အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
အပိုင်း (၂၅၀)
နောက်တစ်နေ့တွင် ရှမြန်သည် ထန်မော့နှင့် သူ့ညီအစ်ကိုနှစ်ယောက်ကို ကျောက်ချန်ဆီသို့ ပို့ပေးလိုက်သည်။
ရှမြန်သည် သူတို့ကို ကျောက်ချန်၏ အချက်အလက်အမှန်ကို မပြောပြခဲ့ချေ။ ကျောက်ချန်ကတော့ ဒါကို ကလေးများအား စနောက်ကျီစယ်ရသည်မှာ ပျော်စရာကောင်းသည်ဟုသာ ထင်ပေလိမ့်မည်။ သူသည် အရပ်သားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် စီးကရက်တလိပ် ကိုင်ထားကာ ရှမြန်ကို အေးအေးလူလူ ပြောလိုက်၏။ "ဟုတ်ပြီလေ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ငါ မင်းတို့ကို ဝင်လို့ရအောင် သေချာပေါက် လုပ်ပေးမယ်လို့ ကတိပေးတယ်"
"အလုပ်လုပ်တဲ့နေရာမှာ ငါ နင့်ကို ယုံပြီးသားပါ"ထို့နောက်တွင်တော့ ရှမြန်က ထိုဆန့်ကျင်အာခံတတ်သည့် ဆယ်ကျော်သက်လေး၃ယောက်ကို ပြောလိုက်သည်။
"ကျောင်းကိစ္စကိုတော့ စိတ်မပူနဲ့။ ငါ နင်တို့ကို တစ်ပတ်ခွင့်ပေးထားပြီးသား။ အဲဒီမှာသာ သွားနေလိုက်။ တစ်ပတ်နေပြီးသွားရင် တကယ်လို့ နင်တို့တွေက ဒီလောကက အနာဂတ်တစ်ခုရှိတယ်လို့ ထင်တယ်ဆိုရင် ငါက နင်တို့ရဲ့မိဘတွေကို ကိုယ်တိုင်နားချပေးမယ်"
သို့သော်ငြားလည်း ထိုလူ၃ယောက်သည် စိတ်ကူးထားသလောက် စိတ်လှုပ်ရှားနေခြင်း မရှိတော့ချေ။ ဒါသည် သူတို့ အမြဲတမ်းလုပ်ချင်သည့် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ ဆရာမ၏အကူအညီပင် ရထားကာ သူတို့သည် တစ်ချီတည်းနှင့် အောင်မြင်နိုင်သော်ငြားလည်း သူတို့သည် မပြင်ဆင်ထားသည့်တစ်စုံတစ်ခုကို ဖိအားပေးခံနေရသည်ဟု ခံစားနေရဆဲပင်။
ထန်မော့ကတော့ သူတို့၏ အတန်းပိုင်ဆရာမကိုယ်တိုင်က သူတို့ကိုဂိုဏ်းထဲသို့ ပို့ဆောင်ပေးခဲ့သဖြင့် အလွန်စိတ်လှုပ်ရှားနေရတာ ဖြစ်မည်ဟု ထင်လိုက်၏။ ပူးပေါင်းကြံစည်မှုတချို့လည်း ရှိနေလိမ့်မည်ဟု အမြဲတမ်းခံစားနေရသည်။
သို့သော်ငြားလည်း ဒီအခြေအနေတွင်တော့ သူတို့သည် နောင်တရဖို့ရန် အခွင့်အရေးမရှိတော့သည်မှာ သိသာသည်။
ရှမြန်က ထိုအရာကို လုပ်ပေးရန် ကြိုးစားအားထုတ်ထားသဖြင့် သူမကလည်း သူတို့ကိုနောင်တရအောင် လုပ်လိမ့်မည်တော့ မဟုတ်ချေ။ သူမက မှာစရာရှိတာကို မှာပြီးနောက်တွင် ဒီတိုင်းထွက်လာခဲ့တော့သည်။
သူမသည် ကျောင်းထဲသို့ ပြန်ရောက်လာချိန်တွင် အားကစားပွဲတော်က တစ်ဝက်ပြီးနေပြီဖြစ်၏။ မနေ့က ကျောင်းသားကျောင်းသူများက လူမိုက်တစ်အုပ်ကို ဖမ်းဆီးဖို့ရန် အတူတူ အလုပ်လုပ်ခဲ့ကြသည်။ ဒီနေ့တွင်တော့ အခန်းတစ်ခုချင်းစီကြားက လေထုအငွေ့အသက်လေးက မကြုံစဖူး ညီညွတ်မျှတနေပြီး စည်းလုံးလို့နေသည်။
ရှမြန်သည် အပြစ်ကင်းစင်လှပြီး စိတ်အားတက်ကြွနေသည့် ကျောင်းသူကျောင်းသားလေးများကို ကြည့်ပြီး စိတ်အခြေအနေ ကောင်းမွန်သွားတော့၏။ ဒီလိုမှ အထက်တန်းကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ ပုံစံဖြစ်ရမှာလေ...
ဒါနဲ့ထန်မော့နဲ့ အဲ့ဒီကလေးနှစ်ယောက်ကတော့ ဒုက္ခမရောက်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ။
သူမသည် အခန်း၉ဘက်သို့ သွားမည်ပြင်လိုက်သော်ငြားလည်း သူမရှေ့က မိန်းကလေး၃ယောက်၏ စကားဝိုင်းက သူမ၏အာရုံကို ဆွဲဆောင်သွားတော့သည်။
"ဟဲ့ ရှယွီဖုန်း"
"သူတို့အတန်းထဲမှာ အမျိုးသမီးမီတာ၁၀၀ နောက်ဆုံးပြိုင်ပွဲ ဝင်ပြိုင်တဲ့သူ မရှိတဲ့ပုံပါပဲ။ သူက ဘာဖြစ်လို့ အဲဒီမှာ စောင့်နေတာလဲ"
အရပ်အမြင့်ဆုံးမိန်းကလေးသည် ခြေဖျားထောက်ကာ သေသေချာချာလေး တစ်ချက်လောက် ကြည့်လိုက်ပြီးနောက်ပြောလိုက်သည်။ "သူက အဲဒီယောက်ျားလျာ တင်းစီကျင်းကို စောင့်နေတာပဲ ဖြစ်မှာပေါ့"
ရှမြန်ကလည်း လည်ကိုဆန့်လိုက်ကာ တစ်ချက်လောက် ကြည့်လိုက်သည်။ တင်းစီကျင်းသည် အမှန်ပင် ပြေးလမ်းအလယ်တွင် ရပ်နေသည်။ သူမ၏ စစ်ရေးလေ့ကျင့်မှုကြောင့် သူမ၏ လှုပ်ရှားမှုများထဲတွင်လည်း ရဲစွမ်းသတ္တိပြည့်နေသည့် အာရုံတစ်ခုရှိနေကာ သူမ၏ မျက်ဝန်းများကလည်း အလွန်ပြတ်သားနေပြီး တောက်ပလို့နေသည်။ သူမသည် အမှန်ပင် သာမန်အထက်တန်းကျောင်းသူလေးတစ်ယောက်နှင့် နည်းနည်းလေး ကွာခြားနေ၏။
"ဟင်းနော်။ တင်းစီကျင်းက ဒီကိစ္စကြောင့်ပဲ အမြတ်ထွက်နေတာလေ။ သူက မူလတန်းကတည်းက ရှယွီဖုန်းနဲ့ အတန်းဖော်တွေတဲ့။ အဲဒီလိုမှမဟုတ်ရင် သူက ရှယွီဖုန်းနဲ့ ဒီလောက်ကောင်းတဲ့ဆက်ဆံရေး ဘယ်လိုလုပ်ပြီး ရှိလာမှာလဲ"
"ရှယွီဖုန်းကလည်း သူ့ကိုညီအကိုတစ်ယောက်လိုပဲ သဘောထားတာနေမှာပါ။ ကျူးယွိချန်းနဲ့ မောက်ဟွေ့ကျူးတို့လိုလေ"
"ငါလည်း အဲဒီလိုပဲထင်တာပဲ။ နင်တို့တွေ ကြားခဲ့သေးလား။ မနေ့တုန်းက သူတို့တွေ လူမိုက်ကို ဖမ်းတဲ့အချိန်တုန်းက တင်းစီကျင်းက အရမ်းကို ဒေါသထွက်ပြီး အဲဒီလူမိုက်ထဲက၃ယောက်ကို တစ်ယောက်တည်း ရိုက်နှက်ခဲ့တာတဲ့လေ"နောက်ထပ် ဝဖိုင့်ဖိုင့်ကလေးမလေးက ပြောလိုက်သည်။
"ရှယွီဖုန်းက ဒီလောက်သိမ်မွေ့တဲ့ လူတစ်ယောက်။ သူက စကားနည်းတဲ့မိန်းကလေးတွေကို ပိုပြီးသဘောကျသင့်တာပေါ့"
"ဒီတော့ ဝမ်ဝမ်မှာ မျှော်လင့်ချက် ရှိပါသေးတယ်" အရပ်မြင့်မြင့်မိန်းကလေးသည် အလယ်က သေးသေးညှပ်ညှပ် ချစ်စဖွယ်ကလေးမလေးကို ကြည့်လိုက်၏။ "မနေ့တုန်းက နင့်လက်မှာ ဒဏ်ရာရသွားခဲ့တယ်လေ။ ရှယွီဖုန်းက နင့်ကို ချက်ချင်း ပလာစတာ ကပ်ပေးခဲ့တယ် မဟုတ်လား"
ဝမ်ဝမ်ဟုခေါ်သည့် ကလေးမလေးသည် ရှက်ရွံ့စွာ ပြောလိုက်၏။ "ပေါက်ကရတွေ မပြောပါနဲ့။ သူက မေကျားနဲ့ စွန်းရှန်းရှန်းတို့ကိုလည်း ကပ်ပေးခဲ့ပါသေးတယ်"
"ဒါပေမဲ့ နင်ကတော့ သူ ပလာစတာကပ်ပေးတဲ့ ပထမဦးဆုံးသူပဲလေ"
"အာ ရှယွီဖုန်းက အရမ်းကောင်းတာပဲ။ ငါတို့တွေ အတူတူတာဝန်ကျတဲ့အချိန်တုန်းကလည်း သူက အရမ်းကို စဉ်းစားပေးတတ်သေးတာ။ သူ့ရဲ့ချစ်သူကောင်မလေး လုပ်ရရင်တော့ အရမ်းပျော်ဖို့ကောင်းမှာပဲ။ ဟဲ့ ၀မ်၀မ် နင် သူ့ကို ပေးလိုက်တဲ့ရည်းစားစာကိုရော သူဖတ်ခဲ့လား"
ရှမြန်သည် မနေ့မနက်ခင်းက ရည်းစားစာကို သတိရသွားပြီး ဝမ်၀မ်အတွက် အမှန်ပင် သက်ပြင်းချမိတော့သည်။
၀မ်ဝမ်က သူမ၏နှုတ်ခမ်းလေးကို တင်းနေအောင်စေ့ထားလိုက်ကာ ရှက်ရွံ့စွာ ပြောလိုက်၏။
"မသိဘူး။ ငါ သူ့ရဲ့ကျောင်းလွယ်အိတ်ထဲကို တိတ်တိတ်လေး ထိုးထည့်ထားတာ"
"ဒါဆိုရင်တော့ သူ မတွေ့လောက်သေးဘူး ထင်တယ်" အနည်းငယ် ဝဖိုင့်ဖိုင့်ကလေးမလေးက ပြောလိုက်သည်။ "သူက ပြီးခဲ့တဲ့၂ရက်အတွင်းတုန်းက ကျောင်းလွယ်အိတ်အကြီးကြီးကို ပြောင်းလွယ်ခဲ့တယ်လေ"
အရပ်မြင့်မြင့်ကောင်မလေးက ဝမ်ဝမ်ကို အားပေးစကား ပြောလိုက်သည်။ "သူက နင့်ကို ပလာစတာ ကပ်ပေးခဲ့တာပဲလေ။ ငါ့အထင်တော့ နင်သူ့ကို ကျေးဇူးသွားတင်သင့်တယ်"
ဝမ်ဝမ်သည် ခဏလောက် ချီတုံချတုံဖြစ်သွားပြီး သူမ၏သူငယ်ချင်းမလေး၂ယောက်ကတော့ သူမကို ဆက်ပြီးအားပေးလို့နေသည်။ "နင်က ဘာဖြစ်လို့ ရှက်နေတာလဲ။ မြန်မြန်လုပ်စမ်းပါ။ ရှယွီဖုန်းက အရင်ဆုံး လှုပ်ရှားမဲ့သူမျိုး မဟုတ်ဘူးဆိုတာ သိသာတယ်။ တကယ်လို့ နင်က အခုအချိန်မှာ အရင်ဆုံး မလှုပ်ရှားခဲ့ဘူးဆိုရင် နင် နောက်ထပ်အခွင့်အရေးတစ်ခု ရတော့မှာမဟုတ်ဘူး"
"ကြည့်လေ။ ကျားမေတောင် ဟိုမှာ ရောက်နေပြီ"
ဝမ်ဝမ်သည် နောက်ဆုံးတော့ နီရဲနေသည်မျက်နှာဖြင့် ရှောင်ဖုန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမနောက်က မိန်းကလေး၂ယောက်ကတော့ တခစ်ခစ် ရယ်မောလို့နေသည်။
