← Chapters

မွေးရာပါစွမ်းရည်

Vol. 7 Ch. 86

မွေးရာပါစွမ်းရည်

Vol. 7 Ch. 86

ဘာသာပြန် - အားသစ်

စုစုပေါင်း နတ်ဆိုး အကောင် ၂၀ သည် လင်းဖုန်းကို ဝန်းရံထားပြီး ရူးသွပ်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကြသည်။ သို့သော် အခြားသူများ ထင်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ လင်းဖုန်းမှာ ရုန်းကန်နေရခြင်း မရှိပေ။ ထို့အပြင် အမှန်စင်စစ် သူသည် ဒဏ်ရာပင် မရရှိခဲ့ပေ။

"ဝဲကယက်စွမ်းအား တတိယအဆင့်"

လင်းဖုန်း လက်သီးတစ်ချက် ထိုးချလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးအရှိန်ကြောင့် နတ်ဆိုး သုံးကောင်မှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားသည်။ ဤသည်မှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းလှသည်။ လင်းဖုန်းကို ဝိုင်းရံထားသော နတ်ဆိုး ၂၀ မှာ မည်သည့်အသာစီးမှ မရသည့်အပြင် ဆန့်ကျင်ဘက်အားဖြင့် နာကျင်စွာ အော်ဟစ်ဟိန်းဟောက်သံများသာ အဆက်မပြတ် ထွက်ပေါ်နေသည်။

လူတိုင်း ဆွံ့အမှင်သက်သွားကြသည်။ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်လှသော သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူတို့သည် ယခင်က ဤနတ်ဆိုးများကို ရင်ဆိုင်ရန် အလွန်ပင် ရုန်းကန်ခဲ့ရသော်လည်း ယခုအခါတွင်မူ လင်းဖုန်းက ဤနတ်ဆိုးများကို အားစိုက်စရာမလိုဘဲ ကိုင်တွယ်နေသည်ကို ကြည့်ရှုမြင်‌တွေ့နေရသည်။

သူတို့မျက်လုံးများကပဲ ဝေဝါးနေခြင်းလော၊ သို့မဟုတ် လင်းဖုန်းကပဲ အလွန်အမင်း သန်မာနေခြင်းလော။

နတ်ဆိုး ၂၀ မှာ အတိုင်းအထက်အလွန် ဒေါသထွက်နေကြသည်။ သူတို့တွင် သာမန်လူများထက် မနိမ့်ကျသော ဉာဏ်ရည်ဉာဏ်သွေး ရှိကြသည်မှာ သံသဖြစ်ဖွယ်မရှိ‌ပေ။ နတ်ဆိုး ၂၀ သည် လင်းဖုန်းမှာ မမျှော်လင့်ထားသော ကိန်းရှင်တစ်ခုဖြစ်ကြောင်း သိရှိကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် သူတို့၏ အစွမ်းထက်ဆုံး ခွန်အားများကို စုစည်းကာ လင်းဖုန်းကို အတူတကွ ဝန်းရံသတ်ဖြတ်ရန် ပြင်ဆင်ကြသည်။

သို့သော် လက်တွေ့တွင်မူ သူတို့မှာ လင်းဖုန်း၏ လက်ချက်ဖြင့် အကြိမ်ကြိမ် အခါခါ ပေါက်ကွဲပျက်စီးနေရသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်သွားသည့် နာကျင်မှုကြောင့် နတ်ဆိုးများမှာ ရူးသွပ်လုနီးပါး ဖြစ်နေကြလေပြီ။

ဖန်သားပြင်ပေါ်တွင် လင်းဖုန်းသည် အထူးပြုလုပ်ထားသော ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါနေသည်။ နတ်ဆိုးများ မည်မျှပင် များပြားနေပါစေ လင်းဖုန်းကို ဒဏ်ရာရစေရန်မဆိုထားနှင့်၊ လင်းဖုန်း၏ လက်သီးချက်ကိုပင် ပိတ်ပင်တားဆီးရန် မတတ်နိုင်ကြပေ။

