အခန်း (၂၀၈-၂၁၀)
Vol. 14 Ch. 208-210
အပိုင်း (၂၀၈)
နဥ်ရှောက်ပိုင်၏ မွေးနေ့ပြီးသွားပြီး သိပ်မကြာခင်တွင် ရှောင်ဖုန်းနှင့် သူ့သူငယ်ချင်းများ၏ မိဘဆရာတွေ့ဆုံပွဲကို ကျင်းပခဲ့သည်။
ရှမြန်သည် အထက်တန်းကျောင်းတက်သည့်အချိန်က အချိန်အများကြီး မရခဲ့သဖြင့် ရှ၀မ်ယွဲ့ သို့မဟုတ် နဥ်ရှောက်ယွင်ကသာ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့နှင့်အတူ မိဘဆရာတွေ့ဆုံပွဲသို့ တက်ရောက်တတ်သည်။
နောက်ဆုံးတွင်တော့ ဒီတစ်နှစ်တွင် သူမသည် အချိန်လည်း ရှိလာသည်။ ထိုကြောင့် သူမက လူကိုယ်တိုင်သွားရပေမည်။
ရှမြန်က သူ့အတွက် မိဘဆရာအစည်းအဝေးကို တက်ရောက်မည်ဟု ကြားလိုက်သည့်အခါ ရှောင်ဖုန်းက ဝမ်းသာအားရထခုန်၏။ "တကယ်လား အန်တီလေး။ အန်တီလေး လာမှာလား"
ထို့နောက်တွင်တော့ သူက လိမ္မာသိတတ်စွာဖြင့် မေးပြန်သည်။ "အန်တီလေး။ အန်တီလေး အတန်း မရှိဘူးလား"
"ဟင့်အင်း။ အဲဒီနေ့ကျရင် အတန်းမရှိဘူး" ထိုနေ့နေ့လယ်ခင်းတွင် နိုင်ငံရေးသိပ္ပံအတန်းတစ်ခု ရှိသော်ငြားလည်း သူမ၏အတန်းဖော်က သူမအတွက် တက်ရောက်ကြောင်း ပြုလုပ်ပေးနိုင်သည်။
"ဟားဟား"ကလေးက ခပ်တိုးတိုးလေး ရယ်မောလိုက်ကာ သူမ၏ခါးလေးကို ပွေ့ဖက်လိုက်ပြီး ဝမ်းသာအားရ ခြေဆောင့်လိုက်၏။ "အန်တီလေး သားစာမေးပွဲမှာ ပထမရတယ်"
ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြုံးပြလိုက်၏။ "ဟုတ်ပြီ။ အန်တီလေးကလည်း ဆရာမရဲ့ ချီးကျူးစကားကို သွားပြီးတော့ လက်ခံမှာလေ။ ဆရာမက သားကို အမြဲတမ်းချီးကျူးတယ်လို့ အန်တီလေးကလည်း ကြားထားသားပဲ။ ဒါပေမဲ့ အန်တီလေးကတော့ တစ်ခါမှ မရဖူးဘူးလေ" ရှောင်ဖုန်းက တခစ်ခစ်ရယ်မောလိုက်ပြီး သူ့ခေါင်းလေးနှင့် သူမ၏ခါးလေးကို ပွတ်သပ်လေသည်။
ရှမြန်၏နှလုံးသားလေးမှာ အရည်ပျော်တော့၏။
မိဘဆရာတွေ့ဆုံပွဲနေ့တွင် နည်းနည်းလေး ပိုပြီးရှေးရိုးဆန်သည့် အဝတ်အစားတစ်စုံကို ဝတ်ဆင်လိုက်ပြီး မိတ်ကပ်ကိုလည်း ပါးပါးလေး လိမ်းထားလိုက်သည်။
အမှန်အတိုင်း ပြောရလျှင်တော့ သူမ၏၂ဘဝတာကာလအတွင်းတွင် မိဘဆရာအစည်းအဝေးကို တက်ရောက်ရသည်က ပထမဦးဆုံးအကြိမ်ဖြစ်သည်။ သူမအတွက် နည်းနည်းလေးတော့ အသစ်အဆန်း ဖြစ်နေ၏။
သူမသည် စောစောရောက်လာခဲ့ပြီး ကလေးများက အခန်းတွင်းသန့်ရှင်းရေးများ လုပ်နေကြသည်။ ရှမြန်က ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လိုက်သည့်အခါ ကလေးများက သန့်ရှင်းရေးလုပ်ရင်း၊ အချင်းချင်းရန်ဖြစ်တမ်း ကစားနေကြသည့် စာသင်ခန်းလေးတစ်ခုကို တွေ့လိုက်ရ၏။
မောက်ဟွေ့ကျူးက အတန်းဖော်၄၊ ၅ယောက်နှင့်အတူ ရှိနေသည်။ သူတို့သည် တံမြက်စည်းလက်ကိုင်အဖျားကို သူတို့၏လက်ညှိုးပေါ်တွင် ထောက်ထားပြီး မတ်မတ်လေးထောင်ကာ ဘယ်သူက အရင်ဆုံး ပြုတ်ကျသွားသနည်းဟု ယှဉ်ပြိုင်နေကြသည်။ အရင်ဆုံး ပြုတ်ကျသွားသည့်သူက အမှိုက်များကို ရှင်းလင်းရမည့်နှယ်ပင်။
ချန်းချန်းနှင့် တချို့သောကောင်ကလေးများက ကြမ်းပြင်ပေါ်တွင် ကြမ်းတိုက်နေကြသည်။ သူတို့သည် ကြမ်းတိုက်တံနှင့် ကြမ်းတိုက်နေကြရင်းက ကြမ်းတိုက်တံပေါ် တက်ရပ်လိုက်ကာ ကျန်သည့်ကောင်လေး၂ယောက်က သူ့ရှေ့မှပြေးသွားပြီး ကြမ်းတိုက်တံကိုဆွဲလေသည်။ ကြမ်းတိုက်တံတွင် တပ်ထားသည့်အဝတ်စ တော်တော်များများက ကျွတ်ထွက်သွားတော့၏။
တင်းစီကျင်းကတော့ ရေဇလုံထဲမှ အဝတ်စ၂ခုကို ရေစွတ်လိုက်ပြီး တစ်ခုကိုရှောင်ဖုန်းအား လှမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်က တစ်ကြိမ်တည်းတွင် စာရေးစားပွဲများကို တစ်တန်းစီ သုတ်လိုက်၏။ ဘေးအခန်းက ကလေးမလေး၂ယောက်ကလည်း ခုံ၅တန်းကို တိုက်ပြီးသွားပြီဖြစ်ကာ သူတို့သည် တတိယတန်းသို့ဖြည်းဖြည်းချင်းရောက်လာကြသည်။
သူတို့က ခုံလေးများကို ပိုပြီးဂရုတစိုက် တိုက်ချွတ်နေကြသည်။ ဒါသည် တင်းစီကျင်း၏ စာရေးစားပွဲ ဖြစ်သည်မှာ အလွန်သိသာနေ၏။
ရှမြန်က ရယ်မောရင်း စောင့်ကြည့်နေမိသည်။
"ရှမြန် ဘာဖြစ်လို့ အစောကြီးရောက်နေတာလဲ" နဥ်ရှောက်ယွင်က သူမကိုလှမ်းခေါ်လိုက်သည်။
ရှမြန်က လှည့်ကြည့်လိုက်သည့်အခါ သူမနှင့်ရှ၀မ်ယွဲ့က အတူတူဝင်လာသည်ကို တွေ့လိုက်ရ၏။
"အစ်မနဥ် အဒေါ်၂" ရှမြန်က ခပ်တိုးတိုးရယ်မောလိုက်ကာ "ဒါက ကျွန်မအတွက် ပထမဦးဆုံး မိဘဆရာအစည်းအဝေးကို တက်ရောက်တဲ့အချိန်လေ။ နည်းနည်းလေး စိုးရိမ်နေလို့ပါ"
ရှ၀မ်ယွဲ့က ပြုံးကာပြောလိုက်သည်။ "နင် အဆင်ပြေမှာပါ။ ငါလည်း ဒီကိုပထမဦးဆုံးအကြိမ် လာတဲ့အချိန်တုန်းက တကယ်စိုးရိမ်နေခဲ့တာ။ ငါ စာသင်ခန်းထဲ မရောက်တာတောင်မှ ဆယ်စုနှစ်ကျော်နေပြီလေ။ ထိုင်ခုံမှာထိုင်လိုက်တဲ့အချိန်မှာ စူးခနဲ ဖြစ်သွားသလိုတောင် ခံစားလိုက်ရတယ်။ ဟွေ့ကျူးကိုလည်း အရှက်ခွဲမိမှာ စိုးရိမ်နေတယ်လေ"
ဒီအချိန်တွင် သူမက ရှက်ရှက်ရွံ့ရွံ့ဖြင့်ပြုံးကာ ပြောလိုက်၏။ "တော်သေးတာပေါ့။ သူ့ရှေ့မှာ ပိုဆိုးတဲ့ ကလေး၁ယောက်၊ ၂ယောက်ရှိနေလို့ပဲ။ ဒီတော့ ဆရာမကလည်း သူ့ကို ဆူဖို့အလှည့် ရောက်မလာတော့ဘူးလေ"
နဥ်ရှောက်ယွင်က ပြုံးကာ ထိုစကားကို နားထောင်နေလိုက်၏။ "နင်က စိုးရိမ်နေတဲ့ပုံတော့ ငါတော့ မတွေ့ရပါဘူး"
ရှမြန်က တလေးတနက်ဖြင့် ပြောလိုက်သည်။ "အစ်မရယ် ဘယ်လိုပြောလိုက်တာလဲ"
နဉ်ရှောက်ယွင်နှင့် ရှမြန်တို့က အသံထွက်ကာရယ်မောလိုက်ကြသည်။
သူတို့၃ယောက်က စကားပြောနေကြသည့်အချိန်တွင် မိဘများကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြကာ ကလေးများ၏အာရုံကို ချက်ချင်းဆွဲဆောင်ထားလိုက်၏။ ရှောင်ဖုန်းသည် ရှမြန်ကို မြင်လိုက်ရသည့်အချိန်တွင် ချက်ချင်းဆိုသလို ထင်ထင်ရှားရှား ပြုံးလိုက်ပြီး အဝတ်စုတ်လေးကိုင်ကာ အပြေးရောက်လာပြီးနောက် သူမ၏ခါးကို ပွေ့ဖက်လိုက်၏။ "အန်တီလေး"
တင်းစီကျင်းကလည်း ရောက်လာကာ ဘေးတွင်ရပ်နေသည်။
ရှမြန်က ကလေး၂ယောက်၏ခေါင်းကို တစ်ယောက်ချင်းစီ လှမ်းပွတ်ပေးလိုက်ပြီးနောက် တင်းစီကျင်းကို ပြောလိုက်သည်။ "ခဏနေကြရင် အန်တီလေးက သမီးအတွက် အောင်စာရင်းတွေ သွားယူပေးမယ်နော်။ စိတ်မပူနဲ့"
သူမ၏အဘွားသည် ခြေထောက်စည်းထားသဖြင့် သိပ်ပြီးတော့ အဆင်မပြေလှချေ။ အနည်းငယ်လည်း ကြောက်ရွံတတ်သေးသည်။ ထို့ကြောင့် သူမသည် မိဘဆရာအစည်းအဝေးကို ဘယ်တော့မှမတက်ပေ။
တင်းစီကျင်းက အနည်းငယ် ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ အန်တီလေး"
ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့ကလည်း သူတို့၏အမေများကို လာရှာကာ စကားပြောဆိုနေကြသည်။
ကလေးများသည် မြန်မြန်သန့်ရှင်းရေး လုပ်လိုက်ကြပြီး သူတို့၏မိဘများကို သူတို့၏ထိုင်ခုံဆီသို့ ခေါ်လာခဲ့သည်။
ရှောင်ဖုန်းသည် သူတို့၏အခန်းတွင် အငယ်ဆုံးဖြစ်ပြီး အပုဆုံးလေးလည်းဖြစ်သဖြင့် သူက ပထမတန်း၏အစွန်တွင် ထိုင်ရသည်။
ချန်းချန်းကတော့ အလယ်တွင်ထိုင်ပြီး မောက်ဟွေ့ကျူး၏ အသက်အရွယ်ရှိသည့် မိန်းကလေးများကတော့ ကြီးထွားမြန်သဖြင့် အရပ်အမြင့်ဆုံးဖြစ်ကြသည်။ သူမက နောက်ဆုံးတန်း ဒုတိယနေရာတွင် ထိုင်၏။
ရှောင်ဖုန်းက လိမ်လိမ်မာမာလေးနှင့် ရှမြန်၏အနားသို့ကပ်လာကာ သူမအား အစီအစဉ်ကို ရှင်းပြလေသည်။ "ဆရာမက အရင်ဆုံး roll callခေါ်မှာ။ ပြီးရင် အဆင့်တွေကိုဖတ်ပြမှာ။ ပြီးရင်တော့ ပညာရေးအတွေ့အကြုံတွေကို ဝေမျှပေးမှာ"
"အန်တီလေးကရော ဝေမျှပေးရမှာလား" ရှမြန်က ကလေးလေးကို ဖက်ထားလိုက်ကာ ပြုံးလိုက်၏။
"သားမှာရော ဘယ်လိုသင်ယူမှု အတွေ့အကြုံတွေရှိထားလဲ။ အန်တီလေးကို သင်ပေးပါဦး။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အန်တီလေးက ခဏနေဘာပြောရမယ်ဆိုတာ သိမှာမဟုတ်ဘူး"
ရှောင်ဖုန်းကလည်း ထိုအကြောင်းကိုစဉ်းစားလိုက်ကာ လေးလေးနက်နက်ဖြင့် ပြောလေသည်။
"ဆရာမပြောတဲ့စကားကို ဒီအတိုင်း သေသေချာချာလေး နားထောင်ပြီးတော့ အိမ်စာကိုလည်း ကောင်းကောင်းလုပ်ရမယ်"
ရှမြန်က ပြုံးပြီး သူ၏ထောင်တက်နေသည့်ဆံပင်လေးကို သပ်ပေးလိုက်သည်။ "ဟုတ်ပြီ။ အန်တီလေး သိပြီ"
