သူတော်စင်ရောက်လာခြင်း
Vol. 7 Ch. 87
ဘာသာပြန် - အားသစ်
တိုက်ပွဲအတွင်း နစ်မြောနေသဖြင့် စစ်မြေပြင်တစ်ခုလုံး အလွန် တိတ်ဆိတ်သွားသည်ကို လင်းဖုန်း သတိမထားမိခဲ့ပေ။ ဤသည်မှာ လုံးဝ တိတ်ဆိတ်သွားခြင်း မဟုတ်ချေ။ သားရဲများ၏ စူးစူးဝါးဝါး အော်ဟစ်သံများမှလွဲ၍ အခြား မည်သည့်အသံမျှ မရှိတော့ခြင်းပင် ဖြစ်သည်။
သာမန် သိုင်းသမားများဖြစ်စေ၊ သာလွန်လူသား ကျွမ်းကျင်သူများဖြစ်စေ အားလုံးမှာ အလွန် တိတ်ဆိတ်နေကြသည်။ လင်းဖုန်း သူ၏ အစွမ်းအစများကို ပြသကာ သားရဲအုပ်ကြီးထဲသို့ အတင်းအဓမ္မ ဝင်ရောက်သောင်းကျန်းပြီး ရူးသွပ်ကြမ်းကြုတ်စွာ တိုးဝင်ခြင်းဖြင့် သားရဲများကို အကြိမ်ကြိမ် အခါခါ အကြောက်တရားနှင့် ရက်စက်မှုများ ပေးစွမ်းနေသည်ကို သူတို့ တိတ်တဆိတ် ကြည့်နေရုံသာ တတ်နိုင်သည်။
နာရီဝက်အတွင်းမှာပင် လင်းဖုန်း၏ သားရဲအုပ်ကြီးထဲသို့ တိုးဝင်တိုက်ခိုက်မှုများကြောင့် သားရဲ တစ်ထောင်နီးပါး သေလျှင်သေ မသေလျှင် အပြင်းအထန်ဒဏ်ရာရခဲ့သည်။ စစ်သေနာပတိချုပ် လုံကျိုးပင်လျှင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုးကို မလုပ်နိုင်ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ စစ်ပွဲသည် ကိုးနာရီ ကြာမြင့်ခဲ့လေပြီ။ ထူးဆန်းသည်မှာ လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သူ၏ အစွမ်းအစများကို ထုတ်ဖော်လိုက်ကတည်းက ထိုသားရဲများသည် အခြား သိုင်းသမားများအား အနှောင့်အယှက်ပေးခြင်းကို ရပ်တန့်သွားကြသည်။
အချို့က တိုက်ခိုက်နှောင့်ယှက်လျှင်တောင် အရေအတွက် အလွန် နည်းပါးလှသည်။
ကျန်ရှိနေသော သိုင်းသမား အနည်းငယ်သည် အားလုံး စုရုံးကာ ဘေးသို့ ဆုတ်ခွာသွားကြသည်။ လင်းဖုန်းက သားရဲများကို အဆက်မပြတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ကို သူတို့ စိတ်လှုပ်ရှားအားကျစွာ ငေးကြည့်နေကြသည်။
"ဂါး..."
