စကြာဝဠာ၏ရှေးဟောင်းခေတ်ဦးအတိတ်ကာလတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေဟူ၍ အပိုင်းကွဲထွက်လျှက် ပျက်စီးခဲ့သည်။ ရှေးခေတ်ဦး ကမ္ဘာမြေပြင်ကို လုံချီ(ကောင်းကင်နဂါးကျဆုံးခြင်းတိုက်ကြီး) ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ နဂါးမျိုးနွယ်စုသည် ရှေးခေတ်ဦး၌ ကောင်းကင်နဂါးကျဆုံးခြင်းတိုက်ကြီးကို အုပ်စိုးခဲ့ကြသည်။ သို့သော် နှစ်ပေါင်းထောင်ချီ ကုန်ဆုံးသွားပြီးနောက်တွင် နဂါးမျိုးနွယ်သည် မသိသောအကြောင်းအရင်းများကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်။ နဂါးမျိုးနွယ်စု မျိုးသုဉ်းသွားရခြင်းနှင့်အတူ ကောင်းကင်နဂါးကျဆုံးခြင်းတိုက်ကြီးပေါ်သို့ မမြင်နိုင်သော ကပ်ဘေးကြီးတစ်ခုပါ ကျရောက်လာခဲ့လေသည်။ တစ်နည်းအားဖြင့်တော့ ကမ္ဘာမြေပြင်၏ ကံကြမ္မာသည် အဆုံးသတ်တော့မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရ၏။ ဤအခိုက်အတန့်တွင် လုံချန် ဟုခေါ်သော လူငယ်လေးတစ်ဦးသည် အဖေဖြစ်သူ ချန်ထားခဲ့သည့် အမွေအနှစ်ကို ဆက်ခံ၍ ရှေးခတ်ဦးကမ္ဘာမြေပြင်၏ တည်ထောင်သူဟုဆိုနိုင်သော နဂါးမျိုးနွယ်စု မျိုးသုဉ်းသွားရခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်ကို ရှာဖွေရန် ခရီးစတင်ထွက်ခဲ့သည်။ ခရီးလမ်းတွင် သူသည် မမျှော်လင့်ဘဲ ကံကောင်းမှုတစ်ခု ကြုံတွေ့ခဲ့သည်။ ထို့နောက်တွင်တော့ လုံချန် သည် ခေတ်သစ်ကမ္ဘာလောက၏ ရာစုနှစ်အတွင်း ပထမဆုံးသော ရှေးဟောင်းနဂါးအသွင်ပြောင်းကျင့်ကြံသူဖြစ်လာခဲ့သည်။ ထို့အတူ သူ၏ပခုံးပေါ်တွင်စကြာဝဠာ၏တည်ထောင်သူဘိုးဘေးများဖြစ်သည့် နဂါးမျိုးနွယ်စု မျိုးသုဉ်းသွားရခြင်းအကြောင်းနှင့် အတိတ်ကာလမှ နဂါးမျိုးနွယ်စု၏ ဂုဏ်သတင်းကို ထိန်းသိမ်းရမည့်တာဝန်တို့အပြင် ကောင်းကင်အောက်ရှိ နဂါးမျိုးနွယ်များအားလုံးကို ဦးဆောင်လမ်းပြရမည့် တာဝန်များ ကျရောက်လာခဲ့တော့သည်။ လုံချန်၏ ခရီးလမ်းတစ်လျှောက် ကြုံတွေ့ရသည့်အခြေအနေတွင် သွေးချောင်းစီး တိုက်ပွဲများ၊ ရင်နင့်စေသော ချစ်ခြင်းမေတ္တာတရားပြကွက်များ၊ အလွန်တရာရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်မှုများနှင့်အတူ နဂါးမျိုးနွယ်အားလုံးတို့၏ ကြီးမြတ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ အဆုံးသတ် မဟာကပ်ဘေးကြီး ကျရောက်လာခဲ့သည့်အချိန်တွင် သန်းချီသော နဂါးမျိုးနွယ်များသည် ကမ္ဘာလောကသို့ ပြန်လည်ဆင်းသက်လာကြပြီး ကမ္ဘာကြီးကို စစ်ပွဲခေတ်သစ်တစ်ခုဆီသို့ ခေါ်ဆောင်ခဲ့သည်။ ရှေးဟောင်းဘိုးဘေးနဂါး၏အမွေဆက်ခံသူ ဖြစ်သော လုံချန်သည် ကောင်းကင်အောက်ရှိ သက်ရှိအားလုံးအတွက် နတ်ဘုရားများကိုပင် ကောင်းကင်ထက်မှ ပြုတ်ကျစေကာ ကောင်းကင်ကိုပင် ဖျက်ဆီးပစ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

