အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အပိုင်း (၂၃၂)
ရှမြန်သည် ကလေးများနှင့် အိမ်သို့ ပြန်ရောက်လာချိန်တွင်တော့ လုံးဝမှောင်နေပြီဖြစ်သည်။
ချန်းချန်းက စိတ်ဓာတ်ကျကျဖြင့် သူ့အမေကို သွားတွေ့လိုက်ပြီး ရှောင်ဖုန်းကလည်း နီရဲနေသည့်မျက်လုံးများနှင့် သူမနား တွယ်ကပ်နေသည်။
ရေချိုးပြီးသွားသည့်နောက်တွင် ရှမြန်က ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့ရသည့်အခါ ကလေးလေးက အပြေးအလွှား ရောက်လာပြီး သူမ၏ရင်ခွင်ထဲသို့ ဝင်လာကာ သူမ၏လည်တိုင်လေးကို ပွေ့ဖက်ထားပြီးနောက် ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။ "အန်တီလေး အစ်ကိုယဲ့က နေကောင်းလာမှာလား"
ရှမြန်သည် သူ၏ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။ "အန်တီလေး ပြောခဲ့ဖူးတာကို မှတ်မိသေးလား။ ဒီကမ္ဘာကြီးထဲမှာ အန်တီလေးတို့ ဘာမှမလုပ်ပေးနိုင်တဲ့ အရာတွေ အများကြီး ရှိသေးတယ်ဆိုတာလေ"
"ဒီလိုအချိန်မျိုးမှာ အန်တီလေးတို့က အကောင်းဆုံး ကြိုးစားပေးပြီး လုပ်သင့်တဲ့အရာတွေကို လုပ်ပေးနေသရွေ့ သားရဲ့အစ်ကိုယဲ့ကလည်း ပိုပြီးတော့ အင်အားရှိလာလိမ့်မယ်"
"တကယ်လို့ သူ့ရဲ့အင်အားတွေ ပိုပြီးတော့စုဆောင်းမိလာရင် အံ့သြစရာတွေ ပေါ်ပေါက်လာနိုင်တယ်လေ"
ရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး သူမကို ခဏလောက် ဖက်ထားလိုက်ပြီးနောက် သူ့အခန်းထဲသို့ ပြန်သွားတော့သည်။ ရှမြန်သည် ဖုန်းထဲတွင် သူပြောခဲ့သည့်စကားကို ဝိုးတဝါး ပြန်ကြားလိုက်ရ၏။
နောက်တစ်နေ့ မနက်ခင်းတွင် ကလေးသည် လန်းလန်းဆန်းဆန်းရှိနေပြီး သူ၏ စုဘူးလေးဖြင့် ချန်းချန်းကို သွားရှာတော့သည်။
ရှမြန်က မေးလိုက်သည်။ "ဘာလုပ်မလို့လဲ"
ရှောင်ဖုန်းက ပြောလိုက်၏။ "အစ်ကိုချန်းချန်းက ပြောတယ်။ သူက ဖြူစင်တဲ့နတ်သမီးလေး ပန်းချီကားကို ရင်းနှီးမြှုပ်နှံချင်လို့တဲ့။ သားလည်း ရင်းနှီးမြှုပ်နှံချင်လို့လေ"
ရှမြန်က အသံထွက်ကာ ရယ်မောလိုက်၏။ ဒီကောင်လေးကတော့ ရင်းနှီးမြှုပ်နှံတာကိုတောင်မှ သိနေသေးတယ်...
ဖုန်းမြည်လာပြီး ရှောင်ဖုန်းကလည်း အပြေးအလွှား မြန်မြန်ဖုန်းသွားဖြေ၏။ မောက်ဟွေ့ကျူးအသံက ကျွတ်ဆတ်ဆတ်လေး ထွက်လာသည်။ "ရှောင်ဖုန်း ငါ့ရဲ့အခန်းထဲကို သွားပြီးတော့ ငါ့ရဲ့စုဘူးကို ယူလာခဲ့နော်။ ငါလည်း ရင်းနှီးမြှုပ်နှံချင်လို့"
ရှောင်ဖုန်းက မေးလိုက်သည်။ "နင်လည်း အားလုံးကို ထည့်မှာလား"
မောက်ဟွေ့ကျူးက စူပုပ်ကာ ပြောလိုက်သည်။ " ချန်းချန်းက အားလုံးကို ထုတ်ပေးနေတာပဲ။ ဒီတော့ ငါလည်း အားလုံးကို ထုတ်ပေးရမှာပေါ့။ ငါက သူ့ကို အရှုံးပေးရမှာလား"
"ဒါဆိုရင် မုန့်ဖိုးတွေ ရှိတော့မှာ မဟုတ်ဘူးနော်" ရှောင်ဖုန်းက သတိပေးလိုက်သည်။
ရှောင်ဖုန်းနှင့် ချန်းချန်းတို့၏ ကိုယ့်ဟာကိုယ် စည်းကမ်းရှိသည့်အခြေအနေနှင့် နှိုင်းဆလျှင် မောက်ဟွေ့ကျူးသည် ပိုက်ဆံအများကြီး မစုဆောင်းတတ်ချေ။ သူမသည် တိုတိုထွာထွာ ပစ္စည်းလေးမျိုးစုံကို ဝယ်ရသည်ကို သဘောကျပြီး လက်ထဲတွင် သုံးစရာ မရှိတော့သည်နှင့် မနေတတ်မထိုင်တတ် ဖြစ်တော့သည်။
"ရတယ်" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ငါ သိပ်မကြာခင် သရုပ်ဆောင်ခ ရတော့မှာပဲ။ အဖေက ငါ့ကို သရုပ်ဆောင်ခ အားလုံးကို ပေးမယ်လို့ ကတိပေးထားတယ်။ မုန့်ဖိုးထဲကဟာကို သူ့ကို ဒီအတိုင်း ပေးလိုက်"
သို့နှင့် ရှောင်ဖုန်းကလည်း သော့ကိုယူကာ ဘေးအခန်းသို့ တစ်ဖန်ပြေးသွားတော့သည်။
မောက်ဟွေ့မေ အိမ်ထောင်ကျသွားပြီးကတည်းက ရှမြန်နှင့် ရှောင်ဖုန်းတို့ ဒုတိယခြံဝန်းကိုလည်း ပြန်လည်ပြင်ဆင်နေသည်။ ထို့ကြောင့် သူတို့ကလည်း တစ်ဖန် ပြန်ပြောင်းလာခဲ့၏။
ဒီအခိုက်အတန့်တွင် မောက်မိသားစုဝင်ထဲက တစ်ယောက်မှ မရှိချေ။ တံခါးများကို သော့ခတ်ထားရသည်။
ကလေး၂ယောက်သည် ပိုက်ဆံကို ရေတွက်ရင်း အလုပ်များနေကြကာ တစ်မနက်ခင်းလုံး ဆက်ပြီးရေတွက်နေကြ၏။ မနက်စာ စားပြီးသွားသည့်နောက်တွင် ချန်းချန်းက ပန်းချီကားကို မှာယူဖို့ရန်အတွက် ပြခန်းသို့သွားခဲ့၏။ ရှောင်ဖုန်းကတော့ စတူဒီယိုထဲက ပန်းချီဆေးအသစ်ကို သွားယူကာ စက်ဘီးလေးစီးပြီး ပန်းချီခန်းမသို့ သွားလေသည်။
ရှောင်ဖုန်းက သူ၏ကျောင်းလွယ်အိတ်လေးကို သယ်ကူရင်း ပြောလိုက်၏။ "လမ်းမှာသတိထားနော်။ အန်တီလေး နေ့လယ်ခင်းကျရင် လာကြိုပေးမယ်" ရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်ကာ "အန်တီလေး တာ့တာနော်"
ရှောင်ဖုန်း ထွက်သွားပြီးသည့်နောက်တွင် ရှမြန်သည် သူ့အတွက် ပန်းချီပစ္စည်းများအားလုံးကို ပြန်ဖြည့်ပေးဖို့ ဖုန်းခေါ်လိုက်ပြီး သကြားလုံးဘူး အပိုတစ်ဘူးကိုလည်း ဖြည့်ပေးရန် ပြင်ဆင်လိုက်သည်။
ထို့နောက်တွင်တော့ သူတို့သည် ရှင်းရှင်းမိဘမဲ့ဂေဟာဆီသို့ စက်ဘီးစီးပြီး သွားလိုက်ကြ၏။
သူမသည် အမေယဲ့နှင့် တွေ့ဆုံခဲ့သည်။ အလွန်အကျွံ အလုပ်လုပ်ခဲ့သဖြင့် အမျိုးသမီးသည် အသက်၄၀အရွယ်သာ ရှိသေးသည်ဟု ဆိုသော်ငြားလည်း သူမ၏ အမှန်တကယ်အသက်ထက် အများကြီး အိုမင်းလို့နေသည်။
ဆံပင်ဖြူများကိုပင် ဖုံးကွယ်လို့ မရနိုင်တော့ချေ။ မျက်လုံးထောင့်များနားက အရေးအကြောင်းများကလည်း ထင်ရှားနေပြီး မျက်ဝန်းအစုံကပင် လောကကြီးထဲက ထောင်ပေါင်းများစွာသော ကိစ္စရပ်များကို တွေ့ကြုံခဲ့ဖူးသယောင် အေးချမ်းတည်ငြိမ်ပြီး ခံနိုင်ရည် ပြည့်ဝသည့် အဘွားအိုတစ်ယောက်နှင့် တူနေတော့သည်။
ရှမြန်၏ ရင်ထဲတွင် နည်းနည်းလေး တည်ငြိမ်သွားလေသည်။
သူမက ယဲ့အမေကို သူမ ရောက်လာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်၏။ "ကျွန်မ ကလေးတွေရဲ့ အခြေအနေနဲ့ သူတို့ရဲ့ဆေးမှတ်တမ်းကို ကြည့်ချင်လို့ပါ"
ယဲ့အမေက ပြောလိုက်သည်။ "ကျွန်မတို့တွေ ဒီမှာ အလှူခံပါတယ်။ ဒါပေမဲ့ အင်တာဗျူးတာနဲ့ သတင်းစာထဲမှာ ထည့်တာကိုတော့ လက်မခံပါဘူး"
ရှမြန်က ပြုံးပြီးပြောလိုက်သည်။ "ကျွန်မ သိပါတယ်။ ချန်ဖာ ကျွန်မကို ပြောပြပြီးပါပြီ"
"အမှန်အတိုင်း ပြောရရင်တော့ အခုလတ်တလောမှာ ကျွန်မ ဘယ်လိုကူညီပေးရမယ်ဆိုတာ မသိသေးပါဘူး။ ဒါကြောင့်မလို့ ဒီနေရာကို အရင်ဆုံးလာပြီးတော့ လေ့လာတာပါ"
အမေယဲ့က ပြောလိုက်သည်။ "ခဏစောင့်နော်" ထိုနောက်တွင်တော့ ဆေးမှတ်တမ်း သွားယူပေးဖို့ရန် ရုံးခန်းထဲသို့ ဝင်သွားလိုက်၏။
ခေါင်းသေးသေးလေးများသည် အခန်း၏ပြတင်းပေါက်ထဲတွင် စီတန်းကာ ပေါ်ထွက်လာလေသည်။ ရှမြန်က လှမ်းကြည့်လိုက်သည့်အချိန်တွင် သူတို့သည် မြန်မြန် ပြန်ပုန်းနေကြ၏။
ဘာမှမသိသည့် ကလေးလေးတစ်ယောက်ကသာ ခန်းစီးကိုမပြီး ပြေးထွက်လာကာ မျက်လုံးဝိုင်းလေးများဖြင့် သူမကို စူးစမ်းကာ ကြည့်နေ၏။
အမေယဲ့သည် ဆေးမှတ်တမ်းစာအုပ်ဖြင့် အပြင်သို့ထွက်လာချိန်တွင် သူ့ကိုတွေ့လိုက်ရသည်အခါ လှမ်းအော်လိုက်၏။ "အန်းရှင်း အစ်မအန်းပိုင်ဆီကိုသွား။ ဆေးသောက်ရမဲ့ အချိန်ရောက်ပြီ"
၃နှစ်အရွယ်ကောင်လေးသည် စိတ်ပျက်ပျက်နှင့် မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးမှ အင်တင်တင်ဖြင့် လှည့်ထွက်ကာ ဖြည်းဖြည်းချင်း ပြန်ဝင်သွားတော့သည်။
ရှမြန်က သူ့ကျောပြင်ကို ကြည့်ပြီး မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားတော့၏။ "သူ့ရဲ့ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့လား"
အမေယဲ့က ပြောလိုက်သည်။ "အရမ်းအောင်မြင်ပါတယ်။ ကျွန်မတို့တွေ သူ့ကို နောက်နှစ်နှစ်အတွင်း ကောင်းကောင်းလေး ဂရုစိုက်မယ်ဆိုရင် နောက်ပိုင်းကျရင် ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ"
သူမသည် စစ်မှန်သည့် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
ရှမြန်က ယဲ့အန်းရန်အကြောင်း မေးလိုက်သည့်အချိန်တွင် ယဲ့အမေ၏မျက်လုံးများသည် ဝမ်းနည်းမှုများ ပေါ်ထွက်လာ၏။
"သူ့အခြေအနေကတော့ တော်တော်လေးရှုပ်ထွေးတယ်။ သူ့ကိုကုသဖို့ဆိုရင် ငွေအများကြီးကုန်ကျလိမ့်မယ်တဲ့..."
