← Chapters

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အခန်း (၂၀၅-၂၀၇)

Vol. 14 Ch. 205-207

အပိုင်း(၂၀၅)

နဥ်ရှောက်ပိုင်၏မွေးနေ့သည် ရုံးဖွင့်ရက်တစ်ရက် ဖြစ်နေ၏။ ရှမြန်သည် တိုက်တိုက်ဆိုင်ဆိုင် မနက်ခင်းပထမအချိန်က အတန်းမရှိခဲ့ချေ။ ထိုကြောင့် သူမက ကြိုတင်မှာထားသည့် မွေးနေ့ကိတ်ကို သွားယူလိုက်ပြီး တက်စီတစ်စီးကို စီးကာ မနက်ခင်းအစောကြီး ဓာတ်ခွဲခန်းသို့ သွားလိုက်၏။

သူမ ရောက်လာသည့်အချိန်တွင် နည်းနည်းလေး စောနေသေးသည်။ ထို့ကြောင့် သူမက အနီးအနားက သစ်ပင်နောက်တွင် တိတ်တိတ်လေး ပုန်းနေကာ စောင့်နေလိုက်သည်။

သူမသည် နဥ်ရှောက်ပိုင်၏ကား မောင်းဝင်လာသည့်အထိ စောင့်နေလိုက်ပြီးမှ သူက ကားပေါ်က ဆင်းလာသည့်အချိန်တွင် အပြေးထွက်လာခဲ့၏။ "မလှုပ်နဲ့။ ရှင့်ကို ဖမ်းလိုက်ပြီ"

နဥ်ရှောက်ပိုင်က ကိုယ်ကိုလှည့်လိုက်ပြီး သူမကို အတိအကျ ဖမ်းဆွဲလိုက်ပြီးနောက် သူ့မျက်လုံးများက အံ့ဩမှုအပြည့် ဖြစ်သွားတော့၏။ "မြန့်မြန် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုရှိတယ်လို့ ပြောခဲ့တယ် မဟုတ်လား"

ရှမြန်က သူ့ခါးကို ပွေ့ဖက်ထားလိုက်ကာ ရယ်မောလိုက်လေသည်။ "လှုပ်ရှားမှုနဲ့ယှဉ်ရင် ဒေါက်တာနဥ်ရဲ့ကိစ္စက အများကြီးပိုပြီးတော့ အရေးကြီးတာပေါ့"

သူမက မြန်မြန် ခြေဖျားထောက်လိုက်ကာ သူ့မေးစေ့ကို အနမ်းပေးလိုက်၏။ "ဟက်ပီးဘက်ဒေးနော်။ ဒေါက်တာနဉ်"

နဥ်ရှောက်ပိုင်က သူမ၏ဆံပင်လေးကို ထိကိုင်လိုက်ကာ ပြုံးပြလိုက်၏။ "ကျေးဇူးတင်ပါတယ်"

အလုပ်သို့ တစ်ယောက်ပြီး တစ်ယောက်ရောက်လာကြသည့် လုပ်ဖော်ကိုင်ဖက်များကလည်း သူတို့ကို တွေ့လိုက်ကြပြီး ရယ်စရာပြောရင်း မေးမြန်းကြလေ၏။ "ရှောင်ရှ မနက်အစောကြီး ဒေါက်တာနဥ်ကို လာတွေ့တာ ဘာကိစ္စရှိလို့လဲ"

ယခုတော့ ဆေးရုံက လူအားလုံးနီးပါးက စိတ်အားတက်ကြွသည့် ပန်းပွင့်ကလေး ဒေါက်တာနဥ်ကို ရှမြန်က ခူးဆွတ်လိုက်ပြီဖြစ်သည့်အကြောင်း အားလုံးက သိကြလေသည်။ ဓာတ်ခွဲခန်းက လူများကလည်း မကြာခဏဆိုသလို သူမကို တွေ့ကြ၏။

ရှမြန်က နဥ်ရှောက်ပိုင်ကို လွှတ်ပေးလိုက်ကာ ဘေးသို့လျှောက်သွားလိုက်ပြီး ကိတ်မုန့်ကို သွားယူလိုက်သည်။ သူမက ရက်ရက်ရောရော ပြောလိုက်၏။ "ဒီနေ့ ဒေါက်တာနဥ်ရဲ့မွေးနေ့လေ။ ကျေးဇူးပြုပြီးတော့ ကျွန်မကို စောင့်ရှောက်ပေးပါဦးနော်"

"အို ဒေါက်တာနဥ်ရဲ့မွေးနေ့ပဲ"

"ငါ လုံးဝမသိခဲ့ဖူးဘူး"

"အခုတော့ ချစ်သူကောင်မလေး တစ်ယောက်ရှိလာတော့ မတူညီတော့ဘူးပေါ့နော်။ မွေးနေ့ပွဲကို ကျင်းပပေးမဲ့ တစ်စုံတစ်ယောက် ရှိလာပြီလေ"

"..."

အားလုံး၏ စကားစမြည် ပြောနေပြီး ရယ်စရာအခြေအနေကြားတွင် နဥ်ရှောက်ပိုင်က မျက်လုံးများထဲတွင် အပြုံးတစ်ခုဖြင့် ရှမြန်ဘက်သို့ လှည့်ကြည့်လိုက်၏။

ရှမြန်က ဒီတစ်ကြိမ်တွင် လှမ်းကြည့်လိုက်ကာ သူ့ကို ဘက်ဒေးကိတ် လှမ်းပေးလိုက်လေသည်။

"ဒေါက်တာနဉ် ကျွန်မ အခုသွားရတော့မယ်။ ကိတ်မုန့်ကို အားလုံးကိုကျွေးဖို့လည်း သတိမမေ့နဲ့ဦးနော်"

"ဒါနဲ့လေ။ ကျွန်မကို ကားသော့ပေးပါဦး"

နဥ်ရှောက်ပိုင်က ဘာတစ်ခုမှ မမေးလိုက်ဘဲ ကားသော့ကို သူမအား လှမ်းပေးလိုက်သည်။

ရှမြန်က ကားသော့ကို လှမ်းယူလိုက်၏။ သူ၏လုပ်ဖော်ကိုင်ဖက်များက စောင့်ကြည့်နေကြသဖြင့် သူမကလည်း တရင်းတနှီး ပြုလုပ်ဖို့ရန် အလွန်ရှက်ရွံ့ပေလေသည်။ သူမက သူ၏လက်ကို ဒီအတိုင်း လှမ်းဆွဲလိုက်ကာ ဆွဲခါလိုက်ပြီးနောက် ပြောလိုက်၏။ "ဒေါက်တာနဥ် ရှင် အလုပ်ဆင်းတဲ့အချိန်ကျရင် ကျွန်မ ရှင့်ကို လာကြိုပေးမယ်နော်"

သူက ခပ်တိုးတိုး ရယ်မောလိုက်ပြန်သည်။ "ဒီနေ့ည မင်းရဲ့လက်ဆောင်ကို မျှော်လင့်နေမယ်"

နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်သည်။ "ဘာလဲ။ မင်းက အတန်းကျော်ဖို့ စဉ်းစားနေတာ"

ရှမြန်က သူ့ကို ဝါးစားမတတ် လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ကျွန်မက ရှင့်ကို မျှော်လင့်ထားဖို့ ပြောထားတာပဲလေ။ ထင်ယောင်ထင်မှားတွေ ဖြစ်မနေပါနဲ့"

ငါက ဘာဖြစ်လို့ ကောလိပ်မှာ အတန်း‌ကျော်တက်ရမှာလဲ။ ပါရမီရှင်လည်းမဟုတ်။

နဥ်ရှောက်ပိုင်က ရယ်မောလိုက်ပြီး သူမ၏လက်ကို လှမ်းကိုင်လိုက်ကာ သူမကို အနမ်းပေးလိုက်၏။

"လမ်းမှာ သတိထားနော်"

ကြည့်နေကြသည့် လုပ်ဖော်ကိုင်ဖက်များမှာ ရှင်းမပြတတ်အောင် စိတ်ဓာတ်ကျသွားကြတော့သည်။

ရှမြန်က ကားမောင်းထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးနောက် အမျိုးသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောလိုက်၏။ "ဒေါက်တာနဥ်က တကယ့်ကို ယုံကြည်စိတ်ချထားတာပဲ။ ရှောင်ရှက ဘယ်တုန်းက ယာဉ်မောင်းလိုင်စင် ရသွားတာလဲ"

နဥ်ရှောက်ပိုင်ကလည်း ပြုံးပြီးပြောလိုက်၏။ "ရထားတာ သိပ်မကြာသေးပါဘူး။ အဆင်ပြေပါတယ်။ ကျွန်တော့်ကားမှာ လုံခြုံရေးစနစ်တွေ ပါတယ်"

အမျိုးသားလုပ်ဖော်ကိုင်ဖက်...

ဟုတ်တာပေါ့။ မင်းရဲ့ကားမှာ တကယ့်ကိုကောင်းတဲ့ လုံခြုံရေးစနစ်တွေပါတယ်ဆိုတာ သိပါတယ်။ စျေးနှုန်းကိုတောင်မှ မကြည့်နိုင်ဘူးလေ။ ဒါကြောင့် ငါ စိတ်ပူနေတာက မင်းပါ။ တကယ်လို့များ မောင်းတတ်စလူတစ်ယောက်က ဝင်တိုက်သွားမှဖြင့် ရင်ကျိုးနေရဦးမယ်။

သို့သော်ငြားလည်း ပုံမှန်ဆိုလျှင် အေးတိအေးစက် လူငယ်လေးတစ်ယောက်က ယခုတော့ ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် အမျိုးသား လုပ်ဖော်ကိုင်ဖက်က သူ့စကားလုံးများကို ပြန်မျိုချထားလိုက်တော့သည်။

ဒေါက်တာနဥ်က သူ့ရဲ့ချစ်သူကောင်မလေးကို ငုံထားမတတ်ချစ်တယ်လို့ ကြားခဲ့ဖူးတယ်။ အခုမှပဲ ကိုယ်တိုင်မြင်ဖူးတော့တယ်။

ရှမြန်သည် ကျောင်းသို့ ကားမောင်းပြန်လာခဲ့ပြီး ကျောင်းတံခါးဝနားတွင် ကားကိုရပ်ထားလိုက်ကာ စာသင်ဆောင်ဆီသို့ ချက်ချင်းအပြေးသွားလိုက်တော့သည်။ အဆောင်မှူး မာရင်းရင်းက သူမ၏ စာအုပ်များကို ကူညီယူလာပြီးသားဖြစ်ရာ ထိုင်ခုံတစ်ခုလည်း ဦးထားပေးခဲ့သည်။

သူမ ထိုင်ချလိုက်ပြီး သိပ်မကြာခင်တွင် တတိယ အစ်မဟွမ်ယန်ဟုန်ကလည်း တီးတိုးပြောလိုက်၏။

"ရှမြန် ဒီနေ့ နင်ထွက်သွားပြီးတဲ့နောက်မှာပဲ ကျူးယိချင်းက နင့်အကြောင်း ထပ်ပြီးလာပြောနေတယ်"

ရှမြန်ကတော့ ဂရုမစိုက်ပေ။ "သူက အမြဲတမ်း ကျွန်မ အကြောင်းပြောနေတာပဲလေ"

"သူ ပြောတာက နင်က ချောမောတဲ့ ချစ်သူရည်းစားတစ်ယောက်ကို ရှာဖွေနိုင်မှာ မဟုတ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ချောမောတဲ့ကောင်လေးတွေအားလုံးက မျက်နှာများကြလို့တဲ့လေ။ မင်းကတော့ ဘယ်အချိန် ဖြတ်ချခံရမလဲဆိုတာ စောင့်ကြည့်ဖို့ ငါတို့နဲ့တောင်မှ သူက လောင်းကြေး ထပ်သွားသေးတယ်"

ဒုတိယအစ်မ စွန်းရှောင်ယွဲ့က ပြောလိုက်၏။ "သူက ဒီအတိုင်းစပျစ်သီးကို ချဥ်တယ်လို့ ပြောနေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက စပျစ်သီးကို မစားရလို့လေ။ သူက ဒေါက်တာနဥ်ထက် ပိုချောတဲ့လူမျိုးကို ရှာမတွေ့နိုင်ပါဘူး။ ဒါကြောင့်မို့လို့ သူက အဲဒီလိုပြောနေတာ။ သူက ပညာအရည်အချင်းမြင့်မားပြီး ပါရမီရှိတဲ့သူကို ရှာဖွေချင်တယ်လို့ ပြောနေကြ မဟုတ်လား။ ဒါနဲ့များ သူက နောက်ပိုင်းကျတော့ အရည်အချင်းရှိတဲ့ Ph.Dဘွဲ့ရလေးကို ဘာဖြစ်လို့ ဖြတ်ပစ်ခဲ့တာတဲ့လဲ"

သူတို့သည် ထိုအကြောင်း ပြောလိုက်ကြသည့်အချိန်တွင် လူတော်တော်များများက မနေနိုင်ဘဲ ရယ်မောလိုက်ကြတော့၏။ ရှမြန်ကလည်း မနေနိုင်ဘဲရယ်မောမိလေသည်။

ယနေ့ခေတ်တွင် တက္ကသိုလ်အများစု၌ တစ်ခန်းလျှင် ၈ယောက်နေရသည်။ လူက ပိုများလာသည့်အချိန်တွင် ပြဿနာကလည်း ပိုများလာလိမ့်မည်။ အထူးသဖြင့် မိန်းကလေးအဆောင်များတွင် ဖြစ်၏။ အခန်းဖော်၈ယောက်လုံးက လုံးဝကိုညီညွတ်နေအောင် ခင်မင်နေသည်ဆိုသည်က ရှားပါးလေသည်။

ရှမြန်၏အဆောင်ကလည်း ခြွင်းချက်မဟုတ်ချေ။ အဓိကပြဿနာမှာ ကျူးယိချင်းနှင့် ရှမြန်တို့ကြားတွင် ဖြစ်နေ၏။

ကျူးယိချင်းသည် ယှဉ်ပြိုင်လိုစိတ် ပြင်းပြသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် တတိယအဆင့်မြို့တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ အမှတ်အများဆုံး ရခဲ့သူဖြစ်၏။ သူမက အလွန်လည်း ချောမောလှပသည်။ ထို့ကြောင့် သူမသည် ကလေးဘဝကတည်းက အားလုံး၏ ချီးကျူးစကားပြောခံလာခဲ့ရသည်။ သူမသည် အရွယ်နှင့်မလိုက်အောင် ထူးချွန်ထက်မြက်သည့် ကလေးတစ်ယောက်ဖြစ်၏။

ယန်မြို့သို့ ရောက်လာပြီးသည့်နောက်တွင် သူမထက် ပိုပြီးတော်သည့် လူများရှိနေသည့်အချက်ကို လက်ခံဖို့ရန် ခက်ခဲနေသည်ကို သိလိုက်ရ၏။ ထို့ကြောင့် သူမ၏ပိုပြီးသာလွန်သည့် အဆင့်နေရာကို တည်ဆောက်ဖို့ရန်အတွက် တခြားသူများကို နှိမ့်ချဖို့ရန် အမြဲတမ်းကြိုးစားတော့သည်။

ရှမြန်က သူမ ဝင်တိုက်လိုက်သည့် သံတံတိုင်းတစ်ခု ဖြစ်နေတော့သည်။

သူတို့နှစ်ယောက်သည် ကျောင်းစတက်သည့် ပထမဦးဆုံးနေ့မှာပင် ခွာပြဲခဲ့ကြသည်။

ကျူးယိချင်းသည် အမှန်ပင် ချောမောလှပပြီး ရှမြန်နှင့် လုံးဝမတူသည့် အလှပိုင်ရှင်မျိုး ဖြစ်၏။

