← Chapters

ချပ်ဝတ်

Vol. 7 Ch. 84

ချပ်ဝတ်

Vol. 7 Ch. 84

ဘာသာပြန် - အားသစ်

ဘုန်း

ဧရာမမီးလုံးကြီးအဖြစ် ပြောင်းလဲသွားသော လင်းဖုန်းသည် ဥက္ကာခဲတစ်ခုအလား မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်တိုက်ဆင်းသက်သွားသည်။ ချက်ချင်းပင် မီးတောက်များ အရပ်မျက်နှာ အနှံ့သို့ လွင့်စင်ပျံ့ကျဲသွားပြီး မြေပြင်မှာ ငလျင်အသေးစားလှုပ်ခတ်သွားသည့်အလား အနည်းငယ် တုန်ခါသွားသည်။ လင်းဖုန်းဆင်းသက်သွားရာ နေရာတွင် ဧရာမတွင်းကြီးတစ်ခု အတင်းအဓမ္မ ဖြစ်ပေါ်သွားစေသည်။

ထိုအချိန်အတွင်း နတ်ဆိုးတစ်ကောင်က လင်းဖုန်းကို တားဆီးရန် ရဲရဲတင်းတင်း ရှေ့ထွက်လာသေးသည်။ သို့သော် လင်းဖုန်းက အရှိန်ကို လုံးဝ မလျှော့ဘဲ တိုက်ရိုက် ဝင်တိုက်လိုက်သည်။ ဤသည်မှာ ပြင်းထန်ကြမ်းတမ်းသော ခန္ဓာကိုယ်အင်အားအရှိန် သက်သက်ဖြင့် ဝင်တိုက်ခြင်းပင်။

ယခုလက်ရှိအချိန်တွင် လင်းဖုန်းသည် လုံးဝအကြောက်အလန့် ကင်းမဲ့နေသည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ထိုနတ်ဆိုးမှာ မုန်တိုင်းကြားမှငှက်ငယ်တစ်ကောင်အလား ကူကယ်ရာမဲ့စွာ လွင့်စင်သွားသည်။ နတ်ဆိုး၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ဖက်တစ်ခုအလား ကျိုးကြေကာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ လင်းဖုန်း၏ ပုံရိပ်က စစ်သေနာပတိချုပ် လုံကျိုး၏ ရှေ့တွင် ပေါ်လာသည်။ နတ်ဆိုးတစ်ကောင်အား အရှိန်ဖြငိ့ ဝင်တိုက်ခဲ့သော်လည်း သူ လုံးဝ ဒဏ်ရာမရခဲ့ပေ။

စစ်သေနာပတိချုပ် လုံကျိုး၏ မျက်လုံးအစုံမှာ အစွမ်းကုန်ပြူးကျယ်ကာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူသည်လည်း နတ်ဆိုးအချို့ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် စွမ်းဆောင်နိုင်သည်။ သို့သော်လည်း သိုင်းပညာရပ်များ၊ သိုင်းနည်းစနစ်များကို ပေါင်းစပ်အသုံးပြုမှသာ ထိုသို့ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ဝါရင့် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦးပင်။

လင်းဖုန်းကရော။

လုံကျိုး၏ အမြင်တွင် လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို အပြည့်အဝ မခံယူရသေးပေ။ မည်သို့ပင်ဆိုစေ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည့်တိုင် တစ်စုံတစ်ယောက်၏ ခွန်အားသည် ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားမည် မဟုတ်ပေ။ ထိုအစား လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ကာလတစ်ခု ရှိလာမည်ဖြစ်သည်။ ထိုကာလတွင် သိုင်းသမားတစ်ယောက်၏ မျိုးရိုးဗီဇနှင့် အသက်အနှစ်သာရသည် အလုံးစုံ ဆင့်ကဲပြောင်းလဲတိုးတက်လာပေလိမ့်မည်။ ထိုဆင့်ကဲဖြစ်စဉ်သည် အသွင်ပြောင်းလဲခြင်းပင်။

အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားမှသာ အစစ်အမှန် သာလွန်လူသား ကျွမ်းကျင်သူတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

လင်းဖုန်းသည် သူ၏ အသွင်ပြောင်းလဲခြင်းကို မပြီးဆုံးသေးချေ။ သို့သော် ခန္ဓာကိုယ် ကြံ့ခိုင်သန်မာမှုကြောင့် နာမည်ကြီးသော နတ်ဆိုးများနှင့် ထိပ်တိုက်ရင်ဆိုင်ရဲနေသည်။ ထို့အပြင် သူက လုံးဝ အသာစီး ရထားသေးသည်။ ဤသည်မှာ လုံကျိုး မျှော်လင့်ထားသည်ထက်ပင် အလုံးစုံ ကျော်လွန်နေသည်။

"ဂါး..."

