← Chapters

ငွေစန္ဒာပန်း

Vol. 10 Ch. 938

ငွေစန္ဒာပန်း

Vol. 10 Ch. 938

စုန့်ချွဲက အော်ဟစ်လိုက်သဖြင့် သူ၏ စိတ်ဓာတ်ကျကာ မခံမရပ်နိုင်လောက်အောင်ဖြစ်နေသည့် ခံစားချက်အားလုံး ပြေလျော့သွားသည့်အလား ဖြစ်သွားသည်။ သို့သော် ဖက်တီးကျန်းကြီးကား အလွန်စိတ်ရှုပ်စရာကောင်းလှသည်။ သူ့အနေဖြင့် ဆန္ဒမရှိသည့်တိုင် ရုတ်တရက် ပိုင်ရှောင်ချန်း၏ မိတ်ဆွေများအားလုံးကို ဂါရဝပြုနေသည့် သူ၏ပုံရိပ်များအား မြင်ယောင်လာမိတော့သည်။

" ဦးလေးပေါက်ချိုင်၊ ဦးလေးထျန်ယုံ၊ ဒေါ်လေးရှောင်မေ့၊ ဦးလေးနတ်ဆရာ... "

စုန့်ချွဲ၏အတွေးထဲတွင် ထိုသို့နှုတ်ဆက်ရမည်မှာ ကောင်းကင်ဘုံမှချမှတ်သည့် ပြစ်ဒဏ်ထက်ပင် ပို၍ဆိုးရွားနေမည်ဖြစ်သည်။ သူသည် တုန်ရီနေလျက် ဖက်တီးကျန်းကြီးကို မျက်ထောင့်နီကြီးများဖြင့် ကြည့်လိုက်တော့သည်။ ပိုင်ရှောင်ချန်းကိုမူ မကြည့်ရဲပေ။ သူ၏မျက်နှာပေါ်ရှိ အမူအရာအရဆိုလျှင် စကားတစ်ခွန်းသာ ထပ်မှားသွားပါက သူသည် ဒေါသအိုးပေါက်ကွဲကာ တိုက်ခိုက်တော့မည့်ပုံစံပင်။

ဖက်တီးကျန်းကြီးမှာ စုန့်ချွဲ၏အော်သံကြောင့် လန့်ဖျန့်သွားပြီး အနည်းငယ်စိုးရိမ်ထိတ်လန့်စပြုလာတော့သည်။ စုန့်ချွဲသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့စဥ်က နာမည်အတော်အတန် ကျော်ကြားခဲ့သူမဟုတ်လော။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သူတို့၏ရှေ့တွင်ရပ်နေသဖြင့် စုန့်ချွဲမှာ မည်သည့်မျှ လုပ်မည့်ပုံစံတော့ မပေါ်ပေ။ ထို့အပြင် ဖက်တီးကျန်းကြီးမှာ ဦးလေးတစ်ယောက်အဖြစ် အလွန် အခေါ်ခံချင်နေသည်။

သို့သော်လည်း ထိုအသေးအဖွဲကိစ္စလေးတစ်ခုအတွက် စုန့်ချွဲက ယခုကဲ့သို့ တုန့်ပြန်လိုက်သည်ကို သူက အံ့အားသင့်နေတော့သည်။

ဘေးနားရပ်နေသည့် စွန်းဝူမှာ သူမြင်နေရသည့် အချင်းအရာများကြောင့် ဆွံ့အနေတော့သည်။ သူသည် အခြားမည်သည့် အတိတ်ဇာတ်ကြောင်းကိုမှ မသိပဲ ပိုင်ရှောင်ချန်းက နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်ကြောင်းကိုသာ သိထားသည်။

စွန်းဝူ၏အမြင်တွင် စုန့်ချွဲကဲ့သို့သော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်က ပိုင်ရှောင်ချန်း၏တူေလးတစ်ယောက်ကဲ့သို့ဖြစ်နေသည်မှာ ပုံမှန်ဖြစ်ရပ်တစ်ခုကဲ့သို့သာ ဖြစ်နေသည်။

" ဆရာကြီးပိုင်၊ ဒီနေရာကို စိုးရိမ်တကြီးနဲ့အပြေးရောက်လာတာ မဆန်းပါဘူး။ သူ့တာအိုလက်တွဲဖော်က တာအိုရောင်းရင်း စုန့်ချွဲရဲ့ အဒေါ်ဖြစ်နေတာကိုး "

