အဝေးမှနေ၍ ဖောက်ခွဲပစ်ခြင်း
Vol. 7 Ch. 85
ဘာသာပြန် - အားသစ်
အမှန်စင်စစ် ထိုအဖြစ်က လုံကျိုးကိုသာ အံ့အားသင့်စေခဲ့သည် မဟုတ်ပေ။ လင်းဖုန်း ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။
လင်းဖုန်းသည် ဤနတ်ဆိုးများ၏ လက်တံများကို ယခင်က ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည်။ လက်တံတစ်ခုစီတိုင်းတွင် တန် ၂၀၀ ထက်မကသော ခွန်အားများ ပါဝင်နေသည်။ အကယ်၍ ဤနတ်ဆိုးများသာ ဒေါသထွက်လာပါက သူတို့သည် သေချာပေါက် ပို၍ပင် အစွမ်းထက်လာပေလိမ့်မည်။
ခွန်အား တန် ၂၀၀ ဆိုသည်မှာ မည်သို့သော သဘောတရားပေနည်း။ အဆောက်အအုံတစ်ခု သို့မဟုတ် တောင်တစ်လုံးပင်လျှင် ထိုအင်အားကြောင့် အလွယ်တကူ ပြိုကျပျက်စီးသွားနိုင်ပေသည်။
သို့သော် ယခု လင်းဖုန်းကမူ ဘာမှမဖြစ်ပေ။ သူသည် နောက်သို့ တစ်လှမ်းမျှပင် ဆုတ်မသွားခဲ့ပေ။ ထို့ပြင် ဤသည်မှာ လင်းဖုန်းသည် လက်တံ တစ်ခု သို့မဟုတ် နှစ်ခုတည်းကိုသာ ရင်ဆိုင်နေရခြင်း မဟုတ်ချေ။ အရပ်မျက်နှာအနှံ့မှ သူ့ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလာသော လက်တံ ဒါဇင်ပေါင်းများစွာကို ရင်ဆိုင်နေရခြင်း ဖြစ်လင့်ကစား ဤသို့ ဖြစ်နေခြင်းပင်။
ဤအဖြစ်သည် နတ်ဆိုးများ၏ ခွန်အား အားနည်းသွားသောကြောင့် မဟုတ်ပေ။ တိတိကျကျ ဆိုရလျှင် လင်းဖုန်းအား ထိမှန်လာသော ခွန်အားများမှာ များစွာ လျော့ကျသွားခြင်းကြောင့် ဖြစ်သည်။ အကြောင်းရင်းမှာ လင်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အပြင်ဘက်အမာလွှာ ချပ်ဝတ်နှင့် အသားစများကဲ့သို့ ဖြစ်နေကာ ပျော့ပျောင်းနူးညံ့သော ရေမြှုပ်တို့ကြောင့်ပင် ဖြစ်သည်။
နတ်ဆိုးများ၏ လက်တံများ လင်းဖုန်းကို ရိုက်မိသောအခါ အသားစများကဲ့သို့ ပျော့ပျောင်းသော ရေမြှုပ်အလွှာက ခွန်အားအများစုကို စုပ်ယူလိုက်သည်။ ဤအကာအကွယ်ကြားခံအလွှာကြောင့် တန် ၂၀၀ ရှိသော ခွန်အားသည် ချပ်ဝတ်ပေါ်သို့ ကျရောက်လာချိန်တွင် တစ်ဝက်ခန့်သာ ကျန်ရှိတော့သည်။
အပြင်ဘက်အမာလွှာ ချပ်ဝတ်မှာ ပို၍ပင် အံ့သြဖွယ်ကောင်းသေးသည်။ ထိုချပ်ဝတ်အလွှာသည် ခွန်အားအများစုကို ခံနိုင်ရည်ရှိသည်။ တန် ၁၀၀ ခန့်မျှသာရှိသော ခွန်အားသည် သဘာဝကျစွာပင် လင်းဖုန်း၏ ချပ်ဝတ်ကို ထိုးဖောက်နိုင်စွမ်း မရှိပေ။
တုန်ခါမှုအား နှင့် ပတ်သက်၍မူ ၎င်းမှာ လျစ်လျူရှုထားနိုင်လောက်အောင်ပင် နည်းပါးလှသည်။ လင်းဖုန်း၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့် ဤမျှလောက် တုန်ခါမှုဒဏ်လေးကို မည်သို့လျှင် ခံနိုင်ရည် မရှိဘဲ နေမည်နည်း။
ထို့ကြောင့် လက်တံ ဒါဇင်ပေါင်းများစွာသည် တားဆီးမရနိုင်လောက်အောင် လင်းဖုန်းအား ရိုက်ချနေသော်လည်း အမှန်တကယ်တန်းတွင်မူ လင်းဖုန်းအား လုံးဝ မထိခိုက်စေနိုင်ပေ။ ၎င်းတို့သည် သူ့ကို အယားပင်မပြေစေနိုင်ပေ။
လင်းဖုန်း ဖန်တီးထားသော ချပ်ဝတ်နှင့် ရေမြှုပ်အကာအကွယ်အလွှာတို့မှာ အလွန်ပင် အစွမ်းထက်လွန်းလှသည်။ ကာကွယ်နိုင်စွမ်းနှင့် တန်ပြန်နိုင်စွမ်း အရ ကြည့်လျှင်ပင် ၎င်းတို့သည် သီးသန့် ကာကွယ်ရေး သိုင်းပညာများထက် များစွာ ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။