လွင့်စင်သွားသော နတ်ဆိုးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော်လည်း ၎င်း၏ အစွမ်းထက်သော ပြန်လည်ကုသနိုင်စွမ်းကြောင့် အလွန် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ ထိုနတ်ဆိုးသည် သွေးဆာရန်လိုသည့်အလား နက်နက်ရှိုင်းရှိုင်း ဟိန်းဟောက်လိုက်သည်။ ထို့နောက် ရုတ်တရက် ရှေ့သို့ ခုန်တက်ကာ လင်းဖုန်းထံသို့ တစ်ဖန် ပြေးဝင်လာသည်။

လင်းဖုန်းသည် လက်ရှိအချိန်အထိ ခွန်အားအသစ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အမှန်စင်စစ်တွင် လင်းဖုန်း၏ ခွန်အားများမှာ အဆက်မပြတ် တိုးတက်နေဆဲပင်။ လင်းဖုန်းကိုယ်တိုင်ပင် သူ၏ ခွန်အားအကန့်အသတ်သို့ မည်သည့်အချိန်တွင် ရောက်ရှိမည်ကို မသိပေ။

သို့သော် ယခုအချိန်တွင် ဤနတ်ဆိုးများကို ရင်ဆိုင်ရခြင်းမှာ ကောင်းမွန်သော စမ်းသပ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

နတ်ဆိုး၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှသည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်နှင့်အတူ ဆယ်ခုထက်မနည်းသော လက်တံများ သူ့ထံသို့ ရိုက်ချလာသည်ကို လင်းဖုန်း ခံစားလိုက်ရသည်။ လင်းဖုန်းသည် ဝဲကယက်စွမ်းအားကိုပင် အသုံးမပြုဘဲ လက်ကို ဆန့်ထုတ်ကာ ရိုးရှင်းစွာပင် ဖမ်းဆုပ်လိုက်သည်။

သူ သေချာပေါက် ဖမ်းဆုပ်နိုင်လိမ့်မည်ဟူသော အားကောင်းသည့် အလိုလိုသိစိတ်နှင့် ပြင်းပြသော ယုံကြည်ချက်တစ်ခု သူ့တွင် ရှိနေသည်။

ဖတ်

ထင်ထားသည့်အတိုင်းပင် လင်းဖုန်း ဖမ်းဆုပ်မိလိုက်သည်။ ထိုလှုပ်ရှားမှုမှာ အလွန် ပေါ့ပျက်ပျက်နိုင်လှသည်ဟု ထင်ရသော်လည်း သူ လုံးဝ မလွဲချော်ခဲ့ဘဲ လက်တံတစ်ခုကို တိတိကျကျ ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုအဖြစ်က သာလွန်လူသား ကျွမ်းကျင်သူ အများအပြား၏ အကြည့်များကို ရုတ်တရက် စွဲဆောင်သွားသည်။ ဤနတ်ဆိုးလက်တံများကို ဖမ်းဆုပ်ရန်မှာ မလွယ်ကူပေ။

သာလွန်လူသားများသည် လက်တံများ၏ လမ်းကြောင်းကို မမြင်နိုင်ကြခြင်း မဟုတ်ချေ။ မဖမ်းဆုပ်ရဲကြခြင်းသာ ဖြစ်သည်။ လက်တံတစ်ခု၏ အစွမ်းကုန် ရိုက်ပုတ်မှုတစ်ခုတွင် တန် ၂၀၀ ကျော်သော အင်အားကို ထုတ်လွှတ်နိုင်သည်။ ထိုမျှ အစွမ်းထက်သော အင်အား၏ ရိုက်ခတ်မှုကို သူတို့ ခံနိုင်ရည်ရှိမည်ဟု ယုံကြည်ချက် မရှိပေ။

