အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အပိုင်း (၂၁၇)
ဖန်းရုံဖန်သည် နောက်ဆုံးတော့ အတားအဆီး အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီး မိန်းမလှလေးကို ရရှိသွားခဲ့၏။
ထိုနောက်တွင်တော့ သူတို့အဖွဲ့သည် ဟိုတယ်သို့သွားခဲ့ပြီး ဝမ်ထောင်နှင့် ရှလိတို့ကလည်း ဒီအချိန်အတွင်း အလောတကြီး ရောက်ရှိလာခဲ့၏။
ဒါသည် ယောက်ျားလေးဘက်က အိမ်ပွဲဖြစ်၏။ သူတို့သည် တခြားသူများက တစ်ခုခုကို သတိထားမိသွားမှာ စိုးရိမ်မိသည်။ ထို့ကြောင့် သူတို့က မျက်နှာပေါ်တွင် အပြုံးများနှင့် ဝင်လာခဲ့ကြ၏။ ရှ၀မ်ယွဲ့နှင့် သီးသန့်ရှိသည့်အချိန်ကျမှသာ ဝမ်ထောင်က ဒေါသတကြီး ပြောလိုက်သည်။ "အဒေါ်၂ ကျွန်တော် တကယ်အားနာပါတယ်။ ရှပေါင်က မနေ့ညတုန်းက ရဲဖမ်းခံလိုက်ရလို့လေ"
"ကျွန်တော်တို့တွေကိုလည်း ရဲစခန်းက ခေါ်ခဲ့တယ်။ ကျွန်တော်တို့ဆီက ထွက်ဆိုချက် ယူဖို့ ပြီးအောင်စောင့်ရတာ တစ်မနက်ခင်းလုံး ကြာသွားခဲ့တယ်။ ကံဆိုးလိုက်တာဗျာ"
ရှ၀မ်ယွဲ့ကတော့ လုံးဝအံ့သြမနေဘဲ သူ့ကို တိုက်ရိုက်သာ မေးလိုက်သည်။ "သူ့ကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းခံရမယ်လို့ ရဲစခန်းက ပြောလိုက်လား"
"ကျွန်တော်လည်း မသိပါဘူး။ သူတို့တွေက စုံစမ်းဆဲလို့ ပြောတယ်။ သူ ပစ္စည်းကို ခိုးတာကလည်း ပထမဦးဆုံးအကြိမ် မဟုတ်တော့ဘူး။ ကျွန်တော်တို့ ဆောက်လုပ်ရေးဆိုက်ကအပြင် တခြားဟာတွေလည်း ပါမှာ စိုးရိမ်ရသေးတယ်"
၀မ်ထောင်သည် ထိုအကြောင်းကို ပြောလိုက်ချိန်တွင် အံကြိတ်လိုက်၏။
"သူ့မှာ ခိုးတတ်တဲ့အကျင့်ရှိတယ်ဆိုတာ သိပေမဲ့လည်း အဲဒီလောက် ရက်စက်လိမ့်မယ်လို့ ထင်မထားမိဘူးလေ။ ကျွန်တော့်မှာ တချို့ပစ္စည်းတွေအတွက် ယွမ်သောင်းချီပေးပြီး ဝယ်ထားရတာ။ သူကတော့ ယွမ်ထောင်ချီလေးနဲ့ ရောင်းချလိုက်တယ်တဲ့လေ"
"သူ တစ်ခုခု အမှားလုပ်မိမှာ ကျွန်တော်က စိုးရိမ်နေတာ။ ဒါကြောင့် ကျွန်တော်ကလည်း ရက်ခြားလိုလိုတိုင်း ကျွန်တော့်ဆီက ငွေညှစ်နေတဲ့ သူ့ကြိုးစားမှုကို သည်းခံနေရတာ။ သူ အဲဒီလောက်အထိ နမော်နမဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"
"သူက ကျွန်တော့်ဆီကနေ ငွေယူသွားပြီးတော့ ဟိုဘက်မှာလည်းပဲ စတီးသံချောင်းတွေကို ခိုးသွားသေးတယ်တဲ့လေ..."
ဝမ်ထောင်သည် ပြောလေလေ ဒေါသထွက်လာလေလေ ဖြစ်လာတော့၏။ သူက ရှလိကို လှမ်းကြည့်ကာပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ်ပါ။ ဒီတစ်ကြိမ်တော့ ကျွန်တော် ဂရုမစိုက်တော့ဘူး။ ရဲစခန်းဘက်ကပဲ ရက်အနည်းငယ်လောက် သူ့ကို ပိတ်လှောင်ထားပြီးတော့ သင်ခန်းစာပေးလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တကယ်လို့ သူ ကျွန်တော့်ဆီက ခိုးသွားပြီး နောင်ကျရင် တခြားသူတွေဆီကနေလည်း ထပ်ပြီး ခိုးနေလိမ့်ဦးမယ်။ ဒီလိုဆိုရင်တော့ ကျွန်တော် သူ့အရှုပ်ထုပ်တွေကို လိုက်ပြီးမရှင်းနိုင်တော့ဘူး"
ရှလိကလည်း ဘာမှမပြောချေ။ သူမသည် ရှပေါင်ကို စိတ်ပျက်နေသည်မှာ သိသာလေသည်။ ဝမ်ထောင်၏ အပြုအမူကို မျက်စိမှိတ်ထားပေးလိုက်၏။
ရှ၀မ်ယွဲ့ကတော့ ဝမ်သိန်းချီသည် ၁ရက်၊ ၂ရက်လောက်နှင့်တော့ ပြီးသွားလိမ့်မည်မဟုတ်ဟု ထင်ပေသည်။ အနည်းဆုံးတော့ ၅နှစ်လောက် အချိန်ပေးရလိမ့်မည်။
သို့သော်ငြားလည်း သူမက ဘာမှမပြောလိုက်ချေ။ နောက်ဆုံး ရှချန်းယောက်သည် ရှပေါင်ကို ကောင်းကောင်း မသင်ကြားမပြသပေးခဲ့ဘဲ သူက တခြားသူများ ထိခိုက်ဒဏ်ရာရမှာကိုပင် ခွင့်ပြုပေးထားခဲ့သေးသည်။ သူသည် နောက်ဆက်တွဲရလဒ်များကို ခံစားသင့်သည်။ သို့မဟုတ်လျှင် သူသည် မျက်နှာအရေထူနေသမျှ ဒီလောကကြီးထဲတွင် သူ လုပ်ချင်တာ လုပ်လို့ရနိုင်မည်ဟု ထင်နေပေလိမ့်မယ်။
ရှပေါင်က လတ်တလောအခြေအနေအတွင်းတွင် အိမ်ပြန်လာပြီး အခြေအနေကို နှောင့်ယှက်လို့ရမည်မဟုတ်မှန်း သိနေသဖြင့် ရှ၀မ်ယွဲ့ကလည်း သူမ၏အာရုံအားလုံးကို မင်္ဂလာပွဲသို့သာ ပို့ထားလိုက်တော့သည်။
၀မ်ထောင်နှင့် ရှလိတို့ကလည်း မင်္ဂလာစားသောက်ပွဲ အခမ်းအနားကို သတိထားမိလိုက်ပြီး ရှပေါင်ကိစ္စကို သူတို့၏စိတ်ထဲက မြန်မြန်ထုတ်ထားလိုက်တော့၏။
၀မ်ထောင်က သိပ်မဝေးလှသည့်နေရာက လူအုပ်ကြီးကို လက်ညှိုးထိုးပြလိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဟော အဒေါ်၂။ အဒေါ်၂က ရုပ်ရှင်မင်းသားတစ်ယောက်ကို တောင်မှ ဖိတ်ထားတာပဲ"
သူတို့သည် မောက်ကျစ်ရှန်းနှင့် သူ၏ တခြားမိတ်ဆွေ အပေါင်းအသင်းများ ဖြစ်လေသည်။
"တကယ့်ကို သဘောထားကြီးတဲ့ အပြုအမူလေးပဲ" ရှလိကလည်း အားကျစွာ ပြောလိုက်သည်။
"အစ်မဟွေ့မေရဲ့မင်္ဂလာပွဲကို တကယ့်ကို ကောင်းကောင်းမွန်မွန် စီစဉ်ထားပေးတာပဲ"
ယန်မြို့သို့ မလာခင်က ရှ၀မ်ယွဲ့သည် သူမ၏မိဘအိမ်သို့ ပြန်လေ့မရှိချေ။ ရှဦးလေး၂၏ မိသားစုနှင့် ရန်ငြိုးတစ်ခု ရှိထားသည်ဆိုတော့ ပြောရန်ပင် မလိုချေ။ ထို့ကြောင့် ရှလိနှင့် တခြားသူများကလည်း မောက်ကျစ်ရှန်းကို တစ်ခါမှ မတွေ့ခဲ့ကြဖူးပေ။
သူတို့အချင်းချင်း အသိအမှတ် ပြုခဲ့ကြသည့် လွန်ခဲ့သည့်၂ရက်ကလည်း မောက်ကျစ်ရှန်းက သူ့သမီးဖြစ်သူ၏ မင်္ဂလာပွဲနေ့ကို အချိန်အားလပ်ရက် ရဖို့ရန်အတွက် ရိုက်ကူးရေးအဖွဲ့နှင့် အလုပ်များနေရသည်။ ထို့ကြောင့် သူတို့ထဲက ဘယ်သူကမှ မောက်ကျစ်ရှန်းကို ဒုတိယဦးလေးဟု မထင်ကြချေ။
ရှ၀မ်ယွဲ့က သူတို့ကို မိတ်ဆက်ပေးတော့မည် ပြင်လိုက်သည့်အချိန်တွင် ဝမ်ထောင်က ဝမ်းသာအားရ ပြောလိုက်၏။ "ဟော သူတို့တွေအားလုံး ဓာတ်ပုံရိုက်နေကြတယ်။ ငါလည်း တစ်ခုလောက် သွားရိုက်လိုက်ဦးမယ်" ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူသည် မစောင့်နိုင်တော့ဘဲ ပြေးထွက်သွားတော့သည်။
ရှလိကလည်း သူမ၏လက်ပေါ်တွင် ကလေးကိုချီထားကာ နောက်မှ အလောတကြီး လိုက်ပါသွား၏။
ရှ၀မ်ယွဲ့က သူတို့ကို ဆွံ့အစွာဖြင့် ကြည့်နေပြီးနောက် နောက်ဆုံးတော့ ခေါင်းခါလိုက်ကာ သူတို့ကို လွှတ်ပေးလိုက်တော့သည်။
မောက်ဟွေ့မေကတော့ သတို့သမီးအဝတ်လဲခန်းထဲတွင် အဝတ်လဲနေချိန် ရှလိက ဝမ်းသာအားရ ပြေးဝင်လာခဲ့သည်။ "ဟဲ့ ငါ အခုလေးတင်ပဲ မောက်ကျစ်ရှန်းနဲ့ ဓာတ်ပုံတစ်ပုံ ရိုက်ယူလာခဲ့တယ်။ နင်တို့ အားလုံးရော တစ်ပုံလောက် ရိုက်ပြီးသွားပြီလား"
ထို့နောက်တွင်တော့ သူမက မောက်ဟွေ့မေကို မေးလိုက်သည်။ "ဒီသရုပ်ဆောင်က ငါတို့မိသားစုက ဖိတ်ခေါ်ထားတဲ့သူလား။ ဒါမှမဟုတ် ခမည်းခမက်ဘက်ကလား။ အရမ်း အထင်ကြီး စရာကောင်းတာပဲ"
ရှမြန်၊ မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး" ချက်ချင်းဆိုသလို အလိုလို နားလည်မှုများ ရလိုက်ကြကာ တိတ်တိတ်လေး ကြိတ်ရယ်လိုက်ကြပြီးနောက် သူမကို အမှန်အတိုင်း မပြောခဲ့ကြပေ။
