အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
Chapter 95
~
အခန်း ၉၅
~
တာအိုဘုရားကျောင်း ဝင်ပေါက်တွင် လူအများ ပိုမို စုရုံးလာ၏ ။ သိုင်းပညာရှင် တစ်ဦးသည် ရွှမ်ထျန်းဘုရားကျောင်းအတွင်းသို့ ဝင်ရောက်ပြီး အင်မော်တယ်များမွေးမြူထားသော သားရဲကို သတ်လိုက်သည့်သတင်းမှာ လျင်မြန်စွာ ပြန့်နှံသွား၏ ။
သို့သော်လည်း ဘုရားကျောင်း၏ အနောက်ဘက်ရှိ တောင်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ။
မနက်ခင်း၏ နွေးထွေးသော လင်းရောင်ခြည်က တောင်နှင့် သစ်တောများကို လွှမ်းခြုံထားသည် ။
အစိမ်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြက်တောကို နင်းလျှောက်လာသဖြင့် သူ၏ ဘောင်းဘီထိပ်ဖျားများသည် စိုစွတ်နေပေသည် ။
ကျောက်တောင်တစ်ခုပေါ်ရှိ ရေတံခွန်သည် ရေကန်ငယ်လေးဆီသို့ အဆက်မပြတ်စီးကျနေသဖြင့် ကျယ်လောင်သော အသံထွက်ပေါ်နေသည် ။
ရေကန်ဘေးတွင် အမွေးသနေသော ကြိုးကြာများလည်း ရှိသည် ။ အစိမ်းရောင်ဝတ်လူငယ် ချဥ်းကပ်လာသည်နှင့် ရောင်စုံငါးအုပ်ကြီးသည် ကျောက်တောင်ပေါ်သို့ တက်လိုဟန်ဖြင့် ရေတံခွန်ရေစီး၏ ရေဆန်အတိုင်း ခုန်ထွက်လာကြသည် ။
ဝေးကွာလှသော နေရာတစ်ခုစီမှ သာယာငြိမ့်ညောင်းသော ဇီသာသံက ရေစီးကြောင်းတစ်ခုနှယ် ထိုကျင့်ကြံသူ၏ နားထဲသို့ စီးဝင်လာ၏ ။
ရေကန်ဘေးရှိ သစ်ပင်ကြီး တစ်ပင်၏ အောက်တွင် သက်လတ်ပိုင်းအရွယ် တာအိုရောင်းရင်း နှစ်ဦးသည် စစ်တုရင် ကစားနေကြ၏ ။ မည်သူမှ စကားမပြောကြပဲ ကစားပွဲကို အာရုံစိုက်နေကြသည် ။
နှစ်ဦးစလုံးသည် သက်လတ်ပိုင်းအရွယ်များ ဖြစ်ကြသော်လည်း သူတို့၏ မျက်နှာများသည် ကြင်နာ၍ နူးညံ့သိမ်မွေ့ ဟန်သိသာထင်ရှားစွာ ပေါ်လွင်နေပြီး အင်မော်တယ် အရှိန်အဝါကြောင့် သူတော်စင်တစ်ပါးနှယ် ထင်ရပေသည် ။
ဤ မြင်ကွင်းက ရှေးဟောင်းပန်းချီကားတစ်ချပ် အသက်ဝင်လာသည်နှင့် တူနေပြီး မြင်သူတိုင်း အေးချမ်းသော နိဗ္ဗာန်ဘုံတစ်ခုဟု ထင်မိကြပေမည် ။ သာမန်လူများ ထင်ထားသည့် အင်မော်တယ်များ၏ ပုံရိပ်မှာ အမှန်ပင် ကိုက်ညီလှသည် ။
သို့ရာတွင် ဘုရားကျောင်းရှေ့ရှိ မြင်ကွင်းဖြင့် နှိုင်းယှဥ်လျှင်တော့ ဆန့်ကျင်ဘက် ဖြစ်နေသည် ။
တောင်ပေါ်တွင် ကမ္ဘာတစ်ခု ၊ တောင်အောက်တွင် ကမ္ဘာတစ်ခု တူညီသော လောကတွင် တည်ရှိနေသော်လည်း ကမ္ဘာနှစ်ခုက ကွဲပြားနေ၏ ။
" စီနီယာအကိုတို့နှစ်ယောက် စစ်တုရင် ကစားနေကြပြန်ပြီလား.. "
အစိမ်းရောင်ဝတ်လူငယ်က ပြုံး၍ လျှောက်လာပြီး...
" တောင်အောက်မှာ ပွဲတစ်ခုဖြစ်နေတယ်.. အကိုတို့ သွားမကြည့်ချင်ဘူးလား.. '
' ဟုတ်လား.. ဘာဖြစ်တာလဲ.. '
ဘယ်ဘက်မှ စီနီယာအကိုက ခေါင်းမော့၍ မေးလိုက်သည် ။
" အာရုံမလွင့်စမ်းနဲ့.. ဆက်ကစားပါ.. "
ညာဘက်မှ စီနီယာအကိုက စစ်တုရင်ခုံကို အကြည့်မလွှဲပဲ ပြောလိုက်သည် ။
အစိမ်းရောင်ဝတ် လူငယ်က...
