← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အပိုင်း (၂၃၅)

ချန်ဖာသည် သူတို့ကို သူနှင့်ယဲ့အန်းရန်တို့၏ အခန်းဆီသို့ခေါ်လာခဲ့ပြီး ယဲ့အန်းရန် ပန်းချီဆွဲသားနိုင်ရန်အတွက် နေရာပိုလုပ်ပေးထားဟန်တူသည်။ အခန်းထဲတွင် နှစ်ထပ်ခုတင်တစ်လုံးနှင့် စားပွဲတစ်လုံးကလွဲလျှင် ဘာတစ်ခုမှမရှိသလောက်ပင်။

ပြတင်းပေါက်ဘေးနားက နေရာသည် အနည်းငယ်ပိုကျယ်ပြီး ထိုနေရာတွင် ပန်းချီကားထောက်တိုင်တစ်ခု ရှိလေသည်။ ထောင့်နားက သစ်သားစင်ငယ်လေးတစ်ခုပေါ်တွင် ပန်းချီဆေးများနှင့် ပန်းချီစာရွက်အများအပြားရှိကာ ထိုအရာများသည် သိပ်မကြာခင်က ယဲ့အန်းရန် ရှာဖွေရရှိခဲ့သည့် အဖိုးအခများ ဖြစ်၏။

ချန်ဖာက နံရံနားတွင်ချိတ်ဆွဲထားသည့် အဝတ်အိတ်ထဲမှ ယဲ့အန်းရန်၏ပန်းချီကားကို ဂရုတစိုက် ဆွဲထုတ်လာပြီး စားပွဲပေါ်တွင်ဖွင့်ကာ ပန်းချီကားကို ဖြန့်ပြလိုက်သည်။

သူသည် စုစုပေါင်း ပန်းချီကား၃ခု ဆွဲထားပြီး ၂ခုကသာ အပြီးသပ်လက်ရာဖြစ်ကာ တစ်ခုကတော့ လေမီးဘီးပေါ်တွင် ရပ်နေသည့် ကောင်လေးတစ်ယောက်၏ ပုံစံဖြစ်ပြီး ကောင်လေး၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုအပြည့် ရှိနေလေသည်။ ထိုပုံ၏မူရင်းပုံစံမှာ ခြေထောက်ထော့နဲ့နေသည့် အန်းဖေး၏ပုံဖြစ်၏။

နောက်တစ်ပုံမှာ ခြေထောက်မပါသည့် ကောင်လေးတစ်ယောက်သည် ကျယ်ပြောလှသည့် စကြာဝဠာထဲတွင် ကြယ်ပွင့်များကို လွတ်လွတ်လပ်လပ် ခူးဆွတ်နေသည့် ပုံဖြစ်လေသည်။ ထိုပုံ၏ မူရင်းပုံမှာ ခြေထောက်မရှိသည့် အန်းကျယ်၏ပုံဖြစ်သည်။

တတိယတစ်ခုကတော့ ပုံကြမ်းတစ်ခုသာ ဆွဲသားရသေးသည်။ ထိုပုံသည် ကျန်းမာသန်စွမ်းနေသည့် အန်းအန်း၏ပုံ ဖြစ်ပေမည်။ သူမသည် လက်သည်းများကို ဆန့်ထုတ်ကာ ဝှေ့ရမ်းပြနေသည့် နတ်ဆိုးများနှင့် မိစ္ဆာများကြားတွင် မျက်နှာပေါ်၌ တောက်ပရဲရင့်သည့် အပြုံးတစ်ခုဆောင်ထားပြီး မည်းညစ်နေသည်ရွှံ့နွံထဲတွင် ပြေးလွှားလို့နေသည်။

အနုပညာပြခန်းတွင် သူတို့မြင်တွေ့ခဲ့ဖူးပြီးသားဖြစ်သည့် အန်းပိုင်၏ ပန်းချီကားပုံစံလည်း ရှိသေးသည်။

ဝေယွမ်ဟန်နှင့် ဟန်ကျွမ်းတို့သည် ကိုယ့်ဟာကိုယ်တည်ငြိမ်အောင် ပြုလုပ်ဖို့ရန်အတွက် ပင့်သက်တစ်ချက် ရှိုက်လိုက်ကြပြီးနောက် ပန်းချီကားကို ဂရုတစိုက် သိမ်းဆည်းလိုက်ကြသည်။

ဟန်ကျွမ်းက တံခါးအပြင်ဘက်က ကလေးများကို လက်ဝှေ့ရမ်းပြလိုက်ပြီး အန်းဖေးကို အရင်ဆုံးမေးလိုက်သည်။ "မင်းရဲ့အစ်ကိုက မင်းအတွက် ဒီပုံတွေကို ဘာဖြစ်လို့ ဆွဲပေးတယ်ဆိုတာသိလား"

အန်းဖေးက အပြစ်ကင်းစင်စွာ ပြုံးလိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ ဒီပန်းချီကားတွေကို ပိုက်ဆံရအောင် ရောင်းလို့ရတယ်လေ"

အန်းကျယ်က ပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကြယ်တွေကိုခူးချင်လို့"

ဟန်ကျွမ်းက ခန့်မှန်းကြည့်လိုက်၏။ "ဒါဆိုရင် သူက သူတို့အားလုံးရဲ့စိတ်ဆန္ဒကို ဆွဲသားပေးချင်နေတာများလား"

"အံ့ဩစရာကောင်းတဲ့ ဆန္ဒတစ်ခုပဲ"

လူတိုင်းက ထိုသို့စဉ်းစားလိုက်သော်ငြားလည်း ရှောင်ဖုန်းကတော့ ခေါင်းခါပြလေသည်။ "မဟုတ်ပါဘူး"

ဘာမှမပြောနိုင်သော်ငြားလည်း ရှမြန်သည် သူမ၏ လက်ချောင်းလေးကို ဆုပ်ကိုင်ထားသည့် လက်သေးသေးလေးကို ကြည့်ကာ ဝေယွမ်ဟန်နှင့် တခြားသူများကို သတိပေးလိုက်၏။ "ဒါက ဝမ်းနည်းစရာအကြောင်းတစ်ခု ဖြစ်ရမယ်"

သူတို့၏စကားဝိုင်းကို အသံတိတ်ကာ နားထောင်လာသည့် အန်းပိုင်က ရုတ်တရက်ပြောလိုက်၏။

"ငါတို့တွေက အရင်တုန်းက အဲဒီနေရာကို ရောက်ခဲ့ဖူးတယ်လေ"

အားလုံးက မှင်တက်အံ့ဩသွားကြသည်။ ဝေယွမ်ဟန်က ချန်ဖာကိုကြည့်လိုက်ကာ "ဘာအဓိပ္ပာယ်လဲ"

ချန်ဖာသည် အရေထူသူတစ်ယောက် ဖြစ်လေသည်။ ဘာကိုမှ နားမလည်ချေ။ အန်းပိုင်က ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ကာ သူတို့ကို အပြင်သို့ခေါ်ထွက်လာခဲ့၏။ သူတို့သည် ဧည့်ခန်းသို့ ဖြတ်သန်းလာခဲ့ပြီးသည့်အချိန်တွင် အားလုံးသည် အလွန်လှပသည့် ရှုခင်းပန်းချီကားချပ်လေးတစ်ခုကို တွေ့လိုက်ရသည်။

ဟန်ကျွမ်းက မေးလိုက်၏။ "ဒါကိုရော နင်တို့ရဲ့အစ်ကိုအန်းရန် ဆွဲထားခဲ့တာလား"

အန်းပိုင်က ခေါင်းညိတ်ပြသည်။

ဟန်ကျွမ်းက ဝေယွမ်ဟန်ကို ပြောလိုက်၏။ "သူက တောင်နဲ့မြစ်တွေကို ဆွဲတဲ့နေရာမှာ ပိုပြီးတော့ကောင်းတယ်လို့ ဘာဖြစ်လို့ ခံစားမိနေလဲမသိဘူး"

အန်းပိုင်က ပြောလိုက်သည်။ "အင်း။ အစ်ကိုအန်းရန်က ရှုခင်းပန်းချီကားတွေကို အရင်ဆုံး စပြီး ဆွဲသားခဲ့တာလေ"

ဝေယွမ်ဟန်က သက်ပြင်းချလိုက်ကာ"ဒီတော့ သူက နင်တို့တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ သူ့ရဲ့ဆွဲသားတဲ့ပုံစံကို ပြောင်းလဲလိုက်တာလား"

အန်းပိုင်က ခေါင်းခါပြသည်။ "အန်းမုကြောင့်ပါ"

သူမ စကားဆုံးသွားပြီးသည့်နောက်တွင် အခန်းတစ်ခန်း၏ ခန်းစီးကို ပင့်လိုက်လေသည်။ ဒီအခန်းသည် ကလေးများ၏ ကိုယ်လက်လှုပ်ရှားမှုအခန်း ဖြစ်ဟန်တူသည်။ အနည်းငယ် ပိုပြီးကျယ်ဝန်းနေ၏။ နံရံဘေးက ဟောင်းနွမ်းနေပြီဖြစ်သည့် သစ်သားစင်ပေါ်တွင် တော်တော်လေးကို ဟောင်းနွမ်းနေပြီဖြစ်သည့် အတုံးဆက်ပစ္စည်းများနှင့် အရုပ်ကလေးများရှိနေသည်။

သို့သော်ငြားလည်း အားလုံး၏အာရုံသည် သိပ်မကြာခင်တွင် နံရံပေါ်က ပန်းချီကားဆီသို့ ဆွဲဆောင်ခံလိုက်ရ၏။

မှန်ပေါင်ထဲက အဖြစ်သဘောမျိုး ထည့်သွင်းထားသည့် ရှုခင်းမျိုးနှင့် ယှဉ်လျှင် ဒီပန်းချီကားကို တော်တော်လေး ကောင်းကောင်းမွန်မွန် ဘောင်ခတ်ထားပြီး တော်တော်လေးကို လက်ရာမြောက်လှသည်။ ဝါကျင့်ကျင့် ခြောက်ကပ်နေသည့် ကောင်ကလေးတစ်ယောက်သည် ဆူးခြုံပင်တစ်ပင်ထဲတွင် လဲလျောင်းနေပြီး မရေမတွက်နိုင်သည့် အမည်းရောင်အငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော်ငြားလည်း သူသည် ဘာတစ်ခုကိုမှ ကြောက်ရွံ့သည့်ဟန်မတူချေ။ သူသည် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ဖြင့် မျက်လုံးကိုမှိတ်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။

အပြင်းအထန် မီးလောင်ဒဏ်ရာရခဲ့ပြီး ကုမ္ပဏီတစ်ခု၏ အလှူပြပွဲတစ်ခုကြောင့် ထွက်ခွာသွားခဲ့သည်ဟု ချန်ဖာပြောခဲ့ဖူးသည့် ကောင်လေးတစ်ယောက်ကို ဝေယွမ်ဟန် အမှတ်ရသွား၏။ ကောင်ကလေးနာမည်က အန်းမုဖြစ်ခဲ့သည်ကိုလည်း မှတ်မိနေသည်။

အန်းပိုင်က မော့ကြည့်လိုက်ကာ ပြောလိုက်သည်။ "အန်းမုက ပြောတယ်။ သူက သူငယ်ချင်းတွေ အများကြီး လုပ်ချင်တယ်တဲ့။ ဒါပေမဲ့ သူက အရမ်းရုပ်ဆိုးတယ်။ သူ့ကို အိမ်က ကလေးတွေကလွဲရင် ဘယ်သူကမှ မသိကြဘူး။ တကယ်လို့ သူသေသွားရင် ငါတို့တွေက သူ့ကို မေ့သွားမှာ စိုးရိမ်တယ်တဲ့"

"အစ်ကိုအန်းရန်က ဒီပန်းချီကားကို ဆွဲပေးခဲ့ပြီး သူက နာမည်ကြီးပန်းချီဆရာတစ်ယောက် ဖြစ်လာတဲ့အခါ လူတွေက အန်းမုကို သိလာကြပြီး အန်းမုကို တစ်သက်လုံး အမှတ်ရသွားလိမ့်မယ်လို့ ပြောခဲ့တယ်..."

"နောက်ပိုင်းကျတော့ အစ်ကိုအန်းရန်က လူတွေအားလုံးရဲ့ပုံကို စပြီးတော့ဆွဲပေးခဲ့တာ..." သူမသည် အနည်းငယ် ရင့်ကျက်လာပြီး သူတို့ကို မော့ကြည့်ကာပြောလိုက်၏။ "ဒီလိုဆိုရင် တစ်နေ့ငါတို့တွေအားလုံး သေဆုံးသွားခဲ့ရင်တောင် ငါတို့တွေကို မှတ်မိဦးမဲ့လူတွေ ရှိနေဦးမှာတဲ့..."

ဒါသည် ကလေးများ၏ ကောင်းမွန်သည့်ဆန္ဒအပေါ် မဖြည့်ဆည်းပေးနိုင်သည့် အရာတစ်ခုဖြစ်နေသည်။ ထို့အပြင် တွယ်တာမှုကြောင့်မဟုတ်ဘဲ သူတို့အတွက် ထုတ်ဖော်ပြောဆိုပေးရန်သာ ဖြစ်လေ၏။

ရုပ်ဆိုးနေပါစေ၊ ထူးဆန်းနေပါစေ၊ ကံမကောင်းနေပါစေ၊ ဒီလောကကြီးတွင် ခဏတာလေး နေရမည်ဖြစ်နေပါစေ သူတို့အားလုံးသည် အသက်ရှင်နေထိုင်ဖို့ရန်အတွက် ရှိသမျှ ခွန်အားအားလုံးကို သုံးကာ ရုန်းကန်ခဲ့ကြပြီး သူတို့သည် ဒီလိုမထင်မရှားထောင့်လေးမှာပင် ပျော်ပျော်ရွှင်ရွှင် ပွင့်လန်းနေခဲ့ကြ၏။ သူတို့သည် ဆူးများနှင့် အမှောင်များကြားထဲမှာပင် ပျော်ရွှင်လာခဲ့သည်... သူတို့သည် ဒီကမ္ဘာကြီးထဲသို့ ရောက်လာခဲ့ဖူးလေသည်။

ဟန်ကျွမ်းသည် ရုတ်တရက်ဆိုသလို မျက်ရည်များ စီးကျလာတော့၏။

"တကတဲပါပဲကွာ" ဝေယွမ်ဟန်သည် သူ့မျက်လုံးများကို သုတ်လိုက်ပြီး ဆို့နင့်စွာ ပြောလိုက်၏။

"ငါ့ရဲ့မျက်ရည်တွေကို သူ့ရဲ့ကျန်တဲ့တဘဝလုံးအတွက်ပဲ ပေးဆပ်ရတော့မှာပဲ"

ရှမြန်သည် ရှောင်ဖုန်းကို ချက်ချင်းလှမ်းကြည့်လိုက်ပြီး ပန်းချီကားကို ငေးကြည့်နေသည့် ကလေးလေးသည် သူ၏မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းများ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်...

သူမက ဆောင့်ကြောင့် ထိုင်ချလိုက်ကာ သူလေးကို တင်းနေအောင် ပွေ့ဖက်ထားလိုက်တော့၏။ သို့သော်ငြားလည်း သူမသည် သူ၏ ရုတ်တရက် ငိုလာသည့်အသံကို ကြားလိုက်ရလေသည်။ "ဒါပေမဲ့ ဘယ်သူကမှ အစ်ကိုအန်းရန်ရဲ့ပုံကို မဆွဲပေးဘူးနော်..."

ဟန်ကျွမ်းသည် မျက်ရည်များ တရစပ်စီးကျလာကာ "ငါဆွဲပေးမှာ။ ငါက ငါ့ရဲ့တစ်ဘဝလုံးမှာ သူ့ကို အမှတ်ရနေမှာ..."

မိဘမဲ့ဂေဟာမှ ပြန်လာခဲ့ပြီးသည်နောက်တွင် အားလုံးသည် သူတို့လုပ်ရမည့်အရာကို အတိအကျ သိသွားကြတော့၏။

ဟန်ကျွမ်းသည် ကျောင်းသို့ပြန်ရောက်လာသည့်အချိန်တွင် ပထမဦးဆုံး လုပ်လိုက်သည့်အရာမှာ ကျောင်းဝင်း၏ ကြော်ငြာဘုတ်ပြားပေါ်တွင် ပန်းချီကားများကို စုဆောင်းဖို့ရန်အတွက် ကြေညာချက်တစ်ခု ကပ်ထားခြင်းပင်။

သူမသည် ယဲ့အန်းရန်နှင့် ရှင်းရှင်းမိဘမဲ့ဂေဟာအကြောင်း အသေးစိတ်အကြောင်းများကို ပြောပြပြီး ဤကဲ့သို့ ပန်းချီကားများကို စုဆောင်းရသည့် အကြောင်းအရင်းကိုလည်း ရှင်းပြခဲ့လေသည်။

နောက်ဆုံးကြေညာချက်...

