← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အပိုင်း (၂၂၉)

သူမသည် ကျောင်းပိတ်ရက်အိမ်သို့ ပြန်လာသည့်အချိန်တွင်တော့ ဒေါ်ဒေါ်ဝေသည် ရှောင်ဖုန်းကို သတိထားဖို့ရန် ရှမြန်အား အထူးတလည် သတိပေးလေသည်။

သူနှင့် ချန်းချန်းတို့သည် နည်းနည်းလေး မူမမှန်ဖြစ်နေကြ၏။ သူသည် နေ့တိုင်းဆိုသလို ထူးထူးဆန်းဆန်း ပြုမူနေတတ်ကာ နေ့ခင်းဖက် ကျောင်းဆင်းလာပြီး နောက်တွင်လည်း မည်သည့်နေရာတွင် သွားကစားသည်ကို မည်သူကမှ မသိကြချေ။ သူသည် အမြဲတမ်း မှောင်လာမှ အိမ်သို့ ပြန်လာတတ်သည်။

လူကြီးများကလည်း လက်တလောတွင် အလွန် အလုပ်များနေကြသည်။ နဥ်ရှောက်ပိုင်နှင့် ကျိုးရွှယ်ဝမ်တို့ နှစ်ယောက်စလုံးသည် အလုပ်ခရီးသွားနေကြပြီး ရှဝမ်ယွဲ့၏မိသားစုတို့ကတော့ ပြောရန်ပင် မလိုချေ။ မောက်ဟွေ့ကျူးကပင် ရုပ်ရှင်ရိုက်ရန် ခွင့်ယူကာ မောက်ကျစ်ရှန်းနောက် လိုက်သွားခဲ့သည်။ ထို့ကြောင့် အိမ်တွင် လူမရှိသလောက်ပင်။

ထို့ကြောင့် ရှမြန်က ကျောင်းသွားရသည့်အချိန်တွင် ရှောင်ဖုန်းက ချန်းချန်းနှင့်အတူ နဥ်ရှောက်ယွင်၏ အိမ်တွင် သွားနေရသည်။

နဥ်ရှောက်ယွင်ကလည်း လက်တလောတွင် သူမ၏အနုပညာပြခန်းနှင့် အလုပ်များနေခဲ့၏။ ထို့ကြောင့် ကလေးနှစ်ယောက်ကို ဒီအတိုင်း လွှတ်ထားရတော့သည်။

အစပိုင်းတွင်တော့ ဒေါ်ဒေါ်ဝေသည် ထိုကိစ္စကို သိပ်ပြီးဂရုမစိုက်မိချေ။ နောက်ဆုံး သူတို့သည် အသက်၁၀နှစ် ပြည့်ကြတော့မည်ဖြစ်ရာ ဒီအသက်အရွယ်သည် အဆော့သန်ကြသည့် အရွယ်လည်းဖြစ်သည်။ သို့သော်ငြားလည်း ကလေးနှစ်ယောက်စလုံးက ငွေကို သုံးဖြုန်းသည့်နေရာတွင် တော်တော်လေး များပြားလာသည်ကို သတိထားမိလိုက်၏။

ရှောင်ဖုန်းတစ်ယောက်က ငွေမက်လွန်းသူဖြစ်၏။ သို့သော်ငြားလည်း ချန်းချန်းတစ်ယောက်ကလည်း ငွေမရှားချေ။ ထို့ကြောင့် လူကြီးများက နှစ်တိုင်း နှစ်သစ်ကူးမုန့်ဖိုးများကို မသိမ်းဆည်းကြပေ။ သူတို့သည် ကလေးများကို ကိုယ်တိုင် သိမ်းဆည်းခိုင်းထားပြီး လိုအပ်သည့်အချိန်ကျမှသာ သုံးခွင့်ပေးသည်။

သို့သော်ငြားလည်း ရှောင်ဖုန်းသည် ယခုအချိန်အထိ သူ၏မုန့်ဖိုးများကို တော်ရုံတန်ရုံ သုံးတတ်ခဲ့သူ မဟုတ်ချေ။

"ရှောင်ဖုန်းရဲ့ပန်းချီပစ္စည်းတွေ" ဒေါ်ဒေါ်ဝေသည် နဥ်ရှောက်ယွင်နှင့် အချိန်အကြာကြီး နေလာခဲ့သဖြင့် ပန်းချီပစ္စည်းကိစ္စကိုတော့ အနည်းအကျဥ်း သိလေသည်။ သူမက ပြောလိုက်၏။ "သူ့ရဲ့မုန့်ဖိုးကို သုံးပြီး ပန်းချီပစ္စည်းတွေကို မှာနေတာ တွေ့ရတယ်"

"နင် သူ့ရဲ့ပစ္စည်းကို လုံလောက်အောင် ဝယ်ထားပေးတယ် မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီးတော့ မလောက်ငှဘဲ ရှိမှာလဲ"

ရှမြန်သည် ရှောင်ဖုန်းကို လုံးဝစိတ်အားမငယ်စေချင်သဖြင့် သူမ ဝယ်ပေးထားသည့် ပစ္စည်းများအားလုံးကလည်း အလွန်ကောင်းမွန်ပြီး စျေးကြီးသည်။

သို့သော်ငြား နောက်ဆုံးရှောင်ဖုန်းက ငယ်ရွယ်သေးသည် ဖြစ်သဖြင့် သုံးစွဲမှုပမာဏကလည်း သိပ်မများပေ။

ရှမြန်သည် ကိစ္စကတော့ ဖြေရှင်းဖို့ရန် အချိန်တစ်ခုလောက် ပေးရမည်ဟု စဉ်းစားနေစဉ်မှာပင် အမှန်တရားသည် နောက်တစ်နေ့တွင် ပေါ်ထွက်လာခဲ့သည်။

သေသေချာချာ စောင့်ကြည့်ဖို့ရန်ပင် မလိုအပ်ခဲ့ချေ။ ရှောင်ဖုန်းက တစ်ခုခု မူမမှန်ဖြစ်နေသည်မှာ သိသာနေသည်။

ပါမောက္ခကျူးက ဒီတစ်ပတ်တွင် အလုပ်ရှိသဖြင့် ရှောင်ဖုန်းကို အိမ်စာသာပေးထားပြီး အနုပညာကျောင်းသို့ မသွားခိုင်းသည့် အကြောင်းကို ဖုန်းဆက် အကြောင်းကြားလာခဲ့သည်။ သို့သော်ငြားလည်း ကလေးကတော့ သူ၏ကျောင်းလွယ်အိတ်လေးကို ထုပ်ပိုးကာ သူ၏ပန်းချီကားချပ်နှင့် ပန်းချီစာရွက်များကို ပြင်ဆင်နေခဲ့ဆဲ ဖြစ်သည်။

"သားရဲ့ဆရာ ကျောင်းမှာ မရှိဘူးလေ" ရှမြန်က သတိပေးလိုက်သည်။

ရှောင်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "သားက ပန်းချီဆွဲဖို့ ဆရာတူအစ်ကိုရဲ့ စတူဒီယိုကို သွားချင်လို့ပါ။ အဲဒီမှာ အစ်ကိုအစ်မတွေ အများကြီးရှိတယ်လေ။ အရမ်း ပျော်စရာကောင်းတယ်"

အမလေးနော်။ ပန်းချီဆွဲနေတဲ့အချိန်မှာ အရမ်းကို အာရုံစိုက်နေလွန်းလို့ တကယ်ပျော်စရာကောင်းလား မကောင်းဘူးလားဆိုတာကိုတောင်မှ သတိမထားမိတတ်ပဲနဲ့။

ရှမြန်သည် စိတ်ထဲတွင် သက်ပြင်းချမိတော့၏။ ကလေးများကပင် သူတို့၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ငယ်လေးများ ရှိနေကြသည်။

နေ့လယ်စာ စားပြီးသွားသည့်နောက်တွင် သူမက စက်ဘီးတစ်စီးဖြင့် သူ့ကို အနုပညာကျောင်းသို့ လိုက်ပို့ပေးလိုက်တော့၏။ ရှောင်ဖုန်း၏လေးလံလှသည့် ကျောင်းလွယ်အိတ်လေးကို လွယ်ပေးရင်း ရှမြန်က မသိမသာ မေးလိုက်သည်။ "သားက ပန်းချီစာရွက်နဲ့ ပန်းချီဆေးတွေကို အများကြီး သုံးရတာလား"

ရှောင်ဖုန်းက ခေါင်းညိတ်ပြသည်။

ရှမြန်က ထပ်မေးလိုက်၏။ "ဘာဖြစ်လို့ သကြားလုံးတွေ အများကြီး ထည့်လာတာလဲ"

ကလေးသည် နို့သကြားလုံး စားရသည်ကို အလွန် ကြိုက်နှစ်သက်လေသည်။ သူသည် ကလေးဘ၀က ဆာလောင်ငတ်မွတ်ခဲ့ရသဖြင့် အစားအသောက်ကို အလွန်ခုံမင်သည်။ ရှမြန်သည် အစတုန်းကတော့ သူက ကိုယ့်ဟာကိုယ် ထိန်းချုပ်မှုမရှိမှာ စိုးရိမ်ခဲ့သေးသည်။ သို့သော်ငြားလည်း သူ၏ကလေးဘဝ အတွေ့အကြုံကြောင့် ကလေးကလည်း သူမ၏စကားကို အလွန်နားထောင်လေသည်။

ရှမြန်က သူ့ကို တစ်နေ့၂လုံးသာစား ရမည်ဟုဆိုလျှင် သူကလည်း ၂လုံးသာ စားသည်။ ထို့ကြောင့် ရှမြန်သည် တစ်လတစ်ကြိမ် သူ၏သကြားလုံးဘူးလေးကို ပြန်ဖြည့်ပေးရ၏။ ဒီနှစ်တွင် ဒါသည် အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ နို့သကြားလုံးလေးသည် တင်းစီကျင်းမိသားစုအတွက် အခက်အခဲဆုံး လများအတွင်းမှာသာ မြန်မြန်ကုန်ဆုံးသွားခဲ့သည်။ သို့သော်ငြားလည်း ယခုအချိန်လောက်တော့ မမြန်ဆန်ခဲ့ပေ။

ဒီတစ်လတွင် ၁၀ရက်ပင် မပြည့်သေးချေ။ သကြားလုံးဘူးလေးက တစ်ဝက်ကျော်ကျော် ကုန်သွားပြီ ဖြစ်သည်။

"သားက အဲဒါကို မစားချင်ပါဘူး။ အစ်ကိုလေးကို ပေးမလို့" ရှောင်ဖုန်းက ပြောလိုက်ပြီး သူ့ပါးစပ်ကို ဟပြလိုက်ကာ ရှမြန်ကို တစ်ချက် ကြည့်ခိုင်းလိုက်သည်။ "သွားပိုးစားတာ မရှိပါဘူး"

ရှမြန်...

ဒီကောင်ကလေးကတော့ အရေးကြီးတဲ့ကိစ္စကို ရှောင်လွှဲတတ်နေပြီပဲ။

သူသည် လူများ၏စိတ်ခံစားချက်ကို အလွန်သိတတ်ပြီး အလွယ်တကူ လှည့်စားခံရမည်မဟုတ်မှန်း သိနေသော်ငြားလည်း ရှမြန်သည် သူ့ကို လိုက်ပို့သည့်အချိန်တွင် လူများကို ကူညီသည့်အခါ မိမိ၏ လုပ်နိုင်စွမ်းရည်အတွင်းမှသာ ကူညီသင့်သည် ဟူသည့်အကြောင်းကိုလည်း ပြောပြရသေးသည်။

"ဥပမာ တကယ်လို့ အန်တီလေးက သားကို တစ်လစာ ချိုချဉ်တစ်ထုပ် ဝယ်ကျွေးခဲ့တယ် ဆိုပါစို့။ သားရဲ့အမြင့်ဆုံး လုပ်နိုင်စွမ်းက ဒီတစ်လအတွက် သကြားလုံး မစားရရုံပဲ။ တခြားသူတွေကို အားလုံး ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ တကယ်လို့ သားက အန်တီလေးကို သကြားလုံး ထပ်ဝယ်ခိုင်းမယ်ဆိုရင်တော့ ဒါက သားရဲ့အကူအညီ မဟုတ်တော့ဘူး။ အန်တီလေးရဲ့ အကူအညီ ဖြစ်သွားပြီ။ နားလည်လား"

ရှောင်ဖုန်းက ခေါင်းညိတ်ပြသည်။

"ဥပမာ တကယ်လို့ တစ်စုံတစ်ယောက်က သားရဲ့ပန်းချီဆွဲစက္ကူ၊ စုတ်တံနဲ့ဆေးတွေကို အကူအညီ လိုလာခဲ့တယ်ဆိုရင် သားက သူတို့တွေကို နည်းနည်းပါးပါး ဝေမျှပေးလိုက်လို့ရတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကတော့ ပန်းချီမဆွဲနိုင်တော့တဲ့အထိ တခြားသူတွေကို အားလုံးကို ပေးလိုက်တာကတော့ မှန်ကန်တဲ့အလုပ် မဟုတ်ဘူးနော်"

"တကယ်လို့ တစ်ယောက်ယောက်ကသာ သားကို အဲဒီလို လုပ်ခိုင်းမယ်ဆိုရင်တော့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက် ရှိနေလို့ပဲ"

ရှောင်ဖုန်းသည် စက်ဘီးရှေ့က ဘားတန်းပေါ်တွင်ထိုင်ပြီး ရှမြန်ကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့် ပြောလိုက်၏။ "အန်တီလေး သား သိပါပြီ"

စတူဒီယိုတံခါးရှေ့သို့ ရောက်လာသည်တွင် ရှမြန်ကသူ့ကို ကျောင်းလွယ်အိတ်နှင့် ပန်းချီကားချပ်ကို လှမ်းပေးလိုက်၏။ "ညနေ့ခင်းကျရင် အန်တီလေးသားကို လာကြိုရမလား"

"မလိုပါဘူး"ရှောင်ဖုန်းက ခေါင်းခါပြလိုက်ပြီး "ကိုကိုချန်းချန်းက သားကို လာခေါ်မှာ။ သားတို့တွေ အတူတူပြန်ကြမှာ။ အန်တီလေး အန်တီလေး ပြန်သွားပြီးတော့ လုပ်စရာရှိတာ လုပ်တော့နော်"

ရှမြန်...

