← Chapters

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အခန်း (၂၁၁-၂၁၃)

Vol. 15 Ch. 211-213

အပိုင်း (၂၁၁)

ခဏလောက် စကားပြောပြီးသွားသည့်နောက်တွင် ရှမြန်သည် မီးဖိုချောင်ထဲသို့ဝင်သွားကာ ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့လန်တို့ ချက်ပြုတ်နေသည်ကို ကူညီပေးလိုက်၏။

နေ့လယ်ခင်းက ချန်ချန်ကြောင့် မည်သူကမှ ဗိုက်အပြည့်မစားလိုက်ရဘဲ အဆာပြေရုံသာ စားလိုက်ကြသည်။

မောက်ဟွေ့မေကလည်း ညနေခင်းရောက်လျှင် ပြန်လာလိမ့်မည်။ မိသားစုများစုံသည့်အခါ အလျှံပယ်ညစာစားပွဲ ထမင်းတစ်နပ်ကိုတော့ စားသောက်ရလိမ့်မည်။

ရှမြန်က ချက်ပြီးသားကြက်ခြေထောက်ကို စိမ်နေသည့်အချိန်တွင် ရှောင်ဖုန်းက "ဦးဦးနဉ်"ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရ၏။ သူမသည် အပြင်ကို လှမ်းကြည့်လိုက်သည်အခါ အလုပ်မှပြန်လာသည့် နဥ်ရှောက်ပိုင်ကိုတွေ့လိုက်ရသည်။

ရှချွမ်းက သူ့ကိုနှုတ်ဆက်ဖို့ရန်အတွက် အပြင်သို့ ထွက်သွားနှင့်ပြီးသားဖြစ်သည်။ ထို့နောက် နဥ်ရှောက်ပိုင်ကလည်း သူ့နောက်မှလိုက်လာကာ အားလုံးနှင့် နှုတ်ဆက်ဖို့ရန်အတွက် ပင်မဆောင်သို့ ရောက်လာခဲ့သည်။

ရှမြန်သည် သူက မီးဖိုချောင်သို့ ဖြတ်သွားသည့်အချိန်တွင် သူမရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ပြုံးပြလိုက်တော့သည်။

ရှ၀မ်ယွဲ့က ပြောလိုက်၏။ "ဘာတွေရယ်နေတာလဲ။ မြန်မြန်သွားလိုက်လေ။ နင် တစ်ယောက်ယောက်ကို မိတ်ဆက်ပေးမလို့ မဟုတ်ဘူးလား"

ရှမြန်သည် နဥ်ရှောက်ပိုင်နှင့် တွဲနေသည့်အချက်ကို ဦးကြီးရှနှင့် သူ၏မိသားစုအား အထူးတလည် မပြောပြရသေးချေ။ ထို့ကြောင့် ဦးကြီးရှနှင့်သူ့မိသားစုများက နဥ်ရှောက်ပိုင်ကို သူတို့အား ယန်မြို့သို့ ခေါ်လာသည့် လူကြီးလူကောင်းတစ်ယောက်အဖြစ် သဘောထားကြကာ သူ့အပေါ်အင်မတန်မှ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြ၏။

ရှမြန်က သူမ၏အပြုံးကို ချွတ်လိုက်ပြီး ရယ်မောလိုက်သည်။ "ဒေါက်တာနဥ် စိတ်လှုပ်ရှားနေတဲ့ပုံ မြင်ရတာ အရမ်းရှားတယ်လေ။ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလိုက်သလဲ"

မောက်‌ဟွေ့လန်က ကိုယ်ကိုစောင်းလိုက်ကာ တစ်ချက်လောက် လှမ်းကြည့်လိုက်၍ ပြောလိုက်လေသည်။

"နင် ရယ်စရာပြောနေတာပဲ ဖြစ်ရမယ်။ ဒေါက်တာနဥ်က ဘယ်လိုလုပ်ပြီးတော့ စိတ်လှုပ်ရှားနေမှာလဲ။ ငါကတော့ ဘာတစ်ခုကိုမှ သတိမထားမိပါဘူး"

ရှ၀မ်ယွဲ့က ပြောလိုက်၏။ "နင်သာ မြင်နေရရင် ထူးဆန်းသွားမှာပေါ့။ ရှမြန်ကလွဲပြီး ဘယ်သူမှ ဒါကို မမြင်နိုင်မှာဘဲ စိုးရိမ်ရတယ်"

နဥ်ရှောက်ပိုင်သည် နောက်ကိုပြန်လှည့်ကြည့်လိုက်ပြီးမှ အိမ်ထဲကိုဝင်သွားသည်။ ရှမြန်က သူ့ကို ကျီစယ်နေသည်ကို ရပ်တန့်ထားလိုက်ကာ ခန်းဆီးကိုမလိုက်ပြီး သူ့နောက်မှလိုက်ပါလာခဲ့သည်။

အခန်းထဲက လူအားလုံးကလည်း သူ့ကိုနှုတ်ဆက်ဖို့ရန် ထရပ်လိုက်ကြသည်။ ရှမြန်က ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး တန်းတန်းမတ်မတ် လျှောက်သွားလိုက်ကာ နဥ်ရှောက်ပိုင်၏လက်ကို လှမ်းတွဲလိုက်လေသည်။

အားလုံးက မှင်တက်အံ့ဩသွားကြပြီး တစ်ပြိုင်တည်း ငြိမ်သက်သွားကြ၏။ ရှမြန်က အပြုံးဖြင့် ပြောလိုက်သည်။ "အားလုံးကိုမိတ်ဆက်ရဦးမယ်။ ဒါက ကျွန်မရဲ့ချစ်သူလေ"

နဥ်ရှောက်ပိုင်က ရှမြန်၏လက်ကို တင်းနေအောင်ဆုပ်ကိုင်ထားလိုက်ပြီး အပြုံးဖြင့်နှုတ်ဆက်လိုက်၏။

"ဦးလေး ဒေါ်ဒေါ်"

ရှချွမ်းသည် အမှတ်တမဲ့ လွှတ်ခနဲပြောထွက်သွား၏။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ရှဟိုင်က သူ့ကို တံတောင်ဖြင့် လှမ်းတွတ်လိုက်ကာ ဦးကြီးရှကလည်း မြန်မြန်ဖြည့်ပြောလိုက်လေသည်။

"ဘယ်တုန်းက ဖြစ်သွားကြတာလဲ"

ရှမြန်က နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့်ပြောလိုက်သည်။ "ကျွန်မ အထက်တန်းကျောင်းပြီးကတည်းက တွဲနေကြတာပါ"

ဒေါ်ကြီးက မြန်မြန်ပြောလိုက်သည်။ "အို အို အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်"

သူတို့သည် နဥ်ရှောက်ပိုင်ထက် ပိုပြီးစိတ်လှုပ်ရှားနေကာ ကူကယ်ရာမဲ့နေပုံ ပေါ်နေသည်မှာ သိသာသည်။

ဦးကြီးရှတို့မိသားစုသည် အမြဲတစေ တည်ငြိမ်ပြီး စိတ်လုံခြုံသည့်ဘဝတစ်ခုတွင် နေလာခဲ့ကြပြီး သူတို့အတွက် အခြေအနေက ပိုပြီးထူးခြားနေ၏။ ထို့ကြောင့် သူတို့၏ပထမဦးဆုံးတုံ့ပြန်မှုမှာ အံ့သြသွားခြင်းမဟုတ်ဘဲ အလွန်အံ့အားသင့်သွားကြပြီး စိုးရိမ်သွားကြတော့သည်။

သူတို့၏စိတ်ထဲတွင်တော့ ရှမြန်သည် အထူးချွန်ဆုံးဖြစ်၏။ သို့သော်ငြားလည်း သူမသည် နဥ်ရှောက်ပိုင်နှင့် အဆင့်တူ ရောက်သေးသည်တော့ မဟုတ်ချေ။

ရှမြန်ကလည်း သူတို့ မည်သို့ ခံစားရနေသည်ကိုသိနေပြီး သူတို့က ဖြည်းဖြည်းချင်း လက်ခံလာရန် အချိန်တစ်ခုပေးထားလိုက်ချင်သည်။ ထို့ကြောင့် သူမကနဥ်ရှောက်ပိုင်ကိုလှမ်းဆွဲလိုက်ကာ ပြောလိုက်၏။ "အရင်ဆုံး ချက်ပြုတ်ဖို့ မီးဖိုချောင်ကိုသွားရအောင်။ သူက အရိုးနွှင်ပေးဖို့ ကျွန်မတို့ကိုကူညီပေးမှာလေ။ ကျွန်မတို့တွေ ခဏနေကြမှ စကားပြောကြမယ်နော်"

"ဪ သွားလုပ်ကြ။ သွားလုပ်ကြ" ဦးကြီးရှက အလောတကြီး ပြောလိုက်သည်။

ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှမြန်က နဥ်ရှောက်ပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဘယ်လိုလဲ။ ရှင် စိတ်ပူနေသေးလား"

နဉ်ရှောက်ပိုင်က ပြုံးလိုက်ပြီး သူမ၏ဆံပင်လေးကိုလှမ်းဆွဲလိုက်၏။ "ကို့မှာ မင်း ရှိတယ် မဟုတ်ဘူးလား။ မင်းသာ ဒီနေရာမှာ ရှိနေတယ်ဆိုရင် ကိုက စိတ်မပူတော့ပါဘူး"

"ရှင်ဟာလေ။ တကယ်အရမ်းကို နှုတ်ချိုတာပဲ" ရှမြန်က လေထဲတွင် နှုတ်ခမ်းကို စူထားလိုက်ကာ "မွ"

နဥ်ရှောက်ပိုင်သည် သူမကြောင့် သဘောကျသွားတော့သည်။

မီးဖိုခန်းထဲသို့ဝင်လာပြီးနောက် ရှမြန်က ရှ၀မ်ယွဲ့ကိုပြောလိုက်၏။ "ကျွန်မအထင်တော့ ဦးကြီးနဲ့ ဒေါ်ကြီးတို့က လန့်ဖျပ်သွားကြတယ် ထင်တယ်။ ဟားဟားဟား"

ရှ၀မ်ယွဲ့ကလည်း ပြုံးလိုက်သည်။ "ရပါတယ်။ ဒေါက်တာနဥ်က နင့်ကို အဲဒီလောက်တောင်မှ ချစ်တာပဲ။ သူတို့တွေက အိမ်ပြန်ရောက်သွားတဲ့အခါကျရင် ၁၀၀ရာခိုင်နှုန်း စိတ်အေးသွားလိမ့်မယ်လို့ ငါ အာမခံတယ်"

နဥ်ရှောက်ပိုင်ကလည်း ပြုံးလိုက်ပြီး သူ့လက်ထဲကအိတ်ကို ရှ၀မ်ယွဲ့အား လှမ်းပေးလိုက်သည်။

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ငါးမန်းတောင်ပံဟင်း လုပ်ခိုင်းထားတာ။ လူကြီးတွေအတွက် အရမ်းအာဟာရဖြစ်တယ်"

"အို" ရှ၀မ်ယွဲ့က လှမ်းယူလိုက်ကာ တအံ့တဩပြောလိုက်၏။ "ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပဲ။ အဲဒါတွေက အားစိုက်ထုတ်မှုအများကြီး လုပ်ရတယ်လို့ကြားဖူးတယ်"

နဥ်ရှောက်ပိုင်က ရှမြန်ကို အသီးအိတ် နောက်တစ်အိတ် လှမ်းပေးလိုက်ကာ ပြောလိုက်သည်။

"သူတို့တွေကလည်း အဲဒါကိုလုပ်မယ်ဆိုလို့ ကျွန်တော့်သူငယ်ချင်းကို ပြောလိုက်တာပါ။ ဒီတော့ နောက်ထပ်ဟင်းတစ်ပွဲ အတူတူထပ်လုပ်လိုက်ကြတာပေါ့"

ရှ၀မ်ယွဲ့ကလည်း နဥ်ရှောက်ပိုင်က ဒီကိစ္စအတွက် အများကြီး စဉ်းစားပေးထားသည်ကို အလိုလို သိလိုက်သည်။ ထိုကြောင့် သူမကလည်း မြေအိုးထဲသို့ အသီးအရွက်များကို ဂရုတစိုက်ထည့်လိုက်၏။

ရှမြန်က နဥ်ရှောက်ပိုင်ကို အေပရွန် ချည်ပေးလိုက်ပြီး သူ့ရှေ့တွင် ကြက်ခြေထောက်များကို ချပေးလိုက်သည်။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ ကျွန်မကိုကူညီပြီး အရိုးဖယ်ပေးပါဦး"

နဥ်ရှောက်ပိုင်က ဓားကိုကောက်ကိုင်လိုက်ကာ ပြောလိုက်သည်။ "ကြက်သံပုရာပေါင်းက အရသာရှိတယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ဟိုအိတ်ထဲမှာ သံပယိုသီးတွေ ပါတယ်"

ရှမြန်၏မျက်လုံးများသည် လင်းလက်သွားပြီး သူသည် အိတ်ထဲက သံပယိုသီးတချို့ကို မြန်မြန်သွားထုတ်ယူလိုက်သည်။

"သံပယိုသီး ဟုတ်လား။ ဘာအတွက်သုံးမှာလဲ" ရှ၀မ်ယွဲ့က မေးလိုက်သည်။

"အဲဒါကလိမ္မော်ဖက်သန်းတဲ့ အဝါရောင်အသီးလေး မဟုတ်ဘူးလား။ ဒါပေမဲ့ အဲဒါက နည်းနည်းလေးပဲ သီးတယ်မဟုတ်လား"

မြောက်ပိုင်းနှင့် တောင်ပိုင်းကြားက သယ်ယူပို့ဆောင်ရေးသည် ယခုအချိန်တွင် ထိုမျှလောက် အဆင်မပြေလှသေးချေ။ တောင်ပိုင်းက အသီးအနှံများက ရှားပါပြီး စျေးကြီးသည်။ လူအများစုက သံပယိုသီးလို သိပ်ပြီးအသုံးမများသည့်အသီးများကို မရင်းနှီးကြချေ။

