← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

..(သွေးနဂါးလုံချန်)

စာစဉ် -၄ (အပိုင်း - 46)

ဘာသာပြန်သူ - ညီညီစိုး

လုံချန်သည် နောက်ဆုံးတွင် အားလုံးကို နတ်ဝိညာဉ်သစ်ပင်အကြောင်း ဖွင့်ဟပြောပြလိုက်သည်။ ယန်အိမ်တော်၏ ဘိုးဘေးသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း၊ ပိုင်မိသားစုက အကြောင်းစုံကို သိရှိထားပြီးဖြစ်ကြောင်း ကြားသိရသောအခါ မျက်နှာတွန့်သွားသည်။

လုံချန်သည် အစပိုင်းတွင် ယန်အိမ်တော်အား ထိတ်လန့်မှုမဖြစ်စေလိုသဖြင့် သွေးဝိညာဉ်ဂိုဏ်းအကြောင်းကို ထုတ်မပြောခဲ့ပေ။နောက်ဆုံးတွင် ယန်အိမ်တော်၏ ဘိုးဘေးက သက်ပြင်းချကာ ဆိုသည်၊ “ဒါကြောင့်ကိုး... ပိုင်ရှန်းက ဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအတွက်နဲ့ ငါတို့ယန်အိမ်တော်ကို ဖျက်ဆီးချင်တာပဲ။ အင်း၊ လူတွေဟာ စည်းစိမ်အတွက် သေကြရတယ်။ ငှက်တွေဟာ အစာအတွက် သေကြတယ်။ ရှေးခေတ်ကတည်းက ဒီလိုမျိုးတွေဖြစ်ကြတာပဲလေ” ထို့နောက် သူ၏မျက်နှာသည် အေးစက်သွားကာ ဆက်လက်ပြောသည် “ပိုင်မိသားစုနဲ့ ငါတို့ယန်အိမ်တော်ကြားမှာ နက်ရှိုင်းတဲ့ ရန်ငြိုးရှိနေပြီ။ တကယ်လို့ သူတို့သာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ရသွားမယ်ဆိုရင် သေချာပေါက်ပြဿနာတက်ပြီ။ ပိုင်ရှန်းသာ မြေကမ္ဘာအမြုတေအဆင့် ကိုရောက်သွားပြီဆိုတာနဲ့ ငါတို့ ယန်အိမ်တော် ပျက်စီးရလိမ့်မယ်။ ဒီလိုဆိုမှတော့ ငါယန်ကန်းချောင်က ပိုင်မိသားစုနဲ့ သေချာပေါက်တိုက်ခိုက်မယ်”ယန်ချင်းရွှမ်ကလည်းခေါင်းညိတ်ကာ ပြောခဲ့သည် “နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးက ၃ လုံးတောင်ရှိနေတာ။ ဘယ်လိုပဲဖြစ်ဖြစ် ပိုင်မိသားစုသာ တစ်လုံးလောက်ပဲရသွားကြည့်၊ ငါတို့ယန်အိမ်တော် အနေနဲ့ ဘယ်လိုမှ ရှင်သန်နိုင်မှာမဟုတ်ဘူး။ ကြည့်ရတာ ဒီတိုက်ပွဲက ရှောင်လွှဲလို့မရတော့ပုံပဲ။ ပိုင်မိသားစုမှာ နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ပညာရှင်နှစ်ယောက်နဲ့ အဆင့် ၈ ကျင့်ကြံသူ နှစ်ယောက်တောင်ရှိတယ်။ ဒါပေမဲ့ ငါတို့ယန်အိမ်တော် မှာတော့…”အားလုံးက လုံချန်ကို ကြည့်လိုက်ကြသည်။ ယန်အိမ်တော်၏ ဘိုးဘေးက စိုးရိမ်တကြီးမေးသည် “ချန်အာ၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လိုအခြေအနေရှိလဲ” ယခင်ကဆိုလျှင်တော့ ယန်အိမ်တော်သည် ပိုင်မိသားစုထက် အင်အားသာလွန်ခဲ့သည်။ သို့သော် ပိုင်လီ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် အခြေအနေမတူတော့ပေ။ လက်ရှိမှာ လုံချန်သာလျှင် ယန်အိမ်တော်၏ အားအကောင်းဆုံးတည်ရှိမှုဖြစ်ခဲ့သည်။ထို့ကြောင့် သူတို့သည် လုံချန်၏ စွမ်းအားကို အလွန်သိချင်နေကြသည်။ လုံချန်က ခဏစဉ်းစားပြီး ပြန်ဖြေပေးလိုက်သည် “အဘိုး၊ တကယ်လို့ ငါတို့သာ လက်တွေ့တိုက်ခိုက်ပြီဆိုရင် အဘိုးက ပိုင်ရှန်းကို ရင်ဆိုင်လိုက်။ ကျန်တဲ့သူတွေကိုတော့ ငါ့တာဝန်ထားပါ”လုံချန်၏ အဓိပ္ပါယ်မှာ လက်ရှိသူ့ခွန်အားက ပိုင်လီကို ရင်ဆိုင်နိုင်စွမ်းရှိသည်ဟူ၍ဖြစ်သည်။ ယန်အိမ်တော်၏ ဘိုးဘေးက သက်ပြင်းချကာ ပြောသည် “ဒါဆို ငါတို့က တစ်ဖက်နဲ့တစ်ဖက် အင်အားမျှနေတာပဲ။ ဒါပေမဲ့ တိုက်ပွဲမှာ ဘာမဆိုဖြစ်လာတတ်တာသဘာဝပဲ။ ငါတို့တွေ ကြိုပြီးပြင်ဆင်ထားရမယ်။ ပိုင်မိသားစုကို မဖယ်ရှားနိုင်ရင် ငါ စားမဝင် အိပ်မပျော်ဖြစ်နေမှာသေချာတယ်…”

အကယ်၍ သွေးဝိညာဉ်ဂိုဏ်းမှ တစ်စုံတစ်ဦးရောက်လာခဲ့လျှင်တော့ အင်အားမျှတမှုဟူ၍ မရှိတော့ပေ။ တစ်ဖက်သတ်တိုက်ပွဲသာ ဖြစ်သွားပါလိမ့်မည်။ လုံချန်သည် သူ့အဘိုး၏ တွန့်လိမ်နေသော မျက်နှာကို ကြည့်ရင်း အဖြစ်မှန်ကိုတော့ ပြောမပြလိုက်ပေ။

“ကောင်းပြီ၊ ငါ နဲနဲလောက်ပိုပြီးကြိုးစားလိုက်ရုံပဲ။ တကယ်လို့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် ငါ့အသက်ကို စတေးလိုက်တာပေါ့။ ငါ့ယန်အိမ်တော်က ဘယ်သူမှ ထိခိုက်လို့မရဘူး”

… …

လုံချန်သည် သူ၏ကိုယ်ပိုင်အိမ်ခန်းထဲရှိ အိပ်ယာထက်တွင် လဲလျောင်းရင်း စဉ်းစားခန်းဝင်နေသည်။

“ဟေ့၊ နင်က နတ်ဝိညာဉ်သစ်သီးအကြောင်းကို စဉ်းစားနေတုန်းပဲလား”

လင်းရှီသည် လင်းရှီနတ်ဓားမှ ပျံထွက်လာပြီး လုံချန်ကို စူးစမ်းကြည့်နေသည်။

“ဘာမှစဉ်းစားနေစရာမရှိပါဘူး။ ငါ နဂါးသွေးကြောနယ်ပယ်အဆင့် ၇ ကိုရောက်နေပြီ။ သားရဲအသွင်ပြောင်းလိုက်ရင် အရင်ထက်တောင် ဆယ်ဆလောက်ပိုပြီးသန်မာလာသေးတယ်။ ဒါဆို လူအိုကြီးပိုင်လီ ကိုစာရင်းထဲတောင်ထည့်တွက်နေစရာမလိုဘူး။ ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ရှိနေသေးတယ်။ ပိုင်လီပြောတဲပ အဲဒီပညာရှင်သာ ရောက်လာခဲ့ရင် ယန်အိမ်တော်အနေနဲ့ ဘာမှတတ်နိုင်တာမရှိဘူး”

လင်းရှီသည် သူ၏ရင်ဘတ်ပေါ်တွင် ရပ်နေရင်း လုံချန်ကို ခဏကြည့်ပြီးနောက် မတတ်သာစွာ ပြောလိုက်သည် “ကောင်ဆိုးလေး၊ အရင်တုန်းက နင့်ရဲ့အမေကို တော်တော်လေးမုန်းနေခဲ့တာမဟုတ်ဘူးလား။ အခုတော့ သူမအတွက် အသက်တောင်စွန့်လွှတ်ရဲနေပြီ။ တကယ့်ထူးဆန်းတဲ့ကောင်ပဲ။ ငါနင့်ကို အရင်ကတည်းကပြောပြီးသားပဲ၊ လောကမှာ သားသမီးကို မချစ်တဲ့မိခင်ဆိုတာ မရှိဘူးဆိုတာပေါ့။ နင်က မဟုတ်တာတွေကို​လျှောက်တွေးနေတာပဲ” လုံချန်သည် ရုတ်တရက် အိပ်ရာပေါ်မှ ထထိုင်လိုက်ပြီး လင်းရှီကို ပြောလိုက်သည် “အထဲပြန်ဝင်လိုက်ဦး။ ငါအပြင်ခဏသွားစရာရှိသေးတယ်”

လင်းရှီသည် အချိန်တော်တော်ကြာမှ ထွက်လာခဲ့သည်ဖြစ်ရာ မကျေမနပ်ဖြစ်သွား၏။ သူမ “ဘာလို့ နင်က အေးအေးဆေးဆေး ကျင့်ကြံမနေဘဲ အပြင်ထွက်ချင်နေတာလဲ”

လုံချန်က သူမကို ဂရုမစိုက်ဘဲ အခန်းထဲမှ ထွက်သွားသည်။ လင်းရှီသည် လုံချန်ကို ဒေါသတကြီး ကြည့်ရင်း မတတ်သာစွာ လင်းရှီနတ်ဓားထဲသို့ ပြန်ဝင်သွားရသည်။

“ရှောင်ရှီ၊ အိပ်မက်လင်ဇီးရဲ့ အာနိသင်ကဘယ်လောက်ကြာရှည်ခံနိုင်မလဲ” လုံချန်၏ ရုတ်တရက်မေးခွန်းကို ကြားလိုက်သောအခါ လင်းရှီက ခါးသီးစွာ ပြောသည် “ငါလည်းသေချာမသိဘူး၊ ဆယ်ရက်လောက်ပဲထင်တယ်”

လုံချန်က ခေါင်းညိတ်လိုက်သည်။ သူ၏လက်ရှိခွန်အားဖြင့် နတ်နဂါးအသွင်ပြောင်းလဲခြင်းမလိုအပ်ပေ။ နဂါးသွေးကြောနယ်ပယ်အဆင့် ၇ ခွန်အားဖြင့် အဆင့် ၈ အထွတ်အထိပ် ပညာရှင်ကို အသာလေးရင်ဆိုင်နိုင်ပါသည်။

လုံချန်သည် ယန်အိမ်တော်မှ ထွက်ခွာပြီးနောက် ပိုင်ကလန် တည်ရှိရာသို့ ချက်ချင်းဦးတည်သွားသည်။

လင်းရှီသည် ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားသည်။ “ဟေ့၊ နင်ဘာလို့ အခုအချိန်မှာ ပိုင် ကလန်ကို သွားနေတာလဲ”

“နင့်လို မိန်းမငယ်လေးတစ်ယောက်က ဒီအဖေရဲ့အလုပ်ကို ဘာသိမှာလဲ”

လင်းရှီသည် ချက်ချင်း ဒေါသထွက်သွားပြီး သူ့ကို စကားပြန်မပြောတော့ပေ။

မကြာခင်မှာပင် လုံချန်သည် ပိုင် ကလန်သို့ ရောက်ရှိသွားသည်။ သူသည် ထောင့်တစ်နေရာ၌ တိတ်တဆိတ်ပုန်းအောင်းနေရင်း ပြောလိုက်သည် “ရှောင်ရှီ၊ ငါအထဲဝင်တော့မယ်။ ပိုင် ကလန်ရဲ့ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပညာရှင်တစ်ယောက်ယောက် အနားကပ်လာရင် ငါ့ကို သတိပေးပါ”

“ငါနဲ့ဘာဆိုင်လို့လဲ။ နင့်ဘာသာ သေချင်ရင်သွားသေလိုက်”

