အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အပိုင်း (၂၂၃)
တစ်ပတ်ကြာပြီးသည့်နောက်တွင် ရုပ်ရှင်တီဗီဖျော်ဖြေရေးမဂ္ဂဇင်း နောက်ဆုံးစာစောင်ကို ထုတ်ဝေခဲ့၏။
ရုပ်ရှင်နှင့်တီဗီ ဖျော်ဖြေရေးမဂ္ဂဇင်းသည် အကြီးမားဆုံး လည်ပတ်မှုနှင့် ရုံမိသားစု၏ ဖျော်ဖြေရေးမဂ္ဂဇင်း ဖြစ်၏။ ရုံရှင်းသည် သူ၏ကိုယ်ပိုင် ဖျော်ဖြေရေးကုမ္ပဏီကို ဖွင့်လှစ်ခဲ့ပြီးနောက် မိသားစုမဂ္ဂဇင်းနှင့် ချိတ်ဆက်ကာ လည်ပတ်နေသည့် လုပ်ငန်းစဉ်က ဆင်တူသည့် မဂ္ဂဇင်းများကြားတွင် ပထမဦးဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့သည်။
ထို့အပြင် မဂ္ဂဇင်း၏ထုတ်ဝေမှုပုံစံထဲက မျက်နှာဖုံး သီးသန့်အင်တာဗျူးသည် လက်တလောတွင် အလွန်နာမည်ကြီးလာခဲ့၏။ ထို့ကြောင့် ဒီစာစောင်ကို ထုတ်ဝေမှုသည် အစောပိုင်းထုတ်ဝေခြင်းထက် ၂၀ရာခိုင်နှုန်း ပိုမြင့်ခဲ့သည်။
အတွင်းဘက် မျက်နှာဖုံးတွင်လည်း မောက်ကျစ်ရှန်းနှင့် သီးသန့်အင်တာဗျူးတစ်ခု ထည့်သွင်းထား၏။ သူသည် နာမည်ကြီး ကြယ်ပွင့်တစ်ယောက် မဟုတ်သော်ငြားလည်း သူသည် ရင်းနှီးနေသည့် မျက်နှာတစ်ခု ပိုင်ဆိုင်ထားသည်။ လူအများသည် သူ့ကိုမြင်လိုက်ရသည်နှင့် တစ်ချက်လောက်တော့ မြန်မြန်ကြည့်မိပေလိမ့်မည်။ သူ၏ ဒဏ္ဍာရီဆန်လှသည့် အတွေ့အကြုံကလည်း လူအများအပြားကို အံ့အားသင့်ရစေသည်။
သူသည် ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ပြီး မူလတန်းပညာရေးသာ တတ်မြောက်ခဲ့သည်။ သူသည် အလွန်ချောမောလှပသည့်အတွက် အချိန်အကြာကြီး အနိုင်ကျင့်ခံခဲ့ရ၏။ သူနှင့် သူ့မိန်းမတွင် သမီး၃ယောက်ရှိသည်။ သို့သော်ငြားလည်း သူသည် မိသားစု၏ ယောက်ျားကြီးစိုးရေးဝါဒီ၏ ဖိနှိပ်ခြင်း ခံခဲ့ရသည်။
နောက်ပိုင်းတွင် သူ၏အကြီးဆုံးသမီးသည် ရောင်းချခံရလုနီးပါး ဖြစ်လာသည့်အချိန်တွင်တော့ သူသည် သတ္တိကိုမွေးကာ သူ့မိသားစုတစ်ခုလုံးနှင့် ထွက်ပြေးလာခဲ့တော့၏။ ထို့နောက်တွင်တော့ အသက်၄၀အရွယ်တွင် ယန်မြို့က အရည်အချင်းရှိသူများကို ရှာဖွေသူတစ်ယောက်၏ ရှာဖွေခြင်းခံခဲ့ရပြီး သရုပ်ဆောင်တစ်ယောက်အနေဖြင့် စတင်လှုပ်ရှားခဲ့၏။ သူသည် ဒီနေ့တွင် အိမ်တိုင်းက သိကြသည့် နာမည်တစ်ခု မဟုတ်သော်ငြားလည်း လူအများအပြားကတော့ သူ ပါဝင်ရိုက်ကူးခဲ့သည့် ဇာတ်လမ်းများကို သိနေကြဆဲပင်။
လူတိုင်းကလည်း ဒီလိုသာမန်လူက အောင်မြင် ပြောင်းလဲလာသည့် ဇာတ်ကြောင်းကို ကြည့်ရသည်ကို သဘောကျလေသည်။
အင်တာဗျူးအဆုံးတွင် သူ့သမီး၃ယောက်သည် ယခုတော့ အလွန်အောင်မြင်နေသည့်သူဖြစ်ပြီး သူသည် ထိုအချိန်က ဒီလောင်းကြေးကို ထပ်ခဲ့သည့်အတွက် ဝမ်းမြောက်စရာကောင်းသည်ဟု ဂုဏ်ယူ၀င့်ကြွားစွာပင် ထုတ်ပြောခဲ့သေးသည်။
ယခုအချိန်တွင်တော့ သူသည် အခြေအနေတစ်ခု ပိုင်ဆိုင်လာပြီဖြစ်သဖြင့် သူသည် ယောက်ျားလေးများကို ဦးစားပေးတတ်သည့် အတွေးအမြင်ကြောင့် ကျောင်းမသွားနိုင်ခဲ့သည့် သူ့သမီးကဲ့သို့သော မိန်းကလေးများကို ကူညီပေးချင်သည်ဟု ဆိုသည်။
စက္ကူထုတ်မီဒီယာ ကြီးစိုးသည့်ခေတ်တစ်ခုတွင် ဒီလိုဖျော်ဖြေရေးမဂ္ဂဇင်း အင်တာဗျူးပျံ့နှံမှုနှုန်းသည် အကန့်အသတ်နှ င့်ဖြစ်နေပြီး အစကတည်းက ကြီးမားသည့် သတင်းပျံ့နှံမှုနှုန်းကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပေ။
သတင်းစာ ငယ်လေးများတချို့ကသာ သရုပ်ဆောင် မောက်ကျစ်ရှန်းသည် ဆင်းရဲနွမ်းပါးသည့်ဒေသများက မိန်းကလေးကို ကျောင်းသွားဖို့ရန် ထောက်ပံ့ပေးမည်ဟူသည့် သတင်းကို ထုတ်ဝေပေးခဲ့၏။ ဒါသည် သေးငယ်သည့် သတင်းအပိုင်းအစတစ်ခုဖြစ်သဖြင့် သတိမထားကြည့်လျှင် အလွယ်တကူ ကျော်သွားနိုင်ပေသည်။
ဆန့်ကျင်ဘက်အနေနှင့် လူများကတော့ ညနေခင်းသတင်းစာတွင် ဖော်ပြတတ်သည့် လူမှုရေး စိတ်ဝင်စားဖွယ်ရာ သတင်းအကြောင်း ပြောဆိုရသည်ကို ပိုပြီးစိတ်ဝင်စားကြသည်။
ရှက်စရာကောင်းသည့် မိသားစုတစ်ခုသည် သူတို့သမီးဖြစ်သူ၏ လက်ဖွဲ့ပစ္စည်းကို ယူကာ ပျောက်ကွယ်သွားခဲ့ပြီး အသက်၆၀အရွယ် မိခင်အိုကြီးကသာ ဒီကြီးမားသည့် အပြောင်းအလဲကို ဖြေရှင်းဖို့ရန်အတွက် ကျန်နေခဲ့သည်။ သူတို့၏ညီအစ်ကိုများကလည်း ထိုကိစ္စထဲတွင် ဆွဲထည့်ခံလိုက်ရပြီး ထောင်ကျသွားခဲ့သည်။ အစကတည်းကမှ မချမ်းသာသည့်မိသားစုသည် ပြန်လည်နာလံမထူနိုင်တော့ဘဲ ယခုတော့ တစ်ပြားတစ်ချပ်မှပင် မရှိတော့ချေ။
ထိုတစ်ခန်းရပ် ဖြစ်ရပ်လေးသည် မောက်သခင်မကြီး၏ ဖော်ပြချက်နှင့် မောက်ကျစ်ရှန်းတို့၏ မိသားစုအပေါ် အကဲဖြတ်မှုကို အတိအကျမှတ်တမ်းတင်ထားပြီး ထိုသတင်းကို ဖတ်မိကြသူတိုင်းက ပိုက်ဆံနှင့် ထွက်ပြေးတိမ်းရှောင်သွားသည့် မောက်လောင်အာ့မိသားစုကို အတ္တကြီးကာ အရှက်မဲ့လေခြင်းဟု ကျိန်ဆဲကြတော့၏။
သို့သော်ငြားလည်း ထိုအဖြစ်အပျက်က လူအများ၏ ဆူဆဲကြိမ်းမောင်းခြင်းခံရပြီးသည်နှင့် ပြီးဆုံးသွားလိမ့်မည်။ ထိုလူကိုရှာဖွေဖို့ရန်လည်း မဖြစ်နိုင်ချေ။ နောက်ဆုံး နေ့တိုင်းသတင်းစာထဲတွင် ထိုဖြစ်ရပ်များ ပါရှိနေသည်ပင်။ တစ်ခုထက်တစ်ခုပိုပြီး ထူးဆန်းသည့်ကိစ္စများလည်း ရှိနေ၏။
၂ရက်ကြာပြီးသွားသည့်နောက်တွင် မောက်ကျစ်ရှန်း၏ အင်တာဗျူးတွင် ဖြေဆိုထားသည့် အကြောင်းအရာနှင့်အတူ ဒီသတင်းသည် အလွန်ဆွဲဆောင်မှုရှိသည့် ခေါင်းစီးတစ်ခုနှင့် ဖျော်ဖြေရေးသတင်းစာ၏ စာမျက်နှာအပြည့် အတင်းအဖျင်းကဏ္ဍတွင် ဖော်ပြခံခဲ့ရတော့၏။
[သရုပ်ဆောင်မောက်ကျစ်ရှန်းက တကယ်ပဲ ဝရမ်းပြေးတစ်ယောက်လား]
ဒီဆောင်းပါးသည် အင်တာဗျူးထဲတွင် အဘွားကြီး ဖော်ပြထားသည့်အချက်အလက်နှင့် မောက်ကျစ်ရှန်း၏ အချက်အလက်တို့ကို အသေးစိတ် နှိုင်းယှဉ်ဖော်ပြထားပြီး သူတို့၏ပုဂ္ဂိုလ်ရေး ထင်မြင်ချက်များကို ဖယ်ရှားထားကာ လက်တွေ့ကျကျ အချက်အလက်များဖြင့် ခွဲခြမ်းစိတ်ဖြာပြထားသည်။ မောက်ကျစ်ရှန်းသည် မိသားစု၏ ဒုတိယကလေးဖြစ်သည်။ သူသည် လွန်ခဲ့သည့်၄နှစ်က ဇာတိမြို့မှ ထွက်ပြေးလာခဲ့သည်။ သူ့တွင် သမီး၃ယောက်ရှိသည်။ သူတို့သည် မင်ရှီစီရင်စုမှဖြစ်၏။ ထိုအချက်အလက် အားလုံးနီးပါးက ကိုက်ညီနေသည်။
ထို့ကြောင့် မောက်ကျစ်ရှန်းသည် ထိုဖြစ်ရပ်ထဲတွင် ဖော်ပြထားသည့် အတ္တကြီးကာ သူ့မိသားစုကို ကပ်ဘေးဒုက္ခများ သယ်ဆောင်လာသည့် အရှက်မဲ့သည့် လူတစ်ယောက်ဖြစ်သည်ဟု မှတ်ယူနိုင်တော့သည်။
နာမည်ကြီး သရုပ်ဆောင်တစ်ယောက်နှင့် လူမှုရေးရာ ကိုယ်ကျင့်သိက္ခာအတင်းအဖျင်းများကို ပေါင်းစည်းလိုက်သည့်အခါ ဒီကိစ္စသည် ချက်ချင်းပျံ့နှံ့သွားပြီး လူအများကြားတွင် ရေပန်းစားသည့် အကြောင်းအရာတစ်ခု ဖြစ်လာတော့၏။
ဖျော်ဖြေရေးကဏ္ဍနှင့် လူမှုရေးကဏ္ဍက သတင်းထောက်များကလည်း သတင်းကို အသည်းအသန် အနံ့ခံကြကာ မြန်မြန်ဆန်ဆန် တုံ့ပြန်တတ်သူများကတော့ ချက်ချင်းဆိုသလို မင်ရှီစီရင်စုသို့ ဆင်းသွားကြတော့သည်။
မင်ရှီစီရင်စုက လူတိုင်းကလည်း ထိုအကြောင်းကိုသိသည်က သဘာဝပင်။ စီရင်စုတစ်ခုလုံးသည် ချက်ချင်းဆိုသလို ပွက်လောရိုက်သွားတော့၏။
တစ်နေ့လုံး အဘွားကြီး၏ အလကားကောင်ဟု ခေါ်ခံခဲ့ရပြီး တစ်ချိန်က လှောင်ရယ်ခံခဲ့ရသည့် မောက်လောင်အာ့သည် နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့၏။ သူနှင့် စကားစမြည်ပြောခဲ့ဖူးသူနှင့် အလုပ်လုပ်ခဲ့ဖူးသူများကပင် အလွန်ဝမ်းသာသွားကြပြီး သူနှင့် သူတို့၏ဆက်ဆံပုံ အသေးစိတ်ကိုပင် ခက်ခက်ခဲခဲကြိုးစားပြီး ပြန်စဉ်းစားကြတော့သည်။