ဖန်သားပြင်ရှေ့ရှိ မရေမတွက်နိုင်သော လူများမှာ ကြောင်အသွားကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားသော သိုင်းသမားတစ်ဦးက ဤမျှအထိ အစွမ်းထက်နိုင်ပါသလော။

သာမန်လူများက လင်းဖုန်း၏ လက်ရှိ စွမ်းဆောင်ရည်မှာ အလွန်အထင်ကြီးစရာကောင်းသည်ဟုသာ သိမြင်ထင်မှတ်ကြသည်။ သို့သော်လည်း အသက်ရှင်ကျန်ရှိနေသော သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦးကသာ ခြားနားချက်ကို အမှန်တကယ် နားလည်ကြပြီး လင်းဖုန်း၏ လက်ရှိ စွမ်းဆောင်ရည်မှာ မည်သည်ကို ဆိုလိုကြောင်း သိကြသည်။

သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာစသာ ရှိသေးပြီး အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ပင် မပြီးဆုံးသေးသော်လည်း ဤမျှအထိ အစွမ်းထက်နေပြီ ဖြစ်သည်။ ထိုစဉ်က အနန္တလမ်းစဉ်အကယ်ဒမီမှ နတ်ဆိုးဘုရင်ပင်လျှင် ဤမျှအထိ ကြောက်စရာ မကောင်းလောက်ပါချေ။

အခြားသူများ မည်သို့ပင် တွေးတောကြံဆနေပါစေ လင်းဖုန်းမှာမူ တိုက်ပွဲတွင် အလုံးစုံစိတ်နှစ်ထားပြီး ဖြစ်သည်။ ယခင်က သူသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ထုတ်လွှတ်ပါက ဆယ်ကြိမ်ခန့်သာ အများဆုံး လုပ်ဆောင်နိုင်သည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်မှာ ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

သို့သော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သူ၏ လက်ရှိ ခန္ဓာကိုယ်မှာ မည်မျှအထိ သန်မာနေပြီကို သူကိုယ်တိုင်ပင် မသိပေ။ သို့သော် ယခုလက်ရှိ လင်းဖုန်းသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ဆယ်ကြိမ်မက အကြိမ်ရာနှင့်ချီ၍ ထုတ်လွှတ်လျှင်တောင် သူ၏ ခန္ဓာကိုယ်မှာ မည်သည့်ပြဿနာမှ ရှိလာမည်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ထို့အပြင် သူသည် အသွင်ပြောင်းလဲခြင်း ကာလအတွင်းတွင်သာ ရှိနေသေးသဖြင့် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ အဆက်မပြတ် ပိုမို အားကောင်းလာဦးမည်သာ ဖြစ်သည်။

လင်းဖုန်းသည် တိုက်ပွဲတွင် အလွန် ပေါ့ပါးလွတ်လပ်နေသည်ဟု ခံစားရသည်။ ရန်သူ၏ တိုက်ခိုက်မှုများကို မကြောက်မရွံ့ဂရုစိုက်စရာမလိုဘဲ မိမိ၏ ခွန်အားများကို စိတ်ကြိုက် ထုတ်ဖော်နိုင်သည့် ဤခံစားချက်မှာ အလွန်ပင် နှစ်သက်စရာ ကောင်းလှသည်။ သူသည် ဤမျှလောက် ကောင်းမွန်သော တိုက်ပွဲမျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

ထို့အပြင် ဤနတ်ဆိုးများတွင် မသေနိုင်သော အစွမ်းသတ္တိ ရှိနေခြင်းမှာ ပို၍ပင် ကောင်းသေးသည်။ တိုက်ပွဲအတွင်း လင်းဖုန်းသည် သူ၏ ခွန်အားများနှင့် ဖြည်းဖြည်းချင်း ရင်းနှီးကျွမ်းဝင်လာသည်။ ဥပမာအားဖြင့် သူ၏ ချပ်ဝတ်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူ နိုးထလာသော မွေးရာပါစွမ်းရည်များထဲမှ တစ်ခုဖြစ်သင့်ပြီး ၎င်းမှာ နှာမောင်းရှည်သားရဲ မျိုးရိုးဗီဇနှင့် များစွာ ဆက်နွှယ်နေပေလိမ့်မည်။

