← Chapters

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အခန်း (၂၂၀-၂၂၂)

Vol. 15 Ch. 220-222

အပိုင်း (၂၂၀)

ဖြစ်ချင်တော့ ကောင်ကလေးသည် စကားကို လုံးစေ့ပတ်စေ့ မပြောတတ်သေးသော်ငြားလည်း သူ့ဦးနှောက်က အလွန်ကောင်းနေသည်။ လွန်ခဲ့သည့်၂ရက်က တစ်ကိုယ်လုံး တုန်ယင်သွားအောင် ချဥ်သည့်အရသာကို ခံစားခဲ့ရပြီးနောက် သူသည် သံပယိုသီးဟူသည့် စကားလုံးကို အလွန်ကောင်းကောင်းမွန်မွန် မှတ်မိနေ၏။

ချန်ချန် ချဉ်းကပ်လာသည်ကို မြင်လိုက်သည့်အခါ သူက လက်ကိုဝှေ့ရမ်းပြီး ကလေးသံလေးဖြင့် ပြောလိုက်သည်။ "ဟင့်အင်း ဟင့်အင်း။ ဝေးဝေးသွား"

ဒီလိုနှင့် ချန်ချန်သည် ချန်းချန်း၏လှည့်ကွက်ကို သတိရသွားပြီး ဖန့်ဖန့်ကို ချော့မော့ပြောတော့၏။

"ဖန့်ဖန့် မျက်လုံး မှိတ်ထား"

ကလေးကလည်း နာနာခံခံဖြင့် မျက်လုံးလေးကို မှိတ်သည်။ ချန်ချန်က သံပရိုသီးကို ပြင်ဆင်လာခဲ့ပြီးသားဖြစ်ရာ ညစ်ကျယ်ကျယ်အပြုံးဖြင့် ပြောလိုက်၏။ "ပါးစပ်ဖွင့်လိုက်"

ဒီအကြောင်းသို့ ရောက်လာသည့်အချိန်တွင်တော့ မောက်ဟွေ့ကျူးမှာ မနေနိုင်ဘဲ ရယ်မောလေသည်။ သူမက ထိုအချိန်က ဖန့်ဖန့်လုပ်ခဲ့သည့်အရာအတိုင်း အတုယူပြလိုက်ပြီး တစ်ပြိုင်တည်းတွင် ပါးစပ်ရော မျက်လုံးရောပါ ဖွင့်လိုက်၏။

"ဟား ဟား ဟား... ဖန့်ဖန့်က ချန်းချန်းရဲ့လက်ထဲက သံပရိုသီးကို သတိထားမိသွားပြီး လှည့်ပြေးတော့တာပဲလေ"

ချန်းချန်းက သူ့ဗိုက်ကိုနှိပ်ထားကာ ထပ်ပြောလိုက်၏။ "ချန်ချန်ကလည်း အံ့သြသွားတာပေါ့။ ဟား ဟား ဟား..."

စားပွဲပေါ်တွင် ထိုင်နေသည့်ဖန့်ဖန့်က သူတို့က သူ့အကြောင်း ပြောနေသည်ကို သိပုံရသည်။ မျက်လုံးလေးကို ဝိုင်းစက်ထားပြီး သူ့ပါးစပ်ကိုဟကာ အားလုံးကို"အားအား"ဟု လှမ်းပြီးစကားပြောရင်း အားလုံးကို ရယ်မောရစေတော့သည်။

"အဲ့ဒါမပြီးသေးဘူးနော်"မောက်ဟွေ့ကျူးက ဆက်ပြောသည်။ "ခဏနေတော့ ချန်ချန်က သူ့ကို ဆက်ပြီးတော့ ချော့တယ်လေ"

နောက်ဆုံး ဖန့်ဖန့်လေးသည် အများကြီး မမှတ်မိနိုင်ချေ။ ထို့ကြောင့် သူ့ကို သံပရိုသီး မကျွေးသရွေ့ သူကလည်း အားလုံးကို သဘောတူပေးသည်။

ချန်ချန်သည် သူ့ကိုခဏလောက် စိတ်ရှည်လက်ရှည်နှင့် စနောက်ကျီစယ်ပေးရင်း သူ၏ အစောပိုင်းစစ်ဆင်ရေးကို ဆက်လုပ်လေ၏။ ဒီတစ်ကြိမ်တွင်တော့ သူသည် သင်ခန်းစာ ရသွားပြီဖြစ်ရာ သံပရိုသီးအစိတ်လေးကို စောစောစီးစီး ထုတ်မလာခဲ့ချေ။ သူက ဖန့်ဖန့်ကို မျက်လုံးမှိတ်ပြီး ပါးစပ်ကိုဖွင့်ခိုင်းသည့်အခါ ဖန့်ဖန့်ကလည်း တစ်ချိန်တည်းတွင် မျက်လုံးနှင့်ပါးစပ်များကို ဖွင့်ထားသည်။

ချန်ချန်က ဆက်ပြောလိုက်၏။ "ဖန့်ဖန့် အခုမျက်လုံးကို မှိတ်လိုက်"

ထို့နောက်တွင်တော့ ဖန့်ဖန့်သည် တစ်ချိန်တည်းတွင် သူ့မျက်လုံးနှင့် ပါးစပ်ကို ပိတ်လိုက်၏။

မောက်ဟွေ့ကျူးက ပြုံးကာ ဖန့်ဖန့်၏အမူအရာကို လိုက်ပြီးအတု ယူပြလေသည်။ သူ၏မျက်လုံးနှင့် ပါးစပ်များသည် ခလုတ်တစ်ခုနှယ် မြန်မြန်ဖွင့်ပိတ်၍ ရနိုင်နေ၏။

နောက်ဆုံးတွင်တော့ ကလေးကိုပင် သံပရိုသီး မကျွေးနိုင်ခဲ့သည့် ချန်ချန်မှာ စိတ်ပျက်ရတော့သည်။

ချန်ချန်သည် ကလေးကို စနောက်ရာတွင် သူ၏ပထမဦးဆုံး ကြိုးစားအားထုတ်မှု ကျရှုံးခဲ့၏။ သူသည် ထိုကိစ္စနှင့်ပတ်သက်ပြီး လုံးဝကို မကျေမချမ်းဖြစ်နေတော့သည်။ ဒီမနက်တွင်တော့ သူ၏ မကျေနပ်စိတ်ကို လက်စားချေဖို့ရန်အတွက် အစောကြီးထလာခဲ့သည်။

ရှောင်ဖုန်း၊ ချန်းချန်းနှင့် မောက်ဟွေ့ကျူးတို့ကလည်း သူရယ်စရာလုပ်နေသည်ကို ကြည့်ချင်ကြလေသည်။ ရလဒ်အနေဖြင့် မနေ့တုန်းကနှင့် မကွာခြားချေ။ သို့သော်ငြားလည်း ချန်ချန်သည် ညတွင်းချင်းအဖြေတစ်ခုကို စဉ်းစားထားသည်မှာ သိသာသည်။

ဖန့်ဖန့်က သူ၏ပါးစပ်နှင့် မျက်လုံးများကို မှိတ်ထားသည့်အချိန်တွင် ချန်ချန်က ကလေး၏ပါးစပ်ကို ညှစ်ထားပြီးပြောလိုက်၏။ "မျက်လုံးကိုဖွင့်"

သူသည် ဒီတစ်ကြိမ်တွင်တော့ အောင်မြင်လိမ့်မည် ဟုထင်ထားခဲ့သည်။ သို့သော်ငြားလည်း ဖန့်ဖန့်၏ပါးစပ်က ညှစ်ခံထားရပြီး သူ့မျက်လုံးများကလည်း ကော်နှင့် ဆွဲပိတ်ထားသယောင်ရှိ၏။ သူသည် မည်သို့ပင် ကြိုးစားဖွင့်ပါစေ မျက်လုံးများကို မဖွင့်နိုင်အောင် ရှိနေတော့သည်။

မောက်ဟွေ့ကျူးက ပြောရင်းဆိုရင်း သရုပ်ပြဖို့ရန်အတွက် ဖန့်ဖန့်၏ပါးစပ်လေးကို အသာအယာ ညှစ်ထား၏။ ဟုတ်ပါသည်။ ကလေးက သူ့မျက်လုံးများကို မှိတ်ထားပြီး ပြန်မဖွင့်သည်ကို မြင်လိုက်ရသည့်အခါ အားလုံးက ရယ်မောကြတော့၏။

ထိုနောက်တွင်တော့ ဖန့်ဖန့်တစ်ယောက်သည် တစ်နေ့လုံးနီးပါး မျက်နှာပြင်ကြွက်သားလေ့ကျင့်ခန်းကို လုပ်လာရတော့သည်။ ချန်ချန်သည် လက်လျှော့ဖို့ရန် ဖိအားပေးခံလိုက်ရသည့် အချိန်မှသာ ချန်းချန်း၊ ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့က ဘယ်သူကမှ သူတို့ကို ဂရုမစိုက်သည့်အချိန်တွင် ကလေးရှေ့၌ ပါးစပ်ဖွင့်မျက်လုံးမှိတ် ဟူသည့်ဂိမ်းကို တိတ်တိတ်လေး ကစားကြလေသည်။

ရှမြန်သည် ရှောင်ဖုန်းနှင့် ချန်းချန်းတို့က တိတ်တိတ်ကလေး ခိုးဝင်သွားကြသည်ကို ပြတင်းပေါက်အပြင်ဘက်မှနေ၍ စောင့်ကြည့်နေ၏။ သူတို့ထဲကတစ်ယောက်က ဖန့်ဖန့်၏ပါးစပ်ကို ညှစ်ထားပြီး ကျန်သည့်တစ်ယောက်က သူ့ကိုချော့မော့ရင်း မျက်လုံးကို ဆွဲဖွင့်ခိုင်းထားသည်။ သူမမှာ အရယ်မရပ်နိုင်အောင် ရှိရတော့သည်။

နောက်ဆုံးတွင်တော့ ဖန့်ဖန့်သည် သူတို့ကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံးများက ဝိုင်းစက်နေအောင် ပြူးကျယ်ထားပြီး သူ့ပါးစပ်ကိုတော့ အကျယ်ကြီးဖွင့်ထားကာ တအားအားနှင့် အော်နေတော့၏။

လူကြီးများကလည်း အသည်းအသန် ရယ်မောကြတော့သည်။

နောက်ဆုံးတွင်တော့ သူတို့သည် လက်လျှော့လိုက်ကြပြီး သူတို့၏လက်တွေ့စမ်းသပ်မှုကိုသာ သွားလုပ်လိုက်ကြသည်။ နောက်ဆုံး ချန်ချန်ကလည်း ပြန်ရတော့မည်ဖြစ်၏။ သူတို့သည် သူတို့၏ လက်တွေ့စမ်းသပ်မှုကို ပြီးမြောက်အောင် လုပ်ချင်ကြသည်။

သူတို့သည် လက်တွေ့စမ်းသပ်မှုကို လုပ်နေသည်တွင် တစ်နေ့လုံး အေးချမ်းသည့်နေ့လေးတစ်နေ့ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြားလည်း မောက်ဟွေ့မေက အိမ်ပြန်လာခဲ့ပြီးသည့်နောက် ခွဲခွာရတော့မည့်အကြောင်း စိတ်မကောင်းဖြစ်နေကြသည်တွင် အပြင်ဘက်မှနေ၍ ဆူညံသံတစ်ခုကို ကြားလိုက်ရလေသည်။

