တစ်ယောက်အတွက် တစ်ယောက် ဖြစ်တည်လာတာ မဟုတ်ဘူး
Vol. 10 Ch. 940
" ဒီလောက်ပြေးပြီးတာတောင် သူ့မှာ စွမ်းအားကျန်သေးတယ်လား "
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နှစ်ယောက်လုံး ပိုင်ရှောင်ချန်းထွက်ပြေးနေသည့် မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားကြသည်။
" ငါတို့ အချိန်ထပ်ဆွဲနေလို့ မရတော့ဘူး"
သူတို့က သက်ပြင်းချလိုက်ကာ လက်ရှိအချိန်သည် သူတို့၏ခန္ဓာကိုယ်နှစ်ခြမ်းအား ပေါင်းစည်းခြင်းအဆုံးသတ်ရန် အချိန်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်၏။ ထိုအခိုက်အတန့်တွင် သူတို့၏မျက်နှာအမူအရာများသည်လည်း ဝင်းပသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းသည်လည်း သူတို့နည်းတူ အာရုံရလိုက်သည်။ သူက အသက်ကိုမနည်းရှူလျက် နောက်လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံ၌ အနက်ရောင်မြူပေါင်းများစွာ ဝိုင်းရံနေ၍ မျက်နှာသွင်ပြင်အား ပုံဖော်ရန် ခက်ခဲသော ဧရာမမျက်နှာကြီးတစ်ခု ဖြစ်တည်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် ၄င်းက အန္တရာယ်ပြုမည့်အသွင်ဖြင့် အခြားနတ်အဆင့်ကျင့်ကြံသူသုံးဦးအား ကြည့်လိုက်သည်။
" နှစ်တစ်ထောင်သရဲသခင် " လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က အထိတ်တလန့်ပြောလိုက်၏။ သို့သော် သူတို့က ပိုင်ရှောင်ချန်းနောက်လိုက်နေခြင်းအား အရှိန်မလျှော့ပေ။
ထိုအသစ်ရောက်ရှိလာသော နတ်အဆင့်ကျင့်ကြံသူသည် လွင်ပြင်ကျယ်ကြီးထဲတွင် တောင်ပိုင်းသားကျင့်ကြံသူများအား ရှာဖွေနေသည့် နှစ်တစ်ထောင်သရဲသခင်မှလွဲ၍ တခြားမဟုတ်ပေ။ တိုက်ပွဲအခိုးအငွေ့များကို သတိထားမိပြီးနောက် သူက ဖြစ်နေသည့်အရာများအား ကြည့်ရှုရန် သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။
ယခုတွင် သူသည် အခြေအနေကို သိရှိပြီဖြစ်၍ သူကိစ္စသူ ဆက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့အတွက် ရှင်းကုံကျစ်တာအိုဂိုဏ်းနှင့် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအကြားက ပဋိပက္ခသည် သူနှင့် မည်သို့မှမသက်ဆိုင်ချေ။ သူ၏မျက်နှာကြီးက ပေါ်လာပြီးသည်နှင့် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်လာတော့သည်။
နှစ်တစ်ထောင်သရဲသခင် ထွက်ခွာသွား၍ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်တို့နှစ်ယောက်မှာ စိတ်သက်သာရကာ သက်ပြင်းချလိုက်၏။ နှစ်တစ်ထောင်သရဲသခင်သာ ကြားဝင်နှောင့်ယှက်လျှင် သူတို့အတွက် ပိုင်ရှောင်ချန်းဆီရောက်ရန် မလွယ်ကူေတာ့သည် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများဝင်းပလာပြီး သူက အော်လိုက်သည်။
