အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
Chapter 93
~
အခန်း ၉၃
~
ချောင်မူက သွေးတစက်စက်ကျနေသော ကျားခေါင်းကြီးကို ကိုင်ပြီး ထိုစကားများကို ပြောလိုက်လျှင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အတွေးများ ရှုပ်ထွေးသွားတော့သည် ။
သူတို့သည် ချောင်မူ ဓားကိုင်ပြီး ဘုရားကျောင်းတံခါးဝတွင် ပြဿနာ ရှာခဲ့စဥ်က အင်မော်တယ်များဘက်မှ ထောက်ခံပြီး ဝိုင်းဝန်းဆူပူခဲ့ကြပေသည် ။
သို့ရာတွင် ချောင်မူသည် အထက်အရာရှိ၏ ကြိမ်းမောင်းခြင်းကို ခံရပြီးနောက် လူဆိုးထိန်းဝတ်စုံကို ဆွဲချွတ်လိုက်သဖြင့် သူတို့ မည်သို့ နားလည်ရတော့မည်ကို မသိတော့ ။
ယခု ကျားပျံ၏ သောင်းကြမ်းပုံနှင့် ချောင်မူ၏ တရားမျှတသော စကားကို ကြားလိုက်ကြလျှင် သူတို့၏ စိတ်ခံစားချက်များ ပေါ်ထွက်လာသည် ။
" ဒီ လူဆိုးထိန်းက တကယ်အလုပ်လုပ်တဲ့ပုံပဲ.. "
" သူ အခု လူနှစ်ယောက်ကို ကယ်လိုက်တာလေ.. "
" ရွှမ်ထျန်းဂိုဏ်းက အင်မော်တယ်တွေက သူ့ကို ဘာလို့ တားနေကြတာလဲ.. "
လူတိုင်းက ဤကျားဆိုးအား ရင်ဆိုင်ရဲမည်မဟုတ်ချေ ။ အထူးသဖြင့် အင်မော်တယ်များ မွေးမြူထားသည့် ကျားဖြစ်၍ ပို၍ပင် ထိရဲမည်မဟုတ် ။
သာမန်လူများသည် ကိစ္စများစွာကို နားမလည်နိုင်သော်လည်း ကောင်းခြင်းဆိုးခြင်းကိုတော့ နားလည်ကြသေးသည် ။ ချောင်မူအပေါ်တွင် သူတို့၏ အမြင်က အနည်းငယ် ပြောင်းလဲ သွားလေပြီ ။
" ချောင်ပိုင်ဖူဆိုတဲ့သူက ဒီလူသားစားကျားကို တကယ်သတ်လိုက်တာပဲ.. "
" ဒီကိစ္စမှာ အထင်လွဲနေကြတာတွေ ရှိမယ်ထင်တယ်.. ဒီကျားက ရွှမ်ထျန်းဂိုဏ်းကမွေးထားတဲ့ တောရိုင်းဝိညာဥ်သားရဲ တစ်ကောင်ပဲ.. သူ့ဗီဇအရ တောဝင်သွားလို့ ရိုင်းတာကို အင်မော်တယ်တွေရဲ့ အမှား မှမဟုတ်တာ.. "
" အင်မော်တယ်တွေသာ ဒီကိစ္စကို အမှန်အတိုင်းသိရင် ဒီသားရဲကို ဒီတိုင်းထားမှာ မဟုတ်ဘူး.. "
လူအုပ်ကြီးက သွေးအိုင်ထဲတွင် ကျားခေါင်းကို ကိုင်ပြီး ရပ်နေသော ချောင်မူကို လက်ညိုးထိုး၍ ဆွေးနွေးနေကြ၏ ။
ထိုအချိန်တွင် ယုံဟဲဧကရာဇ်နှင့် အစောင့်ချူးတို့ ရောက်လာကြသည် ။
" ဒီလူ...."