ရှောင်ဖုန်းက အရင်ဆုံး ပြေးဝင်လာ၏။ "ဦးလေးဟိုင် အစ်ကိုချန်ချန်နဲ့ ဒေါ်လေးဟွေ့ကျူးတို့ လက်‌ချောင်းတွေက သစ်သားထဲမှာ ညပ်နေကြပြီ"

ရှဟိုင်သည် ထရပ်ကာ အပြင်သို့ လျှောက်ထွက်သွားရင်း ကျိန်ဆဲတော့၏။ "ဒီခွေးကောင်လေးကတော့ တစ်ရက်မှ အေးအေးချမ်းချမ်း မနေနိုင်ပါလား"

ထို့နောက်တွင်တော့ တခြားသူများကလည်း သတိပြန်ဝင်လာကြကာ အခြေအနေကို ကြည့်ရှုဖို့ရန်အတွက် အပြေးအလွှား ထွက်လာကြလေသည်။

ချန်ချန်နှင့် ဟွေ့ကျူးတို့သည် ရှည်လျားသည့် သစ်သားဘုတ်ပြားတစ်ခုကို သယ်ကာ ခြံဝင်းထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရ၏။

မောက်ဟွေ့ကျူးက အော်ဟစ်ကာ ပြောလေသည်။ "ဖြည်းဖြည်းလျှောက်ပါဟဲ့။ နာတယ်"

ချန်းချန်းကလည်း ဒေါသတကြီး ပြောသည်။ "ချန်ချန် ဖြည်းဖြည်းလျှောက်လေ။ ဘေးဘက်ကို လှည့်လိုက်။ ဘေးဘက်ကို လှည့်လိုက်။ ဒီလိုဆိုရင် မင်းတို့ ဝင်လို့ရမှာလား"

ချန်ချန်သည် မတတ်နိုင်တော့ဘဲ ဘေးသို့စောင်းလိုက်ပြီး ရှေ့သို့လျှောက်သွားလိုက်စဉ်တွင် မောက်ဟွေ့ကျူးက သူ့နောက်မှနေ၍ လိုက်ပါလာသည်။ သေသေချာချာလေး ကြည့်လိုက်သည့်အခါ သူတို့တစ်ယောက်ချင်းစီ၏ လက်ချောင်းတစ်ချောင်းသည် သစ်သားဘုတ်ပြား၏ အစွန်းတစ်ဖက်တွင်ရှိသည့် အပေါက်လေးထဲတွင် ကျွံဝင်နေသည်ကို တွေ့လိုက်ရ၏။ သူတို့၏လက်ချောင်းများမှာ သိသိသာသာနီရဲကာ ယောင်ကိုင်းနေပြီဖြစ်သည်။

ရှဟိုင်သည် အတွေ့အကြုံရှိနှင့်နေပြီးသားဖြစ်သဖြင့် လက်ချောင်းကို တိုက်ရိုက်ဆွဲထုတ်ဖို့ရန် လုံးဝမဖြစ်နိုင်သည်ကို တစ်ချက်ကြည့်လိုက်ရုံနှင့် သိနေ၏။ ထို့ကြောင့် သူက ပျဥ်ပြားကို အပိုင်းအစဖြစ်သွားအောင် ဖြတ်ထုတ်ပစ်ဖို့ရန်သာ တတ်နိုင်တော့သည်။ သူက ရှ၀မ်ယွဲ့ကို မြန်မြန်မေးလိုက်၏။ "အဒေါ်၂ လွှဘယ်နားမှာလဲ။ ဒီကို မြန်မြန်ယူလာပေးပါဦး"

ရှ၀မ်ယွဲ့က မောက်ဟွေ့လန်ကို လွှသွားယူခိုင်းလာ၏။ သို့သော်ငြားလည်း ချန်ချန်ကတော့ ဂရုမစိုက်ဘဲ ပြောလေသည်။ "အဖေ လွှမလိုပါဘူး။ ဒီအတိုင်း ရေခဲတုံးကို သုံးလိုက်။ ဒါကို အပူကျုံ့ခြင်း ပွခြင်း နိယာမလို့ ခေါ်တယ်။ သားရဲ့လက်ချောင်းတွေက အေးသွားတဲ့အချိန်ကျရင် တဖြည်းဖြည်းနဲ့ ပိန်သွားလိမ့်မယ်"

မောက်ဟွေ့ကျူးကလည်း ခေါင်းညိတ်သဘောတူသည်။ "ဟုတ်တယ်။ ဟုတ်တယ်။ ရေခဲသေတ္တာထဲက ရေခဲတုံးတွေကိုပဲ သွားယူလာပေး"

သူတို့ဘေးတွင် ရပ်နေသည့် ချန်းချန်းသည် ဆွံ့အသွားတော့သည်။ "ဒါဆိုရင် နင်တို့နှစ်ယောက်က ဒီအပေါက်တွေထဲကို နင်တို့လက်ချောင်းတွေကို တမင်တကာ ထိုးထည့်ပြီးတော့ ယောင်ကိုင်းလာတဲ့အထိ ပွတ်သပ်နေကြတာလား"

ချန်ချန်က ပြောလိုက်သည်။ "ပွတ်အားက အပူကို ထုတ်လွှတ်ပေးတယ်လေ။ အပူက ပွစေတယ်။ အအေးက ကျုံ့စေတယ်။ ငါ ပြောတာ မှန်တယ်မဟုတ်လား"

ချန်းချန်းမှာ ဒေါသထွက်သွားတော့သည်။ "အပူချိန်ပွခြင်း၊ ကျုံ့ခြင်းဆိုတာ ပစ္စည်းတွေအပေါ်မှာပဲ သက်ရောက်မှုရှိတာ။ မင်းတို့တွေက ပစ္စည်းတွေမလို့လား"

ရှမြန်မှာ မတတ်သာတော့ဘဲ ဆက်ပြောလိုက်ရ၏။ "ဟုတ်တယ်။ သူတို့တွေက ဘာမှမဟုတ်ဘူးလေ"

ရှောင်ဖုန်းသည် သူမ ပြောချင်သည့် အဓိပ္ပာယ်ကို ချက်ချင်းသဘောပေါက်သွား၏။ သူက လက်ကို ဆန့်လိုက်ကာ သူမ၏လက်ကို လှမ်းတွဲလိုက်ပြီး သူ့နှုတ်ခမ်းကိုတော့ တင်းနေအောင် စေ့ထားပြီး မပြုံးမိအောင်ကြိုးစားနေလေသည်။

နဂိုက ဒေါသထွက်နေသည့် ချန်းချန်းကလည်း နားလည်သွားတော့၏။ သူကတော့ လုံးဝယဉ်ကျေးမနေတော့ဘဲ ချက်ချင်းရယ်မောလိုက်တော့၏။ "ဟုတ်တယ်။ မင်းတို့တွေက အလကားတွေ"

မောက်ဟွေ့ကျူးက ပြန်ကျိန်ဆဲလိုက်၏။ "နင်ကမှ အလကားဟာ"

ချန်းချန်းက မေးလိုက်သည်။ "နင်က ပူလာရင်ပွပြီး အေးလာရင် ကျုံ့သွားတဲ့ ပစ္စည်းမလို့လား"

ချန်ချန်က ပြောလိုက်သည်။ "ငါတို့ရဲ့လက်ချောင်းတွေ အခု အရမ်း ပူနေတယ်လေ။ ဒါကြောင့်မလို့ ဒါတွေက ယောင်လာတာ မဟုတ်ဘူးလား"

ချန်းချန်းက ဒေါသထွက်ထွက်ဖြင့် ပြောရသည်။ "မင်းတို့တွေက ယောင်လာတာ။ ဟုတ်ပြီလား။ ယောင်လာတာ။ ဘယ်လိုလုပ်ပြီးတော့ ကိုယ့်ဟာကိုယ် ပွတက်လာတယ်လို့များ ပြောနိုင်တာလဲ မသိပါဘူး။ ငတုံး၂ကောင်"

"အပူ ပွခြင်းကျုံ့ခြင်းကြောင့် ရေခဲသေတ္တာထဲက ရေတွေက အေးခဲသွားတာ မဟုတ်ဘူးလား။ ငါတို့တွေ အဲဒါကို ဒီနေ့ညနေခင်းမှာ တွေ့ရမှာပဲလေ။ မင်းတို့တွေက ဘာလုပ်နေကြတာလဲ"

ချန်ချန်က ပြောလိုက်သည်။ "ဒါကအရမ်း နှေးကွေးလွန်းမနေဘူးလား"

"ဒီတော့ မင်းက လက်တွေ့စမ်းသပ်ဖို့အတွက် မင်းရဲ့ကိုယ်ပိုင်လက်ချောင်းကို သုံးလိုက်တာပေါ့ ဟုတ်လား" ချန်းချန်းသည် သူတို့၏နီရဲယောင်ကိုင်းနေသည့် လက်ချောင်းများကို ကြည့်လိုက်ပြီး စိုးရိမ်လာသလို ဒေါသလည်း ထွက်လာတော့သည်။

ရှဟယ်နှင့် ရှချွမ်းတို့ကတော့ ထိုင်ခုံအမြင့်ကြီး၂လုံးကို နေရာချထားပြီးသားဖြစ်သည်။ ရှဟိုင်က မောက်ဟွေ့လန်၏လက်ထဲက လွှကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။ "ချန်းချန်း ဘာမှမဖြစ်ဘူး။ ချန်ချန်က အကြမ်းခံတယ်။ သူ ဒီအဆင့်ကိုတော့ ဘယ်လိုမှမနေဘူး" သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဟွေ့ကျူးကို ပြောလိုက်၏။ "ဒီဘက်ကိုလာ။ ငါ နင့်ကို အရင်ဆုံးလုပ်ပေးမယ်"

မောက်ဟွေ့ကျူး၏လက်ချောင်းသည် အမှန်ပင် နာကျင်နေပြီဖြစ်၏။ ထို့ကြောင့် သူမကလည်း နာနာခံခံဖြင့် လျှောက်လာပြီး သစ်သားပြားကို ထိုင်ခုံပေါ်သို့ တင်လိုက်လေသည်။ သစ်သားပြားသည် မတော်တဆ ချန်ချန်ကိုလည်း ဆွဲသွားမိရာ သူ့မှာနာနာကျင်ကျင်ဖြင့် အော်ဟစ်တော့၏။

ရှဟိုင်က သူ့ကို ဒေါသတကြီးဖြင့် ကြည့်ကပြောလိုက်သည်။ "ကိုယ့်ဟာကိုယ် ဣန္ဒြေဆယ်စမ်း"

ချန်ချန်က လက်မခံနိုင်စွာ ညည်းညူလေသည်။ "ကျွန်တော်က အခုမှ အပူချိန်ပွခြင်း၊ ကျုံ့ခြင်းကို စမ်းသပ်ချင်တာလေ။ တကယ်လို့ အဖေ ဒါကို မယုံဘူးဆိုရင် ကျွန်တော့်ကို ရေခဲနည်းနည်းလောက် သွားယူလာပေးလို့ရတယ်။ ကျွန်တော် လွှာတစ်ချောင်း မလိုဘူး။ ကျွန်တော်ရဲ့လက်က ခဏနေကျရင် သူ့ဟာသူ ထွက်လာမှာ"