ရှလိအတွက်တော့ သရုပ်ဆောင်တစ်ယောက်နှင့် အလွန်နီးနီးကပ်ကပ် ရှိဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ သူမသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဆက်တိုက်စကားပြောနေမိ၏။ "ငါ ဓာတ်ပုံကို ဘယ်အချိန်မှ ရမှာလဲမသိဘူး။ ဓာတ်ပုံတစ်ပုံလောက် ရလာရင်တော့ ပုံအကြီးကြီး ထုတ်ပြီးတော့ ငါတို့အိမ်နံရံမှာ ချိတ်ဆွဲထားရမယ်"
သူမက ကျွင်းကျွင်းကိုပင် ထပ်ပြီး ကျီစယ်စနောက် လိုက်သေးသည်။ "ငါတို့ရဲ့ကျွင်းကျွင်းကလည်း ကလေးဘဝကတည်းက သရုပ်ဆောင်တွေနဲ့ ဓာတ်ပုံရိုက်ပြီးသွားပြီ။ ပြန်သွားရင်တော့ ကျင်းကျင်းကို သွားကြွားရမယ်"
အဝတ်လဲ ခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး မောက်ဟွေ့ကျူးက လေအလျင်လို ပြေးဝင်လာခဲ့၏။
"မမကြီး အဆင်သင့်ဖြစ်ပြီလား။ အခမ်းအနားမှူးက မမကို ဆင်းလာဖို့ခေါ်နေပြီ"
မောက်ကျစ်ရှန်းက သူမနောက်မှ လိုက်ဝင်လာပြီး ပျော်ရွှင်ဝမ်းနည်းနေသည့် အမူအရာတစ်ခုဖြင့် မောက်ဟွေ့မေကို ကြည့်နေ၏။ "ဟွေ့မေ"
မောက်ဟွေ့မေက ရှေ့သို့လှမ်းလာကာ သူ့လက်မောင်းကို တွဲလိုက်ပြီး သူ့ပခုံးလေးကို အမြတ်တနိုးဖြင့် ပွတ်သပ်ပေးလိုက်၏။ "အဖေ"
မောက်ကျစ်ရှန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ကာ သူမ၏လက်ကို လှမ်းတွဲလိုက်ပြီး ပြောလိုက်သည်။ "သွားကြမယ်"
မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့က ရှေ့သို့သတိလေးဖြင့် လျှောက်လာကာ မောက်ဟွေ့မေ၏ မင်္ဂလာပွဲဂါဝန်ကို မကိုင်လိုက်ပေးပြီးနောက် အပြင်သို့လျှောက်ကာ ထွက်သွားလိုက်သည်။
ရှမြန်ကတော့ ထိတ်လန့်မှုကြောင့် မျက်လုံးအဝိုင်းသား ဖြစ်နေသည့် ရှလိကို ဖြတ်လျှောက်လာပြီး ပြုံးလိုက်သည်။ "နင် သတိပြန်ဝင်လာသင့်ပြီနော်"
ရှလိသည် နောက်ဆုံးတော့ သတိပြန်ဝင်လာတော့၏။ "အဲဒါက မောက်ကျစ်ရှန်းလေ။ ဟုတ်တယ်မလား။ အစ်မဟွေ့မေက သူ့ကို ဘာဖြစ်လို့အဖေလို့ ခေါ်တာလဲ"
သူမ၏အသံသည် ထိန်းမရလောက်အောင် မြင့်တက်သွားပြီး ကျွင်းကျွင်းကလည်း တအံ့တဩ ဖြစ်သွား၏။ "အမေ"
ရှလိက သူ့ကို မြန်မြန်ပုတ်ပေးလိုက်ကာ ရှမြန်ထံတွင် မနေနိုင်ဘဲ အတည်ပြုရတော့သည်။
"မောက်ကျစ်ရှန်းက ငါတို့ရဲ့ဦးလေး၂လား။ ဘုရားရေ။ ဦးလေး၂က တကယ်တော့ သရုပ်ဆောင်တစ်ယောက်လား"
"မောက်ကျစ်ရှန်းက တကယ်ပဲ ငါတို့ရဲ့ဦးလေး၂လား"
ရှမြန်သည် စကားပြောဖို့ရန် မလိုတော့ချေ။ သူမသည် အလွန်စိတ်လှုပ်ရှားနေလေသဖြင့် စကားကိုပင် ရှေ့နောက်မညီအောင် ပြောနေလေသည်။ သူမက ကျွင်းကျွင်းကို မြှောက်ချီလိုက်ကာ ရယ်မောလိုက်၏။
"အို ငါတို့ ကျွင်းကျွင်းရဲ့အဘိုးက နာမည်ကြီး ကြယ်ပွင့်တစ်ယောက်ပဲ။ ငါတို့တွေ ဓာတ်ပုံအများကြီး ရိုက်ပြီးတော့ အဲဒီဓာတ်ပုံတွေကို ကျင်းကျင်းကို ပြရမယ်"
ရှမြန်ကလည်း ရယ်မောလိုက်သည်။ "ဟုတ်ပါပြီ။ မြန်မြန်ဆင်းကြရအောင်။ ပွဲစတော့မယ်"
"အေး အေး" ရှလိက ပြန်ဖြေလိုက်ပြီး အလွန် တအံ့တဩဖြစ်နေဆဲပင်။ "ဘုရားရေ။ ငါတို့ရဲ့ဦးလေး၂က တကယ်တော့ ကြယ်ပွင့်တစ်ယောက်တဲ့လေ။ သူက ဘယ်လိုလုပ်ပြီးတော့ ကြယ်ပွင့်တစ်ယောက် ဖြစ်လာတာလဲ"
ဒီအချိန်တွင်တော့ သူမသည် ရုတ်တရက်တစ်ခုခုကို စဉ်းစားမိသွားပြီး ရှမြန်ကို သတိပေးလိုက်၏။
"မိသားစုအဟောင်းကလူတွေကို မသိစေနဲ့နော်။ အထူးသဖြင့် မောက်မိသားစု"
"မောက်မိသားစုရဲ့ အကြီးဆုံးတူလေးက သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်လို့ ရူးတော့မယ်ဆိုတာ စီရင်စုတစ်ခုလုံး သိကြတယ်။ တကယ်လို့ ငါတို့ဦးလေး၂က သရုပ်ဆောင်တစ်ယောက်မှန်း သူတို့သာ သိသွားရင် အဒေါ်၂ရဲ့မိသားစုကလည်း ဘယ်တော့မှ အေးချမ်းမှာ မဟုတ်တော့ဘူး"
သူမကလည်း တစ်ဖန်ကျေးဇူးတင်စိတ်ဖြင့် ပြောလိုက်သေးသည်။ "တော်သေးတာပေါ့။ ရှပေါင်က အထဲရောက်နေလို့ပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူကတော့ ဒီနေ့ဟုန်ပေါင်းရဖို့ ဒီနေရာကို သေချာပေါက် လာလိမ့်ဦးမှာ။ တကယ်လို့ ငါ့ဦးလေး၂သာ သရုပ်ဆောင်တစ်ယောက် ဖြစ်မှန်းသိသွားရင်တော့ ယွမ်၂သောင်းကတောင်မှ သူ့ကိုတားဖို့ လုံလောက်မှာ မဟုတ်ဘူး ထင်တယ်"
ရှမြန်ကလည်း စဉ်းစားလိုက်၏။ ဒါကြောင့်ပဲ ရှ၀မ်ယွဲ့က သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီး တစ်နေ့က သူ့ကို ရဲစခန်းကို ပို့လိုက်တာကိုး။ တော်သေးတာပေါ့။ သူက တစ်နေ့ တစ်ခါ ပစ္စည်းခိုးနေခဲ့လို့ပဲ။ ဒါကြောင့်လည်း အချိန်မရွေး သူ့ကို အထဲပို့လိုက်နိုင်တာ။
ဒါပေမဲ့ အခုတော့ ရှပေါင်က အထဲဝင်သွားပြီဆိုတော့ ဒီကိစ္စရဲ့နောက်ကွယ်က လူတွေကလည်း ဝမ်ထောင်နဲ့ ရှလိတို့အပေါ်မှာပဲ အားစိုက်ထုတ်မှု လုပ်လောက်တယ်။
ရှမြန်သည် ဖန်ရှောင်၀မ်ကဒီနေ့တွင် မည်သို့သော အကွက်သေးသေးလေးကို ပြုလုပ်ပါမည်နည်းဟု စဉ်းစားနေသည့်အချိန်မှာပင် သူစိမ်းမျက်နှာတစ်ခုနှင့် သက်လတ်ပိုင်း အရွယ်လူတစ်ယောက်က သိပ်မဝေးလှသည့်နေရာတွင် ဝမ်ထောင်နှင့် တခုခုပြောဆိုနေသည်ကို မြင်လိုက်ရလေသည်။
ရှလိက မေးလိုက်၏။ "ဟမ် လူကြီးမင်းစွန်းက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ။ သူက ငါတို့မိသားစုရဲ့ မိတ်ဆွေပဲလား" ရှမြန်ကို မိတ်ဆက်ပေးရင်း သူမက ဆက်ပြောလိုက်သည်။
"နင့်ရဲ့လက်တွဲဖော်က သခင်လေးနဥ်လို့ သူပဲ ငါတို့ကို ပြောလိုက်တာလေ"
ရှမြန်က ရှလိနောက်သို့ လိုက်သွားလိုက်ပြီး အနောက်သို့ ရောက်လာသည့်အခါ လူကြီးမင်းစွန်းက စိုးရိမ်တကြီး ပြောလိုက်သည့်အသံကို ကြားလိုက်ရ၏။ "...အဲဒါက တကယ် သခင်လေးနဥ်ပါ"
"ဪ ခင်ဗျားကလည်း တကယ့်ကိုအရူးပဲ။ ဒီလောက် အာဏာကြီးမားတဲ့သူတစ်ယောက်ကို မျက်နှာလုပ်ဖို့မစဉ်းစားဘူး။ ကျုပ်လိုလူမျိုး အယောက်၁၀၀ကိုမိတ်ဖွဲ့တာထက် သူ့ကို သွားရှာလိုက်တာက ပိုတောင်ကောင်းသေးတယ်"
"တော်စမ်းပါဗျာ" ၀မ်ထောင်ကတော့ ထိုစကားကို မယုံချေ။ "သူက ဒီအတိုင်း ဆရာဝန်တစ်ယောက်ပါ။ သခင်လေးနဥ် မဟုတ်ပါဘူး"
ထို့နောက်တွင်တော့ သူက ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်သည်။ "ကျွန်တော် ခင်ဗျားကို ပြောပြလိုက်မယ်။ သူက ချမ်းသာတဲ့သခင်လေးတစ်ယောက် မဟုတ်ဘူးဆိုပေမဲ့လည်း အရမ်းကို လုပ်ရည်ကိုင်ရည် ရှိတာနော်။ သူက ယန်တက္ကသိုလ်ဆေးရုံက ဆရာဝန်တစ်ယောက်ဗျ။ လူကြီးမင်းစွန်း တကယ်လို့ နောက်ပိုင်း ကျွန်တော့်ကို လိုအပ်လာတယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဆေးရုံမှာလည်းပဲ တစ်ယောက်ယောက် ရှိပါတယ်"
လူကြီးမင်းစွန်းသည် ဒေါသကြောင့် လဲပြိုတော့မလိုပင် ဖြစ်သွား၏။ "သခင်လေးနဥ်က နိုင်ငံခြားမှာ ဆေးပညာကျောင်းတက်ခဲ့တဲ့ ဆရာဝန်တစ်ယောက်လေ။ သူ့မှာ ယွမ်သန်းချီ ရင်းနှီးမြှုပ်နှံထားတဲ့ ယန်တွဲဖက်တက္ကသိုလ်ဆေးရုံမှာ ဓာတ်ခွဲခန်းတစ်ခု ပိုင်ထားတယ်။ မင်းမရီးရဲ့ လက်တွဲဖော်ကလည်း သူတို့ထဲကတစ်ယောက်ပဲလား"