" ခဏနေပါဦး တာအိုရောင်ရင်း နှစ်တစ်ထောင်သရဲသခင်။ တောင်ပိုင်းက စွန်းဝူလို့ခေါ်တဲ့ လက်ရွေးစင်တစ်ယောက် ရှိတယ်မလား "
နှစ်တစ်ထောင်သရဲသခင်သည် ထိုစကားကြားသောအခါ တုံ့ခနဲရပ်သွား၏။ ထို့နောက် သူ့မျက်နှာကြီး၏ မျက်လုံးကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်သောအလင်းများ တောက်ပသွားကာ ပိုင်ရှောင်ချန်းကို ထပ်မံလှည့်ကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းက ချက်ချင်းပင် သူ၏အိတ်ကိုပုတ်ကာ စွန်းဝူ၊ ဖက်တီးကျန်းကြီးနှင့် စုန့်ချွဲတို့အား အပြင်ထုတ်လိုက်သည်။
" တာအိုရောင်ရင်း နှစ်တစ်ထောင်သရဲသခင်ရေ။ ခင်ဗျားရဲ့ ဂိုဏ်းသားစွန်းဝူ ဒုက္ခအကြီးအကျယ်ရောက်နေလို့ ကျုပ်ကယ်ခဲ့တယ်။ အဲဒီတော့ အဏ္ဏဝါနဝါးဝိညာဥ်ဂိုဏ်းက ကျုပ်အပေါ် အကြွေးတင်သွားပြီမလား "
နှစ်တစ်ထောင်သရဲသခင် တုန်လှုပ်သွား၏။ စွန်းဝူသည် တောင်ပိုင်းမှ လက်ရွေးစင်တစ်ယောက် ဖြစ်ပြီး ပိုင်ရှောင်ချန်းသာ သူ့ကို ကယ်ခဲ့လျှင် တောင်ပိုင်းသည် အမှန်တကယ် သူ့အပေါ်အကြွေးတင်နေပေသည်။
တခြားအချိန်ဆိုလျှင် နှစ်တစ်ထောင်သရဲသခင်က ခေါင်းညိတ်သဘောတူလိုက်မည်ဖြစ်သည်။ သို့သော် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က ပေါင်းစည်းတော့မည်ကို သူမြင်လိုက်ရသည်။ ပိုင်ရှောင်ချန်းက အားနည်းနေသည်ကို ထည့်တွက်လိုက်လျှင် သူတို့နှစ်ယောက် ပေါင်းတိုက်သည့်တိုင် လျှပ်စီးတိမ်တိုက်သခင်အတွက် ပြိုင်ဘက်တစ်ယောက် ဖြစ်ဦးမည် မဟုတ်ပေ။
ထို့ကြောင့် သူက တွေဝေတွန့်ဆုတ်သွား၏။
ထိုအခိုက်အတန့်တွင် လျှပ်စီးတိမ်တိုက်သခင် အမြွှာညီနောင် မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်ကြသည်။
“ နှစ်တစ်ထောင်သရဲသခင်၊ ဒါက ကျုပ်တို့နဲ့ ပိုင်ရှောင်ချန်းကြားက ကိုယ်ရေးကိုယ်တာ ကိစ္စ။ ကျေးဇူးပြုပြီး ဝင်မစွက်ဖက်ပါနဲ့။ ဒီကိစ္စအားလုံးပြီးရင် ကျုပ်တို့ ခင်ဗျားကို အံ့သြစရာကောင်းတဲ့ လက်ဆောင်တစ်ခုပေးပါ့မယ်"
ထိုစကားကြောင့် နှစ်တစ်ထောင်သရဲသခင်၏ မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားခြင်းများဖြင့် တောက်ပသွား၏။ သူက ညာလက်ကို ဝှေ့ယမ်း၍ ဖက်တီးကျန်းကြီး၊ စုန့်ချွဲနှင့်တကွ စွန်းဝူအား ဆွဲခေါ်လိုက်သည်။ တချိန်တည်းမှာပင် မကောင်းဆိုးဝါးသရဲကြီးအလား ထူးခြားဆန်းကြယ်ကာ လျှို့ဝှက်နက်နဲသော သူ၏အသံဩဩကြီး ပဲ့တင်ထပ်လာတော့သည်။