"သူနဲ့ တွေ့ပြီးပြီလား"
ရှမြန်က ခေါင်းညိတ်ပြလိုက်ပြီး အများကြီးမပြောတော့ချေ။
ယဲ့အမေကလည်း နားလည်သွားပြီး မေးလိုက်သည်။ "သူသိပ်ပြီးတော့ အဆင်မပြေဘူး မဟုတ်လား"
သူမက သက်ပြင်းချပြီး ပြောလိုက်၏။ "တကယ်တော့ သူက အရမ်းကို ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ပါ။ ကလေးဘဝကတည်းက ချစ်စရာကောင်းတယ်။ လိမ္မာသိတတ်တယ်။ သူ အသက်၈နှစ်အရွယ်တုန်းက လူချမ်းသာ လင်မယားနှစ်ယောက်က သူ့ကို မွေးစားချင်တယ်လေ"
"တကယ်လို့ သူသာ သူတို့နဲ့ လိုက်သွားမယ်ဆိုရင် အနည်းဆုံးတော့ သူ့ရဲ့ရောဂါကိုလည်း ကုသပေးနိုင်မယ်လို့ ကျွန်မလည်း ထင်ပြီးတော့ သူ့ကို ပို့ပေးလိုက်တာ"
"မျှော်လင့်မထားဘဲနဲ့ သူ့ကို ၃နှစ်အကြာမှာ ပြန်ပို့လာတယ်လေ။ သူက အဲဒီချမ်းသာတဲ့ မိသားစုဆီကနေပဲ ပန်းချီပညာကို လေ့လာခဲ့တာ"
"ဒါပေမဲ့ သူအဲဒီမှာ ခံစားရတဲ့ မတရားမှုတွေကို တစ်လုံးတပါဒမှတောင် မပြောခဲ့ဘူးလေ။ သူ ပြန်ရောက်လာပြီးတဲ့အခါမှာ တော်တော်လေးကို အသားမကျတော့တဲ့ ကလေးတစ်ယောက် ဖြစ်လာတော့တာပဲ"
"အိမ်က ကလေးတွေကိုလည်း အရမ်းကို တင်းတင်းကြပ်ကြပ် စည်းကမ်းချထားပြီး တစ်ခါတစ်လေကျရင် တော်တော်လေးကို တရားလွန်တဲ့အထိ ဆုံးမတတ်တယ်"
ယဲ့အမေက သက်ပြင်းချပြီး ပြောလိုက်၏။ "တကယ်တော့ မိဘမဲ့ဂေဟာက ကလေးတွေမှာ ကာကွယ်ပေးမဲ့သူ ဘယ်သူမှ မရှိပါဘူး။ သူတို့တွေက အရေထူဖို့လိုတယ်။ ရန်ဖြစ်တတ်ဖို့လည်း လိုတယ်။ ဒါမှသူတို့တွေ ပိုပြီးကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလေ"
ရှမြန်က ပြုံးပြီး ပြောလိုက်သည်။ "ဒါကြောင့်လည်း အဒေါ့်ရဲ့ အကာအကွယ်အောက်မှာ သူတို့တွေ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တာပါ"
ယဲ့အမေသည် ပြုံးလိုက်သော်ငြားလည်း သူမ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ရှိနေသေး၏။
"ကျွန်မက သူတို့တွေကို အချိန်အကြာကြီး မကာကွယ်ပေးနိုင်တော့မှာပဲ စိုးရိမ်တာပါ..."
ရှမြန်က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။ "ဒီအထဲမှာ အဒေါ့်ရဲ့ ဆေးမှတ်တမ်းရောပါလား"
...
ရှမြန်သည် ကလေးများအားလုံး၏ ဆေးမှတ်တမ်းကို ဓာတ်ပုံရိုက်ယူခဲ့ပြီး သေသေချာချာလေး ကြည့်ရှုဖို့ရန်အတွက် အိမ်သို့ယူပြန်လာခဲ့သည်။ သို့သော်ငြားလည်း ဓာတ်ပုံများကို ကြည့်နေရင်းက လူမိုက်၏မျက်လုံးများက ထိန်းမရလောက်အောင် နာကျင်လာတော့သည်။
ရောဂါနှင့် ကလေးတစ်ယောက်သည် မိသားစုတစ်ခုကို ဆွဲချနိုင်သည်တွင် ကလေးအများကြီး ရှိနေလျှင်တော့ ပြောဖို့ရန်မလိုတော့ချေ...
ယဲ့အမေကိုယ်တိုင်ကပင် ရောဂါဖြစ်နေလေသည်...
ချန်ဖာ ပြောခဲ့သည့်အတိုင်းပင်။ လူအများ၏ တစ်ခါတစ်ရံ ကရုဏာစိတ်သည် ဒီမိဘမဲ့ဂေဟာအတွက်တော့ ရေပုံးထဲက ရေတစ်စက်သာဖြစ်ပြီး ယာယီအလှူငွေများက အခြေခံပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
သူတို့သည် ဒီတစ်ကြိမ် ကူညီပေးခဲ့လျှင်ပင် နောက်တစ်ကြိမ် မည်သို့ဖြေရှင်းပါမည်နည်း။
ထို့အပြင် ယဲ့အန်းရန်... သူသည် အသက်ရှင်နေဖို့ရန် ၂နှစ်ပင် မပြည့်တော့ပေ။
ရှမြန်သည် သူ၏ရောဂါမှတ်တမ်းကို ကြည့်လိုက်ပြီး သိပ်နားမလည်သဖြင့် သူမက ဓာတ်ပုံ ရိုက်ယူလိုက်ကာ နဥ်ရှောက်ပိုင်ဆီသို့ ပို့ပေးလိုက်၏။
ခဏအကြာတွင် နဥ်ရှောက်ပိုင်က ဖုန်းပြန်ခေါ်လာသည်။ "ယဲ့အန်းရန်ဆိုတာ ဘယ်သူလဲ"
ရှမြန်မှာ အကြောင်းအရင်းကို မသိသော်ငြားလည်း ရုတ်တရက် ငိုချင်စိတ် ပေါက်လာတော့၏။
"ဒေါက်တာနဉ်"
"ဘာဖြစ်လို့လဲ" နဥ်ရှောက်ပိုင်သည် ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဖြည်းဖြည်းချင်း ပြောပါ"
ရှမြန်သည် မိဘမဲ့ဂေဟာအကြောင်းကို ပြောပြလိုက်ပြီး ယဲ့အန်းရန်အကြောင်း ပြောပြလိုက်သည့် အချိန်တွင်တော့ အကြိမ်ပေါင်းများစွာ ငိုရှိုက်နေမိ၏။ နောက်ဆုံးတွင်တော့ သူမသည် ဆက်မပြောနိုင်တော့ဘဲ မျက်ရည်များ ဒလဟော စီးကျလာတော့၏။
"ဒီကမ္ဘာကြီးက... ဒီကမ္ဘာကြီးက မတရားဘူးဆိုတာ သိနေပေမဲ့... စိတ်မကောင်းဖြစ်နေရတုန်းပဲ..."
"ဘာဖြစ်လို့... ဘာဖြစ်လို့ ဒီလိုကိစ္စတွေကို တွေ့ကြုံခဲ့ရတာလဲ။ သူက အခုမှ ၁၆နှစ်ပဲရှိသေးတယ်... သူက ရောဂါလည်း ဖြစ်နေသေးတယ်... သူက မိဘမဲ့ဂေဟာတစ်ခုလုံးကို ထောက်ပံ့ပေးဖို့ နည်းလမ်းကိုလည်းပဲ ရှာနေရသေးတယ်..."
"မြန့်မြန်" နဥ်ရှောက်ပိုင်သည် သူမကိုပျော့ပျောင်းစွာ ချော့မော့လိုက်ကာ "သူတို့တွေက မွေးဖွားခြင်း ကံမကောင်းခဲ့ပေမဲ့ သူတို့နဲ့အတူတူ ကောင်းမွန်တဲ့ ကံတရားတွေကို မျှဝေဖို့ဆန္ဒရှိတဲ့ မင်းလို ကို့လို လူတွေလည်း အများကြီး ရှိပါသေးတယ်"
သူက ပျော့ပျောင်းစွာ ပြောလိုက်သည်။ "ကိုတို့တွေ အကောင်းဆုံး လုပ်ပေးကြတာပေါ့။ နည်းလမ်းတစ်ခုကတော့ အမြဲတမ်းရှိပါတယ်"
ငိုပြီးသွားသည့်နောက်တွင်တော့ ရှမြန်သည် တဖြည်းဖြည်း တည်ငြိမ်လာပြီး မနေနိုင်ဘဲ ရေရွတ်မိတော့၏။ "ကျွန်မနဲ့ ရှောင်ဖုန်းတို့ရဲ့စကားကို ခိုးပြီးနားထောင်ထားတာလား။ ဘာလို့ ရှင်ပြောတဲ့စကားက ကျွန်မ ရှောင်ဖုန်းကိုပြောတဲ့စကားနဲ့ တစ်ပုံစံတည်း ဖြစ်နေတာလဲ"
နဥ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ကာ "ကိုယ့်အထင်တော့ ရှောင်ဖုန်းက မင်းလောက်တော့ အကျယ်ကြီး အော်ငိုမှာ မဟုတ်ဘူး"
ရှမြန်က ဒေါသမထွက်ရသေးခင်မှာပင် သူက မြန်မြန်ပြောလိုက်လေသည်။ "ကို ယဲ့အန်းရန်ရဲ့ တာဝန်ခံ သမားတော်ကို သိတယ်"
"ကို အခုပဲ သူ့ကိုဖုန်းခေါ်ပြီးတော့ မေးလိုက်တယ်။ ယဲ့အန်းရန်ရဲ့ အခြေအနေက ရှုပ်ထွေးတယ်ဆိုပေမဲ့ တကယ်လို့ သူသာ စောစောစီးစီး ကုသမှုကိုခံယူမယ်ဆိုရင် မျှော်လင့်ချက်ရှိ သေးတယ်တဲ့။ တစ်ခုပဲ။ ကုန်ကျစရိတ်က ပိုပြီးတော့မြင့်တယ်"
ရှမြန်က ပြောလိုက်၏။ "ဒါပေမဲ့ အလှူရှင်ကို မသိရဘူးဆိုရင်တောင်မှ သူက ကုသမှုကို လိုလိုလားလားနဲ့ ပူးပေါင်းမယ်တော့ မထင်ဘူး။ အဲဒီငွေကို တခြားကလေးတွေ အပေါ်ပဲ သုံးပစ်လိုက်မှာ"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ယာယီအလှူငွေတွေက မတည်ငြိမ်ဘူး။ သူက တခြားက ကလေးတွေကုသမှု လွဲချော်သွားမှာကိုလည်း စိုးရိမ်တာဖြ စ်နိုင်တယ်။ နောက်ထပ်ကုသမှုက ဘယ်အချိန်မှ ရောက်လာမယ်ဆိုတာ မသိဘူးလေ"
"ဒါကြောင့် ပရဟိတရန်ပုံငွေအဖွဲ့တစ်ခုကို တည်ထောင်လိုက်ရင်ရပြီ"
"စိတ်မပူပါနဲ့။ ကို ပြန်လာတဲ့အချိန်ကျရင် ဒီကိစ္စတွေကို ကူညီပေးမှာပါ"
သူက ကိစ္စကို လက်လွှဲယူပေးမည်ဟု ကြားလိုက်ရသည့်အချိန်တွင် ရှမြန်သည် သူမ၏ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရပြီး သူမ၏စိတ်အခြေအနေကလည်း အများကြီး တည်ငြိမ်သွားတော့သည်။ "ကျေးဇူးပဲနော် ဒေါက်တာနဉ်"
"ဒါပေမဲ့ ဒီကိစ္စကို ကျွန်မပဲလုပ်ပါရစေ။ ကျွန်မလည်း အားနေတာနဲ့ အတော်ပဲလေ"
နဥ်ရှောက်ပိုင်၏ ဓာတ်ခွဲခန်းသည် အလွန်အလုပ်များနေပြီးသားဖြစ်ပြီး မော့ဟယ်စမတ်ဖုန်းကလည်း စျေးကွက်သို့ တင်ပို့ရန်အရေးကြီးသည့် အဆင့်တစ်ခုကို ရောက်နေပြီ။ တစ်ချိန်တည်းတွင် သူသည် သူမနှင့်ရှောင်ဖုန်းတို့၏ အရေးကိစ္စကိုလည်းပဲ ပူပန်ပေးနေရသေးသည်။
အထူးသဖြင့် ရှောင်ဖုန်းပင်။ မောက်မိသားစုသည် အလုပ်များ လာပြီးသည့်နောက်တွင် သူသည် ရှောင်ဖုန်း၏ဘဝနှင့် ကျောင်းကိစ္စများ အားလုံးနီးပါးကို တာဝန်ယူပေးရပြီး သူ၏အဒေါ်အရင်းထက်ပင် အများကြီး ပိုပြီး လုပ်နိုင်ကိုင်နိုင်တတ်သေးသည်။
ထို့အပြင် ဒါသည် အစကတည်းက သူမ လုပ်ချင်နေသည့်အရာဖြစ်၏။ သူမသည် သူ့အပေါ်တွင် ဝန်ထုပ်ဝန်ပိုး ထပ်ပြီးမပေးလိုတော့ပေ။
နဥ်ရှောက်ပိုင်ကလည်း သူမစဉ်းစားနေသည့် အကြောင်းအရာကို သိဟန်တူကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ "မြန့်မြန် မင်းနဲ့ရှောင်ဖုန်းတို့လို နတ်သမီး နတ်သားလေးတွေကို ဒီလောကထဲမှာ ရှာဖွေတွေ့ရှိဖို့ဆိုတာ ကို့အတွက် အဲ့ဒီလောက်လွယ်တာ မဟုတ်ဘူးနော်"
"ဒါကြောင့် ဒီလိုကွဲပြားခြားနားတဲ့ ဘဝအနှစ်သာရလေးတွေကို ခံစားလို့ရအောင် ယူလာပေးတဲ့အတွက် ကိုက မင်းကို အရမ်းကျေးဇူးတင်ရပါတယ်။ ကိုက မင်းအတွက် ဒီလိုလုပ်ပေးရတာ အရမ်းပျော်ပါတယ်"
ရှမြန်သည် သူမ၏ရင်ထဲတွင် ချိုမြိန်ပြီးနွေးထွေးသွားတော့၏။ "ကျွန်မတို့တွေက ဒီချိုမြိန်တဲ့အရသာကို အတူတူ ခံစားကြမှာဆိုတော့ အရာအားလုံးကို ရှင်တစ်ယောက်တည်းပဲ အလုပ်များနေတာက အဓိပ္ပာယ်မရှိဘူးလေ"
သူမက ချွဲနွဲ့စွာ ပြောလိုက်၏။ "ဒီအပြင် ရှင့်မှာ အလုပ်များလွန်းလို့ ကျွန်မကိုတောင် အဖော်လုပ်ပေးဖို့ အချိန်မရှိတော့ဘူးလေ"
"တကယ်လို့ ကျွန်မက ပိုပြီးတော့လုပ်မယ်ဆိုရင် ရှင်လည်း ကျွန်မနဲ့အတူတူ အချိန်ကြာကြာ ပိုပြီးတော့နေနိုင်တာပေါ့။ ကျွန်မက ဉာဏ်ကောင်းတယ် မဟုတ်လား"
နဥ်ရှောက်ပိုင်သည် တော်တော်လေး ကြာသည့်အထိ ဘာမှမပြောခဲ့ချေ။ ရှမြန်ကတော့ ဇဝေဇဝါဖြင့် ဖုန်းကိုကြည့်လိုက်ကာ "ဟယ်လို ဟယ်လို။ ဘာဖြစ်သွားတာလဲ"
နဥ်ရှောက်ပိုင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး "ရုတ်တရက် မင်းကို အရမ်းလွမ်းသွားလို့။ ကို မင်းကို ဖက်ထားချင်သွားပြီ"
ရှမြန်ကတော့ စူပုပ်နေလိုက်ကာ "ကျွန်မလည်း ရှင့်ကို အရမ်းလွမ်းပါတယ်နော်။ ဒေါက်တာနဥ် ရှင် ဘယ်တော့မှ ပြန်လာမှာလဲ"
နဥ်ရှောက်ပိုင်သည် ရုတ်တရက် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ကာ
"၁၀နှစ်ကျော်ကျော်လောက် ကြာမယ် ထင်တယ်..."