ထို့ကြောင့် သတင်းထောက်များသည် သူတို့၏ ခရီးပန်းတိုင်သို့ ရောက်လာသည့်အချိန်တွင် ရှာဖွေဖော်ထုတ်ရန် ကိစ္စရပ် အများအပြားရှိနေသည်ကို တွေ့လိုက်ရတော့၏။
ဖျော်ဖြေရေး သတင်းထောက်များအနေနှင့်တော့ မောက်ကျစ်ရှန်း၏ သတင်းအကြောင်းအရာကို သူတို့ အလုပ်တွဲလုပ်ခဲ့သည့် နေရာတိုင်းက စီရင်စုထဲတွင် တွေ့မြင်နိုင်သည်။
သတင်းထောက်များအတွက်တော့ မောက်မိသားစုသည် အိုမင်းဟောင်းနွမ်းနေပြီဖြစ်သည့် အတွေးစရိုက်များကို ထိန်းသိမ်းထားခဲ့သည့် မိသားစုတစ်ခုဖြစ်ကာ ဆက်ပြီးတူးဖော်ခဲ့လျှင် အဖိုးတန်သည့် သတင်းများစွာကို ရနိုင်ပေမည်။
မောက်မိသားစုကတော့ ဒီသတင်းထောက်များ ရောက်လာရသည့် အဓိပ္ပာယ်ကို မသိဘဲ ကိုယ့်ဟာကိုယ် ပျော်ရွှင်ဝမ်းမြောက်နေကြတော့သည်။
မောက်သခင်မကြီးက သတင်းစာထဲက ချောမောခန့်ညားသည့် မောက်ကျစ်ရှန်းကို ကြည့်ပြီး မယုံနိုင်အောင်ပြောတော့သည်။ "မဖြစ်နိုင်တာ။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဘယ်လိုလူက မောက်လောင်အာ့ရဲ့ ရုပ်ဆိုးနေတဲ့ အသွင်ကြီးကို တီဗီရှိုးတစ်ခုထဲမှာ ရိုက်ချင်မှာလဲ။ ဒီတီဗီရှိုးကို ရိုက်ယူတဲ့လူက မျက်စိများ ကန်းနေတာလား"
"ဒီလောကကြီးကလည်း တကယ်ထူးဆန်းလိုက်တာ။ သာ့ဝေလို့ လိမ္မာတဲ့ကလေးကျတော့ တီဗီရှိုးထဲမှာ ပေါ်မလာနိုင်ဘူး။ ဒီလိုအမှိုက်ကောင်ကျတော့ တစ်ခါတည်းနဲ့ ပေါ်လာခဲ့တယ်"
မောက်လောင်စန်းနှင့် မောက်လောင်စန်းတို့ကလည်း အလွန်ဝမ်းသာသွားကြသည်။
မောက်လောင်းစန်းက ပြောလိုက်သည်။ "အမေ ဒါက လောင်အာ့ပဲ။ သူ့ငွေအများကြီးရှာနိုင်နေတာလား"
မောက်လောင်စန်းက ပြောလိုက်၏။ "ဒါပေါ့။ အများကြီးရှာနိုင်မှာပေါ့။ ဒီနေရာမှာ ပြောထားတယ် မဟုတ်ဘူးလား။ သူက ငါတို့စီရင်စုထဲက ကျောင်းမသွားနိုင်တဲ့ မိန်းကလေးတွေကို ထောက်ပံ့ပေးမယ်လို့လေ။ သူဘယ်လောက်အထိ ရှာနိုင်လဲဆိုတာကို စဉ်းစားကြည့်လို့ ရပါတယ်။ အနည်းဆုံးတော့ ယွမ်သိန်းချီရှာနိုင်မှာပေါ့"
အဘွားကြီးသည် ထပ်ပြီး တုန်လှုပ်မှုမရှိတော့ဘဲ ကျိန်ဆဲလေတော့၏။ "သူက အာခံတတ်တဲ့ စရိုက်သဘာဝနဲ့ မွေးဖွားလာပြီး သုံးစရာငွေတွေအများကြီး ရှာဖွေနိုင်မယ်ဆိုတာ ငါ သိသားပဲ။ သူက အဲဒီပိုက်ဆံတွေကို ငွေဖြုန်းတီးမဲ့ကလေးတွေ ကျောင်းပို့ပေးဖို့ ထောက်ပံ့ပေးချင်နေတယ်တဲ့။ သူ ငါ့ကို အရင်ဆုံး သတ်လိုက်မှပဲရမယ်"
တတိယသားက ဝမ်းသာအားရဖြင့် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ကာ "အမေ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့တွေ သူ့ကို သွားရှာကြမလား။ သူ ဘယ်မှာရှိတယ်ဆိုတာ အမေသိလား"
အဘွားကြီးသည် မောက်ကျစ်ရှန်းကို အခွင့်အရေးပေးသည့် လေသံဖြင့် ပြောလိုက်၏။ "နင်က ဘာကို သွားရှာမှာလဲ။ သူ့ကိုသာ ပြန်လာခိုင်းပြီးတော့ ငါတို့ကို လာခေါ်ခိုင်းလိုက်"
အင်တာဗျူးအတွက် အချိန်တစ်ခုပေးခဲ့ပြီးသည့်နောက်တွင် အဘွားကြီးသည် သတင်းထောက်က အလွန်ယုံကြည်ရသည်ဟု ခံစားမိကာ သတင်းစာထဲတွင် သတင်းထောက်များ၏ ကြော်ငြာပေးခြင်းကြောင့် သူမသည် မောက်ကျစ်ရှန်းကို ထိုမျှလောက် မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိခဲ့သည်ဟု ထင်လေသည်။
ထို့အပြင် တစ်မျက်နှာလုံး အပြည့်ရေးထားသည့် ဖျော်ဖြေရေးသတင်းစာကလည်း မောက်ကျစ်ရှန်းသည် ဝရမ်းပြေးတစ်ယောက် ဖြစ်သည်ဟု ပြောထားသဖြင့် အဘွားကြီးကလည်း အလွန်ယုံကြည်မှု ရှိနေတော့၏။
"ငါ သတင်းထောက်တစ်ယောက်ကို သွားရှာပြီးတော့ သူ့ကိုပြန်လာခိုင်းဖို့ သတင်းထဲမှာ ကြော်ငြာထည့်ခိုင်းရမယ်။ တကယ်လို့ သူ ပြန်မလာဘူးဆိုရင် ငါသူ့ကို တရားစွဲပြီးတော့ရဲနဲ့ ဖမ်းခိုင်းမယ်"
"ပြီးရင်တော့ သူ့ပိုက်ဆံတွေအားလုံး ယူလာခိုင်းပြီးတော့ သာ့ဝေနဲ့ တခြားသူတွေအတွက် အိမ်တစ်လုံးလောက် ဆောက်ခိုင်းရမယ်။ မဟုတ်ဘူး။ တိုက်ခန်းတစ်ခုလောက် ဆောက်ခိုင်းရမယ်။ သူထပ်ပြီးတော့ ဘယ်လိုကြွားလုံး ထုတ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
သို့နှင့် ဖျော်ဖြေရေးကဏ္ဍမှ သတင်းထောက်များနှင့် သာမန်သတင်းထောက်များတို့သည် မောက်အဘွားကြီးထံမှ အလွန်စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာကို ရရှိခဲ့တော့၏။
အထူးသဖြင့် မောက်အဘွားကြီးက လိမ်လည်နေသည်လားဟု စုံစမ်းနေသည့် သတင်းထောက်များသည် သူမက ကိုယ့်ဟာကိုယ် တိုက်ရိုက်ဖော်ထုတ်လိမ့်မည်ဟု မျှော်လင့်မထားကြချေ။
မင်ရှီစီရင်စုက သတင်းထောက်များက အလုပ်များနေကြစဉ် ‘ရှန်းရှီနှင့်တစ်နေ့တာ’ အမြည်းပြကွက်များကို ထုတ်လွှင့်ပေးခဲ့၏။ မောက်ကျစ်ရှန်း၏ ဘဝအတွေ့အကြုံလျှို့ ဝှက်ချက်များကို ဖော်ထုတ်ခဲ့ခြင်းပင်။ သူသည် ငွေများနှင့် ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံတစ်ယောက်ပါလား သို့မဟုတ် မိန်းကလေးများကိုသာ ဂရုစိုက်တတ်သည့် ပရဟိတသမား တစ်ယောက်ပါလား။
သို့နှင့် သောကြာနေ့တွင် လူအများကြီးသည် အဖြေတစ်ခုရဖို့ရန်အတွက် တီဗီရှေ့တွင် ထိုင်ပြီး စောင့်စားကြတော့သည်။
ညနေခင်း၇:၄၀တွင် ‘ရှန်းရှီနှင့်တစ်နေ့တာ’အစီအစဉ်ကို ထုတ်လွှင့်ခဲ့၏။
ရှ၀မ်ယွဲ့၊ ရှမြန်၊ နဥ်ရှောက်ယွင်နှင့် ဒေါ်ဒေါ်ဝေကလည်း ရှိုးပွဲကို ကြည့်ရှုဖို့ရန်အတွက် မောက်အိမ်က တီဗီရှေ့တွင်ထိုင်နေကြသည်။
အစီအစဉ်တင်ဆက်သူ၏ အကျဉ်းချုံးအဖွင့်အမှာစကား ပြီးသွားသည့်နောက်တွင် မောက်ကျစ်ရှန်းကို ထွက်လာဖို့ရန် ဖိတ်ခေါ်ပေးခဲ့သည်။ သူသည် သာမန်အဝတ်အစားကို ဝတ်ဆင်ထားပြီး ကိုယ်နေဟန်ထားက ဖြောင့်မတ်တည်ကြည်လှသည်။ သူ၏ချောမောသည့်မျက်နှာပေါ်တွင် သိသာထင်ရှားသည့် အရေးအကြောင်းတချို့ ရှိနေသည့်တိုင် သူ့ကို ပိုလို့ပင်ဆွဲဆောင်မှု ဖြစ်စေရလေသည်။
သူသည် စကားပြောလာသည့်အချိန်တွင်တော့ ပရိသတ်များသည် တီဗီဇာတ်လမ်းတွဲပေါ်တွင် သရုပ်ဆောင်ခဲ့သည့် အထာကျလွန်းသည့် သရုပ်ဆောင်နှင့် လုံးဝကွာခြားနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သို့သော်ငြားလည်း အင်မတန်ရိုးသားပြီး စကားနည်းသူ တစ်ယောက်အဖြစ် မြင်ရသည်။
ကံအားလျော်စွာ ရှန်းရှီသည် အင်မတန်တော်သည့် အစီအစဉ်မှူးတစ်ယောက်ဖြစ်ပြီး လမ်းကြောင်းပေးရာတွင် အလွန်တော်သူဖြစ်သည်။ ထို့ကြောင့် မောက်ကျစ်ရှန်းကလည်း အလွန်သဘာဝကျကျ ပြုမူနိုင်ခဲ့၏။
မောက်ကျစ်ရှန်းက ထိုင်ချလိုက်ပြီး ရှန်းရှီက သူ၏သရုပ်ဆောင် အတွေ့အကြုံနှင့် ရိုက်ကူးခဲ့သည့် ဇာတ်လမ်းတွဲများကို အကျဉ်းချုပ် မိတ်ဆက်ပေးလိုက်ပြီးနောက် မဂ္ဂဇင်းအင်တာဗျူး အကြောင်းအရာကို ကိုးကားပြီး အင်တာဗျူးကို စတင်လိုက်၏။
"ဆရာမောက်။ ဆရာက အသက်၄၀အရွယ်တုန်းက ကုမ္ပဏီတစ်ခုရဲ့ ကြယ်ပွင့်ရှာဖွေသူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ဒါကို တကယ်ထူးခြားတဲ့ အခွင့်အရေးတစ်ခုလို့ ပြောလို့ရပါတယ်။ ဘာအကြောင်းအရင်းကြောင့်လဲဆိုတာ သိပါရစေ"
မောက်ကျစ်ရှန်းက အမှန်အတိုင်း ပြောလိုက်သည်။ "အကြောင်းအရင်းကတော့ ကျွန်တော့်ရဲ့ ရုပ်ရည်ကြောင့်ပါ"
ရှန်းရှီက သူ့ကို လမ်းကြောင်းပေးသည်။ "အဲဒီအချိန်တုန်းက ပထမဦးဆုံး ဘယ်လိုခံစားလိုက်ရလဲ"