ရှမြန်က မျက်စောင်းဖြင့် ကြည့်လိုက်ကာ သူမကို မိတ်ဆက်ပေးတော့မည့် နဉ်ရှောက်ပိုင်ကို လှမ်းဆွဲလိုက်၏။ နဥ်ရှောက်ပိုင်ကလည်း တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ၏ ဆိုးညစ်ညစ်စိတ်ကူးများကို မြင်သာသွားပြီး အလိုလိုက်ကာ ပြုံးပြလိုက်ပြီးနောက် ခေါင်းကိုငုံ့လိုက်ကာ အရိုးနွှင်ဖို့သာ အာရုံစိုက်ထားလိုက်တော့သည်။

ရှမြန်က သံပယိုသီးတစ်လုံးကို ဆေးကြောလိုက်ပြီး ၂ချပ် စိပ်လိုက်ပြီးနောက် ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့လန်တို့အား လှမ်းပေးလိုက်သည်။

လိမ္မော်သီးနှင့် တူနေသည့်အရာကို ကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကလည်း ဘာတစ်ခုမှ သံသယ မဖြစ်တော့ဘဲ တစ်ယောက်တစ်ကိုက်စီ ကိုက်လိုက်ကြသည်။ သိပ်မကြာခင်တွင် သူတို့၏မျက်နှာများသည် ရှုံ့မဲ့သွားကြကာ အချဉ်ဓာတ်ကြောင့် တွန့်သွားကြတော့၏။

ရှမြန်ကလည်း မနေနိုင်တော့ဘဲ အော်ရယ်တော့သည်။

ရှ၀မ်ယွဲ့က မြန်မြန် ရေနည်းနည်းလောက်ထည့်လိုက်ကာ ရေသောက်လိုက်ပြီးမှ ရယ်မောကာ ကျိန်ဆဲတော့သည်။ "ညစ်ပတ်လိုက်တဲ့ကလေး။ ဘာဖြစ်လို့ အဲဒီလောက်တောင်မှ ချဉ်တူးနေရတာလဲ"

"အဲဒီလောက်ချဥ်တဲ့ဟာကို စားရတာကြိုက်တဲ့သူရော ရှိသေးရဲ့လား"

ရှမြန်က ပြုံးကာပြောလိုက်၏။ "ဒါက အသားအရေအတွက် အရမ်းကောင်းတယ်နော်။ ရေထဲမှာ စိမ်တာပဲဖြစ်ဖြစ် ချက်ပြုတ်တဲ့အချိန်မှာပဲဖြစ်ဖြစ် ဟင်းခတ်အမွှေးအကြိုင်အတွက်သုံးရင် အရမ်းကောင်းတယ်"

ရှ၀မ်ယွဲ့က ရုတ်တရက် သဘောပေါက်သွားတော့သည်။ "ငါ နင့်ကိုပြောသားပဲ"

ရှမြန်သည် ခြံဝင်းထဲတွင် လိုက်တန်းပြေးတမ်းကစားနေသည့် ကလေးများကို မြင်လိုက်ရ၏။ ထို့ကြောင့် သူမက ခန်းဆီးလေးကို မလိုက်ကာ ရှောင်ဖုန်းကို လက်ယပ်ခေါ်လိုက်သည်။

ရှောင်ဖုန်းကလည်း သူမဆီသို့ အပြေးရောက်လာ၏။ "အန်တီလေး"

ရှမြန်က သူ့ကို သံပယိုသီးအစိပ်ပါးပါးလေး တစ်ချပ်လှမ်းပေးလိုက်ကာ ပြောလိုက်သည်။

"လျက်ကြည့်ပါဦး။ သတိထားနော်။ အများကြီးမစားနဲ့။ တစ်ခါလေးပဲ လျက်လိုက်"

ရှောင်ဖုန်းက ရှမြန်၏အမူအရာကို ကြည့်လိုက်ကာ နာနာခံခံဖြင့် သူ၏လျှာလေးကို ဆန့်ထုတ်လိုက်ပြီး ဂရုတစိုက် လျက်လိုက်လေသည်။ ထို့နောက်တွင်တော့ သူ့နှုတ်ခမ်းများကို သပ်ကြည့်လိုက်၏။ ထိုအခါကျမှ ဖြစ်ပျက်နေသည့် အခြေအနေကို သိသွားကာ သူ၏မျက်နှာလေးတစ်ခုလုံးက တွန့်ရှုံ့သွားတော့သည်။

ရှမြန်က ပြုံးရင်းဖြင့် သူ့ကို ရေတိုက်လိုက်သည်။ ချန်ချန်နှင့် ဟွေ့ကျူးတို့ကလည်း ရှောင်ဖုန်း ပျောက်သွားသည်ကို သိလိုက်ကြသဖြင့် သူ့နောက်မှလိုက်လာကြသည်။

ရှောင်ဖုန်း၏ တွန့်ရှုံ့နေသည့်မျက်နှာသည် ချက်ချင်းဆိုသလို ပြေလျော့သွားကာ သူသည် ရေဆာနေသည့်နှယ် ရေနည်းနည်းပါးပါး ဆက်သောက်လိုက်၏။

ရှမြန်သည် ထိုအခြင်းအရာကို ကြည့်လိုက်ပြီး ရယ်မောလိုက်၏။ ကလေးများသည် တခါတစ်လေကျလျှင်လည်း အနည်းငယ် အကျင့်ဆိုးတတ်သေးသည်။

မောက်ဟွေ့လန်က နောက်ထပ်သံပယိုသီးထူထူလေးကို ၂ချပ်လောက်စိပ်လိုက်ပြီး ချန်ချန်နှင့် မောက်ဟွေ့ကျူးတို့ကို လှမ်းပေးလိုက်သည်။ "နင်တို့တွေ အရင်တုန်းက တောင်ပိုင်းကအသီးတွေ မစားဖူးဘူးမဟုတ်လား။ စားကြည့်။ အရသာရှိတယ်"

မောက်ဟွေ့ကျူးကလည်း သိချင်စိတ်ဖြစ်နေဆဲပင်။ ချန်ချန်ကတော့ တွေဝေမနေဘဲ သူ့ပါးစပ်ထဲသို့ တစ်စိပ်လုံးထိုးထည့်လိုက်၏။

မီးဖိုချောင်ထဲက လူကြီး၄ယောက်သည် ရှောင်ဖုန်းအပါအဝင် သူတို့လုပ်နေသည့်အရာများကို ရပ်ထားလိုက်ကာ တစ်ပြိုင်တည်း သူ့ကို ကြည့်လိုက်ကြသည်။

ချန်ချန်က မောက်ဟွေ့ကျူးကို လှမ်းကြည့်လိုက်ပြီး ခက်ခက်ခဲခဲမျိုချလိုက်၏။ အစားအသောက်က ထူးထူးခြားခြား အရသာရှိနေသည့်ပုံပင်။ ရှောင်ဖုန်းက သူ့ကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ရှမြန်ကလည်း သူ စားလိုက်သည့်အရာက တမျိုးတမည်ဖြစ်နေသည်ဟုသာ စဉ်းစားလိုက်၏။

မောက်ဟွေ့ကျူးသည် အရူးလုပ်ခံလိုက်ရပြီး ချန်ချန်၏ဥပမာအတိုင်း လိုက်လုပ်ကာ သူမ၏ပါးစပ်ထဲသို့ သံပယိုသီးတစ်စိပ်ကို ထည့်လိုက်တော့သည်။

ရှ၀မ်ယွဲ့နှင့် တခြားသူများသည် တစ်ချိန်တည်း သူမကိုကြည့်ရင်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ကြ၏။ ချန်ချန်သည် နောက်ဆုံးတော့ ဟန်ဆောင်နေသည်ကို ရပ်ထားလိုက်ကာ တုန်ယင်စွာဖြင့် ခုန်ဆွခုန်ဆွလေးဖြင့် အော်တော့သည်။ "မြန်မြန် မြန်မြန် မြန်မြန်လုပ်ပါ! ရေ ရေ ရေပေးပါ"

မောက်ဟွေ့လန်ကလည်း မောက်ဟွေ့ကျူးအတွက် ရေနည်းနည်း လှမ်းပေးလိုက်သည်။ ညီအစ်မနှစ်ယောက်၏ မျက်နှာသည် တွန့်ရှုံ့သွား၏။ မောက်ဟွေ့ကျူးသည် မနာလိုဖြစ်သွားတော့သည်။ မောက်ဟွေ့လန်ကတော့ သူမ၏ရုပ်လေးကိုကြည့်ရင်း သဘောကျသွားတော့၏။

ရှောင်ဖုန်းက ရှမြန်၏ခြေထောက်လေးကို မှီထားကာ ကြိတ်ပြီးပြုံးလိုက်သည်။

ချန်ချန်သည် ရေသောက်ပြီးသွားသည့်နောက်မှ မေးလိုက်၏။ "ဒါကဘာလဲ။ အဲ့ဒီလိုပစ္စည်းမျိုး ထပ်ရှိသေးလား"

သူ၏မျက်လုံးများ ကလည်ကလည်လေးဖြစ်နေသည့်ပုံက သူ့တွင် ဆိုးရွားသည့် စိတ်ကူးများ ရှိနေသည်မှာ သိသာသည်။

မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့ကလည်း တပြိုင်တည်း လူကြီးများကို ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးထဲတွင် မျှော်လင့်ချက်များအပြည့် ဖြစ်နေသည်။

ရှမြန်က ရယ်မောလိုက်ပြီး သံပယိုသီးတစ်လုံးကို အချပ်ငယ်လေးအများကြီး လှီးဖြတ်ပေးလိုက်ကာ ပန်းကန်တစ်ချပ်ထဲ ထည့်ပေးလိုက်ပြီးနောက် သူတို့ကိုလှမ်းပေးလိုက်သည်။

ကလေးတော်တော်များများက ပင်မအခန်းထဲသို့ ဝမ်းသာအားရပြေးသွားကြ၏။

မီးဖိုဆောင်ထဲတွင် ရှ၀မ်ယွဲ့နှင့် တခြားသူများသည် ချက်ပြုတ်ရင်း ဆူညံသံများကို နားထောင်နေလိုက်သည်။ ခဏအကြာတွင်တော့ ရှချွမ်းနှင့် တခြားသူများက အော်ငေါက်လာသည့်အသံကို ကြားလိုက်ရပြီး ရယ်မောကာ ကြိမ်းမောင်းနေတော့၏။

လူတိုင်းက ဆိုးရွားသည့် စိတ်ကူးရှိကြသည်မှာ သိသာသည်။ တခြားလူများက ခံစားလိုက်ရသည်ကို မြင်လိုက်သည့်အခါ သူတို့၏ခံစားလိုက်ရသည့်အခြေအနေကို အလကား မဖြစ်စေချင်ကြတော့ပေ။ ထို့ကြောင့် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ခံစားလိုက်ရသည့်တိုင် လူတိုင်းကတော့ အချင်းချင်း မနာလိုသလို ခံစားလိုက်ရတော့သည်။

ပင်မအဆောင်ထဲက ပျော်ရွှင်မှုသည် ပြီးဆုံးသွားသည့်အချိန်မှာပင် ချန်းချန်းက ပြန်လာခဲ့၏။ မောက်ဟွေ့ကျူးက ချန်းချန်းကို တစ်ပတ်ရိုက်ပြီး စားစေချင်သည်။ သို့သော်ငြားလည်း ချန်းချန်းက ထိုအရာကို မှတ်မိနေတော့၏။

သူသည် နွေရာသီအားလပ်ရက်တိုင်းတွင် တောင်ပိုင်းသို့ သွားခဲ့သည်။ သူသည် အစောကြီးကတည်းက သူ့မိဘများ၏လှည့်စားခြင်းကို ခံခဲ့ရတာဖြစ်မည်။ သူသည် သံပယိုသီးကိုမြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ "သံပယိုသီးပဲ။ ဒါက အရမ်းချဉ်တယ်! ငါ့ကို လာလှည့်စားဖို့ မကြိုးစားနဲ့"

မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့နှစ်ယောက်စလုံးမှာ ဝမ်းနည်းသွားတော့သည်။

မှောင်လာသည့်အချိန်တွင်တော့ ဖန်းရုံဖန်သည် မောက်ဟွေ့မေကို အိမ်ပြန်လိုက်ပို့ရင်းက ပြန်ရောက်လာခဲ့သည်။ အိမ်သည်တစ်ဖန် ဆူညံသွားတော့၏။

အရူးလေးလို သွားများပေါ်သည်အထိ ဆက်တိုက်ပြုံးနေသည့် ဖန်းရုံဖန်ကိုကြည့်လိုက်ပြီး ရှမြန်သည် ဒေါက်တာနဥ်၏အပြုအမူက အလွန်ကောင်းမွန်နေသေးသည်ဟု ထင်လိုက်လေသည်။ အနည်းဆုံးတော့ သူသည် အားလုံးကို အသိအမှတ်ပြုအောင် လုပ်နိုင်သေးသည်။

သူမက ကိုယ်ကိုလှည့်လိုက်ကာ ဟင်းလျာများကို တည်ခင်းပေးဖို့ရန်အတွက် မီးဖိုချောင်ထဲသို့ ဝင်သွားသည့်အချိန်မှသာ မောက်ဟွေ့ကျူးက အံကြိတ်ပြီးခရားအိုးငယ်လေးထဲသို့ သံပယိုသီးအရေများ ညှစ်ထည့်နေသည်ကို တွေ့လိုက်ရလေသည်။

ရှမြန်က သေသေချာချာလေး ကြည့်လိုက်ပြီးမှ ပြောလိုက်၏။ "အဲတာက ချန်းချန်းရဲ့ရေကရားအိုး မဟုတ်ဘူးလား"

မောက်ဟွေ့ကျူးက ရှူးတိုးတိုးဟု ရှမြန်ကိုလက်ဟန်ပြလိုက်ကာ သူမ၏လျှို့ဝှက်ချက်လေးကို ဆက်ပြီးထိန်းထားခိုင်းတော့သည်။

