← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အပိုင်း (၂၄၇)

"ငါတို့တွေ စိတ်ရှုပ်ခံပြီး ဘာဖြစ်လို့ နင့်ကို ဂရုမစိုက်လဲဆိုတာ သိလား။ နင်က အရမ်းတုံးအလို့လေ။ နင့်ကို စိတ်ထဲမှာထည့်နေရမှာ အရမ်းအပေါစားဆန်လို့ " မောက်ဟွေ့ကျူးက ခနဲ့ကာပြောလိုက်သည်။

"ဦးနှောက်မရှိတဲ့ဟာ"

"သောက်ကျိုးနည်း မောက်ဟွေ့ကျူး။ အဲဒီမှာရပ်လိုက်" ထန်မော့က ပြောရင်းဆိုရင်းသူမှနောက် လိုက်ပြေးသွားမည့်ဟန် ပြင်လိုက်သည်။ ရှမြန်က သူမ၏ခြေထောက်ကို ဆန့်လိုက်ကာ သူ့ခြေထောက်နားက ထိုင်ခုံကို တံခါးဆီသို့ လှမ်းကန်လိုက်လေသည်။ ထန်မော့သည် သတိမထားမိဘဲ သူ့ခြေထောက်ကို ထပ်ပြီးရိုက်မိသွားတော့၏။ သူသည် နာကျင်မှုကြောင့် ဒူးထောက်ကျသွားတော့သည်။

သူက နီရဲနေသည့်မျက်လုံးများဖြင့် ရှမြန်ကို ဒေါသတကြီး ကြည့်လိုက်ကာ "တကယ်လို့ ခင်ဗျားမှာ သတ္တိရှိတယ်ဆိုရင် ဒီနေရာမှာ ကျွန်တော့်ကို ဆက်ပြီး စောင့်ကြည့်နေလို့ရတယ်။ မဟုတ်ရင်တော့ ကျွန်တော့်ကို စောင့်နေလိုက်တော့"

ရှမြန်က မျက်လုံးများကို စွေထားလိုက်ကာ "မင်းမှာ ငါ့ကို စောင့်ခိုင်းလို့ရတဲ့သတ္တိမျိုး မရှိပါဘူး"

"ဟုတ်သားပဲ။ မင်း ချင်းလုံဂိုဏ်းထဲ ၀င်ချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား" ရှမြန်က သက်ပြင်းချလိုက်ကာ "နောက်တွဲလေးလို စ,လုပ်မနေပါနဲ့။ ပျင်းဖို့ကောင်းတယ်။ ငါ မင်းကို သူတို့ခေါင်းဆောင်နဲ့ မိတ်ဆက်ပေးမယ်"

ရှမြန်က သူမ၏ ဆဲလ်ဖုန်းကို ဆွဲထုတ်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။ ထန်မော့နှင့် တခြားသူများက မှင်တက်အံ့ဩသွားသည်ကို မြင်လိုက်ရသောအခါ သူမက စပီကာကို ဖွင့်လိုက်လေသည်။

ကျောက်ချန်းက မြန်မြန်ဖုန်းပြန်ဖြေ၏။ "ဟယ်လို ဆရာမရှ။ ကျွန်တော်နဲ့ ဘာပြောချင်လို့လဲ"

"ငါ့ဆီမှာ ချင်းလုံဂိုဏ်းထဲကို ဝင်ချင်တဲ့ တပည့်တစ်ယောက်ရှိနေတယ်။ သူ ဘယ်လိုလုပ်ရင် ဝင်လို့ရမလဲ"

ကျောက်ချန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အသံထွက်ရယ်မောလိုက်လေသည်။

"ဘယ်ချင်းလုံဂိုဏ်းကို ဝင်ချင်တာလဲ။ အခုက နေရာတိုင်းမှာ ချင်းလုံဂိုဏ်းဆိုတာ ပေါ်နေတာ။ ကြီးကြီးငယ်ငယ် အများကြီးပဲ။ အနည်းဆုံး ၈ခုလောက်ရှိတယ်။ မဟုတ်ရင်လည်း ၁၀ခုပေါ့"

ရှမြန်က ပြောလိုက်သည်။ "ဒါပေါ့။ အင်အားအကြီးဆုံးအဖွဲ့။ လူမိုက်လေးတွေ အပျော်တမ်း လက်ကစားလို့ရတဲ့ဟာမျိုး မဟုတ်ဘူး။ တကယ့်စစ်စစ်ကို လိုချင်တာ"

"နင်က တကယ်ထူးခြားတဲ့ ဆရာမတစ်ယောက်ပဲ"

ရှမြန်က သက်ပြင်းချလိုက်သည်။ "ငါလည်း ဘာမှမတတ်နိုင်တော့ဘူးလေ။ တကယ်လို့ ကျောင်းသားတွေက စာလေ့လာဖို့ သဘောမကျဘူးဆိုရင် သူတို့တွေကို စာလေ့လာဖို့ ဖိအားပေးနေရတာလည်း ပျင်းစရာကောင်းတယ်။ တခြားလုပ်ချင်တဲ့ဟာ ရှိတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပဲလေ။ ငါလည်း ဒီအကြောင်းကို စဉ်းစားလိုက်ပြီးတော့ တော်တော်လေး အထင်ကြီးစရာကောင်းတဲ့ ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတယ်လေ။ တကယ်လို့ ငါ သူ့ကို ကူညီပေးနိုင်မယ်ဆိုရင်လည်း ကူညီပေးရမှာပေါ့"

"အင်းပါ။ ငယ်တုန်း စမ်းကြည့်တာကလည်း ထိခိုက်တာမျိုး ဘာမှသိပ်မရှိလောက်ပါဘူး"

ကျောက်ချန်းက အသံထွက် ရယ်မောလိုက်၏။ "ဟုတ်ပြီ။ ခဏလောက်စောင့်ဦး။ ငါ နင့်အတွက် သွားရှာပေးမယ်။ ငါ ခေါင်းဆောင်ကို ခေါ်လိုက်ရင်ရပြီလား"

"ရပြီ" ရှမြန်က ပြောလိုက်သည်။ "သူက ငါ့ရဲ့တပည့်လေးနော်။ ဒီတော့ အကောင်းဆုံးအခွင့်အရေးတွေနဲ့ ထိုက်တန်နေရမယ်"

ထန်မော့သည် လုံးဝကို မှင်တက်အံ့ဩသွားလေသည်။ သူသည် ရှမြန်က သူ ပြောခဲ့သလို အမှန်ပင် ပြုလုပ်ပေးခဲ့ကာ ဤကဲ့သို့ အဆက်အသွယ်များ ရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။ ညီငယ်လေး‌အေသည် သူ၏ဂုဏ်သိက္ခာကို လက်မလွတ်နိုင်သေးသဖြင့် အောင့်သက်သက်ဖြင့် ပြောလိုက်၏။ "ဆရာမရှက အဲဒါတွေကိုလည်း သိသေးတာလား"

ရှမြန်က ပြောလိုက်သည်။ "ဆရာဝန်တွေ၊ ဆရာမတွေ၊ ရှေ့နေတွေ၊ လူချမ်းသာတွေနဲ့ သိပ္ပံပညာရှင်တွေလို အထက်တန်းလွှာတွေနဲ့ သိဖို့ဆိုတာ မလွယ်ဘူးလေ။ ပိုပြီးခက်ခဲတာက သူတို့အကြောင်းသိဖို့ပဲ"

"မင်းတို့ကောင်စုတ်လေးတွေက အင်တာနက်ဆိုင်ကိုသွား ဒါမှမဟုတ် ကပွဲကို သွားလိုက်ရုံနဲ့ အချင်းချင်း သိနိုင်ကြတဲ့အချိန်မှာငါက ဘာဖြစ်လို့ မသိနိုင်ရမှာလဲ"

ထိုသို့ပြောလိုက်ပြီးနောက် ဒါက တော်တော်လေးကို ပညာရှင် မဆန်လေဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။

ပြောရင်းဆိုရင်း ကျောက်ချန်းက ပြန်ရောက်လာ၏။ "ငါ တွေ့ပြီ။ အဲဒါက ရှောင်းယောင်ကပွဲခန်းမက ဂိုဏ်းတစ်ခုပဲ။ ခေါင်းဆောင်ဟောင်းက ကျောက်ဖာ့တဲ့။ ဒါပေမဲ့ သိပ်မကြာခင်တုန်းက ဂိုဏ်းအတွက် ရန်ဖြစ်ပြီး ဖမ်းခံလိုက်ရတယ်လေ။ ခေါင်းဆောင်သစ်က လက်လွှဲယူထားပြီး သူတို့တွေက ဂိုဏ်းကို ပြန်ဖွဲ့စည်းနေတယ်တဲ့။ ဂိုဏ်းသားဟောင်းတွေ အားလုံးကို ဖယ်ရှားပစ်လိုက်တယ်လို့ ကြားတယ်။ အခုအချိန်မှာ ဝင်မယ်ဆိုရင်တော့ အချိန်ကောင်းပဲ"

"အဖွဲ့ထဲကိုဝင်ဖို့ ဘာလိုအပ်ချက်တွေရှိသေးလဲ"

ကျောက်ချန်းက ပြုံးပြီးပြောလိုက်သည်။ "လူမိုက်ဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်ချက်တွေ ရှိဦးမှာလဲ။ ရန်ဖြစ်တတ်ရုံ၊ ခိုင်းတာလုပ်တတ်ရုံဆိုရင် ရပါပြီ။ အချိန်တန်ရင် နင်နဲ့ မိတ်ဆက်ပေးဖို့ လူတစ်ယောက် ရှာပေးမယ်"

ဒီအချိန်တွင် ကျောက်ချန်းသည် ရုတ်တရက် အသံထွက်ကာ ရယ်မောလိုက်ပြီးပြောလိုက်၏။ "ငါ သူတို့တွေကို မနက်ဖြန် ခေါ်လာလို့ရပါတယ်။ ဒါပေမဲ့ နင့်ရဲ့ကျောင်းသားတွေကိုတော့ နင့်ရဲ့သရုပ်မှန်ကို မသိစေနဲ့ဦးနော်"

ထန်မော့နှင့် တခြားသူများသည် သူမကို ချက်ချင်းကြည့်လိုက်ပြီး သူမက တော်တော်လေး အံ့သြစရာကောင်းကာ လျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းတစ်ခုမှ ရောက်လာသည့်နှယ်ပင်။

ရှမြန်ကလည်း ဇဝေဇဝါ ဖြစ်သွားတော့သည်။ "ဘာဖြစ်လို့လဲ"

"အဲဒီအမဲရောင်နယ်မြေမှာ လူသစ်တွေကို ခေါ်ပြီး အလုပ်လုပ်ခိုင်းနေတဲ့ လူမိုက်လေးတွေ ရှိတယ် မဟုတ်လား။ နင်တို့ရဲ့နယ်မြေကို တာဝန်ယူထားတဲ့သူက ဘယ်သူလဲဆိုတာ သိလား"

"ဘယ်သူလဲ" ရှမြန်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီး"ငါက သူ့ကို သိတယ်လို့ နင်က ထင်နေတာလား"

"နင်က ငါ့ထက်တောင်မှ ပိုသိသေးတယ်" ကျောက်ချန်းသည် မနေနိုင်ဘဲ တဟားဟား အော်ရယ်တော့သည်။ "ဟိုတုန်းက သူ့ကိုထောင်ထဲပို့ခဲ့တာ နင်ပဲလေ"

ရှမြန်သည် မောက်ဟွေ့ကျူးပြောခဲ့သည့် "အစ်ကိုကျန်း"ကို စဉ်းစားမိသွားပြီး ရုတ်တရက် သူမ၏ မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။ "ဟောက်ကျန်းလား"

"အမှန်ပဲ" ကျောက်ချန်းက ပြောလိုက်၏။ "သူတို့တွေက နင့်တပည့်ဆိုတာကို မသိစေနဲ့နော်။ မဟုတ်ရင်တော့ သူက သူတို့တွေကို လက်ခံရဲလောက်မှာ မဟုတ်ဘူး"

"ဒါက ဘယ်လိုတောင် ရေစက်ဆိုးမျိုးလဲ" ရှမြန်မှာ ဆွံ့အသွားတော့သည်။

"သူ ထောင်ဒဏ်ကျတာ ဘယ်နှနှစ်လဲ။ ၇နှစ်၊ ၈နှစ်တောင် ကုန်သွားပြီပဲ။ သူက အခုလောက်ဆိုရင် ၃၀နားနီးနေပြီပေါ့။ သူက အခုထပ်ထိ တောက်တိုမယ်ရကောင်လေး ဖြစ်နေတုန်းလား"

"သူက ၉နှစ် ပြစ်ဒဏ်ချခံခဲ့ရတာလေ။ ဒါပေမဲ့ အဲဒီတုန်းက ကောင်းကောင်းပြုမူခဲ့တဲ့အတွက် ၁နှစ် လျှော့ပေးခဲ့တယ်။ အခု ထွက်လာပြီလေ"

"သူက ထွက်လာပြီး လူဆိုးဂိုဏ်းထဲ ပြန်ဝင်သွားတာလား" ရှမြန်မှာ နားမလည်နိုင်တော့ချေ။

"သူ့အဖေရော ဘယ်ရောက်သွားလဲ။ သူ့အဖေက အရမ်းချမ်းသာတာ ငါ မှတ်မိနေပါသေးတယ်"

"အဲဒါက အရင်တုန်းကပါ။ သူကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက မရိုးသားမှုကြောင့် အပြစ်ပေးခံခဲ့ရတယ်လေ။ ဒါပေမဲ့ သူ အခု အဆင်ပြေနေပါတယ်" ကျောက်ချန်းက ပြောလိုက်သည်။

"ဟောက်ကျန်း လွတ်လာပြီးတော့ သူက သိက္ခာကျတယ်လို့ထင်ပြီး ဟောက်ကျန်းကို လုံးလုံးအသိအမှတ်မပြုခဲ့ဘူးလေ။ အခု သူက သူ့ရဲ့အငယ်ဆုံးသားကိုပဲ သေသေချာချာလေးကို ပြုစုပျိုးထောင်နေတာ"

