← Chapters

အသွင်ပြောင်းလဲခြင်း

Vol. 7 Ch. 82

အသွင်ပြောင်းလဲခြင်း

Vol. 7 Ch. 82

ဘာသာပြန် - အားသစ်

နီရဲသော သွေးများ၊ ပုပ်ညှီနံစော်နေသော အနံ့များနှင့် အော်ဟစ်ဟိန်းဟောက်သတ်ဖြတ်သံများမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပျံ့လွင့်နေသည်။

ပတ်ဝန်းကျင်မှာ အလွန်ပင် ရင်းနှီးလွန်းလှသည်။ လင်းဖုန်း နိုးလာခဲ့ပြီ။ သူသည် အလုံးစုံမှောင်မိုက်နေသော အမှောင်ထုလှောင်အိမ်ကို ချိုးဖျက်ကာ အနှောင်အဖွဲ့များကို ဖျက်ဆီးနိုင်ခဲ့ပြီ ဖြစ်၏။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ ပြန်လည်နိုးထလာခဲ့လေပြီ။

သို့သော် လင်းဖုန်း နိုးလာသော်လည်း ချက်ချင်း မလှုပ်ရှားနိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို ဖြတ်သန်းနေရဆဲ ဖြစ်သောကြောင့်ပင်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရပြီး အရိုးများအားလုံး ကြေမွနေခဲ့သည်။ သူ့ ခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သော အသားစဟူ၍ တစ်နေရာမျှပင် မရှိတော့ပေ။

လင်းဖုန်း၏ ထူးခြားသော ပြန်လည်ကုသနိုင်စွမ်းဖြင့်ပင် ဤကဲ့သို့သော ဒဏ်ရာမျိုးမှ ပြန်လည် ကောင်းမွန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ယခုမူ မတူတော့ပေ။ လင်းဖုန်းသည် အသွင်ပြောင်းလဲခြင်းကို လုပ်ဆောင်နေပြီ ဖြစ်သည်။ အသွင်ပြောင်းလဲခြင်းဆိုသည်မှာ အဘယ်သို့နည်း။ ယင်းမှာ အလုံးစုံပြန်လည်မွေးဖွားခြင်း၊ ဘဝ၏ အကူးအပြောင်း၊ မျိုးရိုးဗီဇများကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် အံ့ဖွယ်အကောင်းဆုံး အသက်စွမ်းအားများ ပွင့်လန်းလာခြင်းပင် ဖြစ်သည်။

လင်းဖုန်းသည် မိခင်၏ ဝမ်းတွင်းသန္ဓေသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားနေရသည်။ သူ့တစ်ကိုယ်လုံး ရေပူစမ်းတွင်စိမ်နေရသည့်အလား နွေးထွေးနေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ သေဆုံးခြင်း၊ ပြန်လည်မွေးဖွားခြင်း၊ ထပ်မံသေဆုံးခြင်းနှင့် ထပ်မံမွေးဖွားခြင်းတို့ကို သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

ထိုအချိန်မှစ၍ ဆဲလ်များသည် အဆက်မပြတ် ကွဲပွားလာပြီး အဆက်မပြတ် သေဆုံးသွားကြသည်။ နောက်ဆုံးတွင် အကြိမ်ကြိမ် ပြန်လည်ပြုပြင်ပြီးနောက် ဆဲလ်အသစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာသည်။

နောက်ထပ် အံ့ဖွယ်စွမ်းအားတစ်ခုမှာ သူ၏ ဆဲလ်များအတွင်းမှ ပေါ်ထွက်လာပြီး ယားကျိကျိ ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ ထိုအံ့ဖွယ်စွမ်းအား ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လင်းဖုန်း၏ ဒဏ်ရာများမှာ သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် သိသာထင်ရှားသော အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာသည်။

ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာရုံသာမက သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာလည်း အဆက်မပြတ် ကွဲပွားကာ အသစ်ပြန်ဖြစ်နေကြသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျင်မြန်စွာ ပြန်လည် တည်ဆောက်ခံနေရသည်။

