ဝက်အူရစ်ပိုးကောင်များ
Vol. 7 Ch. 91
ဘာသာပြန် - အားသစ်
ဓာတ်ခွဲခန်းအတွင်း၌ နုံးခွေနေသော သုတေသနပညာရှင်များစွာ ရှိနေသည်။ အထူးသဖြင့် သုတေသနကို ဦးဆောင်နေသည့် ပရော်ဖက်ဆာ ဝေယွမ်မှာ နေ့မအိပ် ညမအိပ်ဘဲ ရက်ပေါင်းများစွာ ကြိုးစားနေခဲ့ရခြင်း ဖြစ်သည်။ သူတို့သည် ကပ်ပါးပြု သားရဲများကို လေ့လာရန် သူတို့၏ စွမ်းဆောင်ရည်အားလုံးကို ပုံအောထားကြသည်။
“ပရော်ဖက်ဆာ ဝေယွမ်... သုတေသန ရလဒ်တွေက ဘယ်လိုရှိလဲ”
လုံကျိုးက စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်သည်။
ပရော်ဖက်ဆာ ဝေယွမ်က ခေါင်းမော့ကာ လုံကျိုးနှင့် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်တို့ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏ မျက်နှာထားမှာ အလွန်တည်ကြည်လေးနက်နေသည်။ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်၏ အဆင့်အတန်းကို သိသော်လည်း သူသည် ဇီဝဗေဒပညာရှင်တစ်ဦးသာဖြစ်ရာ သိုင်းသမားများကဲ့သို့ စိတ်လှုပ်ရှားခြင်း မရှိပေ။
ပရော်ဖက်ဆာ ဝေယွမ်၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး အသံဩဩဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
“အရှင်လက်သီးသူတော်စင်၊ စစ်သေနာပတိချုပ်... ကျွန်တော်တို့ ဒီကာလအတွင်းမှာ မျှော်လင့်ထားတဲ့အတိုင်း ကပ်ပါးပြု သားရဲတွေနဲ့ ပတ်သက်ပြီး ရလဒ်တချို့ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ”
“အခု ပေါ်ထွက်လာတဲ့ ကပ်ပါးပြု သားရဲတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆဲလ်လှုပ်ရှားမှုတွေက အရမ်းကို အားကောင်းပြီးတော့ သူတို့ရဲ့ ဆဲလ်တွေက အဆက်မပြတ် ကွဲပွားနိုင်စွမ်း ရှိပါတယ်။ အဲဒီကွဲပွားလာတဲ့ ဆဲလ်တွေဟာ သင့်တော်တဲ့ အခြေအနေတွေအောက်မှာ သက်ရှိပုံစံတစ်ခုအဖြစ်တောင် ပြည့်ပြည့်စုံစုံ ဖွံ့ဖြိုးလာနိုင်ပါတယ်၊ အဲဒါကတော့ ကပ်ပါးပြုခြင်းပါပဲ။ ဒါပေမဲ့ ဒီလို ပြည့်စုံတဲ့ ဇီဝမျိုးရိုးဗီဇလက္ခဏာတွေရှိတဲ့ ဆဲလ်တွေက အများကြီးတော့ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့က သက်ရှိသတ္တဝါတွေရဲ့ ဆဲလ်တချို့ကို သတ်မှတ်ထားတဲ့ နည်းလမ်းတစ်ခုနဲ့ ကပ်ပါးပြုဖို့ လိုအပ်ပါတယ်”
“ဒီနည်းလမ်းကို ကျွန်တော်တို့ အတည်ပြုပြီးပါပြီ။ သူတို့က သွေးကနေတစ်ဆင့် ပြန့်နှံ့ပြီး လက်ခံကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ကပ်ပါးပြုဝင်ရောက်ကြတာပါ။ ဒါကြောင့် ကျွန်တော်တို့မှာ ဒဏ်ရာမရှိသရွေ့ အဲဒီသားရဲတွေက ကျွန်တော်တို့ကို ကပ်ပါးပြုလို့ မရပါဘူး”
လုံကျိုးနှင့် လင်းဖုန်းတို့ နှစ်ယောက်စလုံး သဘောပေါက်သွားကြသည်။ နဂါးတောင်အခြေစိုက်စခန်းမှ ဆုတ်ခွာလာသော သိုင်းသမားများစွာထဲတွင် တချို့မှာသာ ကပ်ပါးပြုခံရပြီး တချို့မှာ ဘာမှမဖြစ်သည်မှာ မဆန်းတော့ပေ။