ဝမ်ထောင်က ပြောလိုက်သည်။ "သူဆိုတာအမှန်ပါ။ ဒါပေမဲ့ သူက သခင်လေးနဥ် လုံးဝမဟုတ်တာလည်း အမှန်ပဲ။ ခင်များပြောတဲ့ သခင်လေးကတော့ သူက အိမ်တော်အကြီးကြီးမှာ နေတာပဲ ဖြစ်ရမယ်။ ပြီးတော့ သူ့ကို လုပ်ကျွေးပြုစုပေးဖို့အတွက် အိမ်တော်ထိန်းတွေ၊ အစေခံတွေ အများကြီး တအုပ်လိုက်ရှိနေမှာပေါ့"
"ဘယ်ချမ်းသာတဲ့သခင်လေးက ဟင်းသီးဟင်းရွက်တွေကို ဆေးကြောပြီးတော့ အသီးအရွက်တွေကို လှီးဖြတ်မှာလဲ။ မိန်းမတစ်ယောက်အတွက် ပုစွန်ကိုတောင်မှ အခွံခွာကျွေးပြီး ကလေးကိုလည်း မုန့်ကျွေးပေးသေးတယ်လေ။ ဒါဆိုရင် ခင်ဗျားဘယ်လိုထင်လဲ"
မေးခွန်းမေးခံလိုက်ရသည့် လူကြီးမင်းစွန်းကလည်း ချီတုံချတုံ ဖြစ်သွားတော့သည်။ "ခင်ဗျား လျှောက်ပြောနေတာပါ"
ဝမ်ထောင်က လက်နှစ်ချောင်းကို သူ့မျက်လုံးကို ပြန်ထောက်ပြလိုက်ပြီး ကျိန်ပြောလိုက်၏။ "ဒါကို ကျွန်တော့် မျက်လုံးတွေနဲ့ မြင်ခဲ့တာ။ တကယ်လို့ ခင်ဗျား မယုံဘူးဆိုရင်လည်း ခင်ဗျားနောက်ပိုင်းကျမှ သွားကြည့်လို့ရတယ်"
လူကြီးမင်းစွန်းမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။ နောက်ဆုံး သူ၏အတွေ့အကြုံအဆင့်နှင့်ဆိုလျှင် ဒီလူသည် ချမ်းသာသည့်မိသားစုက လာသည့် သခင်လေးတစ်ယောက်နှင့်တော့ မတူချေ။
ရှလိက ဝမ်းသာအားရ အပြေးအလွှား သွားလိုက်ပြီး မောင်ကျစ်ရှန်းက သူမ၏ ဦးလေး၂ဖြစ်သည့်အကြောင်းကို ၀မ်ထောင်အား ပြောပြလိုက်လေသည်။ ဝမ်ထောင်၏မျက်နှာမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းလက်သွားတော့၏။ "တကယ်လား"
"ဟုတ်တယ်။ သူက အစ်မဟွေ့မေရဲ့ လက်ကိုတောင်မှ တွဲထားပေးတာ"ရှလိသည် လက်ညှိုးထိုးပြလိုက်ပြီး ဝမ်ထောင်သည်လည်း သတို့သမီးဘေးတွင်ရှိနေသည့် မောက်ကျစ်ရှန်းကို မြင်လိုက်ရ၏။ သူသည် ချက်ချင်းဆိုသလို သခင်လေးနဉ် အကြောင်းပြောနေသည့် အကြောင်းအရာများ အားလုံးကို နားထောင်နေသည်ကို ရပ်တန့်လိုက်ပြီး ထိုအစား လူကြီးမင်းစွန်းကိုဆွဲကာ ကြွား၀ါလေတော့သည်။
"ဟောဗျာ။ ခင်ဗျားကြားလိုက်လား။ မောက်ကျစ်ရှန်းက ကျွန်တော့်ရဲ့ဦးလေး၂တဲ့။ လာပါ။ ခင်ဗျားလည်း သရုပ်ဆောင်တစ်ယောက်ကို မမြင်ဖူးသေးဘူးပဲလေ။ ဟုတ်တယ်မလား"
သူကလည်း ထိုတာဝန်ကို ယူရပေမည်။ "ခင်ဗျား ဓာတ်ပုံတစ်ပုံလောက် ရိုက်ချင်လား။ ကျွန်တော် ခဏနေကြရင် ဓာတ်ပုံတစ်ပုံလောက် ရိုက်ဖို့ ခေါ်သွားပေးမယ်လေ။ ဒါကို ဓာတ်ပုံထုတ်ပြီးရင် အိမ်ကနံရံပေါ်မှာ ချိတ်ထားလိုက်။ အရမ်းကို အထင်ကြီး စရာကောင်းနေလိမ့်မယ်"
လူကြီးမင်းစွန်းသည် သူ၏ ဆွဲခေါ်သွားခံလိုက်ရတော့၏။ ရှမြန်က မောက်ဟွေ့ကျူးကို လှမ်းခေါ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "လူကြီးမင်းစွန်းနောက် ခဏလောက် လိုက်သွားလိုက်ဦး။ သူက အပြင်ထွက်ပြီးတော့ ဖုန်းခေါ်သလား ဆိုတာကိုကြည့်ခဲ့။ သူ ဘာပြောလဲဆိုတာကို နားထောင်ပြီးရင် ငါ့ဆီကို ပြန်လာပြောပြနော်"
မောက်ဟွေ့ကျူးကလည်း သတိလေးဖြင့် မေးလိုက်သည်။ "အဲဒါက အစ်မကို အန္တရာယ်ပေးချင်တဲ့ လူဆိုးတွေ လွှတ်လိုက်တဲ့သူလား"
မောက်ဟွေ့ကျူးကလည်း အံ့သြသည့်အရိပ်အရောင် မရှိဘဲ ရှမြန်အကြောင်းကို သိနေသည်။ ကလေးမလေးသည် ခိုးနားထောင်သည့်နေရာတွင် အလွန်တော်ပြီး အိမ်က အကြောင်းအရာ တော်တော်များများကိုလည်း သူ့ကိုဖုံးကွယ်ထား၍ မရနိုင်ချေ။
ရှမြန်က ခေါင်းညိတ်ပြလိုက်၏။ "ထင်တာပဲ"
အပြေးအလွှား ရောက်လာသည့် ရှောင်ဖုန်းကလည်း ချက်ချင်းဆိုသလို လူကြီးမင်းစွန်းကို ငေးကြည့်လိုက်သည်။ ချန်းချန်းကလည်း ပြောလိုက်၏။ "ဒေါ်လေးမြန့်မြန် သားတို့တွေ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်"
ရှမြန်က သူတို့၏ခေါင်းလေးကို တစ်ယောက်ပြီးတစ်ယောက် လှမ်းပွတ်ပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင်တော့ အန်တီလေးက ဒီကိစ္စကို သားတို့ကို လွှဲထားလိုက်မယ်နော်"
စတိတ်စင်ပေါ်တွင် သတို့သားနှင့် သတို့သမီးတို့ မည်သို့ အချင်းချင်းသိလာခဲ့ကြကာ မည်သို့အချင်းချင်း ချစ်ကျွမ်းဝင်လာခဲ့သည့်အကြောင်းကို ပြောပြနေသည့်အချိန်တွင် ကလေး တော်တော်များများက အပြေးအလွှား ပြန်ရောက်လာလေသည်။ မောက်ဟွေ့ကျူးက ပြောလိုက်၏။ "သူ ဖုန်းခေါ်လိုက်တယ်"
"အဲဒီငတုံးက စကားကို နားမထောင်ဘူး။ ငါ တကယ်ပဲ မတတ်နိုင်တော့ဘူး။ အဲဒီလိုစကားတွေ ပြောတယ်။ သူ့ရဲ့ဦးလေး၂ကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်နေတာကို သိလား။ ဒါမှမဟုတ် အဲဒီလိုတစ်ခုခုပဲ"
"သူက ငါတို့မိသားစုအကြောင်း ပြောနေတာလား" မောက်ဟွေ့ကျူးက မေးလိုက်သည်။
"အင်း အဲဒီလိုထင်တာပဲ” ရှမြန်က သူမ၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်ပါပြီ။ ငါသိပြီ။ စိတ်မပူနဲ့။ ဒါကလူကြီးတွေရဲ့ ကိစ္စဖြစ်သွားပြီ။ ငါတို့တွေ ဒါကိုဖြေရှင်းလိုက်မယ်"
မောက်ဟွေ့ကျူးကလည်း ထိုစကားကို ကြားလိုက်သည့်အခါ ခေါင်းညိတ်ပြလိုက်ပြီး ရှချွမ်းက သူတို့ကို လှမ်းခေါ်လိုက်လေသည်။ "ချန်ချန်၊ ဟွေ့ကျူး၊ ရှောင်ဖုန်း၊ ချန်းချန်း မြန်မြန်လာ။ နင်တို့တွေ နေရာယူမဲ့ အချိန်ရောက်ပြီ"
ပွဲအခမ်းအနားက အမြင့်ဆုံးအချိန် ရောက်နေလေသည်။ မင်္ဂလာမောင်နှံက နေရာယူရမည့်အချိန် ဝင်ရောက်လာသည့် အသံကြားလိုက်ရပြီး ရှမြန်နှင့် အားလုံးကလည်း ဣန္ဒြေ ပြန်ဆယ်ထားလိုက်ကြ၏။
ရှည်လျားသည့် အနီရောင်ကော်ဇော၏အဆုံးတွင် မောက်ဟွေ့မေသည် မောက်ကျစ်ရှန်း၏လက်ကို တွဲထားပြီး ပန်းကြဲပေးသည့် မိန်းကလေး၏ လမ်းပြမှုအောက်တွင် တစ်လှမ်းချင်းတစ်လှမ်း သတို့သားဆီသို့ လျှောက်လာခဲ့၏။
ဖန်းရုံဖန်ရှေ့တွင် ရပ်လိုက်သည့်အချိန်တွင် မောက်ကျစ်ရှန်း၏ မျက်လုံးများသည် ရုတ်တရက် နီရဲသွားပြီး သူသည် မောက်ဟွေ့မေ၏လက်ကို တင်းနေအောင် ကိုင်ထားလိုက်ကာ လက်လွှတ်ပေးဖို့ရန် ဆန္ဒရှိမနေချေ။
မောက်ဟွေ့မေ၏ မျက်လုံးများကလည်း နီရဲသွားကာ သူမက တိုးတိုးလေး ပြောလိုက်သည်။ "အဖေ"
ဖန်းရုံဖန်က ထိုအခြင်းအရာကို မြင်သည့်အခါ မြန်မြန်ပြောလိုက်သည်။ "အဖေ စိတ်မပူပါနဲ့။ ကျွန်တော် ဟွေ့မေကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်"
မောက်ကျစ်ရှန်းက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ဆို့နစ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
"ရှောင်ဖန် ငါ့သမီးကို မင်း လက်ထဲအပ်လိုက်ပြီနော်။ တကယ်လို့ မင်း သူ့ကို ဆိုးဆိုးဝါးဝါး ဆက်ဆံမယ်ဆိုရင် ဒါမှမဟုတ် တစ်နေ့ကျရင် မင်းသူကို မချစ်တော့တဲ့အခါ ငါ သူ့ကို မင်းဆီကို ဘယ်လိုပေးခဲ့တယ်ဆိုတာကို ငါ့ကို ပြန်ပြောပြပါ။ ငါက သူ့ကို ပြန်လက်ခံပေးမှာပါ"
မောက်ဟွေ့မေသည် မျက်ရည်များ တသွင်သွင် စီးကျလာတော့၏။ "အဖေ"
မောက်ကျစ်ရှန်းက သူမကို ပွေ့ဖက်လိုက်ပြီး တွန့်ဆုတ်နေသည့် လက်များဖြင့် သူမ၏လက်ကို ဖန်းရုံဖန်၏လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။
...
