← Chapters

ဒေါသူပုန်ထနေသော လျှပ်စီးတိမ်တိုက်သခင်

Vol. 10 Ch. 942

ဒေါသူပုန်ထနေသော လျှပ်စီးတိမ်တိုက်သခင်

Vol. 10 Ch. 942

လျှပ်စီးတိမ်တိုက်သခင် ကြားလိုက်ရသည့် စကားလုံးများကား မဖြစ်နိုင်လောက်အောင်ပင်။

ထိုကဲ့သို့ သူ လန့်ဖျန့်နေသည်ကို မြင်ရသည်မှာ ပိုင်ရှောင်ချန်းအတွက် လွန်စွာ ကျေနပ်အားရဖွယ်ရာ ဖြစ်နေတော့သည်။ သူက သူ့ကိုယ်သူဂုဏ်ယူလျက် တုလင်ဖေး၏ ရှေ့တည့်တည့်ရောက်သည်အထိ အပြေးအလွှားသွားလိုက်သည်။

သူက ရင်ဘတ်ကို ဟိန်ဟန်အပြည့်ဖြင့် တဖုန်းဖုန်းပုတ်ကာ လျှပ်စီးတိမ်တိုက်သခင်ဘက် လှည့်ကြည့်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

" ကျုပ် အခု ပြောတာ မကြားလိုက်ဖူးလား။ ဒါက ကျုပ်မိန်းမ။ ဟွန်း၊ အဲဒီတော့ ကျုပ်ယောက္ခမက ဘယ်သူလဲ ခင်ဗျားသိချင်သေးလား။ ခင်ဗျားစိတ်ထဲ ရှင်းသွားအောင် လုပ်ပေးမယ် လျှပ်စီးတိမ်တိုက်သခင်ရေ။ ကျုပ် အရင်က ဘယ်တော့မှမပြောခဲ့တဲ့ အကြောင်းရင်းက ကျုပ် ပိုင်ရှောင်ချန်းဆိုတာ နိမ့်ကျနေတဲ့ လူတစ်ယောက်ဖြစ်နေလို့ပဲ။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို တွေ့ကရာနေရာတိုင်းမှာ လိုက်အနိုင်ကျင့်နေလို့ ကျုပ်မှာ ရွေးချယ်စရာမရှိတော့ဘူး။ ကျုပ် မိန်းမကိုပဲ လာကယ်ဖို့ တောင်းဆိုနိုင်တော့တယ်။ အခု ကျုပ် ယောက္ခမကြီးဘယ်သူဆိုတာ ခင်ဗျား သိပြီလား။ ဟုတ်တာပေါ့ဗျာ။ ခင်ဗျားထင်နေသလို ကောင်းကင်တံတားကျွန်းဆွယ်ရဲ့ သခင်ကြီးဖြစ်တဲ့ ကြီးမြတ်လှတဲ့ ကောင်းကင်ဧကရာဇ်ပေါ့ဗျာ "

ပိုင်ရှောင်ချန်း၏ စကားလုံးများက တောင်တစ်လုံးသဖွယ် လျှပ်စီးတိမ်တိုက်သခင်ကို ဝင်တိုက်ပစ်လိုက်တော့သည်။ သူ မျက်စိမျက်နှာပျက်သွားပြီး သူ၏မျက်လုံးများက ခေါင်းခွံထဲမှ ထွက်ကျလုမတတ် ပြူးကျယ်လာ၏။ သူသည် မထိန်းချုပ်နိုင်လောက်အောင် ခေါင်းတစ်ခုလုံး ချာချာလည်နေပြီး ရင်တဒိန်းဒိန်းခုန်နေတော့သည်။

သူ၏ အဆိုးဆုံးအိပ်မက်ထဲမှာပင် သူလိုက်လံနှောင့်ယှက်နေသည့်သားကောင်က ယခုကဲ့သို့ အရေးပါသည့် နောက်ခံအဆင့်အတန်းမျိုးရှိလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးပေ။ ကောင်းကင်ဧကရာဇ်၏သမက်ကို လိုက်ဖမ်းပြီး သတ်ရန်ကြိုးစားနေခဲ့သည့် အတွေးက သူ့ကို လုံးလုံးလျားလျား အံ့သြတကြီးဖြစ်သွားစေသည်။