" တာအိုရောင်ရင်းပိုင်။ မင်းက စွန်းဝူကို ကယ်ခဲ့တဲ့အတွက် ကျုပ် အကြွေးချေတဲ့အနေနဲ့ မင်းရဲ့ဂိုဏ်းသားနှစ်ယောက်ကို ကျုပ်ကယ်မယ်။ တကယ်တော့ ကျုပ်သူတို့ကို ကယ်ရုံတင်မကဘူး။ ဒီနတ်မီးလျှံစမ်းသပ်ပွဲကနေ အန္တရာယ်ကင်းကင်းထွက်သွားနိုင်အောင် လုပ်ပေးမယ် "
ပိုင်ရှောင်ချန်းက ခါးခါးသီးသီးပြုံးလိုက်သည်။ သို့သော် နှစ်တစ်ထောင်သရဲသခင်သည် ကောင်းမွန်သော အကြောင်းအရင်းမဟုတ်ပါဘဲ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း သူ သိလိုက်လေပြီ။ ထို့ပြင် ဖက်တီးကျန်းကြီးနှင့် စုန့်ချွဲအား ကယ်တင်ရန် ကမ်းလှမ်းခြင်းက ပိုင်ရှောင်ချန်းကို အနည်းငယ်စိတ်ပေါ့သွားစေသည်။ သူက အင်္ကျီလက်စကို ခါယမ်း၍ ဖက်တီးကျန်းကြီးနှင့်စုန့်ချွဲကို ရှင်းပြချက်စာတစ်စောင် အလျင်အမြန်ပေးပို့လိုက်သည်။
ထိုနည်းအားဖြင့် အဆင့်နိမ့်ဂိုဏ်းသားသုံးဦးလုံးကို နှစ်တစ်ထောင်သရဲသခင်က ရုတ်ခြည်း ခေါ်ဆောင်သွားတော့သည်။
နှစ်တစ်ထောင်သရဲသခင်က ခဏလေးအတွင်း ခပ်ဝေးဝေးရောက်သွားသည်။ ထိုအချိန်တွင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ မျက်လုံးများမှာ အေးစက်သော အလင်းများဖြင့် တောက်ပသွားပြီး သူတို့၏ ပေါင်းစည်းခြင်းလုပ်ငန်းကို ဆက်လုပ်လိုက်ကြသည်။
ကိုယ်နှစ်ပိုင်း၏ ခြောက်ကပ်သောအခြမ်းများသည် အတူတကွပေါင်းစပ်သွားပြီး အချိန်တိုလေးအတွင်း လူတစ်ယောက်တည်းဖြစ်သွားလေပြီ။
ထိုအခိုက်အတန့်တွင် ပြင်းထန်သော စွမ်းအားကြီးတစ်ခု အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားရာ အံ့သြတုန်လှုပ်ဖွယ် လေမုန်တိုင်းကြီး ဖြစ်တည်လာတော့သည်။
မီတာ၃၀၀၀ အကျယ် လေဆင်နှာမောင်းကြီးသည် ကောင်းကင်နှင့်ပထဝီမြေကြီးအား ဖျက်စီးပစ်လိုက်ပြီး ၄င်း၏ အလယ်ဗဟိုတွင် အင်မော်တယ်မိစ္ဆာတစ်ကောင်အလား အရပ်မြင့်မြင့် သန်မာထွားကြိုင်းသော လူတစ်ယောက် ပေါ်လာလေသည်။
ထိုလူ၏ဆံပင်များသည် တလွင့်လွင့်ဖြစ်နေပြီး သူ၏မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေ၏။ ယခုအခါ ထိုလူကိုကြည့်ရသည်မှာ အရိုင်းဆန်ပြီး အော်ဂလီဆန်ရလောက်အောင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။
လေထုကြီးမှာ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် ဖိအာများကို မခံနိုင်သည့်အလား အက်ကြောင်းများ ထလာတော့သည်။ သူ၏လက် ဝှေ့ယမ်းလိုက်သည်ကပင် ထစ်ခြုန်းမြည်ဟည်းသွားစေမည်ဖြစ်ပြီး သူ၏စိတ်ဆန္ဒက ပိုင်ရှောင်ချန်း၏ စိတ်ဆန္ဒအား မောင်းထုတ်ဖယ်ရှားနေပြီ ဖြစ်သည်။
သူကား သန်မာသည်။
လက်ဖျားခါရလောက်အောင် အလွန်တရာ သန်မာလှပေသည်။
