← Chapters

ဝေဟင်ထက်ဝယ် လမ်းလျှောက်ခြင်း

Vol. 7 Ch. 83

ဝေဟင်ထက်ဝယ် လမ်းလျှောက်ခြင်း

Vol. 7 Ch. 83

ဘာသာပြန် - အားသစ်

"ဒီကောင်လေး အသက်ရှင်နေတာလား"

လုံကျိုး ဆွံ့အသွားသည်။ ဤကဲ့သို့ အလွန်အန္တရာယ်များသော အခြေအနေတွင်ပင် သူ၏ မျက်နှာထက်တွင် အံ့သြဝမ်းသာမှု အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လင်းဖုန်းမှာ မသေရုံသာမက မျိုးရိုးဗီဇကန့်သတ်ချက်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပုံရသည်။ လုံကျိုး၏ အတွေ့အကြုံနှင့် အမြင်အာရုံအရ ဤသည်မှာ လုံးဝ မမှားနိုင်ပေ။

သေရေးရှင်ရေး အခြေအနေများတွင် ကြီးမားသော အကြောက်တရားနှင် အန္တရာယ်များ ရှိသော်လည်း ကြီးမားသော အခွင့်အရေးများလည်း ရှိတတ်သည်။ လင်းဖုန်းသည် သေခါနီးအချိန်တွင် ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဤသည်မှာ အမှန်တကယ်ပင် မျှော်လင့်မထားသော ဝမ်းသာစရာ ဖြစ်ရပ်တစ်ခုပင်။ လုံကျိုးသည် နဂါးတောင်အခြေစိုက်စခန်းကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သော်လည်း သာလွန်လူသား ကျွမ်းကျင်သူအသစ် ပေါ်ထွက်လာသည်ကို မမြင်တွေ့ခဲ့ရပေ။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး မွေးဖွားလာသည်ကို မြင်ရသဖြင့် သူ မည်သို့ ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။

သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့လျှင်ပင် ဘာထူးခြားသွားမည်နည်း။ လင်းဖုန်းသည် သူ၏ အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ပြီးဆုံးအောင် လုပ်ဆောင်ရန်ပင် အချိန်ရလိမ့်မည် မဟုတ်ပေ။

ထိုသို့ တွေးမိသည်နှင့် လုံကျိုး ပြန်လည် ဝမ်းနည်းသွားခဲ့ပြန်သည်။

အမှန်စင်စစ် လင်းဖုန်း၏ ထူးခြားမှုကို သတိထားမိသူမှာ လုံကျိုးတစ်ယောက်တည်း မဟုတ်ပေ။ အခြားလူအများအပြားလည်း သတိထားမိကြသည်။ အဘယ်ကြောင့်ဆိုသော် လင်းဖုန်း နိုးထလာပြီးနောက် ဖြစ်ပေါ်လာသော လှုပ်ရှားမှုမှာ အလွန်ပင် ကြီးမားလွန်းလှသဖြင့် သတိမထားမိဘဲ နေရန်မှာ အလွန် ခက်ခဲသောကြောင့်ပင်။

ဘုန်း

လင်းဖုန်း သူ၏ လက်ကို ဆန့်ထုတ်ကာ တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်လာသော အရှိန်အဟုန်ပြင်းသည့် ခွန်အားသစ်များကို သူ မကြုံစဖူး ခံစားနေရသည်။ ၎င်းမှာ ယခင်က ဝဲကယက်စွမ်းအား တတိယဆင့်ကို အသုံးပြုခဲ့စဉ်ကထက်ပင် များစွာ ပိုမို အစွမ်းထက်သော ခွန်အားမျိုး ဖြစ်သည်။

သူ လက်ကို ဆုပ်လိုက်သည်နှင့် မမြင်ရသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားပြီး မြေပြင်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။ သူ၏ ဘေးနားရှိ သားရဲအလောင်းများပင်လျှင် ထိုစွမ်းအားကြောင့် လွင့်စင်သွားကြသည်။

ဤမျှ ကြီးမားသော လှုပ်ရှားမှုကို လူအများ သတိမထားမိဘဲ မနေနိုင်ပေ။

လီဝေသည်လည်း လင်းဖုန်း၏ ပုံရိပ်ကို သဘာဝကျစွာပင် သတိပြုမိသွားသည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပေါ်ထွက်လာသည်။ ဤလူငယ်သိုင်းသမားလေးမှာ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။

ရှောင်ဝူသည်လည်း ကင်မရာကို ထိုလူငယ်သိုင်းသမားလေးထံသို့ အမြန် လှည့်လိုက်သည်။ သေရာမှ ပြန်လည် နိုးထလာခြင်းလော။ ဤသည်မှာ ယုံကြည်ရန်ပင် ခက်ခဲလှသည်။ ထို့အပြင် ပြန်လည် နိုးထလာသော လင်းဖုန်းထံမှ လုံးဝ ကွဲပြားခြားနားသော အရှိန်အအဝါတစ်ခု ထွက်ပေါ်နေသည်။