အပိုင်း (၂၁၈)
မောက်ဟွေ့မေသည် ထိန်းမရအောင် ငိုကြွေးနေမိ၏။ ရှမြန်က ပရိသတ်ထဲတွင် ရပ်နေကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို အစ်မဟွေ့မေက အိမ်ထောင်ပြုတော့မည်ဟူသည့် လက်တွေ့အချက်ကို ခံစားမိလိုက်သည်။ မွှန်ထူသွားသည့် ခံစားချက်တစ်ခုပင် သူမ၏နှာခေါင်းထဲတွင် ထိုးတက်လာခဲ့ပြီး သူမ၏မြင်ကွင်းများသည် ဝေဝါးသွားခဲ့၏။ သူမ၏ဘေးက မောက်ဟွေ့လန်ကလည်း ခေါင်းကိုငုံ့ထားကာ မျက်ရည်များကို သုတ်လိုက်သည်။ ရှမြန်က သူမ၏ကျောပြင်ကို ပုတ်ပေးလိုက်ပြီး အသံတိတ် နှစ်သိမ့်ပေးလိုက်သည်။
ရှောင်ဖုန်းက အပြေးအလွှား ရောက်လာပြီး သူတို့တစ်ယောက်ချင်းစီကို လက်ကိုင်ပဝါတစ်ထည်စီ လှမ်းပေးလိုက်သည်။ မောက်ဟွေ့လန်၏ မျက်ရည်များက ပိုပြီးစီးကျလာကာ ရှမြန်ကလည်း သူမကြောင့် မျက်ရည်များ ကျဆင်းလာတော့သည်။ ရှောင်ဖုန်းက သူမ၏လက်ကို လှမ်းတွဲလိုက်ပြီး စိုးရိမ်တကြီးပြောလိုက်၏။ "အန်တီလေး"
"အင်း။ အန်တီလေး အဆင်ပြေပါတယ်" ရှမြန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ "ပြန်သွားလိုက်ဦးနော်။ အန်တီလေး ခဏနေလာခဲ့မယ်"
စင်ပေါ်က အခမ်းအနားမှူးကလည်း အလွန်အတွေ့အကြုံရှိသည်။ သူက ဇဝနဉာဏ်ရွှင်ရွှင်ဖြင့် မှတ်ချက်တချို့ပေးလိုက်ပြီး လေထုက တစ်ဖန်ပျော်ရွှင်စရာပြန်ဖြစ်လာ၏။ မင်္ဂလာမောင်နှံက လက်စွပ်များ လဲလှယ်ပြီးသွားသည့်နောက်တွင် ဧည့်သည်များကလည်း တစ်ဖန် စတင်ရယ်မောလာကြကာ သတို့သားအရံများကလည်း အားပေးစကား ပြောကြလေသည်။
စားသောက်ပွဲကို တရားဝင်စတင်ခဲ့၏။
ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် မောက်ဟွေ့မေနောက်က လိုက်ကာ စားပွဲတစ်ဝိုင်းချင်းစီကို သွားရောက် ဧည့်ခံရသည်။ အစပိုင်းတွင်တော့ သူမသည် အလုပ်များနေသဖြင့် ဘာကိုမှမခံစားမိချေ။ သို့သော်ငြား ယခုအချိန်တွင်တော့ ဟင်းလျာများ အပြည့်ဖြစ်နေသည့် စားပွဲဝိုင်းကို ကြည့်ရင်း ရှမြန်သည် ရုတ်တရက်ဆိုသလို အလွန်ဗိုက်ဆာလာသလို ခံစားလိုက်ရတော့သည်။
ပထမစားပွဲကို သတို့သား၏ လူကြီးများအတွက် ပြင်ဆင်ထားပေးသည့်အချိန်တွင် သူမမှာ စားပွဲပေါ်က အစားအသောက်များကို ကြည့်ရင်း ဆက်တိုက်ဆိုသလို တံတွေးမျိုချမိနေသည်။ မောက်ဟွေ့လန်ကလည်း ထိုနည်းတူပင်။ သူမသည် မောက်ဟွေ့လန်၏ဗိုက်ထဲက တဂွီဂွီမြည်သံကိုပင် ကြားနေရ၏။
ကံအားလျော်စွာ ဒုတိယစားပွဲဝိုင်းမှာ သူမအမေအိမ်က စားပွဲဝိုင်းဖြစ်သဖြင့် သူတို့သည် သိပ်ပြီး ချုပ်တည်း မနေကြတော့ချေ။
ရှမြန်က ဘာမှမပြောရသေးခင်မှာပင် နဥ်ရှောက်ပိုင်က တူဖြင့်အသားတစ်တုံးကို ကောက်ယူလိုက်ပြီး သူမပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ရှမြန်ကလည်း ကျေနပ်စွာ သက်ပြင်းချရင်း စားသောက်လိုက်၏။ "ကျွန်မတော့ အသက်ရှင်သွားပြီ-"
"ဖက်ထုပ်။ ကျွန်မကို ဖက်ထုပ်လေးတစ်ခုလောက် ကျွေးပါဦး" သူမကလည်း အမိန့်ပေးလိုက်သည်။
"အချဥ်ရည်လေးထဲလည်း နှစ်ပေးဦးနော်"
နဥ်ရှောက်ပိုင်မှာ ငိုရခက် ရယ်ရခက်ဖြစ်သွားတော့၏။ သူက သူမအတွက် နောက်ထပ်ဖက်ထုပ်တစ်ခုကို မြန်မြန်ကောက်ယူပေးလိုက်ကာ အချဉ်ရည်ထဲတွင် နှစ်ပေးလိုက်သည်။ သူ၏ကျန်သည့် လက်တစ်ဖက်ကတော့ သူမ၏ပါးစပ်နားတွင် ခံထားပေးလိုက်ပြီး အဝတ်အစားများ မပေအောင် ကာကွယ်ပေးထားလိုက်သည်။
ဒါကို မြင်လိုက်သည့်အခါ မောက်ဟွေ့ကျူးကလည်း ထိုသို့လိုက်လုပ်ပြီး မောက်ဟွေ့လန်ကို ပါးစပ်အပြည့် ကျွေးလိုက်လေသည်။ သို့သော်ငြားလည်း သူမသည် သေးငယ်ပြီး နှေးကွေးနေသဖြင့် သူမက စားသောက်ပြီးသွားသည့်နောက် အစ်မဟုန်ကျွမ်းကပဲ မောက်ဟွေ့လန်ကို နောက်ထပ်တစ်လုပ် ချက်ချင်း လှမ်းကျွေးလိုက်ရသည်။
မောက်ဟွေ့မေကိုလည်း သူမ၏ယောက်မဖြစ်သူလီဖန်က ကျွေးပေးနေသည်။ ဖန်းရုံဖန်က အပြုံးဖြင့် သူတို့ကို ကြည့်လိုက်ပြီး ခဏလောက် ထိုနေရာတွင် ဆက်ပြီးနေလိုက်၏။
နောက်ဆုံး သူတို့သည် ဒီစားပွဲမှ ထွက်သွားသည့်အခါ ကိုယ့်ဟာကိုယ် တစ်ဖန်ဣန္ဒြေ ပြန်ဆယ်ထားရဦးမည်။
သို့သော်ငြားလည်း ဒီအခြေအနေက ဆက်ပြီးဖြစ်နေသေး၏။
မည်သည့်စားပွဲကို သွားရောက်ဧည့်ခံသည်ဖြစ်စေ ဟင်းလျာအသစ်များ တည်ခင်းလာသည့်အချိန် သူတို့သည် အလွယ်တကူစား သောက်နိုင်သည့်အချိန်တွင် ချန်းချန်း၊ ရှောင်ဖုန်း၊ မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့က ပန်းကန်များနှင့် အပြေးရောက်လာကာ ဒီအခွင့်အရေးကို အသုံးချကြပြီး လူအများက ပျော်ရွှင်နေကြသည့်အချိန်တွင် သူတို့ကို မုန့်ကျွေးကြလေသည်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့က ရှမြန်ကို တာဝန်ယူပေးကြပြီး မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့ကတော့ မောက်ဟွေ့လန်ကို တာဝန်ယူပေး၏။ ဖန်းရုံဖန်ကတော့ တစ်ခါတစ်ရံ သူတို့၏ပန်းကန်များထဲမှ အစားအသောက်ကို တိတ်တိတ်လေး လှမ်းယူကာ မောက်ဟွေ့မေကို ကျွေးတတ်သည်။
ဧည့်သည်များကလည်း ကြည့်နေရင်းက ရယ်မောကြလေသည်။ တစ်စုံတစ်ယောက်က သူတို့ကို ချီးကျူးစကားပြောလိုက်၏။ "သူတို့တွေက ကောင်းမွန်တဲ့မိသားစုက လာတယ်ဆိုတာကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်။ ကလေးတွေကလည်း တကယ့်ကို လိမ္မာရေးခြားရှိလှတယ်"
စားပွဲအပြည့် ဧည့်ခံပြီးသွားသည့်နောက် စားသောက်ပွဲပြီးသွားသည့် အချိန်တွင်တော့ မောက်ဟွေ့မေသည် ဖန်းရုံဖန်နှင့် လိုက်ပြန်သွားရတော့မည့် အချိန်ဖြစ်၏။
ရှ၀မ်ယွဲ့က မင်္ဂလာကားထဲတွင် ထိုင်နေသည့် သူမ၏အကြီးဆုံးသမီးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ မျက်ရည်များ စီးကျလာလေသည်။ "နောက်ဆိုရင် ကောင်းမွန်တဲ့ဘဝမှာ နေကြနော်။ အမေက နင်တို့ဆီက ဘာမှမမျှော်လင့်ပါဘူး။ နင်တို့ပျော်ရွှင်တယ်ဆိုရင် ရပါပြီ"
မောက်ဟွေ့မေသည် မျက်လုံးများနီရဲသွားကာ ဆို့နင့်သွားပြီး ပြောလိုက်၏။ "ကျွန်မသိပါတယ် အမေ"
"အဖေ စိတ်မပူပါနဲ့။ ကျွန်မအဆင်ပြေမှာပါ"
မောက်ဟွေ့ကျူးသည် မောက်ဟွေ့မေ၏ မင်္ဂလာဆောင်အဓိပ္ပာယ်ကို အခုလေးတင်မှ သဘောပေါက်သွားသယောင် ချက်ချင်းဆိုသလို ကားတံခါးကို တွန်းဖွင့်လိုက်ကာ မေးလိုက်၏။ "အစ်မ နင် မင်္ဂလာဆောင်လို့မရဘူး"
ဒီစကားက ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့၏မျက်ရည်များကို ချက်ချင်းရပ်တန့်သွားစေတော့သည်။ မောက်ကျစ်ရှန်းက လက်ကိုလှမ်းလိုက်ကာ မောက်ဟွေ့ကျူးကို ပွေ့ဖက်ထားလိုက်ပြီး "လိမ္မာတယ်။ ဒီကိုမြန်မြန်လာနော်။ အကြီးဆုံးမမက အိမ်ထောင်ပြုပြီးသွားရင် သူ့အိမ်ကို ပြန်ရမှာလေ"
"ဟင့်အင်း။ သမီးက မမကြီးကို လက်မထပ်စေချင်ပါဘူး" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ ရုတ်တရက် မျက်ရည်များ စီးကျလာခဲ့၏။ "သမီးတို့မှာ သမီးတို့ရဲ့ကိုယ်ပိုင်မိသားစုရှိတာပဲ။ ဘာဖြစ်လို့ တခြားမိသားစုဆီကို သွားရမှာလဲ"
မောက်ကျစ်ရှန်းသည် သူ့ကို လုံးဝမထိန်းနိုင်တော့ချေ။ ရှချွမ်းကလည်း ရှေ့ကိုတက်လာပြီး ကူညီပေးသည်။ သို့သော်ငြားလည်း မောက်ဟွေ့ကျူးက ကားလက်ကိုင်တံခါးကို တင်းနေအောင် ကိုင်ထားပြီး မမကြီးဟု ဆက်တိုက် အော်ခေါ်နေလေသည်။ မောက်ဟွေ့မေသည် သူမထက် ၁၂နှစ်ကျော်လောက် ကြီးပြီး သူမအတွက်တော့ အမေတစ်ဝက်လိုလူ ဖြစ်သည်။
မောက်ဟွေ့မေကလည်း ငိုကြွေးနေမိကာ သူမကို ချော့မော့ဖို့ရန်အတွက် ကားပေါ်ကဆင်းလာခဲ့၏။
ဖန်းရုံဖန်ကလည်း ကားပေါ်ကဆင်းလာပြီး မောက်ဟွေ့ကျူး၏ ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်သည်။ "အစ်ကိုက ဖိန်းနွဲခါကျရင် ညီမလေးရဲ့မမကို ခေါ်ပြန်လာမှာလေ။ မငိုနဲ့တော့နော်"
မောက်ဟွေ့ကျူးကတော့ မောက်ဟွေ့မေ၏လည်ပင်းကို ပွေ့ဖက်ထားကာ ငိုယိုနေသည်။ "မမကြီး သမီးက မမကြီးကို လက်မထပ်စေချင်ဘူးလေ"
သူမက ငိုယိုပြီး ဖန်းရုံဖန်ကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေလိုက်၏။ "သမီးတို့မှာ ကိုယ့်မိသားစု ရှိတယ်။ တကယ်လို့ မမကို အနိုင်ကျင့်ရဲရင် မမအိမ်ပြန်လာပြီးတော့ ဒီမှာလာနေလို့ရတယ်"