ရှမြန်သည် တအံ့တဩဖြစ်သွားပြီးမှ သူက ဆက်ပြောလိုက်၏။ "ကိုတို့တွေ နောက်ဆုံးတွေ့တဲ့ အချိန်ကတည်းက မတွေ့ရတာ အရမ်းကြာသွားတော့ အရမ်းကြာသွားသလိုပဲ"
ရှမြန်က ရယ်မောလိုက်၏။
နဥ်ရှောက်ပိုင်နှင့် ဖုန်းပြောပြီးသွားသည့်နောက်တွင် ရှမြန်သည် အများကြီး သက်သာသွားသလို ခံစားလိုက်ရ၏။ သူမက အချိန်ကိုကြည့်လိုက်ပြီး မျက်နှာသွားသစ်လိုက်ကာ ရှောင်ဖုန်းကို ကြိုဖို့ရန်အတွက် အနုပညာကျောင်းသို့ ထွက်လာခဲ့သည်။
သူမသည် စာသင်ဆောင်အနားသို့ နီးကပ်လာသည်နှင့်အမျှ ပထမထပ်က ရှောင်ဖုန်း၏ စတူဒီယိုခန်းလေးသည် ထူးထူးခြားခြား အသက်ဝင်စည်ကားနေသည်ကို ကြားလိုက်ရ၏။
ရှမြန်က စက်ဘီးကို ရပ်ထားလိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည့်အခါ ရှောင်ဖုန်းက စင်ပေါ်တွင်ထိုင်နေပြီး လက်ဆောင်ပနာများကို လက်ခံနေသည်ကို တွေ့လိုက်ရလေသည်။
ရှမြန်သည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားတော့၏။ ပုံမှန်ဆိုလျှင် သူတို့သည် မကြာခဏ ဒီလိုကစားတတ်ကြသော်ငြားလည်း ခဏခဏတော့ မလုပ်တတ်ပေ။
ကလေး၏ ခြေထောက်နားက အိတ်ကိုမြင်လိုက်မှ သဘောပေါက်သွားတော့၏။
ဒီနေ့ ကျောင်းသားများ ပြင်ဆင်ထားခဲ့သည့် ပစ္စည်းများသည် အလွန် လုံလုံလောက်လောက် ရှိလေသည်။ သကြားလုံးနှင့် ချောကလက်အိတ်များအပြင် ဘီစကစ်မုန့်အထုပ်ကြီးများလည်း ပါရှိ၏။
အခမ်းအနား ပြီးဆုံးတော့မည့်အချိန်တွင် ရှောင်ဖုန်း၏ ခြေထောက်နားတွင် ပုံနေသည့် ပလတ်စတစ်အိတ်များသည် သူ့အရပ်တစ်ဝက်လောက် ရှိနေပြီဖြစ်ကာ ကလေးက ထိုအရာအားလုံးကိုပင် မ မနိုင်တော့ပေ။
ဝေယွမ်ဟန်က သူ့ကို ပစ္စည်းများကို သယ်ယူပေးပြီး ယဲ့အန်းရန်၏ ပန်းချီထောက်တိုင်ဆီသို့ သယ်သွားပေးလိုက်ကာ ချထားပေးလိုက်သည်။ သူသည် ကိုယ်ကိုပြန်လှည့်လာပြီး ယဲ့အန်းရန်၏ ပန်းချီကားကို လှမ်းကြည့်လိုက်သည့်အချိန်တွင် ရုတ်တရက်ပြောလိုက်၏။
"ဟေ့ ညီလေး။ မင်း နှစ်ဝက်စာမေးပွဲ ဖြေစရာမှ မလိုတာ။ ငါ့ကို ကူညီပြီးတော့ အိမ်စာလေး လုပ်ပေးပါလား"
"ငါ မျဥ်းကြောင်းတွေ ဆွဲထားပြီးပြီ။ ဒီအတိုင်း ငါ့ကို အရောင်တွေ ထပ်ဖြည့်ပေးရုံပဲ။ လိုအပ်တဲ့ဟာတွေ အားလုံးကို ငါ မင်းကို ပြောပြမယ်"
"ငါ မင်းကို အလကား မလုပ်ခိုင်းပါဘူး။ လုပ်အားခအနေနဲ့ ဆေးတစ်ဘူး ပေးမယ်လေ"
ယဲ့အန်းရန်က သူ့ကို မော့ကြည့်လိုက်၏။ ခဏအကြာတွင်တော့ လုံးဝကို မသိမသာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဝေယွမ်ဟန်က သူ၏တင်းနေအောင် ဆုပ်ထားသည့် လက်သီးကို ဖြည်လိုက်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီးနောက် ပြုံးပြလိုက်သည်။ "ခဏစောင့်နော်။ ငါ အိမ်စာစာအုပ် သွားယူလိုက်ဦးမယ်"
သူ၏ဘေးက မိန်းကလေးကလည်း အကြံရသွားဟန်တူသည်။ "ဟဲ့ ငါဘာဖြစ်လို့ အဲ့ဒါကို မစဉ်းစားမိတာလဲ။ အဲဒီပုံစံမျိုးနဲ့လည်း ပန်းချီဆွဲလို့ရသားပဲလေ"
"ဒီမယ် မောင်လေး။ ငါ့မှာလည်း အချိန်မီ အပြီးမသပ်နိုင်သေးတဲ့ ပန်းချီကားတွေ နည်းနည်းလောက် ရှိသေးတယ်" သူမက ပြောလိုက်၏။ "ပန်းချီလိုင်းတွေကို ဆွဲထားပြီးသား။ ငါ ပန်းချီဆေးနဲ့ စုတ်တံပေးမယ်လေ။ ဒါမှမဟုတ် အဖိုးအခအနေနဲ့ ငါ ပန်းချီစာရွက် ပေးမယ် ရလား"
ယဲ့အန်းရန်က ဘာမှမပြောသည်ကို မြင်လိုက်ရသည့်အခါ သူမက လက်နှစ်ဖက်ကို ဆုပ်ထားလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ကာဖြင့် တောင်းပန်လေသည်။ "ကျေးဇူးပြုပြီးတော့ ကူညီပေးပါနော် မောင်လေး။ ကျေးဇူးပြုပြီးတော့ ကူညီပေးပါ။ ကျေးဇူးပြုပြီးတော့..."
ယဲ့အန်းရန်သည် သူ့နှုတ်ခမ်းကို တင်းနေအောင်စေ့ထားလိုက်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်၏။
"အိုးရဲ့"မိန်းကလေးက ဝမ်းသာအားရ လက်ဝှေ့ရမ်းပြလိုက်ကာ "ကျေးဇူးအများကြီးတင်ပါတယ်နော်"
ရှမြန်သည် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ ဒီလောကထဲတွင် ကံဆိုးသည့်သူများ ရှိသော်ငြားလည်း ထိုသူများကို နွေးထွေးမှုပေးရန်အတွက် အကောင်းဆုံး ကြိုးစားပေးတတ်သည့် သူများလည်း ရှိသေးသည်။ ထိုအတွက်ကြောင့်ပင် ဒီလောကကြီးသည် အလွန်လှပနေသည် မဟုတ်ပါလား။
ရှောင်ဖုန်းက ကိုယ်ကို လှည့်လာသည့်အခါ ရှမြန်ကို တွေ့သွားပြီး ဝမ်းသာအားရပြောလိုက်၏။
"အန်တီလေး"
ရှောင်ဖုန်းကို ကူညီပြီး ပန်းချီဆွဲထောက်တိုင်နှင့် ပန်းချီကားချပ်ကို သိမ်းဆည်းပေးနေကြဖြစ်သည့် ဝေယွမ်ဟန်သည် ဒီတစ်ကြိမ်တွင်တော့ ပန်းချီဆွဲရင်း အလုပ်များ နေလေသည်။ သူသည် ဒီအတိုင်းပြောလိုက်၏။ "ရှောင်ဖုန်း ဒီနေ့တော့ ကိုယ့်ဟာကိုယ် ပစ္စည်းသိမ်းနိုင်တယ်နော်။ အစ်ကိုဝေက အရမ်းအလုပ်များနေလို့"
ဤသို့နှင့် ကလေးလေးမှာ ကပျာကယာ ပစ္စည်းသိမ်းရင်း အလုပ်များသွားတော့သည်။ သူ့ဘေးတွင် ရပ်နေသောယဲ့အန်းရန်က မကြည့်နေနိုင်တော့ဘဲ သူ့အတွက် ပန်းချီထောက်တိုင်ကို သိမ်းဆည်းပေးလိုက်၏။
ရှောင်ဖုန်းက ကိုယ်ကိုကုန်းကာ အခုလေးတင်မှ လက်ခံရရှိထားသည့် မုန့်တချို့ကို ကောက်ယူလိုက်ပြီး သူ၏ ကျောင်းလွယ်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ကျန်သည့်အိတ်ကို ယဲ့အန်းရန်ဆီသို့ တွန်းပို့ပေးလိုက်၏။ "အစ်ကိုယဲ့ သား ဒါတွေကို မသယ်နိုင်တော့လို့။ အစ်ကို သားကို ကူညီပြီးတော့ ကုန်အောင် စားပေးပါလား။ ကျေးဇူးပဲနော်"
ထိုသို့ပြောလိုက်ပြီးနောက် သူသည် ပြေးထွက်လာတော့သည်။
မျက်နှာသေးသေးလေးပေါ်တွင် တောက်ပသည့်အပြုံးများ ရှိနေ၏။ အကယ်၍ လူတစ်ယောက်၏ အစွမ်းသည် ရေပုံးထဲက ရေတစ်စက်ဖြစ်ခဲ့လျှင် လူအများ၏အစွမ်းသည် စမ်းချောင်းလေးတစ်ခု အဖြစ်ပေါင်းစည်းသွားနိုင်ကာ မြစ်တစ်စင်း သို့မဟုတ် ပင်လယ်တစ်ခုပင် ဖြစ်လာနိုင်ပြီး နောက်ဆုံးတော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်လာနိုင်ပေသည်။
...
အပိုင်း (၂၃၃)
နဥ်ရှောက်ယွင်၏ ပန်းချီပြခန်းသည် ပြီးဆုံးတော့မည်ဖြစ်သဖြင့် ရှောင်ဖုန်းသည် တစ်ဖန် ထပ်သွားကြည့်ဖို့ လိုလာသည်။ နောက်ဆုံး ပန်းချီကား အချပ်၂၀ကျော်ကိုလည်း စုဆောင်းသူများက ကြိုတင်မှာ ယူထားပြီဖြစ်ရာ နောက်ဆိုလျှင် ထိုပန်းချီကားများကို အနီးကပ်ကြည့်ဖို့ရန် အခွင့်အရေး ရှိလာတော့မည် မဟုတ်ပေ။
သင်ယူနေဆဲ ကျောင်းသူကျောင်းသားများအတွက် ဒီပန်းချီကားသည် အကြိမ်ကြိမ်အခါခါ လေ့လာကြည့်ရှုဖို့ရန် အလွန်ထိုက်တန်လေသည်။
ထို့ကြောင့် ရှမြန်က ရန်ပုံငွေမန်နေဂျာကို ဖိတ်ခေါ်ပြီး နဥ်ရှောက်ပိုင်နှင့် တွေ့ဆုံပေးဖို့ရန်အတွက် ပန်းချီပြခန်းသို့ ဖိတ်ခေါ်ခဲ့သည်။ ရှောင်ဖုန်းအား ပြခန်းသို့ အဖော်လိုက်ပါလာရင်း ရန်ပုံငွေထူထောင်ဖို့ ဆွေးနွေးဖို့ရန် မန်နေဂျာနှင့် တိုက်ရိုက်သွားရောက်တွေ့ဆုံဖို့ရန် ရည်ရွယ်ထားသည်။
ပြပွဲသို့လာသည့်သူများလည်း အများအပြား ရှိနေဆဲဖြစ်၏။ ရှမြန်သည် ရှောင်ဖုန်းနောက်က လိုက်လာကာ ဖြည်းဖြည်းချင်း ကြည့်လာခဲ့သည်။ သို့သော်ငြားလည်း သူမသည် အနုပညာတွင် ပါရမီမပါခဲ့ချေ။ ပန်းချီကားက လှပသည်ဟု စဉ်းစားရုံကလွဲလျှင် သူမသည် တခြားဘာမှမမြင်နိုင်ချေ။
မကြာခင်မှာပင် သူမသည် ဝေယွမ်ဟန်နှင့် အနုပညာကျောင်းက တခြားကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံခဲ့၏။ ရှမြန်သည် ရုတ်တရက် လွတ်လပ်သွားသလို ခံစားလိုက်ရတော့သည်။ သူမက ရှောင်ဖုန်းကို ပညာရှင်ဆန်ဆန် ဆွေးနွေးမှုများအတွက် သူတို့ထံသို့ အပ်နှံထားလိုက်ကာ သူမကတော့ ရန်ပုံငွေမန်နေဂျာကို သွားစောင့်ဆိုင်းဖို့ရန်အတွက် ဘေးက ကော်ဖီဆိုင်သို့ သွားဖို့စဉ်းစားလိုက်သည်။
ထောင့်လေးနားသို့ ဖြတ်လာသည့်အချိန်တွင် ရှမြန်သည် ယဲ့အန်းရန်၏ ပန်းချီကားဖြစ်သည့် "ဖြူစင်သောနှင်းနတ်သမီးလေး" ပန်းချီကားကို မြင်လိုက်သည့်အခါ ရပ်တန့်သွားလေသည်။
သူမသည် ပန်းချီကားကို တစ်ဖန်ထပ်တွေ့လိုက်ရသည့်အချိန်တွင် သူမ၏စိတ်ခံစားချက်များက ပြောင်းလဲသွားခဲ့၏။ ဒီပန်းချီကား၏ အကြီးမားဆုံး အားနည်းချက်မှာ ဆေးကို အလွန် ချွေတာသုံးခဲ့သည်ဟု စွန်းရှုမင် ရယ်စရာပြောခဲ့သည့် အကြောင်းအရာကို မှတ်မိနေသေးသည်။ သို့သော်ငြားလည်း သူမကတော့ ဒါက အမှန်တကယ် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
ရှမြန်သည် အနုပညာကျောင်း စတူဒီယိုထဲက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို ပြန်စဉ်းစားမိသည်တွင် မနေနိုင်ဘဲ ပြုံးလိုက်မိတော့၏။ သိပ်မကြာခင်ကာလအတွင်းတွင် ယဲ့အန်းရန်သည် ပန်းချီပစ္စည်းများ ပြတ်လပ်တော့မည် မဟုတ်ပေ။
သူမသည် ထိုလူအကြောင်းကို စဉ်းစားပြီးစသာ ရှိသေးသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ကော်ဖီဆိုင်သို့ သွားရာလမ်းတွင် သူ့ကို တွေ့ရလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။
ပြခန်းထောင့်က ကြီးမားသည့် တိုင်လုံးနောက်တွင် ပန်းချီပြခန်း၏ အနောက်ဘက်တံခါးကပ်လျက်တွင် ဝင်ထွက်သွားလာနေကြသည့် ဝန်ထမ်းများ ရှိနေ၏။
သူသည် ခေါင်းကို တစ်ဖက်စောင်းပြီး သူ့မျက်လုံးများကို မှိတ်ကာ တိုင်လုံးကြီးကို မှီထားသည်။ ဒါသည် ပျော်ရွှင်မှု၏ ကိုယ်နေဟန်ထားတစ်ခု ဖြစ်သင့်သော်ငြားလည်း ရှမြန်သည် သူကတော့ နောက်တစ်စက္ကန့်တွင် ငိုတော့မည်ဟု အမြဲတမ်း ခံစားနေရ၏။
ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် သူမက ဘေးကဆိုင်ထဲက သောက်စရာ အပူ၂ခွက်ကို ဝယ်လိုက်ကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
သူမသည် နီးကပ်လာသည်နှင့်အမျှ အနောက်ဘက်ထောင့်မှ ချန်ဖာ၏ အသံ ထွက်လာသည်ကို ကြားလိုက်ရ၏။
"လက်ထောက်ဝမ် ခင်ဗျားလည်း ခင်ဗျားတို့လေလံပွဲအတွက် အဓိကအကြောင်းအရာ တစ်ခုရှိမှ ဖြစ်မယ်လေ။ ကျွန်တော်တို့ရဲ့ အဓိကအကြောင်းအရာကလည်း တကယ်ကောင်းတယ်"
"ခင်ဗျားတို့ အနုပညာရှင်တွေအားလုံးက မပြည့်စုံတဲ့အလှတရားကို လေးစားကြတယ်မဟုတ်ဘူးလား။ အဲဒီ ဗီးနပ်စ်ရုပ်တုလိုပေါ့။ အန်းရန်ရဲ့ ပန်းချီကားကိုလည်း ကြည့်လိုက်လေ။ မပြည့်စုံတာက တစ်ခုလေးတင်တောင် မဟုတ်ဘူး..."
