အချစ်စကား ဆိုရာဝယ်
Vol. 10 Ch. 941
ကောင်းကင်ကြီးက ကမ္ဘာမြေကြီးနှင့် တိုက်မိသွားသည့်အလားပင်။ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးက ကမ္ဘာမြေကို ဖျက်စီးပစ်နိုင်သော ကြယ်ကြီးတစ်စင်းအလား အပြင်အားငါးဆကို ထုတ်လွှတ်နေလျက် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
လျှပ်စီးတိမ်တိုက်သခင်၏ဘိုးအေအသွင်ပြောင်းလဲခြင်းက လူတစ်ယောက်၏ အခြေခံ ခန္ဓာကိုယ်တည်ဆောက်ပုံကို ပြောင်းလဲစေနိုင်သည့် အထွတ်အထိပ်အဆင့် နတ်ဘုရားစွမ်းရည်တမျိုးဖြစ်သည်။
လူသားမျိုးနွယ်အားလုံး၏ ဘိုးဘေးကား ကောင်းကင်တံတားဒေသရှိ လူတိုင်း၏ ဒဏ္ဍာရီလာဘိုးဘေးကြီးမှလွဲ၍ တခြားမဟုတ်ပေ။ အမှန်ဆိုရလျှင် ဤကျင့်စဥ်ဖြင့်ဖန်တီးထားသည့် ဘိုးဘေး၏ ကိုယ်ခန္ဓာက တကယ့်ဘိုးဘေးကြီးကို မည်သည့်နည်းနှင့်မျှ မယှဥ်နိုင်ချေ။ သို့စေကာမူ ထိုဘိုးဘေးကြီး၏ ခွန်အား တံတွေးစက်တစ်စက်စာသည်ပင် လျှပ်စီးတိမ်တိုက်သခင်အား သူ၏လမ်းတလျှောက်ရှိ အရာအားလုံးကို ချေမှုန်းပစ်နိုင်သည့် စွမ်းရည်ကို ပေးစွမ်းနိုင်၏။
ကြယ်ပျံကြီးနှင့် လျှပ်စီးများ တစ်ခုနှင့်တစ်ခု ဝင်တိုက်လိုက်သည့်အခါဝယ် ဝုန်းခနဲ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားတော့သည်။
ဧရာမတုန်ခါလှိုင်းလုံးကြီးက လွင်ပြင်ကျယ်ကိုဖြတ်သန်းသွားပြီး ၄င်းနှင့်ထိလိုက်သည့် အပင်နှင့်တိရစ္ဆာန်များအားလုံး ပျက်စီးသွားလေသည်။
မြက်ပင်များအောက်တွင် ပုန်းကွယ်နေကြသည့် သက်ရှိများစွာသည်လည်း ပြာကျသွားတော့သည်။
နတ်မီးလျှံစမ်းသပ်ပွဲအတွင်းရှိ ကျင့်ကြံသူပေါင်းများစွာလည်း ဖြစ်ပျက်နေသည်များအား သတိပြုမိလိုက်ကြသည်။
" ဘာတွေ ဖြစ်နေတာလဲ "
" ဘုရား ဘုရား၊ ဒီအငွေ့အသက်တွေကိုကြည့်ရတာ နတ်အဆင့်ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား။ ဒါပေမဲ့ နတ်အဆင့်ကျင့်ကြံသူတွေ တိုက်ခိုက်ရင်တောင်မှ အဲဒီလို အငွေ့အသက်တွေ မဖြစ်စေနိုင်ပါဘူး "
လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်သွားကြ၏။ နှစ်တစ်ထောင်သရဲသခင်မှာမူ ရုတ်တရက် တုံ့ခနဲရပ်လိုက်ပြီး စောစောက သူ ထွက်ခွာလာခဲ့သည့် စစ်မြေပြင်ရှိရာအရပ်သို့ လှည့်ကြည့်လိုက်သည်။
" လျှပ်စီးတိမ်တိုက်သခင်က အစွမ်းထက်တယ်။ လူတိုင်း အဲဒါကို သိကြတာပဲ။ ဒါပေမဲ့ ပိုင်ရှောင်ချန်းက ပြန်တိုက်ခိုက်နိုင်ပြီး ဒီလိုအငွေ့အသက်တွေ ထုတ်လွှတ်နိုင်တယ်ဆိုတာ ငါမယုံနိုင်ဘူး "
သူ၏မျက်လုံးများထဲတွင် တွေးဆနေသော အရိပ်အယောင်များ ရုတ်တရက်ပေါ်လာ၏။
ထိုအချိန်တွင် တောအုပ်နှင့် လွင်ပြင်ကျယ်ကြား နယ်စပ်အနီးနားတစ်နေရာတွင် တုလင်ဖေးနှင့် ထိုထူးဆန်းသော ကောင်လေးသည် သူတို့၏အဖွဲ့နှင့်အတူတကွ ခရီးနှင်နေ၏။