ယုံဟဲဧကရာဇ် သည် မြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်သွား၏ ။ သူ နှလုံးသား တစ်ခုလုံး မတည်ငြိမ်နိုင်တော့ပေ ။ သူတော်စင်မ ဝူချင်းရှင်း၏ ကျားပျံသည် ဤမျှလွယ်ကူစွာ သေဆုံးသွားသည်လော ။ သူ လမ်းလျှောက်လာသည့် အချိန်တိုလေးအတွင်း ဤမျှအထိ ဖြစ်ပျက်သွားခဲ့သည်လော ။
သူ ချောင်မူအား မယုံကြည့်နိုင်သော အကြည့်ဖြင့် ကြည့်နေမိ၏ ။
မည်သည့်အတွက်ကြောင့်နည်း ။ သိုင်းပညာရှင်တစ်ယောက်သည် ဧကရာဇ် ကိုယ်တိုင်ပင် တွန့်ဆုတ်နေသည့် ကိစ္စအား မည်သည့်အတွက်ကြောင့် ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ပါသနည်း ။ လောကနီတိ ဟု ဆိုနေသည်လော ။ ဤသည်က အဓိပ္ပါယ်မရှိ ။
" အရှင်မင်းကြီး.. ဒီကိစ္စက ရှုပ်ထွေးကုန်ပါပြီ.. "
အစောင့်ချူးက ခပ်တိုးတိုးပြောလိုက်ပြီး ...
" ကျွန်တော် ဝင်တားသင့်လား.. "
အစောင့်ချူးသည် ဧကရာဇ်၏ အနီးကပ် ကိုယ်ရံတော်ဖြစ်ပြီး ဝိညာဥ်သန့်စင်ခြင်းကို ပြီးမြောက်ပြီးသော သိုင်းပညာရှင်ဖြစ်၏ ။ ဤကိစ္စတွင် သူကိုယ်တိုင်ဝင်ရောက်တားမည်ဟု ပြောလိုက်ခြင်းမဟုတ်ပေ ။ ပတ်ဝန်းကျင်တွင် ဧကရာဇ်အား ကာကွယ်နေသည့် ငါးပျံအစောင့်တပ်ဖွဲ့များအား အမိန့်ပေးရမည်လောဟု မေးလိုက်ခြင်းဖြစ်သည် ။
' ဒီတစ်ခါ ကယ်လိုက်နိုင်ရင် နောက်တစ်ခါရော..'
ယုံဟဲဧကရာဇ်က ဤသည်ကို တွေးပြီး..
" ထားလိုက်.. ချောင်ပိုင်ဖူကလည်း ဝိညာဥ်သန့်စင်ပြီးတဲ့ သိုင်းပညာရှင်ပဲ.. "
" သူက ဒဏ်ရာရနေပေမဲ့ သာမန် အဆင့်၆ မဟုတ်ဘူးလေ.. "
" ချူးရှင်း မင်းရော ဘယ်လိုထင်လဲ.. ချောင်ပိုင်ဖူက ဒီလို လုပ်ရဲတယ်ဆိုတော့ သူ့မှာ သေချာတယ့် ဝှက်ဖဲတစ်ခု ရှိတယ်ထင်လား.. သူ့ရဲ့ အမြင့်ဆုံး ခွန်အားကို ချက်ချင်းပြန်ပြီး ရနိုင်တဲ့ လျှို့ဝှက်စွမ်းရည် တစ်ခုခု ရှိမယ်ထင်လား.. . သူ သေချာပေါက် ဝူချင်းရှင်းကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာ မှတ်လား.. "
လျှို့ဝှက်ဆန်းကြယ်သော လျှို့ဝှက်စွမ်းရည် ၊ ဤသည်က ယုံဟဲဧကရာဇ်၏ ကျိုးကြောင်းဆီလျော်သော ဆင်ခြေဖြစ်သည် ။
မဟုတ်လျှင် သိုင်းပညာရှင် တစ်ဦးက မည်သည့်အတွက်ကြောင့် သူတော်စင်မ မွေးထားသော သားရဲကို အင်မော်တယ်ဂိုဏ်း၏ ဝင်ပေါက်တွင်ပင် သတ်ရဲပါမည်နည်း ။ အဆင့်မြင့် သိုင်းပညာရှင် ဖြစ်လာပါမှ ကျင့်ကြံသူများသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း သိလာကြသည် ။