ရှမြန်သည်လည်း ချန်ချန်က ချန်းချန်းကိုစနောက်ကျီစယ်ရင်း အပြင်ဘက်တွင်သူ့ နောက်လိုက်ပြေးနေသည်ကို ကြားနေရသည်။

အေးပေါ့လေ။ နှစ်ယောက်သား ပူးပေါင်းပြီးတော့ ခွဲလုပ်နေကြတယ်ပေါ့။

သေချာပါသည်။ ခဏအကြာတွင်တော့ ချန်းချန်းသည် ပြေးလွှားရာမှ ပင်ပန်းလာသဖြင့် ရေသောက်ချင်လာတော့၏။ မောက်ဟွေ့ကျူးက စဉ်းလဲစွာဖြင့် ခွက်လေးတစ်လုံးကို ထုတ်လာကာ သူ့ကိုလှမ်းပေးလိုက်သည်။ ရလဒ်အနေဖြင့် ချန်းချန်းသည် သူမက မဲ့ပြုံးပြုံးလိုက်သည်ကို မြင်လိုက်ရပြီး ခွက်ထဲက အဝါရောင်အရည်ကို ကြည့်လိုက်ကာ ထိုခွက်ကိုလက်လျှော့လိုက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ရေသောက်ဖို့ရန် သူ၏ကိုယ်ပိုင်ရေကရားလေးကို သွားရှာတော့သည်။

မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့သည် ချန်းချန်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသည့်အပြင် ရှောင်ဖုန်းကပင် မျက်တောင်မခတ်သည်ကို ရှမြန်က သတိထားမိလိုက်၏။

ချန်းချန်း၏မျက်နှာက တွန့်ရှုံ့သွားပြီး အချဉ်ဓာတ်ကြောင့် တုန်ယင်သွားသည်ကို မြင်လိုက်ရသည့်အချိန်မှသာ ကလေးများသည် သူတို့၏ဆန္ဒများ ဖြည့်ဆည်းသွားသည့်နှယ် ပျော်ပျော်ရွှင်ရွှင် ရယ်မောကြလေသည်။ ချန်းချန်းသည် အလွန်ဒေါသထွက်သဖြင့် ထခုန်လိုက်ကာ ကလေးတစ်အုပ်သည် တစ်ဖန်ဆူညံပွက် လောရိုက်သွားကြတော့၏။

ကြီးမားသည့်စားပွဲဝိုင်းကြီး၂ခုကို ရွှင်လန်းတက်ကြွသည့် ညစာစားပွဲတစ်ခုအတွက် ပင်မအခန်းထဲတွင် တည်ခင်းထား၏။ နဉ်ရှောက်ပိုင်က ချန်းချန်းကိုခေါ်ကာ အိမ်သို့အရင်ဆုံးပြန်သွားကြသည်။ နောက်ဆုံးဒီနေ့သည် ရှမိသားစု၏မိသားစု ထမင်းဝိုင်းဖြစ်ကာ တရားဝင်တွေ့ဆုံပွဲ ဖြစ်သည်။ သူ့အတွက် ဒီနေရာတွင် ရှိနေဖို့ရန်က မသင့်တော်ချေ။

ရှမြန်က သူ့ကို လိုက်ပို့ပေးခဲ့သည့်အချိန်တွင်သူက သက်ပြင်းချလိုက်၏။ "နေ့တဝက်လောက် အလုပ်များနေခဲ့ပြီး စားစရာလည်းမရှိဘူး။ နာမည်လည်းမရှိ၊ အဆင့်အတန်းလည်းမရှိတော့ အရမ်းသနားဖို့ကောင်းတာပဲ" သူ့အသံထဲတွင် ရှင်းမပြတတ်သည့် သနားစဖွယ် ခံစားချက်လေးတစ်ခု ပါနေသည်။

ရှမြန်သည် သဘောကျသွားကာ ရယ်မောလိုက်၏။ သူမက ခြေဖျားထောက်ကာ သူ့ကိုအနမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "စိတ်မပျက်ပါနဲ့။ အချိန်တန်ရင် ရှင်လည်းပဲ အိမ်ရှင် ဖြစ်လာမှာပါ"

နဥ်ရှောက်ပိုင်သည် ခြံဝင်းဘက်သို့ လှမ်းကြည့်လိုက်ပြီး အပြုံးဖြင့်ပြောလိုက်၏။

"အဲဒီအချိန်ကျရင်တော့ ဖန်းရုံဖန်ထက် သေချာပေါက် ပိုပြီးကောင်းအောင်လုပ်ပေးရမယ်"

ရှမြန်က ရယ်မောလိုက်သည်။

ထမင်းစားနေစဉ်တွင် လေထုအငွေ့အသက်လေးက တဖြည်းဖြည်း ပိုပြီးနွေးထွေးလာခဲ့သည်။ ဦးကြီးရှတို့မိသားစုသည် သူတို့လက်ခံဖို့ရန်လိုအပ်သည့် အရာအားလုံးကို လက်ခံပြီးသွားပြီဖြစ်၏။ သူတို့သည် မောက်ဟွေ့မေနှင့် ဖန်းရုံဖန်တို့၏ကိစ္စများကိုလည်း သိရှိပြီးသားဖြစ်သည်။ သူတို့ကို အံ့ဩရစေသည့်အရာကတော့ မောက်ကျစ်ရှန်း၏ အပြောင်းအလဲ ဖြစ်နေ၏။

အထူးသဖြင့် တစ်ဖက်လူသည် နာမည်ကြီးကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့ခြင်းကြောင့်ပင်။

ရှချွမ်းက မောက်ဟွေ့ကျူးကို ကြည့်လိုက်ပြီး သူ့အတွက် ဂုဏ်ယူဝင့်ကြွားသွားတော့၏။ "ဦးကြီး ဦးလေး။ ဦးလေးရဲ့တူတွေအားလုံးက သရုပ်ဆောင်တွေ ဖြစ်ချင်နေကြတယ်ဆိုတာ ဦးလေး မသိသေးလို့နော်။ အဲဒီနှစ်တုန်းကဆိုရင် သူတို့တွေက သရုပ်ဆောင် ဖြစ်လာချင်လွန်းလို့ ဟောက်ရွှီဖုန်းကိုတောင် တောင်းပန်နေကြတာ"

"သူတို့နှစ်ယောက်စလုံးက သစ္စာဖောက်နဲ့ အစေခံတွေနေရာမှာ သရုပ်ဆောင်လိမ့်မယ်လို့တောင် ထင်မထားခဲ့ဘူး။ မောက်မိသားစုက မောက်သားဝေကလည်း အဓိကဇာတ်လိုက်ရဲ့ညီလေးနေရာမှာ သရုပ်ဆောင်ခဲ့သေးတယ်လေ။ တကယ့်လူပါ။ သူက သူ့ဟာသူ အရမ်းဂုဏ်ယူနေတာ"

"မနှစ်က ရုပ်ရှင်ပြသတဲ့အချိန်မှာကျတော့ သူတို့တွေက အဲဒီရုပ်ရှင်ကို နေရာတိုင်းမှာ ကြေညာနေကြပြီး ရုပ်ရှင်ကိုသွားကြည့်ဖို့လည်း လူတိုင်းကို ဖိတ်ခေါ်နေကြတာလေ။ ဒါပေမဲ့ အဲဒီအခန်းက မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြီးသွားခဲ့တာ"

"ကိုယ့်ဟာကိုယ် ဂုဏ်ယူနေတဲ့ မောက်သာ့ဝေကတောင်မှ သူ့ရဲ့အလုပ်ကို ထွက်လိုက်ပြီး ရိုက်ကူးရေးအဖွဲ့နောက် လိုက်သွားခဲ့တာလေ။ သူက သရုပ်ဆောင်တစ်ယောက် ဖြစ်လာချင်တယ်တဲ့"

"သူက အခုလည်း သရုပ်ဆောင်တစ်ယောက်ပဲလား" မောက်ဟွေ့လန်က မေးလိုက်သည်။

"သူကသာ ဖြစ်ချင်နေတာပါ"ရှချွမ်းက ပြောလိုက်သည်။ "တကယ်လို့ ငါသာ လူတစ်ယောက်ဆိုရင် နေရာတိုင်းမှာ ထုတ်ကြွားပြီးပြီ"

"မောက်အာ့ယင် ဪ သူက သစ္စာဖောက်နေရာမှာ သရုပ်ဆောင်တဲ့တစ်ယောက်လေ။ နေ့တိုင်း ကျေးလက်ဘက်ကလူတွေရဲ့ ဆဲဆိုတာခံနေရတာ။ အခု သူက မောက်သာ့ဝေကို သည်းမခံနိုင်တော့ဘူးလေ။ မောက်သာ့ဝေက နေရာတိုင်းမှာ သရုပ်ဆောင်အလုပ်အတွက် တောင်းပန်နေတယ်လို့ သူကပြောတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူ့ကို ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး။ သူတို့တွေအားလုံးက သူ့ကိုသူတောင်းစားလို၊ လူသေလို၊ အဲဒီလိုပဲဆက်ဆံကြတာ..."

မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "အဲဒါကို ဇာတ်ရံလို့ခေါ်တာ"

"ဟုတ်တယ်။ ဇာတ်ရံ"ရှချွမ်းက အပြုံးဖြင့် ပြောလိုက်၏။ "သူတို့ရဲ့ဦးလေးကသာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်နေတယ်ဆိုတာ သိသွားလို့ကတော့ သူတို့တွေ သေလောက်အောင် နောင်တရသွားလောက်တယ်"

"ဟမ့်!"မောက်ဟွေ့လန်က ပြောလိုက်သည်။ "သူတို့တွေ သိသွားလည်း အရေးမကြီးပါဘူး။ ငါတို့ငယ်ငယ်တုန်းက သူတို့တွေက ငါတို့ကို အနိုင်ကျင့်ခဲ့ကြတာပဲ။ မောက်သာ့ဝေဆို ငါ့အဖေကိုတောင်မှ ရိုက်ခဲ့သေးတယ်"

ဦးကြီးရှက သတိပေးလိုက်သည်။ "မင်း အိမ်ပြန်ရောက်သွားတဲ့အချိန်ကျရင် ဘာတစ်ခုမှမပြောနဲ့နော်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အဲ့ဒီမိသားစုက သေသေချာချာလေး မပြုမူတတ်ဘူးဆိုရင် သူတို့တွေ ပြဿနာလာရှာနေဦးမယ်"

ရှချွမ်းကလည်း ပြောလိုက်သည်။ "သိပါတယ်။ ကျွန်တော် မပြောပါဘူး။ မောက်ဟွေ့ဟယ်က ဟွေ့မေကို ရှာဖို့ပဲစဉ်းစားနေသေးတာ"

"ဒါပေမဲ့ ကျွန်တော် ဒီကိုလာတဲ့အချိန်တုန်းက မောက်သာ့ဝေက ရုပ်ရှင်ရိုက်ဖို့အတွက် ရုပ်ရှင်တစ်ခုကိုရှာဖို့ ယန်မြို့ကိုလာခဲ့တယ်လို့ကြားတယ်။ ဦးလေး သူနဲ့အတူတူ ရုပ်ရှင်ရိုက်နေတာလား။ ဦးလေးတို့ အချင်းချင်း တွေ့လိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဟုတ်တယ်မလား"

ရှဟယ်က ပြောလိုက်သည်။ "တွေ့တယ်ဆိုရင်တောင်မှ မှတ်မိနိုင်မှာမဟုတ်ပါဘူး"

ရှဟိုင်က ထပ်ပြောလိုက်သည်။ "သတိထားတာကတော့ အမြဲတမ်း ပိုကောင်းပါတယ်"

"သူတို့မိသားစုထဲမှာ မောက်ဟွေ့ဟယ်တစ်ယောက်လည်း ရှိသေးတယ်လေ။ သူတို့တွေက ဦးလေးရဲ့မိသားစုကို အရူးလို ဆက်ပြီးတော့ ရှာနေကြတာ။ သူတို့တွေက ဖြစ်နိုင်ခြေ ဘယ်တစ်ခုကိုမှ အလွတ်ပေးမှာ မဟုတ်လောက်ဘူး"

...

