← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆)

အဘွားကြီးသည် သူမကိုယ်သူမ အားတင်းကာ ကျိန်ဆဲလေ၏။ "သူ ဘယ်လောက်ပဲဆိုဆိုးပါ။ သူက ငါ့ဗိုက်ထဲက ထွက်လာခဲ့တဲ့ သူပဲလေ!သူက ဒီမိသားစုရဲ့ မိသားစုဝင်တစ်ယောက်ပဲ။ သူက ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ငြင်းရဲမှာလဲ"

"သူက ဘာဖြစ်လို့ မငြင်းရဲရမှာလဲ။ ခင်ဗျား သူ့ကို သွားရှာနိုင်လို့လား" မောက်တာ့ဝေသည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပြီး ဒေါသထွက်လာလေလေ ဖြစ်နေ၏။ သူက အဘွားကြီးကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။ "ခင်ဗျားကြီးက ကိုယ့်ဟာကိုယ် ဦးလေး၂ကို အနိုင်ကျင့်တယ်ဆိုလည်း ထားပါတော့။ ဒါပေမဲ့ ခင်ဗျားကြီးက ခင်ဗျားနဲ့အတူ ကျုပ်ကို ဆွဲထည့်ချင်နေတာပဲ"

"ခင်ဗျားကြီးရဲ့ကျေးဇူးကြောင့် ကျွန်တော်နဲ့ ကျွန်တော်တို့မိသားစုကလည်း လုံးဝကို ဇာတ်သိမ်းသွားပြီ"

မောက်လောင်စန်းက ပြောလိုက်သည်။ "အဲဒီလောက် မပြင်းထန်သေးပါဘူး။ လောင်အာ့ ပြောလိုက်တဲ့ အရာတွေအားလုံးကလည်း ငါတို့စီရင်စုထဲက လူတိုင်းသိထားပြီးသားပဲလေ။ ငါတို့တွေက ငါတို့ရဲ့ဘဝကို ခါတိုင်းလို နေလို့ရပါသေး..."

"အပြင်မှာ အဲဒီသတင်းထောက် တစ်သိုက်လုံး ရှိနေတယ်လေ" မောက်တာ့ဝေသည် သူတို့နှင့် ကျိုးသင့်ကြောင်းသင့် မပြောနိုင်တော့ချေ။ သူ၏ပြီးခဲ့သည့်ရက်အတွင်းက လှပသည့်စိတ်ကူးယဉ်အိပ်မက်ကလည်း သူ့အဘွားဖြစ်သူ၏ စကားအနည်းအကျဉ်းကြောင့် ဖျက်ဆီးခံလိုက်ရပြီး သူသည် အမျက်ဒေါသ ထွက်မိတော့၏။

သူက ကိုယ်ကိုလှည့်ကာ သူအခုလေးတင် ဖွင့်ထားခဲ့သည့် ခရီးဆောင်အိတ်ကို ဆွဲထုတ်လာခဲ့ပြီး ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်တော့သည်။ "ဘာပဲဖြစ်ဖြစ် ကျွန်တော် ထွက်သွားတော့မယ်။ ဒီတော့ ခင်ဗျားတို့ လုပ်ချင်တာသာ လုပ်ကြတော့"

သို့သော်ငြားလည်း သူသည် သတင်းထောက်များ၏ အရည်အချင်းကို လျှော့တွက်ခဲ့မိသေးသည်။ သူသည် ထွက်လာသည်နှင့်ချက်ချင်း ပိတ်ဆို့ခံထားရတော့၏...

သူ ထင်ထားသည့်အတိုင်းပင် မောက်မိသားစုသည် လုံးဝကို ပျက်စီးသွားခဲ့သည်။

ရှန်းရှီနှင့် တစ်နေ့တာ ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်နောက်တွင် သတင်းဌာနအသီးသီးက သတင်းထောက်များ အားလုံးကလည်း နာမည်ကြီးနေသည့်သတင်းနောက်သို့ လိုက်ပါကာ ရက်တော်တော်ကြာသည်အထိ မင်ရှီစီရင်စုက သူတို့၏ အင်တာဗျူးပါ အကြောင်းအရာများကို ထုတ်လွှင့်လေသည်။

ဒီသတင်းများကြောင့် မောက်ကျစ်ရှန်း၏အတိတ်က လူနေမှုဘဝသည် လူထုရှေ့တွင် လုံးဝကို ပေါ်ထွက်လာခဲ့ပြီး သူ့အင်တာဗျူးထဲက အကြောင်းအရာအားလုံးကိုလည်း အတည်ပြုနိုင်ခဲ့သည်။

အနီးအနားစီရင်စုများက လူများကလည်း အဘွားကြီးက မောက်မိသားစု၏ ဒုတိယမိသားစုအပေါ် ဖိနှိပ်မှုဥပမာများကို အစဉ်လိုက် စာရင်းပြုစုထားကြကာ ထုတ်ဖော်ပြောဆိုရန် အလွန်များပြားခဲ့လေသည်။

မောင်ကျစ်ရှန်းသည် အလွန်ပိန်ချုံးနေရသည့်အကြောင်းအရင်းမှာ သူ့သမီးဖြစ်သူ၏ပညာရေးကို ထောက်ပံ့ပေးဖို့ရန်အတွက် စီရင်စုထဲတွင် အလုပ်ကြမ်းမျိုးစုံကို လုပ်ခဲ့ရခြင်းကြောင့် ဖြစ်တော့သည်။

ရှဝမ်ယွဲ့က အသတ်ခံရတော့မလို ဖြစ်ခဲ့သည့်အချက်ကလည်း ထိုအချိန်တွင် အုံကြွမှုတစ်ခု ဖြစ်ခဲ့၏။

လိုရင်းကို ပြောရမည်ဆိုလျှင်ဖြင့် ဒီသတင်းများမှတစ်ဆင့် မောက်မိသားစု၏ ရက်စက်ပြီး တုံးအလှသော အတွေးအခေါ်များနှင့် အပြုအမူများအားလုံးကို လူတိုင်းက သိသွားခဲ့ကြသည်။ သူတို့ကို တွေ့ကြသည့်လူတိုင်းကလည်း သူတို့ကို ဆူပူကြိမ်းမောင်းကာ တံတွေးပင် ထွေးကြ၏။ မောက်သခင်မကြီးသည် တံခါးအပြင်ဘက်သို့ပင် မထွက်ရဲတော့ချေ။

မောက်ကျစ်ရှန်းကို ရှာဖွေဖို့ဆိုလျှင်တော့ ထည့်ပြောရန်ပင် မလိုတော့ပေ။

မောက်တာ့ဝေက သည်ကိစ္စ၏ ကြီးထွားမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားလိမ့်မည်ဟု ရိုးအစွာ စဉ်းစားနေသည့်အချိန်တွင် သတင်းထောက်များကတော့ ဟောက်ရွှီဖုန်းကို ရှာဖွေတွေ့ရှိသွားပြီး အကြောင်းအရင်းနှင့် ပတ်သက်ကာ သဲလွန်စများပင် ရရှိသွားခဲ့ကြသည်။

နောက်ဆုံး ဒီလူသည် မောက်ကျစ်ရှန်းကို မိသားစုမှ ထွက်ပြေးသွားအောင် ဖိအားပေးခဲ့သူဖြစ်လေသည်။

ဒီစုံစမ်းမှု၏ရလဒ်သည် ထိတ်လန့်ဖွယ်ရာဖြစ်ခဲ့၏။ မင်ရှီစီရင်စု၏ အချမ်းသာဆုံးလူ၏သားဖြစ်သူ ဟောက်ရွှီဖုန်းသည် အသောက်အစား ကျူးလွန်ပြီး မိန်းမလိုက်စားကာ လောင်းကစား အလွန်အကျွံလုပ်သူ တစ်ယောက် ဖြစ်သည့်အပြင် သူသည် အလွန်မောက်မာထောင်လွှားပြီး ဥပဒေမဲ့ပြုမူတတ်သည်။ လူသတ်မီးရှို့ခြင်းအပါအဝင် သူ မလုပ်ရဲသည့်အရာ ဘာတစ်ခုမှမရှိချေ။

ပိုပြီးကြောက်စရာကောင်းသည့်အရာမှာ မင်ရှီစီရင်စုကလူများသည် သူ့အခြေအနေကို အမှန်တရားတစ်ခုလို လက်ခံထား၏။ သူက တစ်စုံတစ်ယောက်ကို အမှန်တကယ် သတ်မည်ဆိုလျှင်ပင် ဘယ်သူကမှ ဂရုမစိုက်ဘဲ သူတို့ လုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူနှင့် ခပ်ဝေးဝေးသာ နေဖို့ရန်ဖြစ်တော့သည်။

မောက်ကျစ်ရှန်း၏မိသားစုက ထွက်ပြေးချင်ရသည့် အကြောင်းရင်းကလည်း မောက်ဟွေ့ဟယ်၏ ဝမ်းနည်းစရာ အတွေ့အကြုံကြောင်း ဖြစ်သည်မှာ ရှင်းလင်းနေသည်။

သတင်းထောက်များ ရောက်လာပြီးကတည်းက မောက်ဟွေ့ဟယ်ကို ဟောက်မိသားစု၏ တင်းကြပ်သည့် လုံခြုံရေးအောက်တွင် ထိန်းသိမ်းထားသော်ငြားလည်း ဟောက်ရွှီဖုန်းသည် မောက်ဟွေ့ဟယ်အပေါ် နှိပ်စက်ညှဉ်းပမ်းမှုက လျှို့ဝှက်ချက် မဟုတ်ပေ။

သတင်းထောက်များသည် များစွာသော အတွင်းလူများ၏ အကြောင်းအရာများမှတစ်ဆင့် ကျောချမ်းဖွယ်ရာ ဇာတ်လမ်းတစ်ခုကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့သည်။

တစ်ချိန်တည်းတွင် မောက်မိသားစုက ပဒေသရာဇ်စနစ်၏ အကြွင်းအကျန်များကို ကိုယ်စားပြုသည့် တုံးအသည့်သူများဆိုလျှင် ဟောက်မိသားစုကတော့ လူ့အဖွဲ့အစည်း စည်းမျဉ်းဥပဒေများတွင် ကွယ်ဝှက်နေသည့် တကယ့်မည်းညစ်နေသည့် ရာဇဝတ်ကောင်ကြီး ဖြစ်လောက်သည့်အကြောင်းကို သူတို့အားလုံးကလည်း စိတ်အားတက်ကြွစွာ နားလည်သဘောပေါက်လာခဲ့သည်။

သူတို့သည် ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွခဲ့လျှင် တချို့သောကြီးမားသည့်သတင်းကို သေချာပေါက် ရှာဖွေနိုင်ပေလိမ့်မည်။