ထိုအချက်ကြောင့် စုန့်ချွဲက အနည်းငယ် မလေးမစားပြုမူနေသည်ဟု စွန်းဝူက ထင်မှတ်နေတော့သည်။

" ဆရာကြီးပိုင်က စုန့်ချွဲကိုကယ်ဖို့ ဒီနေရာကို အတတ်နိုင်ဆုံး အမြန်ဆုံးရောက်လာတာကို စုန့်ချွဲက ဂါရဝတောင် မပြုတာပါလား။ ပြီးတော့ ထွက်သွားဖို့တောင် ပြင်နေသေးတာ။ ဆရာြကီးပိုင် ဒေါသထွက်နေတာ မဆန်းပါဘူး "

ဖက်တီးကျန်းကြီး၏ တောင်းဆိုမှုများမှာ အနည်းငယ်လွန်ကဲနေပါသော်လည်း စွန်းဝူမှာ ၎င်းတို့အား လက်ခံပေးနိုင်သေးသည်။

နောက်ဆုံးတွင် သူသည် နွေးထွေးစွာပြုံးလိုက်ပြီး စုန့်ချွဲအားကြည့်၍ ဆိုလိုက်သည်။

" ကျုပ်ကိုယုံကြည်လိုက်တာ ခင်ဗျားအတွက်ကောင်းသွားတာပဲ တာအိုရောင်းရင်းစုန့်။ ကောင်းကင်ဘုံက ခင်ဗျားကို ချီးမြှောက်နေတာ အသေအချာပဲ။ ကြီးမြတ်လှတဲ့ ဆရာကြီးပိုင်နဲ့ ခင်ဗျားက အရမ်းရင်းနှီးနေလိမ့်မယ်လို့ ဘယ်သူကထင်ထားမိမှာလဲ။ ခင်ဗျားက သူ့တူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ကျုပ်မှာ အားကျရုံပဲ တတ်နိုင်ပါတယ်ဗျာ "

စုန့်ချွဲမှာ စကားပြန်ပြောချင်နေပါသော်လည်း မည်သို့ပြန်ပြောရမည်ကို မစဥ်းစားနိုင်လောက်အောင် ဖြစ်နေ၏။ ဖက်တီးကျန်းကြီးက သူ့အားအခွင့်အရေးယူနေသည်ဖြစ်ပြီး စွန်းဝူက အခြေအနေပိုဆိုးအောင် လုပ်နေသည်။ သူသည် ပြန်၍ငြင်းဆန်လိုပါသော်လည်း စွန်းဝူသည် သူ၏အသက်ကို အမှန်တကယ် ကယ်တင်ပေးခဲ့သည်။

စုန့်ချွဲ၏ မခံမရပ်နိုင်မှုများမှာ တစ်စတစ်စကြီးထွားလာသဖြင့် သူသည် ရူးသွပ်လုမတတ်ဖြစ်နေရတော့သည်။ နောက်ဆုံးတွင် သူသည် ခေါင်းကိုနောက်ပစ်၍ အသံကုန်အော်ဟစ်လိုက်တော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်တော့သည်။

စုန့်ချွဲက ယခုကဲ့သို့ဖြစ်ပျက်နေသည်ကို မြင်နေရသည့်အတွက် ပိုင်ရှောင်ချန်းမှာ အနည်းငယ်စိတ်မကောင်း ဖြစ်နေရသည်။

" တော်ပါတော့ ဖက်တီးကျန်းကြီးရာ။ချွဲအာကို သူ့ဘာသာသူ နေပါစေ။ ဒီကောင်လေးမှာ ဒုက္ခတွေနဲ့ ကြုံတွေ့ခဲ့ရတာ။ ချွဲအာရေ မင်းဒီလို တစ်ယောက်ထဲ ပတ်သွားမနေသင့်ဘူး။ ငါနဲ့လိုက်ခဲ့ ဟုတ်ပြီလား။ အဲဒါဆို အများကြီး ပိုဘေးကင်းတယ် "

