မယ်လေ။ ဒီတော့ သူတို့တွေက အပျိုကြီးတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလား"
ရှ၀မ်ယွဲ့သည် ရှေးရိုးအစဉ်အလာ၏ လွှမ်းမိုးခံနေရဆဲဖြစ်ကာ မိန်းကလေးများအတွက် စောစောစီးစီး လက်ထပ်ပြီး စောစောစီးစီး ကလေးယူသည်က ပိုကောင်းသည်ဟု ထင်နေလေသည်။
သို့သော်ငြားလည်း သူမက ထိုကိစ္စကို ပုံမှန်အတိုင်းသာ ပြောလိုက်ခြင်းဖြစ်၏။ နောက်ဆုံး မောက်ဟွေ့မေက ဘွဲ့ရတော့မည်။ တို့ကြောင့် မင်္ဂလာပွဲရက်ကို နှစ်လလောက် ရွှေ့ဆိုင်းထားနိုင်လေသည်။
နဉ်ရှောက်ပိုင်ကတော့ မတူချေ။ သူ၏မျှော်လင့်အထားရဆုံး နွေရာသီမင်္ဂလာပွဲလေးက ၃နှစ်တာအထိ ရွှေဆိုင်းခံလိုက်ရသည်။
လိုရင်းကို ပြောရမည်ဆိုလျှင်တော့ ဒေါက်တာနဥ်သည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အများဆုံး ဖြစ်လာတော့၏။
ရှမြန်က သူ့နောက်မှနေ၍ သူ့အိမ်သို့ လိုက်ပြန်လာခဲ့ပြီး သူက ကွန်ပျူတာကိုဖွင့်ကာ အထက်တန်းပညာရေး၏ သာမာန်အသက်မွေးဝမ်းကျောင်းက ကျောင်းသူကျောင်းသားများအတွက် စီမံခန့်ခွဲရေးဥပဒေများကို ဖတ်ရှုလေတော့သည်။ ကျောင်းတက်နေစဉ်အတွင်း ခွင့်ပြုချက်မရှိဘဲ လက်ထပ်ခဲ့သည့် ကျောင်းသူကျောင်းသားများ၊ နုတ်ထွက်ခြင်းဖြစ်စဉ်ကို ပြီးမြောက်အောင် မလုပ်သည့် ကျောင်းသူကျောင်းသားများကို ထုတ်ပယ်ရလိမ့်မည်။
ထို့နောက်တွင်တော့ သူသည် စိတ်ဓာတ်ကျကျဖြင့် ခုံကို နောက်ပြန်လှန်ချလိုက်ပြီး အသက်ရှင်နေထိုင်ဖို့ရန် စိတ်ဆန္ဒများအားလုံး ပျောက်ဆုံးသွားသည့် ရုပ်လေးဖြစ်သွားတော့သည်။
ရှမြန်ကလည်း အစတုန်းကတော့ အနည်းငယ် စိတ်ပျက်သွားသေးသည်။ သို့သော်ငြားလည်း သူ့အမူအရာကို မြင်လိုက်ရပြီးသည့်နောက်တွင် သူမမှာ မနေနိုင်ဘဲ ရယ်မောမိတော့၏။ သူမကကိုယ်ချင်းစာတရားလေးဖြင့် သူ၏ခေါင်းလေးကို ပွတ်ပေးလိုက်ကာ ပြောလိုက်လေတော့သည်။
"ဒေါက်တာနဥ် အားတင်းထားပါ။ ၃နှစ်ထဲပါပဲ။ မဟုတ်ဘူးလား"
နဥ်ရှောက်ပိုင်သည် အလွန်ဒေါသထွက်သွားပြီး သူမ၏ခါးကို ဖမ်းဆွဲထားလိုက်ကာ သူမကို သူ၏ ရင်ခွင်ထဲတွင် ဖိနှိပ်ထားလိုက်တော့၏။ သူက သူ၏လက်များဖြင့် သူမ၏ဆံပင်ကိုဆွဲဖွလိုက်ပြီး သူ့ခေါင်းကို သူမ၏လည်ပင်းထဲတွင် မြှုပ်နှံထားလိုက်ကာ ဒေါသထွက်ထွက်ဖြင့် ပြောလိုက်လေသည်။
"နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ဒီလိုစည်းကမ်းမျိုးရှိတယ်လို့ မသိခဲ့ပါဘူး။ မင်းကလည်း ဘယ်လိုလုပ်ပြီးတော့ ဒါကို မသိဖြစ်နေရတာလဲ"
အကယ်၍ ရှမြန်က ဒီကိစ္စကိုအရေးကြီးကိစ္စတစ်ခုလို သဘောထားခဲ့လျှင် နဥ်ရှောက်ပိုင်ကလည်း ဒီဖြစ်နိုင်ခြေကို လုံးဝလျစ်လျူရှုမိလိမ့်မည် မဟုတ်ပေ။
ရှမြန်ကလည်း စဉ်းစားလိုက်၏။ သူတို့တွေ ကောလိပ်တက်တဲ့အချိန်တုန်းက တရားဝင်အသက်တစ်ခုကို ရောက်ပြီဆိုတာနဲ့ လက်ထပ်လို့ရတာပဲလေ။ ဒီခေတ်အခါမှာ ဒီလို စည်းမျဉ်းစည်းကမ်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။
"ကျွန်မလည်း မသိဘူးလေ။ ကျောင်းက ဒီအကြောင်းကို ထူးထူးခြားခြားကြီး ထုတ်ပြောခဲ့တာမှ မဟုတ်တာ။ နောက်ပြီးတော့ အိမ်ထောင်ပြုပြီး ကျောင်းလာတက်တဲ့ မိန်းကလေးတစ်ယောက်လည်း ရှိခဲ့ဖူးတယ်လေ။ ဒါပေမဲ့ အားလုံးက သူ့ကို ရယ်မောကြတာ။ အဲဒီနောက်မှာတော့ ကျွန်မ ကြားထားတာကတော့ ကျောင်းက လူတွေ တော်တော်များများက တိတ်တိတ်လေးခိုးပြီး လက်ထပ်ကြတော့တာတဲ့"
"ခိုးပြီးတော့ လက်ထပ်ကြတယ် ဟုတ်လား" နဉ်ရှောက်ပိုင်က ချက်ချင်း မတ်မတ်ထိုင်လိုက်လေသည်။
"အင်း။ သူတို့တွေက လက်ထပ်ထားတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ သူတို့တွေကတော့ တစ်ကိုယ်တည်းတွေပါလို့ ကြေညာထားပြီး မင်္ဂလာလက်စွပ် မဝတ်ကြဘူးလေ။ သူတို့တွေက လက်ထပ်ထားတယ်ဆိုတဲ့အကြောင်းကို ဘယ်သူမှ မသိကြတော့ဘူးပေါ့။ ကျွန်မအထင် ကျောင်းမှာလည်း ဒီလိုကိစ္စမျိုး ရှိလိမ့်မယ် ထင်တယ်"
နဉ်ရှောက်ပိုင်က စိတ်ပျက်ပျက်နှင့် ပြောလိုက်တော့၏။ "ဒီလိုတော့မဖြစ်ဘူး"
"ဟုတ်တယ်" ရှမြန်ကလည်း ခေါင်းကိုမော့လိုက်ပြီး သူ့မျက်နှာကို ထိကိုင်ပေးလိုက်ကာ သူ့ကို ချော့မော့ရတော့သည်။ "ကျွန်မတို့တွေက ဒေါက်တာနဥ်ကို မတရား ခံစားခိုင်းလို့မဖြစ်ဘူးလေ"
နဉ်ရှောက်ပိုင်သည် သက်ပြင်းချလိုက်ပြီး ထိုင်ခုံပေါ်တွင် ပြန်လှဲချလိုက်ကာ သူ့မျက်နှာကို အုပ်ထားလိုက်ပြီးနောက် လက်တွေ့ကိုလက်ခံဖို့ရန် မလိုလားနိုင်တော့ပေ။