ရှမြန်က သူမကိုယ်သူမ နတ်သမီးလေးတစ်ပါးဟု အမြဲတမ်းခေါ်တတ်သည်။ အကြောင်းမှာ သူမသည် ဆိုးသွမ်းကာ မကောင်းသည့် စိတ်အခြေအနေထဲ ရောက်မနေလျှင် သူမသည် လိမ္မာယဉ်ကျေး ဖြူစင်သိမ်မွေ့ပြီးလှပသည့် မိန်းကလေးဖြစ်၏။

ကျူးယိချင်းကတော့ ရှင်းလင်းထင်ရှားသည့် ရုပ်သွင်လေးဖြင့် မျက်ဝန်းနက်နက် ရှိကာ သူမကို ထူးခြားတင့်တယ်လှပသည့် အလှတစ်မျိုးကို ပေးစွမ်းနေသည်။

ရှမြန်သည် သူမကို ပထမဦးဆုံး တွေ့လိုက်သည့်အချိန်၌ မှင်တက်အံ့သြခဲ့ရ၏။ သို့သော်ငြားလည်း သူမက ရှမြန်ကို သဘောမကျသည့်အကြောင်း မကြာမီတွင်သိလိုက်ရလေသည်။

ရှမြန်ကလည်း ထိုအချိန်တွင်ထိုကိစ္စကို ဂရုမစိုက်ချေ။ လူတချို့က အစီးမကပ်သည့် စိတ်နေသဘောထားများဖြင့် မွေးဖွားလာခဲ့သည်။ လူတိုင်းကလည်း သူတို့၏ဘဝတွင် စိတ်ရှုပ်စရာကောင်းသည့် လူအနည်းစုနှင့်တော့ တွေ့ရပေလိမ့်မည်။ သူတို့သည် အနာဂတ်တွင် အချင်းချင်း အနှောင့်အယှက်မပေးသ၍ အဆင်ပြေသည်။

မျှော်လင့်မထားဘဲ တစ်ဖက်လူက မကြာမီတွင် သူမကို အထင်သေး နှိမ့်ချမည့်အခွင့်အရေးတစ်ခုကို ရှာဖွေတော့၏။

ဇာတ်လိုက်ကတော့ နဥ်ရှောက်ပိုင်ပင်။

ရှမြန်က တက္ကသိုလ်တွင် သတင်းသွားပို့သည့်အချိန်၌ နဥ်ရှောက်ပိုင်ကလည်း လူကိုယ်တိုင် သူမကို လိုက်ပို့ပေးခဲ့သည်။ သူ့လိုချောမောလှပသည့် ကောင်လေးတစ်ယောက်က မည်သည့်နေရာသို့သွားသွား အာရုံစိုက်စရာ အလွယ်တကူ ဖြစ်လာနိုင်သည်။ ကလေးများကို ကျောင်းလိုက်ပို့ကြသည့် မိဘများကလည်း မနေနိုင်ဘဲ သူ့ကိုလာနှုတ်ဆက်ကြကာ အပြန်အလှန် နှုတ်ဆက်စကားပြောကြ၏။

ရှမြန်ကလည်း သူ့ကို သူမ၏ချစ်သူကောင်လေးပါဟု ရက်ရက်ရောရော မိတ်ဆက်ပေးသည်။ သူမ၏ အခန်းဖော်များနှင့် မိဘများက အနည်းငယ် အံ့အားသင့်သွားကြသော်ငြားလည်း သူတို့ကတော့ သူတို့၏ လှပသည့် ရုပ်ရည်များအတွက် စုံတွဲလေးကို ချီးကျူးစကားပြောကြလေသည်။

ကျူးယိချင်းက ရုတ်တရက်ပြောလိုက်၏။ "နင်က ပထမနှစ်စကတည်းက ချစ်သူကောင်လေးတစ်ယောက်တောင် ရှိနေပြီးပြီ။ နင်တို့တွေက အရွယ်မတိုင်သေးဘဲနဲ့ ဆက်ဆံရေးတစ်ခု ရှိနေကြတာလား"

"ငါ့မိဘတွေက အရမ်း စည်းကမ်းတင်းကျပ်တာ။ ငါဆိုရင် ယောက်ျားလေးတွေနဲ့ စကားတောင် မပြောဖူးသလောက်ပဲ"

သူ ပြောလိုက်သည့်စကားကလည်း...

ဖျန်ဖြေရေးသမား မာရင်းရင်းက ချက်ချင်းဆိုသလို အပြုံးတစ်ခုဖြင့် အခြေအနေကို ဖြန်ဖြေဖို့ကြိုးစားတော့သည်။ "အစောကြီးပဲချစ်ချစ် နောက်ကျမှပဲချစ်ချစ် အရေးမကြီးပါဘူး။ ဒါက ကိုယ့်ရဲ့ကျောင်းစာကို အနှောင့်အယှက် မဖြစ်ဖို့ပဲလိုတာလေ။ အဆင်ပြေပါတယ်။ ရှမြန်က ချစ်သူကောင်လေး ရှိပေမဲ့လည်း ငါတို့ရဲ့ကျောင်းကို ဝင်ခွင့်ရခဲ့သေးတာပဲ။ သူက အံ့ဩစရာပဲလေ"

ကျူးယိချင်းက‌တော့ လက်မခံပေ။ "တကယ်လို့ သူကသာ စောစောစီးစီး မချစ်ကြိုက်ခဲ့ဘူးဆိုရင် သူက ယန်တက္ကသိုလ် ဒါမှမဟုတ် ဟွားကျုံးတက္ကသိုလ်ကို ဝင်ခွင့်ရလောက်တယ်"

မည်သို့ဆိုစေ ရှမြန်၏ဘဝသည် အရွယ်မတိုင်သေးသည့်အချစ်ကြောင့် စွန်းထင်သွားပြီး လုံးဝမသန့်စင်တော့သည်နှယ်။

ရှမြန်ကလည်း ချက်ချင်းပြုံးကာ ပြောလိုက်၏။ "အားတော့နာပါတယ်။ ငါ့ရဲ့ရမှတ်က ယန်တက္ကသိုလ် ဒါမှမဟုတ် ဟွားကျုံးတက္ကသိုလ်ကို ဝင်ဖို့ အမှတ်မှီပါတယ်။ ဒါပေမဲ့ ငါ့ရဲ့အိပ်မက်က ဆရာမတစ်ယောက်ဖြစ်လာဖို့လေ။ အဲဒီကျောင်း၂ခုက ငါသဘောကျတဲ့ အဓိကဘာသာရပ်တွေမှ မရှိတာ"

အားလုံးက မှင်တက်အံ့သြသွားကြပြီး သူမက ရယ်စရာပြောနေသည်ဟု ထင်ကြလေသည်။ သူတို့အားလုံးက ရယ်မောကြလေ၏။

ကျူးယိချင်းကလည်း ရယ်မောလိုက်ပြီးနောက် ရယ်စရာပြောတော့သည်။ "ငါကြားဖူးတာတော့ ယန်မြို့ကလူတွေက အရမ်းကြွားလုံးထုတ်တတ်တာတဲ့။ တကယ်ဖြစ်နေတာကိုး"

ဘယ်သူကမှ ဘာပြောရမည်ကို မသိတော့ချေ။ သူတို့၏အဆောင်ထဲတွင် လူ၈ယောက်ရှိသည်။ သူတို့၂ယောက်က ယန်မြို့မှဖြစ်၏။

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဒါက ဒေသနဲ့မဆိုင်ပါဘူး။ လူနဲ့ပဲ အဓိကဆိုင်တာ။ တင်းကြပ်တဲ့မိသားစု ပညာရေးတစ်ခုပိုင်ဆိုင်ထားတဲ့ နင့်လိုလူတွေကတော့ တလေးတနက် လုပ်ပြီး ပြင်းထန်မှာပဲလေ။ ဒီတော့ သံသယကြီးတဲ့ အကျင့်စရိုက်တစ်ခု ရှိလာလိမ့်မယ်။ အဲဒါက နင်တို့ ဟွမ်မြို့တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူးလေ"

သူမကလဲ ရယ်မော့နေသည့်အသံဖြင့် ပြောလိုက်လေသည်။ "ဒါက မိသားစုပတ်ဝန်းကျင်နဲ့ပဲ ပတ်သက်တာ။ နင့်ရဲ့မိသားစုက တော်ဝင်မိသားစုတစ်ခုကနေ ဆင်းသက်လာတာလား။ တော်ဝင်မိသားစုဝင်အများစုက နင့်လိုပဲ တူညီတဲ့အကျင့်စရိုက်တွေရှိတယ်လေ။ မဟုတ်မှလွဲရော နင်က သာမန်မိသားစုအဖြစ် ကျဆင်းသွားခဲ့တဲ့ မင်းသမီးတစ်ယောက်များလား"

လူတိုင်းက ဝါးလုံးကွဲကာ အော်ရယ်ကျတော့သည်။ မာရင်းရင်းကလည်း ပြောလိုက်၏။ "ရှမြန် နင်ဟာလေ။ အရမ်းဟာသပြောတတ်တာပဲ"

ကျိုးယိချင်းကတော့ မရွှင်မပျဖြစ်သွားသည်။ သို့သော်ငြားလည်း သူမက ရှမြန်နှင့်မငြင်းခုံတော့ချေ။

ရှမြန်၏ နောက်စကားလုံးများက သူမကို ဆွံ့အရစေခြင်းကြောင့်ပင်။ "ငါ ကကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်၇၄၀ရခဲ့တယ်။ မင်းသမီးလေး နင်ရော ဘယ်နှမှတ်ရခဲ့လဲ"

အားလုံးက မှင်တက်အံ့သြသွားကြပြီး မာရင်းရင်းက မေးလိုက်၏။ "နင် စာမေးပွဲတွေ အဲဒီလောက် အများကြီးကို တကယ်ဖြေခဲ့တာလား"

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဟုတ်တယ်လေ။ ယန်မြို့မှာ တတိယအဆင့်" ပထမနှင့် ဒုတိယနေရာကို ဟွားကျုံးတွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းက ပါရမီရှင်နတ်ဘုရားလေးများက ရသွားခဲ့သည်။

မာရင်းရင်းက လွမ်းတသသဖြင့် ပြောတော့၏။ "နင် တက္ကသိုလ်ကို လျှောက်တဲ့အချိန်တုန်းက ဒါကို မှားပြီးတော့ လျှောက်မိသွားတာလား"

"မဟုတ်ပါဘူး။ ငါက ဆရာမတစ်ယောက် ဖြစ်ချင်လို့ပါ။ ဒါကြောင့်မလို့ ငါ အဲဒီကျောင်းတွေကို မလျှောက်ခဲ့တာလေ။ ဒါကြောင့်မလို့ဘဲ ငါ့ရဲ့အတန်းပိုင်ဆရာက ငါ့ကို စိတ်ဆိုးနေသေးတယ်"

ဒီလိုထည်ဝါခမ်းနားလှသည့်စကားကြောင့် ကျူးယိချင်းမှာ ဆွံ့အသွားတော့၏။

နောက်ပိုင်းတွင်တော့ ကျူးယိချင်းသည် ရှမြန်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ကို သွားရောက်စစ်ဆေးဖို့ရန်အတွက် အကြံပြုရုံးခန်းသို့ သွားရောက်ခဲ့သည်ဟု ပြောကြလေသည်။ အကြံပြုဆရာက ထိုအကြောင်းအား ရှမြန်ကို မတော်တဆ ပြန်ပြောရသည့်အချိန်တွင်တော့ ရှမြန်မှာ ဆွံ့အရတော့သည်။

သို့သော်ငြားလည်း ကျူးယိချင်း၏ တရားလွန်ယှဉ်ပြိုင်လိုသည့် စိတ်အခြေအနေကိုလည်း သူမက သိနေသည်။

ဟုတ်ပါသည်။ ထိုအချိန်ကစပြီး ကျူးယိချင်းသည် သူမနှင့်အရာအားလုံး လိုက်ပြီး ယှဉ်ပြိုင်လေတော့၏။

စာပေပိုင်းဆိုင်ရာ အကဲဖြတ်မှုပြုလုပ်ရန်အတွက် နှစ်ဝက်စာမေးပွဲကို စောင့်ဆိုင်းနေရသဖြင့် သူတို့သည် အစားအသောက်၊ အဝတ်အစားနှင့် တခြားအသုံးစရိတ်များကို စတင်ပြင်ဆင်ရတော့သည်။

သူမသည် ရှမြန်၏မိသားစုအခြေအနေကို အကြံပေးရုံးခန်းက အချက်အလက်စာရွက်ထဲမှ သိလာခဲ့ရ၏။ ရှမြန်သည် သူမ၏အဒေါ်အိမ်တွင် သူမတူလေးနှင့်အတူ နေထိုင်သည့် မိဘမဲ့တစ်ယောက်ဟု သူမက ထင်လိုက်ပြီး သူမ၏ ရုပ်ဝါဒီရုပ်ပိုင်းဆိုင်ရာဘဝက နိမ့်ကျလိမ့်မည်ဟု ထင်လိုက်လေသည်။ ထို့ကြောင့် သူမက ရှမြန်၏ရှေ့တွင် သူမ၏သာလွန်သည့်ပစ္စည်းများကို အမြဲတမ်း ထုတ်ကြွားလေတော့၏။

အဝတ်အစား၊ မိုဘိုင်းလ်ဖုန်းကအစ၊ အလှပြင်ပစ္စည်း၊ နေ့စဉ်သုံးအသုံးအဆောင်များအထိ ထိုပစ္စည်းများကိုသုံးသည့်အချိန်တွင် တံဆိပ်များနှင့် စျေးနှုန်းကို အထူးတလည် ထုတ်ပြောတတ်သည်။

ရလဒ်အနေဖြင့် ရှမြန်က သူမ၏ပစ္စည်းကို ထုတ်လာပြီးသည့်နောက်တွင် သူတို့ထဲကအားလုံးသည် သူမ၏ပစ္စည်းများထက် နိမ့်ကျနေတော့သည်။ ရှမြန်၏ အဒေါ်မိသားစုက ချမ်းသာသောကြောင့် ဖြစ်ရမည်ဟု အားလုံးကထင်လိုက်ကြ၏။

ထို့နောက်တွင်တော့ မိန်းကလေးက တစ်စုံတစ်ခုကို ပြောလိုက်လေသည်။ "မိသားစုအကြောင်း ပြောရမယ်ဆိုရင် ပညာရှင်တွေ မွေးထုတ်ပေးနိုင်တဲ့ မိသားစုတစ်ခုက ပိုပြီးတော့မြင့်မြတ်တာပေါ့။ သိတယ်မဟုတ်လား။ အရာရှိတွေ အားလုံးနီးပါးကလည်း ပညာရှင်မိသားစုတွေကပဲ ဆင်းသက်လာတာလေ။ ဟိုးအရင်ကတည်းက ပိုက်ဆံအပြည့်နဲ့ ကုန်သည်တွေဆိုတာက ဘာအဆင့်အတန်းမှ မရှိပါဘူး။ အခုအချိန်မှာ ကုန်သည်တွေက မြင့်မားတဲ့အဆင့်အတန်းတစ်ခု ရှိပေမဲ့လည်း သူတို့တွေက အရာရှိတွေနဲ့ ယှဉ်ရင်အပြတ်အသတ် နောက်ကျနေပါသေးတယ်"