သူ သိထားသလောက် နှာမောင်းရှည်သားရဲများသည် ခန္ဓာကိုယ် ကြံ့ခိုင်ပြီး ကာကွယ်နိုင်စွမ်း မြင့်မားသော သားရဲများ ဖြစ်ကြသည်။ သူ နိုးထလာသော မွေးရာပါစွမ်းရည်မှာ နှာမောင်းရှည်သားရဲများနှင့် အတော်လေး ဆင်တူနေသည်။

အကယ်၍ ဤစွမ်းရည်မှာ နှာမောင်းရှည်သားရဲနှင့် အမှန်တကယ် ဆက်နွှယ်နေပါက အခြားသော သားရဲများ၏ မျိုးရိုးဗီဇများမှလည်း မွေးရာပါစွမ်းရည်များ နိုးထလာသင့်သည် မဟုတ်ပါလား။

လင်းဖုန်းမှာ ၎င်းတို့ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးသည်သာ ဖြစ်သည်။

လင်းဖုန်းသည် သူ၏ ခွန်အားများကို အဆက်ပြတ် ထပ်ခါတလဲလဲ ထုတ်ဖော်နေသည်။ တစ်ခါတစ်ရံတွင် သူသည်လည်း လက်တံများဖြင့် အရိုက်ခံရတတ်ပြီး သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားတတ်သော်လည်း ၎င်းက သူ့ကို မည်သည့် ထိခိုက်မှုမှ မပေးစွမ်းနိုင်ပေ။

မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် နတ်ဆိုး ၂၀ ကို အကြိမ်ကြိမ် အခါခါ ဖောက်ခွဲပစ်ခဲ့ပြီး သူတို့ကို ကြီးစွာသော ဝေဒနာများ ခံစားရစေခဲ့သည်။

"ဂါး..."

ဤနတ်ဆိုးများသည်လည်း အလွန် ဉာဏ်ကောင်းကြသည်။ သူတို့အားလုံးသည် လက်ဝှေ့အိတ်ကဲ့သို့ အထိုးခံသက်သက် နေကြမည် မဟုတ်ပေ။ သူတို့သည် မသေနိုင်ဟု ဆိုသော်လည်း အလွန်အမင်း နာကျင်နေကြရသည်။ ထို့ကြောင့် နတ်ဆိုး ၂၀ သည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

ဝေါင်း...

နတ်ဆိုး ၂၀ ဟိန်းဟောက်လိုက်သည်နှင့်အတူ သောင်းနှင့်ချီသော သားရဲများမှာလည်း စတင် လှုပ်ရှားလာကြသည်။ ဤသားရဲများသည် နတ်ဆိုးများနှင့် ကွဲပြားသည်။ သူတို့၏ ဉာဏ်ရည်မှာ ယေဘုယျအားဖြင့် နိမ့်ကျပြီး သူတို့သည် ဤနတ်ဆိုးများ၏ ထိန်းချုပ်မှုအောက်တွင် အလုံးစုံရောက်ရှိနေကြခြင်းမှာ ထင်ရှားသည်။

ထို့ကြောင့် သောင်းနှင့်ချီသော သားရဲများသည် စတင် လှုပ်ရှားလာကြပြီး တော်လဲသံကြီးနှင့်အတူ မြေကမ္ဘာတစ်ခုလုံးတုန်ဟည်းကာ လင်းဖုန်းထံသို့ ကတိုက်ကရိုက်ပြေးဝင်လာကြသည်။

"ငါ့ကို ဝိုင်းတိုက်ပြီးတော့ သက်လုံကုန်အောင် လုပ်မလို့လား"