စကားလုံးဖြင့် ဖော်ပြရလျှင် ၎င်းမှာ ပြန်လည်မွေးဖွားခြင်းပင် ဖြစ်သည်။ ဤသည်မှာ သိုင်းသမားများသာမက သာမန်လူများပင် မြင်တွေ့နိုင်သော ပြောင်းလဲမှုမျိုး ဖြစ်သည်။

"ဒါက သေရာကနေ ပြန်ရှင်လာတာ မဟုတ်ဘူး။ ငါ ထင်တာ မမှားရင် သူ အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နေတာပဲကွ"

"အသွင်ပြောင်းလဲခြင်း... ဟုတ်လား"

"မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်လာတာပဲကွ"

ကိုယ်ရံတော် အဖွဲ့မှ သိုင်းသမားတစ်ဦးက အားနည်းသော အပြုံးဖြင့် ပြောလိုက်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း ဆိုသည်မှာ သူ့အတွက်တော့ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုသာ ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ချင်သော သိုင်းသမားဟူ၍ မရှိပေ။

ကံမကောင်းစွာဖြင့် ကိုယ်ရံတော်အဖွဲ့မှ သိုင်းသမားအားလုံးနီးပါးမှာ သူတို့၏ အလားအလာများ ကုန်ဆုံးနေပြီဖြစ်ရာ ဤဘဝတွင် နောက်ထပ် တိုးတက်ရန် မျှော်လင့်ချက် မရှိကြတော့ပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ နဂါးတောင်အခြေစိုက်စခန်း တစ်ခုလုံးနှင့် အနန္တလမ်းစဉ်အကယ်ဒမီ တစ်ခုလုံးတွင်ပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သူ မည်မျှ ရှိပါမည်နည်း။

လီဝေသည်လည်း ထိုသိုင်းသမား၏ စကားထဲမှ သတင်းတန်ဖိုးကို ဖမ်းဆုပ်လိုက်နိုင်သည်။ အလွန်တရာ ဒဏ္ဍာရီဆန်လှသော မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း၊ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သာလွန်လူသား ကျွမ်းကျင်သူအဖြစ် အသွင်ပြောင်းလဲသွားခြင်း ဆိုသည့် အဖြစ်အပျက်မှာ သူမ၏ ရှေ့မှောက်တွင် အမှန်တကယ် ဖြစ်ပျက်နေခြင်းပင်။

မဟုတ်သေးပေ၊ ၎င်းမှာ ကင်မရာမှတစ်ဆင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ကင်မရာမှန်ဘီလူးမှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မရေမတွက်နိုင်သော လူများအား ဤအခိုက်အတန့် ဤအံ့ဖွယ်အမှုကို ကိုယ်တိုင် မြင်တွေ့ခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။

လင်းဖုန်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်ရုံသာမက လက်များကိုပါ ဆန့်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းမှာ ရွှင်မြူးနေကြပြီး ရှင်သန်ခြင်း စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

အချိန်တိုင်းတွင် များပြားလှသော စွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာနေသည်။ ဤခံစားချက်က လင်းဖုန်းကို စိတ်လှုပ်ရှားစေသည်။ သူ၏ ဗီဇစိတ်အရ 'လေ' မှာ လက်ဆုပ်လက်ကိုင် ပြုနိုင်သော အရာတစ်ခုအလား ခံစားနေရပြီး သူသည် လေပေါ်သို့ ညင်သာစွာ တက်လှမ်းနိုင်သည်ဟုပင် ထင်မှတ်နေမိသည်။

ဝု...

လင်းဖုန်း သူ၏ ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး လေပေါ်သို့ ညင်သာစွာ လှမ်းတက်လိုက်သည်။

သို့သော် သူ ပြုတ်ကျမသွားခဲ့ပေ။ ထိုအစား သူသည် လေထဲတွင် တစ်လှမ်းချင်း လှမ်းတက်သွားပြီး နတ်ဘုရားတစ်ပါးအလား လေပေါ်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက် တက်သွားသည်။

ဘုန်း

ဤမြင်ကွင်းမှာ ကင်မရာမှတစ်ဆင့် ကမ္ဘာပေါ်ရှိ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာသည်။

ထိုအခိုက်အတန့်တွင် မည်သည့် ရှင်းလင်းချက်မျှ မလိုအပ်တော့ပေ။ လူတိုင်း ဤသည်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို သိကြသည်။ မည်သည့် စွမ်းအား သို့မဟုတ် ကိရိယာမျှ မပါဘဲ လေပေါ်တွင် လမ်းလျှောက်နိုင်သော လူမျိုးမှာ တစ်မျိုးတည်းသာ ရှိသည်။ ၎င်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူပင်။

လူတိုင်း ပွက်လောရိုက်သွားကြသည်။ သူတို့ တုန်လှုပ်နေကြသလို မယုံနိုင်အောင်လည်း ဖြစ်နေကြသည်။

"ဒါ... ဒါက လေပေါ်မှာ လမ်းလျှောက်နေတာ မဟုတ်လား။ သူ့မှာ ဘာကိရိယာမှ မပါဘူး၊ ပြီးတော့ သူ့မှာ ပျံသန်းနိုင်တဲ့ စွမ်းအားလည်း မရှိဘူး။ ဒါဆိုရင်..."

"မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်တာပဲ... သူ သေချာပေါက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်တာဟ။ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တာပဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲကွ။ ရုပ်ရှင်ထဲက အံ့ဖွယ်အမှုတွေက တကယ့်လက်တွေ့မှာလည်း ဖြစ်လာနိုင်တာပဲလား"

"သူက တကယ်ကို ငယ်လွန်းသေးတယ်။ အသက် ၂၀ ဝန်းကျင်ပဲ ရှိလောက်ဦးမှာ။ ဒီလိုအရွယ်နဲ့ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့တယ်ဆိုတာကြီးက တကယ့်ကို မယုံနိုင်စရာပဲ..."

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများသည် လူသားအဖွဲ့အစည်းတွင် အကျော်ကြားဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သာလွန်လူသား ကျွမ်းကျင်သူများ၏ စွမ်းရည်ဝိသေသလက္ခဏာရပ်များကိုလည်း လူတိုင်း သိရှိကြသည်။

သံသယဖြစ်ဖွယ်မရှိဘဲ လေပေါ်တွင် လမ်းလျှောက်နိုင်ခြင်းမှာ သာလွန်လူသား ကျွမ်းကျင်သူများ၏ အသိသာဆုံးသော လက္ခဏာရပ်ပင်။

ဖန်သားပြင်ပေါ်တွင် အံ့သြနေသူများ၊ အားကျနေသူများနှင့် ဇဝေဇဝါ ဖြစ်နေသူများစွာ ရှိနေသည်။ သဘာဝကျစွာပင် ဝမ်းသာနေသူများလည်း ရှိကြသည်။ အပျော်ရဆုံးသူများမှာ လင်းဖုန်း၏ မိသားစုနှင့် သူငယ်ချင်းများပင် ဖြစ်သည်။

ရုပ်မြင်သံကြားရှေ့တွင် ယွီရှန်းသည် သူ၏ လက်ကို ပြုတ်ထွက်မတက် ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ အံ့ဖွယ်အမှု။ လင်းဖုန်းသည် နောက်ထပ် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပြန်ပြီ။ ယွီရှန်း၏ မျက်စိထဲတွင် လင်းဖုန်းသည် အံ့ဖွယ်အမှုများကို ဖန်တီးရာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

ထို့အပြင် လင်းဖုန်းသည် ယွီရှန်း၏ အိပ်မက်အားလုံးကို သယ်ဆောင်ထားသူ ဖြစ်သည်။ ယွီရှန်းသည် လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့သည့်အတွက် ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေသည်။

ချူချန်းသည်လည်း ငိုနေခြင်းကို ရပ်လိုက်သည်။ သူမ ဖန်သားပြင်ပေါ်ရှိ ရင်းနှီးသော ပုံရိပ်လေးကို ကြည့်လိုက်သည်။ ၎င်းမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားရပြီး မယုံနိုင်စရာလည်း ကောင်းလှသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း... ဝန်ရိုးစွန်းအကယ်ဒမီတွင်ပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သူမှာ အလွန် ရှားပါးလှသည် မဟုတ်ပါလား။

လင်းဇနီးမောင်နှံနှင့် လင်းချန်တို့မှာလည်း ဝမ်းသာလုံးစို့ကာ မျက်ရည်များပင် ဝေ့သီလာကြသည်။ လင်းဖုန်းအတွက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း၏ အရေးပါမှုကို သူတို့ သိကြသည်။ အခြားသူများအတွက်မူ ၎င်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း၊ ခွန်အား တိုးလာခြင်းနှင့် အဆင့်အတန်း မြင့်မားလာခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့အတွက်မူ ဤသည်မှာ လင်းဖုန်းအတွက် အသက်ကယ်တင်ခြင်းပင်။ သူတို့၏ ရင်ထဲမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသကဲ့သို့ပင်။ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ သူ၏ မျိုးရိုးဗီဇများကို ပြန်လည်ဖွဲ့စည်းလိုက်သည်နှင့် လင်းဖုန်းကို နှစ်ပေါင်း ၂၀ ကြာ နှိပ်စက်ခဲ့သော ထူးဆန်းသည့် ရောဂါမှာလည်း သဘာဝကျစွာ ပျောက်ကွယ်သွားပေလိမ့်မည်။

