← Chapters

လက်ဝါးတစ်ချက်တည်းဖြင့် သုတ်သင်ခြင်း

Vol. 7 Ch. 89

လက်ဝါးတစ်ချက်တည်းဖြင့် သုတ်သင်ခြင်း

Vol. 7 Ch. 89

ဘာသာပြန် - အားသစ်

ဧရာမ လက်ဝါးကြီးတစ်ခုသည် ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသည်။ အောက်ဘက်ရှိ သိုင်းသမားများအားလုံးနှင့် နဂါးကျောက်တုံးမြို့ရှိ လူတိုင်းသည် ထိုဧရာမ လက်ဝါးကြီးကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ကြရသည်။

လူတိုင်းမှာ အလွန်တရာ တိတ်ဆိတ်နေကြပြီး ထိုတိတ်ဆိတ်မှုမှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ပင်။

သာမန်လူများကို ထားလိုက်ပါဦး၊ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် ဤဧရာမ လက်ဝါးကြီးကို မြင်သောအခါ အလွန်အမင်း အံ့အားသင့်သွားကြသည်။ သူတို့သည် အလွန်တရာ တုန်လှုပ်သွားကြခြင်း ဖြစ်သည်။

သူတော်စင်တစ်ပါး တိုက်ခိုက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသူ မည်မျှ ရှိမည်နည်း။

လင်းဖုန်းလည်း အလွန် အံ့အားသင့်နေခဲ့သည်။ ယခင်က သူသည် နတ်ဆိုး ၃၀ ကို ဖိနှိပ်ထားနိုင်ခဲ့ပြီး မသေနိုင်သော အစွမ်းသတ္တိ အပါအဝင် မွေးရာပါစွမ်းရည် အချို့ကိုလည်း နိုးထစေနိုင်ခဲ့သည်။ အခြား သာလွန်လူသား ကျွမ်းကျင်သူများ၏ မွေးရာပါစွမ်းရည်များကိုလည်း သူ မြင်တွေ့ခဲ့ဖူးပြီး ထိုစွမ်းရည်များအားလုံးမှာ အလွန် ထူးခြားအံ့သြဖွယ် ကောင်းလှသည်။

သို့သော် ခွန်အားများ ကြီးမားစွာ တိုးတက်လာခြင်းဖြစ်စေ၊ လက်ဗလာဖြင့် အဆောက်အအုံတစ်ခုကို ဖြိုချနိုင်သော စွမ်းအားဖြစ်စေ၊ ခေါင်းပြတ်သွားလျှင်တောင် ပြန်လည်ကောင်းမွန်လာနိုင်သော မသေနိုင်သည့် အစွမ်းသတ္တိဖြစ်စေ ထိုအရာများအားလုံးမှာ သူ နားလည်နိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

အနည်းငယ် ယုံကြည်ရန် ခက်ခဲသော်လည်း နောက်ဆုံးတွင် လက်ခံနိုင်စရာဖြစ်ပြီး လင်းဖုန်း၏ နားလည်နိုင်စွမ်းအတွင်း၌သာ ရှိနေသေးသည်။ သာလွန်လူသား ကျွမ်းကျင်သူများသည် အစွမ်းထက်ကြသော်လည်း သူတို့၏ ခွန်အားများမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခြင်းဖြစ်ပြီး လုံးဝ နားလည်၍မရနိုင်လောက်အောင် ဖြစ်မနေပေ။

သို့သော် ယခုမူ...။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် တိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်ကို ဖုံးကွယ်သွားသော ထိုဧရာမ လက်ဝါးကြီးမှာ သာမန် လက်ဝါးတစ်ဖက်နှင့် အရွယ်အစားတူညီပုံပေါ်သော်လည်း အသွေးအသားဖြင့် ဖွဲ့စည်းထားသော သာမန် လက်ဝါးတစ်ဖက်က မည်သို့လျှင် ဤမျှထိ ကြီးမားနိုင်မည်နည်း။

သို့သော် ၎င်းမှာ အသွေးအသားဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်လျှင် ဤဧရာမ လက်ဝါးကြီးက အဘယ်နည်း။ ဤသည်မှာ မွေးရာပါစွမ်းရည် တစ်မျိုးမျိုးများ ဖြစ်သလော။