" သာမန် သိုင်းပညာရှင် တစ်ယောက်က ဘုရားကျောင်းထဲ အတင်းဝင်ဖို့ ကြိုးစားနေတယ်.. "
" သြော်.."
ဘယ်ဘက်မှ စီနီယာအကိုက စိတ်မဝင်စားတော့ဘဲ စစ်တုရင်ခုံသို့ အာရုံပြန်စိုက်လိုက်သည် ။ သိုင်းပညာရှင်တစ်ယောက်က မည်သို့ ပြဿနာရှာနေသနည်းဟု သူတို့ မမေးကြ ။ သိုင်းပညာရှင်၏ အဆင့်ကိုလည်း သူတို့မမေးကြချေ ။ မည်သည့်အဆင့် သိုင်းပညာရှင်ဖြစ်စေကာမူ သူတို့၏ အမြင်အရ သာမန်လူများသာဖြစ်၏ ။
" အာ.. အကိုတို့ နှစ်ယောက်လုံး စိတ်မဝင်စားကြဘူး.. ဒီ တာအိုဘုရားကျောင်းက ကျွန်တော်တို့ အင်မော်တယ်ဂိတ်ရဲ့ ပိုင်ဆိုင်မှုလေ.. "
အစိမ်းရောင်ဝတ်လူငယ်က ပြုံးရွှင်စွာ ပြောလိုက်သည် ။
" ဂျူနီယာညီလေး က ကျင့်ကြံတာ မကြာသေးတော့ အတွေ့အကြုံ မရှိသေးဘူး.. "
ဘယ်ဘက်က စီနီယာအကိုက တည်ငြိမ်စွာဖြင့်...
" အဲ့တာက သိုင်းပညာရှင် တစ်ယောက်ပဲလေ.. ပုရွတ်ဆိတ်တစ်ကောင်ပဲကို ငါတို့ကိုယ်တိုင် လုပ်စရာမလိုဘူး.. "
" ပြီးတော့ ဂိတ်စောင့် သိုင်းအစေခံတွေ ရှိတယ်မှတ်လား.. သူတို့ဘာသာ ရှင်းလိမ့်မယ်.. "
" သိုင်းအစေခံတွေလား.. "
အစိမ်းရောင်ဝတ် လူငယ်လေးက မကြားဘူးဟန်ဖြင့် မေးလိုက်သည် ။
" ဟဲဟဲ..သိုင်းသမားကျွန်တွေကို ပြောတာ.. "
ဘယ်ဘက်မှ စီနီယာအကိုက ပေါ့ပေါ့ပါးပါးရယ်လိုက်ပြီး..
" တာအိုဝတ်ရုံ ဝတ်ထားရုံနဲ့ ငါတို့နဲ့ တတန်းထဲ ထိုင်နိုင်မယ်ထင်နေတဲ့ သိုင်းပညာရှင်တွေ.."
" သူတို့က ငါတို့လို မဟုတ်ဘူးလေ.. ငါတို့က ဂိုဏ်းရဲ့ တရားဝင် တပည့်တွေ.. "
အစိမ်းရောင်ဝတ် လူငယ်က တွန့်ဆုတ်ဟန်ဖြင့်...
" ဒါပေမဲ့ ခုထိ တိုက်ခိုက်နေကြတုန်းပဲလေ .. အဲ့သိုင်းပညာရှင်က အားမနည်းဘူး တကယ်လို့ သိုင်းအစေခံတွေ မတားဆီးနိုင်ဘဲ ဘုရားကျောင်းထဲအထိ ဝင်လာ. "
" ဘာလို့ သူတို့ကို စိတ်ဝင်စားနေတာလဲ.. "
ဘယ်ဘက်မှ တာအိုကျင့်ကြံသူက..
" မသေမျိုးလမ်းစဥ်ရဲ့ အပြင်ဘက်က သာမန်လူတွေက မနက်မွေးပြီး ညသေတဲ့ ပိုးဖလံတွေလိုပဲ .."