ရှမြန်ကလည်း နောက်မှ ဖြည်းဖြည်းချင်းလိုက်သွား၏။ ရှောင်ဖုန်း၏ အုပ်ထိန်းသူတစ်ယောက်အနေဖြင့် သူမသည် သူနှင့်ပတ်သက်သည့် အကြောင်းအရာအားလုံးကို သိခွင့်ရှိပေသည်။ ဟုတ်ပါသည်။ ဒါကလည်း စပ်စုချင်စိတ် လုံးဝမဟုတ်ပေ။
ပြေးလမ်းကြောင်းပေါ်တွင် သေနတ်ဖောက်သံကို ကြားလိုက်ရ၏။ မီတာ၁၀၀နောက်ဆုံးပြိုင်ပွဲတွင် လမ်းကြောင်း၆ခုပေါ်က မိန်းကလေး၆ယောက်သည် အလွန်မြန်ဆန်သည့်အရှိန်နှုန်းဖြင့် ပြေးလွှားနေပြီး မျက်စိတမှိတ်အတွင်းတွင် သူတို့ရှေ့သို့ရောက်လာခဲ့သည်။
ကျောင်းသူကျောင်းသားများ၏ အားပေးသံများက နားကွဲမတတ်ဆူညံသွား၏။
သို့သော်ငြား သူတို့သည် ပြေးလမ်းကို ဖြတ်ကျော်တော့မည်ဆဲဆဲတွင် မမျှော်လင့်ထားသည့်ကိစ္စတစ်ခုက ဖြစ်ပွားသွားတော့၏။ ဘတ်စ်ကပ်ဘော ဘောလုံးတစ်လုံးသည် ရုတ်တရက် ပြေးလမ်းပေါ်သို့လိမ့်ဆင်းလာပြီး အားကစားသမား၏ ခြေထောက်တည့်တည့်အောက်သို့ ရောက်ရှိသွားခဲ့သည်။
အရှိန်ဖြင့် ပြေးလာသည့်မိန်းကလေး၂ယောက်၊ ၃ယောက်သည် ခလုတ်တိုက်သွားကာ သူတို့ဘေးကလူများကိုလည်း သွားရောက်တိုက်မိသွားတော့သည်။ အတွင်းဖက်ဆုံး တယောက်ကလွဲလျှင် လူ၆ယောက်ထဲက ၅ယောက်သည် လဲကျသွားတော့၏။
အလယ်လမ်းကြောင်းတွင် ပြေးနေသည့်တင်းစီကျင်းသည် တိုက်ရိုက်ထိခိုက်မှု မရှိချေ။ အကြောင်းမှာ သူမသည် လျင်မြန်ဖြတ်လတ်ပြီး မျက်စိလျင်လက်မြန်လှသည့်ရှောင်ဖုန်းကလည်း အပြေးဝင်လာကာ သူမကို ကူညီပေးလိုက်ခြင်းကြောင့်ပင်။ သူမသည် ဆိုးဆိုးရွားရွား လဲကျမသွားခဲ့သော်ငြားလည်း မြေကြီးပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။
ဘတ်စ်ကတ်ဘောဘောလုံးကို တက်နင်းမိသွားသည့်မိန်းကလေးသည် ရှေ့သို့အရှိန်ဖြင့် ဟပ်ထိုးလဲသွားကာ ရှောင်ဖုန်းဘေးတွင် ရပ်နေသည့် ဝမ်ဝမ်ကို ဝင်တိုက်မိသွားလေသည်။
သူတို့သည် တော်တော်လေး ပြင်းပြင်းထန်ထန် လဲကျသွားသည့်ပုံပေါ်ကာ လူတိုင်းကလည်း အပြေးအလွှား ဝင်လာပြီး သူတို့ကိုတွဲထူကာ ပွေ့ဖက်ပေးထား၏။ မြင်ကွင်းက တခဏအတွင်း ဖရိုဖရဲဖြစ်သွားတော့သည်။
ရှောင်ဖုန်းက တင်းစီကျင်းကို အနီးကပ် သေသေချာချာလေး ကြည့်လိုက်ပြီးနောက် "ဘယ်နားထိသွားသေးလဲ"
တင်းစီကျင်းက ဘာမှမပြောရသေးခင်မှာပင် မိန်းကလေး၂ယောက်က အပြေးအလွှား ဝင်လာပြီး ပြောလိုက်၏။ "ရှယွီဖုန်း နင့်မှာပတ်တီးနဲ့ အိုင်အိုဒင်းဆေး ရှိသေးလား။ ဝမ်ဝမ်ရဲ့ လက်နဲ့ခြေထောက်တွေက တော်တော်လေးဆိုးဆိုးဝါးဝါး ပွန်းပဲ့သွားခဲ့တယ်"
"ရှယွီဖုန်း ငါလည်း အိုင်အိုဒင်းနဲ့ ပက်တီးတွေလိုတယ်"
"ဟုတ်ပြီ။ ခဏလောက်စောင့်ပေး"ရှောင်ဖုန်းသည် တင်းစီကျင်းကို မြန်မြန်စကားလှမ်းပြောလိုက်၏။
"မလှုပ်သေးနဲ့နော်" ထို့နောက်တွင်တော့ သူက ဆေးသေတ္တာကို မြန်မြန်သွားယူလာခဲ့သည်။
တင်းစီကျင်းသည် ကစားကွင်း၏ဘေးသို့ ထော့နဲ့ထော့နဲ့လေးဖြင့် လျှောက်သွားလိုက်ကာ ထိုင်ချလိုက်သည်။ သူမသည် သူမထံသို့ရောက်မလာခင် လူအများ၏ ဝိုင်းရံထားခြင်းခံရသည့် ရှောင်ဖုန်းကို လှမ်းကြည့်လိုက်ပြီး နှုတ်ဆိတ်ကာ မျက်လွှာချထားမိလေသည်။
သူမက သူမ၏ဘောင်းဘီကို မတင်လိုက်ပြီး တစ်ချက်လောက်ကြည့်လိုက်၏။ သူမ၏ဒူးမှာ ပွန်းပဲ့သွားပြီး သွေးများထွက်နေလေသည်။
ဤသို့သော အသေးစား ဒဏ်ရာလောက်ကတော့ သူမအတွက် ဘာမှမဟုတ်ချေ။ သူမသည် စစ်ရေးလေ့ကျင့်ချိန်အတွင်းတွင် ပိုပြီးပြင်းထန်သည့် ဒဏ်ရာများကိုပင် ရရှိဖူးသည်။ သူမက သူမ၏ ဘောင်းဘီကို ပြန်ချတော့မည်ပြင်လိုက်ချိန်တွင် လက်တစ်ဖက်က ရှေ့သို့လှမ်းလာပြီး သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်၏။ "နင် ပွန်းပဲ့ဒဏ်ရာတွေကိုတော့ ကုသဖို့ လိုသေးတယ်လေ"
တင်းစီကျင်းက တအံ့တဩဖြင့် ရှောင်ဖုန်းကို မော့ကြည့်လိုက်၏။ "နင် ဘာဖြစ်လို့ဒီကို ရောက်လာတာလဲ။ တခြားသူတွေရော ဘယ်ရောက်သွားလဲ။ အားလုံးကို လုပ်ပေးပြီးသွားပြီလား"
ရှောင်ဖုန်းက ပြောလိုက်သည်။ "သူတို့ကို ပတ်တီးနဲ့ အိုင်အိုးဒင်းဆေးတွေ ပေးလိုက်တယ်လေ။ သူတို့တွေ ကိုယ့်ဟာကိုယ် လုပ်နိုင်ပါတယ်" ထို့နောက်တွင်တော့ သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပြောလိုက်၏။ "ငါ တစ်ချက်လောက် ကြည့်လိုက်မယ်"
တင်းစီကျင်းသည် သိပ်မဝေးလှသည့်နေရာက အိုင်အိုဒင်းဆေးဖြင့် တစ်စုံတစ်ယောက်၏ ဒဏ်ရာကို ကုသပေးနေသည့် မိန်းကလေးကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ငါ့ဒဏ်ရာက အသေးအဖွဲပါ။ မပြင်းထန်ပါဘူး။ သူတို့တွေ အဲဒါကိုသုံးပြီးတဲ့အထိ စောင့်လိုက်ရအောင်ပါ"
ရှောင်ဖုန်းက အိတ်ငယ်လေးတစ်ခုကို ချက်ချင်းဆွဲထုတ်လာကာ ပြောလိုက်သည်။ "အဲဒါက အားလုံးအတွက်။ ဒါက နင့်အတွက်"
ရှမြန်သည် အချင်းချင်း ဒဏ်ရာများကို ကုသပေးနေသည့် အတန်းဖော်လေးများကို အဝေးက ကြည့်နေလိုက်ပြီးနောက် တင်းစီကျင်းကို ကိုယ်တိုင်ဂရုစိုက်ပေးနေသည့် ရှောင်ဖုန်းကို လှမ်းကြည့်လိုက်မိကာ ခြားနားနေသည့်အချက်ကို သဘောပေါက်သွားတော့သည်။ တကယ်တမ်းကျတော့ ညီတူညီမျှ ဆက်ဆံတယ်ဆိုတဲ့ ကိစ္စကမရှိဘူးပဲ။ ခွဲခြားဆက်ဆံတယ် ဆိုတာပဲ ရှိတာ။
တစ်ခုက ထူးထူးခြားခြား သဘောထား ဆက်ဆံခံနေရတဲ့သူက အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့အတွက် ဘယ်သူကမှ သတိမထားခဲ့မိတာပဲ။
အဝတ်အိတ်ငယ်လေးထဲတွင် အိုင်အိုဒင်းဆေးပုလင်းတစ်ခု၊ ဆားရည်၊ ဝါဂွမ်း၊ အနာဂတ်ပလာစတာနှင့် ပတ်တီးများလည်းပါကာ တော်တော်လေးကို ပြီးပြည့်စုံလှသည်။
တင်းစီကျင်းက သူမ၏နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ထပ်မေးလိုက်သည်။ "ဒါက ငါ့အတွက် သီးသန့် ပြင်ထားပေးတာလား"
သူမ၏ စိတ်ခံစားချက်များက အလွန်သိသာနေသည်ဟု ခံစားမိသဖြင့် သူမကလည်း ထိုအရာကို ရယ်စရာလေး ပြောကာ ဖုံးကွယ်လိုက်သည်။ "ငါ ဒီလိုပစ္စည်းမျိုးကို မလိုပါဘူး"
ထို့နောက်တွင်တော့ သူမ၏သန်မာလှသည့် လက်မောင်းများကို ကွေးပြလိုက်လေသည်။
"ဒါက ပုံမှန်အခြေအနေတစ်ခု မဟုတ်လို့ဘဲနေမှာပေါ့" ရှောင်ဖုန်းက ပြုံးလိုက်ပြီး သူမ၏ခြေထောက်ကို သူ့ဒူးပေါ် တင်ထားလိုက်၏။ သူသည် ဒဏ်ရာကို အရက်ပျံနှင့် အရင်ဆုံး သုတ်လိုက်ပြီးနောက် အိုင်အိုးဒင်းနှင့် ဆေးကြောလိုက်သည်။ တင်းစီကျင်းက အမှတ်တမဲ့ တွန့်ဆုတ်သွားသည်ကို တွေ့လိုက်ရသည့်အခါ သူကလည်း ရပ်လိုက်ပြီး အသာအယာလေဖြင့် မှုတ်ပေးလိုက်၏။
"နာနေသေးလား"
တင်းစီကျင်းက ပြုံးပြီးပြောလိုက်သည်။ "မစိုးရိမ်ဘဲနဲ့ ဒီအတိုင်းသုတ်လိုက်ပါ။ ငါက ကလေးမလေး မဟုတ်တော့ပါဘူး။ ငါ မငိုတတ်ပါဘူး"
ရှောင်ဖုန်းကလည်း စနောက်ကာပြောလိုက်သည်။ "ဟုတ်ပါပြီ။ နင်က အရွယ်ရောက်ပြီးသား မိန်းကလေးတယောက်။ အရွယ်ရောက်ပြီးသား မိန်းကလေးတွေကလည်း မိန်းကလေး ဖြစ်နေတုန်းပဲလေ။ နင် မငိုဘူးဆိုပေမဲ့လည်း ထိခိုက်ဒဏ်ရာရတဲ့အခါ နာကျင်တာကိုတော့ ခံစားရအုံးမှာပဲ"
အလို။ ရှမြန်သည် တင်းစီကျင်း၏ ပါးပြင်ပေါ်က ရှက်ရွံ့သွားသည့်အမူအရာကို မြင်လိုက်ရသည့်အခါ အလန့်တကြား ဖြစ်သွားတော့၏။ နောက်ဆုံးစကားလုံးထဲက အဓိပ္ပာယ်နှစ်ခွဖြစ်နေတဲ့ စကားလုံးက တကယ်ကို ဉာဏ်ကောင်းလွန်းတာပဲ။
ရှောင်ဖုန်းက အီစီကလီလုပ်တဲ့နေရာမှာ တကယ့်ကိုတော်တာပဲ! သူ့ရဲ့အန်တီလေးဖြစ်တဲ့ငါက ဘယ်လိုလုပ်ပြီး မသိရတာလဲ။
...