အပိုင်း (၂၁၂)

မောက်ဟွေ့ဟယ်အကြောင်း ပြောကြသည့်အချိန်တွင် လူတိုင်းက သက်ပြင်းချလိုက်ကြ၏။

ရှမြန်သည် ဟိုတုန်းက သူမ၏သနားစဖွယ်အခြေအနေကို ပြန်စဉ်းစားမိလိုက်ပြီး မမေးဘဲမနေနိုင်အောင် ဖြစ်သွားခဲ့သည်။ "အခုရော သူ ဘယ်လိုနေလဲ။ ဟောက်ရွှီဖုန်းက သူ့ကို ရိုက်နှက်နေသေးလား"

"အဆင်ပြေနေတာတော့ ၂နှစ်လောက်ရှိပါပြီ" ရှချွမ်းက ပြောလိုက်သည်။ "သူ ကိုယ်ဝန်ရသွားပြီးကတည်းက ဟောက်လင်မယားကလည်း သူ့ကို ဂရုစိုက်လာကြတယ်လေ။ နောက်ဆုံး သူတို့တွေကလည်း မြေးတစ်ယောက် လိုချင်နေကြသေးတာကိုး"

"မနှစ်တုန်းကတော့ သားတစ်ယောက်ကို မွေးခဲ့တယ်။ သခင်ကြီးဟောက်နဲ့ သူ့ရဲ့မိန်းမကလည်း အရမ်းကို ပျော်သွားပြီးတော့ သူတို့တွေကလည်း မောက်ဟွေ့ဟယ်ကို နို့ထွက်အောင်ဆိုပြီး တော်တော်လေး ဂရုစိုက်ပေးကြတယ်"

"ဘာပဲဖြစ်ဖြစ်ပါ။ သူတို့လည်း ကလေးတစ်ယောက်ကို ရပြီးသွားပြီဆိုတော့ သခင်ကြီးဟောက်ကလည်း ဟောက်ရွှီဖုန်းက သူ့ကို ရိုက်နှက်နေတာကို တားမြစ်လိုက်တယ်လေ"

"အခု ဟောက်ရွှေဖုန်းက တစ်နေ့လုံး အပြင်ဘက်မှာ ထွက်ပြီးတော့လည်ပတ်နေတာ။ အထူးသဖြင့် လမ်းပေါ်မှာပဲ ထွက်နေတာပေါ့။ အိမ်ပြန်တယ်ဆိုတာ ခပ်ရှားရှားရယ်ပါ။ မောက်ဟွေ့ဟယ်ရဲ့ ဘဝကလည်း အများကြီး ပိုပြီးကောင်းမွန်လာပါပြီ"

မောက်ဟွေ့လန်က မသင်္ကာသလို မေးလိုက်သည်။ "ဒါဆိုရင် သူက ဘာဖြစ်လို့ အစ်မအကြီးဆုံးကို ဆက်ပြီး ရှာနေသေးတာလဲ"

"မသိဘူးလေ" ရှချွမ်းက ပြောလိုက်သည်။ "သူက စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ ရှိနေတာလည်း ဖြစ်မှာပေါ့။ အိမ်ပြန်ဖို့အတွက် မောက်ဟွေ့‌မေကို ရှာရမယ်လို့ပဲ သူကဆက်တိုက်ပြောနေတာလေ။ မောက်ဟွေ့မေ အိမ်ပြန်လာမှပဲ သူက လွတ်မြောက်နိုင်တော့မလိုကို ပြောနေတာ"

"ဒီကိစ္စနဲ့ ပတ်သက်လာတဲ့အချိန်မှာတော့ ဟောက်မိသားစုကလည်း ဂရုမစိုက်တော့ပါဘူး" ရှဟယ်က ပြောလိုက်သည်။

"ငါ့အထင် သူတို့တွေကလည်း ဒီကိစ္စကို ရှာဖွေဖို့ကြိုးစားနေကြတုန်းပဲထင်တယ်။ နောက်ဆုံး သူတို့လည်း လိမ်ညာခံလိုက်ရတာပဲလေ"

ရှ၀မ်ယွဲ့က ခနဲ့ကာ ပြောလိုက်သည်။ "ငါက သူတို့ကို သွားမရှာတာဘဲ တော်သေးတယ်လို့မှတ်ပါ။ တကယ်လို့ သူတို့မှာ သတ္တိရှိတယ်ဆိုရင်လည်း သူတို့ကို လာခိုင်းလိုက်စမ်းပါ" သူမ၏လေသံက အေးစက်လို့နေသည်။

မောက်မိသားစုသည် ရွံရှာဖွယ်ရာကောင်း၏။ သို့သော်ငြားလည်း ဟောက်မိသားစုကတော့ အမှန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။

ရှ၀မ်ယွဲ့သည် မောက်ဟွေ့ဟယ်၏ ဇာတ်သိမ်းကို စဉ်းစားမိသည့်အချိန်တိုင်း သူမ၏ရင်ထဲတွင် ကြောက်ရွံ့သည့် ခံစားချက်တစ်ခု ဖြစ်လာခဲ့၏။ အကယ်၍များ မောက်ဟွေ့မေသာ ဤကဲ့သို့ ဖြစ်လာခဲ့မည်ဆိုလျှင် သူမကတော့ ဟောက်မိသားစုနှင့် သေချာပေါက်အတူတူ သေဆုံးရလိမ့်မည်။

ကံအားလျော်စွာ သူမသည် ဟိုတုန်းကကဲ့သို့ ကူကယ်ရာမဲ့နေသူ မဟုတ်တော့ချေ။

မောက်မိသားစုဖြစ်စေ ဟောက်မိသားစုဖြစ်စေ အကယ်၍ သူတို့သာ မလာခဲ့လျှင် အဆင်ပြေနေလိမ့်မည်။ သို့သော် အကယ်၍ သူတို့က လာရဲခဲ့လျှင်တော့ သူမတို့ကလည်း စာရင်းဟောင်းနှင့် စာရင်းသစ်ကို အတူတူရှင်းရလိမ့်မည်။

ဇာတိမြို့ကအကြောင်းကို ပြောဆိုနေသည်တွင် အရာအားလုံးကလည်း အသေးအဖွဲ့ကိစ္စများ ဖြစ်နေသဖြင့် ဦးလေးရှမိသားစုအကြောင်း ပြောမိသည်ကလည်း မလွဲမသွေပင်။

မောက်ဟွေ့မေက သိချင်စိတ်ဖြင့်မေးလိုက်သည်။ "ဦးလေး၂ကရော။ ဦးကြီးတို့တွေ ယန်မြို့ကိုလာခဲ့တာ သိကြလား"

"ဘယ်လိုလုပ်ပြီးတော့ မသိဘဲနေမှာလဲ" ရှချွမ်းက ပြောလိုက်သည်။ "ငါတို့တစ်မိသားစုလုံး ဒီကိုရောက်နေတာပဲ။ ငါတို့တွေကလည်း အိမ်အလုပ်တွေကို စီစဉ်ထားခဲ့ပြီးသားလေ။ ဒီတော့ ငါတို့အားလုံးကလည်း သူတို့နဲ့ သဘောတူထားခဲ့ပြီးသားပဲပေါ့"

"ဒါပေါ့။ သူ သိပါတယ်။ သူက တခြားသူတွေရဲ့အိမ်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့တာပဲလေ"

"သူက လိုက်လာမယ်လို့ မပြောဘူးလား" မောက်ဟွေ့မေက အံ့သြသွားသည်။

ရှမြန်ကတော့ ရယ်စရာပြောလိုက်၏။ "ယန်မြို့ကို သွားတဲ့ ရထားလက်မှတ်ကမှ စျေးမပေါတာ။ သူက ဘယ်လိုလုပ်ပြီးတော့ တတ်နိုင်မှာလဲ"

ရှဟိုင်ကလည်း ရယ်မောလိုက်သည်။ "အမှန်ပဲလေ။ ဒါပေမဲ့ သူကလည်း မလာရဲပါဘူး"

ရှဦးလေး၂သည် တစ်နေ့လုံး အရှက်မဲ့နေသည့်တိုင် သူ၏စိတ်ထဲတွင်တော့ ရှ၀မ်ယွဲ့က သူ့ကို အသည်းနင့်အောင် အမှန်တကယ် မုန်းတီးသည်ကို သိနေသည်။ အကယ်၍ သူကလာရဲခဲ့လျှင် ရှ၀မ်ယွဲ့ကလည်း ထိုအတွက်သူ့ကို ပြန်ပေးဆပ်ရအောင်လုပ်ပေးလိမ့်မည်။

ရှဟယ်က ပြောလိုက်သည်။ "တကယ်တမ်းကျတော့ သူတို့တွေက ငါ့တို့ကို လှည့်စားနေခဲ့သေးတယ်လေ။ အဒေါ်ဖြစ်သူက သူ့သမီးကို လက်ထပ်ပေးတော့မှာဆိုတော့ သူက မလာနိုင်ဘူး။ ဒီတော့ ရှလိနဲ့ ရှပေါင်တို့ကို တစ်ချက်လောက် လာကြည့်ခိုင်းလိမ့်မယ်လို့တောင် ပြောနေသေးတယ်"

လူကြီးများ၏ အငြိုးအာဃာတကို မျိုးဆက်များကို လက်ဆင့်ကမ်းသည်က ရှားပါးသည်။ ရှ၀မ်ယွဲ့ကလည်း ပုံမှန်ဆိုလျှင်တော့ ကလေးများကို ခက်ခဲအောင် လုပ်လိမ့်မည် မဟုတ်ချေ။ ထိုကြောင့် ရှဦးလေး၂ကလည်း ဒီအခြေအနေကို နားလည်သဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

သို့သော်ငြားလည်း သူမကတော့ စိတ်မပူပေ။ "သူက လက်ဖွဲ့အတွက် ငွေမှ မသုံးချင်တာ"

ရှဦးလေး၂သည် ရှ၀မ်ယွဲ့က ယန်မြို့တွင် စက်ရုံတစ်ရုံထောင်ပြီး ငွေရှာနေသည်ကိုမသိချေ။ အလွန်ဆုံး သူမက ဆိုင်လေးတစ်ဆိုင်ကိုတည်ကာ အသက်မွေးဝမ်းကြောင်း ပြုနိုင်သည်ဟုသာ သူကထင်လိမ့်မည်။ သို့မဟုတ်လျှင် သူသည် သူမနှင့်ရင်းနှီးဖို့ရန်အတွက် နည်းလမ်းပေါင်းစုံကို သေချာပေါက် ရှာဖွေပေလိမ့်မည်။

ဦးကြီးရှကတော့ သက်ပြင်းချကာပြောလိုက်၏။ "ရှလိက ဒီအကြောင်းကို သိ မသိတော့ မသေချာပါဘူး။ ဒီကလေးမလေးကလည်း အရင်တုန်းကထက်စာရင် အများကြီး သိတတ်လာခဲ့တယ်"

ရှမြန်သည် လွန်ခဲ့သည့်၄နှစ်က ရှလိကိုသာ မြင်ခဲ့ဖူးသဖြင့် သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ဒါနဲ့လေ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အစ်ကိုရှောင်ချွမ်းက ကြားခဲ့တယ်တဲ့။ သူနဲ့ ဝမ်ထောင်တို့က ယန်မြို့မှာ ရှိတယ်တဲ့လေ"

"အင်း"ရှဟိုင်က ပြောလိုက်သည်။ "သူတို့တွေ နင်တို့ယန်မြို့ကိုလာပြီး ဒုတိယနှစ်မှာပဲ ရောက်လာခဲ့ကြတာ။ ၀မ်ထောင်ကြည့်ရတာလည်း အဆင်ပြေနေတဲ့ပုံပါပဲ။ ဘာပဲဖြစ်ဖြစ်လေ။ ရှဦးလေး၂ကလည်း နှစ်သစ်ကူးတုန်းက အရမ်းကိုဂုဏ်ယူနေတာ။ ဝမ်ထောင်က ပြီးခဲ့တဲ့နှစ်တုန်းက သန်းချီရှာဖွေနိုင်တယ်လို့ ပြောတယ်။ ဒီတစ်နှစ် နှစ်သစ်ကူးပြီးသွားတော့ သူက ရှပေါင်ကို ငွေရှာဖို့အတွက် ဒီကိုပို့လိုက်တယ်လေ"

"ရှပေါင် ဟုတ်လား" ရှမြန်က ခနဲ့ကာပြောလိုက်၏။ "သူက ပြဿနာရှာတာကလွဲရင် ဘာလုပ်တတ်မှာလဲ"

"မဟုတ်လို့လား" ရှချွမ်းကလည်း ရယ်မောလိုက်သည်။ "ရှဦးလေး၂ကတော့ ပြီးခဲ့တဲ့ရက်တွေတုန်းက ငါတို့ကိုလာပြီးတော့ ကြွားလုံးထုတ်နေတာပဲ။ ရှပေါင်က ဘာအလုပ်မှ လုပ်စရာမလိုဘူးလို့ပြောတယ်။ သူ့ရဲ့လစာအပြင် သူက စတီးချောင်းတွေကို ရောင်းတာနဲ့တင် တစ်လကို ယွမ်ထောင်ချီနီးပါး ရှာနိုင်တယ်တဲ့"

ရှမြန် ...

"ဝမ်ထောင်က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ လုပ်နေတာကို မှတ်မိပါသေးတယ်။ ဟုတ်တယ်မလား။ အဲဒီစတီးချောင်းတွေကို ဘယ်နားမှာ ဝယ်ကြမှာတဲ့လဲ"

ရှချွမ်းကလည်း ရယ်မောကာပြောလိုက်သည်။ "အခုခေတ်က ပရောဂျက်တစ်ခုလုပ်တဲ့ ဘယ်သူမဆို နေ့တိုင်းပစ္စည်းတွေ ပျောက်ဆုံးနေတာပဲလေ။ သူ့ပတ်ဝန်းကျင်ကလူတွေကလည်း အများဆုံး ခိုးကြတဲ့အရာတွေက စတီးချောင်းတွေပဲ။ အဲဒါတွေက စျေးကြီးပြီးတော့ လေးတယ်လေ"

ရှမြန်သည် လူတော်တော်များများက ဆောက်လုပ်ရေးဆိုက်ထဲမှ ပစ္စည်းများကို ခိုးယူကြပြီး တိုလီမုစများအဖြစ် ရောင်းချကြသည်ကိုသိသည်။ သို့သော်ငြားလည်း ပြဿနာက ရှပေါင်သည် သူ၏အိမ်ကပစ္စည်းများကို ပြန်လည်ခိုးယူနေခြင်းပင်။

၀မ်ထောင်က အသစ်ဝယ်ယူလာခဲ့သည့်စတီးချောင်းများကို တိုလီမုစများအနေဖြင့် ရောင်းချ၏...

