အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
...နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၃ - အဆင့် ၄ နဂါးသွေးကြောနယ်ပယ်
နောက်ကို လှည့်ကြည့်လိုက်တော့ လုံချန် လည်း စိတ်ထဲမှာ အကြီးအကျယ် ကြောက်လန့်သွားခဲ့သည်။ သတ်ဖြတ်ခြင်းအရှိန်အဝါများ အပြည့်ထုတ်လွှတ်နေသည့် ကြယ်တာယာနတ်ဆိုးဝံပုလွေဟာ သူနဲ့ မီတာ ၂၀. လောက်ပင် မဝေးတော့ပေ။ ယခုအတိုင်းသာ ဆက်သွားနေရင်တော့ ၁၅ မိနစ်ခန့်အတွင်း သူ သေသွားနိုင်ပါသည်။
“ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဒါပေမဲ့ ငါ ဒီနေရာမှာပဲ သေရတော့မှာလား”
လုံချန် ဟာ သေချင်စိတ်မရှိပေ။ ဒေါသတကြီး ကြုံးဝါးလျက် လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သို့သော် ကြယ်တာယာနတ်ဆိုးဝံပုလွေ က မြန်လွန်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လုံချန်၏ နောက်မှာ ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ပျံ့လွင့်လာတော့သည်။
“သောက်နတ်ဆိုးကောင် ။ ငါ မင်းလိုနတ်ဆိုးကို မတိုက်ခိုက်နိုင်ဘူးဆိုတာ မယုံဘူး”
နောက်ဆုံးမှာတော့ လုံချန် က နောက်ကို ချာခနဲလှည့်ကာ ဒေါသတကြီး အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ကနေ ကြယ်အလင်းတန်းများ လင်းလက်လာသည်။ ထို့အတူ လုံချန်၏ ပုံရိပ်က ကြယ်တစ်စင်း ကြွေကျလာသကဲ့သို့ ကြယ်တာယာနတ်ဆိုးဝံပုလွေ ထံ တည့်တည့် ခုန်ဆင်းသွားသည်။
“ငါ့ရဲ့ ကြယ်ကြွေနတ်လက်သီး ကို ခံစမ်း။ နတ်ဆိုးကောင်၊ ငရဲကိုသွား....”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြယ်တာယာနတ်ဆိုးဝံပုလွေ က ဒေါသတကြီး အူလိုက်သည်။ ဝံပုလွေလက်သည်းတွေကို တင်းတင်းဆုပ်ပြီး ရိုက်ချလိုက်သည်။ ၎င်း၏ ပြင်းထန်သောစွမ်းအားက ကြယ်ကြွေနတ်လက်သီး ကို ချက်ချင်း ကြေမွသွားစေသည်။ ထို့နောက် ဝံပုလွေလက်သည်းက လုံချန်၏ကိုယ်ပေါ် အမိအရရိုက်ချသွားသည်။ လုံချန်ဟာ တုံ့ပြန်နိုင်စွမ်းမရှိခဲ့ပေ။ ပါးစပ်ကနေ သွေးအန်ထွက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
“ကြယ်ကြွေနတ်လက်သီးတောင် မတားနိုင်ဘူးလား”
ဝံပုလွေလက်သည်းက လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ကွဲထွက်လုနီးပါးပင်ဖြစ်သွားခဲ့သည်။ သူ၏သွေးနှင့် ချီစွမ်းအင်တွေဟာ ပရမ်းပတာဖြစ်နေသည်။
ဤအခိုက်အတန့်တွင် ကြယ်တာယာနတ်ဆိုးဝံပုလွေ က ဒေါသတကြီး အူလျက် လက်သည်းကိုမြှောက်၍ လုံချန်၏ ခေါင်းဆီသို့ ရိုက်ချလိုက်သည်။ တည့်တည့်ထိမှန်ပါက ခေါင်းပွင့်ထွက်သွားမှာ အသေအချာပင်။
ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ တိုက်ခိုက်ရေးစွမ်းအားဟာ လုံချန် ရင်ဆိုင်ဖူးသမျှထဲ အကြီးမားဆုံးပြိုင်ဖက်ဖြစ်သည်။ သူဟာ ခုခံနိုင်စွမ်းမရှိတော့သလိုပင်။ သူ့ခေါင်းပေါ်မှ အေးစက်စက်အငွေ့အသက်များနှင့်ဝံပုလွေလက်သည်း တဖြည်းဖြည်း နီးကပ်လာသည်။ လုံချန် က ရုတ်တရက် ရယ်မောလိုက်သည်။ သူ၏လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး “မင်း ငါ့ကို သတ်ချင်နေတာလား။ လွယ်တော့ မလွယ်ဘူး”
လုံချန် သည် ရုတ်တရက် ထပြီး တစ်ကိုယ်လုံးရှိရှိသမျှ ခွန်အားအကုန် ထုတ်ဖော်လိုက်သည်။ သူက ကြယ်တာယာစစ်နတ်ဘုကားခန္ဓာကိုယ်၏ ပြီးပြည့်စုံသော စွမ်းအားနှင့် မူလချီ အားလုံးကို အသုံးပြုခဲ့သည်။
လုံချန်၏ပုံစံက သေခြင်းတရားကို ရင်ဆိုင်နေရသည့်တိုင် အကြောက်အလန့်မရှိပေ။ ကြယ်တာယာနတ်ဆိုးဝံပုလွေ ဆီသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။
အချိန်မရွေး သေသွားနိုင်သော စိတ်ခံစားချက်က ရူးသွပ်မှု၊ ရက်စက်ကြမ်းကြုတ်မှုအဖြစ်ပြောင်းလဲသွားလေပြီ။
သူ ဒဏ်ရာရနေသော်လည်း ယခုတိုက်ခိုက်မှုဟာ သူထုတ်သုံးခဲ့သမျှအနက် အပြင်းထန်ဆုံးလို့တောင်ပြောနိုင်ပါသည်။ ထို့အတူ ကြယ်ကြွေနတ်လက်သီး က သူ၏ မူလချီအားလုံးကို ကုန်ဆုံးလုနီးပါးပင်။
“အရူး၊ နင့်ကိုယ်နင် ဘာလို့စတေးနေတာလဲ”
ဤအချိန်တွင် လုံချန် နောက်ကနေ ငိုရှိုက်သံတစ်သဲ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပဲ အမြင်အာရုံများ မှုန်ဝါးသွားစေသည်အထိ လင်းထိန်နေသောအလင်းရောင်တစ်ချက် တောက်ပလာသည်။ လုံချန် လည်း သူ့ကိုယ်သူ အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။
လင်းရှီနတ်ဓား က သူ့ရှေ့မှာ လွင့်မျောနေသည်။
ဤအချိန်တွင် လင်းရှီနတ်ဓားမှ အဖြူရောင်အလင်းတန်းများ ဖြာထွက်လာလေသည်။ လုံချန်၏ အမြင်အာရုံပင် ချက်ချင်း မှုန်ဝါးသွားပါတော့သည်။ ရုတ်တရက်ဆိုသလိုပဲ အလင်းတန်းများကြားမှ မှုန်ဝါးဝါးအဖြူရောင်ပုံရိပ်လေးတစ်ခု ပေါ်လာလေသည်။
“အလှတရား……”
မြူခိုးတွေကြားက အမျိုးသမီး ဟာ စွဲမက်ဖွယ်ကောင်းသော အလှတရားကို ပိုင်ဆိုင်ထားလေသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနူးညံ့သောအသားအရေကိုပိုင်ဆိုင်ထား၏။ အပြာနုရောင် ၀တ်စုံကို ဝတ်ဆင်ထားကာ သူ့ခါးက အရိုးအပါသကဲ့သို့ အလွန်သေးငယ်လှသည်။ လုံချန် အတွက်တော့ မော်တယ်ကမ္ဘာမှ လူသားတစ်ဦးလို့ပင် မထင်ရပေ။ နောက်ကျောကိုသာ မြင်ရသော်လည်း အလွန်လှပနေမည်မှာ သေချာပါသည်။
လင်းရှီ....
