← Chapters

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း

Vol. 7 Ch. 81

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း

Vol. 7 Ch. 81

ဘာသာပြန် - အားသစ်

လင်းဖုန်းသည် အလွန်တရာ ပင်ပန်းနေခဲ့လေပြီ။ သူသည် အသိစိတ်လွတ်ကာ အဆုံးအစမရှိသော အမှောင်ထုထဲသို့ အလုံးစုံ နစ်မြောနေသည်။ လက်ချောင်းလေးတစ်ချောင်းကိုပင် သူ မလှုပ်ချင်တော့ပေ။

သို့သော် အမှောင်ထုက အလွန်ပင် ရှည်လျားလွန်းလှပြီး အလွန်တရာ ငြီးငွေ့စရာကောင်းလှသည်။ မသိလိုက်မသိဘာသာနှင့်ပင် လင်းဖုန်း၏ အသိစိတ်များ ပြန်လည်နိုးထလာပုံရသော်လည်း အလွန် ဝေဝါးနေဆဲပင်။

ဤနေရာရှိ အမှောင်ထုမှာ မပြောင်းလဲဘဲ ရှိနေသည်။ အချိန်အတော်ကြာ ဖြတ်သန်းသွားခဲ့သလို ခံစားရသော်လည်း ခဏတာမျှသာ ဖြစ်သည်ဟုလည်း ထင်ရပြန်သည်။ လင်းဖုန်းတွင် အချိန်နှင့်ပတ်သက်သော အယူအဆပင် မရှိတော့ပေ။

"ငါ ဘယ်ရောက်နေတာလဲ"

လင်းဖုန်းသည် အမည်မသိနေရာတစ်ခုတွင် လွင့်မျောနေသည်။ ဤနေရာ၌ လင်းဖုန်းတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသဖြင့် ဖြူလွလွ မြူခိုးတစ်ခုအလား လွင့်မျောနေပေ၏။ သို့သော် မည်သည့်အရပ်သို့ပင် မျောပါသွားပါစေ ပတ်ဝန်းကျင်မှာ မှောင်မိုက်သိပ်သည်းနေဆဲပင်။

လင်းဖုန်း ဂရုတစိုက် ပြန်လည်စဉ်းစားလိုက်သည်။ အရေးကြီးသော အရာတစ်ခုခုကို သူ မေ့နေသကဲ့သို့ ခံစားနေရသည်။

"ငါက လင်းဖုန်းလား"

"ငါ သေသွားပြီထင်တယ်။ ငါက ဘယ်လိုလုပ် သေနိုင်မှာလဲ"

"စစ်မြေပြင်... နဂါးကျောက်တုံးမြို့ရဲ့ စစ်မြေပြင်လား"

"ချူချန်းဆိုတာ ဘယ်သူလဲ။ ယွီရှန်းကကော... ပြီးတော့ အဖေ၊ အမေ..."

လင်းဖုန်း ရပ်လိုက်သည်။ သူ သေသေချာချာ စဉ်းစားနေပြီး သေသေချာချာ ပြန်လည်အမှတ်ရရန် ကြိုးစားနေသည်။ အသေးစိတ်အချက်အလက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး အရာများစွာကို သူ ပြန်လည်သတိရလာစေသည်။

"လင်းဖုန်း... ကံပါရင် ငါတို့ ပြန်ဆုံကြတာပေါ့"

"ဖုန်းအာ... မင်းအတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ မင်းသာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရင် မင်းရဲ့ ထူးဆန်းတဲ့ရောဂါက ပျောက်ကွယ်သွားမှာပါ"

"အဖေ... ကျွန်တော် အနန္တလမ်းစဉ်အကယ်ဒမီကို သွားချင်တယ်..."

အသေးစိတ်အချက်အလက်များက လင်းဖုန်း၏ မှတ်ဉာဏ်ထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။ သူ ရုတ်တရက် နိုးကြားသွားသည်။

"ငါ မသေသေးဘူး။ ငါ လက်မလျှော့နိုင်ဘူး။ မျှော်လင့်ချက် ရှိသေးတယ်။ နောက်ဆုံး မျှော်လင့်ချက်တစ်ခု ကျန်သေးတယ်... အဲဒါက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ဖို့ပဲ"