နတ်ဆိုး ခြောက်ကောင်မှာလည်း မျက်လုံးများ ပြူးကျယ်သွားသည်။ သူတို့ ပူးပေါင်းတိုက်ခိုက်ပါလျက်နှင့် လင်းဖုန်းကို ဘာမှ မလုပ်နိုင်သည်ကို မြင်သောအခါ သူတို့ ခဏတာမျှ ဘာလုပ်ရမယ်မှန်းမသိ လမ်းပျောက်သွားကြသည်။(ကျွန်တော်တို့ Gen Zတွေလိုပေါ့ 🥲) သို့သော် လင်းဖုန်းသည် သက်သက်အထိုးခံ နေမည်မဟုတ်ပေ။ ဤနတ်ဆိုးများကို သူ မကြောက်တော့သဖြင့် ယခု သူ တိုက်ခိုက်ရမည့် အလှည့် ရောက်လာချေပြီ။
ဘုန်း
လင်းဖုန်း လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထိုလက်သီးချက်မှာ ပေါ့ပေါ့ပါးပါး ထိုးလိုက်သော လက်သီးတစ်ချက်သာ ဖြစ်သည်။ သို့သော်လည်း သူ၏ပေါက်ကွဲထွက်လာသော ခွန်အားများ ပေါင်းစပ်ပါဝင်မှုကြောင့် လက်သီးချက်၏အရှိန်အဟုန်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှသည်။ မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးတစ်ကောင်အပေါ်သို့ ကျရောက်သွားသည်။
နတ်ဆိုးများတွင် အစွမ်းထက်သော ကာကွယ်နိုင်စွမ်း ရှိပြီး သူတို့၏ ခန္ဓာကိုယ်မှာ ပျော့ပျောင်းနူးညံ့သည်။ တန်တစ်ရာကျော်ရှိသော ခွန်အားများ သူတို့အပေါ် ကျရောက်လာလျှင်တောင် သူတို့ကို ဘာမှ ထိခိုက်စေမည် မဟုတ်ပေ။ တန် ၂၀၀ ကျော်ရှိသော ခွန်အားများကသာ သူတို့ကို အနည်းငယ် ထိခိုက်စေနိုင်မည် ဖြစ်သည်။
သို့သော် သူတို့တွင် ကြောက်မက်ဖွယ်ကောင်းသော ပြန်လည်ကုသနိုင်စွမ်းနှင့် မသေနိုင်သော အစွမ်းသတ္တိ ရှိသည်။ သူတို့ ဒဏ်ရာရသွားလျှင်ကော ဘာဖြစ်လဲ။ ချက်ချင်းနီးပါး ပြန်လည် ကောင်းမွန်လာနိုင်သည်။ ခံနိုင်ရည် စမ်းသပ်သည့် တိုက်ပွဲတွင်ပင် ရန်သူများ သေဆုံးသွားသည်အထိ အချိန်ဆွဲထားနိုင်သည်။
ထို့ကြောင့်ပင် သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးတွင် သိုင်းပညာနည်းစနစ်များ၊ မျိုးစုံသော မွေးရာပါစွမ်းရည်များ၊ အစွမ်းထက်သော တိုက်ခိုက်မှုပေါင်းစုံ ရှိကာ အသာစီးရနေသော်လည်း ၄ ဦး သေဆုံးသွားခဲ့ရသည်။ သို့သော် နတ်ဆိုး ၃၀ မှာမူ တစ်ကောင်မျှပင် မသေဆုံးခဲ့ရုံမျှမက လုံးဝနီးပါးပင် ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
သူတို့၏ ပြန်လည်ကုသနိုင်စွမ်းနှင့် မသေနိုင်သော ဂုဏ်သတ္တိများမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အနည်းဆုံးတော့ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးအနေဖြင့် ဖြေရှင်းရန် နည်းလမ်း မရှာတွေ့ခဲ့ပေ။
သူ၏ လက်သီးတစ်ချက် မည်မျှ အစွမ်းထက်ကြောင်း လင်းဖုန်း မသိချေ။ သို့သော်လည်း သူ လက်သီးတစ်ချက် ထိုးချလိုက်သောအခါ သူ၏ မျက်နှာချင်းဆိုင်ရှိ နတ်ဆိုးတစ်ကောင်မှာ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ထို့နောက် နာကျင်စွာ အော်ဟစ်ညည်းညူသံတစ်ခု ထွက်ပေါ်လာသည်။
