အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
Chapter 91
~
အခန်း ၉၁
~
မနက်ခင်း၏ လင်းရောင်ခြည်က ကျရောက်လာပြီး ကမ္ဘာကြီးအား အနွေးဓာတ်ပေးနေသည် ။
ယုံဟဲဧကရာဇ်သည် လမ်းမဘေးရှိ အထပ်မြင့်အဆောက်အအုံံ၏ လသာဆောင်တစ်ခုတွင် မျက်လုံးမှေးပြီး ထိုင်လျက် မှိန်းနေ၏ ။ နန်းတော်မှ ထွက်လာကတည်းက အိပ်ချိန်မမှန်တော့ ။ မနက်တိုင်း အိပ်ငိုက်မိနေသည် ။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာများဖြင့် တဖြည်းဖြည်း စည်ကားလာသည် ။ ရင်းနှီးသူများက အချင်းချင်းနှုတ်ဆက်နေကြပြီး လမ်းဘေးစျေးသည်များက တစ်ဦးနှင့်တစ်ဦး ယှဥ်ပြိုင်၍ အော်ဟစ်ရောင်းချနေကြသည် ။ အသံများ ဆူညံနေသော်လည်း နားဝင်ဆိုးခြင်းမရှိ ။ တစ်ချိန်လုံး နန်းတော်အတွင်းတွင် နေလာခဲ့ရသည့် ယုံဟဲဧကရာဇ် ( ယန်ဧကရာဇ်.. ယုံဟဲက ဧကရာဇ်ရဲ့ ဘွဲ့အမည်ဗျ.. ) အတွက်မူ ဤအသံများက ဆွဲဆောင်မှုတစ်မျိုးပင် ရှိနေ၏ ။
' ဒီလို သာယာတဲ့ ရက်လေးတွေ ဘယ်လောက်ကျန်နိုင်ဦးမှာလဲ.. '
ယုံဟဲဧကရာဇ် အတွေးထဲတွင် တဖြည်းဖြည်းနစ်မျောသွားသည် ။
ယန်အင်ပါယာ နန်းတော်သည် မျိုးနွယ်ခြားစစ်ပွဲ ပြီးစဥ်ကတည်းက ကျဆင်းလာခဲ့၏ ။ လက်ရှိ ဧကရာဇ်အနေဖြင့် နန်ကျိုးပြည်နယ်ရှိ ဟဲရန်ခရိုင်မြို့ကို လာရောက်လည်ပတ်ရန် အင်အားမရှိသလို စိတ်ဆန္ဒလည်း မရှိပေ ။
လျှို့ဝှက် တိုင်းခန်းလှည့်လည်ခြင်း ဟူသည်က တိုင်းပြည်အေးချမ်းနေပြီး ချမ်းသာသည့် ဧကရာဇ်များသာ လုပ်လေ့ရှိကြ၏ ။ ယခုကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် အချိန်တွင် ဧကရာဇ်တစ်ပါးအနေဖြင့် နန်းတော်အပြင်သို့ မထွက်သင့်ချေ ။ အစွမ်းထက်သည့် လုပ်ကြံသူများ ပေါ်လာမည်ကို စိုးရိမ်နေရ၏ ။ သူ၏ ဤခရီးစဥ်သည် လျို့ဝှက် တိုင်းခန်း လှည့်လည်ခြင်းနှင့် မဆိုင်ဘဲ သီးသန့်ရည်ရွယ်ချက် တစ်ခုကြောင့်ဖြစ်သည် ။ ဤသည်က မုန်တိုင်းတစ်ခု၏ အစပျိုးခြင်းဟုပင် ခေါ်ဆိုနိုင်ပေသည် ။
သို့ပေသိ ဖြစ်လာမည့် အရာအားလုံးက အနာဂတ်တွင်သာဖြစ်သည် ။ သူ့တွင် အချိန်မကျန်တော့သော်လည်း ဤမျှ သာယာသည့် မနက်ခင်းလေးတွင်မတော့ အိပ်ငိုက်ခွင့် ရှိနေပါသေးသည် ။
" အရှင်မင်းကြီး..."