ရှမြန်သည် ထန်မော့ကို ကြည့်လိုက်ကာ"ဒါဆိုရင် သူက အသက်ရှင်ဖို့အတွက် အဲ့ဒီလိုမှမလုပ်ရင် အသုံးမကျတဲ့လူတစ်ယောက် ဖြစ်နေတော့တာပဲ"

ထန်မော့၏ မျက်နှာသည် သိချင်စိတ်အပြည့်ဖြစ်နေရာမှာ တစ်ဖန်ညိုမည်းသွားတော့သည်။ စကားပြောတယ်ဆိုလည်းပြောလေ။ ဘာဖြစ်လို့ လာကြည့်နေတာလဲ။

ညီငယ်လေး နှစ်ယောက်ကလည်း သူတို့ စိတ်ကူးထားသည့်အရာနှင့် အနည်းငယ် ကွဲပြားနေသယောင် ရှိသည်ကို ခံစားလိုက်ရ၏။

"ဟုတ်ပြီလေ။ ဒီလိုပဲ သတ်မှတ်လိုက်တာပေါ့" ရှမြန်က ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကျောင်းလာခဲ့။ ငါ မင်းတို့ကိုခေါ်ပြီးတော့ အစ်ကိုကြီးနဲ့ သွားတွေ့ပေးမယ်"

မူလက မျှော်လင့်ချက်အပြည့် ဖြစ်နေသည့် လူ၃ယောက်သည် သူတို့ကို စီစဥ်ပြီးသွားသောအခါတွင်လည်း မသက်မသာ ခံစားနေရ၏။

ရှမြန်ကလည်း သတိပေးလိုက်သည်။ "ဪ မင်းတို့လည်း အခုကြားလိုက်ကြတယ်နော်။ မင်းတို့တွေ အဲဒီကို ရောက်သွားရင် ငါ့တပည့်လို့ မပြောကြနဲ့။ ငါက အရမ်းနာမည်ကြီးတာ။ သူတို့တွေ အကြောက်လွန်သွားပြီးတော့ မင်းတို့ကို လက်မခံရဲဘဲ နေမှာစိုးလို့ပါ"

ညီငယ်လေးBက သိချင်စိတ်ဖြင့် မေးလိုက်၏။ "ဆရာမ ဆရာမက ဘာဖြစ်လို့နာမည်ကြီးတာလဲ"

ရှမြန်က ထူးထူးဆန်းဆန်းပြုံးပြလိုက်ကာ "မင်းတို့တွေ မသိတာဘဲ ပိုကောင်းမယ် ထင်တယ်"

"ဟုတ်ပါပြီ။ ကစားကွင်းကို ပြန်ကြတော့။ မင်းတို့တွေ ကစားပွဲပြီးရင် ပြန်လို့ရတယ်"

အောက်ထပ်သို့ ဆင်းလာချိန်တွင် သူမသည် လူမိုက်လေး၂ယောက်က ကောင်လေးတစ်ယောက်ကို လမ်းပိတ်ထားကာ ပိုက်ဆံတောင်းနေသည်ကို တွေ့လိုက်ရ၏။ ရှမြန်က သူတို့ကို တားမည် ပြင်လိုက်သော်ငြားလည်း ကောင်လေးနှစ်ယောက်သည် ပိုက်ဆံကို မြန်မြန်ဆွဲထုတ်လာကာ သူတို့ကို လှမ်းပေးလိုက်ပြီးနောက် ပြေးထွက်သွားတော့သည်။

လူမိုက်လေးတစ်ယောက်က ပိုက်ဆံကို ရေတွက်ရင်း ဝမ်းသာအား ရပြောလိုက်၏။ "ဒီနေ့တော့ နေရာမှန်ကို ရောက်လာခဲ့တာပဲ။ ယန်တွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းက ကျောင်းသားတွေက တကယ်ချမ်းသာကြတာပဲ"

နောက်ထပ် လူမိုက်တယောက်က ထပ်ပြောလိုက်၏။ "သူ့မှာ ယွမ်၅၀၀ကျော်တောင် ရှိနေသေးတာပဲ။ ဘာဖြစ်လို့ ၁၀၀ပဲ ယူလာတာလဲ"

"မင်း အဲဒါကို မသိပါဘူးလေ။ ဟုတ်တယ်မလား" လူမိုက်က ရှင်းပြလေသည်။ "ဒါက အတွေ့အကြုံပေါ်မှာ မူတည်တယ်။ တကယ်လို့ မင်းတို့တွေက ယွမ်၄၀၀ထက်ပိုပြီး လုယက်ပြီး ငွေညှစ်ခဲ့မယ်ဆိုရင် အချုပ်ကျရင်ကျ မဟုတ်ရင်ဒဏ်ငွေ ရိုက်ခံရလိမ့်မယ်"

"ဒါပေမဲ့ ၁၀၀အောက်ဆိုရင်တော့ အဆင်ပြေတယ်လေ။ အလွန်ဆုံး ပညာပေးခံရပြီးတော့ ချက်ချင်း ပြန်လွှတ်ပေးလိုက်ရမှာပဲ" လူမိုက်ကြီးက ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။

"အလွန်ဆုံး ငါတို့တွေ နောက်ထပ် လူနည်းနည်းပါးပါးကို လမ်းပိတ်ထားလိုက်ရုံပဲပေါ့။ ဒီလိုဆိုရင် သူတို့တွေလည်း ရဲကို အတူတူခေါ်လိုက်ကြပေါ့"

လူမိုက်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။ "ဒါက လုံးဝမဖြစ်နိုင်ဘူး"

"တကယ်လို့ သူတို့တွေက အင်အားပူးပေါင်းမယ်ဆိုရင်တောင် ငါတို့တွေက ကြောက်စရာမှမလိုတာ"

လူမိုက်ကြီးက အသံထွက်ကာ ရယ်မောလေသည်။ "ဒီလောက်ငွေတွေ အများကြီးကို ဒီငွေတွေက သူတို့ရဲ့ဟာပါလို့ ဘယ်သူက သက်သေပြနိုင်မှာလဲ။ ငါတို့အားလုံးကလည်း သူတို့ကို တစ်ယောက်ချင်းစီ လမ်းပိတ်ပြီးတော့ တားခဲ့ကြတာလေ။ ဒီတော့ သူတို့မှာ သက်သေမရှိဘူး"

"မင်း နားလည်သွားပြီလား"

လူမိုက်လေးက တအံ့တသြ ပြောလိုက်၏။ "နည်းလမ်းတွေက အများကြီးပါပဲလား။ ကျေးဇူးတင်ပါတယ် အစ်ကို"

လူမိုက်ကြီးက ပြောလိုက်သည်။ "အစ်ကိုလုံနဲ့ တခြားသူတွေလည်း ရောက်နေကြပြီ ထင်တယ်။ မြန်မြန်သွားကြမယ်။ မဟုတ်ရင် ဒီကျောင်းသားတွေ အုပ်စုဖွဲ့ပြီး ၅နာရီနောက်ပိုင်းကျရင် လမ်းပိတ်ထားဖို့ ခက်သွားလိမ့်မယ်"

သူတို့နှစ်ယောက်သည် ရှမြန်နှင့် တခြားသူများကို မတွေ့ဘဲ စကားပြောရင်းအောက်သို့ ဆင်းလာကြသည်။

ရှမြန်က ထန်မော့ကို ကြည့်ကာ ပြောလိုက်၏။ "မင်း သူ့ကို သိလား။ မင်း သူတို့ကို ဒီနေရာကို ခေါ်ခဲ့တာလား"

"အဲဒါက အမှတ်၁၄အလယ်တန်းကျောင်းက လူမိုက်တွေ မဟုတ်လား"

ထန်မော့၏မျက်နှာသည် ရှုံ့မဲ့သွားတော့သည်။ "အမှတ်၁၄ အထက်တန်းကျောင်းကသူတွေကို မသိပါဘူး"

"ဒါပေမဲ့ မင်းက နောက်ဆိုရင် သူတို့နဲ့ညီအစ်ကိုတွေ ဖြစ်လာတော့မှာလေ" ရှမြန်က ပြောလိုက်သည်။

"ပြီးတော့ နောက်ဆိုရင် သူတို့နဲ့ လုပ်ငန်းအတူတူလုပ်ရမှာပဲ။ ငါမြင်တာတော့ သူတို့တွေက တော်တော်လေးကို အရည်အချင်းရှိပြီး အတွေ့အကြုံလည်း တော်တော်လေးကို များတာပဲ။ မင်း သူတို့ဆီက တစ်ခုခုတတ်ခဲ့သေးလား"

ထန်မော့သည် ဒေါသတကြီးပြောလိုက်၏။ "ကျွန်တော့်မိသားစုက ပိုက်ဆံမှမလိုတာ။ ကျွန်တော်က ဘာဖြစ်လို့ အဲဒီလိုလုပ်ရမှာလဲ"

"ဟုတ်သားပဲ" ရှမြန်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ "မင်း သူတို့ရဲ့ခေါင်းဆောင်ဖြစ်လာပြီးရင်တော့ သူတို့ကို ကောင်းကောင်းထိန်းချုပ်ပြီး ချင်းလုံဂိုဏ်းကို အရှက်ရအောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"

ရှမြန်က သူ့ကို ဖုန်းပြန်ပေးလိုက်ကာ ပြောလိုက်သည်။ "တကယ်လို့ မင်းကအစ်ကိုကြီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ဒီနေ့ သူတို့တွေနဲ့ မလိုက်သွားနဲ့ဦး။ မနက်ဖြန်ကျမှ အဲဒီအကြောင်း ဆက်ပြောကြမယ်"

ရှမြန်သည် ထန်မော့က သူ့ကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံခြင်းကို သဘောကျမှန်းသိသည်။ သို့သော်ငြား သူသည် ဆန့်ကျင်တက်သည့်အရွယ်ရောက်နေပြီး ခေါင်းဆောင်ဖြစ်ရခြင်းက မိမိုက်ကာ ဂုဏ်သိက္ခာရှိသည်ဟု ထင်သည်။ ဒါကလည်း သူ့အဖေအလုပ်နှင့် အနည်းငယ် ဆက်စပ်မှုရှိနေ၏။ ရန်ဖြစ်ရမည်ဆိုလျှင်ပင် ထန်မော့သည် ငွေညှစ်မည့်အလုပ်ကိုတော့ သေချာပေါက် လုပ်မည်မဟုတ်မှန်း သူမက သိနေ၏။

ချန်းချန်းနှင့် တခြားသူများက ထိုလူမိုက်အုပ်စုကို ရှင်းလင်းကြသည့်အချိန်တွင် ထန်မော့က ပါဝင်ပတ်သက်နေလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

ရှမြန်သည် ရဲစခန်းမှ ဖုန်းဝင်လာသောအခါ အလွန်တည်ငြိမ်နေ၏။ လက်တလောနှစ်များတွင် သူမ၏ မိသားစုသည် ရဲစခန်းကရဲအရာရှိများနှင့်ပင် ရင်းနှီးလာကာ တင်းစီကျင်းအဖေ၏ ရဲဘော်ရဲဘက်များကြောင့်သာပင် မဟုတ်ပေ။

အဓိကအကြောင်းအရာမှာ သူတို့မိသားစုကကလေးများသည် ရဲခေါ်ဖို့ရန် အလွန် သတိရှိကြခြင်းကြောင့်ပင်။ ရှောင်ဖုန်းသည် ကလေးပြန်ပေးဆွဲသမားကို ဖမ်းဆီးနိုင်ခဲ့ပြီး မောက်ဟွေ့ကျူးက ပျောက်ဆုံးသွားသည့် ကလေးတစ်ယောက်ကို ရှာဖွေပေးခဲ့သည်။ သူတို့သည် သူခိုးဖမ်းဖို့ရန်ပင် အတူတူ အလုပ်လုပ်ခဲ့ကြသေးသည်။

ပြီးခဲ့သည့်နှစ်က အမှတ်၁၄အထက်တန်းကျောင်းက လူမိုက်များက ယန်တက္ကသိုလ် တွဲဖက်အထက်တန်းကျောင်းက ကျောင်းသားများကို ဝိုင်းရံထားပြီး ထိုအချိန်တွင်လည်း သူတို့က ရဲများကို ခေါ်ယူခဲ့သည်။ သို့သော်ငြား သူတို့သည် အသက်မပြည့်ကြသူများဖြစ်ကာ အခြေအနေကလည်း မပြင်းထန်သဖြင့် ရလဒ်မထွက်လာချေ။

မည်သို့ဆိုစေ နဥ်ရှောက်ပိုင် အစောကတည်းက ပြောခဲ့သည့်အတိုင်းပင် သူတို့မိသားစုသည် ရဲစခန်းသို့ မကြာခဏ အလည်အပတ်ရောက်လာသူများ ဖြစ်လာတော့သည်။

ရှမြန်သည် ချန်းချန်းက ဒီနေ့တွင်တော့ ထိုလူမိုက်များကို သွားရောက်စာရင်းရှင်းမည်ဟု ကြားလိုက်ချိန်တွင် ချန်းချန်းကတော့ ရဲစခန်းကို ဖုန်းခေါ်လိမ့်မည်ဟု သူမက ထင်ခဲ့မိ၏။ ချန်းချန်းသည် ကတိတစ်ခုကို အလွယ်တကူပေးတတ်သူ မဟုတ်ချေ။ အကယ်၍ သူသည် ထိုကတိကို ပေးလိုက်လျှင်လည်း သေချာပေါက် ဖြေရှင်းမည့်လူဖြစ်လေသည်။

သူမကတော့ ရဲစခန်းသို့သွားကာ ကလေးများကို သွားကြိုရုံသာဟု ထင်ခဲ့၏။ သို့သော်ငြား သူမသည် သက်သေတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ အကြောင်းမှာ ထန်မော့ကို ထိုလူမိုက်များက နောက်ကွယ်က ခိုင်းစေသူဟု တစ်ညီတစ်ညွတ်တည်း ထောက်ပြကြခြင်းကြောင့်ပင်။ အကြောင်းအရင်းကလည်း လုံလောက်နေသည်။ သူသာ သူတို့ကို ဦးဆောင်ကာ မခေါ်လာခဲ့လျှင် သူတို့သည် ယန်တွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းသို့ ဝင်နိုင်လိမ့်မည်မဟုတ်ချေ။