သူမ၏မိဘများက အလယ်တန်းကျောင်းဆရာများဖြစ်ကြသဖြင့် သူမကတော့ ကိုယ့်ဟာကိုယ် ပညာရှင်မိသားစုတစ်ခုမှ ဆင်းသက်လာသည်ဟု မှတ်ယူလေသည်။

ပုံမှန်ဆိုလျှင်တော့ သူမက ထိုကဲ့သို့သော ချဉ်တူးနေသည့်စကားလုံးများကို ပြောသည့်အချိန်တွင် ရှမြန်က သူမကို ဒီအတိုင်း လျစ်လျူရှုထားတတ်၏။ ဒီလိုလူမျိုးသည် သူတို့၏အဆင့်အတန်းကို တခြားသူများ၏အပေါ်တွင် ထားရမည်ဟူသည့် လောဂျစ်တစ်ခု အမြဲတမ်းဆောင်ထားလိမ့်မည်။ အချက်အလက်များနှင့်သာ သူမကို အရှက်ခွဲလိုက်ရုံပင်။

နှိုင်းယှဥ်ရမည့် နောက်ဆုံးလူကတော့ ချစ်သူကောင်လေးသာ ဖြစ်တော့၏။

ကျောင်းစဖွင့်သည့်အချိန်တွင် သူတို့သည် ၂ပတ်တာ စစ်ရေးလေ့ကျင့်မှုကို ဆင်းခဲ့ရသည်။ နဥ်ရှောက်ပိုင်သည် နေ့လယ်ခင်း အလုပ်ဆင်းသည့်အချိန် သို့မဟုတ် ညနေခင်း အလုပ်ဆင်းသည့်အချိန် နေ့တိုင်းနီးပါး သူမကို ကျောင်းတွင် လာတွေ့တတ်၏။

အတိအကျ ပြောရလျှင်တော့ ပိုင်ဆိုင်မှုနယ်မြေကို ကြေညာနေခြင်းဖြစ်လေ၏။

ထိုရည်းစားစာအစောင် ၁၀၀ မရှိလျှင်ပင် နဥ်ရှောက်ပိုင်သည် ရှမြန်၏ဆွဲဆောင်မှုကို ကောင်းကောင်းသိထား၏။ သူ့ကိုယ်သူ ချစ်သူလုဖက်များ ထပ်မရှိလာအောင် ကာကွယ်ဖို့ရန်အတွက် သူက ဖုံးကွယ်နေသည့်အန္တရာယ်အားလုံးကို ဖယ်ရှားပစ်ဖို့ရန် ကိုယ်တိုင်လှုပ်ရှားခဲ့ခြင်းသာ ဖြစ်လေသည်။

...

အပိုင်း (၂၀၆)

သို့နှင့် နေ့တိုင်းပင်ပန်းဆင်းရဲရသည့် လေ့ကျင့်ခန်းအပြီးတွင် ရှမြန်၏အခန်းဖော်များသည် ဖရဲသီး သို့မဟုတ် ရေခဲမုန့်များကို ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်ခဲ့သည်။ ရှမြန်ကိုတော့ ပို့လိုပင် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြ၏။ ချွေးသုတ်ပေးသည့်သူနှင့်၊ ယပ်ခတ်ပေးသည့်သူနှင့်၊ အစားကောင်းကောင်း တစ်နပ်စားဖို့ရန်အတွက် အပြင်သို့ ခေါ်ထွက်ပေးသည့်သူနှင့် စည်ကားနေတော့သည်။

ရှမြန်ကို အားလုံးက အားကျနေကြပုံနှင့် နဉ်ရှောက်ပိုင်ကို မျိုးစုံချီးကျူးစကား ပြောနေသည်ကို မြင်လိုက်ရသည့်အခါ ကျူးယိချင်းသည် အလိုလို မကျေမချမ်းဖြစ်လာတော့သည်။ တခြားနယ်ပယ်တွင်တော့ ယှဉ်ပြိုင်စရာ မရှိချေ။ သို့သော်ငြားလည်း သူမသည် ဒီနယ်ပယ်တွင်တော့ အလွန်ယုံကြည်မှုရှိနေ၏။

သူမသည် အစကတည်းက နဉ်ရှောက်ပိုင်ထက် ပိုပြီးချောမောကာ ပိုပြီး စဉ်းစားတွေးတောပေးတတ်သည့် ချစ်‌သူကောင်လေးတစ်ယောက်ကို ရှာတွေ့ချင်နေတာလည်း ဖြစ်နိုင်သည်။

နောက်ဆုံးဒီကာလအတွင်းတွင် သူမသည် အချိန်ရသည့်အချိန်တိုင်း ကျောင်း၏ အချောဆုံးကောင်လေးအကြောင်း သတင်းရယူပေးဖို့ရန်အတွက် တာ၀န်ယူထားသည့် စီနီယာများကို သွားရောက်မေးမြန်းတတ်ကာ သူမ၏ရည်မှန်းချက်ကတော့ အလွန်ရှင်းလင်းနေသည်။

သို့သော်ငြား ရှမြန်ကတော့ ကြွားဝါမနေချေ။ နဉ်ရှောက်ပိုင်၏ အလှအပစံနှုန်းက ယောကျာ်း တော်တော်များများ ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ချေ။ သူ့ရုပ်သွင်ကို ယှဉ်ပြိုင်နိုင်သည်ဆိုလျှင်တောင် သူ့စိတ်နေသဘောထားကိုတော့ ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကျူးယိချင်းသည် ပထမအဆင့်မှာပင် ကျရှုံးသွားတော့သည်။ ကျောင်း၏ ကိုလူချောလေး၏အဆင့်က နဉ်ရှောက်ပိုင်လောက် မကောင်းသည်ကို သေချာသိလိုက်ရပြီးနောက်တော့ သူမက ပေါ်တင်သာ ပြောလိုက်တော့၏။ "လက်တွဲဖော်တစ်ယောက် ရှာဖွေတယ်ဆိုတာက ညဏ်ပညာအပြည့် ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လည်း ဖြစ်သင့်သေးတယ်လေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက ပေါက်ကရတွေအပြည့်နဲ့ တူညီတဲ့ဝါသနာတွေ မရှိဘူးဆိုရင် ကိုယ့်ရဲ့အနာဂတ်က သေချာပေါက် ပျင်းရိငြီးငွေ့စရာကောင်းလာလိမ့်မယ်"

သူမသည် နဉ်ရှောက်ပိုင်ကို ရှမြန်နှင့် သက်တူရွယ်တူဟု ထင်ထားကာ ကောလိပ်မတက်ဘဲ အဆင်မြင့်ပညာရေးတစ်ခု မပိုင်ဆိုင်ထားဘူးဟု ထင်လေသည်။

ထို့ကြောင့် သူမက ရှမြန်ကို အနိုင်ယူဖို့ရန်အတွက် ပိုပြီးပညာရေး မြင့်မားသည့် ချစ်သူကောင်လေးတစ်ယောက်ကို ရှာဖွေဖို့ရန် ဆုံးဖြတ်လိုက်တော့၏။ သူမသည် တစ်နေ့လုံး ပါရဂူဘွဲ့ ကျောင်းဆောင်တွင်သာ တဝဲလည်လည် လုပ်နေတော့သည်။

ရှမြန်သည် အစတုန်းကတော့ ဘာမှမပြောခဲ့ချေ။ သူမသည် အမြင်သိပ်မရှိတာကိုလည်း ၀န်ခံခဲ့သည်။ သို့သော်ငြားလည်း ကျုးယိချင်းက နဉ်ရှောက်ပိုင်ကို အထင်သေးရမည်ဟု မည်သူကပြောခဲ့ပါသနည်း။ ကိုယ့်ဟာကိုယ် ရယ်စရာဖြစ်အောင် လုပ်နေသည့်သူမကရော ဘာဖြစ်နေပါသနည်း။

ထို့ကြောင့် ကျုးယိချင်းက ပါရဂူဘွဲ့ရ အရည်အချင်းရှိသည့် ချစ်သူကောင်လေးကို ၀င့်ကြွားစွာ ထုတ်ပြလာပြီး ရှမြန်၏အရှေ့တွင် သူ၏ပညာအရည်အချင်းအကြောင်း ကြွားလုံး ထုတ်လာသည့်အချိန်တွင်တော့။

ရှမြန်သည် သူမ၏ရှေ့က စာကြမ်းပိုးအငွေ့အသက်နှင့် အသက်၃၀နီးပါး လူကြီးကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။

"ကျွန်မရဲ့ချစ်သူကောင်လေးက အသက်၁၆နှစ်ကတည်းက နိုင်ငံခြားမှာ ကျောင်းသွားတက်ခဲ့ပြီး အသက်၂၃နှစ်မှာ ပါရဂူဘွဲ့ရခဲ့တာလေ။ သူက ယန်တက္ကသိုလ်က ဆေးပညာဓာတ်ခွဲစမ်းသပ်ခန်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ပေါ့"

သူမက အပြုံးဖြင့် ထပ်ပြောလိုက်၏။ "ကျွန်မကို သူ့ရဲ့အရည်အချင်းတွေကို ထုတ်ပြစေချင်သေးလား"

"ထားလိုက်ပါလေ။ ရှင်တို့တွေ အဲဒါကို ကိုယ့်ဟာကိုယ်စုံစမ်းသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် ကျွန်မပြောလိုက်တဲ့ အချက်အလက်တွေက အတုအယောင်တွေ ဖြစ်နေဦးမယ်လို့ ပြောနေရင် ဘယ်လိုလုပ်မလဲ။ ရှင်တို့ကိုယ့်ဟာကိုယ် ရှာဖွေလိုက်မှ အမှန်အတိုင်း ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ"

ကျူးယိချင်း၏ မျက်နှာသည် ထိုအချိန်တွင် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသော်ငြားလည်း ရှမြန်ကတော့ အလွန်ပျော်ရွှင်နေ၏။ သူမသည် ရပ်ဖို့ရန်ဆန္ဒမရှိဘဲ သံပြားကြီးကို ဒီအတိုင်းဆက်ပြီး ကန်ကျောက်နေလေသည်။ မည်သို့ဆိုစေ နာကျင်ရမည့်လူက ရှမြန် မဟုတ်ပေ။

ထို့နောက်တွင်တော့ ကျူးယိချင်းသည် ပါရဂူဘွဲ့ရ သူမ၏အရည်အချင်းရှိလှသည့် ချစ်သူကောင်လေးကို မြန်မြန် ဖြတ်ပစ်လိုက်တော့သည်။ အများကြီး စဉ်းစားတွေးတောပြီးလိုက်သည့်နောက် သူမက အောင်မြင်မှုရဖို့ရန် တစ်ခုတည်းသောနည်းလမ်းမှာ ငွေရေးကြေးရေး အားစိုက်ထုတ်မှုသာဖြစ်သည်ဟု ဆုံးဖြတ်လိုက်တော့သည်။

အစပိုင်းတွင်တော့ သူမက နဉ်ရှောက်ပိုင်ထက် ပိုပြီးချမ်းသာသည့် တစ်စုံတစ်ယောက်ကို ရှာဖွေချင်ခဲ့သည်။ သို့သော်ငြားလည်း သူမသည် ရှာဖွေလာသည်နှင့်အမျှ ချမ်းသာခြင်းက အယူအဆတစ်ခုသက်သက်သာ ဖြစ်ပြီး ဘာစံနှုန်းအဆင့်မှ မရှိသည်ကို သဘောပေါက်လာတော့သည်။

ရှမြန်နှင့် တခြားသူများကတော့ သူမသည် ပညာရှင်မိသားစုတစ်ခုမှ ဆင်းသက်လာကာ တင်းကြပ်သည့်မိသားစု စည်းမျဉ်းစည်းကမ်းများ ပိုင်ဆိုင်ထားပြီး အထက်တန်းကျောင်းတုန်းကလည်း ယောကျာ်းလေးများနှင့် စကားလုံး၀မပြောသလောက် ရှိသည်ဟု အစတုန်းက ပြောခဲ့ဖူးသည်။ အပြစ်ကင်းစင်လှသည့်မိန်းကလေးက တစ်ချိန်တည်းတွင် ကောင်လေးတော်တော်များများနှင့် တွဲသွားတွဲလာလုပ်သည့် ပင်လယ်ဘုရင်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေမိတော့သည်။

သူမသည် သူမ၏အလှအပကို သူမ၏အားသာချက်အဖြစ် အသုံးချနည်းကို မြန်မြန် သင်ယူတတ်မြောက်သွား၏။ ထို့နောက်တွင်တော့ သူမ၏ထက်မြက်လှသည့်စိတ်ကို အသုံးချကာ ထိရောက်ပြီး သက်သေခိုင်မာသည့် နည်းလမ်းပေါင်းစုံကို အကြံထုတ်လေတော့သည်။

နောက်ပိုင်းတွင် သူမသည် လူတိုင်းဆီက လက်ဆောင်များကို စတင်လက်ခံလာပြီးနောက် သူမသည် ရှမြန်ကို အနိုင်ရသွားပြီဟု စတင်ခံစားလာရတော့သည်။

နောက်ဆုံး ရှမြန်သည် နဉ်ရှောက်ပိုင်တစ်ယောက်တည်းထံမှသာ လက်ဆောင်များကို လက်ခံရယူနိုင်သည်။ သူမကတော့ လူအများကြီးထံမှ အဖိုးတန်လက်ဆောင်များကို လက်ခံရယူနိုင်သဖြင့် အစားအသောက်၊ အ၀တ်အစား၊ နေ့စဉ်အသုံးစရိတ်နှင့် နှိုင်းယှဉ်လျှင်ပင် ပြီးပြည့်စုံနေတော့သည်။

ယခုအချိန်တွင်တော့ မအောင်မြင်သေးသည့် တစ်ခုတည်းသောအရာမှာ သူမ၏ ချစ်သူကောင်လေးသာ ဖြစ်၏။ ထို့ကြောင့် သူမသည် အခွင့်အခါရသည့်အချိန်တိုင်း သူ့ကို သေးသိမ် သိမ်ငယ်အောင် လုပ်နေမှာလည်း သဘာဝပင်။

ရှမြန်သည် ယခုတော့ သူမကို ခံနိုင်ရည်ရှိလာသလောက် ဖြစ်လာတော့၏။ သူမထံမှ အကျိုးအမြတ်ရလိုသည့် အဆောင်ထဲက လူ၂ယောက်ကလွဲလျှင် အားလုံးက သူမနှင့် ခပ်တန်းတန်း နေလာကြသည်။ သို့မဟုတ်လည်း မာရင်းရင်းနှင့် ဟွမ်ယန်ဟုန်တို့ ကဲ့သို့ပင် သူမကိုဒီအတိုင်း သက်ရှိမျိုးစိတ်တစ်ခုလိုသာ သဘောထားလိုက်တော့သည်။

အကြောင်းအရာထဲက ပါဝင်ပတ်သက်နေသည့် သူတစ်ယောက်အတွက်တော့ ရှမြန်က တတ်နိုင်တဲ့အရာ အားလုံးကတော့ " သူ့ကို ဆက်ပြီးနံရံကို ၀င်တိုက်နေခိုင်းဖို့ပဲ"ဟူ၍ဖြစ်လေသည်။

သူတို့သည် ညနေ့ခင်းဘက်တွင် စာသင်ချိန်တစ်ခုရှိ၏။ ခေါင်းလောင်း တီးနေသည်နှင့်ချက်ချင်း ရှမြန်သည် အဆောင်ကို အပြေးအလွှား ပြန်လာခဲ့၏။