ရှမြန်သည် သူ့ကို ဒီလိုပုံစံမြင်လိုက်ရသည့်အခါ မနေနိုင်ဘဲ ရယ်မောမိတော့၏။ အမြဲတမ်း ယုံကြည်ချက်ရှိရှိ အစီအစဉ်တကျ ပြုလုပ်လာတတ်သည့် ဒေါက်တာနဥ်သည် သူ၏အရေးကြီးလှသည့် ဘဝအစီအစဉ်ကိုတော့ လမ်းလွဲသွားရစေတော့သည်။
သူမက လက်ကိုဆန့်ကာ သူ့လည်ပင်းကို ပွေ့ဖက်လိုက်ပြီး သူ့ကိုနှစ်သိမ့်ဖို့ရန် အနမ်းပေးလိုက်ချင်သော်ငြားလည်း သူကတော့ သူမကို မျက်နှာသေဖြင့် တွန်းထုတ်လိုက်၏။
"ကျွန်တော်နဲ့ ဝေးဝေးနေပါ။ ကျွန်တော်တို့တွေ လက်မထပ်နိုင်တော့ဘူး။ ကျေးဇူးပြုပြီးတော့ နောက်ဆိုရင်ကိုယ့်ဟာကိုယ် ဆင်ခြင်ပေးပါ"
ရှမြန်မှာ မနေနိုင်ဘဲ ရယ်မောမိပြန်သည်။ သူမသည် အထက်တန်းကျောင်း ဒုတိယနှစ်တုန်းက ဤကဲ့သို့ စိတ်ရှည်ခဲ့ဖူးသည်ကို သတိရမိသွားတော့သည်။
ထိုအချိန်က ဖြစ်သွားခဲ့သည့်အကြောင်းအရာကို စဉ်းစားကြည့်လိုက်မိပြီး ရှမြန်သည် သူ့အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားတော့၏။ သူသည် သူတို့၏ဆက်ဆံရေး စတင်ဖို့ရန်အတွက် သူမက အထက်တန်းကျောင်းပြီးသွားသည့်အထိ စောင့်ဆိုင်းခဲ့ရကာတစ်နှစ်ကြာ သည်းခံခဲ့ရလေသည်။ ယခုတော့ သူသည် လက်ထပ်ဖို့ရန်အတွက် သူမ ကောလိပ်ကဘွဲ့ရသည်အထိ စောင့်ဆိုင်းရအုံးမည်။ ဒါကလည်း ၄နှစ်တာအချိန် ဖြစ်နေ၏။
သို့သော်ငြားလည်း ဒီလူသည် တခြားကဏ္ဍာရပ်များတွင် လောကကြီး၏အမြင်ကို မကြောက်ရွံ့သော်ငြားလည်း သူမနှင့် ပတ်သက်လာလျှင်တော့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆဲဖြစ်၏။
ရှမြန်သည် တစ်ခါတရံ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ရန်အတွက် သူ၏ စိတ်လိုက်မာန်ပါအပြုအမူများနှင့် မတတ်စွမ်းနိုင်သည့် အခြေအနေများကို သေသေချာချာလေး ခံစားနေရလေသည်။
သို့သော် သူသည် ကိုယ့်ဟာကိုယ် ချုပ်တည်းထားနိုင်သည့်အပြင် ရှမြန်ကိုလည်း တရားလွန်ဖြစ်အောင် ခွင့်မပြုခဲ့ချေ။ လတ်တလောအချိန်ကမှသာ သူသည် သူတို့က လက်ထပ်တော့မည်ဆိုသည့်အကြောင်းကို ခံစားထားမိသဖြင့် ရှမြန်ကို အနည်းငယ် လျှော့ပေါ့ပေးလာပြီး တစ်ခါတလေ သူမ၏လက်ကို သူအင်္ကျီထဲသို့ ထည့်ခွင့်ပေးကာ သူ၏ ဝမ်းဗိုက်ကြွက်သားများကို ထိကိုင်ခွင့်ပေးခဲ့လေသည်။