ထိုနတ်ဆိုးကို ပြန်ကြည့်လိုက်သောအခါ ၎င်း၏ ဝမ်းဗိုက်တစ်ခုလုံး အအမှုန်အမွှားအဖြစမ ကြေမွပျောက်ဆုံးသွားပြီး သွေးနှင့် အသားစများ ဗရပွ ဖြစ်နေသည်။ ၎င်းမှာ လင်းဖုန်း၏ လက်သီးကြောင့် ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းထင်ရှားသည်။
ဤသည်ကို မြင်သောအခါ နတ်ဆိုး ၃၀ မှာ အနည်းငယ် ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် သိုင်းသမားများနှင့် သာလွန်လူသား ကျွမ်းကျင်သူများ၏ မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။
လင်းဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့် ဤနတ်ဆိုးများကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ ဤသည်မှာ သူသည် ဤနတ်ဆိုးများကို သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်နိုင်ပါသလော။
"နောက်တစ်ကြိမ်"
လင်းဖုန်း ပိုမိုရဲတင်းကာ ယုံကြည့မှုရှိလာသည်ဟု ခံစားလိုက်ရသည်။ သူ မည်မျှ အစွမ်းထက်နေပြီကို သူ မသိသော်လည်း သူ၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုက တန် ၂၀၀ ထက် များစွာ ကျော်လွန်နေပြီး တန် ၃၀၀ သို့မဟုတ် ၄၀၀ အထိပင် ရောက်ရှိနိုင်ကြောင်း သိသာထင်ရှားနေသည်။ သို့မဟုတ်ပါက ဤနတ်ဆိုးများကို ဤမျှလောက် ကြီးမားသော ထိခိုက်မှုမျိုး ပေးနိုင်မည် မဟုတ်ပေ။
"ဝဲကယက်စွမ်းအား ပထမအဆင့်"
လင်းဖုန်း သူ၏ ခန္ဓာကိုယ်အတွင်းရှိ လှိုင်းထနေသော စွမ်းအားများကို ခံစားလိုက်ရသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးကတည်းက အဆုံးမရှိသော စွမ်းအားများ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေသကဲ့သို့ ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်အပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်းဖြင့် သူသည် ဝဲကယက်စွမ်းအားတစ်ခုကို ချက်ချင်း စုစည်းကာ အလျင်အမြန် ထုတ်လွှတ်လိုက်သည်။
ဘုန်း
ဝဲကယက်စွမ်းအား ပေါက်ကွဲထွက်လာသည်။ လင်းဖုန်း၏ ခြေလက်များနှင့် အရိုးများတွင် ပေါက်ကွဲထွက်မတတ် ခွန်အားများ ပြည့်နှက်နေသည်။ သူ့ကို မည်သည့်အရာကမှ တားဆီးနိုင်မည် မဟုတ်ဟု သူ ခံစားလိုက်ရသည်။ သူ့ရှေ့ရှိ သောင်းနှင့်ချီသော သားရဲများကပင် တားဆီးနိုင်မည် မဟုတ်ဟု သအပြည့်အဝ ယုံကြည်နေသည်။
လင်းဖုန်းသည် ဝဲကယက်စွမ်းအား ပေါက်ကွဲထွက်လာသည်နှင့်အတူ လက်သီးတစ်ချက် ထိုးချလိုက်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက နတ်ဆိုးတစ်ကောင်ကို ချက်ချင်း လွှမ်းခြုံသွားသကဲ့သို့ပင်။ လင်းဖုန်း၏ လက်သီးချက် မရောက်မီမှာပင် ထိုနတ်ဆိုးမှာ ရုတ်ချည်းပေါက်ကွဲထွက်သွားသည်။
သူသည် နတ်ဆိုးတစ်ကောင်ကို အဝေးမှနေ၍ ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်သည်။ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးပင်လျှင် မယှဉ်ပြိုင်နိုင်လောက်အောင် ကြံ့ခိုင်သန်မာသော နတ်ဆိုးများအနက် တစ်ကောင်မှာ လင်းဖုန်း၏ လက်သီးတစ်ချက်တည်းဖြင့် ပေါက်ကွဲထွက်သွားရသည်။
လူတိုင်း ဆွံ့အမှင်သက်သွားကြသည်။ နတ်ဆိုးများပင်လျှင် ကြောင်အသွားခဲ့ကြသည်။
ဝူ...
