အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
Chapter 99
~
အခန်း ၉၉
~
လွန်ခဲ့သောဆယ့်ငါးမိနစ်...
ရုံးတော်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ညစောင့်သည် မျက်လုံးများ ပွတ်သပ်ရင်း နေထွက်လာသည်ကို ကြည့်နေ၏ ။ သူက စိတ်အနှောက်အယှက်ဖြစ်စွာဖြင့် တီးတိုးရေရွတ်နေသည် ။
" နောက်လူက ဘာလို့မလာသေးတာလဲ နေတောင်ထွက်နေပြီ..."
သူ အလုပ်လုပ်ရသည်ကို ပျင်းရိ၍ မဟုတ်ပေ ။ ခေါင်းဆောင်ချောင်ပေးအပ်ခဲ့သော တာဝန်အား မြန်မြန်ပြီးချင်နေ၏ ။ နောက်အဆိုင်းကျသည့်သူ ရောက်လာလျှင် ရှန်းချင်းဟယ်၏ အိမ်သို့ ပြေးရန် စဥ်းစားနေသည် ။
ဤအလုပ်အတွက် ငွေစရသည်ထက် သူ ချောင်ပိုင်ဖူနဲ့ ပို၍ ရင်းနှီးချင်ပေသည် ။ ချောင်ပိုင်ဖူကဲ့သို့ နောက်ခံကောင်းသူ၏ ပေါင်ကို ဖက်ထားနိုင်ပါမူ ဘဝတစ်လျှောက်လုံး အဆင်ပြေနေပေတော့မည် ။
သူစဥ်းစားနေစဥ်မှာပင် အရာရှိဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရုံးတော်တံခါးသို့ ဝင်လာ၏ ။ ထိုသူက ရှန်ချင်းဟယ်ပင် ။
" ရှန်သခင်ကြီးက အလုပ်ကြိုးစားလိုက်တာ.. "
လူဆိုးထိန်းသည် အစပိုင်းတွင် အံ့သြနေသော်လည်း ချောင်မူပေးခဲ့သော အထုတ်ကို သတိရသွားပြီး...
" သခင်ကြီး.. ဒါ လူဆိုးထိန်းခေါင်းဆောင် ချောင်ပိုင်ဖူက သခင်ကြီးဆီကို ပို့ပေးခိုင်းတဲ့ အထုတ်ပါခင်ဗျ.. "
" အင်း.."
ရှန်းချင်းဟယ်က အထုတ်ကို ယူလိုက်ပြီး အိတ်ထဲမှ ပစ္စည်းများကို ထုတ်ကြည့်လိုက်ရာ အမွေးအချို့နှင့် အမှုတွဲကို တွေ့လိုက်ရသည် ။
' ဝိညာဥ်ဖမ်းသားရဲ အမှုမှာ ဘာတိုးတက်မှုရှိလို့ ညစောင့်ဆီကို ပေးခိုင်းလိုက်တာလဲ ဘာအရေးကြီးလို့လဲ.. '
' ဟမ်.. ဒါ ချန်ယင်းရွှယ်ရဲ့ လက်ရေးပဲ.. '
ရှန်းချင်ဟယ်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရုံးတော်ထဲသို့ ဆက်ဝင်သွားသည် ။
သူ ဆက်ဖတ်ရင်း မျက်နှာအမူအရာ ပို၍ လေးနက်လာ၏ ။
' ဒီအမှုမှာ အင်မော်တယ်ဂိတ်က ကျင့်ကြံသူတစ်ယောက် ပါနေတာလား..'
