သူတို့ကို ခွဲပစ်ရမယ်
Vol. 10 Ch. 939
ပိုင်ရှောင်ချန်းသည် လျှပ်စီးတိမ်တိုက်သခင်၏ ဧရာမမျက်နှာကြီးနှစ်ခုကို ကောင်းကင်ယံတွင် မြင်တွေ့လိုက်ရသောအခါ နှလုံးခုန်နှုန်းမြန်လာတော့သည်။ ဤနတ်မီးလျှံစမ်းသပ်ပွဲအတွင်း ထိုလူနှစ်ယောက်နှင့် တစ်ကြိမ်ထက်ပို၍ ကတောက်ကဆ ဖြစ်ခဲ့ဖူးသည်ဖြစ်ပြီး ယခုတွင်လည်း ထပ်မံတွေ့ဆုံနေရပြီ ဖြစ်သည်။ ဤတွေ့ဆုံမှုမှာ ပြဿနာကြီးတစ်ရပ်အဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် သူသည် စွန်းဝူ၊ ဖက်တီးကျန်းကြီးနှင့် စုန့်ချွဲတို့အား အဝေးသို့ ချက်ချင်းပထုတ်လိုက်ခြင်းဖြစ်သည်။
" ဒီတစ်ခေါက်တော့ မင်းသေပြီ ပိုင်ရှောင်ချန်း "
အထက်ရှိ မျက်နှာကြီးနှစ်ခုမှာ မိုးခြိမ်းသံကဲ့သို့သော အသံမျိုးဖြင့် အော်ဟစ်မြည်တမ်းလိုက်ကြသည်။ ထို့နောက် ချက်ချင်းပင် မျက်နှာကြီးတစ်ခု ပိုင်ရှောင်ချန်းထံသို့ ပျံသန်းလာပြီး အခြားမျက်နှာကြီးတစ်ခုက ဖက်တီးကျန်းကြီး၊ စွန်းဝူနှင့် စုန့်ချွဲတို့ရှိရာဘက်သို့ ဦးတည်သွားကြ၏။
သူတို့သည် ပိုင်ရှောင်ချန်းတစ်ယောက်ထဲကိုသာမက သူ၏အကာအကွယ်အောက်တွင် ရှိနေသည့်လူအားလုံးကိုပါ သတ်ရန် ကြံစည်ထားကြသည်မှာ အထင်အရှားပင်။
ဤ ဖြစ်ရပ်ကြီးကား မီးတစ်ခတ်အချိန်လေးအတွင်း ဖြစ်ပျက်သွားခဲ့သည်။ ထိုအချင်းအရာများကို ပိုင်ရှောင်ချန်း ရိပ်မိလိုက်သောအခါ သူ၏စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်သွားတော့သည်။ သူ၏အဖော်သုံးယောက်မှာ မည်သည့်နည်းနှင့်မှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိလိုက်သဖြင့် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့အား သူ၏အိတ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။
ထိုအခါ ကောင်းကင်ထက်ရှိ မျက်နှာများထက်မှ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ ဖျတ်ခနဲ တောက်ပသွား၏။ ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူတို့၏အမုန်းတရားများမှာ အလွန်ပြင်းထန်ကြီးမားလွန်းနေသည်မှာ အထင်အရှားပင်။
ပိုင်ရှောင်ချန်းသည် နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို လျှပ်စီးတိမ်တိုက်သခင်ပေါ်တွင် အသုံးပြုခဲ့သည့်အချက်မှာ အရေးမပါတော့ပေ။ ယခုတွင် သူ၏ခန္ဓာကိုယ်နှစ်ခြမ်းမှာ ပေါင်းစည်းသွားပြီဖြစ်၍ ယခင်ကထက်ပို၍ ယုံကြည်မှုများပြင်းထန်လာကြပြီး အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ လုံးဝတွေဝေမနေပဲ တိုက်ခိုက်လိုက်ကြခြင်းဖြစ်သည်။
ထိုနှစ်ယောက်ထဲမှ ညီဖြစ်သူမှာ အမြန်နှုန်းနှင့်ပတ်သတ်သည့် နယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်၍ သူသည်လေကိုခွင်း၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာ၏။ အစ်ကိုဖြစ်သူမှာ အလယ်ပိုင်းနတ်အဆင့်၏ ထိပ်ဆုံးတွင် ရောက်ရှိနေပြီဖြစ်ပြီး သူ၏တိုက်ကွက်များထဲတွင် လျှပ်စီးတန်းများစွာ ပါဝင်နေကာ ၎င်းတို့မှာ တုန်လှုပ်ဖွယ်လက်ကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းကို ဖမ်းဆုပ်တော့မည့်အလား ဆန့်ထွက်သွားတော့သည်။