ဘာကြောင့်မှန်းမသိဘူး။ ရှင်းမပြတတ်တဲ့ ဝမ်းနည်းစိတ်တစ်ခု ခံစားလိုက်ရသလိုပဲ။

သူ့မှာ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေ ရှိလာတဲ့အပြင် သူမကိုတောင်မှ အရင်တုန်းကလို တွယ်ကပ်မနေတော့ဘူး။ အရင်တုန်းကဆိုရင် သူမဘေးမှာနေရုံနဲ့တင် အရမ်းကို ပျော်နေတတ်ခဲ့တာပဲ။

ရှမြန်သည် သက်ပြင်းချလိုက်ပြီး ကျောင်းဝန်းကို တစ်ပတ်လောက် စက်ဘီးပတ်စီးလိုက်ပြီးနောက်တွင် စတူဒီယိုဆီသို့ ပြန်လာခဲ့၏။

သူမသည် ဝမ်းနည်းနေလျှင်ပင် ကလေးကိုတော့ ဂရုစိုက်ရပေဦးမည်။ သူမသည် ကလေးကို နေရာတစ်ခု ပေးဖို့ရန်လည်း လိုလားသည်။ သို့သော်ငြားလည်း မရှိမဖြစ် လိုအပ်ချက်တစ်ခုမှာ သူမသည် သူ၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကို သေချာအောင် ပြုလုပ်ပေးရမည်။ ထိုမှသာ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သူမကလည်း သိနိုင်ပေမည်။

ကံကောင်းချင်တော့ စတူဒီယိုခန်းသည် ပထမထပ်တွင်ရှိ၏။ ရှမြန်သည် နံရံနားတွင် ကပ်ကာ မှန်ထဲကတစ်ဆင့် အတွင်းဘက်က ဖြစ်ပျက်နေသည့် အခြေအနေများကို တိတ်တိတ်လေး အကဲခတ်နိုင်သည်။

လဝက်စာမေးပွဲ နီးကပ်လာပြီဖြစ်သဖြင့် ကျောင်းပိတ်ရက် ဖြစ်နေသည့်တိုင် စတူဒီယိုထဲတွင် ကျောင်းသားများအပြည့် ဖြစ်နေသေးသည်။ သို့သော်ငြားလည်း သူတို့ထဲကတချို့ကတော့ ပင်ပန်းနွမ်းနယ်နေဟန်တူပြီး တချို့သူများကတော့ စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေ၏။ အနည်းအကျဉ်းကသာ ပုံမှန်အခြေအနေ ဖြစ်နေကြသည်။

အတန်းခေါင်းဆောင် ဝေယွမ်ဟန်က ရှောင်ဖုန်းကို မြင်လိုက်သည့်အချိန်တွင် သူက သူ့ကို ကောက်ချီလိုက်ကာ ပြောလိုက်၏။ "အိုး ပန်းချီနတ်ဘုရားလေး။ ဒီနေ့လည်း အစ်ကိုတို့တွေကို ဆုတောင်းပေးဖို့ အထူးတလည် ရောက်လာခဲ့တာလား"

ထို့နောက်တွင်တော့ သူသည် ကလေးကို စင်မြင့်ပေါ်က ခုံတစ်လုံးပေါ်တွင် ချထားပေးလိုက်ပြီး သူ့အား ပေါင်မုန့်လေးတစ်လုံး လှမ်းပေးလိုက်ကာ ပြောလိုက်သည်။ "လာ လာ။ ပန်းချီနတ်ဘုရားလေး အစ်ကို့ကို ကြည့်ရှု့စောင်မပေးပါဦး။ အစ်ကို့ရဲ့ပုံကြမ်းလေးကို အောင်မြင်အောင် ဆုတောင်းပေးပါ"

အားလုံးကလည်း ချက်ချင်းဆိုသလို နားစွင့်ထားလိုက်ကြကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်ကြလေသည်။ "ဟာ ငါ ဒီနေ့ သကြားလုံး ယူလာမိလား"

"ဟားဟား ငါကတော့ ချောကလက်တစ်လုံး တွေ့ပြီ"

"ငါလည်း ချောကလက်ပဲ"

"မဖြစ်ဘူး။ ပူဇော်ပသရုံနဲ့ အလုပ်မဖြစ်ဘူး။ ပစ္စည်းပြောင်းမှ ဖြစ်မယ်"

"ပြောင်းရမှာပေါ့။ အာ မင်းက အရမ်းလည်တာပဲ။ ငါ အရင်ဆုံးလေ"

စတူဒီယိုသည် ရုတ်တရက် အသက်ဝင်လာခဲ့ပြီး ကျောင်းသား ကျောင်းသူများကလည်း သူတို့၏ဘယ်ဘက် ညာဘက်က ပစ္စည်းများကို ဟိုစမ်းဒီစမ်းလုပ်ရင်း အငြင်းအခုံဖြစ်ရင်း ဆော့ကစားနေကြကာ ပူဇော်ပသသည့်ပစ္စည်းများကို မတူညီအောင် ကြိုးစားနေကြလေသည်။

ရှမြန်သည် ကြည့်ရင်းနှင့်မှ ရယ်မောမိတော့၏။ စွန်းရှု့မင်က ရှောင်ဖုန်းသည် သကြားလုံး အများကြီး စားပြီး သွားကိုက်သွားလျှင်တော့ ဆိုးရွားတော့မည်ဟု စိုးရိမ်စိတ်ကို ဖော်ပြခဲ့သဖြင့် သူတို့က မုန့်အမျိုးအစားများကို ပိုပြီးတော့ ထည့်ပေးလာကြတော့သည်။

၁၀မိနစ် ကျော်သွားပြီးသည့်နောက်တွင် ၀ရုန်းသုန်းကား ဆုတောင်းနေသူများသည် ပြီးမြောက်သွားကြ၏။ အားလုံးကလည်း ပိုပြီးသတိရှိလာကြကာ နောက်ဆုံးတော့ စိတ်အေးလက်အေးဖြင့် ပန်းချီစတင်ဆွဲသွားကြတော့၏။

ရှောင်ဖုန်းက အရသာရှိသည့် အစားအသောက် အပြည့်ထည့်ထားသည့် အိတ်တစ်လုံးကို သယ်ကာ စာသင်ခန်း၏ အနောက်ဘက်သို့ လျှောက်သွားလိုက်၏။

ဝေယွမ်ဟန်က သူ့အတွက် ပန်းချီထောက်တိုင်တစ်ခုကို ထောင်ထားပြီးသားဖြစ်သည်။

ရှောင်ဖုန်းသည် ထိုင်ချလိုက်ပြီးနောက်တွင် ပန်းချီကို အာရုံတစိုက် မရှိနေချေ။ ပန်းချီဆွဲသားနေရင်းက သူသည် တံခါးအပြင်ဘက်သို့ ဆက်တိုက်ဆိုသလို ကြည့်နေ၏။

ခဏအကြာတွင်တော့ ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်က လျှောက်ကာဝင်လာခဲ့သည်။ ယဲ့အန်းရန်။

ကောလိပ်တွင် တခါတစ်ရံ အခမဲ့ တက်ရောက်သူများလည်း ရှိသည်။ အကယ်၍ တစ်ဖက်လူက သင်ယူရာမှာ ကြိုးစားခဲ့လျှင် ဆရာကလည်း တွေဝေမနေဘဲ သဘောထားကြီးကြီးဖြင့် သင်ပြပေးကြသည်။ ယဲ့အန်းရန်ကလည်း သူတို့ထဲက တစ်ယောက်ဖြစ်မည်။

သို့သော်ငြားလည်း သူ့မျက်နှာသည် ပြီးခဲ့သည့်တစ်ခေါက် သူမ တွေ့ခဲ့သည့်အချိန်ထက် ပိုပြီးဖြူဆုတ်နေ၏။ သူ့အသားအရေသည် တော်တော်လေးကို ဖြူဆုတ်နေကာ သူ့မျက်လုံးကလည်း မည်းမှောင်နေတော့၏။ သူသည် အလွန် ပင်ပန်းနွမ်းနယ်နေပုံရသည်။ လဝက်စာမေးပွဲရှိနေသဖြင့် စွန်းရှုမင်သည် ပိတ်ရက်တွင် စတူဒီယိုသို့ရောက်လာကာ သူ၏ကျောင်းသားများကို ထိုအချင်းအရာကြောင့်သာ ယဲ့အန်းရန် ရောက်လာရသည်ဟု ရှမြန်က ထင်လိုက်၏။

သူ့ကို စောင့်ဆိုင်းနေသည်မှာ သိသာသည့်ရှောင်ဖုန်းက ချက်ချင်းဆိုသလို သူ့ကို မမြင်ချင်ဟန် ဆောင်ထားလိုက်ပြီး ပန်းချီဆွဲစက္ကူကို ကြည့်လိုက်လေသည်။

တစ်ဖက်လူက သူ၏ပန်းချီဆွဲထောက်တိုင်ကို ထောင်ကာ စတင်ပန်းချီဆွဲပြီး ဈာန်ဝင်သွားသည့် အခြေအနေတစ်ခုသို့ ရောက်သွားသည့်အခါမှသာ ရှောင်ဖုန်းက တိတ်တိတ်ကလေး အနားသို့ တိုးလာခဲ့၏။

ယဲ့အန်းရန်သည် ပန်းချီကို ဆေးခြယ်ဖို့ အာရုံစိုက်နေသည်တွင် သူသည် အနီရောင်ကို သုံးဖို့လိုလာသည့်အခါ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခေါင်းကို ငုံ့လိုက်ပြီးဘူးလေးထဲက ခြောက်ခမ်းလုနီးပါး ဖြစ်နေသည့် ဆေးဘူးလေးတစ်ခုကို မွှေနှောက်ကာ ရှာဖွေလိုက်၏။

သူက အရောင်ကို ရှာတွေ့သွားပြီး ဆေးဘူးကို ပြားကပ်နေအောင် လုပ်လိုက်ပြီးနောက် ဆေးကို နည်းနည်းချင်း ညှစ်ထုတ်လိုက်ကာ တစ်စက်ကလေးမှ အလဟဿ မဖြစ်သွားအောင် ကြိုးစားနေရသည်။

သူသည် နောက်ဆုံးတော့ ဆေးနည်းနည်းလေးကို ဖြစ်ညှစ်ထုတ်နိုင်ခဲ့ပြီး ခက်ခက်ခဲခဲ ကြိုးစားနေရသည့်အချိန်တွင် ရုတ်တရက်ဆိုသလို အနီရောင်အရည်တစ်ခုက သူ့ပေါ်သို့ ဖိတ်စင်သွားတော့၏။

သူသည် ခဏလောက် ကြောင်အမ်းအမ်းဖြစ်သွားပြီး ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ သူ့ဘေးက ကလေးလေးက ပန်းချီဆေးကို မတော်တဆ ညှစ်ထုတ်မိသွားပြီး ဆေးဘူးပေါက်သွားသည်ကို တွေ့လိုက်ရလေသည်။ သူ၏အရောင်စပ်ခွက်ထဲတွင် ဆေးရည်က အများကြီး ရှိနေသည့်အပြင် သူ့ခြေထောက်ပေါ်တွင်လည်း အများကြီး စင်ကျသွားခဲ့သည်။

ကလေးက ဆေးစပ်ခွက်ကိုကိုင်ရင်း သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေရင်းက တိုးတိုးလေး ခေါ်လိုက်လေသည်။ "အစ်ကို"

