← Chapters

ဧရာမလက်ဝါးကြီး

Vol. 7 Ch. 88

ဧရာမလက်ဝါးကြီး

Vol. 7 Ch. 88

ဘာသာပြန် - အားသစ်

လင်းဖုန်းလည်း အံ့အားသင့်သွားရသည်။ ထိုမီးတောက်တိမ်တိုက်မှာ ကောင်းကင်ယံတွင် အမှန်တကယ်ပင် လောင်ကျွမ်းနေပုံရသည်။ အဝေးမှပင် အပူရှိန်ကို ခံစားနေရသည်။

ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းနိုင်စွမ်းရှိသည်မှာ သူ နားလည်နိုင်သော အရာမျိုး မဟုတ်ပေ။ သူတော်စင်ကိုးပါးသည် ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများကို အုပ်စိုးနေကြပြီး သူတို့ တစ်ဦးစီတိုင်းတွင် ပြိုင်ဘက်ကင်းသော ဖျက်ဆီးနိုင်စွမ်းရှိသည်ဟု ကောလာဟလများ ရှိခဲ့သည်။

ယခင်က သူသည် ၎င်းကို အပြည့်အဝ မယုံကြည်ခဲ့ပေ။ သို့သော် ယခု ဤအံ့မခန်းဖြစ်ရပ်ကို မြင်လိုက်ရသောအခါ သူ မယုံကြည်လျှင်ပင် သူတော်စင်တစ်ပါးအပေါ် သိမ်မွေ့သော ရိုသေလေးစားမှုကို ခံစားလိုက်ရသည်။

လင်းဖုန်းသာမက ဖန်သားပြင်မှတစ်ဆင့် ဤမြင်ကွင်းကို မြင်တွေ့နေရသော ကမ္ဘာပေါ်ရှိ လူတိုင်းမှာလည်း သူတို့၏ နှလုံးသားထဲမှ အံ့အားသင့်သွားကြသည်။

ကမ္ဘာပေါ်တွင် ပြင်ပနယ်မြေကို အုပ်ချုပ်နေသော သူတော်စင်များ၏ အမည်နာမကို မသိသူ မရှိသလောက်ပင်။ သူတို့၏ ကျော်ကြားမှုမှာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေသော်လည်း သူတို့ကို အမှန်တကယ် မြင်ဖူးသူမှာ အလွန်ပင် နည်းပါးလှသည်။

ဤသူတော်စင်များ၏ စွမ်းအားကို မျက်မြင်တွေ့ရှိရဖို့မှာ ပို၍ပင် ခက်ခဲလှသည်။ ယခု ကောင်းကင်ယံကြီးတစ်ခုလုံး မီးတောက်တိမ်တိုက်ကဲ့သို့ နီရဲတောက်ပနေသည်ကို မြင်ရမှသာလျှင် သူတော်စင်များ၏ ခွန်အားကို အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှူမှားမတတ် ငေးမောနေကြရသည်။ ဤသည်မှာ တကယ့်ကို မယုံနိုင်စရာပင်။

သူတော်စင်တစ်ပါး ရောက်ရှိလာပြီဖြစ်ရာ နဂါးကျောက်တုံးမြို့၏ အကျပ်အတည်းမှာလည်း ယခု ဖြေရှင်းနိုင်တော့မည် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ရှူး

ဧရာမ မီးလုံးကြီးမှာ ကြွေလွင့်လာသော ဥက္ကာခဲတစ်ခုအလား ကျဆင်းလာသည်။ သို့သော် မြေပြင်နှင့် တစ်မီတာအကွာသို့ ရောက်သောအခါ ထိုမီးလုံးကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ လေထုထဲတွင် တိတ်တဆိတ် ဝဲပျံလွင့်မျောနေသည်။

လင်းဖုန်း၏ မျက်လုံးများ ရုတ်တရက် စူးရှငေးမောသွားသည်။ သူ၏ အရှိန်မှာလည်း အလွန်ပင် မြန်ဆန်လှပြီး ယခင်က အသံထက်မြန်သော အရှိန်နှုန်းသို့ပင် ရောက်ရှိခဲ့ဖူးသည်။ သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အရှိန်နှင့် နှိုင်းယှဉ်လျှင်မူ သူ၏ အရှိန်မှာ ပြောပလောက်စရာ မရှိပေ။