အနီးအနားတွင် ရှိသည့်မိဘများက အားကျစိတ်ဖြင့် သူ့ကိုလှမ်းကြည့်ကြ၏။ "ရှင်က ရှယွီဖုန်းရဲ့ အဒေါ်လား။ ရှင့်ရဲ့ကလေးကို ဘယ်လိုသင်ကြားပေးထားတာလဲ။ သူက ဘယ်လိုလုပ်ပြီးတော့ အရမ်းကို လိမ္မာရေးခြားရှိသလဲ မသိတော့ပါဘူး"
သူမက လက်ကိုမြှောက်လိုက်ပြီး သူမ၏ဘေးနားက ကောင်ကလေး၏နားကို လှမ်းဆွဲလိုက်ကာ ပြောလိုက်လေသည်။ "တကယ်လို့ ကျွန်မရဲ့ကလေးကသာ ရှင့်ကလေးရဲ့တစ်ဝက်လောက် လိမ္မာမယ်ဆိုရင် ကျွန်မတော့ အရမ်းကံကောင်းနေပါပြီ"
ရှမြန်၏နှုတ်ခမ်းထောင့်သည် အလိုလိုကွေးတက်သွားပြီး သူမကတော့ နှိမ့်နှိမ့်ချချ ပြောလိုက်၏။
"ရှင့်ကလေးကလည်း တော်တော်လေး လိမ္မာပါတယ်။ မဟုတ်လား။ အဆော့မသန်တဲ့ကလေးဆိုတာ မရှိပါဘူး။ အဆော့သန်တဲ့ ကလေးတွေအားလုံးက ဉာဏ်ကောင်းကြပါတယ်"
မိဘကလည်း ရယ်မောသည်။ "ဟုတ်ပါတယ်။ သူ့ဦးနှောက်က အဆင်ပြေပါသေးတယ်။ သူက ထပ်ပြီးတော့ စာမလေ့လာချင်တာပဲ ရှိနေတာလေ"
တစ်ဖက်က မိဘကလည်း ပြောသည်။ "ရှင်တို့ရဲ့ရှယွီဖုန်းက တကယ်တော်တာ။ ကျွန်မက သူ့ကို အရမ်းကျေးဇူးတင်ရမှာ။ ကျွန်မရဲ့သမီးအဆင့်တွေကလည်း သူနဲ့တစ်စားပွဲတည်း အတူတူ ထိုင်ကတည်းက အများကြီး တိုးတက်လာခဲ့တယ်လေ"
"ရှယွီဖုန်း သား သူ့ကို ဘယ်လိုသင်ပေးလိုက်တာလဲ။ အန်တီက သူ့ကို အိမ်မှာသင်ပေးပါတယ်။ ဒါပေမဲ့ အဲဒီတုံးအတဲ့ကလေးမက အဲဒါကိုနားမလည်ဘူးလေ။ သူက အရမ်းအတာ" သူမသည် ထိုသို့ပြောလိုက်ပြီးနောက် သူမ၏ဘေးက ကလေးမလေးကို စိတ်ပျက်ပျက်နှင့် လှမ်းကြည့်လိုက်၏။
ရှမြန်သည် နှုတ်ခမ်းကို တင်းနေအောင်စေ့ထားကာ မျက်နှာပေါ်တွင်လည်း ဝမ်းနည်းသည့်ရုပ်ကလေး ဖြစ်နေသည့် ကလေးမလေးကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် သက်ပြင်းချမိ၏။ ဒီအမေကတော့ လုံးဝကိုစိတ်မရှည်လှပေ။
ရှောင်ဖုန်းက မျက်တောင်လေးခတ်လိုက်ကာ သူ့အမေကိုကြည့်လိုက်ပြီးပြောလိုက်၏။ "ဒေါ်ဒေါ် တုကျွမ်းက မအပါဘူး။ သူက စစ်တုရင်နဲ့ သင်္ချာမှာ အရမ်းတော်တယ်"
"သူက စန္ဒရားကို မတီးချင်ဘူးလေ။ သူက ဂိုးပဲကစားရတာ ကြိုက်တာ"
တုကျွမ်း၏အမေသည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့သြသွားပြီးနောက် ချက်ချင်း ကိုယ်ကို လှည့်လိုက်ကာ ကလေးမလေးကို စိုက်ကြည့်လိုက်ပြီး မာထန်စွာဖြင့် ပြောလိုက်သည်။
"နင်ဘယ်တုန်းက ဂိုးကိုသင်လိုက်တာလဲ"
ကလေးမလေးသည် တုန်ရင်သွားပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းသွားတော့၏။ ရှမြန်က မြန်မြန်ပြောလိုက်သည်။ "ရှင့်ရဲ့ကလေးက ဂိုးကို ဘယ်လိုဆော့ရမယ်ဆိုတာကို ကိုယ့်ဟာကိုယ် သင်ထားတာလား။ ဒါက တကယ်အံ့သြစရာ ကောင်းတယ်မဟုတ်လား"
သူမ၏အသံသည် အားကျမှုအပြည့် ဖြစ်နေသဖြင့် တုကျွမ်း၏ အမေမှာ ခဏလောက် မှင်တက်အံ့ဩသွားတော့သည်။ "ဒါက အံ့သြစရာကောင်းလို့လား"
"ဒါပေါ့။ အံ့သြစရာကောင်းတယ်လေ" ရှမြန်က ပြောလိုက်သည်။ "ဂိုးဆိုတာ အရမ်းကိုခက်ခဲတဲ့ ကစားနည်းပဲ။ ရှင့်ရဲ့ကလေးက ကိုယ့်ဟာကိုယ် လေ့လာနိုင်တယ်ဆိုတာ အံ့သြစရာကောင်းနေပြီ"
ရှမြန်သည် တအံ့တဩဖြင့် သူမသမီးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ တုကျွမ်း၏ အမေက အနည်းငယ် တုန်လှုပ်သွားတော့၏။ "အဲဒါက စန္ဒရားထက်ပိုကောင်းလို့လား"
ဒီထက် ပိုကောင်းနိုင်တယ်ဆိုတာ လုံးဝမရှိတော့ဘူး မဟုတ်လား။
သို့သော်ငြားလည်း ရှမြန်ကတော့ ဒီလိုအမေမျိုးသည် သူမကလေး၏ စိတ်ဝင်စားမှုနှင့် ဝါသနာကို အမှန်တကယ် ဂရုမစိုက်သည်ကို သိလိုက်သဖြင့် သူမကလည်း ပြုံးကာပြောလိုက်သည်။ "ဒါပေါ့။ စန္ဒရားကလည်း လိုအပ်တဲ့အရည်အချင်းတစ်ခု ဆိုပေမဲ့လည်း ဂိုးကလည်း ထိပ်တန်းအဆင့် စိတ်ပိုင်းဆိုင်ရာ အားကစားတစ်မျိုးပဲလေ"
"ပါရမီရှိတဲ့ ကလေးတစ်ယောက်ကသာ အသက်၁၂နှစ်၊ ၁၃နှစ်အရွယ်မှာ နိုင်ငံလက်ရွေးစဉ်အဖွဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်တာ။ သူတို့တွေက ခြေ၁လှမ်းမလှမ်းခင်မှာ အရင်ဆုံး ခြေလှမ်း၁၀လှမ်းကို စဉ်းစားပြီးသွားပြီလို့ ရှင်စိတ်ကူးကြည့်လိုက်စမ်း။ သူတို့တွေက သူတို့ပြိုင်ဘက်တွေရဲ့ အကွက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းရသေးတယ်လေ။ စစ်ရေးဆိုင်ရာ ပရိယာယ်တွေအားလုံး ပါဝင်နေတဲ့ဟာကို။ သူတို့တွေက ဘယ်လိုလုပ်ပြီးတော့ အရမ်းအရည်အချင်း မရှိဘဲ နေမှာလဲ။ ဦးနှောက်မကောင်းတဲ့ကလေးတစ်ယောက်က ဒါကိုမသင်ယူနိုင်ဘူးလေ"
တုကျွမ်း၏အမေသည် သူမ၏သမီးကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ဒါတော့အမှန်ပဲ။ သဘောက သူက ဉာဏ်ကောင်းသေးတယ်ပေါ့နော်"
ကလေးမလေး၏ ပြေလျော့သွားသည့်အမူအရာကို မြင်လိုက်ရသည့်အခါ ရှမြန်က ကူကယ်ရာ မဲ့သွားတော့၏။ သူမအတွက်လည်း တတ်နိုင်သည်က ဘာမှမရှိချေ။ ဒါသည် ထူးခြားသည့် အရည်အချင်းများကို ဦးစားပေးသည့် ခေတ်တစ်ခုဖြစ်သည်။ မိဘများအတွက် သူတို့၏ ချစ်ခြင်းမေတ္တာနှင့် ချီးကျူးစကားကို သူတို့၏ကလေးများအား ဖော်ပြဖို့ရန် အလွန် ခက်ခဲနေသယောင်ပင်။
ရှမြန်က ကလေးမလေးကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "အရမ်းကောင်းတာ မဟုတ်ဘူး။ အရမ်းကို ထက်မြက်တာ"
"ဒါပေမဲ့ လူတော်တော်များများက ဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိကြဘူးလေ"
တုကျွမ်းအမေက ပြောလိုက်၏။ "သူက ဒီနေရာမှာ အဲဒီလောက်ကောင်းနေမယ်လို့ ဘယ်သူကသိမှာလဲ"
"နောက်ဆိုရင် သူ့ရဲ့အရည်အချင်းတွေကို ပြသခွင့်ပေးလိုက်ပါ။ လူတိုင်းကတော့ နားလည်ကြမှာ မဟုတ်ဘူးလေ"
ဟုတ်ပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် မျက်နှာရဖို့အတွက် ကိုယ့်ရဲ့သမီးကို ပစ္စည်းတစ်ခုလို သဘောထားနေတာပဲ။
ရှမြန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်သော်ငြားလည်း ပြောလိုက်သေးသည်။ "တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်နိုင်တဲ့သူမှသာ တိုင်းပြည်က ထုတ်ပေးတဲ့ အဆင့်သတ်မှတ်ချက် အသိအမှတ်ပြုလက်မှတ် ရမှာလေ။ စန္ဒရားလိုပဲပေါ့"
ရှမြန်က "ရှင့်သမီးကို တိုင်းပြည်အတွက် ဂုဏ်ဆောင်ခွင့်ပေးလိုက်ပါ"ဟု ပြောချင်သော်ငြားလည်း အမေဖြစ်သူက ထိုအရာကို ပန်းတိုင်တစ်ခုလို သတ်မှတ်လိုက်မှာကိုလည်း စိုးရိမ်လေသည်။ ဒါက ကလေးကို ဖိအားပေးသွားသလိုဖြစ်နိုင်သည်။
"ဂိုးကို ကစားရတာ ကြိုက်တဲ့သူတွေကို ကြည့်လိုက်လေ။ အဆင့်မြင့်အရာရှိတွေ တော်တော်များများကလည်း ဂိုးကို ကစားရတာ ကြိုက်ကြတယ်။ ဒါပေမဲ့ သူတို့အားလုံးနီးပါးကတော့ စန္ဒရားကို သဘောကျကြတာ မဟုတ်ဘူး။ ဂိုးက ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးအောင် လုပ်ပေးနိုင်တယ်။ ဒါကရှင့်ကလေးရဲ့ လေ့လာသင်ယူမှုကိုလည်း အထောက်အကူ ဖြစ်စေလိမ့်မယ်လေ"
တုကျွမ်း၏ အမေက စိတ်ယိမ်းယိုင်သွားသည်ကို မြင်လိုက်ရသဖြင့် ရှမြန်ကလည်း ဆက်ပြီးပြောလိုက်သည်။ "သူက စန္ဒရားကို အဆင့်၁၀ထိ အောင်သွားရင် ပိုပြီးတော့ ဂုဏ်ယူစရာကောင်းတယ်လို့ ထင်လား။ ဒါမှမဟုတ် သူက တက္ကသိုလ်ကောင်းတစ်ခုကို ဝင်သွားရင် ရှင့်ကို ပိုပြီးမျက်နှာရစေမယ်လို့ထင်လား"
တုကျွမ်း၏အမေသည် တွေဝေမနေဘဲ ပြောလိုက်၏။ "ဒါပေါ့။ တက္ကသိုလ်ကောင်းတစ်ခုဝင်ဖို့က ပိုပြီးတော့ အရေးကြီးတယ်လေ"
သူမသည် မနေနိုင်တော့ဘဲ ရှောင်ဖုန်းကို လှမ်းအတည်ပြုလိုက်လေသည်။
"သူ့ရဲ့စာပေပိုင်း ဆောင်ရွက်ချက်ကလည်း စစ်တုရင်ကစားလို့ တိုးတက်လာတာလား"
ရှောင်ဖုန်းက သူ၏ခေါင်းလေးကို စောင်းထားလိုက်ကာ "သူက စစ်တုရင်ကစားနေရရင် ပျော်တယ်လေ"
ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး တုကျွမ်း၏အမေကို ပြုံးပြလိုက်၏။ "ကလေးက ဘာသိမှာလဲ။ သူက ဘာပဲဖြစ်ဖြစ် အခုမှ စတုတ္ထတန်းပဲ ရှိသေးတယ်လေ။ ဒီတော့ အချိန်အများကြီး ရှိပါသေးတယ်။ ၁လ၊၂လလောက် စမ်းကြည့်ပြီးရင် သိလာလိမ့်မယ်"
တုကျွမ်း၏အမေသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြုံးလိုက်၏။ "ဒါလည်း မှန်တာပဲ။ ကျွန်မ အရမ်းကို စိတ်ပူသွားလို့ စိတ်လွတ်သွားခဲ့တယ်"
မိဘတစ်ယောက်၏ အသံက အနောက်ဘက်မှနေ၍ ထွက်လာခဲ့သည်။ "တင်းစီကျင်းရဲ့စားပွဲလေးက အရမ်းလှတာပဲ။ ဒါက ဘယ်လိုပန်းချီကားမျိုးလဲ။ ဒါက ဘယ်လိုဆေးသားမျိုးလဲ။ ပန်းချီပုံလေးက မှိန်မသွားဘူးနော်"