" သေစမ်း "
သူတို့နှစ်ယောက်စလုံး ပြိုင်တူအော်ဟစ်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်နေပြီဖြစ်ပြီး ဤအခြေအနေမှာ အလွန်အန္တရာယ်ကြီးမားနေပြီဖြစ်ကြောင်း သိလိုက်သည်။ သူ့အတွက် တွေးတောစီစဥ်ကြံဆနေရန် အချိန်မရှိတော့ပေ။ သူသည် နောက်သို့ဆုတ်ခွာသွားပြီး လက်နှစ်ဖက်သုံး၍ မန္တန်လက်ကွက်တစ်ခု ဖော်ကာ ဝှေ့ယမ်းလိုက်တော့သည်။
" ရွှယ်ကျဲ "
သူ အော်ဟစ်လိုက်၏။ ထိုအခါ လွင်ပြင်ကြီး တစ်ခုလုံးသို့ ရေငွေ့များ ချက်ချင်း ပျံ့နှံ့သွားပြီး ဧရာမနွံအိုင်ကြီးတစ်အိုင်အသွင် ပြောင်းလဲလာတော့သည်။
" ကော်တု "
ထို့အခါ ကမ္ဘာမြေကြီး ဆုတ်ဖြဲခံနေရသကဲ့သို့ အသံများထွက်လာတော့သည်။ လျှပ်စီးတိမ်တိုက်သခင် နှစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့နှစ်ယောက်စလုံးက ပိုင်ရှောင်ချန်းအား တိုက်ခိုက်ဖူးသည်ဖြစ်၍ သူ၏တိုက်ကွက်အားလုံးကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်ကြောင်း ယူဆထားကြသည်။ သူတို့မမြင်ဖူးသည့် အခြားတိုက်ကွက်တစ်ခုနှင့် ကြုံလိုက်ရမည်ဟု လုံးဝမတွေးထားမိပေ။
ထို့အပြင် သူတို့၏ပတ်ပတ်လည်ရှိ ထို နွံအိုင်ကြီးကြောင့် သူတို့၏ရင်ထဲတွင် ကြီးမားသော အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရတော့သည်။ ထို့နောက် မြေအောက်မှနေ၍ ဆူးချွန်များ မြင့်တက်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာ၏။ တောင်များကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်ပြင်ကြီးကို ခန်းခြောက်သွားစေနိုင်သည့် အားကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုဆူးချွန်များမှာ လက်ကြီးတစ်ဖက်အပေါ်တွင်ရှိနေသည့် လက်သည်းကြီးများအသွင် ပြောင်းလဲသွား၏။ ထိုအချိန်တွင် တုန်လှုပ်ခြောက်ခြားဖွယ် အော်ဟစ်သံကြီးတစ်သံ လေထဲသို့ ပျံ့လွင့်လာတော့သည်။
ထိုနေရာတစ်ဝိုက်အား တုန်ရီသွားစေသည့် စွမ်းအင်ကြီးကြောင့် ကောင်းကင်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်နေပြီး ပြိုလဲလုမတတ် ဖြစ်နေ၏။ လျှပ်စီးတိမ်တိုက်သခင် နှစ်ယောက်စလုံး ဆွံ့အသွားကြသည်။ ညီဖြစ်သူမှာ သူ၏အမြန်နှုန်းကြောင့် အနည်းငယ်ပို၍နီးကပ်နေသဖြင့် ထိုတိုက်ကွက်ကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ သူ၏ပါးစပ်မှ သွေးများပန်းထွက်လာပြီး နောက်သို့လွင့်စင်သွားတော့သည်။ ထိုစဥ် လျှပ်စီးတိမ်တိုက်သခင်၏ အခြားခန္ဓာကိုယ်တစ်ခြမ်းမှာ လျှပ်စီးတိုက်ကွက်အား အားအကုန်ထုတ်၍ တိုက်ခိုက်လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုလျှပ်စီးလက်ကြီးမှာ လက်သည်းများနှင့် ထိတွေ့သွားတော့သည်။