သူမ၏ အခန်းဖော်များက ပြန်လာသည့်အချိန်တွင် သူမသည် မျက်နှာပေါင်းတင်ကပ်ခွာကို ကပ်ထားနေနှင့်ပြီးသား ဖြစ်ကာ မိတ်ကပ်လိမ်းဖို့ရန် ပြင်ဆင်နေ၏။

မိတ်ကပ်လိမ်းနေစဉ်မှာပင် ရှမြန်က ရှင်းပြလိုက်လေသည်။ "ကျွန်မ ဒီနေ့အဆောင်မှူးဆီက ခွင့်တောင်းထားပြီးပြီ။ ဒီနေ့ည အိမ်ကိုတန်းပြန်မှာ"

လူတော်တော်များများကတော့ စနောက်ကျီစယ်ကာပြုံးကြ၏။

မာရင်းရင်းက ပြုံးပြီးပြောလိုက်သည်။ "အခုမှ ၆နာရီပဲ ရှိပါသေးတယ်။ နင်က ၁၁နာရီအထိ ဒိတ်လုပ်ချင်နေတာလား။ နင် ဘာလုပ်ဖို့ စဉ်းစားနေတာလဲ"

"လက်တွဲပြီးတော့ တစ်နေ့လုံး လမ်းပေါ်မှာလျှောက်ပြီးတော့ စကားပြောကြမယ်လေ။ ဟုတ်ပြီလား"

ရှမြန်ကလည်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။ "မြန်မြန်လေး လုပ်ပြီးတော့ ကောင်လေးတစ်ယောက် ရှာလိုက်ကြပါ။ ကောင်လေးတစ်ယောက်လောက် ရလာမှပဲ အကြောင်း သိလာလိမ့်မယ်"

သူတို့သည် စကားပြောပြီး ရယ်မောနေကြသည့်အချိန်တွင် ကျူးယိချင်းကလည်း အပြင်ဘက်မှ ဝင်လာခဲ့ပြီး အကောင်းစားတံဆိပ် အဝတ်အစားများကို ဝတ်ဆင်ကာ မော့ဟယ်၏ နောက်ဆုံးပေါ် မိုဘိုင်းလ်ဖုန်း ကိုင်ထားပြီး သူမ၏လက်ထဲတွင်လည်း လက်ဆောင်တစ်ခု ပါလာခဲ့၏။

"..."

"အင်း။ ကျွန်မအခုပဲ အဆောင်ကိုပြန်ရောက်တာ။ ဟုတ်ပါပြီ။ ကျေးဇူးပဲနော်"

"အားနာပါတယ်။ ဒီနေ့ညတော့ ကျွန်မ မအားလို့ပါ"

"ပိတ်ရက်မှာတောင် မအားပါဘူး။ ကျွန်မအချိန်ကို အတည်ပြုပြီးတဲ့အချိန်ကြမှပဲ ရှင်နဲ့ ပြန်ပြီး ချိန်းပေးမယ်လေ။ နော်"

"အင်းပါ။ ကျွန်မရှင့်ကို သေချာပေါက်အပြင်ထွက်ဖို့ ခေါ်ပါမယ်။ ကျွန်မက ရှင့်ရဲ့လက်ဆောင်အတွက်တောင် ကျေးဇူးတင်စကား ပြောလို့တောင် မဝသေးဘူး။ ဒါက အရမ်းစျေးကြီးတာပဲ။ ကျွန်မ တကယ်အားနာမိတယ်"

သူမသည် တောင်းတောင်းပန်ပန် ပြောနေသော်ငြားလည်း သူမ၏မျက်နှာတွင်တော့ ရှက်ရွံသည့် အရိပ်အယောင် လုံးဝမရှိချေ။

အဆောင်ထဲက တခြားသူများကလည်း အကြောင်းသိပါတယ်ဟူသဖြင့် အချင်းချင်း ကြည့်လိုက်မိကြကာ ဘာမှမပြောကြပေ။

သူမက ဖုန်းကို ချလိုက်သည့်အချိန်မှသာ ကျူးယိချင်း၏နောက်လိုက်ကလေး ရှောင်ပါးက အပြုံးဖြင့် ပြောလိုက်လေသည်။ "ချင်းချင်း ဒီတစ်ခါရော ဘယ်သူက နင့်ကို လက်ဆောင်ထပ်ပေးလိုက်တာလဲ"

ကျူးယိချင်းက အေးအေးလူလူ ဖြစ်ချင်ဟန်ဆောင်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းဖုန်းလေ"

"ဪ အိမ်ခြံမြေအကျိုးဆောင်လောကထဲက မိသားစုရဲ့ ကောင်းဖုန်းကို ပြောတာလား။ သူ့မိသားစုက အရမ်းချမ်းသာတယ် မဟုတ်လား"

ကျူးယိချင်းသည် လက်ဆောင်ဘူးကိုဖွင့်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "သူတို့မိသားစုက ဒီအတိုင်း ကုမ္ပဏီငယ်လေးတစ်ခုပါ"

"ဒါတွေက သူ နိုင်ငံခြားကနေ ဝယ်ပြန်လာတဲ့ အသားအရေထိန်းသိမ်းရေး ကုန်ပစ္စည်းတွေလေ။ ဒါတွေက အရမ်းအသုံးဝင်တယ်လို့ ငါ ကြားဖူးတယ်။ တကယ်လို့ နင် အဲဒါကို လိုချင်တယ်ဆိုရင် ငါ့ကို ပြောလိုက်လို့ရတယ်။ နိုင်ငံခြားကို ခဏခဏသွားနေတဲ့ သူငယ်ချင်းတစ်ယောက်ကို သိထားတယ်။ နင့်အတွက် သူတို့ကို ယူပြန်လာခိုင်းလိုက်မယ်"

ရှမြန်က အဝတ်ဗီရိုထဲက အဝတ်အစားများကို ရွေးနေသည်ကို မြင်လိုက်ရသည့်အခါ သူမက တိုက်ရိုက်မေးမြန်းလိုက်လေသည်။ "ရှမြန် နင်ရော တစ်setလောက် ဝယ်ဦးမလား။ နင်တို့မိသားစုက ဒေါက်တာနဥ်က အခုအလုပ်လုပ်နေတာဆိုတော့ လစာ၂လ၊ ၃လလောက် စုလိုက်ရင် လုံလောက်မှာပါ"

"သူက နင့်အပေါ် အရမ်းကောင်းတာပဲလေ။ သူက နင့်အတွက် သုံးပေးဖို့တော့ တွန့်ဆုတ်နေမှာ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား"

ရှမြန်က သူမ၏ခေါင်းကိုပင်မလှည့်ဘဲ မှန်ရှေ့တွင် သူမ၏အဝတ်အစားများကို ရွေးချယ်နေလိုက်သည်။

"ယွမ်၆သောင်း၊ ၇သောင်းလောက်ပေးရတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းက ဘာတံဆိပ်လဲ။ ငါကတော့ ငါ့ရဲ့ယွမ်၂သောင်းတန် ပစ္စည်းကိုပဲ သုံးပါတော့မယ်"

တစ်စုံတစ်ယောက်က ဝါးလုံးကွဲကာ အော်ရယ်တော့၏။ ကျူးယိချင်း၏လက်ထဲက အသားအရေ ထိန်းသိမ်းသည့် ကုန်ပစ္စည်းတံဆိပ်သည် အမှန်တွင်တော့ သူတို့အတွက် အလွန်စျေးကြီးသော်ငြားလည်း တစ်ဆက်လျှင် ယွမ်၈၀၀သာ ရှိလေသည်။

ကျူးယိချင်း၏မျက်နှာမှာ နီရဲသွားပြီး မယုံမကြည်ဖြစ်သွားတော့၏။ "ဟား ဟား နင်က ရယ်စရာ တကယ်ပြောတတ်တာပဲ။ ဒေါက်တာနဥ်ရဲ့လစာက အဲဒီလောက်တောင်များလို့လား"

"သူက နိုင်ငံခြားမှာ စာသင်လာတဲ့ Ph.D ကျောင်းသားတစ်ယောက်။ ဓာတ်ခွဲခန်းခေါင်းဆောင်တွေထဲက တစ်ယောက်လေ" ရှမြန်က ပြောလိုက်သည်။ "ဒါက သူ့ရဲ့လစာပဲရှိသေးတယ်။ ဘောနပ်စ်ဆိုရင် အဲဒီထက်တောင် ပိုများသေးတယ်"

"နင်က ဒါကိုတောင် မသိဘူးလား" ရှမြန်က ဂရုမစိုက်သလို ပြောလိုက်လေသည်။

"ပညာရှင်မိသားစုတစ်ခုက ဘယ်လိုလုပ်ပြီးတော့ ဒီအကြောင်းအရာတွေကို မသိရတာလဲ။ နင့်ရဲ့မိဘတွေကို ချက်ချင်း သွားမေးကြည့်လိုက်ပါဦး။ ဒါမှ ငါက နင့်ကို လိမ်နေတယ်လို့ သူတို့တွေက သံသယ မဖြစ်ကြတော့မှာ။ အရှင်မင်းသမီး"

ကျူးယိချင်းသည် နင်သွားပြီး ဆွံ့အသွားတော့သည်။

ရှမြန်က ပြောင်လက်နေသည့် ရှုးဖိနပ်အပုံလိုက်ရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်သည့်အခါ သူမက အဝတ်အစား လဲဖို့ရန်အတွက် သူမ၏အဝတ်ဗီရိုဆီသို့ သွားလိုက်ပြီး မိတ်ကပ်တချို့ လိမ်းလိုက်လေသည်။

ရှောင်ပါးက ဖြည့်ပြောပေးလိုက်သည်။ "နင့်ရဲ့ဝတ်စုံက အရမ်းလှတာပဲ။ နင်လည်း ဒိတ်သွားမလို့လား"

"နင့်မှာ အချိန်မရှိဘူးလို့ ကောင်းဖုန်းကို အခုလေးတင်ပဲ ပြောလိုက်တယ် မဟုတ်လား"

ကျူးယိချင်းက ပြုံးလိုက်၏။ "ကောင်းဖုန်း မဟုတ်ပါဘူး။ ငါရဲ့ နောက်ထပ်သူငယ်ချင်းတစ်ယောက်ပါ။ သူ့မိသားစုက အရမ်းချမ်းသာတယ်လေ။ ဒီနေ့ သူ့ရဲ့မွေးနေ့။ သူက ပါတီတစ်ခုလုပ်ချင်လိုတဲ့။ သူက ငါ့ကိုလာဖို့ အတင်းပြောနေတာလေ။ သူကငါ့ကို ကိုယ်တိုင်လာကြိုမယ်လို့တောင် ပြောနေတာ"

သူမက ပြုံးကာ ပြောလိုက်လေသည်။ "ဒီစကပ်က သူ့ဆီက လက်ဆောင်ပဲလေ။ ဒါက စီနိုင်ငံက မော်ဒယ်အသစ်။ ယွမ် ၁ထောင်ကျော် ပေးရတယ်"

"လူတွေက ပြောကြတယ်လေ။ မိန်းကလေးတွေကို ချမ်းသာကြွယ်ဝခြင်းထဲမှာ ပြုစုပျိုးထောင်ပေးသင့်တယ်တဲ့။ အခု ငါနောက်ဆုံးတော့ နားလည်သွားပြီ။ မိန်းကလေးတွေက လူတွေအကြောင်းကို ပိုသိပြီး ဒီလောကအကြောင်းကိုလည်း ပိုသိထားဖို့ လိုအပ်တယ်။ ဒါမှ ကိုယ်တွေထက်ပိုပြီးတော့ ကောင်းတဲ့သူ ရှိသေးတယ်ဆိုတာကို သိလာလိမ့်မယ်"

"တချို့လူတွေကတော့ သူတို့ရဲ့မွေးနေ့ပွဲမှာ မိသားစုနဲ့ ကိတ်မုန့်တစ်တုံးပဲ စားကြတာလေ။ တခြားသူတွေကတော့ ဟိုတယ်တစ်ခုမှာ ပါတီပွဲတစ်ခု ကျင်းပနေကြတာ"

"ငါလည်း အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ ဥပမာ ယွမ် ၁သိန်း၊ ၂သိန်းလောက်က အများကြီးလို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့ ယွမ်သန်းချီလောက်မှပဲ စဉ်းစားတော့တယ်။ တကယ်လို့ ငါသာ ပရောဂျက်တစ်ခုကိုစတင်ပြီး ငွေရှာရမယ်ဆိုရင် အဲ့ဒါကို အလွယ်တကူ ပြန်ရှာနိုင်တယ်လေ"

ဒါသည် တစ်စုံတစ်ယောက်က ‌aquaman(ပင်လယ်ဘုရင်)ကို တက်တက်ကြွကြွ စကားအလှဆင်ထားသည့် နည်းလမ်းတစ်ခုဖြင့် ဖော်ပြနေခြင်းကို ပထမဦးဆုံးအကြိမ် ကြားလိုက်ရခြင်းပင်။

"ပြောကြတယ်လေ။ လူ့အဖွဲ့အစည်းကို ဝင်တာက လူဘဝရဲ့ တကယ့်အစပဲတဲ့ မဟုတ်လား။ ငါတို့တွေက အဲဒီစီနီယာအစ်မတွေဆီကနေ ကြားထားသလိုပဲပေါ့"

"လွန်ခဲ့တဲ့၂နှစ်တုန်းက ပညာရေးမှာ အရမ်းတော်တဲ့၊ အရမ်းလှတဲ့ စီနီယာအစ်မတစ်ယောက် ရှိခဲ့တယ်တဲ့။ သူက Ph.Dကျောင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်သွားခဲ့တယ်တဲ့။ ဒါပေမဲ့ ကျောင်းပြီးသွားတဲ့အခါမှာ သူက တခြားခရိုင်တစ်ခုမှာ တာဝန်ကျတဲ့အတွက် Ph.Dကျောင်းသားရဲ့ အဆက်ဖြတ်လိုက်တာကို ခံလိုက်ရတယ်တဲ့။ ငါကြားထားတာကတော့ သူက အခုဆင်းရဲသွားပြီး လစာကလည်း နည်းနည်းလေးပဲ ရတယ်တဲ့။ သူက အလှကုန်ပစ္စည်းအတွက်တောင်မှ မတတ်နိုင်တော့ဘူးတဲ့လေ"

သူမသည် ထိုသို့ပြောလိုက်ပြီးသည်နှင့်ချက်ချင်း ရှမြန်ကို လှမ်းကြည့်လိုက်သည်။

"နောက်ထပ် စီနီယာအစ်မတစ်ယောက်ကတော့ စာပေအဆင့်က သာမန်ပါပဲ။ သင်ရိုးတွေမှာဆိုလည်းပဲ ကျတတ်သေးတယ်လေ။ ဒါပေမဲ့ သူကျတော့ယွမ် သန်းဆယ်နဲ့ချီတန်တဲ့ သူဌေးတစ်ယောက်ကို ရှာခဲ့တာတဲ့။ သူဌေးက သူ့အဆက်အသွယ်ကိုသုံးပြီး ဟွားကျုံးတွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းမှာ တာဝန်ချပေးခဲ့တယ်တဲ့လေ။ သူက အခုဆိုရင် အရမ်းကိုသက်သောင့်သက်သာ ဘဝတစ်ခုမှာနေနေတာ"

ရှမြန်ကလည်း မျက်စပစ်မိတော့မလိုပင် ဖြစ်သွားတော့သည်။ ဒီမိန်းကလေးသည် တခြားသူများ၏ အကြောင်းကို စောင်းပါးရိပ်ချည်ပြောဖို့ရန်အတွက် ကောလာဟလကို လုပ်ကြံပြောဆိုရသည်ကို အမြဲတမ်းသဘောကျတတ်ကာ သူမသည် ထိုအကြောင်းအရာကို အမှန်ဖြစ်နေခဲ့သကဲ့သို့ ပြောလေသည်။

ရှမြန်သည် သူမကို အာရုံစိုက်ရမှာ အလွန်ငြီးငွေ့လာတော့၏။ သူမက သူမ၏အိတ်ကို ကောက်ယူလိုက်ပြီး သူမ၏ အခန်းဖော်များကို နှုတ်ဆက်စကားပြောလိုက်သည်။ "သွားတော့မယ်နော်။ မနက်ဖြန်ကျမှတွေ့မယ်"

သူမသည် အဆောင်ကထွက်လာပြီး သိပ်မကြာခင်မှာပင် အနောက်ဘက်မှ ထွက်လာသည့် ကျူးယိချင်း၏ အလိုလိုက်ခံရကာ ချွဲနွဲ့ကာ ပြောဆိုနေသည့်အသံကို ကြားလိုက်ရလေ၏။

"ရှင် ကျွန်မကို လာကြိုနေပြီလား။ ဘယ်တံခါးမှာလဲ"

"တောင်ဘက်တံခါးက အရမ်းဝေးတယ်။ ကျွန်မရဲ့ခြေထောက်တွေ လမ်းလျှောက်လို့ နာကုန်လိမ့်မယ်။ ကျေးဇူးပြုပြီးတော့ မြောက်ဘက်တံခါးကို လာပေးလို့မရဘူးလား။ ကျွန်မ ရှင့်ကို အဲဒီမှာ လာရှာမယ်လေ"

ရှမြန်...