လင်းဖုန်းလည်း မသိသလို စစ်သေနာပတိချုပ် အပါအဝင် အခြား သာလွန်လူသား ကျွမ်းကျင်သူများလည်း မသိကြပေ။ သူတို့သည် ကောင်းကင်ယံတွင် ဖြန့်ကျက်ထားသော ဧရာမ လက်ဝါးကြီးကို မှင်သက်စွာ ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ထို့အပြင် ဤလက်ဝါးကြီးမှာ ပို၍ပို၍ ကြီးမားလာနေဆဲပင်။

လက်ဝါးကြီး မကျဆင်းလာသေးသော်လည်း ၎င်းအတွင်း၌ ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအားကို လူတိုင်း ခံစားနေရသည်။ အကယ်၍ ဤလက်ဝါးကြီးသာ ကျဆင်းလာပါက နဂါးကျောက်တုံးမြို့ တစ်မြို့လုံး ပြာကျသွားမည်ကို လင်းဖုန်း လုံးဝ သံသယမရှိပေ။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လက်ဝါးကြီးမှာ အဆက်မပြတ် ကြီးမားလာပြီး မလှမ်းမကမ်းရှိ သားရဲများ၏ အထက် ကောင်းကင်ယံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ဧရာမ လက်ဝါးရိပ်မည်းကြီးက သူတို့၏ ခေါင်းပေါ်တွင် ဝဲခိုဖုံးလွှမ်းနေချိန်တွင် သားရဲများ မည်သို့ မကြောက်ဘဲ နေနိုင်မည်နည်း။ နတ်ဆိုး ၃၀ ပင်လျှင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို အာရုံခံမိသွားပုံရပြီး ရူးသွပ်စွာ ထွက်ပြေးကြတော့သည်။

သို့သော် သူတို့ မည်မျှ မြန်မြန် ပြေးနိုင်မည်နည်း။

ကောင်းကင်ယံရှိ ဧရာမ လက်ဝါးကြီးသည် တစ်စက္ကန့်လျှင် တစ်ကီလိုမီတာနီးပါး ကျယ်ပြန့်လာနိုင်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဤဧရာမ လက်ဝါးကြီးသည် ၅ ကီလိုမီတာခန့် ဧရိယာကို ဖုံးအုပ်သွားသည်။ ထိုနတ်ဆိုးများ မည်မျှပင် မြန်ဆန်ပါစေ လက်ဝါးကြီး ကျဆင်းလာမည့် အရှိန်ထက် မည်သို့ မြန်ဆန်နိုင်ပါမည်နည်း။

ရုတ်တရက် ဧရာမ လက်ဝါးကြီး ကျဆင်းလာသည်။ မှောင်မိုက်နက်နဲသော လက်ဝါးကြီးမှာ ထိုက်တောင်ကြီး ဖိချလာသကဲ့သို့ ကောင်းကင်မှ ကျဆင်းလာသည်။ မရေမတွက်နိုင်သော သားရဲများ ကြောက်လန့်တကြား ငိုကြွေးဟိန်းဟောက်နေကြသော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။

သူတို့သည် ရူးသွပ်စွာ ထွက်ပြေးခဲ့ကြသော်လည်း မည်မျှအထိ ဝေးဝေး ပြေးနိုင်မည်နည်း။ သောင်းနှင့်ချီသော သားရဲများနှင့် နတ်ဆိုး ၃၀ လုံးမှာ ဧရာမ လက်ဝါးကြီး၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရသည်။

ဘုန်း

ဧရာမ လက်ဝါးကြီး နောက်ဆုံးတွင် ကျဆင်းလာသည်။ ကီလိုမီတာ ၅၀ ပတ်လည်အတွင်း ငလျင်လှုပ်သွားသကဲ့သို့ပင်။ တောင်တန်းများနှင့် မြစ်ချောင်းများပင် ခဏတာမျှတုန်ခါသွားသည်။ နဂါးကျောက်တုံးမြို့၏ အဆောက်အအုံများနှင့် အိမ်များပင် ပြင်းထန်စွာ တုန်ခါနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ ရိုက်ခတ်မှု လှိုင်းတစ်ခုသာ ဖြစ်ပြီး အချိန်ကြာမြင့်စွာ မဖြစ်ပေါ်ခဲ့ပေ။

မြေကြီးမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး နဂါးကျောက်တုံးမြို့၏ အဆောက်အအုံများလည်း တုန်ခါမှု ရပ်တန့်သွားသည်။ သို့သော် ထိုသားရဲများအတွက်မူ ဤသည်မှာ အစစ်အမှန် ကပ်ဘေးကြီးတစ်ခုပင် ဖြစ်သည်။