လင်းဖုန်း လေထဲတွင် ရပ်နေသည်။ သူ၏ မျက်နှာကို ဖြတ်တိုက်သွားသော လေပြည်‌လေညင်းကို သူ ခံစားနေရသည်။ လေမှာ အလွန်ပင် ညင်သာသော်လည်း ထူထဲသော သွေးနံ့များနှင့်လည်း ရောနှောနေသည်။ ဤနေရာမှာ စစ်မြေပြင် ဖြစ်ပြီး သားရဲများနှင့် နတ်ဆိုးများ ရှိနေဆဲပင်။

ဝှစ်

လင်းဖုန်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ စစ်သေနာပတိချုပ် လုံကျိုး၏ အခြေအနေကို သူ အကြည့်တစ်ချက်နှင့် မြင်လိုက်ရသည်။

သူ လုံးဝ တွန့်ဆုတ်မနေခဲ့ပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် တိုးပွားလာသော ခွန်အားများနှင့် အချို့သော အထူးစွမ်းရည်များကိုပင် ရင်းနှီးကျွမ်းဝင်အောင် လုပ်ရန် သူ အချိန်မရှိတော့ပေ။

သူ သိထားသည်မှာ လုံကျိုး အန္တရာယ်ရှိနေသည် ဆိုသည်ကိုသာ ဖြစ်ပြီး ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်တွင် စစ်သေနာပတိချုပ်မှာ သေဆုံး၍ လုံးဝ မဖြစ်ပေ။

လင်းဖုန်း ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အမြောက်ဆန်တစ်ခုအလား လုံကျိုးထံသို့ တဟုတ်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ အရှိန်မှာ အလွန် လျင်မြန်လှသဖြင့် သူ၏ နားထဲတွင် လေတိုးသံများဖြင့် ပြည့်နှက်နေသည်။ သူ၏ အရှိန်မှာ အသံ၏အမြန်နှုန်းကိုပင် သေချာပေါက် ကျော်လွန်နေပြီဟု သူ ခံစားလိုက်ရသည်။

အသံထက်မြန်သော အရှိန်ဆိုသည်မှာ သာလွန်လူသား ကျွမ်းကျင်သူ အများအပြားပင် မရရှိနိုင်သော အရှိန်မျိုး ဖြစ်သည်။ အကယ်၍ သူတို့သည် အရှိန်အမျိုးအစား အထူးစွမ်းရည်ကို ပိုင်ဆိုင်ထားသူများ မဟုတ်ပါက အသံထက်မြန်သော အရှိန်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

လင်းဖုန်း သူ ဘာကြောင့် ဤမျှ မြန်နေရသလဲဆိုသည်ကို မသိပေ။ ၎င်းမှာ သူ၏ ဗီဇစိတ်ကဲ့သို့ပင်။ သူသည် လုံကျိုး၏ ဘေးနားသို့ အမြန်ဆုံး ရောက်ရှိပြီး သူ့ကို ကယ်တင်ချင်ရုံသာ ရှိသည်။

ထို့နောက် သူ၏ အရှိန်က တဖြည်းဖြည်း ပိုမို မြန်ဆန်လာသည်။ မျက်စိတစ်မှိတ်အတွင်း လင်းဖုန်း၏ အရှိန်မှာ အသံထက်မြန်သော အရှိန်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိသွားတော့သည်။ အရှိန်မှာ အလွန်တရာ မြန်လွန်းလှသဖြင့် သူ့ခန္ဓာကိုယ်မှာ လေနှင့် ပွတ်တိုက်မိကာ ခန္ဓာကိုယ်ပေါ်တွင် မီးတောက်မီးပွားများ ဖြစ်ပေါ်လာပြီး ထိုမီးတောက်များမှာ ပို၍ပို၍ အားကောင်းလာသည်။

သို့သော် လင်းဖုန်း ၎င်းကို ဂရုမစိုက်ခဲ့ပေ။ ထိုမီးတောက်များမှာ သူ၏ အရေပြားကိုပင် မထိခိုက်စေနိုင်ပေ။

အခြားသူများ၏ မျက်စိထဲတွင်မူ လင်းဖုန်းသည် ယခုအခါ ဧရာမ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြွေကျလာသော ဥက္ကာခဲတစ်ခုအလား ထိုနတ်ဆိုးများ၏ အလယ်သို့ တည့်တည့် တိုးဝင်သွားတော့သည်...

(လင်းဖုန်းကတော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သလို သာလွန်လူသား ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်လာခဲ့ပါပြီ။ သူ နတ်ဆိုးတွေကို ဘယ်လိုများ ရင်ဆိုင်သွားမလဲဆိုတာ ဆက်လက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။)

All Chapters