မောက်ကျစ်ရှန်းက ပြန်ဖြေသည်။ "ကျွန်တော် အရမ်းကြောက်နေခဲ့တာပေါ့။ ကျွန်တော် အခု လူရယ်ခံရမှာ တကယ် မကြောက်ပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော် အပြင်ထွက်ပြီး လူတွေနဲ့ တွေ့ရမှာတောင်မှ ကြောက်နေခဲ့တာပါ"
ရှန်းရှီက တအံ့တသြ ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ"
"ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း၄၀တုန်းက ဒီလိုရုပ်ရည်က နာမည်မကြီးဘူးလေ။ ဒါက ကျွန်တော့်မိန်းမနဲ့ သမီးတွေကိုလည်း ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့တယ်"
ရှန်းရှီသည် မယုံကြည်စွာ ပြောလိုက်၏။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ တခြားသူတွေတောင်မှ တောင်းဆိုလို့ မရနိုင်တဲ့ ထူးခြားတဲ့ အားသာချက်တစ်ခုပဲလေ"
"ကျွန်တော် ဇာတိမြို့ကနေ ထွက်လာပြီးတဲ့နောက်မှသာ ဒါက အားသာချက်တစ်ခုမှန်း သိလာခဲ့ရတာပါ"
မောက်ကျစ်ရှန်းက ပြောလိုက်သည်။ "ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ရုပ်သွင်နဲ့ အသံကြောင့်ပဲ ကလေးဘဝကတည်းက လှောင်ပြောင်ရယ်မောခံခဲ့ရတယ်လေ"
"အထူးသဖြင့် ကျွန်တော့်အမေပေါ့။ ဒီအတွက်ကြောင့်ပဲ သူက ကျွန်တော့်ကို အရမ်းမုန်းတီးခဲ့တာ။ ဒါကြောင့် ကျွန်တော် အသက် ၄၀ မတိုင်ခင်မှာ ကျွန်တော်က ကိုယ့်ဟာကိုယ် ယုံကြည်လေးစားမှု အရမ်းနိမ့်ပါးခဲ့တယ်"
မင်ရှီစီရင်စုက တီဗီရှေ့တွင် ထိုင်နေသည့် ဦးကြီးရှကပြောလိုက်သည်။ "တကယ်တမ်းကျတော့ တခြားသူတွေက အဆင်ပြေပါတယ်။ အဓိကကတော့ သူ့အမေပဲ။ အဲဒီအဘွားကြီးက ဘာတွေဖြစ်နေမှန်းကို မသိတော့ဘူး။ သူက ကျစ်ရှန်းကို ခေါင်းမဖော်ရဲအောင် စကားမပြောရဲတဲ့အထိ ရိုက်နှက်ပြီး ဆူပူကျိန်းမောင်းခဲ့တာလေ"
ရှချွမ်းက ပြောလိုက်၏။ "ကျွန်တော် မပြောခဲ့ဘူးလား။ ဦးလေး၂က သူ့ကြောင့်သာ ကံဆိုးနေခဲ့တာ"
ဦးကြီးရှက နှာခေါင်းရှုံ့လိုက်သည်။ "သူကတော့ ကိုယ့်ဟာကိုယ် ပြန်သတ်နေတာပါ"
ရှန်းရှီကဲ့သို့ပင် ထိုအချက်ကို မယုံကြည်နိုင်ကြသည့် ကြည့်ရှုသူများစွာ ရှိနေသည်ကလည်း သိသာသည်။ ဥပမာ ဒေါ်ဒေါ်ဝေသည် မနေနိုင်တော့ဘဲ ပြောတော့၏။ "ဆရာမောက်က ပိုက်ဆံတွေလည်းယူပြီး ထွက်ပြေးသွားတယ် ဆိုတာကတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ သူက ရုပ်ရည်မချောဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ"
တီဗီပေါ်တွင် ရှန်းရှီက ဆက်ပြီးမေးလိုက်၏။ "ဆရာက အဲဒီလောက်တောင် ကြောက်တတ်နေတာပဲ။ ဒါဆိုရင် ဘာက ရုပ်ရှင်စရိုက်ဖို့ ဆုံးဖြတ်ရအောင် ဖိအားဖြစ်စေခဲ့တာလဲ"
"ငွေကြောင့်ပေါ့ဗျာ" မောက်ကျစ်ရှန်းက အမှန်အတိုင်း ပြောလိုက်သည်။
"ကျွန်တော်တို့ မိသားစု၅ယောက်လုံးက ဒီနေရာကိုထွက်ပြေးလာဖို့ အရာအားလုံးကို စွန့်စားခဲ့ရတယ်လေ။ ကျွန်တော်က ကျွန်တော့်ရဲ့ ဇနီးဖြစ်သူကို အခက်အခဲတွေကို လျော့ပါးစေချင်ပြီး ကျွန်တော့် သမီး၃ယောက်ကိုလည်း ကျောင်းဆက်တက်စေချင်တယ်"
"သရုပ်ဆောင်အလုပ်က ငွေအများကြီး ရှာနိုင်တယ်လို့ ကျွန်တော် ကြားခဲ့တယ်လေ။ ဒီတော့ ကျွန်တော်လည်း သတ္တိကို စုစည်းပြီးစမ်းကြည့်ခဲ့တာပါ"
"အဲဒီနောက်မှာတော့ ဆရာက အရမ်းကိုကောင်းတဲ့ ခင်ပွန်းတစ်ယောက် အဖေတစ်ယောက် ဖြစ်လာခဲ့တာပဲ" ရှန်းရှီက ပြုံးလိုက်သည်။ "ဒါကြောင့် ဆရာက ဆင်းရဲတဲ့အရပ်ဒေသက မိန်းကလေးတွေကို စာလေ့လာနိုင်ဖို့ ထောက်ပံ့ပေးချင်တယ်ပေါ့။ ဒါကလည်း ဆရာ့ရဲ့ သမီး၃ယောက်ကြောင့်များလား"
"ဟုတ်ပါတယ်" မောက်ကျစ်ရှန်းက ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်တို့ဒေသက မိသားစု တော်တော်များများက သမီးတွေထက် သားတွေကိုပိုပြီးတော့ တန်ဖိုးထားတယ်လေ။ သမီးတွေကို ကျောင်းတက်ခွင့် လုံးဝမပေးခဲ့ဘူး"
"ကျွန်တော်တို့ မိသားစုထဲမှာလည်း အတူတူပဲ။ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က သမီး၃ယောက်ကို ကျောင်းပို့ပေးနိုင်ဖို့ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားလာခဲ့ရတယ်။ ကလေးတွေကလည်း ဘယ်လောက် စာသင်ချင်တယ်ဆိုတာကို ကျွန်တော် ကောင်းကောင်းသိတယ်လေ။ ဒါကြောင့် အခုတော့ ကျွန်တော့်မှာလည်းပဲ အရည်အချင်းရှိလာခဲ့ပြီး ကျွန်တော်လည်းပဲ သူတို့အတွက် တစ်ခုခု လုပ်ပေးချင်တာပါ"
ရှန်းရှီက ပရိသတ်ကို ပြောလိုက်၏။ "ကျွန်မ သိထားသလောက်ကတော့ လူကြီးမင်းမောက်ရဲ့ သမီး၃ယောက်လုံးကလည်း အရမ်းကို ထူးချွန်ကြတယ်တဲ့။ အရင်ဆုံး သူတို့ရဲ့အဆင့်တွေကို ကြည့်လိုက်ရအောင်ပါ"
မောက်ဟွေ့မေ၏ဓာတ်ပုံသည် စခရင်ပေါ်တွင် ပထမဦးဆုံး ပေါ်လာခဲ့၏။
သူမသည် နိုင်ငံခြားသားတစ်စုနှင့် အတူရှိနေကာ သူမ၏လက်ထဲတွင်လည်း အနီရောင်စာချုပ် စာအုပ်ကြီးတစ်ခုကို ကိုင်ထားပြီး ခေါင်းဆောင်နှင့်တူသည့် လူတစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်နေသည်။
ရှန်းရှီက အံ့သြသွား၏။ "ဒါက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ဆရာ့ရဲ့သမီးအကြီးဆုံးလား"
"ဒါက ကျွန်တော်ရဲ့သမီးအကြီးဆုံးပါ။ ဒါပေမဲ့ သူက နိုင်ငံခြားမှာ အလုပ်လုပ်နေတာ မဟုတ်ပါဘူး"
ရိုးသားလှသည့်သူသည် သမီးဖြစ်သူအကြောင်း ထုတ်ပြောသည့်အချိန်တွင်တော့ ဂုဏ်ယူနေသည့် အပြုံးတစ်ခုဖြစ်နေ၏။ "မနှစ်တုန်းက ကျင်းရိတောင်ပေါ်က အသီးခြံပိုင်ရှင်တွေရဲ့ ရောင်းချလို့ မရတဲ့အသီးပြဿနာကို ဖြေရှင်းဖို့အတွက် သူက ဖျော်ရည်စက်ရုံတစ်ခုကို ဖွင့်ခဲ့တယ်လေ။ အဲဒီစက်ရုံကို နိုင်ငံခြားတင်ပို့ဖို့ အထူးရည်ရွယ်ထားခဲ့ပြီး နိုင်ငံခြားသားတွေဆီကနေ ငွေရှာခဲ့တာပေါ့"
"ဒါက စန်းမေဖျော်ရည်ပါ။ ဒီဓာတ်ပုံကတော့ မနှစ်က နိုင်ငံခြားအမှာစာ စာချုပ်တစ်ခုကို လက်မှတ်ထိုးတုန်းက ဓာတ်ပုံပါ"
ရှန်းရှီက တအံ့တဩ ပြောလိုက်သည်။ "တကယ်ထူးချွန်တဲ့ မိန်းကလေးတစ်ယောက်ပဲ"
မောက်ကျစ်ရှန်းက သက်ပြင်းချလိုက်သည်။ "သူက ကလေးဘဝကတည်းက ကျွန်တော်တို့နဲ့အတူ ဒုက္ခအများဆုံးခံခဲ့ရတဲ့သူပါ"
မောက်ဟွေ့လန်၏ဓာတ်ပုံသည် စခရင်ပေါ်တွင် ထပ်ပြီးပေါ်လာခဲ့သည်။ သူမကတော့ နာမည်ကြီး တက္ကသိုလ်တစ်ခု၏ ဝင်ခွင့်လက်မှတ်တစ်ခုကို ကိုင်ဆောင်ထားပြီး လှပစွာ ပြုံးနေလေသည်။
"ဒါက ဆရာ့ရဲ့ဒုတိယသမီးလား"
မောက်ကျစ်ရှန်းသည် အပြုံးမရပ်နိုင်တော့ပေ။ "ဟုတ်ပါတယ်။ သူကတော့ ဒီနှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်ထားတာပါ။ သူ့ရဲ့ရလဒ်ကလည်း တော်တော်လေး ကောင်းပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကမှ ဝင်ခွင့်လက်မှတ်ကို ရခဲ့တာလေ"
ထို့နောက်တွင် စခရင်ပေါ်တွင် ပေါ်လာသည့်ပုံမှာ မောက်ဟွေ့ကျူး သရုပ်ဆောင်ခဲ့သည့် သခင်မလေးပုံတစ်ပုံ ဖြစ်လေသည်။
ရှန်းရှီက ပြောလိုက်၏။ "ကျွန်မ သူ့ကို သိတယ်။ ရှောင်ကျူးလေးလို့ ခေါ်တယ်လေ။ ရှောင်ကျူးဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေးက တကယ်တမ်းကျတော့ ဆရာ့ရဲ့ သမီးငယ်လေးလား"
မောက်ကျစ်ရှန်းက ပြုံးကာပြောလိုက်၏။ "ဟုတ်ပါတယ်။ သူက သရုပ်ဆောင်ရတာကို သဘောကျတယ်လေ။ နောက်ဆိုရင် ကျွန်တော့်လိုပဲ သရုပ်ဆောင်တစ်ယောက် ဖြစ်လာချင်တယ်လို့ ပြောနေတယ်"
ရှန်းရှီသည် ပရိသတ်ကိုမေးလိုက်လေသည်။ "ဒီလိုဆိုရင်တော့ ဘယ်လိုပတ်ဝန်းကျင် အခြေအနေမျိုးက ဒီလိုထူးချွန်တဲ့ မိန်းကလေး၃ယောက်ကို ဖုံးကွယ်ထားခဲ့တာလဲ"