လျှပ်စီးလက်ဖဝါးကြီးမှာ ရွှယ်ကျဲကော်တု၏ လက်သည်းကြီးနှင့် ရင်ဆိုင်လိုက်ရသောအခါ ကြေမွသွားကာ ကောင်းကင်နှင့် မြေပြင် တုန်ခါသွားတော့သည်။ သို့သော် ပိုင်ရှောင်ချန်း၏ ယခုပြိုင်ဘက်များက ချိန်ဟဲ့ထျန်နှင့် ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် သူတိုက်ခိုက်ခဲ့သည့် အခြားနတ်အဆင့်ကျင့်ကြံသူများထက် များစွာသာလွန်နေသည်။ ထို့ကြောင့် ရွှယ်ကျဲကော်တုမှာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
ထိုသို့ ပျောက်ကွယ်သွားသောအခါ ပိုင်ရှောင်ချန်းမှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် နောက်သို့ဆုတ်ခွာသွားသည်။ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်ပေါင်း စွမ်းအားကို သူ လုံးဝ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သိထားသည်မဟုတ်ပါလော။ သူ နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထိန်းချုပ်၍ မရသေးသည့်အချက်မှာလည်း အဓိကအကြောင်းအရင်းတစ်ချက် ဖြစ်နေသေးသည်။
ရွှယ်ကျဲကော်တု ပျောက်ကွယ်နေဆဲဖြစ်သည့် အချိန်ကို အခွင့်ကောင်းယူ၍ ပိုင်ရှောင်ချန်းက ထွက်ပြေးသွားပြီး မကြာမီ မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်သွားနေတော့သည်။
" အခု လိုက်ဖမ်းခံရတဲ့အရသာက ဘာလဲဆိုတာ ဒီကောင့်ကို ပြန်ပြီး မြည်းစမ်းခိုင်းရတာပေါ့ "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာ အံကြိတ်နေ၏။ သူတို့သည် သတ်ဖြတ်လိုစိတ်များတောက်ပနေသည့် မျက်ဝန်းများဖြင့် အလင်းတန်းများအသွင် ပြောင်းလဲသွားကြပြီး ပိုင်ရှောင်ချန်းနောက်သို့ လိုက်သွားကြလေရာ အရပ်မျက်နှာအနှံ့သို့ ထစ်ခြုန်းမြည်ဟည်းသံများ တလိမ့်လိမ့် ပျံ့နှံ့သွားကြတော့သည်။
အဝေးမှကြည့်လျှင် သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပေါင်းစည်းထားသည်ဟု ထင်ရပါသော်လည်း သေသေချာချာ အကဲခတ်ကြည့်လိုက်ပါက ထိုပေါင်းစည်းခြင်းလုပ်ငန်းစဥ်မှာ မပြီးဆုံးသေးကြောင်း သိနိုင်သည်။ သို့သော် သူတို့၏ လက်ရှိအဆင့်အတန်းနှင့်ပင် အလယ်ပိုင်းနတ်အဆင့်ထက် သာလွန်နေပြီဖြစ်ပြီး နှောင်းပိုင်းနတ်အဆင့်နှင့် ယှဥ်နိုင်သည့် အမြန်နှုန်းမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ပိုင်ရှောင်ချန်း ပို၍စိုးရိမ်နေသည့်အချက်မှာ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်က ဆက်လက်၍ ပေါင်းစည်းနေသည့်အချက်ဖြစ်ပြီး ထိုသို့ပေါင်းစည်းနေရာမှ ထွက်ပေါ်လာသည့် အငွေ့အသက်ထဲတွင် ပါဝင်နေသည့် စွမ်းအားကြောင့် သူ၏ဦးရေခွံမှာ ကြောက်ရွံ့မှုများကြောင့် တဆစ်ဆစ်ထုံကျဥ်လာတော့သည်။
" သက်သက်မဲ့ အနိုင်ကျင့်တာပဲ။ အကြည့်ချင်းပြိုင်တုံးကလည်း သူတို့က ငါ့ကိုအနိုင်ကျင့်ခဲ့တာ။ တိုက်ခိုက်တုံးကလည်း မနိုင်လို့ အခုအုပ်စုဖွဲ့ပြီး အနိုင်ကျင့်နေတာ။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက အနိုင်ကျင့်ဖို့လောက် သိတဲ့ကောင်တွေနဲ့ ပြည့်နေတာပဲ "