သူက ခြေလှမ်းအရှိန်မြှင့်လိုက်ပြီး အစည်းအဝေးခန်းမသို့ တန်းသွားလိုက်၏ ။ အခြေအနေက ရှုပ်ထွေးနေသဖြင့် တပ်ချုပ်ချန်နှင့် ချောင်ပိုင်ဖူကို ခေါ်ဆိုပြီး မျက်နှာချင်းဆိုင် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည် ။
ရှန်းချင်းဟယ် သည် ရုံးခန်းအတွင်းသို့ တံခါးဖွင့် ဝင်လိုက်သည် နှင့် အံ့သြသွား၏ ။
တပ်ချုပ် ချန်ယင်းရွှယ်သည် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားပြီး ခုံရှည်ပေါ်တွင် လှဲအိပ်နေ၏ ။ သူ ချန်ယင်းရွှယ်အကြောင်း ကောင်းကောင်းသိသဖြင့် ပုံမှန်မဟုတ်သည်ကို သတိထားမိလိုက်သည် ။
" တပ်ချုပ်ချန်..."
ရှန်ချင်းဟယ်က လှုပ်နှိုးလိုက်ပြီး...
" ဘာလို့ ဒီမှာ အိပ်နေတာလဲ.. "
ချန်ယင်းရွှယ်က ဇဝေဇဝါဖြင့် မျက်လုံးဖွင့်ကြည့်လိုက်၏ ။ ထို့နောက် သူမ၏ အမူအရာမှာ ပြောင်းလဲသွားပြီး အဝတ်အစားများကို စစ်ဆေးကြည့်ပြီးမှ သက်ပြင်းချနိုင်တော့သည် ။
မနေ့ညက အကြောင်းကို သူမ စဥ်းစားမိပြီး အံကြိတ်ကာ...
" ဆရာရှန်.. မနေ့ညက ကျွန်မနဲ့ ချောင်ပိုင်ဖူ အမှုအကြောင်းဆွေးနွေးနေတုန်း ချောင်ပိုင်ဖူက ကျွန်မသတိမထားမိတာကို အခွင့်ကောင်းယူပြီး အလစ်တိုက်သွားတယ်.. "
" သူက ရုံးခန်းထဲမှာတောင် လုပ်ဖော်ကိုင်ဖက်ကို ရိုက်ရဲတယ် သတ္တိတော်တော်ရှိနေတာပဲ.. "
ချန်ယင်းရွှယ်က ထိုစကားပြောပြီး အမှုတွဲအား ရှာကြည့်ရာ အမှုတွဲ မရှိတော့ချေ ။
" ချောင်ပိုင်ဖူက အမှုတွဲကိုယူပြီး သက်သေတွေကို ဖျောက်ဖျက်ပစ်ပုံရတယ်.. ဒီလူက တကယ်..."
သူမ စကားမဆုံးလိုက် ။ ရှန်ချင်းဟယ်က အမှုတွဲတစ်ခုကို ကိုင်ပြီး လှုပ်ယမ်းပြနေသည်ကို မြင်လိုက်ရ၏ ။
" မင်း ပြောတာ ဒါတွေလား.."
ချန်ယင်းရွှယ် အံ့အားသင့်သွားသည် ။
" ဒါတွေက ဘယ်လိုလုပ်ပြီး ဆရာရှန်ရဲ့ လက်ထဲကို ရောက်နေတာလဲ.. "
အမှုမှာ အဆင့်ဆင့် တင်ပြရ၍ ပုံမှန်အတိုင်း အစီရင်ခံလျှင် ရှန်းချင်းဟယ်၏ လက်ထဲသို့ ရောက်ရန် တစ်ရက်နှစ်ရက် ကြာတက်ပေသည် ။