အစောင့်ချူး ပေါ်လာ၏ ။ သာမန်ကိစ္စမျိုးဆိုလျှင် ဧကရာဇ်အိပ်ငိုက်နေသည်ကို နိုးမည်မဟုတ်ပေ ။
" ရွှမ်ထျန်းဘုရားကျောင်းမှာ ပြဿနာတက်နေပါတယ်.. ချောင်ပိုင်ဖူက ဝိညာဥ်ဖမ်းသားရဲ အမှုအတွက် ရွှမ်ထျန်း ဘုရားကျောင်းကို ပြဿနာ ရှာနေပါတယ်.. "
" ဟမ်..."
မှိန်းနေသော ဧကရာဇ် မျက်လုံးပြူးကျယ်သွား၏ ။ သွေးခုန်နှုန်း မြင့်တက်လာသဖြင့် အိပ်ချင်စိတ်က ယူပစ်လိုက်သလို ပျောက်သွားသည် ။ သူ မနေ့ညက ရွှမ်ထျန်းဂိုဏ်း၏ သူတော်စင်မ မွေးထားသော ကျားဖြူကြီး၏ အဖြစ်အပျက်ကို သတိရသွားလေသည် ။
" သူ..ဘ..ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရဲတာလဲ.. "
ယုံဟဲ ဧကရာဇ် သည် နှလုံးသားထဲတွင် လေးလံမှုကို ခံစားမိလိုက်သည် ။ မနေ့ညက လူသတ်ခဲ့သော ကျားဖြူကြီးသည် ရွှမ်ထျန်းဂိုဏ်း သူတော်စင်မ မွေးထားခြင်းဖြစ်၏ ။ ထိုသူတော်စင်မသည် တခြားသူမဟုတ် ။ မျိုးရိုးနာမည် ဝူဟု ခေါ်ဆိုပြီး သိုင်းသူတော်စင်၏ မွေးစားသမီးဖြစ်သလို တပည့်တစ်ဦးလည်းဖြစ်သည် ။
ဝူကျိအသင်းအား သစ္စာဖောက်ခဲ့ပြီးနောက် ရွှမ်ထျန်းဂိုဏ်းတွင် ခိုလှုံကာ ဂိုဏ်း၏ သူတော်စင်မ ဖြစ်လာခဲ့သည် ။ ထိုအချိန်မှ စ၍ သူမ၏ တာအိုလမ်းစဥ်သည် စတင်ခဲ့လေသည် ။
ဝူချင်းရှင်း၏ ထူးကဲသည့် ဝိသေသ များကြောင့် ယုံဟဲဧကရာဇ်သည် တစ်ညလုံး တွေးတောနေပြီး ယခုအထိ ဆုံးဖြတ်ချက် မချနိုင်သေးပေ ။
" ရွှမ်ထျန်းဘုရားကျောင်းကို အခြေအနေ သွားကြည့်ကြမယ်.. "
ယုံဟဲဧကရာဇ်က ချက်ချင်းထရပ်လိုက်ပြီး အောက်သို့ ဆင်းသွား၏ ။ သူ၏ ပျင်းရိနေသော အမူအရာမှာ ပျောက်ကွယ်သွားလေပြီ ။
……………
မြို့မြောက်အရပ်ရှိ ရွှမ်ထျန်းဘုရားကျောင်း၏ရှေ့ လမ်းမပေါ်တွင်...