"ဆရာမောက်က ရန်ပုံငွေ ထူထောင်ပေးချင်တယ်ဆိုတဲ့နေရာရဲ့ တကယ် လက်တွေ့အဖြစ်မှန်ကို ကြည့်လိုက်ကြရအောင်ပါ"
တီဗီစခရင်သည် သတင်းထောက်စု ဆောင်းထားပေးသည့် အကြောင်းအရာများကို ချက်ချင်း ထုတ်လွှင့်ပေးလိုက်၏။
ရိုးရှင်းသည့် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းနှင့် အကြီးပိုင်းလူများသည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။ သတင်းထောက်က သူတို့၏သမီးများကို ကျောင်းပို့ပေးမည့်အကြောင်းကို မေးမြန်းကြသည့်အချိန်တွင် သူတို့အားလုံးက ဆင်တူသည့်အဖြေကိုသာ ပြန်ပြောခဲ့ကြ၏။
"မိန်းကလေးတွေက ဘာဖြစ်လို့ ကျောင်းသွားရမှာလဲ။ သူတို့တွေက ဘာပဲဖြစ်ဖြစ် နောက်ဆိုရင် အိမ်ထောင်ပြုရမှာပဲလေ။ ဒါက ငွေဖြုန်းတီးတာပဲ"
"အိမ်မှုကိစ္စကို ကောင်းကောင်းသင်။ လုပ်နိုင်ကိုင်နိုင်ပြီး ကိုယ်ကျင့်တရားပြည့်ဝနေရင် ဒါကလုပ်ရမဲ့ မှန်ကန်တဲ့ကိစ္စပဲလေ"
အထူးသဖြင့် နောက်ဆုံးအဘွားကြီးပင်။ သတင်းထောက်က သူမ၏မြေးကလေးများအကြောင်း မေးလိုက်သည့်အခါ သူမက မြေးများအကြောင်းကို ဂုဏ်ယူ၀င့်ကြွားစွာ မိတ်ဆက်ပေးသော်ငြားလည်း မြေးမလေးများ အကြောင်းကိုတော့ လုံးဝထုတ်မပြောခဲ့ချေ။ သူတို့သည် မိသားစု၏အစိတ်အပိုင်းတစ်ခု လုံးဝမဟုတ်သည့်နှယ်ပင်။
သတင်းထောက်၏ နောက်ထပ်မေးခွန်းများနောက်တွင်တော့ သူမက သူမ၏မြေးမလေးသည် အသက်၅နှစ်၊ ၆နှစ်အရွယ်ကတည်းက အလုပ်စလုပ်နေပြီဖြစ်ကာ အလွန်လုပ်ရည်ကိုင်ရည်ရှိသူဟုပင် ဖော်ပြခဲ့သေးသည်။
သတင်းထောက်က "သူက အသုံးမကျတဲ့ မိန်းကလေး၃ယောက်ကို မွေးခဲ့သေးတယ်။ သူတို့အားလုံးက ပိုက်ဆံဖြုန်းတီးတဲ့သူတွေပဲ" ဟူသည့်စကားစုကို အထူးတလည် ဖြတ်တောက်ပြီး ပြသခဲ့လေသည်။
တီဗီကြည့်နေကြသည့်သူများမှာ ဒေါသများအပြည့် ဖြစ်သွားတော့၏။
ဒေါ်ဒေါ်ဝေကတော့ ဒီအတိုင်းကို နားမလည်နိုင်တော့ပေ။ "သူကိုယ်တိုင်ကလည်း သူ့အမေရဲ့သမီး မဟုတ်ဘူးလား။ သူလည်း ပိုက်ဆံဖြုန်းတီးတဲ့သူ မဟုတ်ဘူးလား"
ရှမြန်ကတော့ စဉ်းစားလိုက်၏။ တော်သေးတာပေါ့။ အခုအချိန်မှာ မှတ်ချက်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေ မရှိသေးလို့ပဲ။ မဟုတ်ရင် မောက်အဘွားကြီးကတော့ ဆဲဆိုခံရလွန်းလို့ သေသွားနိုင်တယ်။
အထူးသဖြင့် ကင်မရာကို လှည့်လိုက်သည့်အခါ ငယ်ရွယ်သည့်မိန်းကလေးများကို ပြသထားလေသည်။ တချို့ကတော့ ကျောပေါ်တွင် မောင်ငယ်လေးများကို ပိုးထားပြီး အဝတ်လျှော်နေကြ၏။ တချို့က ထင်းခွဲနေပြီး တချို့က လယ်ကွင်းထဲတွင် အလုပ်လုပ်နေကြသည်။ သတင်းထောက်က သူတို့ကို ကျောင်းတက်ချင်လားဟု မေးလိုက်သည့်အချိန်တွင် သူတို့၏ မျက်လုံးများက တမ်းတမှုအပြည့် ဖြစ်နေ၏။
"တက်ချင်တယ်"
“တက်ချင်တယ်”
မရေမတွက်နိုင်သည့် ‘တက်ချင်တယ်’ဟူသည့်စကားလုံးသည် လူတိုင်း၏နှလုံးသားကို ထိုးဖောက်သွားတော့သည်။ ရှန်းရှီ၏အသံကလည်း အနည်းငယ် လေးပင်လာတော့၏။ "ဆရာ့ရဲ့သမီးက ဒီလိုတူညီတဲ့အရေးကိစ္စကို တွေ့ကြုံရမလို ဖြစ်သွားတဲ့အတွက် ဆရာက ငွေပိုငွေလျှံရှိလာတဲ့အခါ ပထမဦးဆုံး လုပ်ချင်တဲ့အရာက မိန်းကလေးတွေကို ထောက်ပံ့ပေးချင်တာလား"
...
အပိုင်း (၂၂၄)
"ဟုတ်ပါတယ်" မောက်ကျစ်ရှန်းက ပြောလိုက်သည်။ "ကျွန်တော်က ပညာမတတ် အမြင်ကျဉ်းမြောင်းခဲ့ပြီး ကိုယ်တိုင်လည်း ဆိုးဝါးတဲ့ဘဝတစ်ခု ရှိခဲ့တဲ့အပြင် ကျွန်တော့်ကလေးတွေကိုလည်း ဒုက္ခခံစားရစေခဲ့တယ်။ ဒါကြောင့် ကျွန်တော်က ယောက်ျားလေးရော၊ မိန်းကလေးရော စာလေ့လာသင့်တယ်လို့ ထင်တယ်"
"ရုပ်ရည်ကြောင့် ကြောက်ရွံ့အားငယ်နေတဲ့ ကျွန်တော့်လို မဖြစ်ပါစေနဲ့။ ဒါတွေအားလုံးက ကိုယ့်ဟာကိုယ် ယုံကြည်မှု မရှိလို့ ဖြစ်လာခဲ့ရတာတွေပါ။ အသိပညာရှိပြီး ယုံကြည်ချက်ရှိမှသာ လူတစ်ယောက်က သန်မာလာနိုင်ပါတယ်"
ရှန်းရှီက ပြုံးကာပြောလိုက်သည်။ "ဒီလိုစကားမျိုးတွေ ပြောနိုင်တယ်ဆိုမှတော့ ဆရာက မသိနားမလည်တဲ့သူ တစ်ယောက်နဲ့ မတူပါဘူး"
မောက်ကျစ်ရှန်းက ပြောလိုက်သည်။ "ကျွန်တော် ထွက်ပြေးလာပြီးကတည်းက သင်ယူလေ့လာနေခဲ့တာပါ။ ဒီအကြောင်းကိုလည်း ကျွန်တော့်ရဲ့ဇနီးသည်ဆီကနေ သင်ယူတတ်မြောက်ခဲ့တာ။ သူက အရမ်းကို သန်မာတဲ့သူတစ်ယောက်လေ"
"ဪ" ရှန်းရှီသည် စိတ်ဝင်စားစွာမေးလိုက်၏။ "ဒါဆိုရင် ဆရာတို့နှစ်ယောက် ဘယ်လိုတွေ့ဆုံခဲ့ကြတာလဲ"
မောက်ကျစ်ရှန်းက သက်ပြင်းချလိုက်ပြီး "အစတုန်းကတော့ ကျွန်တော်တို့ရဲ့ တွေ့ဆုံမှုက သိပ်ပြီးကောင်းလှတာ မဟုတ်ပါဘူး။ အရမ်းကို ဆိုးဝါးခဲ့တယ်လို့တောင် ပြောလို့ရတယ်..."
မောက်ကျစ်ရှန်းသည် သူကိုယ်တိုင်နှင့် ရှ၀မ်ယွဲ့တို့၏အကြောင်းကို ပြောပြလိုက်၏။
ရှ၀မ်ယွဲ့သည် အသက်၁၆နှစ်အရွယ်တွင် သူနှင့် လက်ထပ်ဖို့ရန် ဖိအားပေးခံရကြောင်း၊ နောက်ပိုင်းတွင်လည်း သမီးများကိုသာ မွေးခဲ့သည့်အတွက် လူကြီးများ၏ အထင်သေး အနိုင်ကျင့်ခံရသည့်အကြောင်း၊ သူမသည် သူမ၏သမီးအတွက် မည်သို့တိုက်ခိုက်ပေးခဲ့ပြီး၊ ကိုယ်ဝန်ရှိနေသည့်အချိန်တွင် မည်သို့ ရိုက်နှက်ခံခဲ့ရသည့်အကြောင်း၊ ထင်းတဲထဲတွင် ပိတ်လှောင်ခံထားရကာ ဆေးရုံသို့ သွားခွင့်မပေးသည့်အကြောင်း၊ သူမ၏အသက် ဆုံးရှုံးရတော့မလို ဖြစ်ခဲ့သည့်အကြောင်းကို ပြောသည့်အချိန်တွင် မောက်ကျစ်ရှန်းသည် မျက်ရည်များ ဝဲတက်လာတော့သည်။
ဒေါ်ဒေါ်ဝေကလည်း အလွန်ဒေါသထွက်သွားပြီး သူမပေါင်ကိုပင် ပြန်ရိုက်လိုက်၏။ "ဘုရားရေ။ အဲဒီအဘွားကြီးက တကယ့်ကို ငရဲသွားဖို့ပဲတန်ပါတော့တယ်"
တီဗီပေါ်တွင် ရှန်းရှီကလည်း သူမ၏မျက်လုံးထောင့်က မျက်ရည်များကို သုတ်လိုက်၏။ "ဆရာ့ရဲ့ဇနီးက အရမ်းကို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်လိုပဲနော်"
မောက်ကျစ်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်ပါတယ်။ သူက အရမ်းအံ့သြဖို့ကောင်းတယ်။ သူသာ မရှိဘူးဆိုရင်လည်း ဒီနေ့ရဲ့ကျွန်တော်ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး" သူက ခဏလောက် တုံ့ဆိုင်းလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော်က သူ့ကို အမြဲတမ်းချစ်သွားမှာပါ"
အိမ်တွင် တီဗီကြည့်နေကြသည့်လူတိုင်းသည် ချက်ချင်းဆိုသလို ရှ၀မ်ယွဲ့ကို ကြည့်လိုက်၏။
မောက်ဟွေ့မေကတော့ ရယ်မောကာ ပြောလိုက်သည်။ "အဖေကလည်း တကယ် အံ့ဩဖို့ကောင်းတာပဲ။ သူက တစ်နိုင်ငံလုံးရှေ့မှာ သူ့ရဲ့အချစ်ကို တကယ်တမ်း ဖွင့်ပြောရဲခဲ့တယ်လေ"
မောက်ဟွေ့ကျူးက လက်ခုပ်တီးကာ ရွှင်လန်းအားရ ဖြစ်နေစဉ်တွင် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း သူတို့၏ပါးစပ်ကို အုပ်ထားလိုက်ကာ ရယ်မောလိုက်ကြတော့သည်။
ရှမြန်က ပြုံးကာပြောလိုက်၏။ "ဦးလေး၂က တကယ် အံ့သြဖို့ကောင်းတာပဲ"
မောက်ဟွေ့လန်က မေးလိုက်သည်။ "ဒါကြောင့်မလို့ အဖေက ငါတို့နဲ့အတူတူ တီဗီမကြည့်တာများလား"
ရှ၀မ်ယွဲ့သည် ရှားရှားပါးပါးရှက် သွေးဖြာသွားပြီး ဒေါသဖြင့်ပြောလိုက်၏။ "...နင်တို့တွေ ဒီအသက်အရွယ် ရောက်နေပြီလေ။ တကယ်ပါပဲ..."
သူမသည် ထိုစကားကို ပြောလိုက်သော်ငြားလည်း သူမ၏မျက်နှာပေါ်တွင်တော့ ပျော်ရွှင်နေသည့် အပြုံးတစ်ခု ရှိနေ၏။ အားလုံးက ရယ်မောလိုက်ကြပြီး တီဗီကလည်း သူမကို စတင်မိတ်ဆက်ပေးနေသည်။
"...မစ္စရှ၀မ်ယွဲ့ ရှင်းရှန်းအစားအသောက်ကုမ္ပဏီကို တည်ထောင်သူ..."