မှန်သည်။ နတ်ဓား ထဲမှ လင်းရှီ ထွက်လာတာပါ။ ဒီအချိန်မှာ လုံချန်၏ စိတ်က အလွန်အေးချမ်းသွားသလိုခံစားရသည်။
ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်မှာ တဆစ်ဆစ် နာကျင်ကိုက်ခဲလာသည်။ သူ့ဒဏ်ရာက လုံးဝကိုပြင်းထန်ပါသည်။ ဒီအချိန်မှာ လုံချန်၏ အမြင်အာရုံဟာ မှုန်ဝါးလာပြီး သူ့ရှေ့ရှိ လှပသော ရုပ်သွင်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အချိန်အတော်ကြာပြီးနောက်မှ သတိရပြန်ရလာသည်။ သူ့ကိုယ်သူ ကျောက်တုံးကြီးနှစ်ခုကြားမှာ ရှိနေတာကို သတိထားမိလိုက်လေသည်။ သူ့ခေါင်းကို မော့ကြည့်လိုက်တော့ မီးခိုးရောင်ကောင်းကင်ကြီး ရှိနေတုန်းပါ။ သူဟာ ပျက်သုဉ်းခြင်းသားရဲဒေသ မှာသာရှိနေဆဲဖြစ်မှန်း သက်သေပြခဲ့သည်။
သူ့ခန္ဓာကိုယ်က အနည်းငယ် မသက်မသာ ခံစားရသေးသော်လည်း တဖြည်းဖြည်းကောင်းမွန်လာပါသည်။ လုံချန်် က သတိလစ်မသွားခင် အဖြစ်အပျက်ကို ပြန်သတိရသွား၏။ သူ့စိတ်ထဲမှာ ပူလောင်သွားကာ “လင်းရှီ.... ရှီအာ၊ မင်းဘယ်မှာလဲ” ဟု အလျင်စလိုမေးလိုက်သည်။
“ငါ....ဒီမှာ” ဘေးနားကနေ အားပျော့နေသောအသံလေး ထွက်ပေါ်လာသည်။
ယခုမှပင် လင်းရှီနတ်ဓား က သူ့ အနီးရှိကျောက်တုံးနှင့် မှီနေသည်ကို တွေ့လိုက်ရသည်။ သူသတိလစ်မသွားခင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တစ်ခုမကျန်မှတ်မိနေသည်။ လင်းရှီ ကို အနီးကပ်မြင်လိုက်ရတော့ သူ့ရင်ထဲမှာ တစ်မျိုးတစ်မည်ခံစားရသလိုပင်။ တစ်ချိန်တည်းမှာပင် လင်းရှီ၏ ရင်သပ်ရှုမောဖွယ် အလှတရားက သူ့နှလုံးသားထဲမှာ အခိုင်အမာ ထွင်းထုထားသည်။
လင်းရှီ၏ အသံက အလွန်အားနည်းနေသေးသည်။ လုံချန် လည်း စိတ်ပူသွားပြီး “မင်းအဆင်ပြေလား” ဟု ကမန်းကတန်း မေးလိုက်သည်။
“ငါအဆင်ပြေပါတယ်......ဒါပေမဲ့ ငါတကယ်ပင်ပန်းနေပြီ။ စကားပြောဖို့ ဖို့ခွန်အားတောင်မရှိတော့ဘူး။ နင်သတိရလာပြီဆိုတော့ ငါအိပ်တော့မယ်။ နင်ငါ့ကိုနှိုးရင် အသေရိုက်ပစ်မယ် ……”
စကားပြောပြီးနောက်မှာ သူမ အနည်းငယ် ရယ်မောလိုက်သည်။
“ဘယ်.... ဘယ်လိုဖြစ်.... မင်း မြန်မြန် အိပ်ပျော်သွားပြီလား။ မင်းက တကယ်အပျင်းထူတာပဲ”
လုံချန် က ကြိမ်းမောင်းရင်း ရယ်မောလေသည်။ သို့သော်လည်း လင်းရှီ သူ့အား ဘယ်လိုကယ်တင်လိုင်မှန်းတွေးမိပြီး သနားသွားမိသည်။
“ငါတို့ ဘယ်လိုတွေ့ဆုံခဲ့တာလဲ။ ပြီးတော့ ဒီရင်းနှီးမှုကို ငါဘယ်လိုခံစားနေရသလဲတောင် နားမလည်နိုင်ဘူး။ ငါ့ကြောင့် မင်းဒီလိုဖြစ်သွားရတာ။ ငါစိတ်မကောင်းပါဘူး။ ဒီနေ့အတွက် နောင်မှာ ငါလုံချန် သေချာပေါက်ပြန်ပေးဆပ်မယ်”
“တကယ်တော့ ရှီအာ က ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို သတ်ပစ်လိုက်တာဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် အခု ငါ့မှာ နတ်ဆိုးဂျင်ဆင်း ၂ ခုတောင်ရှိနေပြီ။ ငါ့ရဲ့ခွန်အားကို တိုးမြှင့်ဖို့ အချိန်တန်ပြီ”
တွေးနေရင်း သူ့ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်။ လုံခြုံစိတ်ချရကြောင်း အတည်ပြုပြီးနောက် နတ်ဆိုးဂျင်ဆင်းကို ထုတ်ယူကာ မျိုချလိုက်သည်။မျက်စိတစ်မှိတ်အတွင်းမှာပဲ လုံချန် ဟာ သူ့တစ်ကိုယ်လုံး အပူလှိုင်းများ ပြန့်နှံ့လာတာကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ပြန့်သွားပြီးနောက် အပူလှိုင်းတွေဟာ မူလဒန်တျန်ထဲကို စီးဝင်သွားပါတော့သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
၁ နာရီကြာပြီးနောက် နတ်ဆိုးဂျင်ဆင်း၏ စွမ်းအင်များကို လုံးလုံးချေဖျက်နိုင်ခဲ့သည်။ လုံချန် က မျက်ခုံးတွန့်ပြီး ရေရွတ်လိုက်ပါသည် “ဂျင်ဆင်း တွေက အလယ်အလတ်အဆင့် ဝိညာဉ်ဆေးအပင်တွေပဲ။ ဒါတောင်မှ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကို ချိုးဖျက်ဖို့ မလုံလောက်ဘူးထင်တယ်။ ဒါဆိုလဲ နောက်ထပ် တစ်ပင်မျိုချလိုက်တာပေါ့။ အခု ငါ့မှာ ကြယ်တာယာစစ်နတ်ဘုကားခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီ။ ငါ့ခန္ဓာကိုယ်သွေးကြေတွေက သာမာန်လူတွေထက် ပိုပြီးသန်မာတယ်။ ဒါဆို နတ်ဆိုးဂျင်ဆင်းနှစ်ပင်ရဲ့စွမ်းအင်တွေကို သေချာပေါက်ခံနိုင်မှာပါ”
အခြေအနေကို တွက်ဆပြီးတာနဲ့ နောက်ထပ် ဂျင်ဆင်းတစ်ပင်ကို မျိုချလိုက်တော့သည်။
သူ့ခန္ဓာကိုယ်ထဲမှာ သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ စတင်ပြန့်နှံ့လာသည်နှင့်အမျှ လုံချန် လည်း သန့်စင်မှုအရှိန်ကို တိုးမြှင့်လိုက်သည်။ သူ၏မူလဒန်တျန်ထဲရှိ မူလစွမ်းအင်တွေဟာ တဖြည်းဖြည်း တိုးများလာပါသည်။ အဆင့်တက်ဖို့ လုံလောက်တာထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။
“အားလုံးပြီးသွားပြီ။ ဒီတစ်ခါတော့ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကို ချိုးဖျက်လိုက်တာပေါ့။ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် က တံခါးပေါက်တစ်ခုပဲ။ အဆင့် ၄ ကို ရောက်သွားတာနဲ့ ငါ့ရဲ့ ခွန်အားက သေချာပေါက် တိုးလာလိမ့်မယ်။ ဒါဆို ကြယ်တာယာနတ်ဆိုးဝံပုလွေနဲ့ နောက်တစ်ကြိမ်ပြန်တွေ့ရင် အခြေအနေဆိုးတော့မှာမဟုတ်ဘူး”
သိပ်သည်းလှသော မူလစွမ်းအင်တွေဟာ အဆင့် ၄ အတားအဆီးကို တည့်တည့်ရိုက်ခတ်လာသည်။ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းတာက အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ထက် အဆပေါင်းများစွာကို ခက်ခဲပါသည်။ လုံချန် ပထမဆုံးအကြိမ်ကြိုးစားမှုက ပြင်းထန်သော ခုခံမှုတစ်ခုနှင့် ရင်ဆိုင်တွေ့နေသည်။