တောင်ဘက်တံခါးက ပိုပြီးနီးသည်မှာ သိသာသော်ငြားလည်း သူမကတော့ မြောက်ဘက်တံခါးသို့သွားကာ ကြွားလုံးထုတ်ဖို့ရန် ကြိုးစားနေဟန်တူသည်။

ဟုတ်ပါသည်။ မြောက်ဘက်တံခါးသို့ ရောက်လာပြီးသည့်နောက်တွင်တော့ ကျူးယိချင်းက အနက်ရောင်ကားဘက်သို့ ချဲ့ကားစွာဖြင့် လက်ကိုဝှေ့ရမ်းပြလိုက်၏။ "သခင်လေးဟယ် ကျွန်မဒီဘက်မှာ"

ထို့နောက်တွင်တော့ သူမသည် ဘေးတွင် လမ်းလျှောက်နေသည့် ရှမြန်ဘက်သို့ လှည့်ကြည့်လိုက်ကာ ပြောလိုက်၏။

"နင် ယန်တက္ကသိုလ်ကို သွားမလို့လား။ ဒီနေရာနဲ့မနီးဘူးလေ။ ဟုတ်တယ်မလား။ ဘတ်စ်ကားနဲ့ သွားမယ်ဆိုရင် အဲဒီကိုရောက်ဖို့ ၁နာရီကျော်ကျော်လောက် အချိန်ပေးရမှာ"

"ကားကြုံလိုက်စီးဖို့ ငါ နင့်အတွက် သခင်လေးဟယ်ကို မေးပေးရမလား"

ရှမြန်က ရုတ်တရက် သူမကိုမျက်စောင်းထိုးလိုက်၏။ "စကားပုံရှိတဲ့အတိုင်းပဲ။ လူတွေကမရှိလေလေ ပိုပြီးတော့ ကြွားဝါချင်လေလေပဲ။ နင်က ဆေးခြယ်ထားတဲ့ တစ္ဆေတစ်ကောင်လား။ နင်က လှပတဲ့အရေပြားကလွဲရင် တစ်ခုခုလိုအပ်နေသေးလို့လား"

ကျူးယိချင်းသည် ကားကအနားသို့ ရောက်လာသည့်အချိန်တွင် သူမက ရှမြန်ကို ဒေါသတကြီး ပြောလိုက်၏။ "ငါက နင့်ကို စေတနာနဲ့ ကူညီပေးချင်တာပါ။ ဒါပေမဲ့ နင်ကတော့ ငါ့ကို ဒီအတိုင်း မနာလိုဖြစ်နေတာပဲ"

ကားပြတင်းပေါက်သည် အောက်သို့ လိမ့်ဆင်းလာပြီး လူငယ်လေးတစ်ယောက်က ပြတင်းပေါက်ကို မှီကာ မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

ရှမြန်က အပြုံးဖြင့် ပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး။ ကျူးယိချင်းက သူ့ကိုလာကြိုပေးမဲ့ ဒရိုင်ဘာတစ်ယောက် ရှိနေတယ်ဆိုတော့ ငါက မနာလိုဖြစ်နေတာလေ။ ဒါပေမဲ့ ငါကျတော့ ကိုယ့်ဟာကိုယ် ကားမောင်းလာဖို့ပဲ တတ်နိုင်တာကိုး"

သူမသည် ထိုသို့ပြောလိုက်ပြီးနောက် ကားသော့ကို ထုတ်လိုက်ကာ ကားတံခါးကို ဖွင့်လိုက်ပြီး ကားပေါ်တက်သွားတော့၏။

ကျူးယိချင်းမှာ မှင်တက်အံ့သြသွားတော့သည်။ သူမသည် လူချမ်းသာများနှင့် တွဲချိတ်ချင်သဖြင့် သူမက ကားများအပေါ်တွင် အကောင်းဆုံး သုတေသနပြုကာ ရှာဖွေခဲ့လေသည်။ ရှမြန် မောင်းလာသည့်ကားက အလွန်တန်ဖိုးကြီးမားသည်ကို သူမက အလိုလိုသိနေ၏။ အနည်းဆုံးတော့ သူမ၏ရှေ့က ဒုတိယမျိုးဆက် လူချမ်းသာ၏ကားထက် ပိုလို့ပင်ကောင်းမွန်နေသေးသည်။

ရှမြန်က ထိုင်ခုံခါးပတ်ကို ပတ်လိုက်ပြီး ပြတင်းပေါက်မှန်ကို ချလိုက်ကာ လက်တွေ့ကို လက်မခံနိုင်သေးသည့် ကျူးယိချင်းကို ပြုံးပြလိုက်သည်။ "ငါက ငါ့ကိုလာကြိုပေးမဲ့ ဒရိုင်ဘာတစ်ယောက်ကို သွားရှာလိုက်ဦးမယ်"

သူမသည် လူငယ်လေးကို အဓိပ္ပာယ်ပါပါအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ့အထင်တော့ နင်လည်း ဒရိုင်ဘာပြောင်းဖို့ ထပ်ပြီး ကြိုးစားရဦးမယ်ထင်တယ်။ အတူတူ ကြိုးစားကြတာပေါ့"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် နေကာမျက်မှန်ကို တပ်လိုက်ကာ လီဗာကို နင်းလိုက်ပြီးနောက် အိတ်ဇောပိုက်မှထွက်လာသည့် မီးခိုးငွေ့အလုံးကြီးတစ်ခုနှင့် ကျူးယိချင်းကို ချန်ရစ်ခဲ့တော့သည်။

...

ရှမြန်သည် သီချင်းတညည်းညည်းဖြင့် ဆေးရုံ၏ ဓာတ်ခွဲခန်းဝင်ပေါက်သို့ မောင်းလာသည့်အချိန်တွင် သူတို့က အလုပ်ဆင်းဖို့ရန် ၁၀မိနစ်လိုသေးသည်။

နဥ်ရှောက်ပိုင်က လက်တွေ့စမ်းသပ်သည့်အချက်အလက်များကို တွက်ချက်နေသည့်အချိန်တွင် သူ၏ လုပ်ဖော်ကိုင်ဖက်က အပြုံးဖြင့်ပြောလာသည်ကို ကြားလိုက်ရ၏။ "ဒေါက်တာနဉ် မင်းရဲ့ကောင်မလေး အောက်မှာရောက်နေပြီ"

ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်က သူ့ကိုလက်မထောင်ပြလိုက်ကာ ပြောလိုက်၏။

"ဒေါက်တာနဥ် မင်းရဲ့ကောင်မလေးက ကားမောင်းတတ်တာပဲ။ မိုက်လိုက်တာ"

နဥ်ရှောက်ပိုင်သည် ထိုစကားကို ကြားလိုက်သည့်အခါ ပြတင်းပေါက်အပြင်ဘက်မှ ငုံ့ကြည့်လိုက်သည်တွင် ရှည်လျားသည့်ဆံပင်လေးကို ပ့ခုံးပေါ်တွင်ချထားသည့် ရှမြန်ကိုတွေ့လိုက်ရ၏။ သူမသည် ပြင်သစ်စတိုင် ခါးကျပ်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာတစ်ခုလုံးကို ဖုံးကွယ်ထားသည့် နေကာမျက်မှန်တစ်ခုကို တပ်ဆင်ထားကာ သူမ၏တောက်ပသည့် နှုတ်ခမ်းနီနီတစ်စုံနှင့် နူးညံ့သိမ်မွေ့သည့် မေးစေ့လေးကိုသာ မြင်နိုင်လေသည်။

သူမက ကားကို အေးအေးလူလူ မှီထားလိုက်ပြီး ဓါတ်ခွဲခန်းတံခါးဘက်သို့ လှမ်းမျှော်ကြည့်ကာ သူမစောင့်ဆိုင်းနေသည့်သူပေါ်လာမည့်အချိန်ကို ငြိမ်ငြိမ်သက်သက်လေး စောင့်ဆိုင်းနေလေသည်။

နဥ်ရှောက်ပိုင်သည် သူ၏နှလုံးသားထဲတွင် အံ့သြစရာကောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ့ရင်ဘတ်ထဲတွင်လည်း ချိုမြိန်သည့် ပျော်ရွှင်မှုများအပြည့် ဖြစ်သွားတော့၏။

သူမသည် သူ့ကိုစောင့်ဆိုင်းနေခြင်းဖြစ်ကာ သူ့ကိုဂရုစိုက်ပေးနေသည်ကို လုံးဝရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့သည်။

ဒီလိုဆက်ဆံရေးမျိုးတွင် သူသည် သူမကို အရင်ဆုံး ချဉ်းကပ်ခဲ့သူဖြစ်ခဲ့သော်ငြားလည်း သူမကတော့ သူ့ဆီသို့ ပြေးလာဖို့ရန် ဘယ်တုန်းကမှ မရပ်တန့်ခဲ့သယောင်။

ဒီလိုအပြန်အလှန်ခံစားချက်များက အလွန်မှစိတ်အေးရပြီး စိတ်လှုပ်ရှားစရာကောင်းလေသည်။

ပရော်ဖက်ဆာကော်က သူ့ပခုံးကို လှမ်းပုတ်လိုက်ကာ အပြုံးဖြင့်ပြောလိုက်၏။ "ဟုတ်ပါပြီ။ အရင်ဆုံး ပြန်လိုက်ပါတော့။ မင်းကလည်း ပျံထွက်တော့မဲ့အတိုင်း ဖြစ်နေတယ်လို့ ထင်တယ်"

နဥ်ရှောက်ပိုင်သည် သူ့မျက်နှာပေါ်ကအပြုံးကို ဖိနှိပ်မထားနိုင်တော့ချေ။ သူက သူ့လက်ထဲက လက်တွေ့စမ်းသပ်မှု အချက်အလက်များကို ပရော်ဖက်ဆာဆီ လှမ်းပေးပြီး ပြောလိုက်၏။ "ဒီအချက်အလက်တွေကို အမှန်ပြင်ပြီးတော့ စစ်ဆေးပြီးသွားပါပြီ။ ကျွန်တော် အရင်ပြန်လိုက်ပါဦးမယ်"

ပရော်ဖက်ဆာကော်သည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့သြသွားပြီးနောက် သူသည် နဥ်ရှောက်ပိုင်၏ ကျောပြင်ကိုကြည့်လိုက်ကာ ပြုံးလိုက်၏။ "ဒါက သာမန်လူငယ်လေးတစ်ယောက် မဟုတ်တော့ဘူးလား"

နဥ်ရှောက်ပိုင်ထွက်လာသည်ကို မြင်လိုက်ရသည့်အခါ ရှမြန်က သူမ၏ နေကာမျက်မှန်ကို ချက်ချင်း ချွတ်လိုက်ပြီး တောက်ပနေသည့် အပြုံးတစ်ခုဖြင့် သူမ၏လက်များကို ဆန့်ထားလိုက်တော့သည်။

"ဒေါက်တာနဥ် ကျွန်မ ရှင့်ကိုလာကြိုပြီ"

နဥ်ရှောက်ပိုင်က မိန်းကလေးကို သူ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်ကာ သူမ၏ခေါင်းလေးကို ထိကိုင်ပေးလိုက်၏။ "မင်း ဘယ်ကို သွားနေတာလဲ"

ရှမြန်က သူမ၏ခေါင်းကို စောင်းလိုက်ပြီး ခဏလောက် စဉ်းစားပြလိုက်၏။ "မုန့်စားမလား။ ရုပ်ရှင် ကြည့်ချင်လား။ ဘယ်တစ်ခုကို ရွေးချင်လဲ"

နဥ်ရှောက်ပိုင်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "အရင်ဆုံး ရုပ်ရှင်ကြည့်ကြတာပေါ့"

ရှမြန်က မျက်တောင်ခတ်လိုက်သည်။ "ဟုတ်ပြီလေ။ အရင်ဆုံးသွားစားကြမယ်"

နဥ်ရှောက်ပိုင်သည် အလွန်စိတ်ပျက်သွားသဖြင့် ရယ်မောလိုက်တော့သည်။ သူက သူ့လက်ကို မြှောက်လိုက်ပြီး သူမ၏လည်ကုတ်လေးကို ၂ချက်လောက် လှမ်းဆိတ်လိုက်ပြီးနောက် ပြောလိုက်၏။

"လူရှုပ်ကလေး"

ရှမြန်က သူ့ကိုမော့ကြည့်လိုက်ပြီး မျက်လုံးများထဲတွင်လည်း တောက်ပနေသည့် ကြယ်ရောင်များဖြင့် ပြုံးပြလိုက်လေသည်။

နဥ်ရှောက်ပိုင်မှာ မရယ်ဘဲမနေနိုင်တော့အောင် ဖြစ်သွားတော့၏။ "မင်းရော ကျောင်းကို ၁တန်းကျော်တက်ဖို့ လျှောက်လွှာတင်ဖို့ ပြင်ဆင်ပြီးပြီလား"

...