သွေးနီရောင်အရှိန်အဝါများ ရစ်သိုင်းနေသည့် ပုံရိပ်တစ်ခုသည် ဧရာမကျားကြီးကို ဝင်တိုက်လိုက်သည် ။
" ဒီအရိပ်ခြေလှမ်းက ငါထင်ထားတာထက်တောင် ကောင်းနေတာပဲ.. "
ချောင်မူက တိုးတိုးလေး ရေရွတ်လိုက်၏ ။ သူသည် အဆင့်၆ သိုင်းပညာရှင် ဖြစ်နေသော်လည်း ကိုယ်ဖော့သိုင်း တစ်ခါမှပင် မလေ့ကျင့်ဖူးချေ ။ အတွင်းအားကို အသုံးပြုပြီး ပေါက်ကွဲထွက်လာသော အရှိန်ဖြင့် ပြေးရုံသာတက်နိုင်သည် ။ ယခု အရိပ်ခြေလှမ်းကိုယ်ဖော့သိုင်းသည် အတွင်းအားအသုံးပြု၍ လှုပ်ရှားနည်းများပါ ပါ၏ ။ သူ သုံးနေကြ နည်းထက် အဆများစွာ ပို၍ မြန်ဆန်လေသည် ။
ချောင်မူသည် ကျားဟိန်းသံ ကြားလိုက်ရသည်နှင့် ဘုရားကျောင်းထဲသို့ မဝင်တော့ဘဲ လမ်းကြားထဲသို့ အပြေးလာခဲ့ခြင်းဖြစ်သည် ။
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကိုပါ ထုတ်သုံးလိုက်သဖြင့် သူ၏ အမြန်နှုန်းက နောက်တွင် ပုံရိပ်များ ချန်ထားလုနီးပါပင် လျင်မြန်လှပေသည် ။
ချောင်မူက တခြားသူများထက် အရင်စော၍ ရောက်လာခဲ့သည် ။
" ချီး နာလိုက်တာ.. အရှိန်မထိန်းနိုင်သေးဘူး.. "
ချောင်မူက မျက်မှောင်ကြုတ်ပြီး ပုခုံးကို ပွတ်သပ်နေ၏ ။ သိုင်းပညာရှင်များ၏ ကိုယ်ခန္ဓာသည် သာမန်လူများထက် သန်မာသော်လည်း ထိုသည်က သာမန်များနှင့် နှိုင်းယှဥ်လျှင်ဖြစ်သည် ။
ဦးနှောက်ပါသည့် မည်သည့် သိုင်းပညာရှင်မဆို ဝိညာဥ်သားရဲတစ်ကောင်အား ခန္ဓာကိုယ်ချင်း ဝင်တိုက်မည် မဟုတ်ချေ ။ သိုင်းပညာရှင်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် သားရဲများ၏ အရိုးနှင့် ကြွက်သားများကို မယှဥ်နိုင်ပေ ။
ဧရာမကျားကြီး လွင့်ထွက်သွားလျှင် ချန်ချန်က သူ့သမီးကို အမြန်ပြေးပွေ့ချီ လိုက်၏ ။ ထို့နောက် သူ့ကို ကျောပေးထားသော ပုံရိပ်ကို မော့ကြည့်လိုက်ပြီး တွန့်ဆုတ်ဟန်ဖြင့် မေးလိုက်သည် ။
" ခေါင်းဆောင်ချောင်.. ခင်ဗျားက.. ခေါင်းဆောင်ချောင်လား.. "
ချန်ချန်သည် ကယ်တင်မည့်သူ ပေါ်လာမည်ဟု ထင်မထားခဲ့ ။ ထိုသူက ချောင်ပိုင်ဖူ ဖြစ်နေမည်ဟုပင် ပို၍ ထင်မထားခဲ့ပေ ။
" မင်း လူမှားနေပြီ..."
ထိုလူက လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည် ။
" ကျုပ်က ခေါင်းဆောင် မဟုတ်ဘူး သာမန်လူတစ်ယောက်ပါ.. ကျုပ်က ရှက်တက်လို့ ဘယ်သူနဲ့မှ စကားမပြောဘူး.. အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျုပ်ကို စကားလာမပြောပါနဲ့.. "
ချန်ချန်.... "...."
ချန်ချန်က သူ့သမီးကို ပွေ့ချီထားရင်း ဆွံအနေ၏ ။
Chapter 92
~
အခန်း ၉၂
~
" အူး...ဝေါင်းးးးး..."