သို့သော် လင်းဖုန်းကတော့ အောင်အောင်မြင်မြင် ဖမ်းဆုပ်နိုင်ခဲ့သည်။ ထို့အပြင် သူ့ထံသို့ အခြား လက်တံများ အရှိန်ပြင်းစွာ ရိုက်ချလာနေသော်လည်း သူက လုံးဝ လျစ်လျူရှုကာ အော်ဟစ်ကြုံးဝါးလိုက်သည်။

"ကြွစမ်း"

လင်းဖုန်းသည် လက်တံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ နတ်ဆိုး၏ခန္ဓာကိုယ်တစ်ခုလုံးကို ဘေးဘက်သို့ ပြင်းထန်စွာ လွှဲပေါက်လိုက်သည်။

ဘန်း

ဧရာမ နတ်ဆိုးကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ လင်းဖုန်းသည် နတ်ဆိုးကို လက်တံမှ ဆွဲကိုင်ကာ မြေပြင်ပေါ်သို့ အမှန်တကယ်ပင် ရိုက်ချလိုက်ခြင်း ဖြစ်သည်။ လင်းဖုန်း ဆုပ်ကိုင်၍ လွှဲပေါက်လိုက်သော ခွန်အားမှာ တန် ၂၀၀ ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ တန် ၃၀၀ သို့မဟုတ် ၄၀၀ ထိပင် ရှိနိုင်ပေသည်။

လင်းဖုန်းကိုယ်တိုင်ပင် ယခုအခါ သူ မည်မျှ အစွမ်းထက်နေပြီကို သေချာ မသိပေ။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကုန်ခမ်းမသွားနိုင်သော အဆုံးမဲ့ခွန်အားများ ရှိနေသကဲ့သို့ ခံစားနေရသည်။ ထိုခွန်အားအားလုံးကို ထုတ်လွှတ်ပစ်ရန် လိုအပ်နေသည်။

ဝှစ်...ဝှစ်...ဝှစ်...

သို့သော် လင်းဖုန်း ရင်ဆိုင်နေရသည်မှာ နတ်ဆိုးတစ်ကောင်တည်း မဟုတ်ချေ။ စုစုပေါင်း ခြောက်ကောင် ဖြစ်သည်။

ထို့ကြောင့် လေတိုးသံများနှင့်အတူ မရေမတွက်နိုင်သော လက်တံများမှာ လင်းဖုန်းထံသို့ ပြင်းထန်စွာ ရိုက်ချလာကြသည်။ ထူထပ်သိပ်သည်းစွာ စုပြုံနေသော လက်တံများသည် လင်းဖုန်းကို ဧရာမပိုက်ကွန်ကြီးတစ်ခုအလား ယက်လုပ်ကာဆီးထားကာ ပြေးစရာ လမ်းမရှိအောင် ဖြစ်နေသည်။

"ကောင်းပြီလေ"

လင်းဖုန်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ သူသည်လည်း သူ၏ အသွင်ပြောင်းလဲနေဆဲဖြစ်သော ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုနှင့် ကာကွယ်နိုင်စွမ်းကို စမ်းသပ်ကြည့်ချင်နေသည်။

ထို့ကြောင့် လင်းဖုန်း အာရုံစူးစိုက်လိုက်ရာ နှာမောင်းသားရဲ၏ ပုံရိပ်က သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မွေးရာပါဗီဇအရ အလိုအလျောက်တုံ့ပြန်မှုအလား အတွေးတစ်ချက်နှင့်အတူ သူ့စိတ်ထဲရှိ နှာမောင်းသားရဲမှာ စူးစူးရှရှအသံပြုလိုက်ကာ ပေါက်ကွဲသံနှင့်အတူ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် လင်းဖုန်း၏ ခန္ဓာကိုယ်သည် ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

မူလက အနည်းငယ် ပိန်ပါးပြီး အားနည်းသော လင်းဖုန်း၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် အပြင်ဘက်အမာလွှာ တစ်ထပ် ပေါ်လာသည်။ ထို့အပြင် ထိုအလွှာသည် လျင်မြန်စွာ ကြီးထွားလာပြီး လင်းဖုန်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို တစ်ခဏအတွငိး ဖုံးအုပ်သွားသည်။

လင်းဖုန်း၏ ခေါင်း၊ ခြေထောက် သို့မဟုတ် ခြေဖဝါးများပင် ဖြစ်စေ အားလုံးမှာ ဤအမာလွှာအသစ်ဖြင့် လုံးဝ ဖုံးအုပ်ခံလိုက်ရသည်။