မောက်ဟွေ့မေကို ထည့်သွင်းမိတ်ဆက်ပေးခြင်းကလည်း ရှ၀မ်ယွဲ့၏စိတ်ကူးသာ ဖြစ်၏။ ရှ၀မ်ယွဲ့၏ စကားထဲတွင် "ဒါက တကယ့်ကိုကြီးမားတဲ့ ကြော်ငြာတစ်ခုပဲလေ။ အလကားကြော်ငြာရတဲ့အပြင် တစ်နိုင်ငံလုံးကိုလည်း ခြုံငုံပြီးတော့ ကြည့်ရဦးမယ်။ တကယ်လို့ ငါတို့တွေ ဒါကိုအသုံးမချဘူးဆိုရင် တကယ့်အကြီးကြီးဆုံးရှုံးမှုပဲ"
အမှန်တွင်လည်း သက်ရောက်မှုက အမှန်ပင်ကောင်းမွန်ခဲ့၏။ ၅စက္ကန့်ပင် မပြည့်သည့်ပုံရိပ်တစ်ခုသာ ဖြစ်သော်ငြားလည်း ဓာတ်ပုံထဲက တောက်ပသည့်အပြုံးတစ်ခုနှင့် အရည်အချင်း ပြည့်ဝသည့် မိန်းမတစ်ယောက်သည် လူတိုင်းကို တံဆိပ်အသစ်အားဆွဲမြဲစွာ မှတ်မိသွားအောင် လုပ်ပေးနိုင်သေးသည်။
နောက်ဆုံး ဒီလိုလူမဆန်သည့်ဒုက္ခများကို တွေ့ကြုံခံစားခဲ့ရသည့် အမျိုးသမီးများသည် စိတ်ဓာတ်ခိုင်မာသင့်သည်ဟု လူအများက စိတ်ကူးကြလိမ့်မည်။ ရှ၀မ်ယွဲ့သည် ထိုဆိုးရွားသည့် အခြေအနေကို ထက်ထက်မြက်မြက် ဖြေရှင်းနိုင်ခဲ့ပြီး ပါးနပ်လိမ္မာကာ လုပ်နိုင်စွမ်းရည်ရှိသည့် အမျိုးသမီး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာခဲ့၏။
လူများက သက်ပြင်းချပြီး တစ်ချိန်တည်းတွင် သူမကို လေးစားကြတော့သည်။
"ဒါပေမဲ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ထပ်ပုံစံတစ်မျိုး ရှိနေသေးတဲ့ပုံပဲ"
ရှန်းရှီသည် စကားလမ်းကြောင်းပြောင်းလိုက်ပြီး စခရင်ပေါ်က ဖျော်ဖြေရေးသတင်းစာကဏ္ဍမှ သတင်းများကိုချပြလိုက်သည်။ "ဒီသတင်းထဲမှာ ပြောထားတာကတော့ အဘွားကြီး ရှာဖွေနေတဲ့သူက ဆရာမောက်ရဲ့မိသားစုတဲ့"
"ကျွန်မတို့တွေလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီသတင်းကို တူးဖော်ခဲ့တဲ့ သတင်းထောက်နဲ့ ဆက်သွယ်မိခဲ့တယ်။ ပြောတာတော့ တစ်ဖက်လူက လူရှာဖို့အတွက် ဓာတ်ပုံတစ်ပုံပေးခဲ့တယ်တဲ့။ ဒါက ဆရာတို့ မိသားစုဝင်တွေလားဆိုတာကို အတူတူကြည့်ကြရအောင်ပါ"
အမှန်တွင်တော့ အစောပိုင်းပြင်ဆင်မှုများ လုပ်ပြီးသွားသည့်နောက်တွင် ပရိသတ်များ၏ မျှခြေကလည်း မောက်ကျစ်ရှန်းဘက်သို့ ယိမ်းနေပြီးသားဖြစ်၏။
ထို့ကြောင့် ဓာတ်ပုံကို စခရင်ပေါ်တွင်ဖော်ပြလိုက်သည့်အချိန်တွင် ဒေါ်ဒေါ်ဝေသည် ရုတ်တရက် မှင်တက်အံ့သြသွားပြီး သက်ပြင်းချလိုက်တော့သည်။ "ရှင်တို့တွေ ပထမဦးဆုံး ရောက်လာတဲ့အချိန်တုန်းက ပုံစံကိုတောင် ကျွန်မ မေ့သွားခဲ့ပြီးပြီ"
သူမသည် ရှ၀မ်ယွဲ့ကို ကြည့်လိုက်၏။ "ရှင်တို့တွေ ဒီလောက် ဒုက္ခခံစားခဲ့ရလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး"
ရှ၀မ်ယွဲ့ကလည်း ဓာတ်ပုံကိုကြည့်လိုက်ပြီး ပျော့ပျောင်းစွာ ပြုံးလိုက်ကာ "ဒါတွေက ပြီးသွားပါပြီ..."
ဓာတ်ပုံက ကြီးမားသည့်မိသားစုတစ်ခုထဲမှ ဖြတ်တောက်ထားခြင်းဖြစ်မည်။ သူတို့ မိသားစု၅ယောက်သည် ဓာတ်ပုံရိုက်ဖို့ရန် ဘယ်တုန်းကမှ မလိုလားခဲ့သည်ကို အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။
ရှန်းရှီ၏ တုံ့ပြန်မှုသည် ပရိသတ်များနှင့် အတူတူသာ ဖြစ်လိမ့်မည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် အခြေအနေက လုံးဝမမှန်ကန်သည်ကို ခံစားမိနိုင်သည်။
အမှန်တွင်တော့ မိသားစု၏ မိသားစု၅ယောက်သည် ဓာတ်ပုံထဲတွင် အလွန်ပိန်လှီနေပုံရသည်။ အထူးသဖြင့် အစွန်းဆုံးတွင် ရပ်နေသည့်လူဖြစ်၏။ သူသည် အလွန်ပိန်ပါးနေပြီး ခန္ဓာကိုယ်သွင်ပြင်ပင် မပေါ်တော့ဘဲ ရင်ဘတ်နှင့် ပခုံးတို့ကလည်း ကိုင်းကျနေကာ သူ့မျက်လုံးများသည် အလွန်ကြောက်ရွံ့နေသဖြင့် ကင်မရာကိုပင် တည့်တည့်မကြည့်ရဲခဲ့ချေ။
ရှန်းရှီသည် တစ်ချက်လောက် အနီးကပ်ကြည့်လိုက်ပြီးမှ သူ၏မျက်နှာသွင်ပြင်မှတစ်ဆင့် မောက်ကျစ်ရှန်းကို ခပ်ရေးရေးလေး မှတ်မိသွားတော့၏။ သူမမှာ မနေနိုင်ဘဲ ပြောမိသွားတော့သည်။
"အရင်တုန်းက ကျွန်မ ဒီဓာတ်ပုံကို မြင်လိုက်တုန်းက ဆရာက ပြီးခဲ့တဲ့နှစ်၄၀အတွင်း ဘယ်လို နေထိုင်ခဲ့ရတယ်ဆိုတာကို စိတ်ကူးမကြည့်နိုင်ခဲ့ဘူး"
"အခုတော့ ကျွန်မ နည်းနည်းလေး နားလည်သွားတဲ့ပုံပဲ"
မောက်ကျစ်ရှန်းကလည်း ညင်သာစွာ ပြော၏။ "အားလုံးက ပြီးသွားပါပြီ။ အခု ကျွန်တော် အဆင်ပြေနေပါပြီ"
ရှန်းရှီသည် သူမ၏မျက်လုံးများကို သုတ်လိုက်ကာပြောလိုက်၏။ "ဒီဓာတ်ပုံအပြင် ကျွန်မတို့တွေ လူတစ်ယောက်ကို ရှာဖွေနေတဲ့ အဘွားကြီးဆီက အင်တာဗျူး အချက်အလက်တွေကိုလည်း ရထားသေးတယ်။ တစ်ချက်လောက် ကြည့်လိုက်ရအောင်ပါ"
ဤသို့နှင့် ဖြူဆုတ်နေသည့်မျက်နှာများနှင့် ပိန်လှီနေသည့်ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားသည့် မိသားစုဝင်၅ယောက်၏ ဓာတ်ပုံ ပေါ်ထွက်လာပြီးသည့်နောက်တွင် မောက်သခင်မကြီး၏ အံကြိတ်ကာ ဆဲရေးတိုင်းထွာနေသည့် စကားလုံးများ ထွက်လာတော့၏။ အမှိုက်သရိုက်၊ အရှက်မရှိတဲ့ဟာတွေ ဟူသည့်စကားလုံးများလည်း ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။ မောက်ကျစ်ရှန်းသည် လွန်ခဲ့သည့် နှစ်၄၀အတွင်း ထိုမျှလောက် သိမ်ငယ်ခဲ့ရသည့် အကြောင်းအရင်းကိုလည်း အားလုံးက ရှင်းရှင်းလင်းလင်း နားလည်သွားကြတော့၏။
ဒါသည် အမေအရင်းတစ်ယောက် မဟုတ်ဘဲ ရန်သူသက်သက်ပင်။
အထူးသဖြင့် "ငါ့မှာတော့ သူ့အတွက် မိန်းမတစ်ယောက်ကို ခက်ခက်ခဲခဲ ရှာပေးထားရတာ။ ဒါပေမဲ့ သူကတော့ အသုံးမကျတဲ့ ကလေးမ၃ယောက်ကို မွေးခဲ့တယ်လေ။ သူတို့တွေက တကယ့်ကို ပိုက်ဆံဖြုန်းတီးနေတဲ့သူတွေပဲ" ဟူသည့်စကားပင်။
အားလုံးကလည်း ထိုစကားကို အလွန်ရင်းနှီးနေဟန်တူသည်။ တီဗွီ ကြည့်နေသည့် ဒေါ်ဒေါ်ဝေသည် ချက်ချင်း သဘောပေါက်သွားတော့၏။ "ဒါက မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ပိုပြီးတော့ဦးစားပေးတဲ့ အဘွားကြီးတစ်ယောက်ပဲ မဟုတ်ဘူးလား"
မောက်ဟွေ့ကျူးကတော့ အေးတိအေးစက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "သူပဲလေ။ သမီးတို့အဘွား"
တီဗီပေါ်တွင် မောက်ကျစ်ရှန်းက ကူကယ်ရမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများက မှေးမှိန်သွားကာ "ဟုတ်ပါတယ်။ သူက ကျွန်တော်အမေပါ"
"ဒီတော့ ဆရာ့ရဲ့အမေက ဆရာ့ကို အရမ်းမုန်းတီးနေတာ ဆရာက လက်ဖွဲ့ငွေ၆သောင်း၆ထောင်ကို ယူပြေးသွားလို့လား"
မောက်ကျစ်ရှန်းသည် ခေါင်းခါပြလိုက်၏။
"ကျွန်တော်က လက်ဖွဲ့ငွေတွေကို လက်မခံခဲ့ပါဘူး။ ကျွန်တော့်မိသားစုက ကျွန်တော်ရဲ့ သမီးအကြီးအတွက် မင်္ဂလာပွဲကို စီစဉ်ပေးထားတယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ မိသားစုက ချမ်းသာတယ်ဆိုပေမဲ့လည်း လူငယ်လေးက လူကောင်းတစ်ယောက် မဟုတ်ဘူးလေ။ အဲဒီတုန်းက ကျွန်တော်လည်း တခြားရွေးစရာမရှိတော့ဘဲ ထွက်ပြေးလာခဲ့ရတာပေါ့"
"ဒီတော့ ဆရာ ယန်မြို့ကို ရောက်လာရတဲ့ အကြောင်းရင်းက ဒါလား"
မောက်ကျစ်ရှန်းက ခေါင်းခါပြလိုက်သည်။ "လက်ဖွဲ့ပစ္စည်းလိုမျိုး အရာတွေ မရှိပါဘူး"
ရှန်းရှီသည် ပရိသတ်ဘက်သို့ လှည့်ကာပြောလိုက်၏။ "ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ သတင်းထောက်တွေကလည်း သေသေချာချာလေး မေးမြန်းစုံစမ်းထားတာ ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ သတင်းထောက်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ကို ဖတ်ပေးပါ"
မကြာမီတွင် ချွေးတစ်လုံးလုံးနှင့် သတင်းထောက် တစ်ယောက်သည် ကင်မရာပေါ်တွင် ပေါ်လာခဲ့၏။