ဒီလူမိုက်လေးများက အလွန်ညီညွတ်ရသည့် အကြောင်းရင်းကလည်း သူတို့သည် ယွမ်၂၀၀၀ကျော် ငွေညှစ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ဒါသည် ကြီးမားသည့်ပမာဏတစ်ခုဟု မှတ်ယူနိုင်ပြီး သူတို့သည် ထိုသို့အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ မည်သို့ဆိုစေ ဒါသည်ပြစ်ဒဏ်တစ်ခု ချမှတ်ခံရရန် လုံလောက်သည်။ ထို့ကြောင့် သူတို့အားလုံးက ထန်မော့ပေါ်သို့ အပြစ်ပုံချကြတော့သည်။

စုံစမ်းစစ်ဆေးရေးခန်းမသို့ ဝင်လာပြီးနောက် ရှမြန်က မေးလိုက်၏။ "ဒီနေ့ အဲဒီလူမိုက်လေးတွေ ပြောခဲ့တဲ့စကားကို ကျွန်မ ကြားခဲ့တယ်။ သူတို့တွေက ငွေပမာဏ နည်းနည်းလေးကို ထပ်ခါထပ်ခါ ငွေညှစ်ရမယ်တဲ့။ သူတို့တွေက ရဲတွေကို ပေါင်းပြီးတော့ ခေါ်မယ်ဆိုရင်တောင် ဘာသက်သေမှ ရှိလာမှ မဟုတ်ဘူးတဲ့လေ"

ရဲအရာရှိသည် အသံထွက်ရယ်မောကာ ပြောတော့၏။ "ကလေးတွေက တကယ်ဉာဏ်ကောင်းကြတာပဲ"

"ပိုက်ဆံတွေပေါ်မှာ နာမည်တွေ ရေးထားတယ်လေ" ရဲအရာရှိက ပြောလိုက်သည်။

"အဲဒီလူမိုက်တွေကလည်း ကလေးတွေကို ငွေညှစ်ဖို့ စဉ်းစားထားတာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဒီနေ့ကလေးတွေဆီမှာ ငွေအများကြီး ရှိတယ်ဆိုတာ သိထားတယ်လေ။ ဒီတော့ သူတို့တွေကလည်း ပျော်ပျော်ကြီး လုယက်ခဲ့ကြတာပေါ့။ ကျောင်းဆင်းခါနီးအချိန်မှာ ချန်းချန်းက ရဲကို ဖုန်းခေါ်ခဲ့တာ။ ကျွန်တော်တို့တွေလည်း သူတို့ကို လက်ပူးလက်ကြပ် မိခဲ့တယ်လေ။ သူတို့တွေက ငွေကိုတောင် ပြန်မလွှဲရသေးဘူး"

"အဲဒီကျောင်းသားတွေကလည်း ပြောတယ်။ သူတို့ရဲ့နာမည်တွေကို ပိုက်ဆံပေါ်မှာ ချရေးထားတယ်တဲ့။ ကျွန်တော်တို့လည်း အားလုံးကို သေသေချာချာ စစ်ဆေးပြီးပါပြီ။ သက်သေကလည်း အခိုင်အမာရှိတယ်"

"ဆရာမတို့မိသားစုက ကလေး၃ယောက်က ပိုပြီးတော့တောင် အံ့သြစရာကောင်းသေးတယ်။ သူတို့တွေက မနေ့ညက ရောင်ပြန်အမှုန့်တွေနဲ့ ကစားထားလို့ ငွေပေါ်မှာလည်း ရောင်ပြန်အမှုန့်တွေ ရှိနေတယ်လို့တောင် ပြောသေးတယ်"

ရဲအရာရှိက တိုးတိုးလေး ပြောလိုက်သည်။ "ဆရာမရှ ဒီတစ်ကြိမ် ဆရာမတို့ အိမ်ကကလေးတွေက ငါးဖမ်းပြီးမှ ရဲခေါ်ခဲ့တာပဲနော်။ ဟုတ်တယ်မလား။ သူတို့တွေက စိတ်ထဲမှာ တေးမှတ်ထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော်တို့တွေ အဲဒီလူမိုက်တွေကို မဖြေရှင်းခဲ့လို့လေ"

ရှမြန်သည် ဒီနေ့မနက်က မောက်ဟွေ့ကျူး တစ်တန်းပြီးတစ်တန်း ဝင်ထွက်နေသည်ကို ရုတ်တရက် သတိရသွားတော့သည်။ သူမက အဖွဲ့လိုက် လမ်းလျှောက်သွားလာကြသည့် ကျောင်းသူကျောင်းသားများကို အထူးတလည် မှာကြားထားတာ ဖြစ်ရမည်။ သို့တိုင် ဒီနေ့တွင် လူအများကြီး ရှိနေသဖြင့် တစ်ယောက်ချင်း ပြန်သွားသူများသည် ချောင်ပိတ်ခံခဲ့ရပြီး ငွေတောင်းခံခဲ့ရတာ ဖြစ်မည်။

ဟုတ်ပါသည်။ ရှမြန်က ထိုကိစ္စကိုတော့ ဝန်မခံနိုင်ချေ။ ဒီအတိုင်းသာ ရယ်မောကာ ပြောလိုက်တော့၏။

"ကျွန်မအထင်တော့ ကလေးတွေကလည်း ဉာဏ်ကုန်သုံးခဲ့တာနေမှာပါ။ အမှတ် ၁၄ အထက်တန်းကျောင်းက လူမိုက်တွေကလည်း ပိုပိုပြီးတော့ ရမ်းကားလာ ကြတယ်လေ။ ကျွန်မတို့ကျောင်းက ကျောင်းသူ ကျောင်းသားတွေကို အမြဲတမ်း လုယက်နေတာ"

"ဒီနေ့က အားကစားပွဲတော်နေ့။ လူတိုင်းကလည်း လွတ်လွတ်လပ်လပ် အချိန်တွေ အများကြီးရတယ်။ ဒီတော့ သူတို့တွေကလည်း သေချာပေါက် သတိထားချင်ကြမှာပဲလေ။ အဲဒီလူမိုက်တွေက ဒီနေ့မှ အရမ်းကိုထောင်လွှားပြီး ဒီလိုတိုက်ဆိုင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ပဲ မျှော်လင့်မထားတာပါ။ ဒီအဖွဲ့ကို ရှင်းလိုက်တာကလည်း အချိန်ကိုက်ပါပဲလေ။ ဒီတော့ ကျောင်းသူကျောင်းသားတွေလည်း အေးအေးချမ်းချမ်းနဲ့ ခဏလောက် ငြိမ်ငြိမ်သက်သက်လေး နေလို့ရတာပေါ့"

ရဲအရာရှိက အကြောင်းသိနေသည်ဟူသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီးနောက် ထန်မော့အကြောင်းကို မေးလိုက်တော့သည်။

…

အပိုင်း (၂၄၈)

ရှမြန်သည် ထွက်ဆိုချက်ပေးပြီး ပြန်ထွက်လာချိန်တွင် ညိုမည်းနေသည့်မျက်နှာနှင့် ထန်မော့ကို တွေ့လိုက်ရ၏။ သူသည် အလွန်ဒေါသထွက်နေသည်မှာ သိသာသည်။ လူငယ်လေး၂ယောက်ကလည်း ဒေါသထွက်နေသော်ငြားလည်း ပိုပြီးစိုးရိမ်နေသည့်ဟန်ပေါ်၏။ နောက်ဆုံး သူတို့သည် ရဲစခန်းသို့ သွားရသည်။ ဤသို့သောကိစ္စမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးချေ။

ရှမြန်သည် ထန်မော့အတွက် အနည်းငယ်ပင် ကိုယ်ချင်းစာသွားတော့၏။ ပုံမှန်ဆိုလျှင် မောက်မာထောင်လွှားလွန်းသည် ကျောင်းက လူဆိုးလေးသည် သူမ၏ဖိနှိပ်ပြီး လှောင်ပြောင်သရော်ခံခဲ့ရကာ မောက်ဟွေ့ကျူး၏ အထင်သေးခံခဲ့ရပြီး ကျောင်းမဆင်းခင်မှာပင် သူ့ညီအစ်ကို၏ သစ္စာဖောက်ခြင်းခံခဲ့ရသည်။ နောက်ဆုံး သူသည် ဥပဒေ၏မှားယွင်းသည့်ဘက်ခြမ်းသို့ တွန်းပို့ခံခဲ့ရပြီး ပြစ်ဒဏ်ချမှတ်ခံရပေတော့မည်။

"ဟုတ်ပါပြီ။ အဲဒီလောက် မျက်နှာပျက်မနေကြပါနဲ့..." ရှမြန်က သူတို့ပခုံးကို လှမ်းပုတ်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "မင်းတို့ မလုပ်ထားတဲ့အရာတွေအပေါ် မင်းတို့ကို အပြစ်တင်လို့ မရဘူးလေ။ ဟုတ်တယ်မလား"

သူတို့၃ယောက်မှာ သက်ပြင်းချလိုက်ကြပြီး စိတ်အေးသွားကြသည်မှာ သိသာသည်။

အဖွဲ့ကို ခေါင်းဆောင်လာသည့် လူမိုက်များသည် ရဲစခန်းသို့ မကြာခဏ ရောက်လာတတ်သူ ဖြစ်ကြောင်းသိသာ၏။ ထိုစကားကို ကြားလိုက်ပြီးနောက် သူက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ "မင်းက သူတို့ရဲ့ဆရာမပဲ။ ဒီတော့ မင်းက သူတို့ဘက်လိုက်တာ သဘာဝကျတယ်လေ"

"ဒါပေမဲ့ ဒီကိစ္စက ခိုင်လုံတဲ့သက်သေ လိုအပ်တယ်လေ။ ရဲအရာရှိ တကယ်လို့ ကျွန်တော့်ကို မယုံဘူးဆိုရင် သူ့ဖုန်းကို စစ်ကြည့်လိုက်လို့ရတယ်။ အဲ့ဒီဖုန်းထဲမှာ ကျွန်တော့်ရဲ့ဖုန်းနံပါတ် ရှိတယ်မလား။ သူ့ဆီက ဖုန်းခေါ်ဆိုမှုတွေ ရှိတယ် မဟုတ်လား"

"ဒီနေ့ ကျောင်းသားအားကစားပွဲတော်မှာ ကျောင်းသားတွေက ပိုက်ဆံအများကြီး ယူလာခဲ့တယ်လို့ သူက ကျွန်တော်တို့ကို မပြောခဲ့ဘူးဆိုရင် ကျွန်တော်တို့ကလည်း ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ။ သူကမှ ကျွန်တော်တို့ကို ကျောင်းကို လာခိုင်းလိုက်တဲ့သူ"

"မင်း လျှောက်ပြောနေတာ"ထန်မော့သည် ဒေါသတကြီး ဖြစ်သွား၏။ "မင်းပဲ ပြောခဲ့တာ မဟုတ်လား။ ငါက တွဲဖက်အထက်တန်းကျောင်းကဆိုတော့ တစ်ခါလောက် လာကြည့်ချင်တယ်လို့လေ..."

"ငါတို့တွေက အထက်တန်းကျောင်းတစ်ခုကို သွားပြီးတော့ ဘာကြည့်ရမှာလဲ..."

"ဟုတ်ပါပြီ" ရှမြန်က ဒေါသထွက်တော့မည့် ထန်မော့ကို လှမ်းဆွဲထားလိုက်ကာ"ဘာဖြစ်လို့ အဲဒီလောက် အလျင်လိုနေတာလဲ။ လူမိုက်တစ်ယောက် ပြောတဲ့စကားကို ဘယ်သူက ယုံမှာလဲ။ မင်းကလည်း ဒါကို အဲဒီလောက် အလေးအနက်ထားနေသေးတယ်။ ရယ်စရာကောင်းလိုက်တာ..."