အပိုင်း (၂၅၁)
အားကစားပွဲတော် ပြီးသွားသည့်နောက်တွင် ကျောင်းသူကျောင်းသားများသည် ပုံမှန်ကျောင်းသားဘဝသို့ ပြန်ရောက်လာခဲ့ကြ၏။
ထန်မော့အတွက်တော့ ဘုရားရှင်က ရှမြန်၏ ဆုတောင်းသံကို ကြားခဲ့ပုံ မရချေ။ ထိုဆန့်ကျင်အာခံတတ်သည့် ဆယ်ကျော်သက်လေး၃ယောက်သည် ရက်အနည်းငယ်လေးအတွင်းမှာပင် လူဆိုးဂိုဏ်း၏ အကျည်းတန်ဆုံးအရာများအားလုံးကို တွေ့ကြုံခဲ့ရသည်။
ကျောက်ချန်က မည်သို့မည်ပုံ ပြုလုပ်ခဲ့သည်တော့မသိချေ။ ဤကလေး၃ယောက်သည် ချင်းလုံဂိုဏ်းထဲသို့ အောင်အောင်မြင်မြင် ဝင်နိုင်သွားသည့်အပြင် အလယ်အဆင့် ခေါင်းဆောင်တစ်ယောက်၏ လက်အောက်ငယ်သားများ ဖြစ်လာကြ၏။ သူတို့သည် ကျောင်းသားများကို ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့်အဆင့်နိမ့်အလုပ်များကို မလုပ်ကြတော့ဘဲ ဆိုင်ရှင်များကို တိုက်ရိုက်ငွေညှစ်ကြတော့သည်။
သူတို့ အလုပ်စလုပ်သည့် ပထမဦးဆုံးနေ့မှာပင် အစ်ကိုဖုန်းက အကာအကွယ်ပေးကြေး ကောက်ခံရန် စန်းရှလမ်းသို့သွားဖို့ သူတို့၃ယောက်ကို ခေါ်လာတော့သည်။ ၇ယောက်၊ ၈ယောက်ရှိသည့်လူများသည် သံတုတ်များကို ကိုယ်စီကိုင်ကြကာ ဆိုင်ကြီးများထံမှ ယွမ်၂၀ကောက်ခံပြီး လမ်းဘေးဆိုင်များထံမှ ယွမ်၅၀ကောက်ခံသည်။ အကယ်၍ ထိုပမာဏထက် လျှော့ပြီးပေးရဲသည့်သူရှိလာခဲ့လျှင် သူတို့သည် လူကိုရိုက်နှက်ပြီး ဆိုင်များကိုဖျက်ဆီးတော့သည်။ နောက်ဆုံးတွင် ထိုဆိုင်ရှင်၏ဆုံးရှုံးမှုမှာ ယွမ်၂၀၀ထက်ပင် သေချာပေါက် ပိုသွားပေလိမ့်မည်။
ထန်မော့နှင့် သူ့သူငယ်ချင်း၂ယောက်သည် ထိုအလုပ်ကို အသားမကျသေးချေ။ သူတို့သည် ဆိုင်ပိုင်ရှင်များ၏ မျက်လုံးထဲက ရွံရှာကြောက်ရွံသည့်အကြည့်များကို တွေ့လိုက်ရသောအခါ ဂုဏ်ယူဝံ့ကြွားရမည့်အစား ရှက်ရွံ့မှုများကို ခံစားလိုက်ရတော့သည်။
ဒီလူများနှင့် မနေ့ကအဖမ်းခံလိုက်ရသည့် လူမိုက်များကြား ဘာကွာခြားမှုများရှိပါမည်နည်း။
ညီငယ်လေးတစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါတို့တွေရော ဒီကိစ္စအတွက် အဖမ်းခံရတော့မှာ မဟုတ်ဘူးလား"
အစ်ကိုဖုန်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ရယ်မောပြီးပြောလိုက်၏။ "စိတ်မပူပါနဲ့။ ရဲတွေကလည်း အဲဒီလောက် အားနေတာ မဟုတ်ပါဘူး။ ဒီအပြင် သူတို့တွေက ငါတို့ကို ဖမ်းသွားမယ်ဆိုရင်တောင် ငါတို့မှာ တခြားညီအစ်ကိုတွေ ရှိသေးတာပဲ။ ဘယ်သူက ရဲခေါ်ရဲမှာလဲ။ ကိုယ့်ရဲ့လုပ်ငန်းကို ဆက်ပြီးတော့ မလုပ်ချင်တော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့"
"ထန်မော့ ဒါက မင်းတို့တွေ ပထမဦးဆုံးထွက်လာတာဆိုတော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ကြရအောင်"
အစ်ကိုဖုန်းသည် လက်ထဲတွင် စီးကရက်ကိုညှပ်ထားပြီး ခြေလှမ်းအနည်းငယ်သာ ကွာဝေးသည့် လမ်းဘေးဆိုင်လေးတစ်ခုကို မေးငေါ့ပြလိုက်ကာ ပြောလိုက်သည်။ "အဲဒီအဘိုးကြီးဆီကနေ ငွေသွားကောက်လာခဲ့"
ထိုအဘိုးကြီး၏မျက်နှာသည် အရေးအကြောင်းများအပြည့် ဖြစ်နေပြီး သူ့မျက်လုံးများမှာ နီရဲနေကာ သူသည်လက်နှစ်ဖက်ကို လက်အုပ်ချီရင်း တောင်းပန်စကားပြောနေ၏။ "ညီလေးတွေရယ် ဒီဆိုင်သေးသေးလေးကနေ စားဝတ်နေရေးအတွက် တစ်နေ့ကို ယွမ်၁၀ကျော်လောက်ပဲရတာပါ။ ငါ မင်းတို့ကို ဒီလိုတောင်းပန်ပါတယ်..."
ထန်မော့သည် ထိုကိစ္စကို အမှန်ပင်မလုပ်နိုင်တော့ချေ။ "အစ်ကို ဒီအဘိုးကြီးကိုတော့ ထားလိုက်ပါတော့..."
သူ့စကား မဆုံးသေးခင်မှာပင် အစ်ကိုဖုန်းဘေးကလူမိုက်သည် ရှေ့သို့တက်လာပြီး အဘိုးကြီး၏ခေါင်းကို အကြိမ်ပေါင်းများစွာ ရိုက်နှက်တော့သည်။ "တကယ်လို့ ခင်ဗျားမှာ ပိုက်ဆံမရှိဘူးဆိုရင်လည်း စန်းရှလမ်းကြားထဲကို မလာနဲ့။ ကျုပ်တို့တွေက ဒီနေရာကို ထိန်းသိမ်းထားဖို့ အရမ်းကို ကြိုးစားထားရတာ။ ခင်ဗျားကတော့ အလကား လိုချင်နေသေးတယ်..."
နောက်ဆုံးတွင် အဘိုးကြီးသည် အရိုက်ခံလိုက်ရသည့်အပြင် သူ့တွင်ရှိသည့် ငွေများအားလုံးကို တုန်တုန်ယင်ယင်ထုတ်လာရပြီး အားလုံးမှာ ယွမ်၂၀ကျော်လေးသာ ရှိလေသည်...
အစ်ကိုဖုန်းက ငွေစက္ကူတစ်ထုပ်ကြီးကို မြှောက်ပြကာ အပြုံးဖြင့်ထန်မော့ကို ပြောလိုက်သည်။
"ဒီအဘိုးကြီး အဘွားကြီးတွေက သနားစရာကောင်းအောင် ဟန်ဆောင်တဲ့နေရာမှာ အတော်ဆုံးပဲ။ တကယ်လို့ မင်းက ဒီတစ်ယောက်ကို လွှတ်ပေးလိုက်၊ ဟိုတစ်ယောက်ကို လွှတ်ပေးလိုက် လုပ်နေမယ်ဆိုရင် ငါတို့တွေ အကာအကွယ်ခ ရတော့မှာ မဟုတ်ဘူး"
"ငါတို့တွေကို ရက်စက်တယ်လို့တော့ မထင်နဲ့။ တကယ်လို့ ငါတို့တွေက သူ့ဆီက မယူဘူးဆိုရင် ကျားဖြူဂိုဏ်းက ဝင်လာပြီးတော့ သူတို့ဆီက ယူသွားမှာပဲ။ သူတို့တွေက ပိုပြီးတော့တောင် ရက်စက်ကြသေးတယ်"
"သွားမယ်။ ဟိုအမျိုးသမီးဆီမှာ သွားကောက်ကြမယ်"
ဤကဲ့သို့သော ခြိမ်းခြောက်ပြသည့်အခြေအနေကို မြင်တွေ့ခဲ့ရပြီးသည့်နောက်တွင် ထန်မော့နှင့် ညီအစ်ကိုတို့သည် ပြောသည့်အတိုင်း မတတ်သာတော့ဘဲ လုပ်ရလေသည်။ မဟုတ်လျှင် ထိုလူများသည် ပိုက်ဆံများကိုပေးရဦးမည့်အပြင် အကြောင်းမဲ့လည်း ရိုက်နှက်ခံရပေလိမ့်မည်။
တစ်နေ့တာ ကုန်ဆုံးသွားချိန်တွင်တော့ အစ်ကိုဖုန်းက သူ့ညီအကိုများကို ယွမ်၃၀၀ပေးလိုက်၏။ ထန်မော့နှင့် ကျန်သည့်နှစ်ယောက်ကလည်း တစ်ယောက်ကို ယွမ်၂၀၀စီရကြသည်။ သူက ထန်မော့၏ပခုံးကို လှမ်းပုတ်လိုက်ကာ ပြုံးပြီးပြောလိုက်၏။ "ဒီနေ့ ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲနော်။ မင်းတို့ထဲက တစ်ယောက်ယောက် တစ်နေ့ ငါ့နေရာကိုရလာကြရင် ဒါမှမဟုတ် နယ်မြေအသစ်တွေကိုရောက်သွားကြရင် အကာအကွယ်ဈေးကို ကောက်ခံထားတဲ့ဟာတွေ အားလုံးက မင်းတို့ဟာတွေပဲ ဖြစ်လာလိမ့်မယ်"
သူနှင့်အတူ လိုက်ပါလာကြသည့်လူအများ၏မျက်လုံးများသည် အစ်ကိုဖုန်း၏ လက်ထဲက ငွေစက္ကူအထူကြီးကို မြင်လိုက်ရသည့်အခါ လင်းလက်လာလေသည်။ ထန်မောကတော့ သူ့လက်ထဲကငွေကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး မုန်းတီးမှုများကို ခံစားလိုက်ရ၏။ သူသည် အစ်ကိုဖုန်းကိုလည်း မုန်းသလို သူ့ကိုယ်သူလည်း မုန်းမိတော့သည်။
နောက်တစ်နေ့တွင် ထန်မော့သည် ရန်ပွဲတစ်ခုထဲသို့သွားရန် ခေါ်ခံရပြန်သည်။
သူတို့ပိုင်ဆိုင်ထားသည့် စန်းရှလမ်းကြားအတွက် အကာအကွယ်ကြေးကို ကျားဖြူဂိုဏ်းက ယူသွားခဲ့ခြင်းကြောင့်ပင်။ အစ်ကိုဖုန်းက သူတို့ကို ခေါ်သွားပြီး တစ်ဖက်အဖွဲ့ကို ဖြေရှင်းခိုင်းလေသည်။
ထန်မော့သည် တစ်နေ့လုံး မျိုသိပ်ထားရသည့် နာကျည်းမုန်းတီးမှုများအားလုံးကို တစ်ဖက်ကလူ မိုက်များအပေါ် ဖွင့်ချလိုက်တော့၏။ ကျောင်းတွင် ရှိနေခြင်းနှင့်မတူဘဲ ဆရာဆရာမများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် စိတ်တိုင်းကျ တိုက်ခိုက်နိုင်ပေသည်။ သူ၏ အရပ်မြင့်မြင့်သန်မာသည့် ကိုယ်လုံးကိုယ်ထည်က သူ့အတွက်ကြီးမားသည့် အားသာချက်တစ်ခုဖြစ်ခဲ့သည်။
မြေကြီးပေါ်တွင် လဲလျောင်းနေသည့် လူမိုက်များကိုကြည့်ပြီး အစ်ကိုဖုန်းက သူ့ကိုလေးစားသွားကာ အစ်ကိုဖုန်း၏အထက်က အစ်ကိုကြီးဖြစ်သူ အစ်ကိုတောက်ကိုလည်း စိတ်ဝင်စားသွားအောင် လုပ်မိခဲ့သည်။
သို့နှင့် တတိယမြောက်နေ့တွင် သူ့ကို အစ်ကိုတောက်က ကိစ္စကြီးတစ်ခု ပြုလုပ်ဖို့ရန် ခေါ်လာလေသည်။