ထိုအခိုက် မျက်လုံးပြာကျားပျံက သူ၏ ခန္ဓာကိုယ်ကို ခါးယမ်းလိုက်ပြီး ဒေါသတကြီး ဟိန်းလိုက်၏ ။ ပြင်းထန်သော အသံလှိုင်းကြောင့် လေထု တုန်ခါနေသည်ကို မျက်စိဖြင့်ပင် မြင်နေရသည် ။ ကျားက ပိုပြီး ဒေါသထွက်သွား၍ ပို၍ ရက်စက်ကြမ်းကြုတ်ပုံ ပေါက်လာ၏ ။
ချန်ချန်သည် ကြောက်လန့်သဖြင့် တုန်ရီသွားပြီး ကလေးကိုပွေ့ချီကာ အိမ်ထဲဝင်ပြေးသွားသည် ။
လမ်းပေါ်ရှိ လမ်းသွားလမ်းလာများသည်လည်း နီးစပ်ရာ အိမ်ထဲသို့ ဝင်ပြေးကြ၏ ။
ချန်ချန်က အိမ်ထဲသို့ ရောက်လျှင် မသိစိတ်ကြောင့် နောက်သို့ တစ်ချက်လှည့်ကြည့်မိလိုက်ရာ သိုင်းဝတ်စုံ ဝတ်ဆင်ထားသူက ကျားကြီးထံသို့ ရင်ဆိုင်ရန် ပြေးဝင်သွားသည်ကို မြင်လိုက်ရ၏ ။
ချောင်မူက အတွင်းအားကို ခြေထောက်သို့ ပို့လွှတ်လိုက်ပြီး အားယူလိုက်သဖြင့် လမ်းခင်းထားသော ကျောက်တုံးပြာများ အက်ကွဲသွားကာ သူ့ပုံရိပ်က လျင်မြန်စွာ ရွေ့လျားပြီး ကျားကြီးထံသို့ ခုန်ဝင်လိုက်သည် ။
" အရိပ်ပြောင်းလဲခြင်းဓား.. "
ချောင်မူ၏ ဓားသိုင်းသည် ကုံးယန်လောက် မကျွမ်းကျင်သေးပေ ။ သို့သော်လည်း ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို သုံးထားသဖြင့် ဓား၏ ရောင်ဝါက ထက်ရှနေ၏ ။
ချောင်မူ၏ ဓားချက်ကြောင့် ကျားကြီး ဒဏ်ရာရသွားပြီး နောက်သို့ ထပ်ခါထပ်ခါ ဆုတ်နေရသည် ။ သူက ကိုယ်ဖော့သိုင်း သုံးပြီး ကျားကြီး၏ အနားတွင် လျင်မြန်စွာ ရွေ့လျားနေသည် ။
ချန်ချန်က ချောင်မူ၏ ခြေထောက်များကို ကြည့်ပြီး ကြက်သေသေနေသည် ။
' ဒါငါတို့ မိသားစုပိုင်တဲ့ အရိပ်ခြေလှမ်းမှ ဟုတ်ရဲ့လား.. ဒီလို သုံးလို့လည်း ရတယ်လား.. '
အရိပ်ခြေလှမ်းသည် ခိုးကြောင်ခိုးဝှက် အိမ်ခေါင်မိုးများနှင့် နံရံများပေါ်တွင် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသော သူခိုးသိုင်းဟု ဆိုရသော် မှားမည်မထင် ။
သူ့ရှေ့တွင် ရှိသော ချောင်မူသည်တော့ ဤသိုင်းကို မတူကွဲပြားစွာ အသုံးပြုနေ၏ ။
ချောင်မူ၏ ခြေထောက်က လမ်းပေါ်သို့ ထိသွားတိုင်း ကျောက်တုံးပြာများ ကြေမွသွားပြီး ကျယ်လောင်သည့် အသံထွက်ပေါ်နေ၏ ။
ချောင်မူမြန်ဆန်လွန်းလှသဖြင့် ချန်ချန်၏ အမြင်တွင် နောက်ဆက်တွဲပုံရိပ်များနှင့် ကျောက်တုံးကွဲအက်သံများကိုသာ ကြားနေရသည် ။
' သူသုံးတာ ငါ့အဖေထက်တောင် ပိုမြန်နေသေးတယ်.. ငါလေ့ကျင့်တာ တစ်ခုခုများ မှားနေလို့လား..'