ဤမျှ မြန်ဆန်သော အရှိန်နှုန်းမှနေ၍ ရုတ်တရက် ရပ်တန့်နိုင်ရန်အတွက် မည်မျှလောက်သော ခွန်အားထိန်းချုပ်နိုင်စွမ်း ရှိရမည်ကို လင်းဖုန်း သိသည်။ အနည်းဆုံးတော့ လင်းဖုန်းသည် လက်ရှိတွင် ထိုသို့ မလုပ်နိုင်သေးပေ။ သူ၏ ခွန်အားမှာ သန်မာကောင်း သန်မာနိုင်သော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကဲ့သို့ လွတ်လပ်စွာ ထိန်းချုပ်ထုတ်လွှတ်နိုင်ခြင်း မရှိသေးပေ။

မီးလုံးပေါ်မှ မီးတောက်များမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး မီးတောက်ရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။

ထိုအမျိုးသားမှာ အလွန် အရပ်ရှည်ပြီး ၁.၉ မီတာ (၆ ပေကျော်) နီးပါး ရှိသည်။ သူ၏ ဆံပင်မှာ စစ်ပုံစံ အတိုညှပ်ထားသဖြင့် အလွန်ပင် ရဲရင့်ပြတ်သားသည့်ဟန်ရှိသည်။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များမှာ သူ၏ အဝတ်အစားနှင့် ဆံပင်ကို တစ်စုံတစ်ရာ ထိခိုက်စေနိုင်ပုံ မရပေ။

အသက် ၃၀ သို့မဟုတ် ၄၀ ဝန်းကျင်ခန့်သာ ထင်ရသော ရဲရင့်ပြတ်သားသည့်ပုံစံရှိသည့် ဤသက်လတ်ပိုင်းအရွယ် အမျိုးသားမှာ အနန္တလမ်းစဉ်အကယ်ဒမီကို စတင်တည်ထောင်သူဖြစ်ပြီး ကမ္ဘာပေါ်ရှိ သူတော်စင်ကိုးပါးထဲမှ တစ်ပါးပင် ဖြစ်သည်။ သူသည် အမှန်တကယ်တွင် အသက် ၄၀၀ ကျော်ပြီ ဖြစ်သည်။

သူတော်စင်များသည် အသက်ရှည်ကြသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို ဖြတ်ကျော်ကာ ဆဲလ်များ၏ လှုပ်ရှားတက်ကြွမှု မြင့်မားလာပါက သူတို့၏ သက်တမ်းမှာ အခြေခံအားဖြင့် နှစ်ပေါင်း ၂၀၀ ကျော်အထိ ရှိနိုင်သည်။

မီးတောက်ရောင် သိုင်းဝတ်စုံ ဝတ်ဆင်ထားသူမှာ အခြားသူမဟုတ်ချေ။ ကမ္ဘာပေါ်ရှိ သူတော်စင်ကိုးပါးထဲမှ တစ်ပါးဖြစ်သည့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ပင် ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ထွားကြိုင်းကာ စူးရှထက်မြတ်သော မျက်လုံးများကို ပိုင်ဆိုင်ထားသည်။ သူသည် ခန့်ညားထည်ဝါသော ခြေလှမ်းများဖြင့် လင်းဖုန်းနှင့် အခြားသူများရှေ့သို့ ရောက်ရှိလာသည်။

"လုံကျိုး... မင်းရဲ့ နဂါးကျောက်တုံးမြို့က သားရဲတွေရဲ့ ဝိုင်းရံမှုကို ခံနေရပြီး အန္တရာယ်ရှိနေတယ်ဆို။ အခုတော့ သိပ်ပြီး မပြင်းထန်လှပါလား"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဆင်းသက်လာပြီးနောက် သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ဇဝေဇဝါ ဖြစ်သွားခြင်းပင်။ နဂါးကျောက်တုံးမြို့မှာ အလွန် အန္တရာယ်ကြီးနေပြီဟု သူ့ကို အကြောင်းကြားထားသည် မဟုတ်ပါလား။ သူသည်ပင် အတတ်နိုင်ဆုံး အမြန်ဆုံး အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအရ နဂါးကျောက်တုံးမြို့မှာ ကျဆုံးခြင်း မရှိသေးသည့်အပြင် လုံကျိုးပင်လျှင် ဘေးကင်းလုံခြုံစွာ ရှိနေသေးသည်။

လုံကျိုး အလျင်အမြန်ပင် ပြောလိုက်သည်။ "အရှင်သူတော်စင်... ခုနကတော့ ကျွန်တော်တို့ တကယ်ပဲ အရေးပေါ် အခြေအနေမှာ ရှိနေခဲ့တာပါ။ ဒါပေမဲ့ လင်းဖုန်းက အရေးကြီးတဲ့ အချိန်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်နိုင်ခဲ့လို့ ကျွန်တော်တို့နဲ့ နဂါးကျောက်တုံးမြို့သား ၃ သန်းလုံးကို ကယ်တင်နိုင်ခဲ့တာပါ"