ရှောင်ဖုန်းသည် သူ့အတွက် ရေခဲတုံးတချို့ကို ယူလာနှင့်ပြီးသားဖြစ်၏။ သူ၏ယောင်ကိုင်းနေသည့် လက်ချောင်းများက ကျုံ့မသွားခဲ့လျှင်ပင် သူသည် ရေခဲကို ကပ်ဖို့ရန် လိုအပ်သေးသည်။ နောက်ဆုံး မောက်ဟွေ့ကျူးကတော့ ခဏနေရင် လွတ်လာတော့မည်ဖြစ်၏။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က သူ့ကို အလှည့်ကျ ရေခဲကပ်ပေးကြသည်။ သို့တိုင် မောက်ဟွေ့ကျူး၏ လက်ချောင်းများက လွတ်လပ်သွားသည့်အချိန်တွင် ချန်ချန်၏ လက်ချောင်းများကတော့ ကျုံ့မသွားသည့်အပြင် ပိုလို့ပင် ယောင်ကိုင်းလာသေးသည်။

ရှဟိုင်က ဒါကို မမြင်ချင်ဟန်ဆောင်ထားလိုက်ပြီး မောက်ဟွေ့လန်အား လွှကို ပြန်ပေးလိုက်၏။ "ရော့။ လွှကို ပြန်သိမ်းထားလိုက်။ သူက ဘာပဲဖြစ်ဖြစ်လေ ရေခဲတုံးတွေကိုပဲ သုံးဖို့လိုတာ"

"မဟုတ်ဘူး။ ရေခဲတုံးတွေက အလုပ်မဖြစ်ဘူး" ချန်ချန်က အော်ပြောလိုက်၏။ "အဖေ သားကို ကယ်ပါဦး"

လီဖန်ကလည်း ပြောလိုက်သည်။ "မြန်မြန်လုပ်ပါ။ သူ့ရဲ့လက်ချောင်းတွေ အားလုံး ပြာနှမ်းကုန်ပြီ"

ထိုအခါကျမှ ရှဟိုင်သည် စတင်လုပ်ဆောင်ပေး၏။ သို့သော်ငြားလည်း သူသည် မောက်ဟွေ့ကျူးတုန်းကကဲ့သို့ ညင်ညင်သာသာလေးတော့ မရှိချေ။ ချန်ချန်၏ နာနာကျင်ကျင် အော်ဟစ်နေသည့်အသံကြားထဲတွင် သူက ၅မိနစ်၊ ၆မိနစ်လောက် အချိန်ယူကာ သစ်သားပြားကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် လွှဖြင့် ဖြတ်ပေးလိုက်လေသည်။ မောက်ဟွေ့ကျူးကဲ့သို့ပင် ချန်ချန်ကလည်း ရှောင်ဖုန်း ပြင်ဆင်ပေးထားသည့် ရေခဲရေထဲတွင် လက်ကို မြန်မြန် သွားထည့်ထားတော့၏။

ဝရုန်းသုံးကားအခြေအနေကို ဖြေရှင်းပြီးသွားသည့်နောက်တွင် အားလုံးသည် သူတို့ကိုကြည့်ရင်း မရယ်မောဘဲ မနေနိုင်အောင်ဖြစ်ရလေသည်။ ရှဟိုင်က မောက်ဟွေ့လန်ကို လွှအား ပြန်ပေးလိုက်ပြီးနောက် သူ့လက်နှစ်ဖက်ထဲသို့ တံတွေးထွေး ထည့်လိုက်၏။ ချန်ချန်သည် အခြေအနေ မကောင်းမှန်း မြင်လိုက်ရသဖြင့် လက်စိမ်နေသည့် အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထွက်ပြေးတော့၏။

ရှဟိုင်ကလည်း သူ့နောက်သို့ ကျွမ်းကျွမ်းကျင်ကျင် လိုက်ဖမ်းလေသည်။ ခြံထဲတွင် တစ်ဖန် ဝရုန်းသုံးကား အခြေအနေ ထပ်ဖြစ်သွားတော့၏။

ဦးကြီးရှက သက်ပြင်းချပြီး ပြောလိုက်၏။ "သူက လက်တွေ့စမ်းသပ်မှုတွေလုပ်တော့ ပိုပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝလေးတစ်ခု ရနိုင်တော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီဘဝမှာတော့ သူ့အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး"

မိဘအိမ်သို့ ပြန်လာသည့် မောက်ဟွေ့မေ၏ နေ့ရက်သည် နောက်ထပ် အသက်ဝင်စည်ကားလာသည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ သူမသည် သူမခင်ပွန်း၏အိမ်တွင် ကောင်းကောင်းမွန်မွန် နေထိုင်နေသည်မှာ သိသာသည်။ ရှ၀မ်ယွဲ့က သူမနှင့် နှစ်ယောက်တည်း စကားပြောပြီး စိတ်အေးသွားတော့သည်။

ဖန်းမိသားစု၏ အခြေအနေအားလုံးကလည်း ကောင်းမွန်သည်။ သူတို့လက်ထပ်ပြီးစအချိန်က ယောက်မများအကြားတွင် ရန်ဖြစ်စကားများခြင်းတချို့တော့ ရှိခဲ့သော်ငြားလည်း မောက်ဟွေ့မေသည် ချမ်းသာပြီး ယုံကြည်ချက်ရှိသူ ဖြစ်သဖြင့် အနာဂတ်တွင် ကြီးကြီးမားမားပြဿနာ ဖြစ်လာလိမ့်မည်တော့ မဟုတ်ချေ။

သူမ ပြန်လာသည့်အချိန်တွင်တော့ မောက်ဟွေ့ကျူးက တစ်ဖန် ငိုကြွေးပြန်သည်။ သို့သော်ငြားလည်း သူမသည် ပြဿနာ မရှာတော့ချေ။ ထိုနေ့က ပြန်လာခဲ့ပြီးသည့်နောက်တွင် ရှ၀မ်ယွဲ့သည် သူမကို အိမ်ထောင်ပြုခြင်း၏ အဓိပ္ပာယ်ကို ပြောပြခဲ့ပြီးသားဖြစ်၏။

သူမအပြင် ရှောင်ဖုန်းကိုလည်း နဥ်ရှောက်ပိုင်က ခေါ်သွားကာ အချိန်အကြာကြီး စကားပြောခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့ပြောခဲ့သည့်စကားကို မည်သူကမှမသိချေ။ မည်သို့ဆိုစေ ဦးလေးအလောင်းအလျာ၊ နဥ်ရှောက်ပိုင် အပေါ်ထားသည့် ရှောင်ဖုန်း၏တာဝန်ယူမှု သိတတ်စိတ်သည် တစ်ဖန် နိုးထလာခဲ့တော့၏။

ရှမြန်က သူ့ကို ထိုအကြောင်း မေးသည့်အချိန်တွင် သူကလည်း တလေးတနက်ဖြင့် ပြန်ပြောလာသည်။

"အန်တီလေး သားတို့တွေ ဦးလေးနဥ်ကို သေသေချာချာလေး ကာကွယ်မှဖြစ်မယ်"

ရှမြန်က ရယ်မောလိုက်ကာ"ဘာဖြစ်လို့လဲ"

"ဦးလေးတစ်ယောက်တည်းပဲ ရှိလို့ရမယ်နော်" ရှောင်ဖုန်းက ပြောသည်။ "အဘွား၂က အဘိုး၂တစ်ယောက်တည်း ရှိသလိုပဲ။ အန်တီလေးနဥ်က ဦးလေးကျိုးတစ်ယောက်တည်း ရှိသလိုပဲလေ"

"သားရဲ့အန်တီလေးကလည်း ဦးဦးနဥ်တစ်ယောက်တည်းကိုပဲ လက်ထပ်ရမှာ။ ဦးဦးနဥ် မဟုတ်ဘူးဆိုရင် တခြားဘယ်ဦးဦးကိုမှ မလိုချင်ဘူး"

ရှမြန်...

အဲဒီလောက်အထိ ကြမ်းကြမ်းတမ်းတမ်း ပြောစရာလိုလို့လား။

သူမသည် မနေနိုင်တော့ဘဲ ရှောင်ဖုန်းကို ကျီစယ်ကာပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ ဦးလေးနဥ် မရှိဘူးဆိုရင်လည်း အန်တီလေးက တခြားတစ်ယောက်ကို လက်ထပ်တဲ့အခါ သားမှာလည်း ဦးလေးတစ်ယောက် ရှိလာမှာပဲလေ"

"မရဘူး"ရှောင်ဖုန်းက စိုးရိမ်တကြီးပြောလိုက်၏။ "ဦးဦးနဥ်က သားတို့ရဲ့ပိုက်ဆံကို ယူသွားတယ်လေ။ ပြီးတော့ သူက သားတို့အတွက် စတော့နဲ့ အိမ်တွေကိုလည်း ဝယ်ပေးမယ်လို့ ပြောထားတယ်။ ပြီးတော့ သားတို့အတွက် ပိုက်ဆံအများကြီး ရှာပေးမှာတဲ့..."

ရှမြန်...

ဒီတော့ ရှောင်ဖုန်းက နဥ်ရှောက်ပိုင်ရဲ့ ခြိမ်းခြောက်ခံ လိုက်ရတာလား။ ဒါမှမဟုတ် နဥ်ရှောက်ပိုင်ကပဲ ရှောင်ဖုန်း အသုံးချလိုက်တာ ခံလိုက်ရတာလား။

ငါ့ရဲ့မင်္ဂလာပွဲက ငွေကြေးအပေးအယူ ကိစ္စကြီးတစ်ခု ဖြစ်သွားပါလား။ ဒါက လူ့သဘာဝပျက်စီးခြင်းလား။ ဒါမှမဟုတ် ကိုယ်ကျင့်တရား ယိုယွင်းခြင်းလားဟဲ့။

...

အပိုင်း(၂၂၁)

မောက်ဟွေ့မေ အိမ်ပြန်သွားပြီးသည့်နောက်တွင် ဦးကြီးရှနှင့် သူ့မိသားစုတို့ကလည်း အိမ်ပြန်သွားခဲ့ကြ၏။ ချန်းချန်း၊ မောက်ဟွေ့ကျူးနှင့် ချန်ချန်တို့သည် အများကြီး ရန်ဖြစ်ခဲ့ကြသော်ငြားလည်း တကယ်တမ်း ပြန်ရမည့်အချိန်တွင်တော့ သူတို့သည် ချန်ချန်ကို မပြန်စေချင်ကြပေ။ ချန်းချန်းကပင် ချန်ချန်ကို သူ၏လုပန်းသေတ္တာကို ပေးလိုက်သေးသည်။

လူအများကလည်း မပြန်ချင် ပြန်ချင်ဖြင့် နှုတ်ဆက်ခဲ့ကြပြီး နောက်ပိုင်း အဆက်အသွယ် ဆက်ပြီးလုပ်ဖို့ရန် သဘောတူထားကြလေသည်။

သို့သော်ငြားလည်း ဦးကြီးရှနှင့်သူ့မိသားစုတို့ မင်ရှိစီရင်စုသို့ ပြန်ရောက်လာကြသည့် အချိန်တွင်တော့ ပထမဦးဆုံး ဖုန်းခေါ်လာသည့်သူမှာ ချန်ချန်မဟုတ်ဘဲ ဦးကြီးရှဖြစ်နေ၏။

"ရှပေါင်က ခိုးမှုနဲ့အဖမ်းခံထားရတယ်တဲ့" ဦးကြီးရှက ပြန်ရောက်လာစဉ် ထိုသတင်းကို ကြားခဲ့ရပြီး အလွန် စိတ်ပျက်နေသည်မှာ သိသာသည်။ "၀မ်ယွဲ့ နင် ဒီအကြောင်းကို သိနေလား"

"ကျွန်မ မသိပါဘူး" ရှ၀မ်ယွဲ့ကတော့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ဘာဖြစ်တာတဲ့လဲ"