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤနတ်ဆိုးများသည် တကယ့်ကို ဉာဏ်ကောင်းကြသည်။ သူတို့သည် သူ့ကို ဘာမှ မလုပ်နိုင်ကြောင်း သိကြသဖြင့် မရေမတွက်နိုင်သော သားရဲများကို အသုံးပြုကာ သူ၏ ခံနိုင်ရည်ကို ကုန်ဆုံးအောင် လုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော် လင်းဖုန်း၏ ခံနိုင်ရည်က အမှန်တကယ်ပဲ ကုန်ဆုံးသွားမှာလား။

လင်းဖုန်း ထိုသို့ မထင်ပေ။ သူသည် အသွင်ပြောင်းလဲခြင်း၏ အလယ်ဗဟိုတွင် ရောက်နေသည်။ သူ့ခံနိုင်ရည်မှာ အလွန် အစွမ်းထက်လှသဖြင့် သူ၏ အကန့်အသတ်ကို သူကိုယ်တိုင်ပင် မသိပေ။ ဒီသားရဲတွေကို ဘာကြောက်စရာရှိလဲ။

"ဟားဟား... အချိန်ကိုက်ပဲဟေ့"

လင်းဖုန်း ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဧရာမ မီးလုံးကြီးအဖြစ် တစ်ဖန် ပြောင်းလဲသွားပြန်သည်။ သူသည် သားရဲအုပ်ကြီးထဲသို့ ဥက္ကာခဲတစ်ခုအလား တိုက်ရိုက် ပြေးဝင်သွားသည်။

ဘန်း ဘန်း ဘန်း ဘန်း

မည်သည့် သိုင်းပညာကိုမျှ အသုံးမပြုခဲ့ပေ။ အမှန်စင်စစ် လင်းဖုန်းသည် ဝဲကယက်စွမ်းအားကိုလည်း မထုတ်ဖော်ခဲ့သလို တိုက်ခိုက်ခြင်းလည်း မလုပ်ခဲ့ပေ။ သူသည် အစွန်းရောက်အရှိန်နှုန်းဖြင့် ရူးသွပ်စွာ ရှေ့သို့သာ တိုးဝင်သွားသည်။

ဤကဲ့သို့သော ရူးသွပ်စွာ တိုးဝင်ခြင်းမှာ လုံးဝ ယုတ္တိမရှိပေ။ လင်းဖုန်း၏ လက်ရှိ ခွန်အားနှင့် အရှိန်နှုန်းဖြင့် ထိုကဲ့သို့ရူးသွပ်စွာ တိုးဝင်ခြင်းကို အစွမ်းကုန် အသုံးပြုလိုက်လျှင် ဤသာမန် သားရဲများ မပြောနှင့်၊ ထိုနတ်ဆိုးများပင် လွင့်စင်သွားရပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်း တစ်ကြိမ် တိုးဝင်လိုက်တိုင်း သားရဲအုပ်ကြီး တစ်ခုလုံးမှာ ကျိုးကြေပျက်စီးကာ ဖရိုဖရဲ ဖြစ်သွားသည်။ သွေးနှင့် အသားစများ နေရာအနှံ့ လွင့်စင်သွားသည်။ လက်တွေ့အားဖြင့် လင်းဖုန်း တစ်ကြိမ် တိုးဝင်လိုက်တိုင်း သားရဲအနည်းငယ် သို့မဟုတ် ဆယ်ဂဏန်းခန့် သေဆုံးသွားသည်။

တိုးဝင်ပစ်တိုက်ခြင်းက သူတို့ကို အမှန်တကယ် သတ်ဖြတ်နေခြင်းပင်။ မည်သို့ပင်ဆိုစေ ထိုနတ်ဆိုးများတွင်သာ မသေနိုင်သော အစွမ်းသတ္တိ ရှိကြသည်။ ဤသာမန် သားရဲများမှာ အကောင်းဆုံးဆိုလျှင်တောင် အတန်အသင့်ရှိသော ပြန်လည်ကုသနိုင်စွမ်းသာ ရှိကြသည်။