မိဘတစ်ယောက်က ရယ်မောကာပြောလိုက်၏။ "ကလေးမလေးကလည်း ဘယ်လောက်တောင်မှ ကာကွယ်ချင်စိတ်ရှိလဲ မသိပါဘူး။ သူက တခြားသူတွေကို သူ့ရဲ့စားပွဲမှာ ပေးထိုင်ရမှာထက် ရေကိုလျှော့သောက်ပြီးတော့ ရေအိမ်တောင် မသွားဘူးတဲ့လေ"
မိဘများက ရယ်မောကြသည်။
တင်းစီကျင်း၏စာရေးစားပွဲလေးသည် သူမ၏အတန်းဖော်များကြားတွင် နာမည်ကြီးရုံမျှမက မိဘများအကြားတွင်လည်း နာမည်ကြီးလေသည်။
နောက်ဆုံး လူတိုင်းကလည်း ထိုလှပသည့် စားပွဲနားတွင် ထိုင်ချင်ကြသည်။ အစပိုင်းတွင်တော့ ကျောင်းသူ ကျောင်းသားများက သူတို့သည် ထိုင်ခုံနေရာလဲသည့်အချိန်ကျလျှင် ထိုနေရာတွင် ထိုင်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ သို့သော်ငြားလည်း တင်းစီကျင်းက နေရာပြောင်းသည့်အခါ ထိုစားပွဲလေးကို သူမနှင့်အတူ သယ်သွား၏။ မည်သို့ဆိုစေ မည်သူကမှလည်း ထိုနေရာတွင် မထိုင်ချင်ကြတော့ပေ။ ဆရာမကလည်း မရဘူးဟု ပြောသည်။ ထို့ကြောင့် နောက်ဆုံးတွင်တော့ တင်းစီကျင်းကိုသာ အလျှော့ပေးလိုက်ရတော့၏။
အကယ်၍ ကျောင်းသူ ကျောင်းသားများက စားပွဲနားတွင် မထိုင်နိုင်ခဲ့လျှင် သူတို့သည် အိမ်ပြန်ရောက်သွားသည့်အခါ သူတို့၏မိဘများကို သေချာပေါက် ပြောပြပေလိမ့်မည်။ မိဘများကလည်း ထိုအခါကျလျှင်တော့ သိသွားပေမည်။
ပြီးခဲ့သည့်စာသင်နှစ်က မိဘဆရာအစည်းအဝေးပွဲတွင် တချို့မိဘများက တင်းစီကျင်း၏စားပွဲကိုမှ ပန်းချီဆွဲခွင့်ပေးထားသဖြင့် မမျှတလေဘူးဟု ပြောခဲ့ကြောင်းကို ကြားခဲ့ရဖူးသည်။
ဆရာမလျိုက ရှမြန် ရိုက်ကူးပေးထားသည့် ရှုပ်ပွညစ်ပေနေသည့်စားပွဲပုံကို ပရိုဂျက်တာနှင့် မိဘများကို ပြသလိုက်သည့်အချိန်မှသာ မိဘများက ချက်ချင်းငြိမ်ကြသွားတော့သည်။
သူတို့သည် သူတို့ကလေးများ၏ စားပွဲများ သန့်ရှင်းနေသည်ကိုသာ ပိုပြီးသဘောကျကြတော့သည်။
ဆရာမလျိုကလည်း ဒီအခွင့်အရေးကို အသုံးချလိုက်ပြီး မိဘများအား သူတို့၏ကလေးများကို ပိုပြီး ကောင်းကောင်းမွန်မွန် ဂရုစိုက်ဖို့ရန် ပညာပေးလိုက်သည်။
အမှန်တွင်တော့ ဆရာမလျိုအတွက် မိဘများကို သင်ကြားပေးဖို့ရန် မလိုအပ်ခဲ့ချေ။ မိဘများကလည်း ဖုဖန်၏မိဘများသည် တင်းစီကျင်းကို အနိုင်ကျင့်ခဲ့သဖြင့် ရဲစခန်းသို့ပို့ခဲ့သည်ကို ကြားခဲ့ကြပြီးဖြစ်သဖြင့် သူတို့ကလည်း ထိုကိစ္စကို အလွန်မှ အလေးအနက်ထားကြသည်။
ကလေးများက မည်မျှပင် ဆိုးသွမ်းပြီး အဆော့သန်သည်ဖြစ်စေ သူတို့သည် ရဲစခန်းကိုတော့ ကြောက်ရွံ့ကြသည်။ ထို့အပြင် ဖုဖန်သည် ထိုအချိန်ကတည်းက အများကြီး ပိုပြီးလိမ္မာလာပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထပ်ပြီးအနိုင်မကျင့်တော့ပေ။ ရလဒ်အနေဖြင့် လုံချန်မူလတန်းကျောင်းတစ်ခုလုံးတွင် အနိုင်ကျင့်သည့်ကိစ္စများ အများကြီး လျော့နည်းသွားတော့သည်။
တုကျွမ်း၏အမေက နောက်ကိုပြန်လှည့်ကြည့်လိုက်ကာ အားကျစိတ်ဖြင့် ပြောလိုက်သည်။
"ရှင်တို့ရဲ့ရှယွီဖုန်းက ပန်းချီကို စပြီးလေ့လာတဲ့အချိန်တုန်းက အသက်ဘယ်လောက်ရှိပြီလဲ။ သူက တော်တော် ကောင်းကောင်းလေး ဆွဲတတ်နေပြီနော်"
"ပန်းချီဆွဲတာကရော ဉာဏ်ရည်ကို ဖွံ့ဖြိုးစေနိုင်လား။ အဲ့ဒါကို ဘယ်မှာသင်တာလဲ။ ဒါမှမဟုတ် ကျွန်မလည်း တုကျွမ်းကို ပန်းချီသင်ခိုင်းရင် ကောင်းမလား"
ရှမြန်သည် မည်သို့ပြန်ဖြေရမည် မသိတော့ချေ။
ကံအားလျော်စွာ ဆရာမလျိုက ရောက်လာပြီး သူမကို ကယ်တင်ပေးခဲ့သည်။ "ဟုတ်ပါပြီ။ ကလေးတို့ အပြင်ထွက်ကြအုံးနော်။ မိဘဆရာ အစည်းအဝေးစတော့မယ်"
ကလေးများအားလုံးသည် အပြင်ဘက်သို့ လျင်လျင်မြန်မြန် ထွက်သွားလိုက်ကြပြီး မိဘများကတော့ မတ်မတ်လေးထိုင်လိုက်ကြကာ ဆရာမပြောလာမည့်စကားကို စောင့်ဆိုင်းနေသည်။
နောက်ဆက်တွဲ အစီအစဉ်ကတော့ ရှောင်ဖုန်း ပြောပြထားသည့်အတိုင်းပင်။ ရှမြန်သည် တစ်ချိန်လုံးနီးပါး မိဘများ၏ အားကျနေသည့်အကြည့်များကို ခံယူခဲ့ရပြီး ဒါသည် ပူပြင်းသည့်နေ့တစ်နေ့တွင် ရေခဲရေတစ်ခွက်လောက် သောက်လိုက်ရသည်ထက် အများကြီး ပိုပြီးခံစားလို့ကောင်းနေတော့၏။
ရှမြန်သည် သူမ၏အတွေ့အကြုံကို ဝေမျှရမည့်အလှည့်သို့ ရောက်လာသည့်အချိန်တွင် သူမက စင်ပေါ်သို့ တက်ရပ်လိုက်ကာ ပြတင်းပေါက်နားတွင် တိတ်တိတ်ကလေး ထိုးထွက်နေသည့် ရှောင်ဖုန်း၏ခေါင်းသေးသေးလေးကို လှမ်းကြည့်လိုက်၏။ သူမသည် မနေနိုင်ဘဲ ပြုံးမိသွားတော့၏။
"ဘာဖြစ်လို့လဲဆိုတော့ သူက နတ်သားလေးတစ်ယောက်မလို့ နေမှာပေါ့။ သူက အရာအားလုံးကို အရမ်းကောင်းမွန်နေတာလေ"
ဆရာမနှင့် မိဘများအားလုံးက မှင်တက်အံ့သြသွားကြပြီး သူတို့သည် ရှမြန်၏အပြုံးမျက်လုံးနောက်က လိုက်ကာ အလွန်ဝမ်းသာစွာ ပြုံးပြနေသည့် ရှောင်ဖုန်းဆီသို့ လှမ်းကြည့်မိလိုက်၏။ ထို့နောက်တွင်တော့ ဒီမိဘက စင်ပေါ်မှနေ၍ ကလေးကို လှမ်းစနေသည်ကို သဘောပေါက်သွားတော့သည်။
ထို့နောက်တွင်တော့ ရှမြန်က ပြန်လှည့်လာကာ မိဘများကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူ ဘယ်လိုပြုံးနေလဲဆိုတာကို တွေ့လိုက်တယ် မဟုတ်လား။ သူက ပျော်နေတဲ့အချိန်ကျရင် အရာအားလုံးကို တကယ်ပဲ ကောင်းကောင်းမွန်မွန် လုပ်လာလိမ့်မယ်"
"ဒီတော့ ကျွန်မရဲ့အတွေ့အကြုံကတော့ သူတို့ကို ပိုပြီးချီးကျူးပေးဖို့ပဲ။ ကလေးတွေကလည်း လူကြီးတွေလိုပဲ ကောင်းတဲ့အကြောင်းအရာတွေကို ကြားရတာသဘောကျပါတယ်"
"ဒီအကြောင်း စဉ်းစားကြည့်လိုက်လေ။ နောက်တစ်ခါ စာမေးပွဲမှာ မင်း ကောင်းကောင်းလုပ်မယ်လို့ ငါ ယုံကြည်တယ်လို့ ကြားချင်လား ဒါမှမဟုတ် နောက်တစ်ခါစာမေးပွဲမှာ မင်းကောင်းကောင်းဖြေရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ငါမင်းရဲ့ခြေထောက်ကို ရိုက်ချိုးပစ်မယ် လို့ကြားချင်လား"
မိဘများသည် ဝါးလုံးကွဲကာ အော်ရယ်ကြလေသည်။ ရှမြန်ကလည်း အပြုံးဖြင့်ပြောလိုက်၏။
"အမြဲတမ်း ချီးကျူးခံနေရတဲ့ကလေးတွေက ပိုပြီးထူးချွန်ပြီး မိဘတွေရဲ့ အမြဲတမ်းဖိနှိပ်ပြီး ဆူပူခံထားရတဲ့ကလေးတွေထက် ပိုပြီးထူးချွန်ပြီး ယုံကြည်ချက်ရှိတယ်ဆိုတာ ရှင်တို့တွေ တဖြည်းဖြည်းနဲ့ လေ့လာကြည့်လိုက်လို့ရပါတယ်"
"ဒီတော့ ရလဒ်အဆင့်ဆိုတာ ကလေးတွေရဲ့ပြဿနာပဲ မဟုတ်ပါဘူး။ ကျွန်မတို့မိဘတွေကလည်း အတူတူကြိုးစားပေးရမှာပါ" သူမက အပြုံးဖြင့် ပြောလိုက်သည်။ "အားလုံးကလည်း ထက်မြက်ကြတော့ ကလေးတွေကို ပိုပြီးတော်လာအောင် လုပ်ပေးနိုင်မယ်လို့ ကျွန်မ ယုံပါတယ်"
မိဘများက တစ်ဖန်ရယ်မောကြလေသည်။
မိဘဆရာအစည်းအဝေး ပြီးဆုံးသွားသည့်နောက်တွင် ရှမြန်သည် အခန်းထဲက လျှောက်ကာ ထွက်လာသည်နှင့်ချက်ချင်း ရှောင်ဖုန်းက ပွေ့ဖက်ထားလိုက်၏။ သူမက ကိုယ်ကိုကုန်းလိုက်ကာ ကလေးကို မချီလိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။ "အို အန်တီလေးရဲ့နတ်သားလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ"
ကလေးလေးက တခစ်ခစ်ရယ်မောသည်။
အနားတွင်ရှိသည့်မိဘများကလည်း သူတို့ထံမှ ပုန်းရှောင်နေသည့် ကလေးများကို ကြည့်လိုက်ကြကာ တစ်ခုခုကို စဉ်းစားမိသွားသယောင်ရှိ၏။
အနာဂတ်တွင် ဘာဖြစ်လာလိမ့်မည်ကို မသိသော်ငြားလည်း ဒီမိဘဆရာအစည်းအဝေး ပြီးသွားသည့်နောက်တွင်တော့ ပထမဦးဆုံးအကြိမ်ဖြင့် "အိမ်ပြန်ရောက်ရင် ငါ နင့်ကို အသေရိုက်ပစ်မယ်"၊ "အိမ်ပြန်ရောက်တဲ့အထိ စောင့်နေလိုက်။ နင့်အဖေကို နင့်ကို ဖြေရှင်းခိုင်းလိမ့်မယ်"၊ "ငါ့ကို စောင့်နေလိုက်"စသည့် ကြမ်းကြမ်းတမ်းတမ်း စကားလုံးများသည် စာသင်ခန်းထဲတွင် ရှိနေတော့မည်မဟုတ်ပေ။
သူမသည် ရက်သတ္တပတ်ပိတ်ရက် အိမ်ကိုပြန်လာသည့်အချိန်တွင်တော့ စာသင်ခန်းထဲကကလေးများက ရှောင်ဖုန်း၏ အန်တီလေးကို ထူးထူးခြားခြား အားကျနေကြသည်ဟု မောက်ဟွေ့ကျူးက ပြန်ပြောနေသည်ကို ကြားခဲ့ရ၏။ ရှောင်ဖုန်းကလည်း အခန်းထဲတွင် အလွန်ဂုဏ်ယူရသည်။
ထိုစကားကိုကြားသည့်အခါ ရှောင်ဖုန်းက ရှက်ရှက်နှင့် သူမ၏ရင်ခွင်ထဲသို့ တိုးဝှေ့လာပြီး သူ၏ခေါင်းလေးကို သူမ၏ပခုံးအား ပွတ်သပ်လိုက်လေသည်။ "ဟီးဟီး အန်တီလေး"
ရှမြန်ကလည်း သူ့ကြောင့် သဘောကျသွားတော့သည်။ "ပေါင်ပေ့ ပေါင်ပေ့က အန်တီလေးရဲ့ ဂုဏ်ယူရတဲ့အရာလေးပါပဲ"
...