"ဒီပန်းချီကားရဲ့ အဓိကခေါင်းစဉ်က...[ငါတို့တွေ ဒီကမ္ဘာကို ရောက်လာခဲ့ဖူးတယ်]"

"အချိန်ကာလက တိုတောင်းပြီး အခကြေးငွေရမှာ မဟုတ်ဘူးဆိုပေမဲ့ ငါတို့တွေက စိတ်ရင်းနဲ့ အရိုးသားဆုံး အကူအညီတောင်းပါတယ်။ ဒီပန်းချီပြပွဲကိုလည်း ပြီးမြောက်အောင် ပြုလုပ်ချင်တယ်။ ငါတို့တွေရဲ့ အမေ့လျော့ခံနေရပြီး လျစ်လျူရှုခံထားရတဲ့ အဲဒီကလေးတွေအတွက် ထုတ်ဖော် ပြောကြားပေးစေချင်တယ်။ သူတို့တွေလည်း ဒီနေရာမှာ ရှိခဲ့ဖူးတဲ့အကြောင်း လူတွေကို အသိပေးစေချင်တယ်"

"...ကျောင်းသားဟောင်းတစ်ဦးထံမှ အကူအညီတောင်းခံခြင်း"

သူမသည် ကြေညာချက်ကို ထုတ်ပြန်ပြီးသည်နှင့် စတူဒီယိုခန်းသို့ တန်းတန်းမတ်မတ် သွားလိုက်ကာ သူမကိုယ်သူမ ပန်းချီဆွဲခြင်းတွင် မြှုပ်နှံထားလိုက်တော့သည်။

စတူဒီယိုထဲက မီးများမမှိတ်မချင်း သူမသည် ပြန်မလာခဲ့ချေ။ လမ်းတလျှောက်တွင်လည်း ‘ငါတို့တွေဒီကမ္ဘာကြီးထဲကို ရောက်လာခဲ့ဖူးတယ်’ ဟူသည့်ခေါင်းစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးနေသည့်လူများကိုလည်း ကြားခဲ့ရသည်။

သူမသည် အဆောင်သို့ ပြန်ရောက်လာပြီး တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် သူမ၏အခန်းဖော်က သူမကို ပွေ့ဖက်ကာ ပြောလေ၏။ "ဟန်ကျွမ်း ငါတို့တွေ သေချာပေါက်အောင်မြင်ရမယ်"

ဟန်ကျွမ်းသည် တစ်ခုခုကို သဘောပေါက်သွားပြီး သူမအခန်းဖော်၏ကွန်ပျူတာဘက်သို့ လှည့်ကြည့်လိုက်၏။ စခရင်ပေါ်တွင် ကျောင်းဖိုရမ်စာမျက်နှာတစ်ခု ရှိနေသည်။ သူမ၏ပို့စ်ကို စီမံခန့်ခွဲသူက အပေါ်ဆုံးတွင် တင်ထားပေး၏။ ၂နာရီအတွင်းမှာပင် မှတ်ချက်ပေါင်း အခု၃၀၀ ရရှိခဲ့လေသည်။

1...ဒီပို့စ်ကို ဖတ်ပြီးတော့ ငိုပြီးသွားပြီ။ အခု ငါ့မှာစိတ်ကူးစိတ်သန်းတချို့ ပေါ်လာပြီ။ လက်ရာတွေကို စုဆောင်းဖို့ စောင့်နေပြီနော်။

...

2...အခုမှပဲ နေလို့ကောင်းသွားတော့တယ်။ ဒါပေမဲ့ ဒါက ငါ့ရဲ့တန်ဖိုးအကြီးမားဆုံး လက်ရာတစ်ခု ဖြစ်မယ်လို့ ခံစားမိတယ်။

...

23...တစ်လအတွင်း ဟုတ်လား။ နေပါဦး။ ငါအခုချက်ချင်းပဲ ပန်းချီသွားဆွဲတော့မယ်။

...

46...ငါ သင်ယူတတ်မြောက်ထားတဲ့ ဟာတွေက သိပ်ပြီး တန်ဖိုးမရှိဘူးလို့ အမြဲတမ်းခံစားနေခဲ့ရတာ။ ဒါပေမဲ့ အခုတော့ ငါ တစ်ခုခု လုပ်နိုင်ပြီဆိုတာကို ရုတ်တရက်ခံစားရလို့ ဝမ်းသာသွားပြီ။

...

134...ခြေလက်အကောင်းအတိုင်းရှိပြီး ပျော်ပျော်ပါးပါး ပန်းချီဆွဲနိုင်နေသေးတဲ့ ကံကောင်းတဲ့လူတစ်ယောက်အနေနဲ့ ငါကတော့ ပန်းချီမဆွဲဖို့ ဘာအကြောင်းပြချက်မှ မရှိဘူးထင်တယ်။

...

219...ငါ့ရဲ့အိမ်စာကို သေချာပေါက်ပြီးရမယ်လို့ ပထမဦးဆုံး စိတ်ကူးပေါ်လာတော့တာပဲ။ ငါ အကောင်းဆုံး ကြိုးစားရမယ်။ ယဲ့အန်းရန်ကလည်း အကောင်းဆုံး ကြိုးစားရမယ်။

...

298...ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ဒီလိုလုပ်တာက ငါတို့ရဲ့တာဝန်ပဲလေ။ အားတင်းထားနော် ယဲ့အန်းရန်။

...

မှတ်ချက်အရေအတွက်သည် မြန်မြန်ဆန်ဆန် ဆက်ပြီးတိုးပွားလာပြီး ဟန်ကျွမ်းသည် သူမ၏ အခန်းဖော်ကို ပွေ့ဖက်ကာ မျက်ရည်များ စီးကျလာလေသည်...

...

ရှောင်ဖုန်းသည် ထိုနေ့ညတွင် အိပ်ရာပေါ်တွင် လဲလျောင်းနေတုန်းရှိသည်။ သူ၏ဖုန်းက မြည်လာ၏။ ဖုန်းခေါ်ဆိုမှုကို ပြန်ဖြေပြီးသည့်နောက်တွင် သူသည် ရှမြန်အခန်းထဲသို့ အပြေးအလွှားရောက်လာပြီး သူမကို နဥ်ရှောက်ပိုင်၏အိမ်သို့ ဆွဲခေါ်သွားတော့သည်။

ရှမြန်သည် တစ်ခုခုတော့ဖြစ်နေပြီဟု ထင်လိုက်၏။ သို့သော်ငြားလည်း သူကအနုပညာကျောင်း၏ ကျောင်းတွင်းဖိုရမ်ကို ဝင်ချင်သည်ဟု ပြောလာလေသည်။

ရှမြန်သည် ဒီနေ့ခေတ်ကွန်ပျူတာ၏ တုံ့ပြန်မှုနှေးကွေးပုံကို သဘောမကျချေ။ သူမသည် ကွန်ပျူတာကို လုံးဝ မသုံးသလောက်ပင်။ ထို့ကြောင့် အိမ်တွင်လည်း ကွန်ပျူတာမရှိချေ။ အကယ်၍ သူမက အင်တာနက်သုံးချင်လျှင် နဥ်ရှောက်ပိုင်၏အိမ်သို့သာ သွားရလေသည်။

"သားဆီမှာ အကောင့်တစ်ခုရှိလို့လား" ရှမြန်က နဥ်ရှောက်ပိုင်၏ တံခါးကိုလှမ်းခေါက်လိုက်ပြီး "ဒါက ကျောင်းရဲ့အကောင့်တစ်ခု လိုအပ်တယ်"

ရှောင်ဖုန်းသည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် သူ့ဖုန်းကို ကောက်ကိုင်လိုက်ကာ စွန်းရှု့မင်ဆီသို့ ဖုန်းခေါ်လေသည်။

"ဆရာတူအစ်ကို သားကို ဆရာတူအစ်ကိုရဲ့အကောင့် ခဏလောက် ပေးသုံးလို့ရလား"

ရှမြန်သည် သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက် သူမ၏ကလေးလေးသည် မမျှော်လင့်ဘဲ ရင့်ကျက်လာလေသည်ဟု ခံစားလိုက်ရလေသည်။ သူမကိုသာ မှီခိုအားကိုးနိုင်သည့် ဒီကလေးလေးသည် ရုတ်တရက် တခြားသူကို ကူညီပေးနိုင်သည့် အရည်အချင်းရရှိလာ၏။

ကွန်ပျူတာကို ဖွင့်နေစဉ်တွင် စွန်းရှုမင်သည် သူ့အကောင့်နှင့် password ကို ပေးပို့လာသည်။ နဉ်ရှောက်ပိုင်က အနုပညာကျောင်းဖိုရမ်ကို ရှာဖွေလိုက်ပြီး အကောင့်ထဲသို့ဝင်သွား၏။ သူတို့သည် စာရင်း၏ထိပ်ဆုံးနေရာတွင်ရှိသည့် နာမည်အကြီးဆုံးပို့စ်ကို ချက်ချင်းတွေ့လိုက်ရ၏။

ရှောင်ဖုန်းက နဥ်ရှောက်ပိုင်၏ လက်မောင်းပေါ်သို့ သတိလေးနှင့်တက်သွားကာ ရှမြန်ကတော့ သူတို့ဘေးက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။ သူတို့၃ယောက်သည် ပို့စ်ကိုကြည့်နေရင်းက တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်...

ရှမြန်သည် နဥ်ရှောက်ပိုင်ကို ကြည့်ကာ ပြုံးပြလိုက်၏။ "ဟုတ်နေပါပြီ။ ထူးခြားဆန်းကြယ်မှုဆိုတာ တကယ် ဖြစ်လာတော့မှာပဲ။ ဟုတ်တယ်မလား"

နဥ်ရှောက်ပိုင်က သူမ၏မျက်ဝန်းထဲက မျက်ရည်များကို လှမ်းသုတ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ သူတို့ရဲ့ ကံကောင်းခြင်းတွေကို အတူတူ မျှဝေပေးချင်ကြတဲ့ လူတွေအများကြီး ရှိတယ်လို့ ကိုပြောခဲ့သားပဲ"

ရှမြန်က လက်ကိုဆန့်လိုက်ကာ သူ့ကိုပွေ့ဖက်ထားလိုက်ပြီး ရှောင်ဖုန်းကလည်း ကိုယ်ကိုလှည့်လာကာ သူ့လက်မောင်းပေါ်မှီထားလိုက်၏။ ငိုရင်း ရယ်မောနေသည့် အသံထွက်လာလေသည်။ "အစ်ကိုယဲ့ကို ကယ်တင်ပေးလို့ရပြီပေါ့နော်။ ဟုတ်တယ်မလား"

နဥ်ရှောက်ပိုင်က ကလေး၂ယောက်ကို ပွေ့ဖက်ထားကာ သူ၏ကြီးမားလှသည့်လက်ဖဝါးဖြင့် သူတို့တစ်ယောက်ချင်းစီကို ပွေ့ဖက်ပေးလိုက်ပြီး နူးညံ့ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဟုတ်တယ်။ မင်းတို့လေးတွေနဲ့ အားလုံးကြောင့်။ ငါတို့အားလုံးက အလုပ်ကြိုးစားမယ်ဆိုရင် ထူးခြားဆန်းကြယ်မှုတစ်ခု ဖြစ်လာလိမ့်မယ်"

ထို့နောက်ပိုင်းတွင်တော့ ရှောင်ဖုန်းသည် တစ်လတာ ခွင့်ယူခဲ့ပြီး ကျူးယွင်ဟိုင်၏ အိမ်တွင် သွားနေလေတော့သည်။ ချန်းချန်းသည် ကျောင်းဆင်းလာပြီးသည့်နောက် နေ့တိုင်းဆိုသလို စက်ဘီးလေးတစီးနှင့် ရှောင်ဖုန်းအား အပိုသင်ခန်းစာများကို သွားပို့ပေးဖို့ရန်အတွက် ကျူးယွင်ဟိုင်၏ အိမ်သို့ သွားရသည်။

မောက်ဟွေ့ကျူးကလည်း ပြန်လာခဲ့သည်။ ချန်းချန်းက ရှောင်ဖုန်းကို စာသင်ပေးနေသည့်အချိန်တွင် သူမကတော့ အန်းအန်းနှင့် တခြားသူများနှင့်အတူ အမှိုက် သွားကောက်ပေးပြီး ထိုဆိုးသွမ်းသည့်ကလေးများကို မောင်းထုတ်ပေးဖို့ရန်အတွက် မိဘမဲ့ဂေဟာက ကလေးများကို ကူညီပေးလေသည်။

တစ်ခါက ပိန်ပိန်ရှည်ရှည်ကောင်ကလေး၏ မိဘက အမေယဲ့ကို လာရောက်ပြဿနာရှာသည့်အခါ ရှ၀မ်ယွဲ့သည် မိဘမဲ့ဂေဟာဆီသို့ ကားမောင်းလာခဲ့ပြီး အာဏာကြီးမားသည့် မိခင်တစ်ယောက်အဖြစ် ပြုမူပေးခဲ့လေသည်။ သူမက ထိုမိဘများကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြန်လည်အော်ဟစ်ပေးခဲ့ပြီး အကယ်၍ တစ်ယောက်ယောက်ကသာ မောက်ဟွေ့ကျူးကို တစ်ဖန် အနိုင်ကျင့်ဖို့ကြိုးစားခဲ့လျှင် သူမက သူ့ကို ပြဿနာတက်သွားရအောင် လုပ်ပေးရလိမ့်မည်ဟု ကြိမ်းမောင်းခဲ့သေးသည်။

ပိန်ပိန်ရှည်ရှည်နှင့် ကောင်ကလေး၏ မိဘများသည် အားနည်းသူကိုသာ အနိုင်ကျင့်ရဲပြီး သန်မာသူကိုတော့ ကြောက်ရွံ့ကြလေသည်။ ထို့ကြောင့် သူတို့သည် စကားတစ်ခွန်းမှ မပြောရဲခဲ့ကြချေ။ ရလဒ်အနေနှင့် မောက်ဟွေ့ကျူးသည် ရှင်းရှင်းဂေဟာ၏ အဆောင်လက်ဖွဲ့လေးတစ်ခု ဖြစ်လာတော့၏။

ချန်ဖာသည် ဟိုဟိုဒီဒီ လျှောက်သွားခြင်းမရှိတော့ဘဲ နေ့တိုင်း ဆေးရုံပေါ်တွင် ယဲ့အန်းရန်ကို သေချာစောင့်ရှောက်ပေးသည်။ ရှောင်ဖုန်း၏ အထူးတလည် တောင်းဆိုခံထားရသည့် တင်းစီကျင်းက သူမအဖေ၏ စစ်ဘက်မိတ်ဆွေများက သူမအဘွား စားသောက်ဖို့ရန် ပေးပို့လာခဲ့သည့် စားမကုန်သည့် အာဟာရဖြည့်စွက်စာများကို ဆေးရုံသို့ယူလာပေးပြီး အဘွားဖြစ်သူက နောက်ဆက်တွဲဆေးစစ်မှုများ ပြန်လည်ပြုလုပ်ရသည့်အချိန်တိုင်း သူမသည် ကြက်သားဟင်းရည်နှင့် ငါးဟင်းရည်များကို ယူလာပေးတတ်သည်...

အနုပညာကျောင်း၏ စတူဒီယိုများထဲက မီးရောင်များကလည်း အချိန်ပိုပြီးနောက်ကျသည်ထက် နောက်ကျသည့်အချိန်ကျမှ မှိတ်သွားတတ်ကြသည်။ သို့သော်ငြားလည်း ပန်းချီခန်းထဲက မီးရောင်များကတော့ ပိုပိုပြီးလင်းလာတတ်သည်။ တစ်နေ့တွင် ကျောင်း၏အုပ်ချုပ်ရေးရုံးခန်းက တရုတ်ပန်းချီဌာန၏ သင်ကြားရေးအဆောက်အအုံသည် ညဘက်ကို ပိတ်တော့မည် မဟုတ်ဘဲ စတူဒီယိုကို တစ်ညလုံး အသုံးပြုနိုင်သည်ဟု အသိပေးစာထုတ်ပြန်ခဲ့သည်။

"ဒီကမ္ဘာကို ငါတို့ရောက်လာခဲ့ဖူးတယ်" ဟူသည့်ခေါင်းစဉ်ဖြင့် လက်ရာများ စုဆောင်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ပါမောက္ခကျူးယွင်ဟိုင်၊ စွန်းရှုမင်နှင့် တခြားသူများက ဒိုင်များအဖြစ် တာဝန်ယူပေးခဲ့ကြသည်။ သူတို့၏ပန်းချီကားများကို ပြီးစီးသွားသည့်ကျောင်းသားကျောင်းသူများသည် တရုတ်ပန်းချီကားဌာန၏ အုပ်ချုပ်ရေးရုံးခန်းဆီသို့ ပန်းချီကားများကို လာရောက်တင်သွင်းရပြီး ကော်မတီအဖွဲ့က ရွေးချယ်ပေးရလိမ့်မည်...