ထိုစကားများကို ကြားလိုက်ရသောအခါ စုန့်ချွဲမှာ ငိုချင်စိတ်များ ပေါက်လာတော့သည်။ ပိုင်ရှောင်ချန်း၏ စကားလုံးများမှာ သူ့နှလုံးသား၏ အထိအရှအလွယ်ဆုံး နေရာများသို့ တိုက်ရိုက် တို့ထိသွားခဲ့သည်။ ဖက်တီးကျန်းကြီး၏ မျက်နှာပြောင်လှသော ရန်ဆွခြင်းကို ခံခဲ့ရပါသော်လည်း ပိုင်ရှောင်ချန်း၏ အလွန်ကြင်နာနေသည့် အချင်းအရာကြောင့် သူ၏စိတ်နှလုံးမှာ အလွန်လှုပ်ရှားသွားရ၏။

သို့သော် သူ၏ရင်ထဲတွင် ကျေးဇူးတရားများ တဖွားဖွား ပေါ်ထွက်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ့အားလှမ်းကြည့်လိုက်ပြီး ထိုကျေးဇူးတရားအားလုံးကို ပျက်ပြားသွားစေမည့် စကားကိုဆိုလိုက်တော့သည်။

" စိတ်အေးအေးထား ချွဲအာ။ လိမ်လိမ်မာမာနေ။ ဘယ်သူမှ မင်းကိုအနိုင်မကျင့်စေရဘူး "

စုန့်ချွဲ အထင်လွဲသွားမည်စိုး၍ ပိုင်ရှောင်ချန်းင လက်ဆန့်၍ သူ၏ဆံပင်များအား ထိုးဖွလိုက်တော့သည််။

" အားးးးးးး "

စုန့်ချွဲသည် မျိုးဆက်ရှစ်ဆက်၏ ကံမကောင်းမှုများက သူ၏ခေါင်းအပေါ်သို့ ကျရောက်လာသည့်အလား သိမ်ငယ်စွာ ခံစားလိုက်ရပြီး သူ၏နှလုံးသားကိုလည်း ရူးသွပ်မှုများက ဖုံးလွှမ်းသွားတော့သည်။

ပိုင်ရှောင်ချန်းအား သူစတင်တွေ့ဆုံခဲ့သည့် အချိန်မှစ၍ ယခုအထိ သူ့ဘဝတစ်လျှောက်လုံး အဆုံးအစကင်းမဲ့ရလောက်အောင် မခံမရပ်နိုင်ဖြစ်ခဲ့ရသည်။ သူအော်ဟစ်မြည်တမ်းလိုက်သောအခါတွင် သူ၏ စိတ်စွမ်းအင်မှာ အားနည်းနေပြီဖြစ်ပြီး သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်းများ လျော့ရဲနေပြီဖြစ်သဖြင့် သူ၏ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် ပန်းထွက်လာတော့သည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားပြီး သတိလစ်သွားတော့သည်။

" သူ သတိထပ်လစ်သွားပြန်ပြီလား "

ပိုင်ရှောင်ချန်းမှာ ခေါင်းတယမ်းယမ်းြဖင့် ရေရွတ်လိုက်တော့သည်။ ဖက်တီးကျန်းကြီးမှာလည်း သူ့အား တအံ့တသြငုံ့ကြည့်၍ ဟာသလေးတစ်ခုကြောင့် အလွန်အဖြစ်သည်းသွားရသည်ကိုကြည့်ကာ ကြောင်အန်းအန်း ဖြစ်နေတော့သည်။

" အစ်ကိုကြီး၊ အစ်ကို့ကြောင့် သူဘယ်လောက်ထိ စိတ်တိုသွားလည်း ကြည့်လိုက်ဦး။ အေးဗျာ၊ အခုလောလောဆယ်တော့ သူ့ကို အစ်ကို့နောက်ကျောပေါ် ထမ်းခဲ့ဦး "

ဖက်တီးကျန်းကြီးမှာ အလွန်ထူးဆန်းလှသော ဖြစ်ရပ်ကြီးကြောင့် ငိုမဲ့မဲ့ပင် ဖြစ်နေ၏။ သူသိသလောက်ဆိုလျှင် စုန့်ချွဲမှာ ယခုကဲ့သို့ လုံးဝမဟုတ်ပေ။ သူသည် စုန့်ချွဲအား သူ၏နောက်ကျောပေါ်သို့ တင်လိုက်ကာ ပိုင်ရှောင်ချန်းအား လှမ်း၍ကြည့်လိုက်သည်။

" ရှောင်ချန်း မင်းစောစောက ပြောခဲ့တဲ့ ' သူ သတိထပ်လစ်သွားပြန်ပြီလား ' ဆိုတာ ဘာအဓိပ္ပါယ်တုံး။ သူအရင်တုံးကလည်း သတိလစ်ဖူးသေးတာလား "

