အခန်း (၇၃-၇၄)
Vol. 6 Ch. 73-74
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၆)
အပိုင်း ၇၃ - ကတ်နိုလာမြက်
လင်းဝူမိသားစု၏ အပြင်စည်းဂိုဏ်း (၉) ခု ထဲမှ တစ်ခုဖြစ်သော အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ၏ မြို့ပြင်ရှိ အစိမ်းရောင်နေမင်းဌာနခွဲ စုရပ်၌ စမ်းသပ်ခြင်းတောင်ကုန်းတစ်ခု ရှိနေခဲ့သည်။
စမ်းသပ်ခြင်းတောင်ကုန်း၏ ဘေးနှစ်ဖက်တွင် သံမဏိတံခါးများစွာ ရှိနေ၏။ ထိုသံမဏိတံခါးများ၏ အပြင်ဖက်တွင်မူ ကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခု ရှိခဲ့သည်။ ဤအချိန်တွင် လူအချို့သည် တန်းစီထိုင်နေကြပြီး စမ်းသပ်ခြင်းတောင်ကုန်းကို အေးစက်စွာ ကြည့်နေကြသည်။
စမ်းသပ်ခြင်းတောင်ကုန်း၏ ဤဖက်ခြမ်း၌ အစပိုင်းတွင် မည်သည့် လှုပ်ရှားသံမျှ မရှိသော်လည်း နာရီဝက်ခန့်အကြာတွင်မူ သံမဏိတံခါးများမှာ တဖြည်းဖြည်း ပွင့်လာခဲ့သည်။ လိုဏ်ဂူအတွင်းမှ ထွက်လာသူတိုင်း၏ အဝတ်အစားများဟာ ဖရိုဖရဲ ဖြစ်နေကြသည်။ အချို့မှာ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဒဏ်ရာများပင် ရရှိထားကြသည်။ ၎င်းတို့သည် အပြင်ဖက်မှ နေရောင်ခြည်ကို မြင်လိုက်ရသည့်အခါ ဒဏ်ရာ မည်မျှ ပြင်းထန်သည်ဖြစ်စေ လူတိုင်း စိတ်လှုပ်ရှားနေကြသည်။
ဤအချိန်တွင် ဟွမ်ဖေးယန်သည် လူ (၁၀) ယောက်ကျော်ခန့် အရင်ဦးဆုံးထွက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ဘေးနားမှ လူငယ်တစ်ဦးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့သူတွေကို ကတ်နိုလာမြက် သွားပေးလိုက်။ ပြီးတော့ သူတို့ကို ပြန်ပြီးနာလန်ထူလာအောင် လုပ်ပေးလိုက်ဦး...”
ထိုလူငယ်သည် ချက်ချင်းပင် သဘောတူလိုက်ပြီး ချက်ချင်းသူ လုပ်ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
ထိုအခါမှသာ ဟွမ်ဖေးယန်သည် အခြားတစ်ဖက်တွင် ထိုင်နေသော လူငယ်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။
“အစ်ကိုဝမ်! အချိန်တစ်ဝက်တောင် ကုန်သွားပြီပဲ။ ဒီတစ်ခါ ပါဝင်တဲ့သူတွေက မဆိုးလှဘူးနော်။ အယောက် ၂၀ လောက်တောင် ထွက်လာနိုင်တာပဲ။ နောက်ဆုတ်သွားတဲ့သူက ၁၀ ယောက်ကျော် ရှိတယ်ဆိုတော့... အထဲမှာ သေတာက ၁၀ ယောက် ကျော်လောက်ပဲ ရှိမှာပေါ့...”
အစ်ကိုဝမ် ဆိုသူသည် အပြင်သို့ ထွက်လာပြီးသူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အချိန်သိပ်မကျန်တော့ဘူး။ အချိန်ပြည့်တာနဲ့ အဲ့ဒီသံမဏိတံခါးတွေကို ချက်ချင်း ပိတ်လိုက်တော့။ အဲ့ဒီအချိန်ကျရင် မသေသေးတဲ့သူတွေလည်း သေရုံပဲ ရှိတော့တာပေါ့။ လင်းဝူမိသားစုထဲကို ဝင်ဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ကူဘူးလေ...”