သို့သော်ငြားလည်း ဒါကရှဦးလေး၂တို့မိသားစု လုပ်နိုင်သည့်ကိစ္စပင်။

ရှဟိုင်က သက်ပြင်းချပြီး ပြောလိုက်၏။ "သူပြောတာတော့ ရှလိကို ထောက်ပံ့ပေးဖို့ ဒီနေရာကို ရောက်နေတယ်တဲ့လေ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူကရှဦးလေး၂ကို ဝမ်ထောင်ရဲ့ သက်သေတွေအတွက် ရှပေါင်နဲ့ အပေးအယူလုပ်ထားတာကို လက်ခံခဲ့ရုံပါ"

ရှမြန်က သိချင်စိတ်ဖြစ်သွားသည်။ "ဝမ်ထောင်မှာ ဘယ်လိုအားနည်းချက်တွေ ရှိနေလို့လဲ"

"သူက အပြင်မှာ မယားငယ်တစ်ယောက် ထားထားတယ်လေ" ရှချွမ်းက ပြောလိုက်သည်။ "ရှလိက ဝမ်ထောင်က အဲဒီလိုကိစ္စတွေရှိလာမှာ အမြဲတမ်းစိုးရိမ်နေခဲ့တာ။ ဒီတော့ သူကလည်း ဝမ်ထောင်နောက်ကို အမြဲတမ်း အနီးကပ် လိုက်သွားတတ်တယ်။ သူက ဗိုက်ကြီးနဲ့တောင်မှ ဆောက်လုပ်ရေးဆိုက်ကိုသွားပြီး သူ့နောက်ကို လိုက်သွားခဲ့သေးတယ်လေ။ နောက်ဆုံးတော့လည်း သူကအပြင်ဘက်မှာ မယားငယ်တစ်ယောက် ဆက်ထားခဲ့တာပဲ"

"ယောက်ျားတစ်ယောက်ကို ဆက်တိုက်စောင့်ကြည့်နေဖို့ဆိုတာ မဖြစ်နိုင်တာ" ရှ၀မ်ယွဲ့က ခနဲ့ကာ ပြောလိုက်သည်။

"မဟုတ်လို့လား" ရှချွမ်းက ပြောလိုက်၏။ "ပြီးတော့ ဝမ်ထောင်ကလည်း မယားငယ်တစ်ယောက်ကို ပေါ်ပေါ်ထင်ထင် ယူထားတာ။ ဒီနေ့ခေတ်မှာ ဘယ်သူဌေးက မယားငယ်တစ်ယောက် မရှိလို့လဲ လို့တောင်မှ ပြောသေးတယ်။ သူက တစ်ယောက်လောက် မထားရင် သူ့အတွက် ရှက်စရာကောင်းနေလိမ့်ဦးမယ်တဲ့"

ရှမြန် ...

သူဌေးသားလက်သစ်များကြားထဲက တကယ့်ကိုထူးဆန်းသည့် ယှဉ်ပြိုင်မှုတစ်ခုပင်။

"ရှလိကလည်း အိမ်ပြန်လာပြီးတော့ ပြဿနာရှာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ဆုံးကျတော့လည်း ရှပေါင်ကို ငွေရှာဖို့အတွက် ဝမ်ထောင်နောက်ကလိုက်ပြီး ယန်မြို့ကိုပို့ခိုင်းလိုက်တော့တာပဲ။ ရှလိကို တစ်လ အနည်းဆုံး ယွမ်တစ်ထောင်ပေးရမယ်လို့ သူ့ကို ပြောထားတယ်တဲ့"

"အလုပ်သမားတစ်ယောက်ရဲ့ လစဉ်လစာငွေက ယွမ်၇၀၀၊ ၈၀၀ဆိုတာက တော်တော်လေးမြင့်တဲ့ လစာတစ်ခု ဖြစ်နေပြီးပါပြီ။ ဒါပေမဲ့ ဘာမှမလုပ်နိုင်တဲ့ ရှပေါင်က တကယ်တမ်းကျတော့ ယွမ်တစ်ထောင် ရနေတယ်" ရှဟိုင်က ပြောလိုက်သည်။ "ရှပေါင်အတွက် အကျိုးအမြတ်ရဖို့ ဒီကိစ္စကို အသုံးချလိုက်တာပဲ မဟုတ်လား"

ရှမြန်က မျက်မှောင်ကြုတ်လိုက်သည်။ "ရှလိကရော ဘယ်လိုနေလဲ"

"ဒီလိုပဲပေါ့။ သူကလည်း သားတစ်ယောက် ရလာခဲ့တယ်လေ။ သူ့အဖေကလည်း သူ့အတွက် ဆုံးဖြတ်ချက် မချပေးနိုင်ဘူး။ ဒီတော့ သူကလည်း ဝမ်ထောင်ကို သူ့စိတ်တိုင်းကျ လုပ်ခွင့်သာ ပေးဖို့ပဲ တတ်နိုင်တော့တာပေါ့"ရှာဟိုင်ကပြောလိုက်၏။ "ကွာရှင်းဖို့အတွက်ကျတော့လည်း သူက ကိုယ့်ဟာကိုယ် ရပ်တည်ဖို့ မလုပ်နိုင်ဘူးလို့ ထင်တယ်"

ဦးကြီးရှက သက်ပြင်းချလိုက်သည်။ "ရှချန်းယောက်တို့ မိသားစုကလည်းလေ-... ရှေ့ကလမ်းတွေက ပိုပိုပြီးတော့ ကျဉ်းမြောင်းလာမှာကို စိုးရိမ်ရတယ်။ စောင့်ကြည့်နေလိုက်ပါ။ သူတို့ရဲ့ဒုက္ခတွေကလည်း ရှိနေဦးမှာပဲ"

ဒီအချိန်တွင်တော့ သူသည် စားပွဲပေးတွင် လိမ်လိမ်မာမာလေးရှိနေသည့် ရှောင်ဖုန်းကို ကျေနပ်စွာဖြင့် ကြည့်လိုက်ကာ အသံအကျယ်ကြီး ရယ်မောလိုက်တော့၏။ "အခုအချိန်ကစပြီး ငါတို့ရဲ့ ရှမိသားစုကတော့ သူ့အပေါ်ပဲ အားကိုးရတော့မှာပဲ။ ရှောင်ဖုန်းက နောက်ဆိုရင် အလားအလာရှိတဲ့ ကလေးတစ်ယောက်ဖြစ်လာဦးမှာ"

ရှောင်ဖုန်းသည် သူ့ကိုခေါ်လိုက်သည့်အသံကို ကြားလိုက်ရသည့်အချိန်တွင် လိမ္မာသည့် အပြုံးတစ်ခုလေးဖြင့် လှည့်ကြည့်လာကာ လက်ကိုမြှောက်လိုက်ပြီး ပြောလိုက်၏။ "အဘိုး သားမှာ ကမ်းလှမ်းစရာ အကြောင်းအရာတစ်ခုရှိပါတယ်"

ရှဟိုင်က ပြောလိုက်သည်။ "ဘယ်လိုအရာမျိုးလဲ။ အောင်မြင်တဲ့ လက်သမားတစ်ယောက်လား"

အားလုံးက ရယ်မောကြသည်။ သူတို့သည် အခုလေးတင် ရှလိနှင့် ရှပေါင်တို့အကြောင်းကို ပြောဆိုနေကြပြီး သူတို့နှင့်ပတ်သက်ဆက်ဆံဖို့ရန် စိတ်ကူးမရှိကြချေ။

ယန်မြို့သည် အလွန်မှကြီးမားလေသည်။ ရှ၀မ်ယွဲ့နှင့် ဝမ်ထောင်တို့ကလည်း လုပ်ငန်းလောကတစ်ခုတည်းက မဟုတ်ချေ။ ထို့ကြောင့် သူတို့သည် ၁၀နှစ်ကျော်ကြာသည့်တိုင် တွေ့ဆုံလိမ့်မည်မဟုတ်သည့် ဖြစ်နိုင်ခြေလည်းရှိသည်။ သို့သော်ငြားလည်း ရှလိနှင့်ဝမ်ထောင်တို့က သူမဆီသို့ ရောက်လာလိမ့်မည်ဟူ၍တော့ မျှော်လင့်မထားခဲ့ချေ။

မောက်ဟွေ့မေ၏ မင်္ဂလာပွဲမရောက်ခင် ၂ရက်အလိုတွင်ဖြစ်သည်။ ရှမြန်သည် ချန်ချန်နှင့်ရှောင်ဖုန်းတို့နှင့်အတူ ဟွားကန်းတက္ကသိုလ်မှ ပြန်ရောက်လာခဲ့ပြီး ချန်ချန်က စာမလေ့လာချင်ဘဲ လက်သမားဆရာတစ်ယောက်သာဖြစ်ချင်သည်ဟု ခေါင်းမာနေသည့်ပြဿနာကို အဓိကဖြေရှင်းဖို့ရန်ဖြစ်၏။

ဦးကြီးရှတို့မိသားစုသည် ရှောင်ဖုန်း၊ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က သူတို့၏အိမ်စာများကိုလုပ်ကာ ရှောင်ဖုန်းကလည်း သူ၏စတူဒီယိုထဲတွင် အလုပ်လုပ်နေသည်ကို စောင့်ကြည့်ခဲ့ရပြီးနောက် ရှဟယ်နှင့် ရှချွမ်းတို့ကတော့ အဆင်ပြေသေးသည်။ နောက်ဆုံး သူတို့၏ကလေးများက ငယ်ရွယ်နေဆဲဖြစ်၏။

သို့သော်ငြားလည်း ရှဟိုင်ကတော့ ချန်ချန်၏အနာဂတ်အတွက် အလွန်တရာ စိုးရိမ်နေမိတော့သည်။

သို့သော်ငြား သူ၏အကောင်းဆုံး ကြိုးစားအားထုတ်မှုအတွက် သူ၏သက်တူရွယ်တူများထံမှ လေးစားအားကျမှု ရရှိခဲ့သော်ငြားလည်း ချန်ချန်သည် သူ့အဖေ၏ခြေလှမ်းကိုသာ လိုက်ကာ လက်သမားတစ်ယောက်ဖြစ်လာဖို့ရန် ဆုံးဖြတ်ချက်ဖြစ်နေဆဲပင်။

ရှဟိုင်၏သွေးဖိအားမှာ အမှန်တကယ် ထိုးတက်သွားတော့၏။ သူသည် အကြောင်းရင်းတစ်ခုသာ ရှာဖွေလို့ရခဲ့လျှင် ချန်ချန်ကို ရိုက်နှက်ချင်လာတော့၏။

အကြောင်းမှာ ရှောင်ဖုန်းက ရက်ခြားဆိုသလို ပန်းချီဆွဲလေ့လာဖို့ရန် သွားရောက်ရပြီး ချန်ချန်၏ သေခြင်းတရားမှ ကာကွယ်ပေးမည့် ရွှေအဆင့်အဆောင်လေးကလည်း ရက်ခြားဆိုသလိုရနေနိုင်သည်။ အဆောင်လေး မရှိသည့်ရက်တွင်တော့ အစောပိုင်းကနေ့ရက်အတွက် ပြန်လည်ဖြည့်ဆည်းပေးရသည်။

ထို့ကြောင့် ရက်ခြားဆိုသလို သားအဖနှစ်ယောက်သည် ခြံဝင်းထဲတွင် ပတ်ပြေးနေကြတော့၏။ သို့သော်ငြားလည်း ချန်ချန်က ပိုပြီးတော့ပြေးလေလေ ရှဟိုင်က ပိုပြီးတော့ ဒေါသထွက်လာလေလေပင်။ တစ်ခါတစ်ရံ အရပ်၈ပေမြင့်သည့်လူကြီးကပင် ဒေါသထွက်ပြီး ငိုချင်လာတော့၏။

ချန်ချန်က လှုပ်ချိုးပစ်လိုက်သည့် သစ်သားထိုင်ခုံလေးတစ်လုံးကို ပြန်ပြင်ပေးပို့ရန်အတွက် ချန်ချန်ကို တူသွားငှားခိုင်းသည့်အချိန်တွင်တော့ ရှဟိုင်က တစ်ဖန်ဒေါသထွက်လာခဲ့သည်။

ရှမြန်က ပြုံးကာပြောလိုက်၏။ "အစ်ကို ချန်ချန်က လက်သမားတစ်ယောက် ဖြစ်ချင်လာတဲ့ကိစ္စကလည်း အမှားတော့ မဟုတ်ပါဘူး..." သူမသည် ရှဟိုင်က အမှန်တကယ် ဒေါသထွက်လာမှာကိုလည်း စိုးရိမ်မိ၏။ ထို့ကြောင့် သူမက စကားပြောရင်း သူ့ကိုမျက်ရိပ်ပြလိုက်သည်။

ရှဟိုင်၏ ဒေါသသည် ထိုအခြေအနေကို မြင်လိုက်ရသည့်အခါ အနည်းငယ် နည်းပါးသွား၏။ ချန်ချန်က ထိုစကားကို ကြားလိုက်ရပြီးနောက် အလွန်စိတ်လှုပ်ရှားသွားပြီး ရှမြန်၏နောက်တွင် ထခုန်လိုက်ကာ ပြောလိုက်၏။

"ကြည့်လေ။ သားရဲ့ ဒေါ်လေးမြန့်မြန်ကတောင် လက်သမားတစ်ယောက်လုပ်တာ မဆိုးဘူးလို့ ပြောနေတယ်။ သူက ကောလိပ်ကျောင်းသူတစ်ယောက်ပဲ။ ဒီတော့ သူပြောတဲ့စကားက အဓိပ္ပာယ်ရှိမှာပဲ"

"ဒီအပြင် တကယ်လို့ အနာဂတ်မှာ လက်သမားတွေ မရှိတော့ဘူးဆိုရင် ဘယ်သူက ဒီလောကကြီးအတွက် ပရိဘောဂနဲ့ အိမ်တွေကို ဆောက်ပေးတော့မှာလဲ"

ရှဟိုင်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်တော့မည် ပြင်လိုက်၏။

ရှမြန်က ရယ်မောလိုက်ပြီး "အစ်ကို ချန်ချန်ရဲ့စကားလုံးတွေက ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း အမှန်ပါပဲ။ တကယ်တမ်းကျတော့ သူ့မှာလည်း တချို့စိတ်ကူးတွေရှိနေပါတယ်"

သူမက ချန်ချန်ကို သူမဆီသို့ လှမ်းဆွဲလိုက်ကာပြောလိုက်၏။ "တကယ်တမ်းကျတော့ အရည်အချင်းရှိတဲ့ လက်သမားတွေက အရမ်းတော်ကြတယ်။ ကောလိပ်ကျောင်းသားတွေထက် မနိမ့်ပါဘူး။ ဒီကမ္ဘာကြီးထဲမှာ အကောင်းဆုံးလက်သမားက ဘယ်သူလဲဆိုတာ သိလား"