ဤကမ္ဘာပေါ်တွင် သိုင်းပညာရှင်များအား အဆင့် ၉ ဆင့်ခွဲထားကြသော်လည်း လွန်ခဲ့သော နှစ်လေးဆယ်က သိုင်းပညာရှင် အဆင့် ၁ ဖြစ်သော သိုင်းသူတော်စင် ကိုယ်တိုင်ပင် ကျင့်ကြံသူများထံမှ ထွက်ပြေးလာရသည် ။ ဤ ချောင်ပိုင်ဖူ ဆိုလျှင်တော့ ထည့်ပြောနေစရာပင် လိုမည်မဟုတ်ချေ ။
ဝူချင်းရှင်း၏ ကျင့်ကြံမှုအဆင့်ကို မည်သူမှမသိကြသေးပေ ။ သူမ သူတော်စင် ဖြစ်လာသည့် အချိန်ကတည်းက အပြင်သို့ သိပ်မထွက်ဘဲ ဂူအောင်း၍ ကျင့်ကြံနေသည်က များ၏ ။ သို့ရာတွင် သူတော်စင်ဖြစ်နေသည့် အဆင့်အတန်းတစ်ခုတည်းနှင့်ပင် သူမ၏ အဆင့်မှာ နိမ့်မည် မဟုတ်မှန်း သိနိုင်သည် ။
ချူးရှင်းက ဧကရာဇ်၏ စကားကို ကြားလျှင် မျက်ခုံးတွန့်ကာ စဥ်းစားလိုက်ကာ ...
" ချောင်ပိုင်ဖူမှာ အဲ့လို စွမ်းရည်ရှိမရှိ ကျွန်တော်မျိုး မသိပါဘူး.. "
ချူးရှင်းက တွန့်ဆုတ်ကာ ဖြေလိုက်၏ ။ သူ ဧကရာဇ်၏ အမြင်ကို မဆန့်ကျင်ရဲပေ ။ သို့ရာတွင် ဝိညာဥ်သန့်စင်သည့် အဆင့်အထိ ရောက်နေသည့် သိုင်းပညာရှင်တစ်ဦး အနေဖြင့် ဝှက်ဖဲ အချို့ရှိသည်က ပုံမှန်သာဖြစ်သည် ။
" အရှင်မင်းကြီး.. သူ ရွှမ်ထျန်းဘုရားကျောင်းထဲအထိ မဝင်သေးဘူးဆိုတော့ အခြေအနေ ပြောင်းလဲ.."
ချူးရှင်း၏ စကားမဆုံးလိုက် ။
ချောင်မူက ကျားခေါင်းကြီးကို ကိုင်ပြီး ဘုရားကျောင်းဝင်ပေါက်သို့ တစ်လှမ်းခြင်း လှမ်းနေသည်ကို မြင်လိုက်ရ၏ ။ ချူးရှင်း လန့်သွား သကဲ့သို့ ဂိတ်စောင့်ကျင့်ကြံသူများမှာလည်း ဝမ်းသာသွားကြသည် ။
" ဒီငမိုက်သားက ဇတော့ မသေးဘူး.. "
" ဒီကောင်.. သူတော်စင်မရဲ့ ဝိညာဥ်သားရဲကို သတ်ပြီးတာတောင်မှ ဘုရားကျောင်းထဲ ဝင်ရဲသေးတယ်လား.. ဒီကောင့်ကို သတ်ဖို့ တောင်ပေါ်က စီနီယာအကိုတွေကို တောင်းဆိုသင့်တယ်.. "
" သာမန်သိုင်းပညာရှင်က ကျင့်ကြံသူတွေကို မကြောက်ဘူးလား.. ဒီကောင် ထွက်မပြေးဘူးလား.. "
ချောင်မူက တည်ငြိမ်စွာဖြင့် တစ်လှမ်းခြင်း လှမ်းလာနေ၏ ။
Chapter 94
~
အခန်း ၉၄
~
" ထွက်ပြေးရမှာလား.. ငါဘာလို့ ထွက်ပြေးရမှာလဲ.. "
ချောင်မူက တိုးတိုးလေး ပြောလိုက်သည် ။
" ငါလုပ်ရမယ့် အလုပ်တွေမှ မပြီးသေးတာ ဘာလို့ ထွက်ပြေးရမှာလဲ.. "
သူ့အကြည့်က အခြားသူများအားလုံးကို လျစ်လျူရှုပြီး မင်ယွဲ့ထံသို့ ရောက်သွား၏ ။ သူက ကျယ်လောင်သော အသံဖြင့် ...