ယဲ့အန်းရန်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် စုတ်တံတစ်ချောင်းကို သုံးကာ သူခြေထောက်ပေါ်သို့ စင်ကျသွားသည့်ဆေးများကို စုဆောင်းလိုက်ပြီး ကလေးလေး၏ အရောင်စပ်ခွက်ထဲက ပိုလျှံနေသည့်ဆေးများကို တစ်ဝက်လောက် ခွဲထုတ်လိုက်ပြီး သူ့အတွက် အရောင်စပ်ပေးလိုက်သည်။

ရလဒ်အနေဖြင့် ကလေးလေးသည် ခဏလောက် ပန်းချီဆွဲသားလိုက်ပြီးသည့်နောက်တွင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကာ သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း သူပန်းချီဆွဲသားနေသည်ကို စောင့်ကြည့်နေလေသည်။

သူ့ကို ကျေးဇူးတင်ခြင်းကို ဖော်ပြနေသည့်နှယ် ကလေးလေးက ဆေးများကို ညှစ်ထုတ်ပေးခြင်း၊ သူ့အား စုတ်တံ လှမ်းပေးခြင်းများဖြင့် ကူညီရင်း အလုပ်များနေလေသည်။

သို့သော်ငြားလည်း အရင်က ဆေးဘူးများကို အမြဲတမ်း ပွင့်ထွက်သွားအောင် လုပ်တတ်ခဲ့သည့် ကလေးလေးသည် နောက်ထပ်တစ်ကြိမ်တွင်တော့ အမှားအယွင်းမရှိတော့ချေ။

သူက မည်သည့်အရောင် လိုချင်သည်ဟု ပြောဖို့ရန်ပင် မလိုဘဲ ကလေးလေးက သူ့အတွက် ဆေးများကို ကိုယ်တိုင် ညှစ်ထုတ်ပေးလေ၏။

ယဲ့အန်းရန်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် မကြာမီတွင် ဘာအမူအရာမှမပြသည့် မျက်နှာထားတစ်ခုဖြင့် ပန်းချီဆက်ဆွဲနေလိုက်ပြီး မိမိကိုယ်ကို မေ့လျော့သွားသည့် အခြေအနေထဲသို့ ရောက်သွားတော့သည်။

အချိန်တစ်ခု ကုန်ဆုံးသွားပြီးသည့်နောက်တွင် ဝေယွမ်ဟန်သည် ဒီအတိုင်းဆက်ပြီး မကြည့်နေနိုင်တော့ဘဲ မျက်မှောင်ကြုတ်တော့၏။ "ဟေ့ သနားခံရတယ် ဆိုတာကလည်း အကန့်အသတ်နဲ့ ရှိပါသေးတယ်။ မင်း ကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီးတော့ လိမ်နေတာလဲ"

"အရင်တုန်းက မင်းက တခြားလူတွေရဲ့ ပန်းချီဆွဲစာရွက်နဲ့ စုတ်တံတွေကို အသုံးပြုခဲ့တယ်။ အခုကျတော့ မင်းက တခြားလူတွေရဲ့ဆေးတွေကိုတောင်မှ အသုံးပြုနေပြီလား"

ရှောင်ဖုန်းက မြန်မြန်ပြောလိုက်၏။ "အစ်ကိုဝေ။ အစ်ကိုယဲ့က သားကို မလိမ်ပါဘူး"

"ဟုတ်ပါပြီ။ အစ်ကို သိပါပြီ" ဝေယွမ်ဟန်က ကလေးရှေ့တွင် ဘာမှပြန်မပြောတော့ချေ။ သူက ရှောင်ဖုန်းကို ဒီအတိုင်း လက်ဝှေ့ရမ်းပြလိုက်ကာ ပြောလိုက်၏။ "ဒီကိုလာပါဦး။ ဒီပန်းချီကားက မှန်နေသလားဆိုတာ လာပြီးတော့ စစ်ဆေးပေးပါဦး"

ရှောင်ဖုန်းသည် ယဲ့အန်းရန်ကို စိုးရိမ်တကြီး ကြည့်လိုက်သော်ငြားလည်း ဆက်လျှောက်သွားလိုက်ဆဲဖြစ်၏။

ယဲ့အန်းရန်ကတော့ အစမှအဆုံးအထိ မည်သည့် တုံ့ပြန်မှုမှမရှိခဲ့ချေ။ သူ၏ဘေးက မိန်းကလေးတချို့က တီးတိုးပြောဆိုနေကြသည်။ "မျက်နှာပြောင်လိုက်တာ"

သူသည် နားမကြားသယောင် မျက်နှာသေဖြင့် ပန်းချီကို ဆက်ဆွဲနေလိုက်သည်။ စွန်းရှုမင်က သူ့နားသို့ ရောက်လာပြီး တချို့အကြောင်းအရာများကို သင်ကြားပြသပေးသည်အချိန်မှသာ သူ့မျက်နှာပေါ်တွင် အရောင်တချို့ ပေါ်ထွက်လာတော့သည်။

၄နာရီဝန်းကျင်တွင် ချန်းချန်းသည် သူ၏စက်ဘီး သေးသေးလေးဖြင့် ရောက်ချလာတော့၏။

အနုပညာကျောင်းသည် အိမ်နှင့်သိပ်မဝေးလှပေ။ သို့သော်ငြားလည်း အလွန်နီးနေသည်တော့ မဟုတ်ပေ။ ရှမြန်သည် ကလေးများက မျက်စိတစ်မှိတ်အတွင်းတွင် ကြီးပြင်းလာပြီး သူတို့ကိုယ်တိုင် သွားလာနိုင်သည်ကို မြင်လိုက်ရသည့်အခါ မနေနိုင်ဘဲ သက်ပြင်းချမိလေသည်။

သူမသည် သစ်ပင်တစ်ပင်နောက်တွင် တိတ်တိတ်လေး ပုန်းကွယ်နေလိုက်ပြီး ချန်းချန်းက စာသင်ဆောင်ထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေလိုက်၏။ ခဏအကြာတွင်တော့ ကလေးနှစ်ယောက်က ပြေးထွက်လာကြသည်။ ချန်းချန်းက စက်ဘီးကိုနင်းပြီး ရှောင်ဖုန်းကတော့ သူ့စက်ဘီး၏ နောက်ခုံပေါ်တွင် တက်ထိုင်လိုက်ကာ သူတို့သည် ကျောင်းထဲမှနေ၍ အတူတူ ထွက်လာကြလေသည်။

ရှောင်ဖုန်းက စာသင်ခန်းကို လှမ်းကြည့်လိုက်သည့်အခါ ရှောင်ဖုန်း ညှစ်ပေးခဲ့သည့် ပန်းချီဆေးများသည် ယဲ့အန်းရန်၏ ပန်းချီဆေးဘူးထဲတွင် ရှုပ်ပွပြီး ရောက်နေသည်ကို တွေ့လိုက်ရသည်။

နေ့လယ်ခင်းက ရထားသည့် ပူဇော်ပသသည့်ပစ္စည်းများနှင့် အိမ်မှယူပြန်လာခဲ့သည့် နို့သကြားလုံးကလည်း ယဲ့အန်းရန်၏ ခြေထောက်ဘေးတွင် ရှိနေခဲ့သည်။

ဒီမှာတော့ တစ်ခုခုဖြစ်နေတာ သေချာတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ချန်းချန်းရဲ့ အကျင့်စရိုက်နဲ့ဆိုရင် သူက ရှောင်ဖုန်းကို သေချာပေါက် နားချမှာပဲ။

ရှမြန်သည် စက်ဘီးပေါ်တက်ကာ ကလေးနောက်သို့ မြန်မြန်လိုက်ပါသွား၏။ သို့သော်ငြားလည်း ကျောင်းတံခါးဝတွင် မတော်တဆ တွေ့ရှိသွားတော့မလိုပင် ဖြစ်သွားတော့၏။

ကလေးနှစ်ယောက်က ပြေးထွက်သွားသည်ဟု ထင်လိုက်သဖြင့် သူမကလည်း စက်ဘီးကို အလွန် လျင်လျင်မြန်မြန် စီးနင်းလာခဲ့သည်။ သို့သော်ငြားလည်း ကလေးလေး နှစ်ယောက်က အမှန်တွင်တော့ အမှိုက်များ သွားကောက်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။

ချန်းချန်းက စက်ဘီးကို တွန်းလာပြီး ရှောင်ဖုန်း၏ ကျောင်းလွယ်အိတ်နှင့် ပန်းချီဆွဲဘုတ်ပြားက နောက်ထိုင်ခုံပေါ်တွင် တင်ထားကာ ပလတ်စတစ်အိတ် တစ်လုံးကိုတော့ လက်ကိုင်တွင် ချိတ်ဆွဲထားလေသည်။ ရှောင်ဖုန်းက အမှိုက်ပုံးထဲတွင် ရောင်းလို့ရနိုင်သည့် ပစ္စည်းများကို ရှာဖွေသည့် တာဝန်ယူထားသည်။

ရှမြန်က သူတို့ကို မြင်လိုက်သည့်အချိန်တွင် ပလပ်စတစ်အိတ်ထဲတွင် သံဘူးလေး၂ခုပင် ရှိနေလေသည်။

ဒီလုပ်ဆောင်ချက်က အမှန်ပင် ရှုပ်ထွေးဖွယ်ရာဖြစ်လာ၏။ သို့သော်ငြားလည်း ကလေးနှစ်ယောက်ကတော့ အလွန် ကြိုးကြိုးစားစားဖြင့် လမ်းလျှောက်ရင်းက အမှိုက်ကောက်နေကြလေသည်။

လမ်းကြောင်းကတော့ သွေဖည်သွားခြင်းမရှိဘဲ အိမ်အပြန်လမ်းအတိုင်း ဖြစ်နေသည်။

ရှမြန်က ထိုအကြောင်းကို စဉ်းစားလိုက်သည်တွင် ကလေးနှစ်ယောက်က လမ်းသွယ်လေးတစ်ခုထဲသို့ ကွေ့ဝင်သွားသည်ကို တွေ့လိုက်ရ၏။

ရှမြန်သည် သူတို့နောက်က လိုက်လာပြီး လမ်းသွယ်လေးကို ကျော်လာသည့်အချိန်တွင်တော့ ကြီးမားပြီးညစ်ပတ်နေသည့် လမ်းမကြီးတစ်ခုဆီသို့ ရောက်လာခဲ့သည်။ လမ်းဘေးက အိမ်တံခါးကိုလည်း ဖွင့်ထားပြီး သူမ မြင်ရသည့်အရာအားလုံးမှာ အမှိုက်သရိုက်များသာ ဖြစ်တော့သည်။ ဒါသည် အမှိုက်ဝယ်ယူရေးစခန်း ဖြစ်သည်မှာ သိသာသည်။

နောက်ဆုံးတွင်တော့ သူတို့သည် သူတို့သွားချင်သည့်နေရာသို့ ရောက်ရှိလာကြ၏။ ချန်းချန်းက စက်ဘီးကို ရပ်ထားလိုက်ကာ ရှောင်ဖုန်းကတော့ အမှိုက်များကို ရေတွက်ဖို့ရန်အတွက် ပလက်စတစ်အိတ်ကို ဆွဲထုတ်လာခဲ့သည်။ သူတို့သည် အထဲကို ဝင်မသွားခဲ့ပေ။ သူတို့သည် တစ်စုံတစ်ယောက်ကို စောင့်နေသလိုပင်။

ရှမြန်သည် သူတို့ကတော့ ပြန်သေးမှာမဟုတ်ဘူးဟု အတည်ပြုလိုက်ပြီး သူမက သူမ၏စက်ဘီးကို သော့ခတ်လိုက်ကာ တိတ်တိတ်လေးအနားသို့ ချဉ်းကပ်လာပြီး သူတို့ ပြောနေသည့်စကားများကို ကြားဖို့ရန်အတွက် လမ်းကြား၏ထောင့်လေးတစ်ခုနောက်တွင် ပုန်းနေလိုက်သည်။

ချန်းချန်းက သူတို့၏အောင်မြင်မှုကြီးကို ကြည့်ကာ ပြောလိုက်လေသည်။ "ဒီနေ့ရလဒ်ကတော့ တော်တော် ကောင်းတယ်နော်။ ယဲ့အန်းရန်နဲ့ တခြားသူတွေ ဘယ်လိုနေလဲမသိဘူး"

သူ့စကားဆုံးသွားသည်နှင့် ချက်ချင်း အသွင်အပြင် မတူညီကြသည့် ကလေးများစွာသည် အနောက်သို့ ရောက်လာကာ တစ်ယောက်ချင်းစီကလည်း နိုင်လွန်အိတ် တစ်လုံးစီကို သယ်ထားလေသည်။