လင်းဖုန်းသည် ယခုအခါ ထူးဆန်းသော သံချပ်ကာအင်္ကျီကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

"ဒါက လင်းဖုန်း နိုးထလာတဲ့ မွေးရာပါစွမ်းရည်လား"

ဤသည်ကို မြင်သောအခါ သာလွန်လူသား ကျွမ်းကျင်သူများ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် နိုးထလာသည့် မွေးရာပါစွမ်းရည်များကို လုံကျိုး ချက်ချင်း သတိရသွားသည်။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုဖြတ်ပြီးနောက် မွေးရာပါစွမ်းရည် တစ်မျိုး နိုးထလာတတ်သည်။ သို့သော် တချို့အထူးအ‌ခြေအနေများတွင် မွေးရာပါစွမ်းရည် နှစ်မျိုး သို့မဟုတ် ထို့ထက်မက ရှိနိုင်ပေသည်။

တချို့က မီးတောက်များကို နိုးထစေသည်၊ တချို့က ရေခဲ၊ တချို့က လေစွမ်းအား စသည်ဖြင့် အသီးသီး နိုးထလာကြသည်။ အချုပ်အားဖြင့်ဆိုရသော် သာလွန်လူသားတို့၏ မွေးရာပါစွမ်းရည်ဆိုသည်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူတို့၏ မျိုးရိုးဗီဇ အနက်ရှိုင်းဆုံး နေရာမှ ရရှိလာသော စွမ်းအားပင် ဖြစ်သည်။

ယခင်က နတ်ဆိုးဘုရင်၏ ရေခဲနှင့် မီး အထူးစွမ်းအားများကဲ့သို့ပင်။ စင်စစ်တွင် ရေခဲနှင့် မီး အထူးစွမ်းအားများကိုလည်း မွေးရာပါစွမ်းရည်များဟု သတ်မှတ်နိုင်သော်လည်း ၎င်းတို့မှာ မွေးရာပါစွမ်းရည်များ၏ အားနည်းသောပုံစံတစ်ခုသာ ဖြစ်၏။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် ရရှိလာသော မွေးရာပါစွမ်းရည်များကသာ အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

လုံကျိုးကို အံ့အားသင့်စေသည်မှာ မွေးရာပါစွမ်းရည်များကို ယေဘုယျအားဖြင့် အသွင်ပြောင်းလဲခြင်း ပြီးဆုံးခါနီးအချိန်တွင်သာ ရရှိတတ်ခြင်းပင်။ လင်းဖုန်းက မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားခြင်းသာ ဖြစ်ကြောင်းကို ရှင်းလင်းထင်ရှားစွာ မြင်တွေ့နေရသည်။

လင်းဖုန်းသည် မွေးရာပါစွမ်းရည်များအကြောင်း မသိပေ။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားခြင်း ဖြစ်သောကြောင့် ချိုးဖျက်ပြီးနောက်ပိုင်းမှ အခြေခံ ဗဟုသုတများကို သိပ်မသိပေ။ သို့သော် သူ၏ ဗီဇစိတ်များကိုတော့ သူလင်းဖုန်း လိုက်နာပြုမူနိုင်ပေသည်။

လင်းဖုန်း၏ ဗီဇစိတ်က ဤစွမ်းရည်မျိုးသည် သူ့အတွက် အလွန် အကျိုးရှိသည်ဟု ခံစားရစေသည်။ ထို့ကြောင့် သူသည် ဤစွမ်းရည်ကို သဘာဝကျစွာ အသုံးပြုခဲ့သည်။ အပြင်ဘက်အမာလွှာများဖြင့် ပြုလုပ်ထားသော ချပ်ဝတ်သည် အဆက်မပြတိ ပြောင်းလဲနေဆဲပင်။

လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့်အပြင် ချပ်ဝတ်ပေါ်တွင် ရေမြှုပ်ကဲ့သို့ ပျော့ပျောင်းသော အလွှာတစ်ခု ပေါ်လာသည်။ ထိုအလွှာသည် လျင်မြန်စွာ ထူထဲလာပြီး ချပ်ဝတ်ကို လုံးဝ ဖုံးအုပ်သွားသည်။

"ကြားခံအကာအကွယ်အလွှာလား"