“နဂါးသွေးကြောနယ်ပယ် မှာ လေ့ကျင့်တာက တကယ်ကို ခက်ခဲတာပဲ။ ငါ့မှာ အဖေ့ရဲ့ မူလစွမ်းအင်နဲ့ ဝိညာဉ်ဂျင်ဆင်း နှစ်ပင်တောင်မှ ရှိသေးတယ်။ ဒါပေမဲ့ ငါ မအောင်မြင်သေးဘူးလား။ တကယ်တော့ ဒါ ငါ့ရဲ့ ကန့်သတ်ချက်မှမဟုတ်တာ”
လုံချန်က အံကြိတ်ရင်း မူလစွမ်းအင်အားလုံးကို စုစည်းလျက် အဆင့် ၄ နဂါးသွေးကြော ဆီသို့ တွန်းပို့လိုက်သည်။ “ဝေါင်း......” သူ့ခန္ဓာကိုယ်ထဲမှာ နဂါးဟိန်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။
၁ နာရီခန့်အကြာတွင် ကျယ်လောင်သော အသံနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြင်းထန်သော အော်ရာတစ်ခု ပေါက်ကွဲသွားသည်။ လုံချန် သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ သူ့မျက်လုံးတွေဟာ မူလစွမ်းအင်များပြည့်လျှံနေပုံရသည်။
သူ၏လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း တစ်ကိုယ်လုံး အင်အားပြည့်နှက်နေတာကို ခံစားရသည်။
“ဒါဆို ဒါက အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ပေါ့။ ဘယ်လောက်တောင် သန်မာလိုက်လဲ။ ယန်ကျန်း က ဒီလိုခွန်အားတွေ ပိုင်ဆိုင်ထားပေမဲ့ ငါ့ကို ရှုံးသွားသေးတယ်။ ဒီလိုကောင်က အမှိုက်တစ်စမဟုတ်ရင် ဘာလဲ”
လုံချန် က လင်းရှီဓား ကိုလှည့်ကြည့်ရင်း အတွေးနက်သွားပြန်သည် “ရှီအာ.....၊ သူမ ပြန်ပြီးနိုးထမလာလောက်သေးဘူး။ ပြီးတော့ မျိုးနွယ်စုတွေ့ဆုံပွဲက ဘယ်လောက်မှမလိုတော့ဘူး။ ငါအချိန်သိပ်မရဘူး။ သူ အိပ်စက်နေတုန်း ငါ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို ထပ်ပြီးအဆင့်မြှင့်ရမယ်။ ပြီးတော့ အဆင့် ၅ နဂါးသွေးကြောနယ်ပယ် ကို ချိုးဖျက်ဖို့လုပ်မယ်”
သူ၏ခွန်အားတွေ တိုးတက်လာတာနဲ့အမျှ လုံချန်၏ တာအိုနှလုံးသား လည်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူက မြေပြင်ပေါ်တွင် ထိုင်ကာ ဆက်လက် ကျင့်ကြံနေလိုက်သည်။
Translated By NyiNyiSoe
...နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၄ - ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို Thet ဖြတ်ခြင်း
၄ ရက်ခန့်အကြာ....
လုံချန် သည် အချိန်ကို တွက်ချက်သည်။ အကြောင်းမှာ မျိုးနွယ်စုတွေ့ဆုံပွဲ ဘယ်လောက်မှ သိပ်မလိုတော့ပေ။
“ငါ ကြယ်တာယာစစ်နတ်ဘုကားခန္ဓာကိုယ်ကို အလုံးစုံ မကျွမ်းကျင်သေးဘူး။ ဒါကြောင့် ငါ့ကျင့်ကြံမှုအဆင့်က အဆင့် ၄ နဂါးသွေးကြောနယ်ပယ် မှာပဲရှိနေသေးတာ။ ဒါကမလုံလောက်သေးဘူး၊ အဆင့် ၆ ကိုရောက်နေတဲ့ ယန်လင်းရွဲ့ ထက် အများကြီးအားနည်းတယ်”
လုံချန် က မျက်မှောင်ကြုတ်လိုက်သည်။ လင်းရှီ နိုးလာရင်တော့ အမြန်ဆုံးထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။
.....
လင်းရှီ ဟာ ၄ ရက်အကြာတွင် ပြန်ပြီး နိုးထလာခဲ့သည်။
လုံချန်၏ အခြေအနေကို မြင်သောအခါ လင်းရှီ က ဝမ်းသာအားရနှင့် “နင့်ကြည့်ရတာ နတ်ဆိုးဂျင်ဆင်း ကို အပြည့်အဝသန့်စင်ပြီးသွားပြီထင်တယ်။ အခု နင့်ခွန်အားက ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို တိုက်ခိုက်နိုင်ပြီ။ မျိုးနွယ်စုတွေ့ဆုံပွဲ အတွက် အချိန်ကသိပ်မကျန်တော့ဘူး။ ဒီတော့ သူနေတဲ့ဂူ ကိုအမြန်ပြန်သွားရမယ်”
လုံချန် လည်း အံ့သြသွားသည် “ငါတို့ နောက်တစ်ခါ ထပ်သွားဦးမှာလား။ ငါတို့တွေ အဲဒီနေရာတစ်ခုလုံး ကို လုယက်ပြီးသွားပြီလေ”
“နင်မသိပါဘူး၊ တကယ်တော့ နင့်အတွက်၊ အဲဒီသတ္တဝါ က သဘာဝရတနာပဲ” လင်းရှီ က အသံတိုးတိုးဖြင့်ပြန်ပြောသည်။
“မင်းစကားက မသိရင် လျှို့ဝှက်ဆန်းကြယ်နေသလိုပဲ။ သူက ဘာလို့ရတနာဖြစ်နေတာလဲ ငါသိချင်တယ်”
လုံချန် ဟာ စိတ်ရှုပ်ထွေးနေသော်လည်း နောက်ဆုံးမှာတော့ လင်းရှီကို ယုံကြည်ဖို့ရွေးချယ်ခဲ့သည်။ ထို့နောက် နှစ်ယောက်သား ကြယ်တာယာနတ်ဆိုးဝံပုလွေ နေထိုင်သည့် ဂူရှိရာသို့ နောက်တစ်ကြိမ်ပြန်သွားခဲ့ကြသည်။
“ရှီအာ၊ ဒီကြယ်တာယာနတ်ဆိုးဝံပုလွေ က ဘယ်လိုရတနာမျိုးလဲ။ ဒါက ငါ့အတွက် အရမ်းသင့်တော်တယ်လို့ မင်းပြောနေတာလား”
“ကြယ်တာယာနတ်ဆိုးဝံပုလွေ ရဲ့အမွေးက အရမ်းထူးခြားတယ်။ အဲဒီအမွေးတွေက ကြယ်တာယာစွမ်းအင်တွေကို မြန်မြန်ဆန်ဆန်စုပ်ယူနိုင်တယ်။ ပြီးကျတော့ သူ့အမွေးတွေက ပုံမှန်မဟုတ်တော့သလို လုံးဝမာကြောလာတယ်။ ပြောရရင် ကြယ်တာယာနတ်ဆိုးဝံပုလွေ က နင့်ရဲ့ ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ကို သေချာပေါက် အထောက်အကူပြုမှာပါ “
လုံချန် သည် လင်းရှီ၏ရှင်းပြချက်ကို နားထောင်ရင်း ဘာစကားမှ ပြန်မပြောနိုင်တော့ပေ။ ဤလောက၌ ထူးဆန်းသော အရာမျိုးစုံရှိနေသည်မဟုတ်ပါလား။
ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ သားမွေးတွေဟာ သူ့အတွက် အထောက်အကူဖြစ်မှန်း သိလိုက်တော့ လုံချန် လည်း အတော်လေးဝမ်းသာသွားလေသည်။ သူက စမ်းသပ်ကြည့်ရန် ရည်ရွယ်လိုက်သည်။ အဓိကကတော့ သူ့အနေဖြင့် မျိုးနွယ်စုတွေ့ဆုံပွဲမှာ အနိုင်ရမှသာ အဖေဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သည်။
လုံချန် သည် လင်းရှီ ကို စောင်းငဲ့ကြည့်ကာ ရင်ထဲနွေးထွေးသွားမိသည်။
“ဒီမိန်းကလေးက ခေါင်းမာပေမယ့် စိတ်ကောင်းရှိတယ်”