သူတို့သည် သဲကန္တာရ၊ နွံအိုင်နှင့် တောအုပ်များထဲ ရှာဖွေလေ့လာပြီးသည်ဖြစ်၍ ယခု လွင်ပြင်သို့ ရောက်ရှိနေခြင်းဖြစ်သည်။
သူတို့ထံသို့ အငွေ့အသက်များ ရောက်ရှိလာသောအခါ တုလင်ဖေးက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။
" လျစ်လျူထားလိုက် "
ထူးဆန်းသောကောင်လေးက အေးစက်စက်ပြောသည်။ ထိုအံ့သြတုန်လှုပ်ဖွယ်အငွေ့အသက်များကပင် သူအာရုံစိုက်ရန် မထိုက်တန်သည့်ဟန်တူသည်။
တုလင်ဖေးက ခေါင်းညိတ်လိုက်၏။ ထိုအငွေ့အသက်များသည် ခပ်ဝေးဝေးတစ်နေရာမှလာကြောင်းသာ သူမ ပြောနိုင်သည်။ ဖြစ်ပျက်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်လေးတစ်ခုပင် သူမ မတွေးတောကြည့်နိုင်ပေ။ သူမက ထိုကိစ္စအား ထွေထွေထူးထူးစဥ်းစားမနေဘဲ လွင်ပြင်ထဲ ဆက်သွားလိုက်သည်။
ပိုင်ရှောင်ချန်းနှင့် လျှပ်စီးတိမ်တိုက်သခင်အကြား တိုက်မိသည့်နေရာမှ တုန်ခါလှိုင်းလုံးကြီး တလိပ်လိပ်ထွက်ပေါ်လာသဖြင့် မြေကြီးများ အစိတ်စိတ်အမြွှာမြွာကြေမွစုတ်ပြတ်သွားပြီး ဧရာမအက်ကြောင်းကြီးတစ်ခုပေါ်လာလေသည်။ ပိုင်ရှောင်ချန်းမှာမူ နောက်သို့ ပြင်းပြင်းထန်ထန်လွင့်ထွက်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်သွားတော့သည်။
သူ၏အမြင်အာရုံများ ဝေဝါးသွားပြီးနောက် တဖြည်းဖြည်း မှေးမှိန်လာပြီး သူ၏ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် တဆစ်ဆစ် ကိုက်ခဲနေသောနာကျင်မှုများအား ခံစားလိုက်ရသည်။ ယခုအခါ သူက အလွန်အားနည်းနေသဖြင့် သူ၏ခေါင်းတစ်ခုလုံး ရိပ်ခနဲ ဖြစ်နေတော့သည်။
သူ၏အပြင်အားများ ကုန်ခန်းလုနီးပါးဖြစ်သွားသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံ တည်ရှိနေသေးသည်။ သူက ၄င်း၏ စွမ်းအားကို ဆင့်ခေါ်၍ အလင်းတန်းအသွင်ပြောင်းကာ ခပ်လှမ်းလှမ်းသို့ တဟုန်ထိုးသွားလိုက်သည်။
သူ၏ အရှိန်အဝါမှာ မတည်မငြိမ်ဖြစ်နေပြီး ရင်တဒိန်းဒိန်းခုန်နေသည်။ သူ၏တိုက်ကွက်မှ တန်ပြန်သက်ရောက်အားက အတိုင်းအဆများပြားခဲ့သည်။ လျှပ်စီးတိမ်တိုက်သခင်၏ နတ်ဘုရားစွမ်းရည်မှာ အံမခန်းလိလိအစွမ်းထက်ခဲ့ပြီး အလွန်အားကောင်းလှသောကြောင့် ထာဝရဧကရာဇ်လက်သီးသည် ထိုစွမ်းအားကို တောင့်မခံနိုင်ဘဲ နှိမ်နင်းခံလိုက်ရသည်။
သို့သော် လျှပ်စီးတိမ်တိုက်သခင်၏ ဘိုးဘေးမန္တန်သည်လည်း ချေမှုန်းခံလိုက်ရသည်။ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးသည် အလယ်ပိုင်းနတ်အဆင့်ရှိ လူတစ်ယောက်ကို သတ်ဖြတ်နိုင်ပြီး နှောင်းပိုင်းအဆင့်ရှိ လူတစ်ယောက်အတွက်ပင် အံသြတုန်လှုပ်ဖွယ်ဖြစ်နေသေးသည်။