" ဪ အစ်ကိုကြီးမသိပါဘူးဗျာ။ အဲဒီသနားစရာ ကောင်လေးက မြေရိုင်းဒေသမှာတုံးက စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်သွားခဲ့တာ။ သူ အင်မတန် စိတ်လှုပ်ရှားလာပြီဟေ့ဆိုရင် သတိလစ်လစ်သွားတာ။ ကိစ္စမရှိပါဘူး၊ နှစ်ရက်သုံးရက်လောက်နေရင် ပြန်သတိရလာလိမ့်မယ် "

ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်ပြီး စကားလမ်းကြောင်းလွှဲကာ အံ့အားသင့်နေသည့်ဖက်တီးကျန်းကြီးနှင့် စွန်းဝူတို့အား အဝေးသို့ခေါ်သွားတော့သည်။

သူတို့အဖွဲ့ က နွံအိုင်ကြီးကိုဖြတ်ပျံသွားနေစဥ်အတောအတွင်း ဆယ်ရက်တိတိ ကုန်ဆုံးသွားသည်။ မကြာမီ သူတို့သည် နွံအိုင်ကြီး၏ အစွန်းနားသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။ ၎င်း၏အလွန်တွင် နွံအိုင်အထက်ရှိ ကောင်းကင်ကြီးကဲ့သို့ မည်းမှောင်နေသည့် တိမ်တိုက်ကြီးများ ဖုံးအုပ်ထားသော လွင်ပြင်ကျယ်ကြီးတစ်ခု ရှိနေသည်။

သူတို့နွံအိုင်ကို ဖြတ်သန်းလာခဲ့သည့် ခရီးတစ်လျှောက်တွင် အရာရာတိုင်း ဘေးကင်းကာ တိတ်တိတ်ဆိတ်ဆိတ် ရှိခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ အကျိုးအမြတ်အနည်းငယ်တော့ ရရှိခဲ့သေးသည်။ သူ၏လက်ထဲတွင် သစ်စေ့တစ်စေ့ကို ကိုင်ဆောင်ထားသည်။

၎င်းသစ်စေ့မှာ မြစိမ်းရောင်ရှိပြီး သူ၏လက်တစ်ဖက်လုံးကို အေးစက်သွားစေသည့် အေးစိမ့်ချီတစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအစေ့သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူကြုံတွေ့ခဲ့ရစဥ်က ပန်းပွင့်တစ်ပွင့်အဖြစ် ရှိနေခဲ့သည်။

ထိုပန်းပွင့်၏ ပွင့်ချပ်များမှာ လမင်းများနှင့်တူပြီး အရွယ်အစားသေးငယ်ပါသော်လည်း နွံအိုင်အလယ်တွင် တစ်ပွင့်ထဲပေါက်ရောက်နေသည်ဖြစ်ရာ အလွန်တမူထူးခြားနေသည်။ ထိုပန်းပွင့်အနားသို့ ချဥ်းကပ်သွားသောအခါ ၎င်းမှာ သူ့အားသတိထားမိဟန်တူပြီး အောက်ဘက်ရှိ မြေပြင်ထဲသို့ ကျုံ့ဝင်သွားရန် ပြင်လိုက်သည်ကို သူသိလိုက်ရသည်။ သူသည် သိလိုစိတ်ပြင်းပြနေသဖြင့် အနားသို့ပို၍ကပ်သွားသောအခါ ထိုပန်းပွင့်ထံမှ ပေါ်ထွက်နေသည့် အေးစိမ့်ချီမှာ ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်ကို ကျင့်ကြံရာမှ ထုတ်လွှတ်နိုင်သည့် အေးစိမ့်ချီနှင့် အလွန်ဆင်တူနေကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သူသည်အံ့အားသင့်သွားပြီး ထိုပန်းပွင့်အား ကြိုးစား၍တူးထုတ်ခဲ့သည်။ သို့သော် ထိုပန်းပွင့်အနားသို့ရောက်ရှိသွားသောအခါ ၎င်းမှာ အစေ့တစ်စေ့အသွင် ရှုံ့တွသွားခဲ့တော့သည်။