လုံချန် အနေဖြင့် လင်းရှီ၊ လုံချင်းလန် တို့အတွက် ရှေ့ထွက်လာပေးရမှာပါ။ ထို့အပြင် သူဟာ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းခဲ့ပြီးဖြစ်၏။ သူ့ခွန်အားက အရင်င်ကထက် အများကြီးပိုအားကောင်းပါသည်။ လက်ရှိမှာ သူက ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို အနိုင်ယူရန် အခွင့်အရေးအပြည့်ရှိနေသည်။
“ပြီးတော့ နတ်နဂါးကျင့်ကြံသူ(နဂါးစစ်သည်တော်)က ဘာကိုပြောတာလဲ။ ဒီလိုတည်ရှိမှုမျိုး တစ်ခါမှ မကြားဖူးဘူး။ အဲဒါက ဘာကိုဆိုလိုတာလဲ။ အဖေက ဒီလောက် လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် အဲဒီစကားပြောတဲ့အခါ အရမ်းတန်ဖိုးထားတယ်”
ခဏအကြာတွင်တော့ နှစ်ယောက်သား ဂူအပြင်ဖက်ကိုရောက်လာခဲ့ကြသည်။
လင်းရှီ က အနည်းငယ်စိတ်ပူနေသည့်လေသံဖြင့် “ကြယ်တာယာနတ်ဆိုးဝံပုလွေ က အရမ်းသန်မာတယ်၊ နင် သူ့ထက် အားနည်းတယ်။ နင်မနိုင်ရင် လွတ်အောင်ထွက်ပြေးနိုင်မှာပါ။ ဒါပေမဲ့ ငါ နင့်ကို မျိုးနွယ်စုတွေ့ဆုံပွဲ မှာ တန်ဖိုးအမြင့်ဆုံးဖြစ်စေချင်တယ်။ ပြီးတော့ ဘဝမှာ ဘယ်လိုရုန်းကန်ရလဲဆိုတာပါ သိစေချင်တာ”
လုံချန် က ပြုံးပြီး “အဆင်ပြေပါတယ်၊ မင်းရဲ့ ရည်ရွယ်ချက်တွေကို ငါနားလည်ပါတယ်။ ဒါပေမဲ့ ငါလုံချန် ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘူး”
သူက လင်းရှီနတ်ဓား ကို မြေပြင်မှာ ခဏချထားလိုက်ရင်း မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြင့် “ရှီအာ၊ ဒီသတ္တဝါလေးကို ငါဘယ်လိုသတ်ပစ်မလဲဆိုတာ စောင့်ကြည့်လိုက်ပါ” ဟုပြောလိုက်ပါသည်။
လုံချန်၏အပြုံးထဲမှ မယိုင်မလဲနိုင်သော ယုံကြည်မှုဟာ လင်းရှီ အား အနည်းငယ်မှိန်းသွားစေသည်။
“လူဆိုးကောင်....”
သူမ စိတ်ထဲမှာ အားရကျေနပ်သွား၏။
ဤအတောအတွင်း လုံချန် ဟာ ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ဂူ အဝင်ဝ၌ တိုက်ရိုက်ပေါ်လာခဲ့သည်။တစ်ချိန်တည်းတွင် သူ့ဆီကနေ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။
ဤအတိုင်းဆိုပါက ဂူအတွင်းပိုင်းရှိ ကြယ်တာယာနတ်ဆိုးဝံပုလွေ ဟာ လုံချန် ရောက်လပြီမှန်း သေချာပေါက် အာရုံခံနိုင်မှာပါ။
နတ်ဆိုးသားရဲများသည် ၎င်းတို့၏ အပိုင်နယ်မြေကို အာရုံစူးစိုက်နိုင်စွမ်းအပြည့်ရှိကြသည်။ နတ်ဆိုးဝံပုလွေ အတွက်တော့ သူ့နယ်မြေထဲ ခိုးဝင်လာသော
လုံချန် ဟာ သေသင့်ပါသည်။
အပြင်ကို ထွက်လာပြီးနောက် ကြယ်တာယာနတ်ဆိုးဝံပုလွေ ဟာ လုံချန် အား မှတ်မိလိုက်သည်။ ထိုလူသားက သူ့အဖိုးတန်ရတနာများကို အလစ်ဝင်ခိုးသွားသည်မဟုတ်လား။ ကြယ်တာယာနတ်ဆိုးဝံပုလွေ က ချက်ချင်းပင် လုံချန် ကိုခုန်အုပ်လိုက်တော့သည်။
၎င်း၏ ရင်ဘတ်မှာတော့ သွေးမတိတ်သေးသည့် ဒဏ်ရာများရှိနေသေးသည်။ သေချာသည်မှာ နတ်ဆိုးဝံပုလွေ က လင်းရှီ လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားပုံပါ။
သို့သော် ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ အရှိန်နှင့် ခွန်အားကြောင့် လုံချန်၏ မျက်လုံးများပင် ကျုံ့သွားစေခဲ့သည်။
မည်မျှသန်မာကြောင်း လက်တွေ့ မြင်လိုက်ရသဖြင့် လုံချန် သာမက လင်းရှီ လည်း ထိတ်လန့်သွားသည်။ ထို့အပြင် ကြယ်တာယာနတ်ဆိုးဝံပုလွေ က သူ့လှည့်ကွက်တွေကို ကြိုပြီးရိပ်မိထားပုံပါ။ လုံချန် အတွက် စိုးရိမ်သွားကာ ဝင်ပါဖို့ပြင်လိုက်၏။
သို့သော်လည်း....
“မလှုပ်နဲ့၊ ငါမရှုံးနိုင်ဘူး”
သူ့နားထဲမှာ လုံချန်၏ စကားသံ ထွက်ပေါ်လာသည်။ ချောမောသော လူငယ်လေးက ယုံကြည်မှုအပြည့်ဖြင့် ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို ရင်ဆိုင်နေပါသည်။ လင်းရှီ လည်း သက်ပြင်းသာချလိုက်ပြီး ဝင်မပါတော့ပေ။
“ကောင်းပြီ ၊ငါနင့်ကိုယုံတယ်” လုံချန် ကိုစိုက်ကြည့်ကာ
သူ့နှလုံးသားထဲကနေ တိတ်တဆိတ် အားပေးနေသည်။
“အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကို မကြာသေးခင်တုန်းက ရောက်ခဲ့တယ်။ ကြယ်ကြွေနတ်လက်သီး ကို အင်အားအပြည့် တစ်ခါမှ မသုံးဖူးသေးဘူး။ ကောင်းပြီ၊ ငါ့လက်သီးချက်က ဘယ်လောက်ထိအားကောင်းသလဲ စမ်းကြည့်ရအောင်”
“ကြယ်ကြွေနတ်လက်သီး ၊ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးသော လက်သီးချက်...”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်စရာကောင်းလှသော လက်သီးစွမ်းအားက ကြယ်တာယာနတ်ဆိုးဝံပုလွေ ကို တောင်နံရံပေါ်သို့ ရိုက်ချခဲ့သည်။ ကြယ်ကြွေနတ်လက်သီး ကျဆင်းလာရာ တောင်ထိပ်တစ်ခုလုံး တစ်စစီပေါက်ကွဲလျက် ဖုန်မှုန့်များ လေထဲသို့ လွင့်ပျံလာလေသည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် လက်သီးတစ်ချက် ဆင်းသက်လာပြီး ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ခန္ဓာကိုယ်အား တည့်တည့်ထိမှန်ခဲ့သည်။ လုံချန် က ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ ခေါင်းကို ထပ်မံထိုးလိုက်သည်။
ဤအချိန်တွင် ကြယ်တာယာနတ်ဆိုးဝံပုလွေး မျက်လုံးတွေဟာ ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရထားလေရာ ခုခံဖို့ အင်အားမရှိတော့ပေ။ လုံချန် နောက်ဆုံးထုတ်ဖော်လိုက်သည့် ကြယ်ကြွေနတ်လက်သီး ဟာ ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ အောက်မေးရိုးကို ထိမှန်သွားသည်။ ခလွပ်.... အရိုးအက်သံများ ကျယ်လောင်စွာထွင်ပေါ်လာသည်။ သို့သော် ထိုမျှသာမကသေး၊ မေးရိုးက ဦးခေါင်းထိပ်အထိ ထိုးဖောက်သွားပါတော့သည်။ သိပ်မကြာလိုက်၊ ကြယ်တာယာနတ်ဆိုးဝံပုလွေ ဟာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဤမြင်ကွင်းကြောင့် အခြေအနေကို စောင့်ကြည့်နေသော လင်းရှီ ဟာ သက်ပြင်းတစ်ချက်ချလိုက်ပါသည်။