ကံဆိုးစွာပင် လျှပ်စီးတိမ်တိုက်သခင်အနေဖြင့် တွေဝေ မနေခဲ့လျှင် တိုက်ကွက်ကို အလွယ်တကူ ချေဖျက်ပစ်နိုင်သည်။ သို့သော် သူကား ပိုင်ရှောင်ချန်းထက် ပိုဆိုးသော အခြေအနေဖြင့် အဆုံးသတ်သွားတော့သည်။
သူသည် ခေါင်းအစ ခြေအဆုံး တဆတ်ဆတ်တုန်ရီနေပြီး သူ၏ပေါင်းစည်းထားသောပုံစံသည် ထပ်၍ ကွဲလာပြန်တော့သည်။ တချိန်တည်းမှာပင် သူ၏ပါးစပ်မှ ထူးဆန်းသော စကားများ ထွက်ကျလာ၏။
" အစ်ကိုကြီး။ ခွဲလိုက်ရအောင်။ အခုစကပြီး မင်းကမင်း ၊ ငါကငါပဲ "
" ညီလေး ဒီလိုလုပ်လို့မဖြစ်ဘူးလေကွာ။ ငါတို့က တစ်ယောက်တည်းလေ "
လျှပ်စီးတိမ်တိုက်သခင်မှာ ရူးတော့မတတ် ခံစားနေရတော့သည်။ သူ၏ ပေါင်းစည်းထားသော အခြေအနေတွင် သူ၏နတ်ဘုရားဝိညာဥ်က ပြည့်စုံသည်။ သို့သော်လည်း ယခု သူသည် တစ်ယောက်နှင့်တစ်ယောက် အချေအတင်ငြင်းခုံနေကြသော အပိုင်းနှစ်ပိုင်းအဖြစ် ကွဲနေဟန်တူသည်။
တချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ခွဲခွာချင်ခြင်းနှင့် အတူနေလိုခြင်းအကြားတွင် ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ဖြစ်နေဟန်တူသည ထိုခံစားချက်ကြီးကြောင့် သူ စိတ်ပိုင်းဆိုင်ရာပြိုလဲတော့လုနီးပါး ဖြစ်နေတော့သည်။
နောက်ဆုံး၌ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ ဒုတိယစိတ်ဆန္ဒကို ဖိနှိပ်လိုက်ပြီး ပေါင်းစည်းထားသောအဆင့်အတိုင်း ဆက်နေရန် လျှို့ဝှက်မှော်ပညာရပ်ကို ဆင့်ခေါ်၍ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ သို့သော် သူ၏အရှိန်အဝါမှာ အားနည်းနေပြီး စတင်ပေါင်းစည်းခဲ့စဥ်အချိန်ကကဲ့သို့ စွမ်းအားများ မရှိတော့ပေ။
" ငါမင်းကို သတ်မယ် ပိုင်ရှောင်ချန်း "
သူက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပိုင်ရှောင်ချန်းနောက်ပြေးလိုက်ကာ ဟိန်းဟောက်လိုက်သည်။
ပိုင်ရှောင်ချန်းသည် သံယောဇဥ်မဲ့ ဆေးလုံးများကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်သွားသော လျှပ်စီးတိမ်တိုက်သခင်အားကြည့်ကာ ပင့်သပ်ရှိုက်သွားတော့သည်။ ထိုကဲ့သို့ ဆေးလုံးများ ဖော်စပ်ခဲ့သည်မှာ ကောင်းသောကိစ္စတစ်ရပ်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ပေါင်းစည်းထားသော လျှပ်စီးတိမ်တိုက်သခင်အား ရင်ဆိုင်ရန်မှာ ကြောက်စရာကောင်းသော စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်။
ထိုလူကား ပေါင်းစည်းပြီးနောက် လွန်စွာအစွမ်းထက်သွားပြီး ရင်ဆိုင်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သွားသည်။
" ထာဝရဧကရာဇ်လက်သီးတောင် ဘာမှအလုပ်မဖြစ်ဘူး။ နတ်ဘုရားဇီဝိန်ခြွေသိုင်းတော့ မသုံးချင်ဘူးကွာ "
နတ်ဘုရားဇီဝိန်ခြွေသိုင်းကို အသုံးပြုခြင်း၏ အကျိုးဆက်ကား တွေးကြည့်ရန်ပင် နာကျင်စရာကောင်းလှသည်။