" ‘ရှန်းရှီနှင့်တစ်နေ့တာ’ အစီအစဉ်ကိုကြည့်ရှုနေကြသူအားလုံး မင်္ဂလာပါ။ ကျွန်တော် အခုဆရာမောက်ရဲ့ ဇာတိမြို့ဖြစ်တဲ့ မင်ရှီစီရင်စုကို ရောက်နေပါတယ်"
"ကျွန်တော့်ဘေးမှာ အဲဒီကိစ္စကို သိထားတဲ့လူတွေ အများကြီး ရှိပါတယ်။ အခုကျွန်တော်တို့တွေက ဆရာမောက်က လက်ဖွဲ့ငွေတွေကို ယူသွားတာ အမှန်ပဲလားဆိုတာကိုသိရဖို့ သူတို့တွေနဲ့အတူ လာပြီးတော့ အတည်ပြုတာပါ"
"အိုက်ယိုး" မျက်နှာပေါ်တွင် အရေးအကြောင်းနှင့် အဘွားကြီးတစ်ယောက်က ကျိန်ဆဲလေသည်။
"မောက်အဘွားကြီးက မောက်လောင်အာ့ကို အမြတ်မထုတ်သွားတာကပဲ တော်လွန်းနေပြီ။ သူက ဘယ်လိုလုပ်ပြီးတော့ မောက်လောင်အာ့ကို ပိုက်ဆံပေးကိုင်မှာလဲ"
"သူက လူကြီးမင်းဟောက်ဆီကနေ ယွမ်၃သောင်းတန် မင်္ဂလာလက်ဖွဲ့ကို လက်ခံထားပြီး မောက်ဟွေ့မေကို ရောင်းချင်နေတဲ့အကြောင်း စီရင်စုက လူတိုင်းသိတယ်။ သူက အဲဒီယွမ်၆၆၀၀၀ကို ဘယ်ကရမှာလဲ"
နောက်ထပ် သက်လတ်ပိုင်း ယောက်ျားတစ်ယောက်ကလည်း ပြောလိုက်သည်။ "ဟုတ်တယ်။ ကျုပ်က မောက်လောင်အာ့က- မဟုတ်ဘူး- မောက်ကျစ်ရှန်းက အဘွားကြီးက ဟောက်မိသားစုကနေ မင်္ဂလာလက်ဖွဲ့တွေ လက်ခံထားတယ်ဆိုတဲ့အကြောင်း မသိခဲ့ဘူးဆိုတာကို သက်သေ လုပ်ပေးနိုင်တယ်"
"အဲဒီတုန်းက ကျွန်တော် သူနဲ့အတူတူ အလုပ်လုပ်နေခဲ့တာလေ။ သူက သူ့ရဲ့သမီးအကြီးဆုံးကိုတောင်မှ ပညာအရည်အချင်းတစ်ခု သင်ပေးချင်တယ်လို့ ပြောနေသေးတယ်"
"သူတို့တွေမှာ ယွမ်၆၆၀၀၀မရှိတဲ့အပြင် လက်ဖွဲ့ပစ္စည်းအတွက် ယွမ်၃၀၀၀၀ကိုလည်း မောက်လောင်တာ့နဲ့ မောက်လောင်စန်းတို့က သုံးဖြုန်းပစ်လိုက်တာလေ"
"အဲဒီတုန်းက မိသားစု၂ခုထဲက တစ်ခုက ရေခဲသေတ္တာနဲ့ ရောင်စုံတီဗီတစ်လုံးကို ဝယ်ယူခဲ့ပြီး ကျန်တဲ့မိသားစုတစ်ခုကတော့ အိမ်အသစ်တစ်လုံးကို ဆောက်ခဲ့ကြတယ်လေ။ သူတို့တွေက အဲဒီအတွက် ငွေကို ဘယ်ကရမှာမလို့လဲ။ အဲ့ဒါတွေက ဟွေ့မေရဲ့ မင်္ဂလာလက်ဖွဲ့ကနေ ရထားတာပေါ့"
"အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဟောက်မိသားစုကလည်း သူတို့တွေကို ဘာဖြစ်လို့ အချုပ်ထဲထည့်မှာလဲ။ သူတို့တွေက မင်္ဂလာလက်ဖွဲ့ရဲ့ငွေတွေ အားလုံးကို သုံးဖြုန်းပစ်လိုက်ပြီး ပြန်မပေးနိုင်လို့လေ"
"ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်" အဘိုးကြီးတစ်ယောက်ကလည်း ပြောလိုက်သည်။
"အဘွားကြီးက မင်္ဂလာလက်ဖွဲ့ကို လက်ခံထားလောက်တယ်လို့ မောက်လောင်အာ့ကို သတိပေးခဲ့တာလည်း ငါပဲလေ။ သူ့ရဲ့အကြီးဆုံးသမီးက စိတ်ဒုန်းဒုန်းချပြီး သူ့ကို လက်ထပ်ရတော့မှာ။ မောက်လောင်အာ့လည်း တခြားရွေးချယ်စရာမရှိဘဲ ထွက်ပြေးရတော့တာပေါ့။ နောက်ဆုံး အဲဒီဟောက်ရွှီဖုန်းက..."
အဘိုးကြီးက တစ်ခုခုကိုပြောလိုက်သည်တွင် အားလုံးကလည်း ထောက်ခံကြလေသည်။ ဟောက်ရွှီဖုန်းသည် လူကောင်းတစ်ယောက် မဟုတ်သည်မှာ အားလုံးက သိကြသည်မှာ သိသာသည်။
"နင်တို့တွေ ဘာတွေပြောနေကြတာလဲ။ ဘာတွေပြောနေကြတာလဲ" မောက်သခင်မကြီး၏အသံသည် ရုတ်တရက်ဆိုသလို ပိုပိုပြီးနီးကပ်လာပြီး သူမသည် သတင်းထောက်ကို ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "ရဲဘော်သတင်းထောက် ရဲဘော်သတင်းထောက်။ ငါ့အတွက် ငါ့ရဲ့ဒုတိယသားကို ရှာပေးဖို့ သတင်းစာထဲမှာ ကြော်ငြာထည့်ပေးလို့ရလား"
ထိုအစီအစဉ်ကို ရိုက်ကူးသည့်အချိန်က နမူနာကို မထုတ်လွှင့်ရသေးသောကြောင့် ဖြစ်နိုင်သည်။ မောက်သခင်မကြီးသည် အားလုံးကတော့ မောက်ကျစ်ရှန်းကို အတူတူတိုက်ခိုက်လိမ့်မည်ဟု ထင်ထားခဲ့၏။
အဘိုးကြီးက မေးလိုက်သည်။ "သတင်းစာထဲမှာ ဘာလို့ထည့်နေမှာလဲ။ နင်တို့အိမ်က မောက်ကျစ်ရှန်းက ဟိုနောက်မှာရှိနေပြီပဲလေ"
အဘွားကြီးက နားမလည်ခဲ့ချေ။ သူမသည် အဘိုးကြီး ပြောလိုက်သည့် စကားသံကို ကြားလိုက်သည့်အချိန်တွင် ကင်မရာကလည်း သူမဘက်သို့ ချိန်ရွယ်ထားသဖြင့် ဒါသည် ဖုန်းခေါ်ဆိုမှုတစ်ခု ဖြစ်မည်ဟု ထင်လိုက်ကာ ချက်ချင်းပြောလိုက်တော့၏။ "လောင်အာ့ မြန်မြန်ပြန်လာခဲ့။ နင်က နင့်မိသားစုတွေကို သတ်နေတာပဲ"
"နောက်ပြီးတော့ နင်က ငွေလေးနည်းနည်းပါးပါးနဲ့ ကိုယ့်ဟာကိုယ် အရမ်းဂုဏ်ယူနေတယ်ပေါ့လေ။ ဟုတ်လား။ နင်က အဲဒီကလေးမတွေကို ကျောင်းပို့ပေးမယ်ပေါ့လေ။ အဲဒီပိုက်ဆံတွေနဲ့ နင့်ရဲ့တူ၃ယောက်ကိုသာ အိမ်တစ်လုံးလောက် ဆောက်ပေးလိုက်"
"ငါ အသက်ရှင်နေသရွေ့တော့ နင် ပိုက်ဆံတွေကို ဖြုန်းတီးဖို့ မစဉ်းစားနဲ့"
"နောက်ပြီးတော့ နင်က ဒီအသက်အရွယ်ကြီးမှာ ဘာဖြစ်လို့ သရုပ်ဆောင်နေတာလဲ။ သာ့ဝေကို နင့်ရဲ့သရုပ်ဆောင်နေရာတွေကို ပေးလိုက်။ နင့်မိသားစုထဲက အဲဒီကံဆိုးတဲ့လူတွေနဲ့အတူတူ မြန်မြန်ပြန်လာခဲ့တော့"
သူမသည် ဆိုးယုတ်စွာ ခြိမ်းခြောက်လေသည်။ "အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နင့်ကိုဖမ်းဖို့ ငါ ရဲစခန်းကို အကြောင်းကြားရလိမ့်မယ်"
...
အပိုင်း (၂၂၅)
ရှိုးပွဲကို မကြည့်ခင်တွင် မောက်သခင်မကြီးသည် မောက်ကျစ်ရှန်းက ပိုက်ဆံဖြင့်အိမ်သို့ ပြန်လာမည်ကို ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းနေခဲ့၏။
မောက်မိသားစု၏ အကြီးဆုံးသားနှင့် တတိယသားတို့ကလည်း မြေကွက်ဝယ်ယူရန်နှင့် အိမ်တစ်လုံး ဆောက်ဖို့ရန် နေရာများကိုပင် အကြမ်းဖျဉ်း ရှာဖွေထားခဲ့ပြီးသားဖြစ်သည်။
သူတို့သည် မောက်ကျစ်ရှန်းက တီဗီပေါ်တွင် ပေါ်လာပြီဟု ကြားလိုက်ရသဖြင့် သူတို့သည် မောက်ကျစ်ရှန်း၏ အစီအစဉ်ကို ကြည့်ဖို့ရန်သက်သက်နှင့် ငွေများကိုကြိုတင်သုံးကာ တီဗီတစ်လုံးကို ဝယ်ယူခဲ့ပြီး ကြိုးများကိုပင် တပ်ဆင်ခဲ့သေးသည်။
အဝေးတွင်ရှိနေသည့် ယန်မြို့က မောက်သာ့ဝေကလည်း အလောတကြီး ပြန်ရောက်လာခဲ့၏။
မောက်ကျစ်ရှန်းသည် နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ဖြစ်သည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် မောက်သာ့ဝေသည် အင်မတန် ပျော်ရွှင်နေတော့သည်။ သူသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် နောက်ဆုံးမှ ရထားခဲ့သည့် သူ၏နေရာကိုပင် ချန်လှပ်ခဲ့ကာ မောက်ကျစ်ရှန်း၏ လိပ်စာအတိအကျကို ရှာဖွေဖို့ရန် မျှော်လင့်ချက်ဖြင့် ရှင်းဖျော်ဖြေရေး ကုမ္ပဏီသို့ပင် သွားခဲ့သေးသည်။ သို့မှသာ သူသည် သူ့အိမ်သို့သွားပြီး ဆွေမျိုးတစ်ယောက်အနေဖြင့် အသိအမှတ်ပြုခံရမည်။
သို့သော်ငြားလည်း သူက မည်မျှပင် ကျိန်ဆိုပြီး မောက်ကျစ်ရှန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောနေသည်ပင် ဖြစ်စေ ရှင်းလီဖျော်ဖြေရေးကုမ္ပဏီသည် သူ့ကို မယုံကြည်ချေ။
သူသည် ကုမ္ပဏီ၏တံခါးနားတွင် စောင့်ဆိုင်းနေချိန်တွင် မောက်အဘွားကြီးထံမှ ဖုန်းတစ် ခုဝင်လာခဲ့ပြီး သူမက မောက်ကျစ်ရှန်းကို သရုပ်ဆောင်နေရာအတွက် သူ့အား ပေးခိုင်းမည်ဟူသည့် အကြောင်းအရာကို ပြောပြီး သူ့ကို သေသေချာချာလေး ပြင်ဆင်ထား ခိုင်းလိုက်သေးသည်။
မောက်သာ့ဝေသည် အဘွားကြီးက မောက်ကျစ်ရှန်းနှင့် အဆက်အသွယ်ရခဲ့သည်ဟု ထင်သွားပြီး အပျော်လွန်သွားတော့၏။ သူက ချက်ချင်းဆိုသလို လက်မှတ်တစ်ခုကို ဝယ်ယူကာ အိမ်သို့အပြေး ပြန်လာခဲ့တော့သည်။
သူ့ကို သရုပ်ဆောင်နေရာတစ်ခု ပေးသည်ဆိုသည့် အကြောင်းရင်းက အဓိပ္ပာယ်မဲ့သည်ကို သိထားခဲ့သော်ငြားလည်း မောက်ကျစ်ရှန်းက အဘွားကြီး၏ဖုန်းကို ပြန်ဖြေခဲ့သည့်အတွက် သူသည် အိမ်သို့ သေချာပေါက် ပြန်လာလိမ့်မည်ဟု သူက ထင်ခဲ့သည်။