ရုတ်တရက် နတ်ဆိုး ၃၀ လုံး ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်ကြသည်။ သူတို့၏ အသံများမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ သောင်းကျန်းနေသော သားရဲများအားလုံး တစ်ကောင်ပြီးတစ်ကောင် ရပ်တန့်သွားကြပြီး စနစ်တကျ နောက်ဆုတ်သွားကြတော့သည်။
"သူတို့ ဆုတ်သွားပြီလား"
လူအများအပြား အံ့အားသင့်သွားကြသည်။ ဤသားရဲများမှာ အပြတ်အသတ် အသာစီးရနေဆဲ မဟုတ်ပါလား။ သောင်းနှင့်ချီသော သားရဲများ ရှိနေပြီး ခြိမ်းခြောက်နေသော နတ်ဆိုး ၃၀ လည်း ရှိနေသေးသည်။ သူတို့ ဘာကြောင့် ရုတ်တရက် ဆုတ်ခွာသွားကြသနည်း။
သို့သော် ထိုနတ်ဆိုးများက လင်းဖုန်းကို စူးရဲစွာ စိုက်ကြည့်နေကြသည်ကို မြင်သောအခါ လူအများအပြားက အကြောင်းရင်းကို အကြမ်းဖျင်း နားလည်သွားကြသည်။ အပေါ်ယံကြည့်လျှင် သားရဲများက အပြတ်အသတ် အသာစီးရနေပုံ ပေါ်သည်။
သို့သော် လက်တွေ့တွင်မူ လင်းဖုန်းသည် ထည့်သွင်းစဉ်းစားရမည့် အင်အားစုအသစ်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။ ရုတ်တရက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်ကတည်းက သူ၏ စွမ်းဆောင်ရည်မှာ အလွန် မျက်စိကျစရာ ကောင်းနေခဲ့သည်။ သူသည် နတ်ဆိုး ၂၀ ကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး အရေးမနိမ့်ခဲ့သည့်အပြင် အသာစီးပင် ရရှိခဲ့သည်။ နတ်ဆိုးများက ထိုသားရဲများကို အမြောက်စာများကဲ့သို့ အသုံးပြုကာ လင်းဖုန်းကို တိုက်ခိုက်စေလျှင်တောင် လင်းဖုန်းက သူတို့ကို အကြမ်းထည်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် တိုးဝင်တိုက်ခိုက်ခဲ့ပြီး ထောင်နှင့်ချီသော သားရဲများကို အားစိုက်စရာမလိုဘဲ သတ်ဖြတ်ပစ်ခဲ့သည်။
အကယ်၍ နတ်ဆိုးများနှင့် သားရဲများက လင်းဖုန်းကို ဘာမှ မလုပ်နိုင်ပါက သူတို့ ဤနေရာတွင် ဆက်နေပြီး ဘာလုပ်ကြမည်နည်း။
ဤနတ်ဆိုးများမှာ အလွန် ဉာဏ်ကောင်းကြသည်။ လင်းဖုန်းကို မသတ်နိုင်မှတော့ သူတို့သည် လောလောဆယ်တွင် ဆုတ်ခွာရန်သာ ရှိတော့သည်။
"ငါတို့ နိုင်ပြီလား"
"ဟားဟားဟား... သားရဲတွေ ဆုတ်သွားပြီ။ ငါတို့ နဂါးကျောက်တုံးမြို့ကို ကာကွယ်နိုင်ခဲ့ပြီကွ"
"မဟုတ်ဘူး၊ ငါတို့ မဟုတ်ဘူး။ ဟို လူငယ်သိုင်းသမားလေးက ကာကွယ်ပေးခဲ့တာပဲ"
သားရဲများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ လူအများအပြား ဝမ်းသာမျက်ရည် ကျလာခဲ့ကြသည်။ နဂါးကျောက်တုံးမြို့မှ လူများမှာ ပို၍ပင် ပျော်ရွှင်နေကြသည်။ ဖန်သားပြင်များမှတစ်ဆင့် တိုက်ပွဲကို ကြည့်ရှုနေသူများပင်လျှင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေကြသည်။
သို့သော် နဂါးကျောက်တုံးမြို့ကို ကာကွယ်ရာတွင် အရေးအပါဆုံး ပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ အရေးအကြီးဆုံး အချိန်တွင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး ထောင်နှင့်ချီသော သားရဲများကို တစ်ယောက်တည်း အနိုင်ယူခဲ့သော ထိုအံ့မခန်း လူငယ်သိုင်းသမားလေးပင် ဖြစ်သည်။
"ဒီ လူငယ်သိုင်းသမားလေးက ဘယ်သူလဲ"