ပိုင်ရှောင်ချန်းသည် ပေါင်းစည်းထားသော လျှပ်စီးတိမ်တိုက်သခင်၏ ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းနတ်အဆင့်ထက် သာလွန်ကြောင်း သိသိသာသာ အာရုံရလိုက်၏။ ၄င်းက နှောင်းပိုင်းဒေသမှာ ရှိနေပြီး အမှန်တကယ်ဆိုရလျှင် မဟာစက်ဝန်းနှင့် အလွန်နီးကပ်နေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကာ နောက်ဆုတ်သွားလေသည်။ သို့သော် ထိုအချိန်တွင် ပေါင်းစည်းထားသော လျှပ်စီးတိမ်တိုက်သခင်က လှောင်ပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက် သူက ရှေ့တစ်လှမ်းတိုးလိုက်သည်။ ထိုခြေလှမ်းက အကွာအဝေးအား ကွေးညွှတ်သွားစေဟန်တူကာ ပိုင်ရှောင်ချန်း၏ဘေးတည့်တည့်သို့ ချက်ချင်းရောက်ရှိသွား၏။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုပုံမှန်လှုပ်ရှားမှုလေးက အနက်ရောင်လျှပ်စီးမီးပွင့်တစ်ပွင့်အသွင်ဖြင့် ကြောက်မက်ဖွယ် ဖျက်စီးခြင်းစွမ်းအားများ ထုတ်လွှတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ ထိတ်လန့်တုန်လှုပ်သွားကာ သူ၏ဦးခေါင်းခွံ ထုံကျဥ်လာပြီး သူ၏ အသွေးအသားများအားလုံး အော်ဟစ်နေဟန်တူသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ အကာအကွယ်စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။
ဝုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းသွားကာ သူ၏ပါးစပ်မှ သွေးများစီးကျလာပြီး ကြိုးဖြတ်ခံလိုက်ရသည့်စွန်အလား လွင့်ထွက်သွားသည်။ သူသည် မီတာ ၃၀၀၀ကျော် ပျံထွက်သွားပြီးနောက်မှ ရပ်တန့်နိုင်လိုက်၏။
" ဒီလူက ခန္ဓာကိုယ်နှစ်ခြမ်း ပေါင်းစည်းပြီးတဲ့နောက် ဒီလောက်အင်အားကြီးလာလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး "
ပိုင်ရှောင်ချန်းက တွေးလိုက်၏။ သူ၏ လက်ဖျားခါလောက်သော အပြင်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် သူသည် အပိုင်းပိုင်းပြတ်ထွက်နေပေမည်။ ရုတ်တရက် သူက ကာမအားတိုးဆေးမဟုတ်ဘဲ သံယောဇဥ်မဲ့ ဆေးလုံးများကို အသုံးပြုရန်သာ ကြိုးစားခဲ့ခြင်းက ကောင်းသောလုပ်ရပ်တစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ကာမအားတိုးဆေးသာဆိုလျှင် များစွာပို၍ အန္တရာယ်များမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ဖြောင့်ဖြောင့်ပင် မရပ်နိုင်ခင် ဆောင်းလေတမျှ ခြောက်ကပ်အေးစက်သော လျှပ်စီးတိမ်တိုက်သခင်၏ အသံကြီး ပဲ့တင်ထပ်လာ၏။
" မင်း ဒီနေ့ သေရမယ် ငါမပြောဘူးလား။ အဲဒီတော့ မနက်ဖြန်ရဲ့အလင်းကို မြင်ဖို့ အခွင့်အရေးတစ်ခုတောင် မင်း ရမှာမဟုတ်ဘူး "
ထို့နောက် လျှပ်စီးတိမ်တိုက်သခင်က နောက်တစ်လှမ်းတိုးလိုက်ပြီး နောက်ထပ်တိုက်ကွက်ကို ထုတ်တော့မည်ဆဲဆဲ....