ကျင့်ကြံသူများသည် လအနည်းငယ် သို့မဟုတ် နှစ်အတော်ကြာသည်အထိ သီးခြားနေလေ့ရှိကြ၏ ။ အဆင့်မြင့် ကျင့်ကြံသူများဆိုလျှင် တစ်ခါဂူအောင်းလျှင် ဆယ်စုနှစ်များစွာ ကြာတက်ကြသည် ။
သာမန်လူများ၏ သက်တမ်းမှာ ရာစုနှစ်တစ်ခုသာ ရှိ၍ ကျင့်ကြံသူများ၏ အမြင်အရ နေ့မြင်ညပျောက် သက်တမ်းတိုသည့် ပုရွတ်ဆိတ်များသာ ဖြစ်သည် ။ သိုင်းပညာရှင်များသည်တော့ သာမန်လူများထက် အသက်အနည်းငယ် ပိုရှည်ကြသော်လည်း အကောင်နဲနဲ ကြီးသော ပုရွတ်ဆိတ်များဖြစ်သည် ။
" အဲ့ သိုင်းကျွန်တွေ သေတာရှင်တာ အရေးမကြီးဘူး.. ငါ့လက်အောက်မှာ ကျွန်ဖြစ်ချင်တဲ့ သိုင်းသမားတွေ အများကြီးရှိသေးတယ်.. အဟွတ်..ငါဆိုလိုတာက ဂိတ်စောင့်အစေခံ ဖြစ်ချင်တဲ့ သိုင်းသမားတွေ အများကြီးရှိသေးတယ်.. "
" ပြီးတော့ သိုင်းပညာရှင်တွေက အဲ့လောက် မရိုးရှင်းဘူး.. "
ဘယ်ဘက်မှ စီနီယာအကိုက စကားပြောရင်း အားပါလာ၏ ။
" လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက ငါခရီးသွားရင်း မြို့လေးတစ်မြို့ကိုဖြတ်တော့ အဲ့မြို့ရဲ့ မြို့စားနဲ့ ကြုံခဲ့ဘူးတယ်.. "
" လူသားတွေရဲ့ အဆင့်အရဆို အဆင့် ၆ လောက်ထင်တာပဲ သိပ်မမှတ်မိတော့ဘူး.. "
" ငါ ချီစွမ်းအင် သုံးတာကို မြင်ပြီး သူ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်.. "
" သူက အခွင့်ကောင်းတွေ့ပြီ ထင်ပြီး ငါ့ကို တပည့်အဖြစ်လက်ခံဖို့ တောင်းပန်တော့တာပဲ.. အင်မော်တယ်ကျင့်စဥ်သင်ပေးဖို့ကို သူပိုင်တဲ့ ပစ္စည်းဥစ္စာတွေရော မိန်းမရောကလေးပါ ပေးမယ် တကဲကဲ လုပ်နေတာ ငါလည်း အချိန်မရှိတာနဲ့ ငြင်းပြီး ထွက်လာခဲ့တာပေါ့.. "
" နောက်တစ်နှစ်လောက်ကြာတော့ ငါအဲ့မြို့ကို မတော်တဆ ဖြတ်မိပြန်ရော.. ဘာတွေ ထပ်ဖြစ်လဲ ခန့်မှန်းကြည့်အုံး.. "
" အဲ့သိုင်းပညာရှင်က သူ့မိန်းမနဲ့ ကလေးကို သတ်ပစ်လိုက်တယ်.. သူ့ စိတ်ဆန္ဒတွေကို ဖယ်ရှားပြီး ညဏ်အလင်း ရချင်လို့တဲ့.. သူ့မှာ ကိလေသာတွေ ရှိနေသေးလို့ ငါက မခေါ်တာဆိုပဲ.. ဟားဟားဟား... "
ဘယ်ဘက်မှ တာအိုကျင့်ကြံသူက စကားပြောရင်း အားရပါးရ ရယ်လိုက်၏ ။
" သိုင်းပညာရှင်တွေနဲ့ သာမန်လူတွေနဲ့က အတူတူပါပဲ... "
ညာဘက်မှ တာအိုကျင့်ကြံသူက ဝင်ပြောလိုက်သည် ။
" ခုဖြစ်နေတဲ့ ကိစ္စကို ငါတို့ ဝင်ပါစရာ မလိုဘူး.. ငါတို့ ဝင်မပါမှ သူတို့က သူတို့ သစ္စာကို စမ်းတယ်ထင်ပြီး အသေအလဲ ကြိုးစားကြလိမ့်မယ်.. "
စစ်တုရင် ကစားနေသော တာအိုကျင့်ကြံသူ နှစ်ဦးက တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြ၏ ။
" ပြီးတော့ မင်ယွဲ့လည်း အဲ့နေရာမှာပဲလေ.."
" မင်ယွဲ့လား... သြော်သိပြီ..သူတော်စင်မရဲ့ သားရဲကို ပျိုးထောင်ပေးနေတဲ့ အစေခံပဲ.. "
" သူရောက်လာတာ ကြာပြီ ခုထိ အဆင့်နိမ့်ပဲ ရှိနေသေးတယ် .."
" သူ့မှာ မွေးရာပါ ဝိညာဥ်အမြစ်ရှိပေမယ့် သူ့တာအို နှလုံးသားက မတည်ငြိမ်ဘူး ပြီးတော့ သူ့ ကျင့်ကြံမှုကလည်း မသန့်စင်ဘူး.. ဝိညာဥ်သားရဲ ပျိုးထောင်တက်လို့သာ သူတော်စင်မက မျက်နှာသာပေးထားတာ.. "
" သူတော်စင်မက သူ့ကို အတော်လေး အလေးထားတယ် ကြားတယ် ..အဲ့တာဆိုတော့ သူ့ကိုယ်သူကာကွယ်ဖို့ အဆောင်တွေဘာတွေ ပေးထားမှာပေါ့.. သိုင်းပညာရှင်တစ်ယောက်လောက်များ အဆောင်တစ်ခုနဲ့တင် ပြီးတယ်.. "
ထိုအခိုက် အစိမ်းရောင်ဝတ် လူငယ်က ဝင်ပြောလိုက်သည် ။
" ဒါနဲ့ သူတော်စင်မမွေးထားတဲ့ အဲ့ ဝိညာဥ်သားရဲက သေသွားပြီလေ.. ခုကျူးကျော်နေတဲ့ သိုင်းပညာရှင်က သတ်လိုက်တာ .."