"အင်းပါ။ ငါ နင့်ကို အရင်ဆုံးမေးပါရစေဦး။ အကောင်းဆုံးလက်သမားက ဘယ်လိုပုံစံ ဖြစ်မယ်လို့ထင်လဲ"

ချန်ချန်သည် တော်တော်ကြာကြာ လေးစဉ်းစားလိုက်ပြီး ချီတုံချတုံဖြင့် ပြောလိုက်လေသည်။

"လတစ်ဝက်တည်းနဲ့ အမတ္တရှစ်ပါးပင်လယ်ပြင်ကို ကူးခတ်နေတဲ့ပုံ ဘီဒိုတစ်စုံကို လုပ်နိုင်တဲ့သူလား"

ရှမြန်က ပြုံးပြလိုက်သည်။ ထို့နောက်တွင်တော့ အနီးအနားတွင်ရပ်ကာ အပျော်သက်သက် ကြည့်နေသည့် မောက်ဟွေ့ကျူးဘက်ကို လှမ်းပြောလိုက်၏။ "ဟွေ့ကျူး စတူဒီယိုကိုသွားပြီး ရှောင်ဖုန်းကို သွားရှာလာပြီးတော့ လုပန်းထိုင်ခုံကို ယူလာခိုင်းလိုက်"

ထို့နောက်တွင်တော့ သူမသည် အခုလေး တင်ပြေးဝင်လာသည့် ချန်းချန်းကိုလှမ်းပြောလိုက်၏။

"ချန်းချန်း နင့်မှာ လုပန်း‌သေတ္တာတစ်ခုရှိတာ ငါ မှတ်မိနေသေးတယ်။ ဟုတ်လား။ ချန်ချန်ကို အမြင်ကျယ်သွားအောင် ခဏလောက် ပေးငှားလိုက်ပါဦး"

"ချန်ချန် မီးဖိုချောင်ထဲကိုသွားပြီး တူ၉ချောင်း ယူလာခဲ့"

ကလေး၃ယောက်သည် လူစုခွဲသွားကြပြီး ရှမြန်ကတော့ ခြံဝင်းထဲသို့ စားပွဲခုံငယ်လေးတစ်ခုကို သယ်လာခဲ့သည်။

သူတို့ပြန်ရောက်လာသည့်အချိန်တွင် ရှမြန်၏စားပွဲနှင့်ထိုင်ခုံများကလည်း နေရာချထားပြီးသားဖြစ်ကာ ရှောင်ဖုန်းကလည်း နောက်မှလိုက်ပါလာသည်။

"ရှောင်ဖုန်း ပန်းချီဆွဲလို့ပြီးသွားပြီလား" ရှဟိုင်က အားနာစွာဖြင့် လှမ်းမေးလိုက်၏။ "သားကို အနှောင့်အယှက်ဖြစ်သွားပြီလား"

ရှောင်ဖုန်းက မနေ့က ပန်းချီဆွဲသင်ခဲ့သည်။ ပုံမှန်ဆိုလျှင် သူသည်မနက်ခင်းတွင် စတူဒီယိုသို့သွားကာ ဆရာကပေးလိုက်သည့်အိမ်စာကို ပြီးအောင်လုပ်ရသည်။ သူ၏နေ့ခင်းဘက်ကစားချိန်ကို မလျော့သွားဖို့ရန်ဖြစ်သည်။

ရှောင်ဖုန်းက အပြုံးဖြင့် ခေါင်းညိတ်လိုက်ကာပြောလိုက်၏။ "ဦးလေးဟိုင် ပြီးသွားပါပြီ"

ရှဟိုင်သည် သူ့ကို မြင်လိုက်ရသည့်အခါ အလွန်အားကျသွားတော့၏။ ချန်ချန်ကလည်း ရှောင်ဖုန်း လာနေသည်ကို မြင်လိုက်ရသဖြင့် စိတ်အေးသွားလေသည်။ အနည်းဆုံးတော့ သူ့အဖေသည် မည်မျှပင် ဒေါသထွက်နေပါစေ။ သူ့ကိုရိုက်ရဲလိမ့်မည်မဟုတ်ချေ။

ထို့ကြောင့် သူကလည်း လက်ထဲတွင်တူများကိုကိုင်ကာ ၀င့်ကြွားစွာဖြင့် ရှဟိုင်ကိုဖြတ်လျှောက်လာခဲ့၏။

ရှဟိုင်သည် အလွန်ဒေါသထွက်သွားပြီး လက်သီးများပင် ဆုပ်ထားရတော့သည်။

ရှမြန်ကတော့ အော်ရယ်လိုက်လေ၏။ "မြန်မြန်လာပါ။ အကောင်းဆုံးလက်သမားက ဘာလုပ်နိုင်တယ်ဆိုတာ နင် သိချင်သေးရဲ့လား"

ချန်ချန်ကလည်း ချက်ချင်း အပြေးရောက်လာခဲ့သည်။

ကလေး၄ယောက်သည် သတိလေးနှင့် စားပွဲနားတွင် ဝိုင်းထိုင်လိုက်ကြသည်။ ရှမြန်က တူ၉ချောင်းကို သုံးကာ သစ်သားခုံးတံတား တည်ဆောက်ပုံကို သူတို့အား အရင်ဆုံးပြသလိုက်သည်။ လုပ်ငန်းစဉ်တလျှောက်လုံးတွင် ချန်ချန်က ကူညီပေးလိုက်၏။ နောက်ဆုံး တူကို ထည့်လိုက်သည့်အချိန်တွင် ရှမြန်က လွှတ်လိုက်လေသည်။

တူများက စားပွဲပေါ်တွင် တည်တည်ငြိမ်ငြိမ်လေး ထောင်ထားသည်ကို ကြည့်လိုက်ပြီး ကလေးများက တအံ့တဩ ဖြစ်သွားကြလေ၏။ ရှမြန်က ဖရဲသီးတစ်ဝက် ထည့်ထားသည့်အသီးပန်းကန်ကို တံတားပေါ်တွင် ချက်ချင်းတင်ထားလိုက်သည်။ တူများကစားပွဲပေါ်တွင် အခိုင်အမာ ထောက်ထားဆဲ ဖြစ်သည်။

ချန်ချန်က စိတ်အားထက်သန်စွာ စောင့်ကြည့်နေ၏။

ရှမြန်က သူ့ကို မလှိမ့်တပတ် ပြောလိုက်လေ၏။ "ဒါကလည်း လက်သမားဆရာတစ်ယောက်ရဲ့ အလုပ်ပဲ။ သစ်သားခုံးကျော်တံတားတစ်ခုလေ။ ဒီလိုသစ်သားခုံးကျော်တံတားမျိုးကို ပြုလုပ်နိုင်တာ ကမ္ဘာပေါ်မှာ တစ်ခုတည်းသောနိုင်ငံက တရုတ်ပဲ။ တရုတ်လက်သမားဆရာတွေက အတော်ဆုံးပဲ"

ချန်ချန်က ခေါင်းညိတ်လိုက်ပြီး ဖြစ်ပျက်နေသည့်အခြေအနေကို အဖြေရှာဖို့ရန်အတွက် တံတားကို ဖြိုပစ်ဖို့ရန် လက်လှမ်းလိုက်သည်။

"နင် အဲဒါကိုပြီးသွားရင် ထပ်ပြီးတော့ စမ်းကြည့်လိုက်" ရှမြန်က သူမ၏လက်ကို ဖြန့်ကာ ပြောလိုက်သည်။ "ဒါက အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပဲ။ တော်ထက်တဲ့ လက်သမားဆရာတစ်ယောက်က သစ်သားတွေကိုသုံးပြီး အရမ်းရှည်တဲ့တံတားကြီးတစ်ခုကို ဆောက်လုပ်နိုင်တယ်။ နင် အဲဒါတွေ ပြီးသွားတဲ့အချိန်ကျရင် ဒီထက်ပိုရှည်တဲ့တံတားကို လုပ်နိုင်မလားဆိုတာကို တူအချောင်း၂၀သုံးပြီးတော့ စမ်းကြည့်လို့ရတယ်"

"အခုတော့ ဒီလုပန်းထိုင်ခုံလေးကို တစ်ချက်လောက် အရင်ဆုံးကြည့်လိုက်" ရှမြန်က လုပန်းထိုင်ခုံကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး စိတ်တိုင်းကျ ဖြုတ်ပစ်လိုက်၏။ "ဒါက အံ့သြစရာမကောင်းဘူးလား"

ချန်ချန်က ထိုထိုင်ခုံကို စိတ်အားပြင်းပြစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်အခါ ရှမြန်ကထိုင်ခုံကို ခေါက်လိုက်ပြီး သူ့ရှေ့သို့ တွန်းပို့ပေးလိုက်သည်။ "ဒါတွေကို သစ်သားအပိုင်းအစတွေနဲ့ပဲ လုပ်ထားတာ။ ကြည့်လိုက်လေ။ ဒါက ဒီအတိုင်းလေးတောင့် သစ်သားတုံးကြီးတစ်ခုပဲ။ နင့်အဖေက ဒီလိုလုပ်နိုင်လား"

ချန်ချန်သည် မနေနိုင်တော့ဘဲ ထိုင်ခုံလေးကို ကောက်မ,ကြည့်လိုက်ပြီး သေသေချာချာလေးပင် လှည့်ကြည့်လိုက်၏။ အမှန်ပင် သံတစ်ချောင်း၊ စကူတစ်ချောင်းပင် မသုံးထားချေ။ အားလုံးကို သစ်သားဖြင့်ပြုလုပ်ထားသည်။

ချန်ချန်မပြောနှင့်။ ရှဟိုင်တို့ညီအစ်ကို၃ယောက်ကပင် ဂရုတစိုက်ဖြင့် သေသေချာချာလေး လာရောက်ကြည့်ရှုကြတော့သည်။

ရှဟိုင်က ပြောလိုက်၏။ "ဒါက အံ့သြစရာကောင်းလိုက်တာရော်။ ဘယ်သူလုပ်ထားတာလဲ"

ရှမြန်က ပြုံးပြီးပြောလိုက်သည်။ "လက်သမားဆရာတစ်ယောက်လေ"

"စိတ်မရှည် မဖြစ်ကြပါနဲ့။ ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟာတွေ ရှိသေးတယ်" ရှမြန်က ချန်ချန်ကို လှမ်းကြည့်လိုက်သည်။

ချန်ချန်သည် အခုတော့ ဒီစိတ်ဝင်စားစရာကောင်းသည့်အရာများ၏ အပြီးတိုင် ဆွဲဆောင်ခြင်း ခံလိုက်ရ၏။ သူက သေတ္တာဘူးကိုလှမ်းယူလိုက်ပြီး တင်းကျပ်နေအောင်ပိတ်ထားသည့် သေတ္တာဘူးကို အချိန်အကြာကြီး ဟိုလှည့်ဒီလှည့် လှုပ်ရှားကြည့်လိုက်သည်။ ရှဟိုင်တို့ ညီအစ်ကို၃ယောက်က တစ်လှည့်စီဖွင့်လိုက်သည့်တိုင် ဖွင့်လို့မရနိုင်ခဲ့ချေ။

ရှချွမ်းက မသင်္ကာသလို မေးလိုက်တော့သည်။ "ဒါက သေတ္တာဘူးတစ်ခုရော ဟုတ်ရဲ့လား။ ဒါက လိမ်နေတာ မဟုတ်ဘူးလား"

"ဟုတ်ပါတယ်။ ဒါက သေတ္တာဘူးလေးတစ်ခုပါ" ချန်းချန်းက သေတ္တာကို လှမ်းယူလိုက်ပြီး အကြိမ်အနည်းငယ်လောက် ရှေ့နောက်လှည့်လိုက်ပြီးနောက် သေတ္တာဘူးကို ဆွဲဆန့်လိုက်သည့်အချိန်တွင် အဖုံးကအလွယ်တကူ တွန်းဖွင့်လို့ရသွားကာ အထဲဘက်တွင် စုဆောင်းထားသည့်မုန့်ဖိုးများ ထွက်လာတော့သည်။

ကြည့်ရတာ ဒီသေတ္တာဘူးကို ပုံမှန်ဆိုလျှင် စုဘူးတစ်ခုအနေဖြင့် အသုံးပြုဟန်တူသည်။

ရှဟိုင်သည် ပိုက်ဆံ၏အဖိုးတန်မျက်နှာများကို မြင်လိုက်ရသည့်အခါ လက်လှမ်းဖို့ရန်ပင် လက်တွန့်သွားတော့သည်။ ချန်ချန်ကိုလည်း အရင်ကသင်ထားပေးခဲ့ဖူးသည်။ ထို့ကြောင့် သူကလည်း ဘာမှမလုပ်လိုက်ချေ။ သူက ဘူးလေးကို စိတ်အားထက်သန်စွာဖြင့် ဒီအတိုင်းကြည့်နေကာ မေးလိုက်တော့၏။ "ဒါကို ဘယ်လိုလုပ်ထားတာလဲ"

အကယ်၍ လုပန်းထိုင်ခုံက နောက်ကွယ်တွင် တချို့စည်းမျဉ်းနိယာမများ ရှိဦးမည်ဆိုလျှင် လုပန်းသေတ္တာကလည်း သေချာပေါက် လျှို့ဝှက်ချက်တစ်ခုပင်။

ရှမြန်က ပြုံးကာပြောလိုက်၏။ "ဒါကအထဲဘက်မှာ သစ်သားနဲ့လုပ်ထားတဲ့ စက်ယန္တရားလေးတစ်ခု ရှိတယ်။ အဲ့ဒါကိုလည်း လက်သမားတစ်ယောက်ကပဲ လုပ်ထားတာ"

"ဒီလို စက်ပစ္စည်းနဲ့ထည့်သွင်းထားတဲ့ သေတ္တာတွေ အမျိုးအစားပေါင်း ထပ်ရှိသေးတယ်။ ဒါကို တီထွင်ခဲ့တဲ့ ပထမဦးဆုံးလူကို လုပန်းလို့ခေါ်တယ်..." ရှမြန်သည် ကုံးရှု့ပန်းဟုလည်းနာမည်ကြီးသည့် လုပန်း၏ဇာတ်လမ်းအကြောင်းကို ပြောပြလိုက်၏။ သူသည် ပစ္စည်းပေါင်းများစွာကို တီထွင်နိုင်သည်ဟု ကြားလိုက်သည့်အခါ ထိုပစ္စည်းများက စစ်ပွဲထဲတွင်ပင် လွှမ်းမိုးနိုင်သည်ဟု ကြားလိုက်ရသည်အခါ ချန်ချန်၏မျက်လုံးများက ပိုပိုပြီးလင်းလက်လာတော့၏။

ရှမြန်က သူ့ကို အပြုံးဖြင့်မေးလိုက်၏။ "ချန်ချန် နင်က ဘီဒိုတွေကိုပဲ လုပ်တတ်တဲ့ သာမန်လက်သမားဆရာတစ်ယောက် ဖြစ်ချင်တာလား။ ဒါမှမဟုတ် လုပန်းလိုအရမ်းတော်တဲ့ လက်သမားဆရာတစ်ယောက် ဖြစ်ချင်တာလား"

...