သူသည် ရင်တဒိန်းဒိန်းခုန်နေလျက် ထာဝရပြုစားခြင်းအတတ်ကို အသုံးပြုလိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။ သူ၏နောက်တွင် လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာ ဆက်လက် ပေါင်းစည်းနေပြီး သူ့ဆီသို့ တိုက်ကွက်များထုတ်လွှတ်နေသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်နေ၏။
အဝေးမှကြည့်လိုက်လျှင် ပိုင်ရှောင်ချန်းအား လျှပ်စီးတန်းပေါင်းများစွာ ဆက်တိုက်ပစ်ခတ်နေသည်ကိုမြင်နိုင်ပြီး ထွက်ပေါ်လာသည့်ပေါက်ကွဲမှုများကြောင့် သူ၏ပတ်ပတ်လည်တွင် လှိုင်းလုံးများအလား တလိပ်လိပ်ပေါ်ထွက်လာသည့် အနက်ရောင်မီးခိုးများက သူ၏အရှိန်ကို နှေးကွေးသွားစေတော့သည်။ ထို့ကြောင့် အချိန်နှင့်အမျှ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာ အနီးသို့ ပို၍ရောက်ရှိလာတော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန်စိုးရိမ်စပြုလာသဖြင့် အော်ပြောလိုက်တော့သည်။
“ အာ.... တာအိုရောင်းရင်း လျှပ်စီးတိမ်တိုက်သခင်တို့။ သိပ်လွန်လွန်ကျူးကျူး မလုပ်ကြပါနဲ့ဗျာ၊ ကောင်းပြီလား။ ကျုပ်ဆီမှာ ခင်ဗျားတို့နှစ်ယောက်အတွက် သီးသန့်စီစဥ်ထားတဲ့ ဝှက်ဖဲတစ်ချပ်ရှိသေးတယ်။ အဲဒီဝှက်ဖဲကို သုံးမိလိုက်ရင် ဖြစ်သွားမဲ့ အရာကို ကျုပ်တောင်မှ ကြောက်တယ်နော် "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်မှာမူ အေးစက်စက်နှာမှုတ်၍ တဟုန်းဟုန်း တောက်လောင်နေသည့် သတ်ဖြတ်လိုစိတ်များဖြင့် အနီးသို့ ရောက်ချလာတော့သည်။ ပိုင်ရှောင်ချန်းမှု လျှပ်စီးတိုက်ကွက်များကို ရှောင်တိမ်းရန် တောင်ဖြိုသိုင်းကိုသုံးလိုက်၍ မှုန်ဝါးသွားပြီး ထာဝရပြုစားခြင်းအတတ်ကိုသုံးကာ အရှိန်တင်လိုက်ပြန်သည်။
သို့သော်လည်း သူ၏စိုးရိမ်ထိတ်လန့်မှုများမှာ ကြီးထွားလာဆဲပင်။ စောစောက ရွှယ်ကျဲကော်တုအား သူ ထုတ်သုံးခဲ့စဥ်က လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်သာ အပြီးတိုင်ပေါင်းစည်းသွားခဲ့လျှင် မည်မျှပင် အံ့သြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသွားနိုင်သည်ကို သူ အထင်အရှား သိမြင်ခဲ့ပြီးဖြစ်သည်။ ယခုတွင် သူ၏မျက်စိရှေ့မှာတင် ထိုအတိုင်း ဖြစ်နေပြီလည်းဖြစ်သည်။
" ဒီလို ဆက်သွားလို့မဖြစ်ဘူး။ သူတို့နှစ်ယောက် ပေါင်းစည်းနေတာကို ရပ်တန့်မှရမယ်။ သောက်ကျိုးနည်းကွာ၊ လူတစ်ယောက်ကို နှစ်ပိုင်းခွဲဖို့ ဘာအတတ်ကိုငါသုံးရမလဲ။ သူတို့မပေါင်းစည်းနိုင်အောင် တားဆီးရမှာ၊ သူတို့ကို ခွဲရမှာ....ဟေးးး "
ထိုသို့အသက်တမျှ အရေးကြီးသောအခိုက်အတန့်တွင် သူ၏အတွေးထဲမှာ အကြံတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
" ခွဲရမှာ ဆိုတော့ကားး "