“… …” လုံချန်သည် ဤမင်းသမီးလေး စိတ်ပြေအောင် အချိန်အနည်းငယ်ကြာထိ ချော့မော့လိုက်ရသည်။ တော်တော်ကြာမှသာ စိတ်ပြေသွားပြီး စကားပြန်ပြောပါတော့သည်။

လုံချန်သည် ပိုင် ကလန်ထဲသို့ ခိုးဝင်လာပြီးနောက် သတိအပြည့်ဖြင့် ရှေ့ဆက်တိုးသွားသည်။ လင်းရှီသည် နောက်ဆုံးတွင် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်သည် “ဟေ့၊ နင်ဘာကိုရှာနေတာလဲ”

“ပိုင်ရှီးဒုန် ကိုရှာနေတာ...”လင်းရှီ အတွက် လုံချန်သည် ထိုအမှိုက်ကောင်အား ဘာကြောင့်ရှာနေသည်ကို မသိပေ။ ခဏကြာသောအခါ လင်းရှီက ရုတ်တရက် ပြောလိုက်သည်။

“သူ့ကိုတွေ့ပြီ။ သူက ကိုယ်ပိုင်အခန်းထဲမှာ တစ်ယောက်တည်း အိပ်နေတယ်”

မွန်းတည့်နီးပါးဖြစ်နေပြီဖြစ်သော်လည်း ပိုင်ရှီးဒုန်သည် အိပ်ပျော်နေဆဲဖြစ်သည်။

လုံချန်သည် လင်းရှီညွှန်ပြသည့်အခန်းထဲသို့ ဝင်သွားသည်။ သူဝင်သွားသည့်တိုင်အောင် ပိုင်ရှီးဒုန်တစ်ယောက် နိုးမလာပေ။ ကောင်းကောင်းအိပ်ပျော်နေပုံရသည်။

လုံချန်သည် စကားတစ်ခွန်းမှ မပြောဘဲ ပိုင်ရှီးဒုန်၏လည်ပင်းကို ဆုပ်ကိုင်ပြီး ဆွဲမြှောက်ကာကိုင်လှုပ်လိုက်တော့သည်။ ထိုအခါမှပင် ပိုင်ရှီးဒုန်တစ်ယောက် နိုးလာပါတော့သည်။ မှုန်ဝါးနေ​ဆဲမျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူ့ရှေ့မှာရပ်နေသည့် နတ်ဆိုး လုံချန်ကို တွေ့လိုက်ရသည်။ ချက်ချင်း ထိတ်လန့်သွားပြီး အော်ဟစ်ရန်ပြင်လိုက်သည်။သို့သော်လည်း လုံချန်က သူ၏လည်ပင်းကို ဖိထားသဖြင့် အသံမထွက်နိုင်ပေ။

“မလှုပ်နဲ့၊ အသံမထွက်နဲ့။ မဟုတ်ရင် မင်းသေရလိမ့်မယ်” ပိုင်ရှီးဒုန့သည် တုန်ယင်သွားပြီး နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။ သူသည် ထပ်မံလှုပ်ရှားရဲခြင်းမရှိတော့ပေ။ မျက်ရည်ဝဲနေသောမျက်လုံးများဖြင့် လုံချန်ကို ကြည့်နေသည်။ စိတ်ပျက်ဖွယ်ပုံစံကို မြင်သောအခါ လုံချန်သည် ရုတ်တရက် ဒေါသတကြီး ပြောလိုက်၏ “ငါမင်းဖျင်ကိုမရိုက်ရသေးဘူး။ ကျက်သရေမရှိသလိုလုပ်မနေနဲ့။ ငါမင်းကို တစ်ခုပဲမေးမယ်။ မင်း ရိုးရိုးသားသား ဖြေရင် မင်းအသက်ကို ငါမယူဘူး။ ငါ့ကို လှည့်စားရဲရင်တော့ ပိုင်ရှီးချန် တို့ဘယ်လိုဖြစ်သွားလဲဆိုတာ နမူနာမြင်ထားတယ်မဟုတ်လား”

ပိုင်ရှီးချန် တို့အုပ်စု၏ ဆိုးရွားသော အခြေအနေကို ပြန်တွေးမိသောအခါ ပိုင်ရှီးဒုန်သည် တစ်ကိုယ်လုံးတုန်ယင်သွားသည်။ လုံချန်သည် အာလာပစကားများ ပြောရန် ပျင်းရိနေသည့်အလား တိုက်ရိုက်သာမေးတော့သည် “ပြောစမ်း...။ မင်းရဲ့ အိပ်မက်လက်ဇီးကို ဘယ်လိုရလာတာလဲ”

‘အိပ်မက်လင်ဇီး’ ဟူသော စကားလုံးသုံးလုံးထွက်ပေါ်လာသောအခါ လင်းရှီသည် လုံချန်၏ရည်ရွယ် ချက်ကို နားလည်လိုက်ပါသည်။ သူသည် သူမအတွက် ပိုင် ကလန်ထဲသို့ အသက်စွန့်ကာ ဝင်ရောက်လာသည်မဟုတ်ပါလား။ ဤအကြောင်းကို တွေးရင်း လင်းရှီသည် နှလုံးသားထဲ စို့နင့်သွားခဲ့ရသည်။

“အယုတ်တမာကောင်၊ ဘာလို့ စောစောကမပြောခဲ့တာလဲ။ နင်သာပြောခဲ့ရင် ငါစိတ်ဆိုးနေမှာ မဟုတ်ဘူး…” လင်းရှီ၏ နှလုံးသားထဲတွင် ချိုမြိန်မှုများ ပြည့်လျှံနေသည်။

လုံချန်မေးလိုက်သောအခါ ပိုင်ရှီးဒုန်က ချက်ချင်း ပြန်ပြောပါတော့သည် “ပြောမယ်၊ ငါပြောပါ့မယ်။ အဲဒါကို လျန် ကလန်ရဲ့ အကြီးအကဲက ငါ့ကို ရောင်းပေးခဲ့တာပဲ။ လျန်ချန်းကို မင်းသိမှာပေါ့”

“လျန်ချန်းလား... “ လုံချန်သည် ၎င်းကို အနည်းငယ် မှတ်မိသည်။ ၎င်းသည် ကျော်ကြားခြင်းမြို့ရှိ အင်အားစုငယ်တစ်ခု၏ အကြီးအကဲဖြစ်ခဲ့သည်။ ကျင့်ကြံမှုအဆင့် ကတော့ နဂါးသွေးကြောနယ်ပယ်အဆင့် ၇ သာရှိထား၏။

ယခုမူ သူလိုချင်သော အဖြေကို ရရှိခဲ့ပြီဖြစ်ရာ လုံချန်သည် ပိုင်မိသားစုမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူထွက်သွားသည်နှင့် ပိုင်ရှီးဒုန်အားအကူအညီမတောင်းနိုင်စေရန် လုပ်ပစ်ခဲ့ရပေဦးမည်။ ထို့နောက် လက်သီးတစ်ချက်ကျွေးကာ သတိမေ့သွားအောင်လုပ်လိုကသည်။

မကြာခင်မှာပင် လုံချန်သည် ပိုင်မိသားစုမှ ထွက်လာပြီး လျန်မိသားစုသို့ ဦးတည်သွားသည်။

လျန် မိသားစုသည် ကျော်ကြားခြင်းမြို့၏ အနည်းငယ်ချောင်ကျသောနေရာတွင် တည်ရှိခဲ့သည်။ လုံချန်၏အရှိန်ဖြင့် လျန် မိသားစုသို့ ရောက်လာရန်သိပ်မကြာလိုက်။ သူရောက်လာသည်နှင့် လျန် မိသားစုအကြီးအကဲကိုယ်တိုင်ထွက်တွေ့လေသည်။

လျန် ကလန် သို့ လုံချန် ရောက်လာကြောင်း မြင်သောအခါ လျန်ချန်းသည် အနည်းငယ် ထိတ်လန့်သွားသည်။ ခဏကြာမှ သူ့စိတ်ကိုထိန်းကာ လုံချန်ကိ ဧည့်ခန်းမထဲသို့ ခေါ်လာပြီး စပျစ်ဝိုင်ဖြင့်တည်ခင်းဧည့်ခံလေတော့သည်။

လုံချန်သည် အချိန်မဆွဲဘဲ တိုက်ရိုက်အချက်ကို သာ တန်းပြောလိုက်သည် “လျန်အကြီးအကဲ၊ ငါ မင်းကိုလာရှာတာက အိပ်မက်လင်ဇီး ကိုလိုချင်လို့ပဲ။ မင်းဆီကနေ ပိုင်ရှီးဒုန် ဝယ်သွားတယ်လို့တောင် ကြားလိုက်သေးတယ်။ ၊ လျန်အကြီးအကဲသည် ခါးသီးသော အမူအရာဖြင့် ပြောသည် “ငါ့မှာညတကယ်ကို စိတ်မကောင်းပါဘူး။ ငါ့တစ်သက်တာမှာရခဲ့ဖူးတဲ့। အိပ်ပ်မက်လင်ဇီးတစ်ခုကို အပြီးရောင်းထုတ်လိုက်ပြီ။ အခုငါ့မှာမရှိတော့ဘူး

”

လုံချန်သည် လွယ်ကူစွာ အရှုံးပေးသူမဟုတ်ပေ။ သူသည် ဆက်လက်မေးလိုက်သည် “လျန်အကြီးအကဲက အိပ်မက်လင်ဇီးကို ဘယ်ကရခဲ့သလဲဆိုတာ သိလို့ရမလား”

လုံချန်သည် အိပ်မက်လင်ဇီးကို အမှန်တကယ် လိုအပ်နေပုံရသည်။ ယန်အိမ်တော်သည်လည်း လက်ရှိတွင် ကျော်ကြားခြင်းမြို့၏ နံပါတ်တစ်အင်အားစုကြီး ဖြစ်နေခဲ့သည်။

လျန်အကြီးအကဲသည် ယန်အိမ်တော်နှင့် ဆက်ဆံရေးတည်ဆောက်လိုသည်။ ထို့ကြောင့် သူက ချက်ချင်းပြန်ဖြေလိုက်သည် “ပျက်သုဉ်းခြင်းတောင်တန်းမှာပါ။ ဒီအကြီးအကဲ အိပ်မက်လင်ဇီးကို ရလာတဲ့တည်နေရာကို မြေပုံဆွဲပေးလိုက်မယ်။ ဒါပေမဲ သခင်လေးချန်၊ ပျက်သုဉ်းခြင်းတောင်တန်းက အရမ်းအန္တရာယ်များတယ်…”လုံချန်က စကားဖြတ်ပြီး ပြောလိုက်၏ “မြေပုံပဲဆွဲပေးပါ။ အနာဂတ်မှာ လျန် ကလန်ကိုသေချာပေါက်ကျေးဇူးဆပ်မယ်”လျန်အကြီးအကဲကခေါင်းညိတ်သည်။ သူ၏ဒုတိယညီဖြစ်သူအား လုံချန်ကို ဧည့်ခံရန် ပြောလိုက်သည်။ ထို့နောက် ကလန်အတွင်းပိုင်းသို့ ပြန်ဝင်သွားသည်။ ၁၅ မိနစ်ခန့်အကြာတွင် လက်ထဲ၌မြေပုံစာလိပ်တစ်လိပ်ကိုင်လျက် ပြန်ထွက်လာပါသည်။ လုံချန်သည် မြေပုံကို ရသည်နှင့် ဆက်ပြီးအချိန်မဖြုန်းတော့ဘဲ လျန် ကလန်မှထွက်လာခဲ့သည်။

“ဟေ့၊ နတ်ဝိညာဉ်သစ်သီးရင့်မှည့်ဖို့ ရက်နည်းနည်းလောက်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ယန်အိမ်တော်က နင့်ကိုလိုအပ်နေတာလေ။ နင် ငါ့အတွက် အိပ်မက်လင်ဇီးရှာဖို့ ပျက်သုဉ်းခြင်းတောင်တန်းထဲကို သွားနေတုန်းပဲလား”

“နတ်ဝိညာဉ်သစ်သီးရင့်မှည့်ဖို့က ၈ ရက်လောက်ကျန်ပါသေးတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး မင်းအတွက် ဝိညာဉ်အားဖြည့်ဆေးရအောင် ယူပေးချင်တယ်။ နတ်ဝိညာဉ်သစ်သီးအတွက် တိုက်ပွဲမှာ ဘာတွေဖြစ်လာမလဲဆိုတာ ငါမသိဘူး။ ငါသေသွားရင်တောင် မင်းမှာ ဝိညာဉ်အားဖြည့်ဆေးတွေရှိနေရင် ခဏလောက် အသက်ဆက်ရှင်နိုင်မယ်လို့ ငါထင်တယ်။ မင်းအတွက် မျှော်လင့်ချက်ရှိသေးတယ်လို့ ငါယုံကြည်တယ်”