"အဓိကအကြောင်းအရာက ကောင်းမွန်သလို ဒါက ကြော်ငြာဖို့လည်း ကောင်းမွန်တဲ့ အမှတ်တံဆိပ်တစ်ခု ရှိထားတယ်"
"နှလုံးရောဂါ ခံစားနေရတဲ့ ပါရမီရှိပန်းချီဆရာတစ်ယောက်..."
"တော်တော့။ တော်လိုက်တော့။ တော်လိုက်တော့" လက်ထောက်ဝမ်သည် လုံးဝကို စိတ်မရှည်တော့တာ သိသာသည်။ "နှလုံးရောဂါ။ နှလုံးရောဂါနဲ့။ မင်းက နှလုံးရောဂါကို ဗန်းပြနေတာပဲ။ နှလုံးရောဂါက ဒီနေရာမှာတော့ အလုပ်မဖြစ်ဘူးကွ"
"ငါတို့ကုမ္ပဏီက လေလံပွဲမှာ ပါဝင်ချင်တာ ဟုတ်တယ်။ ဒါပေမဲ့ ကုမ္ပဏီလိုချင်တဲ့ဟာက နာမည်နဲ့ အကျိုးအမြတ်ပဲ။ အလှူငွေ မဟုတ်ဘူး"
"Red House ပြခန်းပိုင်ရှင်က အလားအလာရှိတဲ့ အနုပညာရှင်အသစ်တွေကို ဆွဲဆောင်နိုင်ဖို့နဲ့ သူတို့ရဲ့နာမည်ကို တည်ဆောက်ဖို့ လမ်းကြောင်းတစ်ခုလုပ်ဖို့ ဒီလနေရာလွတ်တွေ ပေးလိမ့်မယ်"
"နှလုံးရောဂါအပြင် ယဲ့အန်းရန်မှာ ဘာရှိသေးလဲ"
"သူ့ရဲ့ပန်းချီကားတွေက ပြခန်းပေါ်မှာတင်ဖို့ အရည်အချင်း ပြည့်မီမှာ မဟုတ်ဘူး။ မင်းက အဓိကခေါင်းစဉ်တစ်ခုသတ်မှတ်ပြီး သူ့ပန်းချီတွေ အားလုံးကို ချိတ်ဆွဲထားချင်နေသေးတယ်"
လက်ထောက်ဝမ်သည် သရော်လှောင်ပြောင်ကာ ပြောလိုက်လေသည်။ "မင်းက တကယ့်ကို ဇရှိတဲ့ကောင်ပဲကွ"
ချန်ဖာသည် ဆူဆဲခံနေရသည်ကို လုံးဝမခံစားရဘဲ အပြုံးဖြင့်သာ ထပ်ပြောလိုက်လေသည်။ "သူက ဘာဖြစ်လို့ အရည်အချင်း မပြည့်ရမှာလဲဗျ။ သူ့ပန်းချီကားက တကယ်ကောင်းတာပဲ"
"ခင်ဗျား မယုံဘူးဆိုရင်လည်း တစ်ချက်လောက် ကြည့်လိုက်လေ" သူသည် ဓာတ်ပုံ၃ပုံကို ဆွဲထုတ်လာပြီး လက်ထောက်ဝမ်ကို လှမ်းပေးလိုက်၏။ "ဒါတွေကို ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ဆွဲထားခဲ့တာ။ နာမည်ကြီး ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုတောင်မှ ရထားသေးတယ်။ ရှေ့တစ်ခုဆိုရင် အဲဒီထဲမှာပဲ ချိတ်ဆွဲထားသေးတယ်။ အဲဒါက ရောင်းထွက်သွားပြီဗျ" သူသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"အဲဒါကလည်း ဆရာမချင်းယွင်ကြောင့်လေ" လက်ထောက်ဝမ်၏ မျက်လုံးသည် ထိုဓာတ်ပုံကို ကြည့်ဖို့ရန် အားယူထားရ၏။ တချက်လောက် မြန်မြန်ကြည့်လိုက်ပြီး သူက သရော်ကာ ပြောလိုက်၏။
"သူက ကိုယ့်ဟာကိုယ် နေမကောင်းဖြစ်လို့ ရပါတယ်။ သူက တခြားသူတွေကိုရော မသန်စွမ်း ဖြစ်စေချင်သေးတာလား"
"မပြည့်စုံတဲ့အလှက မသန်စွမ်းတာနဲ့ တူနိုင်ပါ့မလား"
"ခင်ဗျားပြောနေတဲ့ပုံကိုလည်း ကြည့်ပါဦး။ ဒီကမ္ဘာကြီးထဲမှာ မသန်စွမ်းတဲ့ကလေးတွေ အများကြီး ရှိတယ်။ အဲဒါက သူတို့အားလုံးကို ချစ်စရာကောင်းတယ်လို့ ထင်တာ" ချန်ဖာက ပြောလိုက်သည်။
"ဗီးနပ်စ်ကလည်း လက်တစ်ဖက် ပြတ်နေတာပဲလေ။ အဲဒါကလည်း မသန်စွမ်းတာပဲ မဟုတ်ဘူးလား။ ဒါက ဘယ်လိုလုပ်ပြီးတော့ ကွာခြားနိုင်မှာလဲ။ တကယ်လို့ ခင်ဗျားက ဒါကို လှလှပပ ပန်းချီဆွဲထားတယ်ဆိုရင် မသန်စွမ်းတာကလည်း မပြည့်စုံတဲ့ အလှတစ်ခုပါပဲ"
"တကယ်ပါပဲ။ ဘာတွေဖြစ်နေတာလဲ" လက်ထောက်ဝမ်သည် သူနှင့်ဆက်ပြီး ပြိုင်မပြောနိုင်တော့သဖြင့် စိတ်မရှည်စွာ ပြောလိုက်တော့သည်။ "တော်ပါတော့။ ငါ့ကို မနှောင့်ယှက်နဲ့တော့။ ဘာပဲဖြစ်ဖြစ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောစရာအကြောင်း မရှိတော့ဘူး"
"ယဲ့အန်းရန်က အနုပညာကျောင်းမှာတောင် လက်မှတ်တစ်ခု မရသေးတာ။ တကယ်လို့ သူက အနုပညာကျောင်းရဲ့ ကျောင်းသားတစ်ယောက်ဆို ရင်တောင် ဒါကဒီအတိုင်း ခုတုံးတစ်ခုပဲလေ။ ဟုတ်တယ်မလား။ ကိုယ်ရေးအကျဉ်းတောင် ရေးတတ်မှာ မဟုတ်ဘူး။ ဒီတော့ မင်း! မေ့ထားလိုက်တော့"
ချန်ဖာသည် ချက်ချင်း ပြောလိုက်၏။ "ဟာဗျာ။ အန်းရန်က မြို့တော်အနုပညာကျောင်းကပါဗျ။ သူက နေ့တိုင်း မြို့တော်အနုပညာကျောင်းမှာ အတန်းသွားတက်နေတာ"
"ပါမောက္ခစွန်းရှုမင်က သူ့ရဲ့ဆရာပဲ။ သူက မကြာခဏဆိုသလို အန်းရန်ကို သင်ပြပေးတယ်"
"မိတ်ဆက်စာရေးတာက ပိုလို့တောင်မှ ရိုးရှင်းသေးတယ်။ မကျန်းမာတဲ့ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲရင်း သူ့ရဲ့နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းဖို့ နောက်ဆုံးပန်းချီကားကို ဖန်တီးတော့မဲ့ သေလုဆဲဆဲအနုပညာ ပါရမီရှင်ပန်းချီဆရာတစ်ယောက်။ ဒါဆိုရင် အဓိကခေါင်းစဉ် ရပြီပဲလေ။ ဟုတ်တယ်မလား။ ဒါပေမဲ့ သူက ငွေတော့လိုချင်သေးတယ်လေ။ ဖြစ်တယ်မလား"
ချန်ဖာသည် ရုတ်တရက်တစ်ခုခုကို စဉ်းစားမိသွားပြီး ကိုယ့်ဟာကိုယ် ပြန်ရယ်မောလိုက်၏။ "သူ့ခန္ဓာကိုယ်ကလည်း တကယ်ပဲ ကြာကြာမခံတော့ပါဘူး။ ပြောလို့မရဘူး။ သိပ်မကြာခင်မှာပဲ နောက်ဆုံးလက်ရာ ဖြစ်သွားနိုင်တယ်။ ပန်းချီဆရာတွေရဲ့ နောက်ဆုံးလက်ရာတွေက အရမ်းအဖိုးတန်တယ် မဟုတ်လား"
"ဒီမှာကြည့်လေ။ တကယ်လို့ ခင်ဗျားက သူ့အတွက် ဒါကိုစီစဉ်ပေးမယ်ဆိုရင် ခင်ဗျားလည်း နာမည်နဲ့ ချမ်းသာခြင်းတွေ သေချာပေါက် ရလာလိမ့်မယ်။ ခင်ဗျားလည်း အရှုံးမရှိပါဘူး" ချန်ဖာသည် လက်ထောက်ဝမ်၏ မှင်တက်အံ့သြသွားသည့်ရုပ်ကို ကြည့်ကာပြောလိုက်၏။ "တကယ်လို့ ခင်ဗျား မဆုံးဖြတ်နိုင်ဘူးဆိုရင်လည်း ခင်ဗျားတို့ရဲ့မန်နေဂျာဟူနဲ့ ကျွန်တော့်ကို ပေးတွေ့လိုက်လေ။ ကျွန်တော် သူ့ကို ကိုယ်တိုင် တွေ့လိုက်မယ်"
"တော်စမ်းပါ" လက်ထောက်ဝမ်သည် သတိပြန်ဝင်လာပြီး သူ့ကိုတားမြစ်လိုက်ကာ လုံးဝ စိတ်မရှည်တော့ချေ။ "မင်းရဲ့ ပေါက်ကရအတွေးတွေကို လွှတ်မထားနဲ့။ ငါတို့တွေက ဒီလိုအနုပညာပြပွဲအတွက် အနည်းဆုံးပန်းချီကား အခု၅၀လိုအပ်တာ"
"သူ နေမကောင်းဘူးလို့ပဲ မင်းပဲ ပြောနေတယ် မဟုတ်လား။ သူက ဘယ်လိုလုပ်ပြီးတော့ ပန်းချီဆွဲဖို့ အဲဒီလောက် အချိန်ရမှာလဲ။ သူက ဒီခေါင်းစဉ်အောက်မှာ ပန်းချီကားအချပ်၅၀ကို ဆွဲနိုင်လို့လား"
"အချပ်၅၀ဟုတ်လား" ချန်ဖာသည် ခဏတာအတွင်း မှင်တက်အံ့သြသွားတော့သည်။
လက်ထောက်ဝမ်သည် သူကို ထိန်းချုပ်နိုင်သွားသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် ထိန်းချုပ်ထားသည့်ဒေါသကို မထိန်းနိုင်တော့ဘဲ ဖွင့်ထုတ်ပစ်လိုက်တော့သည်။ "ဟုတ်တယ်။ သူက ပန်းချီက အချပ်၅၀လိုတယ်။ တကယ်လို့ သူက အဲဒါကို အတူတူပေးနိုင်မယ်ဆိုရင်တော့ ငါတို့တွေက သူ့အတွက် လုပ်ပေးမဲ့အပြင် ဘာအကျိုးဆောင်ခကိုမှလည်း တောင်းမှာမဟုတ်ဘူး"
ချန်ဖာ၏မျက်လုံးများသည် လင်းလက်သွားပြီး သူသည် လက်ထောက်ဝမ်ကို ဖမ်းဆွဲလိုက်ကာ ပြောလိုက်၏။ "ခင်ဗျား ပြောတာနော်။ တကယ်လို့ ကျွန်တော် တကယ်စုစည်းနိုင်ရင် ခင်ဗျား ကျွန်တော့်အတွက် လုပ်ပေးရမယ်နော်။ ခင်ဗျား အကျိုးဆောင်ခ ယူလို့ရပါတယ်။ ကျွန်တော်က ခင်ဗျားအတွက် ခက်ခဲအောင်မလုပ်ပါဘူး"
မန်နေဂျာဝမ်သည် အသားနှင့်အရိုးကို တရှုံ့ရှုံ့လုပ်နေသည့် ဆာလောင်နေသည့် ဝံပုလွေလေးတစ်ကောင်နှင့် တူသည့်သူ့ကို ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို စကားလွန်သွားသည့်အတွက် နောင်တရသွားတော့၏။ သို့သော်ငြားလည်း သူကတော့ ပြန်ဖြေလိုက်သေးသည်။ "ကောင်းပြီလေ။ ဒါပေမဲ့ ဒီကိစ္စကိုဖြေရှင်းဖို့ တခြားဘယ်သူ့ရဲ့ ပန်းချီကားကိုမှ သုံးမယ်လို့ မစဉ်းစားနဲ့။ ယဲ့အန်းရန်က မြို့တော်အနုပညာကျောင်းကလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား"
"ငါက မြို့တော်အနုပညာကျောင်းက ပန်းချီလက်ရာတွေကိုပဲ လက်ခံမှာ။ သူက ကျောင်းသားဖြစ်ဖြစ် ပါမောက္ခဆရာတစ်ယောက်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းက ကောင်းမွန်တဲ့စံနှုန်းတစ်ခုရှိပြီး ပန်းချီကားအချပ်၅၀ စုဆောင်းနိုင်မယ်ဆိုရင် ငါ ဒါကိုစဉ်းစားပေးမယ်"
ချန်ဖာသည် နင်သွားတော့သည်။ လက်ထောက်ဝမ်သည် သူ့ကိုမျက်စောင်းဖြင့် ပြောလိုက်၏။
"တကယ်လို့ မင်းမှာ ဒီအရည်အချင်းတွေ မရှိဘူးဆိုရင်လည်း ဘာဖြစ်လို့ ဒီအလုပ်ကို ယူချင်နေသေးလဲ။ ဒီကမ္ဘာကြီးထဲမှာ ဆင်းရဲသားတွေဆိုတာ နေရာတိုင်းမှာရှိတယ်။ တကယ်လို့ ငါတို့တွေက သူတို့အားလုံးအပေါ် စေတနာထားချင်တယ်ဆိုရင် သူတို့အပေါ်ထောက်ပံ့ပေးတာနဲ့ပဲ ငါတို့ရဲ့ပိုက်ဆံတွေအားလုံး ကုန်သွားနိုင်တယ်"
"အခု သွားတော့။ ဒီနေရာမှာ အကြံအဖန်တွေ လုပ်မနေနဲ့။ တကယ်လို့ သူသာ အရည်အချင်း ရှိတယ်ဆိုရင် သူ့ရဲ့နှလုံးရောဂါနဲ့ အသနားခံစရာမလိုဘဲ ပြပွဲတစ်ခုအတွက် စီစဉ်ပေးပြီး သူ့ကို ကူညီပေးချင်တဲ့လူ အများ အများကြီးပဲ..."