အတွေ့အကြုံရင့် ဝါရင့်သတင်းထောက်များသည် တိုးတိုးတိတ်တိတ်နှင့် အသွင်ယူကာ စုံစမ်းစစ်ဆေးရေးကို ပြုမူနေကြသော်ငြားလည်း ဟောက်ရွှီဖုန်းနောက်သို့ စိတ်အားထက်သန်စွာ လိုက်ဖမ်းနေသည့် နမော်နမဲ့နိုင်သည့် လူငယ်သတင်းထောက်တချို့လည်း ရှိကြသည်။

သောက်စားမူးယစ်ပျော်ပါးပြီး နေ့ညပင် မသိတော့သည့်ဘဝတွင် နေထိုင်နေသည့် ဟောက်ရွှီဖုန်းသည် တော်ရုံတန်ရုံလေးနက်သူ မဟုတ်ချေ။ သို့သော်ငြားလည်း သူသည် သတင်းထောက်ငယ်လေးဆီက မောက်ဟွေ့မေ၏ သတင်းကို ကြားလိုက်ရ၏။ သူသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားကာ ဒရိုင်ဘာကိုခေါ်ပြီး ယန်မြို့သို့သွားရန် ပြင်ဆင်တော့သည်။

သတင်းထောက်က မေးလိုက်၏။ "သူက လက်ထပ်သွားပြီပဲ။ သူ့ကိုသွားရှာပြီးတော့ ဘာလုပ်မှာလဲ"

ဟောက်ရွှီဖုန်းက ထောင်လွှားစွာ ပြောလိုက်သည်။ "ငါ့ကိစ္စကို ဘယ်သူက ဝင်စွက်ဖက်ရဲလို့လဲ။ ငါ သွားချင်တဲ့နေရာကို သွားမှာပေါ့"

"အိမ်ထောင်ပြုသွားပြီ ဟုတ်လား"ဟောက်ရွှီဖုန်းသည် တံတွေးထွေးလိုက်ကာ ရက်စက်စွာ ပြောလိုက်၏။

"အိမ်ထောင်ပြုသွားတော့ရော ဘာဖြစ်လဲ။ သူက ငါ့ကို လှည့်စားသွားရဲသေးတယ်ဆိုမှတော့ ငါကလည်း သူ့မိသားစုတစ်ခုလုံးကို သတ်ရလိမ့်မယ်"

"မဟုတ်ဘူး"

ဟောက်ရွှီဖုန်းသည် ရုတ်တရက် အရူးတစ်ယောက်လို အော်ရယ်လိုက်ပြီး"ငါက သူ့တစ်မိသားစုလုံးရှေ့မှာ သူ့ကိုတစ်ကိုယ်လုံးကို ဆွဲချွတ်ပြီးတော့ #$^*^(..."

နောက်ဆက်တွဲ စကားများသည် မကြားဝံ့မနာသာပင်။ သတင်းထောက်များသည် မိုက်မဲလှသည့်သူများကို တွေ့နေကျ ဖြစ်သည့်တိုင် သူတို့သည် ဒီလိုမောက်မာထောင်လွှားပြီး ယုတ်မာသည့် အဆိုးတကာ့ထိပ်ခေါင် တစ်ယောက်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ လူငယ်သတင်းထောက်က ပြောလိုက်သည်။ "သူ ဘယ်မှာရှိတယ်ဆိုတာကို ခင်ဗျားမှ မသိဘဲ။ ဒီတော့ ခင်ဗျားက သူ့ကို ရှာတွေ့မှာမဟုတ်ဘူးလေ"

"ငါ မသိဘူး"

ဟောက်ရွှီဖုန်းက သူတို့ကိုကြည့်လိုက်ပြီး သွေးဆာနေသည့်ရုပ်ဖြင့် လျှာကိုသပ်လိုက်ပြီးနောက် ဆိုးညစ်စွာ ပြုံးလိုက်လေသည်။ "ဒါပေမဲ့ မင်းကတော့ သေချာပေါက်သိရမယ်..."

"သူတို့ကို ဖမ်းပြီးတော့ စစ်ဆေးလိုက်ကြ။ တကယ်လို့ သူတို့တွေက ထုတ်ပြောဖို့ ငြင်းဆန်နေမယ်ဆိုရင် သူတို့ကို သေအောင်သာရိုက်ပစ်"

သူ့နောက်က လူမိုက်များသည် သေသေချာချာလေး လေ့ကျင့်ပေးထားသည့် သတင်းထောက်များကို ချက်ချင်းဝိုင်းလိုက်ကြ၏။ သူတို့သည် ဒီလိုကိစ္စမျိုးကို တစ်ကြိမ်ထက်ပိုပြီး လုပ်ခဲ့ဖူးသည်မှာ သိသာသည်။

အသွင်ယူထားကြသည့် ဝါရင့်သတင်းထောက်များက သတင်းကို ထုတ်လွှင့်သည့်အချိန်တွင်တော့ သတင်းထောက်လေး၂ယောက်သည် ခြေထောက် ကျိုးသွားပြီဖြစ်ကာ ကျန်သည့် သတင်းထောက်၂ယောက်ကလည်း တော်တော်လေးကို ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ပိုပြီးမယုံချင်စရာကောင်းသည့်အရာမှာ ဒီအမှုကို စုံစမ်းစစ်ဆေးခဲ့ကြသည့် သတင်းထောက်များအားလုံးသည် လူထုလုံခြုံရေးဌာန၏ စုံစမ်းစစ်ဆေးရေးအခန်းထဲတွင် ထိန်းသိမ်းခံခဲ့ရခြင်းပင်။

မောက်ကျစ်ရှန်းက ငွေကို အလွဲသုံးစားလုပ်ကာ ထွက်ပြေးသွားသည်ဆိုသည့် လုပ်ကြံဇာတ်လမ်းသည် ဒီအခြေအနေအထိ ကြီးထွားလာလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားမိချေ။

တစ်နိုင်ငံလုံးကို အထိတ်တလန့် ဖြစ်သွားစေသည့် မင်ရှီစီရင်စုက အချမ်းသာဆုံးလူ အမှုသည် ပေါ်ပေါက်လာတော့၏။

စီရင်စု၏ အချမ်းသာဆုံးသောသူဖြစ်သည့် ဟောက်လူကြီးမင်းသည် ဒေသခံအရာရှိများကို လာဘ်ထိုးပြီး ထိန်းချုပ်ဖို့ရန်အတွက် ဆေးနှင့် ငွေများကို အသုံးချခဲ့သည်။ သူနှင့်အတူ လိုက်လျောညီထွေနေဖို့ရန် ငြင်းဆန်ခဲ့ကြသည့် အရာရှိ တော်တော်များများကိုလည်း ချောက်ချခဲ့ပြီးနောက် မင်ရှီစီရင်စုသည် သူ၏ ဥပဒေမဲ့နေရာတစ်ခုဖြစ်လာခဲ့ကာ ထိုနေရာတွင် သူသည် စိတ်ထင်တိုင်း ကြဲနိုင်တော့၏။

သူ့သား ဟောက်ရွှီဖုန်းက ပိုလို့ပင် ရက်စက်ကြမ်းကြုတ်ပြီး ထောင်လွှားမောက်မာကာ လူ့အသက်ကိုပင် ပေါ့ပေါ့တန်တန် သဘောထားခဲ့လေသည်။ သတင်းထောက်များသည် တိကျသည့်သက်သေများဖြင့် များပြားလှစွာသော ရာဇဝတ်မှုများကို ထုတ်ဖော်ခဲ့၏။ မိန်းမငယ်လေးကို အဓမ္မပြုကျင့်ခြင်း၊ တရားမဝင် ထောင်သွင်းအကျဉ်းချခြင်းနှင့် လူအများအပေါ်အကြိမ်ပေါင်းများစွာ နိုင်ထက်စီးနင်း ပြုမူခြင်းအပြင် လူ၂ယောက်ကို သေသည်အထိ ရိုက်သတ်ခဲ့ခြင်း...

ဒါသည် သူ့ပြစ်မှုများ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သေးသော်ငြားလည်း ထိုအရာအားလုံးက သူ့ကို သေဒဏ်ချဖို့ရန် လုံလောက်လေသည်။

အချမ်းသာဆုံးလူ ဟောက်လူကြီးမင်း၏ မိသားစုတစ်ခုလုံးသည် ဖမ်းဆီးခံခဲ့ရပြီး မင်စီရင်စုက ရာဇဝတ်ဆိုင်ရာရဲအရာရှိနှင့် ကေဒါများသည် မင်ရှီစီရင်စုထဲသို့ ဝင်ရောက်လာကာ မြန်ဆန်ပြတ်သားသည့် ပြုပြင်မှုများကို စတင်ခဲ့သည်။

ရှမြန်နှင့် တခြားသူများသည် မောက်ဟွေ့ဟယ်က ထိုမျှလောက် ဇွဲကြီးကြီးနှင့် သူမ၏ နေရာကို အစားထိုးဖို့ရန် မောက်ဟွေ့မေအား ရှာဖွေနေရသည့် အကြောင်းအရင်းကို နောက်ပိုင်းမှ သိရှိရတော့သည်။

အကြောင်းအရင်းမှာ ဟောက်ရွှီဖုန်းသည် တစ်ခါမူးရူးပြီး သူအိမ်သို့ ပြန်ခေါ်လာခဲ့သည့် မိန်းမတစ်ယောက်ကို အကြိမ်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းက သူမကို မောက်ဟွေ့မေဟု ထင်နေခြင်းကြောင့်ဖြစ်၏။ မောက်ဟွေ့ဟယ်ကို သတ်ဖို့ရန်အတွက် ဒုတိယအိပ်ခန်း၏ တံခါးကိုပင် လာခေါက်ခဲ့သေးသည်။

မောက်ဟွေ့ဟယ်သည် အလွန်အထိတ်တလန့် ဖြစ်သွားပြီး သူမက မောက်ဟွေ့မေကို ကူညီရှာဖွေပေးမည်ဟု ကတိပေးလိုက်ပြီးနောက်မှသာ ဟောက်ရွှီဖုန်းက သူမကို လွှတ်ပေးလိုက်လေသည်။ ထိုကတည်းက သူမသည် စိတ်ပိုင်းဆိုင်ရာပြဿနာများ ဖြစ်လာတော့၏။

ရှမိသားစုသည် ဒီသတင်းကို ကြားလိုက်ရသည့်အချိန်တွင် သူတို့အားလုံးမှာ အထိတ်တလန့် ဖြစ်သွားတော့၏။ ရှ၀မ်ယွဲ့က ပြောလိုက်သည်။ "ဟောက်ရွှီဖုန်းက တကယ့်ကို လူ မဟုတ်တော့တာပဲ"