"သူက နဂါးကျောက်တုံးမြို့ တစ်မြို့လုံးကို ကယ်တင်ခဲ့တာပဲ။ သူက နဂါးကျောက်တုံးမြို့က လူ ၃ သန်းရဲ့ သူရဲကောင်းပဲကွ"
"ဟုတ်တယ်။ ဒီသိုင်းသမားလေးကို ငါတို့ အမြဲတမ်း မှတ်ထားရမယ်။ နဂါးကျောက်တုံးမြို့ကို ကာကွယ်ပေးခဲ့တာ သူပဲ"
"သူ့ကို သိတဲ့သူ ရှိလား"
လူအများအပြားမှာ လင်းဖုန်းနှင့် ပတ်သက်သည့် အရာအားလုံးကို ရှာဖွေနေကြသည်။ အထူးသဖြင့် နဂါးကျောက်တုံးမြို့မှ လူများပင် ဖြစ်သည်။ လင်းဖုန်းသာ မရှိခဲ့လျှင် နဂါးကျောက်တုံးမြို့ ဘာဖြစ်သွားမည်ကို သူတို့ ကောင်းကောင်း သိကြသည်။
လင်းဖုန်းသည် နဂါးကျောက်တုံးမြို့မှ လူ ၃ သန်းကို ကယ်တင်ခဲ့သည်ဟု ဆိုလျှင် လုံးဝ ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ပေ။ သူသည် လူ ၃ သန်း၏ ကယ်တင်ရှင်ပင် ဖြစ်သည်။ မျိုးဆက်အဆက်ဆက် ကိုးကွယ်ပူဇော်ရန် သူ့အတွက် ရုပ်တုတစ်ခု တည်ဆောက်ပေးလျှင်ပင် သူနှင့် ထိုက်တန်ပေသည်။
သို့သော် ပတ်ဝန်းကျင်ရှိ လူအများအပြားကို မေးမြန်းကြည့်ပြီးနောက် ထိုလူငယ်သိုင်းသမားလေး၏ နာမည်ကို မည်သူမျှ မသိကြကြောင်း တွေ့ရှိလိုက်ရသည်။
သူ ဘယ်သူလဲ...။ အချိန်တိုအတွင်းမှာပင် ၎င်းမှာ နဂါးကျောက်တုံးမြို့ရှိ လူတိုင်း ရှာဖွေနေသော သတင်းအချက်အလက် တစ်ခု ဖြစ်လာခဲ့သည်။
လင်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသားရဲများ ဆုတ်ခွာသွားသော်လည်း သူ အနိုင်ရလိုက်သည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အားဖြင့် ဤသားရဲများသည် အမြဲတစေ တိတ်တဆိတ် အန္တရာယ်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ဤသားရဲများသည် အဝေးသို့ မသွားခဲ့သောကြောင့်ပင်။ သူတို့သည် နဂါးကျောက်တုံးမြို့နှင့် သုံးကီလိုမီတာ အကွာတွင်သာ ရပ်တန့်သွားခဲ့ကြသည်။ သူတို့သည် လက်မလျှော့ချင်သေးပုံရပြီး နည်းဗျူဟာများကိုလည်း ပြန်လည်ဆွေးနွေးနေပုံရသည်။
သေချာ စဉ်းစားကြည့်လျှင် ဤသည်မှာ အလွန် နားလည်နိုင်စရာ ကောင်းပေသည်။ လင်းဖုန်းသည် ဤသားရဲများကို မောင်းထုတ်နိုင်ခဲ့သော်လည်း မောင်းထုတ်ခြင်း သက်သက်သာ ဖြစ်သည်။ သူသည် နတ်ဆိုး တစ်ကောင်ကိုမျှ မသတ်နိုင်ခဲ့ပေ။ ဤသားရဲများက မည်သို့လျှင် လက်လျှော့လိုကြပါမည်နည်း။
သူတို့သည် သားကောင်များကို အမဲလိုက်စားသုံးကြသော အမဲလိုက်သားရဲများဖြစ်ကြသည်။ သူတို့သာ နဂါးကျောက်တုံးမြို့ကို သိမ်းပိုက်နိုင်ပါက သူတို့စားသုံးရန် လတ်ဆတ်သော ခန္ဓာကိုယ် သန်းပေါင်းများစွာကို ရရှိမည် ဖြစ်သည်။ ထိုအခါ သူတို့၏ အရေအတွက်နှင့် ခွန်အားမှာ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်အောင် တိုးတက်လာပေလိမ့်မည်။
ဤသည်မှာ အမဲလိုက်သားရဲများ၏ သဘာဝပင်။ သူတို့ ပိုမို လုယက် ဝါးမြိုပြီး သတ်ဖြတ်လေလေ ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်။ ထို့ကြောင့် အမဲလိုက်သားရဲများသည် သက်ရှိအားလုံးနီးပါး၏ သဘာဝ ရန်သူများ ဖြစ်ကြသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် မည်သည့်အရာမျှ အသက်ရှင်ကျန်ရစ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့၏ သားကောင်နှင့် ဤမျှ နီးကပ်နေချိန်တွင် ဒီအတိုင်း လက်လွှတ်လိုက်ရန် သူတို့ ဆန္ဒမရှိကြပေ။ သူတို့သည် လောလောဆယ်တွင် ယာယီ ဆုတ်ခွာနေခြင်းသာ ဖြစ်ပြီး လင်းဖုန်းကို ရင်ဆိုင်ရန် နည်းလမ်းများကို ပြန်လည်ဆွေးနွေးနေကြမည်မှာ သေချာသည်။