"သူ့မှာ အရည်အချင်းမရှိဘူးလို့ ဘယ်သူပြောတာလဲ" အသံတစ်သံသည် ရုတ်တရက် ဖြတ်ပြောလိုက်၏။
ချန်ဖာနှင့် လက်ထောက်ဝမ်တို့၂ယောက်စလုံးသည် ထိုအခိုက်အတန့်တွင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး လှည့်ကြည့်လိုက်သည့်အခါ သူတို့ပင် သတိမထားမိလိုက်သည့်အချိန်တွင် အနောက်ဘက်တံခါးမှ ထွက်လာကြသည့် ကျောင်းသားတစ်အုပ်ကို တွေ့လိုက်ရလေသည်။
ချန်ဖာက မေးလိုက်သည်။ "မင်း ဘာဖြစ်လို့ ဒီမှာရှိနေတာလဲ"
ဝေယွမ်ဟန်က ပြောလိုက်သည်။ "ငါ ဒီကို အလည်လာတာလေ။ ပြီးတော့ မင်းကို ပြတင်းပေါက်ကနေ တွေ့လိုက်လို့။ ဒါကြောင့်မလို့ တချက်လောက် လာကြည့်တာ"
လက်ထောက်ဝမ်သည် ချန်ဖာနှင့် လုံးဝကိုကွဲပြားနေသည့် ကျောင်းသားများကို ကြည့်လိုက်ပြီး လုံးဝကို သံသယအပြည့် ဖြစ်သွားတော့၏။ "မင်းတို့တွေက ဘယ်သူလဲ..."
"ကျွန်တော်တို့တွေက ယဲ့အန်းရန်ရဲ့ အတန်းဖော်တွေပါ။ မြို့တော်အနုပညာကျောင်းက ကျောင်းသားတွေပါ"
ဝေယွမ်ဟန်က မေးလိုက်သည်။ "ခင်ဗျား ခုနကပြောတဲ့စကားက အမှန်ပဲလား။ ကျွန်တော်တို့တွေ မြို့တော်ပန်းချီအနုပညာကျောင်းက ပန်းချီကားအချပ်၅၀ စုဆောင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အနုပညာပြခန်းတစ်ခု လုပ်ပေးမှာလား။ ခင်ဗျားက အကျိုးဆောင်ခ မယူဘူးလား"
လက်ထောက်ဝမ်သည် မကောင်းသည့်နိမိတ်တစ်ခု ခံစားလိုက်ရ၏။ သူသည် ထိုသို့ ပြောလိုက်ခြင်းကလည်း ငွေကို သေချာပေါက် ရှာနိုင်မည်မဟုတ်မှန်း သိနေခြင်းကြောင့်ပင်။ ယခုအချိန်တွင်တော့ မြို့တော်အနုပညာကျောင်းက ကျောင်းသားတစ်ယောက် ပါရှိနေလည်း သူသည် မည်သို့များ ဆုံးဖြတ်ချက်ချရဲပါမည်နည်း။
သူသည် ဘာဆက်ပြောရမည်ကို စဉ်းစားနေသည်တွင် မန်နေဂျာဟူသည် ထွက်လာပြီးမေးလိုက်၏။
"မင်း ဘာလုပ်နေတာလဲ"
ချန်ဖာက သွားများပြုံးဖြီးကာဖြင့် ပြောလိုက်သည်။ "မန်နေဂျာဟူ လက်ထောက်ဝမ်က ပြောတယ်။ သူက ကျွန်တော်တို့အတွက် ပြပွဲတစ်ခု စီစဉ်ပေးနိုင်တယ်တဲ့"
လက်ထောက်ဝမ်သည် သူ့ကိုဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကာ မန်နေဂျာဟူကို မြန်မြန် ရှင်းပြလိုက်လေသည်။ "မဟုတ်ပါဘူး။ ဒီလူရှုပ်လေးက ကျွန်တော်တို့တွေနောက်လအတွင်း Red House အနုပညာပြခန်းမှာ လေလံပြပွဲလုပ်မယ်ဆိုတာကို တစ်နေရာရာက ကြားခဲ့တာ ထင်တယ်"
"ခန်းမနေရာက လွတ်နေပြီး ကျွန်တော်တို့တွေကလည်း ပြပွဲကိုစီစဉ်ဖို့အတွက် အကျိုးဆောင်ခတစ်ခုပဲ ယူမယ်လို့ ကြားတော့ သူတို့တွေက ကျွန်တော့်ဆီကို အရှက်မရှိလာပြီး ယဲ့အန်းရန်ရဲ့ပန်းချီကားကို သုံးပေးဖို့ အတင်းပြောနေတာလေ"
ဒီအချိန်တွင်တော့ သူသည် မနေနိုင်ဘဲသရော်ကာ ပြောလိုက်တော့၏။ "ပြီးတော့ သူတို့တွေက ကျွန်တော်တို့အတွက်တောင်မှ Theme တစ်ခု ဆုံးဖြတ်ပေးလိုက်သေးတယ်"
ဝေယွမ်ဟန်သည် ဒီစကားကိုကြားလိုက်ရသည့်အခါ ပြောလိုက်၏။ "ဒါဆိုရင် သူခင်ဗျားကို လာရှာတာကလည်း မမှားဘူးလေ။ Red House အနုပညာပြခန်းက လူရဖို့နဲ့ သူ့ရဲ့နာမည်ကို တည်ဆောက်ဖို့ လုပ်နေတာပဲ။ ဒီအနုပညာပြခန်းအတွက် ခင်ဗျားတို့ရဲ့လေလံပွဲကလည်း ခင်ဗျားတို့ကုမ္ပဏီ နာမည်ကြီးလာဖို့ပဲ မဟုတ်ဘူးလား"
"ကျွန်တော်တို့တွေက ယဲ့အန်းရန် တင်ပြတဲ့ခေါင်းစဉ်ကို ဘာဖြစ်လို့ မစဉ်းစားနိုင်ရမှာလဲ"
ဝေယွမ်ဟန်က ပြောလိုက်သည်။ "တခြားကိစ္စတွေကို ထားလိုက်ပါဦး။ အရည်အချင်းကိုပဲ ပြောကြရအောင်ပါ"
"ခုနတုန်းက လက်ထောက်ဝမ်ပြောခဲ့တဲ့ အခြေအနေအရဆိုရင် ကျွန်တော်တို့တွေက မြို့တော်အနုပညာကျောင်းက ပန်းချီကား အချပ်၅၀ကိုရခဲ့မယ်။ အဲဒီပန်းချီကားတွေကလည်း ပြခန်းအတွက် အရည်အချင်း မှီတာသေချာမယ်ဆိုရင် ကျွန်တော်တို့တွေက ပြခန်းတစ်ခု ကျင်းပလို့ရတယ်လေ။ ဒါက ဒီလို ကတိပဲ မဟုတ်ဘူးလား"
မန်နေဂျာဟူသည် တစ်စုံတစ်ခု ပြောဖို့ရန်အတွက် အလျင်စလို စဉ်းစားနေသည့်လက်ထောက်ဝမ်ကို လှမ်းကြည့်လိုက်ပြီး ချန်ဖာ၏ လက်ထဲက ချန်ဖာသူ့ကိုပေးထားသည့် ဓာတ်ပုံကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ "မန်နေဂျာဟူ ကြည့်ပါဦး။ သူ့ရဲ့ပန်းချီကားမှာလည်း တကယ့်ကို အဓိကအကြောင်းအရာ ပါပါတယ်။ ဒီလိုအကြောင်းအရာမျိုး ဆွဲနိုင်တဲ့လူ အများကြီး မရှိပါဘူး။ ဒါတွေက ကျွန်တော်တို့အတွက် လက်ရာစုံမပေးနိုင်မှာ သေချာတယ်"
မန်နေဂျာဟူသည် ဓာတ်ပုံများကို တစ်ချက်လောက် သေသေချာချာကြည့်လိုက်ပြီး ဝေယွမ်ဟန်ကို ပေးလိုက်လေသည်။ "ငါတို့ရဲ့လေလံပွဲက တစ်လနေရင် စတော့မှာ။ ဒီတော့ မင်းတို့တွေက တစ်လအတွင်း ပြပွဲမှာပြသဖို့ အဆင့်မီတဲ့ ဒီလိုပန်းချီကား အချပ်၅၀စုဆောင်းရမယ်။ လုပ်နိုင်လား"
"ငါ ပြောနေတဲ့ပြပွဲရဲ့ အဆင့်မှီတယ်ဆိုတာက တကယ့်ကို လက်ရာကောင်းမွန်တဲ့ ပန်းချီကားတွေပဲ ဖြစ်ရမယ်။ ကိုယ့်ဟာကိုယ်ကြော်ငြာတဲ့ ပန်းချီကားမျိုး၊ စိတ္တဇပန်းချီကားမျိုးတွေနဲ့တော့ အရူးလာမလုပ်နဲ့။ ငါတို့ကုမ္ပဏီက နာမည်ကြီး အနုပညာပြခန်းတွေကို နှစ်ပေါင်းများစွာ စီစဉ်ပေးလာခဲ့တာ။ ငါတို့မှာ ပန်းချီကားအပေါ် အကဲဖြတ်နိုင်တဲ့အမြင်ရှိတယ်"
ဝေယွမ်ဟန်က ဓာတ်ပုံကို လှမ်းယူလိုက်ပြီး တစ်ချက်လောက် ကြည့်လိုက်ပြီးနောက် အနည်းငယ် ချီတုံချတုံ ဖြစ်သွားတော့သည်။
အနုပညာကျောင်းသားများအတွက် ပြပွဲအဆင့်မီပန်းချီကားတစ်ခုကို ဖန်တီးဖို့ရန်အတွက် လပေါင်းများစွာ သို့မဟုတ် ၂နှစ်လောက်ပင် ပုံမှန်ဆိုလျှင် အချိန်ပေးရတတ်သည်။ ထို့အပြင် ပန်းချီကားတွင်လည်း အဓိကအကြောင်းအရာ ပါဝင်လေသည်။ ထို့ကြောင့် ယခုအချိန်တွင် ပန်းချီကားကို စုဆောင်းဖို့ရန်က မလွယ်ကူချေ။ ဝေယွမ်ဟန်က ချန်ဖာကိုကြည့်လိုက်ပြီး ယဲ့အန်းရန် ဆွဲသားထားသည့် ပန်းချီကားအရေအတွက်ကို သိချင်သွားတော့၏။
ချန်ဖာက ဝေယွမ်ဟန်ကို တိုးတိုးတိတ်တိတ် လက်၂ချောင်း ထောင်ပြလိုက်၏။
ဝေယွမ်ဟန်...
ဒါသည် တကယ့်ကို အကြံအဖန်သမားတစ်ယောက် ဖြစ်သည်ကို သူကပင် ဝန်ခံရပေတော့သည်။ ရှောင်ဖုန်းက ရုတ်တရက် ပြောလိုက်၏။ "သား ဆွဲနိုင်တယ်။ သားရဲ့ဆရာက ကျူးယွင်ဟိုင်လေ။ သားက မြို့တော်အနုပညာကျောင်းမှာလည်း အတန်းတွေတက်နေတယ်" သူသည် မော့ကြည့်လိုက်ပြီး မန်နေဂျာဟူကို မေးလိုက်၏။ "သားရော ဆွဲလို့ရလား"
လက်ထောက်၀မ်သည် သူ့မျက်လုံးများကို တစ်ဖက်သို့ စွေစောင်းထားလိုက်ကာ ပြောလိုက်၏။ "မင်း အသက်ဘယ်လောက်လဲ..."