"အန်တီလေး"ရှောင်ဖုန်းကလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်ပြီး နီရဲနေသည့်မျက်နှာနှင့် ရှမြန်၏ ခါးလေးကို ပွေ့ဖက်ထားလိုက်သည်။ ရှမြန်က သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး ဘာမှမပြောလိုက်ချေ။
ဘေးမှနေ၍ ကျယ်လောင်သည့် ငိုရှိုက်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ရှလိဖြစ်နေသည်။
သူမသည် ခုနက ဂုဏ်ပြုပွဲအချိန်တုန်းက ရှလိ၏မိတ်ကပ်များက အနည်းငယ် စွန်းထင်းနေသည်ကို ရှမြန်က သတိထားမိလိုက်၏။ သူမသည် ငိုနေခဲ့သည်မှာ သိသာသည်။ ယခုအချိန်တွင်တော့ မိတ်ကပ်များက လုံးဝပျက်သွားပြီဖြစ်၏။
"နင် အဆင်ပြေရဲ့လား" ရှမြန်မှာ မနေနိုင်တော့ဘဲ မေးလိုက်ပြီး သူမ၏လက်ကိုင်ပဝါကို လှမ်းပေးလိုက်ရသည်။
"အဆင်ပြေပါတယ်။ ငါ ဒီအတိုင်းအားကျလို့ပါ" ရှလိက လက်ကိုင်ပဝါကို လှမ်းယူလိုက်ကာ သူမ၏မျက်လုံးများကို သုတ်လိုက်ပြီး ငိုရှိုက်နေပြန်သည်။
"ငါ မင်္ဂလာဆောင်တုန်းကဆိုရင် ငါ့မိဘတွေက ငါ့ကို ဘာမှလည်း မပေးခဲ့ဘူး။ သူတို့ ငါ့ကိုပေးခဲ့တဲ့ ဂွမ်းစောင်တွေကလည်း အပေါ်ယံတော့အသစ်ပဲ။ ဒါပေမဲ့ အထဲက ဝါဂွမ်းတွေကြတော့ ဟောင်းနွမ်းနေပြီလေ။ ဝမ်ထောင်ရဲ့မိဘတွေကတော့ ငါ့ကိုမင်္ဂလာလက်ဖွဲ့ တစ်ပြားတချပ်မှ ပေးခဲ့တာ မဟုတ်ဘူး"
"ဒီကိစ္စအတွက်ကြောင့် ငါ ဝမ်ထောင်ရဲ့အိမ်မှာ ဘယ်လောက် ဒုက္ခရောက်ရမယ်ဆိုတာတောင် မသိတော့ဘူး။ မိသားစုတစ်ခုလုံးကလည်း ငါ့ကို အထင်သေးကြတယ်။ ဝမ်ထောင်က အပြင်ဘက်မှာ မယားငယ် ရှာတဲ့အချိန်တုန်းကဆိုရင် သူ့အမေက ငါက မယားငယ်ထက်တောင် ဆိုးဝါးသေးတယ်လို့တောင် ပြောခဲ့သေးတယ်။ အနည်းဆုံးတော့ မယားငယ်က ငါ့ထက်ပိုပြီးတော့ ပညာတတ်တယ်တဲ့။ ငါ့လိုမျိုးလည်း ပိုက်ဆံအများကြီး မတောင်းတတ်ဘူးတဲ့လေ"
ရှမြန်က မျက်မှောင်ကြုတ်သွား၏။ မည်သို့ပင်ဖြစ်စေ ထိုစကားလုံးများကတော့ အနည်းငယ် တရားလွန်လေသည်။
ရှလိသည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီးမတရားခံရသလို ခံစားရလေလေဖြစ်နေ၏။
"ငါ့မိဘအကြောင်းတွေတော့ ပြောမနေပါနဲ့တော့။ ငါက ငါ့ယောကျာ်းအိမ်မှာ ဘာတစ်ခုမှ မလုပ်နိုင်လို့ ငါက အိမ်ကို ပြန်သွားခဲ့တယ်။ ဒါပေမဲ့ သူတို့တွေကတော့ ငါ့အတွက် ဘာဆုံးဖြတ်ချမှ မချပေးခဲ့ဘူးလေ။ ဝမ်ထောင်က မယားငယ်တစ်ယောက် ထားလို့ရတဲ့အပြင် သူက ရှပေါင်ကိုတောင် ထိန်းချုပ်လို့ရသေးတယ်လို့ ပြောလိုက်သေးတယ်"
"ငါ ငယ်ငယ်တုန်းကကျတော့ ရှပေါင်က နောက်ဆိုရင် ငါ့ရဲ့နောက်ခံတယောက် ဖြစ်လာလိမ့်မယ်လို့ ငါ့ကို အမြဲတမ်း ပြောခဲ့ကြတာ။ ငါကလည်း အချိန်ပိုင်း အလုပ်သမားတစ်ယောက်အနေနဲ့ လုပ်ထားတဲ့ လုပ်ခလစာတွေ အားလုံးကို သူတို့ကိုပေးခဲ့ပြီး ငါ့အတွက် မုန့်ဖိုးလောက်ပဲ အမြဲတမ်းဆောင်ထားခဲ့တာ။ နောက်ခံတဲ့လား။ အားကိုးစရာတဲ့လား" ရှလိသည် တရှုံ့ရှုံနှင့် သရော်ကာ ပြောလိုက်၏။
"သူတို့တွေက ငါ့ရဲ့နောက်ခံ ဘယ်တော့မှ မဟုတ်ဘူးဆိုတာကို အခုမှမြင်လာတော့တယ်လေ။ သူတို့တွေက ငါ့ကိုလိမ်ညာပြီးတော့ ငါ့ကိုသွေးစုပ်ခဲ့ကြတာ။ သူတို့တွေက ငါမြန်မြန်သေသွားကြမှာ စိုးရိမ်တယ်လေ။ ဒီတော့ သူတို့တွေက အလောတကြီး ရောက်လာပြီးတော့ နောက်ထပ် သွေးတွေကို ထပ်စုပ်ကြပြန်တာပဲ"
"ရှမြန် နင်သိလား" ရှလိ၏မျက်ရည်များသည် တစ်ဖန် စတင်စီးဆင်းလာလေသည်။
"အမေဘက်က မိသားစုဆီက အားကိုးရတယ် ဆိုတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဘယ်လိုခံစားမှုမျိုးလဲဆိုတာကို ပြီးခဲ့တဲ့ ၂ရက်အတွင်းကျမှ ငါ သိလာခဲ့တာ"
"အဒေါ်၂က လက်ခံပေးပြီးသွားတဲ့နောက်မှာ ၀မ်ထောင်က ၂ရက်လုံးအိမ်မှာပဲ နေခဲ့ပြီးတော့ အပြင်မထွက်ခဲ့ဘူးလေ။ သူက အဲဒီမြေခွေးမ သူ့ကို ခေါ်တာတောင်မှ မသွားခဲ့ဘူး"
"ဒီနေ့ ငါ့ရဲ့ဦးလေး၂က နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဆိုတာကို ငါ သိခဲ့ရတယ်။ သူက စားပွဲမှာလည်းပဲ ငါ့အတွက် အစားအသောက်တွေကိုတောင်မှ တကယ် ထည့်ပေးခဲ့သေးတယ်လေ။ ငါ့ကို ကူညီပြီး ကျွင်းကျွင်းကို ထိန်းပေးခဲ့သေးတယ်"
ရှမြန်သည် လေးပင်စွာ သက်ပြင်းချလိုက်ပြီး ဘာပြောရမည် မသိဖြစ်သွားသဖြင့် သူမကလည်း သူ့ပခုံးလေးကို ပုတ်ပေးလိုက်ကာ ပြောလိုက်၏။ "နောက်ဆိုရင် ကျွင်းကျွင်းကို သေသေချာချာလေး သင်ကြားပေးလိုက်ပါ။ တကယ်လို့ ပြဿနာတစ်ခုခု ရှိလာတယ်ဆိုရင် ငါ့ကို ခေါ်လိုက်လေ။ တရားဝင်တဲ့ ကိစ္စမှန်သမျှ ငါနင့်ကို ကူညီပေးမှာပါ"
အခုလေးတင်မှ ရပ်တန့်သွားသည့် ရှလိ၏မျက်ရည်များက တစ်ဖန် စီးကျလာပြန်တော့၏။ သူမက ရှမြန်၏ လက်ကို လှမ်းကိုင်လိုက်ကာ ငိုရှိုက်ကာပြောလိုက်သည်။ "ရှမြန် ငါ တောင်းပန်ပါတယ်နော်။ ငါအရင်တုန်းက မောက်မာထောင်လွှားခဲ့ပြီး တုံးအတဲ့ကိစ္စတွေကို လုပ်ခဲ့မိတယ်"
"ကျေးဇူးတင်ပါတယ်။ ငါ့ကိုခွင့်လွှတ်ပေးတဲ့အတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ အတိတ်တုန်းက ဖြစ်ပျက်သွားတဲ့ကိစ္စတွေကို စဉ်းစားမိရင် ငါ တကယ် အရမ်းရှက်မိခဲ့ပါတယ်"
"ဟုတ်ပါပြီ။ မငိုပါနဲ့တော့" ရှမြန်ကပြောလိုက်သည်။ "ကျွင်းကျွင်းလည်း ဒီမှာရှိနေတယ်လေ"
ရှလိသည် ကျွင်းကျွင်းကိုချီကာ သူမဆီသို့လျှောက်လာသည့် ဝမ်ထောင်ကို ကြည့်လိုက်ပြီး ငိုနေသည်ကို ကြိုးစားရပ်တန့်လိုက်၏။ အားလုံးက မျက်လုံးများ နီရဲနေသည်ကို တွေ့လိုက်ရသည့်အခါ ဝမ်ထောင်သည် ဘာတစ်ခုကိုမှ သံသယမဖြစ်ဘဲ သူသည် ကျွင်းကျွင်းကို ရှလိ၏လက်ထဲသို့ ထည့်ပေးလိုက်၏။
ကျွင်းကျွင်းကလည်း ရှလိ၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားလိုက်ပြီး သူ၏လက်သေးသေးလေးကို မြှောက်ကာ ရှလိ၏ မျက်လုံးထောင့်က မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် ကလေးသံလေးဖြင့် ပြောလိုက်လေသည်။ "မေမေ မငိုပါနဲ့"
"ဟုတ်ပါပြီ။ အမေက မငိုပါဘူး..." ရှလိသည် အသံထွက်ကာ ရယ်မောမိလေသည်။ အနည်းဆုံးတော့ သိတတ်လိမ္မာသည့် ကျွင်းကျွင်းလေးက သူမအတွက် အကြီးမားဆုံး နှစ်သိမ့်ရာတစ်ခု ဖြစ်ခဲ့လေသည်။
တစ်ဖက်က လူအုပ်ကြီးသည် မောက်ဟွေ့ကျူးကို ချော့မော့နေရ၏။ သို့တိုင် မောက်ဟွေ့ကျူးကတော့ ဖန်းရုံဖန်ကို ခြိမ်းခြောက်နေလေသေးသည်။ "တကယ်လို့ သမီးရဲ့အစ်မကို အနိုင်ကျင့်ရဲ့ကျင့်ကြည့်နော်။ သမီးတို့သူရဲကောင်း၃ဖော်က အစ်ကို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
ဒီစကားက လူတိုင်းကို တစ်ဖန် ရယ်မောသွားစေတော့၏။
ရှောင်ဖုန်းနှင့် ချန်းချန်းတို့ နှစ်ယောက်စလုံးကလည်း ခေါင်းကိုလှည့်ကာ သူ့ကို ကြည့်လိုက်ကြသည်။
ဖန်းရုံဖန်နှင့် မောက်ဟွေ့မေတို့ ထွက်သွားပြီးသည့်နောက်တွင် ရှောင်ဖုန်းသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး ရှမြန်ကို မေးလိုက်၏။ "အန်တီလေး အိမ်ထောင်ပြုတယ်ဆိုတာက အိမ်ကနေ တစ်ယောက်တည်း ထွက်သွားရတာလား"
ရှမြန်က စကားမပြောရသေးခင်မှာပင် နဥ်ရှောက်ပိုင်သည် တခုခုကို သဘောပေါက်သွားပြီး မြန်မြန် ပြောလိုက်၏။ "မဟုတ်ပါဘူး"
ရှောင်ဖုန်းက သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ နဥ်ရှောက်ပိုင်က ကိုယ်ကိုကုန်းလိုက်ကာ သူ၏ ခေါင်းလေးကို ထိကိုင်ပေးလိုက်ပြီး "အိမ်ထောင်ပြုတယ်ဆိုတာက နောက်ထပ် အိမ်တစ်လုံး ရလာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"
"မောက်ဟွေ့ကျူးကို ကြည့်လိုက်လေ။ အခု သူ့မှာ သူ့ကိုချစ်ပေးမဲ့ ခဲအိုတစ်ယောက် ရှိသွားပြီ။ သူက ရွှေငါးလမ်းက အိမ်ကို ပြန်နိုင်တဲ့အပြင် သူ့အစ်မနဲ့ ခဲအိုတို့ရဲ့အိမ်ကိုလည်း သွားလည်လို့ရတယ်လေ"
သူက ငြင်းဆန်မှာကို စိုးရိမ်နေသဖြင့် နဥ်ရှောက်ပိုင်က ဆက်ပြောလိုက်၏။ "သားက အခုချိန်မှာ သားရဲ့အိမ်မှာလည်း နေနိုင်တယ်။ ဒါမှမဟုတ် ဦးဦးနဥ်ရဲ့အိမ်မှာလည်း နေနိုင်တယ်။ အဲ့ဒီလိုမျိုးပေါ့။ ၂ခုစလုံးက သားရဲ့အိမ်ပဲလေ"
"ဒါပေမဲ့ အန်တီလေးက အခုထိ လက်မထပ်ရသေးဘူးလေ" ရှောင်ဖုန်းက သူ၏ခေါင်းလေးကို စောင်းလိုက်ကာပြောလိုက်၏။ "တကယ်လို့ သားရဲ့အန်တီလေးက နောက်ထပ် အသစ်တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် သားက နောက်ထပ်မိသားစုတစ်ခု ရလာမှာပေါ့နော်"
နဥ်ရှောက်ပိုင် ...