သို့သော်လည်း သူက အခြေအနေအား ယခုထက်ထိ လက်မခံနိုင်သေးပေ။

" ငါ သူ့ကို ဖမ်းမိတော့မှာ။ သေအောင်လုပ်နိုင်တော့မှာကို ဘာဖြစ်လို့ ဒီလို ဖြစ်လာရတာလဲ"

လျှပ်စီးတိမ်တိုက်သခင်မှာ ခေါင်းပေါက်ထွက်တော့မတတ် ခံစားလိုက်ရ၏။

တုလင်ဖေးက အံ့သြလျက်သာ ရပ်နေပြီး ပြန်လည်ချေပသည့်စကားတစ်ခွန်းမှ မပြောသည်ကြောင့်သာ မဟုတ်လျှင် သူက မည်သည့်နည်းနှင့်မျှ ယုံနိုင်မည်မဟုတ်ပေ။ ပို၍ဆိုးဝါးသည်မှာ သူမက မျက်စောင်းကလေးဖြင့် ရှက်သွေးအနည်းငယ်ဖြာ၍ ပိုင်ရှောင်ချန်းအား လှမ်းကြည့်နေခြင်းပင် ဖြစ်ပေသည်။

သူမ၏မျက်ဝန်းများထဲရှိ အကြည့်က လျှပ်စီးတိမ်တိုက်သခင်မှာ ရှိနေသည့် နောက်ဆုံးမျှော်လင့်ချက်အမျှင်တန်းလေးကို ဖြတ်တောက်လိုက်သည်။ အမှန်ဆိုရလျှင် ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ်က သူ၏ယောက္ခမဖြစ်ကြောင်း ပြောလိုက်သောအခါ လူငယ်လေး၏ မျက်လုံးများတွင် ဖျတ်ခနဲလက်သွားသည့် ထူးဆန်းသော အလင်းကို သူ မည်သည့်နည်းနှင့်မျှ သတိမထားမိခဲ့ပေ။

ပိုင်ရှောင်ချန်းသည် လျှပ်စီးတိမ်တိုက်သခင် အံ့ဩမှင်သက်နေသည်ကို ကြည့်၍ ပို၍ စိတ်လှုပ်ရှားလာတော့သည်။ တချိန်တည်းမှာပင် သူ့မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ယောက္ခမကြီးတစ်ယောက်လည်းရှိပြီး သူ၏တပည့်က ငရဲဧကရာဇ်ဟူသည့် အချက်အလက်များအား ဆက်ပြောချင်နေမိတော့သည်။ ထိုသည်က လျှပ်စီးတိမ်တိုက်သခင်အား သေမတတ် ခြောက်လှန့်နိုင်လိမ့်မည်ဖြစ်သည်။

" ဟွန်း။ အခု ခင်ဗျား ကျုပ် ကို ရန်စရဲသေးလား"

လိုက်ဖမ်းခံရတုန်းက သူခံစားရခဲ့သည့် ခံပြင်းခြင်းများနှင့် အကြောက်တရားများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်ဝမ်းမြောက်မှုများ အစားထိုးဝင်ရောက်လာတော့သည်။

သူသည် လျှပ်စီးတိမ်တိုက်သခင်ကြောင့် အမှန်စင်စစ် ဒုက္ခရောက်ခဲ့ပြီး ထွက်မပြေးနိုင်ခဲ့ပေ။ တကယ်တမ်းဆိုလျှင် သူက သေမင်းနှင့်ကြုံရလုနီးပါး ဖြစ်သွားခဲ့ပြီးနောက် အံ့ဩတုန်လှုပ်ဖွယ် ပြန်လာခြင်းနည်းလမ်းဖြင့် ထိပ်ဆုံးအခွင့်အရေးကို သိမ်းပိုက်လိုက်တော့သည်။

" ကျုပ်တို့ကြားကိစ္စတွေ မပြီးသေးဘူး လျှပ်စီးတိမ်တိုက်သခင် "

