လမ်းညွှန်မှု
Vol. 7 Ch. 90
ဘာသာပြန် - အားသစ်
ဤသည်မှာ အမှန်တကယ်ပင် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်သည်။ လင်းဖုန်းသည် သဘာဝကျစွာပင် ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူသည် စကားလုံးများကို စနစ်တကျ စီစဉ်နေခြင်းသာ ဖြစ်သည်။ သူ၏အတွေးများကို စုစည်းပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်အား မေးလိုက်သည်။
"ကျောင်းအုပ်ကြီး... မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် မွေးရာပါစွမ်းရည်တွေကို နိုးထစေရုံနဲ့၊ ခန္ဓာကိုယ်ကို ဆက်ပြီး လေ့ကျင့်နေရုံနဲ့တင် ကျောင်းအုပ်ကြီးရဲ့ အဆင့်အတန်းမျိုးကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်"
လင်းဖုန်းသည် အလွန်ပင် လိမ္မာပါးနပ်စွာ မေးမြန်းနေခြင်း ဖြစ်သော်လည်း သူသည် အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ကို ဆက်လက်လေ့ကျင့်ပြီး သူ၏မျိုးရိုးဗီဇအတွင်းမှ စွမ်းအားများကို တူးဖော်နေလျှင်ပင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အဆင့်အတန်းသို့ မည်သို့လျှင် ရောက်ရှိနိုင်ပါမည်နည်း။
ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတစ်ခုဖြင့် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမှာ အလွန်ပင် မယုံနိုင်စရာကောင်းလှပြီး လင်းဖုန်း၏ လက်ရှိ နားလည်နိုင်စွမ်းကို အတိုင်းထက်အလွန် ကျော်လွန်နေခဲ့သည်။
ဥပမာအားဖြင့် လူတစ်ဦးသည် လေ့ကျင့်မှုဖြင့် ကီလိုဂရမ် ရာနှင့်ချီသော အရာဝတ္ထုများကို မနိုင်ကောင်း မနိုင်သော်လည်း ဂြိုဟ်တစ်ခုလုံးကို ပင့်မရန်မှာ လေ့ကျင့်ရုံဖြင့် လုံးဝ မဖြစ်နိုင်ပေ။
ဤသည်မှာ တူညီသော သဘောတရားမျိုး မဟုတ်သလို အံ့ဖွယ်အမှုဆိုသည့် စကားလုံးဖြင့်လည်း ရှင်းပြ၍ မရနိုင်ပေ။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အသာအယာ ပြုံးလိုက်ပြီး ပြောသည်။
"မဆိုးဘူး၊ မဆိုးဘူး။ မင်းမှာ ဒီမေးခွန်းကို သတိထားမိတဲ့ ထိုးထွင်းသိမြင်မှု ရှိတာပဲ။ ဒါဆို ငါ မင်းကို ပြန်မေးမယ်၊ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးတဲ့နောက် မင်း ဘယ်လို ခံစားရလဲ"
"ခံစားချက်လား... အရမ်းကိုအစွမ်းထက်လာတယ်လို့ ခံစားရပါတယ်။ ကျွန်တော့် ခန္ဓာကိုယ်က အလားအလာတွေကို အဆက်မပြတ် တူးဖော်နိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုလို ခံစားရပါတယ်။ ဒါပေမဲ့ အလားအလာတွေ ဘယ်လောက်ပဲ ကြီးမားပါစေ ကျောင်းအုပ်ကြီးရဲ့ အဆင့်အတန်းကိုတော့ ရောက်နိုင်မှာ မဟုတ်ပါဘူး"
