အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အပိုင်း (၂၅၃)
ခမ်းနားလှသည့် ဟိုတယ်၏ တတိယအလွှာ ပြတင်းပေါက်အနီးက ကိုယ်တိုင်ကိုယ်ကျ ဝန်ဆောင်မှုပေးသည့်နေရာတွင် ခံ့ညားချောမောသည့် လူငယ်လေးတစ်ယောက်သည် လျင်မြန်စွာ လှုပ်ရှားနေသည့် လက်ချောင်းများဖြင့် ကွန်ပျူတာကိုစာရိုက်နေကာ အလွန်အလုပ်များနေဟန်တူ၏။
အသက်၁၆နှစ်၊ ၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် အမြင့်ကြီးဆင်ထားသည့် မုန့်များ၏ နောက်ကွယ်တွင် ရေခဲမုန့်နှစ်ခုကို ဝှက်ထားကာ မုန့်ပန်းကန်ကို အထဲသို့ ယူလာလေသည်။
ဟိုတယ်က လုပ်ပေးသည့် ရေခဲမုန့်သည် အလွန်အရသာရှိလှပြီး သူမသည် ၂ခုထက်ပိုပြီး စားချင်စိတ်များ ဖြစ်နေမိ၏။
သို့သော်ငြား ပန်းကန်များကို စားပွဲပေါ်သို့တင်လိုက်သည်တွင် အလုပ်များနေသည့်လူငယ်လေးသည် မော့ကြည့်လာသောအခါ ထိုမိန်းကလေးမှာ အေးစက်တောင့်တင်းသွားတော့သည်။
လူငယ်လေးက ပန်းကန်ပြားကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။ "ပြီးခဲ့တဲ့လတုန်းက နင်က အထိတ်တလန့်ဖြစ်သွားရတဲ့အထိ နာကျင်ခဲ့တာကို မေ့သွားပြီလား"
ထိုမိန်းကလေး၏ နှုတ်ခမ်းထောင့်သည် မသိမသာအောက်သို့ တွဲကျသွားပြီး သူမသည် အနည်းငယ် စိတ်ဆိုးသွားဟန်တူလေသည်။ "တောင်းပန်ပါတယ်။ ကျွန်မ အစ်ကိုရဲ့အလုပ်ကို မနှောင့်ယှက်သင့်ဘူး"
လူငယ်လေးက ခဏလောက် တုံ့ဆိုင်းသွားကာ မေးလိုက်၏။ "ငါက အလုပ်ကို နှောင့်ယှက်မိတာကို သဘောမကျတဲ့ရုပ်များ ပေါ်နေလို့လား" သူ့လေသံထဲတွင် အံကြိတ်ထားသည့် ခံစားချက်များအပြည့်ပင်။
မိန်းကလေးသည် သူက အနည်းငယ် ဒေါသထွက်သွားသည်ကို မြင်လိုက်ရ၏။ သူသည် အကြောင်းအရင်းကို နားမလည်သော်ငြားလည်း ချက်ချင်းဆိုသလို ပြောလိုက်လေသည်။
"အစ်ကိုရှောင်ဖုန်းနဲ့ အစ်မစီကျင်းတို့အတွက် ရေခဲမုန့်၂ခုပါလာတာပါ။ ညီမက အဲဒါတွေကို မစားပါဘူး"
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ရေခဲမုန့်၂ခွက်ကို မျက်နှာချင်းဆိုင်က လွတ်နေသည့်စားပွဲပေါ်သို့ မြန်မြန် တင်ပေးလိုက်ပြီးနောက် "ကျွန်မက အရမ်းစကားနားထောင်ပါတယ်"ဟု ပြောနေသည့် အမူအရာတစ်ခုဖြင့် လူငယ်လေးကို လှမ်းကြည့်လိုက်၏။
သူမ ပြောနေသည့် လူနှစ်ယောက်ကတော့ ရေခဲမုန့်လေးတစ်ခုအတွက် အငြင်းပွားနေကြ၏။
"တစ်ခုပဲစား" ရှောင်ဖုန်းက ပြောလိုက်သည်။ "မင်း ဗိုက်အောင့်မယ်နော်"
တင်းစီကျင်းက နောက်ထပ်ရေခဲမုန့်တစ်ခုကို လှမ်းခပ်လိုက်ကာ ပြောလိုက်သည်။ "ငါ့မှာ ထွက်လာဖို့ တော်တော်လေး ခက်ခဲတာ။ ဒီတော့ ငါ့ကို မတားမြစ်စမ်းပါနဲ့"
"နင် ဗိုက်အောင့်ရင် ဘယ်လိုလုပ်မလဲ" ရှောင်ဖုန်းက မေးလိုက်သည်။ "ငါ နင့်ကို လာတွေ့နိုင်တာလည်း မဟုတ်ဘူး"
တင်းစီကျင်းသည် ရုတ်တရက် သက်ပြင်းချလိုက်၏။ "အန်းအန်းကတော့ အကောင်းဆုံးပဲ။ သူကတော့ ဘယ်သူမှ သူ့ကို အနှောင့်အယှက်မပေးဘဲ စားချင်တာတွေ စားလို့ရသေးတယ်"
ရှောင်ဖုန်းက ထိုင်ခုံဘက်သို့ လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။ "သူ အများကြီး ယူလာပေမဲ့လည်း နောက်ဆုံးတော့တစ်ခုပဲ ယူလာတာကို မတွေ့ဘူးလား။ ယုံချင်ယုံ မယုံချင်နေ။ ဒီတော့ အဲဒီတစ်ခုကို ပြန်ချထားလိုက်။ သူက နင့်အတွက် အဲဒါကို ယူလာပြီးသား"
တင်းစီကျင်းသည် မော့ကြည့်လိုက်သောအခါ ယဲ့အန်းအန်းက သူမတို့၏စားပွဲပေါ်က ရေခဲမုန့်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ရုတ်တရက် သဘောပေါက်သွားတော့သည်။
"ဟုတ်သားပဲ။ သူ့မှာ ရည်းစားမရှိပေမဲ့ သူဌေးတစ်ယောက်တော့ ရှိတာပဲ"
ချန်းချန်းသည် အလယ်တန်းကျောင်းကတည်းက ပရိုဂရမ်ရေးဆွဲခြင်းကို လေ့လာသင်ယူခဲ့ပြီး အထက်တန်းကျောင်း ရောက်လာသည့်အခါ အောင်မြင်မှုတချို့ ရရှိခဲ့လေသည်။ တက္ကသိုလ်ပထမနှစ်မှာပင် သူသည် နိုင်ငံခြားသို့သွားကာ တစ်နှစ်တာဖလှယ်ကျောင်းသားအဖြစ် သွားရောက်ခဲ့သည်။ ဒီတစ်နှစ် သူ ပြန်လာချိန်တွင် အွန်လိုင်းဂိမ်းရေးဆွဲခြင်းကို စတင်ဆောင်ရွက်နေပြီဖြစ်၏။
ကုမ္ပဏီကိုလည်း သိပ်မကြာခင်က စာရင်းသွင်းခဲ့ပြီဖြစ်ရာ စုစုပေါင်း ဝန်ထမ်း၇ယောက်ပင် ရှိသည်။ ပရိုဂရမ် ရေးဆွဲခြင်းပညာရှင်များအပါအဝင် အထက်တန်းပထမနှစ်ကျောင်းသူ ယဲ့အန်းအန်းကလည်း သူ၏ လက်ထောက်အတွင်းရေးမှုအဖြစ် အချိန်ပိုင်း လုပ်ဆောင်ပေးသည်။ ကုမ္ပဏီ၏ နေ့စဉ်အရေးကိစ္စများနှင့် သူ၏ကိုယ်ပိုင်ကိစ္စများကို ကူညီဆောင်ရွက်ပေး၏။
ယဲ့အန်းအန်း၏စကားအရ သူဌေးကို ဂရုစိုက်ပေးရသည်မှာ အနည်းငယ် မလွယ်ကူသော်ငြားလည်း လစာကတော့ အလွန်ကောင်းမွန်၏။
တင်းစီကျင်းက မေးလိုက်သည်။ "ကျိုးယွီချန်းက အဲဒီလောက်တောင် အလုပ်များတာလား။ သူက အခုအချိန်အထိတောင် အလုပ်လုပ်နေသေးတာလား"
ရှောင်ဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကာ "အလုပ်ကတော့ များပါတယ်။ ဒါပေမဲ့ အဲဒီလောက်တော့ မဟုတ်ပါဘူး"
တင်းစီကျင်းက ဇဝေဇဝါဖြစ်သွားသည်။ "ဒါဆိုရင်..."
ရှောင်ဖုန်းက ပြုံးပြီးပြောလိုက်သည်။ "လုပ်စရာမရှိဘဲနဲ့ အန်းအန်းကို ဘာဖြစ်လို့ ဒီကိုခေါ်လာတာလဲ" သူက အတွင်းရေးမှူးတစ်ယောက် ဖြစ်နေလို့လေ။
တင်းစီကျင်းသည် ခဏလောက်အခိုက်အတန့် မှင်တက်အံ့ဩသွားပြီးမှ ချန်းချန်းကို လှမ်းကြည့်လိုက်လေသည်။ သူက ရေခဲမုန့်ပန်းကန်ကို လှမ်းယူလိုက်ကာ ရေခဲမုန့်ပန်းကန်ထဲက တစ်ဝက်လောက် ခပ်ထုတ်လိုက်ပြီး ကျန်သည့်တစ်ဝက်ကိုတော့ ယဲ့အန်းအန်းရှေ့သို့ ပို့ပေးလိုက်သည်ကို တွေ့လိုက်ရ၏။
"ဒီနေ့တော့ မင်းဒီလောက်ပဲစားရမယ်"ဟူသည့် စကားလုံးမျိုး ပြောနေမည်ကို သူမသည် စိတ်ကူးကြည့်နိုင်လေသည်။
ယဲ့အန်းအန်း၏ မျက်နှာလှလှလေးသည် ရုတ်တရက် ပျော်ရွှင်မှုကြောင့် လင်းလက်သွားပေလိမ့်မည်။ ချန်းချန်း၏ မျက်လုံးများကလည်း အပြုံးများ အပြည့်ဖြစ်သွားပေမည်။
တင်းစီကျင်းသည် အံ့သြသွားတော့၏။ "ဘယ်တုန်းက ဖြစ်သွားတာလဲ။ ငါ လုံးဝမသိလိုက်ပါလား"
ရှောင်ဖုန်းက ရေခဲမုန့်ခွက်ကို သူမ၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ "ချန်းချန်းက အဲဒီစကားကို လုံးဝထုတ်မပြောခဲ့ဘူး။ အန်းအန်းကလည်း အခုမှ ၁၇နှစ်ပဲ ရှိသေးတယ်လေ" သူသည် ပြောရင်းဆိုရင်း မနေနိုင်တော့ဘဲ သက်ပြင်းချကာ ရယ်မောလိုက်လေသည်။ "ဒီအပြင် သူကလည်း စိတ်ထဲမှာ ဘာခံစားချက်မှ ရှိသေးတာ မဟုတ်ဘူး။ သူဂရုစိုက်တာက ပိုက်ဆံပဲ။ သူက အလုပ်ကလွဲရင် တခြားဘာတစ်ခုကိုမှ စဉ်းစားတာမဟုတ်ဘူး"
တင်းစီကျင်း၏ မျက်လုံးများမှာ ကိုယ်ချင်းစာစိတ်များ ပေါ်ထွက်လာ၏။ သို့သော်ငြား သူမ၏ လေသံကတော့ ပီတိဖြာနေတော့သည်။ "ကျိုးယွီချန်းကလည်း ဒီလိုအချိန်မျိုး ရှိသေးတာပဲ"
ရှောင်ဖုန်းကလည်း အသံထွက်ကာ ရယ်မောလိုက်လေသည်။
သူတို့နှစ်ယောက်က သူတို့ထိုင်ခုံဆီသို့ ပြန်ရောက်လာချိန်တွင် ယဲ့အန်းအန်းမှာ ရေခဲမုန့်ကိုပင် စမစားရသေးချေ။ သူမသည် အလုပ်ကြိုးစားနေပြီး သူမသူဌေး၏စေတနာကို ပြန်လည်ကျေးဇူးဆပ်နေသယောင်ပင်။
အကြောင်းအရင်းကတော့ သူမသူဌေး၏ ကိုယ်ပိုင်အရေးကိစ္စများကြောင့်သာ ဖြစ်လိမ့်မည်။ သူမက နာရီကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။ "ပြီးခဲ့တဲ့၁၀မိနစ်တုန်းက အစ်မဟွေ့ကျူး ဖုန်းဆက်လာတယ်။ သူ ဘာဖြစ်လို့ အခုထိ ရောက်မလာသေးတာလဲ။ ကျွန်မ သူ့ကို သွားကြိုလိုက်မယ်"
ချန်းချန်းက သူမကို ပြန်ဆွဲထားလိုက်ကာပြောလိုက်၏။ "မင်းရဲ့မုန့်ကို ကိုယ့်ဟာကိုယ်စား။ သူက ဒီနေရာနဲ့ ရင်းနှီးပြီးသား"
တင်းစီကျင်းက မေးလိုက်၏။ "မဟုတ်မှလွဲရော။ တစ်ယောက်ယောက်က သူ့လမ်းကို ပိတ်နေပြီးတော့ လက်မှတ်များ ထိုးခိုင်းနေပြန်တာလား"
ရှောင်ဖုန်းက ပြောလိုက်၏။ "အဲဒီလောက်တော့ မဟုတ်လောက်ပါဘူး"
ချန်းချန်းက ပြောလိုက်သည်။ "သူက ဇာတ်လမ်း၂ခုမှာပဲ ရိုက်ကူးရသေးတာ။ သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်နေရာကလည်း အစေခံမလေးတစ်ယောက်နေရာပဲ။ ဘယ်သူက သူ့ကိုသိမှာလဲ"
မောင်းဟေ့ကျူးသည် သူမ ဆန္ဒရှိသည့်အတိုင်း သရုပ်ဆောင်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့လေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားသောအခါ အလုပ်တစ်ခု ရှာဖွေဖို့ရန်အတွက် ရိုက်ကူးရေးအဖွဲ့ဆီသို့ တိုက်ရိုက်သွားရောက်ခဲ့သည်။
မောက်ကျစ်ရှန်းကတော့ ၁၀နှစ်ကျော်ကြာအောင် သရုပ်ဆောင်လာခဲ့ပြီဖြစ်သဖြင့် အဆက်အသွယ်တချို့ ရှိထားပြီဖြစ်၏။ သူမကလည်း အတွေ့အကြုံများ ရှိခဲ့သည်။ ထို့ကြောင့် သူမသည် အစပိုင်းတွင် အရေးကြီးသည့် ဇာတ်ရံနေရာများကို ရရှိခဲ့သည်။ နောက်ပိုင်းတွင်တော့ ဒါရိုက်တာက သူမတွင် ကောင်းမွန်သည့်သရုပ်ဆောင် အရည်အချင်းရှိသည်ကို တွေ့လိုက်ရပြီး လူရွေးပွဲအတွက် သူမကို ရိုက်ကူးရေးအဖွဲ့အသစ်တွင် ထောက်ခံပေးခဲ့သည်။ သူမသည် ဇာတ်ရံနေရာအတွက် အောင်အောင်မြင်မြင် ရရှိခဲ့၏။ သူမသည် ရုပ်ရှင်တော်တော်များများကို ရိုက်ကူးခဲ့သော်ငြားလည်း ထိုထဲက၂ခုကိုသာ ထုတ်လွှင့်ခဲ့လေသည်။
ဒီတစ်နှစ် ရုံတင်ပြသခဲ့သည့် ပညာရှင်ဘုရင်၇ပါးဇာတ်လမ်းထဲတွင် သူမသည် အဓိကဇာတ်လိုက်၏ အနီးကပ် ကိုယ်ရံတော် အစေခံမလေးအဖြစ် သရုပ်ဆောင်ခဲ့ရသဖြင့် ရိုက်ကူးရသည့် အခန်းတော်တော်များများ ပါရှိခဲ့သည်။
ပြောရင်းဆိုရင်းပင် ဓာတ်လှေကားတံခါးသည် ပွင့်လာပြီး အရပ်မြင့်မြင့် ဖျတ်လတ်တက်ကြွသည့် မိန်းမလှလေးတစ်ယောက်သည် လျှောက်ကာထွက်လာလေသည်။ မောက်ဟွေ့ကျူးပင်။
ရှ၀မ်ယွဲ့နှင့် မောက်ကျစ်ရှန်းတို့ နှစ်ယောက်စလုံးက ရုပ်ရည်ချောမောကြ၏။ မောက်မိသားစုက ညီအစ်မ၃ယောက်စလုံးကလည်း ရုပ်ရည်ချောမောကြလေသည်။ အထူးသဖြင့် မောက်ဟွေ့ကျူးပင်။ သူမသည် ကလေးဘဝတုန်းကတော့ သိပ်မထင်ရှားသော်ငြားလည်း တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ ပိုပိုပြီးလှပလာခဲ့သည်။ မိန်းကလေးများက ကြီးလာလျှင် အများကြီး ပြောင်းလဲသွားသည်ဟူသည့်စကားမှာ သူမကို ပြီးပြည့်စုံနေအောင် ဖော်ပြနေခြင်းပင်။ သူမသည် အလွန်ဆွဲဆောင်မှုရှိလှ၏။
ရုံရှင်း၏ စကားအရဆိုလျှင်တော့ သူမသည် ဤအလုပ်အတွက် မွေးဖွားလာသူ ဖြစ်လေသည်။
သို့သော်ငြား သူမနှင့် ရင်းနှီးကြသည့်လူများကတော့ သူမ၏ရုပ်ရည်ကို သိပ်ပြီးဂရုမထားကြချေ။ သူမ၏ ရန်လိုတတ်သည် အကျင့်စရိုက်က လူအများအား သူမကို လှပသည်ဟု တွေးထင်ဖို့ရန် မစဉ်းစားမိစေအောင် ဖြစ်နေလေသည်။
ဤအခိုက်အတန့်မှာကဲ့သို့ပင် သူမသည် မျက်နှာပေါ်တွင် လုံးဝကို မကျေနပ်ချက်များ အပြည့်ဖြစ်နေပြီး မကျေမနပ်မျက်စောင်းဖြင့် ကြည့်နေသည်မှာ သူမသည် ဒေါသထွက်နေသည်မှာ သိသာ၏။