ရုံရှင်းသည် ရုတ်တရက်ဆိုသလို ဝါးလုံးကွဲကာ အော်ရယ်တော့သည်။ ရှမြန်ကလည်း မနေနိုင်ဘဲ အော်ရယ်တော့၏။ "ဒေါက်တာနဥ် ရှင်ကတော့ အရမ်းစောစောစီးစီး ကိုယ့်သေတွင်းကိုယ် တူးနေပြီပဲ။ ရှင် ဒီအတိုင်း ကိုယ့်ဟာကိုယ်ပဲ မြှုပ်လိုက်တော့။ ဟားဟားဟား"
နဉ်ရှောက်ပိုင်သည် ရုံရှင်းကို ဒေါသတကြီး ကြည့်လိုက်ပြီး ထန်မြောင်မြောင်ကို ပြောလိုက်၏။ "မင်း မင်္ဂလာဆောင်တဲ့အချိန်ကျရင် မင်းရဲ့ဖိတ်စာကို ရနိုင်ပါစေလို့ ငါ မျှော်လင့်နေသေးတယ်"
ရုံရှင်းက ချက်ချင်းဆိုသလို ငိုကြွေးတော့သည်။ "မဟုတ်ပါဘူး။ ကျွန်တော် မှားသွားပါတယ်။ အစ်ကိုပိုင် ကျွန်တော် မှားသွားပါတယ်"
ထန်မြောင်မြောင်ကတော့ မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ဖုန်းသည် အားလုံး၏တုံ့ပြန်မှုကို မြင်လိုက်ရသည့်အခါ သူသည် နဥ်ရှောက်ပိုင်ကို စိတ်ပျက်သွားအောင် လုပ်မိသည်ကို သဘောပေါက်သွားတော့၏။ သူက ရှက်ရှက်နှင့် နဥ်ရှောက်ပိုင်၏ရင်ခွင်ထဲသို့ ပစ်ဝင်သွားလိုက်ကာ သူ့ကို ပွတ်သပ်ပေးလိုက်လေသည်။ နဥ်ရှောက်ပိုင်ကလည်း တွေးတွေးဆဆလေးဖြင့် သူ့ခေါင်းလေးကို ထိကိုင်ပေးလိုက်တော့၏။
...
အပိုင်း (၂၁၉)
နဥ်ရှောက်ပိုင်သည် ရှောင်ဖုန်းက ဦးလေးတစ်ယောက်သာ ထားရှိရေးအတွက် ရှောင်ဖုန်းကို မည်သို့မည်ပုံ သင်ကြားပေးရမည့်အကြောင်း စဉ်းစားနေသည့်အချိန်တွင် အဝေးမှနေ၍ ဝေါကနဲကားသံတစ်ခုကို ကြားလိုက်ရပြီး သားနားသည့် ပြိုင်ကားတစ်စီးက ရုတ်တရက် ဟိုတယ်ရှေ့တွင် ရပ်သွားသည်ကို တွေ့လိုက်ရ၏။
အားလုံး၏အာရုံကလည်း ထိုကားဆီသို့ အမှတ်တမဲ့ ရောက်ရှိသွားခဲ့သည်။ ဝမ်ထောင်က အားကျစိတ်ဖြင့် ပြောလိုက်၏။ "ဒီပြိုင်ကားက သန်းချီအောင်တန်မှာ။ တကယ့်ကို အကောင်ကြီးကြီးက လမ်းပေါ်မှာ မောင်းနှင်နေတာပဲ။ သူက တကယ်ကို ချမ်းသာတာပဲဖြစ်ရမယ်"
သူ့စကားဆုံးသွားသည်နှင့် ချက်ချင်း ကားတံခါးသည်ပွင့်လာပြီး ကားပေါ်မှ ဆင်းလာသည့် လူငယ်လေးသည် နဥ်ရှောက်ပိုင်ကို တည့်တည့်ကြည့်လိုက်ကာ အနည်းငယ် အံ့သြသွားဟန်တူ၏။
"လူကြီးမင်းနဥ် ခင်ဗျား ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ရှမြန်က နဥ်ရှောက်ပိုင်ကို ကြည့်လိုက်သည်။ နဥ်ရှောက်ပိုင်ကလည်း သူ့ကို မသိကြောင်း ခေါင်းခါပြလိုက်၏။ သူက တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ"
လူငယ်လေးက ရှေ့ကိုတစ်လှမ်းတက်လာကာ အပြုံးဖြင့် ပြောလိုက်သည်။ "ကျွန်တော်က ရွှမ်ရန်က ရွှီဖုန်းပါ။ ခင်ဗျားမင်္ဂလာပွဲကို လာတက်တာလား။ ဒါတွေက ခင်ဗျားရဲ့ဆွေမျိုးတွေလား"
ဝမ်ထောင်နှင့် ရှလိတို့သည် ငေးမောကာဖြင့် နဥ်ရှောက်ပိုင်ကို ငေးကြည့်လိုက်ကြ၏။ ရွှမ်ရန်သည် ယန်မြို့က အကြီးမားဆုံးနိုက်ကလပ်ဖြစ်ပြီး ယန်မြို့က အကြီးမားဆုံးနာမည်ကြီးသည့် အသိုက်အဝန်းလည်း ဖြစ်၏။ ဝမ်ထောင်သည် ဧည့်သည်များကို ဧည့်ခံဖို့ရန်အတွက် အချိန်တိုင်း ယွမ်၁သောင်းနီးပါး သုံးရသည်။ သို့သော်ငြားလည်း ထိုနေရာက ဝန်ဆောင်မှုသည် အလွန်ပင်ပြီး ပြည့်စုံလေသည်။ ပိုင်ရှင်၏ မျိုးရိုးနာမည်က ရွှီဖြစ်သည်ဟုပြောကြသည်။ သူသည် တောင့်တင်းသည့် နောက်ခံမိသားစုတစ်ခုရှိပြီး မည်သူကမှ သူ့ကို သွားပြီးမနှောက်ယှက်ရဲချေ။
သူ့ကို ဒီလိုတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူသည် နဥ်ရှောက်ပိုင်ကို အလွန်တလေးတစား ဖြစ်နေ၏။ ၀မ်ထောင်၏ မျက်နှာပေါ်တွင် သိသာသည့်တွေဝေမှုများ ပြသနေသည်။ မဟုတ်မှလွဲရော ရှမြန်ရဲ့လက်တွဲဖော်က တကယ့်ကို ဖုံးကွယ်ထားတာများလား။
သူသည် ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် နဥ်ရှောက်ပိုင်က ဘာမှဂရုမစိုက်သလို ပြောလိုက်သည်ကို တွေ့လိုက်ရသည်။ "အားနာပါတယ်။ ကျုပ် ခင်ဗျားကို မသိဘူး။ ခင်ဗျား လူမှားနေပြီ"
ရွှီဖုန်းသည် ခဏလောက် တုံ့ဆိုင်းသွားကာ အမှတ်တမဲ့ ရုံရှင်းကို ကြည့်လိုက်၏။ နဥ်ရှောက်ပိုင်က ဒီအသိုင်းအဝိုင်းထဲတွင် ပေါ်လာသည်က ရှားပါးသည့်တိုင် သခင်လေးရုံကတော့ အလွန် တက်ကြွလွန်းသည်။ သူသည် မည်သို့များ အမှားတစ်ခု လုပ်နိုင်ပါမည်နည်း။
သူက မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင်ဖြစ်သွားပြီး တစ်ခုခုကို ထပ်ပြောချင်လိုက်သော်ငြားလည်း ထန်မြောင်မြောင်က မျက်နှာသေဖြင့် ရုတ်တရက်ပြောလိုက်၏။ တစ်ခုခုကို နဥ်ရှောက်ပိုင်နှင့် မိတ်ဆက်ပေးနေသကဲ့သို့ပင်။ "ရွှီဖုန်း ဟိုင်ရန်ရဲ့သခင်လေးလေ"
"ဖန်ရှောင်ဝမ်ရဲ့ ဝမ်းကွဲခဲအိုပေါ့"
နောက်ဆုံးစကားက ရွှီဖုန်း၏ မျက်နှာကို မသိမသာ ပြောင်းလဲသွားစေတော့၏။ သူသည် ဘာတစ်ခုကိုမှ ထပ်မပြောရဲတော့ဘဲ အောင့်သက်သက်ဖြင့် ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်ဗျာ။ ကြည့်ရတာ ကျွန်တော် လူအမှတ် မှားသွားတယ် ထင်ပါတယ်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ကားပေါ်သို့ မြန်မြန်တက်ကာ ထွက်သွားတော့သည်။
ဝမ်ထောင်က အားကျသည့်စိတ်ဖြင့် ပြိုင်ကား၏ နောက်ခြမ်းကိုကြည့်ကာ ပြောလိုက်သည်။ "ဒီတော့ သူက ဒီနေရာမှာ တကူးတက လာနှုတ်ဆက်တာလား။ ဒေါက်တာနဥ် ခင်ဗျားက သခင်လေးနဥ်နဲ့ ရုပ်ချင်းတူလို့လား။ လူတွေ အများကြီးက ခင်ဗျားကို ဘာဖြစ်လို့ သခင်လေးနဥ်နဲ့ မှားနေကြတာလဲ"
သူက ရယ်စရာပင် ပြောလိုက်သေးသည်။ "ဪ။ ခင်ဗျားရဲ့မျိုးရိုးနာမည်ကလည်း နဥ်ပဲနော်။ ခင်ဗျားက အိမ်နဲ့အဝေးမှာနေတဲ့ သခင်လေးနဥ်ရဲ့အစ်ကိုတော့ မဟုတ်လောက်ပါဘူး။ ဟုတ်တယ်မလား။ ကျွန်တော်တို့တွေ သူ့ရဲ့နောက်ခံမိသားစုကို စစ်ဆေးပြီးပါပြီ။ သူက ချမ်းသာတဲ့မိသားစုရဲ့ အကြီးဆုံးသား ဖြစ်လောက်တယ်"
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ကျွန်တော်က ခင်ဗျားတို့ ပြောပြောနေတဲ့ သခင်လေးနဥ်ပါပဲ"
ဝမ်ထောင်သည် သတိမထားမိသေးချေ။ "ဘယ်လို"
"သူက သူတို့တွေ ပြောနေကြတဲ့ သခင်လေးနဥ်ပဲလေ" ရုံရှင်းက အပြုံးဖြင့် သူ့ကိုကြည့်လိုက်ပြီး "ဒါပေမဲ့ ခင်ဗျားက သခင်လေးနဥ်က ဘယ်လောက်အစွမ်းရှိလဲဆိုတာကိုပဲ ကြားဖူးထားပြီး သူ ဘယ်လောက်ရက်စက်တယ်ဆိုတဲ့ အကြောင်းကိုတော့ မကြားဖူးသေးတာပဲ ဖြစ်ရမယ်"