အရာအားလုံးက စနစ်တကျ ဖြစ်ပေါ်နေပြီး လူတိုင်းကလည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးနေကြသည်။

ခဏကြာပြီးသည့်နောက်တွင် စွန်းရှုမင်သည် ဝေယွမ်ဟန်ဆီသို့ ပန်းချီကားအခု၈၀ကို လက်လွှဲပေးခဲ့ကာ ပြုံးကာ ပြောခဲ့သည်။ "မဆိုးဘူး။ လူအများကြီးက တကယ့်ကို ကောင်းကောင်းမွန်မွန် လုပ်ခဲ့ကြတာပဲ"

ထို့နောက်တွင်တော့ ရွေးချယ်မခံခဲ့ရသည် ကျောင်းသားကျောင်းသူများကိုလည်း ပြောလိုက်သည်။

"ငါက ပုံမှန်အချိန်ဆိုရင် မင်းတို့ကို ကောင်းကောင်းမွန်မွန်မဆွဲသားနဲ့လို့ ပြောခဲ့ဖူးလား။ ဒါပေမဲ့ အခုကျတော့ အရေးကြီးတဲ့အချိန်ကျမှ ဘာမှသုံးမဝင်တော့ဘူးလေ။ ဟုတ်တယ်မလား"

တချို့လူများကတော့ စိတ်ပျက်သွားသော်ငြားလည်း လူအများစုကတော့ အလွန် ဝမ်းသာသွားကြလေသည်။ ဝေယွမ်ဟန်၏ မျက်လုံးများသည် တစ်ဖန်နီရဲသွားကာ ရယ်မောလိုက်၏။ စွန်းရှုမင်က သူ့ပုခုံးကို လှမ်းပုတ်ပေးလိုက်ကာ ကျေနပ်စွာ ပြောလိုက်သည်။

"တော်တယ်"

"မင်းတို့အားလုံး အရမ်းတော်ကြတယ်။ မင်းတို့ရဲ့ဆရာတွေကလည်း မင်းတို့အတွက် ဂုဏ်ယူပေးတယ်။ ကျောင်းကလည်း မင်းတို့အတွက် ဂုဏ်ယူပါတယ်"

လေလံပွဲကျင်းပမည့်နေ့တွင် ယဲ့အန်းရန်သည် ခွဲစိတ်ခန်းထဲသို့ ဝင်ရတော့မည်ဖြစ်၏။ ရှောင်ဖုန်းက သူ့လက်ကို ဖမ်းဆွဲထားလိုက်ကာ ပြောလိုက်သည်။ "အစ်ကိုယဲ့ ဦးလေးဟူက ပြောတယ်။ သူက သေချာပေါက် အောင်မြင်အောင်လုပ်ပေးမှာတဲ့။ အစ်ကိုလည်း ကြိုးစားရမယ်နော်"

ယဲ့အန်းရန်၏ မျက်လုံးများသည် ကြည်လင်နေပြီး သူ့အမူအရာသည် အေးချမ်းလို့နေသည်။ သူသည် ဝေယွမ်ဟန်၊ ဟန်ကျွမ်း၊ ရှမြန်နှင့်နောက်ဆုံးတော့ ရှောင်ဖုန်းဆီသို့ အကြည့်ရောက်သွားတော့သည်။ သူ့နှုတ်ခမ်းများက လှုပ်ရှားနေပြီး ခဏအကြာတွင်တော့ တိုးညင်းစွာ ပြောလိုက်၏။

"ကျေးဇူးတင်တယ်နော်"

ဝေယွမ်ဟန်က ရယ်မောကာပြောလိုက်သည်။ "မင်းက သိပ်ပြီး စိတ်ရင်းမပါသေးဘူးပဲ။ ငါ ထင်တာကတော့ မင်းအနည်းဆုံး ငါ့အတွက် ပန်းချီကားလေးတစ်ကားလောက် ဆွဲပေးသင့်တယ်လို့ ထင်ထားတာ။ ငါကလည်း အလျင်မလိုပါဘူး။ နောက်ထပ်၁၀နှစ် ဒါမှမဟုတ် ၈နှစ်အထိ စောင့်ပေးနိုင်သေးတယ်"

ဟန်ကျွမ်းကလည်း ပြုံးကာ ပြောလိုက်သည်။ "ဟုတ်တယ်။ ငါလည်း လက်တွေ့ကျတဲ့ကိစ္စတွေကို ပိုသဘောကျတယ်။ ငါက နင့်ရဲ့ပန်းချီကားကို လိုချင်တာ။ ဒီတော့ ကတိမဖျက်နဲ့နော်"

ရှောင်ဖုန်းက ပြောလိုက်သည်။ "အစ်ကိုယဲ့ သားက အစ်ကို့အတွက် ပန်းချီကားဆွဲပေးပြီးပြီ။ ဆရာက ပြောတယ်။ သားရဲ့ပန်းချီကားက အရမ်းကောင်းတယ်တဲ့။ ပန်းချီပြခန်းမှာ အတူတူ သွားကြည့်ကြမယ်လေနော်"

ယဲ့အန်းရန်က ညင်သာစွာ ပြုံးပြလိုက်သည်။ "ဟုတ်ပါပြီ"

ဒါသည် အားလုံးအတွက် ယဲ့အန်းရန်ပြုံးပြသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ ဟန်ကျွမ်းကလည်း ပြုံးလိုက်၏။ သူမ၏မျက်လုံးများက တလက်လက် တောက်ပလို့နေသည်။

"ယဲ့အန်းရန် အနုပညာကျောင်းက ငါ့ရဲ့အတန်းဖော်တွေက ငါ့ကိုပြောတယ်။ ပန်းချီကားကောင်းကောင်းလေးတွေကို ဆက်ဆွဲပေးပါတဲ့"

သူနာပြုဆရာမသည် သူ့ကို တွန်းထုတ်သွားသည့်အချိန်တွင်တော့ ရှမြန်က သူမ၏လက်ကို သူ့ခေါင်းပေါ်တွင် ထိကိုင်ပေးလိုက်ကာ ပြောလိုက်၏။ "ငါနင်နဲ့အတူတူ ကံကောင်းခြင်းတချို့ မျှဝေပေးမယ်နော်။ ငါတို့တွေ အကောင်းဆုံးကြိုးစားကြရမယ်။ နင်တစ်ယောက်တည်းပဲ ကျန်တာ။ ငါတို့ကို စိတ်မပျက်ရစေနဲ့နော်"

ယဲ့အန်းရန်သည် သူ့မျက်လုံးများကိုကွေးထားလိုက်ပြီး သူ့အကြည့်သည် ပြတ်သားလို့နေကာ တိုးညှင်းစွာဖြင့်ပြောလိုက်၏။ "ကောင်းပါပြီ"

၁၀နာရီ ကြာပြီးသွားသည့်နောက်တွင် မန်နေဂျာဟူသည် ဆေးရုံသို့ အပြေးအလွှားရောက်လာပြီး ခွဲစိတ်ခန်းထဲက ထွက်လာသည် ယဲ့အန်းရန်ဆီသို့ ရောက်လာခဲ့၏။

အားလုံးက အစပိုင်းတွင်တော့ သူ့ကို လျစ်လျူရှုထားကြပြီး ဆရာဝန်ကိုသာ စိုးရိမ်တကြီး ကြည့်နေမိကြသည်။

ပရော်ဖက်ဆာမာက သူ့မက်စ်ကို ချွတ်လိုက်ပြီး သိမ်သိမ်မွေ့မွေ့ပြုံးပြလိုက်ကာ "ငါ မင်းတို့အားလုံးရဲ့ ယုံကြည်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်"

အားလုံးသည် အလွန်ပျော်ရွှင်သွားကြပြီး မန်နေဂျာဟူကလည်း ဝမ်းသာအားရ ပြန်ပြောလိုက်၏။

"ကြည့်ရတာ ငါအချိန်ကိုက် ရောက်လာခဲ့တာပဲ..."

အားလုံးက သူ့ကိုထပ်ပြီးလှည့်ကြည့်လိုက်ကြသည်။ သူတို့သည် အဖြေကို ခန့်မှန်းပြီးသား ဖြစ်သော်ငြားလည်း မနေနိုင်ဘဲ ထိုအဖြေကို အတည်ပြုချင်ကြသေးသည်။ မန်နေဂျာဟူက အားလုံး၏ မျှော်လင့်တကြီးမျက်လုံးများကို ကြည့်လိုက်ပြီး ပရော်ဖက်ဆာမာ၏ လေသံအတိုင်း လိုက်ပြောလိုက်၏။

"ကျွန်တော်လည်း မင်းတို့ရဲ့ ယုံကြည်မှုအားလုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်"

ဝေယွမ်ဟန်သည် ရုတ်တရက် ရှောင်ဖုန်းကို ကောက်ချီလိုက်ကာ သူ့ကို လေထဲတွင်မြှောက်ပင့်လိုက်ပြီး ချန်ဖာနှင့်အတူ ဝမ်းသာပျော်ရွှင်ကာ ရယ်မောလိုက်ကြလေသည်။

ဘေးမှနေ၍ဖြတ်သွားသည့် သူနာပြုအုပ်တယောက်က လှမ်းအော်ကာ ပြောလိုက်၏။

"တိတ်တိတ်နေကြ။ ဒါက ဆေးရုံလေ!"

ဝေယွမ်ဟန်နှင့် တခြားသူများသည် လျှာလေးကို ထုတ်ပြလိုက်ကာ အသံတိတ်ကာ ကြည်နူးနေကြပြီးနောက် ရှောင်ဖုန်းကလည်း သွားများပေါ်သည်အထိ ပြုံးရယ်နေတော့၏။

...

အပိုင်း (၂၃၆)

"အစ်ကိုချန်းချန်း သားအရင်သွားနှင့်ပြီနော်" ရှောင်ဖုန်းသည် ဝတ်စုံပြည့်နှင့် တော်တော်လေး ပုံစံတကျ ဝတ်စားထားသည်။

ချန်းချန်းကလည်း ထိုနည်းတူစွာ ဝတ်စားထားပြီး သူ့ကို လက်ဝှေ့ရမ်းကာ ပြောလိုက်၏။ "ဟုတ်ပြီ။ ခဏနေကျရင် တွေ့မယ်နော်"

မောက်ဟွေ့ကျူးကလည်း လက်ဝှေ့ရမ်းပြလိုက်ကာ "ခဏနေတွေ့ကြမယ်"

နဥ်ရှောက်ပိုင်၏ကားက အရင်ဆုံးထွက်လာခဲ့ပြီး ရှောင်ဖုန်းက အပြေးကလေးသွားလိုက်ကာ ရှမြန်အတွက် ကားနောက်ခန်းတံခါးကို သတိနှင့်ဖွင့်ပေးလိုက်သည်။ ရှမြန်က ကားထဲကို တက်သွားပြီးသည့်နောက်တွင် သူကလည်း ကားပေါ်သို့ တက်လာပြီး ပျော်ရွှင်စွာ ပြောလိုက်၏။

"သွားကြမယ်"

နဥ်ရှောက်ပိုင်ကလည်း ရယ်မောလိုက်ကာ "ဒီလောက်တောင် ပျော်နေတာလား"

ရှောင်ဖုန်းသည် သူ့ကလေးလေးကတည်းက ပြုမူတတ်သည် အပြုအမူအတိုင်း ဘယ်ညာယိမ်းနွဲ့နေကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲကလည်း ပျော်ရွှင်မှုပူ‌ဖောင်းလေးများ ထွက်ပေါ်လာ၏။ သူက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ "အင်း"

ကားသည် ဆေးရုံသို့ ရောက်လာသည့်အချိန်တွင် ယဲ့အမေနှင့် ယဲ့အန်းရန်တို့က တံခါးနားတွင် စောင့်ဆိုင်းနေကြ၏။

ရှမြန်က ယဲ့အန်းရန်၏ အခြေအနေကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ အခြေအနေ ကောင်းနေတဲ့ပုံပဲ"

သူ၏ ခွဲစိတ်ကုသမှုသည် အမှန်ပင် အောင်မြင်ခဲ့လေသည်။ သူ့ကို ပြီးခဲ့သည့်လက အထူးကြပ်မတ်ရေးဆောင်မှနေ၍ သာမန်လူနာဆောင်သို့ ပြောင်းရွှေ့ပေးခဲ့သည်။ သူသည် အန်းအန်း၏ ပန်းချီကားကိုလည်း ဖြည်းဖြည်းချင်း ပြီးအောင်ဆွဲသွားပေးခဲ့ကာ ဒီနေ့တွင်တော့ ထိုပန်းချီကားကို ပန်းချီပြခန်းတွင် ပြသမှာဖြစ်သည်။

ယဲ့အန်းရန်သည် မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးလေးတစ်ခု ရှိနေကာ အရင်တုန်းက သူ၏အေးစက်စက် သုန်မှုန်နေသည့် ကောင်လေးတစ်ယောက်နှင့် လုံးဝကွာခြားလို့နေ၏။

ယဲ့အမေက ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဆရာဝန်က ပြောတယ်။ နောက်ထပ်တစ်ပတ်လောက် စစ်ဆေးပြီးသွားရင်တော့ ဆေးရုံက ဆင်းလို့ရပြီတဲ့"

ရှောင်ဖုန်းသည် ထိုစကားကို ကြားလိုက်သည့်အခါ သူ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်၏။

သူတို့အဖွဲ့သည် ပန်းချီပြပွဲသို့ ရောက်လာသည့်အချိန်တွင် ဝေယွမ်ဟန်နှင့် သူ့အဖွဲ့တို့က ထိုနေရာသို့ ရောက်နေပြီဖြစ်၏။ ရှောင်ဖုန်းနှင့် ယဲ့အန်းရန်တို့ ကားပေါ်ကဆင်းလာသည်ကို တွေ့လိုက်သည့်အခါ သူတို့က ဝမ်းသာအားရလက်ဝှေ့ရမ်းပြကာ နှုတ်ဆက်ကြသည်။ "ဆရာလေး ယဲ့အန်းရန်ဒီဘက်မှာ"

ရှမြန်သည် အသံလာရာဘက်ကို ကြည့်လိုက်သည့်အခါ ပန်းချီပြခန်း၏ကွက်လက် ရှေ့တွင် ရပ်နေကြသည့် အနုပညာကျောင်းက ကျောင်းသားကျောင်းသူ ၁၂ယောက်ကျော်လောက်ကို တွေ့လိုက်ရ၏။ သူတို့သည် မျက်နှာပေါ်တွင် အပြုံးများဖြင့် ကလေးများကို ကြည့်နေကြသည်။

ရှောင်ဖုန်းက ယဲ့အန်းရန်၏လက်ကို လှမ်းတွဲလိုက်ပြီး ဖြည်းဖြည်းချင်း လျှောက်လာခဲ့၏။ သူတို့သည် တွေ့ဆုံလိုက်ကြသည်နှင့်ချက်ချင်း ချန်ဖာ၏ဝမ်းသာအားရအသံကို ထပ်ပြီးကြားလိုက်ရတော့သည်။

"အန်းရန်"

ဆက်တိုက်ဆိုသလို "အစ်ကိုအန်းရန်"ဟူသည့် ကြည်လင်နေသည့် အသံများက ထွက်ပေါ်လာခဲ့၏။

အားလုံးက ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ကားပေါ်မှ နေ၍ တစ်ယောက်ပြီး တစ်ယောက်ဆင်းလာကြသည့် ရှင်းရှင်းမိဘမဲ့ဂေဟာက ကလေးများကို တွေ့လိုက်ရသည်။ ချန်းချန်းသည် လူကြီးလူကောင်းလေးတစ်ယောက်လို တံခါးဘေးတွင် ရပ်နေကာ သူတို့ကို ကူညီပေးနေလေသည်။