သူမနောက်တွင်တော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က လျှောက်ကာထွက်လာခဲ့သည်။
သူတို့ကလည်း ချောမောသည့်ယောက်ျားများနှင့် လှပသည့်အမျိုးသမီးများ ဖြစ်လေသည်။ မိန်းကလေးက ဆံပင်ကို လှိုင်းကြီးကောက်ထားကာ သူမသည် ဖြူစင်ပြီး ဆွဲဆောင်မှုရှိလေသည်။ ငယ်ချစ်ဦးကို သတိရစေသည့် နတ်သမီးလေးပုံစံသွင်ပြင်လက္ခဏာများ ပိုင်ဆိုင်ထားသည်။
အမျိုးသား၏မျက်နှာကတော့ ချောမောသည်ဟု မဆိုသာပေ။ သို့သော်ငြား သူသည် ကိုယ်လုံးကိုယ်ထည် တောင့်ဖြောင့်ကာ ကိုယ့်ဟာကိုယ် လှလှပပ ဝတ်ဆင်ထားတတ်သည်။ သူ၏ အေးစက်ချောမောသည့်အပြုအမူသည် အလွန်ဆွဲဆောင်မှုရှိနေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် မိန်းကလေးများကို ကောင်းကောင်းနားလည်သည့် မျက်နှာများသည့် ကောင်လေးတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်ပေသည်။
သူသည် အမှန်ပင် မျက်နှာများသည့် ကောင်လေးတစ်ယောက်ပင်။ ရှောင်ဖုန်းနှင့် ချန်းချန်းတို့ နှစ်ယောက်စလုံးကလည်း သူ့ကိုသိကြသည်။
သူတို့မျိုးဆက် ကြီးပြင်းလာသည်နှင့်အမျှ နဥ်ရှောက်ပိုင်သည် ငယ်ရွယ်စဉ်ကကဲ့သို့ သီးသီးသန့်သန့် နေတတ်တော့သည်မဟုတ်ပေ။ သူနှင့် ကျိုးရွှယ်ဝမ်တို့သည် သူတို့ကို တချို့သောဘွဲ့အခမ်းအနားများ ခေါ်သွားတတ်ကာ ဒီအသိုင်းအဝိုင်း၏ ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို မသိမသာ သင်ကြားပေးတတ်သည်။
ထို့ကြောင့် သူတို့သည် သူတို့အသိုင်းအဝိုင်းထဲက သက်တူရွယ်တူ အနည်းနှင့်အများကိုတော့ သိကြလေသည်။
သူတို့ရှေ့က လူငယ်လေးကဲ့သို့ပင်။ သူသည် လုရန်မင်ဖြစ်ပြီး လုမိသားစုထဲက မျက်နှာများသည့် နာမည်ကြီး ကောင်လေးတစ်ယောက်ဖြစ်၏။
လုမိသားစုသည် ဖျော်ဖြေရေးလောကထဲက နာမည်ကြီးကြယ်ပွင့်တစ်ခုဖြစ်သည်။ သူတို့သည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားကာ ရုံမိသားစု၏ မူလက ယှဉ်ပြိုင်ဘက်များဖြစ်ကြ၏။ သို့သော်ငြား လွန်ခဲ့သည့်၂နှစ်က မိသားစုအတွင်းတွင် ပြင်းထန်သည့် အတွင်းရေးပဋိပက္ခများ ဖြစ်သွားခဲ့ပြီး ကုမ္ပဏီကလည်း ဒေဝါလီခံသွားလုနီးပါးဖြစ်သွားခဲ့သည်။ ဆက်ခံသူအသစ်က လက်လွှဲယူခဲ့ပြီးသည့်နောက်တွင် သူသည် ကုမ္ပဏီ၏ တိုးတက်မှုလမ်းကြောင်းကို လျင်လျင်မြန်မြန် ပြုပြင်ထိန်းသိမ်းခဲ့ပြီး ကုမ္ပဏီ၏ ပထမဦးဆုံး အရည်အသွေးပြရှိုးပွဲတခုကို စတင်ခဲ့ကာ အင်မတန် အောင်မြင်လာခဲ့လေသည်။
နောက်ပိုင်းတွင်တော့ လုမိသားစု၏ကုမ္ပဏီသည် အိုင်ဒေါများကို စီမံခန့်ခွဲသည့်အလုပ်များကိုသာ ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး လက်ရှိတွင်လည်း အလွန်အသစ်အဆန်းဖြစ်သည့် လုပ်ဆောင်မှုပုံစံတစ်မျိုး ဖြစ်လေသည်။
ဤသို့ဖြင့် ထိုအရာက ဖျော်ဖြေရေးလောကကို ပိုပြီးကြီးမားသည့် လုပ်ငန်းတစ်ခု ဖြစ်လာအောင် လုပ်ပေးသွားကာ ရုံမိသားစုသည် ပြိုင်ဘက်တစ်ယောက် မဟုတ်တော့ဘဲ အကောင်းဆုံးလက်တွဲဖော် ဖြစ်လာတော့၏။
ထိုကြောင့် လုမိသားစုသည် အတားအဆီးကို ဖယ်ရှားနိုင်ခဲ့သည့်အပြင် ရှိပြီးသားဖျော်ဖြေရေး ကဏ္ဍအရင်းအမြစ်များကိုလည်း အထောက်အပံ့တစ်ခုအနေဖြင့် အသုံးချကာ လျင်လျင်မြန်မြန် တိုးတက်အောင် လုပ်လာနိုင်ခဲ့သည်။
သို့သော်ငြား ထိုအရာက လုရန်မင်နှင့် ဘာမှမဆိုင်ချေ။ သူသည် စားလိုက်သောက်လိုက်ပျော်ပါးလိုက် ထိုအရာကိုသာ တာဝန်ယူထားတတ်သည့် လုမိသားစုထဲက အလကားနေကြသည့် လူများထဲက တစ်ယောက်ဖြစ်သည့်အကြောင်း အသိုင်းအဝိုင်းထဲက လူတိုင်းက သိကြသည်။ လုမိသားစု၏ အဆင်ပြေသည့်အခြေအနေကို အခွင့်ကောင်းယူကာ သူသည် ရေကန်နားနီးသည့် မျှော်စင်တစ်ခု ဖြစ်နေသဖြင့် ရည်းစားများကို ဟင့်အင်း ချစ်သူများကို မြန်မြန်ဆန်ဆန်ထည်လဲကာ ပြောင်းလဲတွဲလေသည်။
သူသည် အမှန်ပင် မြာပွေသူတစ်ယောက်ဖြစ်၏။
သူ့လက်မောင်းကို တွဲထားသည့်မိန်းကလေးကလည်း ထိုအကြောင်းကို လုံးဝမသိချေ။ ထို့ကြောင့် သူမသည် မောက်ဟွေ့ကျူးကို တွေ့လိုက်ရသောအခါ သူမ၏မျက်လုံးထဲက ဖုံးကွယ်မထားနိုင်သည့် အပေါ်စီး ရောက်နေသည့် ခံစားချက်တစ်ခုကို ပြသနေ၏။
မောက်ဟွေ့ကျူးကတော့ မျက်စောင်းထိုး၍သာ တုံ့ပြန်လေသည်။
ရှောင်ဖုန်းက မောက်ဟွေ့ကျူးကို လက်ဝှေ့ရမ်းပြလိုက်သည်။ လုရန်မင်ကလည်း သူတို့ကိုတွေ့သွားပြီး အပြုံးဖြင့် မြန်မြန်ရောက်လာကာ သူတို့ကို နှုတ်ဆက်လေသည်။
"လူကြီးမင်းကျိုးက ဒီနေရာကို အလုပ်လာလုပ်တာဆိုတော့ ကြည့်ရတာ ပရောဂျက်က တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ"
ချန်းချန်းကလည်း ပြုံးကာ ပြောလိုက်သည်။ "ဒီအတိုင်း အလုပ်များနေတာပါ"
လုရန်မင်က မေးလိုက်၏။ "ဒီနေ့ည ပါတီပွဲတစ်ခုရှိတာလား"
ရှောင်ဖုန်းက ပြုံးပြီးပြောလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ နောက်ဆုံးတော့ အားလပ်ရက်တစ်ရက်လောက် ရတယ်လေ။ ဒါကြောင့် အတူတူ တွေ့ဆုံကြမှာ"
လုရန်မင်၏ လက်မောင်းကို တွဲထားသည့်မိန်းကလေးက သူမ၏ခေါင်းကို စောင်းလိုက်ကာ ချိုလွင်စွာ မေးလာ၏။ "လူကြီးမင်းလု ဒါက ဘယ်သူလဲ"
လုရန်မင်သည် သူမကို သူတို့နှင့် မမိတ်ဆက်ရသေးချေ။ သူက ဒီအတိုင်း ပြုံးကာပြောလိုက်၏။
"သူတို့တွေက ဒီအတိုင်းမိန်းကလေးမောက်ရဲ့ သူငယ်ချင်းကောင်းတွေလေ"
မိန်းကလေးက သူမဘေးတွင် ထိုင်နေသည့်မောက်ဟွေ့ကျူးကို ပြုံးပြလိုက်ကာပြောလိုက်၏။
"ဒါဆိုရင်တော့ ရှင်တို့တွေ မောက်ဟွေ့ကျူးကို ချော့မော့ပေးမှရမယ်။ ချောမော့ပေးနိုင်မှပဲ။ သူက စိတ်အခြေအနေမကောင်းဘူး ဖြစ်နေတာ"
"ငါက စိတ်ဆိုးနေတယ်လို့ ဘယ်သူပြောလဲ" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ငါက ဦးလေးရုံဆီကို တန်းသွားခဲ့တာပဲ။ ထျန်းကဲချွမ်းမှာ ယန့်ယန့်နေရာအတွက် ငါ ရမယ်ဆိုတာ သေချာသလောက်ပဲလေ။ ငါက ဘာဖြစ်လို့စိတ်ဆိုးရမှာလဲ"
သူမက လုရန်မင်ကို လှမ်းကြည့်လိုက်ပြီး ထိုမိန်းကလေးကို ခနဲ့ကာပြောလိုက်သည်။ "နင်ကသာ လူကြီးမင်းလုကို နင့်ကိုနှစ်သိမ့်ခိုင်းရင်ပိုကောင်းမယ်"
မိန်းကလေးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူမက တစ်ခုခု ပြောချင်လိုက်သော်ငြားလည်း လုရန်မင်က ကြားဖြတ်ကာပြောလိုက်သည်။ "ရပါတယ်"
ထို့နောက်တွင်တော့ သူက ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို ပြောလိုက်သည်။ "ငါ မင်းတို့သူငယ်ချင်းအချင်းချင်း တွေ့ဆုံတာကို မနှောင့်ယှက်တော့ဘူး။ သွားတော့မယ်နော်"
မိန်းကလေးက မတတ်သာတော့ဘဲ လုရန်မင်နောက်မှလိုက်ကာ ထွက်ခွာလာရတော့၏။ မောက်ဟွေ့ကျူးကတော့ သူမကို အထင်သေးရှုတ်ချပြီး မတူမတန်သလိုပြုံးပြလိုက်လေသည်။ တစ်ဖက်လူ ထွက်ခွာသွားပြီးနောက်မှ ချန်းချန်းက မေးလိုက်၏။ "ဘာဖြစ်ခဲ့တာလဲ"
မောက်ဟွေ့ကျူးက သူမ၏နှုတ်ခမ်းကိုကွေးထားလိုက်ကာ ပြောလိုက်သည်။ "ရွမ်ထျန်းထျန်းပေါ့။ ငါက အခန်းထဲက ပန်းပွင့်လေးလေ။ ငါတို့အခန်းထဲက ယောက်ျားလေးတွေ ရွေးထားကြတာ။ သူက ပွဲဦးထွက်တာနဲ့ ဇာတ်လိုက်နေရာ ရလိမ့်မယ်လို့ ကိုယ့်ဟာကိုယ် အရမ်းအထင်ကြီးနေတာလေ"
"ဒီနှစ်စာမေးပွဲတွေမှာ ငါက သူ့ထက် အမြဲတမ်းသာနေတာလေ။ ဆရာမတွေကလည်း ငါ့မှာသရုပ်ဆောင် အတွေ့အကြုံရှိတယ်လို့ ချီးကျူးနေတာ။ ငါ့ရဲ့သရုပ်ဆောင်နည်းကို ကျောင်းသားတွေနဲ့ မျှဝေခိုင်းနေတာ"
"ငါကလည်း ကောင်းကောင်းမွန်မွန် မျှဝေပေးနေတာပဲ။ ဒါပေမဲ့ အဲဒီကောင်မလေးက မကျေမနပ်ဖြစ်ပြီး ငါ့ရဲ့အဖေက နာမည်ကြီးမင်းသား၊ ငါ့အမေက ပိုက်ဆံချမ်းသာလို့ ငါက ရိုက်ကူးရေးအဖွဲ့ထဲကို အနောက်ဘက်တံခါးကနေ ဝင်နိုင်တယ်လို့ ပြောနေတာ။ တခြားကျောင်းသားတွေအတွက် မတရားဘူးတဲ့လေ"
မောက်ဟွေ့ကျူးက ဒေါသတကြီး ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ ငါ့အဖေကလည်း တစ်ဆင့်ပြီးမှတစ်ဆင့် နာမည်ကြီး ဖြစ်လာခဲ့တာပဲ မဟုတ်ဘူးလား။ ငါ့အမေကလည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးမှ ချမ်းသာလာခဲ့တာပဲလေ။ မဟုတ်ဘူးလား"
"ငါကရော ဒီနှစ်နွေရာသီမှာ အဲဒီရိုက်ကူးရေးအဖွဲ့ထဲဝင်နိုင်ဖို့ အရမ်းကို ကြိုးစားခဲ့တာပဲ မဟုတ်ဘူးလား။ ငါ့မှာ လက်ရှိသရုပ်ဆောင်စွမ်းရည်ကို ရလာဖို့ ဒါရိုက်တာဆီကနေ အကြိမ်ပေါင်းများစွာ ဆဲဆိုခံရတာကို သည်းခံခဲ့ရတာ။ ဒါတောင် သူက ငါပြောတဲ့အရာအားလုံးကို စကားလေး နည်းနည်းပါးပါးနဲ့ ငြင်းဆန်နေတာလေ"
"အဲဒီတော့ ငါကလည်း ပြန်ပြောလိုက်တာပေါ့။ သူ ကျောင်းနေတာကလည်း မိဘရဲ့ကုန်ကျစရိတ်နဲ့ပဲလေ။ ဒါက ကျောင်းတက်ဖို့မတတ်နိုင်တဲ့ တခြားကလေးတွေအတွက် မတရားရာကျတယ် မဟုတ်လားလို့"
မောက်ဟွေ့ကျူးက မျက်စောင်းထိုးကာ ပြောလိုက်သည်။ "သူတို့တွေက ငါ့အတန်းဖော်တွေနဲ့ အဖွဲ့လုပ်ပြီးတော့ ငါ့ကိုတောင်မှ ဖယ်ထားကြလိုက်သေးတယ်။ ဟား ဟား"
"အဓိကအချက်ကတော့ တကယ်လို့ သူကငါ့ကို တကယ်အထင်သေးတယ်ဆိုရင် သူက သူ့ကိုယ်ပိုင်အင်အားနဲ့ ရထားတာမလို့ ငါက လေးစားမိဦးမှာ။ ဒါပေမဲ့ ထျန်ကဲကျွမ်းဇာတ်လမ်းမှာ လုမိသားစုက ရင်းနှီးမြှုပ်နှံထားတယ်လို့ကြားလိုက်တာနဲ့ သူက လုရန်မင်ကို မြှူဆွယ်ဖို့ အားတတ်သရော ကြိုးစားနေတာလေ" မောက်ဟွေ့ကျူးက ခနဲ့ကာပြောလိုက်သည်။ "တကယ့်ကို မျက်နှာနှစ်ဖက်နဲ့ဟာမပဲ"
"ရက်လေးနည်းနည်းလောက် လုရန်မင်ရဲ့ ရည်းစားဖြစ်သွားတာနဲ့ပဲ အလွယ်တကူ ရနိုင်မယ်များ ထင်နေတာလား မသိဘူး" မောက်ဟွေ့ကျူးက သရော်ကာ ပြောလိုက်သည်။ "ဆုတောင်းနေလိုက်လေ။ ငါက ယန့်ယန့်ရဲ့နေရာကို ရထားပြီးသား"
ယဲ့အန်းအန်းက ယဉ်ယဉ်ကျေးကျေးဖြင့်ပြောလိုက်၏။ "အစ်မဟွေ့ကျူး အစ်မလုပ်နိုင်ပါတယ်။ အားတင်းထားပါ"
သို့သော်ငြား မောက်ဟွေ့ကျူး၏မျက်နှာသည် ရုတ်တရက်ဆိုသလို ညှိုးငယ်သွားလေသည်။
ရှောင်ဖုန်းက နားမလည်နိုင်အောင် ဖြစ်သွားတော့သည်။ "ဘာဖြစ်ပြန်တာလဲ"
"ထျန်းကဲကျွမ်းထဲမှာ ချစ်ကြိုက်ခန်းတွေ အများကြီးပါတယ်လေ"မောက်ဟွေ့ကျူးသည် စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေသည်။ "ဒါက ငါ့ရဲ့အကြီးမားဆုံး အားနည်းချက်ပဲ"
"ထျန်းကဲကျွမ်းက နိုင်ငံရေးဇာတ်လမ်းတစ်ခုပဲလေ။ ဒါပေမဲ့ ချစ်ကြိုက်ခန်းတွေကလည်း အရမ်းကို အရေးပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိတွေ့တဲ့ အခန်းတွေတော့ မဟုတ်ပါဘူး။ မျက်လုံးချင်းအမူအရာကို ချိုမြိန်နေအောင် ဖော်ပြရမှာ။ ဒါက ပရိသတ်တွေကို စိတ်လှုပ်ရှားလာအောင် လုပ်နိုင်ရမယ်လေ..."