ထို့ကြောင့် လင်းဖုန်း၏ ထပ်ခါတလဲလဲ တိုးဝင်ပစ်တိုက်မှုများကြောင့် သားရဲများကြားတွင် သွေးမိုးများ ရွာသွန်းနေခဲ့သည်။ သာမန်သားရဲများ၊ အဆင့်မြင့်သားရဲများ သို့မဟုတ် သားရဲဘုရင်များပင် ဖြစ်စေ မည်သူမျှ လင်းဖုန်း၏ ရူးသွပ်စွာ တိုးဝင်ပစ်တိုက်ခြင်းကို ခံနိုင်ရည် မရှိကြပေ။

ဆယ်မိနစ်ကျော်အတွင်းမှာပင် သားရဲ နှစ်ရာမှ သုံးရာခန့်မှာ လင်းဖုန်း၏ ရူးသွပ်စွာ တိုးဝင်ပစ်တိုက်ခြင်းကြောင့် သေဆုံးသွားကြသည်။

ဤမြင်ကွင်းမှာ လင်းဖုန်း မောဟိုက်ကာ သေဆုံးသွားလိမ့်မည်ဟု စိုးရိမ်နေကြသူများကို ဆွံ့အသွားစေခဲ့သည်။ ဤသည်မှာ ဝိုင်းရံတိုက်ခိုက်ခံနေရခြင်းလော။ စင်စစ်တွင် လင်းဖုန်း၏ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသာ ဖြစ်နေသည်မှာ ရှင်းလင်းထင်ရှားလှသည်။

"အစွမ်းထက်လိုက်တာ၊ အစွမ်းထက်လွန်းတယ်"

"ဒီလူငယ်က မွေးရာပါစွမ်းရည် ဘယ်နှစ်ခုတောင် နိုးထလာတာလဲ"

"ဒါ့အပြင် သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို အခုမှ ချိုးဖျက်ထားတဲ့ သာလွန်လူသား ကျွမ်းကျင်သူ မဟုတ်လား"

၎င်းမှာ သာမန်လူများသာ မဟုတ်ပေ။ ကျန်ရှိနေသော သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦးမှာလည်း ဆွံ့အသွားကြသည်။ သူတို့သည် သာမန်လူများထက် ပို၍ သိကြသည်။ လင်းဖုန်းတွင် မွေးရာပါစွမ်းရည် တစ်ခုထက်မက ရှိနေသည်မှာ သေချာလှသည်။

အကြောင်းမှာ လင်းဖုန်းသည် အဆက်မပြတ် တိုးဝင်နေစဉ်အတွင်း အနည်းနှင့်အများ ဒဏ်ရာအချို့ ရရှိသင့်သည်။ သို့သော် လင်းဖုန်းမှာ ဒဏ်ရာရထားသော ပုံစံ လုံးဝ မပေါ်ပေ။

ထို့ကြောင့် လင်းဖုန်းတွင် ဒုတိယမြောက် မွေးရာပါစွမ်းရည် ရှိနေနိုင်သည်ဟု သူတို့ ခန့်မှန်းမိကြသည်။

လက်တွေ့တွင်မူ လင်းဖုန်းသည်လည်း သူ နတ်ဆိုးသားရဲများနှင့် ရူးသွပ်စွာ အဆက်မပြတ် တိုက်မိနေစဉ်အတွင်း၊ တကယ်တမ်းတွင် နတ်ဆိုးများနှင့် အဆက်မပြတ် တိုက်ခိုက်နေစဉ်အတွင်း သေးငယ်သော တုန်ခါမှုဒဏ်များမှာ အဆက်မပြတ် စုစည်းလာပြီး နောက်ဆုံးတွင် သူ့ကို အနည်းငယ် ထိခိုက်မှု ဖြစ်စေသည်ကို သတိပြုမိခဲ့သည်။