မောက်ဟွေ့လန်ကလည်း အနည်းငယ်ထိတ်လန့်သွား၏။ "တော်သေးတာပေါ့။ သမီးတို့တွေ ထွက်ပြေးလာခဲ့လို့ပဲ"

ရှမြန်ကလည်း ထိုအကြောင်းအရာကို အမှန်ပင် ကြောက်လန့်စရာကောင်းသည်ဟု မြင်မိပြီး စကားလမ်းကြောင်း မြန်မြန်ပြောင်းလိုက်တော့သည်။ "ဟောက်မိသားစုရဲ့သားအဖကတော့ ဘာပဲဖြစ်ဖြစ် ပစ်သတ်ခံရမှာပဲ။ ဒီတော့ နောက်ဆိုရင် အားလုံးကလည်း အဆင်ပြေသွားမှာပါ။ ကျွန်မတို့တွေလည်း ပိုပိုပြီးတော့အဆင်ပြေလာမှာပါ"

ရှ၀မ်ယွဲ့၏မျက်နှာသည် သူမက ထိုအကြောင်းကို ပြောလိုက်သည့်အချိန်တွင် အပြုံးများဖြင့် ချက်ချင်း လင်းလက်သွားတော့၏။ "နောက်လကစပြီး ငါတို့ရဲ့ရှင်းရှန်းကလည်း လင်းမြို့နဲ့ကျောင်းမြို့မှာ စက်ရုံခွဲတွေကို တည်ထောင်တော့မှာ"

ရှမြန်က ပြုံးဖြီးကာဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ကျွန်မရဲ့အကျိုးအမြတ်ကလည်း ပိုပြီးတော့ ထပ်တိုးလာတော့မယ် ထင်တယ်"

"အစ်မဟွေ့မေ ဘက်ကရော သတင်းကောင်းတွေ ကြားရသေးလား"

မောက်ဟွေ့မေသည် တံခါးမှ အခုလေးတင်ဝင်လာပြီး ပျော်ရွှင်နေသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်၏။

"ရှမြန် နင့်ရဲ့ပါးစပ်ကတော့ တကယ့်ကို ကံကောင်းတာပဲ။ ဟုတ်တယ်မလား"

ရှမြန်၏မျက်လုံးများက လင်းလက်သွား၏။ "သေချာတာပေါ့။ အစ်မ ဘယ်လောက်ရခဲ့လဲ"

ရှန်းရှီနှင့် တစ်နေ့တာ ထုတ်လွှင့်မှုပြီးဆုံးသွားသည်နောက်တွင် ရှင်းရှန်းတံဆိပ်နှင့် မောက်ဟွေ့မေ၏ စန်းမေဖျော်ရည်စက်ရုံ၂ခုစလုံးသည် နာမည်ကြီးလာခဲ့သည်။ ရှင်းရှန်းစက်ရုံကို တိုးချဲ့လိုက်သည်နှင့်အမျှ စန်းမေကလည်း အမှာစာ အများကြီးကို လက်ခံရရှိခဲ့သည်။ စန်းမေဖျော်ရည်အတွက် ပြည်တွင်းစျေးကွက်ကလည်းပဲ ပွင့်လာတော့မည်မှာ သိသာသည်။

"အများကြီးပဲ" မောက်ဟွေ့မေက အပြုံးဖြင့်ပြောလိုက်သည်။ "ဒါပေမဲ့ ငါကတော့၂သန်းတန် အမှာစာတွေကိုပဲ လက်ခံခဲ့တယ်။ စက်ရုံရဲ့ထုတ်လုပ်ရေးစွမ်းအားကလည်း မလိုက်နိုင်သေးဘူးလေ။ ငါကတော့ စက်ရုံခွဲတစ်ခု ဖွင့်ဖို့ ပြင်ဆင်ရတော့မယ် ထင်တယ်"

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့မေတို့က ဒီလိုအခြေအနေဖြစ်နေသည်တွင် မောက်ကျစ်ရှန်းက ပိုလို့ပင် ဆိုးသေးသည်။

သူ၏ရုပ်သွင်နှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသည့် သူ၏ရိုးရှင်းသည့် ကာရိုက်တာလေးသည် ခင်ပွန်းကောင်းတစ်ယောက်၊ အဖေကောင်းတစ်ယောက်အဖြစ် သူ၏ ပုံရိပ်နှင့်အတူ နာမည်ကြီးဒါရိုက်တာတစ်ယောက်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားခဲ့ကာ မောက်ကျစ်ရှန်းသည် သူ့ဘဝတွင် ပထမဦးဆုံးအဓိကဇာတ်ဆောင်အဖြစ် ဇာတ်ညွှန်းတစ်ခုကို လက်ခံရရှိခဲ့သည်။

ဒါသည် အဖေကို ဗဟိုပြုထားသည့်မိသားစုဘဝ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သည်။ မောက်ဟွေ့ကျူးကလည်း ဇာတ်လမ်းထဲတွင် သူ့သမီးအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ကာ ဒါက အလွန်မှ ကိုက်ညီနေသည်။ အကယ်၍ သူမက ကောင်းကောင်းလေး သရုပ်ဆောင်နိုင်မည်ဆိုလျှင် နာမည်ကြီးတစ်ယောက် ဖြစ်လာနိုင်သည်။

လိုရင်းကိုပြောရလျှင်ဖြင့် ရှ၀မ်ယွဲ့တို့မိသားစုသည် ပေါများကြွယ်ဝလာလိမ့်မည်ဟု ကြိုတင်မြင်ယောင်မိနိုင်သည်။

နဥ်ရှောက်ယွင်ကလည်း သတင်းကောင်းရှိ၏။ ၄နှစ်ကျော်လောက် သူမ ပြင်ဆင်လာခဲ့ရသည့် တစ်ကိုယ်တည်း အနုပညာပြပွဲသည် နောက်ဆုံးတော့ ကျင်းပတော့မည်။

ပြပွဲမတိုင်ခင်တွင် ရှမြန်က ရှောင်ဖုန်းကို ခေါ်ကာ ပန်းခြင်းများကို မှာယူခဲ့သည်။ သူမက ပုံစံကို ရွေးချယ်သည့်အချိန်တွင် ရှောင်ဖုန်းက သူမကို သတိပေးလိုက်၏။ "ဦးဦးနဥ်ကလည်း ပန်းစည်းတစ်စုံလောက် မှာချင်တယ်တဲ့"

ရှမြန်...

နဥ်ရှောက်ပိုင်က ရှောင်ဖုန်းသူ့အတွက် စိတ်ပူပေးဖို့ လိုအပ်သွားတဲ့အထိ ဘယ်တုန်းက ရောက်သွားတာလဲ။

"ဒေါ်ဒေါ်နဥ်က သူ့ရဲ့အစ်မအရင်းလေ။ ဒီတော့ သူက ပန်းခြင်းကို ကိုင်ပေးရမဲ့သူ ဖြစ်သင့်တာပေါ့"

ရှောင်ဖုန်းက ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ "ဦးဦးနဥ်က သားကို သူ့အတွက် ကူညီပြီးတော့ ရွေးပေးပါလို့ ပြောထားတယ်။ ဒါပေမဲ့ သူက ကောင်းကောင်းလေး မရွေးတတ်ဘူးလို့ ပြောတယ်"

"ကောင်းပြီလေ" ရှမြန်က မျက်နှာကို စူပုပ်ထားလိုက်ပြီး "အန်တီလေးသိပြီ။ သူက အခု သားကို ချန်မထားနိုင်တော့တာပဲ"

သူက ကလေးရဲ့တရားဝင်ဦးလေး မဖြစ်လာခင် သူကပဲ ကလေးအပေါ်ကို ပိုပိုပြီးတော့ မှီခိုအားထားမဲ့သူ ဖြစ်လာတော့မဲ့ပုံပဲ။

ရှောင်ဖုန်းက ပြုံးလိုက်ပြီးနောက် နဥ်ရှောက်ပိုင်အတွက် ပန်းခြင်းတစ်စည်းကို လေးလေးနက်နက် ရွေးချယ်ပေးကာ သူသည် သူ့ပခုံးပေါ်တွင် လေးလံသည့် တာဝန်တစ်ခု ရှိလာပြီဟု ခံစားနေရဟန်တူသည်။

ရှမြန်ကတော့ မနာလိုစွာ ပြောလိုက်တော့၏။ "ကျစ်"

ဒေါက်တာနဥ်ကတော့ တကယ်ပါပဲ...

...

အပိုင်း (၂၂၇)

နဥ်ရှောက်ယွင်၏ အနုပညာပြခန်းကို ထိုနယ်ပယ်တွင် အလွန်နာမည်ကြီးသည့် ဟုန်ဖန်းပန်းချီပြခန်းတွင် ကျင်းပခဲ့သည်။ ပန်းချီပြပွဲဖွင့်လှစ်သည့်‌နေ့တွင် နဥ်ရှောက်ပိုင်သည် အလုပ်သွားရသော်ငြားလည်း ရှမြန်ကတော့ တိုက်တိုက်ဆိုင်ဆိုင် အတန်း မရှိသဖြင့် ရှောင်ဖုန်းကိုခေါ်ကာ ကျိုးရွှယ်ဝမ်၏ကားနောက် လိုက်ပါလာပြီး နဥ်ရှောက်ယွင်၊ ချန်းချန်းတို့နှင့်အတူ ပြခန်းသို့ ထွက်ခွာလာခဲ့သည်။

နဥ်ရှောက်ယွင်သည် ပန်းချီပြခန်း၏ဖန်တီးရှင် ဖြစ်သဖြင့် သူတို့သည် ကြိုတင်ရောက်ရှိနေရမည်က သဘာဝကျသည်။ သို့တိုင် ပြခန်းတံခါးတွင် စောင့်ဆိုင်းနေနှင့်ကြသည့် လူများရှိနေသေး၏။

နဥ်ရှောက်ယွင်၏ ပန်းချီကားချပ်ကို လွန်ခဲ့သည့်၄နှစ်က စျေးအမြင့်ဆုံး ၈သိန်းခွဲနှင့် ရောင်းချပြီးကတည်းက ထိုပန်းချီကားသည် လုပ်ငန်းနယ်ပယ်ထဲက လူများ၏အာရုံကို ဆွဲဆောင်ထားခဲ့၏။