ကျားဖြူဂိုဏ်းသည် သိပ်မကြာသေးခင်က နဂါးစိမ်းဂိုဏ်း၏နယ်မြေကို သိမ်းပိုက်ဖို့ရန် ကြိုးစားခဲ့သည့်အပြင် လမ်းကာကွယ်ကြေးကို ယူထားပြီး ဆောက်လုပ်ရေးဆိုက်က သူဌေးများကိုလည်း လိုချင်နေသည်။
ချင်းလုံဂိုဏ်းသည် လက်စားချေဖို့ရန် ဆုံးဖြတ်ထားပြီး သူတို့၏ကိုယ်ပိုင်နယ်မြေများကို ပြန်ယူရမည့်အပြင် ကျားဖြူဂိုဏ်းထံမှ ကြီးမားသည့်လုပ်ငန်းကိုလည်း ဖမ်းဆုပ်ရပေမည်။
"သေသေချာချာလေး လုပ်နော်" အစ်ကိုဖုန်းက ထွက်လာရင်း မှာကြားလိုက်၏။ "မင်းတို့က ကံကောင်းတယ်။ အစ်ကိုတောက်က မင်းတို့ကို တကယ် သဘောကျနေတာ။ တကယ်လို့ ဒီကိစ္စသာ အောင်မြင်သွားမယ်ဆိုရင် မင်းတို့တွေ ငါနဲ့အတူတူ အပေါ်ကို လိုက်တက်နိုင်သွားလိမ့်မယ်။ ဒါက အဲဒီလမ်းဘေးစျေးဆိုင်က အကာကွယ်ကြေးကောက်တာထက် အများကြီးပိုပြီးကောင်းတယ်။ မင်းတို့အားလုံးလည်း ငွေ၂ဆရှာနိုင်လိမ့်မယ်"
ငွေပမာဏ၂ဆဖြစ်လာခြင်းကလည်း ပြန်ရွေးရမည့်ငွေပမာဏက ၁၀ဆထက် ပိုများနေခြင်းကြောင့်ပင်။ ထန်မော့သည် ရင်းနှီးပြီးသား ဆောက်လုပ်ရေးဆိုက်သို့ လျှောက်ကာဝင်လာပြီး သိပ်မဝေးသောနေရာတွင် ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသောအခါ သူသည် အမှတ်တမဲ့လက်သီးကို တင်းနေအောင် ဆုပ်ထားမိတော့သည်။
လက်စားခြေရမည့် အခွင့်အရေးက ထိုမျှလောက် မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု ထင်မထားမိချေ။
ထန်မော့သည် တစ်ကိုယ်လုံး တက်တူးများ ထိုးထားသည့် ထိုလူကို ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။ ထိုလူက သူ့အဖေကို မောက်မာစွာ ခိုင်းစေပြီး ပိုက်ဆံအများကြီးတောင်းကာ လူကိုလည်း အရှက်ခွဲခဲ့ကြသည်။ သူသည် ထိုလူမိုက်ကြီးထက် အဆပေါင်းများစွာ ပိုပြီးအင်အားရှိသည့် အစ်ကိုကြီးတယောက် ဖြစ်လာကာ အဖေဖြစ်သူက အနိုင်ကျင့်ခံရပြီး တစ်ဖက်လူ၏ ဒူးထောက်ခိုင်းကာ အသနားခံတောင်းပန်ခိုင်းနေချိန်တွင် ကာကွယ်ပေးချင်သည်ဟု အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။
ဒီနေ့တွင်တော့ သူသည် အဖေဖြစ်သူကို ကာကွယ်ပေးမည့် သူရဲကောင်းတစ်ယောက် နောက်ဆုံးတော့ ဖြစ်လာနိုင်တော့၏။
"အစ်ကိုမာ ကြည့်ပါဦး။ ဒီပရောဂျက်အတွက် ဝင်ငွေတွေ မရသေးဘူး။ ကျွန်တော့်မှာ တကယ်ဘာမှမကျန်ဘူး..."
တစ်ကိုယ်လုံး တက်တူးများထိုးထားသည့် လူမိုက်က ထန်မော့အဖေ၏ပခုံးကို သိုင်းဖက်ကာ ပြောလိုက်သည်။ "သူဌေးထန် ကျုပ်တို့ညီအစ်ကိုတွေကို အရူးလို့များ ခင်ဗျားက ထင်နေတာလား။ ကျုပ်တို့တွေ ခင်ဗျားရဲ့ဆောက်လုပ်ရေးဆိုက်ကို တစ်လလောက် ကာကွယ်ပေးလာခဲ့ပြီးပြီ။ တကယ်လို့ ကျုပ်တို့ကြောင့်သာ မဟုတ်ဘူးဆိုရင် ခင်ဗျားရဲ့ ဆောက်လုပ်ရေးဆိုက်ကလည်း ဘယ်လိုလုပ်ပြီးတော့ အဲဒီလောက်အေးချမ်းနေမှာလဲ"
မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာအကြည့်တစ်ခုနှင့် ထိုလူသည် မျက်နှာကိုမဲ့ထားလိုက်ကာ "ကြည့်ရတာ ခင်ဗျားက ကျုပ်တို့ညီအကိုတွေကို လှည့်စားဖို့ ကြိုးစားနေတာပဲ။ ခင်ဗျားက ကျုပ်တို့တွေကို အလုပ်လုပ်ခိုင်းပြီးတော့ ပိုက်ဆံမပေးချင်ဘူးပေါ့လေ"
ထန်အဖေသည် သူပိုက်ဆံအိတ်ထဲတွင် ရှိသမျှပိုက်ဆံအားလုံးကို မြန်မြန်ထုတ်ပေးလာပြီးပြောလိုက်၏။
"ကျွန်တော်တို့တွေ ဆောက်လုပ်ရေးဆိုက်အတွက် တချို့ပစ္စည်းတွေကို အခုပဲဝယ်လာခဲ့တာပါ။ ဒါက ကျွန်တော်တို့မှာရှိတဲ့ ငွေအားလုံးပါ။ အခုလောလောဆယ်တော့ ဒါကိုယူသွားလိုက်ပါဦး။ နောက်ပိုင်းကျမှ ထပ်ပြီးပိုပေးပါမယ်"
"ခင်ဗျား ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း အပြည့်မပေးခဲ့ပါဘူး။ ဒီတခါကတော့ မငြင်းနဲ့တော့..."
အစ်ကိုမာသည် ငွေကိုယူဖို့ရန် လက်လှမ်းလိုက်သော်ငြားလည်း ရုတ်တရက် လက်တစ်ဖက်၏ ဝင်နှောင့်ယှက်ခြင်း ခံလိုက်ရသည်။
ထန်အဖေသည် အထိတ်တလန့်ဖြင့် ထန်မော့ကိုကြည့်လိုက်မိ၏။ အစ်ကိုတောက်ကလည်း ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားလေသည်။ သို့သော်ငြား ထန်မော့၏အရှိန်အဝါက တော်တော်လေး အထင်ကြီးစရာကောင်းပြီး သူတို့အတွက်ဂုဏ်ယူစရာများ ယူလာပေးသည်ဟု ခံစားလိုက်ရလေသည်။ သူက ပြုံးကာပြောလိုက်၏။ "ပြောပါတယ် လောင်မာရယ်။ မင်းက တော်တော်ကို ရက်စက်တာပဲ"
လူမိုက်များသည် ရန်ဖြစ်ကြချိန်တွင် နှုတ်အားဖြင့် တိုက်ခိုက်ကြခြင်းမရှိချေ။ တီဗီထဲကလိုပင် အရာအားလုံးကို လက်သီးများဖြင့် ဖြေရှင်းကြလေသည်။
နှစ်ဖက်ကြားက တင်းမာမှုမြင့်တက်လာသည်နှင့်အမျှ ထန်မော့သည် ရှေ့သို့ပြေးတက်လာပြီး ထိုအမာရွတ်နှင့်လူကို ကန်ကျောက်ပစ်လိုက်၏။
ဒီအခိုက်အတန့်တွင် ထန်မော့၏ရင်ထဲ၌ ရန်ငြိုးအသစ်နှင့်အဟောင်းတို့က လှိုက်တက်လာကာ သူသည် ထိုလူကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ပြီး အစ်ကိုတောက်နှင့် တခြားသူများမှာ ထိတ်လန့်အံ့ဩသွားကြတော့သည်။
ကျားဖြူဂိုဏ်းအဖွဲ့ဝင်များ ကြောက်လန့်တကြား ထွက်ပြေးသွားသည်ကို ကြည့်ရင်း အစ်ကိုတောက်သည် ထန်မော့၏ ပခုံးကို လှမ်းပုတ်လိုက်ပြီးနောက် လေးစားအားကျစွာ ပြောလိုက်၏။
"တကယ်ကို တော်တဲ့ကောင်လေးပဲ။ ငါ မင်းကို လူကြည့်မမှားခဲ့ဘူး။ မင်းမှာ တကယ်ကောင်းတဲ့ အရည်အချင်းရှိပြီး တောက်ပတဲ့အနာဂတ်တွေ ရှိနေတာပဲ"
ထန်မော့က သူ့လက်မောင်းပေါ်ကသွေးကို သုတ်လိုက်ပြီး အဖေဖြစ်သူ၏ ထိတ်လန့်နေသည့်အကြည့်နှင့် တွေ့ဆုံသွားသောအခါ သူသည် ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခုနှင့် ပြောလိုက်သေးသည်။
"အစ်ကိုတောက် ဒါက ကျွန်တော်အဖေပါ။ ဒီကိစ္စက..."
အစ်ကိုတောက်က တအံ့တဩ ပြောလိုက်လေသည်။ "ဟား မင်းက လူချမ်းသာလေးတစ်ယောက် ဖြစ်မယ်လို့ ငါ မထင်ထားဘူး"
"ဟုတ်ပါပြီ" အစ်ကိုတောက်သည် ပြုံးကာပြောလိုက်သည်။ "ဒါက ငါတို့ညီအကိုရဲ့ အိမ်ကလုပ်ငန်းဆိုတော့ သူ့ကို လျှော့ဈေးပေးလိုက်ရအောင်"
ထန်မော့၏မျက်နှာသည် အေးခဲသွားလေသည်။ ထိုအဖြစ်ကို မြင်လိုက်ရသောအခါ အစ်ကိုတောက်က သူ့ပခုံးကို လှမ်းပုတ်လိုက်ပြီး အားတက်သရောပြောလိုက်၏။ "ရှောင်ထန် ကျားဖြူဂိုဏ်းက အဲဒီလူတွေ မင်းမိသားစုကို ဘယ်လိုပြဿနာရှာသွားတယ်ဆိုတာကို မင်းလည်းတွေ့သားပဲ။ ငါတို့ညီအစ်ကိုတွေက မင်းတို့ဆောက်လုပ်ရေးဆိုက်ကို ငြိမ်ငြိမ်သက်သက်လေးဖြစ်အောင် ဆက်ပြီးတော့ တာဝန်ယူပေးမှာ။ ငါတို့တွေက အလကားတော့ လုပ်မပေးနိုင်ဘူးလေ။ ဟုတ်တယ်မလား။ မင်းလည်း ငှားထားတဲ့အလုပ်သမားတွေကို လစာပေးရသေးတာပဲလေ။ ဟုတ်တယ်မလား"
သူသည် အမှန်တကယ် မျက်နှာသာပေးနေသည့် အစ်ကိုတစ်ယောက်လို ပြုမူနေလေသည်။ "ဒီမယ် ညီလေး ငါမင်းကို ဒီနေ့တော့ ၅၀ရာခိုင်နှုန်း လျှော့ပေးလိုက်မယ်။ ကျားဖြူဂိုဏ်းက ၈၀၀၀ လိုချင်တာလေ။ ဒီတော့ ငါမင်းကို ၄၀၀၀နဲ့ပေးလိုက်မယ်။ ဘယ်လိုလဲ။ ဒါက တော်တော်လေး ကောင်းပါတယ်။ ဟုတ်တယ်မလား"
"ကျားဖြူဂိုဏ်းက ဒီကိုထပ်ပြီးမလာရဲတော့အောင် ငါ့ရဲ့ညီအစ်ကိုတွေကိုလည်း သေသေချာချာလေး အလုပ်ကြိုးစားဖို့ မှာထားလိုက်ပါမယ်။ ဒီတော့ ဦးလေးလည်း အလုပ်ကို အေးအေးချမ်းချမ်း စပြီးလုပ်လို့ရတာပေါ့"
သူ့ညီအစ်ကိုများက သူ့မျက်နှာကိုထောက်ထားပြီး အဖေဖြစ်သူကို ပြဿနာရှာနေခြင်းအား ရပ်လိမ့်မည်ဟု မျှော်လင့်ထားသည့် စိတ်ကူးသည်ဖြစ်မလာရုံသာမက သူတို့သည် သားအဖ ဖြစ်နေသည့်အတွက် စျေးကိုပင် အကြောက်အလန့်မရှိ ပိုပြီးတင်လာလေသည်...