ချန်ဖာက အန်းကျယ်၏ ၀ှီးချဲကို တွန်းလာပေးပြီး တခြားကလေးများကလည်း သူ့နောက်မှနေ၍ ရို့ရို့ကျိုးကျိုးလေး လိုက်ပါလာကြသည်။ အနုပညာကျောင်းက ကျောင်းသားလေးများသည် ရှေ့သို့ တက်လာကာ သူတို့၏ ခန္ဓာကိုယ်ဖြင့် ထူးဆန်းနေသည့်အကြည့်များကို ကာကွယ်ပေးလိုက်ကြပြီး သူတို့ကို စကားပြောကြလေသည်။

ကလေးများအားလုံးသည် ကားပေါ်က ဆင်းလာပြီးသည့်နောက်တွင် ချန်းချန်းက အပြေးအလွှား ရောက်လာပြီး ရှောင်ဖုန်းကို ဝမ်းသာအားရ ပွေ့ဖက်ထားလိုက်၏။

နဥ်ရှောက်ပိုင်နှင့် ကျိုးရွှယ်ဝမ်တို့သည် ကားရပ်နားသည့်နေရာမှနေ၍ ပြန်ရောက်လာသည့်အချိန်တွင် ထိုနေရာက လူအုပ်ကြီးက ပျော်ပျော်ပါးပါး ဖြစ်နေကြပြီဖြစ်သည်။ သူတို့သည် အထဲသို့ ဝင်တော့မည့်ဆဲဆဲတွင် ကြည်လင်ပြီး ကျယ်လောင်နေသည့်အသံတစ်ခုကို ကြားလိုက်ရ၏။

"ရှောင်ဖုန်း၊ ချန်းချန်း ငါ့ကိုစောင့်ပါဦး"

အသံပိုင်ရှင်က လူတိုင်းကို တစ်ဖန်ထပ်ပြီး လှမ်းခေါ်လိုက်သည်။

ရှောင်ဖုန်းနှင့် ချန်းချန်းတို့က လှည့်ကြည့်လိုက်သည့်အခါ ကားပေါ်က ခုန်ဆင်းလာပြီး သူတို့ဆီကို အပြေးအလွှား ပြေးလာနေသည့် မောက်ဟွေ့ကျူးကို တွေ့လိုက်ရ၏။ ထို့နောက်တွင်တော့ မောက်ဟွေ့ကျူးသည် အန်းအန်း၊ အန်းပိုင်နှင့် တခြားသူများကို နှုတ်ဆက်လိုက်လေသည်။

ရှမြန်က မောက်ဟွေ့မေကို လှမ်းကြည့်လိုက်ပြီး မောက်ဟွေ့မေ၏ ဝမ်းဗိုက်က အနည်းငယ် ဖောင်းနေသည်ကို တအံ့တဩ တွေ့လိုက်ရလေသည်။ "အစ်မဟွေ့မေ အစ်မလည်း ဘာဖြစ်လို့ ဒီကိုရောက်လာခဲ့တာလဲ"

ရှဝမ်ယွဲ့က ပြောလိုက်၏။ "ပျော်ချင်လို့ လိုက်လာတာပေါ့။ ကိုယ်ဝန်ရှိလာမှပဲ ကလေးတယောက်လို လုပ်နေတာလေ"

မောက်ဟွေ့မေကို တွဲထားပေးသည့် ဖန်းရုံဖန်က ပြုံးကာပြောလိုက်သည်။ "အမေ ဟွေ့မေက လမ်းလေးနည်းနည်းပါးပါး လျှောက်ရင် ပိုပြီးတော့ သက်သာပါတယ်"

ရှ၀မ်ယွဲ့က မောက်ကျစ်ရှန်းကို လှမ်းကြည့်လိုက်ကာ ပြုံးပြလိုက်၏။ "တွေ့လား။ အခုတော့ ကျွန်မ ဘာတစ်ခွန်းမှ ပြောလို့မရတော့ဘူးလေ"

မောက်ဟွေ့မေသည် မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့် အပြုံးတစ်ခုရှိနေ၏။ "ဘာပဲဖြစ်ဖြစ်ပါ။ ဒါက ကျွန်မတို့ရှောင်ဖုန်းရဲ့ ပန်းချီကားလက်ရာကို ပထမဦးဆုံးအကြိမ် ပြသတာဆိုတော့ ကျွန်မတို့တွေက လာပြီးတော့ အားပေးရမှာပေါ့"

မောက်ဟွေ့လန်ကလည်း ရောက်လာပြီး ရှမြန်၏လက်မောင်းကို လှမ်းတွဲလိုက်ကာ ပြောလိုက်သည်။

"အစ်မမြန့်မြန် ငါတို့ကျောင်းက လူတိုင်းကလည်း အနုပညာကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေက တစ်ခုခုကြီးကြီးမားမား လုပ်လိုက်တယ်ဆိုတာကို ကြားထားတယ်လေ။ သူတို့အားလုံးက အရမ်းကို စိတ်လှုပ်ရှားသွားပြီးတော့ ငိုတောင်ငိုကြတာ။ ငါတို့ရဲ့ကျောင်းက တရုတ်စာပေဌာနကဆိုရင် သူတို့အတွက် ကဗျာတစ်ပုဒ်တောင် ရေးပေးလိုက်သေးတယ်"

ရှမြန်သည် အသံထွက်ကာ ရယ်မောလိုက်ပြီး သူမ၏ရှေ့တွင် ကစားနေကြသည့် ကျောင်းသား ကျောင်းသူလေးများကို ကြည့်ကာပြောလိုက်၏။ "ဟုတ်တယ်။ သူတို့အားလုံးက အံ့သြစရာကောင်းတယ်"

ရယ်မောကာ စကားပြောဆိုနေကြသည့် လူများအားလုံးသည် ပန်းချီခန်းမထဲသို့ ဝင်လာပြီးသည့်နောက်တွင်တော့ မှင်တက်အံ့သြသွားကြတော့၏။ အမှန်တွင်တော့ ရှ၀မ်ယွဲ့နှင့် မောက်ညီအစ်မများသည် ရှောင်ဖုန်းနှင့် ရှမြန်တို့အတွက်သာ လိုက်ပါလာခဲ့ကြခြင်းဖြစ်၏။ သို့သော်ငြားလည်း သူတို့သည် သူတို့ရှေ့က ပန်းချီကားလက်ရာများကို မြင်လိုက်ရသည့်အချိန်တွင် ရုတ်တရက် ဆွံ့အသွားကြတော့သည်။

မူလက ပန်းချီကားအချပ်၅၀ကိုသာ ခင်းကျင်းပြသမည်ဟု စီစဉ်ထားခဲ့သော်ငြားလည်း နောက်ဆုံးတွင်တော့ ပန်းချီကား အခု၈၀ကျော် စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် မန်နေဂျာဟူသည် ပြခန်းကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ထိုပန်းချီကားအားလုံးကို ချိတ်ဆွဲပြသပေးခဲ့၏။ မည်သို့ဆိုစေ ပိုနေသည့် ပန်းချီကားချပ်တိုင်းသည် အလှူငွေတစ်စိတ်တစ်ပိုင်း ပိုရရှိခြင်းဖြစ်လေ၏။

ထိပ်တန်းပန်းချီပြပွဲ စီစဉ်သူတစ်ယောက်အနေဖြင့် မန်နေဂျာဟူ၏ အဆင့်သည် အလွန်ကောင်းမွန်ခဲ့လေသည်။ ကျစ်လျစ်သိပ်သည်းသည့် အပြင်အဆင်သည် လူများကို မသက်မသာ မဖြစ်စေဘဲ ထိုအစား မတူညီသည့် ခံစားချက်ကို ပေးစွမ်းနေ၏။

ဥပမာ ဝင်ပေါက်နားတွင် အားလုံးသည် ဤနေရာတွင်ရပ်နေရင်းက အသားဖြူရောဂါ၊ နှုတ်ခမ်းကွဲအာခေါင်ကွဲရောဂါ၊ ခြေလက်မသန်စွမ်းသည့် ရောဂါများ ပိုင်ဆိုင်ထားကြသည့် ကလေးများ၏ ၀န်းရံခံနေရသလို ခံစားရပေလိမ့်မည်။ သို့သော်ငြားလည်း အတောင်များကိုဖြန့်ကျက်ပြီး ပျံသန်းနေသည့် ကလေးများ၏ ပြုံးရွှင်နေသည့် အပြစ်ကင်းစင်သည့်မျက်နှာ၊ ပန်းလေးများကဲ့သို့ ပြုံးပျော်နေသည့်မျက်နှာ၊ ပန်းချီကားထဲတွင် ပျော်ပျော်ရွှင်ရွှင်ပြေးလွှားနေသည့် အပြစ်ကင်းစင်ကြသည့် ကလေးများ၏မျက်နှာက လူအများကို ဤသို့ခံစားရစေ၏...သူတို့ကို သေသေချာချာ စောင့်ရှောက်ပေးလျှင် သူတို့အားလုံးသည် ဒီလောကထဲက မတူညီသည့် ထူးခြားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

မိခင်တစ်ယောက်ဖြစ်လာတော့မည့် မောက်ဟွေ့မေသည် အလွန်စိတ်လှုပ်ရှားနေပုံရ၏။ သူမ၏ ဝမ်းဗိုက်လေးကို အမှတ်တမဲ့ ထိကိုင်ရင်း ပြောလိုက်၏။ "ဒီအနုပညာပြပွဲက တကယ်ကောင်းတာပဲ"

အတွင်းသို့ ဆက်ပြီးလျှောက်သွားလိုက်လျှင် တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းပြီး လက်တွေ့ကျသည့် လက်ရာများကို တွေ့နိုင်သည်။

လက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရသော်ငြားလည်း ရွှေတံဆိပ်ကို ပါးစပ်တွင် ကိုက်ထားသည့် အားကစားသမားပုံ၊ ခြေနှစ်ဖက်မရှိဘဲ စိတ်ဓာတ်ခိုင်မာသည့် ရေကူးအားကစားသမားပုံ၊ တစ်ကိုယ်လုံး ဖြူဖွေးနေသည့် အသားဖြူရောဂါပိုင်ရှင် မော်ဒယ်လ်ပုံ...

ဘုရားသခင်သည် တံခါးတစ်ချပ်ကို ပိတ်ထားခဲ့သော်ငြားလည်း တချိန်တည်းတွင် ပြတင်းပေါက်တစ်ခုကို ဖွင့်ပေးနေသည်ဟု လူအများအား ပြောနေသယောင်ပင်။ သူတို့သည် သူတို့၏ ခိုင်မာသည့်စိတ်ဓာတ်၊ အပြုသဘောဆောင်တတ်သည့် အမြင်၊ သတ္တိများက လောကကြီးကို ပြောပြနေ၏... ငါတို့တွေ ဒီနေရာကို ရောက်လာခဲ့ကြဖူးတယ်။ အံ့ဩစရာကောင်းတဲ့ ဘဝတစ်ခုမှာ အသက်ရှင်နေထိုင်နေကြတယ်။

ဒီလိုထူးခြားမှုမျိုးသည် လောကကြီးကိုမတူညီသည့် အရောင်အသွေးတစ်ခု ဖြည့်စွက်ပေးနေ၏။

သူတို့သည် အထဲသို့ ဆက်ပြီးလျှောက်လာသည့်တွင် အနုပညာကျောင်းက ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကြသည်။ ရှမြန်က ရှောင်ဖုန်း၊ ချန်းချန်းနှင့် မောက်ဟွေ့ကျူး၊ အန်းအန်းနှင့် တခြားကလေးတအုပ်ကို တွေ့လိုက်ကြရပြီး သူတို့အားလုံးက နံရံပေါ်က ပန်းချီကားတစ်ချပ်ကို မော့ကြည့်နေကြ၏။

သူတို့တင်မကဘဲ လူတော်တော်များများကလည်း ဒီနေရာတွင်ရပ်တန့်နေကာ သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများအပြည့် ဖြစ်နေကြသည်။

ယဲ့အန်းရန်၏ ပုံစံနှင့် ဆင်တူသည့် စိတ်ကူးယဥ်လက်ရာတစ်ခု ဖြစ်သည်... အားနည်းချည့်နဲ့နေသည့် ကောင်လေးတစ်ဦးသည် သံကြိုးများဖြင့် ချည်နှောင်ခံထားရပြီး သူ၏ခန္ဓာကိုယ်တွင်လည်း သွေးများစွန်းထင်းနေကာ သူသည် ဆူးများနှင့်ရွှံ့များအပြည့်ဖြစ်နေသည့် လမ်းမကြီးကို ခက်ခဲစွာ ရှေ့ဆက်လျှောက်လို့နေ၏။

သို့သော်ငြားလည်း သူ ဖြတ်သန်းသွားလာသည့်နေရာတိုင်းတွင် မြက်ပင်နှင့်သစ်ပင်များက ယိမ်းနွဲ့နေကာ လိပ်ပြာများကလည်း တဖျတ်ဖျတ် ပျံသန်းနေပြီး ပန်းများကလည်း ပွင့်လန်းလို့နေသည်...။

သူ့မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိသော်ငြားလည်း သူ့မျက်လုံးများကတော့ ရှေ့သို့သာ ပြတ်ပြတ်သားသား ကြည့်နေသည်။ ထိုနေရာတွင် နွေးထွေးတောက်ပနေသည့် ချမ်းသာမှုတစ်ခုရှိနေပြီး သူရောက်အလာကို လက်ကမ်းကာ ကြိုဆိုနေသကဲ့သို့ပင်။

ကျူးယွင်ဟိုင်ကိုယ်တိုင်က စာတမ်းရေးထိုးပေးထား၏။ [သင်ဖြတ်သန်းသွားလာရာ နေရာတိုင်းက တောက်ပလို့နေပါစေ။ ကျန်ရှိနေသော နှစ်များအားလုံးကိုလည်း နူးညံ့သိမ်မွေ့စွာ ဆက်ဆံနိုင်ပါစေ။ သင် ဤနေရာကို ရောက်ရှိလာခဲ့ခြင်းကို ကမ္ဘာကြီးက သိရှိပေသည်]

ရှမြန်သည် ပန်းချီကားကို ကြည့်လိုက်ပြီး ရုတ်တရက် သူမက အနုပညာရသ မရှိသူတစ်ယောက် မဟုတ်ဟု ခံစားလိုက်ရ၏။ ထိုပြည့်လျှံလုနီးပါးဖြစ်နေသည့် နွေးထွေးနူးညံ့သည့်ခံစားမှုသည် သူမ၏ရင်ထဲတွင် ပြည့်နှက်လာကာ သူမ၏နှာခေါင်းသည် မွှန်ထူလာ၏။ သို့သော်ငြားလည်း သူမသည် အမှတ်တမဲ့ ပြုံးမိသွားလေတော့သည်။

ယဲ့အန်းရန်သည် ရှောင်ဖုန်းကို ငုံ့ကြည့်လိုက်၏။ ရှောင်ဖုန်းက သူ့လက်ကိုတွဲထားကာ ဆွဲလှုပ်လိုက်ပြီး နွေးထွေးသည့်အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။ "အစ်ကိုယဲ့"

ယဲ့အန်းရန်သည် ပြုံးပြလိုက်ကာ သူ့မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝေ့ဝဲလို့နေသည်။ "အင်း"

ရှ၀မ်ယွဲ့က ရုတ်တရက် ထပြောလိုက်သည်။ "ငါ ဒီပန်းချီကားကို လိုချင်တယ်"

သူမ၏ စကားလုံးများက လူတိုင်းကို တစ်စုံတစ်ခု သတိပေးလိုက်သလို ဖြစ်သွားတော့သည်။ အခုလေးတင် တိတ်ဆိတ်ငြိမ်သက်နေကြသည့် လူအုပ်ကြီးသည် ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်လာကာ တချို့ကတော့ ပန်းချီကားအရောင်းဌာနဆီသို့ တန်းတန်းမတ်မတ် သွားလိုက်ကြလေ၏။

ရှ၀မ်ယွဲ့သည်လည်း ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် ရှောင်ဖုန်းကို လှမ်းကြည့်လိုက်သည်။

"သား ဒီပန်းချီကို ဆွဲထားတာပဲ။ အဘွား၂ကို နောက်ဖေးပေါက်ကနေ ပေးလိုက်ပါလား"

ရှောင်ဖုန်းသည် အပြုံးဖြင့် သူမအနားသို့ရောက်လာပြီး သူမ၏ခါးလေးကို ပွတ်သပ်ကာပြောလိုက်၏။

"မန်နေဂျာဟူက ပန်းချီကားရောင်းဖို့ တာဝန်ယူထားတာလေ"