ယခုအချိန်တွင်တော့ ဆရာကြီးချီမင်ဟောက်၏ အငယ်ဆုံးတပည့်အနေဖြင့် သူမသည် ၄နှစ်ကြာ သူမ၏ ဖန်တီးမှုကို အာရုံစိုက်နေခဲ့ကာ သူမ၏ပထမဦးဆုံး တစ်ကိုယ်တော် ပန်းချီပြခန်းကို ကျင်းပခဲ့သည်။ လူတော်တော်များများကလည်း ထိုပန်းချီပြခန်းကို ရှုထောင့်အမျိုးမျိုးမှ နေ၍ မျှော်လင့်လာခဲ့၏။

ရှမြန်က ပြုံးပြီး ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် အစ်မနဉ်။ ဒါက အောင်မြင်တဲ့ခရီးတစ်ခု အစပြုခြင်းပဲ"

နဥ်ရှောက်ယွင်၏ မျက်လုံးများကလည်း တောက်ပနေပြီး သူမ၏မျက်နှာပေါ်တွင် ကျေနပ်သွားသည့် အပြုံးတစ်ခုရှိနေ၏။ "ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပဲနော်"

ကျိုးရွှယ်ဝမ်က ကားသွားရပ်လိုက်သည်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့က မစောင့်နိုင်တော့သဖြင့် ပြခန်းဆီသို့ အပြေးအလွှား သွားလိုက်ကြ၏။

ရှမြန်နှင့် နဥ်ရှောက်ယွင်တို့က နောက်မှလိုက်ပါသွားမည် ပြင်လိုက်သည့်အချိန်မှာပင် အသက်၂၀ဝန်းကျင် လူငယ်လေး တစ်ယောက်သည် ရုတ်တရက်ဆိုသလို ဘေးမှနေ၍ ခုန်ထွက်လာခဲ့၏။

သူတို့နှစ်ယောက်မှာ အလန့်တကြား ဖြစ်သွားတော့သည်။ တစ်ဖက်လူ၏ ဆံပင်တိုတိုက ရှုပ်ပွနေပြီး သူ၏မေးစေ့တွင်လည်း မုတ်ဆိတ်မွှေးငုတ်တိုလေးများ ဖုံးလွှမ်းနေကာ သူ့မျက်လုံးများကလည်း သွေးချင်းချင်း နီနေသည်။ သူသည် တချို့အခက်အခဲများ တွေ့ကြုံခဲ့ရသယောင်။

ဒီအချိန်တွင် နဥ်ရှောက်ယွင်ကို တွေ့လိုက်ရခြင်းက ကယ်တင်ရှင် တစ်ယောက်ကို တွေ့လိုက်ရသည့်နှယ် သူသည် ဝမ်းသာအားရဖြင့် မေးလိုက်၏။ "ဆရာမချင်းယွင်။ ဆရာမက ဆရာမချင်းယွင်နော်။ ဟုတ်တယ်မလား"

နဥ်ရှောက်ယွင်က ခေါင်းညိတ်ကာ ညင်ညင်သာသာ ပြောလိုက်သည်။ "ဟုတ်ပါတယ်"

"မင်္ဂလာပါ။ ဆရာမချင်းယွင်" လူငယ်လေးသည် သူ ဆက်ပြောလာမည့် စကားအတွက် ပြောဖို့ရန် ခက်ခဲနေသယောင် စိတ်လှုပ်ရှားကာ ရှက်ရွံ့စွာ သူ့လက်နှစ်ဖက်ကို ပွတ်သပ်နေလိုက်၏။ သို့သော်ငြားလည်း သူသည် နောက်ဆုံးတော့ သတ္တိမွေးကာ ပြောလိုက်သေးသည်။ "ဆရာမချင်းယွင် ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို နေရာတစ်ခုလောက် ပေးလို့ရမလား"

နဥ်ရှောက်ယွင်သည် နားမလည်နိုင်စွာ ခေါင်းကို စောင်းထားလိုက်ပြီး သူ ပြောလိုက်သည့်စကားကို လုံးဝနားမလည်သည်မှာ သိသာသည်။ "ကျွန်မက ပန်းချီနေရာအတွက် တာဝန်ယူထားတဲ့သူ မဟုတ်ဘူးလေ။ ပြီးတော့ ဒါကကျွန်မရဲ့ တစ်ကိုယ်တော်ပြခန်း"

တခြားသူများ၏ ပန်းချီလက်ရာများကို ပြသဖို့ရန် အဆင်မပြေသည်ကလည်း သဘာဝပင်။

"ကျွန်တော် သိပါတယ်။ ကျွန်တော် သိပါတယ်" လူငယ်လေးက ရှက်ရှက်နှင့် သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ ပြောလိုက်၏။

"ဒီတောင်းဆိုမှုက အရမ်း ရုတ်တရက် ဆန်သွားတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးစရာမရှိလို့ပါ"

"ကျွန်တော့်ညီလေးက နှလုံးရောဂါသည်လေ။ ကျွန်တော်တို့တွေ သူ့ကိုကုသပေးဖို့ မတတ်နိုင်ခဲ့ဘူး။ ဆရာဝန်က ပြောတယ်။ သူက အလွန်ဆုံး၂နှစ်ပဲ နေရတော့မှာတဲ့။ သူ့ဘဝမှာ အကြီးမားဆုံးဆန္ဒက ဟုန်ဖန်းပြခန်းမှာ ပြပွဲတစ်ခု ကျင်းပချင်တာလေ။ ဒါမှ တခြားသူတွေကလည်း သူ့ရဲ့ပန်းချီလက်ရာကို မြင်နိုင်မှာ"

"ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်တို့တွေမှာ အဲဒီလို အရည်အချင်း မရှိပါဘူး။ သူက တဖြည်းဖြည်း အားနည်းချည့်နဲ့လာတာကို မြင်ရတော့ ကျွန်တော် တကယ် စိတ်မကောင်း ဖြစ်ရတယ်လေ" လူငယ်လေးသည် မျက်လုံးထဲတွင် မျက်ရည်များဖြင့် နဥ်ရှောက်ယွင်ကို တောင်းပန်တိုးလျှိုးနေ၏။

"ဒါကြောင့် ကျွန်တော်က ဆရာမကို ကျွန်တော်တို့ကို နေရာတစ်ခု လောက်ပေးဖို့ တောင်းဆိုချင်တာပါ။ အဲဒါက‌ ထောင့်နေရာလေးတစ်ခု ဆိုရင်တောင်မှ နေရာတစ်ခု ဖြစ်နေရင် အဆင်ပြေပါပြီ"

"ကျွန်တော်က သူ့ရဲ့ကိုယ်ပိုင်ပန်းချီလက်ရာတွေကို ဒီပြခန်းထဲမှာ မြင်စေချင်လို့ပါ "သူက မျက်လုံးများကို သုတ်ကာ ပြောလိုက်သည်။ "သူ့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတယ်လို့ပဲ သတ်မှတ်ရမှာပါပဲ"

"ကျေးဇူးပြုပြီးတော့ ဒါက သူ့ရဲ့နောက်ဆုံးပန်းချီလက်ရာ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်"လူငယ်လေးက လေးနက်စွာဖြင့် ဦးညွတ်လေသည်။ "ကျွန်တော်က သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို တစ်ကြိမ်လောက် သူ့ကို ပျော်ရွှင်စေချင်ရုံသက်သက်ပါ"

နဥ်ရှောက်ယွင်သည် သူ့ကိုကြည့်ကာ သက်ပြင်းချလိုက်၏။ "ပန်းချီကားကို ယူလာခဲ့လေ။ ကျွန်မ မန်နေဂျာကို သွားပြောလိုက်မယ်"

"အိုဗျာ ကျေးဇူးတင်လိုက်တာ" လူငယ်လေးသည် ဝမ်းသာအားရ ပြောလိုက်၏။ "ဆရာမချင်းယွင်။ ဆရာမက တကယ့်ကို ကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါပဲ"

"ကျွန်တော် ဆရာမရဲ့စေတနာကို တစ်သက်လုံး မှတ်ထားပါ့မယ်"

"ဆရာမချင်းယွင်" အနုပညာပြခန်းကို တာဝန်ယူထားသည့် မန်နေဂျာဟူသည် သူမကို နှုတ်ဆက်ဖို့ရန်အတွက် ထွက်လာခဲ့၏။ သူသည် နဥ်ရှောက်ယွင်ဘေးက ကောင်ကလေးကို မြင်လိုက်ရသည့်အချိန်တွင် မသိမသာ မျက်မှောင်ကြုတ်သွားတော့သည်။ "ချန်ဖာလား"

နဥ်ရှောက်ယွင်က ဇဝေဇဝါဖြစ်သွား၏။ "ရှင်တို့တွေ အချင်းချင်း သိနေကြတာလား"

"ကျွန်တော် သူ့ကို သိတယ်။ ကျွန်တော် သူ့ကို သိတာပေါ့" ချန်ဖာဟုခေါ်သည့် လူငယ်လေးသည် ကျေးဇူးတင်စိတ်ဖြင့် မန်နေဂျာဟူကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ မန်နေဂျာဟူ။ ကျွန်တော်တို့ရဲ့မိသားစုကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ"

"ဒီတစ်ခါလည်း ကျွန်တော်ခင်ဗျားကို အလုပ်ရှုပ်စေရဦးမယ်။ ဆရာမချင်းယွင်က ကျွန်တော်တို့ကို နေရာတစ်ခုပေးဖို့ သဘောတူပြီးသွားပြီ။ ကျွန်တော်အခု အန်းရန်ရဲ့ပန်းချီကားကို သွားယူလာခဲ့မယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူသည် နဥ်ရှောက်ယွင်ကို တလေးတစား ဦးညွှတ်လိုက်ကာ လှည့်ထွက်သွားပြီး နံရံနားတွင်မှီထားသည့် ပန်းချီကားကိုသွားယူလာပြီး မန်နေဂျာဟူကို လှမ်းပေးလိုက်လေသည်။ "ဒါကို ဘောင်ခတ်ပြီးသွားပါပြီ။ ခင်ဗျားရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်နော်"

မန်နေဂျာဟူသည် တခုခုကိုပြောချင်သွားသည့်နှယ် သူ့ပါးစပ်ကို လှုပ်ရှားလိုက်သော်ငြားလည်း နဥ်ရှောက်ယွင်ကတော့ သူ့ကို လှမ်းပြောနေနှင့်ပြီးသားဖြစ်၏။ "လွတ်နေတဲ့ နေရာလေးတစ်ခုလောက် ရှိသေးလား။ ဒီပန်းချီကားကို ဘယ်နေရာမှာချိတ်ဆွဲလို့ရနိုင်မလဲ ကြည့်ပေးလိုက်ပါ"