အလွန်စိတ်ဓာတ်ပြင်းပြနေသည့် သူမသည် ထိုကိစ္စနှင့်ပတ်သက်ပြီး တော်တော်လေးကို မခံမရပ်နိုင်အောင် ဖြစ်နေသည်မှာ သိသာ၏။ "စိတ်ဝင်စားလာအောင် ဆွဲဆောင်တာ၊ ပဋိပက္ခဖြစ်တာ၊ ချိုချိုမြိန်မြိန် အငွေ့အသက်လေးတွေ၊ ချစ်စကားကြိုက်စကားပြောတာ၊ ချစ်ခြင်းတရားတွေကို ဖော်ပြတာ၊ ရန်ဖြစ်တာ။ ဒီအပြင်ဆက်ဆံရေးကို တိုးတက်လာအောင်လုပ်တာ..."
မောက်ဟွေ့ကျူးသည် ပြိုလဲသွားကာ ပြောလိုက်လေသည်။ "ရှက်ရွံ့သွားပြီး နှလုံးတွေခုန်လာတဲ့အထိ၊ ရင်ခုန်သံ တဖျပ်ဖျပ်ဖြစ်သွားတဲ့အထိ လုပ်ရမဲ့အဆင့်တွေ အများကြီးပဲ"
"ငါ့ဆရာက ပြောတယ်။ ငါ့သရုပ်ဆောင်ပုံတွေက ညီအစ်ကိုမောင်နှမ သံယောဇဉ်တွေလိုပဲတဲ့။ ရှက်ရွံ့စရာ၊ ရင်ခုန်စရာတွေ မပါဘူးတဲ့။ ဒီအတိုင်း မျက်နှာတွေ၊ နားရွက်တွေ နီသွားတာပဲရှိမယ်။ ဒါက အချိန်မရွေးထပြီး ရန်ဖြစ်တော့မလိုဘဲတဲ့လေ..."
"ပြီးတော့ အဲဒီရန်ဖြစ်တယ်ဆိုတဲ့ ဟာမလား။ ငါက ဒီလိုကိစ္စသေးသေးလေးအတွက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ရန်ဖြစ်နိုင်မှာလဲ။ နားလည်အောင် ပြောလို့ရတဲ့ကိစ္စတွေပဲလေ။ ချစ်သူရည်းစားထားတာများ ဒီလိုအဓိပ္ပာယ်မရှိတဲ့ဟာတွေပဲ လုပ်နေရတာလား"
ချန်းချန်းသည် ထိန်းချုပ်မနေတော့ဘဲ အသံထွက်ကာ ရယ်မောလိုက်လေသည်။ ရှောင်ဖုန်းနှင့် တခြားသူများကလည်း ပါးစပ်ကို အုပ်ထားလိုက်ကာ ကြိတ်ပြီးရယ်မောလိုက်ကြ၏။
ရှောင်ဖုန်းသည် ကြင်နာတတ်သည့်သူလေး ဖြစ်လေသည်။ မောက်ဟွေ့ကျူး၏ ဒေါသတကြီး အမူအရာကို တွေ့လိုက်ရသောအခါ သူက ရယ်ချင်စိတ်ကို မျိုသိပ်ထားကာ ပြောလိုက်သည်။ "ဆရာက နင့်ကို လျှို့ဝှက်ချက်လေး နည်းနည်းပါးပါး မသင်ပြပေးလိုက်ဘူးလား"
မောက်ဟွေ့ကျူးက ပိုလို့ပင် စိုးရိမ်စိတ်များ ပေါ်ထွက်လာတော့သည်။ "ဆရာက ငါ့ကိုပြောတယ်။ အရင်ဆုံး ရည်းစားထားလိုက်တဲ့"
သူမက ဒီနေရာတွင်ရှိသည့် တစ်ခုတည်းသောစုံတွဲလေးကို ရုတ်တရက် စိုက်ကြည့်လိုက်ကာ မေးလိုက်သည်။ "စီကျင်း နင် ဘယ်တုန်းက ရင်စခုန်သွားတာလဲ။ ရည်းစားစကား အပြောခံလိုက်ရတုန်းက နင့်ရဲ့ရင်ခုန်သံက အတူတူပဲဖြစ်နေတာလား"
"မဟုတ်သေးဘူး။ အခု နင်တို့တွေ အချင်းချင်း ကြည့်လိုက်ကြတဲ့အခါ နှစ်ယောက်စလုံးက ရှက်ရွံ့သွားပြီး ရင်ခုန်သံတွေ မြန်သွားကြတာလား"
တန်းစီကျင်းသည် ရှောင်ဖုန်းကို ကြည့်လိုက်ပြီး ရုတ်တရက် သူတို့ချစ်ခြင်းကို ဝန်ခံခဲ့ကြသည့်မြင်ကွင်းကို စဉ်းစားမိသွားကာ ချိုလွင်စွာပြုံးလိုက်လေသည်။
တင်းစီကျင်းသည် ရှင်းလင်းသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ရှိနေပြီးသားဖြစ်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသွားသည့်နောက်တွင် စစ်တက္ကသိုလ်ကို လျှောက်ခဲ့လေသည်။
စစ်တက္ကသိုလ်သည် သာမန်ကျောင်းများနှင့် မတူချေ။ ကျောင်းသူကျောင်းသားများသည် ပထမနှစ်စကတည်းက အပြင်းအထန်လေ့ကျင့်ရေးများကို ဖြတ်ကျော်ခဲ့ရသည်။ သူတို့ကို ကျောင်းမှနေ၍ အလွယ်တကူလည်း ထွက်ခွာခွင့်မပေးထားချေ။ ဆွေမျိုးများနှင့် သူငယ်ချင်းများ အလည်အပတ်လာသည့်အပေါ်တွင်လည်း တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားလေသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားသည့်နောက် ကျောင်းသားများ ပြန်လည်တွေ့ဆုံပွဲတွင် သူမသည် သူမ၏ အတန်းဖော်များက အချင်းချင်း ဝန်ခံစကားပြောကြသည်ကို တွေ့လိုက်ရသောအခါ တော်တော်လေးကို မသက်မသာခံစားလိုက်ရ၏။
စစ်တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် သာမန်ကျောင်းသားကျောင်းသူများသည် ချစ်ကြိုက်ဖို့ရန်အတွက် အမှန်ပင် အလွန်ခက်ခဲကြလေသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် အချိန်အကြာကြီး မတွေ့ဆုံနိုင်သည့်အပြင် ဖုန်းနှင့်ပင် အချိန်မရွေး အပြန်အလှန်ဆက်သွယ်၍ ရနိုင်သည်မဟုတ်ချေ။
ရှောင်ဖုန်းကလည်း သူမအပေါ် စိတ်ဝင်စားမှုရှိနေသည်ကို ခပ်ရေးရေးလေး ခံစားမိလေသည်။ သို့သော်ငြားလည်း တစ်ဖက်လူက လုံးဝထုတ်မပြောလာခဲ့သဖြင့် တင်းစီကျင်းကလည်း သေချာမသိခဲ့ပေ။
...
အပိုင်း (၂၅၄)
လူတစ်ယောက်ကို သဘောကျလာပြီဆိုလျှင် ဝခြင်း၊ ပိန်ခြင်းကိစ္စကိုပင် အမြဲတမ်း စိုးရိမ်လာတတ်သည်။ နောက်ဆုံးတွင်တော့ သူမသည် ဒီအတိုင်း လက်မလွှတ်နိုင်တော့ချေ။ အနည်းဆုံးတော့ နောင်တမရဖို့ရန် သူမသည် သူမ၏ခံစားချက်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပြသင့်သည်ဟု စဉ်းစားခဲ့သည်။
သို့သော်ငြား သူမသည် ရှောင်ဖုန်းဆီသို့ လျှောက်သွားပြီး ထိုစကားပြောဖို့ရန် သတ္တိများ စုဆောင်းရချိန်တွင် ရှောင်ဖုန်းက မျက်နှာများနီရဲကာ ပြုံးပြီးပြောလာလေသည်။ "တင်းစီကျင်း နင် ငါ့ရဲ့ချစ်သူလုပ်ပေးနိုင်မလား"
ထိုအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်သွားပြီး ပျော်ရွှင်မှုများက သူမ၏ရင်ဘတ်ထဲတွင် ပေါက်ကွဲထွက်လာကာ ချိုမြိန်မှုများကို ခံစားလိုက်ရ၏။ သူမအတန်းဖော်လေးများ၏ ဆုတောင်းပေးခြင်းနှင့်အတူ သူတို့နှစ်ယောက်သည် သူတို့၏ဆက်ဆံရေးကို အတည်ပြုခဲ့ကြလေသည်။
အစောပိုင်းက စိုးရိမ်ပူပန်မှုများနှင့် လက်တွေ့ကျကျ ပြဿနာများအားလုံးကို လွှင့်ပစ်လိုက်ရတော့၏။
သူမနှင့် သူမချစ်သူတို့ အပြန်အလှန် နားလည်မှု ရှိနေသရွေ့ သူတို့သည် အခက်အခဲမျိုးစုံကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားသည်။
နောက်ပိုင်းတွင် သူမက သူမ၏ခံစားချက်ကို ဝန်ခံဖို့ရန် ထုတ်ပြောချင်ခဲ့သည့်အချိန်ကို ပြန်ပြောပြလာသောအခါ ရှောင်ဖုန်းက အသာအယာပြုံးပြီး ပြောလိုက်၏။ "ယောက်ျားလေးတွေက အရင်ဆုံး ဖွင့်ပြောတာက ပိုကောင်းတာပေါ့"
ထို့နောက်တွင် သူသည် သူမ၏ခံစားချက်ကို ဖွင့်ဟတော့မည့်အကြောင်း ခံစားမိနေသဖြင့် အရင်ဦးဆုံး ထုတ်ပြောခဲ့ခြင်းဖြစ်မှန်း သဘောပေါက်သွားတော့၏။
သူမတွင် ဒီလိုသိမ်မွေ့ပြီး စဉ်းစားပေးတတ်သည့် ချစ်သူကောင်လေးတစ်ယောက် ရထားသည်မှာ မည်မျှကံကောင်းလိုက်ပါသနည်း။
သူတို့က သူမအတွက် ရှက်ရွံ့ကာ ရင်ခုန်စရာ အပြုအမူလေးများကို ပြုလုပ်ပြနေသည်ကို မြင်ရသောအခါ မောက်ဟွေ့ကျူးမှာ ထိုင်ခုံကိုနောက်ပြန်မှီချလိုက်ပြီး မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရလေသည်။ "အာ ရည်းစားထားတာ ဘယ်လိုခံစားချက်မျိုးလဲ။ ဒါက အချင်းချင်းရဲ့ နှလုံးသားထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာဆိုတာ ရှင်းလင်းနေတာပဲ။ ဘယ်လိုလုပ်ပြီးတော့ လေထုထဲမှာ ပန်းရောင်လေးတွေ ဖြစ်သွားနိုင်မှာလဲ"
တင်းစီကျင်းက ပြုံးပြီးပြောလိုက်၏။ "ဒါဆိုရင်တော့ နင် နင့်ဆရာမရဲ့ အကြံပေးချက်အတိုင်း လိုက်လုပ်ပြီး ရည်းစားထားဖို့လူတစ်ယောက် ရှာလိုက်သင့်တယ်"
"တကယ်လို့ ငါသာ အဲဒါကို ရှာနိုင်မယ်ဆိုရင် ဘာဖြစ်လို့ ဒီကိစ္စကို စိုးရိမ်နေရဦးမှာလဲ"
မောက်ဟွေ့ကျူးသည် ရုတ်တရက် စားပွဲခုံကို ဝုန်းခနဲ ဆောင့်ချလိုက်ကာ သူမ၏ခေါင်းကို လှည့်ပြီး ချန်းချန်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်လေသည်။ "ကျိုးယွီချန်း ငါတို့တွဲကြရအောင်"
ဖျော်ရည်သောက်နေသည့် ချန်းချန်းမှာ ရုတ်တရက်ဆိုသလို ဖျော်ရည်သီးသွားပြီး ဆက်တိုက် ချောင်းဆိုးသွားတော့သည်။ သူ့ဘေးတွင်ရှိနေသည့် အန်းအန်းကလည်း မြန်မြန်လေး သူ့ကို တည်ငြိမ်အောင် ကူညီပေးလိုက်ရ၏။
ချန်းချန်းမှာ ဆွံ့အသွားကာ ယဲ့အန်းအန်းကို ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
ထိုအခြင်းအရာကို မြင်လိုက်သည်တွင် ယဲ့အန်းအန်းကလည်း သူမသူဌေး၏ အဓိပ္ပာယ်ကို ခန့်မှန်းမိလိုက်ပြီး သူက သူမကို ဒီကိစ္စ၏ဖြစ်နိုင်ခြေတစ်ခုကို တွက်ချက်ခိုင်းသည်ဟု စဉ်းစားလိုက်လေ၏။
ထို့ကြောင့် သူမကလည်း မြန်မြန်ဆန်ဆန် စဉ်းစားလိုက်ပြီး အသေးစိတ်ကျကျ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုကို ပေးလိုက်တော့သည်။ "သူဌေး ကျွန်မကတော့ အဆင်ပြေတယ်လို့ ထင်တယ်"
"အခုအချိန်မှာ သူဌေးတို့နှစ်ယောက်စလုံးက စင်ဂယ်တွေလေ။ အတူတူ ကြီးပြင်းလာကြတာဆိုတော့ အပေးအယူ အရမ်းမိကြမှာပဲ။ ဆက်ဆံရေးတစ်ခု တိုးတက်လာဖို့လည်း ပိုလွယ်လိမ့်မယ်လေ"
"အလုပ်ဘက်က အမြင်ကို ကြည့်မယ်ဆိုရင်လည်း သူဌေးတို့ဆက်ဆံရေးက အစ်မဟွေ့ကျူးကို နာမည်ကြီးကြယ်ပွင့်လေးတစ်ယောက် ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ ပြီးတော့ အစ်မဟွေ့ကျူးက နာမည်ကြီးကြယ်ပွင့်တယောက် ဖြစ်လာတာနဲ့ သူက ကျွန်မတို့ကုမ္ပဏီရဲ့ ဂိမ်းတွေကို အလွယ်တကူ ကြော်ငြာပေးလို့ ရလာနိုင်တယ်လေ"
ချန်းချန်း၏ လူသတ်လိုသည့်အကြည့်ကို ရင်ဆိုင်လိုက်ရသောအခါ ယဲ့အန်းအန်း၏အသံသည် တဖြည်းဖြည်း တိုးညင်းသွားတော့၏။ "ဒါက နှစ်ဖက်စလုံး အဆင်ပြေတဲ့...ရလဒ်..."