သားရဲများသည် သွေးကတစ်ဆင့် ကပ်ပါးပြုခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။ တစ်နည်းအားဖြင့် ဒဏ်ရာရထားသူများသာ အခွင့်ကောင်းယူခံရခြင်း ဖြစ်သည်။ ထိုသားရဲများသည် ဒဏ်ရာမရှိသော သိုင်းသမားများကို ကပ်ပါးပြုနိုင်စွမ်း မရှိပေ။
ပရော်ဖက်ဆာ ဝေယွမ်က ခဏနားပြီး ဆက်ပြောသည်။ “နောက်ထပ် တွေ့ရှိချက်တစ်ခုကတော့ မျိုးရိုးဗီဇ ပိုမိုသန်မာလေလေ၊ သားရဲတွေ ကပ်ပါးပြုဖို့ ပိုခက်ခဲလေလေပဲ။ ကပ်ပါးပြုဖို့ လုံးဝ မဖြစ်နိုင်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။ ဥပမာအနေနဲ့ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားတဲ့ သာလါန်လူသားကျွမ်းကျင်သူတွေကိုတော့ သားရဲတွေက ကပ်ပါးပြုလို့ မရပါဘူး”
ဤသည်မှာ ယုတ္တိရှိပေသည်။ သာလွန်လူသား ၁၆ ဦးသည် နတ်ဆိုးများနှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ကြရာ အချို့မှာ ဒဏ်ရာရရှိခဲ့မည်မှာ သေချာသော်လည်း တစ်ဦးမျှ ကပ်ပါးပြုခြင်း မခံခဲ့ရပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသရွေ့ ကပ်ပါးပြုခြင်းမှ ကင်းလွတ်ခွင့် ရရှိထားပုံရသည်။
ယခုအခါ ကပ်ပါးပြုရသည့် အကြောင်းရင်းနှင့် ပြန့်နှံ့ပုံနည်းလမ်းများမှာ ရှင်းလင်းသွားပြီဖြစ်ရာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က အေးအေးဆေးဆေးပင် မေးလိုက်သည်။
“တစ်ယောက်ယောက်မှာ ကပ်ပါးပိုး ရှိ၊ မရှိကို ခွဲခြားနိုင်မယ့် နည်းလမ်းကိုရော ရှာတွေ့ပြီလား”
“ကျွန်တော်တို့မှာ အကြမ်းဖျင်း အယူအဆတွေ ရှိပါပြီ။ ဒီသားရဲတွေရဲ့ ကပ်ပါးပြုမှုဟာ တစ်ပတ်လောက် ရောဂါပျိုးချိန် ရှိပြီး အချို့မှာတော့ ပိုတိုနိုင်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးရေး ကိရိယာတွေကို ချက်ချင်း ထုတ်လုပ်ပါ့မယ်။ ကပ်ပါးပိုးက ရောဂါပျိုးချိန်အတွင်းမှာ ရှိနေသရွေ့ ကျွန်တော်တို့ သေချာပေါက် ရှာဖွေနိုင်မှာပါ”
“ကုသနည်းကရော”
လုံကျိုးက လေသံခပ်တိုးတိုးဖြင့် မေးလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်တွင် ကပ်ပါးပိုး ရှိနေပါက ရောဂါအစပျိုးချိန်အတွင်း ရှာတွေ့လျှင်တောင် သီးသန့်ခွဲထားပြီး သေမည့်အချိန်ကိုပဲ စောင့်နေရမှာလား။
“နည်းလမ်းရှိပါတယ်။ ကျွန်တော်တို့ သားရဲတွေရဲ့ သွေးကို လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ သွေးဟာ ကပ်ပါးမျိုးစေ့တွေအတွက် သေစေနိုင်တဲ့ အစွမ်းရှိတာကို တွေ့ရပါတယ်။ ဒီဆေးကို ဖော်စပ်နိုင်တာနဲ့ ကပ်ပါးပြုတဲ့ ပြဿနာကို အမြစ်ပြတ် ဖြေရှင်းနိုင်မှာပါ”
ပရော်ဖက်ဆာ ဝေယွမ်က အဖြေကိုပါ တစ်ပါတည်း ပြောကြားနိုင်ခဲ့သည့်အတွက် လုံကျိုး နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကလည်း ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောသည်။