သူက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ ထွက်ပြေးနေသည့် အရှိန်ကို လျော့မသွားစေဘဲ သံယောဇဥ်မဲ့ဆေးလုံးတစ်လုံးကို လျှို့ဝှက်စွာ ထုတ်ယူလိုက်ပြီး တချိန်ထဲမှာပင် သူ၏ လွန်းပျံလေးကိုလည်း ထုတ်လိုက်တော့သည်။ လျှို့ဝှက်မှော်အတတ်တစ်ခုကိုသုံး၍ ဆေးလုံးအား လွန်းပျံအတွင်း သိုဝှက်လိုက်ပြီးနောက် ၎င်းအား လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်ထံသို့ ပစ်လွှတ်လိုက်တော့သည်။
" အီးးးး တာအိုရောင်းရင်း လျှပ်စီးတိမ်တိုက်သခင်တို့။ အဲဒါ ခင်ဗျားတို့ရဲ့ လွန်းပျံမလား။ အီးယား၊ ကျုပ်က အဲဒါကို မထင်မှတ်ပဲ ကောက်ရခဲ့တာဗျ။ အဲဒီအငွေ့အသက်အရဆိုရင် အဲဒါက ခင်ဗျားတို့ရဲ့ ပစ္စည်းပဲဆိုတာ ကျုပ်သေချာတယ်။ ထားပါ အခု ပြန်ယူသွားတော့ "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်စလုံးမှာ သူ၏စကားများကြောင့် အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။
ယခင်က အလွန် အထက်စီးဆန်ပြီး သူတစ်ပါးအား အထင်သေးသော အမူအရာဖြင့် ပြုမူခဲ့သည့် ပိုင်ရှောင်ချန်းမှာ ယခုကဲ့သို့ စကားများဆိုနေလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားကြပေ။
သို့သော် သူတို့မှာ အံ့အားသင့်နေရုံမှတစ်ပါး အခြားမည်သည့်အရာမှ မလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။
“ ပေါက်ကွဲစေ "
ထိုအခါ လွန်းပျံလေးမှာ ပေါက်ကွဲသွားပြီး ထွက်ပေါ်လာသည့် တုန်ခါလှိုင်းကြီးက လျှပ်စီးတိမ်တိုက်သခင် နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားတော့သည်။
ထိုပေါက်ကွဲမှုကြောင့် သံယောဇဥ်မဲ့ဆေးလုံးမှာလည်း ပွင့်ထွက်သွားပြီး အနက်ရောင်မြူခိုးများက အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းသည် ထိုပေါက်ကွဲမှု၏ ရလဒ်ကိုပင် လှည့်ကြည့်မနေပဲ အရှိန်သာတင်လိုက်သည်။ ထိုအခါ ခရမ်းရောင်လျှပ်စီးတန်းတစ်တန်းက အနက်ရောင်မြူခိုးနှင့် လွန်းပျံ အစအနများကြားမှ ဖောက်ထွက်လာသည်။
ထိုလျှပ်စီးတန်းမှာ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်ဖြစ်ပြီး သူတို့၏အမူအရာများမှာ အကျည်းတန်နေကာ သတ်ဖြတ်လိုစိတ်များမှာလည်း ဆူပွက်နေကြတော့သည်။
" အဆိပ်ဆေးလုံးတစ်လုံးကို ဝှက်ထားတယ်ဟုတ်လား။ အဲဒီလိုမျိုး အမှိုက်သရိုက်တွေက ငါတို့ကိုထိခိုက်နိုင်မယ်လို့ မင်းကထင်နေတာလား။ ငါတို့ပေါင်းစည်းထားပြီဆိုရင် ဘာအဆိပ်မှ မတိုးဘူးကွ "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်စလုံးက တချိန်ထဲ ကြိမ်းဝါးလိုက်သဖြင့် သူတို့၏အသံက ကိုးရိုးကားယားနှင့် ပေါင်းစည်းသွား၏။ ထိုအချိန်တွင် ထိုအသံထဲ၌ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၏ လက်ရှိအခြေအနေနှင့်ပတ်သတ်သည့် အချက်အလက်အချို့ကို သိရှိနိုင်သည့် ဝိညာဥ်အငွေ့အသက်များ ပါရှိနေသည်ကို ပိုင်ရှောင်ချန်းက သိလိုက်ရသည်။ သူတို့နှစ်ယောက်မှာ အပြီးတိုင်ပေါင်းစည်းခြင်း မရှိသေးသည်မှာ အသေအချာပင်ဖြစ်ပြီး ထိုလုပ်ငန်းစဥ် အောင်မြင်စွာပြီးဆုံးနိုင်ရန်အတွက် အချိန်လိုသေးသည်သာဖြစ်သည်။