"လင်းဖုန်းက မင်းတို့ကို ကယ်တင်ခဲ့တာလား၊ သူက မျိုးရိုးဗီဇကန့်သတ်ချက်ကို ခုမှ ချိုးဖျက်နိုင်ခဲ့တာ မဟုတ်လား"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် တစ်ချက်ကြည့်ရုံဖြင့် လင်းဖုန်းကို မြင်လိုက်သည်။ သူ၏ ထိုးထွင်းသိမြင်မှုဖြင့် လင်းဖုန်း၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် အသွင်ပြောင်းလဲနေဆဲ ဖြစ်ကြောင်းနှင့် အသွင်ပြောင်းလဲမှု အရှိန်မှာ အလွန် မြန်ဆန်နေကြောင်းကို သဘာဝကျစွာပင် သူ သိနိုင်သည်။

"အာ... မင်းက ကိုးထပ်ခန္ဓာကိုယ်ကျင့်စဥ်ရဲ့ ပထမဆုံး အဆင့် ၃ ဆင့်ဖြစ်တဲ့ ဝဲကယက်စွမ်းအား ၃ ခုကို တတ်မြောက်ထားတာလား"

လင်းဖုန်းသည် တစ်ဖက်လူက သူ့ကို ထိုးဖောက်မြင်နေရသည်ဟု ခံစားလိုက်ရသည်။ တစ်ကမ္ဘာလုံးရှိ သိုင်းသမားများထဲမှ အမြင့်ဆုံး အဆင့်အတန်းတွင် ရှိနေသူတစ်ဦး၏ ရှေ့၌ လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားသော သားရဲမျိုးရိုးဗီဇ ၄ မျိုးကို ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ထိုးဖောက်မြင်သွားမှာကို တကယ်ပင် စိုးရိမ်နေမိသည်။

ဤသည်မှာ သူတစ်ဦးတစ်ယောက်တည်း၏ လျှို့ဝှက်ချက် ဖြစ်သည်။ အကယ်၍ ဤလျှို့ဝှက်ချက်ကို ထွင်းဖောက်မြင်သွားပါက ဘာဖြစ်လာမည်ကို သူ မသိပေ။

ကံကောင်းထောက်မစွာပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် လင်းဖုန်း၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ထားသော သားရဲမျိုးရိုးဗီဇများကို ထိုးဖောက် မမြင်နိုင်ချေ။ သူ လေ့ကျင့်ထားသော ကိုးထပ်ခန္ဓာကိုယ်ကျင့်စဥ်ကိုသာ မြင်နိုင်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဤသိုင်းပညာရပ်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ကိုယ်တိုင် ဖန်တီးထားသော သိုင်းပညာဖြစ်ရာ သူ၏ အမြင်တွင် တစ်ချက်ကြည့်ရုံဖြင့် ထင်ရှားနေပေသည်။

"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး။ ကျွန်တော် ကျောင်းအုပ်ကြီး ဖန်တီးထားတဲ့ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ ပထမ အဆင့် ၃ ဆင့်ကို ဝယ်ယူခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ တတ်မြောက်သွားခဲ့တာပါ"

"မင်းက ငါ့ကို ကျောင်းအုပ်ကြီးလို့ ခေါ်တာလား။ မဆိုးပါဘူး။ အခုနောက်ပိုင်း ငါ့ကို အဲဒီလိုခေါ်တဲ့သူ တော်တော် ရှားသွားပြီ။ စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ခေါင်းတဆတ်ဆတ် ညိတ်ကာ လင်းဖုန်း၏ အဖြေကို သူ အလွန် ကျေနပ်နေပုံရသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကဲ့သို့သော သူတော်စင်များတွင် အမှန်တကယ်အားဖြင့် 'သူတော်စင်'၊ 'လက်နက်ကိုင်တပ်ဖွဲ့ဌာန၏ အန္တိမစစ်သေနာပတိချုပ်'၊ 'အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး' စသဖြင့် ဂုဏ်ပုဒ်များစွာ ရှိကြသည်။ သို့သော် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် အနှစ်သက်ဆုံး ဂုဏ်ပုဒ်မှာ 'အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး' ဖြစ်နေဆဲပင်။