တစ်ချိန်တည်းမှာပင် လင်းဖုန်းသည်လည်း ဤသားရဲများကို ရင်ဆိုင်ရန် နည်းလမ်းများကို စဉ်းစားနေခဲ့သည်။ သာမန် သားရဲများက ကိစ္စမရှိပေ။ သူတို့သည် လက်တွေ့အားဖြင့် အမြောက်စာများသာ ဖြစ်သဖြင့် သူ့ကို အချိန်တစ်ခုပေးပါက ဤသားရဲများအားလုံးကို သူ တစ်ယောက်တည်းပင် သတ်ဖြတ်နိုင်ပေသည်။
ခက်ခဲသည်မှာ နတ်ဆိုးများပင် ဖြစ်သည်။ ထိုနတ်ဆိုးများအားလုံးမှာ အလွန်အစွမ်းထက်ကြသည်။ ပို၍ အရေးကြီးသည်မှာ သူတို့၏ မသေနိုင်သော အစွမ်းသတ္တိမှာ ရင်ဆိုင်ဖြေရှင်းရန် အလွန် ခက်ခဲလှသည်။ ယခုအခါ လင်းဖုန်းကိုယ်တိုင်လည်း ထိုစွမ်းရည်မှ အကျိုးအမြတ် ရရှိထားသည်မှာ မှန်ပေသည်။ သူသည် တီကောင်သားရဲ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ထားသဖြင့် အတိုင်းအတာတစ်ခုအထိ မသေနိုင်သော အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်။
သို့သော် မသေနိုင်သော အစွမ်းသတ္တိရှိသည့် ဤနတ်ဆိုးများကို ရင်ဆိုင်ရခြင်းမှာ လင်းဖုန်းကို ခေါင်းခဲစေသည်။ ထို့အပြင် သူသည် နတ်ဆိုး ၃၀ ကို ရင်ဆိုင်ရမည် ဖြစ်ရာ ပို၍ပင် ဒုက္ခများပေလိမ့်မည်။
"ဟားဟား... လင်းဖုန်း... မင်း ဒီလိုအချိန်မျိုးမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သေရေးရှင်ရေး အခြေအနေတွေမှာ ကြီးမားတဲ့ အကြောက်တရားတွေ အန္တရာယ်တွေ ရှိပေမဲ့ ကြီးမားတဲ့ အခွင့်အရေးတွေလည်း ရှိတာပဲကွ"
ဤအချိန်တွင် အနည်းငယ် ပြန်လည်သက်သာလာသော စစ်သေနာပတိချုပ် လုံကျိုးသည် ကျန်ရှိနေသော သာလွန်လူသား ကျွမ်းကျင်သူ ခုနစ်ဦးကို ဦးဆောင်ကာ လင်းဖုန်းရှေ့သို့ ရောက်လာသည်။ ဤသာလွန်လူသား ကျွမ်းကျင်သူများအားလုံးမှာ သနားစရာကောင်းသော အခြေအနေတွင် ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် အလွန် တက်ကြွနေကြသည်။
သူတို့သည် သေဘေးမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ လင်းဖုန်းသာ ပေါ်မလာဘဲ ဤသားရဲများသာ မဆုတ်ခွာသွားခဲ့လျှင် သူတို့အားလုံး ယနေ့ စစ်မြေပြင်တွင် သေဆုံးသွားကြမည် ဖြစ်သည်။
လင်းဖုန်း ဘာကြောင့် ဤမျှ အစွမ်းထက်နေရသနည်းဟု မည်သူမျှ မမေးကြသလို သူ မွေးရာပါစွမ်းရည် မည်မျှ နိုးထလာသနည်းဟုလည်း မည်သူမျှ မမေးကြပေ။ ဤသည်မှာ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဖြစ်သည်။ အထူးသဖြင့် သာလွန်လူသား ကျွမ်းကျင်သူများအတွက် ဖြစ်သည်။ ဤကဲ့သို့သော လျှို့ဝှက် အချက်အလက်များကို အရင်းနှီးဆုံး သူများမှလွဲ၍ မည်သူနှင့်မျှ မျှဝေ၍ မရနိုင်ပေ။
လင်းဖုန်း ခေါင်းခါကာ ပြောလိုက်သည်။ "ကျွန်တော်က ဒီသားရဲတွေကို လောလောဆယ် ဆုတ်သွားအောင်ပဲ လုပ်နိုင်ခဲ့တာပါ။ သူတို့က လက်မလျှော့ချင်သေးဘူး။ ဒါပေမဲ့ အဲဒီ နတ်ဆိုး ၃၀ ကို ကျွန်တော် မသတ်နိုင်ဘူး..."