"သူက ကျွန်တော်တို့ရဲ့အသိုင်းအဝိုင်းမှာ လုံးဝကိုထိလို့မရတဲ့ လူတစ်ယောက်ဆိုပြီး နံပတ်၁အဆင့် ချိတ်ထားတယ်လေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ရှမြန်ကို ဝင်ခလုတ်တိုက်ချင်နေတဲ့လူက ဒီလောက်ဒုက္ခခံပြီး မင်းကို မျှားခေါ်ဖို့ လူကြီးမင်းစွန်းကို သွားရှာလိမ့်မှာ မဟုတ်ဘူးလေ"
ဝမ်ထောင်နှင့် ရှလိတို့နှစ်ယောက်စလုံးသည် မှင်တက်အံ့သြသွားကြပြီး ထိုအကြောင်းအရာကို နားလည်ဖို့ရန် ခက်ခဲနေကြ၏။
ရုံရှင်းကတော့ ဂရုမစိုက်ချေ။ သူက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများကတော့ အေးစက်လို့နေသည်။ "ခင်ဗျားတို့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိတာကိုပဲ ကျေးဇူးတင်ရမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့ ပရောဂျက်သေးသေးလေးက ဖုန်းတစ်ကောစာနဲ့တင် ပျက်စီးသွားနိုင်တယ်"
သူသည် ပြိုင်ကားထွက်သွားသည့် လားရာဘက်ကို ကြည့်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးဖြဲကာ ပြောလိုက်လေသည်။ "ဟိုင်ရန်လို လူ့အတွက်ကတော့။ အင်း။ ဖုန်း၁ကော၊ ၂ကောလောက် ထပ်ပြီးတော့ ပိုခေါ်ပေးရလိမ့်မယ်"
ဝမ်ထောင်သည် ထိုစကားထဲတွင် ပါဝင်သည့် အချက်အလက်ပမာဏကို အပြည့်အဝနား မလည်နိုင်သေးချေ။ သို့သော်ငြားလည်း ပထမဦးဆုံးအကြိမ်ဖြင့် သူသည် ဟန်ဆောင်ခြင်းလည်း မရှိ၊ ဝင့်ကြွားခြင်းလည်း မရှိသည့် တစ်စုံတစ်ယောက်ထံမှ ကြီးမားသည့်ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။
သူသည် တစ်ဖက်လူက ကြွားဝါနေသည် သို့မဟုတ် ရယ်စရာ ပြောနေသည်ဟု အမှန်ပင် ထင်ချင်သော်ငြားလည်း နဥ်ရှောက်ပိုင်၏ အေးအေးလူလူ အမူအရာကို ကြည့်လိုက်ပြီး တန်ပြန်ထိခိုက်တော့မည့်အရေးမှ ထွက်ပေါ်လာသည့် အသက်ရှင်သန်ချင်စိတ်သည် သူ့ကို အမှတ်တမဲ့ သတိထားမိသွားစေကာ ပါးစပ်ကို ပိတ်သွားစေတော့သည်။
တစ်ပတ်ကြာပြီးသွားသည့် နောက်တွင်တော့ လူကြီးမင်းစွန်းသည် ပရောဂျက်ကြီးတစ်ခုကို ဆုံးရှုံးခဲ့ရပြီး တစ်လအကြာတွင်တော့ ဟိုင်ရန်သည် ပြန်လည်ပြုပြင်ရမည့်အတွက် ပိတ်ချဖို့ရန် အမိန့်ပေးခံလိုက်ရသည့်အချိန်တွင် ဝမ်ထောင်သည် သူ့အမှားကို သဘောပေါက်သွားကာ အထိတ်တလန့် ဖြစ်သွားတော့သည်။ သူသည် နဥ်ရှောက်ပိုင်ကို တွယ်ကပ်ဖို့ စိတ်ကူးတစ်စွန်းတစမှ မရှိတော့သည့်အပြင် မယားငယ်တစ်ယောက်ကိုပင် ထားဖို့ရန် မဝံ့ရဲတော့ချေ။ ဟုတ်ပါသည်။ ဒါသည် နောက်ပိုင်းမှ ဖြစ်လာမည့် အကြောင်းဖြစ်၏။
ရှမြန်ကတော့ ရုံရှင်းက ဝမ်ထောင်ကို ရိုက်နှက်ခဲ့သည်ကို ဒီအတိုင်း စောင့်ကြည့်နေလိုက်ပြီးနောက် ထန်မြောင်မြောင်ကို သိချင်စိတ်ဖြင့် မေးလိုက်၏။ "အစ်မမြောင်မြောင် အစ်မ အခုလေးတင် ပြောလိုက်တယ်နော်။ ရွှီဖုန်းက ဖန်ရှောင်ဝမ်ရဲ့ ဝမ်းကွဲခဲအိုလို့လေ..." လေသံ ကထူးဆန်းနေ၏။
ရုံရှင်းက သရော်ကာပြောလိုက်သည်။ "ဒီအတိုင်း ချော်လဲရောထိုင် လုပ်ချင်နေတာပါ။ ဖန်ရှောင်ဝမ်တို့လို မိန်းကလေးတွေ အများကြီးကို မြင်ခဲ့ဖူးပြီးပြီ။ သူတို့တွေက ဘယ်သူ့ကိုမဆို ဆွဲဆောင်ချင်နေပြီးတော့ လက်တွဲဖော်တွေ အများကြီးရဖို့ ကြေညာနေကြတာလေ"
ရှမြန်သည် သူမ၏မျက်လုံးများက မနေနိုင်ဘဲ ပြူးကျယ်ထားမိတော့၏။ "သူက သူ့ရဲ့ဝမ်းကွဲကိုတောင်မှ ပြန်ဖမ်းနေတာလား"
ရုံရှင်းက ထန်မြောင်မြောင်ကို ကြည့်လိုက်၏။ ထန်မြောင်မြောင်က ခေါင်းညိတ်ပြလိုက်သည်။
"သူ့ဝမ်းကွဲက သူ့အဒေါ်မိသားစုကလေ"
ကျွတ် ကျွတ် ကျွတ်... ငါက အစတုန်းကတော့ ကြာပန်းဖြူလေးလို့ ထင်ထားတာ။ ဒါပေမဲ့ ဒါက လက်ဖက်စိမ်း ပါဝင်နေမယ်လို့ မျှော်လင့်မထားမိဘူး။
မည်သို့ပင်ဖြစ်စေ။ ထိုကိစ္စကို ပြုလုပ်ခဲ့သူမှာ ဖန်ရှောင်ဝမ် ဖြစ်နေသည်ကို အတည်ပြုပြီးသွားခဲ့သည်။ ရှမြန်က သူမ၏ခေါင်းကိုလှည့်လိုက်ကာ နဥ်ရှောက်ပိုင်ကို ကြည့်လိုက်ပြီး" ဒီတစ်ခါတော့ ကျွန်မ သူ့ကို သေချာပေါက် ဆုံးမရမယ်"
နဥ်ရှောက်ပိုင်ကတော့ သူမ၏ရှေ့ဆံပင်လေးကို လှမ်းဆွဲလိုက်ကာ ပြောလိုက်၏။ "စိတ်မပူပါနဲ့"
ဖြစ်နိုင်လျှင်တော့ ရှမြန်သည် ထိုကိစ္စကို သူမကိုယ်တိုင် ပြုလုပ်ချင်လေသည်။ သို့သော်ငြားလည်း ဖြစ်ချင်တော့ သူမနှင့် ဖန်ရှောင်၀မ်တို့က အဆက်အသွယ် မရှိချေ။ ခေါင်းတလားကို မမြင်မချင်း ငိုကြွေးလိမ့်မည် မဟုတ်သည့် ဖန်ရှောင်ဝမ်လို လက်ဖက်စိမ်းမိန်းကလေးတစ်ယောက်က လုံးဝနာကျင် ကြောက်လန့်သွားအောင် လုပ်ရမည်ဆိုလျှင်တော့ နဥ်ရှောက်ပိုင်က ပိုပြီးကျွမ်းကျင်လောက်သည်။
ဖန်ရှောင်၀မ်ကို နဥ်ရှောက်ပိုင်၏လက်ထဲသို့ လွှဲထားလိုက်ပြီး မောက်မိသားစုနှင့် ဟောက်မိသားစုတို့က ထွက်ခွာလာခဲ့တော့သည်။
ရှပေါင်သည် အချုပ်ထဲရောက်နေသဖြင့် အကယ်၍ သူတို့သည် သတင်းကို သိချင်လျှင်တော့ ရှဝမ်ယွဲ့က သူတို့ကို အသိပေးသည်အထိ စောင့်ဆိုင်ရပေလိမ့်မည်။ အစောဆုံး သိရမည်ဆိုလျှင်လည်း သူတို့သည် ဦးကြီးရှနှင့် သူ့မိသားစုတို့က ပြန်သွားသည့်အချိန်အထိ စောင့်ရတော့မည်။
ဦးကြီးနှင့် သူ့မိသားစုသည် နောက်ထပ်၂ရက်ဆက်နေလိုက်ပြီး မောက်ဟွေ့မေက အိမ်ပြန်လာသည့်အထိ စောင့်ဆိုင်းလိုက်ပြီးမှ ပြန်သွားကြတော့၏။
မောက်ဟွေ့မေ လက်ထပ်သည့်အချိန်က မိသားစုထဲတွင် ရုတ်တရက် လူတစ်ယောက်လျော့သွားပြီး အားလုံးကလည်း အနည်းငယ် အသားမကျသလို ဖြစ်နေခဲ့ကြသည်။ သူမသည် ပုံမှန်ဆိုလျှင် အလုပ်များပြီး အိမ်တွင် မရှိသော်ငြားလည်း ညဘက်ရောက်လာသည့် အခါတွင်တော့ ထမင်းစားပြီး ကြသည့်အချိန်တွင် လူတစ်ယောက် လျော့နေသေးသည်ကို ခံစားမိနိုင်သည်။
သို့သော်ငြားလည်း အနားတွင် ကလေးများစွာ ရှိနေသဖြင့် ထိုသတိရသည့် ခံစားချက်သည် မကြာရှည်လိုက်ချေ။
အကြောင်းကလည်း ရှေ့တစ်ရက်က အလုပ်များသွားခြင်း ကြောင့်ပင်။ လူတိုင်းသည် နောက်တစ်နေ့တွင် အိပ်ရာနောက်ကျမှ နိုးလာခဲ့ကြ၏။ လူကြီးများသာဖြစ်လေသည်။
ကလေးများကတော့ အားအင်အပြည့်ဖြစ်နေကြသည်။ ရှမြန်သည် သူမ၏မျက်လုံးကို ဖွင့်လိုက်သည်နှင့် ချက်ချင်း အပြင်ဘက်က ကလေးများ၏ ကျယ်လောင်စွာရယ်မောသံကို ကြားနေရ၏။ သူတို့ထဲတွင် မောက်ဟွေ့ကျူး၏ ရယ်သံက အကျယ်ဆုံးပင်။
သို့သော်ငြားလည်း ချန်ချန်က ထိုအသံကို ထိုးဖောက်သွားပြီး အော်ငေါက်လိုက်၏။ "အား ဖန့်ဖန့် မင်း အနေတာလား"
"မျက်လုံးကိုဖွင့်။ ပါးစပ်ကိုပိတ်"
"ဟားဟားဟား"ယခုအချိန်တွင်တော့ ချန်းချန်း၏ အော်ရယ်သည့် အလှည့်ဖြစ်သည်။ "မျက်လုံးကိုမှိတ်။ ပါးစပ်ကိုဖွင့်"