ယခုအချိန်အထိ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် အနန္တလမ်းစဉ်အကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်နေဆဲ ဖြစ်သည်။ သို့သော် သူသည် ကျောင်း၏ ကိစ္စရပ်များကို တိုက်ရိုက် ကိုင်တွယ်ခြင်း မရှိတော့ချေ။ ဒုကျောင်းအုပ်များထံသို့သာ အလုံးစုံ လွှဲအပ်ထားခဲ့သည်။

"ကျောင်းအုပ်ကြီး... နဂါးကျောက်တုံးမြို့ရဲ့ အကျပ်အတည်းက အမှန်တကယ်တော့ မပြီးဆုံးသေးပါဘူး။ အဲဒီ သားရဲတွေက လောလောဆယ် ဆုတ်ခွာသွားရုံပဲ ရှိပါသေးတယ်။ သူတို့က လက်မလျှော့သေးဘဲ မြို့နဲ့ မလှမ်းမကမ်းမှာ တပ်စွဲထားကြပါတယ်။ စစ်သေနာပတိချုပ် လုံကျိုးနဲ့ အခြား သာလွန်လူသား ကျွမ်းကျင်သူတွေလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပါတယ်။ သာလွန်လူသား ၁၆ ယောက်ထဲက ၈ ယောက်ပဲ ကျန်တော့ပြီး ထောင်နဲ့ချီတဲ့ သိုင်းသမားတွေထဲက နှစ်ရာ သုံးရာလောက်ပဲ ကျန်ပါတော့တယ်။ ကျွန်တော် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လို့ အဲဒီ သားရဲတွေနဲ့ နတ်ဆိုးတွေကို မောင်းထုတ်နိုင်ခဲ့ပေမဲ့ အဲဒီ နတ်ဆိုးတွေမှာ မသေနိုင်တဲ့ အစွမ်းသတ္တိ ရှိနေပါတယ်။ ကျွန်တော်လည်း သူတို့ကို မသတ်နိုင်ခဲ့ပါဘူး"

လင်းဖုန်း၏ ရှင်းပြချက်ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ဤတိုက်ပွဲမှာ မည်မျှအထိ ကြေကွဲစရာ ကောင်းခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ မြို့အပြင်ဘက်တွင် သားရဲအသေကောင်များစွာ ကျန်ရစ်နေသော်လည်း သိုင်းသမားများ၏ အလောင်းမှာ များများစားစား မရှိပေ။ ဤမျှအထိ ဆိုးရွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုသိုင်းသမားများ၏ အလောင်းများကို သားရဲများက ဝါးမြိုပစ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အနေဖြင့် သူတို့ကို မမြင်နိုင်သည်မှာ သဘာဝကျပေသည်။

"ဟုတ်ပါတယ် အရှင်သူတော်စင်။ အဲဒီ သားရဲတွေက ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးသေးတဲ့ မျိုးစိတ်တွေပါ။ သူတို့ဟာ အမဲလိုက်သားရဲတွေ ဖြစ်တယ်ဆိုတာ သေချာသလောက် ရှိပေမဲ့ ဘယ်လို အမျိုးအစားလဲဆိုတာတော့ မသိရသေးပါဘူး။ သူတို့မှာ ကြောက်စရာကောင်းတဲ့ ပြန်လည်ကုသနိုင်စွမ်းနဲ့ ကပ်ပါးပြုနိုင်စွမ်း ရှိကြပြီး သူတို့ထဲက နတ်ဆိုးတွေဆိုရင် လက်တွေ့မှာ မသေနိုင်သလောက်ပါပဲ"

စစ်သေနာပတိချုပ် လုံကျိုး၏ မျက်နှာတွင်လည်း ခါးသီးသော အမူအရာ ရှိနေသည်။ ဤကဲ့သို့ ရင်ဆိုင်ရခက်သော သားရဲများကို သူ ဘာမှ မတတ်နိုင်ခဲ့ပေ။ အရင်က သာလွန်လူသား ၈ ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သေဆုံးသွားခဲ့ကြသော်လည်း ထိုနတ်ဆိုးများကို ထိရောက်သော ထိခိုက်မှုမျိုး မပေးနိုင်ခဲ့ပေ။

သားရဲများအကြောင်း ပြောလိုက်သည်နှင့် လူတိုင်း၏ စိတ်နှလုံးမှာ လေးလံသွားကြရသည်။

လင်းဖုန်း၏ ယခင် စွမ်းဆောင်ရည်မှာ အလွန် သန်မာလှပြီး ထိုနတ်ဆိုးများကိုပင် ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော်လည်း ရလဒ်မှာမူ မည်သို့ဖြစ်သနည်း။ ထိုနတ်ဆိုးများကို သတ်ရန် မဖြစ်နိုင်ပေ။ ယခုအချိန်အထိ နတ်ဆိုး ၃၀ ထဲမှ တစ်ကောင်မျှ မသေဆုံးသေးချေ။ အမြောက်စာ သားရဲအချို့သာ သေဆုံးခဲ့သည်။ သားရဲများအတွက်မူ မည်သည့် ဆုံးရှုံးမှုမှ မရှိသလောက်ပင်။