တာအိုကျင့်ကြံသူ နှစ်ယောက်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည် ။
" သူတော်စင်မက ဂူအောင်းကျင့်ကြံနေတုန်းပဲ မှတ်လား.. "
" ဒါဆို ဒီပြဿနာက မင်ယွဲ့ရှာတာ ဖြစ်နိုင်တာပေါ့.. "
" သူ့ကြောင့် ဖြစ်တာလား... ဟားဟားဟားးး..."
" အရေမရ အဖတ်မရတွေ ပြောမနေနဲ့တော့ ဆက်ကစားမယ် ဆက်ကစားမယ်.. "
တာအိုကျင့်ကြံသူ နှစ်ယောက်က အပြင်လောကမှ အသံများကို လျစ်လျူရှူပြီး စစ်တုရင် ကစားနေတော့သည် ။
.................
တောင်ခြေရှိ တာအိုဘုရားကျောင်းဝင်ပေါက်တွင်...
ချောင်မူ ကြွေးကြော်လိုက်သည့် စကားများကြောင့် လူတိုင်း အထင်ကြီးသွားကြသည် ။
သို့သော်လည်း ချောင်မူ သည် လွယ်ကူမနေပေ ။ ရွှမ်ထျန်းဘုရားကျောင်း၏ ဂိတ်စောင့်များသည် ယန်မြို့စား၏ အစောင့်များထက် များစွာ သန်မာရုံသာမက ချောင်မူနည်းမလည်နိုင်သော စိတ်အားထက်သန်မှုလည်း ရှိနေ၏ ။
" ခွေးကောင် ငါတို့ဘုရားကျောင်းကိုများ ဘာထင်နေလဲကွ.. "
" ငါတို့ ငြိမ်းချမ်းတဲ့ ဘုရားကျောင်းကို နှောက်ယှက်ရဲတာ သေသင့်တယ်.. "
" တောင်ပေါ်က စီနီယာ အကိုတွေ ဆင်းလာစရာမလိုဘူး.. မင်းလောက်တော့ ငါ့ လက်နဲ့ သတ်နိုင်တယ် .."
" သေဖို့ပြင်ထား.. ငါ ချန်ဖေး.. မင်းကို သေချာပေါက် အနိုင်ယူမယ်ကွ .."
ခန္ဓာကိုယ်ကြံ့ခိုင်သော တံခါးစောင့် တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။ ထို့နောက် တောင်ပေါ်သို့ ခိုးကြည့်ပြီး ရှေ့သို့ ပြေးဝင်သွား၏ ။
ကျန်သူများလည်း သဘောပေါက်သွားကြသည် ။
" ကျုပ် ချန်ရှန်.. အင်မော်တယ်ဂိတ်အတွက် အသက်ကို စတေးပြီး မင်းလို အရိုင်းအစိုင်းကို သတ်မယ်ကွ.. "
" ငါ ဝမ်မင်းမှာ နောက်ဆုံး သွေးတစ်စက်ပဲ ကျန်ရင်တောင် မင်းကို ရအောင်တားမယ်.. "
" ငါ လျိုဇီမင်း အက်မော်တယ်ဂိတ်အတွက် အသက်စွန့်မယ်ကွ.."
ချောင်မူ ဆွံ့အ သွားသည် ။ ဤသည်က သူ၏ ပုံစံနှင့် တူနေသည် မဟုတ်လော ။
' သူတို့က တောင်ပေါ်ကလူတွေ ကြားအောင် အော်နေကြတာလား.. "
ချောင်မူက လှောင်ပြုံး ပြုံးလိုက်ပြီး အစောင့်နှစ်ဦးကို အတန်းလိုက် လှံရှည်ဖြင့် ထိုးသတ်လိုက်သည် ။ ထိုသူများ အမှန်ပြောနေသည်လော ဟန်ဆောင်နေသည်လောကို သူ ဂရုမစိုက် ။ သူ့လမ်းအား ပိတ်ထားလျှင် အကုန်ရှင်းပစ်မည် ဖြစ်သည် ။
ချောင်မူက ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းသိုင်းကို သုံးနေသဖြင့် ချွေးပေါက်များမှ သွေးများစီးကျလာပြီး ရဲရဲနီနေသည် ။
" ဒင်းးးး..."
သန်မာသော ချန်းဖေးက သံလက်ကောက်များ ဝတ်ထားသော လက်ဖြင့် ဝင်ရိုက်လျှင် ချောင်မူက လှံဖြင့် ကာလိုက်ရ၏ ။
' သန်လိုက်တာ..'
ချောင်မူက ဤအားကောင်းသော အစောင့်၏ အဆင့်ကို သိလိုက်သည် ။ သူ၏ သိုင်းအဆင့် သည် အဆင့် ၆ အစောပိုင်းတွင် ရှိနေပြီး ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို သုံးထားသဖြင့် ချန်ဖေးထက် အနည်းငယ် ခွန်အား သာနေ၏ ။ ချန်ဖေး၏ အဆင့် သည် အဆင့်၆ နောက်ပိုင်းတွင် ရှိနေနိုင်သည် ။
' အဆင့် ၆ တွေ ဒူးထောက်ပြီး ဝင်ရတာတောင် တံခါးစောင့်ပဲ ဖြစ်နိုင်တာလား.. '
ချောင်မူက လှံရှည်ကို ဝှေ့ယမ်းပြီး ရှေ့ဆက်တိုးလိုက်သည် ။
" မင်းဆက်မတိုးနဲ့.. "
ချန်ဖေးက မိုးကြိုးပစ်သံလို ကျယ်လောင်သည့် အသံဖြင့် အော်လိုက်ပြီး...
" ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း... "
ချန်ဖေးက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို သုံးလိုက်လျှင် ခွန်အားများ ပေါက်ကွဲထွက်လာပြီး သူ၏ အရှိန်အဝါက ချောင်မူထက် သာလွန်သွား၏ ။
သို့သော်လည်း ချောင်မူက ပြုံးလိုက်ပြီး...
" ငါတို့ ချောင်မိသားစုကို ရင်ဆိုင်ဖို့ ဒီသိုင်းကို သုံးချင်တာလား.. "
Chapter 96
~
အခန်း ၉၆
~
" ငါတို့ ချောင်မိသားစုကို ရင်ဆိုင်ဖို့ ဒီသိုင်းကို သုံးချင်တာလား.. "
" ဒီသိုင်းကိုသုံးတာ ပထမဆုံး အကြိမ်လား.. သိပ်ထိရောက်မှု မရှိဘူး.. "
ဤသည်ကို ကြားလျှင် ချန်ဖေး အံ့သြသွား၏ ။ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းသည် မိမိကိုယ်ကို ဖျက်ဆီးသော နည်းလမ်းဖြစ်သဖြင့် မည်သူက အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်မည်နည်း ။
ချန်ဖေးသည် အင်မော်တယ်များ အထင်ကြီးစေရန်အတွက်သာ အသုံးပြုလိုက်ခြင်းဖြစ်သည် ။ အရာအားလုံး ပုံအော၍ လောင်းရန် ဆုံးဖြတ်ထား၏ ။
ချန်ဖေးက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းကို အသုံးပြုလိုက်၍ ခွန်အား တိုးလာသော်လည်း ချောင်မူက နောက်မဆုတ်ဘဲ ရှေ့သို့သာ ဆက်တိုးလာသည် ။
သူက လှံရှည်ကို ဝှေ့ယမ်းလိုက်လျှင် ငွေရောင်အလင်းတန်းများ ပေါ်လာ၏ ။
" ဒင်း..ဒင်း..ဒင်း..ဒင်း.."
ချောင်မူက အသေခံတိုက်နေသဖြင့် ချန်ဖေး၏ လက်သီးချက်များက အဆက်မပြတ်ထိမှန်နေသည် ။
ပထမနှစ်ချက်အား သံချပ်ဝတ်သိုင်းကြောင့် ခုခံနိုင်စွမ်းရှိသေးသော်လည်း တတိယအချက်တွင် သံချပ်ဝတ် ပြိုကွဲသွား၏ ။ စတုတ္ထမြောက်လက်သီးချက်ကြောင့် ချောင်မူ၏ ဘယ်လက်ကျိုးသွားသည် ။ ပဥ္စမမြောက်လက်သီးချက်ကြောင့် ချောင်မူ၏ ဝမ်းဗိုက်တွင် လက်သီးရာတစ်ခုပေါ်လာပြီး အထဲသို့ ချိုင့်ဝင်သွားသဖြင့် ကြောက်စရာကောင်းလှ၏ ။
ချန်ဖေးက သူ့လည်ပင်းကို ဆုပ်ကိုင်ပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိသည် ။ လည်ပင်းမှ သွေးများ အဆက်မပြတ် စီးကျလာ၏ ။
ချန်ဖေးသည် သူနှင့်တိုက်ခိုက်နေသူသည် မည်သည့်အတွက်ကြောင့် လက်သီးချက်များကို တမင်ခံယူပြီး အသေခံတိုက်ခိုက်ခဲ့သည်ကို နားမလည်နိုင်ခဲ့ပေ ။ သူ၏ ခွန်အားသည် ပြိုင်ဘက်ထက် သာလွန်နေသော်လည်း မည်သည့်အတွက်ကြောင့် သူသေခဲ့ရပါသနည်း ။
ချောင်မူက အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်စွာပြောလိုက်၏ ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်းက ဒီလို သုံးရတာမဟုတ်ဘူး.. "
" နောက်ဘဝကျ ..မင်း မသေရဲရင် ဒီသိုင်းကို မသုံးနဲ့.. "
" ဘုတ်.."