နဉ်ရှောက်ပိုင်ကိုယ်တိုင်ကလည်း အနမ်းပေးခြင်း၊ ပွေ့ဖက်ခြင်းများတွင် ထိန်းချုပ်မှုရှိနေသေး၏။ သူသည် ကိုယ့်ဟာကိုယ် မထိန်းချုပ်နိုင်သည့်အကြိမ် နည်းနည်းပါးပါးတော့ ရှိခဲ့သေးသည်ကို ရှမြန်က ခံစားမိနေသည်။ သူသည် သူ့လက်ကို အတင်းထိန်းချုပ်ထားကာ သူမ၏ခါးနှင့်ကျောပြင်ကို ဒီအတိုင်း တင်းကြပ်နေအောင်ထားပြီး သူမကို တည်ငြိမ်အောင် လုပ်ပေးတတ်လေသည်။ ပြီးခဲ့သည့်အပတ်က သူတို့သည် တချို့ကိစ္စများကြောင့် တစ်ပတ်လောက် အချင်းချင်း မတွေ့ဆုံခဲ့ရချေ။ သူတို့သည် နှစ်ယောက်တည်း အတူတူရှိနေသည့်အချိန်တွင် သူမက အနည်းငယ်စိတ်လှုပ်ရှားနေသေး၏။ ရှမြန်သည် သူ့အနမ်းကို ခံနိုင်ရည်မရှိတော့ဘဲ သူ့အင်္ကျီများကို ချွတ်ပစ်ချင်လာတော့သည်။ သို့သော်ငြားလည်း သူမသည် နဉ်ရှောက်ပိုင်က သူမထက် စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့်အခါ ရုတ်တရက် ဘရိတ်အုပ်ထားလိုက်ရတော့၏။
ရှမြန်က မနေနိုင်တော့ဘဲ ပြောလိုက်တော့၏။ "ဒေါက်တာနဥ် ရှင့်ရဲ့ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်စွမ်းက ကမ္ဘာပေါ်မှာ တကယ့်ကိုအကောင်းဆုံးပဲ"
နဉ်ရှောက်ပိုင်က သူမကို ပွေ့ဖက်ထားကာ သူ့မေးကို သူမ၏ပခုံးပေါ်တွင် တင်ထားလိုက်ပြီး လက်တစ်ဖက်ဖြင့် သူမက ပြဿနာရှာမည်ကို တားဆီးဖို့ရန် သူမ၏လက်ကို ကိုင်ထားပြီး တိုးလျလျအသံတစ်ခုဖြင့် ပြောလိုက်လေသည်။
"အတိအကျပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကို သည်းခံထားရတဲ့ ကို့ရဲ့ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်စွမ်းကို မယုံနိုင်လို့လေ"
"လူ့စိတ်ဆန္ဒဆိုတာ အဆုံးမရှိဘူး။ ရိုးတွင်းခြင်ဆီကို တစ်ခါ အရသာ ခံဖူးသွားတာနဲ့ ဒီအရသာကို သိသွားလိမ့်မယ်။ နားလည်လား"
"ကျွန်မ နားလည်ပါတယ်" ရှမြန်က နောက်ကို အနည်းငယ်ဆုတ်လိုက်ကာ သူ့မျက်နှာကိုကိုင်လိုက်ပြီး ပြောလိုက်တော့သည်။ "ကျွန်မတို့တွေ အရင်တုန်းက အချင်းချင်း သဘောကျသွားတုန်းကဆိုရင် ကျွန်မက ရှင့်ကိုကြည့်နေရရုံနဲ့ ပျော်ရွှင်နေခဲ့တာလေ။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်တော့ဘူး။ ကျွန်မ ရှင့်ကိုမြင်ရတဲ့အချိန်မှာ နမ်းချင်လာမယ်။ ပိုပြီးတော့ နမ်းချင်လာမယ်။ ကျွန်မက ရှင့်ကို ပိုပိုပြီးတော့ ကိုနမ်းချင်လာလိမ့်မယ်"