ဤအတွေးက လင်းဖုန်း၏ စိတ်ထဲတွင် သဘာဝကျစွာ ပေါ်လာသည်။ ဤအလွန်တရာ ပျော့ပျောင်းသော ရေမြှုပ်ကဲ့သို့ အရာဝတ္ထုအလွှာသည် အသားစများကဲ့သို့ ဖြစ်နေသည်။ ထိတွေ့ကီုင်တွယ်ကြည့်ရသည်မှာ အနည်းငယ် အေးစက်စက်ပင် ဖြစ်နေသည်။ ယင်းက မာကျောသော ချပ်ဝတ်ကို ဖုံးအုပ်ထားသဖြင့် လင်းဖုန်း၏ အသွင်အပြင်မှာ အနည်းငယ် ထူးဆန်းနေသည်။

သို့သော် လင်းဖုန်း ဤချပ်ဝတ်၏ အကျိုးကျေးဇူးများကို သေသေချာချာ မခံစားရသေးမီမှာပင် နတ်ဆိုး ခြောက်ကောင်၏ တိုက်ခိုက်မှုများက သူ့ထံသို့ ရောက်ရှိလာချေပြီ။ လေပြင်းများနှင့်အတူ အရပ်မျက်နှာ အနှံ့မှ လက်တံ ဒါဇင်ပေါင်းများစွာ သူ့ထံသို့ ရိုက်ချလာသည်။ ထိုတိုက်ခိုက်ချက်များမှာအဆောက်အအုံတစ်ခုဆိုလျှင်ပင် အလွယ်တကူ ပြိုကျပျက်စီးသွားနိုင်ပေသည်။

သို့သော် လင်းဖုန်းသည် ထိုလက်တံများကို လုံးဝပိတ်ဆို့ကာကွယ်ခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ရိုက်ချခွင့်ပေးလိုက်ကာ ကြွက်သားတစ်ခုမျှပင် တွန့်ဆုတ်လှုပ်ရှားခြင်း မပြုပေ။

ဘန်း...ဘန်း...ဘန်း...

ပထမဆုံး လက်တံ လင်းဖုန်းကို ရိုက်မိသောအခါ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ထိုရိုက်ချက်မှာ အစွမ်းထက်သောကြောင့် မဟုတ်ချေ။ အလွန်တရာ အားနည်းလွန်းသောကြောင့် အံ့ဩတုန်လှုပ်သွားရခြင်း ဖြစ်သည်။ ခွန်အား တန် ၂၀၀ ရှိသည်ဟု လုံးဝ မခံစားရပေ။

တစ်ချိန်တည်းမှာပင် လက်တံတစ်ခုပြီးတစ်ခု လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် မြည်ဟည်းသံများနှင့်အတူ ရိုက်ချလာကြသည်။ လင်းဖုန်း၏ ပုံရိပ်မှာ မရေမတွက်နိုင်သော လက်တံများကြားတွင် ချက်ချင်း ဖုံးလွှမ်းနစ်မြုပ်သွားသည်။

စစ်သေနာပတိချုပ် လုံကျိုးပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် လုံကျိုး ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း အံတင်းတင်းကြိတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အနည်းဆုံးတော့ နတ်ဆိုး တစ်ကောင် နှစ်ကောင်လောက်ကို အလုပ်များသွားအောင် လုပ်ပြီး လင်းဖုန်းအပေါ် ကျရောက်နေတဲ့ ဖိအားအချို့ကို လျှော့ချပေးနိုင်လိမ့်မည်။

သို့သော် သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန်မှာပင် လင်းဖုန်းသည် မရေမတွက်နိုင်သော လက်တံများကြားတွင် ထိုက်တောင်ကြီးအလား တည်ငြိမ်စွာ ရှိနေကြောင်း သူ သတိပြုမိလိုက်သည်။ လင်းဖုန်းသည် နောက်သို့ ခြေတစ်လှမ်းမျှပင် ဆုတ်မသွားဘဲ နတ်ဆိုး ခြောက်ကောင်နှင့် လက်တံ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုများကို မတုန်မလှုပ် အတင်းအကျပ် ကြံ့ကြံ့ခံနေခဲ့သည်။

"သောက်ကျိုးနည်း...မဖြစ်နိုင်တာ"

လုံကျိုး မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏ အသံများပင် တုန်ယင်နေလေသည်။

All Chapters