ရှ၀မ်ယွဲ့သည် စိတ်ပျက်လတ်ပျက်ဖြင့် ပြောလိုက်၏။ "ငါ အတွက်မှားသွားတာပဲ။ ငါခုနတုန်းက အဲ့ဒီစကားကို ချက်ချင်းကြီး မပြောလိုက်သင့်ဘူး။ ငါကတော့ ရှောင်ဖုန်းရဲ့ ပန်းချီကားကိုရဖို့ ဦးစားပေးခံရမယ်လို့ ထင်ထားတာ"

အားလုံးက ရယ်မောလိုက်ကြသည်။

ရှမြန်ကလည်း အမှန်တွင်တော့ ထိုပန်းချီကားကို ဝယ်ယူချင်ခဲ့သည်။ သို့သော်ငြားလည်း ပန်းချီကားအရောင်းဌာနသို့ လျှောက်သွားနေကြသည့် လူအများကြီးကို မြင်လိုက်ရသည့်အခါ သူမသည် ထိုပန်းချီကားက ရောင်းပြီးသား ဖြစ်သွားမည်ဟု ထင်လိုက်၏။ မည်သို့ဆိုစေ အရင်ဆုံးရောက်လာသူကို အရင်ဆုံး ရောင်းချရမည်က စည်းမျဉ်းစည်းကမ်းဖြစ်နေသည်။

သူမသည် နှမြောတသစွာဖြင့် သက်ပြင်းချလိုက်တော့၏။ နဉ်ရှောက်ပိုင်ကလည်း သူမ စဉ်းစားနေသည့်အရာကို သိနေသယောင်ရှိကာ သူမ၏နားနားသို့ တိုးတိုးလေးပြောလိုက်သည်။

"မပူပါနဲ့။ ဒီပန်းချီကားက အသေးစားလေလံပွဲ လုပ်မှာပါ"

ရှမြန်သည် တအံ့တဩဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။ နဉ်ရှောက်ပိုင်က ပြောလိုက်သည်။

"မန်နေဂျာဟူက အဲဒီလောက်ရိုးစင်းတဲ့သူ မဟုတ်ပါဘူး"

ဤသို့ဆိုလျှင်တော့ ရှမြန်သည် မစိုးရိမ်တော့ပေ။ ငွေကြေးအရင်းအမြစ်နှင့် ယှဉ်ပြိုင်ရမည်ဆိုလျှင်တော့ ဒေါက်တာနဥ်သည် ရှုံးလိမ့်မည်မဟုတ်။

မျှော်လင့်ထားသည့်အတိုင်းပင် လူအုပ်ကြီးက တစ်မနက်ခင်းလုံး လှည့်လည်ပြီးနောက် နေ့လယ်စာစားရန် ပြင်ဆင်သည့်အချိန်တွင် သူတို့သည် အလောတကြီးထွက်လာသည့် မန်နေဂျာဟူနှင့် တွေ့ဆုံလိုက်ရ၏။

ဝေယွမ်ဟန်နှင့် တခြားသူများက သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ကြ၏။ "မန်နေဂျာဟူ ဘာတွေ အလုပ်ရှုပ်နေတာလဲ"

"ကျွန်တော်တို့ရဲ့ ပန်းချီကားတွေရော ရောင်းရရဲ့လား။ ဝယ်မဲ့သူတွေရော ရှိရဲ့လား"

မန်နေဂျာဟူသည် သူ့မျက်နှာပေါ်က အပြုံးကိုပင် မဖိနှိပ်ထားနိုင်တော့ပေ။ "တချို့ပန်းချီကားတွေက ရောင်းထွက်သွားပြီး တချို့ပန်းချီကားတွေ အတွက်တော့ အပြိုင်၀ယ်ချင်နေတဲ့သူ အရမ်းများနေတယ်။ ဒီတော့ ငါတို့တွေ အသေးစားလေလံပွဲတစ်ခု လုပ်ရလိမ့်မယ်"

သူသည် ရှောင်ဖုန်းကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့်ပြောလိုက်။ "အထူးသဖြင့် မင်းတို့ရဲ့ ဆရာငယ်လေးရဲ့ ပန်းချီကားပေါ့။ လူတွေအများကြီးက အဲဒီပန်းချီကားကို ကြိုက်ကြတယ်လေ"

သူသည် ရှောင်ဖုန်းကို လက်မထောင်ပြလိုက်ကာ ပြောလိုက်သည်။ "လူတစ်ယောက်ကဆိုရင် အဲဒီပန်းချီကားကို ဝယ်ဖို့ ယွမ်၁သိန်းတောင်ပေးဖို့ ဆန္ဒရှိနေတာ"

အားလုံးက မှင်တက်အံ့သြသွားကြ၏။ အန်းဖေးသည် အပြစ်ကင်းစင်စွာ မေးလိုက်လေသည်။

"ပိုက်ဆံတွေ အများကြီးလား"

အန်းပိုင်က အားတက်သရော ခေါင်းညိတ်ပြလိုက်ကာ "ဒါက အစ်ကိုအန်းရန်ရဲ့ ခွဲစိတ်ခအတွက် လုံလောက်သွားပြီ..."

ဝေယွမ်ဟန်သည် ရုတ်တရက်ဆိုသလို ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး သူ့ကိုလေထဲသို့ ပစ်တင်လိုက်လေသည်။ "ဝိုး ဆရာဦးလေး အသက်ရှည်ပါစေ"

"ဘယ်လိုလုပ်ပြီးတော့ အဲဒီလောက်တောင် အရမ်းအံ့ သြစရာကောင်းနေတာလဲ"

အခြား ကျောင်းသူ ကျောင်းသားများကလည်း သတိဝင်လာကြကာ ပျော်ရွှင်စွာ ဂုဏ်ပြုလိုက်ကြပြီး ရှေ့သို့တက်လာကြ၏။ ထို့နောက်တွင်တော့ သူတို့သည် ကလေးလေးကို လေထဲသို့ အတူတူ ပစ်တင်ပေးကြလေသည်။

ရှောင်ဖုန်းသည် အစပိုင်းတွင်တော့ အနည်းငယ် ကြောက်ရွံ့နေသေးသည်။ သို့သော်ငြား သိပ်မကြာခင်တွင် သူသည် တခစ်ခစ် စတင်ရယ်မောလာတော့၏။ အထူးသဖြင့် သူသည် ပျံသန်းနေရသည့်အချိန်တွင် ဖြစ်လေသည်။ သူသည် နေရောင်ခြည်ကို မျက်လုံးများမှိတ်ကာ နှုတ်ဆက်ပြီး သူသဘောကျနေသည့် ခံစားချက်လေးတစ်ခု ဖြစ်နေ၏။

ချန်းချန်းက မောက်ဟွေ့ကျူးကို ရုတ်တရက် ထပြောလိုက်၏။ "ငါတို့တွေ ငါတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကနေ ငွေအများကြီး ရှာနိုင်သွားပြီပဲ"

သူက ကျိုးရွှယ်ဝမ်ဘက်သို့လှည့်ကာ ပြောလိုက်၏။ "ဟုတ်တယ်နော် အဖေ"

ကျိုးရွှယ်ဝမ်က ခေါင်းကိုငုံ့ကာ ချန်းချန်း၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။ "ဟုတ်တာပေါ့။ ပေါင်ပေ့က အရမ်းကို အမြင်ရှိတာပဲ။ ဒီရင်းနှီးမြှုပ်နှံမှုမှာ ပေါင်ပေ့က ပိုက်ဆံ လုံးဝရှုံးမှာ မဟုတ်ဘူး"

ကလေးသည် လူကြီး ပြောလိုက်သည့်စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကိုတော့ နားမလည်ခဲ့ချေ။ ချန်းချန်းက မောက်ဟွေ့ကျူးကို လှမ်းပြောလိုက်၏။ "ဒါပေမဲ့ နင့်ရဲ့ဝေစုက အရမ်းနည်းတာဆိုတော့ အများကြီးတော့ ကျန်မှာမဟုတ်ဘူး"

မောက်ဟွေ့ကျူးသည် ရုတ်တရက် ငွေအများကြီး ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။ "အဖေ ရုပ်ရှင်ကနေ ရတဲ့ပိုက်ဆံတွေ အားလုံးကို သမီးကိုပေးရမယ်နော်"

ချန်းချန်းက သူ့ကိုရယ်မောလိုက်ကာ "ရုပ်ရှင်ကနေရတဲ့ပိုက်ဆံကလည်း အရမ်းနောက်ကျသွားပြီ။ နင့်ကို ငွေတွေ နမော်နမဲ့ သုံးပါလို့ ဘယ်သူက ပြောထားလို့လဲ။ ဘာပဲဖြစ်ဖြစ်လေ။ နင်က အနည်းဆုံး ရင်းနှီးမြှုပ်နှံထားတာ။ ပြန်ရမဲ့ငွေကလည်း များမှာ မဟုတ်ဘူး"

မောက်ဟွေ့ကျူးသည် သူမ၏ဘဝတွင် လုံးဝသည်းမခံနိုင်ဆုံးသောအရာမှာ အနည်းဆုံး၊ အဆိုးဆုံး၊ အသုံးမကျဆုံးဟူသည့်အရာ ဖြစ်လေသည်။ သူမသည် အခြေအနေကို လက်ခံဖို့ရန်ဆန္ဒမရှိဘဲ ချန်းချန်းနှင့် စတင်ငြင်းခုံတော့၏။

တဖြည်းဖြည်းနှင့် သူတို့သည် ရန်ပွဲများ စတင်လာတော့၏။ ရလဒ်အနေဖြင့် ချန်းချန်းသည် ကြီးပြင်းလာခဲ့ပြီဖြစ်ကာ သူ၏ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းများလည်း ရှိလာလေသည်။ သူက ပြောလိုက်၏။ "ယောက်ျားကောင်းတယောက်က မိန်းမတစ်ယောက်နဲ့ ပြိုင်ပြီးရန်မဖြစ်ဘူး" ဟုပြောကာ ပြေးထွက်သွားတော့သည်။

မောက်ဟွေ့ကျူးမှာ ဒေါသထွက်ထွက်ဖြင့် ကျန်ခဲ့ပြီး အန်းအန်းကို ပြောလိုက်၏။ "အန်းအန်း ငါ့ကို ကူပြီးတော့ သူ့ကိုဖမ်းပေးစမ်းပါဦး"

ချန်းချန်းသည် ၀ှီးချဲပေါ်တွင်ထိုင်နေသည့် အန်းကျယ်ဆီသို့ ပြေးသွားလိုက်ပြီး သူ့ကို အကာအကွယ်အဖြစ် အသုံးချကာ ဝှီးချဲကိုတွန်းပြီး ပြေးထွက်သွားလေသည်။ အန်းဖေးကလည်း နောက်ကနေ၍ မြန်မြန်လိုက်ပါလာပြီး အန်းရှင်း၏လက်ကို တွဲထားရ၏။

မောက်ဟွေ့ကျူးကတော့ ဒေါသခြောင်းခြောင်း ထွက်လိုနေသည်။ "အစ်မအန်းပိုင် လာပြီးတော့ သမီးကို ကူပေးပါဦး။ သမီးတို့တွေ သူ့ကို မဖမ်းနိုင်ဘူးလို့ မယုံဘူး"

ကလေးများသည် ပြခန်းရှေ့က ကွင်းပြင်ကျယ်ထဲတွင် ဆူဆူညံညံ ကစားနေကြ၏။ ပန်းချီပြခန်းကို တွေ့ခဲ့ရပြီးသည့်နောက်တွင် သူတို့၏နှလုံးသားထဲ၌ သတ္တိများတိုးပွားလာခဲ့သည်။ အကယ်၍ သူတို့သည် တခြားသူများနှင့် မတူခဲ့လျှင်ပင် သူတို့သည် ထူးခြားနေဆဲဖြစ်ကာ အံ့ဩစရာကောင်းသည့်ဘဝတစ်ခုတွင် နေထိုင်နေသေးသည်။

ပန်းချီပြခန်းကို ကြည့်ရှုခဲ့ကြသည့် တခြားလူများ၏ စိတ်ထဲတွင်လည်း နူးညံ့မှုများကို ခံစားခဲ့ရ၏။ သူတို့သည် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနေသမျှ ဒီကွဲပြားခြားနားနေသည့်ကလေးများသည် လောကကြီး၏အာရုံကို ဆွဲဆောင်ဖို့ရန်အတွက် ပုံစံအသွင်တစ်ခုအနေဖြင့် ပွင့်လန်းနိုင်ပေသည်။

ထိုကြောင့် သူတို့သည် ဘာထိန်းချုပ်မှုမှမရှိဘဲ နေရောင်ခြည်အောက်တွင် ပျော်ပျော်ရွှင်ရွှင် ပြေးလွှားနိုင်ကာ ဖြတ်သန်းသွားကြသည့်သူများကလည်း အပြုံးများဖြင့် သူတို့ကို ကြည့်နေကြလိမ့်မည်။

ရှမြန်က အနားသို့ ကပ်သွားလိုက်ပြီး "ဒေါက်တာနဉ်"

"အင်း" နဉ်ရှောက်ပိုင်သည် သူ့လက်ကို သဘာဝကျကျ မြှောက်လိုက်ကာ သူမ၏ပခုံးပေါ်သို့ လှမ်းတင်လိုက်၏။

ရှမြန်က သူ့ရင်ခွင်ထဲတွင် မှီချလိုက်ပြီး သူမ၏ခေါင်းလေးကို ငဲ့ကာ သူ၏ နက်ရှိုင်းနေသည့် မျက်ဝန်းများကိုကြည့်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်တော့သည်။ "ဒီကမ္ဘာထဲကို ရောက်လာတာ တကယ်ကောင်းတာပဲ"

နဉ်ရှောက်ပိုင်သည် ခဏလောက်တုံ့ဆိုင်းသွားပြီး သူမကို တည်တည်ငြိမ်ငြိမ်ဖြင့် ခဏလောက် စိုက်ကြည့်လိုက်ပြီးနောက် မနေနိုင်တော့ဘဲ သူမ၏နဖူးလေးကို အနမ်းပေးလိုက်ကာ တိုးညင်းစွာ ပြောလိုက်တော့သည်။

"အင်း။ ဒီလောကထဲကို ရောက်လာပေးတဲ့အတွက် ကျေးဇူးပဲနော်"

...

အချပ်ပို

အပိုင်း (၂၃၇)

ယန်ကျင်းဆရာတက္ကသိုလ်၏ မိန်းကလေးဆောင်ထဲတွင်...