ရှောင်ဖုန်းမှာ မရယ်မိအောင် နှုတ်ခမ်းကိုတင်းနေအောင် စေ့ထားရလေသည်။ တင်းစီကျင်းက သူ့လက်ကို တင်းနေအောင်ကိုင်ထားပြီး သူ့ပခုံးမှာလှုပ်ခါနေလေ၏။
မောက်ဟွေ့ကျူးမှာ နားမလည်နိုင်အောင်ဖြစ်သွားပြီး ပြောလိုက်၏။ "ဟမ် အန်းအန်းက ဒီလိုအသေးစိတ်ကျတဲ့ စဉ်းစားတွေးတောပုံနဲ့ ဂရုတစိုက် ဆင်ခြင်ပေးတတ်တဲ့ပုံကိုကြည့်ရတာ တော်တော်လေး တော်တာပဲ"
"သူ ပြောတဲ့စကားကို နားထောင်လိုက်ပြီးတော့ ဒါက အရမ်းအဆင်ပြေတယ်လို့ ငါလည်း ခံစားလိုက်ရတယ်" မောက်ဟွေ့ကျူးသည် ထိုကိစ္စကို စမ်းကြည့်ဖို့ရန် စိတ်အားထက်သန်သွားတော့၏။ "ကျိုးယွီချန်း တစ်ခါလောက် စမ်းကြည့်ကြရအောင်ပါ"
ချန်းချန်းမှာ အံကြိတ်ထားပြီးပြောလိုက်၏။ "စမ်းကြည့်မယ် ဟုတ်လား၊ လစ်စမ်းပါ!"
သူသည် ပြောရင်းဆိုရင်း ယဲ့အန်းအန်းကို မျက်စောင်းဖြင့် ကြည့်လိုက်၏။
ယဲ့အန်းအန်းကလည်း သတိလေးဖြင့် လည်ပင်းလေးကို ကျုံ့ထားရတော့သည်။ သူမသည် မည်သည့်နေရာတွင် မှားယွင်းသွားမှန်း မသိသော်ငြားလည်း သူ့သူဌေးက မလိုချင်လျှင် ဒါသည် မှားယွင်းနေသည်ကိုတော့ သိလေသည်။ မောက်ဟွေ့ကျူးက စကားထပ်ပြောချင်နေသည်ကို တွေ့လိုက်ရသောအခါ သူမက မြန်မြန်ဖြတ်ပြောလိုက်၏။ "အစ်မဟွေ့ကျူး ခုနကတုန်းက သေသေချာချာလေး မစဉ်းစားမိခဲ့တဲ့ပုံပဲ"
"တကယ်တော့ ဒီကိစ္စက အစ်မပတ်ဝန်းကျင်အခြေအနေကို ဖြေရှင်းသင့်တဲ့ကိစ္စလို့ပဲ ထင်တယ်။ တကယ်လို့ အစ်မက ရန်ထျန်းထျန်းကို နင်းချေပစ်ချင်တာဆိုရင် သူ့ကို ကဏ္ဍပေါင်းစုံကနေပြီးတော့ နင်းချေပြစ်သင့်တယ်လေ။ သူက လုရန်မင်ကို ရှာထားတာဆိုတော့ အစ်မကလည်း လုရန်မင်ထက် ပိုပြီးတော့ အစွမ်းရှိတဲ့လူတစ်ယောက်ကို ရှာသင့်တာပေါ့"
ချန်းချန်း...
သူ့စိတ်ထဲမှာ သူက လုရန်မင်လောက် မကောင်းဘူးလို့ ထင်နေတာလား။
ယဲ့အန်းအန်းသည် သူမက စကားမှားသွားသည်ကိုလည်း ထပ်သိလိုက်သည်။ ချက်ချင်းဆိုသလို မြန်မြန်လက်ခါပြကာ ပြောလိုက်၏။ "မဟုတ်ဘူး။ ကျွန်မ ပြောချင်တာ အဲ့ဒီလိုမဟုတ်ဘူး...သူဌေးက အကောင်း..."
သို့သော်ငြား မောက်ဟွေ့ကျူး၏ ရယ်သံက ဖြတ်တောက်ပစ်လိုက်ပြီး စားပွဲကို ဝုန်းခနဲ ရိုက်လိုက်လေသည်။ "အန်းအန်း နင် ပြောတာ မှန်တယ်။ ကျိုးယွီချန်းက လုရန်မင်နဲ့ယှဉ်ရင် နည်းနည်းလေး ဆိုးဝါးနေသေးတယ်"
ရှောင်ဖုန်းနှင့် တင်းစီကျင်းတို့သည် အသည်းအသန် ရယ်မောကြသဖြင့် ခါးကိုပင် ပြန်မမတ်နိုင်ကြတော့ချေ။ ယဲ့အန်းအန်းသည်လည်း အလွန်ရှက်ရွံ့သွားပြီး တွင်းတစ်ခုကို ရှာကာ ဝင်ပုန်းချင်စိတ် ဖြစ်သွားတော့၏။ သူမသည် သူဌေး၏အကြည့်များဖြင့် အသတ်မခံချင်လိုတော့ပေ။ ထို့ကြောင့် သူမက မြန်မြန်ထရပ်လိုက်ကာ ပြောလိုက်၏။ "ကျွန်မ စားစရာနည်းနည်း သွားယူပေးလိုက်ဦးမယ်နော်"
မောက်ဟွေ့ကျူးကတော့ ပြုံးနေဆဲဖြစ်ကာ "အန်းအန်း ငါ့ကို ရေခဲမုန့်တစ်ခွက်လောက် ယူလာပေး"
သူမ၏အသံက အနည်းငယ်မြင့်နေသဖြင့် ဓာတ်လှေကားထဲက ထွက်လာသည့်လူတစ်ယောက်က ချက်ချင်း လှမ်းကြည့်လာလေသည်။
"ဘုရားရေ"မောက်ဟွေ့ကျူးသည် ချက်ချင်းဆိုသလို စားပွဲအောက်ဆင်းကာ သူမသည် ငုံးကောင်လေးတစ်ကောင်လို ကွေးချင်စိတ်ပင်ဖြစ်သွားတော့၏။
သူမ၏အမူအရာက အားလုံး၏သိချင်စိတ်ကို နှိုးဆွလိုက်ကာ သူတို့ထဲက လူတော်တော်များများကလည်း ဓာတ်လှေကားဘက်သို့ တစ်ပြိုင်တည်း လှမ်းကြည့်လိုက်ကြသည်။
သူသည် အသက်၂၀အရွယ် မပြည့်သေးသည့် အလွန်ချောမောလှသည့် လူငယ်လေးတစ်ယောက် ဖြစ်လေသည်။ သူ့တွင် ကျဉ်းမြောင်းရှည်လျားသည့် ဖီးနစ်မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားကာ နှာတံမြင့်မြင့်နှုတ်ခမ်းပါးပါးနှင့် အနီရောင်တောက်တောက် ရုပ်သွင်လေးတစ်ခု ပိုင်ဆိုင်ထားသည်။ သုံးဖက်မြင်ကော က်ကြောင်းလေးက ထင်ရှားလို့နေ၏။ သူသည် အလွန်မှတ်မိလွယ်သည့် ရုပ်ကလေးဖြစ်လေသည်။ ရှမြန်သာ ဤနေရာတွင်ရှိနေခဲ့လျှင် သူသည် အလွန်ပြင်းထန်သည့် ဖွဲ့စည်းပုံလေးနှင့် ချောမောလှသည့်ကောင်လေးတစ်ယောက် ဖြစ်သည်ဟုပင် သေချာပေါက် ချီးကျူးပေလိမ့်ဦးမည်။
သူတို့အားလုံးသည် ဤလူကို သိကြ၏။ သူသည် မောက်ဟွေ့ကျူးအရင်က သရုပ်ဆောင်ပေးခဲ့သည့် မင်းသား၇ဇာတ်လမ်းထဲတွင် သရုပ်ဆောင်ခဲ့သည့် အဓိကဇာတ်ဆောင်မင်းသား ဖြစ်လေသည်။ သူ့နာမည်မှာ လုယွီရှင်း ဖြစ်ဟန်တူ၏။
တစ်ဖက်လူ၏ မျက်လုံးများက မောက်ဟွေ့ကျူး ရှိရာတည့်တည့်သို့ လှမ်းကြည့်နေသည်။ သူသည် အေးအေးလူလူပုံစံ ဖြစ်နေသော်ငြားလည်း သူ့မျက်လုံးများကတော့ သားကောင်ကို စိုက်ကြည့်နေသည့် သားရိုင်းကောင်တကောင်လို ထက်ရှလို့နေသည်။
ရှောင်ဖုန်းနှင့် ချန်းချန်းတို့က အကြည့်ခြင်း ဖလှယ်လိုက်ကြပြီး သူ့ကို တစ်ဖန် အကဲခတ်မည် ပြင်လိုက်ချိန်တွင် တစ်ဖက်လူက အကြည့်လွှဲသွားကာ တခြားဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရ၏။
"သူတို့တွေ ထွက်သွားပြီလား"မောက်ဟွေ့ကျူးက လေသံတိုးတိုးဖြင့် မေးလာသည်။
ရှောင်ဖုန်းက ပြောလိုက်၏။ "သွားလိုက်ကြပြီ"
ထိုအခါမှ မောက်ဟွေ့ကျူးသည် ခေါင်းကိုမော့လာပြီး စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
"တော်ပါသေးရဲ့။ သူ ငါ့ကို မတွေ့သွားပါဘူးနော်။ ဟုတ်တယ်မလား"
လူတော်တော်များများက အကြည့်ခြင်း ဖလှယ်လိုက်ကြကာ တစ်ပြိုင်တည်း ခေါင်းခါပြလိုက်ကြ၏။
ချန်းချန်းက မေးလိုက်သည်။ "နင် ဘာမဟုတ်တာတွေ လုပ်ထားလို့လဲ"
"လုံးဝ မလုပ်ပါဘူး" မောက်ဟွေ့ကျူးသည် အသံအကျယ်ကြီး ငြင်းဆန်ပစ်လိုက်ပြီးနောက် ရေရွတ်လိုက်လေသည်။ "သူက အဲဒီလောက်အထိ အားနည်းလိမ့်မယ်လို့ ဘယ်သူက သိထားမှာလဲ"
တင်းစီကျင်းက သူမကို တအံ့တဩ လှမ်းကြည့်လိုက်ကာ"နင် လူတယောက်ကို ရိုက်ပစ်လိုက်တာလား"
"မဟုတ်ပါဘူး"မောက်ဟွေ့ကျူးက ပြောလိုက်၏။ "ငါအရင်တုန်းက မင်းသား၇ရိုက်ကွင်းထဲ သွားခဲ့ရတယ် မဟုတ်လား"
"အဲဒီမှာ ဇာတ်လိုက်မလေးက ဇာတ်လိုက်ကို နားလည်မှုလွဲသွားတဲ့ အခန်းတစ်ခုရှိပြီး အဲဒီနောက်မှာ အစေခံမလေးက သူ့ကို ရိုက်နှက်ပစ်တဲ့ အခန်းရှိတယ်လေ။ ဟုတ်တယ်မလား"
ရှောင်ဖုန်းသည် ထိုဇာတ်လမ်းကို မှတ်မိနေဆဲဖြစ်ကာ ထိုအဓိကဇာတ်လိုက်လေးအတွက် စိတ်မကောင်းဘဲ မနေနိုင်အောင်ဖြစ်ရလေသည်။ "အဲဒီရိုက်ကွက်က တကယ် တိုက်ခိုက်ကြတာလား"
မောက်ဟွေ့ကျူးက အားနည်းချည့်နဲ့စွာ ခေါင်းညိတ်ပြလိုက်ပြီး မြန်မြန်ထပ်ပြောလိုက်၏။ "အဲဒါ ငါ့အမှား မဟုတ်ဘူးနော်"
"ငါက သူက ဒီအတိုင်းနေမကောင်းတဲ့ မင်းသားတစ်ယောက်လို ဟန်ဆောင်နေတယ်လို့ ထင်တာ။ ဒါပေမဲ့ သူက တကယ် အရမ်းအားအင်ချည့်နဲ့ နေမယ်လို့ ဘယ်သူက သိပါ့မလဲ"
"သိုင်းဆရာကလည်း သူ့ကို အားလုံးပြောပြထားပြီးသားလေ။ သူကလည်း နားလည်သလိုလိုနဲ့ ခေါင်းညိတ်လိုက်တာ။ သူက ငါနဲ့ ဒီအတိုင်း ပူးပေါင်းပေးဖို့ပဲ လိုတာ။ အလွန်ဆုံး သူက နောက်ပြန်လဲကျသွားရုံပဲပေါ့"
"သူက လုံးဝကို နေရာမမှန်ဘဲ ငါလည်း သူ့ကို အဲ့ဒီလိုပြင်းပြင်းထန်ထန် တိုက်ခိုက်မိသွားမယ်လို့ ထင်မထားခဲ့မိဘူးလေ။ အဲဒီ၂ချက်လေး ရိုက်လိုက်တာကို သူ့မှာ၃ရက်လောက် အိပ်ရာထဲ လဲသွားတယ်တဲ့"
ချန်းချန်းက မျက်နှာသေဖြင့် ပြောလိုက်၏။ "ဒါကလည်း နင် အရမ်းရက်စက်လွန်းနေလို့ မဟုတ်ဘူးလား"
အပြစ်ရှိသွားသည့် အငွေ့အသက်လေးက မောက်ဟွေ့ကျူး၏ မျက်နှာပေါ်တွင် ဖျတ်ခနဲ ဖြတ်ပြေးသွားလေသည်။ "မဟုတ်ပါဘူး။ လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ ငါကသူ့ရဲ့စိတ်နေသဘောထားကို လုံးဝသဘောမကျဘူးဆိုပေမဲ့လည်း သူ့ကိုလက်စားချေဖို့တော့ မရည်ရွယ်ပါဘူး။ ဒီအပြင် ငါလည်း ဒါရိုက်တာရဲ့အမိန့်ကို နာမခံဘဲနဲ့ ဒီအတိုင်း ရပ်ပစ်မလိုက်နိုင်ဘူးလေ"
"နောက်ပိုင်းကျတော့ ဒါရိုက်တာက အဲဒီရိုက်ကွက်ရဲ့ တကယ့်လက်တွေ့ဆန်ပုံကိုတောင်မှ ဆက်တိုက် ချီးကျူးနေသေးတာ..."
"တကယ်တိုက်ခိုက်ပါတယ်ဆိုမှတော့ ဘယ်လိုလုပ်ပြီး အစစ်မဟုတ်ဘဲဖြစ်မှာလဲ" ချန်းချန်းသည် မနေနိုင်ဘဲ ညည်းညူစကား ပြောတော့၏။ သို့သော်ငြား တင်းစီကျင်းကတော့ နောက်ဆက်တွဲတိုးတက်မှုကို သိချင်စိတ်ဖြစ်နေသည်။ "နောက်တော့ရော ဘာဖြစ်သွားလဲ"
"ဒါပေါ့။ ငါလည်း သူ့ကို တောင်းပန်လိုက်ရပြီး နောက်ပိုင်းကျတော့ လျော်ကြေးပေးလိုက်ရတယ်လေ"
မောက်ဟွေ့ကျူးက ထိုစကားကို တော်တော်လေး မကျေမချမ်းဖြင့် ပြောလိုက်၏။
"ရိုက်ကူးရေးအဖွဲ့ထဲမှာ ၃လလုံးလုံး ငါသူ့ကို ပြုစုပေးလိုက်ရတာ။ ငါကတော့ အစေခံတစ်ယောက်လို ကောင်းကောင်းလေး သရုပ်ဆောင်နိုင်သွားရတဲ့ အကြောင်းအရင်းက သူ့ကြောင့်ပဲလို့ ထင်တော့တာပဲ"
ဒီအချိန်တွင်တော့ သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ တစ်ဖန် စတင်ရယ်မောတော့သည်။ "ဪ သူလေ ဘယ်လောက်ရယ်စရာကောင်းတယ်ဆိုတာ နင်တို့ မသိလို့နော်။ သူက တခြားသူရှေ့မှာတော့ အရမ်းမောက်မာတာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပိုးကောင်တွေနဲ့ ကြွက်တွေကို ကြောက်တယ်တဲ့လေ"
မင်းသား၇ရိုက်ကူးရေး တည်နေရာသည် မြို့နှင့်ဝေးကွာလှသဖြင့် နေထိုင်ရေးအခြေအနေကလည်း သိပ်ပြီးမကောင်းမွန်လှချေ။ ပိုးမွှားနှင့်ကြွက်များကိုလည်း ရှောင်လွှဲလို့မရနိုင်ပေ။
"အရပ် ၅ပေ ၈လက်မရှိတဲ့ ယောက်ျားတစ်ယောက်က ကြွက်တကောင်ကို ကြောက်လို့ဆိုပြီး ထောင့်မှာရှိတဲ့ ခွေးခြေခုံတစ်ခုံပေါ်မှာ တုန်ယင်နေတဲ့ပုံကို မြင်ယောင်ကြည့်လိုက်စမ်း"
မောက်ဟွေ့ကျူးသည် ထိုစကားကို ပြောလိုက်ပြီး ထိုလူ၏အမူအရာကို အတုခိုးပြလိုက်ကာ လက်မခံနိုင်အောင် သနားချင်စရာပုံစံလေး ဖြစ်နေတော့၏။ မောက်မာထောင်လွှားနေသည့် အမူအရာကို ပြန်လုပ်ပြလိုက်သည်တွင် အမှန်ပင် ရယ်စရာကောင်းနေတော့သည်။ "ဟားဟားဟား"
"ငါ့အထင်တော့ သူက ကြွက်ကြောက်တာ မဟုတ်လောက်ဘူး။ နင်က လက်ဗလာကြီးနဲ့ ကြွက်ဖမ်းနေတာကို ကြောက်တာပဲ ဖြစ်ရမယ်..."