ချန်ချန် ရှုပ်ထွေးနေ၏ ။ သူကြောက်လန့်နေသဖြင့် ကျားနှင့် ရင်ဆိုင်မိချိန်တွင် ကိုယ်ဖော့သိုင်း သုံးရန်ပင် မေ့နေခဲ့သည် ။
" ချောင်ပိုင်ဖူ ရပ်...ချောင်ပိုင်ဖူ ရပ်လိုက်တော့.. မင်း ကျားကို ထိခိုက်အောင် လုပ်လို့မရဘူး.. "
" ဒီကျားက ရွှမ်ထျန်းဂိုဏ်းရဲ့ သူတော်စင်မ မွေးထားတာကွ.."
အရာရှိလူဝကြီးက ဗိုက်ကြီး လှုပ်တုတ်လှုပ်တုတ်ဖြင့် အားကုန်ပြေးလာပြီး ချောင်မူက ကျားကို ဓားဖြင့်ခုတ်နေသည်ကို မြင်လျှင် ကျယ်လောင်စွာ အော်လိုက်၏ ။
" အင်မော်တယ်ဂိတ်ရဲ့ စည်းမျဥ်းတွေက ငါလို့ သာမန်လူနဲ့ ဘာဆိုင်လို့လဲ.. "
ချောင်မူက လှောင်ပြောင်လိုက်ပြီး တိုက်ခိုက်နေသည်ကို အရှိန်မြှင့်လိုက်၏ ။ သူက ကျင့်ကြံသူများနှင့် မတိုက်ခိုက်ဘူးသေးချေ ။ ထို့ကြောင့် ကျင့်ကြံသူများ မရောက်မီ ကျားကို သတ်နိုင်ရန် အားပိုထည့်လိုက်သည် ။
" စွပ်..."
ချောင်မူ၏ ဓားက ကျားဖြူကြီး၏ လည်ပင်းတွင် စိုက်ဝင်သွားပြီး သွေးများ ပန်းထွက်လာ၏ ။
မျက်လုံးပြာကျားပျံသည် နာကျင်လှသဖြင့် နောက်သို့ အားကုန်ဆုတ်လိုက်ရာ မတ်တပ်ရပ်လုနီးပါး ဖြစ်သွားသည် ။
ချောင်မူက ကျားပျံ၏ နောက်ကျောပေါ်သို့ ခုန်တက်လိုက်ပြီး လက်တစ်ဖက်ဖြင့် လည်ပင်ကို သေချာကိုင်ကာ ကျန်လက်ဖြင့် ဓားကို ဆုပ်ကိုင်ထားလိုက်ပြီး..
" လူတွေကို အန္တရာယ်ပြုတဲ့ ကျားဆိုးက ခေါင်းဖြတ်ခံရသင့်တယ်.. "
သူက ဓားကို အတွင်းအားအသုံးပြုပြီး အားကုန်ဆွဲလှည့်လိုက်လျှင် ကြီးမားသော ကျားခေါင်းကြီးက လေပေါ်သို့ လွင့်စင်သွားသည် ။
ကျား၏ ခန္ဓာကိုယ်က ကျောက်တုံးပြာခင်းထားသော လမ်းပေါ်သို့ လဲကျသွားပြီး သွေးများက ရေပန်းတစ်ခုလို ပန်းထွက်လာသည် ။
ကျားအလောင်း ၊ ပြန်ကျဲနေသော လူများ၏ အလောင်းများ ၊ ဆုတောင်းရာတွင် အသုံးပြုမည့် ပူဇော်ပစ္စည်းများနှင့်အတူ တစ်စစီကွဲကြေနေသော အင်မော်တယ် ရွှမ်ထျန်၏ ရုပ်တု ...