" ချောင်ပိုင်ဖူက အစောင့်တစ်ယောက်ကို ပေးခိုင်းထားတာလေ..နေပါအုံး ချောင်ပိုင်ဖူ ဘယ်မှာလဲ.. "
ရှန်ချင်းဟယ် ပြဿနာကို သဘောပေါက်သွား၏ ။
' သူဘာလို့ အမှုတွဲကို လုယူပြီး ငါ့ဆီ ပို့ခိုင်းလိုက်တာလဲ.. ဒီအတိုင်းလဲ ရောက်လာမှာပဲကို.. ဒါမှမဟုတ် ကျားမကို ရိုက်ချင်လို့ သပ်သပ်မဲ့ ရိုက်သွားတာလား.. "
သူတို့နှစ်ယောက် ရုံးခန်းထဲမှ ထွက်လာပြီး မနေ့ညက အခြေအနေအကြောင်းကို အစောင့်အား မေးကြည့်ပြီး ပို၍ ခေါင်းရှုပ်သွားသည် ။
" ဘာပဲဖြစ်ဖြစ် ချောင်ပိုင်ဖူကို အရင်ရှာရအောင်.. သူ့ကိုရှာတွေ့ရင် အကုန်ရှင်းသွားလိမ့်မယ်.. "
ရှန်ချင်းဟယ်က ချောင်ပိုင်ဖူ မည်သို့ ကြံစည်နေသည်ကို ဆက်မတွေးချင်တော့ပေ ။ ဤလူ၏ လုပ်ရပ်များက အတော်လေး ရှုပ်ထွေးနေ၏ ။ ဟဲရန်မြို့တွင် ခေါင်းမာသည်ဟု နာမည်ကြီးသော သူ့ကိုပင် ခေါင်းရှုပ်အောင် လုပ်နိုင်ပေသည် ။
" မြို့အနောက်ဘက်က သူငှားနေတဲ့ အိမ်ကို သွားရှာမယ်.. "
ရှန်ချင်းဟယ်က ပြောလိုက်သည် ။
" မဟုတ်ဘူး.. ရှန်သခင်ကြီး.. "
ချန်ယင်းရွှယ်က ရုတ်တရက် ပြောလိုက်သည် ။
" ကျွန်မ အထင်တော့ မြို့မြောက်ဘက်ကို သွားရင် သူ့ကို တွေ့နိုင်မယ်ထင်တယ်.. "
မနေ့ညက ချောင်ပိုင်ဖူ၏ ထူးဆန်းသော အပြုအမူများမှာ သူမ၏ စိတ်ထဲတွင် ပြန်ပေါ်လာသည် ။
ယခု စဥ်းစားကြည့်သောအခါမှ ချောင်ပိုင်ဖူ၏ ပြောင်းလဲမှုက ရုတ်ချည်းဆန်လွန်းလှသည် ။ မည်သည်ကိုမှ မကြောက်သူတစ်ယောက်က ခေါင်းငုံ့တက်သော အရာရှိအဖြစ် ပြောင်းလဲသွားခဲ့သည် ။ သူမ နှလုံးသားထဲမှ အလွန်ရဲရင့်သော အတွေးတစ်ခုကို တွေးမိလိုက်၏ ။ ဤခန့်မှန်းချက်သည် မဖြစ်နိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ဖြစ်နေပါမူ....
ချန်ယင်းရွှယ်၏ နှလုံးခုန်နှုန်း မြန်လာပြီး စိတ်လှုပ်ရှားသွားသည် ။
" မြို့မြောက်ဘက်လား .."
ရှန်ချင်းဟယ်က သတိမထားမိသေးပေ ။
" မြို့မြောက်ဘက်... ရွှမ်..ထျန်း..ဘုရား..ကျောင်း.."