သူမက ခေါင်းဆောင်ကိုကြည့်လိုက်ကာ"အစ်ကိုယွင် ဟုတ်လား"

"ရှင်က အတွေ့အကြုံရှိတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ လုံးဝသေချာသွားအောင် ရှင်ရာဇဝတ်မှု ဥပဒေတစ်ခုလုံးကို သေသေချာချာလေး ဖတ်ဖို့ အကြံပြုလိုက်မယ်။ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ကျော်လွန်ပြီး ငွေညှစ်တာကိုပဲ အပြစ်ပေးလို့ရနိုင်တဲ့အပြင် မှားယွင်းစွပ်စွဲခြင်းနဲ့ မဟုတ်မမှန် မှားယွင်းစွပ်စွဲခြင်းကလည်း ပြစ်ဒဏ်ချမှတ် ခံရနိုင်တယ်နော်"

"ဒါမှမဟုတ် ရှင်တို့တွေက ရဲအရာရှိတွေကို အရူးတွေလို့ ထင်နေကြတာလား။ ဒီနေ့ ဒီနေရာမှာ လူသတ်သမားတစ်ယောက်က ခိုင်လုံတဲ့ထင်မြင်ချက်တစ်ခုကို ပေးလိုက်ရုံနဲ့ သံသယရှိတဲ့သူကို ပြောင်းလိုက်လို့ရမှာတဲ့လား"

သူမဘေးက ရဲအရာရှိက ဝင်ပြောလိုက်သည်။ "သူတို့တွေက ပညာမတတ်ဘူးလေ။ သူတို့ဦးနှောက်တွေကလည်း အဲဒီလောက် ကောင်းတာ မဟုတ်ဘူး"

"မဟုတ်မမှန် မှားယွင်းစွပ်စွဲခြင်းက ထောင်ဒဏ်၃နှစ် အပြစ်ပေးခံရနိုင်တယ်" ရဲအရာရှိက လက်ခုပ်တီးလိုက်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်များကို လှမ်းခေါ်လိုက်သည်။ "လာကြဦး။ သူတို့တွေကို ခွဲပြီးတော့ စစ်ဆေးရမယ်။ ထန်မော့က နောက်ကွယ်က ခိုင်းစေတဲ့သူပါလို့ မင်းတို့ထဲက ဘယ်သူပြောလိုက်တာလဲ။ ချရေးလိုက်"

"မင်းတို့ကို ခဏခဏ ဖမ်းရတာ အလုပ်ရှုပ်လာပြီ။ ဒီတော့ ပြစ်ဒဏ်၂ခုအတွက် နှစ်ရှည် ထောင်ဒဏ်ချမှတ်လိုက်မယ်။ ဒီလိုဆိုရင် ပိုအဆင်ပြေသွားမှာပဲ"

အစ်ကိုယွင်၏မျက်နှာသည် ပြောင်းလဲသွားပြီး တခြားလူမိုက်များ အားလုံးကလည်း တစ်ပြိုင်တည်း သူ့ကို ကြည့်လိုက်ရသည်။ ထိုအချိန်တွင် မရှင်းလင်းသည်မှာ အဘယ်ရှိပါမည်နည်း။

အစ်ကိုယွင်သည် မျက်နှာပေါ်က ရှုံ့မဲ့နေသည့်ရုပ်ကို ပြန်ထိန်းထားလိုက်ပြီး လူမိုက်များသည် ထောင့်နားတွင်တန်းစီကာ စုံစမ်းမေးမြန်းခံရဖို့ရန် စောင့်စားနေကြတော့သည်။

ရဲစခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး ရဲအရာရှိတစ်ယောက်က လူတစ်ယောက်နှင့်အတူ လျှောက်ကာဝင်လာခဲ့သည်။ ထိုလူသည် အသက်၃၀ဝန်းကျင် ရှိပြီဖြစ်ကာ ခါးကိုင်းကိုင်း ပခုံးလျောလျောနှင့် တကယ့်ကို လူညစ်တစ်ယောက်ရုပ် ပေါ်နေ၏။ သူသည် ရဲစခန်းကို အလွန်ကြောက်ရွံ့သည်မှာ သိသာသည်။ သူ့မျက်လုံးများက တဖျတ်ဖျတ် ခတ်နေပြီး သူက ရဲအရာရှိကို မြှောက်ပင့်နေသည့်အပြုမူတစ်ခုဖြင့် စကားပြောလိုက်၏။ "ရဲဘော် အဲဒီလူမိုက်တွေက ကျွန်တော် အခုမှ ထွက်လာတယ်ဆိုတဲ့ သတင်းကိုကြားပြီး လူတွေကို ခြိမ်းခြောက်ဖို့ ကျွန်တော့နာမည်ကို အသုံးချနေတာပါ။ ကျွန်တော် တကယ်အပြစ်ကင်းပါတယ်"

ရဲအရာရှိက မေးလိုက်၏။ "မင်း သူတို့ရဲ့လက်ဆောင်တွေကို လက်ခံထားတယ် မဟုတ်လား"

"မဟုတ်ပါဘူး။ တကယ် မဟုတ်ရပါဘူး" ထိုလူက အလောတကြီး ပြောလိုက်သည်။ "ကျွန်တော် သုံးနေတဲ့ငွေတွေအားလုံးကို ကျွန်တော့်အဖေက ပေးထားတာပါ"

ရဲအရာရှိက လျှောက်ကာဝင်လာပြီး ရှမြန်ကို တွေ့လိုက်ရသောအခါ ပြုံးကာပြောလိုက်လေသည်။

"ဆရာမရှ။ ဆရာမရဲ့ကလေးက ဒီတစ်ခါလည်း နောက်ထပ်အကျိုးဆောင်မှုတွေ လုပ်သွားပြန်ပြီ"

ရှမြန်က ရယ်မောကာ ပြောလိုက်သည်။ "အကျိုးဆောင်မှုလုပ်တယ် မလုပ်တယ်ဆိုတာ ဘာအရေးကြီးမှာလဲ။ အဓိကက ဒီလူမိုက်လေးတွေက ကျောင်းသားတွေကို အမြဲတမ်း အနိုင်ကျင့်နေတာလေ။ ဒီတစ်ခါတော့ သူတို့ကို ဖမ်းမိသွားတာပေါ့"

သူမက ထိုအမျိုးသားကိုကြည့်ကာ ပြုံးလိုက်သည်။ "ဟောက်ကျန်း မတွေ့တာကြာပြီနော်"

ဟောက်ကျန်း၏ မျက်နှာသည် အေးခဲသွားတော့သည်။ ၇နှစ်၊ ၈နှစ် ကုန်ဆုံးသွားခဲ့သော်ငြားလည်း ရှမြန်သည် အများကြီး ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။

သူသည် ဆေးရုံသို့ ရောက်သွားသည့်အထိ တစ်ဖက်လူ၏ ရိုက်နှက်ခံခဲ့ရသည်ကို ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်။ သူသည် လက်စားချေမှုကို မရေမတွက်နိုင်အောင် စဉ်းစားခဲ့သော်ငြားလည်း သူထွက်လာပြီးသည့်နောက်တွင် ဟောင်ကျန်းပထမဦးဆုံး လုပ်လိုက်ရသည့်အရာမှာ သူမ၏ အချက်အလက်ကို ပြောပြပြီး မိသားစုအား ထပ်ပြီးဒုက္ခမပေးဖို့ရန် သတိပေးခံလိုက်ရခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် သူသည် အသုံးမကျ လူမိုက်တစ်ယောက် ဖြစ်နေဆဲဖြစ်သည်။ တစ်ဖက်လူကတော့ သူ့ကိုရှင်းထုတ်ဖို့ရန်အတွက် ကိုယ်တိုင်ပင် လုပ်စရာမလိုတော့ချေ။

ရှမြန်က ပြုံးပြီး ပြောလိုက်၏။ "တကယ်လို့ သူတို့တွေက အသိတွေဆိုရင် ဖြေရှင်းရတာ လွယ်ကူသွားပါလိမ့်မယ်။ ဒါက ရှင့်ရဲ့ဒီညီငယ်လေးတွေကို ဆုံးမပေးဖို့ ပိုပြီးတော့ အဆင်ပြေသွားလိမ့်မယ်။ သူတို့အားလုံးက အရမ်းကို ဆိုးညစ်ကြတယ်လေ။ ကြည့်စမ်း။ သူတို့တွေက ရှင့်ကိုတောင် ဆွဲထည့်နေကြပြီ။ ဒီအပြင် သူတို့တွေက ကျွန်မရဲ့ကျောင်းသားတွေကိုလည်း ချောက်ချခဲ့သေးတယ်"

"ရှင် သူတို့တွေကို သူတို့ရဲ့နည်းလမ်းအတိုင်း ပြန်လည်ပြုပြင်ဖို့ နားချခိုင်းဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ရွှီဖေးက သိပ်မကြာခင် အောင်လက်မှတ်ရတော့မှာ။ သူတို့ကို လေ့ကျင့်ပေးဖို့အတွက် အသုံးပြုတာ ပိုပြီးတော့ ကောင်းလိမ့်မယ်။ တကယ်လို့ သူတို့တွေက ရှင့်ကို ဆွဲထည့်ခဲ့မယ်ဆိုရင်..."

ရွှီဖေးသည် သူ့အဖေ၏ ရွှေနာရီကို အသုံးပြုပြီး ပါးသကျင်းအဖွဲ့ကို ရဲစခန်းသို့ ပို့ပေးခဲ့သူဖြစ်၏။ ဒီကိစ္စကလည်း လူမိုက်များကြားတွင် တော်တော်များများ သိနေပြီးသားဖြစ်သည်။

ငွေပမာဏနည်းနည်းလေးကိုပဲ ငွေညှစ်ကြတဲ့လား။ ဒါက အဲဒီကတည်းက တွေ့ကြုံရတဲ့အတွေ့အကြုံကို လက်ဆင့်ကမ်းလာခဲ့တာပဲ။

ထိုကတည်းက ရွှီဖေးသည် ဥပဒေကို စိတ်ဝင်စားသွားပြီး နောက်ပိုင်းတွင်တော့ ရှေ့နေတယောက် ဖြစ်လာဖို့ရန် လျှောက်ခဲ့သည်။ ကောလိပ်မှ ဘွဲ့မရသေးခင်တွင် သူသည် လူမိုက်များကို လေ့ကျင့်ပေးခဲ့ပြီး သူတို့အကြားတွင် နာမည်ကြီးသည့်လူတစ်ယောက် ဖြစ်လာခဲ့သည်။

"မဟုတ်တာ။ မဟုတ်တာ" ဟောက်ကျန်းက မြန်မြန်ပြောလိုက်၏။ "သူတို့ကို အမှန်အတိုင်း ပြောခိုင်းလိုက်ပါမယ်။ စိတ်မပူပါနဲ့။ ဆရာမရှ"

ထန်မော့သည် ပုံမှန်ဆိုလျှင် အလွန်ဝံ့ကြွားလွန်းလှသည့် ထိုအစ်ကိုကြီးကို ကြည့်လိုက်သည်။ သို့သော်ငြား သူသည် ရဲများရှေ့တွင် အလွန်ရိုကျိုးပြီး သူ့မှာ သူ့ရွေးချယ်မှုအတွက် သံသယမဖြစ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ အမှောင်လောကက ဒီအစ်ကိုကြီးက အဲဒီလောက်လည်း အင်အားကြီးတဲ့ပုံ မပေါ်ပါလား။

သူ စဉ်းစားနေသည့်အရာကို သိနေသည့်နှယ် ရှမြန်က သူ့ကို နှစ်သိမ့်စကားပြောလိုက်သည်။

"စိတ်မပျက်ပါနဲ့။ အဲဒီခါးကိုင်းကိုင်းလူတွေက လူမိုက်လို့တောင်မှ သတ်မှတ်လို့ မရပါဘူး။ မင်းက အဲဒီလိုအင်အားကြီးတဲ့ အစ်ကိုကြီးတစ်ယောက် ဖြစ်လာချင်တယ်ဆိုတော့ ဆရာမက မင်းကို မနက်ဖြန်ကျရင် အဲဒီနေရာကို ခေါ်သွားပေးမယ်။ နင်တို့တွေက အနုပ်စုတ်ဂုတ်စုတ် သူခိုးတွေတော့လုပ်မှာ မဟုတ်ဘူးလေ။ မင်းတို့တွေက ထိပ်တိုက်တွေ့ဆုံမဲ့ရန်ပွဲကိုပဲ လုပ်ကြမှာ"

ထန်မော့...

အထင်ကြီးတယ်လို့လည်း ခံစားချက်မဖြစ်လာပါလား။

"ရပါတယ်။ အဆင်ပြေပါတယ်။ ရဲအရာရှိက မင်းရဲ့ထွက်ဆိုချက်ကို ယူတဲ့အခါ ပူးပေါင်းပေးလိုက်။ ငါတို့တွေ ခဏနေ အိမ်ပြန်ရမှာပါ"

ထန်မော့နှင့် တခြားနှစ်ယောက်သည် စိတ်အေးသွားသလို စိတ်မသက်မသာလည်း ဖြစ်မိတော့၏။ စိတ်အေးရသည်မှာ ဒီနေ့တွင် အရာအားလုံးက အဆင်ပြေနေလိမ့်မည် ဖြစ်သော်ငြားလည်း ရှမြန်က မနက်ဖြန်အကြောင်းကို ပြောလိုက်ချိန်တွင် သူတို့သည် စိတ်မသက်သာအောင် ဖြစ်သွားတော့သည်။ ထိုအချိန်တွင်တော့ သူတို့သည် ရှမြန် ပြောသည့်စကားလုံးတိုင်းကို ယုံကြည်သွားကြတော့၏။

ရှမြန်က ဆိုးညစ်သည့် ရည်ရွယ်ချက်များဖြင့် လူမိုက်များလုပ်ဖို့ရန် ရည်ရွယ်ထားသည့် ဤကလေးနှစ်ယောက်ကို စနောက်ကျီစယ်လိုက်ပြီးနောက် ပြန်လာကာ သူမ၏ကလေးများကို လာရှာလိုက်တော့သည်။

ထိုအချိန်တွင်တော့ သူမသည် ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့သာ ထိုနေရာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ "ချန်းချန်း ဘယ်ရောက်သွားတာလဲ"

"ချန်းချန်းက အန်းအန်းကို ဆေးရုံခေါ်သွားတယ်"

ရှမြန်က မျက်မှောင်ကြုတ်လိုက်ကာ"ဘာဖြစ်တာလဲ။ အန်းအန်း ဒဏ်ရာရသွားလို့လား"

"အင်း"မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "အဲဒီလူမိုက်နှစ်ယောက်က အန်းပိုင်ကို အနိုင်ကျင့်ခဲ့တယ်လေ။ အန်းအန်းက သူတို့နဲ့စပြီးတော့ ရန်ဖြစ်ခဲ့တာ"

ရှမြန်မှာ အထိတ်တလန့်ဖြစ်သွားပြီး မေးရတော့သည်။ "သူက အသက်ဘယ်လောက် ရှိနေပြီမလို့လဲ။ လူမိုက်တွေနဲ့တောင်မှ ရန်ဖြစ်နေတာတဲ့လား။ ဘယ်လိုဖြစ်တာလဲ။ သူ့ဒဏ်ရာ အရမ်းပြင်းတာလား"

နတ်သမီးရန်ပုံငွေက ရှင်းရှင်းပရဟိတကျောင်းက ကလေးများ၏ ဆေးကုသမှုပြဿနာကို ဖြေရှင်းခဲ့ပြီးနောက်တွင် မိဘမဲ့ကျောင်း၏အခြေအနေသည် အများကြီး တိုးတက်လာခဲ့၏။