အစကတော့ ကြယ်တာယာနတ်ဆိုးဝံပုလွေ၏ အစစ်အမှန်ခွန်အားကို လက်တွေ့မြင်ထားသဖြင့် လုံချန် အတွက် အတော်လေးစိုးရိမ်သွားမိသည်။
လက်တွေ့မှာ လုံချန် ဘယ်လောက်သန်မာကြောင်း မြင်တွေ့လိုက်ရသည်။ သူက ကြယ်တာယာနတ်ဆိုးဝံပုလွေ ကိုပင် အနိုင်ယူပစ်ခဲ့သည်။ အဓိကကတော့ လုံချန်၏ တိုက်ခိုက်ရေးစွမ်းအားပင်။ အလွန်တရာကို ရက်စက်ကြမ်းကြုတ်လှသည်။
“ဒီကောင်… တကယ်ကို လူမဟုတ်လောက်ဘူး။ သူ တိုက်ခိုက်တဲ့အခါ အရမ်းကြောက်စရာကောင်းတယ်။နင်က စကားကောင်းကောင်း မပြောတတ်ပေမယ့် ပြုံးတဲ့အခါကျရင်တော့ အတော်လေးကို ကြည့်ကောင်းတယ်…”
သူ့ဘာသာသူ တွေးနေရင်း လင်းရှီ၏မျက်နှာလှလှလေးက ရှက်ရွံ့မှုကြောင့် နီရဲလာသည်။
ဤအခိုက်အတန့်တွင် လုံချန် ဟာ ဧရာမနတ်ဆိုးအလောင်းကြီးကို ကိုင်ကာ လင်းရှိ နံဘေးသို့ တရွတ်ဆွဲယူလာခဲ့သည်။ သူက ဂုဏ်ယူနေသောလေသံအပြည့်ဖြင့်ပြောလိုက်သည် “ကလေးမလေး၊ မင်းဘာဖြစ်နေတာလဲ။ ငါ့ရဲ့ သန်မာတဲ့ခွန်အားကို မြင်ပြီးတော့ ငါ့ကိုသဘောကျသွားပြီလား “
ထိုစကားကို ကြားလိုက်သောအခါ လင်းရှီ၏ အထင်အမြင်ကောင်းများ ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူမက ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည် “အိပ်မက်ပဲမက်နေလိုက်။ ငါ နင့်လို ဖားတစ်ကောင်ကို မကြိုက်ဘူး”
လုံချန် က တဟားဟားရယ်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး နတ်ဆိုးအလောင်းကြီးအား ကြည့်နေလေသည်။ ခဏကြာတော့မှ “ဟေး၊ မင်းဘာလို့ဘာမှ မပြောသေးတာလဲ။ ဒီသားမွေးကို ဘယ်လိုသုံးရမလဲဆိုတာ ငါ့ကို မြန်မြန်ပြောပါ”
လင်းရှီ က ချက်ချင်းပင် စိတ်လှုပ်ရှားလာပါတော့သည်။ လုံချန် ကိုတစ်ချက်ကြည့်ပြီး “ဘာလုပ်ရမလဲဆိုတော့ ဒီသားမွေးတွေကို အကုန်လုံးသန့်စင်ပြီးတော့ မျိုချလိုက်။ ပြီးတော့ တစ်ခုခုထူးခြားတာကို
နင်သိလိမ့်မယ်”
လုံချန် လည်း ချက်ချင်းပင် အံ့အားသင့်သွားသည်။ သူက ကြယ်တာယာနတ်ဆိုးဝံပုလွေအလောင်းအား ခါးသီးသောအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် လက်မခံချင်သောလေသံနဲ့ ပြန်မေးလိုက်၏ “မင်းပြောနေတာက … ငါ.... ဒီသားရဲရဲ့ အမွေးကို စားစေချင်တာလား။ သားမွေးကို တကယ်စားရမှာလား”
“ဟုတ်တယ် သူ့အမွေးတွေကို အကုန်စားလိုက်...”
လုံချန် ဟာ မတတ်သာစွာ ညည်းညူရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။
၁ နာရီခန့်ကြာပြီးနောက်...
လုံချန် သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူ၏ အရေပြားမျက်နှာပြင်ပေါ်မှာတော့ ကြယ်ရောင်ဖျော့ဖျော့ ပေါ်လာပြီး ပိုသိပ်သည်းလာသည်။ ဒီအချိန်မှာ သူ့မျက်လုံးတွေ ပြူးကျယ်စွာပွင့်နေလေသည်။ ထိုခဏလေးမှာပဲ လုံချန်၏မျက်လုံးတွေဟာ ကြယ်ပွင့်များအဖြစ် ပြောင်းလဲသွားပါတော့သည်။ သူ့မျက်လုံးအစုံကနေ ပြိုးပြိုးပြက်ပြက်လက်နေသော အလင်းရောင်များ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင် လင်းရှီ သည် ကျင့်ကြံရေးထဲမှာနစ်မြုပ်နေသော လုံချန် ကို စိုက်ကြည့်နေသည်။ ထို့နောက် တခစ်ခစ်ရယ်ပါသည်။ ရုတ်တရက်ဆိုသလိုပဲ သူမ၏အပြုံးက အေးစက်သွားသည်။
“တကယ်တော့ ငါဘာတွေတွေးနေတာလဲ။ သူက ဒီလိုဝေးလံခေါင်သီတဲ့ တောအရပ်က နိမ့်ကျတဲ့ကျင့်ကြံသူလေးပဲလေ။ သူ့လိုလူက ငါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခွင့်ရမှာတဲ့လား။ ဒါပေမဲ့ သူသာ ငါပြန်ကောင်းလာအောင် ကူညီနိုင်ရင် နည်းနည်းတော့ပြန်ကူညီလိုက်မယ်”
ဤအတောအတွင်း လုံချန် က “ဒီဝံပုလွေရဲ့ အမွေးတွေက ပျော့ပျောင်းပေမယ့် ငါ့ခန္ဓာကိုယ်ထဲကို ဝင်လာတော့ ဓားသွားတွေလိုမျိုး ခံစားရတယ်။ ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲမှာ အဖျက်စွမ်းအားတစ်ခုရှိနေသလိုပဲ။ တကယ်တော့ ဒီစွမ်းအားက ကြယ်တာယာ စွမ်းအင်ပဲ”
လုံချန် ဟာ နာကျင်မှုကို အတင်းအကျပ် တောင့်ခံထားရင်း ကြယ်တာယာစစ်နတ်ဘုရား ခန္ဓာကိုယ်အား အသက်သွင်းလိုက်ပါသည်။ အဆုံးအစမဲ့သော ကြယ်စွမ်းအင်တွေနဲ့အတူ လုံချန်၏ စစ်နတ်ဘုရားခန္ဓာကိုယ်ဟာ တဖြည်းဖြည်းပိုအားကောင်းလာပါတော့သည်။
နောက်ဆုံးမှာတော့ အကန့်အသတ်သို့ ရောက်ရှိသွားပုံရသည်။ ပေါက်ကွဲသံနှင့်အတူ လုံချန်၏ခန္ဓာကိုယ်ကနေ စူးရှသောကြယ်အလင်းလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့အပြင် ပြင်းထန်သော ဖိအားတစ်ခုက ပတ်ဝန်းကျင်ကို တဆတ်ဆတ် တုန်လှုပ်သွားစေသည်။
ခဏအကြာမှာတော့ လုံချန် ဟာ ရုတ်တရက်ထရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကြီးမားသောစွမ်းအားကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်ရာ တလက်လက်တောက်ပနေသော ကြယ်အလင်းတန်းများ မြင်လိုက်ရပါသည်။ သူ့မျက်လုံးအစုံကလည်း ညကောင်းကင်မှ ကြယ်များထက်ပင်် ပိုပြီးလင်းလက်တောက်ပနေခဲ့သည်။
“ကြယ်တာယာစစ်နတ်ဘုရားခန္ဓာကိုယ်ရဲ့ အလုံးစုံအောင်မြင်မှုအဆင့်က တကယ်ကိုကြောက်စရာကောင်းတာပဲ”
ထို့နောက် ကျော်ကြားခြင်းမြို့တော် တည်ရှိသည့်ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။
“ငါ ပြန်ဖို့အချိန်ကျပြီပဲ...”