ချန်ယင်းရွှယ်က တစ်လုံးချင်းစီ ပြောလိုက်သည် ။
ရှန်းချင်ဟယ် သဘောပေါက်သွားပြီး သူ့အကြည့်များ စူးရှသွား၏ ။
" ဒါဆို မြို့မြောက်ဘက်ကို သွားကြမယ်.. "
အဆင့် ၇ တရားသူကြီးသည် တပ်ချုပ်ချန်ထက်ပင် ပိုမိုမြန်ဆန်စွာ မြင်းပေါ်သို့ ရောက်သွား၏ ။ နှစ်ယောက်သား မြင်းတစ်ကောင်စီ စီး၍ ဒုန်းစိုင်းပြီး ထွက်လာခဲ့ကြသည် ။
သူတို့နှစ်ယောက် ရွှမ်ထျန်း ဘုရားကျောင်းအနီးသို့ ရောက်သောအခါ မမျှော်လင့်ထားသော မြင်ကွင်းက ကြိုဆိုနေလေသည် ။
လမ်းမကျယ်ကြီး တစ်ခုလုံး လူများ ပြည့်ကျပ်နေပြီး တစ်စုံတစ်ခုကို လက်ညိုးထိုးကာ ဆွေးနွေးနေကြသည် ။
ရွှမ်ထျန်းဘုရားကျောင်း၏ ဝင်ပေါက်တွင်မူ ပြင်းထန်စွာ မီးလောင်ကျွမ်းနေသော အရာဝတ္ထု တစ်ခုရှိနေပေသည် ။
လေထဲတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်က မီးလောင်ကျွမ်းနေသော အရာကို တိတ်တဆိတ်စောင့်ကြည့်နေ၏ ။
မီးပုံနှင့် ပိုနီးသော နေရာတွင် ဘုရားကျောင်းဂိတ်စောင့်များသည် ရှုပ်ထွေးသော အမူအရာဖြင့် ရပ်နေကြသော်လည်း မည်သူမှ စကားမပြောကြ ။
" ဒီနေ့ ဆယ့်ငါးရက်နေ့ ဆိုပေမဲ့ ဒီလောက် လူမများသင့်ဘူးမှတ်လား.. "
" ရွှမ်ထျန်း ဘုရားကျောင်းဝင်ပေါက်မှာ စက္ကူရုပ် တွေ မီးရှိ့တာကို ဘယ်အချိန်ကတည်းက စပြီး လုပ်နေတာလဲ..ဒီလို အစဥ်အလာ ရှိတာကို ငါမသိပါလား.. "
ရှန်ချင်းဟယ်နှင့် ချန်ယင်းရွှယ်တို့သည် မီးထဲမှ အရာဝတ္ထုကို မှုန်ဝါးဝါးသာ မြင်ရသဖြင့် ရိုးရာဓလေ့တွင် သုံးလေ့ရှိသော စက္ကူရုပ်ကို မီးရှို့နေသည်ဟု ထင်လိုက်ကြ၏ ။
( ဆယ်ငါးရက်နေ့ဆိုတာ လပြည့်လကွယ်ကို ပြောတာဗျ..)
Chapter 100
~
အခန်း ၁၀၀
~
ဘုရားကျောင်း၏ ဘေးလမ်းကြားတွင်မူ ရှုပ်ထွေးနေသည် ။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများ ၊ ကျိုးပဲ့နေသော အင်မော်တယ်ရွှန်ထျန်းရုပ်ထုနှင့်အတူ ပူဇော်ပစ္စည်းများ ၊ တောင်ပံပါသော ဧရာမကျားကြီးတစ်ကောင်၏ အလောင်း ...
ရှန်ချင်းဟယ် ရင်တစ်ချက်ခုန်သွားပြီး သက်သေအမွေးကို ထုတ်ယူကြည့်လိုက်သည် ။ သူ၏ လက်ချောင်းများ တုန်ရီလာ၏ ။
" ဆရာရှန်.."
ချန်ယင်းရွှယ်က ရှန်ချင်းဟယ်ကို လက်တို့ပြီး လမ်းမပေါ်ရှိ အဝတ်အချို့ကို လက်ညိုးထိုးပြလိုက်သည် ။
ထိုသည်က ညစ်ပေနေသည့် လူဆိုးထိန်းဝတ်ရုံတစ်ခု ။ လမ်းမပေါ်တွင် ဒီအတိုင်းပစ်ထား၏ ။
" ချောင်..ပိုင်..ဖူ.."