"ရှောင်၀မ်" မန်နေဂျာဟူသည် လက်ထောက်အသစ်ကို စကားဖြတ်ပြောလိုက်ကာ ရှောင်ဖုန်းကို မေးလိုက်၏။ "သားရဲ့ဆရာက ခွင့်ပြုတယ်ဆိုရင်တော့ ဆွဲလို့ရပါတယ်"
ဒီလောကထဲက ပြပွဲကိုစီစဉ်သည့် ထိပ်တန်းပန်းချီပြပွဲစီစဉ်သူများထဲက တစ်ယောက်အနေဖြင့် မန်နေဂျာဟူသည် သတင်းစုံလင်ကာ ကျူးယွင်ဟိုင်၏ နောက်ဆုံးတပည့်သည် ပန်းချီပါရမီရှင်တစ်ယောက် ဖြစ်သည်ကို သိထားလေသည်။
ဆရာမချင်းယွင်၏ ပန်းချီအနုပညာပြခန်းတွင် ဒီအသိုင်းအဝိုင်းထဲက နာမည်ကြီးများက ဒီကလေးကို မည်မျှ ချစ်ခင်မြတ်နိုးကြသည်ကို သူ့မျက်လုံးဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့သည်။ အကယ်၍ သူသည် ဒီကလေး၏ ပန်းချီကားများကို ထုတ်ပြနိုင်မည်ဆိုလျှင် မည်သို့ပင်ဖြစ်စေ ထောက်ခံချက်များ ရရှိနိုင်ပေသည်။
ဤသို့ဆိုလျှင် ဒီကိစ္စကို မစဉ်းစားသင့်သည်တော့ မဟုတ်ချေ။
သို့သော်ငြား...
မန်နေဂျာဟူက သူ့ကို သတိပေးလိုက်၏။ "တစ်ယောက်တည်းတော့ တစ်လအတွင်း ပန်းချီကား အချပ်၅၀ကို ပြီးနိုင်မှာမဟုတ်ဘူး"
"သူ တစ်ယောက်တည်းလို့ ဘယ်သူပြောလဲ" ဝေယွမ်ဟန်က လွှတ်ခနဲပြောထွက်သွားသည်။
"ကျွန်တော်လည်း ပါတယ်။ ကျွန်တော်လည်း ဆွဲမှာ။ အခုချက်ချင်းပဲ"
"ကျွန်တော်ပြပွဲမှာ တင်ဖူးတဲ့လက်ရာတွေ ရှိတယ်။ ဒီတစ်လအတွင်း အကောင်းဆုံးကြိုးစားပြီးတော့ တစ်ချပ်ပေးနိုင်အောင် လုပ်မယ်"
"ကျွန်မလည်း ပါမယ်" သူ့ဘေးက ဟန်ကျွမ်းကလည်း ပြောလိုက်၏။ "ကျွန်မမှာလည်း ဆွဲထားတဲ့ပန်းချီတွေ ရှိတယ်။ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းကိုလည်း ခေါ်လာနိုင်သေးတယ်။ သူကလည်း သူ့ရဲ့အဆင့်မှာ နံပါတ်၁ကျောင်းသူပဲ။ လုံးဝပြဿနာရှိမှာ မဟုတ်ဘူး။ ကျွန်မ ပန်းချီကား၂ချပ်တော့ ပေးနိုင်တယ်"
"ကျွန်မလည်း လာမယ်။ ကျွန်မမှာ လက်ရာတစ်ခုမှ မရှိသေးဘူးဆိုပေမဲ့ ကျွန်မဒီတကြိမ်မှာ ရှင့်ကို အံ့အားသင့်သွားအောင် လုပ်နိုင်တယ်"
"ကျွန်တော်လည်း ပါမယ်"
...
ရှောင်ဖုန်းသည် တောက်ပနေသည့်မျက်လုံးလေးများဖြင့် သူတို့ကို မော့ကြည့်လိုက်၏။ "အစ်ကိုဝေ၊ အစ်မဟန်..."
ဝေယွမ်ဟန်က ပြုံးကာပြောလိုက်၏။ "ကျွန်တော်တို့ရဲ့ဆရာဦးလေးက စံပြအနေနဲ့ လုပ်မယ်ဆိုတော့ ကျွန်တော်တို့တွေကလည်း သူ့ဆီကနေ သင်ယူလို့ရတာပေါ့"
ရှောင်ဖုန်းသည် သူ့ကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်ပြီး သူ၏ခေါင်းလေးနှင့် သူ့ခါးကို ပွတ်သပ်လိုက်လေသည်။ ဝေယွမ်ဟန်က သူ့ခေါင်းလေးကို ပွတ်သပ်လိုက်ကာ ရုတ်တရက် ယုံကြည်ချက် ရှိလာတော့သည်။ "တကယ်လို့ ငါတို့တွေ မလုံလောက်သေးဘူးဆိုရင်လည်း အနုပညာတစ်ကျောင်းလုံး ရှိနေသေးတာပဲ။ ငါသူတို့တွေကို တစ်ယောက်ချင်းစီ သွားရှာလိုက်မယ်။ ပန်းချီကားအချပ်၅၀ မရှာနိုင်ဘူးလို့တော့ မယုံဘူး"
လက်ထောက်ဝမ်သည် သူ့ပါးစပ်ကို တင်းနေအောင် စေ့ထားလိုက်ကာ ရှက်သွားတော့၏။
မန်နေဂျာဟူကတော့ ပြုံးကာပြောလိုက်သည်။ "ကောင်းပြီလေ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းတော့ ပြောထားရဦးမယ်။ မင်းတို့တွေမှာ တစ်လပဲ အချိန်ရတယ်နော်။ ငါတို့တွေက ငါတို့ရဲ့ကိုယ်ပိုင်လေလံပြင်ဆင်ဖို့လည်း လုပ်ရဦးမယ်။ ဒီတော့ မင်းတို့တွေက တစ်လအတွင်း ပန်းချီကားအချပ်၅၀ မစုဆောင်းနိုင်ဘူးဆိုရင် ငါတို့ရဲ့သဘောတူညီထားတာတွေ ပယ်ဖျက်ရလိမ့်မယ်"
ဝေယွမ်ဟန်က ပြောလိုက်၏။ "ခင်ဗျားလည်း ကိုယ့်စကားကိုယ် တည်ရမယ်နော်"
မန်နေဂျာဟူသည် ရှောင်ဖုန်းကို ကြည့်ကာပြောလိုက်၏။ "မင်းတို့ရဲ့ ဆရာတူဦးလေးက မျက်မြင်သက်သေတစ်ယောက်အဖြစ် ရှိနေတာပဲ။ စိတ်ချထားလိုက်ပါ"
ရှောင်ဖုန်းသည် မျက်လုံးအဝိုင်းသားလေးဖြင့် အံ့သြသွားတော့သည်။ နဉ်ရှောက်ယွင်ကလည်း အပြင်သို့ ထွက်လာကာ အပြုံးဖြင့်ပြောလိုက်သည်။ "ဟုတ်တယ်။ ရှောင်ဖုန်းကို မင်းတို့ရဲ့မျက်မြင်သက်သေ လုပ်ခိုင်းရမယ်။ တကယ်လို့ မန်နေဂျာဟူက သူ့စကားကို မတည်ဘူးဆိုရင် ကျွန်မတို့တွေက နောက်ဆိုရင် သူ့ကို လျစ်လျူရှုထားရလိမ့်မယ်"
မန်နေဂျာဟူသည် ပြုံးကာ ချန်ဖာနှင့် ဝေယွမ်ဟန်တို့ကို လက်ဆွဲနှုတ်ဆက်လိုက်လေသည်။ "ငါတို့တွေ ပူးပေါင်းနိုင်မဲ့ အခွင့်အရေးတစ်ခု ရဖို့မျှော်လင့်တယ်"
အရင်က ခွေးပုလေးချန်ဖာသည် ယခုတော့ သူ့နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။ ဝေယွမ်ဟန်သည် သူ၏ နီရဲနေသည့်မျက်လုံးများကို သတိမထားမိပေ။ သူကသူ့ပခုံးကို လှမ်းပုတ်လိုက်ပြီး မန်နေဂျာဟူကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောလိုက်၏။ "စိတ်မပူပါနဲ့။ ကျွန်တော်တို့တွေ သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပါ"
"ဟုတ်တယ်နော်။ ဆရာတူဦးလေး"
ရှောင်ဖုန်းကလည်း ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်"
လူတချို့သည် အနောက်ဘက်တံခါးမှနေ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။ ရှမြန်သည် လက်ဖြင့်ခေါင်းကို အုပ်ထားကာ တိုင်လုံးဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် ယဲ့အန်းရန်ကို ငုံ့ကြည့်လိုက်၏။ သူမက လက်ကို ဆန့်ပြီး သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"ဒီလောကထဲမှာ လူကောင်းတွေ အများကြီးရှိသေးတယ်ဆိုတာကို ယုံကြည်ရမယ်။ သူတို့လုပ်ပေးနေတဲ့အရာတွေက ပေးကမ်းနေတာမျိုး မဟုတ်ဘူး။ တချို့သူတွေက နူးညံ့သိမ်မွေ့မှုနဲ့ ဆက်ဆံထိုက်တဲ့သူတွေ ဖြစ်လို့ပဲ"
သူမသည် သောက်စရာဖျော်ရည်တစ်ခွက်ကို သူ့လက်ထဲသို့ ဖိထည့်ပေးလိုက်ကာ "လုပ်ပါ ကလေးရဲ့။ မင်းရဲ့အသက်အရွယ်မှာ မင်းလည်း လျှို့ဝှက်ဆန်းကြယ်တာတွေ ဖြစ်သွားနိုင်တယ်ဆိုတာကို ယုံကြည်ထားသင့်တယ်"
ရှမြန်သည် ရန်ပုံငွေမန်နေဂျာထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံပြီးသည့်နောက်တွင် သူမသည် မန်နေဂျာဆီသို့ တိုက်ရိုက်သွားရောက် တွေ့ဆုံလိုက်တော့သည်။
ကလေးများက သူတို့တတ်နိုင်သလောက် လုပ်ပြီးပြီဖြစ်သဖြင့် ကျန်သည့်တာဝန်ကို လူကြီးများက ကြိုးစားရပေလိမ့်မည်။
...