သိုင်းသမားတွေ ပိုပြီး စေလွှတ်လိုက်မယ်ဆိုရင်တောင် ကပ်ပါးပြုမှုကို ကြောက်နေရပြန်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်အထိ သူတို့သည် ဤသားရဲများ၏ ကူးစက်ပုံနှင့် လမ်းကြောင်းကို မသိရသေးပေ။ အသက်ရှင်ကျန်ရစ်သူများထဲတွင် အချို့မှာ ကူးစက်ခံထားရပြီးသား ဖြစ်နိုင်ကာ အချိန်တန်လျှင် သားရဲများအဖြစ် ချက်ချင်း ပြောင်းလဲသွားနိုင်သော အခြေအနေတွင် ရှိနေသည်။

သိုင်းသမား အမြောက်အမြားကို စစ်ကူတောင်းရန် မဖြစ်နိုင်ခြင်းနှင့် ထိုသားရဲများကို သတ်ရန် မဖြစ်နိုင်ခြင်းတို့ကြားတွင် ဤအခြေအနေမှာ သေချာပေါက် သေဆုံးရမည့် အခြေအနေပင် ဖြစ်သည်။

သူတော်စင်တစ်ပါး ရောက်လာလျှင်တောင်မှ တစ်ယောက်တည်းက နတ်ဆိုး ဘယ်နှစ်ကောင်ကို သတ်နိုင်ပါမည်နည်း။

"ကောင်းပြီ၊ အဲဒီ သားရဲတွေ မဆုတ်သေးတာ အကောင်းဆုံးပဲ။ ဒါဆိုရင် ငါ နောက်ကနေ လိုက်နေစရာ မလိုတော့ဘူးပေါ့။ သူတို့ တကယ်ပဲ မသေနိုင်ဘူးလားဆိုတာ ငါ ကြည့်လိုက်ဦးမယ်"

ဤသို့ ပြောပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး လေထဲသို့ ပျံတက်သွားခဲ့သည်။

လင်းဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် အနည်းငယ် ပေါ့ဆနေသည်ဟု သူ ခံစားလိုက်ရသည်။ သူသည် ကိစ္စကို အလေးမထားဘဲ အနည်းငယ် စိတ်စောနေသကဲ့သို့ပင်။ သူ တစ်ယောက်တည်းနှင့် ထိုသားရဲများနှင့် နတ်ဆိုးများကို ရင်ဆိုင်နိုင်ပါ့မလား။

နတ်ဆိုးများကို ထားလိုက်ဦး၊ သောင်းနှင့်ချီသော သားရဲများနှင့် မသေနိုင်သော အစွမ်းသတ္တိရှိသည့် နတ်ဆိုး ၃၀ လည်း ရှိနေသေးသည် မဟုတ်ပါလား။

လင်းဖုန်းက ဤပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ အားကိုးမရနိုင်ဟု ခံစားနေရစဉ်မှာပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် လေထဲတွင် ရပ်တန့်လိုက်ပြီး သူ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။

ဝီ...

ထိုခဏချင်းမှာပင် နေမင်းကြီးမှာ ဖုံးလွှမ်းတိမ်မြုပ်‌ပျောက်ကွယ်သွားသည့်အလားပင်။ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီး ရုတ်တရက် မှောင်မိုက်သွားသည်။ မသိလိုက်ခင်မှာပင် ကောင်းကင်ယံတွင် ဧရာမတိမ်တိုက်မည်းကြီးတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။ မဟုတ်သေးချေ။ ၎င်းတို့မှာ တိမ်တိုက်မည်းများ မဟုတ်ပေ... ဧရာမလက်ဝါးကြီးတစ်ဖက် ဖြစ်နေသည်။

"တကယ့်ကို... ဘယ်လောက်တောင်ကြီးလိုက်တဲ့ လက်ဝါးကြီးလဲ..."

လင်းဖုန်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူ၏ မျက်လုံးများမှာလည်း တစ်ခါမှ ကြုံတွေ့ဖူးခြင်း မရှိသေးသော တုန်လှုပ်မှုတစ်ခုကို တွေ့ကြုံရင်ဆိုင်နေရသည့်အလား ငေးကြောင်သွားသည်…

All Chapters