အပိုင်း (၂၀၇)

ရှမြန်သည် နဉ်ရှောက်ပိုင်ကြောင့် အသည်းအသန် ရယ်မောမိတော့၏။ သူမက သူ့ကို ဒရိုင်ဘာ ဘေးခုံထဲသို့တွန်းတင်လိုက်ပြီး ပြောလိုက်၏။ "အိပ်မက်မက်နေတာ ရပ်လိုက်။ ကောလိပ်မှာ အတန်းကျော်လို့ မရဘူး"

သူမသည် စောစောစီးစီး အောင်လက်မှတ်ကိုသာ ရယူနိုင်သည်။ သို့သော်ငြားလဲ သူမသည် ဒီကိစ္စကို အရင်ဆုံး သေသေချာချာလဲ လေ့လာရဦးမည်။ နောက်ဆုံး ရှေ့တွင်လဲ သာဓကများ မရှိချေ။

နဉ်ရှောက်ပိုင်က သူ၏ထိုင်ခုံခါးပတ်ကိုပတ်လိုက်ပြီး ရှမြန်က ကားစက်ကို နှိုးကာမေးလိုက်၏။

"တရုတ်စားသောက်ဆိုင်လား။ အနောက်တိုင်းစားသောက်ဆိုင်လား"

နဉ်ရှောက်ပိုင်က ဒီတစ်ကြိမ် သင်ခန်းစာရသွားပြီဖြစ်ကာ ဆန့်ကျင်ဖက် ပြောလိုက်တော့သည်။

"အနောက်တိုင်းအစားအစာ"

ရှမြန်က သွားများပေါ်သည်အထိ ပြုံးရယ်ပြလိုက်ကာ "ဟုတ်ပြီ။ ဒါဆိုရင်တော့ မွေးနေ့ရှင်လေးရဲ့ စကားကို နားထောင်ပေးလိုက်မယ်"

နဉ်ရှောက်ပိုင်…

ရှမြန်သည် အသံထွက်ကာ အော်ရယ်လိုက်တော့၏။

သူမသာ ကားမောင်းနေသည်မဟုတ်လျှင် နဉ်ရှောက်ပိုင်ကတော့ သူမကို ကောင်းကောင်းလေး ရိုက်ပစ်ချင်လိမ့်မည်။

သူမသည် သူ၏မွေးနေ့ပွဲကို ကျင်းပပေးနေသည်လား သို့မဟုတ်လဲ သူ့အတွက် အခက်တွေ့အောင် လုပ်နေသည့်လားပင် မသိတော့ချေ။

ရှမြန်က တော်ဝင်နိုင်ငံခြားဟိုတယ်၏ အောက်ထပ်တွင် ကားကိုရပ်ထားလိုက်သည်။ ဒီဟိုတယ်၏ အပေါ်ဆုံးထပ်က စားသောက်ဆိုင်သည် ယန်မြို့ထဲက အကောင်းဆုံး ရှုခင်းများရှိသည့် နေရာများထဲကတစ်ခု ဖြစ်၏။ အထူးသဖြင့် နေဝင်ချိန်တွင် တော်တော်လေးကို လှပသည်။

သို့သော်ငြားလဲ နေရာတစ်ခုရဖို့ရန် တော်တော်လေး ခက်ခဲသည်။ ၁လ သို့မဟုတ် ၂လလောက်ကြိုပြီး မှာထားရတတ်၏။

နဉ်ရှောက်ပိုင်က သူမကိုကြည့်လိုက်၏။ "မင်းဘယ်တုန်းက စပြီး ပြင်ဆင်ထားတာလဲ"

ရှမြန်က သူမ၏လက်ညှိုးကို သူ့နှုတ်ခမ်းပေါ်သို့တင်ထားလိုက်ပြီး ပြောလိုက်၏။ "ရှူး မေးခွန်းတွေ အများကြီးမမေးပါနဲ့။ ရှင်က မွေးနေ့ရှင်လေးလေ။ ဒီနေ့ ရှင့်စိတ်တိုင်းကျ ပျော်ရွှင်လိုက်ပါ!"

"စိတ်လျှော့ထားပြီးတော့ ကျန်တဲ့ဟာတွေအားလုံးကို ကျွန်မတာဝန်ထားလိုက်။ အိုကေလား"

နဉ်ရှောက်ပိုင်က ရယ်မောလိုက်ကာ ဘာအကြောင်းအရာကိုမှ ဒီအတိုင်းစဉ်းစားမနေတော့ဘဲ ဘာမှလုပ်စရာ မလိုသည့် ဘော့စ်တစ်ယောက် ဖြစ်လာတော့သည်။

သူတို့သည် အချိန်ကိုက်ရောက်ရှိလာခဲ့၏။ လိမ္မော်ရောင် ဆည်းဆာနေမင်းကြီးသည် ကြီးမားလှသည့် မှန်ပြတင်းပေါက်ကို ဖြတ်ပြီးဖြာကျနေကာ စားသောက်ဆိုင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ ပြတင်းပေါက်ဘေးနားတွင် ရပ်နေသည့် လူငယ်လေးကိုလဲလွှမ်းခြုံထားပြီး သူ၏ချောမောခန့်ညားပြီးသား ရုပ်သွင်လေးကို နောက်ထပ်အလွှာတစ်ခု ထပ်ပေါင်းပေးလိုက်ကာ သူ့ကို မှင်တက်အံ့သြစရာအတိ ဖြစ်သွားစေလေသည်။

ပြတင်းပေါက်အပြင်ဘက်က ရှုခင်းကိုကြည့်နေသည့် နဉ်ရှောက်ပိုင်သည် ကင်မရာခလုတ်သံကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်၏။ ဟုတ်ပါသည်။ ရှမြန်က ပိုလာရွိုက်ကင်မရာတစ်လုံးကို ထုတ်ယူလာကာ သူ့ကို ဓာတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရ၏။

သူက လှည့်လာသည်ကို မြင်လိုက်ရသဖြင့် သူမကလဲ တစ်ဖန် ကင်မရာခလုတ်ကို ထပ်ပြီးဖိလိုက်သည်။

နဉ်ရှောက်ပိုင်က ပြုံးပြီးပြောလိုက်၏။ "မင်းက ဓာတ်ပုံရိုက်ရတာကို ကြိုက်တာလား"

"SLRတစ်လုံးလောက် ဝယ်ရင်တော့ ပိုပြီးကောင်းလိမ့်မယ်။ ဒီကင်မရာနဲ့ဆိုရင် ဓာတ်ပုံတွေကို ရိုက်ယူရတာ သိပ်ပြီးကောင်းမှာမဟုတ်ဘူး"

ရှမြန်က သူမ၏မေးကို ချီထားလိုက်ကာ "ကျွမ်းကျင်တဲ့ လက်ရေးအလှပညာရှင်တစ်ယောက်က သူ့ရဲ့စုတ်တံကို မရွေးဘူးလေ"

နဉ်ရှောက်ပိုင်သည် သူမကတော့ သူမ၏အရည်အချင်းကောင်းများကို ထုတ်ပြောလာတော့မည်ဟု ထင်လိုက်သော်ငြားလဲ သူမက ဤသို့ပြောလာခဲ့သည်။ "ကင်မရာက ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ။ ဒေါက်တာနဥ်ရဲ့ ချောမောလှပမှုကိုတော့ ဖုံးကွယ်မထားနိုင်ပါဘူး"

နဉ်ရှောက်ပိုင်သည် သဘောကျသွားကာ လက်ကိုဆန့်လိုက်၏။ "ဘယ်လိုရုပ်လေးရှိလဲ ကြည့်ရအောင်"

ရှမြန်က ဓာတ်ပုံကို မြန်မြန်ဝှက်ထားလိုက်ကာ ပြောလိုက်၏။ "အရင်ဆုံး စားကြတာပေါ့။ ပြီးမှကြည့်ကြမယ်"

နဉ်ရှောက်ပိုင်က ခေါင်းခါလိုက်ကာ ရယ်မောလိုက်၏။ "အရမ်းကိုလျှို့ဝှက်နေတာပဲ"

ရှမြန်က နှာခေါင်းရှုံ့ပြလိုက်ပြီး ကျေနပ်စွာဖြင့် သူမ၏လက်ရာလေးကို ငုံ့ကြည့်လိုက်သည်။

ဒေါက်တာနဥ်က ချောမောလှပတယ်။ ဒါပေမဲ့ ငါ့ရဲ့အရည်အချင်းကလဲ မိုဘိုင်းလ်ဖုန်းခေတ်မှာ သွေးလာတဲ့အရည်အချင်းဆိုတော့ ဒီခေတ်မှာတော့ သေချာပေါက် ပထမတန်းစားပဲပေါ့။

သူတို့၂ယောက်သည် သူတို့၏အစားအသောက်ကို အေးအေးလူလူပြီးစီးအောင် စားသောက်လိုက်ကြပြီး သာယာနာပျော်ဖွယ်သီချင်းသံကို နားထောင်ရင်း နေဝင်ဆည်းဆာချိန်ရှုခင်းကို ခံစားလိုက်ကြသည်။

ညရောက်လာသည့်အခါ ရှမြန်က ဘေလ် သွားရှင်းလိုက်ပြီးနောက် နဉ်ရှောက်ပိုင်၏လက်ကို ဆွဲကာ ဘိုကင်လုပ်ထားသည့် အလွှာဆီသို့ တက်လာခဲ့သည်။

နဉ်ရှောက်ပိုင်က မျက်လုံးကို စောင်းကြည့်လိုက်သည်တွင် သူမက အခန်းကတ်ကို ထုတ်လာသည်ကို မြင်လိုက်ရသဖြင့် အမှတ်တမဲ့ တုံ့ဆိုင်းသွားတော့၏။ "ဒီမှာဘာလုပ်မလို့လဲ"

ရှမြန်က သူ့လက်မောင်းကို အမြတ်တနိုး တွဲထားလိုက်ပြီး သူ့ကို မျက်လုံးမှိတ်ပြလိုက်ပြီနောက် ရှက်ရှက်ရွံ့ရွံ့ဖြင့် ပြောလိုက်၏။ "ကျွန်မက ကိုယ့်ဟာကိုယ် ရှင့်ကိုပေးမလို့လေ"

နဉ်ရှောက်ပိုင်...

သူမသူ့ကို စနောက်ကျီစယ်နေမှန်း သိနေသော်ငြားလဲ သတိလက်လွတ် ဖြစ်သွားဆဲဖြစ်ကာ ဒီထူးထူးဆန်းဆန်း မိန်းကလေးက ဘာလုပ်တော့မည် အကြောင်းအရာကို မသိနိုင်တော့သဖြင့် အလွန်စိုးထိတ်လာတော့သည်။

သူက မလှုပ်မယှက် ဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် ရှမြန်က သူမ၏မျက်လုံးများကို ဝိုင်းစက်နေအောင် ပြူးကျယ်ထားလိုက်ပြီး စွပ်စွဲတော့၏။ "ဘာဖြစ်လို့လဲ။ ရှင်က ဒီလက်ဆောင်ကို သဘောမကျဘူးလား"

နဉ်ရှောက်ပိုင်က သူမ၏ပခုံးကိုလှမ်းထိန်းထားလိုက်ပြီး သူမကို စိတ်အားထက်သန်စွာဖြင့် သတိပေးလိုက်သည်။ "ကိုတို့တွေ နောက်အစီအစဉ်အနေနဲ့ ရုပ်ရှင်သွားကြည့်ရမယ်ဆိုတာကိုလဲ မမေ့နဲ့ဦးနော်"

"ဪ ရှင်စိုးရိမ်နေတဲ့ဟာက အဲဒါလား" ရှမြန်က သူ့လက်မောင်းကို တွဲထားလိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အနောက်တွင် မည်သူမည်ဝါမှ မရှိသည်ကိုအတည်ပြုလိုက်ပြီးမှ ပဟေဠိဆန်ဆန် ပြောလိုက်တော့သည်။ "စိတ်မပူပါနဲ့။ ကျွန်မတို့တွေ ရုပ်ရှင်တစ်ခုကို ကြည့်မလို့ပါပဲ"

"ကျွန်မ လုပ်ထားတဲ့ရုပ်ရှင်က ရုပ်ရှင်ရုံမှာမပြသနိုင်ဘူးလေ။ ဒီတော့ ကျွန်မက အခန်းထဲမှာ ရှင်နဲ့အတူတူ တိတ်တိတ်လေးပဲကြည့်လို့ရတယ်"

"ရှင် အဲဒါကိုကြည့်ပြီးရင် ကျွန်မပေးတဲ့လက်ဆောင်ကို သဘောကျသွားလိမ့်မယ်။ ဒါက သေချာပေါက် အရမ်းလှတယ်နော်"

နဉ်ရှောက်ပိုင်...

စိတ်အေးရသည့်ခံစားချက် လုံးဝမထွက်လာချေ။ သူသည် နည်းနည်းလေးကြံရာမရ ဖြစ်နေတော့၏။

သူက ရုန်းကန်လိုက်သေးသည်။ "ရုပ်ရှင်နာမည်ကို ပြောပြလို့ရလား"

ရှမြန်က လက်ကိုဆွဲလိုက်ကာ တံခါးကိုဖွင့်ထားနေနှင့်ပြီးသား ဖြစ်ပြီး သူ့ကိုသိမှာပါ ဟူသည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်၏။ "ကြည့်လိုက်ရင် သိသွားမှာပေါ့။ ဟုတ်ပြီလား"

နဉ်ရှောက်ပိုင်သည် သူ့မျက်လုံးများကို မှိတ်ထားလိုက်ပြီး ပြောလိုက်သည်။ "မဟုတ်သေးဘူးလေ။ ကို မင်းနဲ့အပြန်အလှန် နားလည်မှုမရသေးဘူးလို့ ထင်တယ်"

သူကတော့ သူ၏စိုးရိမ်ပူပန်စိတ်ကို လျှော့ချဖို့ရန်အတွက် လက်တွေ့စမ်းသပ်ထားသည့် အချက်အလက်များကို စိတ်ထဲတွင် ကြိတ်ပြီးစဉ်းစားနေသည့်အချိန်တွင် ရှမြန်က ကိုယ်ကိုလှည့်လာကာ သူ့ကိုအခန်းထဲသို့ ဆွဲခေါ်လာခဲ့တော့၏။

ဒါသည် အကောင်းစားအခန်းတစ်ခု ဖြစ်ပြီး အိပ်ခန်းကိုလဲ အလွန်အသက်ဝင်နေအောင် အလှဆင်ထားသည်။ ရှမြန်က သူ့ကို အသည်းပုံခေါင်းအုံးများ ဖြည့်ထားသည့်ဆိုဖာပေါ်သို့ တွန်းချလိုက်ပြီး ဝမ်းသာအားရပြောလိုက်၏။ "ဟက်ပီးဘက်ဒေးနော် ဒေါက်တာနဉ်"

ထို့နောက်တွင်တော့ သူမက တီဗီရီမုကွန်ထိရိုးလ်ကို ကောက်ယူလိုက်ပြီး သူ့ဘေးတွင်ထိုင်ချကာ အပြုံးဖြင့်ပြောလိုက်သည်။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ အဆင်သင့်ပြင်ထားတော့နော်။ ရုပ်ရှင်စတော့မယ်"

ပြောရင်းဆိုရင်း သူမက သူ့ပေါင်ကို လှမ်းပုတ်လိုက်သည့်အခါ နဉ်ရှောက်ပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားပြီး သူသည် လက်ကိုမြှောက်ကာ သူမကိုပင် မပွေ့ဖက်ရဲတော့ချေ...