ရှမြန်သည် ရောင်စုံစာရွက်ပေါ်တွင် နောက်ဆုံးစုတ်ချက်ကို ရေးသားလိုက်၏။ ထိုနောက်တွင်တော့ ထရပ်လိုက်ကာ ခန္ဓာကိုယ်ကိုအကြောဆန့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "နောက်ဆုံးတော့ ပြီးသွားပြီ"

ဆွန်းယွဲ့ရှင်းသည် စာရွက်ကိုကောက်ယူလိုက်ကာ တစ်ချပ်လောက် ကြည့်လိုက်ပြီးနောက် ဖတ်လိုက်လေသည်။ "ဒေါက်တာနဥ် မေတ္တာစာအားလုံးကို စာတစ်ကြောင်းတည်းပဲ ရေးလိုက်ပါတယ်။ ကျွန်မတို့တွေ စိတ်ကူးယဉ်ဆန်တဲ့ အကြောင်းအရာတွေကို ဖန်တီးပေးဖို့ အချိန်အကြာကြီး ရှိပါသေးတယ်"

လီလီကျန်းသည် ပင့်သက်တစ်ချက်ရှိုက်လိုက်ကာ ပြောလိုက်၏။ "အခု ငါ လက်တွဲဖို့ တစ်ယောက်မရှာနိုင်ရတဲ့ အကြောင်းအရင်းကို သိသွားပြီ"

"ပြောလို့ပြောတာ မဟုတ်ဘူးနော်။ ရှမြန်က တကယ့်ကို အရေးအသားကောင်းတယ်။ ငါလို မိန်းကလေးတစ်ယောက်ကတောင် သူ့ကြောင့် စိတ်လှုပ်ရှားသွားပြီ။ ဒေါက်တာနဥ်ကတော့ သေချာပေါက် အံ့သြသွားတော့မှာပဲ။ နင်တော့ ဒီဟာကို သေချာပေါက်စာအုပ်တစ်အုပ် ထုတ်ဝေနိုင်မယ်လို့ ငါတော့ထင်တယ်"

ဆွန်းယွဲ့ရှင်းသည် သက်ပြင်းချလိုက်ပြီး "ကျွတ်ကျွတ် ရည်းစားစာ အစောင်၁ထောင်။ ငါ့အထင်တော့ နင် ထပ်ပြီး ရေးနိုင်သေးတယ် ထင်ပါတယ်"

ရှမြန်သည် ရောင်စုံစက္ကူလေးကို လှမ်းယူလိုက်ပြီး ထိုစက္ကူလေးကို လေယာဉ်ပျံတစ်ခုဖြစ်အောင် ခေါက်လိုက်ပြီးနောက် အပြုံးတစ်ခုဖြင့်ပြောလိုက်၏။ "ဒါပေါ့။ ငါ ရေးနိုင်တာပေါ့။ ငါတို့ရဲ့ ဒေါက်တာနဥ်က ငါ့ရဲ့ဖန်တီးမှုအနုပညာလေးပဲလေ။ ငါ သူ့အကြောင်း သိလိုက်တဲ့အချိန်မှာ ငါ့ရဲ့စိတ်ကူးဉာဏ်တွေက ကွန့်မြူးလာသလိုပဲ"

စွန်းရှောင်ရွှယ်ကလည်း ပြောလိုက်သည်။ "ငါ ဒီစကားကိုတော့ ယုံတယ်။ သူ အခုလေးတင် ပြောလိုက်တဲ့စကားကို ကြည့်လိုက်ပါဦး"

ဆွန်းယွဲ့ရှင်းသည် နောက်ဆုံးလေယာဉ်ပျံကိုခေါက်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။ "ငါ အချိန်ဇယား ကြပ်နေတာကိုပဲ ကျေးဇူးတင်ရဦးမယ်။ အဲ့ဒီလိုမှမဟုတ်ရင် ငါ့လက်ကတော့ ကျိုးသွားလောက်တယ်။ ကြည့်လေ။ ငါ့လက်ချောင်းတွေ အားလုံးတောင်မှ နီရဲနေပြီ"

အချိန်ဇယား ကြပ်နေသည့်အတွက်ကြောင့်ပင် ရှမြန်သည် သူမနှင့် လီလီကျန်းတို့ကို သူမကို အကူအညီ ပေးခိုင်းဖို့ရန်အတွက် အဆောင်သို့ လာရောက်ခိုင်းခဲ့လေသည်။

မာယင်းယင်းက ပြောလိုက်သည်။ "ဘွဲ့ရပြီးသွားတာနဲ့ လက်ထပ်တော့မှာပဲလေ။ ပထမဦးဆုံးနေ့မှာ ကျောင်းလက်မှတ်ပေးပွဲ အခမ်းအနားကို တက်ရောက်မယ်။ ဒုတိယနေ့မှာ မင်္ဂလာပွဲကို ကျင်းပမယ်။ ရှမြန် နင့်ရဲ့ဘဝကတော့ တကယ့်ကို ဆန္ဒတွေပြည့်ဝနေတာပဲ"

ရှမြန်သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားကာ ခပ်တိုးတိုးချောင်းဟန့်လိုက်ပြီးနောက် သူမ၏ မျက်နှာကလည်း ထူပူလာတော့သည်။ "ဒါတော့ မတတ်နိုင်ဘူးလေ။ ခြေတစ်လှမ်းလောက်လွဲသွားရင် တစ်သက်လုံး နောင်တရစရာတွေ ဖြစ်သွားနိုင်တယ်..."

ဆွန်းယွဲ့ရှင်းတို့က သူမသည် စောစောစီးစီးစေ့စပ်ခဲ့သည့် အကြောင်းအရင်းကို ပြောနေသည်ဟု ထင်လိုက်ကြလေသည်။

သူမ၏ ကောလိပ်ကျောင်းဘွဲ့ရတော့မည့်အချိန် နီးကပ်လာသည်နှင့်အမျှ အမှန်တွင်တော့ နှစ်အစကတည်းက နဥ်ရှောက်ပိုင်သည် သူတို့၏မင်္ဂလာပွဲကို စိတ်အားထက်သန်စွာ စတင်ပြင်ဆင်နေခဲ့ပြီဖြစ်သည်။

သူသည် ပေါ်ပေါ်တင်တင် ပြင်ဆင်ခဲ့ပြီး မင်္ဂလာဝတ်စုံ၊ ပရိဘောဂ၊ အခမ်းအနားအပြင်အဆင်များ စသည်တို့ကိုလည်း နမူနာအယ်လ်ဘမ်များကို ကိုင်ဆောင်ထားလိုက်သေးသည်။ ထိုစာအုပ်များကိုလည်း ယူလာပြီး ရှမြန်အား ရွေးချယ်ခိုင်းခဲ့သည်။ အဆောတလျင် လုပ်နေသည့်သဘောက အလွန်သိသာနေ၏။

သူတို့နှစ်ယောက်ကြားက အခြေအနေသည် အမြဲတမ်း ချောချောမွေ့မွေ့ ဖြစ်လာခဲ့၏။ ရှမြန်သည် စေ့စပ်လက်စွပ်ကို ၄နှစ်တာ ဝတ်ဆင်လာခဲ့ရသည်။ ထို့ကြောင့် သူမက ဟန်ဆောင်ပန်ဆောင်လုပ်နေခြင်းများ မရှိတော့ပေ။ သူမသည် ပြင်ဆင်ထားရန် လိုအပ်သည့် အရာအားလုံးကိုလည်း ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဘွဲ့ရပြီးသွားလျှင်တော့ နဥ်ရှောက်ပိုင်နှင့် လက်ထပ်ရဖို့ရန် မျှော်လင့်ထားခဲ့၏။

ရှ၀မ်ယွဲ့ဘက်ကတော့ ပိုပြီးအကောင်းမြင်လေသည်။ နဥ်ရှောက်ပိုင်သည် ရှမြန်ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့ပြီးဖြစ်ကာ သူသည် အသက်၂၉နှစ်ရှိနေပြီဖြစ်ပြီး ဒီခေတ်အခါတွင် တော်တော်လေးကို လူပျိုသိုးကြီးတစ်ယောက် ဖြစ်နေလေသည်။

ထို့အပြင် လူတိုင်းကလည်း သူ၏ ဆောင်ရွက်ချက်များကို မြင်တွေ့ခဲ့ရပြီး ရှမိသားစုကလည်း ဘာတစ်ခုကိုမှ ကြိုတင်ပြင်ဆင်စရာ မလိုတော့ချေ။ ထို့ကြောင့် သူမက နှစ်အစပိုင်းတွင် မင်္ဂလာရက်ကို တွက်ချက်ဖို့ရန်အတွက် တစ်စုံတစ်ယောက်ကို သွားရှာခဲ့လေသည်။

တစ်ရက်က ၆လပိုင်း ၁၈ရက်နေ့ဖြစ်ကာ ကျန်သည့်တစ်ရက်ကတော့ ၇လပိုင်း ၁၂ရက်နေ့နှင့် နောက်တစ်ရက်မှာ ၉လပိုင်း ၁ရက်နေ့ ဖြစ်လေသည်။

ရှ၀မ်ယွဲ့သည် နဥ်ရှောက်ပိုင်က စိုးရိမ်တကြီး ဖြစ်နေသည်ကိုလည်း သေချာသိနေ၏။ ထို့ကြောင့် သူမကလည်း အနီးကပ်ဆုံး ဒီရက်၃ရက်ကို ရွေးချယ်လာခဲ့ပြီး နောက်ဆုံး ၉လပိုင်းရက်ကို အလိုလို ဖယ်ထုတ်ထားလိုက်တော့သည်။

ထိုအချိန်က ရှမြန်၏ဘွဲ့ယူသည့် အခမ်းအနားရက် သတ်မှတ်ချက်ကလည်း မသေချာသေးချေ။ ထို့ကြောင့် ရှ၀မ်ယွဲ့က ၇လပိုင်း ၁၂ရက်နေ့ကိုသာ သတ်မှတ်ဖို့ရန် အကြံပြုထားခဲ့သည်။

ပထမအချက်မှာ ရှမြန်သည် သေချာပေါက် ဘွဲ့ယူရမည်။ ဒုတိယအချက်မှာ သူမသည် အချိန်ပိုပြီး ရှိလာလိမ့်မည်။ မည်သို့ဆိုစေ သတို့သမီးတွင် ပြင်ဆင်စရာ အများကြီးရှိနေသည်။

ထိုအချိန်က နဥ်ရှောက်ပိုင်သည် ဘာတစ်ခွန်းကိုမှ မပြောခဲ့သော်ငြားလည်း မင်္ဂလာဝတ်စုံ၊ ဟိုတယ်၊ မင်္ဂလာအခမ်းအနားအစီအစဉ် စသည့်အကြောင်းအရာများကို တစ်ဆင့်ပြီးတစ်ဆင့် သေသေချာချာလေး ပြင်ဆင်လာခဲ့သည်။

လွန်ခဲ့သည့်၂လက ယန်ကျင်းဆရာအတတ်သင်တက္ကသိုလ်သည် နောက်ဆုံးတော့ ရှမြန်၏ ပွဲနှင်းသဘင်ရက်ကို ၇လပိုင်း၁၇ရက်ဟု ကြေညာပေးလိုက်၏။ အားလုံးကလည်း ၇လပိုင်း၁၂ရက်နေ့အတွက် ပြင်ဆင်ဖို့ရန် အလိုလို သဘောတူလိုက်ကြသည်။

ရလဒ်အနေဖြင့် နဥ်ရှောက်ပိုင်က မင်္ဂလာပွဲကို ၆လပိုင်း၁၈ရက်နေ့တွင် ကျင်းပသင့်သည်ဟု ဆိုလာလေသည်။ ရှမြန်က သူသည် ရယ်မောစရာပြောနေသည်ဟု ထင်လိုက်ပြီး သဘောမတူခဲ့ချေ။

သူမသည် နဥ်ရှောက်ပိုင်အတွက်သာ အဓိက စိုးရိမ်နေခဲ့ခြင်းဖြစ်၏။ မင်္ဂလာပွဲကို ပြင်ဆင်ရခြင်းက မည်မျှရှုပ်ထွေးပွေလီပြီး မည်မျှအလုပ်များသည်ကို ရှမြန်က သိသည်။ သူမသည် မောက်ဟွေ့မေဘက်က သတို့သမီးလက်ထပ်သည့်ကိစ္စကို ကူညီပေးခဲ့စဉ်ကပင် တော်တော်လေးကို စိတ်ရှုပ်နေခဲ့ပြီးသားဖြစ်၏။

နဥ်ရှောက်ပိုင်သည် သူမအတွက် စိတ်ပူပန်ပေးရုံသာမက သူကိုယ်တိုင်အတွက်လည်း ပြင်ဆင်ရပေမည်။ အမျိုးသားဘက်က မင်္ဂလာပွဲအပြင်အဆင်သည် အမျိုးသမီးဘက်ကထက် ပိုပြီးရှုပ်ထွေးလေသည်။ သူ့မှာလည်း ကူညီစီစဉ်ပေးမည့် အကြီးအကဲများ မရှိချေ။ နဥ်ရှောက်ယွင်ကလည်း အလွန်ဆုံး ပစ္စည်းများကို ဝယ်ခြမ်းပေးရာတွင် ကူညီနိုင်သည်။ ဆုံးဖြတ်ချက်ချသည့် ကိစ္စများအားလုံးကိုတော့ သူကိုယ်တိုင်သာ လုပ်ရ၏။

ဆေးရုံဓာတ်ခွဲခန်း၏ သုတေသနဆောင်ရွက်ချက်ကလည်း အရေးကြီးသည့်အဆင့်သို့ ရောက်ရှိလာခဲ့ပြီး သူသည် ရှောင်ဖုန်းကိုလည်း ကူညီစောင့်ရှောက်ပေးနေရသည်။ ရှမြန်ကလည်း သူမ၏ ဘွဲ့လက်မှတ်ကျမ်းစာအတွက် ၄လပိုင်းကတည်းက ပြင်ဆင်ရင်း အလုပ်များနေခဲ့ခြင်းဖြစ်၏။ ထိုကိစ္စသည် ဘွဲ့အခမ်းအနားမပြီးဆုံးသည်အထိ ပြီးစီးလိမ့်ဦးမည်မဟုတ်ချေ။ ထို့ကြောင့် သူမသည် ကူညီပေးဖို့ရန် အချိန်လုံးဝမရှိသလောက်ပင်။

အားလပ်ရက် အိမ်ပြန်လာချိန်တိုင်း သူက ပင်ပန်းနွမ်းနယ်နေသည့်ပုံကိုသာ သူမက မြင်နေရသည်။

ထို့ကြောင့် ရှမြန်သည် ဘွဲ့ယူပြီးသွားလျှင်တော့ သူနှင့်ဝန်ထုတ်ဝန်ပိုးများကို မျှယူပေးမည်ဟု စဉ်းစားထားခဲ့၏။ သို့သော်ငြားလည်း အကယ်၍ သူတို့သည် ၆လပိုင်း ၁၈ရက်နေ့ကို သတ်မှတ်ခဲ့လျှင် အလွန်အလောတကြီး ပြုမူရပေတော့မည်။

အစပိုင်းတွင် ရက်သတ်မှတ်ခြင်းကို ပြောင်းလဲခဲ့ရသည့် အကြောင်းအရင်းမှာ...

နဥ်ရှောက်ပိုင်၏ မွေးနေ့တုန်းကိစ္စကို ရှမြန်သည် သတိရသွားတော့၏။ အမှတ်တမဲ့ သူမ၏ရင်ဘတ်ကို လှမ်းကြည့်မိလိုက်သည်။ ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည့် အပူဓာတ်သည် တစ်ဖန် ထိုးထွက်လာပြန်၏။

ဟွမ်ယန်ဟုန်သည် ခေါက်ထားသည့် စက္ကူလေယာဉ်များအားလုံးကို ဘူးတစ်ခုထဲသို့ ထည့်ပေးလိုက်ကာ အပြုံးဖြင့်ပြောလိုက်၏။ "ဒေါက်တာနဥ် အတွက်တော့ အရမ်းကို နှေးကွေးလွန်းနေပြီးပါပြီ။ သူက ရှမြန်ကျောင်းတက်နေတဲ့ ၄နှစ်တာကာလလုံးကို စောင့်ဆိုင်းနေခဲ့တာ"

"အဲဒီထက်တောင် ပိုပါသေးတယ်" ဆွန်းယွဲ့ရှင်းသည် ရှမြန်ကို ကျီစယ်သည့်အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်၏။ သူမတို့ တတိယနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်းတွင် ရှမြန်သည် ရည်းစားရသွားပြီဟူသည့်သတင်းကို ရုတ်တရက် ကြားလိုက်ရသည့်အခါ မေးရိုးများ ပြုတ်ကျသွားလုမတတ် အံ့သြမှင်တက်သွားရသည့်အဖြစ်ကို မှတ်မိနေသေးသည်။

ထိုရည်းစားလေးမှာ ဒေါက်တာနဥ် ဖြစ်နေသည်ကို သိလိုက်ရသည်အချိန်တွင် ကျိုးကြောင်းသင့်လေခြင်းဟုပင် ထင်ခဲ့သေးသည်။ နောက်ပိုင်းတွင်တော့ သူမနှင့် လီလီကျန်းတို့၏ မေးခွန်းများအောက်တွင် နဥ်ရှောက်ပိုင်၏ အစောကြီးကတည်းက ပိုးပန်းနေသည့်အကြောင်းအရင်းကို သိလာခဲ့ရတော့သည်။

"တကယ်တမ်း တွက်ချက်မယ်ဆိုရင် အနည်းဆုံး ၆နှစ်လောက်တော့ ရှိသွားပြီ"

"ရှမြန် အသက်၁၇နှစ်အရွယ်ကတည်းက လူကြီးတစ်ယောက် ဖြစ်လာမဲ့အချိန်ကို သူက စောင့်ဆိုင်းနေခဲ့တာလေ။ ဒါပေမဲ့ သူတို့တွေက အထက်တန်းကျောင်းမှာ ရည်းစားထားလို့မရဘူးဆိုတဲ့ အကြောင်းကို ပြောပြလိုက်တော့ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုဖို့ အသက်၁၈နှစ်၊ ၁၉နှစ်အရွယ်အထိ စောင့်ဆိုင်းရတော့တာပေါ့" လီလီကျန်းက သက်ပြင်းချလိုက်ကာ "ငါတို့တွေက ကောလိပ်တက်နေတော့ လက်ထပ်ခွင့်မရှိဘူးဆိုတဲ့ အချက်သာ မရှိခဲ့ဘူးဆိုရင် ဒေါက်တာနဥ်ကတော့ ရှမြန်ကို သူ့အသက်၂၀ပြည့် မွေးနေ့ကတည်းက လက်ထပ်စာချုပ်တစ်ခု ယူလာပေးပြီးသွားလောက်ပြီ"