Translated By NyiNyiSoe
...နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း ၁၅ - ပြန်လာပြီလား
ဇု(ကျိုး)လ ၂၅ ရက်မြောက်နေ့တွင်... ။
ဤနေ့သည် ယန်မိသားစု၏ မိသားစုတွေ့ဆုံပွဲနေ့ဖြစ်ခဲ့သည်။ ယန် မိသားစု သည် ကျော်ကြားခြင်းမြို့တော်၏ အင်အားစုအသီးသီးကို ဖိတ်ခေါ်ထားခဲ့သည်။
ယန် အိမ်တော်၏ အရှေ့ဖက်ခြမ်း သိုင်းပညာရင်ပြင်၌ ထိုင်ခုံများကို စနစ်တကျ စီစဉ်ပေးထားသည်။ မွန်းတည့်နေပြီဖြစ်၍ ဧည့်သည်များကို အစားအသောက်များဖြင့် အရင်ဆုံးဧည့်ခံနေပါသည်။
အမှန်တော့ ယန်မိသားစုတွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ်များကြား ယှဉ်ပြိုင်ပွဲပင်ဖြစ်သည်။ ထို့အပြင် ကျော်ကြားခြင်းမြို့၏ ပင်မအင်အားစုကြီးနှစ်ခုကြား အာဏာကိုအပြင်လူများသိအောင် ပြသသည့်နည်းလမ်းတစ်ခုပင်။
ရင်ပြင်တစ်ဖက်ခြမ်းမှာတော့ ယန် မိသားစု၏ အာဏာပိုင်များ ထိုင်ရာ စင်မြင့်ကြီးရှိနေသည်။ ယန်မိသားစုသည် နယ်မြေခံအင်အားစုမဟုတ်ပေ၊ ကျော်ကြားခြင်းမြို့၏ အသစ်ထွက်ပေါ်လာသော အင်အားစုတစ်ခုပါ။ သူတို့တွင် ပညာရှင်အများအပြားမရှိဟု အထင်သေးနေပါက လူတိုင်း အထင်မှားသွားပြီဟုပြောရပေမည်။ အလယ်ထိုင်ခုံ၌ ထိုင်နေသည့် ဆံပင်ဖြူအဘိုးကြီး ထံမှ မြင့်မြတ်သောအရှိန်အဝါများထွက်ပေါ်နေခဲ့သည်။ သူ့မျက်လုံးတွေကလည်း နတ်လျှပ်စီးများကဲ့သို့ တဖျပ်ဖျပ်လက်နေသည်။ ၎င်းက အခြားမဟုတ်၊ ယန် မိသားစုဘိုးဘေးပင်တည်း။
ယန်ချင်းရွှမ်၊ ယန်ရွဲ့ချင် နှင့် အခြားအာဏာပိုင် တွေကတော့ ဘေးတစ်ဖက်စီမှာ ထိုင်နေကြသည်။
ယန်ရွဲ့ချင်၏ နောက်မှာတော့ အနည်းငယ်သန်မာပုံရသော လူတစ်စုရှိနေခဲ့သည်။ ၎င်းတို့က ပိုင်မိသားစု၏ ကိုယ်စားလှယ်များဖြစ်၏။ ပိုင် မိသားစု၏ဘိုးဘေးရောက်မလာခဲ့သည့်တိုင်အောင် အခြားအာဏာပိုင်တွေအကုန်ရောက်လာကြသည်။ ပိုင်ကျန်းရှောင်၊ ပိုင်မိသားစု၏ တတိယမြောက်သားဖြစ်သည်။သူ့နောက်မှာ လူငယ်လေးတစ်ယောက် ရပ်နေခဲ့သည်။ ပိုင်ရှီးယွမ်၏ အစ်ကို တစ်ဖြစ်လည်း ပိုင်ကျန်းရှောင်၏သားကြီးဖြစ်သည်။ သူ့ခွန်အားအဆင့်ကတော့ ကျော်ကြားခြင်းမြို့၏ လူငယ်မျိုးဆက်၌ နံပါတ်တစ်ဖြစ်လေသည်။
ကျော်ကြားခြင်းမြို့ ၏ အခြားသော အင်အားစုငယ်တွေလည်း အသီးသီးရောက်လာကာ ဝင်ထိုင်ကြသည်။
ထိုင်ခုံ မလောက်တော့သောကြောင့် ယန် မိသားစု၏ အဖွဲ့ဝင်များနှင့် အခြားမျိုးနွယ်စုတွေဟာ သိုင်းပြိုင်ပွဲစင်မြင့် အပြင်ဖက်ကနေသာ ကြည့်ကြသည်။
ဤအချိန်တွင် ယန် မိသားစုဘိုးဘေးက ပိုင်ကျန်းရှောင် ကို ပြုံးကာပြောလိုက်သည် “အစ်ကို ပိုင် နဲ့ ငါက ညီအစ်ကိုတွေပဲကွ။ ရှောင်အာ၊ မင်း သိပ်ယဉ်ကျေးနေစရာ မလိုဘူး။ မိသားစုစည်းဝေးပွဲတွေနဲ့ ပတ်သက်ပြီး
အလုပ်ရှုပ်နေတော့ မင်းကို ကောင်းကောင်းမဖျော်ဖြေနိုင်တာပါ။ ဒါပေမဲ့ ချင်အာ က မင်းကို နေရာစုံလိုက်ပို့ပေးလိမ့်မယ်”
ပိုင်ကျန်းရှောင် ကလည်း ကမန်းကတန်း ပြုံးပြီး “ဒီတူလေး က ယန် မိသားစုကို သေချာပေါက်လာလည်တတ်ပါတယ်။ ညီမချင် က အမြဲလိုလိုအဖော်ပြုပေးနေကျပဲ။ ဒါကြောင့် ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးပြီးသားလေ။ ဦးရီးတော် ယန် ၊ ငါ့ကိုအားမနာနဲ့။ မိသားစုစည်းဝေးပွဲကို ဆက်ပြီးကျင်းပပါ။ ငါလည်း ယန် မိသားစုရဲ့ ဉာဏ်ကြီးရှင်တွေကို မြင်ချင်သေးတယ်”
တစ်ဖက်မှ ယန်ရွဲ့ချင် လည်း ပိုင်ကျန်းရှောင် အား ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
ဤအတောအတွင်း သိုင်းပြိုင်ပွဲစင်မြင့်ထက်ရှိ တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ စိတ်လှုပ်ရှားစရာကောင်းလာသည်။ ပြိုင်ပွဲဝင်များထဲ၌ ကိုယ့်ကိုယ်ကိုဖိနှိပ်ထားသူများလည်းရှိပေသည်။ ပြိုင်ပွဲအလယ်ရောက်မှ ဖိနှိပ်ထားတာကို ဖြေလျော့ကာ အဆင့်တက်ကြသည်။ လူတိုင်း၏ မျက်နှာထက်မှာ အပြုံးကိုယ်စီနှင့် အမျိုးမျိုးသော ချီးမွန်းခမ်းများပြည့်နှက်နေသေည်။ ပိုင် နှင့် ယန် မိသားစုကြီးနှစ်ခု၏ အာဏာပိုင်တွေဟာ ယန်လူငယ်များ၏ ခွန်အားကို ကြည့်ကာ ခေါင်းညိတ်ပြကြသည်။ သူတို့ သဘောကျသွားပုံပါ။
ယန်မိသားစု၏ အကြီးဆုံးသား ယန်ချင်းရွှမ် က သူ့နောက်မှ လူငယ်တစ်ဦးကို လှည့်ကြည့်ကာ “ဝူအာ၊ မင်းဘယ်လိုထင်လဲ” ဟုမေးလိုက်၏။
ဤလူငယ်က ယန်ချင်းရွှမ် နှင့် ရုပ်ချင်းဆင်သည်။ လူငယ်လေးက နတ်ဓားဖြင့် ထွင်းထုထားသလိုမျိုး တင်းမာခက်ထန်နေသောမျက်နှာအပြင် နှာတံဖြောင့်စင်းနေသည်။ အခြားမဟုတ်၊ ယန် မိသားစု၏ နံပါတ်တစ်ဉာဏ်ကြီးရှင် ယန်ဝူ ဖြစ်သည်။
သူသည် နတ်နဂါးတံဆိပ်တော် ကို ရယူပြီးချိန်ကစလို့ အပြင်ထွက်မလာတော့ဘဲ တစ်ချိန်လုံး တံခါးပိတ်ကျင့်ကြံနေခဲ့တာ ဖြစ်သည်။