ဧရာမ လက်ဝါးကြီး ကျဆင်းလာသည်နှင့်အမျှ လက်ဝါးကြီး ဖုံးအုပ်ထားသော ဧရိယာတစ်ခုလုံးမှာ မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်သွားသည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ သစ်တောများ သို့မဟုတ် လယ်ယာများ ဖြစ်စေ အားလုံးမှာ ပျောက်ကွယ်သွားခဲ့ရသည်။

အဆုံးတွင် ကျန်ရှိနေသေးသည်မှာ အပျက်အစီးများသာ။

သားရဲများနှင့် ပတ်သက်၍မူ သူတို့၏ အလောင်း တစ်လောင်းကိုမျှ မမြင်တွေ့ရတော့ပေ။ သူတို့အားလုံးမှာ မြေကြီးထဲသို့ စိမ့်ဝင်သွားသော သွေးပျစ်ပျစ်များအဖြစ် ကြိတ်ချေခံလိုက်ရပြီး မြေဆီလွှာနှင့် ကျောက်တုံးများကြားတွင် ရောနှောသွားခဲ့ပြီ ဖြစ်သည်။

အခြား နတ်ဆိုး ၃၀ ကိုလည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။ သူတို့သည် အခြား သားရဲများနှင့် မည်သို့မျှ မကွာခြားကြောင်း ထင်ရှားလှသည်။ မသေနိုင်သော အစွမ်းသတ္တိဆိုသည်မှာ ဤကပ်ဘေးဆန်သော လက်ဝါးရိုက်ချက်အောက်တွင် ရယ်စရာပြတ်လုံးတစ်ခုသာ ဖြစ်သွားခဲ့သည်။

ဤသည်မှာ သူတော်စင်တစ်ပါး၏ စွမ်းအားပင်။ ထိုစွမ်းအားသည် ကမ္ဘာလောကကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး လူသားအားလုံး၏ အားကိုးရာ မဏ္ဍိုင်ကြီးပင် ဖြစ်သည်။ သူတော်စင်ကိုးပါးက ပြင်ပနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာများကို အုပ်ချုပ်နေခြင်းကြောင့်သာ ယနေ့ လူသားအဖွဲ့အစည်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မပျက်မယွင်းထိန်းသိမ်းထားကာ သားရဲများ၏ အနှောင့်အယှက်ရန်မှ ကင်းကင်းရှင်းရှင်း နေထိုင်နိုင်ခြင်း ဖြစ်သည်။

သူတော်စင်များ လူမြင်ကွင်းသို့ မထွက်ပေါ်လာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ထို့အပြင် သူတို့သည် သူတို့၏ စွမ်းအားများကို လွယ်လင့်တကူ ထုတ်ဖော်ပြသလေ့ မရှိပေ။

သို့သော် ယခု ပြိုင်ဘက်ကင်းလက်သီးသူတော်စင် တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ သူတော်စင်တစ်ပါး မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း လူတိုင်း နားလည်သွားကြသည်။ ၎င်းမှာ လုံးဝ နားလည်၍မရနိုင်သလို စိတ်ကူးကြည့်ရန်ပင် ခက်ခဲပြီး အလွန်တရာ နက်နဲသော အခြေအနေတစ်ခု၏ တဖက်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူတော်စင်များမှာ နတ်ဘုရားများ ဖြစ်သည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။

လူတိုင်း မှင်သက်နေဆဲ အချိန်မှာပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။ သူ ခေါင်းခါကာ ပြောလိုက်သည်။

"ဆက်လုပ်စရာလေးတွေ နည်းနည်း ကျန်သေးတယ်။ ဒါတွေကို လုံကျိုးဆီ လွှဲပေးခဲ့မယ်။ လင်းဖုန်း... နဂါးကျောက်တုံးမြို့က သုတေသနဌာနကို လမ်းပြပေးပါဦး။ အဲဒီ သားရဲတွေရဲ့ ကပ်ပါးပြုခံရတဲ့ ခန္ဓာကိုယ်တွေကို ငါ သွားကြည့်ချင်တယ်"

"ဟုတ်ကဲ့ပါ အရှင်သူတော်စင်"