လုံချန်က သူမအတွက် ဤမျှဂရုစိုက်ပေးနေသည်ကို မြင်သောအခါ လင်းရှီသည် ရင်ထဲတွင် နာကျင်စွာ ခံစားရသည်။ မျက်ရည်များမရှိသော်လည်း သူမ၏ နှလုံးသားထဲမှ ငိုကြွေးလိုက်သည်။ လုံချန်သည် နဖူးမှချွေးများစီးကျလာပြီး အမြန်မေးလိုက်သည် “မိန်းမငယ်လေး၊ မင်းဘာလို့ငိုနေတာလဲ။ ငါက သေနိုင်တယ်လို့ပဲ ပြောထားတာ။ တကယ်သေတော့မယ်လို့ မပြောထားဘူးလေ”

ယန်အိမ်တော်သို့ ပြန်လာခြင်းသည် ပျက်သုဉ်းခြင်းတောင်တန်းသို့ မဝင်ခင် နှုတ်ဆက်ရန်အတွက်ဖြစ်သည်။ သို့သော် ယန်ယွဲ့ချင်သည် အိမ်တော်တွင် မရှိသလို၊ ယန်ဘိုးဘေးလည်း မြို့စားအိမ်တော်သို့ သွားနေသည်။

ယန်လင်ချင်းတစ်ယောက်တည်းသာလျှင် တွေ့ရသည်။ ဤအချိန်တွင် သူမက အိပ်မက်ခုနစ်သွယ်ဓားသိုင်းကို အပြင်းအထန်လေ့ကျင့်နေသည်။ လုံချန်၏ ရုတ်တရက်ရောက်ရှိလာမှုက သူမကို ထိတ်လန့်သွားစေပုံပါ။

“ဘာကိုကြည့်နေတာလဲ။ နင် ငါ့ရဲ့ဖုံးကွယ်ထားတဲ့အလှတရားတွေကို ကြည့်ချင်နေတာလား”

လုံချန်သည် စကားပြန်မပြောဘဲ ယန်လင်ချင်းကို ပြုံးယောင်သမ်းကာ ကြည့်နေသည်။ ယန်လင်ချင်း၏ မျက်နှာသည် ချက်ချင်းမဲမှောင်သွားသည်။ ဓားကိုဝှေ့ယမ်းကာ အိပ်မက်ခုနစ်သွယ်ဓားသိုင်းကို လေ့ကျင့်ရင်း ပြောသည် “ကြည့်လိုက်ပါဦး၊ ဒါက ဘယ်လိုအကြည့်မျိုးလဲ။ အမြဲတမ်း မရိုးမသားပဲကြည့်နေတယ်”

လုံချန်သည် ပေါ့ပေါ့ပါးပါး လှန်ကြည့်ရင်း ယန်လင်ချင်းသည် လေးပြင်းဓား အတွက် ယန်လင်ယွဲ့နှင့်ယှဉ်ပြိုင်နေသည်ကို သတိရမိသည်။ သူမကို လမ်းညွှန်ပေးရန် ပြင်လိုက်စဥ် ယန်လင်ချင်းက လျှို့ဝှက်စာအုပ်ကို ပြန်သိမ်းထားလိုက်သည်။

“လမ်းညွှန်ပေးမယ်လို့ မတွေးနဲ့။ ဒီတစ်ကြိမ်မှာ ငါက အစ်မလင်ယွဲ့နဲ့ မျှမျှတတယှဉ်ပြိုင်နေတာ။နင်ကူညီလို့ ငါနိုင်သွားရင်တောင် ဂုဏ်ယူစရာမရှိဘူး။ ဒါကြောင့် ငါဟာ လေပြင်းဓားအတွက် သူမထက် ပိုသင့်လျော်တယ်ဆိုတာ သက်သေပြလို့မရဘူး”

ယန်လင်ချင်း၏ ခေါင်းမာသော စိတ်ဓာတ်ကို ကြည့်ရင်း လုံချန်သည် ခေါင်းသာခါလိုက်တော့သည်။ သူမတွင် သူနှင့်ဆင်တူသော အစိတ်အပိုင်းတစ်ခုရှိနေသလို ခံစားမိသည်။

“မသင်ချင်လည်း မသင်ပေးတော့ဘူး။ ငါလည်း မင်းကို သင်ပေးဖို့ ပျင်းရိတယ်။ အင်း...၊ လင်ချင်း၊ ငါရက်အနည်းငယ်လောက် အပြင်သွားစရာရှိသေးတယ်။ အဘိုးတို့ပြန်လာရင် စိတ်ပူနေမှာစိုးလို့ကြိုအသိပေးထားတာပဲ၊ အရေးကြီးတဲ့အချိန်မတိုင်ခင် ငါသေချာပေါက် ပြန်လာမယ်ဆိုတာ သူတို့ကို ပြောပေးဖို့ မမေ့နဲ့”

ယန်လင်ချင်းသည် သံသယဖြင့် သူ့ကို ကြည့်ပြီး မေးလိုက်သည် “အရေးကြီးတဲ့အချိန်ဆိုတာ ဘာလဲ။ နင်ဘယ်ကိုသွားမှာလဲ။ ကြည့်ရတာ နင်က တော်တော်​လေး လျှို့ဝှက်နေသလိုပဲ။ ငါ့အထင် ကျောက်စိမ်းခန်းမကို သွားမလို့မဟုတ်လား”

Translated By NyiNyiSoe

..(သွေးနဂါးလုံချန်)

စာစဉ် ၄ (အပိုင်း 47- ကောင်းကင်မီးလျှံတောင်တန်း)

ဘာသာပြန်သူ - ညီညီစိုး

ယခုတစ်ကြိမ်၌ လုံချန်သည် ပျက်သုဉ်းခြင်းတောင်တန်းမှတစ်ဆင့် ပျက်သုဉ်းခြင်းသားရဲဒေသသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခဲ့သည်။ ယခင်က လင်းရှီ နှင့်အတူ ရောက်ရှိခဲ့ဖူးသည့်တိုင် သူမကိုယ်တိုင်ပင် ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိရောက်လာခြင်းဖြစ်လေသည်။

ထိုစဉ်က လုံချန်သည် အလွန်အားနည်းပြီး နဂါးသွေးကြောနယ်ပယ်အဆင့် ၄ ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်ရန်ခက်ခဲခဲ့သည်။ ယခုအခါမှာတော့သူ၏ခွန်အားမှာ ယခင်နှင့်မတူဘဲ အဆပေါင်းများစွာမြင့်တက်သွားခဲ့လေပြီ။

အကယ်၍ (နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကျင့်စဉ်) ကို ထုတ်ဖော်လိုက်ပါက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကျင့်ကြံသူနှင့်ပင် ထိပ်တိုက်ရင်ဆိုင်နိုင်ပေသည်။ လက်ရှိသူ့ခွန်အားဖြင့် လုံချန်ဟာ လမ်းတစ်လျှောက် သွေးလဝံပုလွေနှင့် ရင်ဆိုင်မတိုးသရွေ့ ဘာအန္တရာယ်မှ ရှိမည်မဟုတ်ပေ။

ပျက်သုဉ်းခြင်းတောင်တန်းရှိ အားအကောင်းဆုံးနတ်ဆိုးသားရဲဟူ၍ အဝါရောင်အဆင့် ၈ သာရှိလေသည်။ သို့သော် ပျက်သုဉ်းခြင်းသားရဲဒေသ ကတော့ မတူပေ။ အတွင်းပိုင်းနယ်မြေထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာလေလေ အဝါရောင်အဆင့်ထက် ကျော်လွန်သော သားရဲများနှင့် ရင်ဆိုင်တွေ့ရနိုင်ချေများပါသည်။ လက်ရှိတွင် သူ၏ခွန်အား သန်မာလာသည့်တိုင်အောင် လုံချန်သည် သတိအပြည့်ထားနေရဆဲဖြစ်သည်။

....... ပျက်သုဉ်းခြင်းသားရဲဒေသ သည် မြူခိုးများ အစဉ်မပြတ်ဖုံးလွှမ်းနေခဲ့သည်။ ထူးဆန်းစွာသေဆုံးနေသည့် ရှေးဟောင်းသစ်ပင်များအပြင် တောင်ကုန်း တောင်တန်းများဟာ မီးခိုးရောင်မြူများ အပြည့်ဖုံးအုပ်နေပေသည်။

လေထုထဲတွင်လည်း မကောင်းသောအငွေ့အသက်များနှင့် သွေးညှီးနံ့များ ရောယှက်နေသည်။ မြေပြင်ပေါ်တွင်လည်း အမည်မသိနတ်ဆိုးသားရဲများ၏ အရိုးစုအကြွင်းအကျန်များ ပြန့်ကျဲနေသည်။

အချို့မှာ အချိန်ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ပုံပါ။ အနည်းငယ်ထိလိုက်ရုံဖြင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ဤအခိုက်အတန့်တွင် လင်းရှီသည် နောက်တစ်ကြိမ် ထပ်မံရောက်ရှိသည့်အတွက်သော အနည်းငယ်ထိတ်လန့်နေပုံပါ။ အစပိုင်းတွင် လုံချန်၏ပခုံးပေါ်၌ ထိုင်နေခဲ့၏။ သို့သော်လည်း သွေးညှီနံ့များ ကြိုင်လှိုင်လျက် မီးခိုးရောင်မြူများဖုံးလွှမ်းထားသည့် ပတ်ဝန်းကျင်အား မြင်လိုက်ရချိန်မှာတော့ နတ်ဓားထဲသို့ အလျင်အမြန်ပြန်ဝင်သွားခဲ့သည်။

“မြေပုံအရဆိုရင်တော့ အိပ်မက်လင်ဇီး က ပျက်သုဉ်းခြင်းသားရဲဒေသရဲ့ အပြင်ဘက်နယ်မြေမှာပဲရှိနိုင်တယ်။ အရင်တစ်ခေါက်တုန်းကလိုမျိုး အတွင်းပိုင်းထဲရောက်အောင် ဆက်သွားစရာမလိုဘူး။ အဲဒီနေရာကို ကောင်းကင်မီးလျှံတောင်တန်း လို့ခေါ်တယ်။ အခု သွားရအောင်။ ငါ့လက်ရှိအရှိန်နဲ့ အနည်းဆုံး နေ့တစ်ဝက်လောက်ပဲကြာလိမ့်မယ်” လုံချန် သည် မြေပုံထုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။

နေရာနှင့်ဦးတည်ရာကို အတည်ပြုပြီးနောက် လုံချန်သည် ရှေ့ဆက်သွားရန်ပြင်လိုက်၏။ လင်းရှီ၏ ထက်မြက်သောအာရုံခံနိုင်စွမ်းဖြင့်ဆိုလျှင် သူ့အနေဖြင့် အားကောင်းသော နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်တိုးမိမှာကို စိုးရိမ်စရာမလိုပေ။

ထို့ကြောင့် ခရီးစဉ်မှာ ဘာအခက်အခဲမှမရှိဘဲ အလွန်ချောမွေ့ခဲ့သည်။ မသိလိုက်မသိဘာသာဖြင့် နေ့တစ်ဝက်ခန့်ဟူသောအချိန်သည် တဖြည်းဖြည်းကုန်လွန်သွားသည်။

“ကောင်းကင်မီးလျှံတောင်တန်း က အပြင်ဖက်နယ်မြေမှာ ရှိနေရင်တောင်မှ အကျယ်အဝန်းက မှန်းဆလမရလောက်အောင်ပဲ။ ဒါ့အပြင် အိပ်မက်လင်ဇီး ရှိမရှိဆိုတာ အရမ်းကြီးမသေချာဘူး။ ဘာပဲဖြစ်ဖြစ် ဒီအထိတောင်ရောက်လာမှတော့ မတွေ့တွေ့အောင် ရှာရမှာပဲ” လုံချန်ကပြောသည်။

“တကယ်လို့ မတွေ့ခဲ့ရင်တော့ အရင်ပြန်ကြတာပေါ့။ အဲဒီနတ်ဝိညာဉ်ပြောင်းလဲခြင်းသီးလဲ……” လင်းရှီက စိုးရိမ်တကြီးပြောလိုက်သည်။