"သူတို့တွေ ပြောတာကတော့ ရှပေါင်က တခြားလူရဲ့ ဆောက်လုပ်ရေးဆိုက်ထဲက ပစ္စည်းတွေကိုခိုးလို့ ရဲဖမ်းတာ ခံလိုက်ရတယ်တဲ့" ဦးကြီးရှက သက်ပြင်းချလိုက်သည်။ ရှ၀မ်ယွဲ့သည် သိပ်မဝေးလှသည့်နေရာက ရှဦးလေး၂နှင့် ရှအဒေါ်၂တို့၏ငိုသံကို ကြားနေရ၏။

"သူတို့တွေက ဘာဖြစ်လို့ အစ်ကိုကြီးကို လာရှာကြတာလဲ" ရှ၀မ်ယွဲ့သည် ဖြစ်ပျက်နေသည့် အကြောင်းအရာကို မသိသဖြင့် မေးလိုက်လေသည်။ "ရဲစခန်းကရော ဘာပြောလိုက်လဲ"

"ရှပေါင်က ပြီးခဲ့တဲ့၆လအတွင်းမှာ ယွမ်သောင်းချီတန်တဲ့ ပစ္စည်းတွေကို ခိုးယူခဲ့တယ် ဆိုတဲ့အကြောင်း ရဲစခန်းက သူတို့ကို အကြောင်းကြားလာတယ်လို့ ပြောတယ်။ သူ့ကို အနည်းဆုံးတော့ ထောင်ဒဏ်၁၀နှစ်လောက် သတ်မှတ်ခံရလိမ့်မယ်တဲ့။ ဒါပေမဲ့ သူက အချိန်မီ ငွေပြန်မပေးဘူးဆိုရင် သက်ညှာဖို့ အကြောင်းအရာလည်း မရှိဘူးတဲ့"

"သူတို့တွေက ငါ့ဆီကိုလာပြီးတော့ ရှလိကို ဖုန်းခေါ်ပေးဖို့ အကူအညီလာတောင်းတာ"

"၀မ်ထောင်ကို အချိန်မီ ငွေပြန်ဖြည့်ပေးစေချင်တယ်တဲ့။ သူတို့တွေက အဆက်အသွယ် တချို့ကိုရှာပြီး ငွေနည်းနည်းပါးပါး ပေးလိုက်စေချင်တယ်တဲ့။ တကယ်လို့ သူတို့တွေက တရားမစွဲတော့ဘူးဆိုရင် အချုပ်ထဲသွားစရာလည်း လိုမှာမဟုတ်တော့သလို ချက်ချင်းလည်း လွတ်လာနိုင်တယ်လို့ ပြောတယ်"

ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "ဒါဆိုရင် သူတို့ကို ပေးခိုင်းလိုက်ပေါ့။ ကိုယ်ကိုယ်တိုင် သင်ကြားပြသပေးထားတဲ့ သားတစ်ယောက်ကို ကိုယ့်ဟာကိုယ်တော့ စောင့်ရှောက်ပေးနိုင်မှာပါ"

"အစ်ကိုကြီး ဒီကိစ္စကို စိတ်မပူပါနဲ့" ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "သူတို့တွေက သူတို့တစ်သက်လုံး ပိုက်ဆံတွေကို စုဆောင်းလာခဲ့ကြတာပဲလေ။ ဒီတော့ သူတို့မှာ ယွမ်သောင်းချီလောက်ကတော့ သေချာပေါက်ရှိမှာပါ"

သူမသည် စကားဆုံးသွားသည်နှင့်ချက်ချင်း ရှဦးလေး၂၏ငိုယိုသံကို ကြားလိုက်ရ၏။ "အစ်ကိုကြီး ဝမ်ယွဲ့က ယန်မြို့မှာပဲ။ သူ့ကို အကူအညီတောင်းပြီးတော့ ရှပေါင်ကို သွားကြည့်ခိုင်းလိုက်လို့ မရဘူးလား"

"ကျွန်တော် သူ့အပေါ်အားနာစရာတွေ လုပ်ထားတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ရှပေါင်က သူ့ရဲ့တူလေးပဲလေ။ တကယ်လို့ ကျွန်တော်တို့တွေက ဒီအကြောင်းကို တခြားသူတွေကို ပြောပြမယ်ဆိုရင် မိသားစုတစ်ခုလုံး ပြဿနာဖြစ်တာပဲ အဖတ်တင်လိမ့်မယ်။ အစ်ကိုကြီး အစ်ကိုကြီး ဒီကိစ္စကို ဒီအတိုင်း လျစ်လျူရှုထားလို့မရဘူးနော်..."

ရှ၀မ်ယွဲ့သည် အလွန်ဒေါသထွက်သွားပြီး အသံထွက်ကာ ရယ်မောလေတော့၏။ "တွေ့တယ် မဟုတ်လား။ သူက ဘာအလျင်စလိုမှတောင် မဖြစ်နေသေးဘူး။ ကျွန်မအပေါ် လိမ်ဆင်ဖို့တောင်မှ ကြိုးစားနေသေးတယ်။ အစ်ကိုကြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မနေပါနဲ့တော့"

"အလွန်ဆုံး ဒီမှာလည်း ရှလိ ရှိနေသေးတာပဲ။ ကျွန်မတို့အလှည့် မရောက်လာသေးပါဘူး"

ဦးကြီးရှက သက်ပြင်းချကာပြောလိုက်သည်။။ "သူ လိလိကို အစောကြီးကတည်းက ဖုန်းခေါ်နေခဲ့တာ။ လိလိက သူ ဂရုမစိုက်ဘူးလို့ ပြောတယ်။ အဲဒီလိုမဟုတ်ရင်လည်း ဒီလင်မယားက ငါ့ဆီကိုလာပြီးတော့ ဒုက္ခပေးမှာ မဟုတ်ဘူးလေ"

ဦးကြီးရှက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "ငါ အခုပဲ လိလိကို ဖုန်းခေါ်လိုက်တယ်။ အဲဒီကလေးက သူတို့ကို လုံးဝစိတ်ပျက်သွားပြီ ထင်ပါတယ်"

"သူက ပြောတယ်။ သူတို့လင်မယားက ယွမ်၅သောင်း ပေးမယ်ဆိုရင်တော့ ဝမ်ထောင်ကို ရှပေါင်ကို ထုတ်ပေးဖို့ ပြောလိုက်မယ်လို့ ပြောတယ်။ တကယ်လို့ သူတို့က မပေးဘူးဆိုရင်တော့ ရှပေါင်က အချုပ်ထဲပဲ သွားလိုက်တော့တဲ့"

ရှ၀မ်ယွဲ့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့သြသွားတော့သည်။ သို့သော်ငြားလည်း ထို့နောက်တွင်တော့ ဒါကပုံမှန်ပါပဲဟုသာ စဉ်းစားလိုက်မိ၏။ ရှလိ အိမ်ထောင်ပြုသည့်အချိန်က လင်မယားနှစ်ယောက်သည် ယွမ်သောင်းကျော်တန်သည့် လက်ဖွဲ့ပစ္စည်းတစ်ခုကို ဒီအတိုင်း ယူသွားခဲ့ကာ တစ်ပြားတချပ်မှ ပြန်မပေးခဲ့သည့် အကြောင်းကိုလည်း ကြားခဲ့ရသည်။ ရှလိ၏ ဘဝသည် ထိုအတွက်ကြောင့်ပင် ခက်ခဲနေနှင့်ပြီးသားဖြစ်၏။

ရလဒ်အနေဖြင့် ဝမ်ထောင်က မယားငယ်တစ်ယောက်ကို ယူပြီးသွားသည့်နောက် သူတို့သည် ရှလိကို မထောက်ပံ့ပေးသည့်အပြင် သူမကို ဒုက္ခပေးဖို့လည်း ရှပေါင်ကို လွှတ်ထားခဲ့သည်။ မည်သည့် သာမန်လူတစ်ဦးတစ်ယောက်ကမှ ဒီအခြေအနေကို သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

"ဒါဆိုရင်လည်း သူတို့ကို ကိုယ့်ဟာကိုယ်ပဲ ရွေးခိုင်းလိုက်ပါ။ ပိုက်ဆံက ပိုအရေးကြီးလား။ သူတို့သားက ပိုအရေးကြီးလား"

မည်သည့်တစ်ခုကို ရွေးချယ်သည်ဖြစ်စေ ရှဦးလေး၂နှင့် သူ့မိန်းမအတွက်တော့ ရင်ကွဲနာကျစရာ နာကျင်မှုတစ်ခုသာ ဖြစ်လေသည်။

ရှ၀မ်ယွဲ့ကတော့ အလွန်ဝမ်းသာသွားသလို ခံစားလိုက်ရတော့၏။ "အစ်ကိုကြီး သူတို့ကို ပြောပြလိုက်ပါ။ ယန်မြို့က ရဲစခန်းတွေက ပုံမှန်ဆိုရင် ထိန်းသိမ်းထားတဲ့သူကို လတစ်ဝက်အတွင်း လက်ခံထားပေးတာ။ အခုတစ်ပတ်တောင် ပြည့်တော့မယ်နော်။ တကယ်လို့ သူတို့တွေ တစ်ပတ်အတွင်း မပေးနိုင်ဘူးဆိုရင် ရှပေါင်က တရားစွဲခံရပြီး ပိုက်ဆံလည်း ပြန်ဆပ်ရဦးမယ်။ ဒါက အနည်းဆုံး ၁၀နှစ် အချိန်ပေးရလိမ့်မယ်နော်"

ဖုန်းချလိုက်ပြီးသည့်နောက်တွင် မိသားစုတစ်ခုလုံးသည် စိတ်အေးသွားတော့၏။

မောက်ဟွေ့လန်က ပြောလိုက်သည်။ "သူတို့တွေ နောက်ဆိုရင် အဲဒီလောက် အရှက်မဲ့နိုင်ဦးမလား ကြည့်ရသေးတာပေါ့"

ရှမြန်က ပြုံးပြီးပြောလိုက်၏။ "ဦးလေး၂ကတော့ တကယ့်ကို အပြင်းအထန် ဖျားနေတော့မှာပဲ"

ရှ၀မ်ယွဲ့က ပြုံးလိုက်သည်။ "သူ့ထိုက်နဲ့ သူ့ကံပဲလေ "ထို့နောက်တွင်တော့ သူမသည် စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချပြီး ပြောလိုက်၏။ "အခု မောက်မိသားစုနဲ့ ဟောက်မိသားစုတို့ပဲ ကျန်တော့တယ်"

သူမသည် ကိုယ်ကိုလှည့်ကာ မောက်ကျစ်ရှန်းကို မေးလိုက်လေသည်။ "ရှင့်ရဲ့အင်တာဗျူးမဂ္ဂဇင်းကို ဘယ်တော့ ထုတ်မှာလဲ"

မောက်ကျစ်ရှန်းက ပြုံးလိုက်ပြီး "နောက်တစ်ပတ်လောက် ဖြစ်မယ်ထင်တယ်။ ရှန်းရှီနှင့် တစ်ရက်တာဆိုတဲ့ အစီအစဉ်ကိုလည်း အသံသွင်းဖို့ ရိုက်ကူးဖို့ အချိန်ဇယားထဲမှာ ထည့်ထားပြီးပြီလေ။ ထုတ်လုပ်ရေးအဖွဲ့ကလည်း လိုအပ်တဲ့ အကြောင်းအရာတွေကို စုဆောင်းဖို့ မင်ရှီစီရင်စုကို သွားလိုက်လောက်ပြီ"