ပိုင်ရှောင်ချန်းက အနည်းငယ် လေ့လာဆန်းစစ်ကြည့်လိုက်ပြီးနောက် ထိုပန်းပွင့်သည် ပွင့်ဖူးချိန်တွင် ဘေးပတ်ဝန်းကျင်မှ အေးစိမ့်ချီများကို စုပ်ယူကြောင်း သိလိုက်ရသည်။ သို့သော်လည်း နွံအိုင်ထဲတွင် အေးစိမ့်ချီ မရှိလှသဖြင့် ထိုပန်းပွင့်မှာ အစွမ်းကုန် မပွင့်ဖူးနိုင်ပဲ ဖြစ်နေရသည်။

" သေသေချာချာ လေ့လာလိုက်မယ်ဆိုရင် ဒီပန်းပွင့်ကို ငါ့အေးစိမ့်ချီလေ့ကျင်ရာမှာ သုံးလို့ရရင် ရနိုင်တယ်။ ဒီပန်းပွင့်ကို ငွေစန္ဒာပန်းလို့ နာမည်ပေးလိုက်မယ် " ထိုသို့ဖြင့် သူသည် သူ၏အဖွဲ့လေးအား ဆက်၍ဦးဆောင်သွားတော့သည်။ လမ်းတစ်လျှောက်တွင် လူသေအလောင်းများကို နေရာအနှံ့တွင် တွေ့ခဲ့ရသည်။ အချို့အလောင်းများမှာ အခြားမြစ်ဝဂိုဏ်းကြီးသုံးဂိုဏ်းမှဖြစ်ပြီး အချို့မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းမှ ဖြစ်ကြသည်။

ထိုရုပ်အလောင်းများအား မြင်လိုက်ရသောအခါ လူတိုင်း စိတ်ဓာတ်ကျသွားကြတော့သည်။ စုန့်ချွဲ သတိပြန်လည်လာသည်မှာ အတော်အတန်ကြာနေပြီဖြစ်သည်။ သူ၏အမူအရာမှာ ပုံမှန်ဆိုလျှင် အလွန်တင်းမာနေလေ့ရှိသော်လည်း လမ်းတစ်လျှောက်တွင် မြင်ခဲ့ရသည့် ရုပ်အလောင်းများကြောင့် သူ၏ စိတ်အနေအထား ပြောင်းလဲသွားတော့သည်။

" ဒါ ဘယ်လို နတ်မီးလျှံစမ်းသပ်ပွဲကြီးလဲ "

ထိုမေးခွန်းမှာ လူတိုင်း၏ အတွေးထဲတွင် စီးမျောနေတော့သည်။ ဖက်တီးကျန်းကြီး၊ စုန့်ချွဲနှင့် စွန်းဝူတို့မှာ အကယ်၍ ပိုင်ရှောင်ချန်းသာ သူတို့ကို အကာအကွယ်ပေးရန် ရှိမနေပါက သူတို့အားလုံး နွံအိုင်ထဲတွင် သေဆုံးသွားနိုင်သည်။

" ကြည့်ရတာ ဒီနတ်မီးလျှံစမ်းသပ်ပွဲရဲ့ အဓိကရည်ရွယ်ချက်က ကောင်းကင်ဧကရာဇ်အတွက် တပည့်ရှာဖို့မဟုတ်ပဲ။ အဲဒီထွက်ပေါက်နဲ့ပဲ ဆိုင်နေမယ်ထင်တယ် "

ပိုင်ရှောင်ချန်းမှာ ထိုသို့တွေးမိနေသည်။ ယခုအထိဆိုလျှင် နတ်မီးလျှံစမ်းသပ်ပွဲထဲသို့ သူတို့ရောက်နေသည်မှာ နှစ်လခန့်ရှိနေပြီဖြစ်သည်။

ထိုအတောအတွင်းတွင် သာမန် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများမှာ အသက်ရှင်ကျန်ရစ်နေနိုင်မည် မဟုတ်ကြောင်း သူက သိလိုက်ပြီဖြစ်သည်။ မဟာစက်ဝန်းအဆင့်တွင် ရှိနေသူများပင်လျှင် သူတို့၏ အံ့သြဖွယ် အတိုက်အခိုက်စွမ်းရည်များအပေါ်အားထားပြီး အလွန်ကံကောင်းမှသာ အဓိကနေရာကြီးလေးခုကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ဧကရာဇ်သာ တပည့်တစ်ယောက် အမှန်တကယ်လိုချင်သည်ဆိုလျှင်တောင် ယခုကဲ့သို့ အသက်အန္တရာယ်ရှိသည့် နတ်မီးလျှံစမ်းသပ်ပွဲကို အသုံးပြုစရာမလိုကြောင်း ပိုင်ရှောင်ချန်းက ယုံကြည်နေ၏။