လင်းဖုန်း အစိုးရိမ်ဆုံးအရာမှာ သူ၏ ထူးဆန်းသော ရောဂါပင် ဖြစ်သည်။ ယခင်က သူ၏ သိစိတ်ကို ရှာတွေ့သောအခါ သူ့ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော ဆဲလ်များမှာ အဆက်မပြတ် အားနည်းလာပြီး သူ၏ အသက်စွမ်းအားများ ကုန်ဆုံးနေသည်ကို သူရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ ထိုအရှိန်အတိုင်းဆိုလျှင် သူသည် တစ်နှစ်ထက်ပို၍ အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော် ယခု သူ ဘာကို ခံစားနေရသနည်း။

ယခင်က အသက်စွမ်းအားများ တဖြည်းဖြည်း ကုန်ဆုံးနေပြီး ဆဲလ်များ ပျက်စီးနေသော ခံစားချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား သူခန္ဓာကိုယ်တစ်ခုလုံး ရှင်သန်ခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ လင်းဇုန်းသည် ခန္ဓာကိုယ်အတွင်း၌ များပြားလှသော အသက်စွမ်းအားများ တဖြည်းဖြည်း အဆက်မပြတ် စုစည်းလာသည်ကို သူ ရှင်းလင်းစွာ ခံစားနေရသည်။

အသက်စွမ်းအားသည် အရာအားလုံးပင်။ ရောဂါဖြစ်စေ၊ ဒဏ်ရာဖြစ်စေ အသက်စွမ်းအားသာ ရှိနေပါက ဘာမှ ပြဿနာမဟုတ်တော့ပေ။ ယခု လင်းဖုန်းသည် အသွင်ပြောင်းလဲခြင်းကို ဖြည်းညင်းစွာ လုပ်ဆောင်နေဆဲပင် ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း မပြီးဆုံးသေးသော်လည်း သူသည် ကြီးမားသော အသက်စွမ်းအားများကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားချိန်တွင် မည်သည့်ပြောင်းလဲမှုများ ဖြစ်လာလိမ့်မည်နည်း။

အမှန်စင်စစ် လင်းဖုန်း၏ ရင်ထဲတွင် အနည်းငယ် ခန့်မှန်းထားမိပြီးသားပင်။ ပုံမှန်အားဖြင့် သိုင်းသမားတစ်ဦး၏ အသွင်ပြောင်းလဲခြင်းမှာ သူတို့၏ ကိုယ်ပိုင် မျိုးရိုးဗီဇများကိုသာ အသွင်ပြောင်းလဲခြင်း ဖြစ်သည်။ သူကရော... သူသည် သားရဲမျိုးရိုးဗီဇ လေးမျိုးကို ပေါင်းစပ်ထားသူ ဖြစ်သည်။ သားရဲတိုင်း၏ မျိုးရိုးဗီဇမှာ သူ၏ ကိုယ်ပိုင် မျိုးရိုးဗီဇထက် မနိမ့်ကျပေ။ ဤသည်မှာ မည်သည်နှင့် တူသနည်း။ ယင်းမှာ လင်းဖုန်း၏ ကိုယ်ပိုင် မျိုးရိုးဗီဇ ငါးဆစာ အသွင်ပြောင်းလဲခြင်းနှင့် ညီမျှကာ သူ၏ သဘာဝ အသက်စွမ်းအားမှာလည်း သာမန်သိုင်းသမားများထက် ငါးဆမက ပိုမို များပြားလာပေလိမ့်မည်။

သူ၏ ထူးဆန်းသော ရောဂါမှာလည်း ဤကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လင်းဖုန်း သူ၏ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ၏ စိတ်ဝိညာဉ်ပါ လွတ်လပ်ပေါ့ပါးသွားသည်။ ထိုထူးဆန်းသော ရောဂါမှာ သူ့အပေါ်တွင် ဧရာမ ကျောက်တုံးကြီးတစ်ခုအလား အမြဲတစေ ဖိစီးနေခဲ့သည်။