“ဟမ့်...၊ ရှာမတွေ့ဘူးလို့ မပြောနဲ့ဦး။ မင်းမှာ စိတ်အားထက်သန်မှုမရှိဘူးလား” ဟု လုံချန်ကပြန်ပြောသည်။

ပျက်သုဉ်းခြင်းသားရဲဒေသ၏ ကောင်းကင်ယံသည် အစဉ်အမြဲမှောင်မိုက်နေသော်လည်း နေ့၊ ညတော့ကွဲပြားမှုရှိနေသေးသည်။ သို့သော် ညအချိန်တွင် မြင်ကွင်းမှာ မသဲကွဲသဖြင့် အနည်းငယ်ပို၍ အန္တရာယ်များလေသည်။ လုံချန်သည် ခပ်ဝေးဝေး၌ အနက်ရောင်မြူများ ဖုံးလွှမ်းနေသော တောင်ကုန်းတစ်ခုကို တွေ့လိုက်ရသည်။ သို့သော် ညအချိန်နီးကပ်လာနေပြီဖြစ်သဖြင့် ဆက်လျှောက်ရန် မသင့်တော်တော့ပေ။

“အင်း၊ ညဖက်မှာ အိပ်မက်လင်ဇီးကို ရှာဖွေဖို့က ခက်ခဲလိမ့်မယ်။ မနက်ဖြန်ရောက်တော့မှပဲ ဆက်သွားကြတာပေါ့” ဟု လုံချန်ကပြောသည်။

လင်းရှီသည် စိတ်ဝိညာဉ်အသိကို ထုတ်လွှတ်၍ လမ်းခရီးတစ်လျှောက်လုံး ပတ်ဝန်းကျင်ကို အာရုံခံစစ်ဆေးလာရသည့်အတွက် ဝိညာဉ်စွမ်းအားကုန်ဆုံးလုနီးပါး ဖြစ်နေလေသည်။ လုံချန်က အနားယူရန်ပြောလိုက်သည့်အခါမှသာ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်သည်။

“ဒီနေရာတစ်ခုလုံးမှာ နတ်ဆိုးသားရဲအရိုးစုတွေချည်း စုပုံနေတာ။ နေရာအနှံ့မှာ မြေသားဂူတွေလဲ အပြည့်ရှိနေသေးတယ်။ ငါတို့က ဂူတစ်လုံးလောက် အမြန်ရှာပြီးတော့ အနားယူလိုက်တာပိုကောင်းလိမ့်မယ်” လုံချန်သည် ပြောရင်းဆိုရင်း လုပ်ငန်းစပါတော့သည်။ အနီးတဝိုက်တွင် တောင်ကုန်းငယ်များ အများအပြားရှိနေသဖြင့် ဂူများကို အလွယ်တကူရှာဖွေနိုင်သည်။

မကြာခင် လုံချန်သည် ဂူတစ်လုံးကို ရှာတွေ့လိုက်သည်။ ဂူထဲရှိ အဝါရောင်အဆင့် ၅ နှင့် အဆင့် ၆ နတ်ဆိုး သားရဲများကို ဖယ်ရှားပြီးနောက် သန့်ရှင်းရေးလုပ်ကာ မီးဖိုတစ်ခုစတင်ပြီး အသားကင်ရန် ပြင်ဆင်လိုက်သည်။

ဤအချိန်တွင် လင်းရှီသည် တစ်နေကုန်ပင်ပန်းထားသည့်အတွက်ကြောင့် နက်ရှိုင်းစွာ အိပ်ပျော်နေပြီဖြစ်သည်။ မီးဖိုးမှ မီးများစတင်လောင်ကျွမ်းလာသည့်အခါ အပြင်ဖက်ဆီကနေ ခြေသံများ ထွက်ပေါ်လာသည်။

လုံချန်သည် ထရပ်လိုက်သည်။ ထိုအချိန်တွင် ခန္ဓာကိုယ်သန်မာထွားကြိုင်းသည့် လူလတ်ပိုင်းနှစ်ဦး ဂူအတွင်းသို့ ဝင်ရောက်လာကြသည်။ အတွင်းတွင် လူငယ်တစ်ဦးရှိနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့နှစ်ယောက်လည်း အံ့အားသင့်သွားကြပုံပါ။

အမည်မသိသားရဲအရေခွံဝတ်ဆင်ထားသော လူသန်ကြီးက ချက်ချင်းလှောင်ပြောင်ကာ “ဟမ့်...၊ လူငယ်လေး၊ ပျက်သုဉ်းခြင်းသားရဲဒေသကို တစ်ယောက်တည်း ဝင်လာရဲတယ်ဆိုတော့ မင်းသတ္တိက မနည်းဘူးပဲ” ဟု ပြောသည်။

အခြားတစ်ဦးမှာ ပိန်ပိန်ပါးပါးနှင့် သဘောမနောကောင်းပုံပေါက်သူဖြစ်သည်။ သူက လုံချန်ကို အပေါ်အောက်အကဲခတ်ပြီး ရယ်မောကာ ဘေးရှိလူအား “သူ့ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၇ တောင်ရောက်နေပြီဟ။ တကယ်လို့ သူသာ စဉ်းစားဉာဏ်ရှိခဲ့ရင် အရွယ်ရောက်တဲ့အခါ တစ်နေရာရာမှာ နာမည်ကျော်ကြားနိုင်သေးတယ်။ သနားစရာပဲ……” ဟု ထပ်ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးစလုံးသည် လုံချန်ကို အာရုံမထားသည့်အလား ထပ်မကြည့်တော့ပေ။ သူတို့လုပ်စရာရှိသည့်အလုပ်ကို ဆက်လုပ်သည့်အလား ဂူအတွင်းသို့ ဝင်လာပြီး လုံချန် မီးမွှေးထားသည့် မီးဖိုဘေးတွင် ထိုင်လိုက်ကြသည်။

လုံချန်သည် အတွင်းစိတ်ထဲတွင် သတ်လတ်ပိုင်းလူနှစ်ဦးကို အကဲခတ်လိုက်ပြီး ထိတ်လန့်နေသည့်အမူအရာကို ပြလိုက်သည်။ ဤလူနှစ်ဦးသည် ဤနေရာတွင် တစ်စုံတစ်ယောက်ရှိသည်ကို သိရှိသွားပြီး စူးစမ်းလိုစိတ်ဖြင့် ဝင်လာကြခြင်းဖြစ်ပုံရသည်။

လုံချန်၏ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၇ သာရှိသည်ကို မြင်လိုက်ရသည့်အခါ ၎င်းတို့အတွက် ခြိမ်းခြောက်မှုမရှိဟု ယူဆပြီး စိတ်အေးလက်အေးဖြစ်သွားကြပုံပါ။

“သူတို့နှစ်ဦးစလုံး နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ပဲရှိသေးတယ်။ ငါ့ခွန်အားနဲ့တောင် ထည့်တွက်နေစရာမလိုဘူး။ ဒါပေမဲ့ သူတို့ပုံစံကြည့်ရတာတော့ ပျက်သုဉ်းခြင်းသားရဲဒေသကိ ခဏခဏရောက်ဖူးနေသလိုပဲ။ ငါ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့ဆီကနေ အိပ်မက်လင်ဇီး အကြောင်းစုံစမ်းကြည့်ရမယ်။ ဒါဆို သူတို့ယူဆနေတဲ့အတိုင်း ငါ့ကိုယ်ငါ တုံးအနေသလိုမျိုးဟန်ဆောင်လိုက်မယ်” လုံချန်က တွေးပြီးနောက် မျက်နှာအောက်ချကာ ထိုလူနှစ်ဦးရှိရာသို့ စိတ်အားထက်သန်စွာ လျှောက်သွားပြီး ချီးမွမ်းသံဖြင့် နှုတ်ဆက်ပါတော့သည် “လုံချန် ကအစ်ကိုကြီးနှစ်ယောက်ကို အရိုအသေပေးပါတယ်။ အစ်ကိုကြီးတို့နှစ်ယောက်စလုံးရဲ့ ခွန်အားက နက်နဲပြီးမခန့်မှန်းနိုင်လောက်အောင်ပဲ။ ဒီညီငယ်လေးက တကယ်ပဲအားကျမိပါတယ်။ အခု ဒီနေရာမှာ ဆုံတွေ့တာက ကံကြမ္မာအရဆိုပေမယ်လို့ ညီငယ်လေးအတွက်တော့ တကယ့်ကိုဂုဏ်ယူစရာပါပဲ။ လေးစားရတဲ့ အစ်ကိုကြီးနှစ်ယောက်ရဲ့နာမည်ကိ သိပါရစေ” ဟု ပြောလိုက်သည်။

အစပိုင်းတွင် သတ်လတ်ပိုင်းနှစ်ဦးသည် လုံချန်အား မောက်မာထောင်လွှားသော လူငယ်သခင်လေးဟု ထင်ထားကြသည်။ သို့သော် လုံချန်သည် အိမ်တော်ထိန်းအစေခံတစ်ယောက်သဖွယ် ပြုမူနေသည်။ ဆိုရိုးစကားအရ “ပြုံးနေသူကို လက်လွှဲရိုက်နှက်ရန်ခက်ခဲသည်” ဟူ၍ ရှိပေသည်။ အကယ်၍ လုံချန်သည် သူတို့ဝင်ရောက်လာသည့်အတွက် ဒေါသထွက်နေခဲ့ပါက လုံချန်ကို သတ်ပစ်နိုင်သည်။

သို့သော် လုံချန်သည် အပြုံးအပြည့်ဖြင့် သူတို့ထံ ချဉ်းကပ်လာသည့်အခါ နှစ်ယောက်စလုံး ဘာပြောရမှန်းမသိဖြစ်သွားကြသည်။ လုံချန်၏မျက်နှာပေါ်တွင် ရိုသေမှုအပြည့်ရှိသည့် အကြည့်ကိုမြင်လိုက်ရသည့်အခါ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကြည့်လိုက်သည်။ လူသန်ကြီးက မထီမဲ့မြင်ပြုသည့်ဟန်ဖြင့် “ငါက ချန်ရှုံးကျိုး ၊ သူက ဖုန်းမင်ယန် လို့ခေါ်တယ်။ ငါတို့နှစ်ယောက်စလုံး ယွမ်လင်းမြို့တော်ကနေ လာခဲ့တာပဲ” ဟု ပြောသည်။

“သူတို့နှစ်ယောက်စလုံး ယွမ်လင်းမြို့ ​ကနေ လာကြတာတဲ့လား” လုံချန်သည် ယွမ်လင်းမြို့ကို အမြဲလေးစားအားကျခဲ့သည်။ ယခုအခါ ယွမ်လင်းမြို့တော်သည် မည်သို့သောတည်ရှိမှုဖြစ်ကြောင်းကို မေးမြန်းနိုင်လေပြီ။

“ဒါဆိုရင် အစ်ကိုကြီးချန်နဲ့ အကိုကြီးဖုန်း လို့ခေါ်ပါရစေ။ အစ်ကိုကြီးတို့နှစ်ယောက်ကိုကြည့်ရတာ ဒီနေရာကို ခဏခဏရောက်လာဖူးတာဖြစ်မယ်။ ဒီလိုခွန်အားနဲ့ ခဏခဏလာနိုင်တာ ဒီညီငယ်လေးကအရမ်းအားကျမိပါတယ်။ အခုလိုမျိုး အစ်ကိုကြီးတို့နဲ့မတွေ့ခဲ့ရင် ငါ့အနေနဲ့ဒီနေရာမှာ ဘာဆက်လုပ်ရမှန်းသိမှာမဟုတ်တော့ဘူး” ဟု လုံချန်က ပြောလိုက်သည်။ လုံချန်သည် စကားပြောရာတွင် အပိုအလိုမရှိဘဲ စိတ်ရင်းမှန်ဖြင့် ပြောဆိုပြီး ချီးမွမ်းစကားအနည်းငယ်ပင်ထည့်ပြောလိုက်သည်။

ဤအခိုက်အတန့်တွင် သတ်လတ်ပိုင်းနှစ်ဦးသည် ၎င်းတို့ကိုယ်ကိုယ် အတော်လေးဂုဏ်ယူလာပြီး လုံချန်အပေါ် အထင်အမြင်သေးထားသည့်ခံစားချက်မှာ လျော့ပါးသွားသည်။ “မင်းရဲ့အစ်ကိုကြီးချန်က မင်းကို ဆူပူလိုစိတ်မရှိဘူး။ ဒါပေမဲ့ မင်းလို အသက်အရွယ်နဲ့ စွမ်းရည်နဲ့ဆိုရင် ပျက်သုဉ်းခြင်းသားရဲဒေသထဲ ဝင်လာတာက သေဖို့လမ်းခင်းနေတာပဲ” ဟု ချန်ရှုံးကျိုးက ပြောသည်။