နောက်ပိုင်းတွင် ရှ၀မ်ယွဲ့သည် ချန်ဖာ၏ ဇွဲလုံ့လရှိမှုကို အထင်ကြီးလေးစားပြီး သူ့ကို အရောင်းစာရေးအဖြစ် ငှားရမ်းခဲ့သည်။ ချန်ဖာသည် အရောင်းအဝယ်လုပ်ရာတွင် အမှန်တကယ် တော်ပြီး တစ်နှစ်အတွင်းမှာပင် အရောင်းမန်နေဂျာ ဖြစ်လာခဲ့သည်။ ထို့နောက်တွင်တော့ သူသည် သူ့လစာအများစုကို ကျောင်းသွားနိုင်သည့် အရွယ်ရောက်နေပြီဖြစ်သည့် သူ၏ညီလေးနှင့် ညီမလေးများ၏ ပညာရေးအတွက် ထောက်ပံ့ပေးခဲ့သည်။

အနုပညာပြခန်းသို့ အလည်လာခဲ့ပြီးသည့်နောက်တွင် ယဲ့အန်းပိုင်က ဟန်ရေးပြမော်ဒယ်တစ်ယောက် လုပ်ဖို့ရန် ဆုံးဖြတ်ခဲ့သည်။ ဤပြခန်း၏ အားပေးမှုကို ခံခဲ့ရပြီးသည့်နောက်တွင် သူမသည် တဖြည်းဖြည်း သတ္တိများရှိလာကာ သာမန်ကလေးများနှင့်အတူ ကျောင်းစတက်တော့သည်။ ဒီနှစ်တွင် သူမသည် ယန်တွဲဖက်တက္ကသိုလ် အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့၏။ သူမနှင့်အတူ တွဲဖက်အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သူမှာ ယဲ့အန်းအန်းဖြစ်လေသည်။ သို့သော်ငြားလည်း ယဲ့အန်းပိုင်သည် အထက်တန်းပထမနှစ်တက်နေပြီဖြစ်ပြီး ယဲ့အန်းအန်းကတော့ အလယ်တန်းပထမနှစ် ဖြစ်သည်။

ရှမြန်သည် အလယ်တန်းပထမနှစ် မိန်းကလေးတစ်ယောက်က အသက်၁၈၊ ၁၇ရှိပြီဖြစ်သည့် လူမိုက်လေးတစ်အုပ်နှင့် ရန်ဖြစ်ခဲ့သည်ဟူ၍ စဉ်းပင်မစဉ်းစားကြည့်ဘူးချေ။

"ဒီကလေးမလေးက တော်တော်ကို အထင်ကြီးဖို့ကောင်းနေတာပဲ။ အဲဒီလူမိုက်ခမျာ အသားတစ်တုံးတောင်မှ ပဲ့သွားတော့မလို့" မောက်ဟွေ့ကျူးက သက်ပြင်းချလိုက်ကာ "ယဲ့အန်းအန်းကတော့ နောက်ဆိုရင် သေချာပေါက် ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာပဲ"

ရှမြန်သည် ရုတ်တရက် ရင်တုန်သွားပြီး ထိုအကြောင်းကို ပြောလိုက်ကာမှ ယဲ့အန်းအန်း၏နာမည်သည် ရင်းနှီးနေဟန်တူနေတော့သည်... ဆေးရုံတွင် ဆရာဝန်က ယဲ့အန်းအန်းကို စစ်ဆေးပေးနေပြီး ချန်းချန်းကတော့ အပြင်ဖက်က စင်္ကြံပေါ်တွင်စောင့်နေခဲ့သည်။ သူ ဘာစဉ်းစားနေသည်ကိုတော့ မသိရချေ။

ယနေ့ အားကစားပွဲ မပြီးဆုံးခင်တွင် သူတို့သည် ဝိုင်းထားကြဖို့ ပြင်ဆင်လိုက်ကြ၏။ ချန်းချန်းက ရဲကို ဖုန်းဆက်ပြီးနောက်တွင် သူကအားလုံးကို အရှေ့ဘက်နှင့် အနောက်ဘက်တံခါးများအား စောင့်ကြပ်ဖို့ရန် စီစဉ်ထားလိုက်သည်။ ထို့အပြင် လူမိုက်များ ထွက်မပြေးနိုင်ရန်လည်း ကျောင်း၏နံရံများကို စောင့်ကြည့်ခိုင်းထား၏။

သူသည် အားကစားပစ္စည်းထားသည့် အခန်းသို့ပြန်လာချိန်တွင် ကောင်လေးများ၏ အော်ဟစ်ကာ စော်ကားနေသံကို ကြားနေရပြီး မိန်းကလေး၏ စိုးရိမ်တကြီးအော်သံကိုလည်း ကြားလိုက်ရ၏။

"အန်းအန်း"

ထိုးနှက်ကန်ကြောက်နေသံကြားတွင် ညည်းညူသံ ထွက်လာ၏။ "သောက်ကောင်မ လွှတ်စမ်း။ နင်က ခွေးလား။ ဒီနေ့ ငါ နင့်ကို အသေသတ်ပစ်မယ်"

"တော်တော့။ အန်းအန်းကို မရိုက်ကြပါနဲ့"

"သောက်ကျိုးနည်း တတိယအစ်ကို မဆွဲနဲ့။ အသားတွေ ပြုတ်ထွက်တော့မယ်။ သူ့ရဲ့ဗိုက်ကို ထိုးလိုက်။ သေစမ်း။ ငါဒီကလေးမကိုတောင်မှ မကိုင်တွယ်နိုင်ဘူးတဲ့လား"

သူသည် တံခါးကို တွန်းဖွင့်လိုက်သောအခါ လူမိုက်နှစ်ယောက်က အလယ်တန်းကျောင်း ယူနီဖောင်းဝတ်ဆင်ထားသည့် မိန်းကလေး၏အဝတ်အစားကို ဆွဲဖြဲနေသည်ကို တွေ့လိုက်ရ၏။ ထိုမိန်းကလေးက လူမိုက်၏ လက်မောင်းတစ်ဖက်ကို တင်းနေအောင် ကိုက်ထားပြီး ထိုးနှက်ကန်ကျောက်ခံနေရသော်ငြားလည်း မလွှတ်ပေးချေ။

ဖြူဖွေးနေသည့်ဆံပင်နှင့် အသားအရေများ ပိုင်ဆိုင်ထားသည့် နောက်ထပ်မိန်းကလေးတစ်ယောက်က လူမိုက်ရှေ့တွင် ဝင်ခံပေးဖို့ရန် ကြိုးစားနေသည်။ သို့သော်ငြားလည်း ကံဆိုးချင်တော့ သူမသည် အားနည်းချည့်နဲ့ပြီး လူမိုက်များ၏ တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။

လူမိုက်တစ်ယောက်က လက်သီးဖြင့် ထိုမိန်းကလေး၏ဝမ်းဗိုက်ကို ထိုးနှက်တော့မည်ကို မြင်လိုက်ရသည့်အခါ ချန်းချန်းက ခြေ၂လှမ်း မြန်မြန်လှမ်းလိုက်ပြီး ထိုလူမိုက်၏ ခါးကို ဆောင့်ကန်လိုက်ပြီး လွင့်ထွက်သွားသည်အထိ ဆောင့်ကန်လိုက်သည်။ "မိန်းမငယ်လေး တယောက်ကို အနိုင်ကျင့်ရလောက်အောင် တော်တော်လေးကို အရှက်မရှိတာပဲ"

လက်မောင်းတွင် ကိုက်ခံထားရသည့်လူမိုက်သည် သူ့ကို လုံးဝဂရုမစိုက်ချေ။ သူက မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ အကြည့်တစ်ခုဖြင့် သူ့လက်မောင်းကို အုပ်ထား၏။ ရိုက်နှက်နေသည်က အလုပ်မဖြစ်သည်ကို တွေ့လိုက်ရသောအခါ သူက တံတောင်ဆစ်ကို ကွေးပြီး မိန်းကလေး၏ နောက်စေ့ကို ရိုက်ချလိုက်လေသည်။ ချန်းချန်းမှာ အလန့်တကြား ဖြစ်သွားပြီး သူ့မျက်နှာကို လက်သီးဖြင့် ထိုးထည့်လိုက်ရာ ထိုလူမှာနောက်ပြန်လန်ကျပြီး သတိလစ်သွားတော့သည်။

အန်းအန်းသည် ရိုက်နှက်ခံလိုက်ရသဖြင့် စိတ်ရှုပ်ထွေးသွားပြီး ထိုလူကို ဆက်ပြီးကိုက်ထားဆဲဖြစ်၏။

"အန်းအန်း၊ အန်းအန်း" ချန်းချန်းက သူမ၏ပခုံးကိုကိုင်ကာ သူမ၏မေးစေ့ကိုဆွဲညှစ်ပြီး စိတ်လျှော့သွားအောင် ပြုလုပ်ပေးလိုက်သည်။ "စိတ်လျှော့ စိတ်လျှော့။ အဆင်ပြေသွားပြီ"

ကလေးမလေး၏ လှပသည့်မျက်ဝန်းများသည့် ကြောက်ရွံ့သွားသည့်အကြည့်တစ်ခု ပေါ်ထွက်လာပြီး ချန်းချန်းမှာ အလန့်တကြား ဖြစ်သွားတော့သည်။

"လွှတ်လိုက်" သူက သူမ၏ပါးကို တစ်ဖန်ဆွဲညှစ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။

"အဆင်ပြေသွားပါပြီ"

အန်းအန်းသည် နောက်ဆုံးတော့ သတိပြန်ဝင်လာကာပြောလိုက်သည်။ "အစ်ကိုချန်းချန်း"

အချိန်အကြာကြီး အံကြိတ်ထားခဲ့ရသဖြင့် သူမ၏ပါးစပ်ကြွက်သားများသည် နာကျင်သွားပြီး စကားပြောသံကပင် အနည်းငယ် ဗလုံးဗထွေး ဖြစ်နေလေသည်။

အန်းပိုင်သည် အပြေးအလွှားဝင်လာပြီး ငိုကာပြောတော့သည်။ "ဘာဖြစ်သွားသေးလဲ" သူမသည် ပြောရင်းဆိုရင်း သူမ၏ခန္ဓာကိုယ်က ဒဏ်ရာများကိုစိုး ရိမ်တကြီး စစ်ဆေးလိုက်လေသည်။

လူမိုက်၂ယောက်က ထွက်ပြေးဖို့ကြိုးစားနေသည်ကို တွေ့လိုက်ရသည်တွင် ချန်းချန်းက သူတို့ကို ဘေးသို့တွန်းထုတ်လိုက်ပြီး သူ့ခြေထောက်ကို မြှောက်ကာထဖို့ ကြိုးစားနေသည့်လူမိုက်ကို ကန်ကျောက်လိုက်ပြီး ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီးနောက် သူ့ဆီသို့ ပြေးဝင်လာသည့် ကျန်သည့်လူမိုက်တစ်ယောက်ကို လက်နောက်ပြန်ဖမ်းချုပ်ထားလိုက်ကာ သူတို့၂ယောက်စလုံးကို အတူတူထပ်ပြီး ဖိချထားလိုက်၏။ ထို့နောက်တွင်တော့ ယဲ့အန်းပိုင်ကို ပြောလိုက်လေသည်။ "အဲဒီ ကြိုးခုန်တဲ့ကြိုးကို ငါ့ကိုပေး"

ယဲ့အန်းပိုင်က မလှုပ်ရှားရသေးခင်မှာပင် အန်းအန်းက နံရံနားက ကြိုးခုန်သည့်ကြိုးကို မြန်မြန် ကောက်ယူလိုက်ပြီး အပြေးအလွှား ရောက်လာ၏။

ချန်းချန်းက သူတို့ကို ကြိုးတုပ်နေစဉ်မှာပင် သူမက ဘေးမှနေ၍ အနီးကပ်စောင့်ကြည့်နေဆဲဖြစ်၏။ သူတို့က မလှုပ်ရှားနိုင်သည်ကို တွေ့လိုက်ရသည့်အချိန်မှသာ သူမက ခြေထောက်ကို မြှောက်ပြီး သူတို့ကို ၂ချက်လောက် ကန်ကျောက်လိုက်ပြီးနောက် ဒေါသတကြီးပြောတော့သည်။ "နင်တို့တွေ ငါ့အစ်မကို အနိုင်ကျင့်ကြတယ်။ ငါ နင်တို့ကို သေအောင်ရိုက်ပစ်မယ်"

ချန်းချန်းမှာ ငိုရခက်ရယ်ရခက် ဖြစ်သွားတော့၏။ ထို့ကြောင့် သူက လက်ကိုလှမ်းကာ သူမကို လှမ်းဆွဲလိုက်တော့သည်။ "နင် ဘယ်နားနာသွားသေးလဲ။ ငါ့ကို ပြောပါဦး"

အန်းအန်းသည် သူမ၏နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာပြောလိုက်၏။ "ဘာမှမဖြစ်ပါဘူး"

"ဘယ်လိုလုပ်ပြီးတော့ အဆင်ပြေရမှာလဲ" အန်းပိုင်သည် မျက်လုံးများထဲတွင် မျက်ရည်များ ရှိနေဆဲပင်။

"သူတို့တွေ ခုနတုန်းက နင့်ကို အဲဒီလောက်ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခဲ့တာ။ ကျောင်းက ဆရာဝန်ကို သွားပြကြမယ်"

"ကျောင်းကဆရာဝန်က အခုချိန်လောက်ဆိုရင် ရုံးဆင်းသွားလောက်ပြီ။ ဆေးရုံကိုပဲ သွားကြမယ်"

ချန်းချန်းက ယဲ့အန်းပိုင်ကို မေးလိုက်သည်။ "နင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"

ယဲ့အန်းပိုင်၏ရောဂါကြောင့် သူမကို အားကစားပြိုင်ပွဲတွင် ပါဝင်ခွင့်မပြုထားချေ။ ထို့ကြောင့် သူမသည် ဒီ၃ရက်အတွင်းတွင် စာသင်ခန်းထဲတွင်သာ နေရပေမည်။