ချန်းချန်းသည် အစပိုင်းတွင်တော့ ရယ်စရာပြောနေသော်ငြားလည်း မောက်ဟွေ့ကျူးက အပြစ်ရှိသလို မျက်တောင်ခတ်လိုက်သည်ကို မြင်လိုက်ရသောအခါ သူသည် ဆွံ့အစွာဖြင့် ပြောလိုက်တော့သည်။
"ဒီတော့ နင်က လူတွေကို ခြောက်လှန့်ဖို့ကြွက်တစ်ကောင်ကို ဖမ်းလာခဲ့တာလား"
မောက်ဟွေ့ကျူးကလည်း ထိုစကားကိုတော့ အမှန်ပင် ငြင်းပယ်ရပေမည်။ "အဲဒီလိုတော့ မဟုတ်ဘူးနော်။ သူက ဒီအတိုင်း ကြောက်တတ်တာ။ ငါက ပိုးကောင်တွေကိုလည်း မဖမ်းခဲ့ပါဘူး..."
တင်းစီကျင်းသည် သိပ်မဝေးလှသည့်နေရာကို လှမ်းကြည့်လိုက်ပြီးနောက် ချောင်းဟန့်လိုက်၏။ "ဟွေ့ကျူး မပြောနဲ့တော့။ အရင်ဆုံးစား"
ရှောင်ဖုန်းကလည်း ပုဇွန်ပန်းကန်ကို သူမ ရှေ့သို့ မြန်မြန်တွန်းပို့ပေးလိုက်သည်။ "ဒေါ်လေး ဟွေ့ကျူး ဒါကို စားလိုက်ဦး၊ ဒေါ်လေးဒါကို အကြိုက်ဆုံးပဲလေ"
ဟွေ့ကျူးကလည်း စိတ်ကြီးသဖြင့် ပုဇွန်ကိုခွာရင်း ဆက်ပြောလေသည်။ "ဪ ပုံမှန်ဆိုရင် သူ ဘယ်လောက်ကြေးများတယ်ဆိုတာ နင်တို့မသိလို့နော်။ သူက ပိုးကောင်တွေရှေ့မှာတော့ ကြောက်တတ်လိုက်တာများ..."
ယဲ့အန်းအန်းသည် အစားအသောက်ကို ယူလာချိန်တွင် မောက်ဟွေ့ကျူးနောက်တွင် ရပ်နေသည့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။ သူမကလည်း ဇဝေဇဝါဖြင့် နှုတ်ဆက်လိုက်လေသည်။ "ဟယ်လို"
မောက်ဟွေ့ကျူးသည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားပြီးနောက် သူမနောက်မှနေ၍ ဆွဲဆောင်မှုရှိသည့်အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ "ဟယ်လို"
မောက်ဟွေ့ကျူးမှာ တောင့်တင်းသွားကာ သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည့် တင်းစီကျင်းနှင့် ရှောင်ဖုန်းတို့ကို တိတ်တိတ်လေးငေးကြည့်နေလေသည်။
သူတို့နှစ်ယောက်ကလည်း သူမကို ကိုယ်ချင်းစာစွာ ခေါင်းညိတ်ပြလိုက်၏။
မောက်ဟွေ့ကျူးမှာ သူတို့ကိုဒေါသဖြင့် စိုက်ကြည့်လိုက်ပြီးသည်နောက်တွင် စက္ကန့်ပိုင်းအတွင်း သူမ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။ သူမသည် ကိုယ်ကိုလှည့်ပြီး အပြုံးတုလေးဖြင့် နှုတ်ဆက်လိုက်၏။ "ဒါက ဆရာလု မဟုတ်လား။ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
လုယွီရှင်းသည် ဒေါသထွက်နေဟန်တူပြီး သူ၏လှုပ်ရှားမှုများက ဆုံးဖြတ်ချက်ပြတ်သားလို့နေ၏။ သူက ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကို တိုက်ရိုက်ပြောလိုက်လေသည်။ "တစ်ဆိတ်လောက်ပါ။ ကျွန်တော် ဆရာမမောက်နဲ့ မေးစရာလေးတချို့ရှိလို့ပါ။ အဆင်ပြေမလား"
ချန်းချန်းကလည်း ချက်ချင်းခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။ "ရပါတယ်။ ရပါတယ်။ မင်းတို့တွေ ဖြည်းဖြည်းပြောကြပါ"
ရှောင်ဖုန်းကလည်း ပြုံးကာပြောလိုက်သည်။ "ရပါတယ်"
မောက်ဟွေ့ကျူးက သူတို့ကို အထိတ်တလန့်ဖြင့် စိုက်ကြည့်နေပြီး သူမသည် သစ္စာဖောက်ခံလိုက်ရသလိုပင်။
လုယွီရှင်းကတော့ သူမ၏လက်မောင်းကို ဖမ်းဆွဲထားပြီးသားဖြစ်ကာ ဆွဲထုတ်သွားလေသည်။
ချန်းချန်းက သူ့ကျောပြင်ကို ကြည့်လိုက်ပြီး ရုတ်တရက်ပြောလိုက်၏။ "လုယွီရှင်း ဒီနာမည်က အရမ်း ရင်းနှီးတယ်လို့ ရုတ်တရက် ခံစားနေရတာပဲ"
ယဲ့အန်းအန်းကလည်း ချက်ချင်းပြောလိုက်သည်။ "သူက မင်းသား၇ဇာတ်လမ်းထဲမှာ အဓိကဇာတ်လိုက်အဖြစ် သရုပ်ဆောင်သွားတဲ့သရုပ်ဆောင်လေ"
ချန်းချန်းက ခေါင်းခါပြလိုက်ပြီး "အဲဒါထက်ပိုတယ်"
ရှောင်ဖုန်းကလည်း တစ်ခုခုကို သတိရသွားသည်။ "မျိုးရိုးနာမည်ကလု"
နှစ်ယောက်သားသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ရုတ်တရက် သဘောပေါက်သွားတော့၏။
"လူကြီးမင်းလုရဲ့သား"
သူသည် လွန်ခဲ့သည့်၂နှစ်က လုမိသားစု၏ ဆက်ခံသူတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် ယခင်က နိုင်ငံခြားတွင် သွားရောက်ကျောင်းတက်နေပြီး လုမိသားစုက အခက်အခဲရင်ဆိုင်လာရချိန်မှ တိုင်းပြည်သို့ ပြန်လာသည့်အတွက် သူတို့သည် သူနှင့်သိပ်မရင်းနှီးကြချေ။ သူသည် ဒေါသကြီးပြီး ကြွားဝါတတ်သည်ဟူသည့် ကောလာဟလများလည်း ထွက်ခဲ့လေသည်။
သူ ဘာလုပ်ခဲ့သည်ကိုတော့ မည်သူကမှ မသိချေ။ သို့သော်ငြား သူသည် လုမိသားစုတွင်တော့ အင်မတန် အာဏာသက်ရောက်မှုရှိပြီး တော်တော်လေး လေးစားစရာကောင်း၏။ ရုံရှင်းနှင့် နဥ်ရှောက်ပိုင်တို့ကပင် သူ့ကို တော်တော်လေး အထင်ကြီးကာချီးကျူးကြသည်။
ချန်းချန်းက မေးလိုက်၏။ "သူ မောက်ဟွေ့ကျူးကို အရှင်လတ်လတ် အရေခွံစုတ်မှာတော့ မဟုတ်ပါဘူးနော်"
ရှောင်ဖုန်းကလည်း ပြုံးကာပြောလိုက်၏။ "မလုပ်ပါဘူး" အသက်ရှင်လျက် အရေခွံစုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အနှေးနဲ့ အမြန်တော့ အစားခံရမယ်လို့ အမြဲတမ်း ခံစားနေရတယ်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ထောင့်တစ်နေရာတွင် မောက်ဟွေ့ကျူးက အရိုးသားဆုံး ပြောဆိုနေ၏။
"ကျွန်မက ခုနတုန်းက အခန်းထဲက ကောင်လေးတစ်ယောက်အကြောင်း ပြောနေတာပါ။ ရှင့်အကြောင်း မဟုတ်ပါဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို အထင်မလွဲပါနဲ့နော် ဆရာလု"
လုယွီရှင်းက သူမကို လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။ "ငါက အရူးနဲ့တူနေလို့လား" သူသည် လေကုန်ခံမနေဘဲ တိုက်ရိုက်မေးလိုက်လေသည်။ "ငါ့ကို ပြောစမ်းပါဦး။ ဒီတစ်ကြိမ်ရော မင်းငါ့ကို ဘယ်လိုတောင်းပန်မှာလဲ"
တစ်ဖက်လူက သူမ၏ဆင်ခြေကို နားမထောင်သဖြင့် မောက်ဟွေ့ကျူးကလည်း ရုန်းကန်နေသည်ကို လက်လျှော့လိုက်တော့သည်။ လအနည်းငယ်လေးနှင့် ဤသခင်လေး၏ ဆိုးဝါးလှသည့် ဒေါသကို နားလည်ဖို့ရန် လုံလောက်ပေသည်။ ထို့ကြောင့် သူမက ရုန်းကန်နေသည်ကို လက်လျှော့လိုက်ကာ စိတ်ပျက်ပျက်ဖြင့် ပြောလိုက်တော့၏။ "ရှင် ဘာပဲပြောပြော ရှင့်သဘောတိုင်း လုပ်ပေးမယ်"
"ကောင်းပြီလေ။ ဒါဆိုရင် ငါ့ကို ပိုးပန်း"လုယွီရှင်းက ပြောလိုက်၏။
"ဟမ်"
မောက်ဟွေ့ကျူးသည် နားကြားမှားသွားသည်ဟု ထင်လိုက်ပြီး ဇဝေဇဝါဖြင့် သူ့ကို မော့ကြည့်လိုက်လေသည်။ "ဘယ်လို"
လုယွီရှင်းက တစ်လုံးချင်းစီ ပြောလိုက်၏။ "ငါ့ကိုပိုးပန်း"
မောက်ဟွေ့ကျူး၏ ပထမဦးဆုံးတုံ့ပြန်မှုမှာ လက်ကိုလှမ်းကာ သူ့နဖူးကို လှမ်းစမ်းမည် ပြင်လိုက်သော်ငြားလည်း ရက်ရက်စက်စက် ပုတ်ထုတ်ခြင်း ခံလိုက်ရလေသည်။ "ကျေးဇူးပြုပြီးတော့ ကိုယ့်ဟာကိုယ် ဆင်ခြင်ပါ"
မောက်ဟွေ့ကျူးကလည်း ဂရုမစိုက်တော့ဘဲ သူမ၏ဖုန်းကိုဆွဲထုတ်ကာ 120ကို ဖုန်းခေါ်တော့သည်။ "ရှင် နေမကောင်းဘူး ထင်တယ်"
လုယွီရှင်းက သူမ၏ဖုန်းကို လုယူလိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "မင်းက ကောင်းကင်ဘုံတေးသွားဒဏ္ဍာရီမှာ သရုပ်ဆောင်ရမယ်။ ဒါပေမဲ့ ဒါရိုက်တာက မင်းမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိဘူးလို့ ပြောလာတယ်"
"မင်း ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ရင် ငါ ဒီကိစ္စကို ခွင့်လွှတ်ပေးမယ်"
ဟမ်။ ငါတို့တွေက တစ်လှေတည်းစီးတွေ မဟုတ်ဘူးလား။
"ရှင့်ရဲ့ဒါရိုက်တာကရော ကျွန်မ ဆရာက ဘယ်သူလဲဆိုတာသိလား" မောက်ဟွေ့ကျူးက ရေရွတ်လိုက်ပြီး ရုတ်တရက်ဆိုသလို သူမ၏ခေါင်းထဲတွင် အကြံတစ်ခု လင်းလက်သွားလေသည်။ ဒါက နှစ်ဖက်စလုံး အဆင်ပြေတဲ့ အခြေအနေပဲ မဟုတ်ဘူးလား။ သူမက အခုချိန်မှာ ရည်းစားထားဖို့ လူရှာမတွေ့ဘူး။ ဒီလိုဆိုရင် ကိုယ်တိုင်ရဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်မဲ့အပြင် လုယွီရှင်းကို တောင်းပန်တဲ့ကိစ္စကိုလည်း ပြီးမြောက်သွားနိုင်တယ်လေ။
"ဟုတ်ပြီလေ" မောက်ဟွေ့ကျူးသည် ရှေ့ကဦးဆောင်ပြီး လုပ်တတ်သူတစ်ယောက်ဖြစ်၏။ သူမက ချက်ချင်းဆိုသလို သူမ၏ဖုန်းထဲက အသံသွင်းခလုတ်ကို ချက်ချင်းဖွင့်ကာ ပြောလိုက်သည်။
"ရှင်ဘာအရောင်တွေကြိုက်လဲ။ ဘာအစားအသောက်ကြိုက်လဲ။ ဘယ်လိုပန်းမျိုးကိုကြိုက်လဲ။ ကျွန်မကို ပြောပြ..."
လုယွီရှင်းသည် ထိုအခိုက်အတန့်တွင် ကြောင်အန်းအန်းဖြစ်သွားပြီး "ဒါတွေက မင်းဟာမင်း ရှာရမှာ မဟုတ်ဘူးလား"
မောက်ဟွေ့ကျူးကလည်း ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ "တကယ်လို့ ရှင် ကျွန်မကို ပြောပြလိုက်မယ်ဆိုရင် ကျွန်မလည်း ၁နှစ်လောက် အချိန်ယူစရာ မလိုတော့ဘူးလေ။ ဒါပေမဲ့ ရှင်ကလည်း၂လလောက်နေရင် ရုပ်ရှင်စရိုက်ရတော့မှာပဲ ဟုတ်တယ်မလား"
"ကျွန်မတို့ အချိန်ကုန်သက်သာအောင် မြန်မြန်လုပ်ကြမယ်။ ရှင့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ရင် လုံလောက်ပြီပဲ မဟုတ်ဘူးလား"
"အခြေအနေ မြန်မြန်တိုးတက်အောင်လုပ်မယ်..."လုယွီရှင်းက သူမ၏စကားကို လိုက်လျောလိုက်ကာ "ကောင်းပြီလေ"
မောက်ဟွေ့ကျူးက ဝမ်းသာအားရ ပြန်လာပြီးနောက်တွင် သူမသည် သူမ၏သူငယ်ချင်းများကို စွပ်စွဲဖို့ရန် သတိရသွားတော့သည်။ "သစ္စာဖောက်တစ်သိုက်"
တင်းစီကျင်းက ပြုံးပြီးပြောလိုက်သည်။ "နင့်ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပါပဲ"
မောက်ဟွေ့ကျူးကလည်း လျှို့ဝှက်စွာပြုံးလိုက်ပြီး ပြောလိုက်သည်။ "ငါ့ပြဿနာ ဖြေရှင်းပြီးသွားပြီ"
အားလုံးက နားမလည်နိုင်အောင် ဖြစ်သွားကြပြီး မောက်ဟွေ့ကျူးက ပြောလိုက်၏။ "ငါ ရည်းစားထားရမဲ့လူတစ်ယောက် တွေ့သွားပြီ"
လူတော်တော်များများက သိနေပါတယ်ဟူသည့်အကြည့်ဖြင့် ဖလှယ်လိုက်ကြသည်။
မောက်ဟွေ့ကျူးက ဝမ်းသာအားရ ဆက်ပြောလိုက်၏။ "အဲဒီလူကလည်း ရည်းစားထားတာနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိဘူးလေ။ ဒီတော့ သူက ငါ့ကို သူ့ကိုပိုးပန်းခိုင်းတယ်တဲ့။ ဟဟ ငါ့အတွက်တော့ ဒါက ခဲတစ်လုံးနဲ့ငှက်၂ကောင်ပစ်လိုက်တာပဲ"
ဒီအချိန်တွင် သူမသည် တစ်ဖန် လဲပြိုသွားတော့သည်။ "လူတစ်ယောက်ကို ဘယ်လို ပိုးပန်းရမှာလဲ"
သူမက ရှောင်ဖုန်းကို မေးလိုက်၏။ "နင် တင်းစီကျင်းကို ဟိုတုန်းက ဘယ်လိုပိုးပန်းခဲ့တာလဲ..."