“အိုး... ဒါနဲ့ အစ်ကိုဟွမ်! မင်းရဲ့ ညီလေးက တော်တော်လေး အရည်အချင်းရှိတာပဲ။ ဒဏ်ရာလည်း မရထားသလို သူ ရထားတဲ့ ရလာဒ်တွေကလည်း အကောင်းဆုံးတွေထဲမှာ ပါမှာ သေချာတယ်။ တခြားသူတွေကတော့ အနည်းနဲ့အများ ဒဏ်ရာတွေ ရကုန်ကြပြီ...”
ဟွမ်ရှန်းအကြောင်း ပြောသည့်အခါ ဟွမ်ဖေးယန် သည် ရှားရှားပါးပါး ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည် “ငယ်ငယ်ကတည်းက ငါ့ညီရဲ့ စရိုက်က ငါနဲ့ ဆင်တူတာပဲလေ။ သူက ဇွဲရှိပြီး အလုပ်ကြိုးစားတယ်။ နောင်ကျရင် သူ ရလာမယ့် အောင်မြင်မှုတွေက ငါနဲ့ တန်းတူလောက် ဖြစ်မှာပါ...”
အစ်ကိုဝမ် သည် ခေါင်းညိတ်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“အချိန်စေ့တော့မယ်။ အခု သံမဏိတံခါးတွေကို ပိတ်ပြီးတော့ သံမဏိနှလုံးသားတွေကို ရေတွက်လို့ ရမလား...”
ဟွမ်ဖေးယန်သည် သူ၏ ညီဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဤအချိန်တွင် ဟွမ်ရှန်းသည် သူ၏အစ်ကိုကြီးဖြစ်သူ ဖက်သို့ လှည့်ကြည့်ကာ ယုံကြည်မှုရှိသော မျက်နှာထား ပြလိုက်သဖြင့် ဟွမ်ဖေးယန် က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ဟွမ်ရှန်းသည် စမ်းသပ်ပွဲအောင်မြင်သော လူ ၂၀ ကို တစ်ဦးချင်းစီ လိုက်ကြည့်နေသည်။ လုံချန်၏ ပုံရိပ်ကို ရှာမတွေ့သည့်အခါ သူသည် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
“ယွမ်ယန်မြို့တော်မှာတုန်းက သူ့ရဲ့ ခန္ဓာကိုယ် ခွန်အားက တော်တော်ကောင်းတာပဲ။ ငါ့ရဲ့ ယင်ယန်အလင်းစက်ဝိုင်း ကိုတောင် ခုခံနိုင်သေးတာလေ။ ဒါကို ပထမစမ်းသပ်ပွဲမှာတင် သူ သေသွားလိမ့်မယ်ဆိုတာ အဓိပ္ပာယ်တော့ မရှိဘူး...”
ဤအချိန်တွင် အစ်ကိုဝမ်၏အမိန့်အတိုင်း စမ်းသပ်ခြင်းတောင်ကုန်း၏ သံမဏိတံခါးများကို စတင် ပိတ်နေကြပြီ ဖြစ်သည်။ ဟွမ်ရှန်းသည် မချိပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဟွမ်ရှန်း... ဟွမ်ရှန်း... မင်း တခြားသူတွေကို အထင်ကြီးလွန်းခဲ့တာပဲ။ မင်းရဲ့ ပြိုင်ဖက်တွေက အတွင်းစည်းဂိုဏ်း ၄ ခုက ပါရမီရှင်တွေပဲ ရှိတာလေ။ နေရာငယ်လေးက လာတဲ့ လူနုံလေးတစ်ယောက်ကတော့ မင်း အာရုံစိုက်နေဖို့တောင် မထိုက်တန်ပါဘူး...”