ချန်ရှုံးကျိုးစကားပြီးသည်နှင့် ဖုန်းမင်ယန်က သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း အကြီးအကဲဟန်ပန်အမူအရာအပြည့်ဖြင့် ထပ်ပြောပြန်သည် “ဒီကောင်လေးက ဉာဏ်ရည်ထက်မြက်တာတော့ မဆိုးဘူး။ ဒါပေမဲ့ ဒီလောကမှာ ရှင်သန်ဖို့ဆိုရင် ဒါတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ မင်းက ငါတို့ညီအစ်ကိုနှစ်ယောက်နဲ့ မဆုံခဲ့ဘဲ တခြားတစ်ယောက်ယောက်နဲ့ ဆုံခဲ့မယ်ဆိုရင် မင်းရဲ့ဥစ္စာတွေကို လုယူပြီး အသတ်ခံရနိုင်တယ်”

လုံချန်သည် ခေါင်းတဆတ်ဆတ်ညိတ်ကာ ချက်ချင်းသဘောတူပြီး သူ့ကိုယ်သူ ဉာဏ်မရှိသည့်သူအဖြစ် ဆူပူကြိမ်းမောင်းလိုက်သည်။ အကယ်၍ ဤစိတ်ထားကောင်းသော အစ်ကိုကြီးနှစ်ဦးနှင့် မဆုံခဲ့ပါက သူ၏အလောင်းမှာ ယခုအချိန်လောက်ဆို မြေပြင်ပေါ်တွင် လဲလျောင်းနေလိမ့်မည်ဟုပါ ထပ်ပြောလိုက်သည်။

ဤသို့ဖြင့် သတ်လတ်ပိုင်းနှစ်ဦးသည် ကျေနပ်မှုအပြည့်ဖြစ်သွားကြသည်။ လုံချန်အား သူတို့၏ညီငယ်လေးသဖွယ် ပြောဆိုလာကြသည်။

“အော် ဟုတ်သားပဲ၊ ညီငယ်လေးလုံချန်။ ဒီမှာ စခန်းချထားတာ ကောင်းကင်မီးလျှံတောင်တန်းထဲ ဝင်ဖို့လား” ဟု ဖုန်းမင်ယန်က ရုတ်တရက်မေးခဲ့သည်။ လုံချန်သည် ခေါင်းညိတ်ပြီး “ဟုတ်ပါတယ် အစ်ကိုကြီး” ဟု ပြန်ဖြေသည်။

ဖုန်းမင်ယန်က ခေါင်းညိတ်ပြီး “မင်းလဲ ကောင်းကင်မီးလျှံတောင်တန်းမှာ တစ်ခုခုမူမမှန်ဖြစ်နေတယ်ဆိုတာကို အာရုံခံမိမယ်လို့ မထင်ထားဘူး။ ဒီရက်ပိုင်းအတွင်း ငါတို့အစ်ကိုကြီးချန်နဲ့ ဒီမြေပြန့်ရဲ့ အပြင်ဖက်ကနေပဲ စောင့်ကြည့်နေခဲ့တာ။ ကောင်းကင်မီးလျှံတောင်တန်းရဲ့ အပူချိန်က ရုတ်တရက်ကြီးမြင့်တက်လာတာက တော်တော်လေး ထူးဆန်းလွန်းတယ်။ ငါတို့တောင် အထဲဝင်ဖို့ မဝံ့မရဲဖြစ်နေရတယ်။ မင်းလို နဂါးသွေးကြောနယ်ပယ်အဆင့် ၇ ဆိုရင်တော့ ဒါက ဉာဏ်နဲရာကျလွန်းတယ်” ဟု ပြောသည်။

လုံချန်သည် အံ့အားသင့်သွားပြီး ခဏအကြာတွင်သက်ပြင်းချကာ “တကယ်ပြောရရင် ငါ့အနေနဲ့ ကောင်းကင်မီးလျှံတောင်တန်းကို လာတာက ဘာမူမမှန်တာကိုမှ သိလို့မဟုတ်ပါဘူး။ တကယ်တော့ အိပ်မက်လင်ဇီးကို ရှာဖွေဖို့ပဲ။ အစ်ကိုကြီးတို့များ သိမလား၊ ဒီအပင်က ကောင်းကင်မီးလျှံတောင်တန်းရဲ့ ဘယ်နေရာမှာ ရှိနိုင်သလဲ” ဟု မေးလိုက်သည်။

လုံချန်၏ရည်မှန်းချက်မှာ အိပ်မက်လက်ဇီး ရှာဖွေရန်သာဖြစ်သည်။ မလိုအပ်သောပြဿနာများ ဖြစ်ပေါ်လာမှာကို မလိုလားပေ။ ထို့ကြောင့် သူ၏အဓိကရည်မှန်းချက်ကို အလျင်အမြန်ပြောပြလိုက်သည်။အိပ်မက်လင်ဇီး ဆိုသည့် စကားသုံးလုံးကို ကြားလိုက်ရသည့်အခါ ဖုန်းမင်ယန်က ခေါင်းညိတ်ပြီး “ကောင်းကင်မီးလျှံတောင်တန်းမှာ အိပ်မက်လင်ဇီးတွေ တကယ်ရှိပါတယ်။ ငါတို့လည်း အရင်တုန်းက ဒီမှာ ခဏခဏတွေ့ဖူးတယ်။ ဘယ်နေရာမှာရှိသလဲဆိုတာတော့ အကြမ်းဖျင်းသိထားတယ်……” ဟု ပြောသည်။

လုံချန်သည် ဝမ်းသာအားရဖြစ်သွားသည်။ သူ့ကိုယ်သူ ဟန်ဆောင်နှိမ့်ချလိုက်ခြင်းသည် အသုံးဝင်သည့်သတင်းကို ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ချက်ချင်း ထပ်ပြောလိုက်သည် “အစ်ကိုကြီးနှစ်ယောက်က ဒီညီငယ်လေးဦးအတွက် လမ်းပြပေးနိုင်မလားလို့ သိပါရစေ”

သတ်လတ်ပိုင်းနှစ်ယောက်လည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယခုအခါ ကောင်းကင်မီးလျှံတောင်တန်းရှိ အပြောင်းအလဲများကို သူတို့နှစ်ဦးသာသိရှိထားသည်။ လုံချန် ပေါ်ထွက်လာသည့်အခါ ၎င်းတို့သည် ဂူအတွင်းသို့ ဝင်လာစဉ်ကတည်းက ပြဿနာများမဖြစ်ပေါ်စေရန် အပြီးတိုင်နှုတ်ပိတ်ဖို့ပြင်ထားခဲ့ကြသည်။ သို့သော် လုံချန်၏ ငယ်ရွယ်သောအသက်အရွယ်နှင့် သူ့နောက်ကွယ်တွင် အင်အားကြီးသူ ရှိနေနိုင်ကြောင်း သံသယဖြင့် မလှုပ်ရှားရဲခဲ့ပေ။ ထို့ပြင် လုံချန်သည် ကောင်းကင်မီးလျှံတောင်တန်းရှိ ပြောင်းလဲမှုများနှင့် မသက်ဆိုင်ကြောင်း ပြောပြခဲ့သည်။ ၎င်း၏ချီးမွမ်းစကားများကလည်း သူတို့နှစ်ယောက်အတွက် အလွန်ကျေနပ်စရာဖြစ်နေသဖြင့် “အင်း၊ မူလက ငါတို့မနက်ဖြန်မနက်မှာ သွားပြီးစစ်ဆေးကြည့်ဖို့စီစဉ်ထားတာ။ မင်းကိုခေါ်သွားတာလည်း ဘာမှမထူးခြားပါဘူး။ ဒါပေမဲ့ ကောင်းကင်မီးလျှံတောင်တန်းမှာ နေရာအနှံ့အန္တရာယ်တွေချည်းပဲ။ အိပ်မက်လင်ဇီးကို ရှာတွေ့တာနဲ့ အမြန်ဆုံးထွက်သွားတာ အကောင်းဆုံးပဲ။ ဒီနေရာမှာ သေမသွားဖို့ပေါ့” ဟု ပြောသည်။ ဤသတိပေးချက်ကို ကြားလိုက်သည့်အခါ လုံချန်သည် အဓိပ္ပါယ်ကို မသိသလိုဟန်ဆောင်ပြီး ကျေးဇူးတင်စွာဖြင့် “အစ်ကိုကြီးတို့နှစ်ယောက်ကို တကယ်ပဲကျေးဇူးတင်ပါတယ်။ တကယ်လို့ အိပ်မက်လင်ဇီးကို ရှာတွေ့ခဲ့ရင် သေချာပေါက်ကျေးဇူးဆပ်မှာပါ” ဟု ပြောသည်။

ထို့နောက် သူသိချင်သည့် အဓိကအကြောင်းကို ဆက်မေးလိုက်၏ “အစ်ကိုကြီးတို့နှစ်ယောက်စလုံး ယွမ်လင်းမြို့တော်ကနေ လာတာဆိုတော့ လင်းဝူမိသားစုအကြောင်း နည်းနည်းလောက် ပြောပြပေးနိုင်မလား” ဟူ၍ပင်။

ခပ်ပိန်ပိန်သက်လတ်ပိုင်းဖြစ်သည့် ဖုန်းမင်ယန်က ငြီးငွေ့စွာဖြင့် ပြန်ပြောသည်“မင်း လင်းဝူမိသားစုထဲ ဝင်ချင်နေတာလား။ မင်းအသက်အရွယ်နဲ့ ဒီလိုစွမ်းရည်ရှိရင် နောက်နှစ်အနည်းငယ်လောက်ဆို နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို ရောက်မှာပါ။ ဒါဆို သေချာပေါက်ဝင်ခွင့်ရလိမ့်မယ်”

“အကိုကြီးတို့လည်း လင်ဝူမိသားစုထဲ ဝင်ဖို့ စီစဉ်နေတာလား” လုံချန်က ထပ်မေးလိုက်သည်။ ချန်ရှုံးကျိုးက ခေါင်းညိတ်ပြီး သက်ပြင်းချကာ ပြောခဲ့သည် “လင်းဝူမိသားစုထဲ ဝင်ဖို့ဆိုရင် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ရမယ်။ အဲဒီစမ်းသပ်မှုရဲ့ လိုအပ်ချက်တစ်ခုက အသက်သုံးဆယ်ကျော်လို့မရဘူး။ ပြီးတော့ စွမ်းရည်က နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ရှိရမယ်။ ငါတို့နှစ်ယောက်စလုံးက အသက်သုံးဆယ်နီးကပ်လာပြီ။ ဒီတစ်ကြိမ်က ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ တကယ်လို့ အဲဒီအချိန်မတိုင်ခင် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကို မရောက်နိုင်ခဲ့ရင် လင်ဝူမိသားစုထဲ ဝင်ဖို့ အရည်အချင်းမပြည့်မီတော့ဘူး” ဟူ၍ပင်။

လုံချန်သည် စိတ်ထဲတွင် တော်တော်ကြီးအံ့အားသင့်သွားသည်။ ကျော်ကြားခြင်းမြို့တွင်ဆိုပါက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ပညာရှင်ကို ထိပ်တန်းကျင့်ကြံသူအဖြစ် သတ်မှတ်ခံရသည်။ သို့သော် လင်းဝူမိသားစုသို့ ဝင်ရောက်ရန်အတွက် လိုအပ်ချက်မှာ အသက်သုံးဆယ်အောက်နှင့် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ရှိရပေမည်။ ကွာဟချက်မှာ အလွန်ကြီးမားလှသည်။ လုံချန်၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့်အမူအရာကို မြင်လိုက်သည့်အခါ ချန်ရှုံးကျိုးက ဆက်ပြောသည် “မင်း ယွမ်လင်းမြို့ကို တစ်ခါမှ မရောက်ဖူးဘဲနဲ့ ယွမ်လင်းမြို့က ဘယ်လောက်ကြီးမားတယ်ဆိုတာကို စိတ်ကူးနဲ့တောင် မထင်နိုင်ဘူးထင်တယ်။ အဲဒီမြို့က နိုင်ငံငယ်တစ်ခုလိုပဲ။ အကျယ်အဝန်းကို မြို့လယ်ခေါင် ဗဟိုကနေ တိုင်းတာလိုက်ရင် ပတ်လည်ဧရိယာက လီ ၅၀၀ ကျော်တယ်။ အရှေ့ဖက်မြို့ရိုးကနေ အနောက်ဖက်မြို့ရိုးအထိ လီ ၁၀၀၀ လောက်ဝေးတယ်။ ယွမ်လင်းမြို့တော်ရဲ့ အလယ်ဗဟိုမှာ ခရိုင် ၂ ခုရှိတယ်။ တစ်ခုချင်းစီက ယွမ်လင်းမြို့တော်ရဲ့ ငါးပုံတစ်ပုံလောက်ရှိတယ်။ အဲဒီခရိုင်တစ်ခုက လင်းဝူမိသားစုနေထိုင်တဲ့ လင်းဝူတော်ဝင်မြို့တော်ပဲ”