ခေါင်းဆောင်ကလေးကတော့ နွေဦးနှောင်းပိုင်းမှာပင် ဦးထုပ်တစ်လုံးနှင့် ပဝါတစ်ထည်ကို ဆောင်းထားပြီး တစ်ကိုယ်လုံးကိုလည်း တင်းနေအောင်ခြုံထားကာ သူသည် ကောင်လေးလား ကောင်မလေးလား ဟူသည်ပင် ပြောရခက်နေတော့၏။ သူသည် ချန်းချန်းထက် အနည်းငယ် ပိုပြီးအရပ်မြင့်နေသည်။

သူမ၏ဘေးတွင်တော့ အသက်၇နှစ်၊ ၈နှစ်အရွယ် မိန်းကလေးတစ်ယောက် ပါရှိသည်။ သူသည် လှပချောမောသည့် ရုပ်ရည်သွင်ပြင်တစ်ခု ပိုင်ဆိုင်ထားသော်ငြားလည်း သူမ၏ဆံပင်ကတော့ ရှုပ်ပွနေကာ သူမ၏မျက်နှာက ညစ်ပတ်ပေရေနေပြီး သူတောင်းစားလေးတစ်ယောက်နှင့် တူနေတော့၏။

အစွန်ဆုံးတွင် လျှောက်လာသည့် ကောင်ကလေးကတော့ ခြေထောက်လေး ထော့နဲ့နေသည်။ အနည်းငယ် ပိုပြီးငယ်ရွယ်ဟန်တူ၏။ သူသည် ထော့နဲ့ထော့နဲ့လေးဖြင့် သူ၏နိုင်လွန်အိတ်လေးကို ဆွဲလာ၏။

ဒီလိုထူးဆန်းသည့် ပုံပန်းသွင်ပြင်ကြောင့် သူတို့ကို ဆိုးသွမ်းသည့် ကလေးတစ်သိုက်က နောက်မှအော်ဟစ်၍ လိုက်ပါလာကြသည်။ "မိစ္ဆာကောင်လေးတွေ ရောက်လာကြပြီ"

"မိစ္ဆာတွေ ရောက်လာပြီ။ ရုပ်ဆိုးတစ်ယောက်လည်း ပါလာတယ်"

"မိစ္ဆာကောင်က လူတွေကို စားဖို့ရောက်လာပြီ"

အကျယ်ဆုံး အော်ဟစ်လိုက်သည့် ကလေးများထဲက တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။

"မိစ္ဆာကောင်တွေကို သတ်ကြ"

ထို့နောက်တွင်တော့ ကလေးများသည် ကျောက်ခဲများကို ကောက်ယူကြကာ ကလေး၃ယောက်ရှိရာဘက်သို့ ပစ်ထည့်လိုက်ကြလေသည်။

သူတောင်းစားလေးနှင့် တူသည့်မိန်းကလေးက ရုတ်တရက် ဒေါသထွက်လာပြီး အုတ်ခဲကြီးတစ်တုံးကို ကောက်ယူကာ ပြန်ပစ်လိုက်၏။ "ဒီနေရာက ထွက်သွားကြ။ အဲ့ဒီလိုမှမဟုတ်ရင် ငါ နင်တို့ကို သေအောင်ရိုက်မှာနော်"

ကလေးများသည် ကြက်၊ ငှက်ကလေးများလို လူစုခွဲလိုက်ကြ၏။ သို့သော်ငြားလည်း မကြာခင်တွင် လူပြန်စုလာကြကာ ပြောင်ပြနေကြလေသည်။

ချန်းချန်းနှင့်ရှောင်ဖုန်းတို့က အပြေးအလွှားရောက်လာပြီး ကူညီကြတော့၏။

ချန်းချန်းက ကလေးများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်းတို့တွေ တစ်ယောက်ယောက်ကို ထပ်ပစ်ရဲပစ်ကြည့်နော်။ ငါ မင်းတို့တွေကို ရဲနဲ့လာဖမ်းခိုင်းလိုက်မှာ"

ကလေးများသည် သူ့ကိုတော့ အနည်းငယ် ကြောက်ရွံ့ကြဟန်တူပြီး ကျောက်တုံးများနှင့် ထပ်ပြီး မပစ်ပေါက်ရဲကြတော့ချေ။

...

အပိုင်း (၂၃၀)

သို့သော်ငြားလည်း အသားမည်းမည်း ပိန်ပိန်ပါးပါး ကလေးတစ်ယောက်သည် ရုတ်တရက် ရှေ့သို့ပြေးတက်လာပြီး ခေါင်းဆောင်ကလေးဘေးက ဖြတ်သွားစဉ်တွင် အော်ဟစ်ကာ ပြောလိုက်၏။

"မိစ္ဆာကြီး မင်းရဲ့ပုံစံအမှန်ကိုပြ"

သူသည် ထိုသို့ပြောလိုက်ပြီးနောက် ကလေး၏ခေါင်းပေါ်က ဦးထုပ်ကို ဆွဲချွတ်လိုက်တော့သည်။

နှင်းကဲ့သို့ဖြူဖွေးနေသော အရောင်တစ်ခုသည် အားလုံး၏မျက်လုံးထဲသို့ ပေါ်ထွက်လာခဲ့ပြီး ဆံပင်ဖြူဖြူ၊ မျက်တောင်ဖြူဖြူ၊ အသားဖြူဖြူ...

ကလေးများသည် အော်ဟစ်ကာ အသံအကျယ်ကြီး ရယ်မောကြလေ၏။

တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ "လျို့ဟို လုပ်တာကောင်းတယ်"

လျို့ဟိုဟုခေါ်သည့် ကောင်ကလေးသည် ဂုဏ်ယူ၀င့်ကြွားစွာ ပြောလိုက်၏။ "ငါ့ကို စွန်း၀ူခုန်းလို့ခေါ်ပါ"

ရှမြန်သည် မိန်းကလေးကို ငေးကြည့်နေမိပြီး မကြာမီတွင် သူမသည် ယဲ့အန်းရန်၏ ပန်းချီကားထဲက မိန်းကလေးဖြစ်ကြောင်း သတိထားမိသွားတော့၏။ "သန့်စင်သော အဖြူရောင်နတ်သမီး"

သုံးထားတဲ့အရောင်က ထူးဆန်းနေခြင်း မဟုတ်ဘဲ ယဲ့အန်းရန်ရဲ့ ပန်းချီကားထဲက ဒီမိန်းကလေးက အရေပြားအရောင်ဖျော့ရောဂါ ရှိနေခြင်းပင်...

ဒီတော့ သူတို့တွေရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ ရှမြန်သည် ၀ိုးတဝါး ခန့်မှန်းချက်တချို့ ထုတ်လိုက်၏။

တစ်ဖက်တွင်တော့ ရှောင်ဖုန်းက ထိုရောဂါသည်မိန်းကလေးကို ဦးထုပ် မြန်မြန် ပြန်ဆောင်းပေးလိုက်သည်။

ခြေထောက်ထော့နေသည့် ကောင်ကလေးက စိုးရိမ်တကြီး မေးလိုက်၏။ "အစ်မ အန်းပိုင် အဆင်ပြေရဲ့လား"

သူတောင်းစားလိုလို ကောင်မငယ်လေးက လေအလျင်လို ပြေးထွက်သွားပြီး အလွန်ဘဝင်ခိုက်နေသည့် လျို့ဟိုကို အားဖြင့် တွန်းလှဲလိုက်ကာ သူမ၏လက်ကို မြှောက်ပြီး ရိုက်နှက်လေသည်။

ခြေထောက်ထော့နဲ့နေသည့် ကောင်လေးက ချက်ချင်းပြောလိုက်၏။ "ညီမလေးအန်းအန်း သူ့ကို မရိုက်နဲ့။ အဲဒီလိုမဟုတ်ရင် အမေယဲ့က တောင်းပန်နေရပြီးတော့ ထပ်ပြီး အဆူခံနေရဦးမယ်..."

အန်းအန်းဟုခေါ်သည့် ကလေးမလေးသည် ချက်ချင်းဆိုသလို လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ လျို့ဟိုက သူမ၏ စိုးရိမ်မှုကို သိသွားပြီး အော်ပြောလိုက်သည်။ "တကယ်လို့ နင် ငါ့ကို ရိုက်ရဲရိုက်ကြည့်လေ။ ငါက ငါ့အမေကို သွားတိုင်မှာ။ ငါ့အမေကို ပြောပြီးတော့ နင်တို့အိမ်မှာ အမေယဲ့ကို သွားရှာခိုင်းလိုက်မှာ"

"သူ့ကို ဦးချပြီးတော့ တောင်းပန်ရအောင် လုပ်ခိုင်းလိုက်မှာ"

"နင်လုပ်ရဲလား" အန်းအန်းသည် အလွန်ဒေါသထွက်သွားပြီး လက်သီးများကို တင်းနေအောင် ဆုပ်ထားကာ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။ ရှမြန်သည် အကြောင်းအရင်း မရှိဘဲ ဝမ်းနည်းသွားတော့၏။ အသက်၇နှစ်၊ ၈နှစ်အရွယ် ကလေးတစ်ယောက်သည် သူမကိုယ်တိုင်နှင့် သူမ၏အပေါင်းဖော်များကို ကာကွယ်ပေးချင်သော်ငြားလည်း နောက်ဆက်တွဲရလဒ်ကို စိုးရိမ်နေရသေးသည်...

ချန်းချန်းက ရှေ့သို့ထွက်လာပြီး အန်းအန်း၏ပုခုံးကို ပုတ်ပေးလိုက်ကာ "ဖယ်။ ငါ လုပ်လိုက်မယ်"

လျို့ဟိုသည် ချန်းချန်းကို တွေ့လိုက်ရသည့်အချိန်တွင် သူသည် ချက်ချင်းဆိုသလို ကြောက်ရွံ့သွားသည့် လေသံတစ်ခုဖြင့် ပြောလိုက်၏။ "မင်းက ဘာလုပ်မလို့လဲ"

ချန်းချန်းက ရှေ့သို့ကုန်းလိုက်ကာ သူ့ကော်လံကို ဖမ်းဆွဲလိုက်ပြီး သူ့ကို ဆွဲပင့်လိုက်ပြီးနောက် ရှောင်ဖုန်းနှင့် တခြားသူများကို ပြောလိုက်၏။ "မင်းတို့တွေ အဲဒါကိုအရင် သွားရောင်းလိုက်ကြ။ ငါ သူနဲ့ စကားပြောလိုက်မယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူသည် ထိုကောင်လေးကို ထောင့်သို့ဆွဲခေါ်သွားတော့သည်။

ရှမြန်သည် ကိုယ့်ဟာကိုယ် ပြန်စဉ်းစားလိုက်၏။ ချန်းချန်းက ဝတ္ထုထဲကဇာတ်လိုက် ပီသပါပေတယ်။ ဒီလောက် ငယ်ငယ်လေးနဲ့တောင် သူကစီးပိုးနေတဲ့ ဥက္ကဋ္ဌအရှိန်အဝါတစ်ခု ပိုင်ဆိုင်ထားတယ်။

ခဏအကြာတွင်တော့ လျို့ဟို၏ မချိမဆံ့အော်သံသည် တစ်ဖက်မှနေ၍ ထွက်ပေါ်လာခဲ့၏။ ကလေးများကလည်း ခဏလောက် တုံ့ဆိုင်းသွားကြပြီး ထိုနေရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သို့သော်ငြားလည်း ရှောင်ဖုန်းကတော့ လုံးဝကိုမမှုချေ။

သူက ပြုံးလိုက်ပြီး ပန်းအိုးငယ်လေးတစ်လုံးကို မြှောက်ပြလိုက်ကာ ပြောလိုက်၏။ "ဒါကို မြေကြီးထည့်ပြီး ပန်းတွေတချို့နဲ့ အလှဆင်ပြီးသွားရင် ပိုက်ဆံရဖို့ ရောင်းလို့ရတယ်။ ဒါက အမှိုက်ရောင်းတာထက် ပိုပြီးတော့ကောင်းတယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ကလေးများသည် ပြန်လှည့်လာကြပြီး ပန်းအိုးငယ်လေးကို ဂရုတစိုက် ချထားလိုက်ကြသည်။

အထဲတွင် အသုံးဝင်သည့် တစ်စုံတစ်ရာ မကျန်ရစ်တော့သည်ကို သေချာအောင် စစ်ဆေးပြီးသည့်နောက်တွင် သူတို့သည် အိတ်များကိုသယ်ကာ အမှိုက်ဝယ်သည့်ခြံဝင်းထဲသို့ ဝင်လာခဲ့ကြ၏။

ချန်းချန်းကတော့ လျို့ဟိုကို ဆုံးမပြီးသွားပြီး သူတို့ကို လာရှာသည့်အချိန်တွင် ကလေးအနည်းငယ်သည် ခြံဝင်းထဲက ထွက်လာကြလေသည်။ အန်းပိုင်၊ ရောဂါသည်မိန်းကလေးတို့သည် စက္ကူပိုက်ဆံအနည်းငယ်ကို ရေတွက်လိုက်ကြပြီး ဝမ်းသာအားရပြော လိုက်ကြ၏။ "ဒီနေ့ ၃ယွမ်နဲ့ ၅၅ဝမ် ရောင်းရတယ်"