အမှန်တကယ်ပင် ဤသည်မှာ လင်းဖုန်း၏ ခံစားချက်ဖြစ်သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် ရရှိလာသော စွမ်းအားမှာ အလွန်တရာသန်မာသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ပိုင်ဆိုင်ထားသော စွမ်းအားမျိုးနှင့်မူ လုံးဝ ကွဲပြားနေပုံရသည်။ နှစ်ခုမှာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။ မတူညီသော ကမ္ဘာနှစ်ခုအလားပင်။
"သိပ်ကောင်းတယ်။ ဒါတွေကို မင်း တွေးမိတာ ချီးကျူးစရာပဲ။ အမှန်တော့ ဒါတွေက အခြေခံ ဗဟုသုတတွေပါပဲ။ သာလွန်လူသား ကျွမ်းကျင်သူ ဘယ်သူ့ကိုမဆို မေးကြည့်လို့ ရပါတယ်။ မင်း မေးလာမှတော့ ငါ နည်းနည်း ပိုပြီး ပြောပြပေးမယ်။"
"လူသားခန္ဓာကိုယ်က တကယ်ပဲ ရတနာသိုက်ကြီးတစ်ခုပဲ။ ဒါပေမဲ့ ဒီရတနာသိုက်ကို ငါတို့ ဘယ်လို တူးဖော်မလဲ။ အစောပိုင်း အဆင့်တွေမှာတော့ လေ့ကျင့်ဖို့ သိုင်းပညာတွေကို အားကိုးနိုင်တယ်။ ဒါမှမဟုတ် ခန္ဓာကိုယ်ကို သန်မာစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကလည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပေးနိုင်တာပါပဲ။ ဒါပေမဲ့ အဲဒီနောက်မှာကော ဘာဖြစ်မလဲ။"
"ငါတို့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်တဲ့အခါ ငါတို့ရဲ့ အသက်ဝိညာဉ်ဟာ သန့်စင်သွားတယ်။ ဒါက တကယ်တော့ အသက်ဝိညာဉ်ရဲ့ အသွင်ကူးပြောင်းမှု တစ်ခုပဲ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ချိုးဖျက်နိုင်တဲ့ မျိုးရိုးဗီဇကန့်သတ်ချက်တွေ အများကြီး ရှိတယ်။ ချိုးဖျက်လိုက်တဲ့ အကြိမ်တိုင်းဟာ အသက်ဝိညာဉ်ရဲ့ အသွင်ကူးပြောင်းမှု တစ်ခုစီပဲ။"
"မျိုးရိုးဗီဇကန့်သတ်ချက်ကို တစ်ကြိမ် ချိုးဖျက်ဖို့က လွယ်ပေမဲ့ နှစ်ကြိမ်၊ သုံးကြိမ်၊ ဒါမှမဟုတ် လေးကြိမ်အထိ ချိုးဖျက်ဖို့ဆိုတာ မလွယ်ဘူး။ ဒီအဆင့်မှာတော့ ငါတို့က ကြယ်တာရာစွမ်းအားကို စုပ်ယူဖို့ လိုအပ်လာပြီ။ ကောင်းကင်ကြီးကို မင်း မြင်လား။ လူတိုင်း သိကြတဲ့အတိုင်း ငါတို့အထက်မှာ ကောင်းကင်မျက်နှာကြက်တစ်ခု ရှိတယ်။ ဒီမမြင်နိုင်တဲ့ ကောင်းကင်မျက်နှာကြက်က ငါတို့ကို ကန့်သတ်ထားပြီး ကြယ်တာရာတွေဆီကို သွားခွင့်မပြုသလို ထင်ရပေမဲ့ ငါတို့ကို ကာကွယ်ပေးထားတာလည်း ဖြစ်မနေဘူးလား။ ကြယ်တာရာတွေရဲ့ ဟိုဘက်မှာ ဘာရှိလဲဆိုတာ ငါတို့ မသိပေမဲ့ အနည်းဆုံးတော့ ဒီကောင်းကင်မျက်နှာကြက်ရဲ့ ကာကွယ်မှုကြောင့် ကြယ်တာရာစွမ်းအားထဲမှာ ဘယ်လို ရှုပ်ထွေးတဲ့အရာတွေ ပါလာမလဲဆိုတာ စိုးရိမ်စရာမလိုဘဲ စုပ်ယူနိုင်တာပေါ့။"
"ကြယ်တာရာတွေရဲ့ စွမ်းအားကို စုပ်ယူပြီးတော့ ငါတို့ ကိုယ်ပိုင် ကြယ်တာရာစွမ်းအားကို စုစည်းနိုင်တယ်၊ အဲဒီကတစ်ဆင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ဆက်ပြီး ချိုးဖျက်နိုင်သလို အသက်ဝိညာဉ်ရဲ့ အသွင်ကူးပြောင်းမှုကိုလည်း ပြီးပြည့်စုံစေနိုင်တယ်။ ရှေးခေတ်ကတည်းက ငါတို့ဟာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု ပြီးဆုံးတဲ့ အကြိမ်တိုင်းအပေါ် မူတည်ပြီး ကျင့်စဉ်အဆင့်တွေကို အသေးစိတ် ခွဲခြားထားခဲ့ကြတယ်။"