ယဲ့အန်းအန်းက သူမ နောက်လိုက်လာသည်ကတော့ မထူးဆန်းပေ။ ယဲ့အန်းပိုင်သည် သိမ်ငယ်ခြင်း မရှိတော့သော်ငြားလည်း သူမ၏ထူးခြားသည့်သွင်ပြင်က လူအများကြီး၏အာရုံကို ဆွဲဆောင်ထားဆဲ ဖြစ်သည်။ ယဲ့အန်းအန်းသည် အားနေသည့်အချိန်တိုင်း သူမကို စောင့်ရှောက်ပေးဖို့ရန်အတွက် အထက်တန်းကျောင်း ‌အဆောင်ထဲသို့ အပြေးအလွှားလာတတ်သည်။

ချန်းချန်းကလည်း ပထမနှစ်အလယ်တန်းကျောင်းက ကျောင်းသူကျောင်းသားများ ရယ်စရာပြောနေသည့် အကြောင်းကိုလည်း ကြားထားသည်။ ပထမနှစ်အထက်တန်းကျောင်းက ယဲ့အန်းပိုင်ကို ကာကွယ်ပေးနေသည့် ပထမနှစ်အလယ်တန်းကျောင်းက အလွန်ရိုင်းစိုင်းသည့် မိန်းကလေးတစ်ယောက် ရှိသည်ဟူသည့်အကြောင်း၊ ဘယ်သူကမှ သူမကို သွားမရှုပ်ရဲကြသည့်အကြောင်း ကြားထားသည်။

ဒါက ကလေးမလေးက သူမ၏အဖော်ကို ကာကွယ်ဖို့ရန် ကြွားလုံးထုတ်နေသည်ဟု အတန်းဖော်များက စဉ်းစားနေခဲ့သည်သာမက ချန်းချန်းကလည်း ထိုသို့စဉ်းစားခဲ့ဖူးသည်။

သို့သော်ငြားလည်း ဒီနေ့တွင် သူမသည် ကျောင်းအပြင်ဘက်က ထိုလူမိုက်များကို သူမ၏အစွယ်များ ချက်ချင်းထုတ်ပြခဲ့၏။

၁၂၊ ၁၃နှစ်အရွယ် ကလေးမလေးသည် အသက်၁၇နှစ်၊ ၁၈နှစ်အရွယ် လူမိုက်များနှင့် ရင်ဆိုင်ရချိန်တွင် အားနည်းချက်မှ မပြဘဲ လုံးဝလည်း အလျော့မပေးချေ။

ချန်းချန်းသည် သူမကို တအံ့တဩဖြစ်မိလေသည်။

ယဲ့အန်းပိုင်က ပြောလိုက်၏။ "ငါ ဒီနေရာမှာ ပုလင်းတွေ လာကောက်တာ။ ဒီနေ့ အားကစားပွဲတော်နေ့ဆိုတော့ ပုလင်းလွတ်တွေ အများကြီးရှိတယ်လေ။ ညီမလေးအန်းပိုင်က ငါ့ကို လာကူပေးတာ။ ဒါပေမဲ့ အဲ့ဒီလူယုတ်မာ၂ယောက်နဲ့ တွေ့လိမ့်မယ်လို့ ထင်မထားခဲ့မိဘူး"

ထို့နောက်တွင်တော့ ချန်းချန်းသည် သံဘူးများ၊ ရေသန့်ဘူးများတဝက်လောက် ပြည့်နေသည့် ထောင့်နားက နိုင်လွန်အိတ်လေးတစ်ခုကို သတိထားမိလိုက်တော့၏။ ထိုပစ္စည်းများကို စာသင်ခန်းထဲသို့ ယူပြန်သွားလျှင် အမှန်ပင် မကောင်းသည့်အရာများ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့က ဒီနေရာတွင် စုပုံထားခြင်းဖြစ်၏။

သူသည် ကြိတ်ပြီးသက်ပြင်းချလိုက်မိကာ ကလေးမလေးကို လှမ်းဆွဲလိုက်ပြီး သူ့နံရိုးကို အသာလေး ဖိလိုက်၏။ "နာလား" ထိုလူမိုက်က သူမကို ဒူးဖြင့်ထိုနေရာအား ကန်ကျောက်ခဲ့သည်ကို အခုလေးတင် တွေ့ခဲ့လိုက်သည်။

အန်းအန်းက သူမ၏ဝိုင်းစက်နေသည့် မျက်လုံးလေးကို ပြူးကျယ်အောင်ဖွင့်ထားလိုက်ပြီး တလေးတနက် ပြောလိုက်လေသည်။ "မနာပါဘူး"

ချန်းချန်းသည် ခဏလောက် ရပ်လိုက်ပြီးနောက် သူမ၏လက်ဖျံပေါ်က ပွန်းပဲ့နေသည့်ဒဏ်ရာကို ဖိချလိုက်သည်။ "နာလား"

ယဲ့အန်းအန်းသည် တည်ငြိမ်နေဆဲဖြစ်ကာ ပြောလိုက်၏။ "မနာဘူး"

ချန်းချန်း...

...

အပိုင်း (၂၄၉)

"ငါက အရူးနဲ့တူနေလို့လား" ချန်းချန်းသည် သူမကိုဆွဲကာ ပြောလိုက်၏။ "ဆေးရုံသွားကြမယ်"

"တကယ်ပြောတာပါ" ကလေးမလေးက ပြောလိုက်သည်။ "တစ်ညလောက် ကောင်းကောင်း အိပ်လိုက်ရင် သက်သာသွားမှာပါ။ တကယ်ပြောတာ"

"နင့်သွားရော ဘယ်မှာလဲ" ချန်းချန်းက သူမကို ခြိမ်းခြောက်လိုက်၏။ "နင် သူ့ကို အသားတွေပါတဲ့အထိ ကိုက်တော့မလို့လား။ တကယ်လို့ နင့်သွားသာ ကျိုးသွားရင် အစားတစ်ချောင်း ပြန်စိုက်ဖို့ အရမ်းစျေးကြီးမှာနော်"

အေးအေးလူလူဖြစ်နေသည့် မိန်းကလေးသည် စိုးရိမ်တကြီး သူမ၏သွားကို ထိကိုင်လိုက်ကာ အနည်းငယ် ဆွဲလှုပ်ကြည့်လိုက်ပြီးနောက် စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။

"သွား မနဲ့သွားပါဘူး"

ချန်းချန်းက သူမ၏လက်ကို ဖမ်းဆွဲပြီးနောက် ကျန်သည့်လက်တစ်ဖက်ကိုလည်း ဖမ်းဆုပ်ထားလိုက်ကာ "မနာဘူးလား"

သူမသည် ထိုလူမိုက်၏လက်မောင်းကို ကိုက်ထားရုံသာမက လက်နှစ်ဖက်ဖြင့်လည်း ဖမ်းဆုပ်ထားခဲ့သည်မှာ သိသာသည်။

ယခုတော့ သူမ၏လက်၁၀ချောင်းတွင် ၈ချောင်းက သွေးများစွန်းပေနေ၏။ သူမသည် တစ်ဖက်လူ၏အင်္ကျီကို တင်းနေအောင် ဆွဲကုပ်ထားသဖြင့် ထိုသွေးစွန်းကွက်များက သူမ၏သွေးများဖြစ်နေသည်မှာ သိသာသည်။ သူမက အားကိုမည်မျှသုံးခဲ့သည်ကိုပင် မသိချေ။ သူမ၏ ဘယ်ဘက်လက်ခလယ်လက်သည်းမှာ လန်ထွက်တော့မလို ဖြစ်နေတော့၏။

ချန်းချန်းသည် ထိုအရာကို ကြည့်ရင်းက နာကျင်သလို ခံစားလိုက်ရသော်ငြားလည်း ဒီမိန်းကလေးကတော့ လုံးဝကိုဂရုမစိုက်ပေ။

"ဆေးရုံသွားရအောင်"

ယဲ့အန်းအန်းကတော့ ငြိမ်ငြိမ်လေးရပ်နေဆဲဖြစ်ကာ "ခဏနေ အစ်ကိုအန်းရန် ငါတို့ကို လာကြိုတော့မှာ"

ယဲ့အန်းရန်သည် သူ့ရောဂါမှ သက်သာလာပြီးနောက်တွင် ပန်းချီပညာကို ဆက်ပြီးလေ့လာခဲ့၏။ လွန်ခဲ့သည့်၂နှစ်က သူသည် မြို့တော်အနုပညာကျောင်းကို တရားဝင် ဝင်ခွင့်ရခဲ့သည်။ ကျောင်းပညာသင်ဆုနှင့် ပန်းချီကားများကို ရောင်းရငွေက သူ့ကိုယ်သူ ထောက်ပံ့ပေးနိုင်ပြီး မကြာခဏဆိုသလိုလည်း မိဘမဲ့ဂေဟာကို ကူညီပေးနိုင်သည်။ သူသည် ပုံမှန်ဆိုလျှင် အဆောင်တွင်နေသော်ငြားလည်း မကြာခဏဆိုသလို အိမ်ပြန်လာပြီး သူတို့ကိုလာကြည့်တတ်၏။

"အဲဒီတော့ရော ဘာဖြစ်လဲ" ချန်းချန်းက မေးလိုက်သည်။

ယဲ့အန်းအန်းက ပြောလိုက်၏။ "အစ်ကိုအန်းရန်က ဒီကိစ္စကို စိုးရိမ်ပေးလို့ မဖြစ်ဘူးလေ"

ချန်းချန်းက သူမ၏ တည်ငြိမ်နေသည့် မျက်နှာငယ်လေးကို ကြည့်လိုက်ကာ ဘာမှမဖြစ်သည့်ကိစ္စတစ်ခုလို သဘောထားနေသဖြင့် သူ့မှာ မသက်မသာ ခံစားလိုက်ရတော့သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်က ယဲ့အန်းအန်း အသက်၇နှစ်၊ ၈နှစ်အရွယ်တွင် သူမသည် အမြဲတမ်း ကာကွယ်ပေးသည့် လူတစ်ယောက်အဖြစ် ပြုလုပ်ခဲ့ကာ ယဲ့အန်းရန်နှင့် ယဲ့အန်းပိုင်တို့က သူမထက် မည်မျှပင်ကြီးနေပါစေ၊ အန်းကျယ်နှင့် အန်းဖေးတို့က သူ့မထက် ပိုပြီးငယ်နေပါစေ။ သူမက အမြဲတမ်းကာကွယ်ပေးသည့် သူတစ်ယောက်အဖြစ် ဆောင်ရွက်ပေးခဲ့သည်ကို ရုတ်တရက် သတိရသွားတော့သည်။

အကြောင်းမှာ မိဘမဲ့ဂေဟာတွင် သူမသည် တစ်ဦးတည်းသော ကျန်းမာရေးကောင်းမွန်သူ ဖြစ်သောကြောင့်ပင်။ သူမသည် အနည်းဆုံးတော့ ဂရုစိုက်မှုနှင့် အာရုံကို လက်ခံရရှိမိသည်။ သူမက ကိုယ့်ဟာကိုယ် တိတ်တိတ်ကလေး စောင့်ရှောက်ရင်း သူမ၏အစ်ကိုနှင့် အစ်မများကို ကာကွယ်ပေးဖို့ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။

ကောင်းကျိုးများကိုရှာဖွေပြီး ဆိုးကျိုးများကို ရှောင်ဖယ်ချင်သည်မှာလည်း လူ့ဗီဇဖြစ်၏။ နောက်ပြန်ဆုတ်သွားသည် ဟူသည့်ကိစ္စမျိုး မရှိခဲ့ဖူးချေ။ သူမသည် ကိုယ့်ဟာကိုယ် နောက်ပြန်ဆုတ်ဖို့ရန် ခွင့်မပြုထားခြင်းလည်း ဖြစ်နိုင်သည်။ သူမသည် သူမနောက်ကလူများကို ကာကွယ်ပေးဖို့ရန် လိုအပ်ပေသည်။

သက်ပြင်းရှည်ကြီး တချက်ရှိုက်လိုက်ကာ ချန်းချန်းက ရှောင်ဖုန်းကို ဖုန်းခေါ်လိုက်ပြီး သူ့အတန်းဖော်များကို ဆေးသေတ္တာဘူး ယူလာခိုင်းလိုက်ကာ အနောက်ဘက်တံတိုင်းကို စောင့်ကြည့်ဖို့ရန်လည်း လူတစ်ယောက် စီစဉ်ထားလိုက်သည်။

အိုင်အိုဒင်းဖြင့် သူမ၏လက်ချောင်းများကို ပိုးသတ်ပေးချိန်တွင်လည်း ကလေးမလေးသည် နှုတ်ဆိတ်နေဆဲပင်။ ချန်းချန်းက မျက်မှောင်ကြုတ်လိုက်၏။ "တကယ်လို့ နာတယ်ဆိုရင်လည်း နာတယ်လို့ ပြောလို့ရပါတယ်။ မဟုတ်ရင် ဘယ်နားက နာတယ်ဆိုတာ မသိဘူးဆိုရင် နင့်ကို ဘယ်လိုကုသပေးရမယ်မှန်းမသိ ဖြစ်သွားမှာပေါ့"

ထို့နောက်တွင် အန်းအန်းက ခပ်တိုးတိုးလေး အသိအမှတ်ပြုလိုက်၏။ သို့သော်ငြား လက်ချောင်းကို ပတ်ထားသည့် ပက်တီးကို မြင်လိုက်ရချိန်တွင် သူမက ငြင်းပယ်တော့သည်။ "ဒါက အရမ်းသိသာတာပဲ။ အစ်ကိုအန်းရန် မြင်သွားလိမ့်မယ်"

ချန်းချန်းသည် ထပ်ပြီးဖိအားမပေးတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်တော့၏။ "ငါ ခဏနေကြမှ အစ်ကိုအန်းရန်ကို သွားနှုတ်ဆက်လိုက်မယ်။ နင်နဲ့ အန်းပိုင်တို့က ဒီတစ်ညတော့ မောက်ဟွေ့ကျူးအိမ်မှာပဲ နေလိုက်ကြ"

ကလေးမလေးက ငြင်းပယ်တော့မည်ကို တွေ့လိုက်ရသောအခါ ချန်းချန်းကလည်း သူမကို ခြိမ်းခြောက်တော့သည်။ "တကယ်လို့ ဒီဒဏ်ရာကို အချိန်မီမကုသဘူးဆိုရင် ပိုးဝင်သွားပြီး လက်ချောင်းတွေ ဖြတ်ခံရလိမ့်မယ်"