ချန်ဖေး မြေပြင်ပေါ်သို့ လဲကျသွားသည် ။ သူ၏ မျက်လုံးများက မယုံကြည်နိုင်သော အကြည့်ဖြင့် ပွင့်နေဆဲပင် ။
ထို့နောက် ချောင်မူ အသက်ရှူရန် အချိန်မရလိုက် ။ မီးဘောလုံးတစ်လုံးက ဘေးမှ လျင်မြန်စွာလွင့်မျောလာပြီး သူ့ခန္ဓာကိုယ်ကို ဝါးမျိုသွား၏ ။
လူအုပ်နောက်ကွယ်မှ မင်ယွဲ့က အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည် ။ သူမ ဝင်ပါမှရတော့မည်ဟု ခံစားမိ၍ အဆင့်နိမ့် မီးလုံး အဆောင်တစ်ခုကို ပစ်လွှတ်လိုက်ခြင်းဖြစ်သည် ။
ချောင်မူက အလျင်အမြန် ရှောင်တိမ်းလိုက်သော်လည်း မမီလိုက် ။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား မီးဆွဲသွားသဖြင့် အင်္ကျီအား ဆွဲချွတ်လိုက်ရသည် ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာပြင်းထန်နေသဖြင့် အသက်ရှူရသည်ပင် မဝချင်တော့ပေ ။ သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သို့ နီးကပ်နေလေပြီ ။
" ဟမ့် နင်ဘယ်လောက် ရှောင်နိုင်မလဲ ကြည့်ရအောင်.. "
မင်ယွဲ့က မီးလုံး အဆောင်ဖြင့် ချောင်ပိုင်ဖူအား မသတ်နိုင်ခဲ့သည်ကို မြင်သော်လည်း စိုးရိမ်စိတ်မရှိ ။ သူမ တွင် အဆောင်များစွာ ရှိပေသည် ။ အဆင့်မြင့် အဆောင်များကို အသုံးပြုလျှင် ချောင်ပိုင်ဖူအား ချက်ချင်း သတ်နိုင်သော်လည်း သုံးရမည်ကို နှမြောနေ၏ ။ အဆင့်မြင့် အဆောင်များမှာ ကျင့်ကြံသူအချင်းချင်း တိုက်ခိုက်ရာ၌ အသုံးပြုရမည်ဖြစ်သည် ။
သူမ က အဆင့်နိမ့်အဆောင်များကို အဆက်မပြတ် အသုံးပြုလိုက်သည် ။
ပြင်းထန်သောလေပြင်းများ တိုက်ခတ်လာပြီး လေဓားများစွာ ထွက်ပေါ်လာကာ မြေပြင်တွင် ဓားရာများ ပေါ်ထွက်လာသည် ။ မီးလုံးများကလည်း တောက်ပစွာ ပေါ်ထွက်နေပြီး မီးပင်လယ် ဖြစ်လုနီးပါး ဖြစ်သွားသည် ။
သို့သော်လည်း ချောင်မူအား တစ်ခုမှ မထိ ။ အရိပ်ခြေလှမ်း အသုံးပြုပြီး ရှောင်းတိမ်းနိုင်ခဲ့၏ ။
အဝေးတွင် ကြည့်နေသော ယုံဟဲဧကရာဇ်နောက်တွင် ရပ်နေသော အစောင့်ချူး အနည်းငယ်တုန်လှုပ်သွားသည် ။
' ချောင်ပိုင်ဖူရဲ့ အာရုံခံစားမှုအရဆိုရင် ဝိညာဥ်သန့်စင်ပြီးတဲ့ သိုင်းပညာရှင်ဆိုတာ သေချာသလောက်ပဲ.. '
' ပြီးတော့ သူ့ဒဏ်ရာက ငါထင်ထားတာထက် ပိုပြင်းနေတာပဲ ..သူ့ဝိညာဥ်စွမ်းအားက ဝိညာဥ်သန့်စင်အဆင့်ထက် အများကြီးအားနည်းနေတယ်.. '
' ဆက်စောင့်ကြည့်ရမယ်.. ခုထိ သူ့ဝှက်ဖဲကို ထုတ်မသုံးရသေးဘူး.. '
ယုံဟဲဧကရာဇ်က အားသာချက်များနှင့် အားနည်းချက်များကို တွတ်ဆနေပြီး မျက်နှာတွင်မည်သည့်ခံစားချက်မှ ပေါ်မနေ ။
…………..
ချောင်မူက တဖြည်းဖြည်း မင်ယွဲ့အနားသို့ ပိုနီးလာလေသည် ။
တိုက်ပွဲမှ ရှုပ်ထွေးလှသဖြင့် မင်ယွဲ့၏ အဆောင်လက်ချက်ဖြင့် ဒဏ်ရာရသူ မနည်းလှချေ ။ ထို့ကြောင့် ပွဲကြည့်နေသော သာမန်လူများမှာ ထွက်ပြေးသွားကြပြီး ဂိတ်စောင့်များသည်လည်း အကွာအဝေးတစ်ခုအထိ နောက်ဆုတ်သွားကြသည် ။
သူမ နှင့် ချောင်မူ၏ ကြားတွင် မည်သူမှ မရှိတော့ပေ ။
မင်ယွဲ့က တဖြည်းဖြည်းနီးကပ်လာသော ချောင်ပိုင်ဖူကို ကြည့်ပြီး မျက်နှာပျက်လာသည် ။
' တောင်ပေါ်က စီနီယာအကိုတွေ ဘာလို့ မလှုပ်ရှားသေးတာလဲ.. ငါ့ကို ထိုင်ရယ်နေကြတာလား.. '
' သူတို့က ငါ့ထက် ကျင့်ကြံဆင့်မြင့်နေတာနဲ့ပဲ သူတို့ကိုသူတို့ သာလွန်တယ်ထင်နေကြတာ.. ဂိုဏ်းတူအချင်းချင်းတောင် ကူညီမယ်မရှိဘူး ..'
သူတော်စင်မ ဂူအောင်းနေသဖြင့် သူမအား ကူညီမည့်သူ မရှိသည်ကို မင်ယွဲ့ နားလည်သွားသည် ။ သူမကိုယ်သူမသာ အားကိုးရပေတော့မည် ။
မင်ယွဲ့က အဆင့်မြင့် အဆောင်တစ်ခုကို ထုတ်ယူလိုက်ပြီး ချက်ချင်း အသုံးပြုလိုက်သည် ။
" အရိုးစားလီမီးတောက်.. သွား.."