ရှမြန်က တိတ်တိတ်လေး ခိုးရယ်လိုက်ကာ ပါဝါခလုတ်ကို နှိပ်လိုက်သည်။ တီဗီက ချက်ချင်းဆိုသလို သူမလိုချင်သည့် ပုံရိပ်များကို ပြသလိုက်၏။

နဉ်ရှောက်ပိုင်၏ခြံဝင်းထဲက မြင်ကွင်းတစ်ခုဖြစ်သည်။ နဉ်ရှောက်ပိုင်သည် ရင်းနှီးနေသည့်မြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်မိပြီး ဒါက ဒီဗီတစ်ခုဖြင့် ရိုက်ထားသည့် ဗီဒီယိုအတိုလေးတစ်ခုဖြစ်မှန်း သဘောပေါက်သွားတော့၏။

ရှမြန်က အသံထွက်ကာ ရယ်မောလိုက်ပြီး သူ့ကိုယ်ပေါ်သို့ မှီချလိုက်လေသည်။ "ဒေါက်တာနဥ် ရှင်ခုနတုန်းက ဘာတွေစဉ်းစားနေတာလဲ။ ရှင် အရမ်းကို လန့်ဖျပ်နေတာနော်"

နဉ်ရှောက်ပိုင်က သူမ၏ပခုံးကိုလှမ်းဆွဲလိုက်ပြီး သူမ၏ဆံပင်ကို ခပ်ကြမ်းကြမ်း ဆွဲဖွလိုက်ပြီးနောက် သူမကို လည်ပင်းညှစ်သတ်ချင်စိတ်ပင် ဖြစ်သွားတော့သည်။ "မင်းဟာလေ။ နေ့တိုင်း ငါ့ကို ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ သိနေတာပဲ"

ရှမြန်ကတော့ ပြုံးလိုက်ပြီး သူ့လက်ကိုသူမ၏လက်ထဲသို့ ထည့်ထားလိုက်၏။ ရုပ်ပုံကားချပ်ပေါ်တွင် ပေါ်လာသည့် ပထမဦးဆုံးလူမှာ နဉ်ရှောက်ယွင်ဖြစ်သည်။

"ဟယ်ပီးဘက်ဒေးနော် ရှောက်ပိုင်"

ဒီအခြေအနေသို့ ရောက်လာသည်တွင် နောက်ပြောမည့် စကားလုံးများက အနည်းငယ် ပြောရန်ခက်ခဲနေသယောင် ရှိ၏။ သို့သော်ငြားလဲ တီဗီနောက်ကလူက သူမကို အားပေးလိုက်တာ သိသာသည်။ ခဏအကြာတွင် သူမသည် နောက်ဆုံးတော့ တစ်ဖန်ဆက်ပြီးပြောလိုက်၏။ "နှစ်တွေအကြာကြီး ငါ့ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင်က လောကကြီးမှာ အကောင်းဆုံး မောင်လေးပါ" ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် တောက်ပစွာပြုံးလိုက်သည်။

မြင်ကွင်းက နဉ်ရှောက်ယွင်ထက် ကိုယ့်ဟာကိုယ်ဖော်ပြရသည်က ပိုပြီးတော့ ဆိုးရွားသည့် ကျိုးရွှယ်၀မ်ဘက်သို့ ရောက်သွား၏။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် သူ၏ဂရုစိုက်မှုနှင့် ချစ်ခြင်းတရားကို ချောချောမွေ့မွေ့ ဖော်ပြနိုင်သည့်လူများမှာ နဥ်ရှောက်ယွင်နှင့် ချန်းချန်းသာ ဖြစ်လေသည်။ သူသည် တခြားသူများကိုတော့ တစ်ပုံစံတည်းသာ ဆက်ဆံနေသေး၏။

ဒီအခိုက်အတန့်မှာကဲ့သို့ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တောင့်တင်းနေကာ စကားလုံးဝမပြောနိုင်ချေ။ ထို့နောက်တွင်တော့ သူသည် ခြိမ်းခြောက်ခံလိုက်ရသည့်နှယ် ဘာအမူအရာမှမပါဘဲ အသံအတက်အကျမရှိ အချိန်ခဏလောက် ပြောလိုက်၏။

"နဉ်ရှောက်ပိုင် ဟက်ပီးဘက်ဒေး။ အင်း။ မင်းက ဒီလောကထဲမှာ ငါ့ရဲ့အကောင်းဆုံးယောက်ဖပဲ"

နဉ်ရှောက်ပိုင်သည် သူ၏ရုပ်ကိုမြင်လိုက်ရသည့်အခါ မနေနိုင်ဘဲ ရယ်မောမိတော့ပြီး ခန္ဓာကိုယ်ပါ လှုပ်ရှားသွားတော့၏။ သူကခေါင်းကိုငုံ့လိုက်ပြီး ရှမြန်ကိုမေးလိုက်လေသည်။ "ဘယ်လိုလုပ်ပြီးတော့ သူ့ကို ဒီလိုစကားမျိုး ပြောခိုင်းနိုင်ရတာလဲ"

သူသာ ကျိုးရွှယ်ဝမ်ကဲ့သို့ ထိုသို့ပြုလုပ်ခိုင်းဖို့ရန် ပြောခိုင်းသည့်အချိန်တွင်လဲ မည်သည့်ပုံစံ ဖြစ်နေမည်ကိုပင် စိတ်ကူးကြည့်နိုင်လေသည်... သူသည် မနေနိုင်တော့ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများထသွားတော့၏။

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ကျွန်မတို့တွေ အစ်မနဥ်ရဲ့ အကူအညီကို တောင်းလိုက်ရုံပဲ မဟုတ်လား"

နဉ်ရှောက်ပိုင်မှာ အရယ်မရပ်တော့ပေ။ တီဗီပေါ်မှရုပ်ပုံသည် ချန်းချန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်ကလေးကကင်မရာကို အိန္ဒြေရရဖြင့် ပြောလိုက်သည်။ "ဦးဦး မွေးနေ့မှာပျော်ရွှင်ပါစေ။ ဦးဦးက လောကကြီးမှာ အကောင်းဆုံးဦးဦးပဲ"

ထို့နောက် ကင်မရာက ဇာတ်ကြောင်းပြောသူ ရှောင်ဖုန်းဆီသို့ လှည့်သွား၏။ ရှောင်ဖုန်းက သူ၏ဝိုင်းစက်နေသည့် မျက်လုံးလေးများကို ကွေးထားပြီး သိမ်သိမ်မွေ့မွေ့ လိမ်လိမ်မာမာလေးဖြင့် ပြောလိုက်သည်။ "ဦးဦးနဥ် မွေးနေ့မှာပျော်ရွှင်ပါစေ။ ဦးဦးက လောကကြီးမှာ အကောင်းဆုံးဦးဦးနဥ်ပဲ"

ထို့နောက် ကင်မရာ လှည့်လာဖို့ရန် မစောင့်နိုင်ဖြစ်နေသည့် မောက်ဟွေ့ကျူးဖြစ်သည်။ "အစ်ကိုနဥ် အစ်ကိုက အကောင်းဆုံးအစ်ကိုနဥ်ပဲ"

"ဪ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပြောဖို့မေ့သွားတယ်" ထိုနောက်တွင်တော့ သူမသည် ကင်မရာကို လှမ်းကာ အော်ပြောလိုက်လေသည်။ "မွေးနေ့မှာ ပျော်ရွှင်ပါစေနော်။ အစ်ကိုနဉ်"

ထိုနောက်တွင်တော့ ကင်မရာမြင်ကွင်းသည် ရုံရှင်း၏အိမ်သို့ ပြောင်းလဲသွား၏။ ရုံရှင်းက ကလေးတစ်ယောက်လို လက်ဝှေ့ရမ်းပြလိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုပိုင် ဟက်ပီးဘက်ဒေး။ အစ်ကိုက ဒီလောကကြီးထဲမှာ အကောင်းဆုံးအစ်ကိုပိုင်ပဲ။ ကျွန်တော်ကတော့ အစ်ကို့နောက် တစ်သက်လုံးလိုက်သွားချင်တယ်"

...

နောက်ပိုင်းတွင်တော့ ရုံရှင်းက သူ့အတွက် အိမ်သို့ မိတ်ဆွေနှင့် နိုင်ငံခြားမှ သူငယ်ချင်းများကိုလဲ ဆက်သွယ်ပေးခဲ့ကာ ထိုလူအများစုကိုတော့ ရှမြန်က မသိချေ။

နဉ်ရှောက်ပိုင်၏ မျက်နှာပေါ်က အပြုံးသည် အချိန်တစ်ခုတွင်တော့ ပျောက်ကွယ်သွားခဲ့၏။ သူက တီဗီစခရင် နှင့်သူ့သူငယ်ချင်းများကို လေးနက်စွာ ကြည့်လိုက်လေသည်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။ လောကကြီးမှာ အကောင်းဆုံးပဲ ဟူသည့်စကားလုံးကို အတူတူယှဥ်တွဲလိုက်သည့်အခါ သူ့ကိုထိုမျှလောက် ခံစားချက်များ ပြည့်လျှံလာစေပြီး သူ့ကိုကံကောင်းရစေမည် ဟုလုံးဝမသိခဲ့ချေ။ သူ့ရင်ဘတ်ထဲတွင် ခံစားချက်နှင့်ကျေနပ်မှုများ ပြည့်လျှံသွားပြီး သူ့နှာခေါင်းမှာ မွှန်ထူလာတော့သည်။

သူက ရှမြန်ကို ငုံ့ကြည့်လိုက်၏။ သူမကလဲ အစောကြီးကတည်းက အပြုံးကို ရပ်တန့်ထားပြီးသား ဖြစ်ကာ သူမ၏မျက်ဝန်းများကလဲ အနည်းငယ် စွတ်စိုနေသည်။

သူမက မတ်မတ်ထိုင်လိုက်ပြီး သူမ၏လက်ထဲတွင် သူ့မျက်နှာကို အပ်ထားလိုက်ပြီးနောက် တလေးတနက်ပြောလိုက်၏။ "ဒါက ကျွန်မတို့တွေ တွဲလာပြီးကတည်းက ရှင့်ရဲ့ ပထမဦးဆုံးမွေးနေ့လေ။ ကျွန်မက ရှင့်ကို ဒီလောကကြီးထဲက အကောင်းဆုံးအရာကိုပဲ ပေးချင်တာ"

"ဒါပေမဲ့ အချိန်အကြာကြီး စဉ်းစားပြီးတဲ့အခါမှာ ရှင်က လောကကြီးထဲမှာ ‌အကောင်းဆုံးလူ ဖြစ်နေတယ်လို့ ခံစားမိတယ်လေ"

"ဒါကြောင့် ကျွန်မလဲ လူအများကြီးကိုရှာပြီး ရှင့်ကိုဒီတစ်ချက်ကို ပြောပြခိုင်းတော့တာပေါ့"

ရှမြန်က သူမ၏ခေါင်းလေးကိုမော့လိုက်ကာ သူ့မျက်လုံးများအပေါ် အနမ်းခြွေလိုက်ပြီးနောက် ပြုံးပြီးပြောလိုက်လေသည်။ "ဟက်ပီးဘက်ဒေး ဒေါက်တာနဉ်။ ရှင်က ဒီလောကထဲမှာ အကောင်းဆုံးချစ်သူပဲ"

"မြန့်မြန်..."

နဉ်ရှောက်ပိုင်က သူမ၏မေးစေ့လေးကိုညှစ်ထားလိုက်ပြီး သူမကို ပြင်းပြစွာ ရုတ်တရက် နမ်းရှိုက်လိုက်လေသည်။ သူမကို သူ၏၀မ်းဗိုက်ထဲသို့ မျိုချလိုက်သည်ကသာ သူ့ရင်ထဲက ပေါက်ကွဲတော့မည့် စိတ်ခံစားချက်များအားလုံးကို လွှတ်ချနိုင်လိမ့်မည်ဟု ခံစားနေရသည်။

ရှမြန်က အသက်ရှူရပ်လုနီးပါး မဖြစ်ခင်အထိ သူတို့နှစ်ယောက်သည် မခွဲလိုက်ကြပေ။ စကားတစ်ခွန်းမှ မပြောဘဲ ရှမြန်က ထရပ်လိုက်ပြီး သူ့ကို အိပ်ခန်းထဲသို့ဆွဲခေါ်သွား၏။

နဉ်ရှောက်ပိုင်သည် သူမနောက်မှနေ၍ အိပ်ခန်းထဲသို့ လိုက်ပါလာကာ ထိုအချိန်နောက်မှ အနည်းငယ် သတိ၀င်လာတော့သည်။ သူက ရပ်တန့်ဖို့ ရန်ရုန်းကန်လိုက်၏။ "မြန့်မြန်..."

ရှမြန်က ကိုယ်ကိုလှည့်လိုက်ပြီး ညှို့ငင်နေသည့်အကြည့်များဖြင့် ကြည့်လိုက်လေသည်။ "ဘာဖြစ်လို့လဲ။ ရှင်က ကျွန်မရဲ့လက်ဆောင်ကို တကယ်ပဲ လက်မခံချင်တော့ဘူးလား"

သူမ၏မျက်၀န်းများသည် တလက်လက်တောက်ပနေပြီး သူမ၏နှုတ်ခမ်းများက နှင်းဆီရောင် သန်းနေပြီး စွဲမက်ဖွယ်ကောင်းနေဆဲဖြစ်ကာ နဉ်ရှောက်ပိုင်၏ လည်ဇလုတ်မှာ လိမ့်တက်သွားတော့သည်။

သို့သော်ငြားလဲ သူက ထပ်ပြီးမရုန်းကန်ရသေးခင်မှာပင် ရှမြန်က သူ့ကို အိပ်ခန်းထဲသို့ဆွဲခေါ်သွားခဲ့ပြီး ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။ "ရှင် ဒါကို မလိုချင်ဘူးဆိုရင်တောင်မှ လက်ခံရမှာပဲ"

နဉ်ရှောက်ပိုင်သည် ရောင်စုံကြိုးမျှင်လေးများ အပြည့်ဖြစ်နေသည်ကို ရုတ်တရက်သိလိုက်ရကာ သူ့မျက်လုံးများက တအံ့တဩ ဝိုင်းစက်သွားတော့၏။

အခန်းသည် သူ စိတ်ကူးထားသကဲ့သို့ ဆွဲဆောင်မှုရှိနေသည်တော့ မဟုတ်ချေ။

မျက်နှာကျက်ပေါ်တွင် မိုးပျံပူပေါင်းများနှင့် ပြည့်နေသည်။ ဘောလုံးများနှင့် တွဲချည်ထားသည့် ကြိုးတစ်ချောင်းချင်းစီတွင် တွဲချည်ထားသည့် ဓာတ်ပုံတစ်ပုံပါရှိပြီး ဓာတ်ပုံအောက်တွင်တော့ ပုံသဏ္ဌာန်အမျိုးမျိုး ခေါက်ထားသည့် ရောင်စုံစက္ကူခေါက်လေးများ ပါရှိ၏။

နဉ်ရှောက်ပိုင်၏ နှလုံးသားသည် လှုပ်ရှားသွားပြီး သူသည် ရှမြန်ကို လှမ်းကြည့်လိုက်လေသည်။

ရှမြန်က သူမ၏ခေါင်းလေးကို စောင်းလိုက်ကာ ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် သူ့ကိုကြည့်လိုက်၏။

"ဒေါက်တာနဉ် ရှင် ခုနကတုန်းက ဘာမကောင်းတာတွေ စဉ်းစားနေတာလဲ"

နဉ်ရှောင်ပိုင်က သူ့လက်ကိုဆန့်လိုက်ကာ သူ့အပေါ်တွင် လှည့်ကွက်များဖြင့် လာကစားနေသည့် အဆိုးလေးကို လှမ်းဖမ်းချင်စိတ် ဖြစ်သွား၏။ သို့သော်ငြားလဲ ရှမြန်က သူ့ရှေ့ကို အနီရောင်ကြိုးလေးကို တွန်းထုတ်လိုက်သည်ကို တွေ့လိုက်ရလေသည်။