"ရုံရှင်းကို လူမှုရေးသတင်းထောက်တွေကိုလည်း အတူတူ လိုက်သွားခိုင်းဖို့ ပြောလိုက်သေးလား"

ရှမြန်သည် သူမ လုပ်တော့မည့်အရာကို ချက်ချင်းသဘောပေါက်သွားပြီး မနေနိုင်တော့ဘဲ လက်ခုပ်တီးမိတော့သည်။ "အဒေါ်၂ ဒါက တကယ့်ကို ကောင်းတဲ့စိတ်ကူးပဲ! ဒါကတော့ တကယ့်ကို ပွဲအကြီးကြီး ဖြစ်တော့မယ်လို့ ထင်တယ်"

ရှ၀မ်ယွဲ့က မျက်နှာကိုမဲ့ထားလိုက်ကာ "ဟောက်မိသားစုက ဒေသတွင်း အာဏာပိုင်တစ်ခုလို အချိန်အကြာကြီး ပြုမူလာခဲ့တာလေ။ အခု အကြွေးပြန်ဆပ်ရမဲ့ အချိန်တန်ပြီ"

မင်ရှီစီရင်စုသည် သတင်းထောက်တစ်ဖွဲ့ကို အမှန်ပင် ကြိုဆိုခဲ့လေသည်။ စီရင်စုကသူတို့ကို အလွန်နွေးထွေးသည့် ဧည့်ခံကြိုဆိုပွဲတစ်ခုကို ပြုလုပ်ပေးခဲ့၏။ သူတို့သည် မိန်းကလေးများထက် ယောက်ျားလေးများကို ပိုပြီးဦးစားပေးသည် ဟူသည့် ခေတ်နောက်ပြန်ဆွဲနေသည့် အဖြစ်အပျက်ကို စုံစမ်းဖို့ရန် သည်နေရာသို့ ရောက်လာသည်ဟု ကြားလိုက်ရသည့်အချိန်တွင် ဧည့်ခံရေးဒါရိုက်တာ၏ မျက်နှာပေါ်ကအပြုံးသည် အများကြီး ပိုပြီးရိုးသားလာတော့၏။

"စီရင်စုထဲမှာ မိန်းကလေးတွေကို ကျောင်းတက်ဖို့ နှစ်တိုင်းထောက်ပံ့ပေးတဲ့ အလှူရှင် သရုပ်ဆောင်တစ်ယောက် ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့တွေကလည်း တချို့အကြောင်းအရာတွေကို လေ့လာမှတ်တမ်းယူရမယ်။ ဒါမှလည်း သူလည်းတစ်နှစ်ကို ဘယ်လောက် လှူပေးနိုင်မယ်ဆိုတာကို သိမှာ"

ဧည့်ခံကြိုဆိုရေး ဒါရိုက်တာသည် ပိုလို့ပင် ဝမ်းသာပျော်ရွှင်သွားတော့၏။ "ဒါက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ အဲ့ဒီ နာမည်ကြီး ကြယ်ပွင့်တွေအားလုံးက တကယ့်ကို ချမ်းသာတဲ့လူတွေ ဖြစ်နေတာကိုး"

သို့သော်ငြားလည်း သို့တိုင်သူသည် ပါးနပ်ပြီး ဖြတ်ထိုးညဏ်ကောင်းသည့် လူငယ်လေးတစ်ယောက်ကို လွှတ်ကာ လမ်းညွှန်အဖြစ် ဆောင်ရွက်စေခဲ့သေးသည်။ ထိုလူငယ်လေးကလည်း စိတ်အားထက်သန်စွာ ရှေ့ကလမ်းပြလာခဲ့ပြီး သူတို့အားလုံးကို လမ်းတလျှောက် ဧည့်ခံပေးလာခဲ့၏။ အင်တာဗျူးအဖွဲ့သည် လူအများဆီသို့ ပုံမှန် အလည်အပတ်ရောက်လာခဲ့ပြီး မိသားစုများ၏ ပျမ်းမျှဝင်ငွေအကြောင်းကို မေးမြန်းကာ ကျောင်းတက်နေသည့် ယောက်ျားလေးနှင့် မိန်းကလေးများအကြောင်းကို မေးမြန်းနေသည့်အကြောင်းကို သိလိုက်ရသည့်အချိန်မှ သူကလည်း တဖြည်းဖြည်းသတိကို လျှော့ပေါ့လာတော့၏။

အင်တာဗျူးအဖွဲ့ကတော့ အင်တာဗျူးရခြင်း၏ ရည်ရွယ်ချက်ကို ထုတ်ဖော်မပြောဖို့ရန် အထူး မှာကြားထားခဲ့ပြီး အင်တာဗျူးတွင် ထည့်သွင်းမည့် အကြောင်းအရာများက သဘာဝမကျမှာ စိုးရိမ်သည်ဟု အကြောင်းပြထားခဲ့လေသည်။ ထို့ကြောင့် စီရင်စုထဲက လူများကလည်း သတင်းထောက်အဖွဲ့က နေရာတိုင်းကလူများကို အင်တာဗျူးဖို့ရန် ရောက်လာသည်ဟုသာ သိထားကြတော့၏။ အင်တာဗျူးသည့်လူသည် တစ်နိုင်ငံလုံး ကြည့်ရှုနေကြသည့် တီဗီပေါ်တွင် ပေါ်လာနိုင်သည်ဟု ကြားလိုက်ရသည့်အခါ အလွန်ဝမ်းသာသွားပြီး သိသမျှအကြောင်းအရာအားလုံးကို ပြောပြလိုက်တော့၏။

မောက်မိသားစုအိမ်တွင်တော့ မောက်လောင်တာ့၏မိန်းမ ချန်လန်ရှန်းသည် ဖုန်းခွက်ကို ကိုင်ထားပြီး မောက်ဟွေ့ဟယ်၏ ဝမ်းသာအားရအသံကို နားထောင်နေ၏။ "အမေ အခွင့်အရေးရောက်လာပြီ။ ကျွန်မရဲ့ယောက္ခမဆီကနေ ကြားထားတယ်။ ဒီအင်တာဗျူးအဖွဲ့က နိုင်ငံပိုင် တီဗီအသံလွှင့်ရုံကတဲ့။ အစီအစဉ်အသစ်ကိုလည်း နိုင်ငံတစ်ဝှမ်းလုံးကို ထုတ်လွှင့်နိုင်မှာ။ သူတို့ရဲ့အကူအညီကို ယူလိုက်ရင် ကျွန်မတို့တွေ မောက်ဟွေ့မေကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မယ်"

ချန်လန်ရှန်းသည် သူမသမီး၏ ရောဂါကတော့ သူမ၏လေသံကို အကဲခတ်ရုံဖြင့် ပြန်ပေါ်လာသည်ကို သိလိုက်လေသည်။ သူမက သမီးဖြစ်သူကို သိမ်သိမ်မွေ့မွေ့ ချော့မော့ရလေ၏။ "ဒါက သတင်းမှ မဟုတ်တော့တာ။ ဒီအပြင် နင်က ဘာဖြစ်လို့ ငါတို့အတွက် မောက်ဟွေ့မေကို ရှာနေဦးမှာလဲ"

မောက်ဟွေ့ဟယ်သည် ကလေးမွေးပြီးကတည်းက ကောင်းမွန်သည့်ဘဝတစ်ခုတွင် နေထိုင်ခဲ့ရပြီး ဟောက်မိသားစု၏ သူတို့အပေါ် သဘောထားကလည်း ပျော့ပျောင်းလာခဲ့သည်။ သူတို့သည် မကြာခဏဆိုသလို မောက်ဟွေ့ဟယ်မှတစ်ဆင့် ပစ္စည်းတချို့ကို ပြန်လာပို့ပေးတတ်သည်။ ရလဒ်အနေဖြင့် အဘွားကြီးသည် သူမကို မတရား မဆက်ဆံရဲတော့ချေ။ ချန်လန်ရှန်းကလည်း ဒုတိယချွေးမ၏ ကိစ္စကိုရှာဖွေဖို့ရန် ထိုမျှလောက် အစွဲအလန်းကြီး မနေတော့ပေ။

"ရှာရမှာပေါ့" မောက်ဟွေ့ဟယ်၏အသံသည် ရုတ်တရက် စူးရှလာခဲ့၏။ "စီရင်စုတစ်ခုလုံးက ဒီအကြောင်းကို သတင်းပေးနိုင်သရွေ့ ရဲအရာရှိတွေကလည်း သူတို့တွေကို ပြန်ခေါ်လာပေးနိုင်လိမ့်မယ်"

ချန်လန်ရှန်းက အလောတကြီး ပြောလိုက်သည်။ "သိပါပြီ သိပါပြီ။ ရဲတွေကိုပဲ သူတို့ကိုဖမ်းခိုင်းလိုက်ပါ"

မောက်ဟွေ့ဟယ်သည် သူမ စဉ်းစားနေသည့်အရာကို သိနေသယောင်ဖြင့် ဒေါသတကြီး ပြောလိုက်၏။

"ကျွန်မ နေမကောင်း မဖြစ်ပါဘူး"

"အမေ ရှာမိသားစုက အဲဒီကပ်စေးနည်းတဲ့သားက ယန်မြို့မှာ ပစ္စည်းခိုးလို့ အဖမ်းခံထားရတယ်ဆိုတာကို သိလား"

စီရင်စုမြို့လေးသည် အလွန်သေးငယ်လှ၏။ ရှဦးလေး၂နှင့် သူ၏မိန်းမသည် ငွေအနည်းအကျဉ်း ရှာဖွေဖို့ရန်အတွက် ကိုယ်ချင်းစာတရားရယူဖို့ရန် နေရာတိုင်းတွင် စာချဲ့ကာ ပြောဆိုနေခဲ့ကြလေသည်။ ထို့ကြောင့် ရှပေါင် ဖမ်းခံခဲ့ရသည့်ကိစ္စကလည်း စီရင်စုထဲက လူများအားလုံး သိနေသည့်အကြောင်းအရာ ဖြစ်လာခဲ့၏။

ချန်လန်ရှန်းက ခေါင်းညိတ်လိုက်ကာ "ဟုတ်ပါပြီ။ အမေသိပါပြီ"

"ဟုတ်တယ်။ ကျွန်မလည်း ကြားထားတယ်။ တကယ်လို့ သူတို့သာ ယွမ်၁သောင်းကို ပြန်မဆပ်ဘူးဆိုရင် ရဲတွေက သူ့ကိုဖမ်းပြီး ၁၀နှစ်လောက် အကျဉ်းချထားလိုက်မှာတဲ့"

မောက်ဟွေ့ဟယ်ကလည်း ဝမ်းသာအားရပြောလိုက်၏။ "မောက်လောင်အာ့တို့မိသားစုကလည်း မင်္ဂလာလက်ဖွဲ့ကို ယူပြီးတော့ မင်္ဂလာပွဲကနေ ထွက်ပြေးသွားခဲ့ကြတာပဲလေ။ ဒါကလည်း ခိုးမှုလို့ သတ်မှတ်လို့ရတယ်။ သူတို့တွေက အခုရာဇဝတ်မှုကို ကြောက်ရွံ့လို့ ထွက်ပြေးနေကြတာ။ ရဲတွေက သူတို့အားလုံးကို ဖမ်းလိုက်လို့ရတယ်"

ချန်လန်ရှန်းကတော့ ထိုစကားကို မတုံ့ပြန်လိုက်တော့ချေ။ "မင်္ဂလာလက်ဖွဲ့တွေကို ယူသွားတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ သူတို့က မယူ..."