မန်နေဂျာဟူသည် မတတ်သာတော့ဘဲ ချန်ဖာကိုခေါ်သွားပြီး စီစဉ်ပေးရတော့သည်။

နဥ်ရှောက်ယွင်နှင့် ရှမြန်တို့သည် အပေါ်ထပ်အနားယူခန်းသို့ ရောက်လာသည့်အချိန်တွင် မန်နေဂျာဟူက နောက်မှ လိုက်ဝင်လာပြီး ချီတုံချတုံဖြင့် ပြောလိုက်၏။ "ဆရာမ အလောတကြီးနဲ့ သဘောမတူလိုက်သင့်ဘူး။ ချန်ဖာက လူလိမ်တစ်ယောက် ဖြစ်ချင်ဖြစ်နိုင်တယ်" နဥ်ရှောက်ယွင်ကတော့ မအံ့ဩသွားချေ။ သူမက ဒီအတိုင်းမေးလိုက်၏။ "ရှင် သူနဲ့ သိလိုလား"

"ကျွန်တော် သူ့ကို နည်းနည်းတော့ သိပါတယ်"မန်နေဂျာဟူက ပြောသည်။

"လွန်ခဲ့တဲ့၂နှစ်လောက်တုန်းက ရန်ရှီညနေခင်းသတင်းစာက သတင်းတစ်ခု တင်ပြခဲ့တယ်လေ။ ၁၅နှစ်အရွယ် ပါရမီရှင် ပန်းချီဆရာလေးတစ်ယောက်က နှလုံးရောဂါ ရှိနေတယ်။ ဆရာဝန်က သူ့ကို ၁၈နှစ်ကျော်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူ့ရဲ့တစ်သက်တာဆန္ဒက အနုပညာပြခန်းတစ်ခု ကျင်းပချင်တာတဲ့။ သူက လူတွေ သူ့ကိုမှတ်မိတာကို လိုချင်တာလို့ ပြောတယ်။ ဟုတ်တယ်မလား"

"အဲဒါက ချန်ဖာရဲ့ညီလေး ယဲ့အန်းရန် ဖြစ်နေတယ်လေ" မန်နေဂျာဟူက ပြောလိုက်သည်။ "အဲဒီတုန်းက စေတနာရှင်တချို့က သူ့ကို အလှူငွေတွေ ပေးခဲ့တယ်။ ပြခန်းတခုကလည်း သူ့ရဲ့အနုပညာပြခန်းကို ပံ့ပိုးပေးဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီအချိန်တုန်းက သူတို့တွေက ကျွန်တော်တို့ကို တာဝန်ပေးခဲ့တယ်လေ"

"ဒါနဲ့ ကျွန်တော်လည်း ချန်ဖာနဲ့ အဆက်အသွယ် ရခဲ့တယ်"

"ဒါပေမဲ့ နောက်ဆုံးတော့ ယဲ့အန်းရန်က ပိုက်ဆံတွေကို ယူသွားပေမဲ့ ပြခန်းကိုတော့ မလုပ်ခဲ့ဘူးလေ"

"ပန်းချီပြခန်းပိုင်ရှင်ရဲ့ စကားအရဆိုရင်တော့ သူက ဆရာဝန်နဲ့ သွားပြခဲ့ပြီး နှစ်ဝက်အတွင်း ယွမ်၁သိန်းနီးပါး ကုန်သွားခဲ့တယ်တဲ့။ ကျွန်တော့်အထင် သူ့အခြေအနေကလည်း ပိုပြီးတော့ သက်သာလာ သင့်နေပြီလေ"

"ဒီတော့ နှလုံးရောဂါက အမှန်ပါပဲ။ ဒါပေမဲ့ သူက၂နှစ်ထက်ပိုပြီး နေနိုင်မလားဆိုတာကတော့ မသေချာဘူး" မန်နေဂျာဟူက ပြောလိုက်သည်။ "ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဘယ်သူကမှ အလှူငွေမထည့်တော့ဘူးလေ"

"ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ကြားထားတာလည်း ရှိတယ်။ ချန်ဖာက သူ့ညီလေးရဲ့ရောဂါကို အကြောင်းပြ ပြီးအသနားခံပြီး နေရာတိုင်းက ပန်းချီပြခန်းတွေမှာ နေရာအလကား ရဖို့ လိုက်တောင်းနေတာတဲ့"

"ဒီနေ့လိုပဲ။ ဆရာမလို နာမည်ကြီးတစ်ယောက်ရဲ့ပြပွဲမှာ အခွင့်အရေးတစ်ခု ရနိုင်ခဲ့မယ်ဆိုရင် အနုပညာကို နားမလည်ကြတဲ့ သာမန်လူတွေကတော့ သူတို့ရဲ့ပန်းချီအရည်အသွေးက နည်းနည်းလေး ဆင်တူနေတယ်ဆိုရင်တောင် ပန်းချီကားတွေကို ငွေအများကြီး ပေးပြီး ဝယ်သွားကြမှာလေ"

ကျိုးရွှယ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ပန်းချီကားကို ဖြုတ်ချထားလိုက်ပါ။ ကျွန်တော် သူ့ကို စကား သွားပြောလိုက်မယ်"

နဥ်ရှောက်ယွင်သည် ချန်ဖာ၏ နီရဲနေသည့် မျက်လုံးများကို စဉ်းစားမိလိုက်ပြီး သက်ပြင်းချလိုက်ကာ

"ထားလိုက်ပါလေ။ ကျွန်မ ဒီအတိုင်း စိတ်အေးချမ်းမှုပဲ လိုချင်တာပါ"

သူမသည် ကျိုးရွှယ်ဝမ်၏ လက်မခံနိုင်သည့် အမူအရာကို ကြည့်ကာပြုံးလိုက်၏။

"ကျွန်မအဲဒီလောက်မအသေးပါဘူး။ သူစကားပြောတဲ့အချိန်မှာ သူက အတွေ့အကြုံနုသေးတဲ့ လူတစ်ယောက်ဆိုတာ သိနိုင်ပါတယ်။ တကယ်လို့ သူက လူလိမ်တစ်ယောက် ဆိုရင်တောင် နောက်ဆုံးတော့လည်း ဘာတစ်ခုကိုမှ လိမ်လည်သွားနိုင်မှာ မဟုတ်ဘူးလေ။ ကျွန်မကို ပစ်မှတ်ထားပြီးတော့ သူ ဘာလုပ်ချင်တယ်ဆိုတာကို ကျွန်မ သိပါသေးတယ်"

"တကယ်ပဲ အမှန်ဆိုရင်လည်း ကျွန်မက နေရာတစ်ခု ပေးလိုက်ပြီးပြီလေ။ ဒါက အချိန်အများကြီး မကျန်တော့တဲ့ ကောင်လေးတစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတာက ထိုက်တန်ပါတယ်"

"အခု မန်နေဂျာဟူကလည်း ဒီအကြောင်းကို သိနေတယ်ဆိုတော့ ကျွန်မ စိတ်အေးသွားပါပြီ။ နေရာကိုလည်း ပေးမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ ဒီအတိုင်း ပန်းချီကားကို ချိတ်ဆွဲခွင့် ပေးလိုက်ပါ" နဥ်ရှောက်ယွင်က အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်မရဲ့အနုပညာပြခန်းက အလွယ်တကူ တိုးဝင်လို့ရတဲ့ နေရာမဟုတ်ပါဘူး"

နဥ်ရှောက်ယွင်က အရာအားလုံးကို သိနေသည်ကို တွေ့လိုက်ရသည်အခါ မန်နေဂျာဟူကလည်း ဘာမှထပ်မပြောတော့ချေ။

"ဆရာမရဲ့ပြခန်းကို အနှောင့်အယှက် မဖြစ်အောင် မသိသာတဲ့နေရာတစ်ခုမှာ ချိတ်ဆွဲပေးလိုက်ပါ့မယ်"

နဥ်ရှောက်ယွင်က ခေါင်းညိတ်ပြလိုက်သည်။ "ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်"

ခဏအကြာတွင်တော့ နဥ်ရှောက်ယွင်၏ ဆရာတူ ညီအကိုမောင်နှမများကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ပထမထပ်တွင် ပန်းချီကားများကို ကြည့်ရှုနေကြသည့် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း ကျူးယွင်ဟိုင်နှင့်အတူတူ အပေါ်သို့ ပြေးတက်လာခဲ့ကြ၏။ သူတို့နောက်တွင်တော့ ကျူးယွင်ဟိုင်၏ တပည့်များစွာပါလာခဲ့ပြီး သူတို့သည် ရှောင်ဖုန်း၏ ဆရာတူမောင်နှမများ ဖြစ်လေသည်။

ချန်းချန်းကတော့ နဥ်ရှောက်ယွင်နှင့် ကျိုးရွှယ်ဝမ်တို့ဆီ တိုက်ရိုက်သွားလိုက်သည်။

ရှောင်ဖုန်းကတော့ သူ၏ဆရာတူ အကိုအစ်မများနှင့် ကစားနေသေးသည်။ သူတို့သည် ရှောင်ဖုန်းကို စနောက်ကျီစယ်ရသည်ကို သဘောကျနေဆဲဖြစ်၏။ သူတို့ထဲက တော်တော်များများက လက်ကို ဆန့်ကာ သူ့ကိုပွေဖက်မည့် ဟန်ဆောင်လိုက်သည်။ "လာပါဦး။ ဆရာတူအစ်မကို ပေးဖက်ပါဦး"

"ဆရာတူအစ်ကိုကိုလည်း တစ်ချက်လောက် ပေးချီပါဦး"

ရှောင်ဖုန်းက သူ၏ခန္ဓာကိုယ်လေးကို တွန့်လိမ်ကာ သူတို့လှမ်းဆွဲသည်ကို ရှောင်ရှားဖို့ရန်အတွက် ခြေလှမ်း ၂လှမ်းလောက် မြန်မြန်လှမ်းလိုက်လေသည်။ သို့သော်ငြားလည်း သူသည် နောက်ဆုတ်သည့် အကွာအဝေးတစ်ခုသို့ ရောက်သွားသည့်အချိန်တွင် ရပ်လိုက်ကာ သူတို့ကိုလှည့်ပြီး ပြန်ပြုံးပြလိုက်သေးသည်။

"ဟော ဘယ်လိုစနောက်ရမယ်ဆိုတာတောင်မှ တတ်နေပြီပဲ" တစ်ယောက်က သူ့ကို လှမ်းကြည့်လိုက်ကာ ရှောင်ဖုန်း၏ မျက်လုံးများကလည်း ကွေးတက်သွားတော့သည်။

တစ်စုံတစ်ယောက်ကတော့ သက်ပြင်းချလိုက်၏။ "ကလေးတွေကလည်း ကြီးထွားတာမြန်လိုက်တာ။ လွန်ခဲ့တဲ့၄နှစ်တုန်းက ငါတို့အားလုံးက သူ့ကို ချီချင်လို့ ရန်ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုကျတော့ ငါတို့တွေက သူ့ကို လိုက်ဖမ်းလို့တောင် မမီတော့ဘူး"