ထို့နောက် ဟွမ်ရှန်းသည် သူ၏ အကြည့်ကို လွှဲလိုက်ပြီး လင်းဝူမိသားစုမှ အစွမ်းထက်ပညာရှင်များကိုသာ ဆက်ကြည့်နေတော့သည်။ သူသည် လုံချန်အကြောင်းကို ဆက်၍ မစဉ်းစားတော့ပေ။
သူ့စိတ်ထဲ၌ လုံချန် သည် စမ်းသပ်တောင်ကုန်းထဲတွင် သေဆုံးသွားခြင်းမှာ ပုံမှန်သာ ဖြစ်သည်ဟု ယူဆလိုက်ပုံရသည်။
ဤအချိန်တွင် လျူဖုန်းသည် သူ၏ နောက်ကျောအပါအဝင် နေရာအနှံ့ကို ဝေ့ဝဲကြည့်နေသည်။ လုံချန် ပေါ်မလာသေးသည်ကို မြင်ရသည့်အခါ သူသည် ချက်ချင်းပင် ရယ်မောကာ ကဲ့ရဲ့လိုက်သည်။
“မင်းသာ အစကတည်းက နားလည်ပြီးတော့ နောက်ဆုတ်သွားရင် အဆင်ပြေမှာပါ။ အခု အဲ့ဒီနေရာမှာ သေသွားပြီဆိုတော့ အစ်ကိုကြီးရဲ့ စကားကို နားမထောင်ခဲ့တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ရမှာပေါ့။ တခြားသူကိုလည်း အပြစ်တင်လို့ မရဘူးလေ။ မင်းရဲ့ စိတ်ဓာတ်ကိုက အထဲမှာ သေမယ့်ပုံစံမျိုး ဖြစ်နေတာကို ငါ အစကတည်းက သတိထားမိပြီးသားပါ..”
ထိုစကားများရေရွတ်ပြီးနောက် သူ ရရှိထားသော သံမဏိနှလုံးသားများအကြောင်း စဉ်းစားမိသည့်အခါ လျူဖုန်း၏စိတ်ထဲ အတော်လေး ကျေနပ်သွားသည်။
“ငါ့မှာ သံမဏိနှလုံးသား ၂၃ ခု ရှိတာဆိုတော့... ထိပ်သီး ၁၀ ယောက်ထဲမှာ ပါဖို့ လုံလောက်မှာပါ ... ဟုတ်တယ်မဟုတ်လား...”
လိုဏ်ဂူအတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော သံမဏိရုပ်သေးများအကြောင်း စဉ်းစားမိသည့်အခါ လျူဖုန်း သည် မသိစိတ်ထဲမှာ တုန်လှုပ်မိသွားသည်။ သူသာ အသေအချာ ကြိုတင်မပြင်ဆင်ထားခဲ့လျှင် တစ်ခါတည်း သေဆုံးသွားနိုင်သည်ဟုတ်ပါလား။
“ငါ့ရဲ့ ချီစွမ်းအင် တစ်ဝက်ကျော်တောင် ကုန်သွားပြီ။ ဒုတိယအဆင့် စမ်းသပ်ပွဲမှာတော့ ငါ့အတွက် မလွယ်လောက်တော့ဘူး...”
လျူဖုန်း သည် ပတ်ဝန်းကျင်ရှိ အခြားလူများကို အကဲခတ်ကြည့်လိုက်ရာ လူတိုင်း သူ့လိုပင် ပင်ပန်းနွမ်းနယ်နေကြသည်ကို တွေ့လိုက်ရသည်။ သူသည် ချက်ချင်းပင် စိတ်အေးသွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီလူတွေနဲ့ ငါက အခြေအနေချင်း တူတူပါပဲ။ ငါ့မှာ အခွင့်အရေး ရှိပါသေးတယ်...”