အပိုင်း(၂၃၄)
ရန်ပုံငွေဒါရိုက်တာနှင့် မန်နေဂျာဟူတို့အကြား ၂ရက်တာဆွေးနွေးမှု ပြီးဆုံးသွားသည့်နောက်တွင် သူတို့သည် နတ်သမီးရန်ပုံငွေ အလှူငွေကောက်ခံခြင်းနှင့် ကယ်ဆယ်ရေးအစီအစဉ်ကို အခြေခံအားဖြင့် အတည်ပြုပြီးသွားသည့်အချိန်၌ ရှမြန်သည် ရုတ်တရက် ရှောင်ဖုန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။
ကလေးသည် ငိုရှိုက်နေပြီး "အန်တီလေး အစ်ကိုယဲ့ သတိလစ်သွားလို့"
ရှမြန်၏ မျက်နှာသည် ပြောင်းလဲသွားတော့သည်။ "ဘာဖြစ်တာလဲ။ ဘယ်ဆေးရုံမှာလဲ။ အန်တီလေး အခုပဲလာခဲ့မယ်"
သူမသည် လမ်းတွင် နဥ်ရှောက်ပိုင်ကို ဖုန်းခေါ်ဆိုခဲ့ကာ ရန်ပုံငွေမန်နေဂျာနှင့် လုပ်ငန်းစဉ်ကို အတည်ပြုလိုက်လေသည်။ သူမသည် ရောက်လာသည့်အချိန်တွင်တော့ ဟန်ကျွမ်းသည် ရှောင်ဖုန်းကို သူမ၏ ကိုယ်ပေါ်တွင် ချီထားကာ အရေးပေါ်အထူးကြပ်မတ်ဆောင်ရှေ့တွင် ထိုင်နေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်မှုတစ်ခုရှိနေ၏။ ဝေယွမ်ဟန်ကတော့ နံရံကိုမှီပြီး မျက်မှောင်ကြုတ်ထားလေသည်။
ရှောင်ဖုန်း၏ မျက်လုံးများက နီရဲနေသည်။ သူသည် ရှမြန်ကို မြင်လိုက်သည့်အချိန်တွင် လက်လေးနှစ်ဖက်ကိုဆန့်ကာ သူမဆီသို့ အပြေးအလွှားရောက်လာပြီး ပြောလိုက်၏။ "အန်တီလေး"
"ဘာမှမဖြစ်ပါဘူး" ရှမြန်က ကိုယ်ကိုကုန်းကာ သူ့ကိုပွေ့ဖက်ပေးလိုက်ပြီး "သားရဲ့ဦးဦးနဥ် ရောက်နေပြီလား။ အန်တီလေးတို့တွေ သူ့ကို ယုံကြည်ထားရမယ်"
ဝေယွမ်ဟန်က သူ့ကိုယ်သူ အပြစ်တင်ရင်း "ကျွန်တော် ပိုပြီးတော့ ဂရုစိုက်သင့်တာ။ သူ ပြီးခဲ့တဲ့၂ရက်အတွင်းတုန်းက အရမ်းကို အလုပ်ကြိုးစားနေခဲ့တာလေ"
ဟန်ကျွမ်းကလည်း ပြောလိုက်သည်။ "ချန်ဖာက သူ့ကို ပန်းချီပြပွဲအကြောင်း ပြောလိုက်တယ် ထင်ပါတယ်"
ယဲ့အန်းရန်သည် တိုင်နောက်ကွယ်တွင် အကြောင်းအရာတစ်ခုလုံးကို နားထောင်နေခဲ့ကြသည်ကို သူတို့က မသိခဲ့ခြင်း ဖြစ်လေသည်။ ဒီကိစ္စကို သူ့အား မည်သို့မည်ပုံပြောပြရမည်ကိုလည်း စဉ်းစားနေခဲ့ကြ၏။
ခဏအကြာတွင်တော့ အမေယဲ့သည် မျက်နှာပေါ်တွင် စိုးရိမ်တကြီး အမူအရာတစ်ခုဖြင့် ရောက်ရှိလာပြီး နောက်မှနေ၍ အသက်၇နှစ်၊ ၈နှစ်အရွယ် ကလေးမလေးတစ်ယောက် လိုက်ပါလာသည်။ သူမသည် ထိုနေ့က သူတောင်းစားမလေးနှင့် လုံးဝမတူညီတော့ပေ။ သန့်ရှင်းသပ်ရပ်နေသည့် ကလေးမလေးသည် အလွန်နူးညံ့ပြီး ချစ်စဖွယ်ကောင်းနေ၏။ ရှမြန်သည် သူမ၏ နာမည်က အန်းအန်းဖြစ်သည်ကို မှတ်မိနေသည်။
"အန်းရန် ဘယ်လိုနေလဲ"ယဲ့အမေသည် တည်ငြိမ်သွားသည့်ရုပ် ဖြစ်နေသော်ငြားလည်း သူမ၏ မသိမသာ တုန်ယင်နေသည့်လက်ကတော့ သူမကို သစ္စာဖောက်လို့နေသည်။
"သူ ကုသမှုခံယူနေပါတယ်" နဥ်ရှောက်ပိုင်သည် ဆေးရုံခန်းထဲကထွက်လာပြီး ရှောင်ဖုန်းက သူ့ဆီသို့ အပြေးအလွှားသွားလိုက်ကာ သူ့ကိုပွေ့ဖက်ထားလိုက်၏။ "ဦးဦးနဉ်"
နဥ်ရှောက်ပိုင်က လက်လှမ်းလိုက်ကာ မျက်ရည်များကို သုတ်ပေးလိုက်ပြီးနောက် ပျော့ပျောင်းစွာ ပြောလိုက်သည်။ "စိတ်မပူနဲ့နော်။ ဦးဦးက အစ်ကိုယဲ့ကို ကူညီပေးဖို့ အကောင်းဆုံးဆရာဝန်ကို ဆက်သွယ်ပေးထားပြီးပြီ"
ရှောင်ဖုန်းသည် သူ၏ခြေထောက်ကို ပွေ့ဖက်ထားပြီး ခေါင်းလေးဖြင့် ပွတ်သပ်နေလေသည်။ နဥ်ရှောက်ပိုင်က အမေယဲ့နှင့် ရှမြန်တို့ကို ပြောပြလိုက်သည်။ "မင်းတို့တွေ ကျွန်တော့်နောက် အရင်ဆုံးလိုက်ခဲ့ကြပါ"
အမေယဲ့က အန်းအန်းကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ရှမြန်က ပြောလိုက်၏။ "အမေယဲ့ သွားလိုက်ပါ။ ကျွန်မ ညီမလေးအန်းအန်းကို စောင့်ရှောက်ထားလိုက်ပါမယ်"
အန်းအန်းက ဂျီကျတော့မည်ဟု ထင်လိုက်သော်ငြားလည်း သူမကတော့ တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်ပြီး ခုနတုန်းကလို နောက်ကနေ လိုက်ရမှဖြစ်မည်ဟူသည့် ရုပ်ကလေးနှင့် လုံးဝ ကွာခြားလို့နေသည်။
ယဲ့အမေသည် သူမကို တကယ်ဂရုမစိုက်နိုင်တော့ဘဲ နဥ်ရှောက်ပိုင်နောက်မှ လိုက်ကာ ဆရာဝန်ရုံးခန်းဆီသို့ လိုက်ပါသွားတော့သည်။
"သူ့ရဲ့ခန္ဓာကိုယ်က အရမ်းပင်ပန်းနွမ်းနယ်နေပြီ။ သူ ဒီထက်ပိုပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်လို့ မရတော့ဘူး။ သူ အနားယူပြီးတော့ ပြန်လည်အားဖြည့်ဖို့လိုတယ်" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။
"ဆေးရုံက ပရော်ဖက်ဆာမာနဲ့ ဆက်သွယ်ပေးပြီးသွားပြီ။ သူက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပါ။ တကယ်လို့ ဆွေးနွေးတိုင်ပင်မှုရလဒ်က ကောင်းမွန်ခဲ့တယ်ဆိုရင် တစ်လလောက်အနားယူပြီး ခွဲစိတ်ကုသမှုခံယူပြီးရင်တော့ သက်သာလာမှာပါ"
အမေယဲ့မျက်နှာသည် တင်းကြပ်သွားလေသည်။ သူမသည် ကိုယ့်ဟာကိုယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသား ဖြစ်ခဲ့၏။ မည်သို့ဆိုစေ ယဲ့အန်းရန်၏ခန္ဓာကိုယ်သည် ဆရာဝန် ပြောထားသကဲ့သို့ပင် သူ၏ခန္ဓာကိုယ် ခံနိုင်ရည်စွမ်းအတိုင်းအတာကို ရောက်ရှိနေပြီဖြစ်သည်။
နဥ်ရှောက်ပိုင်၏ စကားကို ကြားလိုက်ရသည်တွင် ယဲ့အမေသည် စိတ်မအေးနိုင်ခဲ့ပေ။ သူမသည် ပါးစပ်ကို ဒီအတိုင်း ဖွင့်ဟလိုက်ပြီး အချိန်တော်တော်ကြာမှ တုန်ရင်စွာဖြင့်ပြောလိုက်၏။ "ကျွန်မတို့တွေ ကုသစရိတ်ကို မတတ်နိုင်ပါဘူး..."
"အမေယဲ့" ရှမြန်က ညင်ညင်သာသာဖြင့် ပြောလိုက်၏။ "ကျွန်မ ဒီကိစ္စကိုပြောပြဖို့ ရောက်လာတာပါ။ ကျွန်မတို့မှာ အစီအစဉ်ရှိပြီးသားပါ"
"ကျွန်မတို့တွေ အပြင်းအထန်ရောဂါရနေပြီး မသန်စွမ်းဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို ထောက်ပံ့ကူညီပေးဖို့ ၃လအတွင်း နတ်သမီးအလှူငွေရန်ပုံငွေအဖွဲ့ကို တည်ထောင်ကြမှာပါ။ ယဲ့အန်းရန်က လိုအပ်ချက်နဲ့ အပြည့်အဝ ကိုက်ညီပါတယ်။ အချိန်တန်ရင် အဒေါ်က လျှောက်လွှာထဲမှာ လိုအပ်ချက်တွေဖြည့်ပြီး ကျွန်မတို့တွေက လုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်သွားရုံပါပဲ"
"ဒီလိုဆိုရင် ခွဲစိတ်ကုသမှု ကုန်ကျစရိတ်ကို စိုးရိမ်ဖို့ မလိုတော့ပါဘူး"
အမေယဲ့၏ စိုးရိမ်ပူပန်နေသည့်အမူအရာသည် အနည်းငယ် ပြေလျော့သွားလေသည်။ သူမသည် တစ်ခုခုကို ပြောချင်သယောင် ရှိနေသော်ငြားလည်း သူမ၏နှုတ်ခမ်းများက တုန်ရင်နေပြီး ပြောမထွက်နိုင်အောင် ဖြစ်နေ၏။
ရှမြန်က သူမ၏ကျောပြင်ကို ပွတ်သပ်ပေးလိုက်ကာ ပြောလိုက်သည်။ "ကျွန်မ ပြောတာတွေက အမှန်ပါ။ ကျွန်မတို့တွေ ယဲ့အန်းရန်ရဲ့ ဆေးဖိုးဝါးခကုန်ကျစရိတ်ကို အားလုံးပေးချေနိုင်ပါတယ်။ သူ့ကို ကယ်တင်လို့ ရနိုင်ပါသေးတယ်"
"အင်း။ မျှော်လင့်ချက် ရှိသေးတယ်တဲ့လား..." ယဲ့အမေသည် နောက်ဆုံးတော့ တိမ်ဝင်နေသည့် အသံတစ်ခုဖြင့် ထုတ်ပြောလိုက်ပြီး မျက်ရည်များက စီးကျလာတော့သည်။ အားတင်းကာ တည်ဆောက်ထားရသည့် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုသည် ဒီစကားလုံးလေးများတွင် အလွယ်တကူ ကျိုးပျက်သွားတော့သည်။
"သူ အသက်ဆက်ရှင်နိုင်သေးတယ်ပေါ့နော်။ ဟုတ်လား"
ရှမြန်၏ မျက်လုံးများကလည်း သူမကို မြင်လိုက်ရသည့်အခါ နီရဲလာတော့၏။ နဥ်ရှောက်ပိုင်က ကြင်နာစွာ ပြောလိုက်သည်။ "တကယ်လို့ ခွဲစိတ်ကုသမှုအဆင်ပြေတယ်ဆိုရင်တော့ သေချာပေါက် အခွင့်အရေးတစ်ခု ရှိပါတယ်။ အသက်ရှည်ရမဲ့သက်တမ်းက သာမန်လူလောက် မရှည်လျားဘူး ဆိုပေမဲ့ပေါ့လေ"
ယဲ့အမေအတွက်တော့ ဒါသည်ပင် ကြီးမားသည့် အံ့သြစရာတစ်ခုဖြစ်နေသည်။
သူမက တစ်ခုခုကို ပြောဖို့ရန်ကြိုးစားခဲ့သော်ငြားလည်း နောက်ဆုံးတွင်တော့ သူမသည် ပါးစပ်ကို တင်းနေအောင်အုပ်ထားကာ မျက်ရည်များက မတားဆီးနိုင်အောင် စီးကျလာလေတော့သည်...
အချိန်တော်တော်ကြာသွားပြီးသည့်နောက်မှ သူမသည် ဆို့နင့်စွာဖြင့် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်..."
...
ယဲ့အမေသည် တည်ငြိမ်သွားပြီး အားလုံးက အတူတူထွက်လာသည့်အချိန်တွင်တော့ အပြင်ဘက်က လေထုအငွေ့အသက်က အင်မတန် ဝမ်းနည်းစရာကောင်းနေသည်ကို တွေ့လိုက်ရ၏။
ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့သည် မျက်ရည်များကို သုတ်နေကြလေသည်။ ချန်ဖာကလည်း သတင်းကို လက်ခံရရှိပြီးနောက် အပြေးအလွှား ရောက်လာသည်မှာ သိသာသည်။ သူသည် ယခုအချိန်တွင်တော့ ထိုင်ခုံဘေးတွင် ခွေခွေလေးရှိနေကာ ငိုကြွေးနေလေသည်။ ခြေထောက် မရှိသည့် အန်းကျယ်ကလည်း သူတို့ဘေးတွင် ထိုင်နေ၏။ သူသည် ညစ်ပတ်ပေရေနေပြီး ချန်ဖာက တစ်ဖန် သွားရောက် တောင်းစားဖို့ရန်အတွက် သူ့ကိုခေါ်သွားခဲ့သည်မှာ သိသာလေသည်။
ကလေးသည် အန်းအန်းကို ပွေ့ဖက်ကာ အသံတိတ်ငိုကြွေးနေပြီး တိရစ္ဆာန်လေး၂ကောင်က အချင်းချင်း အပြန်အလှန် အနွေးဓာတ်ပေးနေသည်နှင့်ပင် တူနေ၏။
ရှောင်ဖုန်းသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီး မျက်ရည်များက တစ်စက်ချင်းစီ စီးကျလာတော့သည်။ သူသည် ရှမြန် ထွက်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် ချက်ချင်းဆိုသလို အပြေးသွားပြီး ထိန်းမရအောင် ငိုရှိုက်လေတော့သည်။ "အန်တီလေး..."
ရှမြန်က ကိုယ်ကို ကုန်းလိုက်ကာ သူ့ကို ပွေ့ဖက်ထားလိုက်ပြီးနောက် သူ၏ ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ "ပေါင်ပေ့ ဘာဖြစ်လို့လဲ"
"အစ်ကိုယဲ့" ကလေးက ငိုရှိုက်နေရင်းကဖြင့်" အစ်ကိုယဲ့ သေတမ်းစာ ချန်သွားတယ်..."
ယဲ့အန်းရန်သည် သူ၏ခန္ဓာကိုယ်က ဆက်ပြီး ထိန်းမထားနိုင်တော့သည်ကို သိနေသဖြင့် သေတမ်းစာတစ်စောင်ကို ကြိုတင်ရေးသားထားခဲ့ကာ စိတ်ချရစေရန်အတွက် အန်းအန်းကို ပေးခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် အန်းအန်းက ယဲ့အမေနောက်မှနေ၍ ဆေးရုံသို့ အတင်း လိုက်ပါလာခြင်း ဖြစ်လေ၏။
သူ့ထံတွင် တစ်ခုခု ဖြစ်သွားခဲ့လျှင် ချန်ဖာက ထိုကိစ္စကို ဆက်ပြီး တာဝန်ယူလိမ့်မည်ဟု သဘောတူထားကြသည်။
ရှမြန်သည် ငိုကြွေးကာ တုန်ရင်နေသည့် ချန်ဖာထံမှ သေတမ်းစာကို လှမ်းယူလိုက်၏။
"...ကုသမှုကို လက်လျှော့ဖို့ အမေယဲ့ကို ပြောလိုက်ပါ..." ရှမြန်သည် မိမိ၏ သေဆုံးမှုကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နေရသည့် ခံစားချက်ကို မသိသော်ငြားလည်း သူ့ကို ကြည့်နေရသည့်လူများကတော့ အင်မတန်ရင်နာဖွယ်ကောင်းလှ၏။
သူသည် စိတ်အခြေအနေကို ပေါ့ပါးဖို့ ကြိုးစားနေသယောင် သူ၏သူငယ်ချင်းကိုလည်း ဝမ်းနည်းမှု သက်သာသွားစေရန် လုပ်ပေးနေသယောင် ရှိလေသည်။
"ဒီလိုဆိုရင် ငါ့ရဲ့ပန်းချီလက်ရာတွေကလည်း နောက်ဆုံးလက်ရာတွေ ဖြစ်လာနိုင်တယ်။ ဒါက ဆေးကုသမှု ကုန်ကျစရိတ်ကို သက်သာစေနိုင်မဲ့အပြင် ပန်းချီကားရဲ့တန်ဖိုးကိုလည်း တိုးလာနိုင်စေတယ်။ မင်းက ငွေရှာတဲ့နေရာမှာ အတော်ဆုံးပဲလေ။ ဒီတော့ မင်းနားလည်မှာပါ..."
"...အနုပညာကျောင်းက ရှောင်ဖုန်းနဲ့ ငါ့ရဲ့အတန်းဖော်လေးတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ ငါကိုယ်တိုင် မပြောနိုင်တဲ့အတွက်တော့ စိတ်မကောင်းပါဘူး။ ဒီတော့ ငါလည်း ဒီလိုနဲ့ပဲ နှုတ်ဆက်စကား ပြောနိုင်တော့တယ်။ ကျေးဇူးတင်ပါတယ်။ ဒီလောကကြီးက တကယ်တော့ အရမ်းကိုညင်သာသိမ်မွေ့တယ်ဆိုတာကို သိခွင့်ပေးခဲ့လို့ပါ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်ခဲ့ရပါတယ်"
...