အပိုင်း (၂၀၉)
မိဘဆရာအစည်းအဝေး ပြီးသွားသည့်နောက်တွင် ရှောင်ဖုန်းသည် အချိန်အကြာကြီး ပျော်ရွှင်နေခဲ့၏။ ရှမြန်ကတော့ ကောင်ကလေး၏ အနာဂတ်အရေးကိစ္စများကို ပါဝင်သွားဖို့ရန် အကောင်းဆုံး ကြိုးစားပေးမည်ဟု ဆုံးဖြတ်ချက်ချထားလိုက်တော့သည်။
နောက်ဆုံးစာမေးပွဲ ပြီးသွားသည့်နောက်တွင် မောက်ဟွေ့မေသည် Title Defendကို အောင်မြင်ခဲ့ပြီး အောင်အောင်မြင်မြင် ဘွဲ့ရသွားတော့သည်။
သူမ၏မင်္ဂလာပွဲကိုလည်း အစီအစဉ်တွင် ထည့်သွင်းနိုင်ခဲ့သည်။ မင်္ဂလာပွဲရက်ကိုလည်း ၇လပိုင်းလလယ်သို့ အစီအစဉ် ပြန်ဆွဲထားလိုက်သည်။ သို့သော်ငြားလည်း အလုပ်များဆုံး အချိန်ဖြစ်နေ၏။ ထို့ကြောင့် သူမ၏မင်္ဂလာပွဲကို စီစဉ်ပေးရသည့်သူများမှာ ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့သာ ဖြစ်လာတော့သည်။
ယခုအခါတွင်တော့ ရှ၀မ်ယွဲ့သည် စက်ရုံကိုတစ်ပတ်လျှင် ၄၊ ၅ရက်သာ သွားခဲ့ပြီး ကျန်သည့်အချိန်များကိုတော့ သူမ၏မင်္ဂလာလက်ဖွဲ့များ ပြင်ဆင်ပေးဖို့ရန် အသုံးပြုလိုက်သည်။ သူမသည် နေ့တိုင်း စိတ်ကူးသစ်များ ပေါ်လာပြီး နောက်ဆုံးအချိန် မရောက်ခင်အထိ ပြင်ဆင်မှု ဘယ်တော့မှ မပြီးနိုင်သယောင်ရှိနေသည်။
မောက်ကျစ်ရှန်း၏ ရိုက်ကူးရေးအဖွဲ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် ယန်မြို့တွင် ရှိနေသဖြင့် သူကလည်း အချိန်ရှိတိုင်း အိမ်သို့ပြန်လာတတ်သည်။ ကျောင်းပိတ်ရက် ရလာပြီဖြစ်သည့် မောက်ဟွေ့ကျူးကလည်း အခြေအနေပေးလာလျှင် သူနှင့်အတူ လိုက်ပါသွားတတ်သည်။ မကြာခဏဆိုသလို အရံခန်းများ သို့မဟုတ် အသေးစား ဇာတ်ကောင်များအနေနှင့် cameoရိုက်ကူးရေးများကို ပြုလုပ်လာခဲ့သည်။
အရည်အချင်းရှိသည့် သရုပ်ဆောင်မလေး တစ်ယောက်အနေဖြင့် သူမသည် ရိုက်ကွင်းထဲတွင် ရေထဲက ငါးလေးတစ်ကောင်လို ခံစားနေရ၏။
ရှမြန်သည် သူမ၏ နောက်ဆုံးစာသင်ချိန် ပြီးသွားသည့်အချိန်၌ ကျောပေါ်တွင် သူမ၏ ကျောပိုးအိတ်လေးကို လွယ်ကာ အလောတကြီး အိမ်ပြန်လာခဲ့တော့သည်။
သူမသည် တံခါးသို့ မဝင်ရသေးခင်မှာပင် မောက်မိသားစုခြံဝင်းထဲက စည်ကားသိုက်မြိုက်နေသည့် အသံကို ကြားလိုက်ရ၏။ သူမသည် ချက်ချင်းဆိုသလို ဝမ်းသာသွားပြီး အိမ်သို့ မြန်မြန် အပြေးဝင်လာသည်တွင် တံခါးမှထွက်လာသည့် တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသွားတော့သည်။
"အ!" ရှမြန်က နောက်တစ်လမ်း ပြန်ဆုတ်သွားပြီး သူမ၏မျက်နှာချင်းဆိုင်ကလူကလည်း ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားကာ မြေကြီးပေါ်တွင် ဖင်ထိုင်ရက် ကျသွားတော့သည်။
ရှမြန်သည် တအံ့တသြနှင့် သွားများဖြဲပြကာ ပြုံးနေသည့် ကောင်ကလေးကို ကြည့်ကာ ပြုံးလိုက်မိလေသည်။ "ချန်ချန်" ထို့နောက်တွင်တော့ သူမက အပြုံးဖြင့် ပြောလိုက်၏။ "ဘာဖြစ်လို့ တံခါးထောင့်နားမှာ အဲဒီလောက်အမြန်ကြီး ပြေးနေတာလဲ"
ချန်းချန်းသည် သွက်သွက်လက်လက် ပြန်ထလာပြီဖြစ်ကာ သူ့ဖင်ကို ပုတ်လိုက်ပြီး ရယ်မောလိုက်၏။
"ဒေါ်လေးမြန့်မြန်"
"ဒေါ်လေးတို့တွေ ခဏနေ ပြန်လာတော့မယ်ဆိုလို့ တွေ့ချင်လို့ပါ"
အသက်၁၂နှစ်အရွယ် ကောင်လေးသည် သူမ၏ရင်ဘတ်နားအထိ အရပ်မြင့်လာပြီဖြစ်ကာ သူ၏ ရုပ်ရည်သွင်ပြင်ကလည်း အများကြီးပြောင်းလဲလာခဲ့သည်။ သူသည် ယခုအချိန်တွင်တော့ ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်လာ၏။ သူသည် အရင်တုန်းကကဲ့သို့ပင် အဆော့သန်နေသေးသလားကိုတော့ မသိရသေးချေ။
ချန်ချန်က ပြုံးကာပြောလိုက်သည်။ "သားက ရှောင်ဖုန်းကို စောင့်နေတာပါ။ ဒေါ်လေးမြန့်မြန် ရှောင်ဖုန်းရော"
ရှမြန်က သူ့လက်ကိုမြှောက်ကာ သူ့ခေါင်းလေးကို လှမ်းသပ်ပေးလိုက်ပြီးနောက် ပြုံးပြလိုက်သည်။
"ရှောင်ဖုန်းက ပန်းချီသွားသင်ရသေးတယ်လေ။ ၅နာရီ၊ ၆နာရီမတိုင်ခင်အထိတော့ ပြန်လာသေးမှာ မဟုတ်ဘူး။ ဟွေ့ကျူးကလည်း ဦးလေး၂နဲ့ အပြင်ထွက်သွားတယ်။ ချန်းချန်း နင် သူ့ကိုမှတ်မိသေးလား"
"နင်တို့ အရမ်းကို ငယ်နေတဲ့အချိန်တုန်းက အတူတူဆော့ခဲ့တဲ့ကလေးလေ။ သူက ပြိုင်ပွဲတစ်ခု သွားဝင်တယ်။ ညဘက်ကျရင် ပြန်လာလိမ့်မယ်။ စိတ်မပူပါနဲ့။ ဒီမှာ ကလေးတွေ အများကြီးရှိတယ်။ နင်တစ်ယောက်တည်း မဖြစ်ပါဘူး"
ချန်ချန်က သူ့ခေါင်းကို ထိကိုင်လိုက်ကာ ရယ်မောလိုက်သည်။
"နင့်ရဲ့အဘိုးအဘွားတွေနဲ့ မိဘတွေရောရောက်ပြီလား"
မောက်ဟွေ့မေက လက်ထပ်တော့မည်ဖြစ်၏။ မောက်မိသားစုသည် သူတို့ ဖိတ်ခေါ်ချင်သည့်လူ သိပ်မရှိချေ။ ရှမိသားစုက ရှ၀မ်ယွဲ့နှင့် ရှမြန်တို့က ဦးကြီးရှနှင့် သူ့မိသားစုများကို ခေါ်လာဖို့ စဉ်းစားထားပြီး ပထမအချက်မှာ မင်္ဂလာပွဲကို တက်ရောက်ဖို့ရန် ဖြစ်ကာ ဒုတိယအချက်ကတော့ သူတို့ကိုမိသားစုများနှင့်မိတ်ဆက်ပေးပြီး ယန်မြို့ကို အလည်အပတ်ပို့ပေးဖို့ရန် ဖြစ်သည်။
သူတို့၏တစ်သက်တာတွင် မင်စီရင်စုမှ တစ်ခါမှ ထွက်မလာဖူးသည့်လူများသည် ယန်မြို့ကို အပြည့်အဝ တမ်းတကြလေသည်။ ရှမြန်က နောက်၁ရက်၊ ၂ရက်အတွင်း သူတို့ကိုမြို့ထဲသို့ အလည်ခေါ်သွားမည်။
သူမက မေးလိုက်သည်နှင့်ချက်ချင်း ရှချွမ်းသည် ဆူညံသံကိုကြားလိုက်ရပြီး ပင်မခန်းထဲမှ ထွက်လာကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။ "အိုး ငါတို့ရဲ့ကောလိပ်ကျောင်းသူလေး ပြန်လာပြီပဲ"
"အစ်ကိုချွမ်း!"ရှမြန်ကလည်း ဝမ်းသာအားရ အပြေးအလွှားသွားလိုက်သည်။ ရှဟိုင်နှင့် ရှဟယ်တို့ကလည်း သူမကို ထွက်လာ နှုတ်ဆက်၏။ ရှဟယ်က သူမ၏ပခုံးလေးကို လှမ်းပုတ်လိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "နင်က ပိုပိုပြီးတော့ လှလာတာပဲ"
"ဟိဟိ အစ်ကို၂။ အစ်ကိုကလည်းပဲ ပိုပိုပြီးတော့ တည်ငြိမ်လာတယ်နော်" ရှမြန်သည် သူတို့နောက်မှလိုက်ကာ အိမ်ထဲသို့ဝင်လာပြီး ဆိုဖာပေါ်တွင် ထိုင်နေကြသည့် လူကြီး၂ယောက်ကို တွေ့လိုက်ရလေ၏။
"ဦးကြီး၊ ဒေါ်ကြီး"
"ကောင်းတယ်။ ကောင်းတယ်" ဦးကြီး၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် တွန့်ရှုံ့သွားတော့၏။
"ကောလိပ်ကျောင်းသူလေးပဲ။ ငါတို့ရှမိသားစုမှာ ကောလိပ်ကျောင်းသူလေး နောက်တစ်ယောက် ထပ်ရှိလာပြီ"
ဒေါ်ကြီးက သူမ၏မျက်လုံးများထဲတွင် မျက်ရည်များနှင့် ရှမြန်၏လက်ကို လှမ်းဆွဲလိုက်ကာ "နင်က တကယ့်ကို အပျိုကြီးတစ်ယောက် ဖြစ်လာပြီပဲ။ နောက်ဆိုရင်လည်း တောက်ပတဲ့အနာဂတ်တစ်ခု ရှိလာဦးမှာ"
မနှစ်က ရန်ချင်းပုံမှန်တက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်ဟူသည့် သူမ၏သတင်းကို ကြားလိုက်ရသည့်အချိန်တွင် သူမ၏ဒေါ်ကြီးက ဖုန်းထဲတွင်ပင် ငိုရှိုက်နေခဲ့သေးသည်။ နောက်ပိုင်းတွင်တော့ သူမက ရှမြန်ကို ဝင်ခွင့်စာမိတ္တူတစ်စောင် ပြုလုပ်ခိုင်းခဲ့ပြီး ရှအဖေနှင့် အမေတို့၏အုတ်ဂူတွင် သွားပြီးမီးရှို့ပေးခဲ့သည်။
ရှမြန်က အနားသို့ကပ်လာပြီး သူတို့ကိုပွေ့ဖက်ပေးလိုက်၏။ "ကျွန်မတို့ရဲ့မိသားစုထဲမှာ နောက်ဆိုရင် ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေ ထပ်ပြီးတော့ရှိလာတော့မှာပါ။ ဟွေ့လန်ကလည်း စာမေးပွဲပြီးသွားပြီလေ"
"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်" ဦးကြီးရှသည် အလွန်ပျော်ရွှင်သွားပြီး ပါးစပ်ကိုပင် မပိတ်နိုင်တော့ပေ။ "နင်ကလည်းပဲ စာမေးပွဲကို သေချာပေါက် အောင်မှာပါ။ ဟုတ်တယ်မလား"
"ဟုတ်တာပေါ့"
ဟွေ့လန်သည် ဒီတစ်နှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေခဲ့၏။ ရှမိသားစုသည် ရှမြန်၏ အတွေ့အကြုံကို ရှိထားပြီးသားဖြစ်သဖြင့် သူတို့က ဒီတစ်နှစ်တွင်တော့ အများကြီး ပိုပြီးစိတ်အေးရသည်။
သူမ၏အဆင့်က သာမန်၏အထက်တွင်သာ ရှိသည်။ သူမသည် ရန်ကျင်းတက္ကသိုလ် သို့မဟုတ် ဟွားကျုံးသိပ္ပံနှင့် နည်းပညာတက္ကသိုလ်သို့ မဝင်နိုင်သော်ငြားလည်း အဓိကတက္ကသိုလ်တစ်ခု ဝင်ခွင့်ရဖို့ရန်တော့ ပြဿနာမရှိချေ။ စီးပွားစီမံဘာသာရပ်ကို ရွေးချယ်ခဲ့လေသည်။
ရှမြန်နှင့် တခြားသူများအားလုံးကလည်း အားကျသွားကြတော့၏။ ရှဟိုင်က သူ့လက်ကို မြှောက်လိုက်ကာ ချန်ချန်၏ဖင်ကို လှမ်းရိုက်လိုက်ပြီး ပြောလိုက်လေသည်။
"ကြည့်လေ။ မင်းရဲ့အဒေါ်တွေအားလုံးက ကောလိပ်ကျောင်းသူတွေဖြစ်သွားပြီ။ ရှောင်ဖုန်းနဲ့ ဟွေ့ကျူးတို့ကလည်း နောက်ဆိုရင် ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်လာကြဦးမှာ။ မင်းပဲ နေ့တိုင်းပတ်ပြီးတော့ ကစားနေလိုက်။ နောက်ဆိုရင် မင်းက ငါနဲ့အတူ အိမ်မှာပဲလက်သမားအလုပ် လုပ်ရလိမ့်မယ်"
ချန်ချန်ကတော့ အေးအေးလူလူ ပြောလိုက်၏။ "လက်သမားတစ်ယောက် လုပ်တော့ရော ဘာဖြစ်လဲ"
"တကယ်လို့ သားက ကောလိပ်သွားမယ်ဆိုရင် အိမ်မှာ လက်သမားအလုပ် ဘယ်သူက လုပ်ပေးတော့မှာလဲ။ သားက အဖေ့ကို အသက်အရွယ်ကြီးနဲ့ အလုပ်မလုပ်ခိုင်းနိုင်ပါဘူး။ ဟုတ်တယ်မလား။ ဒီလိုဆိုရင် မသိတတ်ရာကျသွားမှာပေါ့"
သူ့တွင် အကြောင်းပြချက်အများကြီး ရှိနေသည်။ "သားတို့ဆီမှာ မြေတွေလည်း ရှိသေးတယ်လေ။ ကွက်တိပဲပေါ့။ သားက လက်သမားတစ်ယောက်အဖြစ် အဖေ့ရဲ့အလုပ်ကို လက်လွှဲယူပြီးတော့ ဖန့်ဖန့်ကတော့ ဦးလေး၂ရဲ့အလုပ်ကို လက်လွှဲယူပြီး သားတို့ရဲ့မြေတွေကို စိုက်ပျိုးပေးလိမ့်မယ်"
ရှဟယ်မှာ ဒေါသထွက်သွားတော့သည်။ "မင်းက စာမလုပ်ချင်လို့ လက်သမားတစ်ယောက် ဖြစ်လာချင်တယ်ဆိုရင်လည်းပြောပါ။ မင်းနဲ့အတူတူ ဖန့်ဖန့်ကို ဆွဲမထည့်ပါနဲ့။ ငါတို့ရဲ့ဖန့်ဖန့်က လယ်မလုပ်ဘူး"
ဖန့်ဖန့်သည် ရှဟယ်၏သား ဖြစ်၏။ ယခုအချိန်တွင်တော့ ၁နှစ်ခွဲ ရှိပြီဖြစ်သည်။ သူသည် သူ့အမေဟုန်ကျွမ်း၏ ရင်ခွင်ထဲတွင် ကွေးကွေးလေးရှိနေကာ နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည်။
တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ သူသည် အလန့်တကြား နိုးလာခဲ့ပြီး သူ့အဖေနှင့် အစ်ကိုဖြစ်သူကို လှည့်ကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်ပြီး"အာ"ဟု လှမ်းခေါ်လိုက်၏။