" လူသားတွေကို ဒုက္ခပေးတဲ့ သားရဲကိုတော့ ရှင်းပြီးပြီ.. ဒါပေမဲ့ ကျားကို လူသတ်ခွင့်ပေးထားတဲ့သူကိုပါ ရှင်းပစ်ရမယ်.. "
ချောင်မူက မင်ယွဲ့ထံသို့ အားကုန်ပြေးဝင်သွားသည် ။ သူ ကျင့်ကြံသူများ၏ စွမ်းရည်ကို မသိသလို မည်သည့်အချိန်တွင် သေရမည်ကို မသိသဖြင့် မင်ယွဲ့အား အတက်နိုင်ဆုံးကြိုးစားပြီး အပါခေါ်ရမည်ဟု တွေးထား၏ ။
" ဟမ့်.. သာမန်သိုင်းပညာရှင်လေးက မာနကြီးနေပါလား.. "
" တိုက်ကြစမ်း..."
မင်ယွဲ့က အမိန့်ပေးလိုက်ပြီး လူအုပ်နောက်သို့ ဆုတ်ခွာသွားသည် ။ သူမ အင်မော်တယ်ဂိတ်တွင် ကျင့်ကြံနေသည်မှာ နှစ်နှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း သူမတွင် ကျင့်ကြံရာ၌ပါရမီ သိပ်မရှိ ။ သူမသည် သားရဲများကို ပျိုးထောင်တက်သူ တစ်ယောက်သာဖြစ်ပြီး သူတော်စင်မ၏ အစေခံတစ်ယောက်သာဖြစ်၏ ။
သာမန်လူများ အမြင်အရ သူမသည် အင်မော်တယ်ဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် ချောင်ပိုင်ဖူနှင့် ရင်ဆိုင်တိုက်ခိုက်ပါက မိုက်မဲရာ ကျပေမည် ။
ထို့အပြင် သူမ ကြောက်ရွံ့နေသည်က လူရမ်းကား ချောင်ပိုင်ဖူထက် သူတော်စင်မကိုပင် ။ သူတော်စင်မ မွေးမြူထားသော အရွယ်မရောက်သေးသည့်သားရဲက သိုင်းပညာရှင်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွား၏ ။ ဤကိစ္စတွင် သူမပါဝင် ပက်သက်နေသည်ကို သူတော်စင်မသာ သိသွားပါမူ ....
မင်ယွဲ့ ဆက်မတွေးရဲတော့ ။
ဂိတ်စောင့် ကျင်ကြံသူများက မင်ယွဲ့၏ အမိန့်ကို နာခံပြီး ချောင်ပိုင်ဖူထံသို့ ပြေးဝင်သွားကြ၏ ။
" ကျင့်ကြံသူ တဲ့လား.. ဒါ ငါ့ရဲ့ ပထမဆုံး တိုက်ပွဲပဲ.. "
ချောင်မူက စွမ်းရည်အမျိုးမျိုး ထုတ်သုံးလာသည်ကို ရင်ဆိုင်ရန် သတိထား၍ အသင့်ပြင်လိုက်၏ ။
သို့ရာတွင် အနှီကျင့်ကြံသူများက တာအို ဝတ်ရုံ အောက်မှ လက်နက်များ ဆွဲထုတ်လိုက်သည်ကို မြင်လျှင် ချောင်မူ ဆွံ့အ သွားသည် ။
" နေ..နေစမ်းပါအုံး.. မင်တို့အားလုံးက သိုင်းပညာရှင်တွေလား.. "
ချောင်မူက အံ့သြစွာ မေးလိုက်၏ ။ ချောင်မူ၏ စကားကို ကြားလျှင် ကျင့်ကြံသူများ ဒေါသထွက်သွားကြသည် ။
" မင်းသာ ရိုင်းစိုင်းတဲ့ သိုင်းပညာရှင်.. မင်းတို့ တစ်မျိုးလုံးသာ သိုင်းပညာရှင်တွေ.. "
" ငါတို့က ကျင့်ကြံသူတွေကွ.. သိပ်မကြာခင် အင်မော်တယ်ကျင့်စဥ်တွေကို ကျင့်ကြံနိုင်တော့မှာ.. "
ချောင်မူ၏ မေးခွန်းက သူတို့အနာအား တုတ်နှင့်ဆွလိုက်သလို ဖြစ်သွားသည် ။
ကျင့်ကြံသူများ၏ တုန့်ပြန်မှုကို မြင်လျှင် ချောင်မူနားလည်သွားသည် ။ သူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ...