"သူတို့ ယူသွားပါတယ်" မောက်ဟွေ့ဟယ်သည် သူမကို ပြတ်ပြတ်သားသား ဖြတ်ပြောလိုက်ပြီး စူးရှသည့်လေသံတစ်ခုဖြင့် ပြောလိုက်၏။ "သူ မင်္ဂလာလက်ဖွဲ့ထဲကနေ ၆၆၆၀၀ကို ယူသွားခဲ့တာ"

ချန်လန်ရှန်းသည် သူမသမီးဖြစ်သူ၏ ရူးသွပ်ပြီး ကြမ်းတမ်းသည့်လေသံကို ကြားလိုက်ရသည့်အချိန်တွင် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရတော့သည်။

"ဟွေ့ဟယ်.. .မောက်လောင်အာ့ မိသားစုတစ်ခုလုံးက အချုပ်ထဲကိုသွားရမှာ..."

မောက်ဟွေ့ဟယ်က ပြောလိုက်၏။ "သူတို့တွေက ပြန်ရောက်လာပြီး ပိုက်ဆံကို ပြန်ဆပ်ပြီး မောက်ဟွေ့မေကလည်း ဟောက်မိသားစုနဲ့ လိမ်လိမ်မာမာ လက်ထပ်သရွေ့ ကျွန်မကလည်း ကျွန်မရဲ့ယောက္ခမကို ပြောပြီး သူတို့ကို လွှတ်ပေးခိုင်းမှာပါ"

ချန်လန်ရှန်းက ချီတုံချတုံ ဖြစ်နေသေးသည်ကို ကြားလိုက်ရသည့်အခါ သူမက နောက်ထပ် မက်လုံးတစ်ခု ထပ်ပြောလိုက်၏။ "ဒီလိုဆိုရင် သာ့ဝေကလည်း ဒါရိုက်တာကို ထမင်းတနပ်ကျွေးဖို့ ပိုက်ဆံရလာလိမ့်မယ်။ သူလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်ပြီ"

ချန်လန်ရှန်းသည် တုန်ယင်စွာ ပြောလိုက်၏။ "ဟုတ်ပါပြီ။ အမေသိပါပြီ။ အမေဒီကိစ္စကို သေသေချာချာ စဉ်းစားလိုက်ပါ့မယ်။ သေသေချာချာ စဉ်းစားလိုက်ပါ့မယ်နော်"

"အမေ မောက်ဟွေ့မေက ကျွန်မတို့မိသားစုကို ဒီလောက်ဒုက္ခတွေ အများကြီး ပေးသွားခဲ့တာ။ လျော်ကြေးအနေနဲ့ ဒီယွမ်၁သောင်းလောက်ကတော့ သူတို့အတွက် ပါးပါးလေးပါ"

ချန်လန်ရှန်း၏ အသက်ရှူသံက တည်ငြိမ်သွားသည်ကို ကြားလိုက်ရသည့်အခါ မောက်ဟွေ့ဟယ်သည် ကျေနပ်စွာ ပြုံးပြီးပြောလိုက်လေသည်။ "သတင်းထောက်တွေလာတဲ့အချိန်ကျရင် ကျေးဇူးပြုပြီးတော့ ကျွန်မကို အသိပေးပေးပါနော်။ ကျွန်မ နောက်ထပ်၂ရက်လောက်နေရင် ဖုန်းထပ်ခေါ်လိုက်မယ်။ ကျွန်မ လူကိုယ်တိုင် သူတို့ကိုသွားတွေ့ရမယ်..."

ချန်လန်ရှန်းသည် အနည်းငယ် လန့်ဖျပ်သွားတော့၏။ "ဟောက်မိသားစုက နင့်ကို အပြင်ပေးမထွက်ထားဘူး မဟုတ်လား။ အထူးသဖြင့် သတင်းထောက်တွေရောက်နေတဲ့ အချိန်မှာလေ"

မောက်ဟွေ့ဟယ်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ "ရပါတယ်။ ကျွန်မ ခိုးပြီးတော့ ထွက်လာမှာပေါ့။ ကျွန်မ သေချာပေါက်ထွက်လာမှာ" သူမ၏နောက်ဆုံးလေသံသည် အနည်းငယ် ရူးသွပ်နေပြီး ချက်ချင်း ဖုန်းချသွားတော့၏။

ချန်လန်ရှန်းသည် ချီတုံချတုံ ဖြစ်နေသည့်ရုပ် ဖြစ်နေသော်ငြားလည်း ယန်မြို့၏မြေညီထပ်တွင် ဒုက္ခခံကာ အိပ်နေရသေးသည့် သူမ၏ သားအကြီးဆုံးဖြစ်သူကို စဉ်းစားလိုက်မိသည့်အချိန်တွင် သူမ၏ နှုတ်ခမ်းကို စေ့ထားလိုက်ပြီး မောက်သခင်မကြီးကို သွားရှာတော့သည်။

ချန်လန်ရှန်း ပြောသည့်စကားကို ကြားပြီးသွားသည့်နောက်တွင် အဘွားကြီးက လက်ခုပ်တီးကာ ပြောလိုက်၏။ "နင့်ရဲ့ဦးနှောက်က ဒီတစ်ခါတော့ တော်တော်လေးကို ထက်မြက်နေတာပဲ"

မောက်သခင်မကြီးသည် မောက်လောင်အာ့တို့မိသားစုကို မည်သူမဆိုထက် ပိုပြီးပြန်လာစေချင်သူ ဖြစ်၏။ မောက်လောင်အာ့တို့မိသားစု ထွက်ခွာသွားခြင်းက မောက်မိသားစုကို အသက်ရှူရရုံလောက်အထိသာ ဖိအားဖြစ်စေခဲ့ပြီး သူတို့ထွက်သွားပြီးသည့်နောက်တွင် သူမ၏ နေ့စဉ်နေထိုင်ရသည့် ဘဝကလည်း အင်မတန်မှ ခက်ခဲလာရခြင်းကြောင့်ပင်။

မောင်ကျစ်ရှန်းနှင့် ရှ၀မ်ယွဲ့တို့နှစ်ယောက်စလုံးသည် လုပ်ရည်ကိုင်ရည် ရှိပြီး ကလေးမ၃ယောက်ကလည်း အလုပ်များကို ပြီးမြောက်စရာအတွက် အနည်းနှင့်အများတော့ အကူအညီဖြစ်သည်။

မောက်မိသားစု၏ ဒုတိယချွေးမ ရှိနေသည့်အချိန်တွင် သူမသည် ဘယ်တော့မှ အဝတ်မလျော်ခဲ့ရချေ။ သို့သော်ငြားလည်း မောက်မိသားစု၏ အကြီးဆုံးချွေးမကတော့ မောက်ဟွေ့ဟယ်၏ကိစ္စကြောင့် သူမကို မုန်းတီးနေခဲ့၏။ မောက်မိသားစု၏ တတိယချွေးမကလည်း ကောက်ကျစ်သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူမသည် ဆောင်းတွင်းကြီးမှာပင် ကိုယ်တိုင်အဝတ်လျှော်နေရတော့သည်။

"ဒါက စိတ်ကူးကောင်းတစ်ခုပဲ" အဘွားကြီးက ရက်စက်ကြမ်းကြုတ်စွာ ပြောလိုက်၏။ သူမသည် မောက်လောင်အာ့၏ မလိမ္မာမှုအပေါ် အင်မတန်မှ မုန်းတီးလေသည်။ "ငါတို့တွေ သူတို့နဲ့သူတို့မိသားစုကို ဖမ်းနိုင်မဲ့အပြင် သူတို့ကိုလည်း ကောင်းကောင်းလေး ရိုက်နှက်နိုင်ဦးမှာ"

မောက်လောင်အာ့က ပြစ်ဒဏ်ချမှတ်ခံရမည့်ကိစ္စအတွက်တော့ သူမက လုံးဝမစိုးရိမ်ချေ။ မည်သို့ဆိုစေ ဟောက်မိသားစုအနားတွင် ရှိနေလျှင် သူသည် အဆင်ပြေနေလိမ့်မည်။ သူမအတွက် သူတို့၅ယောက်ကို အလုပ်လုပ်ခိုင်းဖို့ရန် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်လေသည်။

...

အပိုင်း (၂၂၂)

သတင်းထောက်အဖွဲ့ တည်းခိုသည့်ဟိုတယ်ကလည်း မောက်မိသားစုအိမ်နှင့် သိပ်မဝေးသည့်နေရာတွင် ဖြစ်နေသည်ကလည်း တိုက်ဆိုင်မှုတစ်ခုပင်။ သူတို့သည် အောက်ဖက်ကရွာမှနေ၍ စီရင်စုသို့ ပြန်လာသည့်အချိန်တွင် မောက်သခင်မကြီးသည် သတင်းထောက်များရှေ့တွင် တဝဲလည်လည်ဖြင့် အခွင့်အရေး ဆက်တိုက်ရှာနေခဲ့၏။

ကြိုးစားအားထုတ်ခြင်းကလည်း အကျိုးသက်ရောက်မှု ရှိပေသည်။ သတင်းထောက်များသည် သူမကို ချက်ချင်း သတိထားမိသွားပြီး မောက်သခင်မကြီးကလည်း အင်တာဗျူးခွင့် ရဖို့ရန်အတွက် အခွင့်အရေး ရသွားခဲ့သည်။

အဘွားကြီးသည် တစ်ဖက်လူက စက်ပစ္စည်းများကို တပ်ဆင်နေသည်ကို တွေ့လိုက်ရသည်အခါ သူမက သူမ၏ဆံပင်ကို ချက်ချင်း သပ်ရပ်အောင်လုပ်လိုက်ပြီး သူမ၏အင်္ကျီကိုလည်း ဆွဲချလိုက်၏။

"ရဲဘော်သတင်းထောက်"

သတင်းထောက်က ပြုံးကာ ပြောလိုက်သည်။ "အဘွားကြည့်ရတာ ကံကောင်းတဲ့သူ ဖြစ်တဲ့ပုံပဲ"

"မိသားစုထဲမှာ ကလေးဘယ်နှယောက် မြေးဘယ်နှယောက်ရှိလဲ"

မောက်သခင်မကြီးသည် ဂုဏ်ယူ၀င့်ကြွားစွာ သူမ၏ရင်ကို ဖွင့်ပြီးပြောလိုက်သည်။ "ငါက ငါ့ဘဝမှာ ကလေး၃ယောက်ကို မွေးခဲ့တယ်လေ။ သူတို့အားလုံးက ယောက်ျားလေးတွေကြီးပဲ။ ငါ့မှာ မြေးလေး၃ယောက်လည်း ရှိတယ်။ သူတို့အားလုံးကလည်း အရမ်းကို လုပ်ရည်ကိုင်ရည် ရှိကြတဲ့သူတွေ"

သူမသည် သူမ၏မြေးအကြောင်း ထုတ်ပြောလိုက်သည့်အချိန်တွင် ရုတ်တရက်ဆိုသလို စိတ်ကူးတစ်ခု ရလာပြီး သတင်းထောက်ကို မေးလိုက်၏။ "ဒါကို တီဗီပေါ်မှာ လွှင့်မှာလား"

သတင်းထောက်က ရယ်မောကာပြောလိုက်၏။ "ဟုတ်ပါတယ်။ ကောင်းကောင်းမွန်မွန် ပြောပြတဲ့သူတိုင်း ထုတ်လွှင့်ခွင့်ရမှာပါ"