သူက အင်္ကျီလက်စကို ခါရမ်း၍ အထက်စီးဆန်စွာ ပြောလိုက်သည်။

“ ကျုပ်ရဲ့ သရုပ်မှန်ကို မဖော်ထုတ်ချင်တာကြောင့်သာ မဟုတ်ရင် ကျုပ် ဟိုအရင်ကတည်းက ခင်ဗျားကို သတ်ပြီးပြီ။ ဒါတောင် ခင်ဗျားက ကျုပ်ကို ထပ်ကာထပ်ကာ အနိုင်ကျင့်သေးတယ်။ ကျုပ် ဒါကို မမေ့ဘူး။ အဆုံးသတ်ကျဘာဖြစ်မလဲ ခင်ဗျားစောင့်သာကြည့်နေလိုက် "

ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ စကားပြောနေစဥ် လျှပ်စီးတိမ်တိုက်သခင်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။ သူ့အတွက် အိပ်မက်တစ်ခုထဲ ရောက်နေသည့်အလား ဖြစ်နေတော့သည်။

" ငါ....ငါက ကောင်းကင်ဧကရာဇ်ရဲ့ သမက်ကို ကလန်ကဆန်လုပ်ခဲ့တာ "

သူ ကြောက်လန့်တုန်လှုပ်လွန်း၍ ငိုပင် ငိုချင်လာတော့သည်။ ကောင်းကင်ဧကရာဇ်သည် အခြေခံအားဖြင့် ကောင်းကင်တံတားနယ်မြေအားလုံး၏ ရှင်ဘုရင်ဖြစ်ရာ သူ၏သမက်ကား အထူးသဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တစ်ဆင့်တည်းရှိသည်ဟု ဆိုနိုင်သည်။ အခြားတစ်ဖက်တွင် လျှပ်စီးတိမ်တိုက်သခင်မှာ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ယောက်က အတွေးလေးတစ်ချက်ဖြင့် ဖယ်ရှားပစ်နိုင်သည့် အဆင့်နိမ့် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

" ကျုပ်...."

လျှပ်စီးတိမ်တိုက်သခင်မှာ လက်ရှိစိတ်အခြေအနေကြောင့် ပေါင်းစပ်ထားသောခန္ဓာကိုယ်ကို ထိန်းထားနိုင်စွမ်းမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်နှစ်ပိုင်းသည် ကွဲထွက်သွားပြီးနောက် ဖြူဆုပ်နေသော မျက်နှာများဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကာ လက်နှစ်ဖက်ကိုယှက်၍ ရှေ့တက်လာသည်။ သူတို့က ခေါင်းများငုံ့ထားပြီး ရှင်းပြရန် ကြိုစားလိုက်သည်။

ထိုအချိန်တစ်ဝိုက်တွင် တုလင်ဖေး၏အနားရှိ လူငယ်လေးက ချောင်းဟန့်ပြီး ပိုင်ရှောင်ချန်းကို လုံးဝလျစ်လျူရှု၍ ယခင်အတိုင်းရှေ့ဆက်သွားလိုက်သည်။ တုလင်ဖေးသည်လည်း အသိပြန်ဝင်သွားပြီး ပိုင်ရှောင်ချန်းကို နားလည်ရခက်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမ၏အပြုံးက ပျောက်ကွယ်သွားပြီး လျှပ်စီးတိမ်တိုက်သခင်ဘက်သို့ လှည့်ြကည့်လိုက်သည်။ ထို့နောက် သူမက အလွန်တရာ မာနကြီးသောအသွင်ဖြင့် အေးတိအေးစက်ပြောလိုက်သည်။

" တာအိုရောင်ရင်း လျှပ်စီးတိမ်တိုက်သခင်၊ ရှောင်ချန်းက စနောက်ရတာကြိုက်တော့ သူ့စကားကို အလေးအနက်မထားပါနဲ့။ သူနဲ့ ရှင့်ကြားက အမုန်းတရားတွေကိုတော့ တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းတာ အကောင်းဆုံးဖြစ်မှာပါ "

သူမက ပုံမှန်လေသံနှင့်စကားပြောလိုက်ပြီး စောစောက ပိုင်ရှောင်ချန်း၏ပြောစကားများသည် ဟာသတစ်ခုသာဖြစ်ကြောင်း စောင်းပါးရိပ်ခြည်ပြောဟန်တူသည်။