လင်းဖုန်း မှတ်မိသွားပြီ ဖြစ်သည်။ သူ သတိလစ်နေသည်မှာ မည်မျှကြာပြီလဲဆိုသည်ကို သူ မသိသော်လည်း အသိစိတ် ရှိနေသေးသဖြင့် သူ မသေဆုံးသေးကြောင်း သိလိုက်ရသည်။ ထို့အပြင် ဤမှောင်မိုက်သော နေရာကို သူ အလွန် ရင်းနှီးနေသည်။

ဤနေရာသည် ဆေးရုံတွင် သူ သတိလစ်နေစဉ် ရောက်ရှိခဲ့သော နေရာမဟုတ်ပါလား။ စစ်သေနာပတိချုပ်လုံကျိုး၏ အဆိုအရ ဤနေရာမှာ မျိုးရိုးဗီဇကန့်သတ်ချက်ပင်။

"ဒါက မျိုးရိုးဗီဇကန့်သတ်ချက်လား"

လင်းဖုန်း အံ့အားသင့်သွားသည်။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို နောက်တစ်ကြိမ် မြင်‌တွေ့လိုက်ရပြန်ပြီ။ သာမန်သိုင်းသမားများ၏ အတွေ့အကြုံအရ သိုင်းသမားတစ်ယောက်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်လိုက်ရသည်နှင့် အခြေခံအားဖြင့် အသွင်ပြောင်းလဲမှုကို လုပ်ဆောင်နိုင်ပြီး သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ကြသည်။

သို့သော် လင်းဖုန်းမူကား ချွင်းချက် ဖြစ်သည်။ ယခင်က သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့ခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်တွင် အသွင်ပြောင်းလဲမှု လက္ခဏာ လုံးဝ မရှိခဲ့ပေ။ နောက်ပိုင်းတွင် သူ ခွဲခြမ်းစိတ်ဖြာကြည့်ရာ ၎င်းမှာ သားရဲမျိုးရိုးဗီဇ လေးမျိုးကို ပေါင်းစပ်ထားခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သိရှိလိုက်ရသည်။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုပါက ထိုသားရဲ လေးကောင်လုံး၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို ချိုးဖျက်ရမည် ဖြစ်သည်။

ယခင်က လင်းဖုန်းသည် နွားရိုင်း၊ ယူနီကွန်းနှင့် နှာမောင်းရှည်သားရဲတို့၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး ပေါင်းစပ်ခဲ့သော သားရဲဘုရင်ဖြစ်သည့် တီကောင်သားရဲ၏ မျိုးရိုးဗီဇကန့်သတ်ချက်ကိုသာ မတွေ့ရှိရသေးခြင်းပင်။

ယခု လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ထပ်မံ မြင်တွေ့ရခြင်းမှာ အခွင့်အရေးတစ်ခုပင်။

"ဒီတစ်ကြိမ်တော့ ငါ သားရဲဘုရင်ရဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို သေချာပေါက် ချိုးဖျက်မယ်"

လင်းဖုန်း ဆုံးဖြတ်ချက် ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဘေးနားတွင် သားရဲများ၏ ပြင်းထန်သော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သားရဲအချို့က သူ့ကို ဝိုင်းရံထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ယင်းတို့မှာ နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲနှင့် ဧရာမတီကောင်သားရဲဘုရင်တို့ အသီးသီး ဖြစ်ကြသည်။

"ကောင်းပြီ... ကောင်းပြီ။ သားရဲမျိုးရိုးဗီဇ လေးမျိုးလုံး စုစည်းသွားပြီ။ ဒါဆိုရင် ချိုးဖျက်ကြတာပေါ့"

လင်းဖုန်း ဟိန်းဟောက်လိုက်သည်။ သူသည် အစွမ်းကုန် ပြတ်သားမှုဖြင့် ဤဝင်္ကပါကို ထိုးဖောက်ကာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်မည် ဖြစ်သည်။

စစ်မြေပြင်မှာ ရက်စက်ကြမ်းကြုတ်နေဆဲပင်။ သောင်းနှင့်ချီသော တီကောင်သားရဲများသည် လူသားသိုင်းသမားများကို ရူးသွပ်စွာ ဝန်းရံသတ်ဖြတ်နေကြသည်။

မူလက စစ်မြေပြင်တွင် ခုခံနေသော လူ ၂,၀၀၀ ကျော်အနက် ယခုအခါ ရာဂဏန်းမျှသာ ကျန်ရှိတော့သည်။ သေဆုံးမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ရှိနေပြီ ဖြစ်သည်။ စစ်မြေပြင်တွင် လူသားသိုင်းသမားများကို အလွန် နည်းပါးစွာသာ မြင်တွေ့ရတော့သည်။