"မျိုးရိုးဗီဇကန့်သတ်ချက်ကို ပထမဆုံးအကြိမ် ချိုးဖျက်ပြီး အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု ဖြစ်ပေါ်တာကို ငါတို့က အသွင်ပြောင်းနယ်ပယ်လို့ ခေါ်တယ်။ အဓိပ္ပာယ်ကတော့ ငါတို့ဟာ ဖြည်းဖြည်းချင်း အသွင်ပြောင်းလာပြီး သာမန်လူသားတွေနဲ့ စတင် ကွဲပြားလာတာကို ဆိုလိုတာပဲ။"
"မျိုးရိုးဗီဇကန့်သတ်ချက်ကို ဒုတိယအကြိမ် ချိုးဖျက်ပြီး ဒုတိယအကြိမ် အသွင်ကူးပြောင်းမှု ဖြစ်ပေါ်တဲ့အခါ အသက်ဝိညာဉ်ရဲ့ အနှစ်သာရဟာ သာမန်လူတွေနဲ့ လုံးဝ ကွဲပြားသွားပြီ။ အမျိုးမျိုးသော စွမ်းရည်တွေဟာ ရှေးဟောင်းဒဏ္ဍာရီထဲက နတ်ဘုရားတွေနဲ့ ဆင်တူတယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကို နတ်ဘုရားနယ်ပယ်လို့လည်း ခေါ်ကြတယ်။ နည်းပညာတွေ မထွန်းကားခင်က ဒဏ္ဍာရီပုံပြင်တွေ အများကြီး ရှိခဲ့ဖူးတယ်။ အဲဒီထဲက အများစုက တကယ်တော့ မျိုးရိုးဗီဇကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်ထားတဲ့ အစောပိုင်း ကျင့်ကြံသူတွေရဲ့ အကြောင်းတွေပါပဲ။ နတ်ဘုရားတွေဆိုတာ တကယ် ရှိခဲ့ပေမဲ့ သူတို့က မျိုးရိုးဗီဇကန့်သတ်ချက်ကို နှစ်ကြိမ် ချိုးဖျက်ထားတဲ့ ကျင့်ကြံသူတွေသာ ဖြစ်ကြတယ်။"
"မျိုးရိုးဗီဇကန့်သတ်ချက်ကို တတိယအကြိမ် ချိုးဖျက်ဖို့ကတော့ နည်းပညာတွေ မထွန်းကားခင်က လူသားအနည်းငယ်ပဲ ချိုးဖျက်နိုင်ခဲ့ကြတာ။ တစ်ကမ္ဘာလုံးမှာ လက်ချိုးရေလို့ ရတဲ့အထိကို နည်းပါတယ်။ ပုံမှန်အားဖြင့် သူတို့ ပေါ်ထွက်လာရင် ခေတ်တစ်ခေတ်ရဲ့ အရှင်သခင်တွေ ဖြစ်လာကြတာပဲ။ အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု သုံးကြိမ် ပြီးမြောက်သွားတာကို ငါတို့က သာလွန်နတ်ဘုရားနယ်ပယ်လို့ ခေါ်တယ်"
"မျိုးရိုးဗီဇကန့်သတ်ချက်ကို စတုတ္ထအကြိမ် ချိုးဖျက်ပြီး စတုတ္ထအကြိမ် အသွင်ကူးပြောင်းမှုကတော့ နည်းပညာမထွန်းကားခင် ရှေးခေတ်တွေမှာ လုံးဝ မဖြစ်ပေါ်ခဲ့သလောက်ပါပဲ။ အနာဂတ်ဟောကိန်းထုတ်သူ တချို့က ခန့်မှန်းခဲ့ကြရင်တောင် ဘယ်သူမှ လက်တွေ့မှာ မရောက်ရှိခဲ့ကြဘူး။ နည်းပညာတွေ ထွန်းကားလာပြီး လူသားတွေက သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာမှ နည်းပညာတွေရဲ့ အကူအညီနဲ့ အစွမ်းထက်တဲ့ သားရဲတွေအပေါ် သုတေသနပြုနိုင်လာမှသာ နောက်ဆုံးမှာ စတုတ္ထအကြိမ် မျိုးရိုးဗီဇကန့်သတ်ချက်ကို ငါတို့ ချိုးဖျက်နိုင်ခဲ့တာ။ ဤနယ်ပယ်ကို သူတော်စင်နယ်ပယ်လို့ ခေါ်တာပဲ။"
လင်းဖုန်းသည် အလွန်ပင် ဂရုတစိုက် နားထောင်နေသော်လည်း သူ၏ စိတ်ထဲတွင် များစွာ တုန်လှုပ်နေခဲ့သည်။
သူအလွန့်အလွန် အံ့အားသင့်သွားခဲ့ရသည်။