လင်းဖုန်း ဘာပဲလုပ်လုပ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် သူသည် အမြဲတမ်း ကိုယ်စိတ်နှလုံး ပင်ပန်းနေခဲ့ရပြီး ထိုဝန်ထုပ်ဝန်ပိုးကြီးကို မဖယ်ရှားနိုင်ခဲ့ပေ။

ယခုမူ ထိုရောဂါဆိုးမှာ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကြောင့် အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေပြီ။ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိတော့ဘဲ ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းနှင့် အသက်အနှစ်သာရအကူးအပြောင်းကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှုများသာ ရှိတော့သည်။

သိုင်းသမားတစ်ဦး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်သည် အချိန်အတိုင်းအတာတစ်ခုအထိ အသွင်ပြောင်းလဲခြင်းကို ခံယူရသည်။ ယင်းဖြစ်စဥ်မှာ နှစ်လ၊ သုံးလခန့် ကြာနိုင်သလို အနည်းဆုံး ဆယ်ရက်မှ နာရီဝက်ခန့်အထိလည်း ကြာမြင့်နိုင်ပေသည်။ သီအိုရီအရ အသွင်ပြောင်းလဲခြင်း အချိန်ပိုကြာလေလေ သိုင်းသမား၏ အခြေခံမှာ ပိုမိုနက်ရှိုင်းလေလေ ဖြစ်ပြီး ပိုမို များပြားသော အကျိုးကျေးဇူးများကို ရရှိစေလေ ဖြစ်သည်။

ပုံမှန်အားဖြင့် အသွင်ပြောင်းလဲခြင်း ပြီးဆုံးရန် နှစ်လ သို့မဟုတ် သုံးလခန့် ကြာမြင့်တတ်သည်။ အသွင်ပြောင်းလဲခြင်း ပြီးဆုံးသွားသည်နှင့် သာလွန်လူသား ကျွမ်းကျင်သူများထဲတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။ သို့သော် ထိုကဲ့သို့သော သိုင်းသမားမှာ အလွန်ပင် နည်းပါးလှသည်။

လင်းဖုန်းအနေဖြင့် အသွင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ချက်ချင်း အပြီးသတ်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း သူသည် အသွင်ပြောင်းလဲခြင်းဖြစ်စဥ်ကို စတင်နေပြီ ဖြစ်သဖြင့် သူ့ခန္ဓာကိုယ်မှာ အချိန်တိုင်း တိုးတက်ပြောင်းလဲနေသည်။ ဆင့်ကဲပြောင်းလဲနေသော ခန္ဓာကိုယ်အတွင်းမှ ခွန်အားအသစ်များ အဆက်မပြတ် မွေးဖွားလာနေပြီ ဖြစ်သည်။

မည်သူမျှ လင်းဖုန်းကို သတိမထားမိကြပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ အာရုံစိုက်မှုမှာ စစ်သေနာပတိချုပ် လုံကျိုးထံတွင်သာ ရှိနေသောကြောင့်ပင်။ လုံကျိုးသည် လက်ရှိတွင် နတ်ဆိုး ခြောက်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသဖြင့် အလွန်ပင် အန္တရာယ်ရှိသော အခြေအနေတွင် ရောက်ရှိနေသည်။

ဒုတ်

နောက်ထပ် နတ်ဆိုးတစ်ကောင်၏ လက်တံက လုံကျိုးကို ပြင်းထန်စွာ ရိုက်နှက်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးနောက် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ များစွာ တိုးတက်လာခဲ့သဖြင့် သာမန်ဒဏ်ရာများကို လျင်မြန်စွာ ပြန်လည် ကုသနိုင်စွမ်း ရှိသည်။

သို့သော် သူသည် တူညီသော အဆင့်ရှိ နတ်ဆိုး ခြောက်ကောင်၏ ဝိုင်းရံခြင်းကို ခံနေရခြင်း ဖြစ်သည်။ နတ်ဆိုးတိုင်း၏ သာမန် တိုက်ခိုက်မှုတစ်ခုတွင်ပင် ခွန်အား တန် ၂၀၀ ကျော် ပါဝင်နေသည်။