ရှမြန်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားပြီး ကျလာသည့်မျက်ရည်များကို မထိန်းနိုင်တော့ပေ။
"ဒီကလေးဆိုးလေးကတော့လေ..."
ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့ကလည်း သူတို့၏မျက်ရည်များကို သုတ်ပစ်လိုက်၏။ ဝေယွမ်ဟန်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါ ဒါကို လက်မခံနိုင်ပါဘူး။ လူကိုယ်တိုင် ကျေးဇူးတင်စကား လာပြောတာကလွဲရင် ဘာတစ်ခုကိုမှ လက်မခံနိုင်ဘူး" သူသည် မနေနိုင်ဘဲ ငိုကြွေးရလေသည်။
"ငါတောင်မှ သူ့ကို တောင်းပန်စကား မပြောရသေးဘဲနဲ့..."
တစ်ဖက်တွင်တော့ ရှောင်ဖုန်းက နဥ်ရှောက်ပိုင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ "ဦးဦး အစ်ကိုယဲ့က တကယ် သေတော့မှာလား"
နဥ်ရှောက်ပိုင်သည် ရှမြန်ကို ပွေ့ဖက်ထားပြီး ကိုယ်ကိုကုန်းကာ ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီးနောက် ကလေး၏မျက်နှာပေါ်က မျက်ရည်များကို သုတ်ပေးလိုက်ကာ ပျော့ပျောင်းစွာ ပြောလိုက်လေသည်။
"ဘယ်သူက အဲဒီလိုပြောတာလဲ။ သူတို့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့။ အစ်ကိုယဲ့က ခွဲစိတ်ကုသမှု လိုအပ်နေသေးတာပါ"
ရှမြန်သည် မျက်ရည်များကို သုတ်လိုက်ကာ ချန်ဖာကို လှမ်းကန်လိုက်၏။ "မငိုနဲ့တော့။ အဲဒါက သူပြောတဲ့စကားလေ။ ဆရာဝန်ပြောတဲ့ စကားမှ မဟုတ်တာ"
"ရန်ဖြစ်မနေပါနဲ့တော့။ ယဲ့အန်းရန်က အနားယူဖို့လိုပြီး တစ်လအတွင်း ခွဲစိတ်ကုသဖို့အတွက်လည်း ပြင်ဆင်ရဦးမှာ"
ချန်ဖာသည် အလွန်အံ့အားသင့်သွားသဖြင့် လုံးဝမတုံ့ပြန်နိုင်အောင်ပင် ဖြစ်သွားတော့သည်။ သို့သော်ငြားလည်း ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့က ခေါင်းမော့လာကာ တပြိုင်တည်း ပြောလိုက်ကြ၏။
"တကယ်လား။ သူ့ကို ကယ်တင်လို့ရနိုင်သေးတာလား"
ရှမြန်က သေတမ်းစာကို ဒေါသတကြီး လှုပ်ရမ်းပြလိုက်ပြီး ပြောလိုက်လေသည်။ "ဒါပေါ့။ ဒီဟာကို ဂရုစိုက်မနေနဲ့တော့"
ဝေယွမ်ဟန်သည် တစ်ခုခုကို စဉ်းစားမိသွားကာ "ဒါဆိုရင် ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ်ကရော..."
ရှမြန်က သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။ "ဒါကတော့ နင်တို့အကူအညီ လိုသေးတယ်"
ဝေယွမ်ဟန်က အလောတကြီး မေးလိုက်သည်။ "ကျွန်တော် ဘယ်လိုကူညီပေးရမှာလဲ"
"နင်တို့ရဲ့ပန်းချီတွေကို ပြီးအောင်ဆွဲကြ" ရှမြန်က ပြောလိုက်သည်။ "ငါ ဒီကိစ္စကို မန်နေဂျာဟူနဲ့ တိုင်ပင်ပြီးသွားပြီ။ တကယ်လို့ နင်တို့တွေ ပန်းချီကား အားလုံးကို စုဆောင်းနိုင်မယ်ဆိုရင် သူကလည်း လေလံပွဲအတွက် အကောင်းဆုံး ကြိုးစားပေးလိမ့်မယ်"
"တကယ်လို့ လေလံအောင်မြင်သွားပြီဆိုရင် သူတို့ရဲ့ကုမ္ပဏီက ဒီပြပွဲမှာရောင်းရတဲ့ ပန်းချီကားတွေအားလုံးရဲ့ အကျိုးဆောင်ခတွေကို တစ်ပြားတချပ်မှ ယူမှာမဟုတ်ဘဲ အဲဒါတွေကို နတ်သမီးရန်ပုံငွေ ပရဟိတအဖွဲ့ကို မတည်ငွေအဖြစ် အလှူငွေထည့်ပေးလိမ့်မယ်"
"ငါတို့တွေက အပြင်းအထန်ရောဂါ ဖြစ်နေတဲ့သူတွေနဲ့ မသန်စွမ်းဖြစ်နေတဲ့ မိဘမဲ့ကလေးတွေကို ကူညီဖို့ အထူးတလည် စီစဉ်ထားတာ။ ယဲ့အန်းရန်ရဲ့ ခွဲစိတ်ကုသမှု ကုန်ကျစရိတ်ကိုလည်း အဲ့ဒီထဲကနေပဲ ပေးမှာ"
ရှမြန်က တည်ကြည်စွာ ပြောလိုက်သည်။ "ဒီတော့ နင်တို့ လုပ်ဖို့လိုတဲ့အရာတွေက ကောင်းမွန်တဲ့ပန်းချီကားတွေကို ဖန်တီးဖို့ပဲ။ ပန်းချီကားရဲ့တန်ဖိုးက ပိုပြီးတော့ မြင့်မားလေလေ ရောင်းစျေးကလည်း ပိုပြီးတော့မြင့်မားလေလေပဲ။ မတည်ရန်ပုံငွေကလည်း ပိုပြီးတော့ များလာလိမ့်မယ်"
"ဪ ဟုတ်တာပေါ့။ နင်တို့ရဲ့ပန်းချီကားအတွက် အခကြေးငွေကိုတော့ ရမှာမဟုတ်ဘူး။ ဒီကိစ္စကိုတော့ နင်တို့ရဲ့အတန်းဖော်တွေကို ကျေးဇူးပြုပြီးတော့ ကြိုပြီးရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါ"
ဝေယွမ်ဟန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကိစ္စမရှိပါဘူး"
ဟန်ကျွမ်းက ပိုပြီးဂရုတစိုက်ဖြင့် "ဒါပေမဲ့ ခွဲစိတ်ကုသမှုကို တစ်လအတွင်းလုပ်ရမှာလေ။ တကယ်လို့ လေလံပွဲက အောင်မြင်သွားတယ်ဆိုရင်တောင် ပြပွဲက ၃လနေမှ လုပ်မှာလေ"
ရှမြန်သည် နဥ်ရှောက်ပိုင်ကို ကြည့်ကာ ပြောလိုက်၏။ "ဆေးရုံမှာ မူဝါဒတစ်ခုရှိတယ်။ ဒေါက်တာနဥ်က ယဲ့အန်းရန်အတွက် အာမခံပေးဖို့ ဆန္ဒရှိတယ်။ ဆေးရုံကလည်း ခွဲစိတ်ကုသမှုကို ကြိုထုတ်ပေးထားပြီး ၆လအတွင်း ပြန်ဆပ်ရင်ရပြီ"
ရှမြန်က ပြုံးပြီးပြောလိုက်၏။ "ဒီတော့ အရေးကြီးဆုံးက နင်တို့တွေအပေါ်မှာပဲ မူတည်တယ်"
"ကျေးဇူးပြုပြီးတော့ ကြိုးစားပေးကြနော်"
"ကျွန်တော်တို့တွေ သေချာပေါက်လုပ်မှာပါ" ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့က တပြိုင်တည်း ပြောလိုက်ကြသည်။
အန်းအန်းသည် ယခုအချိန်အထိ အခြေအနေကို မတုံ့ပြန်နိုင်သေးသည့် ချန်ဖာ၏ ဆံပင်ကို လှမ်းဆွဲလိုက်ကာ ပြောလိုက်သည်။ "မငိုနဲ့တော့။ အစ်ကိုအန်းရန်ရဲ့ရောဂါကို ကုသလို့ရတယ်တဲ့"
ထို့နောက်တွင်တော့ သူသည် အန်းကျယ်ကို ကြည့်လိုက်ကာ ပြောလိုက်လေသည်။ "နင် မြန်မြန်သွားပြီးတော့ ဆေးကြောလိုက်သင့်တယ်နော်။ တကယ်လို့ အစ်ကိုအန်းရန်သာ ဒါကိုသိသွားရင် သူ ထပ်ပြီးတော့ စိတ်ဆိုးသွားလိမ့်မယ်"
အန်းကျယ်သည် သူ၏မျက်နှာကို ကပျာကယာ သုတ်ပစ်လိုက်ပြီး လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူကာ ပြောလိုက်၏။ "အန်းအန်း ငါ့ကိုသုတ်ပေးပါဦး"
ချန်ဖာသည် ဒီအချိန်ကျမှ ခေါင်းကိုမော့လာကာ အားလုံး၏ မျက်နှာပေါ်က စိတ်အေးသွားသည့်အမူအရာကို ကြည့်လိုက်ပြီး သတိလေးဖြင့် အတည်ပြုလိုက်လေသည်။ "သူ သူ့ကို တကယ်ကုသပေးနိုင်တာလား။ ခုနတုန်းက ပြောတဲ့စကားတွေက အမှန်ပဲလား"
"ယဲ့အန်းရန်ကို ကယ်တင်ပေးလို့ရလား"
"ဟုတ်တယ်" ဝေယွမ်ဟန်က သူ့ကိုဆွဲထူလိုက်ကာ ပြောလိုက်သည်။ "ခွဲစိတ်ခကိုလည်းပဲ ရှာပြီးသွားပြီ"
ခွဲစိတ်ခဟု ပြောလိုက်သည်တွင် ဝေယွမ်ဟန်က ပြောလိုက်၏။ "ဒါပေမဲ့ ငါတို့တွေ သူထုတ်ပြချင်တဲ့ အဓိကအကြောင်းအရာကို မသိသေးဘူးလေ။ လာခဲ့။ ငါတို့ကို သူ့ရဲ့ပန်းချီကားကို လိုက်ပြဦး။ ငါတို့တွေ အလျင်လိုနေတယ်"
ယဲ့အန်းရန်သည် သူတို့က ပန်းချီပြခန်းအကြောင်း မပြောရသေးခင်မှာပင် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏အဓိကဆွဲသားမည့် ပုံအကြောင်းကို အသေးစိတ် မတိုင်ပင်ခဲ့ရချေ။ ယခုအချိန်တွင်တော့ သူတို့သည် သူတို့ကိုယ်တိုင်က နားလည်အောင် လုပ်ဖို့ရန်သာ တတ်နိုင်တော့၏။
သို့သော်ငြားလည်း ယဲ့အန်းရန်သည် မိဘမဲ့ဂေဟာများက ကလေးများ၏ပုံကို ဆွဲသားခဲ့သည်မှာ သိသာသဖြင့် ထိုနေရာသို့ သွားပြီး တချက်လောက်သွားကြည့်သည်ကလည်း စိတ်ကူးကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် အမေယဲ့ကို ဆေးရုံတွင် စောင့်နေဖို့ရန် ချန်ရစ်ထားခဲ့လိုက်ပြီး ချန်ဖာက ဝေယွမ်ဟန်နှင့် တခြားသူများကိုခေါ်ကာ ရှင်းရှင်းမိဘမဲ့ဂေဟာဆီသို့ အလောတကြီး ပြန်လာကြလေတော့သည်။
ရှောင်ဖုန်းကလည်း အတူတူ လိုက်ပါသွားချင်သည်။ ရှမြန်ကလည်း သူ့နောက်က လိုက်ပါလာ၏။
မိဘမဲ့ဂေဟာသို့ ပြန်ရောက်လာသည်တွင် အန်းပိုင်နှင့် တခြားသူများကလည်း စိုးရိမ်စိတ်များ အပြည့်ဖြစ်နေကြ၏။ သူတို့သည် ချန်ဖာကို မြင်လိုက်ရသည့်အခါ အားလုံးက ပြေးထွက်လာကြတော့သည်။ "အစ်ကိုချန်ဖာ အစ်ကိုအန်းရန်ရော..."
အန်းကျယ်ကို ပိုက်ဆံ လှမ်းပေးလိုက်ပြီးသည့်နောက်တွင် သူက ဝမ်းသာအားရပြောလိုက်၏။
"အဆင်ပြေသွားပြီ။ အစ်ကိုအန်းရန်ကို ကယ်တင်နိုင်သွားပြီ"
ကလေးများသည် ချက်ချင်းဆိုသလို ဝမ်းသာသွားကြတော့၏။ "တကယ်လား"
အန်းကျယ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်သည်။ "တကယ်"
ကလေးများသည် ချက်ချင်းဆိုသလို အပြေးထွက်လာကာ ဝမ်းသာအားရဖြင့် သူ့ကိုပွေ့ဖက်ထားကြ၏။ အသက်၃နှစ်အရွယ် အန်းရှင်းကတော့ အကြောင်းအရင်းကို မသိချေ။ သို့သော်ငြားလည်း သူမ၏အစ်ကိုနှင့် အစ်မများက ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည့်အခါ သူမကလည်း အန်းကျယ်၏ လက်ကို ဆွဲပြီးရယ်မောလိုက်လေသည်။
ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့၏ မျက်လုံးများက နီရဲနေ၏။ သူတို့သည် ဒီကလေးများအကြောင်းကို ကြားရုံသာ ကြားဖူးထားကြသည်။ သို့သော်ငြားလည်း သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ရသည်ထက် အများကြီး ပိုပြီး ထိတ်လန့်စရာကောင်းနေတော့၏။ ကျန်းမာသည့် ကလေးများက ပြေးလွှားခုန်ပေါက် ဆော့ကစားနေကြစဉ်တွင် သူတို့ကတော့ ဒီလိုခြံဝန်းသေးသေးလေးထဲတွင် ပိတ်လှောင်ခံထားရကာ အချင်းချင်းနှစ်သိမ့်ပေးရုံသာ တတ်နိုင်လေသည်။
...