ဤမြင်ကွင်းက ကြောက်စရာ ကောင်းလှ၍ ချောင်မူ၏ နောက်သို့ ပြေးလိုက်လာသော လူအုပ်ကြီး တစ်ခုလုံး ထိတ်လန့်သွားကြသည် ။ ကြက်သေသေကုန်ကြ၏ ။ မည်သည့်အသံမှ ထွက်မလာသဖြင့် ခဏတာ တိတ်ဆိတ်သွားလေသည် ။
ချောင်မူက ကျားခေါင်းကို ကောက်ယူလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် သက်သေအမွေးကို ယူကာ ယှဥ်ပြလိုက်ပြီး ...
" ဒီသက်သေ အမွေးက ရွှမ်ထျန်းဂိုဏ်းကမွေးထားတဲ့ ဒီကျားပျံဆီကပဲ.. "
ချောင်မူသည် ယခုအချိန်တွင် လူဆိုးထိန်းတစ်ဦး မဟုတ်တော့ ။ ယခုအချိန်တွင် မည်သူမှ ဝိညာဥ်ဖမ်းသားရဲ အမှုကို စိတ်မဝင်စား ။
ကြောင်ပေါက်လေးကိုဖမ်းရန် အများကြီး ကြိုးစားအားထုတ်ခဲ့သော မင်ယွဲ့ပင်လျှင် ဘာမှ ဂရုမစိုက်နိုင်တော့ပေ ။ သူမ၏ တကိုယ်လုံး တုန်ရီနေ၏ ။ သူမ ဒေါသထွက်နေသည် ။ ဤလူက သူတော်စင်မမွေးထားသော မျက်လုံးပြာကျားပျံကို သတ်လိုက်လော ။
သို့ရာတွင် ချောင်မူသည် မည်သူမှ စိတ်မဝင်စားသော်လည်း ဖြစ်ခဲ့သည့် အမှုများမှ ရှာဖွေတွေ့ရှိခဲ့သည် သက်သေများအကြောင်းကို အသေးစိတ်ဆက်လက်ရှင်းပြနေ၏ ။ ချန်ယင်းရွှယ်ထံမှ ယူခဲ့သော အမှုတွဲတွင် ပါဝင်သော အချက်အလက်များကို ပြန်ပြောပြနေခြင်းဖြစ်သည် ။
ရွှမ်ထျန်ဘုရားကျောင်း၏ ကျင့်ကြံသူများသည် မျက်နှာများ သွေးဆုတ်၍ ဖြူဖျော့နေ၏ ။ ဖက်တီး အရာရှိက ဒေါသတကြီး ဆူပူကြိမ်းမောင်းနေသည် ။ ကျန်ဘုရားဖူးများမှာ မြင်ကွင်းကို ကြည့်ရင် ထိတ်လန့်စွာ ဆွေးနွေးနေကြသည် ။
ချောင်မူက မည်သည်ကိုမှ ဂရုမစိုက်ဘဲ ဆက်၍သာ ပြောနေ၏ ။ သူက ကျားကြီး၏ ခန္ဓာကိုယ်ကို ခြေဖြင့်နင်းလိုက်ပြီး တည်ငြိမ်စွာဖြင့်...
" ဒီမကောင်းဆိုးဝါး ကျားက သေသင့်တယ်.. "
" ဒါ.. မဟာယန်ရဲ့ ဥပဒေကြောင့်မဟုတ်ဘူး.. အင်မော်တယ်ဂိတ်တွေရဲ့ စည်းမျဥ်းတွေကြောင့်လဲမဟုတ်ဘူး.. "
" ဒါ လူ့အဖွဲ့အစည်းရဲ့ အခြေခံ ကိုယ်ကျင့်တရားပဲ.. ဒါ လူ့လောကရဲ့ လောကနီတိပဲ... "