ရှန်းချင်ဟယ် ၏ စိတ်ခံစားချက် မကောင်းတော့ပေ ။
ချန်ယင်းရွှယ်က လူအုပ်အတွင်း ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏ ။
" လက်ထောက်ချန်.. "
သူမက အမြန်ပြေးသွားပြီး မေးခွန်းများ တရစပ် မေးလိုက်သည် ။
" မျက်လုံးပြာကျားပျံက ဘာဖြစ်သွားတာလဲ.. ခေါင်းဆောင်ချောင်ရော.. ခေါင်းဆောင်ချောင် ဘယ်မှာလဲ.. လမ်းမပေါ်က လူဆိုးထိန်းဝတ်စုံက ခေါင်းဆောင်ချောင်ရဲ့ ဝတ်စုံလား.. "
ချန်ချန်က မကြားသည့်အသွင်ဖြင့် မီးလောင်နေသည်ကိုသာ စိုက်ကြည့်နေသည် ။
ချန်ယင်းရွှယ်က သုံးကြိမ်မြောက် မေးသောအခါမှသာ ဒေါသတကြီး လှည့်ကြည့်လိုက်သည် ။ ချန်ချန်၏ မျက်လုံးများက အသက်မဲ့နေလေသည် ။
" ခေါင်းဆောင်ချောင်လား.. "
ချန်ချန်က မဲ့ပြုံး ပြုံးလိုက်ပြီး ဘုရားကျောင်းဝင်ပေါက်သို့ မေးငေါ့ပြကာ..
" ခေါင်းဆောင်ချောင် ဒီနေ့ အမွှေးတိုင်ထွန်းဖို့ လာတယ်လေ.."
" ဒါပေမဲ့ သူထွန်းတဲ့ အမွှေးတိုင်က အနံ့ပြင်းလွန်းတော့ ဘယ်သူ သည်းခံနိုင်မှာလဲ.. "
" ဘာတွေ လျှောက်ပြောနေတာလဲ.. ကျွန်မမေးတာက ခေါင်းဆောင်ချောင် ဘယ်မှာလဲလို့.. "
ချန်ယင်းရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်လာသဖြင့် အသံအနည်းငယ် ပိုကျယ်သွား၏ ။
" ဟုတ်တယ်လေ.. သူ ဘုရားကျောင်း ဝင်ပေါက်မှာ ရှိနေတုန်းပဲ.. "
ချန်ချန်၏ အကြည့်က အသက်မဲ့နေဆဲပင် ။
ချန်ယင်းရွှယ်၏ မျက်ခုံးက ထိလုမတက် တွန့်ကွေးသွား၏ ။ သူမ ဆက်မေးရန် ပြင်လိုက်စဥ် ပတ်ဝန်းကျင်မှ ဆွေးနွေးနေကြသော အသံများကို ကြားလိုက်ရသည် ။
" လဲသွားပြီ.. လဲသွားပြီ..."
" ဟားဟားဟား.. အကြာကြီး မတ်တပ်လောင်နေတာပဲ.. "
တစ်စုံတစ်ယောက်က ချီးကျူးလိုက်၏ ။
" ဘာလို့ ရယ်နေတာလဲ.. မင်း လူမဟုတ်ဘူးလား.. "
တစ်ယောက်က မကျေမနပ် ဝင်ပြောသည် ။
" ဒါပေမဲ့ သူက အင်မော်တယ်တွေကို စော်ကားတာလေ.."