“ဒါ့အပြင် လင်းဝူမိသားစုမှာ လက်ခံထားတဲ့ အဖွဲ့ဝင်ပေါင်း ၂၀၀၀၀ ကျော်ရှိတယ်။ သူတို့အားလုံးက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ နဲ့အထက်ရှိတဲ့သူတွေချည်းပဲ။ လင်းဝူမိသားစု ကို အတွင်းစည်းနဲ့ အပြင်စည်း(မိသားစုအခွဲများ) လို့ထပ်ပြီး ခွဲထားသေးတယ်။ ငါတို့လို လူတွေက စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ရင် အပြင်စည်း (မိသားစုအခွဲ)ထဲပဲ ဝင်နိုင်မယ်။ လင်းဝူမိသားစုရဲ့ စစ်မှန်တဲ့ ကျင့်ကြံသူတွေက အတွင်းစည်း (ပင်မမိသားစုဝင်)တွေဖြစ်တယ်။တကယ်တော့ သူတို့က နှစ်ရာနဲ့ချီတဲ့ သွေးမျိုးဆက်စွမ်းအားကို အမွေဆက်ခံထားကြတယ်။ ပြောရရင် ပင်မအဖွဲ့ဝင်တွေပဲ လင်းဝူမိသားစုရဲ့ စစ်မှန်တဲ့အဖွဲ့ဝင်တွေလို့ သတ်မှတ်ခံရတယ်။ ငါတို့လိုလူတွေက လင်းဝူမြို့ထဲ ဝင်ရောက်နိုင်ရင်တောင်မှ တကယ်တော့ သူတို့ငှားရမ်းထားတဲ့ အလုပ်သမားတွေအဆင့်လောက်ပါပဲ။ ဒါပေမဲ့ အဲဒီလို အလုပ်သမားဖြစ်ရတာတောင် ဂုဏ်ယူစရာကောင်းပါတယ်လေ”

လင်းဝူမိသားစုအကြောင်း ပြောရင်း ၎င်းတို့နှစ်ဦးစလုံးဟာ မျက်နှာပေါ်တွင် တောင့်တမှုအပြည့်ရှိသည့် မျက်နှာအမူအရာများ ပေါ်ထွက်လာသည်။

လုံချန်ကိုယ်တိုင်ပင် အကြီးအကျယ် အံ့အားသင့်သွားသည်။ “ အပြင်စည်းမှာတင် အဖွဲ့ဝင် ၂၀၀၀၀ ကျော်တယ်…… ပြီးတော့ အားလုံးက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ နဲ့အထက်ရှိတဲ့သူတွေချည်းပဲတဲ့လား။ လင်းဝူမိသားစုက ဒီလောက်ကြီးမားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါတောင် ယွမ်လင်းမြို့က ဗဟိုစီရင်စု(ပြည်နယ်)ထဲက မြို့တစ်မြို့တည်းပဲ။ ဒီလောက်ကြီးမားတယ်ဆိုရင် အဖေနဲ့ လင်းရှီပြောဖူးတဲ့ နဂါးစတေးခံတိုက်ကြီး(ဒဏ္ဍာရီလာနဂါးကုန်း​မြေကြီး)ဆိုတာ ဘယ်လောက်ကြီးမားနိုင်လဲ”

ကျယ်ပြန့်ပြီး အဆုံးမရှိသည့် ဤလောကကြီးသည် လုံချန်အား အားငယ်စိတ်ဖြစ်စေသည်။ ရုတ်တရက် ဆိုသလိုပင် သူ့စိတ်ထဲ၌ မိုရှောင်းလန်အကြောင်းကို တွေးမိလိုက်သည်။ “ရှောင်းလန်က လင်းဝူမိသားစုရဲ့ အပြင်စည်း (မိသားစုအခွဲတစ်ခု)က လား၊ ပင်မအဖွဲ့ဝင်များလားတော့ မသိဘူး…… သူ့ရဲ့အရည်အချင်းနဲ့ဆိုရင် ပင်မမိသားစုဝင်ဖြစ်ဖို့များတယ်”

ဤအချိန်တွင် ချန်ရှုံးကျိုးက အော်ဟစ်ပြီး “လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့် (မိသားစုအခွဲတစ်ခုကိုဝင်နိုင်ရုံ) ဖြစ်လာရုံနဲ့တင် ငါ့မိသားစုကို သူတို့ကာကွယ်ပေးလိမ့်မယ်။ ဒါက သူတို့ရဲ့ နယ်မြေတွေကို သီးသန့်ကာကွယ်ပေးတဲ့ ပုံစံမျိုးမဟုတ်ဘူး။ မင်းရဲ့ ရန်သူတွေကို ဖယ်ရှားဖို့ ထိပ်တန်းကျင့်ကြံသူတွေကို စေလွှတ်ပေးတဲ့အထိပဲ။ ဒါက အပြင်စည်းတပည့်ဖြစ်ရုံနဲ့တင်ရတဲ့ အကျိုးကျေးဇူးပဲ။ ဒါ့အပြင် မင်းရဲ့စွမ်းဆောင်ရည်က ထူးချွန်တယ်ဆိုရင် မင်းရဲ့ဂုဏ်သတင်းဟာ ချက်ချင်းမြင့်တက်လာလိမ့်မယ်” ဟု ထပ်ပြောသည်။

လုံချန်သည် ဤစကားများကို သူ၏စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ဤအချိန်တွင် သူ၏အားငယ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။ သူ့ထံတွင် နဂါးကျောက်စိမ်းဆွဲသီးနှင့် လျှို့ဝှက်ဆန်းကြယ်သော သွေးမျိုးဆက်ကို အမွေဆက်ခံထားသည်မဟုတ်ပါလား။ သူ့နှလုံးသားထဲမှာ ယုံကြည်မှုအပြည့် ပြန်ဖြစ်လာသည်။ “ငါ အမွေ​ဆက်ခံထားတဲ့ အဲဒီနတ်နဂါးသွေးစက် က တကယ်ပဲ ကမ္ဘာခေတ်ဦးသရဲအရိပ်သွေးနဂါးနဲ့ မျိုးဆက်ဖြစ်နေခဲ့မယ်ဆိုရင် ငါလုံချန်က ဘာကိုများ ကြောက်နေရမှာလဲ။ အဲဒါက ဒီလောကစကြာဝဠာရဲ့တည်ထောင်သူ ဘိုးဘေးနဂါး ၁၀ ပါးထဲက နံပါတ်တစ်ဘိုးဘေးရဲ့ သွေးစွမ်းအားပဲလေ……”

Translated By NyiNyiSoe

..(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

စာစဉ် ၄ (အပိုင်း 48- ခရမ်းရောင်မြူခိုးစိတ်ဝိညာဉ်သားရဲ)

“ညီငယ်လေးလုံချန်၊ ငါတို့က အိပ်မက်လင်​ဇီးရှိတဲ့နေရာကို အကြမ်းဖျင်းသိထားပေမယ့် ပျက်သုဉ်းခြင်းသားရဲဒေသက အကျယ်ကြီးပဲ။ ကောင်းကင်မီးလျှံတောင်တန်းကလည်း သေးသေးလေးတော့ မဟုတ်ဘူး။ ဒီနေရာမှာရှိနေရင်တောင် အိပ်မက်လင်ဇီးကို ရှာတွေ့ဖို့ မသေချာဘူး” ဖုန်းမင်ယန်က ရှေ့သို့လျှောက်ရင်း လုံချန်ကို ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်သည်။ ဤအချိန်တွင် လူသန်ကြီး ချန်ရှုံးကျိုး ကလည်း လှည့်ကြည့်ပြီး “ဒါပေမဲ့ ငါတို့နှစ်ယောက်စလုံး ကောင်းကင်မီးလျှံတောင်တန်းကို စုံစမ်းချင်တာဆိုတော့ လမ်းတစ်လျှောက်မှာ မင်းလိုချင်နေတဲ့ အိပ်မက်လင်ဇီးကို ရှာပေးနိုင်တယ်။ ဒီကောင်းကင်မီးလျှံတောင်တန်းမှာ အန္တရာယ်တွေ အများကြီးရှိတယ်။ မင်းတစ်ယောက်တည်း လျှောက်သွားတာက အရမ်းအန္တရာယ်များတယ်။ ငါတို့နောက်က လိုက်လာတာက ပိုကောင်းတယ်” ဟု ပြောသည်။

လုံချန်သည် အလျင်အမြန် ခေါင်းညိတ်ပြီး “အစ်ကိုကြီးတို့နှစ်ယောက်စလုံးက ထူးချွန်တဲ့အရည်အချင်းတွေ ရှိပါတယ်။ အစ်ကိုကြီးတို့နဲ့အတူ ကောင်းကင်မီးလျှံတောင်တန်းထဲကို ဝင်ရတာ ဒီညီငယ်လေးအတွက် တကယ့်ဂုဏ်ယူစရာပါ” ဟု ပြောလိုက်သည်။

အမှန်တကယ်တော့ လုံချန်သည် သူတို့နှစ်ယောက်၏ရည်ရွယ်ချက်ကို သိရှိထားသည်။ ၎င်းတို့သည် သူ့အပေါ် သတ်ဖြတ်ချင်စိတ်မရှိသော်လည်း တစ်ယောက်တည်းသွားလာရင်း အကျိုးအမြတ်များ ရသွားမည်ကို မလိုလားပေ။တစ်နည်းအားဖြင့်တော့ လုံချန်အား သူတို့အနားတွင် ထားထားပြီး အိပ်မက်လင်ဇီးရှာတွေ့ပြီးနောက် ထွက်သွားစေရန် လိုလားကြသည်။

“လုံချန်၊ ဒီလူနှစ်ယောက်က နင့်အပေါ်မှာ တော်တော်လေး ကောင်းကောင်းဆက်ဆံနေတာပဲပုံ” လင်းရှီက စိတ်လှုပ်ရှားစွာ ပြောသည်။ အမှန်တကယ်တော့ လုံချန်သည် သူမအတွက် အိပ်မက်လင်ဇီး ရှာဖွေပေးနေခြင်းဖြစ်သည်။

“မိုက်မဲတဲ့မိန်းမငယ်လေး၊ မင်းဘာသိမှာလဲ” လုံချန်က စိတ်ထဲတွင် ဆူပူလိုက်သည်။ ထို့နောက် သတ်လတ်ပိုင်းနှစ်ဦးနောက်မှ လိုက်သွားကာ ကောင်းကင်မီးလျှံတောင်တန်းဟု ထင်ရသည့် အရှိန်တငြီးငြီးပူလောင်နေသောမြေပြင်ပေါ်သို့ ခြေချလိုက်သည်။ကောင်းကင်မီးလျှံတောင်တန်းရှိ ကျောက်တုံးများနှင့် ရွှံ့များသည် အနက်ရောင်ဖြစ်နေပြီး သတ္တုကဲ့သို့ မာကျောပါသည်။ ဤသို့သောနေရာတွင် အိပ်မက်လင်ဇီး ပေါက်ရောက်နိုင်သည်လား။ လုံချန်သည် အလွန်ပင်အံ့အားသင့်သွားသည်။

ကောင်းကင်မီးလျှံတောင်တန်းသို့ မရောက်သေးသည့်တိုင်အောင် အဝေးကနေပင် အလွန်တရာပူပြင်းလှသော အပူရှိန်ကို ခံစားရသည်။ တောင်တန်းထဲသို့ ပထမဆုံးအကြိမ် ခြေချလိုက်သည့်အခါ ကျော်ကြားခြင်းမြို့၏ အပူဆုံးနွေရာသီနေ့ထက် ဆယ်ဆခန့် ပိုပူသည်ကို သတိပြုမိလေသည်။ သာမန်လူတစ်ဦးဆိုပါက ဤနေရာသို့ရောက်လာခဲ့လျှင် အချိန်ကြာရှည်ခံနိုင်မည်မဟုတ်ဘဲ သေဆုံးသွားမည်ဟု တွေးလိုက်သည်။