ရုတ်တရက် မျက်နှာပျက်သွားပြီး သူ၏ပါးစပ်မှ ဒုတိယမြောက်အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
" အစ်ကိုကြီး ငါတို့နှစ်ယောက်က တစ်ယောက်အတွက် တစ်ယောက်ဖြစ်တယ်လို့ ငါ မထင်ဘူး။ ငါတို့ အတင်းအကြပ် ပူးကပ်နေရင် ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး "
လျှပ်စီးတိမ်တိုက်သခင်၏ ပြီးပြည့်စုံစွာပေါင်းစပ်ထားသော ခန္ဓာကိုယ်တစ်ခုလုံး တွန့်ခနဲဖြစ်သွား၏။ မမျှော်လင့်ဘဲ သူ၏ဒုတိယအသွင် ရုတ်တရက်ပေါ်လာသည်။ ကြည့်ရသရွေ့ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ အငယ်ကား ပူးပေါင်းလိုစိတ်ရှိပုံမရပေ။
ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များက လျှပ်စီးတိမ်တိုက်သခင်၏မျက်နှာကို ဖုံးလွှမ်းသွား၏။
" ဘာတွေ ဖြစ်နေတာလဲ "
လျှပ်စီးတိမ်တိုက်သခင်အတွက် ထိုကဲ့သို့အခြင်းအရာမျိုး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ သူ၏ခန္ဓာကိုယ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက် ငြင်းဆန်နေသည့် မတူညီသောစိတ်နှစ်မျိုးဖြစ်နေသည့်အလား။ သူ၏အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်လာပြီး အချိန်မရွေ့ပျက်စီးတော့မည့်ပုံပေါက်နေတော့သည်။ ပို၍ဆိုးသည်က သူ၏ဘယ်ဖက်လက်က ညာလက်ကို ရုန်းကန်လာသည်။
ပိုင်ရှောင်ချန်းမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ သူ၏ရင်ထဲကျန်ရှိနေသေးသည့် ပြင်းထန်လှသောအကြောက်တရားကြောင့်သာမဟုတ်လျှင် ခုန်ပေါက်ကနေမည် ဖြစ်သည်။
" နောက်ဆုံးတော့ သံယောဇဥ်မဲ့ ဆေးလုံးတွေ အလုပ်ဖြစ်ပြီကွ "
လျှပ်စီးတိမ်တိုက်သခင်က ကွဲလာချိန် ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်ရာ သူ၏နောက်တွင် ဧရာမအရိပ်သဏ္ဍာန်ပုံရိပ်ကြီးပေါ်လာ၏။
ထိုပုံရိပ်က တော်ဝင်သရဖူနှင့် နန်းဝတ်နန်းစားများဝတ်ဆင်ထားပြီး သြဇာအကြီးဆုံးအငွေ့အသက်များ ထုတ်လွှတ်နေသည်။ ပိုင်ရှောင်ချန်းက လက်သီးဆုပ်လိုက်သည့်အတွက် တွင်းနက်ကြီးတစ်ခုပေါ်လာပြီး သူ၏သက်စောင့်အားများအားလုံးကို စုပ်ယူသွားရာ လူသေကောင်ပုံပေါက်သွားတော့သည်။
သို့သော် သူ၏လက်သီးထံမှ တလိပ်လိပ်ထွက်ပေါ်နေသည့် ပြင်းထန်သော အခိုးအငွေ့များအတွင်းရှိ ဖျက်စီးခြင်းစွမ်းအားများေကြာင့် လေထုကြီး ပုံပျက်သွားသည်။ လက်သီးကြီးပေါ်ပေါက်လာသဖြင့် လွင်ပြင်ပေါ်တွင် လှိုင်းဂယက်များ ပျံ့နှံ့လာပြီး မြက်ပင်များ ပြားပြားဝပ်သွားတော့သည်။