ထိုတိုက်ခိုက်မှုနှင့် ထိမှန်ရုံမျှဖြင့်ပင် ပြင်းထန်သော အကျိုးဆက်များကို ခံစားရနိုင်ပေသည်။ လုံကျိုးသည် သူ၏ သန်မာသော ခန္ဓာကိုယ်ကြောင့် တိုက်ခိုက်မှုများစွာကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း သူသည် ထိုနတ်ဆိုးများကဲ့သို့ မသေနိုင်သော ဂုဏ်သတ္တိမျိုးကိုမူ မပိုင်ဆိုင်ထားပေ။

သူ၏ ဒဏ်ရာများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ သူ၏ တိုက်ခိုက်မှုများမှာလည်း တဖြည်းဖြည်း အားနည်းလာသည်။ စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသော လုံကျိုးသည် တဖြည်းဖြည်း အားနည်းသော အနေအထားသို့ ရောက်ရှိလာပြီး အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်နေရပြီ ဖြစ်သည်။

လူတိုင်း စိုးရိမ်နေကြသည်။ လုံကျိုး၏ အရေးပါမှုကို သူတို့အားလုံး သိကြသည်။ သူသည် နဂါးကျောက်တုံးမြို့ တိုက်ပွဲ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြယုဂ်တစ်ခုပင်။ အကယ်၍ လုံကျိုးပင် သေဆုံးသွားပါက နဂါးကျောက်တုံးမြို့အတွက် ဘာမျှော်လင့်ချက် ရှိပါဦးမည်နည်း။

ထို့အပြင် ယခုအချိန်အထိ ရှစ်နာရီကျော်သာ ရှိသေးသည်။ ဆယ်နာရီ ပြည့်ရန် အချိန်အတော်အတန် လိုနေသေးသည်။ လုံကျိုး သေဆုံးသွားသည်နှင့် ဤနတ်ဆိုးများကို မည်သူက ဆက်လက် ရင်ဆိုင်နိုင်ပါမည်နည်း။

နဂါးကျောက်တုံးမြို့သည်လည်း ချက်ချင်းပင် ငရဲခန်းတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ကျမှ ပြိုင်ဘက်ကင်းလက်သီးသူတောစင် ရောက်လာခဲ့လျှင်ပင် သူသည် သန်းနှင့်ချီသော သားရဲများကို ရင်ဆိုင်ရပေလိမ့်မည်။

ဤမြင်ကွင်းကို စိတ်ကူးကြည့်ရန်ပင် ကြောက်စရာ ကောင်းလှသည်။

ထို့ကြောင့် လုံကျိုး သေဆုံး၍ မဖြစ်ပေ။

မရေမတွက်နိုင်သော လူများ ဆုတောင်းနေကြပြီး အံ့ဖွယ်အမှုတစ်ခုကို မျှော်လင့်နေကြသော်လည်း မည်သည့်အံ့ဖွယ်အမှုမှ ဖြစ်မလာခဲ့ပေ။ လုံကျိုး ဆက်လက် မတောင့်ခံနိုင်တော့ပေ။ သာလွန်လူသားအဆင့် ကျွမ်းကျင်သူများသည် သာမန်လူများထက် သာလွန်ကောင်းမွန်သော ခံနိုင်ရည် ရှိကြသော်လည်း သူသည် နတ်ဆိုး ခြောက်ကောင်ကို ဤမျှကြာအောင် တောင့်ခံထားပြီး ဖြစ်ရာ ယခုမူ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ချေသည်။

ဘန်း

လုံကျိုးသည် ၁၀ ခုထက်မနည်းသော လက်တံများ၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချခံလိုက်ရသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တလုံးလုံး ထသွားသည်။ လုံကျိုး ပြန်လည် ခုန်ထွက်လာသော်လည်း သူ၏ အကန့်အသတ်သို့ ရောက်နေပြီဖြစ်ကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

မျက်စိတစ်ဆုံးတွင် သားရဲများသာ ရှိနေသည်။ လူသားသိုင်းသမားများမှာမူ မရှိသလောက်ပင် ဖြစ်သွားခဲ့ပြီ။

ထောင်နှင့်ချီသော သိုင်းသမားများအနက် မည်မျှ ကျန်ပါသေးသနည်း။ ၂၀၀ လော... ၃၀၀ လော...