ချန်ယင်းရွှယ်နှင့် ရှန်းချင်ဟယ်တို့ ဘုရားကျောင်း ဝင်ပေါက်သို့ သေချာကြည့်လိုက်မိကြ၏ ။ မီးလောင်နေသော အရာမှာ လူပုံစံ အရိပ် ပေါ်လွင်နေသည် ။
ထိုအရာက လဲကျသွားသဖြင့် မီးလျှံများက အနည်းငယ် တုန်ခါသွားသည် ။
အချိန်ကြာမြင့်စွာ လောင်ကျွမ်းခဲ့သော မီးရှူးတိုင်သည် လဲကျသွားလေပြီ ။ တောက်လောင်နေသော မီးလျှံများက အရှိန်ပိုပြင်းလာသည် ။
ရွှမ်ထျန်းဘုရားကျောင်း၏ အဓိက ခန်းမရှိ ပလ္လင်ပေါ်မှ အင်မော်တယ် ရုပ်ထုများသည် မြင့်မြတ်သော ဟန်ပန်ဖြင့် ဂရုဏာကြီးမားပုံ ပေါက်နေပြီး ဖုံးလွှမ်းနေသော အမွှေးတိုင် မီးခိုးငွေ့များကြားမှ ဝင်ပေါက်တွင် လောက်ကျွမ်းနေသော မီးရှူးတိုင်ကို စိုက်ကြည့်နေကြသည် ။
မီးလျှံက တစ်ဖြည်းဖြည်း အရှိန်သေလာပြီး မီးကြွင်းမီးကျန်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည် ။
သူတော်စင်မသည် ဓားပျံပေါ်တွင် စီးနင်းရင်း လေပေါ်တွင် ရပ်နေ၏ ။
တောက်ပသော အလင်းတန်းတစ်ခုပေါ်လာပြီး ကျားပျံကြီး၏ အလောင်းကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည် ။ ထို့နောက် သူမက ရွှမ်တျန်းဘုရားကျောင်း အနောက်ဘက်ရှိ တောင်ပေါ်သို့ ပျံသန်း သွားတော့သည် ။
ဂိတ်စောင့်များသည် လူအုပ်အား စတင်၍ မောင်းထုတ်လိုက်ကြ၏ ။
" ရာဇဝတ်ကောင် ချောင်ပိုင်ဖူက အင်မော်တယ်ဂိတ်ကို ကျူးကျော်ပြီး လူသတ်မှု ကျူးလွန်ခဲ့တယ် ..သူ့အပြစ်ကို ခွင့်လွှတ်လို့ မရလို့ သူတော်စင်မ ကိုယ်တိုင် သန့်ရှင်းသော မီးနဲ့ အပြစ်ပေးခဲ့ပြီး ပြန်လည်ဝင်စားခွင့် မရှိတော့ဘူး.. "
" ရာဇဝတ်ကောင်....... "
လူအုပ်ကြီးသည် ပြီးဆုံးသွားပြီဖြစ်၍ တဖြည်းဖြည်း ပြန့်ကျဲသွားတော့၏ ။
ချန်းယင်းရွှယ်က နေရာတွင်ပင် ရပ်နေပြီး သူမ၏ ဘေးတွင် ချန်ချန်က ဖြစ်ပျက်ခဲ့သမျှကို အကြောင်းစုံ ပြန်ပြောပြနေသည် ။
သူမသည် ပြာမှုန့်များကို ငေးကြည့်ရင်း အတွေးထဲတွင် ပျောက်ဆုံးသွား၏ ။
အတိတ်မှ အမှတ်တရများမှာ သူမ၏ အတွေးထဲတွင် ပုံရိပ်အဖြစ် တစ်ခုပြီးတစ်ခု ပေါ်လာ၏ ။