“သိပ်ကောင်းတယ်။ စစ်ဆေးရေး ကိရိယာတွေနဲ့ ဆေးဝါးတွေကို အမြန်ဆုံး ထုတ်လုပ်ပါ။ ကပ်ပါးပြု သားရဲတွေက အခုဆိုရင် တစ်ကမ္ဘာလုံးကို ဖြည်းဖြည်းချင်း ပြန့်နှံ့နေပြီ”
“ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
“စကားမစပ်... ဒီသားရဲအတွက် နာမည်တစ်ခုခု ပေးထားတာ ရှိလား။ ဒီသားရဲကပ်ဘေးက အဓိက ဖြစ်ရပ်တစ်ခုပဲ။ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေလည်း အများကြီးပဲ။ ဒါ့အပြင် အရင်းအမြစ်ကိုလည်း ရှာမတွေ့သေးဘူး။ အခုလာတာတွေက သာမန်နတ်ဆိုးတွေပဲ ရှိသေးတာ”
“နာမည်လား... ကျွန်တော်တို့ သုတေသနဌာနကတော့ အဲ့ကောင်တွေကို ဝက်အူရစ်ပိုးကောင်လို့ ခေါ်ပါတယ်”
“ဝက်အူရစ်ပိုးကောင်လား... ကောင်းပြီ။ ဒီသားရဲတွေကို ဝက်အူရစ်ပိုးကောင်လို့ပဲ ခေါ်ကြတာပေါ့။ ငါ အခု ပြင်ပနယ်မြေထဲအထိ သူတို့ကို ဆက်ပြီး လိုက်မလားဆိုတာ တခြား သူတော်စင်တွေနဲ့ တိုင်ပင်ဖို့ သွားတော့မယ်။ ဒီဝက်အူရစ်ပိုးကောင်တွေက မရိုးရှင်းဘူး...”
ထိုသို့ ပြောပြီးနောက် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်သည် သုတေသနဌာနမှ ထွက်ခွာသွားခဲ့သည်။ သူသည် မီးတောက်လုံးကြီးအဖြစ် ပြန်လည်အသွင်ပြောင်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးကုပ်စက်ဝိုင်းဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ထွက်ခွာသွားသည်ကို မြင်သောအခါ လုံကျိုးမှာ ခေါင်းခါကာ မတတ်သာသည့် အပြုံးဖြင့် ပြုံးလိုက်မိသည်။ သူတော်စင်ကြီး ထွက်သွားပြီဖြစ်ရာ နဂါးကျောက်တုံးမြို့မှ အရှုပ်အထွေးများကို သူကသာ ဒိုင်ခံ ရှင်းလင်းရတော့မည် မဟုတ်ပါလား။
သို့သော် နောက်ဆုံးတွင် သူတို့ ဘေးကင်းသွားခဲ့ပြီ။ စစ်ဆေးရေး ကိရိယာများနှင့် ကပ်ပါးပိုးသတ်ဆေးများ ထုတ်လုပ်ရန် ကျန်နေသေးသော်လည်း အနည်းဆုံးတော့ ဝက်အူရစ်ပိုးကောင်များ၏ ခြိမ်းခြောက်မှုကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
နဂါးကျောက်တုံးမြို့သည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆက်ရှိနေခဲ့သည်။ သီးသန့်ခွဲထားရမည့်သူများကို ဆက်လက် ခွဲထားရဦးမည်။ နဂါးကျောက်တုံးမြို့ မငြိမ်မသက် မဖြစ်သရွေ့ ဝက်အူရစ်ပိုးကောင် ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ထိန်းချုပ်နိုင်မည် ဖြစ်သည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိဘဲ အကောင်းဆုံး ရလဒ်ပင်။
“ပရော်ဖက်ဆာဝေ... ခင်ဗျား ရက်အနည်းငယ်ကြာအောင် အနားမယူရသေးဘူး။ အောက်ထပ်ဆင်းပြီး ခဏလောက် နားလိုက်ပါဦး။ စစ်ဆေးရေး ကိရိယာတွေနဲ့ ဆေးဝါးတွေက တစ်ရက်၊ နှစ်ရက်အတွင်း အောင်မြင်မှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲလေ”