ဆရာတူအစ်ကို တစ်ယောက်က ကောင်ကလေးက သူ့ကို သတိမထားမိလိုက်သည့်အချိန်တွင် နောက်ဆုံးတော့ ကလေးကို ကောက်ချီလိုက်လေသည်။ "

ငါတို့တွေ ဖမ်းမမိဘူးလို့ ဘယ်သူပြောလဲ။ အခု ငါတို့တွေ ဖမ်းမိသွားပြီ" သူသည် ထိုသို့ပြောလိုက်ပြီးနောက် ကောင်ကလေး၏ခေါင်းကို အားရပါးရ ပွတ်သပ်လိုက်လေသည်။

တခြားဆရာတူအစ်ကိုနှင့် အစ်မများကလည်း အတူတူစုဝေးလာခဲ့ပြီး ရှောင်ဖုန်းကို ပွတ်သပ် နှိပ်နယ်ပေးကြသဖြင့် ကလေးက တခစ်ခစ်နှင့် ရယ်မောတော့သည်။

ဆရာတူညီအစ်ကို မောင်နှမများအားလုံး အတူတူ စုဝေးကြသည်က ရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ကလေးများကလည်း အလွန်ပျော်ရွှင်နေသည်မှာ သိသာသည်။

နှုတ်ဆက်ဖို့ရန် အပေါ်သို့ တက်လာကြသည့်သူများက ပိုပြီးများလာသည်နှင့်အမျှ စကားပြောပြီးသွားသည့် သူများကလည်း ပန်းချီးကားကို ကြည့်ရှုဖို့ရန်အတွက် အောက်ထပ်ကို ဆင်းသွားခဲ့ကြသည်။

ရှောင်ဖုန်းကတော့ သူ၏ဆရာတူအစ်ကိုအစ်မများနောက် လိုက်ပါသွား၏။ ယခုအချိန်တွင် ကျူးယွင်ဟိုင်သည် သူ့အတွက် လိုအပ်ချက်တစ်ချို့ကို သတ်မှတ်ပေးထားပြီဖြစ်၏။ အနုပညာပန်းချီကားတစ်ခုကို ကြည့်ရှုသည့်အချိန်တွင် သူသည် ကလေးဘဝတုန်းကကဲ့သို့ စိတ်ခံစားချက်အတိုင်း ပန်းချီကားကို ကြည့်ရှုနေ၍ မရတော့ချေ။ သူသည် ပန်းချီကားထဲတွင် သုံးထားသည့် နည်းပညာများကို အသေးစိတ်ရှင်းပြပေးရမည်။

ရှမြန်ကတော့ နားမလည်ချေ။ ထို့ကြောင့် သူမကလည်း သူတို့နောက်သို့ ဒီအတိုင်း လိုက်ပါသွားကာ အပျင်းပြေ ဝင်ရောက်ကြည့်ရှုလိုက်သည်။ သို့သော်ငြားလည်း သူတို့သည် ပန်းချီကားတစ်ချပ်အရှေ့တွင် အချိန်အကြာကြီးနေနိုင်ကြပြီး ဒါက ရှမြန်ကဲ့သို့ ဝါသနာရှင်တစ်ယောက်အတွက် အမှန်ပင် ငြီးငွေ့စရာကောင်းသည်ကို သိရှိလာခဲ့၏။ ထို့ကြောင့် သူမကလည်း သူတို့ဘာသာသူတို့ ကြည့်ပါစေတော့ဟူ၍ ဒီအတိုင်းထွက်လာခဲ့တော့သည်။

သိပ်မကြာခင်တွင် သူမသည် ထောင့်လေးနားသို့ ရောက်လာပြီး ရှမြန်သည် စိတ်အေးသွားကာ သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်သည်။

ဒါသည် နဥ်ရှောက်ယွင်အတွက် သူမ၏ပန်းချီကားများကို ပထမဦးဆုံး ချပြရခြင်းဖြစ်သော်ငြားလည်း သူမသည် အလွန်နာမည်ကြီးနေသည်ကတော့ သိသာသည်။ အချိန်တိုအတွင်းမှာပင် ပြခန်းထဲ၌ လူအများဖြင့် ပြည့်နှက်သွားပြီး ဒီထောင့်လေးတစ်ခုကသာ တော်တော်လေးကို တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်၏။

အကြောင်းမှာ ဒီနေရာတွင် ချိတ်ဆွဲထားသည့် ပန်းချီကားက နှလုံးရောဂါ ခံစားနေရသည့် ပါရမီရှင် လူငယ်ပန်းချီဆရာတစ်ယောက်၏ ပန်းချီလက်ရာများ ဖြစ်နေခြင်းကြောင့်ပင်။

ချန်ဖာရဲ့တွက်ကိန်းကတော့ မှားသွားမှာ စိုးရိမ်မိတယ်။

ရှမြန်သည် ပန်းချီကားအကြောင်းကို နားမလည်ခဲ့ချေ။ သူမသည် သူမရှေ့က ပန်းချီကားကို တစ်ယောက်တည်း ကြည့်ခိုင်းမည်ဆိုလျှင် ဒီပန်းချီကားက တော်တော်လေး ကောင်းမွန်သည်ဟု သူမက ထင်မြင်မိပေလိမ့်မည်။ သို့သော်ငြားလည်း ထိုပန်းချီကားကို နဥ်ရှောက်ယွင်၏ ပန်းချီကားများနှင့် အတူတူ ယှဥ်တွဲထားလိုက်သည့် အချိန်တွင်တော့ ဒါသည် လူသိရှင် ကြားနှိပ်ကွပ်မှုတစ်ခုပင်။

...

အပိုင်း (၂၂၈)

နဥ်ရှောက်ယွင်သည် သူမ၏ပန်းချီပြပွဲက ထိုမျှလောက် ဝင်ရောက်နှောင့်ယှက်ဖို့ရန် လွယ်ကူမှာမဟုတ်ဟု ပြောခဲ့သည်ကလည်း မဆန်းတော့ပေ။ ယခုတော့ ရောင်းဖို့ရန် မပြောနှင့် လာရောက်ကြည့်ရှုသူကပင် မရှိသလောက်ပင်။

သူမ၏စိတ်ထဲတွင် တော်တော်လေး ကျေနပ်သွားတော့သည်။ နဥ်ရှောက်ယွင်က သူမ၏ စိတ်အေးချမ်းမှုအတွက် သူ့ကို ကူညီပေးခဲ့သော်ငြားလည်း စေတနာကို အသုံးချခံခဲ့ခြင်းကတော့ အမြဲတမ်း မသက်မသာ ဖြစ်ရလေသည်။

ရှမြန်က ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် သူမ၏နောက်မှနေ၍ ခြေသံများကို ကြားလိုက်ရပြီး ရှောင်ဖုန်း၏ ခြေသံများဖြစ်သည်။

သူမက ပြုံးကာ ကိုယ်ကိုလှည့်လိုက်၏။ ရှောင်ဖုန်းကလည်း ဝမ်းသာအားရဖြစ်သွားပြီး သူ၏ ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လှမ်းလိုက်၏။ "အန်တီလေး"

ရလဒ်အနေဖြင့် သူသည် ကောင်လေးတစ်ယောက်ကို မတော်တဆ ဝင်တိုက်မိသွားတော့သည်။ တစ်ဖက်လူက အနောက်ဘက်ကို ၂လှမ်းလောက် ဒယိမ်းဒယိုင်ဆုတ်သွားပြီး လဲကျတော့မလို ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က ရှေ့သို့ မြန်မြန်ပြေးလာပြီး သူ့လက်မောင်းကို ဖမ်းဆွဲပေးလိုက်၏။

ရှမြန်သည် အခိုက်အတန့် မှင်တက်အံ့ဩသွားတော့၏။ သူမ၏လက်ဖဝါးအောက်က လက်မောင်းသည် အမှန်ပင် ပိန်လှီလွန်းနေသည်။

သူမသည် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ကောင်ကလေးက ၁၄နှစ်၊ ၁၅နှစ်အရွယ်ထက် မပိုချေ။ မျက်နှာက ဖြူဆုတ်နေပြီး အလွန်ပိန်လှီနေသည့် ခန္ဓာကိုယ်တစ်ခုဖြစ်နေ၏။ သူသည် လေတိုက်လျှင် လွင့်ပါသွားတော့မည်အတိုင်းပင်။ ရှောင်ဖုန်းက ဝင်တိုက်လိုက်သည့်အချိန်တွင် လဲကျတော့မလို ဖြစ်သွားသည်ကလည်း အံ့သြစရာမဟုတ်တော့ပေ။

"တောင်းပန်ပါတယ်ခင်ဗျ" ရှောင်ဖုန်းက ကောင်ကလေးကို မြန်မြန်တောင်းပန်လိုက်၏။ "အစ်ကို အဆင်ပြေရဲ့လား"

ရှမြန်ကလည်း ပြောလိုက်သည်။ "တောင်းပန်ပါတယ်နော်။ ဘယ်လိုနေသေးလဲ"

ကောင်လေး၏ မျက်လုံးများသည် ညှို့မှိုင်းနေလေသည်။ သူသည် သူတို့ကိုပင် မကြည့်ပေ။ သူ့နှုတ်ခမ်းများကိုလည်း တင်းနေအောင် စေ့ထားပြီး ရှမြန်၏လက်ထဲက သူ့လက်မောင်းကို ဆွဲထုတ်လိုက်ကာ လှည့်ထွက်သွားတော့သည်။

ရှောင်ဖုန်းက ကောင်ကလေး၏ကျောပြင်ကို ကြည့်လိုက်ပြီး တော်တော်လေး နားမလည်နိုင်အောင် ဖြစ်သွား၏။ "အန်တီလေး..."