ခြေထောက်ထော့နဲ့နေသည့် ကောင်လေးက မေးလိုက်၏။ "ဒါဆိုရင် အစ်ကိုအန်းရန်အတွက် ပန်းချီဆေး ဝယ်ဖို့ လောက်သွားပြီလား" သူသည် မျှော်လင့်တကြီး ပြောလိုက်၏။ "အခုက ငါ့အတွက် ပန်းချီဆွဲပေးရမဲ့အလှည့်လေ။ မီးဘီးစီးနေတဲ့ နီကျားပုံကိုဆွဲခိုင်းမှာ"

အန်းပိုင်က ဝမ်းသာအားရ ပြောလိုက်သည်။ "အစ်ကိုချန်ဖာက ပြောတယ်။ သူတို့ပန်းချီကားတွေကို ယွမ်ထောင်ချီနဲ့ ရောင်းလို့ရတယ်တဲ့"

"သူ့ပန်းချီကားတွေ ရောင်းလို့ရသွားတာနဲ့ အစ်ကိုအန်းရန်ကလည်း ပန်းချီဆေးတွေအများကြီး ဝယ်နိုင်ပြီး ပြပွဲတစ်ခုကျင်းပနိုင်မှာ"

"ဟုတ်တယ်။ ပြပွဲတစ်ခုကျင်းပမှာ" ခြေထောက်ထော့နဲ့နေသည့် ကောင်လေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ငါတို့တွေ ပန်းချီပြပွဲ ကျင်းပတဲ့အခါကျရင် ဝမ်သိန်းချီရှာနိုင်မှာ။ အစ်ကိုအန်းရန်ရဲ့ ရောဂါကိုလည်း ကုသနိုင်တော့မှာ"

အန်းအန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ ပန်းချီပြခန်းကျင်းပဖို့ဆိုရင် ပန်းချီကားတွေအများ အများကြီးလိုတယ်လေ။ အများကြီးလိုတာ"

ရှောင်ဖုန်းသည် သူ၏ ကျောင်းလွယ်အိတ်ထဲက စာရွက်တစ်ထပ်ကို ချက်ချင်းဆွဲထုတ်လာပြီး သူမကို လှမ်းပေးလိုက်၏။ "ဒါက ပန်းချီ၁၀ချပ်စာ ဆွဲလို့ရတယ်"

အန်းအန်းက ခေါင်းခါပြလိုက်သည်။ "ငါ့အစ်ကိုက နောက်ဆုံး တစ်ကြိမ်တုန်းကတောင်မှ သံသယဖြစ်နေတာ။ သူက ပြောတယ်။ အမှိုက်ပုံနားမှာ ဒီလောက်ကောင်းတဲ့စက္ကူ ရှာနိုင်မှာ မဟုတ်ဘူးတဲ့"

ရှောင်ဖုန်းသည် အနည်းငယ် စိတ်ပျက်သွားတော့သည်။ "ငါ ဘာလုပ်ရမလဲ။ ဒါမှမဟုတ်လည်း အမှိုက်ကောက်ပြီး ရထားတဲ့ ပိုက်ဆံနဲ့ ဝယ်လာတယ်လို့ ပြောလိုက်လေ"

"အဲဒီလိုဆိုရင် ပိုတောင် စိတ်ဆိုးသွားဦးမှာ။ ငါတို့တွေ အန်းရှင်းရဲ့ခွဲစိတ်ဖို့အတွက် ပိုက်ဆံတောင်မှ စုလို့မလောက်သေးဘူး။ အန်းကျယ်ရဲ့၀ှီးချဲကလည်း ပြန်ပြင်ဖို့လိုနေပြီ"

ချန်းချန်းသည် စိုးရိမ်သွားကာ မျက်မှောင်ကြုတ်လိုက်၏။ "ဒီလိုပုံစံနဲ့ဆိုရင် ငါတို့တွေ ဘယ်လိုလုပ်ပြီးတော့ ငွေစုနိုင်တော့မှာလဲ"

"ငါတို့တွေ အစ်ကိုအန်းရန်ပြပွဲတစ်ခု ကျင်းပနိုင်တဲ့အထိပဲ စောင့်ရတော့မှာ"

ခြေထောက်ထော့နဲ့နေသည့်ကောင်လေးက အပြစ်ကင်းစင်စွာ ပြောလိုက်၏။ "အစ်ကိုချန်ဖာက ပြောတယ်။ ပြပွဲထဲက ပန်းချီကားတစ်ချပ်ကို ယွမ်၁သောင်းနဲ့ ရောင်းလို့ရတယ်တဲ့။ ငါတို့တွေက အစ်ကိုအန်းရန်အတွက် ပန်းချီ‌ဆေးတွေကိုပဲ နည်းနည်းလောက်ထပ်ပြီးတော့ ဝယ်ပေးဖို့လိုတာ"

အန်းအန်းကတော့ မျက်မှောင်ကြုတ်ဆဲပင်။ "ဒါပေမဲ့ ပန်းချီဆေးတွေကလည်း အရမ်း စျေးကြီးတယ်လေ"

ဒါသည် ဒီအတိုင်းရက်စက်သည့် သံသရာစက်ဝန်းတစ်ခု ဖြစ်နေတော့၏။ ရှောင်ဖုန်းကလည်း အနည်းငယ် စိုးရိမ်လာသည်။

ချန်းချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ "နင်တို့အစ်ကိုအန်းရန်က ဘာဖြစ်နေတာလဲ။ သူက ဘာဖြစ်လို့ အလှူငွေတွေကို လက်မခံတာလဲ" သူသည် ကျိုးရွှယ်ဝမ်နောက် တစ်နေ့လုံးလိုက်သွားပြီး ဒီအကြောင်းအရာများကို သူ၏ရွယ်တူတခြားကလေးများထက် ပိုပြီးသိနေသည်။

"အလှူငွေတွေကို လက်ခံလို့မရဘူး" အန်းပိုင်သည် အပြင်းအထန် ချေပလိုက်၏။

"ပိုက်ဆံလာပေးတဲ့လူတွေက လူဆိုးတွေ။ အန်းမူကလည်း သူတို့ကြောင့်ပဲ သေသွားတာ"

ချန်းချန်းသည် အနည်းငယ် နားမလည်နိုင်သလိုဖြစ်သွားပြီး အန်းအန်းကလည်း လေးနက်စွာ ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် ငါတို့ကိစ္စတွေကို နင် ဘယ်သူ့ကိုမှ သွားမပြောရဘူးနော်"

"အစ်ကိုအန်းရန်က ငါတို့တွေကို တခြားသူဆီကနေ အလှူငွေမကောက်ခိုင်းဘူး။ သူ ဒေါသထွက်သွားလိမ့်မယ်"

ရှောင်ဖုန်းက မြန်မြန်ပြောလိုက်သည်။ "ငါ သိပါတယ်။ ငါတို့တွေ ဘယ်သူ့ကိုမှ မပြောပါဘူး"

သူသည် စကားပြောလိုက်ပြီးသည့်နောက်တွင် ခြေထောက်ထော့နဲ့နေသည့်ကောင်လေးက ရုတ်တရက် ဝမ်းသာအားရပြောလိုက်၏။ "အစ်ကိုချန်ဖာ"

ကလေးတချို့သည် ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ချန်ဖာက သူ၏ကျောပေါ်တွင် အသက်၁၁နှစ်၊ ၁၂နှစ်အရွယ် ကောင်လေးတစ်ယောက်ကို သယ်လာသည်ကို တွေ့လိုက်ရ၏။ သူတို့သည် နီးကပ်လာသည့်အချိန်တွင် ထိုကောင်ကလေးတွင် ခြေထောက်မပါသည်ကို တွေ့လိုက်ရလေသည်။

ခြေထောက်ထော့နဲ့နေသည့် ကောင်ကလေးက မော့ကြည့်ကာမေးလိုက်၏။ "အစ်ကိုအန်းကျယ် ဒီနေ့ရော ငွေရခဲ့လား"

အန်းကျယ်က ဝမ်းသာအားရခေါင်းညိတ်ပြ၏။ "ယွမ်၂၀ကျော် ရခဲ့တယ်"

ချန်ဖာက ငွေတချို့ကို ထုတ်ယူလိုက်ကာ သူတို့ရှေ့တွင် ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ဝှေ့ရမ်းပြလိုက်၏။ "ငါ နင်တို့ အစ်ကိုအန်းရန်အတွက် ဆေးဝယ်ဖို့ ဒီငွေတွေအားလုံးကို စုဆောင်းနေတာ။ ပြီးတော့ အနုပညာပြပွဲတစ်ခုလည်း လုပ်ရမယ်"

အသားအရောင်မရှိသည့် မိန်းကလေးသည် သူမ အခုလေးတင် ရလာသည့်ငွေကို ချန်ဖာထံသို့ သတိလေးဖြင့် လှမ်းပေးလိုက်၏။

သူက ပိုက်ဆံကို သိမ်းလိုက်ပြီး သူ၏အိတ်ကပ်ထဲက အပေါစားသကြားလုံး လက်တစ်ဆုပ်စာကို ဆွဲထုတ်လိုက်ကာ တစ်ယောက်ချင်းစီကို ပေးလိုက်လေသည်။ "နင်တို့တွေ ဒီနေ့ ပင်ပန်းသွားကြပြီ"

ချန်းချန်းသည် ချန်ဖာကိုကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ မေးလိုက်၏။ "သူ့ကို သွားတောင်းစားဖို့ ခေါ်သွားတာလား"

ရှောင်ဖုန်းကလည်း နားမလည်ချေ။ "အစ်ကိုအန်းရန်က တခြားသူဆီက အလှူငွေလက်ခံတာကို တားမြစ်ထားတယ် မဟုတ်လား"

ချန်ဖာ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားတော့၏။ "မင်းက ဘယ်သူလဲ"

အန်းပိုင်က ပြောလိုက်သည်။ "သူတို့တွေက ချန်းချန်းနဲ့ ရှောင်ဖုန်းတဲ့။ ငါတို့တွေကို အမှိုက် ကူကောက်ပြီးတော့ ငွေအတွက်ကူပြီးတော့ ရောင်းပေးနေတာ"

ချန်ဖာသည် ကလေး၂ယောက်၏ အဝတ်အစားကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

"မင်းတို့တွေ အမှိုက်ကောက်နေတာကို မင်းတို့မိဘတွေ သိကြလား"

"မင်းတို့ကို ရိုက်နှက်တာက ကိစ္စသေးသေးလေး။ ဒါပေမဲ့ နောက်ဆုံးကျတော့ ငါတို့ကို ပြဿနာ မဖြစ်စေနဲ့။ မြန်မြန်ပြန်တော့"

ရှောင်ဖုန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "အစ်ကို အန်တီလေးက သားကို မဆူပါဘူး။ သူက အစ်ကို့ကို ဘာပြဿနာမှ ပေးမှာမဟုတ်ပါဘူး"

ချန်းချန်းကလည်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ကျွန်တော့်ရဲ့မိဘတွေကလည်း ကျွန်တော့်ကို မရိုက်ဘူး"

"စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေက လူကြီးကို မပြောပြပါဘူး"

ရှောင်ဖုန်းကလည်း ခေါင်းညိတ်လိုက်သည်။ "သားတို့တွေက သူငယ်ချင်းတွေကို အပြန်အလှန် ကူညီကြတာပဲလေ။ လူကြီးတွေရဲ့အလှူငွေတွေ မပါပါဘူး။ ဒါက အစ်ကိုအန်းရန်ကို ဒေါသဖြစ်အောင် လုပ်မှာ မဟုတ်ဘူး"

ချန်ဖာသည် ပိုပြီးစိုးရိမ်လာသယောင်ရှိ၏။ "ယဲ့အန်းရန်က လုံးဝကို ရူးနေတာပဲ။ သူက လူတွေကို သူတို့ရဲ့မေတ္တာ ကရုဏာတွေကိုတောင်မှ ပြသခွင့်မပေးဘူး"

ထို့နောက်တွင်တော့ သူသည် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို ပြုံးပြလိုက်ပြီးပြောလိုက်၏။ "တကယ်လို့ မင်းတို့တွေက ကုသိုလ်ကောင်းမှု လုပ်ချင်တယ် မင်းတို့ရဲ့မေတ္တာတွေကိုပြသချင်တယ်ဆိုရင် မင်းတို့ တွေ ငါ့ကို ပိုက်ဆံပေးလိုက်လို့ရတယ်နော်။ ငါ စိတ်ဆိုးမှာ မဟုတ်ဘူး"

ချန်းချန်းက သူ့ကို မသင်္ကာသလို ကြည့်လိုက်သည်။ "ဒါပေမဲ့ အစ်ကိုက လူကောင်းတစ်ယောက်နဲ့မှ မတူတာ"