သို့သော် သူသည် မည်သည့် ဒဏ်ရာမှ မရရှိခဲ့ပေ။ သူ သေသေချာချာ သတိထားစောင့်ကြည့်လိုက်သောအခါ ဒဏ်ရာ တစ်စုံတစ်ရာ ပေါ်လာတိုင်း သူ၏ ခန္ဓာကိုယ်မှာ အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်လည် ကောင်းမွန်လာသည်ကို သူ တွေ့ရှိလိုက်ရသည်။

ဤသည်မှာ ယခင်ကကဲ့သို့ သေးငယ်သော ပြန်လည်ကုသနိုင်စွမ်း မဟုတ်တော့ပေ။ ယင်းအစား ၎င်းမှာ ချက်ချင်း ပြန်လည် ကောင်းမွန်ခြင်း သို့မဟုတ်လျှင် မသေနိုင်သော အစွမ်းသတ္တိတစ်ခု အမှန်တကယ် ဖြစ်လာခဲ့သည်။

လင်းဖုန်း ရင်ခုန်သံ မြန်လာသည်။ သူ အကြောင်းရင်းကို အကြမ်းဖျင်း နားလည်သွားသည်။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူ ပေါင်းစပ်ထားသော သားရဲမျိုးရိုးဗီဇ အမျိုးအစားတိုင်းမှ မွေးရာပါစွမ်းရည် တစ်မျိုးစီ နိုးထလာပုံရသည်။ အံ့အားသင့်ဖွယ် ကာကွယ်ရေးစွမ်းအားရှိသော ချပ်ဝတ်မှာ နှာမောင်းရှည်သားရဲထံမှ နိုးထလာခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ တီကောင်သားရဲ၏ မျိုးရိုးဗီဇမှ နိုးထလာသော စွမ်းရည်မှာ ထိုနတ်ဆိုးများကဲ့သို့ပင် မသေနိုင်သော အစွမ်းသတ္တိဖြစ်ရန် အလားအလာ အလွန်များနေသည်။ ဤကဲ့သို့သော စွမ်းရည်မှာ အံ့မခန်း အစွမ်းထက်လှပြီး သာမန် သိုင်းသမားများအတွက် စိတ်ကူးကြည့်ရန်ပင် ခက်ယဥ်းလှသည်။

လက်တွေ့မြင်သာစေရန် ထိုနတ်ဆိုးများကိုသာ ကြည့်ပါလေ။ လင်းဖုန်းသည် သူတို့ထက် များစွာ ပိုမို အစွမ်းထက်ပြီး သူတို့ကို အကြိမ်အနည်းငယ်ပင် ဖောက်ခွဲပစ်ခဲ့သော်လည်း ယခုအချိန်အထိ နတ်ဆိုး တစ်ကောင်ကိုမျှ အောင်အောင်မြင်မြင် မသတ်နိုင်သေးပေ။

ဤသည်မှာ မသေနိုင်သော အစွမ်းသတ္တိကြောင့်ပင်။ ထိုဖြစ်ရပ်မှာ ဤစွမ်းရည် မည်မျှအထိ ကြောက်စရာကောင်းကြောင်း အကောင်းဆုံး သက်သေပင် ဖြစ်သည်။ အကယ်၍ သူသာ ဤစွမ်းရည်ကို အမှန်တကယ် ရရှိထားပါက သူ၏ အသက်ဘေးမှ လွတ်မြောက်နိုင်စွမ်းမှာ အနာဂတ်တွင် သိသိသာသာ တိုးတက်လာမည်မှာ သေချာသည်။

လင်းဖုန်းသည် တိုက်ပွဲအတွင်းမှာပင် အဆက်မပြတ် တွေးတောကြံဆနေခဲ့သည်။ မွေးရာပါစွမ်းရည်များသည် နှာမောင်းရှည်သားရဲနှင့် တီကောင်သားရဲတို့၏ မျိုးရိုးဗီဇများမှ နိုးထလာခဲ့သည်ဆိုလျှင် အခြားသော သားရဲ နှစ်မျိုး၏ မျိုးရိုးဗီဇများမှကော မည်သည့် မွေးရာပါစွမ်းရည်များ နိုးထလာလိမ့်မည်နည်း…

All Chapters