ပေါ့ပေါ့ပါးပါးသာ နေတက်သော လူဆိုးထိန်း တစ်ယောက်သည် ရုံးတော်သို့ ရောက်လာသော်လည်း အခြားလူဆိုးထိန်းများနှင့် နီးနီကပ်ကပ် နေလိုဟန်မရှိ ။
သူ ကောင်းမွန်သည့် အရာတစ်ခုလုပ်ပြီးတိုင်း ထူးဆန်းသော အရာများကိုသာ ပြောလေ့ရှိ၏ ။
ယခုအချိန် ပြန်တွေးကြည့်ပါလျှင် အပေါင်းအဖော်များ မရှိရန် တမင်ရှောင်ဖယ်နေပုံ ရလေသည် ။
နောက်ဆုံးတွင် သူမကိုယ်တိုင် လေးစားမိ၍ အမှုအား တိုင်ပင်ဆွေးနွေး ခဲ့သော်လည်း ထိုသူ၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲ သွားကာ သူမအား သတိလစ်အောင်ရိုက်ခဲ့သည် ။
ထို့နောက် ထိုသူသည် ရဲရင့်စွာဖြင့် ရွှမ်ထျန်းဂိုဏ်းထဲသို့ တစ်ယောက်တည်း ဝင်ရောက်ကာ တရားခံကို ကိုယ်တိုင် ခေါင်းဖြတ်ကွက်မျက်ခဲ့၏ ။
နောက်ဆုံးတွင်တော့ ထိုသူ သေဆုံးသွားပြီး သူ၏ ချီနှင့် သွေးများမှာ လီမီးတောက်အား ထွန်းညှိရန် လောင်စာဖြစ်လာခဲ့သည် ။
သူမနှင့် ပထမဆုံး တွေ့ဆုံစဥ်က ထိုသူ ချောင်ပိုင်ဖူ ပြောခဲ့သော ထူးဆန်းသည့် စကားများကို သတိရမိသေး၏ ။
" မိန်းကလေး.. ကျုပ်အကြောင်း မစပ်စု ချင်ပါနဲ့.. စပ်စုချင်စိတ်က ပြဿနာကို လက်ယက်ခေါ်တက်တယ်.. "
" ကျုပ်ဦးလေးနဲ့ အတူ စျေးထဲမှာ ငါးရောင်းရင်း ငါးသတ်လာတာ ဆယ်နှစ်တောင်.. ကျုပ်နှလုံးသားက အေးခဲနေပါပြီ လာမဆွပါနဲ့တော့.. "
သူမ ထိုစကားများကို ပြန်တွေးကြည့်လျှင် ယခုအချိန်တွင် ကွဲပြားသည့် ခံစားချက်ကို ခံစားမိသွားသည် ။ ဤသည်က ယောကျ်ားနှင့် မိန်းမကြားရှိ အချစ်မဟုတ် ။
အမှန်တကယ်တွင် ချောင်ပိုင်ဖူ ဆိုသည်က အသက်လေးဆယ်အရွယ် သာမန်လူတစ်သာဖြစ်သည် ။ တခြားသက်လတ်ပိုင်းအရွယ် လူတစ်ယောက်က အဆီပြန်နေသည့် မျက်နှာဖြင့်ပြောလျှင် ရွံ့စရာကောင်းနေပေမည် ။
ယခုအခါတွင်မူ သူမ၏ နှလုံးသား အတွင်းမှပင် နက်နက်ရှိုင်းရှိုင်း လေးစားမှုကို ခံစားမိနေသည် ။
' သူ့မှာ လူငယ်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိနဲ့ စိတ်ဓာတ်ရှိပြီး လူငယ်ဆန်တဲ့ တက်ကြွမှုအပြည့်ရှိတယ်.. ဒါပေမယ့် သူ့ရဲ့ ပေါ့ပေါ့ နေတက်တဲ့ စရိုက်က ဟန်ဆောင်ထားတာပဲ... တကယ်တော့ သူက နူးညံ့သိမ်မွေ့ပြီး ဂရုတစိုက်တွေးခေါ်တတ်သူပါ...'