လုံကျိုး၏ ရင်ထဲတွင် အလွန် နာကျင်နေသည်။ ဤသူများမှာ နဂါးတောင်အခြေစိုက်စခန်း၏ အထူးချွန်ဆုံး သိုင်းသမားများဖြစ်သလို အနန္တလမ်းစဉ်အကယ်ဒမီ၏ ပါရမီရှင်များလည်း ဖြစ်ကြသည်။ အနာဂတ်တွင် သူတို့ထဲမှ တစ်ဦး သို့မဟုတ် တစ်ဦးထက်မကသော သာလွန်လူသား ကျွမ်းကျင်သူများ ပေါ်ထွက်လာနိုင်ပေသည်။

သို့သော် ယခုမူ...

"နောက်ဆုံးတစ်ကြိမ်ပဲ..."

လုံကျိုး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည်လည်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရတော့မည်။ သူ သေဆုံးသွားလျှင်တောင်မှ ဤနတ်ဆိုးများကို အလွယ်တကူ အောင်ပွဲခံခွင့် မပေးနိုင်ပေ။ သူ၏ ရဲဘော် ရှစ်ဦးမှာလည်း တစ်ဦးပြီးတစ်ဦး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားခဲ့ကြပြီ ဖြစ်သည်။ သူသည် အချိန်ခဏမျှ ပို၍ တောင့်ခံချင်သော်လည်း မစွမ်းသာတော့ပေ။

သူသည် ဤနတ်ဆိုးများ၏ ဝါးမြိုခြင်းကို မခံချင်ပေ။ ကပ်ပါးပြုခြင်းအပြင် ဤနတ်ဆိုးများသည် ဝါးမြိုသူများလည်း ဖြစ်ကြသည်။ အကယ်၍ သူတို့သာ သာလွန်လူသား ကျွမ်းကျင်သူများ၏ ရုပ်အလောင်းများကို ဝါးမြိုသွားပါက သူတို့ မည်မျှအထိ အစွမ်းထက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

ဤသည်မှာလည်း သာလွန်လူသား ရှစ်ဦးစလုံး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ရွေးချယ်ခဲ့ကြသည့် အကြောင်းရင်းပင် ဖြစ်သည်။ သူတို့ထဲမှ မည်သူမျှ သူတို့၏ အလောင်းများကို နတ်ဆိုးများထံ မချန်ထားခဲ့ချင်ကြပေ။ ယခု လုံကျိုးသည်လည်း သူတို့၏ လမ်းစဉ်အတိုင်း လိုက်ပါရတော့မည်။

သူသည် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။ လူသားများ သေခါနီးအချိန်တွင် သူတို့၏ ဘဝတွင် နောင်တရစရာများကို အမြဲတမ်း ပြန်လည် သတိရတတ်ကြသည်။ ၎င်းမှာ အတွေးတစ်ခု သို့မဟုတ် မှတ်ဉာဏ်တစ်ခု ဖြစ်နေနိုင်ပေသည်။

အခြားသူများ သေခါနီးတွင် ဘာကို သတိရကြမည်ဆိုသည်ကို သူ မသိသော်လည်း လုံကျိုး သေခါနီးတွင်မူ လူငယ်လေးတစ်ဦးကို သတိရမိသည်။ သူကိုယ်တိုင်ပင် နှမြောတသ ဖြစ်ခဲ့ရသော လူငယ်လေးတစ်ဦးပင်။

"နှမြောစရာပဲ... အဲဒီကောင်လေးသာ မသေခဲ့ရင် သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်လောက်မှာ..."

လုံကျိုး ခေါင်းခါလိုက်သည်။ သူ အဝေးသို့ လှမ်းကြည့်လိုက်သောအခါ ရင်းနှီးသော ပုံရိပ်တစ်ခု သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာရာ သူ၏ နှလုံးခုန်သံများပင် ဒုန်းဆိုင်းသွားတော့သည်…

All Chapters