သို့သော် လင်းဖုန်း ဖောက်ခွဲပစ်လိုက်သော နတ်ဆိုး၏ အသားစများမှာ တစ်နည်းနည်းဖြင့် လျင်မြန်စွာ လှုပ်ရှားလာပြီးနောက် နတ်ဆိုးခန္ဓာကိုယ်အဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။ သို့သော် ၎င်း၏ မျက်လုံးများထဲတွင် မုန်းတီးစက်ဆုပ်မှုအပြင် အကြောက်တရား အရိပ်အယောင်တစ်ခုပါ ရှိနေသည်။
စင်စစ် အကြောက်တရားပင်။ မသေနိုင်သော အစွမ်းသတ္တိရှိသည့် ဤနတ်ဆိုးများသည်လည်း ယခုအခါ အကြောက်တရားကို သိရှိသွားကြပြီ ဖြစ်သည်။ လင်းဖုန်းသည် လက်သီးတစ်ချက်ဖြင့် ၎င်းကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ လက်သီးတစ်ချက်ဖြင့် ဖောက်ခွဲပစ်နိုင်စွမ်း ရှိနေသည်။
မည်သည့် နတ်ဆိုးကမှ သူတို့၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲထွက်သွားရသည့် နာကျင်မှုကို ဆန္ဒအလျောက် ခံစားလိုမည် မဟုတ်ပေ။
"ဂါး..."
သို့သော် အခြား နတ်ဆိုးများက နောက်ဆုတ်မသွားကြပေ။ သူတို့ ကြောက်ရွံ့နေကြသော်လည်း တစ်ချိန်တည်းမှာပင် ပို၍ ဒေါသထွက်နေကြသည်။ လင်းဖုန်းတွင် ယခုအခါ သူတို့ကို ခြိမ်းခြောက်နိုင်သော ခွန်အား ရှိနေပြီ ဖြစ်သည်။ သူတို့သည် အခြား သာလွန်လူသား ကျွမ်းကျင်သူများကိုပင် လက်လျှော့ကာ နတ်ဆိုး အကောင် ၂၀ အပြည့် လင်းဖုန်းထံသို့ စုပြုံဝင်ရောက်လာကြသည်။
သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦး ကျန်ရှိနေသေးသော်လည်း သူတို့အားလုံးမှာ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည် သိပ်မရှိတော့ပေ။ သူတို့ကို ရင်ဆိုင်ရန် နတ်ဆိုး ၁၀ ကောင်သာ ကျန်ခဲ့လျှင်တောင် အခြေခံအားဖြင့် လုံလောက်နေပြီ ဖြစ်သည်။
နတ်ဆိုး ၂၀ ထံမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါ တစ်ခုတည်းကပင် အသက်ရှူကျပ်မတတ် ဖြစ်စေသည်။
"ဝဲကယက်စွမ်းအား ဒုတိယအဆင့်"
လင်းဖုန်းသည် ဝဲကယက်စွမ်းအား နှစ်ခုကို တစ်ဖန် ထုတ်လွှတ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူ၏ ခွန်အားမှာ ပိုမို အစွမ်းထက်လာသည်။ သူ၏ လက်သီးမှ မမြင်ရသော စွမ်းအားသည် နတ်ဆိုး နှစ်ကောင်ကိုပင် တိုက်ရိုက်ဖောက်ခွဲပစ်နိုင်သည်။ သို့သော်လည်း ဤမျှလောက်သာ ဖြစ်သည်။ အကယ်၍ နတ်ဆိုး အနည်းငယ်သာ ရှိပါက သူသည် သူ့ကိုယ်သူ အန္တရာယ်ပြုရမည့်တိုင် နောက်ထပ် လက်သီးတစ်ချက် ထပ်မံထိုးကာ သူတို့၏ အသားစများကို ပြာဖြစ်သည်အထိ အပြီးတိုင် ဖောက်ခွဲပစ်မည် ဖြစ်သည်။