“ငါတို့ရဲ့မှတ်ဉာဏ်အရ အိပ်မက်လင်ဇီးက အဲဒီနေရာမှာ ရှိသင့်တယ်။ အရင်ဆုံး အဲဒီကို သွားကြည့်ကြစို့” ဟု ချန်ရှုံးကျိုးက ပြောသည်။ သုံးယောက်သား ကောင်းကင်မီးလျှံတောင်တန်းပေါ်တွင် သတိအပြည့်ဖြင့် လျှောက်လာကြသည်။ ချန်ရှုံးကျိုးနှင့် ဖုန်းမင်ယန်တို့သည် အိပ်မက်လင်ဇီးကို ရှာဖွေနေသော်လည်း ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ ကောင်းကင်မီးလျှံတောင်တန်းရှိ ထူးခြားဖြစ်စဉ်ကို စစ်ဆေးရန်ဖြစ်သည်။ ဤအချိန်တွင် ဖုန်းမင်ယန်သည် အနက်ရောင်ရွှံ့တစ်စုကို ကောက်ယူပြီး နှာခေါင်းနှင့် ရှူစုပ်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောသည် “ဒီရွှံ့ထဲမှာ တကယ်ပဲ မီးလောင်နံ့တစ်မျိုးပါတယ်။ ကောင်းကင်မီးလျှံတောင်တန်းကို ‘ကောင်းကင်မီးလျှံ’လို့ ထည့်ခေါ်ထားပေမယ့် တကယ်တော့ ဘာမီးမှမရှိဘူး။ ဒါဆိုရင် ဒီမီးလောင်ညှော်နံ့က ဘယ်လိုဖြစ်လာတာလဲ” သူပြောသည့်စကားကို ကြားလိုက်သည့်အခါ ချန်ရှုံးကျိုးလည်း အလွန်အံ့ဩသွားပုံရသည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံး ဤလျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ခဲ့သဖြင့် ရှေ့ဆက်လျှောက်သွားရုံသာ တတ်နိုင်သည်။ ၎င်းတို့အတွက် အနှောင့်အယှက်ဖြစ်နေသော လုံချန်၏ အိပ်မက်လင်ဇီးကိုသာ အရင်ဆုံးရှာ​ဖွေရန် ဆုံးဖြတ်လိုက်ကြသည်။

အလားတူပင်၊ လုံချန်လည်း အိပ်မက်လင်ဇီးကို အမြန်ရှာတွေ့ပြီး ကျော်ကြားခြင်းမြို့သို့ အလျင်အမြန်ပြန်လိုနေသည်။ သုံးယောက်သား နာရီပေါင်းများစွာ ဆက်လျှောက်လာရင်း လမ်းခရီးတွင် အဝါရောင်အဆင့် (ဟွမ်အဆင့်) ၇ နတ်ဆိုးသားရဲတစ်ကောင်နှင့် တိုးမိသော်လည်း ချန်ရှုံးကျိုးက အလွယ်တကူ ဖယ်ရှားလိုက်သည်။ လုံချန်သည် ၎င်း၏တိုက်ခိုက်ပုံကို မြင်လိုက်သည့်အခါ ပြင်ပကမ္ဘာမှ ကျင့်ကြံသူများ ရိုးရှင်းမနေကြောင်း ခံစားလိုက်ရသည်။ ချန်ရှုံးကျိုးအသုံးပြုသည့်နည်းလမ်းမှာ အလွန်အားကောင်းသော အဝါရောင်(ဟွမ်)အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ခဲ့သည်။

“အရင်တုန်းက ဒီနေရာမှာ အိပ်မက်လင်ဇီးတွေ အများကြီးတွေ့ဖူးတယ်။ ဒါကြောင့် ငါတို့လည်း ဒီနေရာမှာ ရှာကြည့်ရမယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မြင်နိုင်တဲ့အကွာအဝေးမှာ ရှိနေဖို့လည်း ကြိုးစားရမယ်။ အန္တရာယ်တစ်ခုခုရှိရင် တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်အောင်ပေါ့။ လုံချန်၊ မင်းက ငယ်သေးတယ်။ တိုက်ပွဲအတွေ့အကြုံလည်း မရှိသေးဘူး။ ပျက်သုဉ်းခြင်းသားရဲဒေသက အန္တရာယ်တွေကို မသိသေးတာဖြစ်နိုင်တယ်။ အန္တရာယ်တစ်ခုခုကြုံတာနဲ့ ငါတို့ကြားနိုင်အောင် လှမ်းသာခေါ်လိုက်” ဖုန်းမင်ယန်က လုံချန်အား ညီငယ်လေးသဖွယ် ထပ်မံညွှန်ကြားသည်။ ထို့နောက် ၎င်းတို့သည် နောက်ဆုံးတွင် ပတ်ဝန်းကျင်အား စတင်ရှာဖွေကြတော့သည်။ သို့သော် သူတို့နှစ်ယောက်စလုံး ကောင်းကင်မီးလျှံတောင်တန်း၏အနေအထားကို စစ်ဆေးနေသည်မှာ သိသာပါသည်။ အိပ်မက်လင်ဇီးသည် လုံချန်အတွက်သာ လိုအပ်သည်ဖြစ်ရာ ၎င်းတို့ကို အားကိုးရန် မစဉ်းစားထားပေ။

“မြန်မြန်လေး၊ မြန်မြန်ရှာပါ...၊ ငါ အိပ်မက်လင်ဇီးတွေ အများကြီးစားချင်တယ်” လင်းရှီက အလျင်စလို အော်ပြောနေသည်။ သို့သော် ၎င်းသည် ရှားပါးသော ဝိညာဉ်ဆေးပင်ရတနာဖြစ်ရာ ပုံမှန်အားဖြင့် အလွယ်တကူရှာတွေ့ရန်မဖြစ်နိုင်ပေ။ လူတိုင်းက လုံချန်ကဲ့သို့ တမင်ရှာဖွေနေခြင်းမျိုးလည်းမဟုတ်ပေ။ ဤနေရာတွင် အိပ်မက်လင်ဇီး ရှိသည်မှန်သော်လည်း ၎င်းကို ရှာတွေ့ရန်ကား အခွင့်အလမ်းမရှိသလောက်ပင်။ သုံးယောက်သား ဇွဲကောင်းကောင်းဖြင့် ဆက်လက်ရှာဖွေနေရာ အချိန် ၄ ရက်ခန့်ပင်ရှိနေပြီဖြစ်သည်။ ယခုအချိန်ထိတော့ ရှာမတွေ့သေးပေ။

ဤအချိန်တွင် လုံချန်သည် မျက်မှောင်ကြုတ်လျက် စိတ်ပူပန်လာတော့သည်။ ဤကိစ္စသည် အလွန်အရေးကြီးသည်ဖြစ်ရာ နောက်ထပ်တစ်ဝက်နေ့အတွင်း ရှာမတွေ့ခဲ့ပါက နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး အတွက် တိုက်ပွဲသို့ အလျင်အမြန်ပြန်ရမည်ဖြစ်သည်။ သူသည် ယန်အိမ်တော်၏ အဓိကထောက်တိုင်သဖွယ်ဖြစ်နေခဲ့သည်။ တိုက်ပွဲ၌ သူမပါခဲ့လျှင် ယန်အိမ်တော်အနေဖြင့် ကျိန်းသေဒုက္ခရောက်ပါလိမ့်မည်။ တစ်နည်းအားဖြင့်တော့ ယခုအချိန်တွင် လုံချန်သည် ယန်အိမ်တော်သို့ ပြန်ရောက်နေသင့်ပြီဖြစ်သည်။ လင်းရှီအတွက် အိပ်မက်လင်ဇီး ရှာရန် ထွက်လာခြင်းသည် အန္တရာယ်များသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ယခုအခါ အချိန် ၅ ရက်ခန့်ပင်ကြာသွားလေပြီ။ ကျော်ကြားခြင်းမြို့သို့ ပြန်ရန် အချိန်တစ်ရက်သာကျန်တော့၏။ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ရင့်မှည့်ချိန်နီးကပ်လာတော့မည်မဟုတ်ပါလား။

ဤအခိုက်အတန့်တွင် လင်းရှီသည် လုံချန်ကို အားပေးလိုက်သည်။ “ချန်အာ၊ ခဏထားလိုက်ဦး။တကယ်တော့ ငါ သေရမှာကို မကြောက်ဘူး။ ဘာပဲဖြစ်ဖြစ် အခုလောက်ထိ အသက်ရှင်နေရတာ လုံလောက်ပြီလေ။ ဒီလောက်ကြာအောင် အသက်ရှင်နိုင်ခဲ့တာ ငါအရမ်းပျော်တယ်”

လုံချန်သည် စကားပြန်မပြောဘဲ ကောင်းကင်မီးလျှံတောင်တန်းတစ်လျှောက် ဆက်လက်ရှာဖွေနေသည်။ လင်းရှီ၏ စိတ်အာရုံအသိဟာ အာရုံခံနိုင်စွမ်းမြင့်မားသည်ဖြစ်ရာ အိပ်မက်လင်ဇီး ရှိနေပါက သေချာပေါက် ရှာတွေ့ပါလိမ့်မည်။

အခြားတစ်ဖက်တွင်မူ သက်လတ်ပိုင်းလူနှစ်ဦးဟာ ၎င်းတို့နီင့်ဘယ်ဖက်အနည်းငယ်ဝေးသော နေရာရှိ လူငယ်တစ်ဦးကို လှမ်းကြည့်လိုက်ကြသည်။ ချန်ရှုံးကျိုးနှင့် ဖုန်းမင်ယန်တို့ပင်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ဖုန်းမင်ယန်က ပြောသည် “အချိန်တော်တော်ကြာသွားပြီ။ အိပ်မက်လင်ဇီးတစ်ပင်တွေ့တာနဲ့ သူ့ကို ထွက်သွားခိုင်းလိုက်ရုံပဲလို့ ထင်ထားခဲ့တာ။ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး……”

ချန်ရှုံးကျိုးသည် အပူချိန်တဖြည်းဖြည်းမြင့်တက်လာသည့် မြေပြင်ကို ကြည့်ပြီး “ဒီရက်ပိုင်းထဲမှာ ကောင်းကင်မီးလျှံတောင်တန်းရဲ့ အပူချိန်က တစ်စတစ်စ မြင့်တက်လာနေတယ်။ တစ်ခုခုက နီးကပ်လာနေတယ်လို့ ငါခံစားရတယ်။ ရတနာတစ်ခုခု ပေါ်ထွက်လာတာဖြစ်နိုင်တယ်။ ဒါပေမဲ့ လုံချန်က ဒီမှာရှိနေသေးတော့ မမျှော်လင့်ထားတဲ့အရာ တစ်ခုခုဖြစ်လာမှာ ငါစိုးရိမ်မိတယ်” ဟု ပြောသည်။

နှစ်ယောက်စလုံး၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်များထွက်ပေါ်လာသည်။ ဖုန်းမင်ယန်က သက်ပြင်းချရင်း မေးလိုက်သည် “သူ့ကို ချက်ချင်းဖယ်ရှားလိုက်ရင်ရော။ ဒါဆိုရင် ငါတို့စိတ်အေးရမယ်။ လုံချန်ကိုကြည့်ရတာ တစ်ခုခုထူးဆန်းနေသလိုခံစားမိတယ်။ သူ့မှာ ငါတို့မသိနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခုများရှိနေလောက်မလား”

ချန်ရှုံးကျိုးသည် လုံချန်၏ပုံရိပ်ကို ကြည့်ရင်း သူ၏မျက်လုံးများသည် တဖြည်းဖြည်း ရက်စက်ကြမ်းကြုတ်လာသည်။ နောက်ဆုံးတွင် သူသည် ခေါင်းညိတ်ပြီး “မင်းလုပ်မှာလား၊ ငါလုပ်ရမှာလား” ဟု မေးလိုက်သည်။

ဖုန်းမင်ယန်သည် သူကိုယ်တိုင်လှုပ်ရှားမည်ဟု ပြောခါနီးတွင် အဝေးရာတစ်နေရာမှ ခရမ်းရောင်အလင်းတန်းအနည်းငယ် လက်ခနဲဖြတ်သွားသည်ကို မြင်လိုက်ရသည်။ သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ခေါင်းခါပြသည် “ထားလိုက်ပါ၊ အိပ်မက်လင်ဇီးကို ငါတွေ့လိုက်ပြီ။ သူ့ကို ထွက်သွားခိုင်းလိုက်တာက အကောင်းဆုံးပဲ”