နဉ်ရှောက်ပိုင်သည် သူမ၏ခွဲခြမ်းစိတ်ဖြာမှုကြောင့် သဘောကျသွားတော့၏။ သူမက သူ့ကို ရီဝေဝေမျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည့်အခါ သူသည် မနေနိုင်တော့ဘဲ ရှေ့သို့တိုးလာတော့သည်။ သို့သော်ငြားလည်း နောက်ဆုံးတွင်တော့ သူသည် သူမ၏နှုတ်ခမ်းကို တင်းကြပ်နေအောင် ပိတ်ထားလိုက်ပြီး တိမ်ဝင်နေသည့်အသံတစ်ခုဖြင့် ပြောလိုက်တော့၏။
"ကို့ကိုမစမ်းသပ်နဲ့နော်။ ကျေးဇူးပြုပြီးတော့ ကို့အတွက် စိတ်မကောင်းဖြစ်ပေးပါဦး။ ဟုတ်ပြီလား"
"ဟုတ်ပါပြီ" ရှမြန်ကလည်း အလွန်ဒေါသထွက်သွားပြီး သွားယားသွားတော့၏။ ထို့နောက်တွင်တော့ သူမသည် သူ၏ပြင်ဆင်မထားသည့်အခြေအနေကို အခွင့်ကောင်းယူလိုက်ပြီး သူမ၏လက်ကို သူ့အင်္ကျီထဲသို့ ဆန့်ထည့်လိုက်ကာ သူ့ကို ၂ခါလောက် မြန်မြန်ထိကိုင်လိုက်ပြီးနောက် သူက ကိုယ့်ဟာကိုယ် ထိန်းချုပ်ဖို့ရန် လေ့ကျင့်ခန်း လုပ်နေသည်ကို ကူညီပေးလိုက်ရတော့သည်။
"အချစ်ရေ ကျွန်မ ရှင့်ကို ဘယ်လောက် ချစ်တယ်ဆိုတာကို ကြည့်လိုက်စမ်း။ ဟားဟားဟား လုပ်ထားပါ"
နောက်ဆုံးတော့လည်း နဉ်ရှောက်ပိုင်သည် သူမထက် ပိုပြီးသာလွန်နေသည်က သဘာဝပင်။ သူတို့နှစ်ယောက်သည် အချင်းချင်း အပြန်အလှန်ပြဿနာကို တောင်းဆိုနေကြခြင်းသာဖြစ်တော့သည်။
သို့သော်ငြားလည်း ထိုအချိန်ကတည်းက ရှမြန်၏ နယ်ပယ်သည် နဉ်ရှောက်ပိုင်ထက် အနည်းငယ် ပိုသာပြီး ဝမ်းဗိုက်ကြွက်သားနေရာအထိ ကျယ်ပြန့်လာတော့၏။
သူ၏နယ်မြေကို ရက်ရက်ရောရော လက်လျှော့ထားကာ သိပ်မကြာခင်တွင်တော့ အောင်နိုင်မှုကို ပြန်လည်ရယူနိုင်တော့မည်ဟု ထင်ထားခဲ့သည့် နဉ်ရှောက်ပိုင်သည် ဒီနေ့တွင်တော့ ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရပြီး အနည်းဆုံးတော့ ၃နှစ်လောက်တော့ ပြန်လည်သက်သာလာနိုင်လိမ့်မည် မဟုတ်ချေ။
ရှမြန်သည် ယခုတော့ သူ့အတွက် အမှန်ပင် စိတ်မကောင်းဖြစ်ရတော့သည်။ ဟား ဟား။