အပိုင်း (၂၁၃)

ချန်ချန်က ပြောလိုက်သည်။ "ကျွန်တော်က လုပန်းလို ထိပ်တန်း လက်သမားဆရာတစ်ယောက် ဖြစ်ချင်တာ"

"ဒေါ်လေးမြန့်မြန်။ ကျွန်တော်က လုပန်းလိုတော်တဲ့ လက်သမားဆရာ တစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမှာလဲ"

ရှမြန်က ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "အနည်းဆုံးတော့ နင်က သင်္ချာဘာသာရပ်နဲ့ ရူပဗေဒဘာသာရပ်မှာ တော်ဖို့လိုတယ်။ အဲဒီလိုမှပဲ လောက်လွဲတစ်ခုက တွန်းကန်အားနိယာမကို အသုံးပြုထားတယ်ဆိုတာကို မြင်နိုင်မှာ"

သူမက ပြောရင်းဆိုရင်း သူ့ကို သရုပ်ပြဖို့ရန်အတွက် ခုံးတံတားဖြစ်အောင် တည်ဆောက်ထားသည့် တူများကို ဖျက်ပစ်လိုက်လေသည်။ "လည်ချက်ရှိတဲ့နေရာ၊ တွန်းအားလက်တံအရှိန်၊ ခုခံအားလက်တံအရှိန်။ အဲဒါတွေကိုသိမှ ကျောက်တုံးကို လိုအပ်တဲ့အကွာအဝေးတစ်ခု ရောက်အောင် ပစ်နိုင်မှာ"

"အဲဒီအချက်တွေ အားလုံးကို မူတည်ပြီးမှ ပစ်လိုက်တဲ့ကျောက်တုံးက ဘယ်လောက်ဝေးဝေးအထိ ရောက်မလဲဆိုတာကို တွက်ချက်နိုင်မှာ"

ချန်ချန် စဉ်းစားနေသည့်အရာကို မသိနိုင်ချေ။ သူ့မျက်လုံးများက ရုတ်တရက် လင်းလက်သွားတော့၏။

"တကယ်လား။ အကွာအဝေးကရော အတူတူပဲလား။ ကျောက်တုံးကို ကိုယ်လိုချင်တဲ့ နေရာတိုင်းကို ပစ်လို့ရတာလား"

ရှမြန်က ပြုံးပြီးပြောလိုက်၏။ "နင်တို့တွေ ဒါကိုနောက်ကျမှ ကိုယ့်ဟာကိုယ် လက်တွေ့စမ်းသပ်လို့ ရတယ်လေ။ တုတ်တစ်ချောင်း ဒါမှမဟုတ် ကျောက်တုံးတစ်တုံးကိုသာ ဒီအတိုင်း ကောက်ယူလိုက်"

ချန်ချန်အပြင် တခြားကလေး၃ယောက်ကလည်း စမ်းကြည့်ချင်စိတ်များ ဖြစ်လာကြ၏။

ရှမြန်က ပြုံးကာ ပြောလိုက်သည်။ "တကယ်လို့ နင် စိတ်ဝင်စားတယ်ဆိုရင် မနက်ဖြန်ကျရင် ငါ နင့်ကို လုပန်းပြတိုက်ကို ခေါ်သွားပေးမယ်"

ချန်ချန်သည် ချက်ချင်း ပြောလိုက်၏။ "ကျွန်တော် သွားချင်တယ်"

ရှောင်ဖုန်းကလည်း သူ၏လက်ကလေးကို မြှောက်လိုက်ကာ "သားလည်း သွားချင်တယ်"

ချန်းချန်းနှင့် တခြားသူများနှင့်အတူ တလေးတနက် လေ့လာသင်ယူနေသည့် ချန်ချန်ကို ကြည့်လိုက်ပြီး ရှဟယ်သည် သက်ပြင်းချလိုက်တော့သည်။ "ဒီတော့ ပြုစုပျိုးထောင်ပေးဖို့ ပညာရပ်လည်း လိုသေးတာကိုး။ လက်သမားတစ်ယောက်မှာလည်း ဒီလိုလှည့်ကွက်လေးတွေ အများကြီးရှိနေတာကိုး"

ရှချွမ်းသည် ရယ်မောလိုက်ကာ ပြောလိုက်၏။ "ကျွန်တော် အခုလေးတင်ပဲ သိလာခဲ့ရတာ။ လွှ၊ ပေတံနဲ့ မှင်ခံစက္ကူတွေကိုလည်း လုပန်းကပဲ တီထွင်ခဲ့တာတဲ့"

ရှဟိုင်က စိုးရိမ်တကြီး မေးလိုက်သည်။ "သူက ဒီလိုပုံစံနဲ့ ကောင်းကောင်းသင်ယူနိုင်ပါ့မလား"

"လောက်လွဲတစ်ခု လုပ်ဖို့ဆိုရင် သင်္ချာနဲ့ ရူပဗေဒဘာသာရပ်ကို ကောင်းကောင်းတတ်ရမယ်တဲ့။ လုပန်းရဲ့ ကျမ်းတွေကို နားလည်ဖို့ဆိုရင် ရှေးဟောင်းတရုတ်စာကိုလည်း ကောင်းကောင်းသင်ယူဖို့ လိုသေးတယ်။ နောက်ဆိုရင် နိုင်ငံခြားက ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ကိုယ့်တိုင်းပြည်အတွက်လည်း ဂုဏ်အရောင်အဝါတွေ ယူလာပေးနိုင်တယ်။ ဒီလိုဆိုရင် အင်္ဂလိပ်စာလည်း ကောင်းကောင်း တတ်ဖို့လိုတယ်..."

ရှမြန်က ပြုံးလိုက်၏။ "ဘာမဆို ထိပ်ဆုံးကို ရောက်ချင်နေသ၍တော့ သင်ယူစရာအများကြီးရှိတယ်"

ချန်ချန်သည် အဆော့သန်သည့် ကလေးတစ်ယောက် ဖြစ်သော်လည်း သူသည် တစ်ခုခုကို ဆုံးဖြတ်ချက်ချလိုက်သည်နှင့် အလွန်ခေါင်းမာသူလည်း ဖြစ်သည်။ သို့မဟုတ်လျှင် ရှဟိုင်က ချန်ချန်သည် လက်သမားဆရာတစ်ယောက် ဖြစ်ချင်သည်ဟု ကြားလိုက်သည့်အချိန်တွင် ထိုမျှလောက် စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ချေ။

ရှဟိုင်သည် စိတ်အေးသွားကာ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ကာ ကျေးဇူးတင်စွာဖြင့် ပြောလိုက်တော့၏။ "မြန့်မြန် နင့် ကိုတကယ်ပဲ ကျေးဇူးတင်ရမှာပါ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ချန်ချန်က တကယ်ပျက်စီးသွားလိမ့်မယ်"

ဦးကြီးရှကလည်း ချန်ချန်၏ပုံလေးကို မြင်လိုက်ရသည့်အခါ အလွန်ဝမ်းသာသွားတော့သည်။

"ပညာသင်ယူဖို့ဆိုတာ အရေးအကြီးဆုံးပဲ။ ပညာတတ်နေမှသာ ကိုယ့်ရဲ့သားသမီးတွေကို နောက်ပြန်ဆွဲထားအောင် မလုပ်မိမှာ"

သူသည် ရှဟယ်နှင့် ရှချွမ်းတို့ကိုလည်း ပြောလိုက်၏။ "မင်းတို့လည်း နောက်ဆိုရင် တတ်နိုင်သလောက် လေ့လာသင်ယူသင့်တယ်။ မင်းတို့တွေက မင်းတို့ကလေးရဲ့ စံပြတစ်ယောက် ဖြစ်လာချင်တယ်ဆိုရင် မင်းတို့တွေလည်း ပိုပြီးတော့ လေ့လာထားသင့်တယ်။ ဒါမှ သူတို့တွေ ကြီးပြင်းလာတဲ့အခါ မင်းတို့တွေကို စိုးရိမ်စရာမလိုတော့မှာ"

ရှချွမ်းက ပြုံးပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့တုတု ကြီးလာတဲ့အချိန်ကျရင်လည်း မြန့်မြန်ကို လာရှာရမယ်"

သူသည် ရှမြန်ကို လက်မထောင်ပြလိုက်ပြီး ပြောလိုက်၏။ "ငါတို့ရဲ့မြန့်မြန်က နောက်ဆိုရင် သေချာပေါက် ဆရာမကောင်းတစ်ယောက် ဖြစ်မှာပဲ"

ရှမြန်က သူမ၏ရင်ကို ဖွင့်ထားလိုက်ကာ ပြောလိုက်သည်။ "ဒါပေါ့"

နောက်ရက် အနည်းငယ်အတွင်းတွင် ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့သည် မောက်ဟွေ့မေ၏ မင်္ဂလာပွဲအတွက် အလုပ်များနေကြစဉ် မောက်ဟွေ့လန်နှင့် ရှမြန်တို့ကတော့ အဖွဲ့၂ဖွဲ့ခွဲကာ ၁ဖွဲ့က ဦးကြီးရှတို့ကိုခေါ်ပြီး ယန်မြို့ထဲတွင် နာမည်ကြီးနေရာများသို့ အလည်အပတ်သွားရောက်ခဲ့ကြသည်။

ရှမြန်ကတော့ ညီအကို၃ယောက်၊ ချန်ချန်နှင့်ရှဟိုင်တို့ကိုခေါ်ကာ လုပန်းပြတိုက်နှင့် ဟွားကျုံး သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ကျောင်းဝင်းထဲသို့ အလည်အပတ် ခေါ်‌ဆောင်သွားခဲ့သည်။ ဟွားကျုံး သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ဗိသုကာဌာနက ခင်းကျင်းပြသထားသည့် အကောင်းဆုံးလက်ရာများကိုလည်း သူတို့ကို ခေါ်ကာပြသပေးခဲ့သည်။

ချန်ချန်သည် ထိုအရာများကို ကြည့်ပြီးနောက်တွင် အိမ်မပြန်ချင်တော့ပေ။

ရှမြန်က ပြုံးပြီးပြောလိုက်၏။ "ဒါက အစိတ်အပိုင်းလေးတစ်ခုပဲ ရှိသေးတယ်။ လုပန်းရဲ့ တကယ့်အမှတ်တရခန်းမက တောင်ပိုင်းမှာရှိတာ။ အခုလောလောဆယ်တော့ နင် အဲဒီကို သွားလို့မရသေးဘူး။ အဲဒီကိုသွားဖို့ဆိုရင် အသက်ကြီးလာပြီး ပိုက်ဆံရှာနိုင်တဲ့အချိန်မှပဲ သွားလို့ရမှာ"

"ဒါပေမဲ့ နင်က ဗီရိုလုပ်ပြီး ငွေစုဆောင်းချင်တယ်ဆိုရင်တော့ အဲ့ဒီနေရာကိုရောက်ဖို့ နင် နှစ်တော်တော်ကြာကြာလေး အချိန်ယူရလိမ့်မယ်"

ချန်ချန်က မေးလိုက်၏။ "တကယ်လို့ ကျွန်တော်က တက္ကသိုလ်ကို သွားမယ်ဆိုရင် အဲ့ဒီနေရာကို သွားနိုင်မှာလား။ ဒီတက္ကသိုလ်ကရော ဒါတွေကို သင်ပေးနေတာလား"

ရှဟိုင်သည် ဝမ်းသာအားရဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။

ရှမြန်ကလည်း ပြုံးကာပြောလိုက်သည်။ "ဟုတ်တာပေါ့။ သူတို့အားလုံးက တက္ကသိုလ်မှာ အဲဒီဘာသာရပ်တွေကို သင်ကြားပေးတယ်လေ။ တက္ကသိုလ်ကောင်းတွေက သင်ကြားပေးတဲ့သူတွေကလည်း ပိုပြီးတော့ ကောင်းမွန်တယ်။ ဥပမာ ချန်းချန်းရဲ့လုပန်းသေတ္တာကို ပြုလုပ်ဖို့ နည်းလမ်း အများကြီး ရှိတယ်လေ"

ချန်ချန်သည် ရှဟိုင်ဘက်သို့လှည့်ကာ ပြောလိုက်၏။ "အဖေ ကျွန်တော် ကောလိပ်တက်ချင်တယ်။ ကျွန်တော် လုပန်းလိုပဲ တော်တဲ့သူ ဖြစ်လာချင်တယ်"

ရှဟိုင်သည် ရှမြန်က သူ့ကို မနေ့တုန်းက သင်ထားပေးသည့်အတိုင်း လိုက်ကာပြောလိုက်၏။ "ဟုတ်ပြီ။ အဖေကလည်းပဲ ဒါကို သင်ယူလေ့လာချင်တယ်။ မင်းက ကျောင်းမှာ လေ့လာပြီးသွားတဲ့အချိန်ကျရင် ပြန်လာပြီးတော့ အဖေ့ကိုသင်ပေး"