နှစ်ယောက်စလုံး ခရမ်းရောင်အလင်းတန်းထွက်ပေါ်လာရာဆီသို့ အလျင်အမြန်ထွက်သွားကြတော့သည်။ ထင်ထားသည့်အတိုင်း ဧရာမကျောက်တုံးကြီးတစ်ခု၏ အက်ကွဲကြောင်းကြား၌ အိပ်မက်လင်ဇီးတစ်ပင်ကို တွေ့ရှိလိုက်သည်။

“လုံချန်၊ အိုး.. လုံချန်၊ ဒီအိပ်မက်လင်ဇီးတစ်ပင်က မင်းအသက်ကို ကယ်တင်လိုက်တာပဲ” ဟု ချန်ရှုံးကျိုးက တွေးလိုက်သည်။

လုံချန်တစ်ယောက်တည်း နေရာအနှံ့ရှာဖွေနေစဉ် လင်းရှီသည် ရုတ်တရက် အိပ်မက်လင်ဇီး၏ရနံ့ကို ရလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် သူမညွှန်ပြသည့်ဦးတည်ရာသို့ အလျင်အမြန်ပြေးထွက်သွားသည်။ သို့သော် သူရောက်သွားသည့်အခါ သက်လတ်ပိုင်းနှစ်ဦးဟာ အိပ်မက်လင်ဇီးတစ်ပင်ကို ကိုင်ထားပြီး ပြုံးရင်း လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ဖုန်းမင်ယန်က မျက်နှာပေါ်တွင် အပြုံးဖြင့် “ညီငယ်လေးလုံချန်၊ နောက်ဆုံးတော့ အိပ်မက်လင်ဇီးတစ်ပင်တွေ့ပြီ။ မင်းဒါကို အရမ်းလိုအပ်နေတာဆိုတော့ မင်းရဲ့အစ်ကိုကြီးက ဒါကို ပေးလိုက်မယ်။ နောင်တစ်ချိန်မှာ ယွမ်လင်းမြို့တော်ကို ရောက်ခဲ့ရင် ငါ့ကိုလာရှာလှည့်ပါဦး” ဟု ပြောသည်။

လုံချန်သည် အိပ်မက်လင်ဇီးကို လှမ်းယူလိုက်ပြီး ၎င်းတို့ကို သိပ်မနှစ်သက်သော်လည်း ကျေးဇူးတင်စကားဆိုလိုက်သည်။ သူက “အစ်ကိုကြီးဖုန်းနဲ့ အစ်ကိုကြီးချန်ကို ကျေးဇူးတင်ပါတယ်။ ဒီလုံချန်က ဒီကျေးဇူးကို တစ်နေ့နေ့မှာ သေချာပေါက်ပြန်ဆပ်ပါ့မယ်”

ချန်ရှုံးကျိုးက လက်ဝှေ့ယမ်းပြီး “ဒါမလိုပါဘူး။ ဒါပေမဲ့ လုံချန်၊ ကောင်းကင်မီးလျှံတောင်တန်းထဲကနေ ပြန်ထွက်တဲ့လမ်းကို မင်းသိလား” ဟု မေးသည်။ဤစကားသည် လုံချန်ကို ထွက်သွားစေရန် ရည်ရွယ်ပြောဆိုခြင်းဖြစ်သည်။ လုံချန်လည်း သဘာဝအတိုင်း နားလည်သည်။ သူသည် အိပ်မက်လင်ဇီးပင်များများ ထပ်ရှာချင်သေးသည်။ သို့သော်လည်း ချန်ရှုံးကျိုးနှင့် ဖုန်းမင်ယန်တို့သည် ၎င်းကို ခွင့်ပြုမည်ဟုမထင်ပေ။ အလိုက်တိသိဖြင့်သာ ပြန်ပြောခဲ့သည် “ငါသိပါတယ်။ အိမ်မှာ အရေးကြီးကိစ္စတစ်ခုရှိလို့ အိပ်မက်လင်ဇီးရပြီးတာနဲ့ အမြန်ပြန်ရမယ်။ အစ်ကိုကြီးတို့၊ ကံကြမ္မာအရ ထပ်ဆုံရမယ်ဆိုရင် နောက်မှတွေ့ကြမယ်နော်”

ထိုသို့ပြောပြီး အိပ်မက်လင်ဇီးကို သိမ်းဆည်းကာ ဖုန်းမင်ယန်နှင့် ချန်ရှုံးကျိုးတို့အား နှုတ်ဆက်လိုက်သည်။

လမ်းတွင် လုံချန်သည် အိပ်မက်လင်ဇီးကို ထုတ်ယူကာ လင်းရှီထံ ပေးလိုက်သည်။ လင်းရှီသည် အချိန်မဆိုင်းဘဲ ချက်ချင်းဝါးမျိုလိုက်​၏။ လင်းရှီသည် နတ်ဓားထဲမှ ထွက်လာပြီး မကျေနပ်သည့်ပုံစံဖြင့် လုံချန်ကို သနားစဖွယ်ကြည့်ကာ တိုးတိုးလေးပြောသည်။ “ငါ…… နောက်ထပ်လိုချင်သေးတယ်” ဟု ပြောသည်။ စကားပြောပြီးမှ သူမပြောလိုက်သည့်စကားများကို ပြန်တွေးမိလိုက်ရာ လင်းရှီ၏မျက်နှာသေးသေးလေးက နီရဲလာသလိုပင်။

“နောက်ထပ် တစ်ဝက်နေ့လောက် ထပ်ရှာကြည့်မယ်။ မတွေ့ရင်တော့ အိမ်ပြန်ရမယ်” လုံချန်က ပြန်ပြောသည်။

“ကောင်းပြီ၊ ဒါအဆင်ပြေတယ်” လင်းရှီက ဝမ်းသာအားရပြောလေသည်။

လုံချန်သည် ချန်ရှုံးကျိုးနှင့် ဖုန်းမင်ယန်တို့နှင့် ထပ်မံမဆုံတွေ့ရန် အခြားလမ်းကြောင်းကနေ ဦးတည်သွားသည်။ ဤအချိန်တွင်မူ သူ၏ခြေထောက်အောက်မှာ တစ်ခုခုကို သတိပြုမိသည်။

“ဒီဦးတည်ရာကို ဆက်သွားလေလေ ရွှံ့တွေရဲ့ အပူချိန်က ပိုမြင့်လာလေပဲ……” ဟု လုံချန်က တွေးလိုက်သည်။ လုံချန်သည် အခြားဘာကိုမှ မစဉ်းစားနိုင်ဘဲ အိပ်မက်လင်ဇီးအကြောင်းသာ အာရုံရောက်နေသည်။

ရုတ်တရက်ဆိုသလိုပဲ လင်းရှီက အလျင်အမြန်တားလိုက်သည်။ “ဟေး... ချန်အာ၊ ခဏလေး စောင့်ဦး……”

လင်းရှီသည် လုံချန်၏မျက်နှာရှေ့တွင် ရပ်တန့်ပြီး တိုးတိုးလေးပြောသည် “အဲဒီမှာ တစ်ခုခုရှိတယ်။ ငါညွှန်ပြတဲ့အတိုင်း သတိထားပြီး သွားကြည့်ရအောင်” ဟု ထပ်ပြောလိုက်သည်။ ပုံမှန်အားဖြင့် လင်းရှီ အာရုံခံမိသည့်အရာများသည် များသောအားဖြင့် ကောင်းမွန်သောရတနာပစ္စည်းများသာဖြစ်သည်။ ဥပမာအားဖြင့် ယခင်က လုံချန်အား အကူအညီကြီးကြီးမားမားပေးခဲ့သည့် သွေးမျိုးဆက်နွယ်ပင် ဖြစ်၏။

လုံချန်သည် အသက်ပြင်းပြင်းရှူပြီး လင်းရှီညွှန်ပြသည့်ဦးတည်ရာသို့ ဆက်လျှောက်သွားသည်။ လင်းရှီသည် နတ်ဓားထဲသို့ ပြန်ဝင်သွားပါပြီ။ ဤအချိန်တွင် ပေါ့ပါးပြီး စိတ်လှုပ်ရှားသည့်အသံတစ်ခု ထွက်ပေါ်လာသည်။ “ဒါက ခရမ်းရောင်မြူခိုးစိတ်ဝိညာဉ်သားရဲလို့ ထင်တယ်။ ဒါက အဝါရောင်(ဟွမ်)အဆင့် ၁ ပဲရှိသေးတဲ့ နတ်ဆိုးသားရဲလေးတစ်ကောင်ပဲ။ ဒါပေမဲ့ ဒီသတ္တဝါရဲ့စိတ်ဝိညာဉ်စွမ်းအားက အဝါရောင်(ဟွမ်)အဆင့်သားရဲတွေထဲမှာ ဝိညာဉ်စွမ်းအား အပြင်းထန်ဆုံးပဲ။ ဒီလောက်ကြီးမားတဲ့ ဝိညာဉ်စွမ်းအားရှိတယ်ဆိုရင် များသောအားဖြင့် ဝိညာဉ်ဆေးပင်တွေလည်း ရှိနေတတ်တယ်​” ဟု လင်းရှီးက ထပ်ပြောသည်။

“ဒါဆိုရင် ဒီခရမ်းရောင်မြူခိုးစိတ်ဝိညာဉ်သားရဲက ငါတို့ကို ဝိညာဉ်ဆေးပင်တွေ ပိုများတဲ့နေရာကို လမ်းပြပေးနိုင်တာပေါ့။ ဟုတ်လား...” လုံချန်က ပြန်မေးသည်။

လင်းရှီး၏ညွှန်ကြားချက်အတိုင်း ဆက်သွားလိုက်ရာ လုံချန်သည် မကြာခင်မှာပင် ခရမ်းရောင်မြူခိုးဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်အပြည့်အစုံကို တွေ့မြင်လိုက်ရသည်။ ၎င်းသည် ကြောင်ပေါက်လေးတစ်ကောင်လောက်အရွယ်သာရှိသော ခရမ်းရောင်ကြွက်မျိုးစိတ်တစ်ခုဖြစ်ခဲ့သည်။ ၎င်း၏ကိုယ်သေးသေးလေးကနေ မြူခိုးရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်။ တစ်နည်းအားဖြင့် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို မြူခိုးတစ်ထပ်ဖုံးလွှမ်းထားသည့်အလား ဖြစ်နေသည်။ ဤအလင်းရောင်သည် ၎င်း၏ပုံပန်းသွင်ပြင်ကို သဲကွဲစွာ မမြင်ရအောင် တားဆီးထားပုံပါ။ သို့သော် မှိန်ဖျော့ဖျော့ခရမ်းရောင်မျက်လုံးတစ်စုံသည် လှည့်ပတ်နေပြီး အလွန်ချစ်စရာကောင်းနေလေသည်။

“သူ့ကို လန့်အောင် ခြောက်လှန့်ပြီး အိမ်ပြန်ပြေးသွားအောင် လုပ်လိုက်။ ပြီးရင် နောက်ခပ်ဝေးဝေးကနေ လိုက်သွား” လင်းရှီက ညွှန်ကြားသည်။

ဤနည်းဖြင့် ဝိညာဉ်ဆေးပင်များစွာ၏ တည်နေရာကို ရှာတွေ့နိုင်ပါလိမ့်မည်။ လင်းရှီသည် ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်သော်လည်း သူမ၏အကြံဉာဏ်တိုင်းကား ထက်မြက်လှသည်။

လုံချန်သည် ရှေ့နည်းနည်းထပ်ပြီးတိုးကပ်လိုက်သည့်အခါ ခရမ်းရောင်မြူခိုးဝိညာဉ်သားရဲသည် နောက်ဆုံးတွင် သတိပြုမိသွားတော့သည်။ လုံချန်၏ပုံပန်းသွင်ပြင်ကို မြင်လိုက်သည့်အခါ ၎င်းသည် စူးရှသောအော်သံတစ်သံ ထုတ်လွှတ်လိုက်သည်။ ၎င်းကို ဖုံးလွှမ်းထားသည့် ခရမ်းရောင်မြူခိုးများသည် ရုတ်တရက်ပေါက်ကွဲထွက်သွားသည်။ တစ်ချိန်တည်းတွင် အလွန် အံ့အားသင့်စရာကောင်းသောမြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။ သားရဲအကောင်သေးသေးလေးသည် ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များထွက်ပေါ်လျက် သွေးလဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

Translated By NyiNyiSoe

All Chapters