သူမက ပြန်တိုးကပ်ထားလိုက်ပြီး နဉ်ရှောက်ပိုင်၏ လက်မောင်းကိုဆွဲကာ သူမကို ပွေ့ဖက်ထားခိုင်းလိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်တော့သည်။ "တစ်ခုခု ပျော်စရာအကြောင်းအရာကို ပြောကြရအောင်ပါ"
"ရှင့်အတွက် ရှင့်ရဲ့မွေးနေ့လက်ဆောင်ကို မျှော်လင့်ကြည့်ပါလား"
နဉ်ရှောက်ပိုင်၏မွေးနေ့သည် ၅လပိုင်းအစောပိုင်းဖြစ်၏။ သို့သော်ငြားလည်း သူ့မိဘများ အစောကြီး ဆုံးပါးသွားခဲ့ပြီး သူကလည်း အလွန်ငယ်ငယ်ရွယ်ရွယ်ဖြင့် နိုင်ငံခြားသို့ တစ်ယောက်တည်း သွားခဲ့ရသည့်အတွက် သူသည် သူ့မွေးနေ့ပွဲကို ဘယ်တုန်းကမှ မကျင်းပခဲ့ချေ။
ပြန်ရောက်လာပြီးသည့်နောက်တွင်လည်း မိသားစု၃ခုက ကလေးများ၏ မွေးနေ့ပွဲကိုသာ ကျင်းပပေးခဲ့သည်။ လူကြီးများကတော့ လုံးဝပုံမှန်အတိုင်းဖြစ်ကာ ရှမြန်၏ မွေးနေ့ မတိုင်ခင်အထိ ထိုကိစ္စကိုဂရုမစိုက်ခဲ့ကြချေ။
သူတို့ တရားဝင် တွဲကြသည့်အချိန်မှသာ ရှမြန်သည် သူ၏မွေးနေ့ကို သိရတော့သည်။ ဒါကလည်း သူတို့အတူတူ ကျင်းပမည့် ပထမဆုံးမွေးနေ့ပွဲဖြစ်၏။ ထို့ကြောင့် ရှမြန်သည် ထိုမွေးနေ့ပွဲကို အလွန်အရေးတကြီး ဂရုစိုက်ထားလေသည်။
နဉ်ရှောက်ပိုင်က သူမကို ပွေ့ဖက်ထားလိုက်ပြီး သူ၏လက်ချောင်းလေးများကို ရှမြန်၏ ရှည်လျားသည့် ဆံပင်များကြားထဲတွင် ဆော့ကစားနေလိုက်ပြီနောက် သုန်မှုန်စွာဖြင့် ပြောလိုက်၏။
"မင်းက ကို့ကိုပြောပြမှာ မဟုတ်ဘူးလား"
"ကျွန်မက မပြောပြချင်တာ မဟုတ်ပါဘူး" ရှမြန်က မတ်မတ်ထိုင်လိုက်ပြီး သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။ "ရှင် သဘောအကျရဆုံးသူက ကျွန်မဆိုတာ သိပါတယ်"
"ဒါကြောင့်မလို့ ကျွန်မက ရှင့်ကို ကိုယ့်ဟာကိုယ်ပေးဖို့ ပြင်ဆင်ထားတယ်" ရှမြန်က သက်ပြင်းချလိုက်သည်။ "ဒါပေမဲ့ဖြစ်ချင်တော့ ရှင် ကျွန်မကို ထပ်ပြီးတော့ ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူးလေ"
သူမသည် လုံးဝမသက်ဆိုင်သည့် အကြောင်းအရာတစ်ခုကို ဆွဲထုတ်လာတော့၏။ နဉ်ရှောက်ပိုင်က အလွန်ဒေါသထွက်သွားပြီး အံကြိတ်ထားရတော့သည်။ နောက်ဆုံးတော့လည်း သူ့မှာမနေနိုင်တော့ဘဲ သူမ၏လက်ချောင်းကို လှမ်းဆွဲလိုက်ကာ တစ်ခါလောက် ကိုက်လိုက်တော့သည်။