ဟုန်ကျွမ်းက သူ၏ဖင်သေးသေးလေးကို ပုတ်ပေးလိုက်ကာ ပြောလိုက်၏။ "အာ သားက ဘာတွေပြောနေတာလဲ။ သားအစ်ကိုရဲ့စကားကို နားမထောင်နဲ့နော်။ သားတို့တွေ ကြီးလာတဲ့အချိန်ကျရင် ကောလိပ်တက်ပြီးတော့ ကောလိပ်ကျောင်းသူ ကျောင်းသား ဖြစ်လာရမယ်"
ဖန့်ဖန့်ကတော့ ထိုစကားကို နားလည်သည်၊ မလည်သည် မသိသော်ငြားလည်း သူသည် သွားများပေါ်သည့်အထိ တောက်ပစွာ ပြုံးပြနေပြီး အပြည့်မပေါက်သေးသည့် ကလေးသွားလေးများကို ဖော်ပြနေလေသည်။ သူ၏ ပြည့်ဖောင်းဖောင်းပါးကလေးသည် လှုပ်ရှားသွားပြီး အလွန်ချစ်စဖွယ်ကောင်းနေတော့၏။
ရှမြန်က အပြေးသွားလိုက်ကာ သူမ၏ လက်ချောင်းလေးဖြင့် သူ၏ပြည့်ဖောင်းဖောင်းပါးကလေးကို သွားတို့ထိလိုက်၏။ "ဖန့်ဖန့်က ကြီးတာမြန်လိုက်တာ။ မင်္ဂလာပါ။ အန်တီလေးက သားရဲ့အန်တီလေ"
ဖန့်ဖန့်သည် ချက်ချင်းဆိုသလို လက်ကိုဆန့်လိုက်ပြီး သူမ၏လက်ချောင်းလေးများကို ဖမ်းဆွဲလိုက်၏။ သူ၏မျက်လုံးလေးများသည် ရယ်မောလိုက်သဖြင့် ပျောက်ကွယ်သွားတော့သည်။
ရှမြန်သည် အလွန်ချစ်စရာကောင်းလှသဖြင့် သူမ၏လက်ချောင်းလေးများကို မြှောက်ကာ ပြောလိုက်လေသည်။ "သားရဲ့လက်သေးသေးလေးတွေက တော်တော်လေးသန်မာတာပဲ။ သိပ်ချစ်ဖို့ကောင်းတာပဲ"
ဟုန်ကျွမ်းက သူ၏ခေါင်းသေးသေးလေးကို ထိကိုင်လိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"အရမ်းသန်မာတယ်။ အရမ်းတော်တယ်ဆိုတာ ဘာကိုပြောတာလဲ။ သူ့မှာ စကားတောင် မပြောတတ်သေးဘူး။ ကောင်းကောင်းလည်း မပြေးနိုင်သေးသလို ခုန်လည်း မခုန်နိုင်သေးပါဘူး။ ကြီးလာတဲ့အချိန်ကျရင်တော့ အဆော့သန်လိမ့်ဦးမှာပဲ"
ရှမြန်ကလည်း ရယ်မောကာပြောလိုက်၏။ "ချန်ချန်ထက်ပိုပြီး အဆော့သန်နိုင်တဲ့သူ ရှိပါဦးမလား"
ဦးကြီးရှကတော့ ချက်ချင်းပြောလိုက်သည်။ "နောက်ထပ် အဆော့သန်ပြီး သန်မာတဲ့ ကလေးတစ်ယောက်တော့ မလုပ်ပါနဲ့။ မဟုတ်ရင် အိမ်က ပြောင်းပြန်လန်သွားလိမ့်မယ်"
အားလုံးက ဝါးလုံးကွဲရယ်မောကြလေသည်။ ချန်ချန်က အားလုံးရယ်မောနေသည်ကို မြင်လိုက်ရသည့်အခါ သူကလည်း သူ့ခြေထောက်လေးများကို လှုပ်ရှားလိုက်ပြီး ရယ်မောလိုက်၏။
သူတို့သည် စကားပြောရင်း ရယ်မောနေကြသည်တွင် မောက်ဟွေ့လန်က လင်ဗန်းတစ်ခုဖြင့် ဝင်လာခဲ့သည်။ "အစ်မမြန့်မြန် လာကူပေးပါဦး"
ရှမြန်က ဇာခန်းဆီးကို မြန်မြန်မပေးလိုက်ပြီး သူမ၏ယောက်မလီဖန်ထံမှ ပန်းကန်လုံးကို လှမ်းယူလိုက်ကာ ပြောလိုက်သည်။ "ယောက်မ ကျေးဇူးပြုပြီးတော့ မြန်မြန်ထိုင်ပါတော့။ ကျွန်မလုပ်လိုက်ပါ့မယ်"
အစားအသောက်များကို တစ်ခုပြီးတစ်ခုချပေးလိုက်သည်။ ရှ၀မ်ယွဲ့သည် နောက်ဆုံးတော့ အသားဆော့စ်ကိုယူဝင်လာခဲ့ပြီး ပြောလိုက်သည်။ "လာလာ။ ယန်မြို့ကပဲပိစပ်အနှစ်နဲ့ ခေါက်ဆွဲကြော်ကို လာမြည်းကြည့်ကြပါဦး။ ဒီခေါက်ဆွဲလုပ်နည်းကို အထူးတလည် သွားသင်ထားရတာ"
"ရှင်းအာရော ဘယ်မှာလဲ။ ကလေး အိပ်သွားပြီလား။ သူ့ကိုလည်း ခေါ်ပြီးတော့လာစားလိုက်ပါဦး"
ရှချွမ်းသည် အတွင်းခန်းထဲသို့ဝင်သွားကာ တစ်ချက်လောက် သွားကြည့်လိုက်ပြီးနောက် မကြာမီတွင် သူမ၏တတိယ ယောက်မလီရှင်းအာ၊ လှပငယ်ရွယ်သည့် ဇနီးသည်လေးတစ်ယောက်က ထွက်လာလေသည်။
ရှမြန်ဇာတိမြို့မှ ပြန်လာသည့်နှစ်တွင် ရှာချွမ်းကလည်း မာလီလီ၏ သင်ခန်းစာကို တွေ့ကြုံပြီးသွားပြီဖြစ်ကာ သူ့မိဘများ၏အကြံဉာဏ်ကို နားထောင်လိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။ သူသည် ကြင်ဖက်၂ခါလောက် ထပ်တွေ့ပြီးသည့်နောက်တွင် လီရှင်းအာကို သဘောကျသွားတော့သည်။ သူတို့သည် နှစ်ကုန်တွင် လက်ထပ်ခဲ့ကြ၏။
ဒီနှစ်အစတွင်တော့ သူတို့၏သမီးလေးကို မွေးဖွားခဲ့ပြီး တုတု ဟု အမည်ပေးလိုက်သည်။
ယခုအချိန်တွင်တော့ လီရှင်းအာသည် အခန်းထဲတွင် ချော့သိပ်အစားကျွေးနေခဲ့၏။
ရှမြန်က လီရှင်းအာ၏မျက်နှာကို ကြည့်လိုက်ပြီး စဉ်းစားလိုက်လေသည်။ ရှချွမ်းက ချေးမများဘူးပဲ။ သူက ဒီအတိုင်း လှပတဲ့မိန်းကလေးတွေကို သဘောကျတာ။
လီရှင်းအာသည် အနည်းငယ်ရှက်ရွံ့နေသည့် ရှာချွမ်း၏စကားအတိုင်း လိုက်လုပ်ပေးသည်။ အလွန်လိမ္မာရေးခြားရှိဟန်တူ၏။
ရှ၀မ်ယွဲ့ကတော့ မနေနိုင်ဘဲ ရယ်မောလိုက်တော့၏။ "ထင်ထားတဲ့အတိုင်းပဲ။ အိမ်ထောင်ပြုပြီး အဖေဖြစ်လာတော့ ယောက်ျားတစ်ယောက်က ပိုပြီးတော့တည်ငြိမ်လာခဲ့တယ်။ ရှချွမ်းက အရင်တုန်းကဆိုရင် ဆိုးသွမ်းနေခဲ့တာလေ"
ဦးကြီးနှင့်ဒေါ်ကြီးတို့ နှစ်ယောက်စလုံးကလည်း သူ့ကိုကြည့်လိုက်ကာ ကျေနပ်စွာ ပြုံးလိုက်ကြသည်။
ဒေါ်ကြီးကလည်း ပြောလိုက်၏။ "နောက်ဆုံး သူတို့အားလုံးကိုလည်း လုပ်သင့်တဲ့ဟာတွေကို ပြောပြီးသွားပြီလေ။ အနာဂတ်မှာ သူတို့တွေ ဘယ်လိုနေထိုင်မယ်ဆိုတာကိုတော့ သူတို့ပဲဆုံးဖြတ်ပါစေပေါ့"
ရှ၀မ်ယွဲ့သည် ခေါက်ဆွဲကို ပြင်ဆင်ပေးထားပြီး သူမ၏အစ်ကိုကြီးနှင့် အစ်မကြီးများကို လှမ်းပေးလိုက်သည်။ "သူတို့အားလုံးက လိမ္မာသိတတ်တဲ့ကလေးတွေပါ။ သူတို့တွေက ပိုပိုပြီးတော့ ကောင်းလာလိမ့်မယ်"
ဦးကြီးသည် မိသားစု၏မျက်ဝန်းများထဲကအပြုံးကို မြင်လိုက်ရသည့်အခါ ထိုနည်းတူစွာ ခံစားရလေသည်။
မိသားစုသည် တစ်နေ့လုံး ရထားပေါ်တွင်ထိုင်လာရပြီးနောက် ဆာလောင်မွတ်သိပ်နေကြပြီဖြစ်၏။ ဖန့်ဖန့်ကပင် ပန်းကန်လုံးငယ်လေးကို လှမ်းဆွဲကာ ခေါက်ဆွဲကို အသံမြည်အောင်စားနေသည်။
ချန်ချန်ကတော့ သူ့ဘေးတွင် အစာလူးပြီးသွားသဖြင့် သူ့လက်ထဲကခေါက်ဆွဲများကို တိတ်တိတ်လေး ဆွဲထုတ်နေသည်။ ကလေးက သတိမထားမိဘဲ စူပုတ်နေသည့်ပါးစပ်လေးဖြင့် ဆက်ပြီးစားနေ၏။ အကယ်၍ သူသည် အစားအသောက်ကို မရနိုင်လျှင် သူက သူ့လက်သီးလေးကို အနည်းငယ်ဆုပ်ထားလိုက်ပြီး ခေါက်ဆွဲလေးကို သူ့ပါးစပ်ထဲသို့ထိုးထည့်လိုက်သည်။
လီဖန်က ဘေးမှနေ၍ ချန်ချန်ကိုလှမ်းပုတ်လိုက်ကာ ပြောလိုက်သည်။ "မင်းခဏလောက် ငြိမ်ငြိမ်လေး နေလို့မရဘူးလား။ ဘာဖြစ်လို့ သူ့ကို သွားစနေတာလဲ။ သူ ခဏနေ ငိုသွားရင် နင်က ချော့နိုင်လို့လား"
ဟုန်ကျွမ်းသည် ဖန့်ဖန့်က မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလို သူ့ပါးစပ်ထဲသို့ ခေါက်ဆွဲကို မြန်မြန်လေး ထိုးထည့်ပေးလိုက်ပြီးနောက် ချန်ချန်ကို ခြိမ်းခြောက်ရတော့သည်။ "နင် သူ့ကိုထပ်ပြီးတော့ သွားစနေမယ်ဆိုရင် ဒီနေ့ည ငါ သူ့ကို နင်နဲ့အတူ လာသိပ်ထားလိုက်မယ်"
ချန်ချန်က ပြောလိုက်သည်။ "မလုပ်ပါနဲ့။ သားက ဒီနေ့ရှောင်ဖုန်းနဲ့အတူတူ အိပ်ချင်တာ"
ရှဟိုင်က ပြောလိုက်သည်။ "ရှောင်ဖုန်းကနောက်ဆိုရင် ကောလိပ်ကိုသွားချင်တာ။ ဒီတော့ သူက မင်းလို လက်သမားတစ်ယောက်နဲ့ အိပ်ချင်မှာ မဟုတ်ဘူး"
ရှဟိုင်သည် သူ့စကားကို ပြောလိုက်ပြီး တစ်ဖန် စိုးရိမ်လာပြန်တော့သည်။
"ဒီကလေးနဲ့ ပတ်သက်ပြီးတော့ ဘာပြောရမှာလဲ။ သူက ဘာမှလဲမတော်ဘူး။ ပြဿနာရှာတာပဲ အတော်ဆုံး"
"မင်းဟာလေ ဦးနှောက်ကောင်းကောင်းသာရှိတာ။ ဒါပေမဲ့ အဲဒီဦးနှောက်ကို လေးနက်တဲ့ရည်ရွယ်ချက်နဲ့ မသုံးတတ်ဘူး"
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း ဆရာက ငါ့ဆီရောက်လာခဲ့တယ်လေ" ရှဟိုင်သည် ပြောရင်းဆိုရင်း ပိုပြီးဒေါသထွက်လာတော့၏။ "တခြားကျောင်းသား၊ ကျောင်းသူတွေရဲ့အိပ်မက်ကတော့ အာကာသယာဥ်မှူး ဖြစ်ချင်တယ်။ သိပ္ပံပညာရှင်ဖြစ်ချင်တယ်။ လေယာဉ်မှူးဖြစ်ချင်တယ်လို့ ရေးထားကြတာ။ သူ့ကျမှ လက်သမား ဖြစ်ချင်တာတဲ့လေ"
ချန်ချန်ကလည်း ပြောလိုက်သည်။ "အဲဒါတွေအားလုံးက ပေါက်ကရတွေပါ။ ကောင်းတန်းက သိပ္ပံပညာရှင် ဖြစ်ချင်တယ်တဲ့လား"သူက လှောင်ပြောင်လိုက်သေးသည်။ "သူက ဘာကိုသုတေသန လုပ်မှာမလို့လဲ။ သူကအဘိုး၂ ချန်းယောက်ရဲ့အိမ်မှာ ဖရုံသီးထဲကမစင်ကို သုတေသန လုပ်မလို့လား"
လီဖန်သည် မတတ်သာတော့ဘဲ သူကျောပြင်ကို ဖြန်းခနဲ ရိုက်လိုက်ရတော့၏။
"စားသောက်နေတယ်ဟဲ့။ နင်က ဘာတွေပြောနေတာလဲ"
ချန်ချန်သည် ဇာတ်လေးကို ပုထားလိုက်ကာ ထပ်ပြီးမပြောရဲတော့ချေ။ သို့သော်ငြားလည်း မောက်ဟွေ့မေ၏ သိလိုစိတ်ကတော့ လုံးဝကိုနိုးထသွားတော့၏။ "အဲဒီအကြောင်းအရာရဲ့ နောက်ကွယ်ကဘာလဲ"
ကောင်းတန်းသည် ရှမိသားစု၏ ဆွေမျိုးတစ်ယောက်ဖြစ်သည်။ သို့သော်ငြားလည်း အမျိုးဝေးသူ တစ်ယောက်ဖြစ်၏။ သို့သော် သူတို့အားလုံးသည် တစ်ရွာထဲတွင် နေထိုင်ကြလေသည်။
ဦးလေး၂အကြောင်း ဖြစ်သည်ကို ကြားလိုက်ရသည့်အချိန်တွင် ရှမြန်ကလည်း စိုးရိမ်သွားကာ မေးလိုက်တော့၏။ "ဦးလေး၂ရဲ့ အိမ်ကလား။ နင် သူ့ကိုထပ်ပြီးတော့ သွားစလိုက်တာလား"
ချန်ချန်က သူ့မိဘများကို လှမ်းကြည့်လိုက်ကာ သူတို့က သူ့ကို မတားသည်ကို မြင်လိုက်ရ၏။ သူကလည်း ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားပြီး ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောလေတော့သည်။ "အဘိုး၂ ချန်းယောက်က ပစ္စည်းတွေကိုခိုးရတာ ကြိုက်တယ် မဟုတ်လား"
"တိုက်ဆိုင်သွားတာလေ။ ကောင်းမိသားစုက အတွင်းဘက်မှာ ပုပ်သိုးနေတဲ့ဖရုံသီးတစ်လုံး ရှိခဲ့တာ။ ဒါပေမဲ့ အပြင်ဘက်ကတော့ အကောင်းအတိုင်းပဲ။ ဘာမှလဲသေချာမမြင်ရဘူး"
"အဲဒီနောက်မှာ သားက... ဪ မဟုတ်ပါဘူး။ ကောင်းတန်းပါ။ ကောင်းတန်းက ဓားတစ်ချောင်းကို သုံးပြီးတော့ အပေါက်ဖောက်လိုက်တယ်လေ။ ပြီးတော့သားတို့တွေက တစ်ယောက်ပြီး တစ်ယောက်အဲ့ဒီထဲမှာ -ျီးပါထည့်လိုက်ကြတာ။ နောက်ဆုံး သားတို့တွေက ကော်နဲ့အပေါက်ကို ပိတ်လိုက်တယ်လေ။ ပြီးတော့ ကောင်းတန်းအိမ်တံခါးရှေ့မှာ သွားချထားလိုက်တာ"
သူသည် သွားများပြုံးဖြီးကာ ဆက်ပြီးပြောလိုက်၏။ "အဲဒီနောက်မှာတော့ အဘိုးချန်ယောက်က အဲဒီဖရုံသီးကို တိတ်တိတ်လေး လာခိုးသွားခဲ့တယ်လေ"
သူသည် ထိုအချိန်က မြင်ကွင်းကို ပြန်ပြီးစဉ်းစားလိုက်မိသည့်နှယ် ချန်ချန်သည် အရယ်မရပ်နိုင်တော့ပေ။
"အဲဒီနောက်မှာတော့ သားတို့တွေကလည်း သူ့တံခါးရှေ့မှာသွားပြီးတော့ ထိုင်နေတာပေါ့။ သိပ်မကြာခင်မှာပဲ သူက အော်ပြောလာလိုက်တာကို ကြားလိုက်ရတယ်လေ။ "အား ငါ့ရဲ့ဓား၊ ငါ့ရဲ့စဥ်းနီတုံးနဲ့ ငါ့ရဲ့ဖရုံသီး...."