ရှမြန်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ ပြောလိုက်၏။ "ရပါတယ်။ ဒီလောကကြီးထဲမှာ ခွင့်မလွှတ်ချင်ကြတဲ့သူတွေလည်းရှိတယ်။ ပေါင်ပေ့ နောက်ဆိုရင်သတိထားနော်"

ကလေးက ဝမ်းနည်းသွားမှာကို စိုးရိမ်သဖြင့် ရှမြန်က သူ့ကို အနီးအနားက ပန်းချီကားရှေ့သို့ ဆွဲခေါ်သွားလိုက်ကာ မေးလိုက်လေသည်။ "ဒီပန်းချီကားကို ကြည့်ပြီးသွားပြီလား"

ရှောင်ဖုန်း၏အာရုံသည် ပြောင်းလဲသွား၏။ သူက ပန်းချီကားကို မော့ကြည့်လိုက်ကာ ပြောလိုက်သည်။

"သန့်စင်သော အဖြူရောင်နတ်သမီး"

သူသည် ထိုပန်းချီကားကို ကြည့်နေရင်း ရုတ်တရက်ဆိုသလို လက်လှမ်းလိုက်ကာ ရှမြန်၏လက်ကို ဖမ်းဆွဲထားလိုက်သည်။

ဒါသည် ပျော်ရွှင်နေသည့်အချိန် သို့မဟုတ် ဝမ်းနည်းနေသည့်အချိန်တွင် ကောင်ကလေး ပြုမူတတ်သည့် အပြုအမူလေးတစ်ခု ဖြစ်၏။ ယခုအချိန်တွင်တော့ သူ့ခံစားချက်သည် နောက်တစ်ခုဖြစ်နေသည်မှာ ရှင်းလင်းနေသည်။

ရှမြန်ကလည်း မနေနိုင်တော့ဘဲ မော့ကြည့်လိုက်ကာ သူမရှေ့က ပန်းချီကားကို သေသေချာချာလေး ကြည့်လိုက်သည်။ ပန်းချီကားသည် နတ်သမီးလေးပုံတစ်ပုံဖြစ်၏။ သို့သော်ငြားလည်း နတ်သမီးလေး၏ ဆံပင်၊ မျက်တောင်၊ အသားအရေနှင့် အရာအားလုံးက နှင်းလိုဖြူဖွေးနေသည်။ နတ်သမီးလေးသည် အလွန်လှပသော်ငြားလည်း သုံးထားသည့်အရောင်ကတော့ အနည်းငယ် ထူးဆန်းနေလေ၏။

ရှမြန်သည် တခြားဘာတစ်ခုကိုမှ မမြင်ရချေ။

သူမ၏နောက်က လက်ကြီးတစ်ဖက်သည် ရှောင်ဖုန်း၏ပုခုံးပေါ်သို့ တင်လိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။ "ပန်းချီဆရာက ဘာဖြစ်လို့ ဒီလိုအရောင်ကို ရွေးချယ်လဲဆိုတာ မသိပေမဲ့ ဒီပန်းချီရဲ့အလင်း အမှောင်က တကယ်ကို ကောင်းကောင်းမွန်မွန် ဖော်ပြထားတာပဲ"

ထို့နောက်တွင်တော့ သူက ရယ်မောကာပြောလိုက်၏။ "ကြည့်ရတာ သူက ဆေးကို နည်းနည်းလေး နှမြောနေပုံရတယ်"

ရှောင်ဖုန်းက သူ၏ခေါင်းလေးကို မော့လိုက်ကာ "ဆရာ"

ကျူးယွင်ဟိုင်က ပြုံးကာပြောလိုက်သည်။ "ရှောင်ဖုန်းလည်း လူပုံတူပန်းချီကားတွေကို စပြီးဆွဲရတော့မယ်။ ဒီပန်းချီကားထဲမှာ လေ့လာစရာတွေ အများကြီးရှိတယ်"

"ဒီပန်းချီကားက ဆေးကို နည်းနည်းလေး နှမြောနေတယ်လို့ ကျွန်တော်လည်း ထင်တယ်။ ဆေးရောင်ကို ပိုပြီးတော့ နည်းနည်းလေး ထူလိုက်မယ်ဆိုရင် ပိုလှသွားလောက်တယ်"

စွန်းရှုမင်သည် သူ့မေးစေ့ကို ပွတ်သပ်ကာ စဉ်းစဉ်းစားစားဖြင့် ပြောလိုက်၏။

"ဒီပန်းချီဆရာကို ကြည့်ရတာ ပြင်းပြတဲ့ခံစားချက်တစ်ခုကို ဖော်ပြချင်နေတယ်လို့ အမြဲတမ်းခံစားနေရတယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းရည်ကတော့ သိပ်ပြီးမလုံလောက်သေးဘူး..."

ရှောင်ဖုန်းသည် ကြက်ပေါက်ကလေးက စပါးကို ကောက်စားနေသလို ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။ ဆရာတူအစ်မတစ်ယောက်က ကျီစယ်ကာ

ပြောလိုက်၏။ "အစ်ကို့ရဲ့အမြင်အာရုံက မလုံလောက်သေးတာပဲ ဖြစ်ရမယ်။ ကျွန်မတို့ရဲ့ရှောင်ဖုန်းကို ကြည့်လိုက်ပါဦး။ သူက ဒါကိုမြင်နိုင်တယ်လေ"

စွန်းရှုမင်ကလည်း ပြုံးလိုက်ပြီး "ဘယ်သူက ရှောင်ဖုန်းရဲ့မျက်စိကို ယှဉ်နိုင်မှာလဲ။ ခါတိုင်းလိုပဲ ဒီနယ်ပယ်မှာ ရှောင်ဖုန်းကို နိုင်အောင် လုပ်နိုင်တဲ့သူတိုင်းကို ငါက တစ်ပွဲလောက်တော့ ကျွေးလိုက်ပါဦးမယ်"

"ကျွန်မတို့ကို မကျွေးချင်ဘူးဆိုရင်လည်း ဒီအတိုင်း မကျွေးဘူးလို့ ပြောလိုက်ပါ။ ရှောင်ဖုန်းကို အကာအကွယ်အနေနဲ့ မသုံးပါနဲ့"

အားလုံးက ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြ၏။ ရှောင်ဖုန်းကလည်း ခုနကအကြောင်းအရာများကို မေ့လျော့သွားခဲ့ပြီဖြစ်ရာ နောက်ထပ်ပန်းချီကားကို သွားကြည့်ဖို့ရန်အတွက် သူ၏ ဆရာတူအစ်ကိုများနောက် လိုက်ပါသွားလေသည်။

ကလေးက အဆင်ပြေသွားသည်ကို မြင်လိုက်ရသဖြင့် ရှမြန်ကလည်း သူ့ကို နှုတ်ဆက်စကား ပြောလိုက်ပြီး အပြင်ဘက်သို့ထွက်လာခဲ့၏။ နေ့ခင်းဘက်ကျမှ သူ့ကို ပြန်လာကြိုလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ဒီနေရာက ပန်းချီကား အခု၂၀အားလုံးနီးပါးကို ကြည့်ပြီးသွားပြီဖြစ်သဖြင့် ဆက်နေလျှင်လည်း ငြီးငွေ့စရာ ကောင်းလာပေလိမ့်မည်။

သူမသည် အပေါ်ထပ်ဧည့်ခန်းသို့သွားကာ နဥ်ရှောက်ယွင်ကိုလည်း အနှောင့်အယှက် မပေးလိုချေ။ ထို့ကြောင့် သူမက လမ်းမျက်နှာချင်းဆိုင်က ကော်ဖီဆိုင်သို့သွားပြီး နေ့ခင်းဖက် နဥ်ရှောက်ပိုင်ရောက်အလာကို စောင့်ဆိုင်းမည်ဟု ဆုံးဖြတ်လိုက်တော့၏။

လမ်းဘေးက သစ်ပင်ကြီးတစ်ပင်ကို ဖြတ်လျှောက်လာသည့်အချိန်တွင် ရှမြန်သည် ရုတ်တရက်ဆိုသလို သစ်ပင်ကြီးကိုမှီကာ အနားယူနေသည့် ပိန်ပိန်းပါးပါးကောင်လေးတစ်ယောက်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။

မကြာမီတွင် ကောင်လေးတယောက်သည် အုတ်ခဲ၂လုံးကိုယူလာကာ ဘောင်ပေါ်တွင်ချလိုက်ပြီး ကောင်လေးကို ပြောလိုက်၏။ "ဒီမှာထိုင်"

မနက်ခင်းက နှိမ့်နှိမ့်ချချ အကူအညီတောင်းခဲ့သည့် ချန်ဖာဖြစ်နေသည်။ သို့သော်ငြားလည်း သူသည် ဒီတကြိမ်တွင်တော့ လုံးဝကိုကွာခြားနေ၏။ သူက ရင်ကိုဖွင့်ထားကာ ၀င့်ကြွားစွာ ပြောလေသည်။

"ဒီတခါ ငါတို့တွေတော့ ချမ်းသာတော့မယ်"

"ဆရာမချင်းယွင်က အရမ်းတော်တာပဲဆိုတာကို ငါ အခုမှ သိလိုက်ရတာ။ ဒါက သူ့ရဲ့ပထမဦးဆုံး ပန်းချီပြပွဲဆိုပေမဲ့ လူတွေအများကြီးက သူ့ရဲ့ပန်းချီကားလက်ရာကို လာပြီးစုဆောင်းဖို့ အသင့်ဖြစ်နေကြတယ်လေ"

"လွန်ခဲ့တဲ့၄နှစ်တုန်းက သူ့ပန်းချီကားတွေထဲက တစ်ခုကိုတောင် လေလံစျေး ၈သိန်းခွဲနဲ့ ရောင်းချခဲ့တာ။ ဒါက သူ့စိတ် ပြောင်းလဲပြီး သွားတဲ့နောက်မှာ ပထမဦးဆုံးဖန်တီးထားတဲ့ ပန်းချီကားတစ်သုတ်ပဲ။ အဲဒါတွေက အရမ်းကိုတန်ဖိုးရှိပြီး ငါ့အထင်တော့ ပန်းချီကားတစ်ချပ်ကို ယွမ်၁သန်းကနေ စမယ်ထင်တယ်"

ဆယ်ကျော်သက်လေးက ရုတ်တရက် မေးလိုက်သည်။ "အသိမိတ်ဆွေတစ်ယောက်က မင်းကို ကူညီခဲ့တာလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ မင်းရဲ့အသိမိတ်ဆွေက ဆရာမချင်းယွင်က အဲဒီလောက် နာမည်ကြီးတာကို မသိဘူးလား"

ချန်ဖာသည် ခဏလောက် တုံ့ဆိုင်းသွားကာ ပြောလိုက်၏။

"ငါ မမေးခဲ့တာကရော အဆင်မပြေလို့လား။ ငါက သူ့ကို ပန်းချီကားလေးပဲ ချိတ်ဆွဲဖို့ တောင်းဆိုခဲ့တာလေ။ သူကလည်း အဲဒီလိုလုပ်ပေးမယ်လို့ ပြောခဲ့တာပဲ။ ဒီနေ့ လူတွေအများကြီး ရောက်လာကြတာကိုမြင်မှ ပုံမှန်မဟုတ်ဘူးဆိုတာကို သိလိုက်ရတာ။ ဒါကြောင့် ငါလည်း မေးကြည့်ပြီးမှ သိသွားတာ။ ဘာဖြစ်လို့လဲ။ အဆင်မပြေလို့လား"