သူမက လက်ဟန်တစ်ခု ပြုလုပ်လိုက်လျှင် အဝါရောင်အဆောင်စာရွက်က လောင်ကျွမ်းသွားပြီး အနီးရှိလေထုက ပုံပျက်သွား၏ ။
လှံရှည်ဖြင့် ပြေးလာနေသော ချောင်မူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သိုင်းသူတော်စင်စိတ်ဝိညာဥ် ကျမ်းစာကြောင့် ရရှိထားသော အာရုံခံနိုင်စွမ်းက သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်မိပြီး မသိစိတ်ဖြင့် ခွန်အားများ ပေါက်ကွဲထွက်လာကာ ဘေးသို့ ရှောင်တိမ်းလိုက်၏ ။
ထိုအခိုက် အနီရောင် မီးလျှံများသည် ချောင်မူ၏ ဘေးမှ ဖြတ်သန်းသွားပြီး အဝေးမှ ကြည့်နေကြသော ဂိတ်စောင့် ငါးယောက်ခြောက်ယောက်ခန့်အား လောင်ကျွမ်းသွားသည် ။
" အားး.အား.အားးးး.."
အော်သံများမှာ ချက်ချင်းရပ်တန့်သွား၏ ။ သူတို့ ခန္ဓာကိုယ်သာမက အရိုးများပါ ချက်ချင်း ပြာဖြစ်သွားသည် ။ လေပြင်းတစ်ချက်ဝှေ့လိုက်သည့်အခိုက် ထိုသူများအားလုံး လေနှင့် လွင့်ပါသွားကြသည် ။
' လွတ်သွားလို့တော်သေး...ဟမ်...'
ချောင်မူသည် ညာဘက်လက်မှ ပူလောင်သော ဝေဒနါကို ခံစားမိလိုက်၏ ။ မီးလျံများက လှံရှည်အစွန်းကို ထိသွားပြီး လက်ဆီသို့ ချက်ချင်းကူးစက်လာသည် ။
ချောင်မူက လှံကို လွင့်ပစ်လိုက်ပြီး လက်ကို ခါယမ်းနေသော်လည်း မီးများက ငြိမ်းမသွား ။
" နင်သေပြီ.."
မင်ယွဲ့က တည်ငြိမ်စွာဖြင့် ...
" လီမီးတောက်နဲ့ ထိပြီးရင် အရိုးတွေ ပြာဖြစ်တဲ့အထိ လောင်ကျွမ်းသွားတော့မှာ ဘာနဲ့မှ ငြိမ်းမရဘူး.. ဒီနာကျင်မှုက လူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်.. "
' သေရတော့မှာလား.. '
' ငါ့ကို သတ်တဲ့သူတို မသတ်ရသေးပဲနဲ့ ငါဘာလို့ သေရမှာလဲ.. မီးငြိမ်းလို့ မရရင်လည်း လောင်လိုက်စမ်းပါ..'
ချောင်မူက ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကို အဆုံးစွန်အထိ ထုတ်သုံးလိုက်ရာ ချွေးပေါက်များမှ ရေစီးသကဲ့သို့ သွေးများ စီးကျလာ၏ ။ အတွင်းအားမြင့်တက်လာသည်နှင့် မီးတောက်အား အနည်းငယ် ဖိနှိပ်ထားနိုင်လိုက်သည် ။
သူ၏ ဘယ်လက်သည် ကျိုးနေသဖြင့် မီးလောင်နေသော ညာလက်ဖြင့်သာ ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ဓားသွားပေါ်ကို မီးတောက်က ပျံနှံ့သွားသဖြင့် အတွင်းအားဖြင့် မနဲဖိနှိပ်ထားရသည် ။
နာကျင်မှုသည် ရူးသွပ်သွားစေသည်လော ။ သူဤလောကသို့ စရောက်စဥ်ကပင် သေနည်းမျိုးစုံ စမ်းသပ်ခဲ့သဖြင့် နာကျင်မှုဟူသည်က သူ့အတွက် စာမဖွဲ့နိုင်တော့ချေ ။
ချောင်မူက မင်ယွဲ့ကို နီရဲနေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး...
" လူတွေကို မြက်ရိတ်သလို သတ်တဲ့ ဘယ်သူမဆို ..အင်မော်တယ် ဖြစ်နေရင်တောင် ပြန်ပေးဆပ်ရမယ်.. "
" မဟာယန်ရဲ့ ဥပဒေက မလုပ်နိုင်ရင် ငါကိုယ်တိုင် အရေးယူမယ်.. မဟာယန်ဧကရာဇ်က လူတွေကို ကာကွယ်မပေးနိုင်ရင် ငါကာကွယ်ပေးမယ်ကွ.."