“ညီမ လင်ယွဲ့ က နဂါးသွေးကြောနယ်ပယ် ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒါပေမဲ့ လင်ချင်း က ယန်ချောင် ကို အနိုင်ယူလိုက်တယ်။ ဒါက တော်တော်လေးအံ့သြစရာကောင်းလွန်းတယ်။ ပြီးတော့ သူမက ကြယ်ကြွေနတ်လက်သီး ကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကျွမ်းကျင်သွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ်ပါလေ.... သူလည်း လင်ယွဲ့ ကို ယှဉ်နိုင်ဦးမှာမဟုတ်ဘူး”
ယန်ဝူ က အရာအားလုံးကို မြင်နိုင်ပုံရသည် ။ ယန်ချင်းရွှမ် ကလည်း ခေါင်းညိတ်ပြီးပြန်ပြောသည် “ဒုတိယညီလေး ကို ဘာလို့ ဒီမှာ မတွေ့ရတာလဲ။ သူ့ရဲ့ သားကြီးကို ဆုံးရှုံးသွားပေမယ့် သူ့သမီးက အရမ်းထူးချွန်တယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်သိမ့်မှု တစ်ခုခုတော့ ရနိုင်မယ် ထင်ပါတယ်”
ယန်ဝူ၏မျက်လုံးတွေထဲ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ သူက “ဒုတိယဦးလေး အရင်ထွက်သွားတယ်။ သူ စိတ်ဓာတ်အရမ်းကျနေလို့ ဖြစ်နိုင်တယ်။ အဖေ၊ တတိယအဒေါ်ရဲ့သားကို တစ်ခါတစ်လေလောက်ပဲ တွေ့ဖူးပေမယ့် သူ့အကြောင်းတော့ ငါကြားဖူးပါတယ်။ သူက လုံးဝကို အစေခံတစ်ယောက်သာသာပဲ။ ကျန်းအာ ဘယ်လိုအနိုင်ယူနိုင်မလဲ။ အခြေအနေက ဘယ်လိုဖြစ်သွားတာမှန်း နားမလည်နိုင်ဘူး”
“မဟုတ်ဘူး၊ ဒီကလေးက အရှက်တရားတွေကို အောင့်အီးသည်းခံနေတာ။ သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားတာပဲ။ ဒီလိုမှမဟုတ်ရင် ဒီလောက် အချိန်တိုအတွင်းမှာ အဆင့် ၃ နဂါးသွေးကြောနယ်ပယ် ကိုဘယ်လိုရနိုင်မှာလဲ။ သူ့မှာ တခြားသူတွေလို အရင်းအမြစ်တွေမှမရှိတာလေ”
“ဒါဆို သူ့အရည်အချင်းက မဆိုးရင် ဘယ်လိုလုပ်မလဲ၊ သူ့နှလုံးသားက နေရာမှန်မှာ မဟုတ်ဘူး၊ သူ့အစ်ကိုကို သတ်ဖို့ ကြံစည်နေတာလေ။ ဒီလိုလူမျိုးကို အပိုင်းပိုင်းဖြတ်ပစ်ရမယ်။ စကားမစပ်၊ အဖေ၊ သူက လင်ယွဲ့ကို မျိုးနွယ်စုတွေ့ဆုံပွဲမှာ အနိုင်ယူမယ်လို့ တစ်ခါက ပြောဖူးတယ်။ သူ ဒီနေ့ ပေါ်လာမယ်လို့ ထင်လား”
ယန်ချင်းရွှမ် က ပြုံးပြီးပြောသည် “လင်ယွဲ့ ကို လှည့်စားလိုက်တာ လိမ်ညာလိုက်တာလို့မပြောနဲ့ဦး။ ဒုတိယညီလေး က သူ့ကိုသတ်ချင်နေတယ်။ အခုနေတုန်းရောက်လာရင် ကိုယ့်သေတွင်းကိုတူးတာမဟုတ်ဘူးလား”
ယန်ဝူ စကားပြန်ပြောခါနီးမှာပဲ သိုင်းပြိုင်ပွဲစင်မြင့်ထက်ကနေ ကြေညာသံထွက်လာသည်။
“လေးစားရပါသော ဧည့်သည်တော်အပေါင်းတို့ခင်ဗျား၊ ကျုပ်တို့ ယန် မျိုးနွယ်ရဲ လူငယ်မျိုးဆက်သစ်တွေကြားက ပြိုင်ပွဲမှာ နောက်ဆုံးအဆင့်ကို ရောက်လာပါပြီ။ ထူးထူးခြားခြား ဉာဏ်ကြီးရှင်နှစ်ယောက်က ဒီတိုက်ပွဲကိုယှဉ်ပြိုင်မှာပါ။ နောက်ဆုံးအနိုင်ရတဲ့သူ ကတော့ ငါတို့ ယန်မျိုးနွယ်ရဲ့ ထိပ်တန်း
လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ နတ်နဂါးတံဆိပ်တော် ကို ဆုလာဘ်အဖြစ်ရမှာပါ”
“ကောင်းပြီ။ အခု လိုရင်းပဲကြေညာတော့မယ်။နောက်ဆုံးတိုက်ပွဲအတွက် ပထမနှစ်ယောက်ကတော့ ယန်လင်းချင် နဲ့ ယန်လင်ယွဲ့ တို့နှစ်ယောက်ဖြစ်ပါတယ်”
ပိုင်ကျန်းရှောင် က ပြုံးပြီးပြောသည် “ညီမ ချင်၊ ယန် မျိုးနွယ်ရဲ့ သမီးပျိုတွေ က တကယ်ကို ထူးထူးခြားခြားပဲ။ ငါမမျှော်လင့်ထားဘူး၊ နောက်ဆုံးတိုက်ပွဲက မိန်းကလေးနှစ်ယောက်ကြားထဲက ပြိုင်ပွဲဖြစ်နေတယ်”
ပိုင်ကျန်းရှောင် ထံမှ ချီးကျူးစကားကြောင့် ယန်ရွဲ့ချင်၏စိတ်ထဲမှာ ဝမ်းသာ ချိုမြိန်သွားသည်။ သို့သော် ပိုင်ကျန်းရှောင်အား မြှောက်ပင့်ဖို့လည်းမမေ့ပေ။
“ပိုင်ကလန်ရဲ့ မျိုးဆက်သစ်တွေက ပိုပြီးသန်မာပါတယ်လေ။ ဂျိချန်း က အဆင့် ၇ တောင်ရောက်နေပြီမဟုတ်လား။ နင့်ရဲ့အကြီးဆုံးသားက ကျော်ကြားခြင်းမြို့တော်ရဲ့ လူငယ်မျိုးဆက်တွေထဲမှာ အသန်မာဆုံးလို့တောင် လူသိများနေတာ။ ငါတို့ရှောင်ဝူ က သူ့ထက်အများကြီးအားနည်းသေးတယ်”
“ချန်းအာ က မဆိုးပါဘူး၊ မကြာခင်မှာ သူ ငါနဲ့အဆင့်တူဖြစ်လာတော့မယ်” ပိုင်ကျန်းရှောင် က အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
တိုက်ပွဲကွင်းပြင်ထဲမှာတော့ ယန်လင်ချင်းက လူအူပ်ကို စိုက်ကြည့်နေသည်။ သူမ မျှော်နေတဲ့လူ ယခုအထိရောက်မလာသေးပေ။
“သူ တကယ်ကို ပေါ်မလာရဲပါဘူး။ မှန်တယ်၊ လောင်းကြေးကို ဖြည့်ဆည်းဖို့အတွက်နဲ့များ ဘယ်သူက လာပြီးအသေခံမှာလဲ”
ယန်မိသားစု၏အဖွဲ့ဝင်တိုင်း ဆွေးနွေးနေကြသည်။
“ဒါနဲ့ ....ဟေ့ကောင်တွေ ဘယ်သူအနိုင်ရမယ်ထင်လဲ”
“ဒါက ရှင်းနေတာပဲလေ။ အစ်မ လင်ယွဲ့ ပေါ့။ သူတို့နှစ်ယောက် ကိုသေချာကြည့်ကြည့်လိုက်။ ကြားထဲမှာ အဆင့်ကြီးတစ်ဆင့်တောင် ကွာနေတယ်”
“ဒါအမှန်ပဲ။ အစ်မ လင်ယွဲ့ က နတ်နဂါးတံဆိပ်တော်ကိုသေချာပေါက်ရသွားပြီ”
“မင်းတို့ အဲဒီကလေးကို မှတ်မိကြသေးလား။ အစ်မမလင်ယွဲ့ နဲ့ပြဿနာတက်တုန်းက သူ့ကိုအချိန်ပေးဖို့ပြောခဲ့သေးတယ်လေ။ အခုထိ သူ ရောက်မလာသေးပါလား”
“သောက်ကျိုးနည်း ။ အဲဒါ ဟာသတစ်ခုထက်မပိုဘူး။ ကောင်းပြီ၊ ဒီလူ့အကြောင်း ထည့်ပြောမနေနဲ့တော့
တိုက်ပွဲစင်မြင့်ထက်၌ ယန်လင်ရွဲ့ နှင့် ယန်လင်ချင်း တို့တိုက်ပွဲကား စတင်နေပေပြီ။
“ကြယ်ကြွေနတ်လက်သီး..... လာခဲ့စမ်း....”