သို့သော် လျှပ်စီးတိမ်တိုက်သခင်က ထိုသို့မခံယူပေ။ တုလင်ဖေးက သူ့ကို တာအိုရောင်ရင်း လျှပ်စီးတိမ်တိုက်သခင်ဟု ရည်ညွှန်း၍ ပိုင်ရှောင်ချန်းကို “ ရှောင်ချန်း “ ဟု ခေါ်ဆိုခဲ့သည့်အချက်အား သူ သတိထားမိလိုက်သည် မဟုတ်ပါလော။

ထိုသည်က အကုန်လုံးနှင့်ပတ်သက်သည့် အမှန်တရားအား ဖော်ပြလိုက်ပြီး လျှပ်စီးတိမ်တိုက်သခင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။ တုလင်ဖေးမှာမူ သူမ၏သတိပေးစကားက လုံလုံလောက်လောက် မရှင်းလင်းမည်ကို စိုးရိမ်နေဟန်တူ၏။ ထို့ကြောင့် သူမက ပိုင်ရှောင်ချန်းထံ လမ်းလျှောက်သွားပြီး သူ၏အဝတ်များအားဖြန့်ပေးလိုက်ပြီးနောက် သူ၏နားသို့ကပ်၍ စကားအနည်းငယ်ပြောလိုက်သည်။ ထို့နောက် သူမက လျှပ်စီးတိမ်တိုက်သခင်ကို လျစ်လျူရှုပြီး လူငယ်လေးနှင့်အထူးအစောင့်များကို မှီအောင် လိုက်သွားလေသည်။

လျှပ်စီးတိမ်တိုက်သခင်အနေဖြင့် ထိုကိစ္စအား ယခုထက်ပို၍ ရှင်းရှင်းလင်းလင်း မသိနိုင်တော့ပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းကြောင့် သူ၏အမြင်အာရုံများ ဝေဝါးစပြုလာေတာ့သည်။

ပိုင်ရှောင်ချန်းမှာမူ ရပ်၍သာနေပြီး မျက်တောင်အနည်းငယ် ခတ်လိုက်သည်။တုလင်ဖေးက သူ့ကို ထူးထူးခြားခြားဘာမှ မပြောသွားပေ။ အန္တရာယ်ကင်းကင်းနေရန်နှင့် သူမတွင် အရေးကြီးကိစ္စအနည်းငယ်ရှိသေးသည့်အကြောင်းသာ ပြောသွားခဲ့သည်။

သို့သော် သူသည် သူမဟန်ဆောင်သွားသည်များကြောင့် အလွန်ကျေနပ်သွားသည်။ သူက လက်ပိုက်၍ မေးကိုမော့ပြီး လျှပ်စီးတိမ်တိုက်သခင်အား မောက်မာစွာ ကြည့်လိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ ခါးသီးမှုများဖြင့် စိတ်ဖိစီးနေတော့သည်။ သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ယခုတွင် မည်သို့ဆက်လုပ်ရတော့မည်ကို တစ်ယောက်မှ မသိတော့ပေ။ သူတို့က မထင်မှတ်ထားသော ရုတ်တရက် အပြောင်းအလဲကြောင့် လုံးဝမပြင်ဆင်ထားခဲ့ရပေ။ သူတို့သည် သတ်ပြီး အောင်ပွဲခံရန် နီးကပ်နေခဲ့သော်လည်း ယခုအခိုက်အတန့်တွင်ကား လုံးဝပြောင်းပြန် ဖြစ်သွားလေပြီ။

သူတို့နှစ်ယောက်လုံးမှာ ရင်ထဲတွင် ပူဆွေးသောကများဖြင့် ဟိန်းဟောက်မြည်တမ်းနေကြကာ ပိုင်ရှောင်ချန်းက သူတို့အား အရှက်မရှိစွာ အနိုင်ယူသွားပုံကြောင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေတော့သည်။ အစကတည်းက သူတို့သာ ကြိုသိခဲ့လျှင် ယခုကဲ့သို့ ဆိုးဆိုးရွားရွားအခြေအနေဖြင့် ဘယ်တော့မှ အဆုံးသတ်မည် မဟုတ်ပေ။

" ဒီပိုင်ရှောင်ချန်းရဲ့ဝှက်ဖဲက လက်သီးချက်လဲ မဟုတ်သလို သူ့ကို သတိလစ်သွားစေတဲ့ သွေးမြူတိမ်လဲ မဟုတ်ဘူး။ အဲဒီ ထူးဆန်းတဲ့ ဆေးလုံးတွေလဲ မဟုတ်ဘူး။ ကောင်းကင်ဧကရာဇ်နဲ့ ပတ်သက်မှုပါလား “