ရှောင်ဖုန်းကလည်း ပြောလိုက်သည်။ "ကိုကိုချန်ချန် အဲဒီလိုမလုပ်ပါနဲ့။ ဖန့်ဖန့်ကို ငိုအောင်မလုပ်ပါနဲ့"
ထို့နောက်တွင်တော့ ဖန့်ဖန့်၏ကလေးဆန်ဆန် တီတီတာတာ အသံလေးရော နှောနေပြီး အသံများက အင်မတန်မှ အသက်ဝင်စည်ကားလို့နေသည်။
သူမသည် အိပ်ရာကထလာပြီး အပြင်သို့ ထွက်လာသည့်အချိန်တွင် ကလေး၄ယောက်ကို တွေ့လိုက်ရ၏။ ရှောင်ဖုန်း၊ ချန်းချန်း၊ မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့သည် စားပွဲနားတွင် ဝိုင်းထိုင်နေကြပြီး ဖန့်ဖန့်ကို စားပွဲအလယ်တွင် ချထားကြကာ သူတို့သည် ဘာကို ကစားနေကြသည်ကိုတော့ မသိရချေ။
ဟုန်ကျွမ်းက ဧည့်သည်အိပ်ခန်းမှနေ၍ ထွက်လာပြီး ချန်ချန်ကို ကြည့်လိုက်ကာ အပြုံးဖြင့် သူ့ကို ဆူငေါက်လိုက်လေသည်။ "နင်ဟာလေ မနေ့ကတည်းက နင့်ရဲ့ညီလေးကို ဘာဖြစ်လို့ နှိပ်စက်နေတာလဲ။ တကယ်လို့ သူ့ထပ်ငိုသွားရင် နင့်ဟာနင် သွားချော့ရမှာနော်"
မောက်ဟွေ့ကျူးက ရယ်မောလိုက်၏။ "ဖန့်ဖန့်ကပဲ ချန်ချန်ကို ငိုအောင်လုပ်တော့မှာ"
အီကြာကွေးကြော်တစ်အိတ်ကို သယ်လာခဲ့သည့်ရှဟိုင်သည် ထိုစကားကို ကြားလိုက်သည့်အခါ အံ့သြသွားလေသည်။ "တကယ်လား။ သူကသာ တခြားလူတွေကို ဒေါသထွက်အောင် လုပ်တတ်တဲ့သူပါ။ ဒါပေမဲ့ သူ့ကိုဒေါသထွက်အောင် လုပ်နိုင်တဲ့သူရော ရှိသေးသတဲ့လား။ ဒါဆိုရင်တော့ ဝမ်းသာစရာပဲ"
"လုပ်ပါဦး ဖန့်ဖန့်။ ဘယ်လိုဒေါသထွက်အောင် လုပ်တယ်ဆိုတာ သားရဲ့ဦးဦးကို ပြလိုက်ပါဦး။ သူ့ကို ငိုအောင်လုပ်လိုက်။ သားရဲ့ဦးဦးက သားကို ရေခဲမုန့်ဝယ်ကျွေးလိမ့်မယ်"
ဖန့်ဖန့်သည် ချက်ချင်းဆိုသလို မျက်လုံးများ ဝိုင်းစက်သွားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ကာ အ အာဟူသည့်အသံလေးကို ပြုလုပ်နေလေသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ချန်ချန်ကလွဲလျှင် အခြားကလေးများက သူတို့၏ဗိုက်ကိုနှိပ်ကာ မရပ်တန်း ရယ်မောနေကြသည်။
လူကြီးများက ဇဝေဇဝါဖြစ်သွားကြ၏။
ထို့နောက်တွင်တော့ မောက်ဟွေ့ကျူးက သူတို့ကို ကွက်ကွက်ကွင်းကွင်းလေး ရှင်းပြလေသည်။
အဖြစ်က မနေ့တုန်းက မောက်ဟွေ့မေ၏မင်္ဂလာပွဲက ပန်းကြဲပေးသည့် ကလေးမလေး၂ယောက်က စလေသည်။ ထိုကလေးမလေး၂ယောက်သည် ဖန်းရုံဖန်၏ အကြီးဆုံးအစ်ကိုမိသားစုက အသက်၄နှစ်အရွယ် အမြွှာလေးဖြစ်၏။
ကလေးနှစ်ယောက်သည် တစ်ပုံစံတည်း ရုပ်ချင်းဆင်တူပြီး အဖြူရောင်ဇာဝမ်းဆက်နှင့် နတ်သမီးလေးများလို ဝတ်ဆင်ထားသည်။ သူတို့သည် အရမ်းချစ်ဖို့ကောင်းနေ၏။
သူတို့သည် ကလေးမလေးများက ချစ်စရာကောင်းသည်ကို တွေ့လိုက်ရသည့်အခါ ကလေးမလေးကို ခေါ်လာပြီး အတူတူကစားကြတော့သည်။
အစပိုင်းတွင်တော့ အဆင်ပြေသေးသည်။ သို့သော်ငြားလည်း မကြာမီတွင် အမြွှာများသည် သူတို့၏အမေကိုရှာဖွေမည်ဟု စတင်ဂျီကျကြတော့၏။ အမြွှာ၂ယောက်ကို ဆက်ပြီး ခေါ်ထားဖို့ရန်အတွက် သူတို့က သူတို့ကိုချော့မော့ဖို့ရန် အကြိုက်ဆုံး ချောကလက်ကို အသုံးချကြသည်။ "ချောကလက်ကို စားပြီးမှ အမေ့ကို သွားရှာကြမယ်နော်"
အမြွှာကလည်း ချက်ချင်း အငိုတိတ်သွားကြသည်။ သူတို့က ချောကလက်ကို အကြိုက်ဆုံးဖြစ်၏။ သို့သော်ငြားလည်း သူတို့သည် ထိုချောကလက်ကို ခဏခဏမစားနိုင်ချေ။
သို့သော်ငြား ချောကလက် ကျွေးသည့်အချိန်တွင်တော့ ပြဿနာတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်ခဲပတ်ဖြင့် ထုပ်ထားသည့်ချောကလက်က တစ်ခုတည်းသာကျန်ခဲ့သည်။
အမြွှာတို့၏အကျင့်အတိုင်း သူတို့၏ပစ္စည်းများသည် တစ်ပုံစံတည်းဖြစ်ရမည်။ သို့မဟုတ်လျှင်တော့ သူတို့သည် ဂျီကျကြပေလိမ့်မည်။
သို့သော် စားပွဲပေါ်က သကြားလုံးများကလည်း မရှိတော့ချေ။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့သည် အချိန်အကြာကြီး သူတို့၏အိတ်ကပ်ကို ရှာဖွေပြီးသွားသည့်နောက်တွင်တော့ ချောကလက်ကဲ့သို့ အရသာအရှိဆုံးသကြားလုံးများက ကုန်သွားပြီကို တွေ့လိုက်ရ၏။ သူတို့သည် နို့သကြားလုံးနှင့် အလဲအလှယ် လုပ်ချင်ခဲ့သော်ငြားလည်း အမြွှာများက ငြင်းဆန်ကြသည်။
ထို့ကြောင့် ချန်းချန်းက နည်းလမ်းတစ်ခုကို စဉ်းစားရတော့၏။ သူက ခဲပက်လေးကို ဒီအတိုင်းခွာလိုက်ကာ ချောကလက်ကို ၂ပိုင်းပိုင်းလိုက်သည်။ ရလဒ်အနေဖြင့် အမြွှာများက တစ်ဖန် ဂျီကျကြပြန်သည်။ အကြောင်းမှာ ချန်းချန်းပိုင်း လိုက်သည့် ချောကလက်က တစ်ခုသေးတစ်ခုကြီး ဖြစ်နေခြင်းကြောင့်ပင်။
ချန်ချန်နှင့် မောက်ဟွေ့ကျူးတို့ကလည်း အလွန်စိုးရိမ်သွားပြီး မောက်ဟွေ့ကျူးက ချောကလက်ကို တိုင်းတာဖို့ရန်အတွက် ပေတံတစ်ခုပင် သွားရှာချင်လေသည်။ သို့သော်ငြားလည်း ချန်းချန်းကတော့ သူမကို ငတုံးဟုခေါ် လိုက်၏။
ထို့နောက်တွင် ချန်းချန်းက အမြွှာများကို ပြောလိုက်သည်။ "လာ။ ဂိမ်းတစ်ခု ကစားရအောင်။ နင်တို့မျက်လုံးတွေကို မှိတ်ထားလိုက်"
ကလေးများကလည်း ဒီလိုကစားစရာကို မျှော်လင့်ထားဟန်တူသည်။ မျက်လုံးများကို မှိတ်လိုက်ကြ၏။ သူတို့က နာနာခံခံဖြင့် မျက်လုံးများကို မှိတ်လိုက်ပြီးသည့်နောက်တွင် ချန်းချန်းက ပြောလိုက်လေသည်။
"ပါးစပ်ဟ"
ကလေး၂ယောက်စလုံးကလည်း နာနာခံခံဖြင့် ပါးစပ်ဟလိုက်ကြသည်။ ချန်းချန်းက သူ့လက်ထဲက ချောကလက်၂ပိုင်းကို သူတို့ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီး ဉာဏ်များကာ အသေးတစ်တုံးကို ချန်ထားလိုက်ပြီး သူက ထိုအကြီးတစ်တုံးကို အသစ်ထပ်ချိုးလိုက်ကာ သူတို့ကို ပေးလိုက်သည့်၂ခုက အရွယ်အစားတစ်ခုတည်း ဖြစ်သည်ဟု ပြောလိုက်လေသည်။
အစားအသောက်ကလည်း စားသောက်ပြီးသွားပြီ ဖြစ်သည်။ ကလေး၂ယောက်က အန်ထုတ်လိုက်လျှင်ပင် ဘာမှမြင်ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မူကြိုကျောင်းပင် မတက်ရသေးသည့် အမြွှာလေး၂ယောက်သည် လှည့်စားခံလိုက်ရတော့၏။
ထို့နောက်တွင်တော့ မနေ့က အိမ်ပြန်ရောက်လာသည့်အချိန်တွင် ရှမြန်က သံပရိုသီးတလုံးကိုခွဲကာ အားလုံးအတွက် အပူသက်သာဖို့ရန်အတွက် ရေထဲတွင် စိမ်ထားပေးလိုက်သည်။ ချန်ချန်က သူတို့ကို ကစားဖို့ရန် သံပရိုသီးတစ်စိတ် ခိုးထားလိုက်လေသည်။
လူကြီးများက သင်ခန်းစာရသွားပြီဖြစ်သဖြင့် အရူးလုပ်ခံရမည် မဟုတ်တော့ချေ။ ထို့ကြောင့် ချန်ချန်က ဘာမှ မသိနားမလည်သေးသည့် ဖန့်ဖန့်ကို ပစ်မှတ်ထားလေတော့သည်။
...