သူမသည် လမ်းတဝက်မှာတင် လက်လျှော့လိုက်ပြီးပြန်ပြောလိုက်၏။ "ထားလိုက်ပါလေ။ နင်တို့နှစ်ယောက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းအသုံးဝင်မှာ မဟုတ်ဘူး" သူမက ချန်းချန်းဘက်သို့လှည့်ကာ မဲ့ပြုံးပြုံးပြီး ပြောလိုက်၏။ "ကျိုးယွီချန်း နင့်မှာရော သဘောကျရမဲ့သူရှိလား။ နင် အဲဒီလူကို ပိုးပန်းမှာလား"
ချန်းချန်း၏ ပထမဦးဆုံးတုံ့ပြန်မှုသည် ယဲ့အန်းအန်းကို ကြည့်လိုက်မိ၏။
ရလဒ်အနေဖြင့် ယဲ့အန်းအန်းက တစ်ဖန် အထင်လွဲသွားပြန်သည်။ သူမက မေးစေ့ကိုဂုဏ်ယူ၀ံ့ကြွားစွာ ချီထားလိုက်၏။ သူဌေး၏လက်ထောက် အတွင်းရေးမှူးတစ်ယောက်အနေဖြင့် သူမသည် အလွန်စိတ်ပါဝင်စားမှု ရှိကာ သူဌေး၏ စိတ်ခံစားချက်အရေးအရာကိစ္စနှင့် ပတ်သက်ပြီးလည်း အများကြီး သိလေသည်။ ထိုကြောင့် သူမက ပြတ်ပြတ်သားသားပြောလိုက်၏။ "မရှိဘူး"
ထို့နောက်တွင်တော့ သူမသည် ချန်းချန်းကို မျှော်လင့်တကြီး ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။
"ကျွန်မက အရမ်းကိုကောင်းကောင်းမွန်မွန် အလုပ်လုပ်နေတာဆိုတော့ ပိုများတဲ့ဘောနပ်စ်လေး ရသင့်တယ်မဟုတ်လား"
တင်းစီကျင်းမှာ မနေနိုင်တော့ဘဲ ဝါးလုံးကွဲကာ အော်ရယ်လေတော့သည်။ ရှောင်ဖုန်းကလည်း မရယ်ဘဲမနေနိုင်အောင် ဖြစ်သွားတော့၏။
မောက်ဟွေ့ကျူးနှင့် ယဲ့အန်းအန်းတို့ နှစ်ယောက်စလုံးကတော့ နားမလည်နိုင်အောင် ရှုပ်ထွေးသွားကြသည်။
ချန်းချန်းမှာ မျက်နှာများညိုမည်းသွားပြီး သူတို့ကို ဆက်ပြီးဂရုမစိုက်ချင်တော့ပေ။
...
အပိုင်း (၂၅၅)
မောက်ဟွေ့ကျူးသည် လုယွိရှင်းရှေ့တွင် တစ်ဖက်လူကို သူမအား ကြွေကျလာအောင် သေချာပေါက်လုပ်နိုင်လိမ့်မည်ဟု ကတိပေးခဲ့သော်ငြားလည်း အမှန်တွင်တော့ မည်သို့လုပ်ရမည်ကို မသိသလို မည်သူတစ်ဦးတစ်ယောက်ကို ကိုးကားရမည်မှန်းပင် မသိချေ။ ထို့ကြောင့် သူမသည် အိမ်သို့ပြန်ရောက်လာသောအခါ ရည်းစားထားနည်းလမ်းညွှန်စာအုပ် တစ်ထပ်ကြီးကို ဝယ်လာခဲ့ပြီး မစားမသောက်မအိပ်ဘဲ တစ်ညလုံး ဖတ်ခဲ့လေသည်။
နောက်တစ်နေ့တွင်တော့ သူမသည် လုယွိရှင်းကို စိတ်အားထက်သန်စွာဖြင့် စတင်ပိုးပန်းတော့၏။
လုယွိရှင်း၏ အေးဂျင့်သည် မောက်ဟွေ့ကျူးက အချိန်ဇယားကို ဖုန်းဆက်မေးမြန်းသည်ကို သိရသောအခါ သူသည် ငြင်းဆန်မည်ပြင်လိုက်သော်ငြားလည်း လုယွိရှင်းက မျက်ခုံးကိုပင့်ပြီး သူ့ကို ပေးလိုက်ပါဟု ပါးစပ်လှုပ်ပြလေသည်။
အေးဂျင့်ကလည်း အခိုက်အတန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ သူ့မျက်လုံးထဲတွင်လည်း အံ့သြသွားသည့် အရိပ်အယောင်တစ်ခု ဖြစ်သွားခဲ့သည်။ ထို့နောက်တွင်တော့ သူက လုယွိရှင်း၏မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် သူ့စိတ်ထဲတွင် တစ်ခုခုကို နားလည်သွားခဲ့သည်...
ဘုရားရေ။ သူ့ရဲ့ဘောစ့်က လူပျိုကြီးပဲ လုပ်တော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူ့မှာ ဒီလိုစိတ်ကူးယဉ်စရာကောင်းတဲ့ ဆက်ဆံရေးလေးတစ်ခု ရှိနေမယ်လို့တောင် ထင်မထားမိဘူး။ သူ့ဘဝတွင် ဒီလူတစ်ယောက်တည်းသာ ရှိလောက်သည်ဟု စိတ်ထဲတွင် စဉ်းစားလိုက်ပြီး အေးဂျင့်ကလည်း အပြည့်အဝ ပူးပေါင်းပေးလိုက်လေသည်။
မောက်ဟွေ့ကျူးသည် အချိန်ဇယားကို ရလာပြီးနောက်တွင် သူမ အားလပ်သည့်အချိန်တိုင်း လုယွိရှင်း အလုပ်ဆင်းချိန်တွင် လာရောက်ကြိုပေးတတ်သည်။ သူမသည် သူ့အကြိုက်ဆုံး အစားအသောက်များကို ချက်ပြုတ်ပေးတတ်ပြီး သူ့အကြိုက်ဆုံးပန်းများကိုလည်း ပေးတတ်၏။
ဤနည်းအားဖြင့် ရိုက်ကူးရေးအဖွဲ့ထဲက လူများအားလုံးကလည်း လုယွိရှင်းတွင် ရူးသွပ်နေအောင် ပိုးပန်းသူတစ်ယောက်ရှိလာသည်ကို သိလာခဲ့၏။
ဒီလိုနှင့် အချိန် ၂ပတ်ကုန်ဆုံးသွားခဲ့သည်။ မောက်ဟွေ့ကျူးက အချိန်တစ်ခု ရွေးချယ်ခဲ့ပြီး လုယွိရှင်း အနားယူချိန်တွင် သူ့ကို ရုပ်ရှင်သွားကြည့်ဖို့ရန် တောင်းဆိုခဲ့၏။ လျှို့ဝှက်ထားရန်အလို့ငှာ သူမက သူတို့မည်သည့်နေရာကို သွားခဲ့သည်ကို မပြောပြချေ။
သူသည် ပြဇာတ်ရုံထဲသို့ ဝင်လာသည့်အချိန်ကျမှသာ လုယွိရှင်းသည် သရဲကားဖြစ်နေသည်ကို သိလိုက်ရတော့၏။
သူက မောက်ဟွေ့ကျူးကို အဓိပ္ပာယ်ပါပါ တစ်ချက်လှမ်းကြည့်လိုက်၏။ မောက်ဟွေ့ကျူးကတော့ အကြောင်းပြချက် ကောင်းကောင်းလေးတစ်ခု ရှိနေသည်။ "သရဲကားကြည့်တာက အက်ဒရီနယ်လင်ကို လှုံ့ဆော်ပေးနိုင်ပြီး ရင်ခုန်သံကို မြန်အောင်လုပ်ပေးနိုင်တယ်တဲ့။ တကယ်လို့ ဆန့်ကျင်ဘက် လိင်တယောက်နဲ့ အတူတူကြည့်မယ်ဆိုရင် ရင်ခုန်တဲ့ခံစားချက်ကို အလွယ်တကူ ခံစားရနိုင်တယ်တဲ့"
လုယွိရှင်းကလည်း ယုံရမလား၊ မယုံရဘူးလား သေချာမသိချေ။ မည်သို့ဆိုစေ သူသည် ဘာမှမပြောဘဲ ဒီအတိုင်း ထိုင်ခုံတစ်ခုကိုရှာကာ ထိုင်ချလိုက်သည်။
ရုပ်ရှင်မစခင်တွင် မောက်ဟွေ့ကျူးက သဘောထားကြီးကြီးဖြင့် လက်ကိုဆန့်တန်းလိုက်ကာ ပြောလာသည်။ "တကယ်လို့ ရှင်ကြောက်တယ်ဆိုရင် ကျွန်မလက်ကို ကိုင်ထားလိုက်နော်"
ရုပ်ရှင်ကြည့်နေရင်းက လုယွိရှင်းသည် သူမ၏လက်ကို ဆုပ်ကိုင်ထားသည့်အပြင် သူမ၏ရင်ခွင်ထဲသို့ပင် တိုးဝှေ့လုနီးပါးဖြစ်သွားခဲ့၏။
ရုပ်ရှင်ရုံမှ ထွက်လာပြီး တစ်ဖက်လူ၏ ဖြူဆုတ်နေသည့်မျက်နှာနှင့် ချည့်နဲ့နေသည့်ရုပ်သွင်ကို တွေ့ရသောအခါ မောက်ဟွေ့ကျူးသည် သူမ၏စနောက်ကျီစယ်ပုံက နည်းနည်းလေးများ လွန်သွားလေသလားဟု ရုတ်တရက်ပြန်သုံးသပ်သွားမိတော့သည်။
သို့နှင့်လုယွိရှင်းက အိမ်တွင် တစ်ယောက်တည်းမနေရဲဘူးဟု ပြောလာခဲ့လျှင် သူမက အဖော်သွားလုပ်ပေးခဲ့သည်။
လုယွိရှင်းသည် ရေချိုးခန်းထဲက ထွက်လာပြီး ဆိုဖာပေါ်တွင် မှီချလိုက်၏။ သူ့ဆံပင်များက မသုတ်ရသေးဘဲ ရေစက်များကျလို့နေသည်။ မောက်ဟွေ့ကျူးက ပဝါကိုထုတ်လာကာ သူ့နောက်တွင်ရပ်ပြီး သူ့ဆံပင်ကို သုတ်ပေးလိုက်၏။
သူက စိတ်အခြေအနေ ကောင်းမွန်နေသည်ကို မြင်ရသဖြင့် မောက်ဟွေ့ကျူးကလည်း ပြုံးကာမေးလိုက်သည်။ "အင်း။ လူကြီးမင်းလု စိတ်လှုပ်ရှားစရာလေးများ ခံစားမိသလား"
လုယွိရှင်းက ခေါင်းမော့ကာ သူမ၏ မျှော်လင့်တကြီးမျက်ဝန်းများကို ကြည့်လိုက်ပြီး သူ့မျက်နှာကတော့ ခံစားချက်များ မဲ့လို့နေသည်။
သူက ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်၏။ "မခုန်ပါဘူး"
မောက်ဟွေ့ကျူးသည် သူမ လုပ်နေသည့်အရာကို ချက်ချင်းရပ်ထားလိုက်ကာ ပဝါကို ဘေးတွင်ချထားလိုက်ပြီး ဆိုဖာနောက်မှနေ၍ ခုံဝင်လာခဲ့၏။ သူမက ဆိုဖာပေါ်တွင် လှိမ့်ချလိုက်ကာ စိတ်ဓာတ်ကျကျဖြင့် ပြောလိုက်လေသည်။ "ဆရာလု ရှင်က တကယ်ကို ကျောက်စိုင်နှလုံးသားကြီးပဲ။ ဒီလိုကိစ္စနဲ့တောင်မှ ရင်မခုန်တတ်ဘူးတဲ့လား"
လုယွိရှင်းသည် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသလို ခံစားလိုက်ရ၏။ ခဏလောက် စဉ်းစားလိုက်ပြီးသောအခါ သူက ပြောလိုက်၏။ "ငါတို့တွေ ရှေ့ကို မြန်မြန်လေးတိုးကြမယ်ဆိုရင်ရော"
မောက်ဟွေ့ကျူးသည် ပိုပြီးသတိဝင်လာကာမေးလိုက်၏။ "ဘာဖြစ်လို့ အဲဒီလောက်မြန်ရမှာလဲ"
"ဘယ်လိုမြန်ရမှာလဲ"
"ငါ့ကိုနမ်း..."
မောက်ဟွေ့ကျူး၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ "ဘယ်လို"
လုယွိရှင်းက ပြောလိုက်၏။ "အနမ်းပေးတာက အက်ဒရီနယ်လင်ထုတ်ပေးတာကို လှုံ့ဆော်ပေးနိုင်တယ်။ ရင်ခုန်သံကို ပိုပြီးတော့ မြန်လာစေနိုင်တယ်။ နှလုံးခုန်လာတဲ့ခံစားချက်ကိုလည်း အလွယ်တကူ ဖြစ်လာစေနိုင်တယ်"
မောက်ဟွေ့ကျူး...
ဒါက သူမ ပြောလိုက်တဲ့စကားနဲ့ တစ်ထပ်တည်းပဲ။ ဒီလူ တကယ်တော်တော်လေး တွယ်ကပ်တတ်တာပဲ။
လုယွိရှင်းက သူမကို စိုက်ကြည့်လိုက်ကာပြောလိုက်သည်။ "ဘာလဲ မလုပ်ချင်ဘူးလား"
"ရှင် ကျွန်မကို တကယ်လာနောက်နေတာပဲ"
"မဟုတ်ပါဘူး။ တကယ် အဲဒီလိုမဟုတ်ပါဘူး"
မောက်ဟွေ့ကျူးသည် ဝန်မခံရဲချေ။ သူမသည် သူက သူမအပေါ် အငြှိုးအတေးတစ်ခုထားမှာကို အမှန်ပင် စိုးရွံ့လေသည်။ လုယွိရှင်းက ပြောလိုက်၏။ "ဒီလိုဆိုရင်"
"လုပ်စမ်းပါ"မောက်ဟွေ့ကျူးကလည်း လုံးဝမတွန့်ဆုတ်ချေ။
"မြန်မြန်လုပ်မယ်" သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာမှာ ကိုယ့်ဟာကိုယ် နှစ်မြုပ်ထားတာကလည်း အနှေးနဲ့အမြန် ဖြစ်လာရမဲ့ကိစ္စပဲလေ။
ဒီအပြင် သူမကလည်း လဝက်အတွင်း လူရွေးပွဲ ဝင်ရဦးမှာ။ ဒီတော့ လုယွိရှင်းက သူမထက် ပိုပြီးတော့ အချိန်ရတယ်။ သူမလည်း ရင်ခုန်ရတဲ့ခံစားချက်ကို လိုအပ်နေသေးတယ်လေ။
ထိုသို့ စဉ်းစားလိုက်ပြီးနောက် မောက်ဟွေ့ကျူးက ထရပ်လိုက်ကာ လက်နှစ်ဖက်ဖြင့် သူမကိုယ်သူမ ဆိုဖာ၏အမှီပေါ်သို့ထောက်ထားလိုက်ပြီး လုယွိရှင်းအနားသို့ ဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။
သူတို့သည် အချင်းချင်း၏ အသက်ရှူသံကို ခံစားမိလာချိန်တွင် သူမက တံတွေးမျိုချလိုက်ကာ ပြောလိုက်၏။ "ဘယ်လိုလဲ ဘယ်လိုလဲ။ တစ်ခုခုခံစားမိလား"
လုယွိရှင်းက သူ့ရှေ့က နှုတ်ခမ်းနီနီလေးဆီမှ အကြည့်ကို ကိုယ့်ဟာကိုယ် အားတင်းထားကာ ရှောင်ဖယ်လိုက်ပြီး မျက်လုံးကို ဒီအတိုင်း မှိတ်ထားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဘာတစ်ခုမှ မခံစားရဘူး"
ဒါပေမဲ့ သူမကတော့ ခံစားနေရတယ်လေ။
မောက်ဟွေ့ကျူးသည် စိတ်လှုပ်ရှားစွာဖြင့် တံတွေးကိုမျိုချလိုက်၏။ ဘုရားရေ။ လုယွိရှင်းက ရုပ်ချောတယ်ဆိုတာကိုလည်း သူမက သိထားပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီး နီးနီးကပ်ကပ် မြင်နေရတော့ ထင်မှမထားပဲ။ ဒီလောက် အံ့ဩစရာကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး...