" ငါတို့ အခုဘာလုပ်ရတော့မလဲ "

လျှပ်စီးတိမ်တိုက်သခင်အမြွာညီနောင်မှာ မည်သို့ပြုလုပ်ရမည်ကို စဥ်းစားကာ ရပ်နေစဥ် ပိုင်ရှောင်ချန်းက မလှုပ်မယှက်ရပ်၍ လက်ပိုက်ကြည့်နေ၏။ ရံဖန်ရံခါ သူက အေးစက်စက်နှာမှုတ်လိုက်သော်လည်း တစ်ခွန်းမှမပြောပေ။ ဤနည်းဖြင့် သူသည် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်အပေါ်တွင် ဖိအားများလာစေတော့သည်။

ပုံမှန်အခြေအနေဆိုလျှင် သူတို့က လှည့်သာပြန်သွားမည်ဖြစ်သည်။ သို့သော် သူတို့က ပိုင်ရှောင်ချန်းကို အလွန်တရာစိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိသည်။ ယခုတွင် သူ၏သရုပ်မှန်အား ထုတ်ဖော်ပြီးသည်ဖြစ်ရာ သူတို့က သူတို့၏ဂိုဏ်းကိုလည်း ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။

" အမ်၊ ဟို … မိတ်ဆွေဟောင်းကြီး ပိုင် စောစောက ဒီအတိုင်း နားလည်မှုလေးလွဲသွားတာပါ "

" ဟုတ်တာေပါ့။ တကယ်လွဲသွားခဲ့တာဗျ။ ဟားဟားဟား ။ ကျုပ်တို့ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ခင်ဗျားရဲ့ ရှင်းကုံကျစ်တာအိုဂိုဏ်းနဲ့ အချိန်အတော်ကြာကြီး မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တာပဲလေ "

ယခုအခါ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နှစ်ယောက်လုံး အလွန်ရှက်နေတော့သည်။ သူတို့၏စကားလုံးများနှင့် သူတို့၏နှုတ်ခမ်းများ လှုပ်ရှားသည်ကိုကြည့်ရသည်မှာ သူတို့က ယခုကဲ့သို့အပြူအမူမျိုးကို အလွန်တရာ လုပ်ခဲလှကြောင်း သိသာသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများကား စိန်းစိန်းဝါးဝါး ပြူးကျယ်သွား၏။ သိသာစွာပင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်ကား ရိုးသားနေသည်မဟုတ်ပေ။ သိူ့သော် သူက မည်သို့ပြောရမည်၊ မည်သို့လုပ်ဆောင်ရမည်ကို သိသူဖြစ်သည်။ ထိုနှစ်ယောက်မှာ ရှုံးသွားရမှုကို အလွန်ခံပြင်းနေသောကြောင့် သူအသာစီးရစဥ် ခွင့်လွှတ်လိုက်သည်က အကောင်းဆုံးဖြစ်သည်။ သူက လည်ချောင်းကိုရှင်းလိုက်၏။

" သိပ်ကောင်းတယ်။ နားလည်မှုလွဲတာဆိုတော့ ဘာမဟုတ်တာလေးကို ငြင်းခုံနေစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့လိုက်ဖမ်းတာကြောင့် ကျုပ်အခြေအနေ ဆိုးသွားတယ်။ ကျုပ် နတ်ဝိညာဥ်တစ်ကောင်လဲ ပျောက်သွားတယ်။ ပြီးတော့ အင်း၊ လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲနည်း တစ်ရာ ကျမ်းစာကောပဲ "