' ကမ္ဘာပေါ်မှာ တကယ်ကို ရှားပါးပြီး ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ '
လူငယ်များသည် မွေးကာစ နွားများသဖွယ် စိတ်အားသန်ပြီး စိတ်ထင်ရာစိုင်းတက်ကြ၏ ။
သက်လတ်ပိုင်းအရွယ်တွင်မူ လောကဓံ၏ ရိုက်နှက်မှုကို ခံဖူးကြသဖြင့် တည်ငြိမ်စွာ စဥ်းစားတွေးခေါ်တက်လာကြသည် ။
ချန်ယင်းရွှယ်သည် လေးစားအားကျမိသော်လည်း သူမ၏ နှလုံးသားထဲမှပင် ဝမ်းနည်းမှုကို ခံစားနေမိသည် ။ ယခုတော့ ဤသို့သော ကြီးကျယ်မြင့်မြတ်သည့် ပုဂ္ဂိုလ်သည်ကား ကွယ်လွန်သွားလေပြီ ။
သူမနှင့် ရှန်ချင်းဟယ်တို့ အတူတူပြေးလာခဲ့ကြသော်လည်း ချောင်ပိုင်ဖူအား နောက်ဆုံးအကြိမ်အဖြစ် မျက်နှာလေးပင် မြင်ခွင့်မရလိုက် ။ တဖြည်းဖြည်း ပြာအဖြစ် ပြောင်းလဲနေသော သက်မဲ့ခန္ဓာကိုယ်ကိုသာ မြင်နေရသည် ။
ပုံပြောသူ အစိမ်းရောင်ဓားသမား ကျန်းချန်သည် လူအုပ်ကြားထဲတွင် ဆွေးနွေးနေသည်များကို နားထောင်ရင်း လက်သီးတင်းတင်းဆုပ်ထားရာမှ လက်သည်းစိုက်ဝင်သွားသဖြင့် သွေးများစီးကျလာလေ၏ ။
သူ ဟဲရန်မြို့တွင် ချောင်သားအဖ၏ သူရဲကောင်းဆန်ပုံများကို ပုံပြောနေရင်း လူဆိုးထိန်းများ အာရုံစိုက်သည်ကို ခံနေရသဖြင့် ရှောင်တိမ်းရင်း ဆူညံနေသော လူအုပ်ကြီးကို မြင်သဖြင့် ဝင်စပ်စုမိခြင်းဖြစ်သည် ။
' ချောင်ပိုင်ဖူ.. '
' ဒီကမ္ဘာကြီးက ဘယ်လိုအခြေအနေမျိုး ရောက်နေနေ ပုခုံးထမ်းထားဖို့က လူသားတွေရဲ့ တာဝန်ပဲတဲ့.. '
' သူတို့ ချောင်မိသားစုတွေအားလုံးက အတူတူပဲ.. '
ထိုအချိန်တွင် လေပြေတစ်ချက် တိုက်ခတ်သွားပြီး ပြာအကြွင်းအကျန်များသည် လေနှင့်အတူ လွင့်ပါသွားကာ လောကကြီးနှင့် ပေါင်းစပ်သွား၏ ။
သို့သော်လည်း လောင်ကျွမ်းခဲ့ဖူးသော အမွှေးတိုင်သည် အမှန်တကယ်ပင် တည်ရှိခဲ့ဖူးလေသည် ။
ထိုအမွှေးတိုင်အား သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ဖြင့် ပြုလုပ်ထား၏ ။
သာမန်လူတစ်ယောက်သည် သူ၏ ခန္ဓာကိုယ်ကို မီးရှို့ပြီး အင်မော်တယ်များနှင့် ကောင်းကင်ဘုံကို ဖီဆန်ရဲကြောင်း သက်သေပြခဲ့သည် ။
ထိုအမွှေးတိုင်အား သူတော်စင်မ ကိုယ်တိုင် ထွန်းညှိခဲ့ပြီး သာမန်ပြည်သူများ၏ နှလုံးသားထဲသို့ပင်ကူးစက်ကာ ဘယ်သော အခါမှ ငြိမ်းနိုင်တော့မည် မဟုတ်ချေ ။
လူတိုင်းမှာ အမှန်တရားအတွက် ကိုယ်ပိုင်နှလုံးသားချိန်ခွင် ရှိကြ၍ ချောင်ပိုင်ဖူ၏ ရဲရင့်မှုနှင့် ပြတ်သားသော စကားလုံးများကို ဤကမ္ဘာမြေကြီးက မှတ်မိနေပေအုံးမည် ။
သူရဲကောင်းတစ်ယောက် သေလွန်သွားလျှင်ပင် ကောင်းသော ဂုဏ်သတင်းရနံ့က လေပြေလေညှင်းများနှင့်တူ သင်းပျံ့နေဆဲပင် ။