လုံကျိုးသည် ပရော်ဖက်ဆာ ဝေယွမ်၏ ငြင်းဆိုမှုများကို ဂရုမစိုက်ဘဲ လူလွှတ်ကာ ပရော်ဖက်ဆာကို ဓာတ်ခွဲခန်းထဲမှ အတင်းအကျပ် ခေါ်ထုတ်သွားစေလိုက်သည်။ အကယ်၍ ပရော်ဖက်ဆာသာ ဓာတ်ခွဲခန်းထဲတွင် ဆက်ရှိနေပါက အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် ရုတ်တရက် သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
လင်းဖုန်းနှင့် လုံကျိုးတို့သည်လည်း ဓာတ်ခွဲခန်းမှ ထွက်လာခဲ့ကြသော်လည်း သူတို့သည် ဧည့်ခန်းသို့ မသွားခဲ့ကြပေ။ ထိုအစား လင်းဖုန်းနှင့် လုံကျိုး နှစ်ဦးတည်းသာရှိသော တိတ်ဆိတ်သည့် အခန်းတစ်ခုသို့ သွားခဲ့ကြသည်။
သူတို့နှစ်ဦး ထိုင်လိုက်ပြီးနောက် လုံကျိုးသည် လင်းဖုန်းကို ဂရုတစိုက် အကဲခတ်ကြည့်ကာ မချီးကျူးဘဲ မနေနိုင်ဖြစ်သွားသည်။
“လင်းဖုန်း... မင်း ဒီတစ်ကြိမ်မှာ အများကြီး စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ နောက်ဆုံးမှာ မင်း ဘယ်အဖွဲ့အစည်းကိုပဲ သွားဖို့ ဆုံးဖြတ်ပါစေ၊ မင်းရဲ့ စွမ်းဆောင်မှုတွေနဲ့ဆိုရင် လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်ကို လျှောက်ထားဖို့ ပြဿနာမရှိနိုင်ဘူး”
လင်းဖုန်းမှာမူ ဇဝေဇဝါ ဖြစ်သွားသည်။ လုံကျိုး ဘာပြောနေသည်ကို သူ မသိပေ။ ထို့ကြောင့် လင်းဖုန်းက ဂရုတစိုက် မေးလိုက်သည်။
“စစ်သေနာပတိချုပ်... လူသားမျိုးနွယ်ရဲ့ သူရဲကောင်း တံဆိပ်ဆိုတာ ဘာကို ပြောတာလဲဗျ”
“မင်း မသိဘူးလား” လုံကျိုး အံ့အားသင့်သွားသည်။
“မသိပါဘူးခင်ဗျာ”
“စောနက သူတော်စင်ကြီးနဲ့ လိုက်သွားတုန်းက သူ မင်းကို အဲဒါတွေအကြောင်း မပြောပြဘူးလား”
“မပြောပါဘူး။ ကျောင်းအုပ်ကြီးက ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စအချို့ပဲ ပြောပြခဲ့တာပါ။ အခြေခံ ဗဟုသုတတွေနဲ့ ပတ်သက်ရင်တော့ စစ်သေနာပတိချုပ်ဆီမှာ မေးမြန်းဖို့ပဲ ပြောခဲ့ပါတယ်”
လုံကျိုးက ပြုံးလိုက်မိသည်။ ဤပြိုင်ဘက်ကင်းလက်သီးသူတော်စင်မှာ တကယ့်ကို မေ့တတ်သူတစ်ယောက်ပင်။ လင်းဖုန်းကဲ့သို့ ပါရမီရှင်တစ်ယောက်ကို အခွင့်ကောင်းယူပြီး သူ့ဘက်ပါအောင် မဆွဲဆောင်နိုင်ခဲ့လေခြင်း။
သို့သော် သေချာစဉ်းစားကြည့်လျှင် ပြိုင်ဘက်ကင်းလက်သီးသူတော်စင်ကဲ့သို့ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအတွက်မူ ယခုမှ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသည့် အသွင်ပြောင်းနယ်ပယ်မှ သိုင်းသမားတစ်ဦးကို အလေးမထားခြင်းမှာလည်း ဖြစ်နိုင်ပေသည်။ လင်းဖုန်း၏ စွမ်းဆောင်ရည်မှာ မည်မျှပင် ထူးချွန်ပါစေဦးတော့...။
“ကောင်းပြီ... မင်းက ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခဲ့တာဆိုတော့ ငါပဲ မင်းရဲ့ လမ်းညွှန်အဖြစ် လုပ်ပေးပါ့မယ်။ ဒါတွေက အခြေခံ ဗဟုသုတတွေ ဖြစ်ပေမဲ့ သေချာ မှတ်ထားပါ။”