ချန်ဖာသည် မျက်လုံးများ ပြူးကျယ်သွားပြီး စကားပြောတော့မည် ပြင်လိုက်စဉ်တွင် လမ်းကြားထဲမှနေ၍ သံရှည်တစ်ချက် သံတိုတစ်ချက် ဝီစီသံကို ကြားလိုက်ရသည်။

လူတော်တော်များများ၏ မျက်နှာများသည် တစ်ပြိုင်တည်း ပြောင်းလဲသွားတော့၏။ အန်းအန်း၊ အန်းပိုင်နှင့် တစ်ခြားသူများက အဆင်ပြေသည်။ ချန်ဖာကတော့ အန်းကျယ်ကို ကျောပိုးကာ ပြေးထွက်သွားတော့သည်။ ပြေးနေရင်းက သူသည် ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို သတိပေးဖို့ မမေ့ခဲ့ချေ။

"ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို ယဲ့အန်းရန်ကို မပြောပြနဲ့နော်။ မဟုတ်ရင် သူနေရာမှာတင် ဒေါသထွက်ပြီးတော့ ချက်ချင်းလဲ သေသွားလိမ့်မယ်"

ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း သူ့ကိုဂရုမစိုက်နေတော့ဘဲ ပုန်းခိုဖို့ရန်အတွက် နေရာတစ်ခုကို ရှာဖွေရင်း အလုပ်များသွားကြတော့သည်။ သို့သော်ငြားလည်း ယဲ့အန်းရန်သည် ရှောင်ဖုန်းကို သိနေသည်။

သူတို့က ရှမြန် ပုန်းနေသည့်နေရာဘက်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည့်အခါ ရှမြန်မှာ ပုန်းခိုဖို့ရန် အချိန်မရှိတော့သည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူမက နောက်၂လှမ်း မြန်မြန်ဆုတ်လိုက်ပြီး သူမ၏ နောက်က ပထမမိသားစု အိမ်တံခါးနောက်တွင် ပုန်းနေလိုက်သည်။

မိနစ်ဝက်ကြာသွားပြီးနောက်တွင် ရှမြန်နှင့် ကလေး၂ယောက်သည် အချင်းချင်း ကြည့်လိုက်ကြ၏။ သူမက ဆွံ့အကာ ပြောလိုက်တော့သည်။ "နင်တို့တွေ အဲဒီလောက်အတွင်းထဲထိ သွားပုန်းစရာ မလိုပါဘူး။ ထောင့်လေးနားမှာပဲ ပုန်းနေလိုက်။ သူ နင်တို့ကို မမြင်ဘူး"

ချန်းချန်းကတော့ မယုံကြည်ပေ။ "အဲဒါက ထောင့်ဖြတ်လမ်းကြားလေ။ ထောင့်နားမှာ ပုန်းနေတာက အန္တရာယ်များသေးတယ်။ ဒါက အန္တရာယ်အကင်းဆုံးနေရာပဲ"

ရှောင်ဖုန်းက ဇဝေဇဝါဖြင့် ရှမြန်ကိုကြည့်လိုက်၏။ "အန်တီလေး ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"

ရှမြန်...

"ဟဲ့ နင်တို့တွေ ဘာလုပ်နေကြတာလဲ" အိမ်ရှင်သည်ထွက်လာပြီး မင်္သကာစရာ ပြုမူနေသည့် လူ၃ယောက်ကို အော်လိုက်လေသည်။

ရှမြန်က မြန်မြန် တောင်းပန်လိုက်၏။ "တောင်းပန်ပါတယ်။ ကျွန်မတို့ကလေးတွေနဲ့ တူတူပုန်းတမ်းကစားနေတာ။ အခုပဲ သွားတော့မယ်နော်။ အခုပဲ သွားတော့မယ်"

အိမ်ပိုင်ရှင်သည် သူတို့ကို မယုံကြည်ဘဲ ထွက်လာခဲ့သည့်တစ်လမ်းလုံး နောက်မှလိုက်ပါလာပြီး သူတို့က လမ်းကြားထဲက ထွက်သွားသည်ကို စောင့်ကြည့်လိုက်ပြီးမှ လက်လျှော့လိုက်တော့၏။

ချန်းချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ "သူတို့တွေကတော့ ငါတို့တွေကို လူဆိုးလို့ ထင်သွားတော့မှာပဲ"

ရှောင်ဖုန်းက ရှမြန်၏လက်ကို လှမ်းကိုင်လိုက်ကာ ပြောလိုက်သည်။ "အန်တီလေး"

"ရပါတယ်" ရှမြန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။ "အန်တီလေးက သားတို့တွေအခုတလော ဘာတွေ အလုပ်များနေလဲဆိုတာကို သိချင်လို့ပါ။ ပြီးတော့ သားကပိုက်ဆံတွေ အများကြီး သုံးနေတယ်လေ။ အန်တီလေးက သားငွေညှစ်ခံရပြီလို့ ထင်နေတာ"

"သားတို့က ဘယ်လိုလုပ်ပြီးတော့ ငွေညှစ်ခံရမှာလဲ" ချန်းချန်းသည် အထင်သေးစွာ ပြောလိုက်လေသည်။ "ဒေါ်လေးမြန့်မြန် အန်တီလေးက သားတို့ကို အရမ်းအထင်သေးတာပဲ"

ရှမြန်သည် အာခံရမည့်နေရာတွင်တော့ ချန်းချန်းက ပိုပြီးပြင်းထန်သည်ဟု ခံစားလိုက်ရ၏။

ရှောင်ဖုန်းကလည်း ဒီကိစ္စများကို ဂရုမစိုက်ဘဲ ဒီအတိုင်းစိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။ "ဒါပေမဲ့ သားတို့တွေ အန်းအန်းကို လူကြီးတွေကို မပြောပါဘူးလို့ ကတိပေးထားခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် အစ်ကိုအန်းရန်က ထပ်ပြီးတော့ ဒေါသထွက်သွားလိမ့်မယ်တဲ့"

ချန်းချန်းကလည်း စိုးရိမ်တကြီး ဖြစ်လာတော့သည်။ "ဟုတ်တယ်။ သူ့မှာ နှလုံးရောဂါရှိတယ်။ တကယ်လို့ သူ ဒေါသထွက်သွားတယ်ဆိုရင် ဆေးရုံတင်ရလိမ့်မယ်။ တကယ်လို့ သူ့အရမ်းဒေါသထွက်သွားရင် သေသွားလိမ့်မယ်တဲ့"

ရှမြန်က သက်ပြင်းချပြီး ပြောလိုက်၏။ "ဟုတ်ပါပြီ။ ဒီတော့ အန်တီလေးက ဒါကို ကိုယ့်ဟာကိုယ် ရှာတွေ့ခဲ့တာပါ။ သားတို့တွေ ပြောတာမဟုတ်ဘူး"

"စိတ်မပူပါနဲ့။ အန်တီလေးက သားတို့သူငယ်ချင်းတွေကို ကူညီပေးနေတဲ့သားတို့လုပ်ရပ်တွေကို ၀င်စွက်ဖက်မှာ မဟုတ်ပါဘူး"

ကလေး၂ယောက်၏မျက်လုံးများက လင်းလက်သွားပြီး ချန်းချန်းက ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်။ အန်တီလေးမြန့်မြန်"

ရှောင်ဖုန်းက သူမ၏လက်ကို ဝမ်းသာအားရဆွဲလှုပ်လိုက်လေသည်။

ရှမြန်က အော်ရယ်လိုက်ပြီး "ဟုတ်ပါပြီ။ ဒီနေ့တော့ အိမ်ပြန်ကြရအောင်"

ချန်းချန်းကလည်း စက်ဘီးကိုတွန်းဖို့ရန် အပြေးအလွှား သွားလိုက်သော်ငြားလည်း သူသည် လမ်းတစ်ဖက်သို့ ရောက်သွားသည့်အချိန်တွင် ရုတ်တရက် ထောင့်ဖြတ်လမ်းကြားထဲကို ကြည့်လိုက်သည့်အခါ စဉ်းစားမိလိုက်လေသည်။ "ချန်ဖာက ဘာဖြစ်လို့ လူတစ်ယောက်နဲ့ ရန်ဖြစ်နေတာလဲ"

ရှောင်ဖုန်းက အပြေးအလွှားသွားလိုက်ပြီး တစ်ချက်လောက် ကြည့်လိုက်သည်။ "အစ်ကိုဝေလား။ အစ်ကိုချန်ဖာလား"

ချန်ဖာကလည်း သူတို့ကိုတွေ့လိုက်သည်။ ဝေယွမ်ဟန်ကို ဆွဲခေါ်ကာ အနားသို့လျှောက်လာခဲ့ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "မင်းတို့တွေ ဘာလို့ ဒီမှာရှိနေသေးတာလဲ"

ရှောင်ဖုန်းက သူ့ကိုကြည့်လိုက်ကာ "အစ်ကိုချန်ဖာ ဘာဖြစ်လို့ အစ်ကိုဝေကို ဖမ်းထားတာလဲ"

ချန်ဖာက မေးလိုက်၏။ "မင်း သူ့ကို သိလို့လား"

ရှောင်ဖုန်းက ခေါင်းညိတ်လိုက်ကာ"သား သူ့ကို သိတယ်လေ။ သူက သားရဲ့ဆရာတူအစ်ကိုရဲ့ ကျောင်းသား"

ချန်ဖာသည် ဝေယွမ်ဟန်ကို ကြည့်လိုက်ပြီးနောက် ရှောင်ဖုန်းကို ကြည့်လိုက်ကာ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို တော်တော်လေး မရေမရာဖြစ်နေသည်မှာ သိသာသည်။

ဝေယွမ်ဟန်က သူ့လက်က အားလျော့သွားသည်ကို အသုံးချလိုက်ပြီး သူ့လက်ကိုဆောင့်ဆွဲကာ ထုတ်လိုက်ကာ ပွတ်သပ်ပြီး ပြောလိုက်လေသည်။ "ဒါက ငါရဲ့ဆရာတူဦးလေးလေ။ ဘာဖြစ်လဲ"

ရှမြန်က ထပ်ပြောလိုက်၏။ "သူက အနုပညာကျောင်းက ကျောင်းသားတစ်ယောက်ပါ။ ယဲ့အန်းရန် အခမဲ့ သွားတက်နေတဲ့ စာသင်ခန်းထဲက အတန်းခေါင်းဆောင်"

ချန်ဖာသည် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "မင်း ဘာဖြစ်လို့ အန်းရန်နောက်ကို လိုက်နေတာလဲ" ထို့နောက်တွင်တော့ သူသည် သတိပြန်ဝင်လာပြီး ရှမြန်ကို ကြည့်လိုက်လေသည်။

"ခင်ဗျားကရော ဘယ်သူလဲ"

ရှမြန်က ရှောင်ဖုန်း၏ခေါင်းလေးကို ပွတ်သပ်ပေးကာ ပြောလိုက်၏။ "ကလေးမိဘလေ"

ချန်ဖာသည် မျက်မှောင်ကြုတ်သွားကာ စိုးရိမ်တကြီးမေးလိုက်၏။ "မင်း ဘာလုပ်ချင်လို့လဲ"

ရှမြန်က ပြောလိုက်၏။ "ဘာမှမလုပ်ချင်ပါဘူး။ ဒီကလေး၂ယောက်ကို အိမ်အပြန်လမ်းမှာ တွေ့လို့လေ"

"နင်တို့တွေကရော ဘာဖြစ်နေကြတာလဲ"

ထို့နောက်တွင်တော့ ချန်ဖာသည် ဝေယွမ်ဟန်ကို ကြည့်လိုက်ပြီးနောက် တင်းမာစွာ ပြောလိုက်၏။

"ဟုတ်တယ်။ ငါ့ကို မြန်မြန်ပြော။ မင်း ဘာလို့ အန်းရန်နောက်ကိုလိုက်နေတာလဲ"

ဝေယွမ်ဟန်က မျက်လုံးကို စွေထားလိုက်ကာ"ဘယ်သူက သူ့နောက်ကို လိုက်ချင်လို့လဲ"

"သူ ရှောင်ဖုန်းကို အမြဲတမ်း အနိုင်ကျင့်နေတာကို ငါ သည်းမခံနိုင်လို့ပါ"

"သူက အရမ်းမျက်နှာပြောင်တယ်လေ။ သူ့ရဲ့နှလုံးရောဂါကို အားကိုးပြီး တခြားလူတွေ သူ့ကို ဘာမှမလုပ်နိုင်အောင် ကာကွယ်ထားတာ။ ဒီတော့ ငါလည်း သူ့မိသားစုနဲ့ စကားပြောချင်လို့"

ဝေယွမ်ဟန်သည် မျက်မှောင်ကြုတ်လိုက်ကာ ပြောလိုက်၏။ "သူက မိဘမဲ့ကလေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ"