" အနိုင်ကျင့်လိုက်တာ။ အကြည့်ပြိုင်ပွဲတုန်းက ငါအပေါ် ယုတ်မာပြီး အခုလဲထပ်ယုတ်မာပြန်ပြီ "
သူသည် အခြေအနေတစ်ရပ်လုံးကြောင့် စိတ်မချမ်းမသာဖြစ်နေသည့်တိုင် မည်သို့မျှ မတတ်နိုင်သည်ဖြစ်ရာ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
" သောက်ကျိုးနည်း။ ငါ့သံယောဇဥ်မဲ့ဆေးပမာဏက နည်းသွားလွန်းတာပဲ။ ပြင်းအားကို မြှင့်ဖို့ လိုနေပြီ"
သူက နောက်ထပ် မည်သို့လုပ်ရန် ဖြစ်ညှစ်တွေးလိုက်ချိန်မှာပင် မရေမတွက်နိုင်သော လျှပ်စီးမိုးကြိုးများ သူ့ထံ ပြေးဝင်လာ၏။
သူသည် ကြောက်လန့်တုန်လှုပ်ကာ ခေါင်းနပန်းကြီးသွားပြီး ဘေးသို့ရှောင်လိုက်ပြီးနောက် သံယောဇဥ်မဲ့ ဆေးလုံးတစ်လုံး ပစ်ပေါက်လိုက်သည်။ လျှပ်စီးတိမ်တိုက်သခင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဘေးသို့ ခုန်လိုက်သည်။ ယခုအခါ သူက ပိုင်ရှောင်ချန်း၏ ဆေးလုံးများအား အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။
" ဒီကောင့်ဆေးလုံးတွေက လုံးဝ မုန်းစရာပဲ "
သူကတွေးလိုက်သည်။ သူ၏လက်ရှိ အခက်အခဲများမှာ စောစောက ပိုင်ရှောင်ချန်း၏ ဆေးလုံးများ ဖန်တီးခဲ့သည့် ဆေးမြူများကြောင့်ဖြစ်ကြောင်း ဆက်စပ်တွေးတောကာ သူ သဘောပေါက်ခဲ့သည်။
ပိုင်ရှောင်ချန်း၏ ဆေးလုံးများက သူ့အား မည်သို့ ထိခိုက်စေသည့်အတွေးက သူ၏သတ်ဖြတ်လိုစိတ်များကို အချိန်တိုင်း တိုးပွားလာစေတော့သည်။ ထိုအချိန်တွင် လိုက်ဖမ်းခြင်းက လွင်ပြင်၏နယ်စပ်ကို ဦးတည်သွားရာ တောအုပ်ထဲရောက်စပြုလာတော့သည်။
လျှပ်စီးတိမ်တိုက်သခင်က မရပ်မနားလိုက်ဖမ်းနေခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားပြီး နတ်ဘုရားဇီဝိန်ခြွေသိုင်းကို သုံးရန် ပြင်လိုက်တော့သည်။
သို့သော် သူက ထာဝရသွေးစက်တစ်စက်အား ဖျက်စီးတော့မည်ဆဲဆဲ ခပ်လှမ်းလှမ်းတွင် အဖွဲ့တစ်ဖွဲ့အား ရုတ်တရက် မြင်လိုက်ရ၏။
သူက သူတို့ကို ချက်ချင်းမှတ်မိလိုက်သည်။ တုလင်ဖေးကား ထူးဆန်းသော ကောင်လေးနှင့်အတူ အထူးအစောင့်လက်တစ်ဆုပ်စာ ခြံရံလျက် ရှိနေသည်။ ယခုတွင် သူတို့နှင့် သူ ပထမဆုံးပက်ပင်းတိုးခဲ့သည့်အချိန်ကတည်းက ရေတွက်လျှင် လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သူက သူတို့ကို မြင်လိုက်သည်နှင့် တုလင်ဖေးသည်လည်း သူ့ကို မြင်လိုက်ပြီး လျှပ်စီးတိမ်တိုက်သခင်က သူ့ကို သတ်ဖြတ်လိုစိတ်များဖြင့် လိုက်ဖမ်းနေသည့် မြင်ကွင်းကြောင့် သူမ၏မျက်လုံးလေးများ ပြူးကျယ်သွား၏။
လျှပ်စီးတိမ်တိုက်သခင်သည်လည်း တုလင်ဖေးနှင့် သူမ၏အဖွဲ့ကို သတိထားမိလိုက်သည်။
ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းတွင် နှစ်ပေါင်းများစွာ နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့သည့်အတွက် သူသည် တုလင်ဖေး၏ အဆင့်အတန်းအား ကောင်းကောင်းသိထားသည်။ လက်ရှိထက်ပို၍ သူ အစွမ်းထက်နေလျှင်တောင်မှ သူမ၏ရှေ့တွင် မဆင်မခြင်မလုပ်ရဲပေ။ ထို့ကြောင့် သူက လုံးလုံးမရပ်လိုက်သော်လည်း ပိုင်ရှောင်ချန်း၏နောက်သို့ လိုက်နေခြင်းအား အရှိန်လျှော့လိုက်သည်။
သူ၏အမြင်တွင် သူနှင့်ပိုင်ရှောင်ချန်းကြားရှိ မကျေပွဲက ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုဖြစ်ပြီး ကောင်းကင်တံတားကျွန်းဆွယ်က ထိုကဲ့သို အရေးကိစ္စများတွင် ဝင်ပါခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သူသာ လေးလေးစားစားပြုမူနေသရွေ့ ဆက်လိုက်ဖမ်းနိုင်သည်။ သို့သော်လည်း သူက ခပ်မြန်မြန်ရှင်းပြန်ရန် ပြင်လိုက်သည်။
သူက ဆက်လက်၍ လိုက်ဖမ်းနေရင်းမှ လက်ယှက်ကာ တုလင်ဖေးအား လေးစားသောအသွင်ဖြင့် ရည်ညွှန်းကာ ပြောလိုက်သည်။
" နတ်ဘုရားမလေးတု၊ ဒါက ကျုပ်နဲ့ ပိုင်ရှောင်ချန်းကြားက...... "
သို့သော် သူ၏စကားမဆုံးခင်မှာပင် ပိုင်ရှောင်ချန်းက သူ့ကို ကောင်းကင်ယံသို့ လွတ်ထွက်သွားစေနိုင်လောက်သည့် စကားလုံးများဖြင့် ကြားဖြတ်ပြောလိုက်သည်။
" မိန်းမရေ ကယ်ပါဦး။ မောင့်ကို ကယ်ပါဦး၊ အို မောင့်မိန်းမလေးရေ "
ထို့နောက် သူက တုလင်ဖေးနှင့် သူမ၏အဖွဲ့ရှိရာသို့ အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုးသွားလိုက်သည်။
သူ၏အသံသည် လူတိုင်းကြားနိုင်သည်အထိ ကျယ်လောင်ပြတ်သားပြီး နက်ရှိုင်းသော ချစ်စိတ်များ၊ ရိုးသားခြင်းများဖြင့် ပြည့်လျှံနေသည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်း၏စကားကိုကြားသောအခါ ပါးစပ်ကလေးအဟောင်းသား ဖြစ်သွားတော့သည်။ သူမ၏ပတ်လည်ရှိ အထူးအစောင့်များကား ဆိုဖွယ်ရာ မရှိတော့ပြီ။ သူတို့က မယုံကြည်နိုင်စွာ ပြူးကျယ်နေသော မျက်လုံးများဖြင့် သူတို့ထံ အပြေးအလွှားလာနေသည့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်ကြသည်။
အဖွဲ့ထဲက ကောင်လေးမှာမူ ပိုင်ရှောင်ချန်းကို အေးစက်စက် အကြည့်ဖြင့် ကြည့်နေ၏။
သို့သော် လျှပ်စီးတိမ်တိုက်သခင် ခံစားလိုက်ရသည့် အံ့သြမှုက အခြားလူများအားလုံး ပေါင်းထားသည်ထက် ကျော်လွန်ပေသည်။ သူသည် သံယောဇဥ်မဲ့ ဆေးလုံး၏ ပရမ်းပတာဖြစ်မှုများကြောင့် ခံစားရသည်ထက်ပင် ပို၍ဆွံ့အကာ အံ့အားသင့်နေတော့သည်။ သူသည် တဆတ်ဆတ် တုန်ရီနေလျက် စောစောက သူ ကြားခဲ့ရသည်ကို အမှန်ဟုတ်၊မဟုတ် ဆုံးဖြတ်ရန် ကြိုးစားလိုက်လေသည်။
သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောသည်။
" မ...မ...မင်း စောစောက နတ်ဘုရားမလေးတုကို ဘယ်လိုခေါ်လိုက်တာ "