“ပုံမှန်အားဖြင့် သိုင်းသမားတစ်ယောက်ဟာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးရင် အသွင်ပြောင်းနယ်ပယ်ကို ရောက်သွားတယ်။ ပြင်ပကမ္ဘာက သူတို့ကို သာလွန်လူသားလို့ ခေါ်ကြပေမဲ့ ငါတို့ကတော့ အသွင်ပြောင်းနယ်ပယ်မှာ ရှိနေတာကို မင်း သိထားရမယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းတွေအားလုံးက အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေနဲ့ ပတ်သက်ပြီးတော့ ဘုံသဘောတူညီချက်တစ်ခု ရှိကြတယ်၊ အဲဒါကတော့ သာလွန်လူသား သဘောတူညီချက်ပဲ။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က ဒီသဘောတူညီချက်ကို လက်မှတ်ထိုးထားကြတယ်။ အသေးစိတ်အချက်အလက်တွေ အများကြီး ရှိပေမဲ့ ငါ တစ်ခုချင်းစီ မရှင်းပြတော့ဘူး။ အချိန်တန်ရင် မင်းကို သဘောတူညီချက် စာချုပ် ပေးပါလိမ့်မယ်။”
“ငါ အဓိက ပြောချင်တာကတော့ မင်း အသွင်ပြောင်းနယ်ပယ်ကို ရောက်သွားပြီးရင် နောက်တစ်ကြိမ် ရွေးချယ်ခွင့် ရရှိမှာ ဖြစ်တယ်။ အရင်က မင်း ဘယ်အဖွဲ့အစည်းမှာပဲ ရှိခဲ့ရှိခဲ့၊ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်တာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးထဲကနေ မင်း ပြန်လည်ရွေးချယ်နိုင်တယ်။ အဲဒီအဖွဲ့အစည်းတွေကတော့ အစိုးရအဖွဲ့၊ စစ်တပ်၊ လုပ်ငန်းရှင်အုပ်စု၊ လွတ်လပ်သော ကျင့်ကြံသူများသမဂ္ဂနဲ့ ပညာရေးအဖွဲ့ ဆိုပြီး အဓိက အဖွဲ့ကြီး ငါးခု ရှိတယ်။”
“ဒီအဖွဲ့ကြီး ငါးခုထဲက တစ်ခုကို မင်း ရွေးချယ်ရမယ်။ သီအိုရီအရ ပြောရရင် ဒီအဖွဲ့ကြီး ငါးခုလုံးဟာ အသွင်ပြောင်းနယ်ပယ်ကို ရောက်လာတဲ့ သိုင်းသမားအသစ်တစ်ယောက်ကို ရရှိဖို့ ပွင့်ပွင့်လင်းလင်း ပြိုင်ဆိုင်ခွင့် ရှိကြတယ်။ အရှင်းဆုံး ပြောရရင် အခုအချိန်မှာ မင်းကို အဖွဲ့အစည်းတိုင်းက စိတ်ဝင်စားနေကြပြီးတော့ မင်းက အဖွဲ့အစည်းတွေ သူတို့ဘက်ပါအောင် လုယူဖို့ ကြိုးစားကြမယ့် အဓိကပစ်မှတ် ဖြစ်နေပြီ”
ဤသို့ ပြောရင်း လင်းဖုန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို ကြည့်ကာ လုံကျိုး မပြုံးဘဲ မနေနိုင်တော့ပေ။ ထိုစဉ်က သူကိုယ်တိုင်လည်း ဤကဲ့သို့ပင် ဇဝေဇဝါ ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။ ဤသည်မှာ သူတို့အားလုံး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံပင်။ တစ်ခါတစ်ရံတွင် ရွေးချယ်စရာများလွန်းခြင်းကလည်း တကယ်ကို ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်နေတတ်သည်။
(ဒီအပိုင်းမှာပြောတဲ့ ဝက်အူရစ်ပိုးကောင်ဆိုတာ screwwormကို ပြောတာပါ။ screwwormဆိုတာ ယင်ကောင်ဥတွေကနေ ပေါက်ဖွားလာတတ်တဲ့ လောက်ကောင်တွေပါပဲ။ ဒီနေရာမှာ ဝက်အူရစ်ပိုးကောင်လို့ တိုက်ရိုက် ဘာသာပြန်လိုက်တာပိုကောင်းလား၊ ဒါမှမဟုတ် လောက်ကောင်လို့ ပြန်တာပိုကောင်းလား။ ဘယ်ဟာကိုပိုသဘောကျလဲ။ ဒါမှမဟုတ် ပိုကောင်းတဲ့ ဝေါဟာရတစ်ခုခုရှိလား။ အကြံပေးခဲ့ကြပါအုံး။)