နဉ်ရှောက်ပိုင်က မှင်တက်အံ့ဩသွား၏။

သူက တယောတစ်လက်ကို ကိုင်ထားကာ သူမကတော့ ဒရမ်အနောက်ဘက်တွင်ထိုင်နေပြီး သူတို့၏ မျက်လုံးများက အချင်းချင်း ဆုံတွေ့နေကြပြီး တောက်ပစွာပြုံးပြနေသည့် ဓာတ်ပုံလေးတစ်ပုံဖြစ်၏။

ထိုမြင်ကွင်းက အဘိုးရုံ၏ မွေးနေ့ပွဲပါတီထဲတွင် ဖြစ်သည်။ ထိုဓာတ်ပုံကို ပွဲသို့တက်ရောက်လာသည့် ဓာတ်ပုံဆရာတစ်ယောက်က ရိုက်ယူထားတာဟု ထင်လိုက်၏။ ရှမြန်က ထိုဓာတ်ပုံကို မည်သို့ ရှာတွေ့ခဲ့သည်ကိုတော့ မသိရချေ။

နဉ်ရှောက်ပိုင်သည် ဓာတ်ပုံကိုစိုက်ကြည့်နေလိုက်၏။ သူသည် ဒီလိုဖုံးကွယ်မထားသည့် အပြုံးတစ်ခုကို ဖော်ပြလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

အမှတ်တမဲ့ ဓာတ်ပုံအောက်က တွဲချည်ထားသည့် ပန်းရောင်စာလေးကို ဖွင့်လိုက်မိသည်။ [ရှင်က red person တစ်ယောက်နဲ့ ပိုပြီးတော့ နီးကပ်လာလေလေ ပိုပြီးတော့ ချိုမြိန်လာလေလေပဲ။ ဒေါက်တာနဉ် ရှင်က ကျွန်မရဲ့ဘ၀ထဲမှာ အချိုမြိန်ဆုံးပျားရည်စက်ပဲ]

နဉ်ရှောက်ပိုင်၏ နှုတ်ခမ်းထောင့်သည် ထိန်းမရအောင် ကွေးတက်သွားပြီး သူသည် သူ့ရှေ့ကမိန်းကလေးကို မည်သို့ပြန်တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။ သူက သူ့လက်ကိုလှမ်းလိုက်ကာ သူမကို သူ့ရင်ခွင်ထဲသို့ ပွေ့ဖက်ထားလိုက်ပြီး သူမ၏ခေါင်းလေးကို အနမ်းပေးလိုက်ပြီးနောက် စာကို တစ်ခုချင်း တစ်ခုချင်း ကြည့်လိုက်လေသည်။

ရှမြန်၏အမြင်တွင် သူကိုယ်တိုင်၏ မတူညီသည့်ပုံစံအမျိုးမျိုးကို မြင်လိုက်ရ၏။

ဆေးရုံစင်္ကြံပေါ်တွင် ဆရာဝန်များနှင့် သူနာပြုဆရာမများက နောက်ကလိုက်ပါလာသည့် အဖြူရောင်ကုတ်အင်္ကျီ ဝတ်ထားသည့်လူတစ်ယောက်။ သူ့အမူအရာသည် သိသိသာသာ ခပ်တန်းတန်း ဖြစ်ပြီး အေးစက်သော်ငြားလဲ ပြတင်းပေါက်ဘက်မှ ၀င်ရောက်လာသည့် နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးသည့် ရွှေရောင်အတန်းလေးတစ်လွှာ ဖြာကျနေ၏။ ဓာတ်ပုံရိုက်နေသူ၏ အမြင်တွင်တော့ ဒါသည် သူ၏ချောမောခန့်ညားမှု နောက်တစ်မျိုးသာ ဖြစ်တော့သည်။

[ဒေါက်တာနဉ် ကျွန်မဆီ ရောက်လာပြီးတော့ ကျွန်မရဲ့လောကကို အရမ်းလှပသွားအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်]

နဉ်ရှောက်ပိုင်သည် ရှမြန်၏ခေါင်းလေးကို မနေနိုင်ဘဲ ထိကိုင်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။

"မင်းရောပါပဲ"

ရှမြန်က ရှက်ရှက်ဖြင့် ပြုံးပြလိုက်ကာ ထိုအရာကပင်သူမအတွက် ရှားပါးသည့် အခိုက်အတန့် ဖြစ်လေသည်။

နဉ်ရှောက်ပိုင်က ခပ်တိုးတိုးရယ်မောလိုက်ပြီး သူကားမောင်းနေသည့် ဓာတ်ပုံတစ်ပုံဖြစ်ပြီး နောက်ထပ် အဝါရောင်ကြိုးတစ်ချောင်းကို လှမ်းဆွဲလိုက်သည်။

သူသည် ဒီအချိန်ကို မှတ်မိနေသေးသည်။ သူသည် သူမကို ကျောင်းကနေ သွားကြိုခဲ့ပြီး ကျောင်းအနီးနားက ရဲစခန်းကို ဖြတ်မောင်းလာသည့်အချိန်တွင် သူမက ရုတ်တရက် ပြောခဲ့သေးသည်။ ‌"နောက်ဆိုရင် ရှင်ဒီနေရာကိုလာပြီး ကျွန်မကို လာကြိုပေးနိုင်မဲ့ အခွင့်အရေးများ ရှိပါ့ဦးမလား မသိဘူးနော်"

ထိုအချိန်ကလဲ သူမ၏စကားကြောင့် သဘောမကျဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရသေးသည်။ သူသည် ခေါင်းကိုလှည့်ကာ သူမကို ကြည့်လိုက်သည့်အချိန်တွင် သူမက ကင်မရာခလုတ်ကို မြန်မြန်နှိပ်လိုက်၏။

[...ရှင်က ကျွန်မကို တစ်သက်တာအကျဉ်းချဖို့ အမိန့်ချမှတ်ခဲ့မယ်ဆိုရင် ကျွန်မကလဲ အဲဒီအမိန့်ကို နာခံပါမယ်။ ဝါဒါနဉ် (လေးစားပါတယ်)]

နဉ်ရှောက်ပိုင်သည် မနေနိုင်တော့ဘဲ သူ့မ၏ပခုံးကို လှမ်းဖျစ်ညှစ်လိုက်ကာ သူ့အသံက အနည်းငယ် တိမ်၀င်နေ၏။ "ဒါဆိုရင်တော့ မင်း လိမ္မာဖို့မျှော်လင့်ပါတယ်"

ရှမြန်က အပြုံးဖြင့် မော့ကြည့်လိုက်သည်။ "ကျွန်မက လိမ္မာတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်မယ်လို့ ရှင်က ထင်သလား"

နဉ်ရှောက်ပိုင်က ခေါင်းကိုငုံ့လိုက်ကာ သူမ၏နှုတ်ခမ်းကို ဖျတ်ခနဲ အနမ်းပေးလိုက်လေသည်။

"လိမ်လိမ်မာမာနေ။ မဟုတ်ရင်တော့ မင်းက ကို့ရဲ့အပိုင်ပဲ"

...

နေ၀င်သွားပြီး မှောင်ရီဖျဖျအချိန်တွင် သူသည် လေကာအင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားကာ လမ်းအဆုံးတွင် ပေါ်ထွက်လာပြီး သိမ်မွေ့နေသည့်ရုပ်သွင်လေးဖြင့် ကင်မရာရှိရာကို လှမ်းကြည့်နေ၏။

နဉ်ရှောက်ပိုင်သည် အိမ်တံခါးနားတွင် အပြုံးဖြင့် သူ့ကိုနှုတ်ဆက်နေသည့် သူမကို မြင်လိုက်ရသည့်အချိန်တွင် တစ်နေ့တာသူ၏ ပင်ပန်းနွမ်းနယ်မှုများအားလုံးက ပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်သည့် ထိုပျော်ရွှင်မှုကိုလဲ မှတ်မိနေသေး၏။

...[ကျွန်မတို့တွေ အသက်အိုမင်းပြီး ဆံဖြူသွားကျိုးသွားတဲ့ အချိန်အထိ ကျွန်မရှင့်ကိုဒီလိုပဲ ကြိုဆိုနိုင်ဖို့မျှော်လင့်တယ်]

တော်တော်လေးကို မြင်မကောင်းအောင်ရှိလှသည့် ဓာတ်ပုံတချို့လဲ ပါသေးသည်။

နွေလယ်ခေါင် ပူပြင်းနေသည့် နေရောင်အောက်တွင် သူသည် ပင်မအခန်း၏တံခါးနားက ပက်လက်ကုလားထိုင်ပေါ်တွင် တရေးတမောအိပ်နေသည်။

နဉ်ရှောက်ပိုင်က ခေါင်းကိုငုံ့လိုက်ပြီး အပြုံးဖြင့်ရှမြန်ကို လှမ်းကြည့်လိုက်၏။

သူမသည် ဒီလိုပုံ‌စံလေး ရအောင် မည်မျှကြိုးစားထားသည်ကို သူ့မှာ မသိတော့ချေ။ သူသည် ရှပ်အင်္ကျီတစ်ထည်ကိုသာ ၀တ်ဆင်ထားပြီး သူ၏အိပ်နေသည့် ကိုယ်နေဟန်ထားက ပုံမှန်ဖြစ်သော်ငြားလဲ ဓာတ်ပုံဆရာ၏ မျက်လုံးများကတော့ သူ၏ရင်ဘတ်နှင့် ၀မ်းဗိုက်ဆီသို့သာ အာရုံ‌ရနေပြီး သူသည် တစ်ကိုယ်လုံး ဆွဲချွတ်ခံထားရသလို ခံစားနေရတော့သည်။

ရှမြန်က ပြုံးကာပြောလိုက်သည်။ "ဒေါက်တာနဉ်ရဲ့အလှအပက သေချာပေါက် အရာအားလုံး ပါတာပေါ့။ ကျွန်မက ရှင်နဲ့ပက်သက်တဲ့ အရာအားလုံးကို သဘောကျတယ်လေ"

သူသည် အလွန်မှ ယုံကြည်ချက်ရှိရှိဖြင့် လူမိုက်လေးတစ်ယောက်လို ပြုမူနေ၏။ သူမသည် အမှန်ပင် ရှမြန်သာဖြစ်တော့သည်။

နဉ်ရှောက်ပိုင်က ဓာတ်ပုံအောက်ကစာကို ဖွင့်ဖတ်လိုက်သည်... [ဒေါက်တာနဉ် ရှင်က ကျွန်မတစ်ယောက်တည်း အတွက်ပဲနော်]

နဉ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီး အသိမပေးဘဲ သူ့ခေါင်းကိုငုံ့လိုက်ကာ သူမကို အနမ်းခြွေလိုက်လေသည်။ ဒါသည် မပြင်းပြသော်ငြားလဲ သူမ၏စိတ်ဝိညာဉ်ကို ဖမ်းဆုပ်လိုက်သယောင်ရှိ၏။

ခဏအကြာတွင်တော့ သူသည် နောက်ဆုံးတော့ သူမကို လွှတ်ပေးလိုက်ကာ သူမ၏ ရီဝေဝေမျက်လုံးလေးများကို ထိကိုင်လိုက်ကာ ပြောလိုက်၏။ "ဒါက ဆုချတာ"

...

ဓာတ်ပုံ အပုံ၅၀၊ စာအစောင် ၅၀။

နောက်ဆုံးတွင်တော့ သူသည် အိပ်ရာဆီသို့လျှောက်သွားလိုက်ပြီး ထိုနေရာတွင် လှလှပပ ထုပ်ပိုးထားသည့် စန္ဒကူးသားဘူးလေးတစ်ခုရှိကာ နဉ်ရှောက်ပိုင်က ရှမြန်ကို ပေးခဲ့သည့်ဘူးထက် အများကြီးပိုပြီးကြီးလေသည်။

နဉ်ရှောက်ပိုင်သည် တစ်ခုခုကို ခံစားလိုက်ရပြီး ရှမြန်ကိုကြည့်လိုက်၏။

ရှမြန်ကလဲ သူ့လက်မောင်းကို လှမ်းကိုင်လိုက်ကာ သူမ၏ခေါင်းကို စောင်းထားလိုက်ပြီး ပြုံးပြလိုက်သည်။ "ကျွန်မက ရှင့်ကို အချစ်ကြွေးတွေထည့်ထားတဲ့ သေတ္တာကို ပြန်ပေးမလို့လေ။ ဒေါက်တာနဉ် ကျေးဇူးပြုပြီးတော့ ဒါကို သေသေချာချာလေး သိမ်းပါနော်"

နဉ်ရှောက်ပိုင်၏ မျက်လုံးနှင့် မျက်ခုံးများအားလုံးက ပြုံးသွားတော့၏။ "မင်းက ဒါကို မယုံဘူးလား"

"အဲဒါက အတိတ်ကအကြောင်းအရာပါ" ရှမြန်က အပြုံးဖြင့်ပြောလိုက်သည်။ "အခု ရှင်က ကျွန်မရဲ့ချစ်သူပဲလေ။ ကျွန်မက ရှင်ပြောသမျှအရာ အားလုံးကို ယုံတာပေါ့"

"ဒီအပြင်..." သူမက ခြေဖျားထောက်လိုက်ကာ သူ၏မေးဖျားလေးကို အနမ်းပေးလိုက်ပြီး "ဒါက ခက်ခဲလိမ့်မယ်လို့တော့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ တကယ်လို့ ကျွန်မသာ ရှင့်ကို စာရေးပေးရမယ်ဆိုရင် ပမာဏက ၂ဆဖြစ်နေရင်တောင်မှ ဒါက ကြီးကြီးကျယ်ကျယ်ကိစ္စ မဟုတ်ဘူး လို့ထင်တယ်"

သူမ ပြောလိုက်သည့်စကားက အမှန်ဖြစ်သည်ကို သက်သေပြနေသည့်နှယ် ရှမြန်သည် စားသောက်ဆိုင်ထဲတွင် သူမ ရိုက်ယူထားခဲ့သည့်ဓာတ်ပုံများကို ထုတ်လာခဲ့၏။ နဉ်ရှောက်ပိုင်က ဒီတစ်ကြိမ်တွင် ဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ သူမယူလာခဲ့သည့် ပိုလာရွိုက်ကင်မရာသည် နာမည်ကြီးဆယ်လီဘရက်တီများကိုင်သည့် ပစ္စည်းတစ်ခုနှင့် တူညီသလိုခံစားလိုက်ရပြီး ထိုဓာတ်ပုံထဲတွင်ပင် သူက အင်မတန်မှ ချောမောနေသည် ဟုခံစားလိုက်ရတော့၏။

ရှမြန်က ဘောလ်ပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်ကာ သူ့ကိုလှမ်းကြည့်လိုက်ပြီး အပြုံးဖြင့် ချရေးလိုက်သည်။ "ကျွန်မက ဒီလောကထဲက လှပတဲ့အရာအားလုံးကို သဘောကျတယ်။ အထူးသဖြင့်ရှင်ပဲ! ဒေါက်တာနဉ်"

နောက်ဆုံးတော့ သူမသည် စာကို စန္ဒကူးသားသေတ္တာလေးထဲသို့ ထည့်လိုက်ပြီး သူမ၏ခေါင်းလေးကို စောင်းလိုက်ကာ နဉ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်၏။ "ကျွန်မရဲ့ကျန်နေတဲ့ဘ၀ သက်တမ်းက ရှည်ပါသေးတယ်။ ကျွန်မ ရှင့်အပေါ်တင်ထားတဲ့ အချစ်ကြွေးတွေကို ၂ဆပြန်ပေးမယ်။ ကျွန်မတို့ရဲ့အနာဂတ်အတွက် ဆုတောင်းပေးနော်"

...

All Chapters