လုံကျိုး ချက်ချင်း သဘောပေါက်သွားသည်။ ဆက်လုပ်စရာ ဘာကျန်သေးလို့လဲ။ ထိုသားရဲများအားလုံးမှာ အလောင်းပင် မကျန်ရစ်ခဲ့ပေ။ သားရဲတစ်ကောင် အသက်ရှင်ကျန်ရစ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

လက်ဝါးတစ်ချက်တည်းဖြင့် သောင်းနှင့်ချီသော သားရဲများမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခင်က သူတို့ ဘာမှ မတတ်နိုင်ခဲ့သော နတ်ဆိုးများပင်လျှင် ခုခံရန် ခွန်အား အနည်းငယ်မျှ မရှိခဲ့ပေ။

မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် နက်ရှိုင်းသော စွမ်းအားမဲ့မှုကို ခံစားလိုက်ရသည်။

လင်းဖုန်းသည် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က သူ့ကို ဘာကြောင့် အထူးတလည် ခေါ်သွားရသည်ကို မသိသော်လည်း သူ မမေးခဲ့တော့ပေ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် နဂါးကျောက်တုံးမြို့ဘက်သို့ ပျံသန်းသွားသည်ကို မြင်ပြီးနောက် သူလည်း နောက်မှ လိုက်ပါသွားသည်။

သူတော်စင်တစ်ပါး၏ နောက်သို့ လိုက်ပါခွင့်ရခြင်းမှာ ရှားပါးသော အခွင့်အရေးတစ်ခုပင်။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ယခုမှ ချိုးဖျက်ထားခြင်းဖြစ်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်နှင့် ပတ်သက်၍ သူ နားမလည်သေးသော အရာများစွာ ရှိနေသေးသည်။

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ကြီးမြတ်လှသော စွမ်းအားကပင် လင်းဖုန်းကို အံ့အားသင့်စေခဲ့သည်။ ဒီအခွင့်အရေးကို အသုံးချပြီး ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ကောင်းပါရဲ့။

ယခုအချိန်တွင် ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ ဖန်သားပြင်များရှေ့မှ သိုင်းသမား မည်မျှက သူ့ကို အားကျနေမည်ကို လင်းဖုန်း မသိပေ။ ထိုသာလွန်လူသား ကျွမ်းကျင်သူများက လင်းဖုန်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နောက်သို့ လိုက်သွားသည်ကို မြင်သောအခါ သူတို့၏ မျက်နှာထက်တွင်လည်း အားကျမှုများဖြင့် ပြည့်နှက်နေသည်။

သူတော်စင်တစ်ပါး၏ ဘေးတွင် ရှိနေခွင့်ရခြင်းမှာ မည်မျှ ကံကောင်းကြောင်း လူတိုင်း သိကြသည်။

သို့သော် ကမ္ဘာပေါ်ရှိ သာမန်လူ အများစုမှာမူ လင်းဖုန်းကို အားကျခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အာရုံစိုက်မှုမှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ဒဏ္ဍာရီဆန်လှသော လက်ဝါးရိုက်ချက်ကြောင့် ဖမ်းစားခံထားရပြီး ဖြစ်သောကြောင့်ပင်။

ထိုလက်ဝါးကြီးက မည်မျှအထိ ကြီးမြတ်ခမ်းနားလိုက်သနည်း။ နည်းပညာမြင့် လက်နက်များဖြင့်ပင်လျှင် ၅ ကီလိုမီတာ ပတ်လည်ကို မြေပြင်နှင့် တစ်ပြေးတည်းဖြစ်အောင် ဖျက်ဆီးပစ်ရန် အတော်လေး ခက်ခဲပေလိမ့်မည်။ သို့သော် ဤသည်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက် တစ်ချက်သာ ဖြစ်သည်။

ထို့ကြောင့် အင်တာနက်ပေါ်တွင် "သူတော်စင်၏ စွမ်းအား" နှင့် ပတ်သက်၍ နောက်ထပ် ဆွေးနွေးမှုများ ပြုလုပ်လာကြသည်။ သူတို့ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သို့တည်းမဟုတ် ကောလာဟလ သက်သက်သာ ဖြစ်စေ လူတိုင်းက ထိုအကြောင်းရာကို အားတက်သရော ဆွေးနွေးနေကြသည်။ လူသား သူတော်စင်တစ်ပါး၏ စွမ်းအား မည်မျှ အစွမ်းထက်ကြောင်း သူတို့အားလုံး ခွဲခြမ်းစိတ်ဖြာနေကြသည်။