အကယ်၍ ထိုသို့သာ ဖြစ်ခဲ့ပါက နတ်ဆိုးများ၏ ပြန်လည်ကုသနိုင်စွမ်း မည်မျှပင် အစွမ်းထက်ပါစေ သူတို့ ပြန်လည် ကောင်းမွန်နိုင်မည် မဟုတ်ပေ။ ဤလောကတွင် အစစ်အမှန် မသေနိုင်သော အစွမ်းသတ္တိဆိုသည်မှာ မရှိပေ။ သူတို့ မသေနိုင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖျက်ဆီးမည့် ခွန်အား မလုံလောက်သောကြောင့်သာ ဖြစ်သည်။
အကယ်၍ လင်းဖုန်းတွင် ဤနတ်ဆိုးများ၏ ဆဲလ်အားလုံးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်သည့် ခွန်အားသာ ရှိပါက သူတို့ မည်သို့လျှင် မသေဘဲ နေမည်နည်း။ မသေနိုင်သော ဂုဏ်သတ္တိဆိုသည်မှာ ရယ်စရာတစ်ခုသာ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ နတ်ဆိုး တစ်ကောင် သို့မဟုတ် နှစ်ကောင်သာ ရှိပါက လင်းဖုန်းသည် သူတို့ကို လက်သီးတစ်ချက်တည်းဖြင့် ဖောက်ခွဲပစ်နိုင်ပြီး လွင့်စင်သွားသော သူတို့၏ အသားစများကို နောက်ထပ် လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။ အကယ်၍ တကယ် မရခဲ့လျှင် နတ်ဆိုးများ၏ အသားစအားလုံး ပျက်စီးသွားစေရန် လက်သီး သုံးချက် အသုံးပြုမည် ဖြစ်သည်။ ထိုအခါ ဤမသေနိုင်ပါဘူးဆိုသော နတ်ဆိုးများမှာ တကယ့်ကို ရယ်စရာများသာ ဖြစ်သွားပေလိမ့်မည်။
ကံမကောင်းစွာဖြင့် လင်းဖုန်း ရင်ဆိုင်နေရသည်မှာ နတ်ဆိုး တစ်ကောင် နှစ်ကောင် မဟုတ်သလို သုံးလေးကောင်လည်း မဟုတ်ချေ။ စုစုပေါင်း အကောင်၂၀ အထိ ဖြစ်နေသည်။ သူသည် နတ်ဆိုးလက်တံများ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုနိုင်သော်လည်း သူ၏ သံချပ်ကာကို စုစည်းရန်အတွက် အတိုင်းအတာတစ်ခုအထိ စွမ်းအင် လိုအပ်ပုံရသည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... ဤကဲ့သို့ စွမ်းအင် ကုန်ဆုံးမှုသာ ဆက်တိုက်ဖြစ်နေပါက လင်းဖုန်းတွင် ခွန်အားနှင့် ခံနိုင်ရည် မည်မျှပင် ရှိစေကာမူ သူ ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။
သူသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ထုတ်လွှတ်ခဲ့လျှင်တောင်မှ နတ်ဆိုး သုံးကောင်ကို တစ်ပြိုင်နက်တည်း ဖောက်ခွဲပစ်ရန် မနည်းကြိုးစားရပေမည်။ အခြား နတ်ဆိုးများ၏ ပိတ်ပင်တားဆီးမှုကြောင့် လင်းဖုန်းသည် ဤနတ်ဆိုးများကို လိုက်လံသတ်ဖြတ်ကာ အပြီးတိုင် ချေမှုန်းရန် မဖြစ်နိုင်သေးပေ။
ထို့ကြောင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့သော်လည်း လင်းဖုန်းသည် နတ်ဆိုး တစ်ကောင်ကိုမျှ မသတ်နိုင်သေးချေ။ သို့သော် ယခင်က အရေးနိမ့်နေသော အခြေအနေကို နောက်ဆုံးတွင် သူ ပြောင်းပြန်လှန်နိုင်ခဲ့လေပြီ။ ဤသည်က ကျန်ရှိနေသော သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦးကိုလည်း ခဏတာမျှ အနားရစေသည်…