သူက သူ့လက်ကို ချဲ့ကားစွာ ဝှေ့ရမ်းပြလိုက်ပြီး ခေါင်းကိုလှုပ်ရှားလိုက်ကာ ဦးလေးရှ၏လေသံကို ကွက်ကွက်ကွင်းကွင်း ဖြစ်အောင် အတုယူလိုက်ပြီးနောက် လူတိုင်းကို ရယ်မောအောင် လုပ်ပစ်လိုက်လေတော့သည်။
ရှမြန်နှင့် မောက်ဟွေ့လန်တို့မှာ အသည်းအသန်ရယ်ရလွန်းသဖြင့် မျက်ရည်များပင် ထွက်လာတော့၏။ ဒီကလေးများက အလွန်မှအဆော့သန်လှကြသည်။
ချန်ချန်ကလည်း ရယ်ရလွန်းသဖြင့် နောက်ပြန်လန်ကျသွားပြီးနောက် ဆက်ပြီးပြောလိုက်လေသည်။
"သူကစဉ်းတီတုံးပေါ်မှာ ပါထားတဲ့ဟာတွေကို လှီးဖြတ်တယ်လို့ ပြောလို့ရသားပဲ။ ဒါပေမဲ့ သူက ဓားနဲ့စဉ်းတီတုံးကို လွှတ်ပစ်ရမှာ နမြောနေတယ်တဲ့..."
"သူတို့တွေက အဲဒါတွေကို နေ့တိုင်းချက်ပြုတ်ဖို့ ဆက်သုံးနေကြသေးတယ်လေ။ သူတို့တွေ စားတဲ့အချိန်ကြရင်လည်း..."
"တော်လောက်ပြီ" လီဖန်က သူ့ကို လှမ်းပုတ်လိုက်ပြီး "နင်ငါ့ ကို ဆက်စားခွင့်ပေးဦးမှာလား"
ရှဟိုင်ကလည်း ဒေါသတကြီးပြောလိုက်၏။ "သူတို့တွေကတော့ အဲဒါကို ကောင်းတန်းက လုပ်တယ်လို့ ပြောကြတာပဲ။ ဒါပေမဲ့ စကားတွေ အများကြီး ပြောလာပြီးတဲ့နောက်မှာတော့ ကောင်းတန်းက ဖရုံသီးတစ်လုံး ယူလာမယ်ဆိုတဲ့ စိတ်ကူးပဲ ထုတ်လာတာလေ။ ကျန်တာကတော့ မင်းရဲ့စိတ်ကူးပါ။ ဟုတ်တယ် မဟုတ်လား"
"မဟုတ်ပါဘူး" ချန်ချန်ကလည်း သတိနှင့် သူကျောပြင်ကို ချက်ချင်းမတ်ထားလိုက်ပြီး အချိန်မရွေး ထွက်ပြေးဖို့ရန် အဆင်သင့်ပြင်လိုက်၏။ "အဲဒီလိုလုပ်တာက ကောင်းတန်းပါ။ သားက အမှိုက်သွားယူပေးဖို့ပဲ ကူညီပေးခဲ့တာ..."
ရှဟိုင်ကတော့ ထရပ်နေနှင့်ပြီးသား ဖြစ်၏။ ချန်ချန်ကလည်း ပတ်ပြေးနေတော့သည်။
အားလုံးသည် အဖေနှင့်သားက အချင်းချင်း လိုက်တမ်းပြေးတမ်းကစားနေသည်ကို စောင့်ကြည့်ရင်း ရယ်မောကြလေတော့သည်။ သို့သော်ငြားလည်း နောက်ဆက်တွဲရလဒ်တချို့ကတော့ ရှိသေး၏။
ထို့နောက်တွင်တော့ မည်သူကမှ ခေါက်ဆွဲကိုမစားနိုင်ကြတော့ပေ...
...
အပိုင်း (၂၁၀)
ယန်မြို့သို့ရောက်လာပြီး ပထမဦးဆုံးနေ့မှာပင် ချန်ချန်သည် အရိုက်ခံနေရသေးသည်။
နေ့လယ်စာ စားပြီးသွားသည့်နောက်တွင် ဦးကြီးရှနှင့် သူ့မိသားစုတို့သည် အနားယူလိုက်ကြ၏။ ညနေ၄နာရီဝန်းကျင်တွင် အင်အားတက်ကြွနေသည့် ချန်ချန်သည် အရင်ဆုံးနိုးလာခဲ့သည်။ ထို့ကြောင့် ရှမြန်ကလည်း ရှောင်ဖုန်းကို သွားကြိုဖို့ရန်အတွက် စက်ဘီးလေးနှင့် သူ့ကို အနုပညာကျောင်းသို့ ခေါ်လာခဲ့လိုက်၏။
ရှောင်ဖုန်းသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ သူ၏ပန်းချီဆွဲသားသည့် အရည်အချင်းအတွက် ပါမောက္ခကျူး၏ လိုအပ်ချက်များကလည်း တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ သူသည် ပြီးခဲ့သည့်နွေရာသီကတည်းက တစ်ရက်ခြားလိုလို သင်တန်းသွားခဲ့သော်ငြားလည်း သင်တန်းက တစ်ကြိမ်တွင် နေ့တစ်ဝက်သာရှိလေသည်။ ဒီနှစ်နွေရာသီတွင်တော့ သူသည် အစကတည်းက အချိန်ပြည့် အတန်းတက်နေရ၏။
ပါမောက္ခကျူးက ဟွားကော်အနုပညာကျောင်းက ပါမောက္ခများအတွက် စီစဉ်ပေးထားသည့် အပြာရောင်အုတ်ကြွပ်နှင့် အဆောက်အအုံငယ်လေးတွင် နေသည်။ ရှမြန်က ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် သူက မရှိချေ။ ပါမောက္ခကျူး၏ဇနီးက အပြုံးဖြင့် ပြော၏။ "ရှောင်ဖုန်းကို လာကြိုတယ်ဆိုရင်တော့ စတူဒီယိုကိုသွားလိုက်ပါ။ သူ့ရဲ့စီနီယာအစ်ကိုတွေက သူ့ကိုခေါ်သွားတယ်"
ရှမြန်ကလည်း မအံ့ဩတော့ချေ။ ပါမောက္ခကျူးသည် လုပ်စရာအလုပ်အလွန်များပြားလှပြီး လက်တစ်လောတွင် ငွေစက္ကူအသစ် ပုံစံရေးဆွဲခြင်းဖြင့် အလုပ်များနေ၏။ ရှောင်ဖုန်းကလည်း မကြာခဏဆိုသလို သူ၏စီနီယာအစ်ကို အစ်မများနှင့် သွားလည်တတ်သည်။ သူသည် သူ၏အကြီးဆုံး စီနီယာအစ်ကို စွန်းရှုမင်နှင့် အချိန်ကုန်ဆုံးသည်မှာ ပိုများသည်။ အကြောင်းမှာ စွန်းရှုမင်သည်လည်း အနုပညာကျောင်း၏ တွဲဖက်ပါမောက္ခတစ်ယောက်ဖြစ်ကာ ရှောင်ဖုန်းကို သူက သူ၏စတူဒီယိုဆီသို့ မကြာခဏခေါ်သွားတတ်သည်။
ရှမြန်က ချန်ချန်နှင့်အတူ သင်ကြားရေးအဆောက်အအုံဆီသို့ ထပ်ရောက်လာခဲ့၏။ စွန်းရှုမင်၏ အတန်းများရှိသည့် စတူဒီယိုသည် ပထမထပ်တွင်ရှိသည်။ ရှေးဟောင်းပုံစံနှင့် အဆောက်အအုံတစ်ခု ဖြစ်၏။ ရှမြန်သည် အပြင်ဘက်ပြတင်းပေါက်မှနေ၍ စတူဒီယို၏ ရှင်းလင်းနေသည့် မြင်ကွင်းတစ်ခုကို မြင်နေရသည်။
သူမသည် ရှောင်ဖုန်းကို တစ်ချက်ကြည့်လိုက်ရုံနှင့် မြင်နေရသည်။ ကောင်ကလေးက အလွန်သိသာထင်ရှားလွန်းနေသည်။
အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည့်ကလေး ဖြစ်နေသောကြောင့် မဟုတ်ပေ။ သူက ဆရာငယ်လေးတစ်ယောက်လို စင်ပေါ်က ကုလားထိုင်တွင် ထိုင်နေပြီး ကျောင်းသူတော်တော်များများ၏ ဝိုင်းရံခြင်းခံထားရကာ သူ ဘာလုပ်နေသည်ကို မည်သူမှမသိကြချေ။
ရှမြန်ကလည်း အထဲသို့ ဝင်သွားဖို့ရန်မလောခဲ့ပေ။ သူမက ပြတင်းပေါက်မှတစ်ဆင့် သူတို့ ကစားနေသည့်အရာများကို စောင့်ကြည့်နေလိုက်သည်။ ချန်ချန်ကလည်း အုတ်လေးတစ်တုံးကို ဒီအတိုင်းရွှေ့လာခဲ့ပြီး အုတ်ပေါ်သို့တက်လိုက်ကာ ပြတင်းပေါက်အတွင်းဖက်သို့ ခေါင်းလေးဖော်ကာ ကြည့်လိုက်၏။
ရှောင်ဖုန်းက သူတို့ကို သတိမထားမိချေ။ သို့သော်ငြားလည်း သူ့ရှေ့က ကျောင်းသူ ကျောင်းသားများကို ပြုံးပြနေလေသည်။
သူမသည် အစတုန်းကတော့ ရှောင်ဖုန်းက မော်ဒယ်တစ်ယောက်အဖြစ် ပြုလုပ်ပေးနေသည်ဟု ထင်ခဲ့၏။ သို့သော်ငြားလည်း သူ့ဘေးက ကျောင်းသူကျောင်းသားများသည် ရုတ်တရက်ဆိုသလို သူတို့၏လက်ကို ယှက်ထားလိုက်ကာ သူ့ကိုဦးညွတ်နေပြီး သူကိုင်ထားသည့် ဘူးငယ်လေးထဲသို့ သကြားလုံး သို့မဟုတ် ချောကလက်များကို ထည့်ပေးလိုက်ကာတစ်ခုခုကို အသံတိတ်ရေရွတ်နေပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားသည်ကို တွေ့လိုက်ရလေသည်။
ဒီယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းက ရှမြန်ကို တော်တော်လေး နားမလည်နိုင်အောင် ဖြစ်သွားရစေတော့၏။ ဒါက ဘယ်လိုလှုပ်ရှားမှုမျိုးလဲ။
တက်ကြွလှသည့်ကောင်လေးတစ်ယောက်က ရှေ့သို့ထွက်လာကာ ကြီးကျယ်ခမ်းနားသည့် နှုတ်ဆက်ခြင်းအမူအရာများကိုပြုလုပ်ပြပြီး အော်ပြောလိုက်သည့်အခါမှသာ သိလိုက်တော့သည်။
"ပန်းချီနတ်ဘုရား ကျွန်တော့်ကို ကြည့်ရှုစောင့်မပေးတော်မူပါ!ကျွန်တော် ဒီတခါတော့ အောင်မြင်ပါရစေ!"
ထို့နောက်တွင်တော့ သူသည် လက်တစ်ဆုပ်စာ သကြားလုံးကို ထုတ်လာခဲ့ပြီး ရှောင်ဖုန်း၏ စက္ကူဘူးလေးထဲသို့ ထည့်ပေးလိုက်၏။ "ဒါက ကျွန်တော်ရဲ့ဆက်သထားတဲ့ပစ္စည်းပါ။ ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ ပန်းချီနတ်ဘုရား၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်ရဲ့ပန်းချီကားကို အောင်မြင်အောင် စောင်မပေးတော်မူပါ"
ရှောင်ဖုန်းသည် သူ့ကြောင့် အလွန်သဘောကျသွားပြီး သူ့ပါးစပ်လေးကို ဝိုင်းစက်နေအောင် ဖွင့်ထားလိုက်ကာ သူ၏ခြေထောက်လေးများကို လှုပ်ရှားရင်း ဆက်တိုက်ရယ်မောနေလေသည်။
ကောင်ကလေးက ဝမ်းသာအားရပြောလိုက်၏။ "တွေ့လား။ ပန်းချီနတ်ဘုရားက ပြုံးနေတယ်။ ငါက ဒီတစ်ခါတော့ သေချာပေါက် စာမေးပွဲအောင်လိမ့်မယ်"
အောက်က ကျောင်းသူကျောင်းသားများကလည်း ပြောလိုက်၏။ "ဝေယွင်ဟွမ် တိတ်တိတ်နေစမ်းပါ။ နင်က ပါမောက္ခစွန်းကို ခေါ်ချင်နေတာလား"
ရှမြန် ....