အဘွားကြီးသည် ရုတ်တရက် စိတ်လှုပ်ရှားလာပြီး သူမတွင် ကောင်းမွန်သည့်ဘဝတစ်ခု ပိုင်ဆိုင်ထားသည်ဟု သူက ပြောဖို့ကြိုးစားနေသည်ဟု ထင်လိုက်ကာ သူမကလည်း သူမ၏ အကြီးဆုံးနှင့် တတိယသားအကြောင်းကို ချီးမွမ်းစကား ပြောလေတော့၏။

ထို့နောက်တွင်တော့ သူမက သူမ၏မြေးများကိုလည်း ချီးကျူးစကား ပြောလေသည်။

"သူတို့၃ယောက်စလုံးက တီဗီရှိုးပွဲတွေမှာ သရုပ်ဆောင် နေကြတာလေ။ အကြီးဆုံးမြေးလေးကတော့ အတော်ဆုံးပဲ။ သူကလည်း အခု ယန်မြို့မှာ။ တကယ်လို့ ဒါရိုက်တာက သူ့ကိုတွေ့တယ်ဆိုရင် ကျေးဇူးပြုပြီးတော့ သူ့ကို အခွင့်အရေးတစ်ခု ပေးလိုက်ပါဦး။ သူ့နာမည်က မောက်သာ့ဝေတဲ့"

သတင်းထောက်သည် အပြုံးဖြင့်နားထောင်နေပြီး သူမက စကားပြောပြီးသွားသည်အထိ စောင့်ဆိုင်းနေလိုက်ပြီးမှ ထပ်မေးလိုက်၏။ "အဘွားဆီမှာ မြေးမလေးရော မရှိဘူးလား"

"ရှိတာပေါ့"

"ဘယ်နှယောက်လဲ"

"၅ ယောက်လေ" အဘွားကြီးက အမှတ်တမဲ့ သူမ၏နှုတ်ခမ်းကို ကွေးထားလိုက်ပြီး ထိုအကြောင်းကို ဆက်ပြောဖို့ရန် စိတ်ကူးမရှိချေ။

သတင်းထောက်ကလည်း မတတ်သာတော့ဘဲ မေးရတော့သည်။ "အဘွားမှာ မြေးတွေ စုစုပေါင်း ၈ယောက်ရှိတာပဲ။ ဒါက တကယ် ကံကောင်းတာပဲ။ အဘွားရဲ့မြေးမလေးတွေကရော အခု ဘာလုပ်နေလဲ"

"မိသားစုရဲ့ အကြီးဆုံးမြေးမလေးက အိမ်ထောင်ကျသွားပြီလေ။ သူက ငါတို့စီရင်စုထဲက အချမ်းသာဆုံးလူနဲ့ လက်ထပ်သွားတာ"

အဘွားကြီးသည် ထိုအကြောင်းကို ပြောလိုက်သည့်အချိန်တွင် တစ်ဖန် ဂုဏ်ယူ ဝင့်ကြွားလာပြန်တော့၏။ "တတိယကလေးရဲ့သမီးကလည်း အသက်၁၈နှစ်ရှိသွားပြီ။ အိမ်အလုပ်မှာ အရမ်းတော်တာလေ။ သူက အသက်၅နှစ်၊ ၆နှစ်အရွယ်ကတည်းက သူ့အမေကို အလုပ်မှာစပြီးတော့ ကူညီပေးနေပြီ။ သူကလည်း အရမ်းကို အရည်အချင်းရှိတယ်။ အခုဆိုရင် အိမ်တံခါးမှာ မင်္ဂလာပွဲလာပြီး ကမ်းလှမ်းကြတဲ့သူတွေကလည်း အုံလိုက်ကျင်းလိုက်ပဲ။ လူတွေ အများကြီးကလည်း သူ့ကို လိုချင်နေကြတာလေ"

"အဘွားရဲ့ကလေးတွေက အသက်၅နှစ်၊ ၆နှစ်အရွယ်ကတည်းက စပြီးတော့ အလုပ်လုပ်ကြတာ။ အဘွားရဲ့ မြေးကလေးတွေကလည်း ဘာလုပ်ကြတာလဲ"

အဘွားကြီးသည် ထိုအရာကို အကြောင်းအရာတစ်ခုလိုသာ ဆက်ပြီးပြောပြ၏။ "မြေးလေးတွေက ဘာအလုပ်လုပ်ရမှာလဲ။ သူတို့တွေက စာလေ့လာဖို့ပဲ လိုတာပေါ့။ ငါ့ရဲ့မြေး၃ယောက်က အရမ်းကို ဉာဏ်ကောင်းကြတာ" သူမသည် အရှက်မဲ့စွာဖြင့် ပြောလိုက်သေးသည်။ "သူတို့တွေက ကျောင်းသွားရင် ကျောင်းက စာမေးပွဲမှာလည်း အမြဲတမ်း ပထမရတယ်"

"အဘွားတို့မိသားစုထဲက မိန်းကလေးတွေက ကျောင်းမသွားကြဘူးလား" သတင်းထောက်က သာမန်ကာလျှံကာဖြင့် မေးလိုက်၏။

အဘွားကြီးက ပြောလိုက်လေသည်။ "ကလေးမလေးက စာလေ့လာလို့ ဘာအရေးကြီးမှာလဲ။ တကယ်လို့ ကောလိပ်တက်ရဦးမယ် ဆိုရင်တောင်မှ ပြန်လာတဲ့အချိန်ကျရင်လည်း အိမ်ထောင်ပြု ကလေးမွေးရအုံးမှာပဲလေ။ ဒါက ငွေဖြုန်းတီးရာကျတယ်"

သတင်းထောက်သည် ထွက်ခွာသွားသည့်လမ်းပြကို လှမ်းကြည့်ကာ မေးလိုက်၏။ "အဘွား အခုလေးတင် မြေးမလေး၂ယောက်အကြောင်းကို ပြောလိုက်တယ်နော်။ ဒါပေမဲ့ ကျန်တဲ့၃ယောက်ကရော ဘယ်ရောက်သွားလဲ။ သူတို့တွေက အဘွားရဲ့ ဒုတိယသားကလေးတွေလား။ အဘွားက အကြီးဆုံးသားနဲ့ တတိယသားအကြောင်းပဲ ပြောနေတယ်နော်။ ဒါပေမဲ့ အဘွားရဲ့ဒုတိယသားကရော"

"ဟုတ်သားပဲ" အဘွားကြီးသည် ရုတ်တရက် လက်ခုပ်ထတီးလိုက်ပြီး ပြောလိုက်၏။ "သတင်းထောက် နင် ငါတို့ကို ကူညီပြီးတော့ လူတစ်ယောက် ရှာပေးလို့ရလား"

သတင်းထောက်က မေးလိုက်သည်။ "အဘွားက ဘယ်သူ့ကို ရှာချင်တာလဲ"

"အဲဒီတိရစ္ဆာန်ကောင် ဒုတိယသားကို ရှာချင်တာလေ" အဘွားကြီးသည် အံကြိတ်ကာပြောလိုက်၏။

သတင်းထောက်က ခဏလောက် တုံ့ဆိုင်းသွားကာ "ဘာဖြစ်လို့လဲ။ အဘွားရဲ့ဒုတိယသားနဲ့ သူ့မိသားစုတွေက ပျောက်နေကြလို့လား"

"ပျောက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သူတို့တွေက ထွက်ပြေးသွားကြတာ" အဘွားကြီးသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ "အဲဒီမိသားစုက အဖိုးမတန်တဲ့ဟာတွေပါ။ သူတို့အားလုံးက ပြဿနာတွေ"

"ဘယ်လိုဖြစ်တာလဲ" သတင်းထောက်သည် သူ့ဘေးက လက်ထောက်တစ်ယောက်နှင့်တူသည့် လူငယ်လေးနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့နားချသည့် အပြုအမူဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ကို အသေးစိတ်ပြောပြပါ။ ဒါမှ ကျွန်တော်တို့လည်း ကူညီပြီးတော့ ရှာပေးနိုင်မှာပေါ့"

အဘွားကြီးသည် ချက်ချင်းဆိုသလို ဝမ်းသာသွားပြီး စကားပြော မရပ်တော့ပေ။

"ဒုတိယသားက ငါတို့မိသားစုအတွက် ကံဆိုးခြင်းတွေ ယူလာပြီးတော့ မွေးလာခဲ့တာလေ။ သူ့ကို မွေးတဲ့အချိန်တုန်းက ငါ့ရဲ့အသက်ကိုတောင် ပေးရတော့မတတ်ပဲ။ သူက ဒီလိုတိရစ္ဆာန်ကောင်ဆိုတာ ငါလည်း အစောကြီးကတည်းက သိထားမယ်ဆိုရင် သူ့ကို မွေးလာတဲ့အချိန်ကတည်းက လည်ပင်းညှစ်သတ်ခဲ့ပြီးပြီ..."

"သူက လူထူးဆန်းတစ်ယောက်လို ကြီးပြင်းလာခဲ့တာလေ။ ရုပ်ဆိုးတဲ့အပြင် စကားပြောရင်လည်း ကရော်ကမြည်နဲ့။ သူက ငါတို့မိသားစုအတွက် ဘယ်လောက်တောင် အရှက်တွေယူလာပေးသလဲဆိုတာ မသိတော့ပါဘူး"

"ငါ့မှာ သူ့အတွက် မိန်းမတစ်ယောက်ကိုရှာပေးဖို့ ကြိုးစားအားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရတာ။ နောက်ဆုံးတော့ ငါလည်းပဲ လက်စားချေလို့ရနိုင်ပြီလို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့မိန်းမကလည်း အသုံးမကျတဲ့ ကလေးမ၃ယောက်ကို မွေးခဲ့တယ်လေ။ သူတို့အားလုံးက တကယ့်ကို ဆန်ကုန်မြေလေးတွေပဲ"

လိုရင်းကို ပြောရမည်ဆိုလျှင်တော့ အဘွားကြီး၏ပါးစပ်ထဲတွင် မောက်ကျစ်ရှန်းသည် မိသားစုကို အရှက်ရစေပြီး ပြန်ဆွဲချနေသည့် သုံးစားမရသည့် သူတစ်ယောက်ပင်။ နောက်ဆုံးတော့ အသုံးကျတော့ မလိုဖြစ်လာသည်တွင် သူသည် သူ့မိသားစုတစ်ခုလုံးကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သည်တဲ့။

"ဒါက တကယ့်ကို ကောင်းမွန်တဲ့ မင်္ဂလာပွဲတစ်ခုပဲလေ။ ဟောက်မိသားစုဆိုတာကလည်း ငါတို့ရဲ့စီရင်စုမှာ အချမ်းသာဆုံး။ ဟောက်ရွှီဖုန်းက သူ့သမီးကို သဘောကျတယ်ဆိုတာနဲ့တင် တကယ့်ကို ကောင်းချီးဖြစ်နေပြီ။ ဒါပေမဲ့ သူကတော့ မင်္ဂလာလက်ဖွဲ့တွေကို ယူသွားပြီးတော့ ထွက်ပြေးသွားတယ်လေ"

"ရဲဘော်သတင်းထောက်။ နင် ငါတို့အတွက် သူတို့ကို သေချာပေါက် ရှာပေးရမယ်နော်"

သတင်းထောက်က ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ။ သူတို့ရဲ့မိသားစုအကြောင်း အသေးစိတ်ကို ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ပြောပြပေးပါ"

ရလဒ်အနေဖြင့် မောက်သခင်မကြီးသည် ခဏလောက်တွေ ဝေသွားပြီးမှ သူမသည် မောက်ကျစ်ရှန်း၏ နာမည်ကို ခက်ခက်ခဲခဲ သတိရသွားတော့သည်။ သတင်းထောက်က သူ့အသက်နှင့် မွေးနေ့ကို မေးသည့်အချိန်တွင် သူမသည် ဘာတစ်ခုကိုမှ မမှတ်မိတော့ချေ။ သူမသည် လက်ချောင်းများဖြင့် အချိန်အကြာကြီး လက်ချိုးရေတွက်ပြီးမှ မသည်းမကွဲ ရေရွတ်လိုက်၏။ "သူက အကြီးဆုံးသားထက် ၃နှစ်လောက်ငယ်တယ်။ အကြီးဆုံးသားက xxခုနှစ်မှာမွေးတာ။ လူက..."