အစ်ကိုတောက်သည် မျက်နှာပေါ်တွင်အပြုံးတစ်ခု ဆောင်ထားသော်ငြားလည်း သူ့မျက်လုံးများကတော့ အေးစက်လို့နေသည်။ "ရှောင်ထန် ဦးလေးနဲ့ သွားပြောလိုက်ပါ။ ငါတို့ဆက်ဆံရေးကို မထိခိုက်စေနဲ့"
သူ၏စိတ်အားထက်သန်မှုများသည် ပျောက်ကွယ်သွားပြီး ထန်မော့သည် အဖေဖြစ်သူနှင့် မျက်နှာချင်းပင် မဆိုင်ရဲတော့ဘဲ လှုပ်ရှားဖို့ရန်ပင် ချီတုံချတုံ ဖြစ်သွားတော့သည်။
"ဘာဖြစ်တာလဲ" အစ်ကိုတောက်က အပြုံးဖြင့်မေးလာသည်။ "ရှောင်ထန် မင်းကဒီညီအစ်ကိုတွေနဲ့ ဆန့်ကျင်စရာကိစ္စရှိလို့လား"
"ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ" ထန်အဖေသည် အပြုံးဖြင့်ပြောလာလေသည်။ "ဒီကလေးက ကျွန်တော့်ကို ဒီအတိုင်း စိတ်ကောက်နေတာပါ။ ခဏလေးစောင့်ကြဦးနော်။ ကျွန်တော် ငွေနည်းနည်း လိုနေလို့ သွားယူလိုက်ဦးမယ်"
"အဖေ..." ထန်မော့သည် လေသံပျော့ပျော့ဖြင့် ပြောလိုက်လေသည်။
ထန်အဖေကတော့ သူ့ကိုလျစ်လျူရှုထား၏။ ရုတ်တရက် သူ့အိတ်ကပ်ထဲကဖုန်းက မြည်လာခဲ့သည်။ ထန်အဖေက ဖုန်းကို မြန်မြန်ကိုင်လိုက်လေသည်။ "ဪ ဆရာရွှီ"
"ဪ ဆရာတွေ့လိုက်တာလား။ ရပါပြီ ရပါပြီ။ အဲဒီလူမိုက်တွေကို ရိုက်နှက်ပြီးတော့ လွှတ်လိုက်ပါပြီ"
သူသည် အစ်ကိုတောက်ကို လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။ "ဒီနေရာမှာ အဆင်ပြေသွားပါပြီ။ မလိုတော့ပါဘူး။ မလိုတော့ပါဘူး။ အလုပ်ဆက်လုပ်လိုက်ကြပါ"
"ခင်ဗျား လာနေပြီလား" ထန်မော့၏အဖေသည် တအံ့တသြပြောလိုက်၏။ "ဒါဆိုရင်တော့ တကယ် အားနာစရာတွေ ဖြစ်ကုန်ပါပြီ"
ဖုန်းချလိုက်ပြီးသည့်နောက်တွင် ထန်မော့၏အဖေသည် ပြုံးကာ ပြောလိုက်လေသည်။
"လူကြီးမင်းရွှီလေ။ သူ ခဏနေ ရောက်လာတော့မယ်တဲ့"
အစ်ကိုတောက်သည် ခဏလောက်ချီတုံချတုံဖြစ်သွားကာ"ဘယ်က လူကြီးမင်းရွှီလဲ"
"မော့ဟယ်ကုမ္ပဏီက လူကြီးမင်းရွှီပါ။ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ဆောက်လုပ်ရေးဆိုက်ကို စစ်ဆေးဖို့ လာခဲ့တာ။ သူ ဒီနေရာကနေ ဖြတ်သွားတုန်းက လောင်မာနဲ့ သူ့အဖွဲ့တွေ ထွက်သွားတာကို မြင်လိုက်လို့ထင်တယ်" ထန်မော့၏အဖေက ပြောလိုက်သည်။ "သူက ကျွန်တော် ပြဿနာတက်နေတယ်လို့ ထင်ပြီး တစ်ချက်လောက်လာပြီး စစ်ဆေးပေးချင်နေတယ်လို့ ပြောနေတာ"
အစ်ကိုတောက်က ထိုစကားကို မယုံချင်နေသည်မှာ သိသာလေသည်။ "ဦးလေး တကယ်ပဲလား။ ဦးလေးက မော့ဟယ်ကုမ္ပဏီနဲ့တောင်မှ သိတာလား"
ထန်အဖေက ပြုံးပြီးပြောလိုက်သည်။ "ဒါကလည်း ကံပါပဲ။ မော့ဟယ်ဆောက်လုပ်ရေးဆိုက်ကလည်း ဘေးကပ်ရပ်မှာပဲ ရှိတာ မဟုတ်လား။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ဆရာရွှီက ဆောက်လုပ်ရေးဆိုက်ကို လာပြီးတော့ စစ်ဆေးခဲ့တယ်လေ။ သူက ကားတစ်စီးနဲ့ တိုက်မိသွားတော့မလို ဖြစ်သွားခဲ့တာ။ ကျွန်တော်လည်း သူ့ကိုကူညီပေးခဲ့တာလေ။ စကားနည်းနည်းပါးပါး ပြောရင်းက သိလာခဲ့တာ။ မင်းတို့လည်း သိပါတယ်။ ဒီစာတတ်ပေတတ်ပုဂ္ဂိုလ်တွေက အရမ်းကိုထူးခြားပြီးတော့ တခြားသူတွေအပေါ် အကြွေးတင်နေရတာကို မကြိုက်ဘူးလေ။ ဒီတော့ သူတို့ကလည်း ကျွန်တော့်ကို အမြဲတမ်း ကျေးဇူးပြန်ဆပ်ချင်နေကြတာ"
"ဪ ခဏနေကြရင် လူကြီးမင်းရွှီရောက်လာတော့မှာပဲ" ထန်အဖေက ပြောလိုက်သည်။
"ခဏလောက် စောင့်လိုက်ဦးနော်။ ကျွန်တော် မင်းတို့အတွက် ငွေသွားယူလိုက်ဦးမယ်"
"မလိုတော့ပါဘူး" အစ်ကိုတောက်သည် ချက်ချင်းပြောလိုက်ပြီး တော်တော်လေးကို လှောင်ပြောင်သရော်ပြီး ပြောလိုက်လေသည်။ "ဦးလေး ဦးလေးက လူကြီးမင်းရွှီရဲ့မိတ်ဆွေ ဖြစ်နေတယ်ဆိုမှတော့ ကျွန်တော်တို့ရဲ့အကာအကွယ်ကို ဘယ်လိုလုပ်ပြီးတော့ ထပ်လိုတော့မှာလဲ"
သူသည် ထိုစကားကို ပြောလိုက်သော်ငြားလည်း ထိုနေရာတွင် ရပ်နေဆဲဖြစ်ကာ သူ့မျက်လုံးများက တံခါးဝဘက်သို့ ဆက်တိုက်ကြည့်နေပြီး ထန်အဖေက လိမ်ညာနေမှာကို စိုးရိမ်နေသည်မှာ သိသာလေသည်။
သို့သော်ငြားလည်း ၅မိနစ်ကြာသွားပြီးသောအခါ ကားပေါ်ကဆင်းလာသည့်လူကို ကြည့်ပြီး အစ်ကိုတောက်သည် ဇက်ကလေး ပုသွားပြီး တစ်ဖက်လူ၏အာရုံကို ဆွဲဆောင်မိမှာစိုးရိမ်သဖြင့် သူ့ညီအစ်ကိုများနှင့်အတူ တိတ်တဆိတ်ထွက်ခွာသွားတော့သည်။
ထန်မော့က တစ်ဖက်လူကို မော့ကြည့်လိုက်၏။ သူသည် သူ့အဖေနှင့် သက်တူရွယ်တူခန့် ရှိသော်ငြားလည်း ဝတ်စုံပြည့် ဝတ်ဆင်ထားကာ အလွန်အားအင်တက်ကြွနေဟန်တူလေသည်။ သူ့အဖေ ရင်ဆိုင်နေရသည့် လူမိုက်များသည် နာမည်လေးကို ထုတ်ပြောလိုက်ရုံနဲ့ ချက်ချင်းထွက်ခွာသွားကြ၏။
"ရှောင်ထန် မင်းအဖေက အရမ်းကံကောင်းတာပဲ" အစ်ကိုတောက်သည် မကျေမနပ်ဖြစ်နေပြီး ထူးဆန်းသည့်အသံတစ်ခုဖြင့် ပြောလာ၏။
တခြားညီအစ်ကိုများကလည်း အလုပ်ကြိုးစားခဲ့ရသော်ငြားလည်း ဘာမှအရာမထင်သဖြင့် မကျေမနပ် ဖြစ်နေကြသည်။ "အဲဒီလူကြီးမင်းရွှီဆိုတာ ဘယ်သူလဲ။ ကျွန်တော် သူ့အကြောင်းကို ဘာဖြစ်လို့တစ်ခါမှ မကြားဖူးတာလဲ"
"ဒါကြောင့်မလို့ဘဲ မင်းတို့တွေ ခေါင်းဆောင်မဖြစ်နိုင်ကြတာ" အစ်ကိုတောက်က နှာခေါင်းရှုံ့လိုက်ကာ "သူက မော့ဟယ်ဆောက်လုပ်ရေးဆိုက်ကို တာဝန်ယူထားတဲ့သူပဲ။ မော့ဟယ်ဆောက်လုပ်ရေးဆိုက် စတုန်းက ကျားဖြူဂိုဏ်းက ပြဿနာသွားရှာတော့ နေရာမှာတင် အဖမ်းခံခဲ့ရတယ်လေ"
"အဲဒီပညာတတ်ကောင်တွေက တော်တော်လေးကို ရက်စက်တာ။ ငါ ကြားထားတာတော့ ကုမ္ပဏီက ရှေ့နေအဖွဲ့တစ်ခုတောင်မှ ခန့်အပ်ထားသေးတယ်တဲ့။ အဲဒီကျားဖြူအဖွဲ့ဝင်တွေက လပေါင်းများစွာ ထိန်းသိမ်းခံလိုက်ရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနဲ့ လုပ်အားခ ဆုံးရှုံးမှုအတွက်ဆိုပြီး ပိုက်ဆံအများကြီး ပေးလိုက်ရသေးတယ်"
"လိုရင်းကို ပြောရမယ်ဆိုရင် မင်းတို့တွေ အဲဒီလိုလူတွေကို သွားမဆွမိအောင် ရှောင်ရမယ်။ သူတို့ရဲ့အဆက်အသွယ်တွေက ငါတို့ရဲ့ခေါင်းဆောင်ထက်တောင်မှ အများကြီး ပိုပြီးကောင်းသေးတယ်"
.
အပိုင်း (၂၅၂)
ထန်မော့သည် ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် နှုတ်ဆိတ်သွားတော့သည်။ သူသည် ညသန်းခေါင်အထိ လျှောက်ပတ်သွားလာနေခဲ့ပြီးမှ သူ့အိမ်တံခါးကို ဖွင့်ကာ တိတ်တိတ်လေး ဝင်လာခဲ့၏။ သို့သော်ငြား သူ့အဖေကတော့ ဆိုဖာပေါ်တွင်ထိုင်ရင်း သူ့ကို စောင့်စားလို့နေခဲ့သည်။
ထန်မော့သည် ချီတုံချတုံဖြစ်သွားပြီး"အဖေ..."