" ငါသိပြီ.. မင်းတို့က သစ္စာဖောက်တွေပဲ.. ကျင့်ကြံသူဆိုရင် ဂိတ်စောင့်နေမှာ မဟုတ်ဘူး.. မင်းတို့က ဘက်ပြောင်းသွားတဲ့ သစ္စာဖောက်တွေ.. "
ချောင်မူသည် သိုင်းပညာရှင်များအား ရင်ဆိုင်ရမည်ကို မကြောက် ။ ဤကျင့်ကြံသူများသည် တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် သိုင်းပညာရှင်များသာ ဖြစ်နေ၏ ။
ချောင်မူက ကျောတွင်လွယ်ထားသော လှံတိုနှစ်ချောင်းကို လှံရှည်အဖြစ်ဆက်လိုက်ပြီး ကျင့်ကြံသူများထံသို့ ပြေးဝင်သွားသည် ။ အုပ်စုဖွဲ့ တိုက်ခိုက်သူများနှင့် ရင်ဆိုင်ရာ၌ လှံရှည်က ဓားထက် ပို၍ အသုံးဝင်ပေသည် ။
" မင်းသာ သစ္စာဖောက်.. သေတော့မယ့်ကောင်ကများ .."
ကျင့်ကြံသူများကလည်း ပြန်လှန်ပြောလိုက်သည် ။
" မင်းကြည့်ရတာ အသက်လေးဆယ်လောက် ရှိပြီမှတ်လား.. ဒီအသက်အရွယ်ရောက်နေတာတောင် အချိန်မစီးဘူး မင်းဘဝတစ်လျှောက်လုံး ခွေးလို နေလာခဲ့ရတယ်ထင်တယ်.. "
" မင်းကိုမင်း ကိုယ်ကျင့်တရားကောင်းတဲ့ သူတော်စင် ထင်နေတာလား.. "
" ရှေးကလူတွေ ပြောတာတော့ အသက်လေးဆယ်ကျော်လာရင် အတွေးတွေ မရှုပ်တော့ဘဲ ရှင်းရှင်းလင်းလင်း မြင်တက်တယ်တဲ့.. ခု မင်းကို ကြည့်ရတာတော့ ခွေးလို လိုက်ကိုက်...စွပ်..."
ထိုကျင့်ကြံသူက စကားဆုံးအောင် မပြောလိုက်ရ ။ ချောင်မူ၏ လှံက ထိုကျင့်ကြံသူ၏ လည်ပင်းကို ထိုးဖောက်သွားသည် ။
ချောင်မူက လှံရှည်စိုက်ဝင်နေသော အလောင်းကို ကန်ထုတ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည် ။
" အသက်လေးဆယ်မှာ ရှင်းလင်းသွားတယ်ဆိုတာက ငါ တစ်ယောက်ထဲနဲ့ မင်းလိုမျိုး အယောက်လေးဆယ်လောက်ကို ရှင်းပစ်နိုင်တယ်ဆိုတာ ပြောတာကွ.. "
ကျွမ်းကျင်သော စစ်သည်တော်သည် သူ၏ လှံစွမ်းရည်ကို တစ်ဖန်ပြန်လည်ပြသခဲ့ပြီး အစွမ်းထက်သော ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းနှင့်အတူ မည်သူမျှ သူ၏အစွမ်းကို မယှဉ်နိုင်ပေ ။
သို့သော်လည်း ထိုလူပြောသည့်စကားကြောင့် ချောင်မူအတွေးနက်သွားလေသည် ။
သူသည် သူတော်စင် မဟုတ်ကြောင်းနှင့် သူတော်စင် မဖြစ်လိုကြောင်း သူ့ကိုယ်သူ သိ၏ ။ သူသာ ဖြောင့်မတ်သူ အဖြစ် သေလမ်းမရှာလျှင် သိုင်းအဆင့် မြင့်မားနိုင်မည် မဟုတ်ပေ ။ ထို့ကြောင့် အခြားသူများအတွက် ကောင်းမှုလုပ်ရင်း သူ့ကိုယ်သူ သန်မာလာအောင် ကြိုးစားနေရသည် ။
ဤသို့သာ ဖြစ်၏ ။ သူသည် ကိုယ်ကျိုးမငဲ့သော သူတော်စင် မဟုတ်ဘဲ သူ့အတွက်သူ လုပ်နေခြင်းဖြစ်သည် ။
' အသက်လေးဆယ်အရွယ်မှာ လူတစ်ယောက်ဟာ ကိုယ့်ရဲ့နှလုံးသားကို နားလည်သင့်ပြီး.. ပြင်ပအရာတွေ ဒါမှမဟုတ် လူတွေရဲ့လှည့်ဖြားမှုကို မခံသင့်ဘဲ..ကိုယ်ပိုင်မူတွေကို လိုက်နာသင့်တယ်တဲ့..'