ဒါက တကယ့်ကို အယူသည်းလွန်းတဲ့ လှုပ်ရှားမှုတစ်ခုပဲ။
ချန်ချန်သည် ရှောင်ဖုန်း၏လက်ထဲက ဘူးလေးကို စိုက်ကြည့်နေမိကာ အားကျစွာပြောလိုက်၏။
"ဒေါ်လေးမြန့်မြန် ရှောင်ဖုန်းက ပန်းချီလာဆွဲတဲ့အချိန်တိုင်း နေ့တိုင်း ဒီလောက်သကြားလုံးတွေ အများကြီးရတာလား"
"မဟုတ်ပါဘူး"ရှမြန်က ရယ်မောလိုက်ကာ သူ့ကိုလှမ်းဆွဲလိုက်သည်။ "သူ့ကို သွားကြိုရအောင်"
သူတို့နှစ်ယောက်သည် ဆရာများအခန်းသို့ လျှောက်လာခဲ့ကြပြီး သူတို့သည် လက်ဖက်ရည်တစ်ခွက်နှင့် ထွက်လာသည့် စွန်းရှုမင်နှင့် မမျှော်လင့်ဘဲ တွေ့လိုက်ရ၏။ ရှမြန်ကို တွေ့လိုက်ရသည့်အခါ သူက ပြုံးပြီးပြောလိုက်သည်။ "ကြည့်ရတာ ရှောင်ဖုန်းကို လာကြိုရမဲ့အချိန် ရောက်လာပြီ ထင်တယ်"
ရှမြန်က စကားပြောတော့မည်အချိန်တွင် စွန်းရှုမင်က တိတ်တိတ်လေး နေဖို့လက်ဟန်ပြလိုက်သည်ကို မြင်လိုက်ရသော်ငြားလည်း သူ့ကိုကြည့်နေကြသည့် ကျောင်းသားကျောင်းသူများက သတိထားမိသွားကြသေး၏။
ရှမြန်သည် အနောက်ဘက်တံခါး၏ ပြတင်းပေါက်မှတစ်ဆင့် ပထမတန်းက အရပ်မြင့်မြင့် ကောင်ကလေးသည် ရှောင်ဖုန်းကို မြန်မြန်ကောက်ချီလိုက်ကာ သူ့ကို ကလေးအတွက် လုပ်ထားပေးသည့် အီဇာလ်ရှေ့တွင် ချထားပေးလိုက်၏။
တခြားကောင်ကလေးကလည်း သကြားလုံး၊ ချောကလက်နှင့်တခြားပစ္စည်းများကို သူ၏ ကျောင်းလွယ်အိတ်လေးထဲတွင် မြန်မြန်ထည့်ပေးလိုက်လေသည်။
ရှောင်ဖုန်းကလည်း ဖြစ်စဉ်တစ်ခုလုံးတွင် သူတို့နှင့်အတူ လိမ်လိမ်မာမာလေး ပူးပေါင်းပေးလိုက်ကာ ပန်းချီဆွဲနေသည့်နှယ် သူ၏စုတ်တံလေးကို မြန်မြန်ကောက်ကိုင်လိုက်လေသည်။ သူ၏ကျွမ်းကျင်မှုလေးကို ကြည့်လျှင် ဒါက ပထမဦးဆုံးအကြိမ် မဟုတ်မှန်း သိသာနေ၏။
ရှမြန်သည် အပြင်ဘက်မှ စောင့်ကြည့်နေပြီး ငိုရခက်ရယ်ရခက် ဖြစ်သွားတော့သည်။ စွန်းရှုမင်ကတော့ အသံထွက်ကာ ရယ်မောလိုက်ပြီး ကြိမ်းမောင်းနေတော့၏။ "နေ့တိုင်းပဲနော်။ မင်းတို့တွေ ပုံမှန်အတိုင်း ကြိုးစားမယ်မရှိဘူး။ အခုတော့ ထူးထူးဆန်းဆန်းတွေတောင် လုပ်နေကြပြီ"
သူသည် စာသင်ခန်းထဲသို့ လျှောက်သွားလိုက်ပြီး တလေးတနက် ဟန်ဆောင်နေသည့် ရှောင်ဖုန်းကို ကြည့်လိုက်ကာ ပြောလိုက်လေသည်။ "ရှောင်ဖုန်းရေ။ သားရဲ့အန်တီလေးက သားကိုလာကြိုနေပြီ"
ရှောင်ဖုန်း၏ မျက်လုံးများသည် လင်းလက်သွားပြီး သူသည် ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ရှမြန်က သူ့ကိုလက်ဝှေ့ယမ်းပြလိုက်ကာ ချန်းချန်းကလည်း ထိုနေရာတွင်ခုန်ခုန်ပြီး လက်ဝှေ့ယမ်းပြနေသည်။
ရှောင်ဖုန်းသည် သူ့ကိုမြင်လိုက်ရသည့်အခါ ပြန်နှုတ်ဆက်ပြလိုက်၏။ ချန်းချန်း ဖြစ်နေသည်ကို မှတ်မိသွားသည့်အချိန်တွင်တော့ သူသည် အလွန်ပျော်ရွှင်သွားပြီး ခေါင်းကိုမြန်မြန်ငုံ့လိုက်ကာ သူ၏ပစ္စည်းပန်းချီဆွဲဘုတ်ပြားများကို စပြီးသိမ်းဆည်းလိုက်သည်။
သူ့ဘေးကမိန်းကလေးကလည်း သူ့ပစ္စည်းများကို လာပြီးကူညီသိမ်းဆည်းပေးလိုက်သည်။ ရှောင်ဖုန်းက လက်တစ်ဖက်တွင် သူ၏ကျောင်းလွယ်အိတ်လေးကို ကိုင်ထားကာ ကျန်သည့်လက်တစ်ဖက်တွင်တော့ ပန်းချီဆွဲဘုတ်ပြားကို ကိုင်ပြီး ဝမ်းသာအားရပြောလိုက်၏။ "အန်တီလေး ကိုကိုချန်ချန်"
ရှမြန်က သူ့လက်ထဲက ပစ္စည်းများကိုလှမ်းယူလိုက်ပြီး အပြုံးဖြင့်ပြောလိုက်၏။ "ပန်းချီဆွဲရတာ ပျော်ရဲ့လား"ရှောင်ဖုန်းကသူ၏ခေါင်းလေးကို နောက်ပြန်မော့ထားလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
"အားလုံးပဲ။ ဒီနေ့အိမ်စာကို အပ်ရမယ်နော်"
မဆန်းတော့ပါဘူးလေ။
ဘယ်ခေတ်အခါမှာပဲဖြစ်ဖြစ် ကောလိပ်ကျောင်းသူ၊ ကျောင်းသားတွေက စာမေးပွဲနဲ့ အဓိကassignmentမတိုင်ခင်မှာ ဒီလိုအယူသည်းတဲ့ လှုပ်ရှားမှုတွေ ရှိနေကြသေးတာပဲ။
စွန်းရှုမင်သည် သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်၏။
"အိမ်ပြန်ရောက်သွားတဲ့အခါကျရင် သကြားလုံးတွေအားလုံးကို အန်တီလေးကို သိမ်းခိုင်းထားလိုက်နော်။ တစ်ယောက်တည်း ခိုးပြီးတော့မစားနဲ့နော်။ သွားကိုက်တတ်တယ်"
ရှောင်ဖုန်းသည် ကျောင်းသူ၊ ကျောင်းသားများကို အမှတ်တမဲ့ လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများက "သိသွားရင်ဘယ်လိုလုပ်မလဲ"ဟူသည့်ရုပ်လေးဖြင့် အမူအရာတစ်ခုဖြစ်နေသည်။
သူ၏အစ်ကိုနှင့် အစ်မများက သူ၏ချစ်စရာကောင်းမှုလေးတွင် အရည်ပျော်သွားကြခြင်းဖြစ်သည်။ သူတို့ကလည်း ဒီအတိုင်း ရယ်စရာလုပ်နေခြင်းဖြစ်၏။ ပါမောက္ခကျူးက ခွင့်ပြုပေးထားသည်ကိုလည်း သူတို့က သိနေသည်။ သို့မဟုတ်လျှင် သူတို့သည် ပထမဦးဆုံးအကြိမ်ကတည်းက ဆူဆဲခံရပေလိမ့်မည်။ သို့သော်ငြားလည်း ကောင်းကလေးကတော့ တလေးတနက်ဖြစ်နေ၏။ ရှောင်ဖုန်းက သူတို့ကို လှမ်းကြည့်လိုက်ပြီးနောက် ကိုယ်ကိုပြန်လှည့်လိုက်ကာ စွန်းရှုမင်ကို သိုသိုသိပ်သိပ်လေး လက်ယက်ပြလိုက်လေသည်။
စွန်းရှုမင်က ရှေ့သို့ကုန်းလိုက်ကာ ကောင်ကလေးက သူ၏နားနားကပ်ကာ တီးတိုးပြောနေသည်ကို နားထောင်လိုက်၏။ "အစ်ကိုကြီး။ အစ်ကိုတွေနဲ့ အစ်မတွေက စိတ်အခြေအနေက ကောင်းမွန်သွားရင် သူတို့တွေ ကောင်းကောင်းဆွဲတတ်လာလိမ့်မယ်"
စွန်းရှုမင်သည် ခဏလောက် တုံ့ဆိုင်းသွား၏။ ထို့နောက်တွင်တော့ သူ့ခေါင်းလေးကို အသာအရာ ထိကိုင်ပေးလိုက်ပြီး အပြုံးဖြင့် ပြောလိုက်လေသည်။ "ဟုတ်ပါပြီ။ စီနီယာအစ်ကိုက သိပါပြီ။ သူတို့ကို မဆူတော့ပါဘူး"
ရှောင်ဖုန်းက ထွက်သွားသည်ကို တွေ့လိုက်ရသည့်အချိန် စွန်းရှုမင်သည် စာသင်ခန်းထဲသို့ လျှောက်ကာဝင်လာခဲ့၏။ ဝေယွင်ဟွမ်က သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ "ဆရာ ရှောင်ဖုန်းက ဆရာ့ကို ဘာပြောခဲ့တာလဲ"
စွန်းရှုမင်က ပြုံးကာပြောလိုက်သည်။ "မင်းတို့ကို မဆူပါနဲ့လို့ ငါ့ကို ပြောသွားတယ်။ ဘုရားရှင်ကို ဆုတောင်းတာက မင်းတို့ကို ပျော်ရွှင်စေနိုင်တယ်တဲ့။ မင်းတို့တွေ စိတ်တွေပျော်ရွှင်လာကြရင် ပန်းချီကောင်းကောင်း ဆွဲနိုင်မယ်တဲ့လေ"
"ပန်းရီဆွဲဖို့အရေး မင်းတို့တွေကလေးကို လာပြီး ချော့မော့ခိုင်းနေတာ မလုံမလဲ မဖြစ်ကြဘူးလား"
အားလုံးက မှင်တက်အံ့သြသွားကြ၏။ ဝေယွင်ဟွမ်က သူ့ရင်ဘတ်လေးကို အုပ်ထားလိုက်ကာ ခံစားချက်ဖြင့်ပြောလိုက်သည်။ "ကျွန်တော်တို့တွေက သူ့ကို ဒီအတိုင်း စနောက်နေတယ်လို့ အမြဲတမ်း ထင်ထားခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ကို စနောက်ကျီစယ်နေတာက ရှောင်ဖုန်း ဖြစ်နေတာပဲ မဟုတ်လား။ ဝူး ဝူး ဝူး..."
သူသည် ရယ်စရာပြောနေသော်ငြားလည်း အမှန်တရားကို ပြောလိုက်သည့်အခါ ကျောင်းသူကျောင်းသားများကလည်း တအံ့တဩဖြစ်သွားကြပြီး ရင်ထဲထိသွားကြတော့သည်။
စွန်းရှုမင်က ရယ်မောကာ ကြိမ်းမောင်းလိုက်၏။ "မင်းတို့တွေ ငါ့ကို မင်းတို့ရဲ့အိမ်စာ ဘာဖြစ်လို့ မြန်မြန် လာမထပ်ကြသေးတာလဲ။ ရှောင်ဖုန်းရဲ့ စေတနာကောင်းလေးအတွက်နဲ့ပဲ မင်းတို့တွေ ဘယ်လိုလုပ်ပြီးတော့ ကောင်းကောင်း မဆွဲနိုင်ကြသေးတာလဲ"
ရှောင်ဖုန်းသည် စတူဒီယိုထဲတွင် ပန်းချီဆွဲရင်း ကျောင်းသူ ကျောင်းသားများကို ချော့မော့ပေးဖို့ရန် တာဝန်ယူနေခဲ့သည်ကို ရှမြန်ကလည်း မသိခဲ့ချေ။ သူမကတော့ သူကလေးသည် အလွန်ချစ်စရာကောင်းပြီး နွေးထွေးသည့်နှလုံးသား ရှိသည်ဟုထင်သည်။ သူမသည် သူကလေးကို မည်မျှပင် ချစ်မြတ်နိုးပါစေ။ ချစ်လို့မဝနိုင်အောင်ဖြစ်နေတော့၏။
ချန်းချန်းကတော့ ထိုမျှလောက် အတွေးမများပေ။ သူသည် ရှောင်ဖုန်း၏ကျောပိုးအိတ်လေးထဲက သကြားလုံးနှင့် ချောကလက်များအကြောင်းကိုသာ စဉ်းစားနေလေသည်။ "မင်း နေ့တိုင်း ဒီလောက်အများကြီး စုဆောင်းနိုင်တာလား"
ရှောင်ဖုန်းက သူ့အိတ်ကိုဖွင့်လိုက်ကာ ချန်းချန်းကို ရွေးခိုင်းလိုက်၏။ "မဟုတ်ပါဘူး။ သူတို့တွေက အိမ်စာအများကြီး ရှိတဲ့အချိန်ကျမှသာ ငါ့ကို ပေးတာပါ"
ချန်းချန်းက ချီတုံချတုံ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ကလေးက လက်ကိုလှမ်းလိုက်ပြီး ချောကလက်တစ်လုံး၊ သကြားလုံးတစ်လုံးကို ယူထုတ်လာလိုက်ပြီးနောက် သူ့ကိုလှမ်းပေးလိုက်သည်။
"ဒီ၂ခုက အရသာရှိတယ်"
ထို့နောက်တွင်တော့ သူက တခြားသကြားလုံးများကို သိမ်းထားလိုက်တော့သည်။
"အများကြီး မစားနဲ့နော်။ သွားကိုက်လိမ့်မယ်။ တနေ့၂လုံးပဲစား"
ချန်းချန်းက ပြောလိုက်၏။ "ဒါဆိုရင် အဲဒီဟာတွေအများကြီးက ပျက်စီးသွားမှာပေါ့"
"မပျက်စီးပါဘူး" ရှောင်ဖုန်းက ပြောလိုက်သည်။ "ဒေါ်ဒေါ် ဟွေ့ကျူး၊ ကိုကိုချန်းချန်းပြီးတော့ တင်းစီကျင်းကိုလည်း ပေးရဦးမှာ။ သူ့ရဲ့အဘွားကလည်း ပိုပြီးတော့ စားနိုင်တယ်လေ"
ချန်းချန်းသည် တင်းစီကျင်းက မည်သူမှန်း မသိချေ။ ထို့ကြောင့် သူက တစ်ဖန်စပြီးတော့ ဂရုစိုက်လာတော့၏။ "ဒီလောက်နည်းနည်းလေးကို ဘယ်လိုလုပ်ပြီးတော့ ခွဲမှာလဲ"
ရှောင်ဖုန်းက ပြုံးကာ ပြောလိုက်သည်။ "ဒေါ်ဒေါ်ဟွေ့မေက မင်္ဂလာဆောင်တော့မှာလေ။ အိမ်မှာ သကြားလုံးတွေ အများကြီးရှိတယ်"
ချန်းချန်း၏ မျက်လုံးများက လင်းလက်သွားပြီး သူသည် စိတ်အေးသွားတော့သည်။