သူက အဓိပ္ပါယ်ပါပါ လည်ချောင်းရှင်း၍ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်အား လှမ်းကြည့်လိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောက်၏ အသည်းနှလုံးများ ကွဲကြေသွားပြီး စိတ်ထဲတွင် ပိုင်ရှောင်ချန်းအား အရှက်မရှိခြင်းအတွက် ဆဲဆိုနေတော့သည်။ သူရည်ညွှန်းသည့် နတ်ဘုရားစွမ်းရည်မှာ မြောက်ပိုင်းမှ လျှို့ဝှက်မှော်ပညာတစ်ရပ်ဖြစ်ပြီး ယခုကဲ့သို့အတိုက်အခံအခြေအနေတွင် မဟုတ်လျှင်တောင်မှ သူတို့အနေဖြင့် သူ့ကို အလွယ်တကူ ထည့်ပေးနိုင်သည့်အရာ မဟုတ်ပေ။ သို့သော် သူတို့သာ အညံ့မခံလျှင် အခြေအနေက ဖြေရှင်းရခက်သွားမည်ဖြစ်ကြောင်းလည်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် အမြွှာတစ်ယောက်က အိတ်ထဲမှ နတ်ဝိညာဥ်တစ်ကောင်အား ပိတ်လှောင်ထားသည့် သလင်းကျောက်တစ်ခုကို ထုတ်လိုက်သည်။

" အဲ၊ ေဩာ် ခင်ဗျားက တကယ်ပဲ ကျုပ်ရဲ့နတ်ဝိညာဥ်ကို ရှာပေးနိုင်တာပဲ "

လီရှမ်းတောက်၏နည်းလမ်းကား တော်တော်လေးအလုပ်ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်းက နတ်ဝိညာဥ်ကို ယူလိုက်ကာ သေသေချာချာ လေ့လာပြီးနောက် မျက်မှောင်ကုတ်သွား၏။

" တာအိုရောင်ရင်းရေ ။ ခင်ဗျား မလုပ်သင့်ပါဘူးဗျာ။ ေဩာ် ဒါနဲ့ စကားမစပ် နတ်ဝိညာဥ်ပျောက်သွားတဲ့အပြင် ကျုပ် ဝိညာဥ်ကျောက်တုံးတွေလဲ ပျောက်သွားသေးတယ်။ ပြီးတော့ အဖိုးတန်ရတနာ ခုနစ်ခု၊ ရှစ်ခု ။ ဆေးလုံးတွေတစ်ပုံကြီးလဲ ပါသေးတယ် "

ထို့နောက် သူက မျက်တောင်ပင်မခတ်ဘဲ မော့ကြည့်လိုက်သည်။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရ၏။ သိုသော် သူတို့မှာ ဒေါသအား ဖိနှိပ်ရမှန်မှတစ်ပါးအခြားရွေးချယ်စရာမရှိပေ။

" သောက်ကျိုးနည်းကွာ။ ဒီကောင် ဘာလို့ မသေနိုင်သေးတာတုန်း။ သူ ပျောက်တယ်လို့ လျှေက်ပြောနေတာတွေ အားလုံးနဲ့ ရတနာစံအိမ်တစ်ခုတောင် ေဆာက်နိုင်လောက်ပြီ "

သို့သော် မည်မျှခံပြင်းဖွယ်ကောင်းစေကာမူ သူတို့မှာ အံတင်းတင်းသာကြိတ်၍ သူတောင်းဆိုသည့်အရာများအားလုံးကို စုလိုက်သည်။

ပိုင်ရှောင်ချန်းမှာ အတော်လေး ဂုဏ်ယူနေသည်။ ဤနည်းအတိုင်း သူက ဆက်လုပ်ရန်ပြင်လိုက်ဆဲဆဲ မြေကြီးမှာ အောက်တွင် မြေနဂါးကြီးတစ်ကောင် ရွေ့လျားနေသည့်အလား ရုတ်တရက် လှုပ်ခတ်သွားသည်။

ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံကြီး ပတ်ဝန်းကျင်တစ်ခွင် ပြည့်နှက်သွား၏။

ထွက်ပေါ်လာသော စွမ်းအားသည် ပိုင်ရှောင်ချန်းနှင့် လျှပ်စီးတိမ်တိုက်သခင်ကြားက တိုက်ပွဲထက် အတိုင်းအဆများစွာ ကျော်လွန်သည်။ ဆယ်ဆနီးပါးပင် ရှိသည်။ လွင်ပြင်၊ တောအုပ်၊ နွံအိုင်နှင့် သဲကန္တာတို့အားလုံး ပြင်းပြင်းထန်ထန် တုန်လှုပ်လာတော့သည်။

ကိစ္စကြီးတစ်ခု အမှန်တကယ် ဖြစ်ပျက်နေလေပြီ။

All Chapters