တစ်ဖက်လူက အသက်ကို ပြောပြပြီးသည့်နောက်တွင် သတင်းထောက်က ထပ်မေးလိုက်၏။

"အဘွားမှာ ဓာတ်ပုံတစ်ပုံလောက် ရှိလား။ တကယ်လို့ ဓာတ်ပုံတစ်ပုံလောက် ရှိတယ်ဆိုရင်တော့ သူ့ကိုရှာရတာ ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်"

မောက်သခင်မကြီးက မျက်မှောင်ကြုတ်လိုက်ကာ "အဲဒါကတော့ မရှိလောက်ဘူး ထင်တယ်..."

"ကျွန်မမှာ ရှိတယ်" အနည်းငယ် စူးရှသည့်အသံတစ်ခုသည် ဝင်ရောက်လာပြီး လှည့်ကြည့်လိုက်သည့်အချိန်တွင် ညအိပ်ဝတ်စုံဖြင့် မြန်မြန်ပြေးလာနေသည့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူမသည် ဖိနပ်ကျွတ်သွားသည်ကိုပင် ဂရုမစိုက်ဘဲ စိုးရိမ်တကြီး ပြောလိုက်လေသည်။ "ကျွန်မမှာ ဓာတ်ပုံရှိတယ်။ ကျွန်မမှာ မောက်လောင်အာ့တို့ မိသားစုရဲ့ ဓာတ်ပုံရှိတယ်"

သူမသည် ချက်ချင်းဆိုသလိုဓာတ်ပုံအား သတင်းထောက်ကို လှမ်းပေးလိုက်၏။ သတင်းထောက်ကလည်း ဓာတ်ပုံထဲက ဖြူဖွေးပိန်လှီနေသည့် မိသားစုကို ကြည့်လိုက်လေသည်။

အထူးသဖြင့် ခါးကိုင်းကိုင်းနှင့် ယောက်ျားသည် အလွန်ပိန်ပါးနေပြီး လုံးဝကို မှတ်မိနိုင်လောက်အောင် မရှိချေ။ သူသည် ကြောက်ရွံ့နေကာ ကင်မရာကိုပင် မကြည့်ရဲပေ။ သူသည် တစ်ချိန်က အခုလေးတင်မှ တွေ့ခဲ့သည့် ကျက်သရေရှိပြီး ယုံကြည်ချက်ပြည့်ဝနေသည့် မောက်ကျစ်ရှန်း ဖြစ်သည်ဟု ယုံဖို့ရန်ပင် မဖြစ်နိုင်ပေ။

"ဒါပဲ။ ဒါက မောက်ဟွေ့မေ" မောက်ဟွေ့ဟယ်သည် အနားသို့ ရောက်လာသည့် ဓာတ်ပုံထဲက အကြီးဆုံးမိန်းကလေးကို ထောက်ပြလိုက်ပြီး ဝမ်းသာအားရပြောလိုက်သည်။

"သတင်းထောက် ရှင် ကျွန်မတို့အတွက် သူ့ကို သေချာပေါက် ရှာပေးရမယ်နော်။ ဟုတ်တယ်မလား။ သေချာပေါက် ရှာပေးနိုင်ပါတယ်နော်။ ဟုတ်တယ်မလား"

"သူတို့တွေက မင်္ဂလာလက်ဖွဲ့ ယွမ်၆သောင်းကျော်ကို ယူပြေးသွားခဲ့တာ။ သူတို့တွေက ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူတွေပဲ။ ရဲစခန်းကလည်း သူတို့ကိုဖမ်းဖို့ ဝရမ်းထုတ်ပြီး သူတို့ကို ပြန်ခေါ်လာပေးလို့ရတယ်"

သတင်းထောက်သည် သူမ၏တော်တော်လေး ရူးသွပ်နေပုံပေါ်သည့် သူမကို ကြည့်လိုက်ပြီး အဘွားကြီးကို မေးလိုက်လေသည်။ "ဒါက အဘွားရဲ့သမီးလား"

အဘွားကြီးသည် မောက်ဟွေ့ဟယ်ကို အနည်းငယ် ကြောက်ရွံ့သယောင်ရှိ၏။ ထို့ကြောင့် သူမက နည်းနည်းဝေးသည့် နေရာတွင် ပုန်းခိုနေလိုက်ပြီး အားတင်းကာပြုံးရင်း ပြောလိုက်သည်။

"မဟုတ်ပါဘူး။ သူက ငါ့ရဲ့အကြီးဆုံးမြေးမလေး"

သတင်းထောက်သည် အခုလေးတင်မှ သဘောပေါက်သွားဟန်တူပြီး "ဪ အဘွား အခုလေးတင် ပြောခဲ့တဲ့ အဘွားရဲ့ အကြီးဆုံးမြေးမလေးက အဘွားတို့စီရင်စုက အချမ်းသာဆုံးလူနဲ့ လက်ထပ်ခဲ့တယ်ဆိုတာ..."

"ဟမ်။ အချမ်းသာဆုံးလူက ဒုတိယသားရဲ့သမီးကို မျက်စိကျနေတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

"ဟုတ်တယ်လေ" မောက်ဟွေ့ဟယ်က ပြောလိုက်သည်။ " သူတို့တွေက မောက်ဟွေ့မေကို သဘောကျတာ။ ကျွန်မကို မဟုတ်ဘူး"

သူမသည် ထိုသို့ပြောလိုက်ပြီး ရုတ်တရက်ရောဂါ ဖောက်လာတော့၏။ "ကျွန်မကို မရိုက်ပါနဲ့။ ကျွန်မကို မရိုက်ပါနဲ့"

မောက်ဟွေ့ဟယ်သည် သူမ၏ခေါင်းကို လက်နှင့်ကာထားပြီး ကုပ်ကုပ်လေး ဖြစ်သွားတော့၏။

"ကျွန်မကို မသတ်ပါနဲ့။ ကျွန်မကို မသတ်ပါနဲ့။ ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဘယ်သူ့ကိုမှ မပြောပါဘူး။ ကျွန်မ ဘယ်သူ့ကိုမှလည်း မသတ်ပါဘူး..."

မောက်သခင်မကြီး၏ မျက်နှာသည် ပြောင်းလဲသွားတော့သည်။ သတင်းထောက်ဘေးက လူငယ်လေးသည် တစ်ခုခုကို သတိထားမိသွားဟန်တူကာ မောက်ဟွေ့ဟယ်ကို တည်တည်ငြိမ်ငြိမ် အကဲခတ်ကြည့်လိုက်၏။

အခုလေးတင်မှ ထွက်သွားသည့်လမ်းပြကလည်း ပြန်ရောက်လာပြီး မောက်ဟွေ့မေ၏မျက်နှာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သတင်းထောက်က အဘွားကြီးကို မြန်မြန်မေးလိုက်၏။

"ဟောဗျာ။ အဘွားရဲ့ မြေးမလေးက ဘာဖြစ်သွားတာလဲ"

လမ်းပြက မေးလိုက်သည်။ "သူခုနတုန်းက ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ပါဘူး။ သူတို့တွေက မောက်ဟွေ့မေကို ရှာချင်နေတယ်လို့ ပြောနေတာပါ။ ဟောက်မိသားစုက မောက်ဟွေ့မေကို စိတ်ဝင်စားနေတာတဲ့။ သူ့ကို မဟုတ်ဘူးတဲ့။ ရုတ်တရက်ကြီး သူတို့တွေ အရမ်းစိတ်လှုပ်ရှားသွားခဲ့ကြတယ်"

သတင်းထောက်က သူ့ခေါင်းကို လက်ညှိုးထိုးပြလိုက်ပြီး လမ်းပြကို မေးလိုက်လေသည်။ "သူက ဒီနေရာမှာ ပြဿနာများ ရှိနေတာလား"

လမ်းပြကလည်း စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "သိသာနေတာပဲ မဟုတ်ဘူးလား"

"သမီးတွေထက် သားတွေကိုပိုပြီး မျက်နှာသာပေးရမဲ့ နေရာမှာဆိုရင် မောက်မိသားစုက အဆိုးဆုံးပဲလေ။ သူတို့တွေက သူတို့ရဲ့သမီးတွေကို လူသားတွေလိုတောင်မှ သဘောထားကြတာ မဟုတ်ဘူး" လမ်းပြသည် မောက်မိသားစုကို အရာအားလုံးအတွက် ပြစ်တင် ပြောဆိုတော့၏။

"သူတို့တွေက သူတို့ရဲ့သမီးကို ဒီအခြေအနေအထိ ရောက်အောင် ဖိအားပေးခဲ့ကြတာလေ"

မောက်သခင်မကြီးသည် မကျေမနပ် ဖြစ်သွားသော်ငြားလည်း သူမသည် ဘာတစ်ခွန်းကိုမှ မပြောရဲတော့ချေ။

လမ်းပြက ပြောလိုက်၏။ "ခင်ဗျားတို့တွေက လူတွေကို အင်တာဗျူးနေကြတာပဲလေ။ ဒီတော့ ခင်ဗျားတို့တွေ ခင်ဗျားတို့ ပတ်ဝန်းကျင်ကလူတွေကို မေးမြန်းကြည့်လို့ရတယ်။ မောက်မိသားစုက သမီးတွေထက် သားတွေကို ပိုပြီးမျက်နှာသာပေးတဲ့ စံပြဥပမာ တစ်ခုဖြစ်တဲ့အကြောင်းကို သိလာလိမ့်မယ်"

ထိုရုပ်ပျက်ဆင်းပျက် အခြေအနေ ပြီးသွားသည့်နောက်တွင် သတင်းထောက်နှင့် လူငယ်လေးတို့သည် ဟိုတယ်သို့ ပြန်လာခဲ့ကြပြီး မျက်နှာချင်းဆိုင် ထိုင်ချလိုက်ကြကာ အချင်းချင်း၏ မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုများကို မြင်နေရ၏။

သူတို့သည် ဒီနေရာသို့ မလာခင်က ဒီနေရာတွင် သတင်းအကြီးကြီးရှိပြီး တူးဖော်နိုင်သလောက် အကုန်တူးဖော်ဖို့ရန် သူတို့ခေါင်းဆောင် ပြောခဲ့သည့် အကြောင်းအရင်းကို နားလည်သွားကြတော့သည်။

အကယ်၍ ဒီအချမ်းသာဆုံးသူဌေးသည် လက်တစ်ဖက်တည်းနှင့် အရာအားလုံးကို ဖုံးကွယ်ထားနိုင်ခဲ့ပြီး လူသားတို့၏အသက်ကို ပေါ့ပေါ့တန်တန် သဘောထားခဲ့လျှင်ဖြင့် ဒါသည် တစ်နိုင်ငံလုံးကို ထိတ်လန့်သွားစေမည့် လူထုရေးရာသတင်းတစ်ခု သေချာပေါက် ဖြစ်လာပေတော့မည်။

...

All Chapters