ထို့ကြောင့် ဤပဟေဠိ၏အဖြေမှာ တစ်ခုသာကျန်တော့သည်။

" ကောင်းကင်ဧကရာဇ်ရဲ့ အဓိက ပန်းတိုင်က အဲဒီထွက်ပေါက်ဆိုတဲ့အရာကို ရှာတွေ့ဖို့ပဲ "

" အဲဒါဆိုရင် သူကိုယ်တိုင်တောင် အဲဒီထွက်ပေါက်က ဘယ်မှာလဲဆိုတာ သိမှာမဟုတ်ဘူး။ အဲဒီတော့ ကောင်းကင်ဧကရာဇ်ကြီးကိုယ်တိုင်တောင် ဒီနတ်မီးလျှံစမ်းသပ်ပွဲထဲက နယ်မြေတွေကို ရင်းရင်းနှီးနှီး သိနေမှာ မဟုတ်ဘူးပဲ "

" ဒီ နတ်မီးလျှံစမ်းသပ်ပွဲလို့ထင်ရတဲ့ အရာက တကယ်တမ်းတော့ စစ်တုရင်နယ်ရုပ်တွေကို ထိုးကြွေးနေတာနဲ့ တူတူပဲ။ သူက လူတွေကို အရေအတွက်တစ်ခုထိ အသုံးချလိုက်မယ်ဆိုရင် တစ်ယောက်ယောက်တော့ ထွက်ပေါက်ကိုရှာတွေ့မှာပဲဆိုပြီး တွက်ထားတာဖြစ်ရမယ် "

" တခြား လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေနိုင်သေးတယ်။ နို့မို့ဆို ကောင်းကင်ဧကရာဇ်က ဘာလို့ တပည့်အသစ်လက်ခံမယ်ဆိုပြီး ဇာတ်လမ်းထွင်နေမှာလဲ။ အဲဒီလိုဇာတ်လမ်းထွင်ရတာက လူတွေမလာလာအောင် လှည့်စားလိုက်တဲ့သဘောပဲ "

ပိုင်ရှောင်ချန်းမှာ ထိုအကြောင်းကို တွေးတောသုံးသပ်ကာ ပို၍ မျက်နှာပျက်လာတော့သည်။ သူ၏သုံးသပ်ချက်က မှန်ကန်နေမည်ဟု တထစ်ချယုံကြည်ရန်လည်း မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤနတ်မီးစမ်းသပ်ပွဲကြီးမှာ အလွန်အန္တရာယ်များလှသည်။ ကန္တာရနှင့် နွံအိုင်ဟူသော နေရာနှစ်ခုစလုံးမှာ သူ့အား အလွန်ဂနာမငြိမ် ဖြစ်စေခဲ့သည် မဟုတ်လော။

သူ၏ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကွက်ကြောင့်သာမဟုတ်ပါက နွံအိုင်ထဲတွင် အန္တရာယ်များစွာ ပို၍တွေ့ကြုံခဲ့ရမည်သာဖြစ်သည်။

ဤအတွေးများအားလုံးကြောင့် ဤနတ်မီးလျှံစမ်းသပ်ပွဲထဲတွင် ကျန်ရှိနေသည့် အခြားလူများအတွက် များစွာ စိုးရိမ်နေတော့သည်။ အစပိုင်းတွင် လူအယောက်တစ်ထောင်ကျော်ရှိခဲ့ပါသော်လည်း ယခုတွင်မူ တစ်ဝက်ကျော်မှာ သေဆုံးနေလောက်ပြီသာဖြစ်သည်။

အခြားလူများမှာလည်း ဤနတ်မီးလျှံစမ်းသပ်ပွဲသည် စိတ်ကူး၍မရလောက်အောင် အန္တရာယ်ကြီးမားနေပြီး တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ရိပ်မိစပြုနေကြမည်မှာ အသေအချာပင်။

သို့သော် ထိုသို့ရိပ်မိရုံနှင့် အကျိူးထူးမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ထွက်ပေါက်အား ရှာမတွေ့သ၍ လူတိုင်းမှာ ရောက်သည့်နေရာတိုင်းတွင် အန္တရာယ်နှင့် ကြုံတွေ့နေရဦးမည်သာဖြစ်သည်။