ထန်အဖေက ပြန်မပြောချေ။ သို့သော်ငြား အားနည်းချည့်နဲ့စွာ ပြန်ပြောလာလေသည်။ "သူတို့တွေက လူကြီးမင်းရွှီရဲ့နာမည်ကို ကြားလိုက်တာနဲ့ ကြောက်လန့်သွားရတဲ့ အကြောင်းအရင်းကိုသိလား"
"လူကြီးမင်းရွှီက ပိုပြီးချမ်းသာကြွယ်ဝတာ သိသာနေပေမဲ့လည်း ဘယ်လူမိုက်ကမှ ဘေးကဆောက်လုပ်ရေးဆိုက်ကို ပြဿနာသွားမရှာရတဲ့ အကြောင်းအရင်းကိုရော သိလား"
ထန်မော့က ပြောလိုက်၏။ "အင်း။ ကျွန်တော် အဲဒီအကြောင်းကြားဖူးတယ်"
"အင်း။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ကောင်းမွန်တဲ့မိသားစုကနေ လာကြတာလေ။ သူတို့တွေက ရဲကို ခေါ်လိုက်တာနဲ့ ရဲတွေကလည်း သူတို့ရဲ့ဘက်မှာ အဆင်သင့် ရပ်တည်ပေးလိမ့်မယ်။ သူတို့တွေက လက်စားချေခံရမှာကို မကြောက်ဘဲ အဲဒီလူမိုက်တွေကို အချုပ်ထဲကို အလွယ်တကူ ပို့ပစ်နိုင်တယ်လေ"
"ဘာဖြစ်လို့လဲဆိုတော့ သူတို့သာ လက်တုံ့ပြန်မယ်ဆိုရင် အဲဒီလူမိုက်တွေက ပိုပြီးကြီးမားတဲ့ တန်ကြေးတစ်ခုကို ပေးရမှာမလို့ပဲ"
"ဒါပေမဲ့ ငါကျတော့ မတူဘူး။ ငါငယ်ငယ်တုန်းက မင်းရဲ့အဘိုးအဘွားတွေက ငါ့ကိုပစ်ထားခဲ့တာ။ ငါ့မှာ ကျောင်းကို ကြိုးကြိုးစားစား ရုန်းကန်တက်ရောက်ခဲ့ရပြီး အသက်၂၀အရွယ်အထိ ယက်ကန်ယက်ကန်နဲ့ ရုန်းကန်ခဲ့ရတာ။ အဲဒီတုန်းက ကံကောင်းပြီး အလုပ်သမားခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ငွေနည်းနည်းပါးပါး ရှာနိုင်တယ်ဆိုပေမဲ့လည်း တခြားသူတွေရှာနိုင်တာထက် အများကြီး နည်းပါသေးတယ်။ အဲဒီလူမိုက်တွေက ဘာဖြစ်လို့ ငါ့ကို ရွေးခဲ့လဲသိလား။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ အားနည်းတဲ့ နောက်ခံတစ်ခု ရှိနေတယ်ဆိုတာ သူတို့သိနေလို့လေ။ တကယ်လို့ ငါက ရဲစခန်းကို သွားမယ်ဆိုရင်လည်း ဒီအခြေအနေက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူကသိမှာလဲ"
"တကယ်လို့ ငါက ဒီကိစ္စကို ချောချောမွေ့မွေ့ ဖြစ်ချင်တယ်ဆိုရင် ငွေနည်းနည်းပါးပါးသုံးပြီး ဒီပြဿနာကို ရှောင်ကြဉ်ဖို့ပဲ တတ်နိုင်တယ်"
"တကယ်လို့ ငါသာ ရှေ့နေတယောက်ဖြစ်ဖြစ်၊ ရဲအရာရှိတစ်ယောက်ဖြစ်ဖြစ် သိထားမယ်ဆိုရင် ဒီလိုအရှက်ခွဲခံရတဲ့ကိစ္စမျိုးကို သည်းခံနေစရာ လိုမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ့ရဲ့နောက်ခံက ရဲတွေ၊ ရှေ့နေတွေက ဂရုစိုက်ကြမဲ့အရာမျိုး မဟုတ်ဘူးလေ"
"ဒါပေမဲ့ မင်းမှာတော့ အခွင့်အရေးရှိသေးတယ်။ ဒီတော့ ငါက အားလုံးကို တောင်းပန်တိုးလျှိုးပြီး မဖြစ်စလောက် မျှော်လင့်ချက်လေးတစ်ခုကို ဖက်တွယ်ထားပြီး မင်းကို ကျောင်းကောင်းတစ်ခုထဲ ဝင်နိုင်အောင် ကြိုးစားပေးခဲ့တာ။ ငါ ထင်ထားတာက တကယ်လို့ မင်းက စာပေဘက်မှာ မတော်ဘူးဆိုရင်တောင် ခိုင်မာတဲ့အခြေခံတစ်ခု ရသွားလိမ့်မယ်။ အနည်းဆုံးတော့ မင်းရဲ့ အနာဂတ်အတန်းဖော်တွေကလည်း အထက်တန်းစားလူ့အဖွဲ့အစည်းထဲက အတန်းဖော်တွေ ဖြစ်လာလိမ့်မယ်ပေါ့"
"အချိန်တန်လာရင် မင်းလည်း ရန်ဖြစ်နေဖို့ မလိုတော့ဘူး။ အဲဒီနေရာမှာ သူဌေးရွှီလိုပဲ ရပ်နေရုံပဲ။ နဂါးစိမ်းဂိုဏ်းကလူတွေ၊ ကျားဖြူဂိုဏ်းကလူတွေက ငါ့ကို ထပ်ပြီးပြဿနာလာရှာရဲဦးမလား ကြည့်လိုက်ဦးမယ်"
ထန်မော့သည် ဘာတစ်ခွန်းမှမပြောဘဲ ထိုနေရာတွင်ရပ်နေမိ၏။
ထန်အဖေကတော့ သူ့မျက်နှာကို သုတ်လိုက်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ မင်းရဲ့ဆရာမ ပြောတဲ့စကားက မှန်တယ်။ ငါက မင်းကို ဖိအားပေးနေလို့ရော ဘာအဓိပ္ပာယ်ရှိမှာလဲ။ ငါက ဒီအတိုင်း အနုတ်စုတ်ဂုတ်စုတ်လူပဲလေ။ ငါ့သားက ဒီထက်ကြီးတဲ့တွင်းတွေကိုပဲ ပိုတူးရမှာပေါ့။ ဒါက ငါ့ရဲ့ဒီအတိုင်း အဓိပ္ပာယ်မရှိတဲ့ မျှော်လင့်ချက်တွေပါပဲ"
"တောင်းပန်ပါတယ်။ အဖေ သား မှားသွားပါတယ်..." ထိုအခြင်းအရာကို ကိုယ်တိုင်ပင် တွေ့ကြုံခဲ့ရပြီးသည်နောက်တွင် ထန်မော့သည် မည်မျှရိုးအခဲ့သည့်အကြောင်း၊ သူ့အဖေဖြစ်သူ၏ ကောင်းမွန်သည့်ရည်ရွယ်ချက်ကို နားမလည်ခဲ့သည့်အကြောင်းကို သဘောပေါက်သွားတော့သည်။
"ကျွန်တော် ကျောင်းပြန်သွားပြီးတော့ စာကြိုးစားပါတော့မယ်"
ထန်အဖေသည် လုံးဝကို ပျော်ရွှင်နေဟန် မတူချေ။ "ရပါတယ်။ မင်း ပြန်သွားနိုင်တဲ့အချိန်ကျမှ ငါတို့တွေ ဒီအကြောင်း ပြောကြတာပေါ့"
ထန်မော့သည် ခဏလောက် မှင်တက်အံ့ဩသွား၏။ "ငါတို့တွေ ပြန်သွားနိုင်တဲ့အချိန်ကျမှ စကားပြောကြတာပေါ့"ဆိုတာဘာအဓိပ္ပာယ်လဲ။
နောက်တစ်နေ့တွင်တော့ သူသည် သူ့အဖေပြောလိုက်သည့်စကားကို နားလည်သွားတော့သည်။ ကျောင်းသွားသည့်လမ်းပေါ်တွင် သူသည် အစ်ကိုတောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ သူက ကျောင်းသွားမည်ဟု ပြောလိုက်သောအခါ သူ့ဆရာနှင့်အတန်းဖော်များနှင့် သိကျွမ်းဖို့ရန် ကျောင်းသို့လိုက်လာမည်ဟု ချက်ချင်းပြောလာသည်။
ထန်မော့မှာ မတတ်သာတော့ဘဲ ပြန်လှည့်လာခဲ့ရတော့သည်။
သူသည် ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် အစ်ကိုတောက်က မပြုံးတပြုံးဖြင့် သူ့ကိုကြည့်လာပြီး "ငါ မင်းကို ဒီနေ့ ဒီနေရာကို ခေါ်လိုက်တာက ငါတို့ချင်းလုံဂိုဏ်းက သစ္စာဖောက်တွေကို ဘယ်လိုဖြေရှင်းတယ်ဆိုတာကို ပြချင်လို့ပဲ"
"ဒီကောင်က ငါတို့နဲ့နေလာတာ အရမ်းကြာသွားပြီလေ။ အခု သူက လက်ထပ်ပြီးတော့ ကောင်းမွန်တဲ့ဘဝတစ်ခုမှာ နေချင်တယ်လို့ ရုတ်တရက် ပြောလာတယ်" အစ်ကိုတောက်က အသံထွက် ရယ်မောလိုက်ကာ "သူ့ပုံစံက ချင်းလုံဂိုဏ်းမှာနေရင်ပဲ ကောင်းမွန်တဲ့ဘဝတစ်ခုမှာ မနေနိုင်တော့တဲ့အတိုင်းပဲ"
"မင်းတို့တွေက ငါတို့ချင်းလုံဂိုဏ်းကို ဘယ်လိုများ ထင်နေကြတာလဲ။ စိတ်တိုင်းကျ ဝင်ထွက်လို့ရတဲ့နေရာများ ထင်နေတာလား"
ထန်မော့နှင့် သူ့ညီအကိုနှစ်ယောက်သည် ထွက်သွားချင်သည်ဟု ပြောလာသည့်သူက သွေးထွက်သံယို ဖြစ်သည့်အထိ ရိုက်နှက်ခံထားရပြီး ကြမ်းပြင်ပေါ်တွင် မလှုပ်မယှက်လဲလျောင်းနေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရလေသည်။ ထိုအခါကျမှ လူတစ်ယောက်သည် ရွှံ့နွံထဲသို့ သက်ဆင်းသွားခဲ့လျှင် ထွက်ခွာဖို့ရန် ထိုမျှလောက် မလွယ်ကူတော့သည့်အကြောင်းကို ရုတ်တရက် နားလည်သွားကြတော့၏။
ထန်မော့သည် ရုတ်တရက်ဆိုသလို သူ့ကျောင်း၊ သူ့အတန်းဖော်နှင့် သူ့ဆရာများကို ဆိုးဆိုးဝါးဝါး လွမ်းဆွတ်သွားတော့သည်။ အကယ်၍ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလာမည်ဆိုလျှင် သူသည် သေချာပေါက် စာကြိုးစားလိမ့်မည်ဖြစ်ကာ ဤကဲ့သို့သော အစ်ကိုကြီးမျိုးကို ဘယ်တော့မှ ထပ်ဖြစ်လာချင်လိမ့်မည် မဟုတ်ပေ။
သူ့ညီအစ်ကိုနှစ်ယောက်ကလည်း စိတ်ဓာတ်ကျသွားသည်မှာ သိသာလေသည်။ သူတို့ထဲက တစ်ယောက်က မေးလိုက်၏။ "ထန်မော့ ငါတို့ရဲ့အတန်းပိုင်ဆရာမက ငါတို့ကို ပြန်လာခေါ်မယ်လို့ထင်လား"
တခြားလူကတော့ ကိုယ့်ဟာကိုယ်အားပေးနေဟန်တူ၏။ "ဒါပေါ့။ လာခေါ်မှာပေါ့။ အတန်းပိုင်ဆရာမက ပြောခဲ့တယ် မဟုတ်လား။ ငါတို့တွေကို တစ်ပတ်ပဲ အချိန်ပေးမယ်လို့လေ။ ငါတို့တွေ ကျောင်းကိုပြန်လို့ရဦးမှာပါ"
အားလပ်ချိန်အတွင်းတွင် ထန်မော့သည် အံကြိတ်ပြီး ရှမြန်ကို ဖုန်းခေါ်လေသည်။
"ကောင်လေး အခြေအနေကောင်းရဲ့လား" အတန်းပိုင်ဆရာမ၏အသံသည် စနောက်ကျီစယ်သည့် လေသံအပြည့်ဖြစ်နေ၏။
ထန်မော့မှာ စိတ်ဆိုးသည်ဟု မခံစားရတော့ချေ။ သို့သော်ငြား သူ၏ရင်ထဲတွင် အလေးတုံးကြီးတစ်ခု ဆွဲထားသလို ခံစားရလေသည်။ "ဆရာမရှ..."