ခေတ်မီလူ့အဖွဲ့အစည်းတွင် နည်းပညာများ တိုးတက်နေပြီး အင်တာနက်ပေါ်တွင် သတင်းအချက်အလက် အမျိုးမျိုး ရှိနေသော်လည်း ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ပြောပြသော မျိုးရိုးဗီဇကန့်သတ်ချက် အထက်မှ ကျင့်စဉ်အဆင့်များအကြောင်းကို လင်းဖုန်း တစ်ခါမှ မကြားဖူးခဲ့ပေ။
အွန်လိုင်းပေါ်တွင်ပင် မည်သည့် သတင်းအချက်အလက်မျှ မရှိပေ။
ဤသည်မှာ ဘာကို ဆိုလိုသနည်း။ ဤအချက်အလက်များသည် အွန်လိုင်းတွင် လျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ခံထားရသည်မှာ သေချာပေသည်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းမှာ ကျင့်ကြံခြင်း၏ အစသာ ရှိသေးကြောင်း သိလိုက်ရသည်။ အကယ်၍ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အဆင့်သို့ ရောက်လိုပါက အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု လေးကြိမ်နှင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို လေးကြိမ် ချိုးဖျက်ရန် လိုအပ်သည်။
ဤသည်မှာ မည်မျှအထိ ခက်ခဲပါမည်နည်း။
"ကျောင်းအုပ်ကြီး... အခု ကျောင်းအုပ်ကြီးက သူတော်စင်နယ်ပယ်မှာ ရှိနေတာပေါ့။ ဒါဆို သူတော်စင်နယ်ပယ်ရဲ့ အထက်မှာကော ဘာရှိပါသေးလဲ"
လင်းဖုန်းသည်လည်း အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။ နည်းပညာ ထွန်းကားလာပြီးနောက်မှသာ လူသားများသည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် သူတော်စင်နယ်ပယ်၏ နောက်ကွယ်တွင် ဘာများ ရှိနေဦးမည်နည်း။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ခေါင်းခါကာ ပြောသည်။
"သူတော်စင်နယ်ပယ်ရဲ့ အထက်မှာ ဘာရှိလဲဆိုတာ ငါလည်း မသိဘူး။ ပိုပြီး နက်နဲတဲ့ နယ်ပယ်တွေ ရှိနိုင်သလို မရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအားလုံးကတော့ လမ်းသစ်တစ်ခုကို ဖောက်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ငါးကြိမ် ချိုးဖျက်ပြိးတော့ အသက်ဝိညာဉ် အသွင်ကူးပြောင်းမှု ငါးကြိမ် ပြီးမြောက်အောင် လုပ်နိုင်မယ့်သူ ပေါ်လာမှသာ အတည်ပြုနိုင်မှာ။ အခုတော့ အရမ်းကြီး ရှေ့ဆက် တွေးမနေနဲ့။ မင်းရဲ့ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကို အရင်ဆုံး ကောင်းကောင်း ပြီးအောင် လုပ်ပါဦး။"
"ကျောင်းအုပ်ကြီး... ကြယ်တာရာစွမ်းအားကို ကျွန်တော် ဘယ်လို စုပ်ယူနိုင်မလဲ"
"ဒါတွေက အခြေခံအကျဆုံး အသိပညာတွေပါ။ မင်း အနန္တလမ်းစဉ်အကယ်ဒမီကို ဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုရင် ကျင့်ကြံခြင်းဆိုင်ရာ လမ်းညွှန်မှုတွေကို အလိုအလျောက် ရရှိမှာပါ။ စကားမစပ်... မင်း ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ကို ဆက်ပြီး လေ့ကျင့်ချင်တယ်ဆိုရင် အနန္တလမ်းစဉ်အကယ်ဒမီကို ဝင်လိုက်ပါ။ အနန္တလမ်းစဉ်အကယ်ဒမီက သာလွန်လူသား ကျွမ်းကျင်သူတွေပဲ ကိုးထပ်ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ တတိယအဆင့်အထက် အကြောင်းအရာတွေကို ဝယ်ယူခွင့် ရှိတာ။"