အလွန့်အလွန် စွမ်းအားကြီးလှသည့် ပိုင်ရှောင်ချန်းပင် ဖိအားများစွာ ခံစားနေရသည်။ သူသည် နွံအိုင်ကြီးအား ငြိမ်သက်သွားအောင် လုပ်နိုင်ခဲ့သည် ဖြစ်ပါသော်လည်း ၎င်းမှာ အပေါ်ယံမျှသာ ရှိသေးကြောင်း သူကသိသည်။ သူ၏ခရီးလမ်းတစ်လျှောက်တွင် နတ်ဘုရားအာရုံဖြင့် ဆန်းစစ်ကြည့်ခဲ့သောအခါ နက်ရှိုင်းသောနေရာများတွင် ပုန်းအောင်းနေသည့် အရာများစွာ ရှိနေသေးကြောင်း တွေ့ရှိခဲ့ရသည်။

ထိုသတ္တဝါများမှာ သူ၏ နတ်ဘုရားအာရုံနှင့် ထိတွေ့မိသွားကြသောအခါ ရန်လိုသည့်အမူအရာများ မဖော်ပြကြပါသော်လည်း သူ၏ နတ်ဘုရားဇီဝိန်ချုပ်သိုင်းသာ မရှိပါက ၎င်းတို့မှာ အသက်အန္တရာယ်ပင် ပြုနိုင်လောက်သည့် အရာများဖြစ်နေမည်ကိုလည်း သူကရိပ်မိသည်။

" ဒါ ဘယ်လိုနေရာကြီးလဲ "

လက်ရှိအခြေအနေကို သူတွေးတောဆင်ခြင်နေစဥ် နောက်ဆုံး၌ နွံအိုင်ကြီးထံမှ ထွက်ခွာသွားနိုင်ခဲ့ပြီး အဆုံးမဲ့သော လွင်ပြင်ကြီးထဲသို့ ရောက်သွားတော့သည်။

လွင်ပြင်ကြီးထဲတွင် လေများတဟူးဟူး တိုက်ခတ်နေလျက် တအိအိလှုပ်ယမ်းနေသော မြက်ခင်းပြင်ကြီးမှလွဲ၍ အခြားမည်သည့်အရာမှ ရှိမနေသည့်အလား ထင်မှတ်ရသည်။ ထိုလွင်ပြင်ကြီးပေါ်တွင် အမည်မဖော်နိုင်သော သွားအမျိုးအစားများ၏ ကိုက်ဖြတ်ခြင်းကို ခံထားရသည့် ရုပ်အလောင်းများကိုလည်း ရံခါဖန်ခါ တွေ့မြင်နိုင်သည်။

ထိုမြင်ကွင်းကြောင့် ဖက်တီးကျန်းကြီး၊ စုန့်ချွဲနှင့် စွန်းဝူတို့မှာ ပို၍ပင် ဂနာမငြိမ်ဖြစ်လာတော့သည်။ သူတို့မြင်တွေ့နေရသည့် ရုပ်အလောင်းအနည်းငယ်ကိုကြည့်၍ ဤလွင်ပြင်ကြီးမှာ အလွန်အန္တရာယ်များသော နေရာကြီးတစ်ခုဖြစ်ကြောင်း သိနိုင်သည်။

မြက်ခင်းပြင်ပေါ်တွင် ဆယ်ရက်ခန့် ပျံသန်းပြီးနောက် ပိုင်ရှောင််ချန်းမှာ ရုတ်တရက် မျက်နှာပျက်သွားတော့သည်။ သူ၏ပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစက်သွားစေသည့် သတ်ဖြတ်လိုစိတ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်ကို သူခံစားလိုက်ရသည်။ ထို့ကြောင့် သူသည်နောက်သို့ဆုတ်၍ အော်ဟစ်လိုက်၏။

" အစ်ကိုကြီး၊ တခြားလူအကုန်လုံးကို ဒီနေရာကနေ ဝေးဝေးခေါ်သွား။ ကျွန်တော့်အတွက် မပူနဲ့ "

သူ၏ နှုတ်မှ ထိုစကားများ ထွက်လာသည်နှင့် တစ်ပြိုင်နက် မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်သံ လွင်ပြင်ကြီးပေါ်တွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်ယံ၌ မျက်နှာကြီးနှစ်ခု ပေါ်ထွက်လာတော့သည်။

၎င်းတို့မှာ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၏ မျက်နှာများပင်ဖြစ်သည်။

All Chapters