လီဝေ၏ သတင်းတင်ဆက်ရေးအဖွဲ့ပင်လျှင် အန္တရာယ်နှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ ကိုယ်ရံတော်တပ်ဖွဲ့ကသာ ရဲဝံ့စွာ ရှေ့ထွက်ရင်ဆိုင်‌ဖြေရှင်းခဲ့ရသည်။ ကိုယ်ရံတော်နှစ်ဦးမှာမူ သားရဲများနှင့် တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ရလေပြီ။

စစ်မြေပြင်၏ ပြင်းထန်မှုမှာ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်နေသည်။ သာမန် ပရော်ဖက်ရှင်နယ် သိုင်းသမားများသာမက သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် အန္တရာယ်အတွင်းသို့ အလုံးစုံကျရောက်နေပြီ ဖြစ်သည်။

ဤသာလွန်လူသား ကျွမ်းကျင်သူများသည် လူသားမျိုးနွယ်၏ မဏ္ဍိုင်များပင်။ ယခင်က သာလွန်လူသား ကျွမ်းကျင်သူများ စစ်ပွဲတွင် သေဆုံးခြင်းမှာ အလွန် ရှားပါးလှသော်လည်း ယခုလက်ရှိ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ဤသာလွန်လူသားများမှာ သူတို့၏ ဇွဲလုံ့လကို ပြသနေကြသည်။

ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆက်လက် မတိုက်ခိုက်နိုင်တော့သော သာလွန်လူသား ကျွမ်းကျင်သူ အားလုံးနီးပါးမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ရွေးချယ်ခဲ့ကြသည်။ ထိုပြင်းထန်သော ပေါက်ကွဲမှု လှိုင်းလုံးကြီးများက နတ်ဆိုးတချို့ကိုပင် အပြင်းအထန်ဒဏ်ရာရရှိကာ အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

နတ်ဆိုးတချို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော်လည်း သူတို့၏ ပြန်လည်ကုသနိုင်စွမ်းမှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။ အလွန်တရာပြင်းထန်သော ဒဏ်ရာများမှပင် သူတို့ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာနိုင်ကြသည်။

သေဆုံးသွားသော သို့မဟုတ် ဒဏ်ရာရသွားသော သားရဲများမှာမူ သာမန်သားရဲအမြောက်စာများသာ ဖြစ်သည်။ မည်မျှပင် သေဆုံးပါစေ ဘာမှ အရေးမကြီးပေ။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်။ သုံးနာရီ၊ လေးနာရီ၊ ငါးနာရီ...

မျက်စိတစ်မှိတ်အတွင်း ရှစ်နာရီ ကြာမြင့်သွားခဲ့လေပြီ။ မနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ မူလက သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးအနက် ရှစ်ဦးသာ ကျန်ရှိတော့သည်။

ထက်ဝက်နီးပါးမှာ စစ်ပွဲအတွင်း ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော ဆုံးရှုံးမှုမှာ အလွန်တရာထိတ်လန့်တုန်လှုပ်စရာပင်။

ဤသည်မှာ အရေးမပါသော တိုက်ပွဲတစ်ခုဟု မည်သူမျှ မတွေးတော့ပေ။ အကယ်၍ ဤတီကောင်သားရဲများသာ နဂါးကျောက်တုံးမြို့ထဲသို့ ဝင်ရောက်သွားပါလျှင်... ကပ်ပါးပြုခြင်းမှတစ်ဆင့် မွေးဖွားလာမည့် သားရဲအရေအတွက်မှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ကြောင်း လူတိုင်း နားလည်သွားကြသည်။

ထိုအချိန်ကျလျှင် သောင်းနှင့်ချီသော သားရဲများသာမကတော့ဘဲ သန်းနှင့်ချီသော သားရဲများ ဖြစ်လာပေလိမ့်မည်။ အကယ်၍ သားရဲတစ်ကောင်တည်းသာ အခြားမြို့တစ်မြို့သို့ ဝင်ရောက်သွားခဲ့လျှင်ပင် လူသားမျိုးနွယ်တစ်ခုလုံး အကြီးအကျယ် ကပ်ဘေးဆိုက်သွားနိုင်ပေသည်။