သူ့လေသံထဲတွင် တစ်ခုခု မူမမှန် ဖြစ်နေသည်ကို ကြားလိုက်ရသောအခါ သူ့ကို လှောင်ပြောင်သရော်ဖို့ရန် အမြဲတမ်း သဘောကျနေသည့် ဆရာမသည် ရုတ်တရက် မေးလာ၏။
"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ"
သူသည် တစ်စုံတစ်ယောက်က ထိုနေရာကို မြန်မြန်ဆန်ဆန် လာနေသည်ကို ကြားလိုက်ရသောအခါ မြန်မြန်ပြောလိုက်လေသည်။ "ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ဒီအတိုင်း ကျောင်းပြန်လာချင်လို့ပါ"
တစ်ဖက်လူ၏လေသံကတော့ အေးအေးဆေးဆေး ဖြစ်နေကာ သူသည် ပြုံးကာပြောလိုက်လေသည်။
"ကောင်းပြီလေ။ မင်းက မင်းရဲ့အမှားကို နားလည်သွားပြီဆိုတော့ ငါ မနက်ဖြန် မင်းကို လာခေါ်ပေးမယ်။ ယောက်ျားပီသစမ်းပါ။ မငိုပါနဲ့"
ဖုန်းချလိုက်ပြီးသည့်နောက်တွင် ထန်မော့သည် အရင်တုန်းက တစ်ခါမှမဖြစ်ဘူးသည့် စိတ်အေးချမ်းမှုကို ခံစားလိုက်ရလေသည်။
ရလဒ်အနေဖြင့် သူတို့၃ယောက်သည် တစ်နေ့တာ ကုန်ဆုံးသွားပြီး မနက်ဖြန် ကျောင်းပြန်သွားရမည့်အရေးကို မျှော်လင့်နေသည့်အချိန်မှာပင် အစ်ကိုတောက်ဆီက နောက်ထပ်အရေးကြီး သတိပေးစာတစ်ခုကို လက်ခံရရှိခဲ့၏။
"ညဘက်မပြန်ရဘူး။ မင်းတို့ရဲ့ လက်နက်ကိုယူပြီးတော့ ငါ့နောက်လိုက်ခဲ့"
ထို့နောက်တွင်တော့ သူသည် သက်ပြင်းချကာ ထန်မော့ကို ပြောလိုက်၏။ "မင်းက အရမ်း ကံကောင်းတဲ့ကောင်ပဲ။ အချိန်တို့အတွင်းပဲ ရှိသေးတယ်။ ခေါင်းဆောင်ရှေ့မှာ မင်းရဲ့မျက်နှာကို ပြဖို့ အခွင့်အရေးတောင်ရလာပြီ"
ထန်မော့သည် မပျော်ရွှင်တော့သည့်အပြင် ကြောက်လန့်တကြား ဖြစ်သွားလေသည်။
"ခေါင်းဆောင်ဟုတ်လား"
အစ်ကိုတောက်က ဂုဏ်ယူ၀ံ့ကြွားစွာ ပြောလိုက်၏။ "ဟုတ်တယ်။ အစ်ကိုတုန်းလေ။ ငါတို့ချင်းလုံဂိုဏ်းရဲ့ ခေါင်းဆောင်ပေါ့။ ငါဒီဂိုဏ်းထဲဝင်လာတုန်းက တစ်နှစ်မပြည့်ခင် သူ့ကိုတောင် မတွေ့ဖူးဘူး။ မင်းကတော့ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ခေါင်းဆောင်နောက်ကို လိုက်နေရပြီ"
"ကောင်းကောင်းလုပ်။ တကယ်လို့ မင်းသာ ဒီတစ်ကြိမ် အစ်ကိုကြီးရဲ့မျက်လုံးထဲကို ဝင်နိုင်မယ်ဆိုရင် အပေါ်ကိုတန်းပြီးတော့ တက်သွားနိုင်မှာ"
ရှောင်လွှဲထွက်ပြေးချင်နေသည့် ထန်မော့မှာ ခါးသက်မှုကို ခံစားလိုက်ရလေသည်။ ယခုအချိန်တွင်တော့ သူလိုက်သည့်သူဌေးက ပိုပြီးတော့ကြီးမားလေလေ သူကျူးလွန်မည့်ပြစ်မှုကလည်း ပိုပြီးပြင်းထန်လာလေလေ ဖြစ်သည့်အကြောင်းကို သိသွားတော့သည်။ သူသည် လုံးဝကို မသွားချင်တော့ပေ။
သို့သော်ငြား အစ်ကိုတောက်က သူတို့ကို လက်လွှတ်မည် မဟုတ်သည်မှာ သိသာလေသည်။ သူတို့သည် မနက်ဖြန် ထွက်ခွာတော့မည်ဖြစ်သဖြင့် ဘာပြဿနာမှလည်း မလုပ်ချင်ပေ။
ညဘက်ထွက်ခွာတော့မည်အချိန် ရောက်လာသည့်တွင်တော့ ထန်မော့သည် အမှန်ပင် ရတတ်မအေးနိုင်တော့ဘဲ သူ့အတန်းပိုင်ဆရာမကို ထပ်ပြီးဖုန်းခေါ်တော့သည်။ ပထမအကြိမ် ပြုလုပ်ပြီးသွားပြီဖြစ်သဖြင့် ဒုတိယအကြိမ်ကလည်း အများကြီးပိုပြီးလွယ်ကူသွားလိမ့်မည်။
ရှမြန်ကလည်း ထိုစကားကို ကြားလိုက်ရသည့်အခါ မှင်တက်အံ့ဩသွား၏။
"ရက်နည်းနည်းလေးပဲ ရှိသေးတယ်လေ။ နင်က ခေါင်းဆောင်ရဲ့နှာခေါင်းအောက်ကိုတောင်မှ ရောက်သွားပြီလား"
"ရပါတယ်။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ နေလိုက်ပါ။ ကိုယ့်ဟာကိုယ် သေချာပေါက် ကာကွယ်ထား။ နားလည်လား"
တစ်ဖက်လူ၏လေသံသည် အေးဆေးလို့နေပြီး ထန်မော့သည် စိတ်အေးသွားကာ သက်ပြင်းချလိုက်မိ၏။ သူသည် အစ်ကိုတောက် နောက်သို့လိုက်လာကာ လက်ထဲတွင်လည်း သံတုတ်တစ်ချောင်းကို ကိုင်ပြီး ကားထဲသို့ ဝင်လာလိုက်ပြီးနောက် မြို့ပြင်က စွန့်ပစ်ထားသည့် စက်ရုံတစ်ခုဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။
သူတို့၃ယောက်သည် လူအုပ်ကြီး၏နောက်တွင်ရပ်နေပြီး အစ်ကိုတုန်းနှင့် ကျားဖြူဂိုဏ်းခေါင်းဆောင်တို့က စွန့်ပစ်ထားသည့် စက်ရုံထဲသို့ အတူတူဝင်လာသည်ကို ကြည့်နေမိ၏။ သူတို့အုပ်စုတစ်ခုက အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
သူတို့သည် အင်အားပြဖို့ရန်အတွက် ဤနေရာသို့ ရောက်လာဟန်တူ၏။ ထန်မော့နှင့် သူ့ညီအစ်ကိုနှစ်ယောက်တို့သည် စိတ်အေးသွားပြီး သံတုတ်ကိုမှီကာ တရေးတမောလောက် အိပ်မည်ပြင်လိုက်စဉ်တွင် မျှော်လင့်မထားသည့် တစ်စုံတစ်ခုဖြစ်ပွားသွားတော့သည်။ ရုတ်တရက်ဆိုသလို နားကွဲမတတ် အော်ဟစ်သံများက အဖက်ဖက်မှနေ၍ ထွက်ပေါ်လာခဲ့၏။
သူတို့၃ယောက်လုံးမှာ မှင်တက်အံ့သြသွားလေသည်။ သူတို့သည် ဤကဲ့သို့သောရာချီသည့် ကြီးမားလှသောမြင်ကွင်းကြီးကို တစ်ခါမှ မတွေ့ကြုံခဲ့ဖူးချေ။ သွေးများက လွင့်စဉ်ထွက်သွားပြီး အော်သံများကို လူအုပ်ထဲမှ ကြားလာရသည့်အချိန်ကျမှ သူတို့၃ယောက်သည် သတိပြန်ဝင်လာကာ အလိုလိုထွက်ပြေးချင်စိတ်များ ပေါက်လာတော့သည်။
သို့သော်ငြား အစ်ကိုတောက်က သူတို့ကိုထပ်ပြီး ပြဿနာရှာဖို့ရန်ပင် မလိုချေ။ အကြောင်းမှာ သူတို့ကို ဝိုင်းရံထားသည့်လူများက သူတို့ကို အလွတ်ပေးလိမ့်မည် မဟုတ်ခြင်းကြောင့်ပင်။
လူမိုက်များသည် သွေးစွန်းနေသည့်လက်သီးစွပ်များဖြင့် အရူးသဖွယ် တိုက်ခိုက်လို့နေလေသည်။ ထန်မော့နှင့်တခြားနှစ်ယောက်သည် လှည့်အပြေးတွင် သံတုတ်တစ်ခုက သူတို့ဆီသို့ ဝင်ရောက်လာခဲ့၏။
သူတို့၃ယောက်သည် အမှတ်တမဲ့ မျက်လုံးများကိုမှိတ်ထားလိုက်ကြပြီး အော်ဟစ်လိုက်ကာ သူတို့ကတော့ ဒီနေ့တွင် ကံဆိုးမိုးမှောင်ကျပြီဟု ထင်လိုက်တော့၏။
ရလဒ်အနေဖြင့် မျှော်လင့်ထားသည့်နာကျင်မှုကရောက်မလာဘဲ အော်သံတစ်ခုက တစ်ဖက်မှနေ၍ ထွက်ပေါ်လာခဲ့လေသည်။
သူတို့၃ယောက်က မျက်လုံးများကိုဖွင့်လိုက်ချိန်တွင် သူတို့အတန်းပိုင်ဆရာမက သူတို့ရှေ့တွင်ရပ်နေပြီး လက်တစ်ဖက်က သံတုတ် ကိုင်ထားသည့်လူမိုက်၏ လက်ကောက်ဝတ်ကို တင်းကျပ်နေအောင် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ဖြစ်ပျက်သွားသည့်အရာကို သေချာ မမြင်လိုက်ရသေးခင်မှာပင် သူမကသံတုတ်ကိုလုယူလိုက်ပြီး သူတို့နောက်သို့ ပစ်ပေးလာသည်ကို တွေ့လိုက်ရ၏။
နောက်ထပ်အော်သံတစ်ခုနှင့် မြေကြီးပေါ်ကို ပြုတ်ကျသွားသည့် ဓားတလက်အသံကိုလည်း ကြားလိုက်ရသည်။
ရှမြန်က ဓားကို သူတို့ဆီသို့ ကန်ပေးလိုက်ကာပြောလိုက်၏။ "ကိုယ့်ဟာကိုယ် ကာကွယ်ဖို့ ဒါကိုသုံးထား"
ထန်မော့က ဓားကို ကောက်ယူလိုက်ပြီး ရှေ့သို့ပြေးဝင်လာသည်ကို တွေ့လိုက်ရသောအခါ ရှမြန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။ "ငါ့နောက်မှာပဲ လိမ်လိမ်မာမာနဲ့နေ။ ပြဿနာမရှာနဲ့"
ထန်မော့သည် တိတ်တိတ်လေး ကူညီပေးချင်သော်ငြားလည်း ရှမြန်က သူမ၏လက်ထဲကသံတုတ်ကို ကျွမ်းကျွမ်းကျင်ကျင် ဝှေ့ရမ်းလိုက်သည်ကို တွေ့လိုက်ရ၏။ သူတို့၏ မျက်လုံးထဲတွင် ကြောက်စရာကောင်းသည့် ထိုလူမိုက်များကလည်း အော်ဟစ်ကာ အရုပ်ကလေးများလို တစ်ယောက်ပြီး တစ်ယောက် လဲကျသွားတော့သည်။
သူမက သူတို့ကို ထောင့်တစ်နေရာသို့ခေါ်သွားကာ ပုန်းအောင်းခိုင်းလိုက်ပြီးမှ ရှမြန်က ကိုယ်ကိုလှည့်ပြီး ပြုံးကာပြောလာသည်။ "မင်းတို့တွေ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘဝတစ်ခုမှာ နေနေကြတာပဲ"
သူတို့၃ယောက်လုံးသည် အလွန်တိတ်ဆိတ်ငြိမ်သက်နေသဖြင့် စကားပင်မပြောရဲကြပေ။