မျှော်လင့်မထားဘဲ အန်းအန်းသည် မျက်လုံးကို စွေစောင်းကာ ပြန်ချေပလိုက်၏။ "ဘယ်သူ့ကိုလာပြီး စနောက်နေတာလဲ။ တကယ်လို့ အဲ့ဒီလိုကိစ္စမျိုးသာ ရှိမယ်ဆိုရင် ငါကတော့ အစောကြီးကတည်းက လက်ချောင်းတွေ အများကြီး ပြတ်ပြီးပြီ"

ချန်းချန်းမှာ ခဏလောက် တုံ့ဆိုင်းသွားပြီး စိတ်ပျက်ပျက်ဖြင့် ခေါင်းကို ခပ်ကြမ်းကြမ်းကုတ်လိုက်ကာ ပြောလိုက်လေသည်။ "ဘာပဲဖြစ်ဖြစ်။ ငါ့စကားနားထောင်။ မဟုတ်ရင် ငါ အစ်ကိုအန်းရန်ကို ပြောပြလိုက်မှာနော်"

အန်းအန်းက သူ့ကို ဒေါသတကြီးကြည့်လိုက်ကာ"နင် တကယ်အကျင့်ပုပ်တာပဲ"

"တကယ်လို့ နင် စကားနားထောင်မယ်ဆိုရင် ငါလည်း အဲ့ဒီလိုအကျင့်ပုပ်စရာမလိုဘူးလေ"

ယဲ့အန်းရန် ရောက်လာချိန်တွင် သူသည် ရဲများက လူဆိုးလူမိုက်များကို ဖမ်းဆီးနေသည်ကို မြင်လိုက်ရပြီး အလန့်တကြားဖြစ်သွားတော့၏။ "ဘာဖြစ်သွားတာလဲ။ နင်တို့တွေ အဆင်ပြေရဲ့လား"

သူသည် ပိန်ပိန်ပါးပါးလေး ဖြစ်ကာ သူ့မျက်နှာကလည်း သာမာန်လူများထက်ပိုပြီး ဖြူဖျော့နေသော်ငြားလည်း သူသည် စိတ်အားတက်ကြွနေလေ၏။

ရှောင်ဖုန်းကတော့ သူ့အကြောင်းကို အသိဆုံးလူဖြစ်သည်။ "အဆင်ပြေပါတယ်။ အဲဒီလူမိုက်တွေက ကျွန်တော်တို့ရဲ့ အားကစားပွဲတော်ကို အခွင့်ကောင်းယူပြီးတော့ ကျွန်တော်တို့အတန်းဖော်တွေကို ငွေညှစ်နေတာလေ။ အဲဒါအဖမ်းခံလိုက်ရတာ"

မောက်ဟွေ့ကျူးက ရှေ့သို့တက်လာကာ ပြုံးပြီးပြောလိုက်၏။ "အစ်ကိုအန်းရန် အခုတလော အိမ်မှာ ဘယ်သူမှ မရှိဘူး။ အိမ်မှာ တစ်ယောက်တည်း မအိပ်ရဲလို့။ ဒါကြောင့် အန်းပိုင်နဲ့ အန်းအန်းတို့ကို ၂ညလောက် ခေါ်ထားလိုက်မယ်နော်။ အမေလည်း အားကစားပွဲတော်ပြီးရင် ပြန်လာမှာပါ"

အန်းပိုင်ကလည်း ခေါင်းညိတ်ကာပြောလိုက်သည်။ "ဒါဆိုရင်တော့ ကွက်တိပဲ။ ငါလည်း အစ်မဟွေ့ကျူးကို မေးစရာမေးခွန်းတချို့ ရှိနေတာ"

လူမိုက်တယောက်နှင့် တိုက်ခိုက်ချိန်က ဘယ်တော့မှ အလျှော့မပေးခဲ့သည့် ကလေးမလေးသည် ယဲ့အန်းရန်ရှေ့တွင်တော့ ချိုလွင်စွာပြုံးပြီး စကားနားထောင်လေသည်။ ထို့နောက် သူက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အစ်ကိုအန်းရန်။ ငါ့မှာလည်းမေးစရာ မေးခွန်းတွေရှိနေလို့"

ယဲ့အန်းရန်သည် အမှန်ပင် ခွင့်ပြုပေးပေလိမ့်မည်။ မိဘမဲ့ဂေဟာကကလေးများတွင် ထူးထူးခြားခြား ရင်းနှီးနေသည်ဟူသည့် သူငယ်ချင်းမျိုး တစ်ခါမှမရှိခဲ့ဖူးချေ။ အထူးသဖြင့် ယဲ့အန်းပိုင်နှင့် သူ့သူငယ်ချင်းများပင်။ အတန်းဖော်တစ်ယောက်၏ အိမ်သို့ အလည်အပတ်သွားရသည်က ရှားပါးသည့်အခွင့်အရေးတစ်ခု ဖြစ်သည်။ သူကလည်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

"သွားကြလေ။ ငါ အိမ်ပြန်ရောက်ရင် အမေယဲ့ကို ပြောပြလိုက်မယ်။ နောက်ပိုင်းကျမှ ငါနင်တို့အတွက် ရေချိုးခန်းသုံးပစ္စည်းတွေ ယူလာပေးမယ်"

"မလိုပါဘူး"မောက်ဟွေ့ကျူးက ပြောလိုက်၏။ "အိမ်မှာ အားလုံးရှိပါတယ်။ အလုပ်ရှုပ်မခံပါနဲ့ အစ်ကိုအန်းရန်။ အစ်ကို ကောင်းကောင်း အနားယူသင့်တယ်နော်"

"ဟုတ်ပြီလေ။ ဒါဆိုရင်လည်း နင်တို့တွေ ပျော်လိုက်ကြဦးနော်"

ယဲ့အန်းရန် ပြန်သွားပြီးသည့်နောက်တွင် ချန်းချန်းက မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့ကို သူတို့၏အတန်းဖော်များဆီက ထွက်ဆိုချက်များကို သွားယူခိုင်းလိုက်ပြီး သူကတော့ အန်းပိုင်နှင့် အန်းအန်းတို့ကို ဆေးရုံသို့ခေါ်သွားလိုက်တော့သည်။

ဆေးခန်းတံခါးပွင့်လာခဲ့ပြီး စစ်ဆေးထားသည့်ရလဒ် ထွက်လာခဲ့၏။

အတွင်းအင်္ဂါများနှင့် အရိုးများက ဘာမှမဖြစ်သော်ငြားလည်း အသားဒဏ်ရာများကတော့ တော်တော်လေး များသည်။ အသက်၁၇နှစ်၊ ၁၈နှစ်အရွယ် နာကျင်နေသည့် လူမိုက်တယောက်သည် တိုက်ခိုက်သည့်အချိန်တွင် အားကို ထိန်းချုပ်ထားလိမ့်မည် မဟုတ်ပေ။

ဆရာဝန်က သက်ပြင်းချလိုက်၏။ "ကလေးမလေး ဘယ်လိုလုပ်ပြီးတော့ အရိုက်ခံရတာလဲ။ မျက်နှာတစ်ခုတည်းကိုပဲ သေသေချာချာလေး ကာကွယ်ထားတော့ ဘာမှမမြင်ရတော့ဘူးပေါ့"

"ငါက ဘာမှကြီးကြီးမားမား မဖြစ်ဘူးလို့ ထင်ထားတာ။ စစ်ဆေးလိုက်တော့ လန့်တောင်လန့်သွားတယ်"

သူမက လိမ်းဆေးကို ညွှန်းလိုက်ပြီး ချန်းချန်းကို ပြောလိုက်သည်။ "မနက်ဖြန်တော့ ပိုပြီးနာလိမ့်မယ်။ ဒီနေ့ည ပြန်သွားပြီးရင် နှိပ်နယ်ပေးလိုက်နော်"

သူတို့သည် ထွက်လာချိန်တွင် ချန်းချန်းက ယဲ့အန်းအန်းကို ရုတ်တရက် မေးလိုက်၏။ "နင့်ရဲ့မျက်နှာကိုပဲ ကာကွယ်ထားတာ အစ်ကိုအန်းရန် စိတ်ပူသွားမှာ စိုးလို့လား"

အန်းအန်းကတော့ သူသည် ဤကဲ့သို့သောတုံးအလှသည့် မေးခွန်းများ မေးလေခြင်းဟု ခံစားလိုက်ရ၏။ ဒါက သိသာနေတာပဲ မဟုတ်ဘူးလား။ ဘယ်နေရာမှာပဲ ဒဏ်ရာဖြစ်ဖြစ် မျက်နှာပေါ်မှာတော့ ဒဏ်ရာဖြစ်လို့မရဘူးလေ။

အဲဒီကိစ္စကို အစကတည်းက သေသေချာချာလေး စဉ်းစားထားပြီးသားပဲ။

...

ရှမြန်သည် မောက်ဟွေ့ကျူးနှင့် ရှောင်ဖုန်းတို့ကို ရဲစခန်းမှအိမ်သို့ ခေါ်ပြန်လာချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ဆေးရုံမှ ပြန်လာကြသည့် ချန်းချန်းနှင့် ယဲ့အန်းပိုင်တို့ကို တွေ့လိုက်ရသည်။

ကလေးနှစ်ယောက်က သူမကို နွေးနွေးထွေးထွေးနှုတ်ဆက်ပြီး ရှမြန်၏မျက်လုံးများမှာ ယဲ့အန်းအန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားတော့သည်။

ချန်းချန်းကတော့ ယဲ့အန်းပိုင်ကို စတင်မှာကြားနေလေသည်။ "သူ့ကို ဒါလိမ်းပေးလိုက်နော်။ ဘယ်လို လိမ်းပေးရမယ်ဆိုတာရော သိလား။ လက်နှစ်ဖက်ကို နွေးလာတဲ့အထိ ပွတ်ပြီးမှ လိမ်းရမှာ။ မဟုတ်ရင် ဒါက သူ့ကို နာသွားစေလိမ့်မယ်..."

"ထားလိုက်ပါလေ။ သူက နာတာတောင်မှ အော်တောင်မအော်ဘဲနဲ့။ သူ့ကို ဒီအတိုင်း စောင့်ကြည့်ထားလိုက်တော့..."

မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ရပါတယ်။ ငါသိတယ်"

"ဒီနေရာမှာ ပြဿနာပဲမရှာကြနဲ့"ချန်းချန်းက ယဲ့အန်းပိုင်ကို သေသေချာချာလေးမှာကြားလိုက်သည်။

"အန်းအန်းကို နှိပ်ပေးလိုက်ဦးနော်။ မောက်ဟွေ့ကျူးကို မနှိပ်ခိုင်းနဲ့။ ဟုတ်ပြီလား။ သူက နမော်နမဲ့နဲ့"

ရှမြန်သည် ချန်းချန်း၏ ရှားပါးလှသည့် ဂရုစိုက်နေသည့်ပုံလေးကို ကြည့်လိုက်ပြီး ကံတရားက အမှန်ပင် လျှို့ဝှက်ဆန်းကြယ်သည့်အရာပါလားဟု မနေနိုင်ဘဲ သက်ပြင်းချမိတော့သည်။

မောက်ဟွေ့ကျူး၏အသံသည် နောက်ဆုံးတော့ သူမကို သတိပေးလိုက်တော့၏။ ယဲ့အန်းအန်းသည် မူလဝတ္ထုထဲက သူရဲကောင်းမလေးတစ်ယောက်ပင်။

သူမသည် အစပိုင်းက ထိုအကြောင်းကို မစဉ်းစားမိသည်ကလည်း မဆန်းချေ။ သူမသည် စာအုပ်ထဲသို့ ကူးပြောင်းလာခဲ့သည်မှာ အချိန်တော်တော်လေး ကြာမြင့်သွားပြီဖြစ်ကာ သူမ၏ပတ်ဝန်းကျင်က လူများကလည်း အသွေးအသားနှင့်လူများ ဖြစ်နေသည်။ သူမ၏အမြင်တွင် ချန်းချန်းသည် ကလေးတယောက်သာ ဖြစ်၏။ ထို့ကြောင့် သူမကလည်း ချန်းချန်း၏ချစ်သူကောင်မလေးကို မည်သို့စဉ်းစားမိပါမည်နည်း။

မျှော်လင့်မထားခဲ့မိသည့်အရာမှာ ဤကဲ့သို့အလှည့်အပြောင်းများစွာ ဖြစ်ပြီးသွားသည့်နောက်တွင် သူတို့သည် အချင်းချင်း တွေ့ဆုံခဲ့ကြဆဲဖြစ်ပြီး အခြေအနေကို အကဲခတ်ကြည့်ရလျှင်တော့ ယခင်က သူတို့၏ဆက်ဆံရေးကို ပြန်လည်အသက်သွင်းနိုင်မည့် ဖြစ်နိုင်ခြေ အများကြီးရှိနေသည်။

အရင်ဘဝတွင် အဓိကဇာတ်လိုက် ဟော်ယွိချန်းသည် လက်တစ်ဖက် ကျိုးသွားခဲ့သဖြင့် သူ့မိသားစု၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ သူသည် သုန်သုန်မှုန်မှုန် အေးတိအေးစက် ဒေါသကြီးသူဖြစ်၏။ နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့ကလွဲလျှင် သူ့ထက်၃နှစ်ငယ်သည့် ယဲ့အန်းအန်း တစ်ယောက်တည်းကသာ သူ့ကို အကြွင်းမဲ့ သည်းခံပေးနိုင်ခဲ့သည်။