ဤသားရဲများသည် ကြောက်မက်ဖွယ်ကောင်းသော ကူးစက်ရောဂါများကဲ့သို့ပင် ကပ်ပါးပြုနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။ နဂါးကျောက်တုံးမြို့သည် ကပ်ဘေးရင်းမြစ်ဖြစ်သဖြင့် မဖြစ်မနေ ထိန်းချုပ်ရမည် ဖြစ်သည်။

သို့သော် သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦးသာ ကျန်ရှိတော့ပြီး သူတို့အားလုံးမှာလည်း မောပန်းနွမ်းနယ်နေကာ သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့ မည်မျှကြာအောင် ဆက်လက် တောင့်ခံနိုင်မည်နည်း။ ဆယ်မိနစ်လော သို့မဟုတ် နာရီဝက်လော။

နာရီဝက်အတွင်း ကျန်ရှိနေသော သာလွန်လူသား ရှစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခြင်း သို့မဟုတ် နတ်ဆိုး ၃၀ ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ သူတို့သည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်ရှိလာသည်အထိ တောင့်ခံထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

များစွာသောလူအပေါင်းတို့မှာလည်း မျှော်လင့်ချက်မဲ့နေကြသည်။ အထူးသဖြင့် နဂါးကျောက်တုံးမြို့ရှိ နိုင်ငံသား ၃ သန်းမှာ အမှန်တကယ် စိတ်ပျက်အားငယ်နေကြပြီ ဖြစ်သည်။ ဤသောင်းနှင့်ချီသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို မည်သူက ခုခံနိုင်ပါမည်နည်း။

စစ်သေနာပတိချုပ် လုံကျိုးသည်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ သူသည် သာမန် သာလွန်လူသားများထက် များစွာ ပိုမို အစွမ်းထက်ပြီး ယခင်က နတ်ဆိုး သုံးလေးကောင်ကိုသာ ရင်ဆိုင်ရန် လိုအပ်ခဲ့သည်။

သို့သော် သူ၏ ရဲဘော်များ ကျဆုံးသွားသည်နှင့်အမျှ သာလွန်လူသား ရှစ်ဦးသာ ကျန်ရှိသော်လည်း နတ်ဆိုး ၃၀ ကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ လုံကျိုးကိုယ်တိုင်ပင်လျှင် နတ်ဆိုး ခြောက်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။

သူသည် မည်သည့်အချိန်တွင်မဆို ဆက်လက်မတောင့်ခံနိုင်ဘဲ ကျဆုံးသွားနိုင်သည်။ အဆုံးတွင် သူသည်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်ရပေလိမ့်မည်။ သို့သော် ကိုယ့်ကီုယ်ကိုစတေးခံဖောက်ခွဲသည်ကလည်း အသုံးဝင်လှမည် မဟုတ်ပေ။ သူတို့အားလုံးကျဆုံးသွားလျှင် နဂါးကျောက်တုံးမြို့ရှိ သာမန်နိုင်ငံသား ၃ သန်းမှာ ထိုသားရဲများ ကပ်ပါးပြုခံရမည့် လက်ခံကောင်များ ဖြစ်လာကြလိမ့်မည်။ ထို့နောက် မြို့သူမြို့သားအားလုံး ကပ်ပါးပြုခံရခြင်း သို့မဟုတ် ဝါးမြိုခြင်း ခံကြရပေလိမ့်မည်။

လုံကျိုးသည် ဘေးပတ်ဝန်းကျင်ကို အနည်းငယ့်ဝေ့ဝဲကြည့်ရှုလိုက်သည်။ မျက်စိတစ်ဆုံး နေရာတိုင်းတွင် အဆုံးမရှိသော တီကောင်သားရဲများကိုသာ တွေ့လိုက်ရသည်။ လုံကျိုး ဘာမှ မတတ်နိုင်တော့ပေ။ သူ၏ ရင်ထဲတွင်လည်း အလွန် အားကိုးရာမဲ့သလို ခံစားနေရသည်။

ဤအခိုက်အတန့်တွင် သားရဲအလောင်းများကြား၌ အလောင်းကောင်တစ်ခုပမာ သွေးသံရဲရဲ ဖြစ်နေသော လင်းဖုန်းသည် တိတ်တဆိတ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို မည်သူမျှ မမြင်တွေ့ခဲ့ကြပေ။