"ငါလည်း အဲဒီအကြောင်း ကြားထားတယ်လေ။ ကောလိပ်တက်နေတုန်း လက်ထပ်မယ်ဆိုရင် ကျောင်းထုတ်ခံရလိမ့်မယ်တဲ့။ ဒီတော့လည်း သူ့မှာ စိတ်ပျက်လက်ပျက်နဲ့ နောက်ထပ်၄နှစ်ကို ထပ်ပြီး စောင့်ပေးရတော့တာပေါ့"

မာယင်းယင်းသည် ထိုအကြောင်းကို အချိန်အကြာကြီး မျိုသိပ်ထားလာရပြီး ကိုယ်ချင်းစာသွားသည့်လေသံဖြင့် ပြောလိုက်၏။ "ဒေါက်တာနဥ်အတွက် တကယ်ကို မလွယ်ခဲ့တာပါ"

နောက်ဆုံးတွင်တော့ ရယ်မောသံတစ်ချက် ထွက်လာခဲ့၏။ လူအများကလည်း မနေနိုင်ဘဲ ရယ်မောကြတော့သည်။ ဒေါက်တာနဥ်သည် အမှန်ပင် သနားစရာကောင်းခဲ့ပေသည်။

"ဒီတော့လည်း ဒေါက်တာနဥ်က အရမ်းကိုစိတ်လှုပ်ရှားပြီး အလောတကြီး ဖြစ်နေတာလည်း ပုံမှန်ပါပဲ"

ရှမြန်သည် ကားနောက်ခန်းထဲတွင် ဖိချခံထားရသည့် ထိုနေ့ရက်လေးကို ပြန်စဉ်းစားမိလိုက်၏။ နဥ်ရှောက်ပိုင်က မှိုင်တွေစွာဖြင့် သက်ပြင်းချပြီး ပြောလိုက်သံကို ကြားခဲ့ဖူးသည်။ "မြန့်မြန်။ ကို မင်းကိုစောင့်နိုင်တယ်လို့ ထင်ထားခဲ့တာ။ ဒီလောက် နှစ်တွေအကြာကြီး ဖြတ်သန်းလာခဲ့ပြီးပြီပဲလေ"

"ဒါပေမဲ့ ရက်ကနီးလာလေလေ ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်စွမ်း ပိုပြီးနည်းလာလေလေပဲ"

"အခုနေ့ရက်တွေကလည်း နှစ်၊ လတွေကို ဖြတ်သန်းနေရသလိုပဲ။ စက္ကန့်တွေကလည်း ရေတွက်ရတာ နှစ်ပေါင်းများစွာ ကြာနေသလိုပဲ..."

"မြန့်မြန် ပေါင်ပေ့" သူသည် သူမကိုတင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်ကာ သူမ၏နားဘေးက သူ့အသံကလည်း လွန်ဆန်လို့မရနိုင်သည့် ဆွဲဆောင်မှုတစ်ခု သယ်ဆောင်ထားလေသည်။ "ကို့အတွက် စိတ်မကောင်းမဖြစ်ဘူးလား။ ၆လပိုင်း ၁၈ရက်နေ့ကိုပဲ သတ်မှတ်လိုက်ကြရအောင်နော်"

ရှမြန်သည် "ဟုတ်ပြီလေ"ဟူသည့်စကားကလွဲလျှင် တခြားမပြောနိုင်တော့ပေ။

သူ၏ပါးပြင်သည် ပူပြင်းနေသဖြင့် ရှမြန်မှာ ဒီအတိုင်းအလျှော့ပေးလိုက်ရပြီး လွှတ်ထားလိုက်ရတော့သည်။

ရလဒ်အနေဖြင့် ဆွန်းယွဲ့ရှင်းတို့သည် ထိုကိစ္စကို ဂရုမစိုက်ကြတော့ပေ။ ထိုအချင်းအရာကို မြင်သည့်အခါ စွန်းရှောင်ရွှယ်က ပြောလိုက်၏။ "ပန်ကာကို ဖွင့်လိုက်စမ်းပါ။ နည်းနည်းလေး ပူလာပြီ"

ဆွန်းယွဲ့ရှင်းသည် စာအုပ်တစ်အုပ်ကို လှိမ့်လိုက်ပြီး ရှမြန်၏ပါးစပ်နားကပ်ကာ မိုက်ခရိုဖုန်းတစ်ခုပုံစံအဖြစ် လှမ်းထိုးထည့်လိုက်၏။ "အင်တာဗျူး လုပ်ပါမယ်။ ရှမြန်။ သိပ်မကြာခင် အိမ်ထောင်ပြုရတော့မယ်ဆိုတော့ ဘယ်လိုခံစားရလဲ"

လီလီကျန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။ "ကွာခြားသွားတာတွေများ ရှိသလား"

"ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာ နင်တို့နှစ်ယောက်က အိမ်ထောင်ကျပြီးသား စုံတွဲတွေလိုပဲ အမြဲတမ်း ခံစားနေရတယ်။ ဒေါက်တာနဥ်ကရော နင့်ကိုပိုပြီးတော့ အလိုလိုက်လာမှာလား"

ရှမြန်သည် သူမ၏ ပူပြင်းနေသည့်ပါးကို အသာအယာ ပုတ်လိုက်၏။ အမှန်တွင်တော့ သူမသည်လည်း အရင်က ထိုသို့စဉ်းစားခဲ့ဖူးလေသည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်တွင် နဥ်ရှောက်ပိုင်သည် သူမကို အကြွင်းမဲ့ချစ်ခြင်းတရား ပေးအပ်ခဲ့၏။ သူတို့သည် အပြန်အလှန် ကောင်းကောင်းလေး သိခဲ့သည်ဟု ခံစားခဲ့ရပြီး အိမ်ထောင်ကျသွားပြီးနောက် ဘဝသည်လည်း ယခုအချိန်ကစပြီး အများကြီးပြောင်းလဲသွားမှာမဟုတ်ဟု ခံစားမိသည်။

သူ၏မွေးနေ့ပွဲ ရောက်လာသည်တွင်တော့...

ရှမြန်သည် ဆွန်းယွဲ့ရှင်းကို ကြည့်လိုက်ပြီး ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "အင်း။ ငါ သူ့ကို နည်းနည်းလေး ပိုပြီးတော့ နားလည်လာတယ်"

လီလီကျန်းသည် မှင်တက်အံ့ဩသွားကာ"နင် သူ့ကို အခုထိ သေသေချာချာလေး မသိသေးဘူးလား။ ဒါဆိုရင်တော့ နင်က တကယ့်ကို အရည်အချင်းမရှိတဲ့ ရည်းစားတစ်ယောက်ဖြစ်သွားပြီ"

ရှမြန်သည် မည်သို့ရှင်းပြရမည် မသိတော့ချေ။ "နင်တို့တွေ ရည်းစားရလာပြီး အိမ်ထောင်ကျတဲ့အချိန်ကျမှပဲ နားလည်လာလိမ့်မယ်"

သူမက အရည်အချင်းမရှိနေခြင်းမျိုး မဟုတ်ဘဲ သူသည် သူမကို လေးစားပြီး ချစ်မြတ်နိုးခဲ့ခြင်းကြောင့်ပင်။ နဥ်ရှောက်ပိုင်သည် သူ၏ခံစားချက်အစစ်အမှန်ကို ဘယ်တုန်းကမှ ထုတ်မပြခဲ့ချေ။ သူမကို တုန်ရင်ရစေပြီး အန္တရာယ်ရှိသည်ဟု ခံစားရစေသည့် ထိုစိတ်ခံစားချက်များ အားလုံးကို လက်ထပ်ပြီးချိန်အထိ သူမအတွက် ဆက်ပြီး သိမ်းဆည်းထားခဲ့လေသည်။

မင်္ဂလာပွဲရက် နီးကပ်လာသည့်အတွက် သူမ၏ထိန်းချုပ်မှုများ လျော့ပါးသွားပြီးသည့်နောက်တွင် သူမသည် ရေခဲတောင်၏အစွန်အဖျားကို မြင်လိုက်ရလေသည်။

မေလ အစောပိုင်း နဥ်ရှောက်ပိုင်၏မွေးနေ့တွင် ရှမြန်သည် သူနှင့်အတူ တစ်နေ့လုံး အချိန်ကုန်ဆုံးပေးခဲ့၏။

နဥ်ရှောက်ပိုင်ကလည်း နေ့တဝက်ခွင့်ယူခဲ့ပြီး သူတို့နှစ်ယောက်သည် တခြားစုံတွဲများကဲ့သို့ ပျော်ရွှင်စရာ ဘာတစ်ခုမှမလုပ်ခဲ့ဘဲ စားသောက်ရုပ်ရှင်ကြည့်ပြီး လက်ဆောင်ပေးပြီးသည့်နောက်တွင် ရှမြန်သည် အနားယူဖို့ရန်အတွက် သူ့ကို ချစ်သူ့ရေကန်ဆီသို့ ခေါ်လာခဲ့လေသည်။

ချစ်သူ့ရေကန်သည် အဝိုင်းပတ်၄ခုမြောက် လမ်းအပြင်ဘက်တွင် အသစ်တည်ဆောက်ထားခဲ့သည့် ပန်းခြံတစ်ခုဖြစ်၏။ ထိုနေရာက လူငယ်များအတွက် ချိန်းတွေ့ဖို့ရန် အလွန်သင့်တော်သည့် နေရာတစ်ခုဟု ရှမြန်က ကြားထားခဲ့သည်။ အထူးသဖြင့် ညဘက်တွင် တော်တော်လေး စိတ်ကူးယဉ်ဆန်သည်ဟုလည်း ပြောကြသည်။

သို့နှင့် သူမသည် နဥ်ရှောက်ပိုင်ကို အတူတူခေါ်လာခဲ့တော့သည်။

ရလဒ်အနေဖြင့် သူတို့နှစ်ယောက်သည် ရေကန်၏အစွန်အဖျားပေါ်တွင် ရပ်လိုက်ကြပြီး အချင်းချင်း ကြည့်လိုက်ကြ၏။

ရှမြန်သည် မှောင်လာသည့်အချိန်ကျမှသာ ဒီနေရာသို့လာရောက်ဖို့ရန် သီးသန့် ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြားလည်း မှိန်ပျပျမီးရောင်အောက်တွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည့် ရေကန်တလျှောက် လျှောက်လမ်းကလွဲလျှင် ရေကန်နှင့်ပတ်ဝန်းကျင်က အရာအားလုံးသည် အမှောင်ထဲတွင် လုံးဝဖုံးကွယ်သလောက်ဖြစ်နေ၏။

ခြေထောက်အောက်က မြက်ပင်များကိုလည်း ရှမြန်က အထိအတွေ့ဖြင့်သာ ခန့်မှန်းနိုင်လေသည်...

ရှမြန်သည် မနေနိုင်ဘဲ မေးမိတော့၏။ "ဒီမှာ ဘာကြည့်စရာရှိသေးလို့လဲ"

နဥ်ရှောက်ပိုင်က ရယ်မောလိုက်ကာ"မင်းပဲ ကို့ကို ဒီနေရာခေါ်လာခဲ့တာ မဟုတ်ဘူးလား။ ကိုက ဘယ်လိုလုပ်သိမှာလဲ"

"ဒီနေရာက ညဘက်မှာ အရမ်းကို စိတ်ကူးယဉ်ဆန်ပြီး စိတ်လှုပ်ရှားစရာကောင်းတယ်လို့ တခြားသူတွေပြောတာကို ကြားခဲ့ဖူးလို့လေ"

နဥ်ရှောက်ပိုင်ကတော့ ဘာမှမပြောလိုက်ချေ။ ရှမြန်သည် အမှောင်ထဲတွင် သူ့အမူအရာကို မမြင်နိုင်ခဲ့ပေ။ သူသည် သူမ၏လက်ကို ဒီအတိုင်းတွဲကိုင်ထားလိုက်ကာ ဆွဲလှုပ်ရင်းပြောလိုက်၏။

"ကိုတို့တွေ ဒီနေရာကိုရောက်လာပြီဆိုတော့ လအောက်ဘက်ကိုဆင်းသွားပြီးတော့ တစ်ချက်လောက် ကြည့်ရအောင်လေ။ ပြောလို့မရဘူး။ အဲဒီနေရာမှာ မျက်လှည့်ဆန်ဆန် တချို့အရာလေးတွေ ရှိချင်ရှိနေမှာပေါ့"

နဥ်ရှောက်ပိုင်ကလည်း သဘောတူလိုက်၏။ ထို့ကြောင့် ရှမြန်သည် ကားဆီသို့ပြန်လာခဲ့ပြီး ဓာတ်မီးကိုယူကာ သူတို့နှစ်ယောက်သည် အတူတူဆင်းသွားကြတော့သည်။

ကုန်းဆင်းလေးသည် လှေကားထစ်များမရှိဘဲ စိမ်းစိုနေသည့်မြက်ခင်းများ ဖုံးလွှမ်းထား၏။ လမ်း၏မျက်နှာပြင်သည် ချောမွေ့ခြင်းမရှိခဲ့ချေ။ ရှမြန်က လက်တစ်ဖက်တွင် ဓာတ်မီးကိုကိုင်ထားပြီး ကျန်သည့်လက်တစ်ဖက်ဖြင့် နဥ်ရှောက်ပိုင်ကို ဆွဲထားရ၏။ သူတို့သည် တစ်လမ်းလုံး အယိုင်ယိုင်အနဲ့နဲ့ လျှောက်လာပြီးသည့်နောက်တွင် အန္တရာယ်ကင်းသွားသည့် လမ်းကြောင်းတစ်ခုပေါ်တွင် ရပ်နေလိုက်ကြသည်။ သူတို့သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီးနောက် နဥ်ရှောက်ပိုင်ကို ပြုံးပြလိုက်၏။ "ရှင်ပြောချင်တာ ဒီအဓိပ္ပာယ်လား။ ညအမှောင်ကြီးထဲမှာ လမ်းလျှောက်ရတာ တော်တော်လေးကို စိတ်ဖိစီးစရာကောင်းတာပဲ"

"အောက်ကိုဆင်းရတာက စိတ်လှုပ်ရှားစရာကောင်းတယ်လေ"

နဥ်ရှောက်ပိုင်၏အမူအရာသည် အနည်းငယ်ထူးဆန်းနေ၏။ ရှမြန်က မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

နဥ်ရှောက်ပိုင်သည် ဘာမှမပြောလိုက်ချေ။ သူက သူမ၏လက်ကို လှမ်းဆွဲလိုက်ကာ ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်၏။ ရှမြန်သည်လည်း အနည်းငယ် တောင့်တင်းလာတော့သည်။

သူမသည် အလွန်အာရုံတစိုက် လျှောက်လာသဖြင့် ဘာတစ်ခုကိုမှ သတိမထားမိခဲ့ချေ။ သို့သော်ငြားလည်း ယခုအချိန်တွင်တော့ အမှောင်ထဲတွင် ထွက်လာသည့်ဆူညံသံတစ်ခုကို ကြားလိုက်ရလေသည်...

သူမ၏အတိတ်ဘဝက အချစ်အကြောင်း အတွေ့အကြုံရှိပြီးသား စာတွေ့အလွန်များပြားသည့် အတွေ့အကြုံတစ်ခု ပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေဖြင့် သူမသည် ထိုအရာများက ဘာဖြစ်သည်ကို အလိုလိုသိနိုင်လေသည်။

သူမသည် ဒီအခိုက်အတန့်တွင်တော့ နဥ်ရှောက်ပိုင်၏ အမူအရာကို မကြည့်ရဲတော့ဘဲ သူ့ကိုအရင်ဆုံး လှမ်းဆွဲလိုက်ကာ ရှေ့သို့ခြေလှမ်းအနည်းငယ် မြန်မြန်လျှောက်သွားလိုက်ပြီး ထိုရှက်ရွံ့စရာကောင်းသည့် စုံတွဲလေးကို ရှောင်ကျဉ်ဖို့ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြားလည်း သူမသည် သိပ်မကြာခင် မှားယွင်းသွားသည်ကို သိလိုက်ရတော့သည်...