"ကျွန်တော် အနန္တလမ်းစဉ်အကယ်ဒမီကို ဝင်ပြီးသား မဟုတ်ဘူးလား"
လင်းဖုန်း အနည်းငယ် ကြောင်သွားသည်။ သူသည် လက်ရှိတွင် အနန္တလမ်းစဉ်အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။
"ဟားဟား... အနန္တလမ်းစဉ်အကယ်ဒမီက မင်းကို သေချာပေါက် ကြိုဆိုပါတယ်။ ဒါပေမဲ့ တခြား အဖွဲ့အစည်းတွေကတော့ အဲဒီလို မြင်မှာ မဟုတ်ဘူး။ အချိန်ရရင် အခြေအနေအသေးစိတ်ကို လုံကျိုးကို မေးကြည့်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းက သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာ မဟုတ်လား။ ကဲ... ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ ကောင်လေး... မင်းအပေါ် ငါ မျှော်လင့်ချက်တွေ အများကြီး ထားထားတယ်နော်။ နောက်တစ်ကြိမ် ငါတို့ ထပ်တွေ့တဲ့အခါ မင်း ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ကူးပြောင်းမှုကို ပြီးမြောက်ပြီး နတ်ဘုရားနယ်ပယ်ကို ရောက်နေလိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
ထိုသို့ ပြောပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ထရပ်လိုက်သည်။ ထင်ရှားကျော်ကြားသော သူတော်စင်တစ်ပါးအနေဖြင့် လင်းဖုန်း၏ မေးခွန်းအချို့ကို ဖြေကြားပေးခဲ့ခြင်းမှာပင် အလွန် ရက်ရောလွန်းလှပြီဖြစ်သည်။ ဤသည်မှာ လင်းဖုန်း၏ ကံကောင်းမှုပင်။
အမှန်စင်စစ် သာလွန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ လမ်းညွှန်မှုကို ရရှိနိုင်ရန် မသေချာပေ။
"အရှင်သူတော်စင်... စမ်းသပ်မှု ရလဒ်တွေ ထွက်လာပါပြီ။ အသစ်တွေ့ရှိချက်တွေလည်း ရှိပါတယ်"
သုတေသနပညာရှင်တစ်ဦး ဓာတ်ခွဲခန်းထဲမှ အပြေးအလွှား ရောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကောင်းပြီ၊ အထဲဝင်ပြီး သွားကြည့်ကြတာပေါ့"
တစ်ချိန်တည်းမှာပင် မြို့ပြင် တိုက်ပွဲကွင်းပြင်မှ အပျက်အစီးများကို ရှင်းလင်းနေသော စစ်သေနာပတိချုပ် လုံကျိုးသည်လည်း ဓာတ်ခွဲခန်းသို့ အပြေးအလွှားရောက်လာသည်။ သုတေသနပညာရှင်က သူ့ထံသို့လည်း သတင်းပို့ခဲ့ပုံရသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"လုံကျိုး... ငါတို့ အတူတူ ဝင်ကြည့်ကြတာပေါ့"
လုံကျိုးက တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။ သုတေသနဌာန၏ ရလဒ်များမှာ အလွန် အရေးကြီးလှသည်။ မြို့ပြင်ရှိ ကပ်ပါးပြု သားရဲများကို သုတ်သင်ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း အကယ်၍ ကပ်ပါးပြုသည့် နည်းလမ်းနှင့် လမ်းကြောင်းကို ရှာမတွေ့ပါက ဤစစ်ပွဲကို အောင်မြင်မှုအပြည့်အဝ ရရှိသည်ဟု သတ်မှတ်၍ မရနိုင်ပေ။