ချောင်မူက လက်ကျန်ခွန်အားဖြင့် မြားတစ်စင်းသဖွယ် ခုန်ထွက်လိုက်လျှင် ကျောက်တုံးပြာများ အက်ကွဲသွား၏ ။
သူ၏ ညာလက်နှင့် ဓားရှည်သည် မီးလျှံများဖြင့် ဖုံးလွှမ်းနေပြီး နီရဲနေသော အလင်းတန်းက သူလာရာလမ်းတစ်လျှောက် အမြီးတစ်ခုလို ကျန်ရစ်ခဲ့သည် ။
" ချောင်မိသားစုက ချောင်ပိုင်ဖူ.. မသေမျိုးကို ကွက်မျက်မယ်ကွ..."
ချောင်မူ ၏ အရိပ်က မှုန်ဝါးဝါး ဖြတ်သန်းသွားပြီး အနီရောင်စက်ဝိုင်းတစ်ခုကိုသာ ယောင်ဝါးဝါး မြင်လိုက်ကြရ၏ ။
ကျင့်ကြံသူ မင်ယွဲ့က တောင့်တင်းစွာ ရပ်ကျန်ခဲ့သည် ။ သူမ၏ လည်ပင်းတွင် သွေးစီးကြောင်းတစ်ခုပေါ်လာပြီး ခေါင်းပြုတ်ကျသွား၏ ။ အနီရောင်မီးတောက်က ချက်ချင်းတောက်လောင်လာကာ ပြာဖြစ်သွားသည် ။
ရွှမ်ထျန်းဂိုဏ်း၏ ကျင့်ကြံသူ မင်ယွဲ့သည် ယခုအချိန်တွင် ပြာပုံ ဖြစ်သွားလေပြီ ။
" ဖုန်း.."
ချောင်မူက မြေပေါ်သို့ ပြုတ်ကျပြီး နှစ်ပတ်သုံးပတ် လိမ့်သွား၏ ။ သူ့လက်ထဲတွင် မီးတောက်ကြောင့် ပုံပျက်သည်အထိ တွန့်လိန်နေသော ဓားကို လွင့်ပစ်လိုက်သည် ။ မီးတောက်က သူ၏ ညာဘက်လက်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အတွင်းအားဖြင့် ဖိနှိပ်ထားသည်က မတည်ငြိမ်တော့ချေ ။
သို့ရာတွင် ချောင်မူက ဂရုမစိုက် ။ မင်ယွဲ့အား သတ်နိုင်လိုက်သဖြင့် သူသေရန် အချိန်တန်လေပြီ ။
ချောင်မူက မနည်းအားတင်းပြီး ထလိုက်ကာ မင်ယွဲ့၏ ပြာပုံနားအထိ လျှောက်သွားသည် ။ သူက အဝေးမှ ကြည့်နေသော လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကိုယ်ကို မတ်မတ်ထားကာ...
" ချောင်မိသားစုရဲ့ဆောင်ပုဒ်ကတော့ ကမ္ဘာကြီးအန္တရာယ်ကျရောက်နေချိန်မှာ ငါတို့ အားလုံးမှာတာဝန်ရှိတယ်.."
" ကျုပ်က သာမန်လူတစ်ယောက်ပါ.. အရာရှိလည်းမဟုတ်သလို..ချမ်းသာတဲ့သူလည်း မဟုတ်ပါဘူး.. ဒီနေ့ ကျုပ်သေသွားရင်တောင် ကမ္ဘာပေါ်မှာ တရားမျှတမှုတွေ ရှိနေပါစေလို့ပဲ မျှော်လင့်တယ်.."
ချောင်မူက အသက်ပြင်းပြင်းရှုလိုက်ပြီး လဲကျတော့မလို ဖြစ်သွား၏ ။ သူ့ခန္ဓာကိုယ်အား မထိန်းချုပ်နိုင်တော့ပေ ။ သူ တခြားသူများ ရှေ့တွင် ကြွားရသည်ကို နှစ်သက်သော်လည်း ထိုသူများ၏ အံ့သြနေသောမျက်နှာကို ကြည့်ရန် အင်အားမရှိတော့ ။ သူ၏ အမြင်များ မှုန်ဝါးနေလေပြီ ။
' နှမျောစရာပဲ.. '
ချောင်မူအား ကြည့်နေကြသော အစောင့်များသည် အနားသို့ မကပ်ရဲပေ ။ လူသားမီးရှူးတိုင်လို ဖြစ်နေ၍ ထိမိသူတိုင်း သေရမည်ဖြစ်သည် ။
ချောင်မူ၏ က အားတင်းပြီးရွှမ်ထျန်းဘုရားကျောင်း၏ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည် ။
သာမန်လူတစ်ယောက် ဒေါသထွက်လျှင် ခြေလှမ်းငါးလှမ်းအတွင်း သွေးကြောင်းစီးသွားနိုင်ပြီး အင်မော်တယ်များကိုပင် ဓားတစ်ချောင်းဖြင့် ရင်ဆိုင်ဝံ့၏ ။
( ဂိတ်စောင့်တွေ ချက်ချင်းသေတာက သိုင်းအဆင့်နိမ့်တဲ့ သူတွေ ဖြစ်နေလို့နဲ့ မင်ယွဲ့ ချက်ချင်းပြာကျသွားတာက သေသွားလို့ပါ.. အတွင်းအား ကောင်းတဲ့သူတွေက လီမီးတောက်ကို မငြိမ်းနိုင်ပေမဲ့ ကြာကြာဖိနိုပ်ထားလို့ ရပါတယ်ဗျ.. )