ဒီအခိုက်အတန့်တွင်တော့ သူသည် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်လေသည်။ "တကတည်း သူက သနားစရာကောင်းနေတာနဲ့ပဲ သူလုပ်ချင်တာ လုပ်ပြီး ကလေးတစ်ယောက်ကို လိမ်လို့ရမတဲ့လား"

"မင်းက ဘယ်သူ့ကို အရှက်မဲ့တယ်လို့ပြောနေတာလဲ"ချန်ဖာက ဒေါသတကြီးပြောလိုက်၏။ "မင်းက ဘယ်သူ့ကို ကလေးတစ်ယောက်ကို လိမ်လည်နေတယ်လို့ ပြောနေတာလဲ"

ဝေယွမ်ဟန်ကလည်း ဒေါသတကြီးပြောလိုက်သည်။ "ငါပြောတာ မှားလို့လား။ သူက ရောဂါသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်နေတာ သနားစရာကောင်းပေမဲ့ ဒါကို အသုံးချပြီးတော့ ကိုယ်ချင်းစာတရားရအောင် လုပ်နေတာတော့ နည်းနည်းလွန်သွားပြီလေ"

"တကယ်လို့ ဆင်းရဲတယ်ဆိုရင်လည်း ပန်းချီမဆွဲနဲ့ပေါ့။ ကလေးဆီကနေ အမြတ်ထုတ်ပြီး ပန်းချီဆွဲရတာ သိက္ခာရှိသေးလို့လား"

"ဘယ်သူ့မှာ သိက္ခာမရှိဘူးလို့ မင်းကပြောနေတာလဲ" ချန်ဖာသည် ရုတ်တရက် ဒေါသထွက်လာပြီး ဝေယွမ်ဟန်ဘက်ကို သူ့လက်သီး ဝှေ့ရမ်းလိုက်၏။ "မင်းက သောက်ကျိုးနည်း ဘာသိလို့လဲ။ မင်းက သူ့အကြောင်းပြောရအောင် မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ" ဝေယွမ်ဟန်သည် ချန်ဖာက သူ့ကို ရုတ်တရက် တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားမိချေ။ သူကလည်း အလွန်ဒေါသထွက်နေနှင့်ပြီးသား ဖြစ်၏။ အထိုးခံလိုက်ရပြီးသည့်နောက်တွင် သူသည် ဒေါသထွက်သွားတော့သည်။ သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလို လုံးထွေးသတ်ပုတ်ကျပြန်၏။

ရှောင်ဖုန်းက စိုးရိမ်တကြီး ပြောလိုက်၏။ "အစ်ကိုချန်ဖာ၊ အစ်ကိုဝေ။ ရန်မဖြစ်ပါနဲ့တော့"

ရှမြန်သည် ရှေ့သို့တက်လာကာ သူတို့တစ်ယောက်ချင်းစီ၏ပခုံးကို လှမ်းပုတ်လိုက်ပြီး သူတို့ကို အတင်းဆွဲခွာလိုက်၏။ ထို့နောက်တွင်တော့ သူမသည် ဝေယွမ်ဟန်ကို တွန်းထုတ်လိုက်ပြီး ချန်ဖာ၏လက်ကို ဆွဲလိမ်ထားလိုက်ကာ သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလို လူချင်းကွဲသွားကြတော့သည်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ တစ်ယောက်ချင်းစီက ဝေယွမ်ဟန်၏ခြေထောက်ကို ဖက်ထားလိုက်ပြီး သူ့ကိုမလှုပ်ရှားနိုင်အောင် ထိန်းထားလိုက်ကြတော့၏။

...

အပိုင်း (၂၃၁)

ရှောင်ဖုန်းက မော့ကြည့်ပြီး ပြောလိုက်သည်။ "အစ်ကိုဝေ ရန်မဖြစ်ပါနဲ့တော့"

ဝေယွမ်ဟန်သည် ကလေး၂ယောက်ကို ထိခိုက်မိသွားမှာ စိုးရိမ်သဖြင့် သူက ချန်ဖာကိုသာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ချန်ဖာကလည်း ကျိန်ဆဲရုန်းကန်နေသော်ငြားလည်း ရှမြန်က သူမ၏လက်ထဲတွင် အားကို ပိုထည့်ထားလိုက်သဖြင့် သူ့မှာ နာကျင်စွာ အော်ဟစ်တော့၏။

ရှမြန်က ပြောလိုက်သည်။ "စကားကောင်းကောင်းပြော။ ငါ နင့်ကို လွှတ်ပေးမယ်"

ချန်ဖာသည် အခြေအနေကို နားလည်သွားတော့သည်။ သူ့နှုတ်ခမ်းများကို တင်းနေအောင်စေ့ထားပြီး ဘာမှမပြောတော့ဘဲ နီရဲနေသည့်မျက်လုံးများဖြင့် ဝေယွမ်ဟန်ကို ဒေါသတကြီး ကြည့်နေ၏။

ဝေယွမ်ဟန်ကလည်း အလျော့မပေးဘဲ ပြန်စိုက်ကြည့်သည်။

ရှမြန်သည် သူတို့၂ယောက်ကြားက စိုက်ကြည့်ခြင်းပြိုင်ပွဲကို တားဆီးလိုက်ကာ ချန်ဖာကို မေးလိုက်၏။

"ငါ့ကိုပြော။ ဘာတွေဖြစ်နေတာလဲ"

ချန်ဖာက မကျေမချမ်းဖြင့် မေးလိုက်သည်။ "ဘာဖြစ်နေရမှာလဲ"

ရှမြန်က ပြောလိုက်၏။ "ယဲ့အန်းရန် ငါ အဲဒီကလေးကိုလည်း တွေ့လိုက်တယ်"

ချန်ဖာသည် သရော်လှောင်ပြောင်ကာ ရယ်မောလိုက်ပြီး "ဘာဖြစ်လို့လဲ။ မင်းက သနားနေလို့လား။ အဲဒီတော့ရော ဘာဖြစ်မှာလဲ"

"မင်းက အလှူငွေ ထည့်ချင်တာလား။ ဘယ်လောက် လှူနိုင်မှာမလို့လဲ။ ၁သောင်းအောက်ဆိုရင်တော့ ပေးမနေနဲ့တော့"

"ခွေးမသား" ဝေယွမ်ဟန်က မထိန်းနိုင်ဘဲ ပြောလိုက်တော့သည်။ "မင်းကို အရှက်မရှိဘူးလို့ ပြောတာ မှားလို့လား။ မင်းက အလှူရှင်ကိုတောင်မှ ပိုက်ဆံပမာဏ သတ်မှတ်လိုက်သေးတယ်။ မင်းက ကိုယ်ချင်းစာတရားနဲ့ ထိုက်တန်လို့လား။ ဒါပေမဲ့ မင်းတို့က သနားစရာကောင်းချင် ကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဒီလိုသနားခံပြီး ဂုဏ်သိက္ခာ ရောင်းစားပြီးမှ ရလာတဲ့ပိုက်ဆံကိုရော မင်းတို့ကစိတ်မလုံဘူးလား"

"မင်းကများ သနားခံတယ်လို့ ပြောရတယ်ရှိသေးတယ်" ချန်ဖာသည် တစ်ခုခုကြောင့် အားနည်းချက်ကို ထိသွားသလို ဒေါသထွက်သွားကာ ဝေယွမ်ဟန်ကို မြေကြီးပေါ်ဆောင့်တွန်းချလိုက်ပြီး သူ့ကို နာနာကျင်ကျင် ထိုးနှက်တော့သည်။

"ခွေးကောင် ဂုဏ်သိက္ခာကို ရောင်းစားတယ်လို့ ပြောနေရသေးတယ်"

"တကယ်လို့ သူတို့သာ သူတို့ရဲ့ဂုဏ်သိက္ခာကို ရောင်းစားနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီးတော့ သူတို့တွေ ဒီလိုနေနိုင်မှာလဲ" ချန်ဖာသည် လက်သီး၂ချက်ကို ဆင့်ထိုးလိုက်ပြီး ရုတ်တရက်ရပ်လိုက်ကာ သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။ "မင်းက သူ့အကြောင်း ပြောဖို့ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ"

"မင်းက ဘာသိလို့လဲ..."

ပြန်လည်တိုက်ခိုက်တော့မည်ပြင်လိုက်သည့် ဝေယွမ်ဟန်သည် ကြောင်အမ်းအမ်းဖြစ်သွားပြီး

"ပြောချင်တာရှိရင်လည်း ဒီအတိုင်း ပြောလိုက်လေ။ မင်းက ဘာဖြစ်လို့ငိုနေတာလဲ။ ဟကောင်ရ"

"ငါတောင်မှ မင်းကို ပြန်မချရသေးဘူး။ မင်းက ငါ့ကို ရိုက်စားဖို့ ကြိုးစားနေတာလား"

ချန်ဖာသည် ပြန်ထကာ သူ့ခေါင်းကိုကိုင်ပြီး ကလေးတစ်ယောက်လို ငိုကြွေးနေသဖြင့် လူများမှာ စိတ်မကောင်း ဖြစ်ရတော့သည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က နီရဲနေသည့်မျက်လုံးများဖြင့် ရှမြန်၏ ခြေထောက်နားတွင် တွယ်ကပ်နေ၏။ ဝေယွမ်ဟန်ကလည်း အသံကို တိုးထားလိုက်ကာ"ဟေ့ မငိုနဲ့တော့..."

ရှမြန်သည် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ချန်ဖာကို လက်ကိုင်ပဝါ လှမ်းပေးလိုက်ကာ "အရင်ဆုံး ဖြစ်သွားတဲ့အခြေအနေကို ပြောကြရအောင်ပါ။ ယဲ့အန်းရန်ရဲ့ နှလုံးရောဂါကို ကုသလို့မရတော့ဘူးလား"

"ဘယ်လိုလုပ်ပြီး ကုသလို့မရရမှာလဲ" ချန်ဖာသည် ထိုစကားကို ကြားလိုက်သည့်အခါ အလွန်ဒေါသထွက်သွားပြီး အော်ငေါက်လိုက်လေ၏။ "ယဲ့အန်းရန် သောက်ကျိုးနည်း ခွေးကောင်။ တကယ်လို့ သူသာ ရောဂါဖြစ်မနေဘူးဆိုရင် ငါ သူ့ကို အသေရိုက်ပြီးပြီ"

"သူ့မှာ နောက်ဆုံးတော့ ယွမ်၁သိန်း ရလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပိုက်ဆံကို တခြားသူတွေအတွက်ပဲ သုံးပြီး သူကကျတော့ ဆေးစစ်မှုတစ်ခုပဲ လုပ်ခဲ့တယ်လေ"

"ကိုယ့်ရဲ့သက်တမ်းက တစ်နေ့တခြား တိုတောင်းလာတာကို သိပြီးတော့ ဘာလုပ်ရမှာလဲ" ချန်ဖာသည် ပြောရင်းဆိုရင်း သူ့မျက်လုံးများကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်၏။ သို့သော်ငြားလည်း မျက်ရည်များက ထိန်းမရအောင် စီးဆင်းလာလေသည်။

သူသည် အလွန်ဒေါသထွက်လာသဖြင့် ကျိန်ဆဲလေတော့၏။

ရှမြန်က ပြောလိုက်သည်။ "ဒါဆိုရင် မိဘမဲ့ဂေဟာနာမည်နဲ့ ဘာဖြစ်လို့ အလှူငွေ လက်မခံတာလဲ"

"အလှူငွေ ဟုတ်လား" ချန်ဖာက ခနဲ့လိုက်ကာ"နင် မတွေ့ဘူးလား။ ကလေး၁၀ယောက်ကျော်မှာ အန်းအန်းက လွဲရင် အကုန်လုံးရောဂါသည်နဲ့ မသန်စွမ်းတွေကြီးပဲ"

သူသည် ထိုအကြောင်းကို ပြောလိုက်သည်တွင် ဒေါသထွက်လာပြန်သည်။ "သောက်ကျိုးနည်းတွေပါ။ အဲဒီလူတွေပေါ့။ ကိုယ်တိုင်သာ ငါတို့ကို စွန့်ပစ်ထားပြီးတော့ သူတို့ဟာ သူတို့ကျတော့ ကြင်နာသနားတတ်တဲ့ပုံ၊ မှန်ကန်ဖြောင့်မတ်နေတဲ့ပုံ ဟန်ဆောင်ပြီး ငါတို့အတွက် နေရာကောင်းတစ်ခုကိုတောင်မှ ရွေးပေးလိုက်သေးတယ်"

"အမေယဲ့က စိတ်သဘောထား ကောင်းတာကို သိကြတော့ သူတို့တွေက နေမကောင်း မသန်စွမ်းတဲ့သူတွေကို သူ့အိမ်ရှေ့မှာ လာပို့ထားကြတယ်လေ။ ငွေဘယ်လောက်များများက ဒီအပေါက်တွေကို ဘယ်လောက်ဖာနိုင်မှာမလို့လဲ"