ပတ်ဝန်းကျင်တွင် အဆုံးမဲ့အမှောင်ထုက အကြားအလပ်မရှိ ဝန်းရံထားသော်လည်း လင်းဖုန်း၏ ဘေးတွင် သားရဲ လေးမျိုး စုဝေးနေကြသည်။ သူတို့အားလုံးမှာ မကျေမနပ် ဖြစ်နေသကဲ့သို့ဖြစ်စေ စိတ်လှုပ်ရှားနေသကဲ့သို့ဖြစ်စေ ဟိန်းဟောက်နေကြသည်။

သို့သော် လင်းဖုန်းသည် မိမိနှင့် ထိုသားရဲ လေးကောင်ကြားရှိ နီးကပ်မှုကို ခံစားနိုင်နေသည်။ သူတို့၏ မျိုးရိုးဗီဇများမှာ ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် သူတို့အားလုံးမှာ တစ်သားတည်းပင်။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုပါက ထိုသားရဲ လေးကောင်လုံး၏ မျိုးရိုးဗီဇကန့်သတ်ချက်များကို အတူတကွ ချိုးဖျက်ရမည် ဖြစ်သည်။

လင်းဖုန်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ အကြည့်များ စူးရဲလာကာ စိတ်ဆန္ဒမှာ အလွန်တရာ ပြတ်သားလာသည်။ သူ လက်မောင်းများကို ဖြန့်ကားလိုက်ပြီး အသံကုန်ကြွေးကြော်ဟိန်းဟောက်လိုက်သည်။

"လာကြစမ်း... မင်းတို့အားလုံး ငါနဲ့ တစ်သားတည်းပဲ။ အခု ငါတို့ရဲ့ ရှိသမျှခွန်အားအကုန် စုစည်းပြီး ဒီအမှောင်ထုကို ထိုးဖောက်မယ်၊ ငါတို့ရဲ့ အနှောင်အဖွဲ့တွေကို ဖျက်ဆီးမယ်၊ ငါတို့ရဲ့ မျိုးရိုးဗီဇကန့်သတ်ချက်တွေကို ချိုးဖျက်ပစ်မယ်... ရား..."

လင်းဖုန်း မာန်ပါပါ အော်ဟစ်လိုက်သည်။ သူ စကားဆုံးသည်နှင့် သားရဲလေးကောင်သည်လည်း ကောင်းကင်သို့ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။ ထို့နောက် သူတို့သည် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး လင်းဖုန်း၏ အသိစိတ်အတွင်းသို့ ဝင်ရောက်ပေါင်းစည်းသွားကြတော့သည်။

ဘုန်း

လင်းဖုန်း၏ စိတ်ထဲတွင် ပဲ့တင်သံတစ်ခု ထွက်ပေါ်လာသည်။ သူသည် နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲနှင့် တီကောင်သားရဲအဖြစ် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။ သားရဲ လေးကောင်၏ အမျိုးမျိုးသော စိတ်ဆန္ဒများသည် လင်းဖုန်း၏စိတ်ဆန္ဒနှင့် လျင်မြန်စွာ ဝင်ရောက်ပေါင်းစည်းသွားသည်။

နောက်ဆုံးတွင် သူတို့အားလုံးသည် အလုံးစုံ ပေါက်ကွဲပေါင်းစည်းကာ တသားတည်းဖြစ်သွားသည်။ လောကကြီးတစ်ခုလုံးတွင် မည်သည့်အရာကမျှ သူ့ကို ဆက်လက် တားဆီးပိတ်လှောင်ထားနိုင်တော့မည် မဟုတ်သကဲ့သို့ သူ ခံစားလိုက်ရသည်။ သူ့အတွက် ထွက်ပေါက်တစ်ခု လိုအပ်နေသည်။

လင်းဖုန်း၏ ခိုင်မာသော ယုံကြည်ချက်နှင့် စိတ်ဆန္ဒကြောင့် ပတ်ဝန်းကျင်ရှိ အမှောင်ထုမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့ လင်းဖုန်း ခံစားလိုက်ရပြီးနောက် သူ၏ အသိစိတ်များ ဆက်လက် နစ်မြောသွားသည်။ နောက်ဆုံးတွင် လင်းဖုန်းသည် မိခင်၏ ဝမ်းတွင်းသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသည်။ ထိုခံစားချက်မှာ အလွန်တရာ ရင်းနှီးကျွမ်းဝင်လှသည်။

ဝှစ်

လင်းဖုန်း ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ ဤအစစ်အမှန် ကမ္ဘာကြီးကို သူနောက်တစ်ကြိမ် ပြန်လည် မြင်တွေ့လိုက်ရလေပြီ။

All Chapters