ရှမြန်သည် သူ၏ရင်ခွင်ထဲသို့ ပြုတ်ကျသွားပြီး ထိန်းမရအောင် ရယ်မောမိတော့၏။ နဉ်ရှောက်ပိုင်က ဒါကိုထပ်ပြီး သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် သူက သူမကို ကောက်ချီလိုက်ကာ သူမကို စားပွဲပေါ်တွင် ဖိထားလိုက်ပြီး စတင် စာရင်းရှင်းလေတော့သည်။
"ဟား ဟား။ ကျွန်မ ထပ်ပြီးတော့ မလုပ်ရဲတော့ပါဘူး။ ဟား ဟား ဟား။ ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ"
နဉ်ရှောက်ပိုင်က ရက်ရက်စက်စက် ပြောလိုက်၏။ "အရမ်းနောက်ကျသွားပြီ။ ဒီနေ့ ကို မင်းကို သင်ခန်းစာတစ်ခုတော့ ပေးမှဖြစ်မယ်"
ရှမြန်သည် ကလိထိုးနေသည်ကို ထပ်ပြီး သည်းမခံနိုင်တော့သဖြင့် ရုတ်တရက် ထရပ်လိုက်ကာ သူ့ကို ပွေ့ဖက်ထားလိုက်ပြီး သူ၏နားကို ငုံထားလိုက်တော့သည်။
နဉ်ရှောက်ပိုင်မှာ အခိုက်အတန့် အေးခဲသွားတော့၏။ ရှမြန်က ဒီအခွင့်အရေးကို အသုံးချကာ သူ့ပေါ် ခုန်တက်လိုက်ပြီး သူ့လည်ပင်းကို ပွေ့ဖက်ထားလိုက်ပြီးနောက် ဆိုးသွမ်းနေသည့် ကလေးတစ်ယောက်လို ပြုမူပြလိုက်တော့သည်။ "ဒေါက်တာနဥ် ကျွန်မ မှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှတ်ပေးလို့ရမလား"
နဉ်ရှောက်ပိုင်သည် အလွန်ဒေါသထွက်ရသဖြင့် သူမ၏နဖူးကို သူ့ခေါင်းနှင့်ဝင်ဆောင့်လိုက်ပြီး "မင်းက လူရှုပ်ကလေးပဲ"
ရှမြန်က ပြုံးပြီး သူ့ကိုအနမ်းပေးလိုက်တော့သည်။ "ဒေါက်တာနဥ်က အကောင်းဆုံးပဲ။ ကျွန်မ ရှင့်ကို ချစ်တယ်နော်"
နဉ်ရှောက်ပိုင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူမ၏ခေါင်းကို သူ့ပခုံးပေါ်တွင် ဖိထားလိုက်တော့သည်။ "လိမ္မာတယ်။ ကို့ကို ဒေါသထွက်အောင် မလုပ်နဲ့တော့"
ရှမြန်က သူ့ပခုံးကို မှီထားလိုက်ကာ ပျော့ပျောင်းစွာဖြင့်ပြောလိုက်၏။ "ဒေါက်တာနဥ် ကျွန်မကို စောင့်ပေးတဲ့အတွက် ကျေးဇူးပါပဲနော်"
နဉ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ထိလိုက်ပြီး ခပ်တိုးတိုးရယ်မောလိုက်လေသည်။
"တကယ်တမ်းကျတော့လည်း စောင့်ဆိုင်းပေးရမဲ့သူ တစ်စုံတစ်ယောက်ရှိနေတာက တော်တော်လေး ကောင်းပါတယ်"
ကို့ရှေ့မှာပေါ်ထွက်လာပေးပြီး ကို့ရဲ့ဘဝလေးကို စိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
...