သူသည် လက်တလောတွင် ပြန်မလာခဲ့လျှင်ပင် ဖျော်ဖြေရေးသတင်းစာ၏ ပုံစံကို ထောက်ချင့်လျှင် သတင်းထောက်များသည် သူ့ကို အင်တာဗျူးဖို့ရန်အတွက် သေချာပေါက် ရောက်လာပေလိမ့်မည်။ ဒါကလည်း သူ့မျက်နှာကို ပြသဖို့ရန်အတွက် အခွင့်ကောင်းတစ်ခု ဖြစ်လိမ့်မည်။
သူသည် မောက်ကျစ်ရှန်း၏တူ ဖြစ်သည့်အကြောင်းကို အားလုံးကို အသိပေးရမည်။
ထိုသို့စဉ်းစားလိုက်ပြီး အိမ်သို့ အခုလေးတင်မှ ပြန်ရောက်လာသည့် မောက်သာ့ဝေသည် မနေနိုင်တော့ဘဲ အဘွားကြီးကို တစ်ဖန်သတိပေးရတော့၏။
"အဘွား မောက်လောင်အာ့က... မဟုတ်ဘူး... ဦးလေး၂က အခုဆိုရင် အရင်ကနဲ့ မတူတော့ဘူးနော်။ အဘွား သူ့ကို အရင်တုန်းကလို ဆက်ဆံလို့ မရတော့ဘူး။ အပြင်လူတွေရှေ့မှာ အဘွားက သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရှိတယ်လို့ ပြောသင့်တယ်။ ကျွန်တော်တို့တွေက အချင်းချင်း အပြန်အလှန်ချစ်ခင်ကြတဲ့ မိသားစုတစ်ခုပဲ။ နားလည်လား"
မောက်သခင်မကြီးက မျက်မှောင်ကြုတ်လိုက်ပြီး တော်တော်လေးကို မလိုလားဟန်ဖြစ်သွားတော့၏။
"ဘာဖြစ်လို့လဲ။ တကယ်လို့ နင်က သူ ကောင်းတယ်လို့ ပြောလာရင် သူက သူ့သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ပြီး နင့်ကို အလုပ်မခိုင်းတော့ရင် ဘယ်လိုလုပ်မလဲ"
မောက်သာ့ဝေက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "ဒါက စက်ရုံတစ်ခုမှ မဟုတ်တာ။ အားလုံးကလည်း သူ့ရဲ့ကိုယ်ပိုင်အလုပ်ရှိတယ်။ တကယ်လို့ သူက အဲဒီလိုလုပ်တယ်ဆိုရင်လည်း ကျွန်တော်က တတ်နိုင်မှာ မဟုတ်ဘူးလေ။ သူက ဒါကိုလုပ်ရမဲ့အပြင် ကောင်းကောင်းလည်း လုပ်ရဦးမယ်။ အိုဗျာ။ အဘွားက ကျွန်တော် ပြောပြရင်တောင်မှ နားလည်မှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဦးလေး၂အကြောင်း မကောင်းကြောင်းတွေကို မပြောနဲ့တော့"
"အတိုချုပ်ပြောရမယ်ဆိုရင် ဦးလေး၂က သရုပ်ဆောင်အလုပ်ကို သေချာပေါက် ကောင်းကောင်းလုပ်ရမယ်။ သူ့ရဲ့အဆင့်အတန်းက ပိုပြီးတော့ မြင့်လာလေလေ သူက ကျွန်တော့်ကို ဇာတ်ကောင်နေရာတွေ ပေးနိုင်လေလေ ဖြစ်လာလိမ့်မယ်"
အဘွားကြီးသည် နည်းနည်းတော့ နားလည်လာ၏။ "သူက စက်ရုံရဲ့ ဒါရိုက်တာ ဖြစ်လာမယ်ဆိုရင် သူက နင့်ကို ခေါင်းဆောင်နေရာ ပေးနိုင်မယ်ပေါ့"
"ဟုတ်တယ်။ ကျွန်တော် ပြောချင်တာလည်း အဲဒီသဘောပဲ" မောက်သာ့ဝေက ပြောလိုက်သည်။
ထို့နောက်တွင်တော့ သူသည် ကိုယ်ကိုလှည့်ကာ အားလုံးကို သတိပေးလိုက်၏။ "ဦးလေးတို့တွေလည်း အတူတူပဲနော်။ တကယ်လို့ တစ်ခုခု ပြောချင်တယ်ဆိုရင်လည်း သူ့မကောင်းကြောင်းတော့ မပြောကြနဲ့"
"ကျွန်တော်တို့တွေက သူနဲ့ ဆက်ဆံရေးကောင်းမွန်မှသာ သူကလည်း ကျွန်တော်တို့အတွက် ငွေသုံးပေးပြီး ကျွန်တော်တို့အတွက် အလုပ်ကို စီစဉ်ပေးမှာ။ အဲဒီလိုမလုပ်ရင် သူက သူ့တစ်ယောက်တည်း ချမ်းသာလာပြီး သူ့မိသားစုကို လျစ်လျူရှုထားခဲ့မယ်ဆိုရင် သူက ကျေးဇူးကန်းရာ ရောက်ပြီးသားပဲ"
မောက်လောင်သာ့နှင့် မောက်လောင်စန်းတို့ကလည်း မလုံမလဲဖြင့် ခေါင်းညိတ်လိုက်သည်။
သတင်းထောက် အများကြီးက ဒီရက်ပိုင်းတွင် သူတို့ကို အင်တာဗျူး လာလုပ်ခဲ့သည်။ သို့သော်ငြားလည်း အဘွားကြီးကတော့ သူသည် လက်ဖွဲ့ပစ္စည်းများကို ခိုးယူသွားခဲ့ပြီး ထို့ကြောင့်ပင် မိသားစုက ဤကဲ့သို့ ဖြစ်လာရသည်ဟု အမြဲတမ်း ပြောလာခဲ့သည်။ သူတို့သည် သတင်းထောက်များရှေ့တွင် နစ်နာသူ အဖြစ်ဟန်ဆောင်ပြီး မောက်လောင်အာ့၏ မကောင်းကြောင်းကို ပြောရမည် မဟုတ်လား။
သို့သော်ငြားလည်း မောက်သာ့ဝေက မနက်ဖြန် အင်တာဗျူးအတွက် သူ၏အဝတ်အစားများကို စိတ်အားထက်သန်စွာ ပြင်ဆင်နေသည်ကို တွေ့ရသည့်အခါ သူတို့သည် စကားအများကြီး မပြောရဲကြတော့ချေ။ နောက်ဆုံး မောက်သာ့ဝေသည် သရုပ်ဆောင်လောကနှင့် ပတ်သက်သည့် အကြောင်းအရာများကို အများဆုံး သိထားလေသည်။
ရှန်းရှီနှင့် တစ်နေ့တာ အစီအစဉ်သည် တီဗီပေါ်တွင် စတင်ပြသနေပြီဖြစ်၏။
မိသားစုများက မောက်ကျစ်ရှန်းကို မြင်လိုက်ရသည့်အချိန်တွင် သူတို့သည် သူ့ကို အသိအမှတ်ပြုဖို့ရန် တော်တော်လေးကို မလိုလားကြချေ။ မောက်သာ့ဝေကတော့ စိတ်အားထက်သန်စွာ ပြောလိုက်၏။
"ကြယ်ပွင့်တစ်ယောက် ဖြစ်ရတာ တကယ် အံ့ဩဖို့ကောင်းတာပဲ။ အရင်တုန်းက ဦးလေး၂ရဲ့ပုံစံကို စဉ်းစားကြည့်လိုက်။ အခုဆိုရင် လုံးဝကို မမှတ်မိနိုင်တဲ့သူအဖြစ် ပြောင်းလဲသွားခဲ့တာ"
"လူမှာအဝတ်ဆိုတဲ့စကား တကယ်မှန်တာပဲ။ ဒီအလုပ်နဲ့ ရှာဖွေထားတဲ့ငွေကလည်း မတူဘူး။ ကွာတယ်"
မောက်လောင်စန်းကတော့ အားကျစွာ ပြောလိုက်ပြီး သူမျက်လုံးများကတော့ တဝဲလည်လည် ဖြစ်လာခဲ့သည်။
သူတင်မကချေ။ မောက်မိသားစုထဲက လူတိုင်းကလည်း မောက်ကျစ်ရှန်း ပြန်လာခဲ့လျှင် မည်သည့်အရာများကို တောင်းဆိုရမည်ကို စတင်စဉ်းစားနေကြတော့၏။ သူတို့သည် ထိုအကြောင်းကို အရင်ကကြားဖူးရုံသာ ရှိခဲ့ပြီး သူတို့သည် ထိုအရာကို အမှန်တကယ် မခံစားခဲ့ဖူးချေ။ ယခုတွင်တော့ သူတို့၏မျက်လုံးများဖြင့် ကိုယ်တွေ့မြင်လိုက်ရသည့်အခါ အိမ်တစ်လုံးနှင့် လုံးဝ မလုံလောက်တော့သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။
သို့သော်ငြားလည်း သူတို့သည် ထိုအကြောင်းအရာကို သေချာလေး မသိရသေးခင်မှာပင် အင်တာဗျူး၏ ဦးတည်ချက်က တစ်ခုခု ပုံမှန်မဟုတ်သည်ကို သိရှိသွားကြတော့၏။
အထူးသဖြင့် မောက်ကျစ်ရှန်းက သူ၏အတိတ်အကြောင်းကို ထုတ်ပြောလာသည့်အချိန်တွင် မောက်မိသားစုသည် အမြဲတမ်း မသက်မသာခံစားနေရပြီး မောက်သခင်မကြီးကပင် ကျိန်ဆဲလေတော့သည်။ "သူက တီဗီပေါ်မှာ ငါ့ကို ကျိန်ဆဲနေတာလား"
"မိန်းကလေးတွေထက် ယောက်ျားလေးတွေကို ဦးစားပေးတယ်တဲ့လား။ ငါတို့ရဲ့ဘိုးဘေးဘီဘင်တွေကလည်း မျိုးဆက်အလိုက် ဒီလိုပဲ ဖြစ်လာခဲ့တာပဲလေ။ ဒါပေမဲ့ သူကမှ ပြဿနာတွေ ပိုများနေတဲ့သူပဲ မဟုတ်ဘူးလား။ သူကမှ ပိုက်ဆံကို ဖြုန်းတီးနေတဲ့သူလေ။ ငါတို့တွေက လူတွေ အဲဒီအကြောင်း ပြောမှာကို ခွင့်ပြုမထားနိုင်ပါဘူး"
"အဲဒီကလေးမလေး၃ယောက်က သူအသက်ကြီးလာတဲ့အချိန်မှာ သူ့ကို ထောက်ပံ့ပေးနိုင်မလား ကြည့်ချင်ပါသေး..."
"အဘွား ကြည့်လိုက်ပါဦး"
အဘွားကြီးသည် တီဗီပေါ်က မိတ်ဆက်စာများကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ကျိန်ဆဲနေသည်ကို ရပ်တန့်ထားလိုက်၏။ တစ်ချိန်တည်းတွင် လူတိုင်း၏ မျက်နှာများကလည်း စိတ်လှုပ်ရှားလာကြတော့သည်။
မောက်သာ့ယင်းက ပြောလိုက်၏။ "ဘုရားရေ။ မောက်ဟွေ့မေက စက်ရုံတစ်ရုံတောင် ဖွင့်ထားခဲ့တာပဲ။ သူကတော့ သေချာပေါက် ငွေအများကြီး ရှာနိုင်တော့မှာပဲ။ အဘွား ကျွန်တော်တို့မိသားစုက အခုစက်ရုံတစ်ရုံ ပိုင်သွားပြီ။ ကျွန်တော်တို့တွေ နိုင်ငံခြားသားတွေဆီကနေလည်း US ဒေါ်လာတွေကို ရှာနိုင်ဦးမှာ"
မောက်သာ့ဝေကလည်း ဝမ်းသာအားရပြောလိုက်၏။ "၁ ဒေါ်လာက ငါတို့ရဲ့၈ ယွမ်နဲ့ ညီမျှတယ်။ ဘုရားရေ။ အဘွား ကျွန်တော်တို့ မိသားစုကတော့ ချမ်းသာပြီ"
မောင့်သခင်မကြီးသည် မည်မျှပင် ဒေါသထွက်နေသည်ဖြစ်စေ သူမ၏မိသားစုတွင် စက်ရုံတစ်ရုံ ရှိလာပြီကို ရုတ်တရက် သိလိုက်ရသည့်အချိန်တွင် ဆက်ပြီးဒေါသမထွက်နိုင်တော့ချေ။ သူက အတွေ့အကြုံအများဆုံးသူဖြစ်သည့် မောက်သာ့ဝေကို ချက်ချင်း မေးလိုက်၏။ "သူ့စက်ရုံက ဘယ်လောက်တောင်မှ အစွမ်းကြီးလို့လဲ။ အဲဒီစက်ရုံကတစ်နှစ်ကို ငွေဘယ်လောက် ရှာနိုင်မှာမလို့လဲ"
မောက်သာ့ဝေသည် ယန်မြို့က နှစ်ပေါင်းများစွာ သူ၏အလုပ်အတွေ့အကြုံအပေါ် အခြေခံပြီး ပြောလိုက်၏။ "ယန်မြို့ကစက်ရုံတွေက တစ်နှစ်ကို အနည်းဆုံး သန်းချီအောင် ရှာဖွေနိုင်တယ်လေ..."