သူမသည် ကောလာဟလလွှင့်ခဲ့သည့် မည်သူ့ကိုမဆို ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားတော့၏။ သို့သော်ငြားလည်း ဒါက အမှန်တကယ် ဖြစ်နေသယောင် ထင်ရသည်ကိုလည်း သိလိုက်ရသည်။ ဒီနေရာသည် အမှန်ပင် ချိန်းတွေ့စရာ နေရာတစ်ခုဖြစ်ပြီး တကယ်ကိုလည်း စိတ်လှုပ်ရှားစရာ ကောင်းလေသည်။

ရှမြန်သည် အလင်းရောင်မှိန်ပျပျ ရှိနေသည် ရှေ့ကနေရာလေးတစ်ခုကို လှမ်းကြည့်လိုက်ပြီး လျှောက်နေသည့်လမ်းကို ရပ်ထားလိုက်၏။ နေရာသည် ပိုပြီးမှောင်မဲလာလေလေ ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလာလေလေဖြစ်နေသည်။ ဖြတ်လျှောက်တစ်ယောက်အနေဖြင့် သူမသည် ဒါကို ဆက်ပြီးခံနိုင်ရည်မရှိမှာကို စိုးရိမ်လာမိတော့သည်...

နဥ်ရှောက်ပိုင်၏ ခပ်တိုးတိုးရယ်မောသံက သူမ၏ခေါင်းအပေါ်ဘက်မှနေ၍ ထွက်ပေါ်လာ၏။ "ဒါက စိတ်ဝင်စားစရာ ကောင်းတယ်လို့တော့ ကို မထင်ဘူး။ ပြန်ကြရအောင်"

နဥ်ရှောက်ပိုင်သည် အမှန်ပင် စဉ်းစားတွေးတောပေးတတ်လေသည်။ ရှမြန်တယောက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရသွားပြီဟု ခံစားလိုက်ရတော့၏။ သူမက မြန်မြန်ပြောလိုက်တော့သည်။

"တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။ နောက်တစ်ခါကျရင် တခြားသူတွေ ပြောနေကြတဲ့ပေါက်ကရစကားကို နားမထောင်တော့ဘူး" သူမက ဆက်ပြောလိုက်သည်။

"နောက်တခါကျရင် ကျွန်မက ဒီကိစ္စကို ကိုယ်တိုင် သေချာပေါက် စုံစမ်းစစ်ဆေးရလိမ့်မယ်"

"မလိုတော့ပါဘူး" နဥ်ရှောက်ပိုင်က ပြုံးပြလိုက်ကာ "မင်းလည်း ဒါတွေအားလုံးကို ကောင်းကောင်းမွန်မွန် စီစဉ်ထားပြီးသားပဲ"

ရှမြန်သည် သူ၏စကားလုံးထဲက ရည်ရွယ်ချက်ရှိနေသည်ကို အမြဲတမ်းခံစားနေရသော်ငြားလည်း သူမသည် အလွန်ရှက်ရွံ့နေသဖြင့် ဘာမှထပ်ပြီး စဉ်းစားမနေတော့ဘဲ နဥ်ရှောက်ပိုင်ကိုဆွဲခေါ်လာခဲ့ကာ လမ်းအတိုင်း မြန်မြန် ပြန်လာခဲ့တော့သည်။ သူတို့သည် ခုနကဆင်းလာသည့်နေရာသို့ ပြန်ရောက်လာသည့်အခါ အချိန်တိုအတွင်းမှာပင် ထိုနေရာ၌ ချစ်သူစုံတွဲတစ်တွဲ ရောက်နေပြီကို တွေ့လိုက်ရ၏။

နှုတ်ဆိတ်သွားသည့်သူမကို သတိထားမိပုံရကာ နဥ်ရှောက်ပိုင်က သူမကို နောက်ထပ်တစ်နေရာသို့ ခေါ်လာခဲ့သည်။ ရှမြန်သည် ဘာလှုပ်ရှားမှုမှ မရှိသည်ကို အရင်ဆုံး အတည်ပြုလိုက်၏။ ထို့နောက်တွင်တော့ သူမသည် လက်တစ်ဖက်တွင် ဓာတ်မီးကို ကိုင်ထားပြီး ကျန်သည့် လက်တစ်ဖက်ကိုတော့ နဥ်ရှောက်ပိုင်၏ လက်ကို တွဲထားလိုက်ကာ လျင်လျင်မြန်မြန် လျောက်လာပြီး နောက်ထပ် ချစ်သူစုံတွဲတစ်တွဲ ရောက်လာမှာကို စိုးရိမ်နေမိတော့သည်။

သို့သော်ငြားလည်း သူတို့သည် ဆင်ခြေလျှောအလယ်သို့ ရောက်လာသည့်အချိန်တွင် ရှမြန်သည် တွင်းလေးတစ်ခုကို နင်းမိသွားကာ ခြေကျင်းဝတ်လည်သွားပြီး ရှေ့သို့လဲကျသွားတော့သည်။ သူမနောက်မှ လိုက်ပါလာသည့် နဥ်ရှောက်ပိုင်ကလည်း အကြောင်းတချို့ကြောင့် သူမကို လှမ်းဆွဲမထားနိုင်ခဲ့ဘဲ သူမနှင့်အတူ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

သန်မာသည့်လက်တစ်ဖက်သည် သူမကို ကာကွယ်ပေးဖို့ရန် သူမ၏ရင်ဘတ်နားတွင် သိုင်းဖက်ထားကာ ကျန်သည့်လက်တစ်ဖက်ကတော့ မြက်ခင်းပြင်ကို ထောက်ကန်ထားပြီး မြင့်မားသည့်ခန္ဓာကိုယ်သည် သူမ၏ခန္ဓာကိုယ်လေးကို ဖွဖွကလေးကာကွယ်ပေးထားလေ၏။

"အဆင်ပြေရဲ့လား" နဥ်ရှောက်ပိုင်က မေးလိုက်၏။

"အဆင်ပြေပါတယ်" ရှမြန်သည် သူမ၏ခြေထောက်က အဆင်ပြေနေသည်ကို အတည်ပြုလိုက်ပြီးနောက် တစ်ခုခုကို အချိန်နောက်ကျသွားမှ သတိထားမိလိုက်ကာ သူမ၏ပါးများက နီရဲလာတော့သည်။

နေရာက ပိန်းပိတ်အောင်မှောင်မဲနေပြီး အခြေအနေကလည်း အလောတကြီးဖြစ်သွားသဖြင့် ဒေါက်တာနဥ်ကလည်း ထိုမျှလောက် ဂရုမစိုက်နိုင်ခဲ့လျှင်ပင် သူ၏လက်များက မထိသင့်သည့်နေရာကို ထိကိုင်မိသွားသည်က ပုံမှန်ပဲဖြစ်လိမ့်မည်ဟု သူမကစဉ်းစားလိုက်သည်။

သို့သော်ငြားလည်း သူမသည် အနည်းငယ် ရှက်ရွံ့မိသလို ခံစားလိုက်ရ၏။ ရှမြန်သည် ပုံမှန်ဆိုလျှင်တော့ ထိုကိစ္စကို ဂရုစိုက်တတ်သူ မဟုတ်ချေ။ နဥ်ရှောက်ပိုင်၏ ထိန်းချုပ်မှုများကို သူမထက် မည်သူကမှ ပိုပြီးမသိပေ။ ပြီးခဲ့သည့်၄နှစ်တာကာလအတွင်းတွင် သူတို့သည် ရန်ဖြစ်သည့်အခါ၊ ချစ်တမ်းကြိုက်တမ်းကစားသည့်အခါ တစ်ခါတရံ မတော်တဆ ထိကိုင်မိတာမျိုး ရှိလေသည်။ နဥ်ရှောက်ပိုင်သည် အများအားဖြင့် မသိမသာ ရှောင်ရှားတတ်၏။

ဘာမှမဖြစ်သလို ပြုမူနေလိုက်လျှင် သိပ်မကြာခင် အဆင်ပြေသွားပေလိမ့်မည်။

ရှမြန်သည် ဒီတစ်ကြိမ်ကလည်း ထိုနည်းတူဖြစ်လိမ့်မည်ဟု အလိုလို စဉ်းစားထားလိုက်၏။ ထို့ကြောင့် သူမက နောက်သို့ အနည်းငယ် ပြန်မှီချထားလိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ကြိုးစားပြီး နဥ်ရှောက်ပိုင်ကို ဂရုတစိုက်မေးမြန်းလိုက်သည်။ "ဒေါက်တာနဥ် ရှင်ရော အဆင်ပြေရဲ့လား..."

သူမ၏ခန္ဓာကိုယ်သည် သူမနောက်က ရင်ဘတ်နှင့် တိုက်ရိုက်ဖိကပ်သွားပြီး... နဥ်ရှောက်ပိုင်သည် မလှုပ်ရှားတော့ပေ။

သူမ၏ရင်ဘတ်ကို သိုင်းဖက်ထားသည့်လက်ကလည်း မဖယ်ရှားသွားဘဲ ထိုအစားတဖြည်းဖြည်း နီးကပ်လာလေသည်...

ရှမြန်...

ရှမြန်သည် တိတ်တဆိတ် တံတွေးမျိုချလိုက်ပြီး အသက်ရှူရန်ခက်ခဲလာသလို ခံစားလိုက်ရ၏။ ခဏအကြာတွင်တော့ သူမက တီးတိုးဆက်ပြောလိုက်၏။ "ဒေါက်တာနဉ်"

"အင်း" နဥ်ရှောက်ပိုင်၏ မြေကြီးကို ထောက်ထားသည့်လက်သည် ရုတ်တရက် ပြေလျော့သွားပြီး ရှမြန်သည် ခန္ဓာကိုယ်၏အလေးချိန်ကြောင့် မြေကြီးပေါ်တွင် ဖိချထားခံလိုက်ရကာ ကျန်လက်တစ်ဖက်ကတော့ သူမကို သေသေချာချာလေး ကာကွယ်ပေးထားပြီး လုံးဝမလုပ်မယှက် ဖြစ်နေ၏။

မလှုပ်ရှားခဲ့တာတော့ မဟုတ်ပေ...

ရှမြန်သည် သူ့လက်ကောက်ဝတ်ကို တင်းနေအောင် ဆုပ်ကိုင်ထားလိုက်ကာ သူမ၏အသံကလည်း တုန်ရင်လို့နေသည်။ "ဒေါက်တာနဉ်"

"အင်း။ ကိုရှိတယ်"နဥ်ရှောက်ပိုင်သည် သူ၏ အားနေသည့်လက်တစ်ဖက်ဖြင့် သူမ၏မေးစေ့ကို ဆွဲညှစ်ထားလိုက်ပြီး သူ့ခေါင်းကို တစ်ဖက်သို့လှည့်လိုက်လေသည်။ သူ၏ ပူပြင်းနေသည့် အသက်ရှူသံသည် သူမ၏နှုတ်ခမ်းကို မြန်မြန်ဆန်ဆန် ပိတ်စီးထားလိုက်ကာ တိမ်ဝင်နေသည့် လေသံတစ်ခုဖြင့် တီးတိုးရေရွတ်လိုက်၏။ "ကိုပါ..."

...

အချိန်မည်မျှ ကြာသွားသည်မသိချေ။ ရှမြန်သည် မူးနောက်နောက်အခြေအနေထဲတွင် နဥ်ရှောက်ပိုင်၏ ဆွဲထူခံလိုက်ရ၏။ "ကို မင်းကို ချီသွားပေးရမလား"

ရှမြန်က မြန်မြန်ခေါင်းခါပြလိုက်သည်။ နဥ်ရှောက်ပိုင်က သူမ၏နဖူးကို အသာအယာ အနမ်းပေးလိုက်ပြီးနောက် ခပ်တိုးတိုး ရယ်မောလိုက်ကာ "ဒီနေရာကိုရောက်လာပြီဆိုမှတော့ ဒီနေရာရဲ့ အတွေ့အကြုံကို သေချာပေါက်ခံစားကြည့်သင့်တာပေါ့"

ခဏအကြာတွင်တော့ သူကထပ်ပြီးပြောလာသည်။ "တကယ့်ကို နာမည်ကြီးနေတဲ့ အတိုင်းပါပဲလား"

ရှမြန်...

သူတို့သည် ကုန်းမြင့်လေးပေါ်သို့ ရောက်လာသည့်အချိန်ကျမှ နဥ်ရှောက်ပိုင်က ကိုယ်ကိုလှည့်ကာ နှုတ်ဆိတ်နေဆဲဖြစ်သည့် ရှမြန်ကိုလှမ်းကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် မေးလိုက်၏။ "ကို မင်းကို ကြောက်သွားအောင် လုပ်မိတာလား"

ဒါသည် ရင်းနှီးနေပြီးသား နဥ်ရှောက်ပိုင်ဖြစ်နေ၏။ ရှမြန်က ခေါင်းခါပြလိုက်သည်။

သူ ဒီလိုပုံစံလုပ်တာ ပထမဦးဆုံးအကြိမ်ဖြစ်နေတော့... နည်းနည်းလေး လူဆိုး ဆန်နေတယ်... ဒီအခြေအနေနဲ့ပတ်သက်ပြီး နည်းနည်းလေး သူစိမ်းဆန်နေသလို ခံစားမိတယ်။

ရင်ထဲမှာလည်း ရှင်းမပြတတ်တဲ့ ရုန်းရင်းဆန်ခတ် ခံစားချက်တစ်ခု ဖြစ်သွားခဲ့တယ်...

အမှန်တွင်တော့လည်း သူမ၏ဆဋ္ဌမအာရုံက မှန်ကန်ခဲ့လေသည်။ ယောက်ျားသားများသည် သူတို့၏နယ်မြေကို ချဲ့ထွင်ရာတွင် အင်မတန် စိတ်အားထက်သန်ကြပြီးအထူးသဖြင့် နဥ်ရှောက်ပိုင်ကဲ့သို့ ဆုံးဖြတ်ပြီးလျှင် တိတိကျကျလုပ်ဆောင်တတ်သည့်သူမျိုးက ပိုပြီးဆိုးလေသည်။

ရှမြန်သည် တံခါးကိုဖွင့်လိုက်ပြီး ဤနေရာက အမြန်ဆုံးထွက်ခွာသွားချင်ပေ၏။ သို့သော်ငြားလည်း ရုတ်တရက် နဥ်ရှောက်ပိုင်က ပြန်ဆွဲထားသည်ကို ခံလိုက်ရသည်။

"ဘာဖြစ်လို့လဲ" ရှမြန်က ဇဝေဇဝါဖြစ်သွားတော့သည်။

နဥ်ရှောက်ပိုင်သည် ရုတ်တရက် ခပ်တိုးတိုးရယ်မောလိုက်ကာ "အခု ကို ဒီနေရာကိုရောက်လာပြီဆိုတော့ မင်းကို စိတ်လှုပ်ရှားစရာလေး တစ်ခုခုလောက် မပေးဘူးဆိုရင် စိတ်ပျက်အောင်လုပ်မိသွားမှာပေါ့..."

ထို့နောက်တွင်တော့ သူသည် သူမကို ကားနောက်ခန်းထဲသို့ တွန်းထည့်လိုက်တော့သည်...

ထို့နောက်တွင်တော့ ရှမြန်သည် ထိုနေ့ည၌ မမျှတသည့် သဘောတူညီချက်စာချုပ် တစ်သီတစ်တန်းကြီးကို လက်ခံခဲ့ရတော့သည်။ မင်္ဂလာရက်စွဲကို ရှေ့တိုးခြင်း၊ မင်္ဂလာပွဲတွင် သတို့သားကို အလွန်အခက်တွေ့အောင် မလုပ်ခြင်း။ စသည့်အကြောင်းအရာများပင်။

နဥ်ရှောက်ပိုင်သည် သူ့ကိုယ်သူ ထိန်းသိမ်းထားဆဲဖြစ်ကာ နောက်ဆုံးတွင် ထိုကိစ္စကို မလုပ်ခဲ့သော်ငြားလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြာကျနေသည့် ချယ်ရီရောင်လေးများက လက်ထပ်ပြီးသွားလျှင်တော့ တူညီတော့မည် မဟုတ်သည့်အကြောင်းကို ရှမြန်က သဘောပေါက်လာစေလောက်သည်အထိ လုံလောက်လေသည်။

ဒေါက်တာနဥ်၏ ကြမ်းတမ်း၊ ရိုင်းစိုင်း၊ ရမ္မက်ဆန်ဆန်အခြမ်းသည် မည်သူကမှ သိကြလိမ့်မည်မဟုတ်ဘဲ သူမတစ်ဦးတည်း ရှေ့တွင်သာ ဖြည်းဖြည်းချင်း ဖွင့်ချပေလိမ့်မည်... သူမအတွက်သာ ဖြစ်ပေလိမ့်မည်။

...

All Chapters