ဒါက အက်ဒရီနယ်လင်း ထုတ်လွှတ်မှုကို တကယ်ပဲ လှုံ့ဆော်ပေးနိုင်တာလား။
သူမသည် ထိုနှုတ်ခမ်းပါးလေးများကို ငေးကြည့်ကာ တိုးတိုးလေးပြောလိုက်၏။ "ဒါဆိုရင်...ဒါဆိုရင် ကျွန်မ နမ်းလိုက်မယ်နော်"
လုယွိရှင်းက သူ့မျက်လုံးများကို မှိတ်ထားကာ ဘာမှမပြောလိုက်ချေ။ သို့သော်ငြား မောက်ဟွေ့ကျူးက သူ့လက်ချောင်းများက တိတ်တိတ်လေး ကွေးသွားသည်ကိုတော့ သတိမထားမိလိုက်ပေ။
သူတို့၏ နှုတ်ခမ်းချင်း ထိကပ်သွားသည့်အချိန်တွင် အချိန်သည် ရပ်တန့်သွားသယောင် ခံစားလိုက်ရ၏။
မောက်ဟွေ့ကျူးသည် သူမ၏နှလုံးသားက ဗုံတလုံးလို ခုန်နေသည်ကို ခံစားလိုက်ရသည်။ လုယွိရှင်းက သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် သူမသည် အလန့်တကြား နောက်ပြန်ခုန်ဆုတ်လိုက်တော့၏။
လုယွိရှင်းသည် ပါးများ နီရဲနေသည့်မိန်းကလေးကို ကြည့်လိုက်ကာ သူ့လည်စလုပ်က လိမ့်တက်သွားခဲ့၏။ မောက်ဟွေ့ကျူးမှာ အလွန်ပျာယာခတ်သွားပြီး ဘာတစ်ခုမှ သတိမထားမိတော့ချေ။ သူက သူမကို ဤသို့ကြည့်နေသည်ကိုတွေ့ရသောအခါ သူမကလည်း တည်ငြိမ်ချင်ဟန်ဆောင်လိုက်ပြီး မေးလိုက်၏။ "တစ်ခုခုခံစားရလား"
လုယွိရှင်းကတော့ မျက်နှာသေဖြင့် "ဟင့်အင်း အချိန်က အရမ်းတိုလွန်းတယ် ထင်တယ်"
ဒါတောင်မှ မရသေးဘူးတဲ့လား။ သူက တကယ့်ကို ကျောက်သားနှလုံးသားနဲ့ပဲ။
မောက်ဟွေ့ကျူးက သူမ၏ခုန်နေသည့်ရင်အစုံကို ထိန်းချုပ်ထားလိုက်ပြီးနောက် မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိသေးသည့် တစ်ဖက်လူကိုကြည့်လိုက်ပြီး ရုတ်တရက် သူမသည် ယှဉ်ပြိုင်လိုသည့် ခံစားချက်များ ဖြစ်ပေါ်လာတော့၏။ "မဖြစ်သေးဘူးတဲ့ ဟုတ်လား" သူမကတော့ ဖြစ်နေပြီးပြီလေ။ ဒီတော့ သူက ဒီလိုမခံစားရဘူးဆိုတာကိုတော့ မယုံနိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ပထမအကြိမ် လုပ်ခဲ့ဖူးပြီးသွားပြီပဲ။ ဒီတော့ ဒုတိယအကြိမ်ကျရင်တော့ ပညာကုန်ထုတ်သုံးလိုက်မယ်။ မောက်ဟွေ့ကျူးသည် ရုတ်တရက် လုယွိရှင်း၏ပခုံးကို ဖိထားလိုက်ကာ သူ့ကို တရစပ် နမ်းရှုပ်လိုက်တော့၏။ ဒီအကြိမ်တွင်တော့ သူမသည် ဒီအတိုင်း စမ်းကြည့်နေခြင်းမျိုး မဟုတ်တော့ပေ...
သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနမ်းပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး စာတွေ့အသိပညာတချို့ ရှိထားပြီးသားပဲလေ။
ဒါပေမဲ့ ဒီကိစ္စကို တကယ်တမ်း လက်တွေ့အသုံးချလိုက်တဲ့အခါ အဲဒီလောက် စိတ်လှုပ်ရှားစရာကောင်းနေမယ်လို့ ထင်မထားမိဘူး။ မောက်ဟွေ့ကျူးသည် သူမ လုပ်နေသည့်အရာကိုပင် သတိမထားမိတော့ချေ။ ဒီအတိုင်း သူမ၏စိတ်အလိုကို လိုက်ထားလိုက်ကာ လှုံ့ဆော်မှုကို ဖြစ်စေမည့်အရာတိုင်းကို ပြုလုပ်လိုက်တော့၏။
လုယွိရှင်းသည် သူ့ခန္ဓာကိုယ်နှစ်ဘက်စလုံးက လက်သီးများကို ဆုပ်လိုက်ဖြန့်လိုက် လုပ်နေမိပြီး နောက်ဆုံးတော့ ဆက်ပြီးသည်းမခံနိုင်တော့ချေ။ နောက်ဆုံးတော့ သူ့ရင်ခွင်ထဲက ကောင်မလေးကို ဖိထားလိုက်ကာ နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်လိုက်တော့သည်...
တစ်ဖက်လူ၏ တုံ့ပြန်မှုကို လက်ခံရရှိခဲ့ပြီးနောက်တွင် မောက်ဟွေ့ကျူးသည် လုံးဝကို ကြောင်အမ်းအမ်းဖြစ်သွားပြီး သူမ၏စိတ်က ရှုပ်ထွေးသွားတော့၏။ နောက်ဆုံးတွင်တော့ သူမသည် တခြားတစ်ယောက်၏ ခြယ်လှယ်ခြင်းခံထားရသလို ခံစားလိုက်ရလေသည်။
အချိန်တစ်ခုကြာမြင့်သွားပြီးနောက်တွင် နှစ်ယောက်သားက လူချင်းခွဲလိုက်ကြကာ မောဟိုက်နေကြတော့၏။
မောက်ဟွေ့ကျူး၏ စိတ်ထဲတွင်တော့ ရှုပ်ထွေးလို့နေဆဲဖြစ်သော်ငြားလည်း သူမက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားဖြင့် ထရပ်လိုက်ကာ လုယွိရှင်းကို မေးလိုက်သည်။ "ရှင် တစ်ခုခုကို ခံစားရပြီမဟုတ်လား"
လုယွိရှင်းက သူမ၏တလက်လက်တောက်ပနေသည့် မျက်ဝန်းများကိုကြည့်လိုက်ကာ သူ့အကြည့်သည် စူးရှသွားပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ ပြောလိုက်လေသည်။ "မဖြစ်ပါဘူး..."
မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "ကျွန်မလည်း မခံစားရသေးဘူး။ ဒီတော့ ထပ်စမ်းကြည့်ရအောင်..."
ထို့နောက်တွင်တော့ သူမသည် ထိုလူကို တစ်ဖန်ဖိချထားလိုက်တော့သည်...
ထိုစိတ်ရှုပ်ထွေးသွားချိန်၏ အကျိုးဆက်သည် နောက်တစ်နေ့ မနက်ခင်း စောစောတွင် ထွက်ပြေးရပြီး လုယွိရှင်းကို ထပ်ပြီးမျက်နှာချင်းမဆိုင်ရဲတော့ချေ။
ကျောင်းတံခါးဝနားတွင် မောက်ဟွေ့ကျူးသည် ငေးငေးငိုင်ငိုင် ဖြစ်နေပြီး ရှောင်ဖုန်းက သူမကို လာကြိုမှာကို စောင့်ဆိုင်းနေခဲ့၏။
ဒေါသထွက်နေသည့် အသံတစ်ခုက ထွက်လာခဲ့သည်။ "ဒီမှာ အသည်းကွဲနေတာလား။ ဘာဖြစ်လို့ စိတ်နဲ့ကိုယ် မကပ်ဘဲ နုန်းခွေနေတာလဲ"
မောက်ဟွေ့ကျူးသည် စိတ်အခြေအနေမကောင်းဖြစ်နေကာ သူမကိုအာရုံစိုက်ဖို့ရန် စိတ်ကူးမရှိချေ။ သို့သော်ငြား ရန်ထျန်းထျန်းက မောက်ဟွေ့ကျူးရှေ့တွင် ရှားရှားပါးပါးပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် သူမက မည်သို့များ အလွတ်ပေးနိုင်ပါမည်နည်း။
"ဘာဖြစ်လို့လဲ။ လုယွိရှင်းက ဇွဲကောင်းလွန်းတဲ့ မောက်ဟွေ့ကျူးကို အလွယ်တကူ လက်လျှော့သွားအောင် မဖွယ်မရာ ပြုလုပ်လိုက်လို့လား"
မောက်ဟွေ့ကျူးက ဒေါသထွက်ထွက်ပြောလိုက်၏။ "နင်ရူးနေတာလား။ ငါ ဘယ်သူ့ကိုကြိုက်ကြိုက် ဘယ်သူ့ကိုလိုက်လိုက် နင်နဲ့ဘာဆိုင်လို့လဲ"
"ငါကတောင် နင့်ကို အကြံပေးလိုက်ဦးမယ်။ နင့်ရဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပြီးတော့ လုရန်မင်ကို ကျေနပ်အောင်လုပ်ဖို့ ကြိုးစားနေမဲ့အစား နင့်ရဲ့သရုပ်ဆောင်စွမ်းရည်ကိုပဲ လေ့ကျင့်လိုက်ပါတော့လား။ ကောင်းကင်တေးသွားဇာတ်လမ်းရဲ့ အမျိုးသမီးဇာတ်ဆောင်နေရာကို ငါရသွားတဲ့အချိန်ကျမှ ငါ့ကိုနောက်ဖေးပေါက်ကဝင်လာတယ်လို့ မစွပ်စွဲနဲ့နော်"
"ဪ ဟုတ်တာပေါ့။ နင်က နောက်ဖေးပေါက်ကို သုံးဖို့ စိတ်ကူးရှိနေတာကိုး။ ဒါပေမဲ့ နောက်ဖေးပေါက်ကနေတောင် နင် မရနိုင်ဘူးဆိုရင် ဒါက တော်တော်လေး ရှက်စရာကောင်းသွားမှာပဲ"
ရန်ထျန်းထျန်းက ဒေါသတကြီး ပြောလိုက်တော့သည်။ "နင်..."
ပြိုင်ကားသံသည် အဝေးမှနေ၍ ချဉ်းကပ်လာခဲ့၏။ ရန်ထျန်းထျန်းက ရင်းနှီးနေသည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရကာ ဝမ်းသာအားရ လက်ဝှေ့ယမ်းပြလိုက်တော့သည်။ "ရန်မင်" မောက်ဟွေ့ကျူးကိုပင် စကားပြောဖို့ စိတ်မဝင်စားတော့ချေ။
သိပ်မကြာခင်တွင်တော့ သူမသည် မသင်္ကာသလို မေးလိုက်တော့သည်။ "ဟမ် ဘယ်လိုလုပ်ပြီးတော့ လုယွိရှင်းက ဒီကိုရောက်နေတာလဲ"
မောက်ဟွေ့ကျူးသည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့ဩသွားပြီး မော့ကြည့်လိုက်ကာ အမှတ်တမဲ့ ထွက်သွားဖို့ရန် ပြင်ဆင်လိုက်၏။
ရန်ထျန်းထျန်းက သူမ၏ လက်မောင်းကို ဖမ်းဆွဲထားလိုက်ကာ ပြုံးကာပြောလိုက်သည်။ "နင် ဘာဖြစ်လို့ ထွက်ပြေးနေတာလဲ။ လူကြီးမင်းလုက လုယွိရှင်းနဲ့ သိတယ်လေ။ နင်တို့နှစ်ယောက်ကို ကြားဝင်ပေးဖို့ သူ့အကူအညီ တောင်းလိုက်ပါတော့လား။ ပြောလို့မရဘူး။ နင့်အတွက် မျှော်လင့်ချက်လေး ရှိချင်ရှိနေဦးမှာပေါ့"
ပြိုင်ကားသည် သူတို့နှစ်ယောက်ရှေ့တွင် ရပ်တန့်သွား၏။ လုရန်မင်က ခါတိုင်းထက်ပိုပြီး ဣန္ဒြေရနေသည်။ သူက ရန်ထျန်းထျန်းကိုကြည့်ကာ မေးလိုက်လေသည်။ "ဘာကိုမျှော်လင့်တာလဲ"
ရန်ထျန်းထျန်းက လုယွိရှင်းကို ကြည့်ကာ ပြုံးလိုက်၏။ "မောက်ဟွေ့ကျူးက အခုတစ်လော ဆရာလုနောက်ကို ပိုးပန်းနေတာ မဟုတ်ဘူးလား"
"ဆရာလု ရှင် ကျွန်မတို့မောက်ဟွေ့ကျူးကို ငြင်းလိုက်တာလား"သူမသည် မောက်ဟွေ့ကျူးအတွက် ရပ်တည်ပေးနေသည့်ရုပ် ဖြစ်နေကာ လုယွိရှင်းကို စွပ်စွဲလိုက်၏။
"သူ့မှာ ဒီရက်ပိုင်းအတွင်း အစားပျက်အသောက်ပျက်နဲ့ နုန်းခွေနေခဲ့တာ။ ဆရာလု ကျွန်မ ရှင့်ကို ပြောလိုက်ဦးမယ်နော်။ ဒါက မိန်းကလေးတစ်ယောက်ရဲ့ တကယ့်အချစ်စစ်ပဲ။ သူ့ကို ဒီလိုပစ်ပယ်ထားတာကတော့ လူကြီးလူကောင်း မဆန်ဘူးနော်"
လုရန်မင်၏အမူအရာသည် မသိမသာ ပြောင်းလဲသွားပြီး သူက ဆူပူကျိန်းမောင်းလိုက်တော့သည်။
"ပါးစပ်ပိတ်ထား။ မင်းငါ့ဦးလေးအကြောင်းကို ပေါက်ကရ ပြောလို့ရတယ်လို့များ ထင်နေသလား"
ရန်ထျန်းထျန်းသည် ကြောင်အမ်းအမ်းဖြစ်သွားကာ အထိတ်တလန့်ဖြင့် လုယွိရှင်းကို ကြည့်လိုက်သော်ငြားလည်း သူက သူမကို အေးစက်စက် ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။ "ငါက မောက်ဟွေ့ကျူးကို ငြင်းလိုက်တယ်လို့ မင်းကို ဘယ်သူပြောတာလဲ"
ရန်ထျန်းထျန်းသည် အားကြီးသူကို မြှောက်ပင့်ပြီး အားနည်းသူကို အထင်သေးတတ်လေသည်။ ထို့ကြောင့် သူမကလည်း လူတို့၏အမူအရာကို မည်သို့နားလည်အောင်လုပ်ရမည်ကို အလိုလိုသိနေ၏။ သူမသည် လုရန်မင်က လုယွိရှင်းကြောင့် ဒီနေ့ ထူးထူးခြားခြား ဣန္ဒြေဆယ်ထားသည်ကို နောက်ဆုံးတော့ သတိထားမိလိုက်တော့သည်။
သူမကလည်း မြန်မြန်ပြုံးလိုက်ကာ ပြောလိုက်သည်။ "မောက်ဟွေ့ကျူးလေ..."
မောက်ဟွေ့ကျူးသည် သူမ နာမည်ကို ထုတ်ပြောလိုက်သည့်အချိန်မှသာ သတိပြန်ဝင်လာတော့သည်။ သူမက မျက်စောင်းထိုးလိုက်ကာ ပြောလိုက်သည်။
"နင် ငါ့ကို အရူးလို့များထင်နေတာလား။ ငါက ငါ့ရဲ့ခံစားချက်ကို ဘာဖြစ်လို့ နင်နဲ့ ဝေမျှပေးရမှာလဲ"
ရန်ထျန်းထျန်းက ဆက်ပြီးငြင်းခုံတော့သည်။ "နင် အရင်တုန်းကတော့ ချိန်းတွေ့ဖို့ ပန်းဝယ်လိုက်၊ ချိန်းတွေ့လိုက်နဲ့ အရမ်းပျော်နေတာလေ။ ဒါပေမဲ့ ရုတ်တရက်ကြီး စိတ်ဓာတ်ကျသွားခဲ့တယ်..."