"သန်းချီတယ်" အဘွားကြီးသည် တံတွေးမျိုချထားလိုက်ပြီး "တစ်နှစ်ကို အဲဒီလောက်တောင် အများကြီးရှာနိုင်တာလား။ နောက်ဆိုရင် ငါတို့မိသားစုက အချမ်းသာဆုံးလူ ဟောက်မိသားစုထက် ပိုပြီးတော့ ချမ်းသာတော့မှာလား"
မောက်သာ့ဝေကတော့ အထင်သေးစွာ ပြောလိုက်သည်။ "ဝေးလံခေါင်ဖျားတဲ့ဒေသက ဟောက်ရှူးဖူလို ချမ်းသာတဲ့သူ တစ်ယောက်က ယန်မြို့က လူချမ်းသာတွေနဲ့ ဘယ်လိုလုပ်ပြီးတော့ ယှဉ်နိုင်မှာလဲ။ ဟောက်ရှူးဖူက ယန်မြို့မှာဆိုရင် သာမာန်လူတစ်ယောက်ပဲ"
မိသားစုတစ်ခုလုံးသည် ယွမ်၅သန်း ထီလက်မှတ်ပေါက်သလို ပျော်ရွှင်နေကြ၏။ သူတို့သည် ငြိမ်ငြိမ်ပင် မထိုင်နိုင်ကြတော့ချေ။ မောက်သာ့ဝေနှင့် ကျန်သည့် လူငယ်လေး၂ယောက်ကလည်း အောင်ပွဲခံဖို့ရန်အတွက် အချင်းချင်း လက်ဝါးချင်း ရိုက်နေကြလေသည်။
မောက်ဟွေ့လန်က နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရသည့်ကိစ္စနှင့် မောက်ဟွေ့ကျူးကလည်း ကလေးသရုပ်ဆောင် ဖြစ်လာသည့်ကိစ္စအတွက် မောက်သခင်မကြီးသည် အပြုံးဖြင့် စောင့်ကြည့်ရင်း သူတို့အတွက် အသေးစိတ်အစီအစဉ်များကိုပင် ချမှတ်ထားလေသည်။
"ကောလိပ်ကျောင်းသူ တစ်ယောက်အတွက် ယောက်ျားရှာပေးဖို့ဆိုရင် အနည်းဆုံး လက်ဖွဲ့ငွေကတော့ ယွမ်၁သိန်းပဲ။ ဒီကောင်မလေး အဲဒီလောက်တောင် အရည်အချင်း ရှိလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး။ သူကလည်း ရုပ်ရှင်ရိုက်ရင်းနဲ့ သေချာပေါက်ငွေ ရှာနိုင်လိမ့်မယ်။ ဟုတ်တယ်မလား"
မောက်မိသားစုထဲက ပျော်ရွှင်သည့် အငွေ့အသက်သည် မောင်သခင်မကြီး၏မျက်နှာက တီဗီစခရင်တွင် ပေါ်လာသည့်အချိန်တွင်တော့ ရုတ်တရက် ပြီးဆုံးသွားတော့၏။
"ဘာဖြစ်တာလဲ" မောက်သခင်ကြီးက ငေးကြောင်ကြောင်ဖြင့် မေးလိုက်သည်။ မောက်သခင်မကြီးကလည်း ဆွံ့အသွားတော့၏။
"ဟုတ်တယ်လေ။ သတင်းထောက်က ငါ့အတွက် လူရှာပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာကို ရောက်နေတာလဲ"
သူတို့သည် မည်မျှပင် တုံးအသည်ဖြစ်စေ အခြေအနေကတော့ ဝေဖန်ရေးဘက်သို့ ဦးတည်သွားလိမ့်မည်ကို သိနေကြသည်။ မောက်သာ့ဝေသည် အဘွားကြီးက အင်တာဗျူးအတွင်းတွင် ဒီလိုစကားလုံးများကို ပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူသည် အင်မတန် ရှက်ရွံ့သွားသလို ခံစားလိုက်ရတော့၏။
သူက ဒေါသတကြီး ပြောလိုက်သည်။ "အဘွား ဘာဖြစ်လို့ ဒီလိုပေါက်ကရစကားတွေ အားလုံးကို ပြောနေတာလဲ"
မောက်သခင်မကြီးက သတိပြန်ဝင်လာကာ အလွန်ဒေါသထွက်သွားပြီး "တကတည်း ဘာတွေဖြစ်နေတာလဲ။ သူက အဲဒီအချိန်တုန်းက ငါနဲ့ ဒီအတိုင်း စကားပြောနေတာပဲ။ ဒါပေမဲ့ သူက ဒါကို တီဗီပေါ်မှာ ပြချင်တယ်လို့ မပြောခဲ့ဘူးလေ"
"ငါ သူ့ကို မနက်ဖြန်ကျရင် သွားရှာရမယ်"
"အခုတော့ စိတ်လျှော့ထားပါဦး" မောက်သာ့ဝေသည် စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်ပြီး "အဘွားက ဒါကို ဒီလောက်အထိ ရုန်းရင်းဆန်ခတ် ဖြစ်သွားတာကို မလုံလောက်သေးဘူးလို့ ထင်နေတာလား"
သူသည် ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ကျွန်တော် မနက်ဖြန်ကျမှ အဘွားနဲ့ ပြောရမယ်"
"ဒါက အဘွားရဲ့အိုဟောင်းနေတဲ့ အတွေးတစ်ခုပဲလေ" သူကတော့ မျှော်လင့်ချက်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် ဒီကိစ္စကို မနက်ဖြန်ကျရင် သတင်းထောက်တွေကို ရှင်းပြရမယ်။ ကျွန်တော်တို့ မောက်မိသားစုရဲ့ လူငယ်မျိုးဆက်သစ်တွေကတော့ အဲဒီလိုမဟုတ်ပါဘူးဆိုတဲ့ အကြောင်းလေ"
"ကျွန်တော်တို့ ညီအကိုမောင်နှမတွေက ကောင်းမွန်တဲ့ဆက်ဆံရေး တစ်ခု ရှိကြပါတယ်"
သို့သော်ငြားလည်း မောက်ကျစ်ရှန်း ထုတ်ဖော်ပြောဆိုခဲ့သည့် အရာအားလုံးသည် သူတို့၏ လှပသည့်စိတ်ကူးများကို အပြီးတိုင် ကွဲကြေသွားစေတော့သည်။
မောက်ကျစ်ရှန်းသည် မောက်မိသားစုက မည်သို့နှိပ်စက်ခဲ့ပြီး သူတို့၏မိသားစုကို မည်သို့ အရှက်ခွဲခဲ့သည့်အကြောင်း တွေဝေမနေဘဲ ပြောပြခဲ့၏။ သတို့သမီး တန်ကြေး၏ စုံစမ်းမှုကလည်း ဒါသည် မောက်ကျစ်ရှန်း၏မိသားစုကို ချောက်ချနေသည့် မောက်သခင်မကြီးသာ ဖြစ်သည့်အကြောင်း သက်သေပြခဲ့ပြီး အထူးသဖြင့် ထိုတုံးအပြီး ရက်စက်လွန်းလှသည့် ကျိန်ဆဲခြိမ်းခြောက်သည့် စကားများပင်ဖြစ်သည်။
သူ့မြေးဖြစ်သူ မောက်သာ့ဝေကပင် ဒါကိုရွံစရာကောင်းသည်ဟု သဘောထားသည်တွင် ပရိသတ်များကတော့ ပြောနေရန်ပင် မလိုတော့ချေ။
အစီအစဉ်၏ အဆုံးသတ်ကို ကြားပြီးသွားနောက်တွင် မောက်ကျစ်ရှန်းသည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
"ကျွန်တော့်အမေက ရှေးခေတ်မျိုးဆက်တွေရဲ့ လွှမ်းမိုးခြင်း ခံလာခဲ့ရတာ။ ဒါကြောင့်လည်း ကျွန်တော်က ကျွန်တော်ရဲ့မိသားစုကို ဘယ်တော့မှ မဆက်သွယ်ခဲ့တာ။ တကယ်လို့ ကျွန်တော့်သမီးတွေသာ ကျောင်းတက်နေတယ်လို့ သူ သိသွားခဲ့မယ်ဆိုရင် သေချာပေါက် သဘောတူမှာ မဟုတ်ဘူး"
"အခုလိုပဲပေါ့။ တကယ်လို့ ကျွန်တော်က သူ့ကို ကျွန်တော့်ဘေးမှာ ထားချင်တယ်ဆိုရင်တောင် ကျွန်တော်က ကလေးတွေကို ဆက်ပြီးတော့ ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ သူလည်း ကျန်းမာနေတုန်း ကျွန်တော်လည်း ကျွန်တော်ရဲ့အစ်ကိုအကြီးဆုံးနဲ့ တတိယညီလေးကို သူ့ကိုဆက်ပြီး စောင့်ရှောက်ပေးဖို့ပဲ ဒုက္ခပေးရပါဦးမယ်"
ပွင့်ပွင့်လင်းလင်း ပြောရလျှင်ဖြင့် ကိုယ့်ဟာကိုယ်သာ ကောင်းကောင်းနေ။
အဘွားကြီး၏ ရွံစရာကောင်းသည့်မျက်နှာကို တွေ့ခဲ့ရပြီးသည့်နောက်တွင် မည်သူကမှ မောက်ကျစ်ရှန်းအကြောင်းကို မကောင်းကြောင်း ပြောကြလိမ့်မည် မဟုတ်ပေ။ မောက်ကျစ်ရှန်းက သူမကို အသိအမှတ် ပြုဖို့ရန် ငြင်းဆန်ခဲ့လျှင်ပင် လူအများကလည်း သူ့ကို သဘောတူကြပေလိမ့်မည်။
အစီအစဉ် ပြီးသွားသည့်နောက်တွင် မောက်မိသားစုသည် တီဗီပေါ်တွင် တလှိမ့်လှိမ့် တက်လာသည့် စာတန်းထိုးများကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိ၏။
မောက်သခင်မကြီးက အရင်ဆုံး သတိပြန်ဝင်လာခဲ့သည်။ သူမက စားပွဲကို ဆောင့်ချလိုက်ပြီး ဒေါသထွက်ထွက်ဖြင့် မေးလိုက်၏။ "ခုနတုန်းက သူအဲဒီလိုပြောတာ ဘာသဘောလဲ"
"ဘာသဘောရမှာလဲ" မောက်သာ့ဝေက သတိပြန်ဝင်လာပြီး ရုတ်တရက် ပေါက်ကွဲကာ သူ့လက်ထဲက ဖန်ခွက်ကို ပစ်ပေါက်တော့သည်။ "သူက အဘွားကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ သူနဲ့လည်း ဘာမှမပတ်သက်ဘူးဆိုတဲ့ သဘောလေ"
သူသည် မနေနိုင်တော့ဘဲ အဘွားကြီးကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်တော့၏။
"ခင်ဗျားကြီး ရူးနေတာလား။ ခင်ဗျားကြီးမှာ ဦးနှောက်ရော ရှိသေးရဲ့လား။ ဘယ်လိုလုပ်ပြီးတော့ တီဗီပေါ်မှာ ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ"
လောဘတက်သူ တစ်ယောက်အတွက်တော့ လက်တကမ်းအလိုမှာ ရောက်လာသည့် ချမ်းသာကြွယ်ဝမှုကို လက်လွှတ်လိုက်ရသည်ထက် ပိုပြီးနာကျင်သည့်အရာ ဘာရှိနိုင်ပါဦးမည်နည်း။
မည်သို့ဆိုစေ မောက်သာ့ဝေကတော့ ပေါက်ကွဲလေတော့သည်။ "ဦးလေး၂ရဲ့မိသားစုက အဘွားကို အဲဒီလောက် ကြိုးကြိုးစားစားနဲ့ ပြုစုပေးခဲ့တာ။ ခင်ဗျားကြီးကတော့ သူတို့အပေါ် ဘာဖြစ်လို့ အဲဒီလောက်တောင်မှ ရက်စက်ခဲ့ရတာလဲ"
အဘွားကြီး၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွား၏။ "အဲဒီတုန်းက လောင်အာ့က ဖုန်းပြောနေသလိုပဲ။ တစ်ဖက်ကနေ နားထောင်နေမှာလို့ သူတို့တွေက ပြောခဲ့တယ်လေ။ ဒါကို တီဗီပေါ်မှာ လွှင့်လိမ့်မယ်လို့ ငါက ဘယ်လိုလုပ်သိမှာလဲ"
မောက်သခင်ကြီးကလည်း မတတ်သာတော့ဘဲ ပြစ်တင်ညည်းညူတော့၏။ "တကယ်လို့ ငါတို့တွေက ဖုန်းခေါ်ခဲ့တယ်ဆိုရင်တောင် မောက်လောင်အာ့က ပြန်လာတဲ့အချိန်အထိ မစောင့်နိုင်ခဲ့ဘူးလေ။ ငါတို့တွေက သူ့ကိုတောင် မတွေ့ရသေးဘူး။ ဆဲဆိုနေပြီးပြီပဲ။ အခုတော့ သူက ကြောက်လန့်သွားတဲ့အပြင် အိမ်ကိုတောင်မှ ပြန်မလာရဲတော့ဘူး။ ဒါပေမဲ့ စီရင်စုတစ်ခုလုံးကတော့ ငါတို့မောက်မိသားစုတွေက လူဆိုးတွေဆိုတာကို သိသွားကြပြီ"
...