ချန်ချန်သည် ရုတ်တရက်ဆိုသလို သူ့ပခုံးပေါ်တွင် ကြီးမားသည့်တာဝန်တစ်ခု ကျရောက်လာသည် ဟု ခံစားလိုက်ရ၏။ "စိတ်မပူနဲ့နော် အဖေ။ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ"

ရှဟိုင်သည် အလွန်ဝမ်းသာသွားတော့၏။

အားလုံးသည် ပျော်ရွှင်နေသည့် စိတ်အခြေအနေဖြင့် မောက်မိသားစု၏အိမ်တံခါးဆီသို့ တစ်လမ်းလုံး လျှောက်ကာ ပြန်လာခဲ့ကြသည်။

ရှမြန်သည် မောက်မိသားစုအိမ်ရှေ့တွင် ရပ်ထားသည့် ကားပေါ်မှ ဆင်းလာသည့် လူအများကြီးကို ကြည့်လိုက်ပြီး သူတို့သည် ရှ၀မ်ယွဲ့၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ရမည် ဟုထင်လိုက်သည်။ သူမ၏ စီးပွားရေးသည် ဒီတစ်နှစ်နှစ်သစ်ကူးတွင် ကြီးမားလာခဲ့ကာ အသိုင်းအဝိုင်းထဲက သူမ၏အဆက်အသွယ်ကလည်း တိုးပွားလာခဲ့သည်။ သူမသမီးမင်္ဂလာဆောင်အတွက် ဖိတ်စာများကို ပို့လိုက်မည်မှာကလည်း အမှန်ပင်ဖြစ်သည်။

သို့သော်ငြားလည်း သူတို့အားလုံးက ယန်မြို့မှဖြစ်ကြသဖြင့် သူတို့သည် မင်္ဂလာပွဲ တက်ရောက်ရန် ဟိုတယ်သို့ ဒီအတိုင်းသွားနိုင်ပေသည်။ အဘယ်ကြောင့်များ အိမ်သို့ လာခဲ့ကြပါသနည်း။

ရှမြန်က ထိုသို့စဉ်းစားနေစဉ်မှာပင် ရှဟိုင်က လှမ်းခေါ်လိုက်သည့်အသံကို ကြားလိုက်ရ၏။ "ရှလိ"

ရှမြန်သည် တအံ့တဩဖြင့် မျက်လုံးများဝိုင်းစက်သွားကာ သူမရှေ့ကလူမှာ ရှလိဖြစ်နေသည်ကို တော်တော်လေး မယုံနိုင်အောင်ဖြစ်သွားခဲ့၏။

ရှမိသားစုသည် ကောင်းမွန်သည့် မျိုးရိုးဗီဇတစ်ခု ပိုင်ဆိုင်ထား၏။ မိန်းကလေးများသည်လည်း ရုပ်မဆိုးကြချေ။ ရှလိသည်လည်း အနည်းငယ် ချောမောလှပလေသည်။ သို့မဟုတ်လျှင် သူမသည် ဒီလောက်ကြီးမားသည့် ရည်ရွယ်ချက်များကို ထားရှိလိမ့်မည် မဟုတ်ချေ။

သို့သော်ငြားလည်း ၄နှစ်တာ ကုန်ဆုံးသွားပြီးသည့်နောက် မိတ်ကပ်အထူကြီး လိမ်းရသည်ကို ကြိုက်နှစ်သက်ခဲ့သော လှပသည့် မိန်းမလှလေးသည် ယခုတော့ ဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ယောက် ဖြစ်လာကာ သူမ၏လက်ပေါ်တွင်လည်း အသက်၃နှစ်အရွယ် ကလေးကို ချီထားလေသည်။

သူမ၏ နားတွင်လည်း ရွှေနားကွင်းကြီး၄ကွင်းကို ဝတ်ဆင်ထားပြီး ရွှေဆွဲကြိုး၁ကုံးက သူမ၏ လည်ပင်းပေါ်တွင် လက်ချောင်း၁ချောင်း နီးပါးထူထဲကာ သူမ၏လက်တွင်လည်း လက်စွပ်များကို ၄၊ ၅ကွင်းလောက် ဝတ်ဆင်ထားပြီး သူမ၏လက်ကောက်ဝတ်တွင်လည်း လက်၁ချောင်းအထူ အရွယ်အစားရှိသည့် ရွှေလက်ကောက်ကြီး၁ကွင်းကို ဝတ်ထားလေသည်။ ဒါသည် ကြီးကျယ်ခမ်းနားလှသည့် သူဌေးသား လက်သစ်စိတ်နေသဘောထားမျိုးဖြစ်ကာ လောကဓံတရား၏ ရင်ဆိုင်တွေ့ကြုံထားရဟန်တူသည့် မျက်နှာနှင့် ပေါင်းလိုက်လျှင် တကယ့်ကို မိန်းမကြီးရုပ်တစ်ရုပ် ပေါက်နေပြန်သည်။

အကယ်၍များ သူမ၏အသက်ကိုသာ မပြောခဲ့လျှင် သူမသည် ၃၀နား နီးပြီဖြစ်သည် ဟုပင်ထင်ရလိမ့်မည်။

သို့သော်ငြားလည်း သူမသည် ရှမြန်ထက် တစ်နှစ်သာကြီး၏။

ရှလိကလည်း တအံ့တဩဖြင့် ရှမြန်ကို ကြည့်လိုက်၏။ သူမ၏ဘေးကလူက သူမကိုတံတောင်ဖြင့် လှမ်းပြီးတွတ်လိုက်သည်။

ရှလိသည် သတိပြန်ဝင်လာပြီး အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။ "အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကို"

"ရှမြန်... နင် တကယ်ပဲ လုံးဝပြောင်းလဲမသွားဘူးနော်"

သူမ၏ လေသံသည် တည်ငြိမ်နေပြီး လမ်းပေါ်တွင် တွေ့လိုက်ရသည့် ဆွေမျိုးတစ်ယောက်ကို နှုတ်ဆက်နေသည့်နှယ်ပင်။ ရှမြန်သည် လုံးဝသတိလက်လွတ် ဖြစ်သွားတော့၏။

သူမ၏ဘေးကလူကတော့ စကားမပြောတတ်သည့်အတွက် သူမကို သဘောမကျဟန်တူပြီး ချက်ချင်းဆိုသလို ထပ်ပြောလိုက်၏။ "မင်းက လုံးဝကိုပြောင်းလဲမသွားဘူးနော်။ အရင်တုန်းကထက်တောင်မှ အများကြီး ပိုလှလာသေးတယ်။ မင်းက တကယ့်ကို ကောလိပ်ကျောင်းသူလေးတစ်ယောက် ဖြစ်ထိုက်ပါပေတယ်"

ရှမြန်သည် မနေနိုင်ဘဲ သူ့ကိုလှမ်းကြည့်လိုက်မိ၏။ ဝမ်ထောင်ဖြစ်နေသည်။ သူသည် အများကြီး ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့်၄နှစ်တုန်းကထက်ပင် အများကြီး ပိုပြီး၀ဖိုင့်လာခဲ့၏။ တခြား သူဌေးသား လက်သစ်လေးများကဲ့သို့ပင် သူသည် ဗိုက်ရွှဲရွှဲနှင့် မျက်နှာပေါ်တွင်လည်း အတွေ့အကြုံ များပြားသည့် ရုပ်လေးတစ်ခုဖြစ်နေ၏။

သူသည် တော်တော်လေး သားသားနားနား ဝတ်ဆင်ထားပြီး ငွေလေး မဖြစ်စလောက် ရှိသည့်အချိန်ကလို ထောင်လွှားဝင့်ကြွားခြင်း မရှိတော့ချေ။

ရှမြန်က လှမ်းကြည့်လာသည်ကို မြင်လိုက်ရသည်အခါ သူက ရှလိ၏လက်ထဲက ကလေးကို အလောတကြီး စနောက်ကျီစယ်လိုက်ကာ ပြောလိုက်၏။ "လာ ကျွင်းကျွင်း။ ဒါက သားရဲ့ဒေါ်လေးလေ။ မြန်မြန် နှုတ်ဆက်လိုက်ပါဦး"

ရှလိသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ကလေးကို တစ်ဖက်သို့ ဆွဲလှည့်လိုက်ကာ သူ့ကို သေသေချာချာလေး ကြည့်လိုက်ပြီးမှ ချစ်ခင်မြတ်နိုးစွာ ပြောလိုက်၏။ "ကျွင်းကျွင်း ဒါက သားရဲ့ဦးလေးနဲ့ဒေါ် ဒေါ်တွေလေ။ ဒါက သားရဲ့ကိုကို။ လာပါဦး။ နှုတ်ဆက်လိုက်ပါဦး"

ကလေးသည် ဖြူဖြူဖွေးဖွေး ပြည့်ပြည့်ဖောင်းဖောင်းလေး ဖြစ်နေပြီး ရှလိနှင့် ပိုပြီးဆင်တူသည်။ သူက အမေဖြစ်သူ၏ စကားကို နားထောင်လိုက်ကာ ကလေးသံလေးတစ်ခုနှင့် ပြောလိုက်၏။ "မင်္ဂလာပါ။ သားက ကျွင်းကျွင်းပါ"

ဦးကြီးရှက ရှလိသည် ပြောင်းလဲသွားသည်ဟု ပြောသော်ငြားလည်း အပြောင်းအလဲက တော်တော်လေးကို ကြီးမားနေသည်။ ရှမြန်သည် ကလေး၏ ကြည်လင်နေသည့် မျက်ဝန်းများကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြုံးပြလိုက်တော့၏။ "မင်္ဂလာပါ။ ကျွင်းကျွင်း"

ထို့နောက်တွင်တော့ သူမက ရှလိနှင့်တခြားသူများကို လှမ်းခေါ်လိုက်လေသည်။

"အရင်ဆုံးဝင်လာကြပါ"

"ဟေ့ ဟေ့" ၀မ်ထောင်သည် ကားနောက်ခန်းထဲက လက်ဆောင်ဘူးတချို့ကို ဝမ်းသာအားရ ဆွဲထုတ်လာခဲ့ပြီး ကိုယ်ကို လှည့်ကာပြောလိုက်၏။ "ရှပေါင် ဒီမှာလာကူပေးဦး"

ထို့နောက်တွင်တော့ အနားတွင် တစ်ချိန်လုံးရပ်နေပြီး ဘာတစ်ခွန်းမှ မပြောသည့် ဝဖိုင့်ဖိုင့်လူလေးသည် အင်တင်တင်ဖြင့် ရှေ့သို့ထွက်လာကာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ "ဘာဖြစ်လို့ ပစ္စည်းအများကြီးတွေ သယ်လာတာလဲ။ ၄ဘူးတည်းဆိုရင် မလောက်ဘူးလား"

"ဒီပင်လယ်မျှော့က အရမ်းစျေးကြီးတာနော်။ စီးကရက်တစ်ဘူးကိုလည်း ယူလာခဲ့လိုက်ဦး"

ရှလိသည် ဘဝ၏လောကဓံကို ကြုံတွေ့ခဲ့ရပြီး သိတတ် ရင့်ကျက်လာသည်ဆိုလျှင် ရှပေါင်ကတော့ ဦးကြီးရှ၏ အလိုလိုက်ခံထားရသည့် ဆိုးသွမ်းနေသည့် ကလေးတစ်ယောက် ဖြစ်နေသည်။ သူ့ကို ကြည့်လိုက်ရုံနှင့် လူအများကို ပတ်သက်ချင်စိတ်မရှိအောင် ဖြစ်ရစေသည်။

ဝမ်ထောင်က သူ့ကိုဒေါသတကြီး လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ငါတို့တွေ မလာခင်ကတည်းက ဒီကိစ္စကို သဘောတူပြီးသား မဟုတ်ဘူးလား။ မဟုတ်ရင်လည်း မင်း အခု ပြန်သွားလို့ရတယ်"

ရှပေါင်သည် ဘာမှထပ်မပြောရဲတော့ချေ။ သူက ရှေ့သို့တက်လာကာ ၀မ်ထောင်ကို ကူညီပြီး ပစ္စည်းများကို သယ်လိုက်ပြီးနောက် တံခါးနားမှနေ၍ ဝင်လာခဲ့လေသည်။

အားလုံးက အခန်းထဲသို့ဝင်လာပြီးနောက် သူသည် ကောင်းကောင်း မပြုမူသေးချေ။ ဘယ်ညာကို ကြည့်လိုက်ကာ ဘေးအခန်းထဲသို့ဝင်ပြီး အထဲကအရာများကိုပင် ကြည့်ချင်နေလေသည်။

ရှလိက ကလေးကိုချီထားပြီး အေးစက်စက် ပြောလိုက်၏။ "ရှပေါင် တကယ်လို့ နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ပြန်သွားတော့။ နင်ဒီလလည်း ဘာပိုက်ဆံမှ ရမှာမဟုတ်ဘူး"

ရှပေါင်က စူပုပ်သွားပြီး လိမ်လိမ်မာမာလေးဖြင့် နောက်ကလိုက်လာ၏။ သို့သော်ငြားလည်း မနေနိုင်ဘဲ ရေရွတ်လိုက်သေးသည်။ "ဒုတိယအဒေါ်က စက်ရုံတစ်ရုံဖွင့်ထားပြီး ချမ်းသာနေပြီလို့ ပြောကြတယ် မဟုတ်ဘူးလား။ သူက အဆောက်အအုံတစ်ခုမဝယ်ဘဲနဲ့ ဘာဖြစ်လို့ ဒီလိုစုတ်ပြတ်သတ်နေတဲ့ ခြံဝန်းတစ်ခုမှာ နေနေသေးတာလဲ"

ဝမ်ထောင်သည် ခေါင်းကို ပြန်လှည့်လိုက်ကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ရှပေါင်သည် နောက်ဆုံးမှ ပါးစပ်ပိတ်သွားတော့သည်။

...

All Chapters