လုယွိရှင်းသည် ကားပေါ်က ဆင်းလာနှင့်ပြီးဖြစ်ကာ သူမဆီသို့ လျှောက်လာပြီး အပြုံးတစ်ဝက်ဖြင့် ပြောလိုက်၏။ "စိတ်ဓာတ်ကျနေတာလား"
မောက်ဟွေ့ကျူးသည် ထိုကိစ္စကိုတော့ ဝန်မခံလိုပေ။ "သူ ပေါက်ကရ ပြောနေတာပါ။ ကျွန်မက ကျွန်မရဲ့တူမလေး မွေးနေ့လက်ဆောင် ဘာပေးရင်ကောင်းမလဲ စဉ်းစားနေတာ"
"မဟုတ်ဘူး။ ကျွန်မ အမှန်အတိုင်းပြောနေတာ။ သူ့ကြည့်ရတာ အသည်းကွဲတဲ့သူဖြစ်နေသလိုပဲ။ ဒီလိုဆိုရင်တော့ ကျွန်မ အထင်လွဲသွားခဲ့တာပေါ့နော်" ရန်ထျန်းထျန်းက အလောတကြီး ပြောလိုက်လေသည်။ "တောင်းပန်ပါတယ်။ ကျွန်မ..."
လုယွိရှင်းက သူမကို ရုတ်တရက် အေးတိအေးစက်ကြည့်လာချိန် ရန်ထျန်းထျန်းက အထိတ်တလန့် ဖြစ်သွားကာ သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။
လုရန်မင်ကလည်း စကားမပြောရဲတော့ချေ။ လုယွိရှင်းက မေးလိုက်၏။ "မင်း သူ့ကို အိမ်ခေါ်လာမလို့လား"
လုရန်မင်က မြန်မြန်ပြောလိုက်သည်။ "မဟုတ်ပါဘူး။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လုယွိရှင်းက ပြောလိုက်သည်။ "ကောင်းပြီလေ။ မင်းပျော်ချင်ရင် ပျော်လို့ရပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ကိစ္စတွေကိုတော့ သိထားသင့်တယ်။ ငါ့ရှေ့ကို ဘယ်သူ့ကိုမှ ခေါ်မလာမိစေနဲ့"
တကယ်တမ်းကျတော့ ရှင်ကိုယ်တိုင်ပဲ သူ့ရှေ့မှာပေါ်လာခဲ့တာ သိသာနေတာပဲလေ။ မောက်ဟွေ့ကျူးက ရန်ထျန်းထျန်း၏ ပြောင်းလဲသွားသည့်အမူအရာကို ကြည့်လိုက်ပြီး သူမကို ရုတ်တရက် ကိုယ်ချင်းစာသွားသလို ခံစားလိုက်ရ၏။ လုယွိရှင်းက ဒီလိုသြဇာညောင်းပြီး ကျိုးကြောင်းမဲ့တဲ့သူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့တောင် ထင်မထားမိဘူး။
သူမသည် ကြိတ်ပြီး ဝမ်းသာသွားတော့သည်။ ထို့နောက်တွင်တော့ လုယွိရှင်း ဆက်ပြောလာသည့်စကားကို ကြားလိုက်ရ၏။ "နောက်ပြီးတော့ သူက နောက်ဆိုရင် မင်းရဲ့အဒေါ်ဖြစ်လာတော့မှာ။ ဒီတော့ မင်းသတိထားသင့်တယ်"
လုရန်မင်သည် ဒီတကြိမ်တွင်တော့ အမှန်ပင် ထိတ်လန့်အံ့ဩသွား၏။ သို့သော်ငြား သူသည် ထိုအရာကို မထုတ်ဖော်ပြရဲချေ။ သူက မြန်မြန်ပြောလိုက်လေသည်။ "မင်္ဂလာပါ ဒေါ်ဒေါ်"
မောက်ဟွေ့ကျူး "ဘာလဲဟ"
ဘယ်သူလဲ။ ဘယ်သူက ဘယ်သူလဲ။ အဒေါ်ဆိုတာ ဘယ်သူလဲ။
မောက်ဟွေ့ကျူးမှာ ဇဝေဇဝါဖြင့် ငေးကြည့်နေစဉ်တွင် ရန်ထျန်းထျန်းကတော့ စိုးရိမ်တကြီးဖြင့် လုရန်မင်နောက်က လိုက်ပြေးသွားတော့သည်။ ထို့နောက်တွင်တော့ သူမက လုယွိရှင်းကို အတည်ပြုကာ မေးလိုက်တော့၏။ "ရှင် အခုလေးတင် ဘယ်သူ့ကို သူ့ရဲ့အဒေါ်လို့ ပြောလိုက်တာလဲ"
လုယွိရှင်းက သူမကိုကြည့်လိုက်ပြီး တလေးတနက် ပြောပြလိုက်သည်။ "ငါက သူ့ဦးလေးလေ"
မောက်ဟွေ့ကျူး...
သူမသည် သူမ၏နားနှင့်ဦးနှောက်တို့က ပျက်စီးသွားသလို ခံစားလိုက်ရ၏။ ဘယ်လိုလုပ်ပြီးတော့ ဒီလိုအဓိပ္ပာယ်မရှိတဲ့စကားတွေကို ကြားနေရတာလဲ။
လုယွိရှင်းက သူမကိုကြည့်ကာ ပြုံးလိုက်၏။ "မင်းဘာတွေ အဲဒီလောက်စိတ်လှုပ်ရှားနေတာလဲ"
"ဘယ်သူက စိတ်လှုပ်ရှားလို့လဲ" မောက်ဟွေ့ကျူးက ဒေါသတကြီးပြောလိုက်၏။ "ကျွန်မ ဒီအတိုင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာနေတာ"
"တကယ်လို့ ရှင်က လုရန်မင်ရဲ့ဦးလေးဆိုရင် ရှင်က ကုမ္ပဏီရဲ့ CEO ဖြစ်သင့်တာပေါ့။ ဘယ်လိုလုပ်ပြီးတော့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာနိုင်မှာလဲ။ သရုပ်ဆောင်တယောက်လုပ်ဖို့ အချိန်ရော ဘယ်ကနေရမှာလဲ"
"ရှင်က တကယ့်ကို လူလိမ်တစ်ယောက်ပဲ။ ဟုတ်တယ်မလား"
လောကကြီး၏ အကုန်သိတစ်ယောက်အနေဖြင့် မောက်ဟွေ့ကျူးသည် လုမိသားစု၏ ကောလာဟလများအားလုံးကို အကုန်သိထားလေသည်။ သို့သော်ငြား အာဏာရှိသည့် လူသစ်တစ်ယောက်က တော်ရုံတန်ရုံ ပေါ်မလာသဖြင့် သူမကလည်း သူက မည်သို့သောပုံစံရှိသည်ကို မသိခဲ့ချေ။
"ငါနိုင်ငံခြားမှာ သရုပ်ဆောင်ပညာကို သင်ယူခဲ့တာ"လုယွိရှင်းက ပြောလိုက်သည်။ "ငါကဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ"
"ကုမ္ပဏီကို စီမံဖို့တော့ ငါက ညွှန်ကြားချက်တွေအတွက် ဆုံးဖြတ်ပေးဖို့အတွက်ပဲ လိုအပ်တာပါ။ ကျန်တာတွေကိုတော့ ပရော်ဖက်ရှင်နယ်မန်နေဂျာတွေဆီကို အပ်ထားလိုက်လို့ရတယ်လေ။ အဲဒီလိုမှမဟုတ်ရင် သူတို့ကို ဘယ်နားသွားသုံးမှာလဲ"
မောက်ဟွေ့ကျူးမှာ ဆွံ့အသွားတော့သည်။ သို့သော်ငြား လုယွိရှင်းကတော့ မေးစရာအများကြီး ရှိနေသယောင်ပင်။ "မင်း ငါ့ခွင့်ပြုချက်မရဘဲနဲ့ ဘာဖြစ်လို့ ငါ့ကိုပိုးပန်းနေတာကို ရပ်လိုက်တာလဲ"
မောက်ဟွေ့ကျူးကလည်း မေးလိုက်၏။ "ဘာဖြစ်လို့ ခွင့်ပြုချက်မရရမှာလဲ။ ရှင်ပဲ ပြောထားတယ်မဟုတ်ဘူးလား။ ရှင်ရင်ခုန်သွားတယ်ဆိုရင် ဒါက အောင်မြင်တယ်လို့ သတ်မှတ်လို့ရတယ်လို့လေ။ ပြီးတော့ ရှင်လည်း အဲဒီနေ့က ရင်ခုန်သွားတာပဲလေ။ ဟုတ်တယ် မဟုတ်လား"
"အင်း။ ငါရင်ခုန်သွားတယ်"လုယွိရှင်းကလည်း တည့်တိုးကြီး ပြန်ဖြေလာလေသည်။
မောက်ဟွေ့ကျူး၏ ပါးပြင်များမှာ အကြောင်းမဲ့ နီမြန်းသွားတော့သည်။
“ဒါဆိုရင် ဘာလဲ။ ဒါဆိုရင်ဘာလဲ။ ဒါက အဆုံးသတ်မဟုတ်သေးတာလား”
"ဒါကအဆုံးသတ်လို့ ဘယ်သူကပြောလို့လဲ"လုယွိရှင်းက ပြောလိုက်သည်။ "မင်းက ငါ့မကောင်းကြောင်းတော့ ပြောပြီးသွားပြီ။ ဒါပေမဲ့ မင်းငါ့အပေါ် အသားယူခဲ့တာကိုရော ဘယ်လိုလုပ်မှာလဲ"
မောက်ဟွေ့ကျူးမှာ ရုတ်တရက်ခေါင်းထောင်လာကာ "ကျွန်မဘယ်တုန်းက ရှင့်ကို အသားယူဖူးလို့လဲ"
ဒီသူက အဲဒီလောက်တောင် အငြှိုးအတေးကြီးတာလား။ သူ့ရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ဘယ်လောက်တောင်များ ချရေးထားလည်းမသိဘူး။
"မင်းက ဆရာ အကြံပေးထားတဲ့ ရည်းစားထားခြင်းအိမ်စာကြောင့် ငါ့ကိုပိုးပန်းနေတာလေ"
"ဒါက အမြတ်ထုတ်တာပဲ မဟုတ်ဘူးလား"
အမလေး။ လူတစ်ယောက်အပေါ် အပြစ်တင်ဖို့ တကယ့်ကို နည်းလမ်းကောင်းတစ်ခုပါပဲလား။
"ဒါကို အမြတ်ထုတ်တယ်လို့ ဘယ်လိုလုပ်ပြီး သတ်မှတ်လို့ရမှာလဲ"မောက်ဟွေ့ကျူးကလည်း ပြန်ငြင်းလိုက်သည်။ "ရှင်ပဲ ရှင့်ကိုပိုးပန်းပါလို့ ကျွန်မကို တောင်းဆိုခဲ့တာ မဟုတ်ဘူးလား"
"ဒါပေမဲ့လည်း ဒါက မင်းရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် လုပ်ခဲ့တာပဲလေ။ မဟုတ်ဘူးလား" လုယွိရှင်းက မေးလိုက်သည်။ "အဲဒီလိုမှ မဟုတ်ဘူးဆိုရင် မင်းဘာဖြစ်လို့ အဲဒီလောက် တည့်တိုးဆန်နေမှာလဲ"
မောက်ဟွေ့ကျူးမှာ ဆွံ့အသွားတော့သည်။
"ဒါက အဲဒီထဲကတစ်ချက်"
ပထမတစ်ချက်ဆိုတော့ ဒုတိယတစ်ချက်ရော ရှိသေးတာလား။
"အဲဒီနောက်မှာတော့ မင်းက ငါ့ကို လက်နက်တစ်ခုလို အသုံးချခဲ့တယ်။ မင်းရဲ့သရုပ်ဆောင် အရည်အချင်းကလည်း တိုးတက်သွားခဲ့တယ်လေ။ ဟုတ်တယ်မလား။ ဒါက ဒုတိယတစ်ချက်"
"မင်းက ကောင်းကင်တေးသွားလူရွေးပွဲကို လဝက်တည်းနဲ့ အောင်မြင်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းငါနဲ့ ကောင်းကောင်းလေး အလုပ်ကြိုးစားခဲ့လို့လေ။ ဒါက တတိယအချက်"
မောက်ဟွေ့ကျူးမှာ ဒေါသကြောင့် ရယ်မောလေတော့သည်။ "ကျန်သေးရဲ့လား။ တကယ်လို့ ကျန်သေးတယ်ဆိုရင်လည်း နောက်ထပ်နံပါတ်လေး ပြောစမ်းပါဦး"
လုယွိရှင်းကလည်း အမှန်ပင် အကြံထွက်ကာ ပြောလိုက်လေသည်။ "မင်းက ထန်းထန်းကို ဖယ်ရှားဖို့ ငါ့ကို ဒီအတိုင်း အသုံးချခဲ့တာ"
မောက်ဟွေ့ကျူးက မျက်မှောင်ကြုတ်လိုက်ကာ"ထျန်းထျန်းပါ"
လုယွိရှင်းက ပြောလိုက်သည်။ "အဲဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ။ မင်းက တစ်ကြိမ်တည်းနဲ့ ရည်ရွယ်ချက်၄ခုစလုံးကို အောင်မြင်ဖို့ ငါ့ကို အသုံးချသွားတယ်လေ။ ငါ့ကို ပြောပါဦး။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ"
မောက်ဟွေ့ကျူး...
ရုတ်တရက် သူမသည် သူမနှင့်ထန်းထန်း...ဟင့်အင်း ထျန်းထျန်း...တို့က အေးအေးချမ်းချမ်း အတူတူယှဥ်တွဲနေထိုင်နိုင်သည်ဟု ခံစားလိုက်ရတော့သည်။
သူမမှာ လုယွိရှင်း၏ဒေါသကြောင့် အမှန်ပင်ရှုပ်ထွေးသွားတော့သည်။
"ဒါက အကြောင်းအရာတစ်ခုတည်းကြောင့် ဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲရလဒ်တွေဆိုတာ ရှင်းနေတာပဲလေ။ မင်းက ငါ့ကို အရူးလို့ထင်နေတာလား"
"ဒါပေမဲ့ ရလဒ်၄ခု ထွက်လာခဲ့တယ်လေ။ ဟုတ်ပြီ။ မင်းပြောတဲ့အတိုင်းပဲ။ မင်းကငါ့ကို အသုံးချဖို့ပဲလုပ်ခဲ့တယ်ဆိုပါစို့။ ဒီရလဒ်၄ခုကတော့ မင်းငါ့အပေါ်တင်နေတဲ့ ကျေးဇူးကြွေးတွေပဲလေ"
"ငါ့ကို ပြောပါဦး။ မင်း ဒါကို ဘယ်လိုပြန်ဆပ်မှာလဲ"
မောက်ဟွေ့ကျူး...
ပြောလေပိုပိုဆိုးလာလေလို့ ခံစားလာရပါလား။ နောက်ထပ်အကြောင်းအရာတစ်ခုများ ထွက်လာခဲ့တာလား။ အခုနံပါတ်၅အချက်လား။
သူမသည် သူနှင့် ပြိုင်ဘက် မဟုတ်တော့သလို ခံစားလာရသည်။ ထို့ကြောင့် သူမကလည်း ဒီအတိုင်း အလျှော့ပေးလိုက်ကာ ပြောလိုက်တော့သည်။ "ဟုတ်ပါပြီ။ ဆရာလု။ ဆရာလု ရှင်ပဲဆုံးဖြတ်ပါ။ ကျွန်မ လုပ်ပါမယ်"
လုယွိရှင်း၏မျက်လုံးထဲတွင် အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် ထိုအပြုံးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ "ငါ မင်းကို ပိုးပန်းရလိမ့်မယ်"
"ဟမ်" မောက်ဟွေ့ကျူးမှာ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။ သူမသည် တဖက်လူက ဤကဲ့သို့ တောင်းဆိုမှုမျိုး ပြုလုပ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားမိချေ။
လုယွိရှင်းက ပြောလိုက်၏။ "ဇာတ်ညွှန်းထဲမှာ ပိုးပန်းတဲ့အကြောင်းပါတဲ့အပြင် ပြန်ပြီးတော့ လိုက်ဖမ်းတဲ့အကြောင်းလည်း ပါသေးတယ်။ ခံစားချက်ကတော့ မတူဘူး"
"မင်းက ဒီအကြောင်းကို လေ့လာချင်တယ်မဟုတ်လား"
မောက်ဟွေ့ကျူးက သတိလေးနှင့် ပြောလိုက်သည်။ "ဒါတွေအားလုံးပြီးသွားရင် ရှင်က ကျွန်မရှင့်အပေါ် အသားယူတယ်လို့ ထပ်ပြီးစွပ်စွဲတော့မှာတော့ မဟုတ်ဘူးနော်"
လုယွိရှင်းကလည်း ပြောလိုက်သည်။ "မပြောပါဘူး"
ဒါပြီးရင် အပေးအယူဆိုတာ မရှိတော့ဘူးလေ။
...