' ငါ လိုက်နာတဲ့ မူကတော့...'
ချောင်မူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ့အကြည့်က အနီးနားရှိလူများထံ ဖြတ်သန်းသွားသည် ။
အဝေးတွင် စူးစမ်းလိုစိတ်ရှိသော ကြည့်ရှုသူများ၊ မျက်နှာတင်းတင်းနှင့် အရာရှိများနှင့် လူအုပ်နောက်မှ သူ့ကို စိုက်ကြည့်နေသော အမျိုးသမီး ကျင့်ကြံသူ မင်ယွဲ့တို့ ရှိကြသည် ။
သူသည် တာအိုဘုရားကျောင်းဝင်ပေါက်ရှိ ကျင့်ကြံသူများနှင့် ထိပ်တိုက်တွေ့သောအခါ၊ မဟာရန်၏ အရာရှိများနှင့် မြို့သူမြို့သားများပင် သူ့ဘက်တွင် မရပ်တည်ဘဲ သူ့အကြောင်းကို လက်ညှိုးထိုးပြီး အပြစ်တင်ခဲ့ကြသည် ။
သို့သော်လည်း ထိုသူများက သူ့အကြောင်းကို နားမလည်ကြ ။ လူထောင်ပေါင်းများစွာက မိုက်မဲသော လူရမ်းကားဟု အပြစ်တင်နေလျှင်ပင် ထည့်တွက်စရာ အကြောင်းမရှိ ။
သူသည် ထာဝရ သက်တမ်းရှိ၍ ယုံကြည်ချက်အတိုင်း လျောက်လှမ်းနေမည့်သူသာ ဖြစ်သည် ။
" ဒီလောက ကြီးက မှောင်မိုက်နေတယ်.. အရာရှိတွေက အကျင့်ပျက် ချစားပြီး ရုံးတော်က အင်အား မရှိတော့ဘူး ..အင်မော်တယ်ဆိုသူတွေက နောက်ကွယ်ကနေ ကြိုးကိုင်နေတာပဲ.. "
" ဒါပေမဲ့.. ကျုပ် ချောင်..ပိုင်..ဖူ.. တရားမျှတမှုကို ဖွေရှာဖို့.. အားနည်းတဲ့သူတွေကို ဖေးမဖို့ .. ရင်မဆိုင်ရဲတဲ့ သူတွေ အတွက် သေတဲ့အထိ အသက်စွန့်ပြီး တိုက်ပွဲဝင်ဖို့ ဆန္ဒရှိတယ်.. "
" သေရဲတယ့်ကောင် ..လာကြစမ်း..ဟားဟားဟား..."
ချောင်မူက ရယ်မောရင်း လှံရှည်ကို ဝှေ့ယမ်းကာ ကျင့်ကြံသူများထံသို့ ခုန်ဝင်သွားသည် ။
အဝေးတွင် ကြည့်နေသည့် ယုံဟဲဧကရာဇ်၏ မျက်လုံးထောင့်များ တုန်ရီနေပြီး ချောင်မူ၏ လွတ်လပ်သည့် စကားများကြောင့် လက်သီးတင်းတင်းဆုပ်ထားမိလေသည် ။