နောက်ဆုံးတော့ ဥသြဆွဲသံများကို ကြားလိုက်ရပြီး မောက်မာဝံ့ကြွားစွာဖြင့် နီရဲနေသည့်မျက်လုံးများနှင့် ရန်ဖြစ်နေကြသည့် ထိုလူမိုက်များသည် ရုတ်တရက်ဆိုသလို ထွက်ပြေးသွားကြကာ လက်နက်အပြည့်အစုံဖြင့် ရဲများ၏ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။
ဤမြင်ကွင်းသည် ယခင်ကထက် အများကြီးပိုပြီး ထိတ်လန့်ဖွယ်ရာကောင်းနေ၏။ ရှမြန်က လူငယ်လေး၃ယောက်၏ အားနည်းချည့်နဲ့နေသည့် ခြေထောက်များကို လှမ်းကြည့်လိုက်ကာ ကြည်လင်စွာဖြင့်ပြောလိုက်လေသည်။ "မတ်မတ်ရပ်စမ်းပါ"
သူတို့၃ယောက်သည် ချက်ချင်းဆိုသလိုမတ်မတ်ရပ်လိုက်ကြသည်။
"ခေါင်းကိုမော့ထား"ရှမြန်က ပြောလိုက်၏။ "တကယ်လို့ မင်းတို့တွေ ဘာအမှားမှမလုပ်ထားဘူးဆိုရင် ဘာကြောက်စရာလိုလို့လဲ"
သူတို့၃ယောက်သည် ရှမြန်နားမှာနေ၍ စွန့်ပစ်စက်ရုံထဲမှာ လိမ်လိမ်မာမာလေး လိုက်ထွက်လာပြီးနောက်တွင် သူတို့ကိုချင်းလုံဂိုဏ်းထဲသို့ လိုက်ပါပို့ဆောင်ပေးခဲ့သည့် ကျောက်ချန်းဆီသို့ အပြေးအလွှား ဝင်ရောက်သွားတော့သည်။ ဒီတကြိမ်တွင်တော့ သူသည် ရဲအရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြင့်မားမား ဖြောင့်ဖြောင့်မတ်မတ် ရပ်နေကာ သူတို့ ထွက်လာသည်ကို တွေ့လိုက်ရချိန်တွင် သူက မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားပြီး ပြောလိုက်၏။
"ထွက်လာ"
ရှမြန်က သူ့ကို မျက်စောင်းထိုးကာ ပြောလိုက်၏။ "နင် တကယ်ပဲ အဲဒီစကားကို ပြောရဲသေးတယ်နော်။ ငါ့မှာ ပြဿနာထဲ ရောက်သွားတော့မလို့"
"နင်ကလည်း တကယ် အားကိုးလို့မရတာပဲ။ ငါက ဒီလူမိုက်တွေရဲ့ပတ်ဝန်းကျင်ကို သူတို့ကို ဒီအတိုင်း တွေ့ကြုံစေချင်တာ။ တကယ့်ကိစ္စကို တွေ့ကြုံစေချင်တာ မဟုတ်ဘူးလေ။ ဒီကိစ္စက စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခု ဖြစ်သွားနိုင်တယ်"
ကျောက်ချန်းက ထိုဆယ်ကျော်သက်လေး၃ယောက်ကို ကြည့်လိုက်ကာ ထိန်းမရတော့ဘဲ အသံထွက်ကာ အော်ရယ်လေသည်။ "ဒီကိစ္စအတွက် နင်က ဘယ်လိုလုပ်ပြီး ငါ့ကို အပြစ်တင်လို့ရမှာလဲ"
"ဒီကလေး၃ယောက်က ဘယ်လိုကံကောင်းခြင်းမျိုးတွေ ရှိနေမယ်လို့ ဘယ်သူကသိထားမှာလဲ။ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ သူတို့တွေက အဲဒီအစ်ကိုတုန်းရဲ့လူမိုက်တွေရဲ့ အကာအကွယ်ကိုတောင် ခံစားနေရနေပြီတဲ့လေ။ သူတို့ရဲ့ ရာထူးတိုးနှုန်းကလည်း တကယ့်ကို အံ့မခန်းဘဲ။ ငါ့အထင်တော့ နင့်ရဲ့ဒီကျောင်းသား၃ယောက်က ဒီအလုပ်နဲ့ တကယ်ပဲ လိုက်ဖက်တယ်။ ပြောလို့မရဘူး။ သူတို့တွေ တစ်နှစ်အတွင်းမှာ ချင်းလုံဂိုဏ်းရဲ့ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်"
ရှမြန်က သူ့ကို ကန်ကျောက်လိုက်ကာပြောလိုက်၏။ "သောက်ကျိုးနည်း"
"ချင်းလုပ်ဂိုဏ်းထဲမှာ ဒီလိုကိစ္စတွေ ရှိနေမယ်သိရဲ့သားနဲ့ နင်က ငါ့ကို ကူညီပြီးတောင်မှ စောင့်ကြည့်ပေးဖော်မရဘူး"
ကျောက်ချန်းက ပြောလိုက်သည်။ "အဲဒီလောက်အထိ ရုန်းရင်းဆန်ခတ် ဖြစ်နေမယ်လို့ ထင်မထားခဲ့လို့ပါ။ ညီငယ်လေးတွေကို ဖိနှိပ်ချင်ဆုံးတစ်ယောက်ကိုတောင် ရွေးချယ်ပေးခဲ့သေးတာပဲ။ နင့်ရဲ့ကျောင်းသားတွေက အဲဒီလောက်အစွမ်းရှိနေလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ"
"တကယ်လို့ အတွင်းရေးပဋိပက္ခတွေ မရှိဘူးဆိုရင်လည်း ဒီလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ဖမ်းမိခဲ့တဲ့ခေါင်းဆောင်က ဒီအတိုင်းရုပ်သေးရုပ်တရုပ်ပဲလေ။ အပြစ်ကို ဒီအတိုင်း ကိုယ်စားခံယူခဲ့ရတာ။ အစ်ကိုတုန်းကမှ ဒီကိစ္စတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေတာ"
"ကျားဖြူဂိုဏ်းက မသိဘူး။ ဒီတော့ သူတို့တွေကလည်း ချင်းလုံဂိုဏ်းရဲ့အတွင်းရေးပဋိပက္ခကို အခွင့်ကောင်းယူပြီး သူတို့ကို လုယက်ချင်နေတာလေ။ သူတို့ဆီမှာ ဘိန်းဖြူ၁၀ကီလိုဂရမ်ကျော်တောင် ရှိတယ်တဲ့"
ရှမြန်မှာ အထိတ်တလန့် ဖြစ်သွားလေသည်။ "သူတို့တွေက အရမ်းကို သတိထားပြီး နောက်ဆုံးအချိန်ကြမှ တည်နေရာကို ဆုံးဖြတ်ချက်ချခဲ့တာလည်း မဆန်းတော့ဘူး"
သူမသည် အနည်းငယ် မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ ဒါသည် တကယ့်ကိုကြီးမားသည့် ပြစ်မှုတစ်ခုပင်။
သို့သော်ငြားလည်း ငုံးကောင်လေးများလို ကြောက်လန့်နေကြသည့် ဆန့်ကျင်အာခံတတ်သည့် ဆယ်ကျော်သက်လေး၃ယောက်ကို ကြည့်လိုက်ပြီး သူမသည် ပေါ့ပေါ့ပါးပါး ပြုံးလိုက်တော့၏။
"ဟုတ်ပါပြီ။ နင်တို့တွေကိုလည်း လောကကြီးကို မြင်ခဲ့ဖူးတဲ့လူတွေလို့ သတ်မှတ်လို့ရသွားပြီ"
"ဆရာမရှ ဆရာမရှ။ ကျွန်တော်တို့ မှားသွားပါတယ်။ ကျွန်တော်တို့တွေ နောက်ဆိုရင် ဒီလို ထပ်မလုပ်ရဲတော့ပါဘူး..." ထန်မော့ဘေးက ညီအစ်ကိုများမှာ မထိန်းနိုင်တော့ဘဲ ငိုကြတော့သည်။
"ကျွန်တော်.. .ကျွန်တော် စာကြိုးစားချင်ပါတယ်။ ကျွန်တော် လူမိုက်တယောက် ထပ်မဖြစ်ချင်တော့ပါဘူး..."
ထန်မော့သည် ဘာမှမပြောဘဲ ခေါင်းကိုငုံ့ထားကာ သူ့မျက်လုံးများက နီရဲလို့နေသည်။
ရှမြန်က သူတို့တစ်ယောက်ချင်းစီခေါင်းကို အသာအရာထိကိုင်ပေးလိုက်ကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်၏။ "ဟုတ်ပါပြီ။ မငိုနဲ့တော့။ အရင်ဆုံး အိမ်ပြန်ပြီးတော့ တရေးလောက် ကောင်းကောင်းအိပ်လိုက်ကြဦး"
"မနက်ဖြန်ကျရင် ကျောင်းကိုပြန်လာခဲ့"
ထန်မော့သည် ဒီစကားလုံးများက လောကထဲတွင် အလှပဆုံးစကားလုံးလေးများဖြစ်သည်ဟု ခံစားလိုက်ရသည်။
ထန်အဖေကလည်း အပြေးအလွှား ရောက်လာနှင့်ပြီဖြစ်၏။ သူသည် ထန်မော့ကို တွေ့လိုက်ရသောအခါ စတင်ရိုက်နှက်လေတော့သည်။ ထန်မော့ကလည်း ငြိမ်ငြိမ်လေးရပ်နေခဲ့၏။ ရှမြန်က သူ့ကို မြန်မြန် လှမ်းတားလိုက်ကာ "ကျွန်မတောင်းပန်ပါတယ် ထန်အဖေ။ ဒီတကြိမ် တာဝန်ရှိတဲ့သူကကျွန်မပါ။ ကလေးတွေ ဒီလိုအန္တရာယ်ထဲ ရောက်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားမိလို့ပါ"
ထန်အဖေက မြန်မြန်ပြောလိုက်သည်။ "ဆရာမရှ ဒီကိစ္စကို ဆရာမအပေါ်ဘယ်လိုလုပ်ပြီးတော့ အပြစ်တင်လို့ရမှာလဲ။ ဒီကလေးကသာ ပြဿနာကို တောင်းဆိုနေခဲ့တာ"
ထန်မော့သည် ရုတ်တရက် သူ့အဖေကို ပွေ့ဖက်ထားလိုက်ပြီး နောက်ဆုံးတော့ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။
"အဖေ သားမှားသွားပါတယ်။ သားနောက်ဆိုရင် စာကြိုးစားပါတော့မယ်။ နောက်ဆိုရင် ရဲအရာရှိတယောက်၊ ရှေ့နေတယောက်ဖြစ်လာချင်ပါတယ်"
ထန်အဖေသည် ခဏလောက် တုံ့ဆိုင်းသွားပြီး သက်ပြင်းချလိုက်ကာ သူ့ထက် ခေါင်းတစ်လုံးကျော်လောက် မြင့်နေသည့်သားဖြစ်သူကို ပုတ်ပေးလိုက်လေသည်။ "ကောင်းပါပြီ။ မငိုနဲ့တော့။ မင်းက ညသန်းခေါင်ကြီး မင်းရဲ့ဆရာမကို လာခေါ်ခိုင်းရအောင်လုပ်နေတာ။ မင်းရဲ့လုပ်ရပ်က မှန်ကန်သေးတယ်လို့ ထင်နေတာလား"
ထန်မောက သူ့မျက်လုံးများကို သုတ်လိုက်ကာ ဘာမှမပြောတော့ချေ။ ထန်အဖေ၏ မျက်လုံးများကလည်း နီရဲလို့နေသည်။ "ဆရာမရှ ကျေးဇူးအများကြီးတင်ပါတယ်"
"ဒီကလေးကို တွဲဖက်အထက်တန်းကျောင်းကို ပို့ပေးတာကပဲ ကျွန်တော့်ဘဝမှာ အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အရာပါ။ ထန်မော့ကလည်း ဆရာမလို ဆရာမတစ်ယောက် ရထားတာက သူ့ရဲ့တစ်သက်စာ ကံကောင်းမှုပါ"
ရှမြန်က ပြုံးလိုက်၏။ ဤကဲ့သို့သော ချီးကျူးစကားမျိုးကိုတော့ သူမက သဘောအကျဆုံး ဖြစ်လေသည်။
…