"အဟက်။ ဘယ်သူကရော ဒီလိုအပေါက်တွေကို ဂရုစိုက်မှာလဲ။ အခုဆိုရင် ဘယ်သူမှလည်း လုံးဝ လာမကူကြတော့ဘူးလေ" ချန်ဖာက သရော်ကာ ပြောလိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ ယဲ့အန်းရန်က ငါတို့ကို ခွင့်မပြုထားလို့လေ"

"သူက ငါတို့ကို ဘာဖြစ်လို့ ခွင့်မပြုလဲဆိုတာသိလား" သူသည် ဝေယွမ်ဟန်ကို မော့ကြည့်လိုက်ပြီး လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ပြသချင်လိုက်သော်ငြားလည်း သူ့မျက်လုံးကို ဆွဲညှစ်လိုက်သည့်အချိန်တွင် မျက်ရည်များက စီးကျလာတော့၏။ "အဲဒီ ရယ်စရာကောင်းတဲ့ ဂုဏ်သိက္ခာကြောင့်ပေါ့"

"အလှူငွေတွေ အများကြီးထည့်တဲ့သူတွေကလည်း ကုမ္ပဏီတွေကချည်းပဲလေ။ သူတို့တွေက သူတို့တွေနဲ့အတူ သတင်းထောက်တွေ၊ မီဒီယာတွေ တအုံတမကြီးကို ခေါ်လာခဲ့ကြတာ"

ချန်ဖာက ပြောလိုက်သည်။ "သူတို့တွေ ဓာတ်ပုံလာရိုက်တဲ့အချိန်တိုင်း သူတို့တွေက သူတို့ရဲ့လက်ပေါ်မှာ အန်းပိုင်ကို ချီထားကြတယ်လေ"

"ဘာဖြစ်လို့လဲဆိုတော့ သူက ထူးဆန်းစရာအကောင်းဆုံးနဲ့ ကြောက်စရာအကောင်းဆုံး ဖြစ်နေတာကိုး။ သူနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေကလည်း စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေတာလေ"

"ဪ ဟုတ်သားပဲ။ အန်းမူလည်း ရှိသေးတယ်။ အဲဒီအချိန်တုန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပြင်းပြင်းထန်ထန် မီးလောင်ဒဏ်ရာတွေနဲ့ ဖြစ်နေတာ။ သူက တကယ့်ကိုကြည့်ရတာ အရမ်းကြောက်ဖို့ကောင်းတယ်။ ယွမ်၂သိန်းလှူသွားခဲ့တဲ့ လုပ်ငန်းရှင်က သူနဲ့အတူတူ ဓာတ်ပုံတစ်ပုံ ရိုက်ပြီးတော့ သတင်းစာထဲ ထည့်လိုက်တယ်လေ။ မသိရင် သူကပဲ အကြင်နာတရားအရှိဆုံး ပရဟိတသမားလို မပြသနိုင်မှာ ကျနေတာပဲ"

"သူက သူနဲ့အတူတူ သတင်းထောက်တွေနဲ့ ဓာတ်ပုံဆရာတွေပါ ခေါ်လာတယ်လေ။ သူနာပြုဆရာမတွေရဲ့ အကြံပေးချက်ကိုလည်း နားမထောင်ခဲ့ဘူး။ ဒီအတိုင်းကို ဝတ်ကျေတန်းကျေနဲ့ အရေးပေါ်ခန်းထဲကို ဝင်သွားခဲ့ပြီး လူတွေကို အင်တာဗျူးလိုက်၊ လက်ဆွဲနှုတ်ဆက်လိုက်နဲ့ ဓာတ်ပုံတွေ ရိုက်သွားကြတာ"

"ရလဒ်အနေနဲ့လား။ အရေးအကြီးဆုံးအချိန်ကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့တဲ့အန်းမူက အဲ့ဒါကြောင့်ပဲ ပိုးဝင်သွားပြီး ရက်အနည်းငယ်မှာပဲ ဆုံးပါးသွားခဲ့တယ်လေ..."

သူက ခနဲ့ကာ ပြောလိုက်၏။ "ဆုံးပါးသွားတာတောင်မှ မိစ္ဆာကောင်လို့ ခေါ်ခံရသေးတယ်"

"ဟုတ်တယ်။ ငါတို့ခြံဝင်းတစ်ခုလုံးက မိစ္ဆာကောင်တွေအပြည့်ပဲ။ ငါတို့တွေက မိစ္ဆာကောင် မိဘမဲ့ဂေဟာတစ်ခု"

"ဒီတော့ ငါတို့က ဘာလုပ်ရမှာလဲ။ ငါတို့မှာ အဲဒီသောက်ကျိုးနည်း ဂုဏ်သိက္ခာကလွဲရင် ဘာမှမကျန်ဘူးလေ"

"ယဲ့အန်းရန်က စည်းကမ်းထုတ်ထားတယ်။ အလှူငွေ လက်ခံလို့ရတယ်။ ဒါပေမဲ့ အင်တာဗျူးနဲ့ ဓာတ်ပုံရိုက်တာတွေကို ခွင့်မပြုဘူး"

"ရလဒ်က ဘာဖြစ်သွားလဲ" ချန်ဖာသည် လှောင်ပြောင်သရော်ကာ ရယ်မောတော့၏။ "သူတို့တွေ ဆက်ပြီးတော့ အလှူ လာမလုပ်ကြတော့ဘူးလေ။ မိဘမဲ့ဂေဟာတွေကလည်း အများကြီးပဲ။ ငါတို့တစ်ခုတည်းမှ မဟုတ်တာ"

ရှမြန်သည် ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် ဝဲတက်လာသည့်မျက်ရည်များကို မျိုသိပ်လိုက်ကာ အတည်ပြုလိုက်လေသည်။ "ဒီတော့ လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ပါရမီရှင် ပန်းချီဆရာယဲ့အန်းရန်က နှလုံးရောဂါ ဖြစ်နေပြီး သေတော့မယ်ဆိုတဲ့သတင်းကို လုပ်ခဲ့တာပေါ့။ အလှူငွေ စုဆောင်းနိုင်အောင်လုပ်ပြီး စိတ်ဝင်စားမှုရအောင်လုပ်တာကရော ဘာအကြောင်းလဲ"

"ဒါပေါ့။ ငါတို့မှာ ပိုက်ဆံမရှိလို့လေ" ချန်ဖာသည် ဒေါသထွက်ရမည်လား။ ရယ်မောရမည်လားပင် မသိတော့ချေ။

"ငါ မသိလိုက်ခင်မှာပဲ ဒေါ်ဒေါ်ယဲ့က နောက်ထပ် နှလုံးရောဂါသည် ကလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်လေ။ သူက အသက်၃နှစ်ပဲ ရှိသေးတယ်"

"ဆရာဝန်က ပြောတယ်လေ။ အဲဒါက မွေးရာပါ နှလုံးရောဂါတဲ့။ ဒါပေမဲ့ ယဲ့အန်းရန်ရဲ့ နှလုံးရောဂါနဲ့ မတူဘူး။ အန်းရှင်းရဲ့ နှလုံးရောဂါက ကုသလို့ရတယ်။ ကလေးက ပိုပြီးတော့ ငယ်လေလေ ကုသဖို့ပိုပြီးတော့ လွယ်လေလေပဲတဲ့။ တကယ်လို့ ကုသမှုကို အသက်၅နှစ်မတိုင်ခင် ပြီးမြောက်အောင် လုပ်နိုင်မယ်ဆိုရင် သူက အနာဂတ်မှာ ကျန်းမာတဲ့ ကလေးတစ်ယောက်လိုနေနိုင်မှာ"

ဝေယွမ်ဟန်က သဘောပေါက်သွားပြီး "ဒီတော့ ယဲ့အန်းရန်က သူ့ကိုယ်သူအသနားခံပြီး အလှူငွေကို စုဆောင်းခဲ့တာလား"

"ဟုတ်တယ်" ချန်ဖာသည် ဘာမှမဖြစ်သလိုပုံစံဖြင့် ပြောလိုက်၏။ "သူ့ရဲ့ရောဂါအဖြေကလည်း ထွက်လာပြီလေ။ သူက ကိုယ့်ဟာကိုယ် ဂရုစိုက်မယ်ဆိုရင်တောင် ၂နှစ်ထက်ပိုပြီးတော့ မနေနိုင်တော့ဘူးတဲ့"

"ငါ့အထင်တော့ သူက ဒီအတိုင်းကို မနေချင်တော့တာပါ" ချန်ဖာသည် ဝေယွမ်ဟန်ကို ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်၏။"သူက အခွင့်အရေးယူရတာကို ကြိုက်တယ်လို့ မင်း ပြောလိုက်တာလား။ သူက သိက္ခာမရှိဘူးတဲ့လား"

"သူက ငါတို့မိသားစုထဲမှာ ကိုယ့်ဟာကိုယ် လေးစားစိတ် အပြင်းထန်ဆုံးသော တစ်ဦးတည်းသောသူပဲ။ သိပြီလား" ချန်ဖာသည် ထိုအကြောင်းကို စဉ်းစားလေလေ ပိုပိုပြီး ဒေါသထွက်လေလေ ဖြစ်လာပြီး ဆဲဆိုတော့၏။

"မိသားစုထဲက ကလေးတွေအားလုံးကို သူကပဲ စည်းကမ်းချထားတာ"

"တခြားလူတွေရဲ့ပိုက်ဆံကို မယူရဘူး။ တခြားလူတွေရဲ့ပစ္စည်းကို မသုံးရဘူး။ လိုရင်းကို ပြောရရင် တခြားသူတွေဆီက ဘာအလှူငွေမှ လက်မခံနဲ့"

"ငါ အရမ်းဒေါသ ထွက်သွားပြီး သူနဲ့တစ်ခါ ရန်ဖြစ်ခဲ့တယ်။ သူ သတိလစ်သွားတယ်လေ" သူသည် ထိုသို့ပြောလိုက်ပြီးနောက် ဝေယွမ်ဟန်ကို ကိုယ့်ဟာကိုယ် အပြစ်တင်နေသလို ပြုံးပြလိုက်ကာ

"မင်းပြောတဲ့ တစ်ချက်တော့ မှန်ပါတယ်။ ယဲ့အန်းရန်က သူ့ရဲ့ရောဂါကို သောက်ကျိုးနဲ အသုံးချပြီးတော့ ဘယ်သူကမှ သူ့ကို မနာခံဘဲ မနေရဲအောင်လုပ်နေတာလေ"

"ငါတို့အားလုံးက မိဘမဲ့ကလေးတွေပဲ။ ငါတို့က အသက်ရှင်နေတာတောင် ကံကောင်းနေပြီ။ ဘာဖြစ်လို့ ကိုယ့်ဟာကိုယ် လေးစားမှုတွေ၊ သိက္ခာတွေလိုဦးမှာလဲ"

သူသည် ဝေယွမ်ဟန်ကို မော့ကြည့်လိုက်ပြီးနောက် ပြုံးနေရင်းက စတင်ငိုကြွေးလာလေသည်။

"သူက အသနားခံဖို့ကြိုးစားပြီး သူ့ဂုဏ်သိက္ခာကို ရောင်းချနေတယ်လို့ မင်းကပြောနေတာလား။ တကယ်တမ်းကျတော့ အဲဒီလိုလုပ်နေတာတွေအားလုံးက ငါပဲ။ ငါပဲ သူ့ကို အသုံးချခဲ့တာ"

"သူက သူ့ရဲ့သနားစရာ ဂုဏ်သိက္ခာလေးကို မကာကွယ်ရရင် သေပဲသေလိုက်တော့မှာ။ သူက တခြားသူတွေကိုလည်း အဲဒီဂုဏ်သိက္ခာကို ပစ်ချခဲ့တာ ခွင့်မပြုဘူးလေ။ သူက တကယ့်ကို သောက်သုံးမကျတဲ့ကောင်လို့ မင်းက ထင်လား"

အမှန်တွင်တော့ သူ့မှာလည်းပဲ ဆုပ်ကိုင်ထားတာ ဘာမှမရှိတော့ပါဘူး...

“အသနားခံရအောင် သူ့ရဲ့ရောဂါကိုဗန်းပြကတည်းက ရှောင်ဖုန်းရဲ့ပန်းချီပစ္စည်းတွေကို ဘာမှမပြောဘဲ လက်ခံတဲ့အချိန်ကတည်းက သူက သူ့ရဲ့ဂုဏ်သိက္ခာကို စွန့်ပစ်ခဲ့ပြီးသားပဲလေ”

ကျန်တဲ့ကလေးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့အတွက်ပေါ့။

"အား"ဝေယွမ်ဟန်ကလည်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းကိုလက်ဖြင့်အုပ်ထားလိုက်ကာ ဆို့နင့်စွာ ပြောလိုက်လေသည်။ "ငါ တောင်းပန်ပါတယ်..."

...

All Chapters