ထာဝရဧကရာဇ်လက်သီး။
ငါးဆစွမ်းအား။
ပိုင်ရှောင်ချန်းသည် သူ၏နောက်ရှိ အရိပ်ဧကရာဇ်ကြီးက သူ၏လက်သီးဖြင့် ပေါင်းစည်းသွားသည့်အတွက် မယုံကြည်နိုင်ဖွယ်စွမ်းအားများဖြင့် တဟုန်းဟုန်းတောက်လာပြီးနောက် လျှပ်စီးတိမ်တိုက်သခင်ထံ ပစ်သွင်းလိုက်၏။
ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် လျှပ်စီးတိမ်တိုက်သခင်မှာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်နှစ်ခုက ရုန်းကန်နေစဥ် ပိုင်ရှောင်ချန်း၏လက်သီးချက်ကြီးက ချဥ်းကပ်လာ၏။ စောစောက သူ အသာစီးရခဲ့သမျှ ယခုတွင် ပျောက်ကွယ်သွားပြီး အလွန်လျင်မြန်စွာ ဖြစ်ပျက်လာခဲ့သည့်အတွက် မည်သို့တုံ့ပြန်ရမည်ကို စဥ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။
သို့သော် သူသည် တိုက်ပွဲအတွေ့အကြုံရင့်ကျက်နေသူဖြစ်၍ သတိလွတ်မသွားချေ။ မီးတောက်တစ်ခုမှ လာသည့်အလား တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် လျှပ်စီးတိမ်တိုက်သခင်က သံယောဇဥ်မဲ့ ဆေးလုံးများ၏ သက်ရောက်မှုကို ယာယီပပျောက်စေရန် သူ၏အသက်ရှည်ခြင်းအား လောင်ကျွမ်းစေလိုက်သဖြင့် ဆံပင်များ ဖြူဆွတ်သွားတော့သည်။
" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ ဆဌမမြောက်အသွင်ပြောင်းလဲခြင်း "
" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ သတ္တမမြောက်အသွင်ပြောင်းလဲခြင်း"
" လျှပ်စီးတိမ်တိုက်ဘိုးအေ၊ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း"
လျှပ်စီးတိမ်တိုက်သခင်၏ စွမ်းအားက ကောင်းကင်တုန်လှုပ်၍ မြေပြင်တို့အက်ကွဲသွားစေလျက် ရုတ်တရက် ပေါ်ထွက်လာ၏။ သူသည် လူသားမျိုးနွယ်အားလုံး၏ ဘိုးဘေးဘီဘင်အလား အရိုင်းဆန်သော အငွေ့အသက်များ ထုတ်လွှတ်လျက် မီတာ ၂၄၀ အမြင့်တိုင်အောင် လျင်မြန်စွာ ကြီးထွားလာသည်။
သူက ရင်အုပ်ကျယ်ပြီး တုတ်ခိုင်ထွားကြိုင်းကာ သူ၏ဆံပင်များက ရှုပ်ပွနေပြီး သူ၏မျက်လုံးများမှာ ရူးသွပ်မှုများဖြင့် တောက်ပနေသည်။ ကောင်းကင်ကြီး တုန်ခါသွားပြီး သူ၏ပတ်လည်ရှိ လွင်ပြင်ကျယ်ကြီးမှာ ငလျင်လှုပ်ခတ်သွားသည်။ ထိုအခိုက်အတန့်တွင် သူသည် ကောင်းကင်စိတ်ဆန္ဒကို ကျော်လွန်သွားပြီဖြစ်၍ မှော်နိယာမ၏ ပြယုဂ်ဖြစ်သွားလေသည်။
" ဖျက်စီးစေ "
သူက မိုးကြိုးပစ်လိုက်သည့်အလား အက်ကွဲသံကြီးဖြင့် အော်ဟစ်လိုက်သည်။