အသက်၈နှစ်၊ ၉နှစ်အရွယ်ကလေးမလေးက သူ့ဘေးနားသို့ ရောက်လာပြီးနောက်တွင် သူမသည် သူ့ကို ဂရုစိုက်ပေးကာ သူ့ကိုလည်း ဂရုတစိုက် ကာကွယ်ပေးပြီး လိမ်လိမ်မာမာလေးနှင့် သိမ်မွေ့လှသည်။ သို့သော်ငြား ဇာတ်လိုက်လေးက သူမကို မမြင်သည့်အချိန်တွင်တော့ သူမသည် အလွန် ရက်စက်ကြမ်းတမ်းပြီး ဇာတ်လိုက်လေးကို အနိုင်ကျင့်မည့် မည်သူကိုမဆို ခွင့်မပြုချေ။

သူမသည် အသက်၁၂နှစ်အရွယ်ရောက်လာချိန်တွင် အဓိကဇာတ်လိုက်ကို လှောင်ပြောင်သရော်ခဲ့သည့် လူငယ်လေးကို အသားများပဲ့ထွက်သွားအောင် ကိုက်ပစ်ခဲ့သည်။ ဟော်ယွိချန်းသည် ဒီဖြစ်ရပ်ကို မတော်တဆ တွေ့ရှိသွားပြီး ထို့နောက်ပိုင်းတွင်တော့ တဖြည်းဖြည်း စတင်ပြောင်းလဲသွားခဲ့၏။

အခုမှ ပြန်စဉ်းစားကြည့်လိုက်တော့ အရင်ဘဝတုန်းက အဓိကဇာတ်လိုက်ရဲ့အကျင့်စရိုက်တွေက အစပိုင်းမှာ ယဲ့အန်းအန်းနဲ့ တော်တော်လေးကို ဆင်တူနေတာပဲ။ နှစ်ယောက်စလုံးမှာ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိပြီး သုန်မှုန်ပြီးတော့ အထီးကျန်ခဲ့ကြတယ်။

ယဲ့အန်းအန်းက မိဘမဲ့ဂေဟာကနေ ထွက်လာပြီး ဟော်ယွိချန်းဆီကို သွားရှာခဲ့တယ်။ ဒါက ယဲ့အန်းအန်းက သူ့အရင်ဘဝမှာ အသက်၁၇နှစ်အရွယ်အထိ အသက်မရှင်ခဲ့ဘူးဆိုတာကို သက်သေပြနေတာပဲ။

ကိုယ်ချင်းစာစိတ်နဲ့ နောင်တတရားတို့ကြောင့် ဒီအရွယ်ငယ်ငယ်လေးဖြစ်နေသေးတဲ့ ယဲ့အန်းအန်းက စဉ်းစားတွေးတောပေးတတ်ပြီး အဓိကဇာတ်လိုက်ကိုလည်း သည်းခံပေးခဲ့တယ်။ သူ့ကိုကာကွယ်ပေးဖို့ အကောင်းဆုံးလုပ်ပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ သူ့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်ခဲ့တယ်...

ရှမြန်သည် အန်းအန်း၏ခေါင်းကို ဒေါသတကြီး လှမ်းဖွလိုက်ပြီး ချန်းချန်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်မိ၏။ အခြေအနေများကတော့ ပြောင်းလဲသွားခဲ့သည်။ သို့သော်ငြားလည်း လူတစ်ယောက်၏ လှပသည့် နှလုံးသားကတော့ ပြောင်းလဲမသွားပေ။ အနှေးနှင့်အမြန်တော့ သူတို့သည် အချင်းချင်း စိတ်ဝင်စားလာကြပေလိမ့်မည်။

"အန်တီလေး" ရှောင်ဖုန်းသည် တွေဝေငေးမောနေသည့် သူမကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ လှမ်းခေါ်လိုက်တော့သည်။

ရှမြန်သည် သတိပြန်ဝင်လာပြီး ရှောင်ဖုန်းက တစ်ဖန်စိုးရိမ်တကြီးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချန်းချန်းကတော့ အရာအားလုံးကို သိနေ၏။ သို့သော်ငြားလည်း မောက်ဟွေ့ကျူးကတော့ ဘာမှမသိချေ။ သူမ၏တူကလေးသည် နတ်သားလေးတပါးဖြစ်သည်မှာ သိသာသော်ငြားလည်း သူက အားလုံးကို တန်းတူညီမျှ ဆက်ဆံပေးနေသဖြင့် အဆိုးဆုံးလူတစ်ယောက် ဖြစ်လာနိုင်ခြေ အများဆုံးလူ ဖြစ်နေသည်။

သူမက ထိုအကြောင်းကို စဉ်းစားနေစဉ်မှာပင် နော့နော့သည် ဆူညံသံကို ကြားနှင့်နေပြီဖြစ်ကာ သူမ၏ခြေတံတိုတိုလေးများဖြင့် ပြေးကာထွက်လာခဲ့၏။ "မေမေ မေမေ"

"ကိုကို ကိုကို"

ရှမြန်သည် သူမ၏လက်သေးသေးလေးထဲက ပစ္စည်းကိုမြင်လိုက်ရသောအခါ ကလေးလေးနောက်က လိုက်ထွက်လာသည့် နဥ်ရှောက်ပိုင်ကို ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်၏။ "ဘယ်လိုဖြစ်တာလဲ။ အခုထက်ထိ အဲ့ဒီရည်းစားစာကို ပြန်မထားရသေးဘူးလား"

နဥ်ရှောက်ပိုင်တယောက်ကတော့ ချွဲချွဲနွဲ့နွဲ့ပြုမူနေသည့် ကလေးမလေးတစ်ယောက်၏ တိုက်ခိုက်မှုကို မလွန်ဆန်နိုင်ဘဲ သူမကို လက်လျှော့ပေးလိုက်ရသည် ဟုသာ ထင်လိုက်တော့သည်။

နဥ်ရှောက်ပိုင်က မတရားခံစားလိုက်ရသလို ပြန်လည်ချေပလေသည်။ "မသိဘူးလေ။ သူ ဒါကို ဘယ်ကနေ ရှာဖွေခဲ့တာမှန်းကို မသိဘူး။ ဒါက အသစ်တစ်ခု။ ကြည့်လေ။ အရောင်မှ မတူတာ"

ရှမြန်...

ရှောင်ဖုန်းကတော့ သူတို့ပြောနေသည့်အကြောင်းအရာကို လုံးဝကိုနားမလည်နိုင်သဖြင့် ဇဝေဇဝါနှင့် မေးလိုက်လေသည်။ "အသစ်နဲ့ အဟောင်းဆိုတာ ဘာတွေပြောနေတာလဲ။ ဒါက ဘယ်ကနေ ရောက်လာတာလဲ"

နဥ်ရှောက်ပိုင်သည် ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။ "ဦးဦးလည်း သူ့ကို တစ်နေ့လုံး မစောင့်ကြည့်ထားနိုင်ဘူးလေ။ နော့နော့က မင်းရဲ့အခန်းထဲကို ပြေးဝင်သွားခဲ့တာ။ သူ ဒါကို ဘယ်ကနေ ရှာတွေ့ခဲ့တာလည်း မသိဘူး"

ထိုအခါကျမှ ရှောင်ဖုန်းသည် ထိုစာရွက်လေးက ရည်းစားစာဖြစ်နေသည်ကို တွေ့လိုက်ရပြီး မနက်ခင်းကလည်း နောက်ထပ်တစ်စောင် ဖြစ်ခဲ့သည်ဟု စဉ်းစားမိတော့၏...

သူသည် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ "ဪ ဪ ရပါတယ်" ဒီလိုအခြေအနေမျိုးမှာ လူကြီးတွေသိသွားတာက နည်းနည်းတော့ ရှက်ဖို့ကောင်းတာပဲ။

ရှမြန်သည် သူ့အမူအရာလေးကို မြင်လိုက်ရသည့်အခါ ပြုံးလိုက်ပြီး ဘာပြောရမည်မသိအောင် ဖြစ်သွားတော့သည်။

သူမက လက်ကိုဆန့်လိုက်ပြီး ရှောင်ဖုန်း၏လည်ပင်းကို သိုင်းဖက်ထားလိုက်ကာ "လူငယ်လေး မင်း တချက်လောက် မကြည့်ချင်ဘူးလား"

ရှောင်ဖုန်းက ရည်းစားစာကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော် ဒါကို မဖတ်ပါဘူး"

ရှမြန်က ခေါင်းကိုစောင်းထားလိုက်ပြီး သူ့ကို စနောက်ကျီစယ်တော့သည်။ "ဟာ မင်းမှာ ချစ်ရမဲ့သူ ရှိနေပြီလား။ အဲဒီလိုဆိုရင်လည်း တခြားသူတွေရဲ့ရည်းစားစာကို လက်ခံနေတာ မကောင်းတော့ဘူးနော်။ မိန်းကလေးတိုင်းဆီက ရည်းစားစာတွေကို လက်ခံနေတာ သိပ်အဆင်မပြေဘူးလေ"

ရှောင်ဖုန်းက သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ပြီး ရုတ်တရက် ရှက်ရွံ့သွားသည့်အပြုံး ထုတ်ပြလိုက်လေသည်။ "ဒါကြောင့် သားကလည်း အန်တီလေးရဲ့ ဥပမာအတိုင်းလိုက်ပြီး ရည်းစားစာတွေကို လက်ခံပေမဲ့ မဖတ်ခဲ့ဘူးလေ"

ထိုသို့ပြောလိုက်ပြီးနောက် သူက ကိုယ်ကိုကုန်းလိုက်ကာ နောနော့ကို ကောက်ချီလိုက်ပြီး ပြေးထွက်သွားတော့သည်။ "ထမင်းစားကြမယ်ဟေ့။ ကိုကိုကတော့ အရမ်းဗိုက်ဆာနေပြီ"

နော့နော့က သူ့ပခုံးပေါ်ကိုမှီထားပြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် တခစ်ခစ်ရယ်မောလေသည်။ "ကိုကို စားစား..."

ရှမြန်ခမျာ သူ့ကျောပြင်ကို အူကြောင်ကြောင်လေး ငေးကြည့်နေမိပြီး နဉ်ရှောက်ပိုင်ကို မေးလိုက်၏။

"သူ ခုနတုန်းက မငြင်းခဲ့ဘူးနော်။ ဟုတ်တယ်မလား"

နဥ်ရှောက်ပိုင်ကလည်း အနည်းငယ် အံ့သြသွားသည်။ သူကကောင်ကလေး၏ အနည်းငယ် နီရဲနေသည့်နားကို လှမ်းကြည့်လိုက်ကာ အသံထွက်ရယ်မောလိုက်တော့သည်။ "သူ ဒီအတိုင်းရှက်နေတာပါ။ ထပ်မမေးနဲ့တော့"

"ဒီလိုဆိုရင် သူ့မှာတကယ်ပဲ သဘောကျရတဲ့မိန်းကလေးတစ်ယောက် ရှိနေတာလား" ရှမြန်သည် တအံ့တဩပြောလိုက်၏။ "ကျွန်မ လုံးဝကို မခန့်မှန်းနိုင်တော့ဘူး"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "သူတို့အားလုံးက လိမ္မာသိတတ်ကြတဲ့ ကလေးတွေပဲလေ။ မင်းပဲ ပြောထားတယ် မဟုတ်ဘူးလား။ အသက်၁၈နှစ် မတိုင်ခင်အထိ ရည်းစားမထားရဘူးလို့လေ။ ဒီတော့ သူတို့ကလည်း အဲဒီကိစ္စကို စိတ်ထဲမှာမှတ်ထားပြီး ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲနေတာ ဖြစ်မှာပေါ့"

ရှမြန်သည် ရုတ်တရက်သူ့ကို မော့ကြည့်လိုက်ကာ "ရှင်နဲ့သိပ်တူတာပဲ"

"ကျွန်မကို ပြောပါဦး။ ရှင်ကရော ကျွန်မကို ဘယ်အချိန်တုန်းကစပြီး ကြံစည်ခဲ့တာလဲ"

နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို လှမ်းပြီးသိုင်းဖက်လိုက်ကာ သူမ၏နှုတ်ခမ်းလေးကို ဖွဖွလေး အနမ်းပေးလိုက်၏။ "ဒါပေါ့။ ကိုတို့တွေ ပထမဦးဆုံးတွေ့တဲ့အချိန် ကတည်းကလေ။ မင်းလိုနတ်သမီးလေးကို ဘယ်သူက မြင်မြင်ချင်း မချစ်ဘဲနေနိုင်မှာလဲ"

ရှမြန်မှာ သဘောကျသွားတော့သည်။ "ပေါက်ကရတွေ ပြောနေတာ မဟုတ်လား။ ကျွန်မတို့တွေ ပထမဦးဆုံးတွေ့တုံးက ရှင် ကျွန်မကို ၀ူခုန်းလို့တောင် ခေါ်ခဲ့သေးတယ်လေ"

နဥ်ရှောက်ပိုင်က ချက်ချင်းပြောလိုက်သည်။ "ဒါကလည်း မင်းရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ဖို့လေ။ တကယ်တမ်းကျတော့ ကိုကမင်းကို အရမ်းလေးစားအားကျတာပါ..."

ရှမြန်သည် အသေရယ်ချင်စိတ် ဖြစ်သွားတော့သည်။ "ကောင်းပါပြီ။ ကျွန်မလည်း စဉ်းစားနေခဲ့ပါသေးတယ်။ လူကောင်းလေး ရှင်ကျွန်မရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာပဲ"

သူတို့နှစ်ယောက်သည် အသံထွက်ကာ ရယ်မောလိုက်ကြတော့သည်။

သို့သော်ငြားလည်း ရယ်မောပြီးသွားသည့်အခါ ရှမြန်သည် အလွန်သိချင်စိတ် ဖြစ်နေဆဲပင်။ သူမသည် ရှောင်ဖုန်းကိုထပ်ပြီး စနောက်ကျီစယ်ခြင်း မပြုလုပ်တော့သော်ငြားလည်း သူမ၏ စုံစမ်းထောက်လှမ်းရေးရေဒါကို မြှင့်တင်ထားလိုက်တော့သည်။

နောက်ဆုံးတော့ သူမ၏ကြိုးစားအားထုတ်မှုက အကျိုးရလဒ်များထွက်လာပြီး သူမသည် သဲလွန်စတချို့ကို ရရှိလာခဲ့တော့သည်။

..

All Chapters