ဆယ်ကျော်သက်လေးက ခေါင်းကိုငုံ့ထားလိုက်ကာ ဘာမှမပြောတော့ချေ။

ချန်ဖာကလည်း ထိုကိစ္စကို ဂရုစိုက်မနေဘဲ ဝမ်းသာအားရ ပြောလိုက်တော့၏။

"ဘုရားရေ။ ဒီနေ့ လာလည်ကြတဲ့ လူအရေအတွက်က တခြားလူတွေရဲ့ တစ်ပတ်စာလူအရေအတွက် နီးပါးလောက်ရှိတယ်။ တကယ်လို့မင်းသာ မင်းရဲ့ပန်းချီကားတွေကို အဲဒီမှာ ချိတ်ဆွဲထားမယ်ဆိုရင် ပြောလို့မရဘူး။ အမြင်ရှိတဲ့ တစ်စုံတစ်ယောက်က အဲဒါတွေကို ယွမ်သိန်းချီနဲ့ ဝယ်ယူသွားလောက်တယ်"

သူက အသံအကျယ်ကြီး အော်ရယ်လိုက်ပြီးနောက် ပိုပြီးလက်တွေ့ကျသည့် တစ်စုံတစ်ခုကို ပြောလိုက်လေသည်။

"ပန်းချီကားကို မရောင်းရလည်း ကိစ္စမရှိပါဘူး။ ဒါက ဆရာမချင်းယွင်ရဲ့ ပန်းချီကားတွေနဲ့ အတူတူ ချပြခဲ့တဲ့ ပန်းချီကားတစ်ချပ်ပဲလေ။ တကယ်လို့ တခြားပြခန်းတွေမှာ သွားချိတ်ထားမယ်ဆိုရင် ယွမ်၃၊ ၄ထောင်လောက်နဲ့ သေချာပေါက် ရောင်းရလိမ့်မယ်"

ဆယ်ကျော်သက်လေးက စကားမပြောသေးသော်ငြားလည်း သူ့မျက်လုံးများကတော့ သုန်မှုန်လို့နေ၏။

"ငါမေ့တော့မလို့" ချန်ဖာသည် သူ့ရင်ဘတ်ထဲက သံဘူးဟောင်းတစ်ခုကို ထုတ်ယူလာခဲ့၏။ အထဲတွင်တော့ ရေဖြည့်ထားပုံ ရသည်။ ထို့နောက်တွင်တော့ သူ့အိတ်ကပ်ထဲက အဖြူရောင်စာအိတ်တစ်ခုကို ဆွဲထုတ်လာကာ ဆယ်ကျော်သက်လေးကို လက်လှမ်းပေးလိုက်သည်။ "ဆေးသောက်ရမဲ့အချိန်ပဲ။ ရေနွေးနေတုန်း မြန်မြန်သောက်လိုက်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ခဏနေ ရေအေးသွားလိမ့်မယ်"

ဆယ်ကျော်သက်လေးက မျက်နှာသေဖြင့် ဆေးကိုလှမ်းယူလိုက်ပြီး စက္ကူအိတ်ကို ဖွင့်လိုက်ကာ ပါးစပ်ထဲသို့ ဆေး၁၀လုံးကျော်ကို အကုန်ထည့်လိုက်လေသည်။ သူသည် တစ်ခုခုနှင့် အပြိုင်အဆိုင် လုပ်နေသည့်နှယ် ရေပင်မသောက်ဘဲ အခြောက်အတိုင်း ဝါးစားလိုက်၏။

ရှမြန်သည် သူ့အတွက် စိတ်မကောင်းဖြစ်သွားကာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်ထားမိတော့သည်။

ချန်ဖာက ရေခွက်မြန်မြန်လှမ်းပေးလိုက်ကာ ပြောလိုက်၏။ "မင်းရူးနေလား။ ဆေးသောက်ရင်းနဲ့ နင်သွားဦးမယ်။ ရေမြန်မြန်သောက်လိုက်"

ကောင်ကလေးက ရေကိုလှမ်းယူလိုက်ပြီး ဆေးကိုမျိုချလိုက်သည်ကို မြင်လိုက်သည့်အခါ ချန်ဖာက တီးတိုး ရေရွတ်လိုက်၏။ "တကယ်တမ်းကျတော့ မင်းရဲ့အဲဒီမစို့မပို့ ပန်းချီကားဟောင်း၂ချပ်ကို ရောင်းချလိုက်လို့ရတယ်"

"အဲဒီသူဌေးတွေက တစ်ခါတစ်လေ ပရဟိတလေလံပွဲတွေ လုပ်ကြတယ်လေ။ အဲဒီလိုနေရာမျိုးမှာ သူတို့တွေက ပန်းချီကားရဲ့အရည်အသွေးကို လုံးဝဂရုစိုက်ကြတာ မဟုတ်ဘူး။ သူတို့တွေက ဘယ်သူ့မှာ ပိုက်ဆံပိုများလဲဆိုတာကိုပဲ ယှဉ်ပြိုင်ချင်ကြတာ"

"အဲဒီအလုပ်ကို လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ငါတို့တွေ သူ့ကို လုပ်ခိုင်းရအောင်လေ။ ပြီးရင် ငွေတစ်ဝက်ကို ခွဲယူကြမယ်။ ငါတို့တွေအနည်းဆုံးတော့ ယွမ်၈သောင်းလောက် ရနိုင်တယ်"

လူငယ်လေးသည် ရုတ်တရက် အသည်းအသန် ချောင်းဆိုးလာပြီး သူ၏ဖြူဆုပ်နေသည့်မျက်နှာက နီရဲသွားကာ ချန်ဖာကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။ "အသုံးမဝင်တဲ့ လက်ရာတစ်ခုကို ရောင်းမှာမဟုတ်ဘူး"

"အေးပါ။ မရောင်းဘူး မရောင်းဘူး" ချန်ဖာသည် သူ့ကို မြန်မြန်လေး တည်ငြိမ်သွားအောင် လုပ်ပေးလိုက်ပြီး "ငါက ဒီအတိုင်း စကားအဖြစ်ပြောတာပါ။ မင်းက ဘာဖြစ်လို့အဲဒီလောက် စိတ်လှုပ်ရှားနေတာလဲ"

လူငယ်လေးက စိုက်ကြည့်လာသည်ကို မြင်လိုက်သည့်အခါ သူသည် စကားလမ်းကြောင်း ပြောင်းလိုက်တော့၏။ "ဒါဆိုရင်လည်း နောက်ထပ်ပန်းချီကားတစ်ခု မြန်မြန်ဆွဲလိုက်လေ"

"နောက်လကျရင် ပန်းချီဆရာအသစ်တစ်ယောက်က ရှီလိပြခန်းမှာ တစ်ကိုယ်တော်ပြပွဲ လုပ်လိမ့်မယ်။ ငါ မင်းအတွက် နေရာတစ်ခုလောက် ယူပေးနိုင်ပါတယ်"

ကောင်လေးက မျက်လွှာချထားလိုက်ပြီး "ဘာဖြစ်လို့လဲ။ အဲဒီပြခန်းမှာ မင်းရဲ့အသိမိတ်ဆွေတွေ ရှိနေပြန်ပြီလား"

ချန်ဖာက သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ ဝင့်ကြွားသည့်လေသံဖြင့် ပြောလိုက်၏။ "ဒါပေါ့။ ငါ ဒီကိုရောက်လာတာ ၃နှစ်လောက် ရှိသွားပြီလေ။ ငါ့ရဲ့ကျွမ်းကျင်မှုနဲ့ဆိုရင် ဒီနေရာမှာ ငါသိတဲ့လူတစ်ယောက်တော့ သေချာပေါက်ရှိမှာပဲ"

"စိတ်မပူပါနဲ့။ မင်းသာ ပန်းချီကားတစ်ခုကို ဆွဲနိုင်တယ်ဆိုရင် ငါက မင်းအတွက် အဲဒီနေရာကို စီစဉ်ပေးမှာပါ"

လူငယ်လေးသည် ခေါင်းကိုမော့လိုက်ကာ ရေနည်းနည်း သောက်လိုက်ပြီးနောက် သူ့ပါးစပ်ထဲတွင် ကျန်နေသည့် ဆေးအားလုံးကို မျိုချလိုက်လေသည်။ သူက ထရပ်လိုက်ပြီး ပြခန်းရှိရာဘက်သို့ ကြည့်လိုက်ကာ ထွက်သွားတော့၏။

ချန်ဖာကတော့ သူ၏စိတ်အခြေအနေ မတည်ငြိမ်ပုံကို လုံးဝအသားကျနေနှင့်ပြီးသားဖြစ်ကာ အံ့ဩမနေတော့ချေ။ သူက ကောင်လေး၏ကျောပြင်ကို ကြည့်ကာပြောလိုက်၏။ "ဘယ်မှ လျှောက်မသွားနဲ့နော်။ အိမ်ကိုတန်းတန်းပြန်"

ရှမြန်သည် ကောင်လေး၏ ကျောပြင်ကို ကြည့်ကာ ကြိတ်ပြီးသက်ပြင်းချမိတော့၏။ နေ့ရက်များကို နောက်ပြန်ရေတွက်ပြီး အသက်ကို နောက်ပြန်ရေတွက်နေရသည့် ခံစားချက်မျိုးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးချေ။ သူမသည် တစ်ဖက်လူ၏လုပ်ရပ်ကို ဝေဖန်ပိုင်ခွင့်လည်းမရှိပေ။

တချို့သူများကတော့ သေရမည်ဆိုလျှင်ပင် ဂုဏ်သိက္ခာရှိရှိဖြင့် သေချင်ကြသည်။ တခြားသူများကတော့ အသက်ရှင်နေထိုင်ဖို့ရန်အတွက် သူတို့၏ဂုဏ်သိက္ခာကို စွန့်လွှတ်ဖို့ ရွေးချယ်ကြသည်။

ဘယ်ဟာက အမှန်အမှားကိုတော့ သူမကိုယ်တိုင်လည်း မသိတော့ချေ။

ရှမြန်သည် သူတို့နှင့် ရေစက်ဆုံရုံလေး တွေ့ဆုံကြသည်ဟု စဉ်းစားလိုက်မိသည့်အချိန်တွင်တော့ ထိုလူငယ်လေးကို သိပ်မကြာခင် ထပ်ပြီးတွေ့ဆုံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားမိချေ။

ထို့အပြင် ဒီတစ်ကြိမ်တွင်တော့ သူသည် ရှောင်ဖုန်းကို အသုံးချနေလေသည်။

...

All Chapters