" သံယောဇဥ်မဲ့ဆေးလုံးက အလုပ်မဖြစ်ဘူးလား " သူက စိတ်ပျက်လက်ပျက် တွေးလိုက်သည်။
“ မဟုတ်မှလွဲရော အမျိုးသားနဲ့ အမျိုးသမီးကြားမှာမှ အဲဒီဆေးလုံးက အလုပ်ဖြစ်တာလား။ ဒါမှမဟုတ် ဆေးပမာဏများ နည်းနေလို့လား "
သူသည် ပြန်လှည့်၍တိုက်ခိုက်ရန် တွေးလိုက်ပါသော်လည်း လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်တွင် သူတို့၏ တစ်ဝက်တစ်ပျက်သာပေါင်းစည်းနိုင်သေးသည့် အခြေအနေကြောင့် အားနည်းချက်ကြီး တစ်ခုခုရှိနေပါက သူ့အား အင်တိုက်အားတိုက် လိုက်ဖမ်းနေမည်မဟုတ်ကြောင်း တွေးလိုက်မိတော့သည်။
" ငါ့ကို လှည့်စားဖို့ ကြံနေတာပဲဖြစ်ရမယ် "
သူက တွေးလိုက်၏။ ထို့နောက် သူက စွန့်စားရန် ဆန္ဒမရှိသဖြင့် အံကြိတ်၍ ရှေ့သို့ဆက်၍ ပျံသန်းလိုက်တော့သည်။
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်က မျက်မှောင်ကြုတ်၍ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ အပြုအမူများမှာ ထူးဆန်းနေသည်ဟု သူတို့ တွေးမိနေတော့သည်။ သူတို့ တွေးထားသည်မှာ သူတို့၏ပေါင်းစည်းခြင်း လုပ်ငန်းစဥ် မပြီးသေးသည့်အချက်ကြောင့် ပိုင်ရှောင်ချန်းက နောက်သို့လှည့်၍ သူတို့အားပြန်၍တိုက်ခိုက်လိမ့်မည်ဟု ယူဆထားကြခြင်းဖြစ်သည်။ အမှန်မှာ သူတို့သည် ဤပေါင်းစည်းမှုကြီးကို မည်သည့်အချိန်တွင်မဆို အပြီးသတ်နိုင်စွမ်း ရှိနေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ သူတို့၏ပေါင်းစည်းထားသော အသွင်သဏ္ဍာန်က အချိန်တိုလေးတစ်ခုသာ ခံနိုင်သည့် အချက်ဖြစ်သည်။ ထို့ကြောင့် သူတို့က အပြီးတိုင် မပေါင်းစည်းခင် အနီးကပ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာစေရန် မျှော်လင့်နေကြခြင်းဖြစ်သည်။
" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင် ဘယ်လောက် ဉာဏ်ကောင်းကောင်း မထူးပါဘူး။ ဒီကောင် မလွဲမသေ သေကိုသေရမယ်။ "
လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်က အေးစက်စက် နှာမှုတ်လိုက်ပြီး အရှိန်တင်၍ အကွာအဝေးအား လျှော့ချလိုက်သည်။
သို့ဖြစ်၍ စိန်ပြေးတမ်း ကစားပွဲကြီး စတင်သွားတော့သည်။
နေ့အချိန်များကုန်ဆုံးသွားပြီး ညအချိန်သို့ရောက်သွားသည်။ ပိုင်ရှောင်ချန်းမှာ အင်အားကြီးသော အပြင်ခန္ဓာကိုယ်တစ်ခုနှင့် အံ့သြဖွယ်ကောင်းသော အားအင်ပြန်လည်ဖြည့်တင်းနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်သူသည် အရှိန်ကို မလျော့ကျသွားစေရန် ကြာမြင့်စွာ ထိန်းထားနိုင်၏။ ရံခါဖန်ခါ သူက သံယောဇဥ်မဲ့ဆေးလုံးများကို ထုတ်၍ လှမ်းပစ်နေပါသော်လည်း လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်ကိုမူ တည့်မတ်စွာထိမှန်ရန်မှာ မဖြစ်နိုင်ပေ။
" အမယ်လေး။ ငါ့သံယောဇဥ်မဲ့ဆေးလုံးတွေ အလုပ်မဖြစ်နိုင်ဘူးဆိုတာ ငါမယုံဘူးကွာ "
သူသည် အရှုံးမပေးလိုသေးသဖြင့် ဆေးလုံးများကိုဆက်၍ ပစ်ပေါက်နေတော့သည်။