လင်းဖုန်းသည်လည်း နတ်ဆိုး ၃၀ ကို သတ်ချင်သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားခြင်းဖြစ်ကာ အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ပင် မပြီးဆုံးသေးဘဲ နတ်ဆိုး ၃၀ ကို ဖိနှိပ်ထားနိုင်နေပြီ ဖြစ်သည်။ ဤသည်မှာ အံ့ဖွယ်တစ်ခု ဖြစ်နေပြီပင်။
လင်းဖုန်းကို ဤထက်ပို၍ စွမ်းဆောင်နိုင်ရန် မည်သူမျှ မမျှော်လင့်နိုင်ပေ။
စစ်သေနာပတိချုပ် လုံကျိုးသည် လင်းဖုန်းကို ကျေနပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ ပြုံးကာ ပြောလိုက်သည်။ "လင်းဖုန်း... မင်း လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ခဲ့ပြီးပါပြီ။ မင်းက နဂါးကျောက်တုံးမြို့ တစ်မြို့လုံးရဲ့ သူရဲကောင်းဖြစ်သလို လူသားမျိုးနွယ်အားလုံးရဲ့ သူရဲကောင်းဆိုလည်း ဟုတ်တယ်။ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ မင်း စိုးရိမ်စရာ မလိုတော့ပါဘူး။ အချိန်ကို ကြည့်ရတာတော့ သူတော်စင် မကြာခင် ရောက်လာတော့မယ် ထင်တယ်"
"သူတော်စင်... ပြိုင်ဘက်ကင်းလက်သီးသူတော်စင် လား"
လင်းဖုန်းသည် ဤကိစ္စကို အမှန်တကယ်ပင် မေ့နေခဲ့သည်။ သူတို့သည် သားရဲများအားလုံးကို သတ်ဖြတ်ရန် နဂါးကျောက်တုံးမြို့ အပြင်ဘက်တွင် ခုခံနေကြခြင်း မဟုတ်ဘဲ သားရဲများကို တားဆီးကာ အချိန်ဆွဲရန်သာ ဖြစ်သည်။
ယခုအခါ ဆယ်နာရီနီးပါး ကြာမြင့်ခဲ့လေပြီ။ ကမ္ဘာပေါ်ရှိ သူတော်စင်ကိုးပါးထဲမှ တစ်ပါးဖြစ်ပြီး အနန္တလမ်းစဉ်အကယ်ဒမီ၏ ဒဏ္ဍာရီလာ တည်ထောင်သူဖြစ်သော ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်ရှိလာပေတော့မည်။
ဝီ
လင်းဖုန်း စကားဆုံးသည်နှင့် အဝေးရှိ ကောင်းကင်ယံတွင် မီးတောက်များကဲ့သို့ နီရဲနေသော တိမ်တိုက်တစ်ခု ပေါ်လာသည်။ ၎င်းသည် တဖြည်းဖြည်း နီးကပ်လာသည်။ နောက်ဆုံးတွင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ကောင်းကင်တစ်ခုလုံး လောင်ကျွမ်းနေသကဲ့သို့ ဖြစ်သွားသည်။
လောင်ကျွမ်းနေသော တိမ်တိုက်ထဲမှ ဧရာမ မီးလုံးကြီးတစ်ခု ရုတ်တရက် ကျဆင်းလာသည်။
"သူ ရောက်လာပြီ... နောက်ဆုံးတော့ သူ ရောက်လာပြီပဲ။ အရှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်..."
ကျန်ရှိနေသော သာလွန်လူသား ကျွမ်းကျင်သူ ရှစ်ဦးသည် မီးလျှံများတောင်လောင်နေသော ကောင်းကင်ကြီးကို အလျင်စလို မော့ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေတော့သည်…