နဂါးကျောက်တုံးမြို့၊ ကပ်ပါးပြု သားရဲများ၊ သေဆုံး သွားသော သို့တည်းမဟုတ် ဒဏ်ရာရသွားသော သိုင်းသမားများနှင့် အခြားကိစ္စရပ်များကိုမူ သာမန်လူများက မေ့ပျောက်သွားကြပြီ ဖြစ်သည်။ လူသားများသည် အမေ့တတ်ဆုံး သတ္တဝါများ ဖြစ်ကြသည်။ သူတို့သည် စိတ်ဝင်စားစရာကောင်းသော အရာများကိုသာ အာရုံစိုက်တတ်ကြသည်။

သံသယဖြစ်ဖွယ်မရှိဘဲ ယခုအချိန်တွင် သူတို့ စိတ်အဝင်စားဆုံးအရာမှာ သူတော်စင်၏ လက်ဝါးရိုက်ချက်ပင် ဖြစ်သည်။

ကောင်းကင်ယံတွင် လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့သည် သုတေသနဌာနဆီသို့ အရှိန်ပြင်းပြင်း ပျံသန်းသွားကြသည်။

လမ်းတစ်လျှောက်တွင် လင်းဖုန်းသည် အချိန်အတော်ကြာအောင် မျိုသိပ်ထားရသည်။ သူ မေးချင်သော မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း နောက်ဆုံးတွင် သူ ထိန်းချုပ်ထားလိုက်သည်။ ယခုက မေးရမည့်အချိန် မဟုတ်ပေ။

သုတေသနဌာနမှာ မြို့နှင့် သိပ်မဝေးလှပေ။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်နှင့် လင်းဖုန်းတို့သည် သုတေသနဌာနသို့ မကြာမီ ရောက်ရှိသွားကြသည်။

ရွှစ်

ချက်ချင်းပင် လက်နက်ကိုင် စစ်သား အများအပြားနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သိုင်းသမားများ ရှေ့ထွက်လာကာ လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို ဝိုင်းရံလိုက်ကြသည်။ မည်သို့ပင်ဆိုစေ သုတေသနဌာနမှာ အရေးကြီးသော နေရာတစ်ခုဖြစ်ပြီး လွတ်လပ်စွာ ဝင်ထွက်ခွင့် မပြုထားပေ။

သို့သော် တစ်စုံတစ်ယောက်က လင်းဖုန်းနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို အမြန် မှတ်မိသွားပြီး အစောင့်များကို ချက်ချင်း ဖယ်ရှားလိုက်သည်။

"အဲဒီ ကပ်ပါးပြု သားရဲတွေနဲ့ ပတ်သက်တဲ့ သုတေသနက ဘယ်လိုနေလဲ"

ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"အရှင်လက်သီးသူတော်စင်... ပရော်ဖက်ဆာဝေ က ဓာတ်ခွဲခန်းထဲမှာ အကောင်းဆုံး သုတေသန လုပ်နေပါတယ်။ ပရော်ဖက်ဆာဝေ ကို အရှင်လက်သီးသူတော်စင်ဆီ ချက်ချင်း သတင်းပို့ခိုင်းလိုက်ပါ့မယ်"

"မလိုပါဘူး။ သူတို့ကို သုတေသနမှာပဲ အာရုံစိုက်ထားခိုင်းလိုက်ပါ။ ငါတို့ အရင် စောင့်နေကြတာပေါ့"

ထိုသို့ ပြောပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် လင်းဖုန်းကို ဧည့်ခန်းသို့ တိုက်ရိုက် ခေါ်သွားပြီး စောင့်နေလိုက်သည်။

"ကောင်လေး... မင်း မေးချင်တာရှိရင် မေးလို့ရပြီ။ ထပ်ပြီး မျိုသိပ်မထားနဲ့တော့"

လင်းဖုန်း မေးရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည်လည်း ရှားရှားပါးပါး အပြုံးတစ်ခုကို ပြသလိုက်သည်။ လင်းဖုန်းကို အထူးတလည် ခေါ်လာခဲ့ခြင်းမှာ သူ့ကို အခွင့်အရေးတစ်ခု ပေးရန် ရည်ရွယ်ရင်းပင် မဟုတ်ပါလား။

All Chapters