ရှမြန်က၂၈ဗိုက်ကင်ကို စီးပြီး ကလေးကို ရှေ့တစ်ယောက် နောက်တစ်ယောက်တင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ မောက်ဟွေ့ကျူးနှင့် မောက်ကျစ်ရှန်းတို့ကလည်း ပြန်လာကြပြီဖြစ်၏။
မောက်ဟွေ့ကျူးသည် ဒီနေ့ရိုက်ကူးရေးအဖွဲ့ထဲတွင် ကလေးမလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရသဖြင့် သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်များ ရှိနေသေးသည်။ ဒီတစ်ကြိမ်တွင်တော့ ခါတိုင်းလိုပင် အိပ်ရာမဝင်မချင်း မိတ်ကပ်များကိုဆက်ပြီးတော့ လိမ်းထားသည်။
ရှမြန်နှင့် တခြားသူများက ပြန်လာသည်ကိုမြင်လိုက်သည့်အခါ သူက ခပ်သွက်သွက်လေး လျှောက်လာခဲ့ပြီး သူတို့ကိုနှုတ်ဆက်လိုက်ပြီးနောက် သူမ၏မေးစေ့လေးကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ချီထား၏။
ရှမြန်က ပြုံးကာပြောလိုက်သည်။ "အို လှလိုက်တာ။ ဒီနေ့ရော ဘာရှိုးပွဲလဲ"
မောက်ဟွေ့ကျူးက ပုံမှန်အတိုင်း ဖြစ်နေသလို ဟန်ဆောင်လိုက်ကာ သူမ ပထမဦးဆုံး တွေ့ရသည့်ချန်းချန်းကို သူမ၏မိတ်ကပ်အား ကြွားဝါပြလေသည်။ "အဆင်ပြေပါတယ်။ သခင်မလေးတစ်ယောက်လို သရုပ်ဆောင်ပေးရတာ"
မျှော်လင့်ထားသည့်အတိုင်းပင် ချန်းချန်းသည် ဆွဲဆောင်ခံလိုက်ရ၏။ သူက စက်ဘီးပေါ်က ခုန်ဆင်းလိုက်ပြီး ဇဝေဇဝါဖြင့် ရှမြန်ကို ကြည့်လိုက်သည်။
မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့သည် အချင်းချင်း ကောင်းကောင်းသိကြသော်ငြားလည်း အမှန်တွင်တော့ အချင်းချင်းလည်း ထိုမျှလောက် မရင်းနှီးကြသည့်သူများဖြစ်သည်။ နောက်ဆုံးတစ်ခေါက် သူတို့တွေ့ဆုံခဲ့ကြသည့်အချိန်က လွန်ခဲ့သည့်၄နှစ်က ဖြစ်၏။
ရှမြန်က ရှောင်ဖုန်းကိုချီပြီး အောက်ချပေးလိုက်ပြီးနောက် ချန်းချန်းကို ပြောလိုက်သည်။ "ဒါက နင့်ရဲ့ ဒေါ်ဒေါ်ဟွေ့ကျူးလေ"
"ဟွေ့ကျူး ဒါက ချန်းချန်း။ နင်က အိမ်ရှင်နော်။ ကျေးဇူးပြုပြီးတော့ သူ့ကို ကောင်းကောင်းဆက်ဆံရမယ်"
မောက်ဟွေ့ကျူးသည် သခင်မလေးဇာတ်ကောင်ထဲက ထွက်လာသည့်ဟန်မတူချေ။ သူမက မတ်မတ်လေး ရပ်လိုက်ကာ ဣန္ဒြေရရဖြင့် ခေါင်းညိတ်ပြလိုက်၏။ "စိတ်မပူပါနဲ့"
ရှမြန်သည် သူမကြောင့် သေအောင်ရယ်ချင်သွားတော့၏။ ကလေး၃ယောက်က ပြေးထွက်သွားသည်ကို ကြည့်လိုက်ရင်း ရှမြန်သည် ရုတ်တရက်တစ်ခုခုကို စဉ်းစားမိသွားကာ ပင်မအခန်းထဲသို့ မြန်မြန် လျှောက်လာခဲ့လိုက်၏။
သေချာပါသည်။ ဦးကြီးရှနှင့် သူ၏မိသားစုသည် အိပ်မက်မက်နေကြသလို အားလုံးက ငေးကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ရှချွမ်းသည် ရှမြန်ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ သူကမျက်လုံးများကို ဝိုင်းစက်နေအောင် ပြူးကျယ်ထားလိုက်ပြီး စွပ်စွဲတော့၏။ "ရှမြန် နင်ကလေ ဒီကိစ္စတွေကို ဖုံးကွယ်ထားတာ တကယ်တော်တာပဲ။ လုံ၀မ်ထျန်းကို တကယ်တမ်းကျတော့ ဦးလေးက တကယ် သရုပ်ဆောင်ထားတာပဲလေ"
"ငါ အဲ့ဒါကို မေးတဲ့အချိန်တုန်းကတော့ နင်က မဟုတ်ဘူးလို့ ပြောခဲ့တယ်နော်"
"ငါ့ကိုမစွပ်စွဲပါနဲ့" ရှမြန်က ပြောလိုက်သည်။ "ငါက မဟုတ်ဘူးလို့ မပြောခဲ့ပါဘူး။ ငါက ဟုတ်မှာပေါ့လို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ နင်က မယုံဘူးလေ"
ရှချွမ်းသည် ထိုအကြောင်းကို သေသေချာချာလေး စဉ်းစားမိလိုက်ပြီး ထိုစကားဟုတ်နေသလို ထင်လိုက်ရ၏။
ရှဟယ်ကလည်း မယုံကြည်နိုင်သည့် အမူအရာတစ်ခု ဖြစ်သွားခဲ့သည်။ "ဒီတော့ ငါတို့ရဲ့ဦးလေးက တကယ်ပဲ သရုပ်ဆောင်ကြီးပေါ့" ရှဟိုင်သည် ဒါကိုအမှန်ဟု မခံစားရသေးချေ။ "ငါတို့တွေက တီဗီပေါ်မှာနေ့တိုင်း ငါတို့ဦးလေးကို တွေ့နေရတာပဲ"
မောက်ကျစ်ရှန်း၏ ထူးခြားလှသည့်ရုပ်ရည်သွင်ပြင်သည် သူ၏သရုပ်ဆောင် အသက်မွေးဝမ်းကြောင်းကို တော်တော်လေး အဆင်ပြေအောင် ပြုလုပ်ပေးခဲ့သည်။ သူ၏ အသက်အရွယ်ကလည်း ကိုက်ညီနေသည်။ မည်သည့်တီဗီဇာတ်လမ်းတွဲထဲတွင် သက်လတ်ပိုင်းအရွယ်၊ အကြီးအကဲအရွယ် ဇာတ်ပို့ဇာတ်ကောင်များ မရှိပါသနည်း။
ဤကဲ့သို့သော ဇာတ်ပို့နေရာမျိုးအတွက် ယှဉ်ပြိုင်မှုက တော်တော်လေးကို နည်းပါးလာသည်။ သူက ထူးထူးခြားခြား ရုပ်ရည်ချောမောနေသည်။ သူသည် ဒရမ်မာတော်တော်များများတွင် သရုပ်ဆောင်ပြီးသွားသည့်နောက် ရုပ်ရှင်တော်တော်များများကလည်း လာရောက်ကမ်းလှမ်းခဲ့ကြသည်။
ဒါသည် အမြဲတမ်း မသိမသာ ဖြစ်နေသော်ငြားလည်း လူများအတွက်တော့ ရင်းနှီးနေပြီးသားဖြစ်၏။
သူတို့သည် စကားပြောနေကြသည်အချိန်တွင် မောက်ကျစ်ရှန်းက လိုင်ချီးသီးတစ်ပန်းကန်ဖြင့် ဝင်လာခဲ့သည်။ ဦးကြီးရှအပါအဝင် အားလုံးက အမှတ်တမဲ့ မတ်မတ်ထိုင်လိုက်ကြ၏။
နောက်ဆုံး သာမန်လူများ၏အမြင်တွင် သရုပ်ဆောင်များသည် သာမာန်လူများနှင့် ကွဲထွက်နေလေသည်။
" ညီလေး၂ ကျစ်ရှန်း ကျေးဇူးပြုပြီးတော့ အားမနာပါနဲ့တော့" ဦးကြီးရှက ယဉ်ယဉ်ကျေးကျေး ပြောသည်။
မောက်ကျစ်ရှန်းက အသာအယာ ပြုံးပြလိုက်ပြီး "အစ်ကို ဒီလိုင်ချီးသီးတွေက တောင်ပိုင်းကလာတာ။ လေယာဉ်နဲ့လာခဲ့တာ။ ကျွန်တော် ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဆီကနေ နည်းနည်းလောက် ရလာခဲ့တာ။ မြည်းကြည့်ကြပါဦး။ အရမ်းချိုတယ်"
မောက်ဟွေ့ကျူးသည် ပြေးဝင်လာခဲ့ပြီး သူ့ခြေထောက်ကို ဖက်ထားကာ ပြောလိုက်၏။ "အဖေ သမီးလည်း လိုင်ချီးသီး စားချင်တယ်"
မောက်ကျစ်ရှန်းက ရယ်မောလိုက်ကာ ပြောလိုက်၏။ "အဖေ သမီးအတွက် ချန်ထားပေးပါတယ်။ သမီးရဲ့ဒုတိယအစ်မဆီမှာ သွားတောင်းလိုက်"
မောက်ဟွေ့လန်ကလည်း အပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။ "အဖေ သမီးတို့တွေ ဒီနာနတ်သီးကို ဆားရေစိမ်ဖို့ လိုသေးလား"
"ဟုတ်ပါပြီ" မောက်ကျစ်ရှန်းက ပြောလိုက်သည်။ "အဖေ ခဏနေမှ အဲ့ဒါကိုလုပ်လိုက်ပါ့မယ်"
ထို့နောက်တွင်တော့ သူကထွက်သွားခဲ့သည်။
ဦးကြီးရှနှင့် မိသားစုတို့အားလုံးသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ကြ၏။ ရှဟိုင်ကပြောလိုက်သည်။ "ကလေးတွေနဲ့ စကားပြောနေတဲ့အချိန်ကျမှပဲ ငါက ငါ့ရဲ့ဦးလေးကို မှတ်မိသွားတော့တယ်"
"အပြောင်းအလဲတွေကလည်း တကယ့်ကိုအကြီးကြီးပါပဲ" ချချွမ်းသည် ရှမြန်ကို ရှက်ရှက်ဖြင့် ပြောလိုက်၏။ "ဦးလေး ပထမဦးဆုံးဝင်လာတဲ့အချိန်တုန်းက ငါ့ရဲ့ဒုတိယအဒေါ်ကတော့ စက်ရုံတစ်ရုံဖွင့်ပြီး ချမ်းသာလာလို့ ဦးလေးကို ပြောင်းလဲပေးလိုက်တယ်လို့ ထင်ခဲ့တာ"
ဒါကလည်း နားလည်ပေးနိုင်စရာပင်။ နောက်ဆုံး သိမ်မွေ့ချောမော ယုံကြည်ချက်ရှိပြီး သဘောထားကြီးမားသည့် သည်နေ့၏ မောက်ကျစ်ရှန်းသည် ဟိုတုန်းကကြောက်ရွံ့ပြီး အားငယ်နေတတ်သည့်မောက်လောင်အာ့နှင့် လုံးဝကိုကွဲပြားသွားလေသည်။
ရှမြန်ကတော့ အသံထွက်ကာ ရယ်မောလိုက်၏။ ဦးကြီးရှကတော့ သူ့ကိုဒေါသဖြင့် လှမ်းကြည့်လိုက်လေသည်။ "မင်းဟာလေ ဘာတွေပေါက်ကရပြောနေတာလဲ"
ရှချွမ်းက လက်မခံနိုင်သလိုဖြင့် ပြန်ပြောလိုက်သည်။ "ဟုတ်တယ်လေ အဖေရယ်။ ခုနတုန်းက အဖေ့မျက်လုံးလည်း ပြူးကျယ်သွားတာပဲ။ အဖေက အဒေါ့်ကိုတောင်မှ ဆူဆဲတော့မလို့ မဟုတ်ဘူးလား"
ရှ၀မ်ယွဲ့သည် နာနတ်သီးစိတ်များဖြင့် ဝင်လာကာ အပြုံးဖြင့်မေးလိုက်၏။ "ငါ့ကို ဘယ်လိုဆဲမလို့လဲ"
ရှချွမ်းသည် တခုခုပြောဖို့ရန် ငြင်းဆန်လိုက်၏။ မောက်ဟွေ့ကျူးက သူမ၏ခေါင်းလေးကို တံခါးနားမှ ပြူထွက်လာကာပြောလိုက်သည်။ "သူတို့တွေက အမေက အဖေ့ကို အစားထိုးလိုက်တယ်လို့ ထင်သွားလို့ အမေ့ကို ဆူချင်နေတာတဲ့"
ရှ၀မ်ယွဲ့က ရယ်မောလိုက်၏။ "အခုတော့ ကျွန်မက သူ ကျွန်မကို အစားထိုးသွားမှာကိုပဲ စိုးရိမ်နေရတာ"
မောက်ဟွေ့ကျူးက ထပ်ပြောလိုက်သည်။ "အမေ စိတ်မပူပါနဲ့။ အဖေက အမေ့ကို လုံးဝအစားထိုးမှာ မဟုတ်ဘူး။ ဒီနေ့ရိုက်ကူးရေးအဖွဲ့ထဲက ရှောင်ရွှယ်ဟွားက အဖေ့ကို စကားဆက်တိုက် လာပြောနေတာလေ။ ဒါပေမဲ့ အဖေက သူ့ကို လျစ်လျူရှုထားလိုက်တာ နော်"
"ရှောင်ရွှယ်ဟွားက ဘယ်သူလဲ" ရှ၀မ်ယွဲ့က စဉ်းစားလိုက်သည်။ "နော်"ဟူသည့်စကားလုံးက အလွန်မှ အားအင်တတ်ကြွနေ၏။
ဝင်လာခဲ့သည့် မောက်ကျစ်ရှန်းသည် သူ၏ဂွမ်းသားအနွေးထည်လေး မောက်ဟွေ့ကျူးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး ရှင်းပြလိုက်၏။ "လူသစ်လေးတစ်ယောက်ပါ။ သူက ငါ့ကို ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ ထင်နေတာလေ။ နောက်ဆုံး သူက သူ နားမလည်တဲ့ဟာတွေကို ငါ့ကို လာမေးနေတာ"
"ဒါပေမဲ့ ငါက ဒီအတိုင်း ဇာတ်ပို့တစ်ယောက်ပဲ။ ဘယ်လိုလုပ်ပြီးတော့ အများကြီး သိမှာလဲ။ ငါလည်း သူ့ကို အဓိကသရုပ်ဆောင်မလေးဆီ သွားမေးလိုက်ဖို့ ပြောလိုက်တယ်လေ။ သူတို့တွေလည်း အပြန်အလှန် ပိုပြီးတော့ ကောင်းကောင်းစကားပြောလို့ရတာပေါ့"
ရှမြန်က အော်ရယ်လိုက်၏။ ထိုကလေးမကို အဓိကဇာတ်လိုက်နှင့် မိတ်ဆက်ပေးခဲ့လျှင်ပင် ထိုကလေးမလေးကတော့ သူ၏ဦးလေး၂ကို ပိုပြီးသဘောကျပေလိမ့်ဦးမည်။
ဦးလေး၂သည် ထိုအခြေအနေကို မသိလိုက်ပါဘဲ လာပြီးကပ်ဖားနေသည့်သူများကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် ပညာရှင်တစ်ယောက် ဖြစ်နေသည်ကိုတော့ မျှော်လင့်မထားမိချေ။
...