“လေနတ်ဆိုးရဲ့ လက်ကိုးချောင်း”
ဤအချိန်တွင် တိုက်ပွဲစင်မြင့်တစ်ခုလုံးကား ကြယ်အလင်းရောင်တွေ ဖုံးလွှမ်းသွား၏။ လုံချန်၏ လမ်းညွှန်မှုဖြင့် ယန်လင်ချင်း ဟာ ကြယ်ကြွေနတ်လက်သီး ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိခဲ့သည်။
ယန်လင်ရွဲ့ ပင်လျှင် ကြယ်ကြွေနတ်လက်သီး ကိုကြည့်၍ အနည်းငယ် အံ့အားသင့်သွားသည်။ သူ့စိတ်ထဲမှာ မနာလိုစိတ်များကြီးထွားလာသည် “ချင်အာ က ငါ့ထက် နှစ်နှစ်ငယ်တယ်။ ဒါပေမဲ့ အဆင့် ၅ ကိုရောက်နေပြီ။ နောက်နှစ်တွေမှာ အဆင့်
၆ ကို ရောက်နိုင်တယ်။ အဲဒီအချိန်မှာ သူက ငါ့ထက်တောင် ပိုပြီးအရေးပေးခံရလိမ့်မယ်။ ဒါငါ့အတွက်မကောင်းဘူး”
တိုက်ပွဲကွင်းပြင်၏ အပြင်ဖက်မှာတော့ ယန်ရွဲ့ချင် က မျက်မှောင်ကြုတ်ကာ “ချင်အာ ရဲ့ တိုးတက်မှုက နတ်ဘုရားတွေ ကောင်းချီးပေးသလိုပဲ။ ယွဲ့အာ က လေနတ်ဆိုးရဲ့ နတ်ဆိုးလက် ၉ ချောင်းကိုတောင်ထုတ်သုံးလိုက်ရတယ်”
ဤအချိန်တွင် ယန်မိသားစု၏ အဖွဲ့ဝင်တိုင်း သဘောကျစွာ အော်ဟစ်ကြသည်။
ယန်ဘိုးဘေး ပင်လျှင် မျက်လုံးတွေ အရောင်တောက်နေသည်။
ထို့နောက် တစ်စုံတစ်ယောက်အကြောင်း ရုတ်တရက်တွေးမိပြီး လှည့်ပတ်ကြည့်မိသည်။
“ကြယ်ကြွေနတ်လက်သီး ကို ၃ ရက်လောက်ပဲသင်ယူထားတဲ့ ဒီကလေး ရောက်လာမယ်မထင်ဘူး”
ယန်လင်ချင်း၏ အဆင့်က ယန်လင်ရွဲ့ထက် နိမ့်ကျနေလေရာ ချီစွမ်းအားချင်းမယှဉ်နိုင်ခဲ့ပေ။ နတ်ဆိုးလက်ချောင်း ၉ ချောင်းဟာ ကြယ်ကြွေနတ်လက်သီးကို ချေဖျက်ကာ ယန်လင်ချင်း ထံ တည့်တည့်ကျဆင်းသွားသည်။
ယန်လင်ချင်းက အံတင်းတင်းကြိတ်ကာ ခုခံလိုက်သည်။ သို့သော် ကျင့်ကြံမှုအဆင့်ချင်း ကွာဟနေသောကြောင့် တောင့်မခံနိုင်တော့ပေ။ “ဘန်း” ခနဲ ပေါက်ကွဲသံ နှင့်အတူ စင်မြင့်အောက်သို့ ပြုတ်ကျသွားလေတော့သည်။
“အနိုင်ရတဲ့သူကို ဆုံးဖြတ်ပြီးပြီ....” ယန်လင်ရွဲ့က မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြင့် ရပ်နေသည်။ လက်ခုပ်သံတွေ ကမ္ဘာကြီးနှစ်ခြမ်းကွဲလုမတတ်ထွက်ပေါ်လာပါတော့သည်။
ထို့အတူ “ဒီနေ့ ယန်မိသားစုရဲ့ လူငယ်မျိုးဆက်ပြိုင်ပွဲ ချန်ပီယံကတော့ ယန်လင်ယွဲ့ ဖြစ်ပါတယ်” ဟူသော ကြေညာသံထွက်လာလေသည်။
ဤထချိန်တွင် ယန်ဘိုးဘေးက ရယ်မောကာ မတ်တပ်ရပ်လိုက်သည်။ သူ့ခြေထောက်ကို တစ်ချက်ပုတ်လိုက်ရုံဖြင့် စင်မြင့်ထက်သို့ ရောက်သွားသည်။ သူ့လက်ထဲတွင် လျှို့ဝှက်တံဆိပ်တုံးတစ်ခုကိုင်ထား၏။ ၎င်းက ယန်ကလန်၏ နတ်နဂါးတံဆိပ်တော် ဖြစ်လေသည်။
အင်အားစုငယ်တွေဟာ လိုချင်တက်မက်သောအကြည့်ဖြင့် ကြည့်နေလေသည်။
ယန််ဘိုးဘေး က ယန်လင်ရွဲ့ ကို ကြင်နာစွာကြည့်ရင်း “ ယွဲ့အာ ၊ မင်း ဒီနေ့ ချန်ပီယံဖြစ်ပြီဆိုတော့ အဖိုးက မင်းကို ဒီနဂါးတံဆိပ် ပေးမယ်။ မင်း ကြိုးကြိုးစားစားနဲ့ အဆင့် ၇ ကိုတက်လှမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်” ဟုပြောလိုက်ပါသည်။
“ယွဲ့အာ ကြိုးစားပါ့မယ်။ ပြီးတော့ အဖိုး နဲ့ ကလန်အကြီးအကဲတွေကို ကျေးဇူးတင်ပါတယ်”
ယန်လင်ရွဲ့ ဟာ နတ်နဂါးတံဆိပ်တော် ကိုကြည့်ရင်း အလွန့်အလွန်ကိုစိတ်လှုပ်ရှားနေပါသည်။
ယန်လင်ချင်း လည်း ဤမြင်ကွင်းကို ကြည့်ပြီး အနည်းငယ်စိတ်ဓာတ်ကျနေပုံပါ “ဒီတစ်ခါ မရလည်းဘာမှမဖြစ်ပါဘူးလေ။ ငါ အဆင့် ၆ ကိုချိုးဖျက်နိုင်ရင် အခွင့်အရေးရှိပါသေးတယ်”
ဤအချိန်တွင် တစ်စုံတစ်ယောက်က သူ့ပုခုံးကို ရုတ်တရက်ပုတ်လိုက်သည်။ ယန်လင်ချင်း လည်း လှည့်ကြည့်လိုက်တော့ လုံချန် ကိုမြင်ကာ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
“နင်... နင်.......တကယ်ပြန်လာပြီလား”
Translated By NyiNyiSoe