ဤအချိန်တွင် သံမဏိတံခါးများ အားလုံးကို ပိတ်လိုက်ပြီ ဖြစ်သဖြင့် ဟွမ်ဖေးယန်သည် မတ်တပ်ထရပ်ကာ ပထမစမ်းသပ်ပွဲ ပြီးဆုံးကြောင်း ကြေညာရန် ပြင်လိုက်သည်။ ထိုစဉ်မှာပင် ပိတ်ခါနီး ဖြစ်နေသော သံမဏိတံခါးတစ်ခုမှာ “ဘုန်း” ခနဲ မြည်သံနှင့်အတူ ပွင့်ထွက်သွားခဲ့သည်။ တံခါးပိတ်ရန် ပြင်နေသော တပည့်များမှာ နောက်သို့ ခြေလှမ်းပေါင်းများစွာ လွင့်စင်သွားကြပြီး စိတ်ပျက်သော မျက်နှာထားဖြင့် အထဲသို့ လှမ်းကြည့်လိုက်ကြသည်။ နောက်ဆုံး အချိန်ကျမှ လူတစ်ယောက် ထွက်လာလိမ့်မည်ဟု ၎င်းတို့လည်း မမျှော်လင့်ထားခဲ့ကြပေ။
ထိုသို့ ရဲရဲတင်းတင်း ထွက်လာသူကြောင့် လူတိုင်း၏ အကြည့်သည် တံခါးဝဆီသို့ ရောက်ရှိသွားကြသည်။
ဤအချိန်တွင် အမှောင်အတိကျနေသော လိုဏ်ဂူအတွင်းမှ ပုံရိပ်တစ်ခုမှာ တဖြည်းဖြည်း ပို၍ ထင်ရှားလာခဲ့သည်။ လိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာသူမှာ မမျှော်လင့်ထားသော မျက်နှာစိမ်းလူငယ်တစ်ဦး ဖြစ်နေသည်ကို မြင်ရသည့်အခါ လူတိုင်း ကြောင်အမ်းသွားကြသည်။
သို့သော် ဟွမ်ရှန်းနှင့် လျူဖုန်းတို့အတွက်မူ ၎င်းတို့မှာ လုံးဝကို အံ့အားသင့်သွားကြရသည်။
လျူဖုန်း သည် စကားပင် မပြောနိုင်ဘဲ ဖြစ်နေခဲ့သည်။ သူ၏ခေါင်းကို အကြိမ်ကြိမ်ခါယမ်းနေပြီးမှ အမှန်တရားကို လက်ခံလိုက်နိုင်သည်။
“သူ တကယ်ပဲ ကံကောင်းပြီးတော့ နောက်ဆုံးအချိန်မှာ လွတ်လာတာလား။ ဒါပေမဲ့ သူ့ရဲ့ ခွန်အားနဲ့ဆိုရင်တော့ သံမဏိနှလုံးသားတွေ အများကြီး ရမှာ မဟုတ်ဘူး။ ဒါကြောင့် သူ ထွက်လာနိုင်တာက ဘာမှ မထူးခြားသွားဘူး...”
အစပိုင်းတွင် ထိုသို့ တွေးတောနေခဲ့သော်လည်း လုံချန်၏ခန္ဓာကိုယ်ပေါ်မှာ ထိခိုက်ဒဏ်ရာ မရှိဘဲ ဖြစ်နေသည်ကို တွေ့လိုက်သည့်အခါမှာတော့ ဘာပြောရမှန်းပင် မသိတော့ပေ။ ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“သူ ရောက်သွားတဲ့ လိုဏ်ဂူထဲမှာ သံမဏိရုပ်သေးတွေ အများကြီး မရှိလို့လား မသိဘူး...”
ဟွမ်ရှန်း ကတော့ လုံချန် ထွက်လာနိုင်သည်ကို မြင်သောအခါ သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် တွေးလိုက်သည် “ငါ့ရဲ့ တိုက်ကွက်ကို ခုခံနိုင်တဲ့သူဆိုမှတော့ သူ့မှာ ပါရမီ တစ်ခုခုတော့ ရှိမှာပေါ့။ မင်း အထဲမှာ မသေသွားတာက ကောင်းပါတယ်။ ခဏနေရင်တော့ သေခြင်းတရားက ဘာလဲဆိုတာ မင်း သိရမှာပါ။ မင်းလက်ထဲမှာရှိတဲ့ သံမဏိနှလုံးသားတွေက မင်းကို ထိပ်သီး ၁၀ ယောက်စာရင်းထဲ ပို့ပေးနိုင်ပါစေလို့ပဲ ငါ မျှော်လင့်ပါတယ်...”
လုံချန်သည် အပြင်သို့ ထွက်လာသည်နှင့် စုဝေးနေသော လူအများကြီးကို မြင်လိုက်ရသည်။ သူ့စိတ်ထဲမှာ အံ့အားသင့်သွားပြီးနောက် လူအုပ်ကြီးထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်ရင်း တွေးလိုက်သည်။
“တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ တကယ်တော့ ငါက တိုက်ခိုက်တာကို အာရုံစိုက်လွန်းလို့... ။ နည်းနည်းလေးသာ နောက်ကျသွားရင်တော့ သေဖို့ပဲ ရှိတော့တယ်...”
ထို့နောက် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဟွမ်ရှန်း၏ အကြည့်ကို လှောင်ပြုံး ပြုံးပြလိုက်သည်။
လုံချန်၏မျက်နှာပေါ်မှ အပြုံးတစ်စကို မြင်သည့်အခါ ဟွမ်ရှန်းက အထင်သေးစွာဖြင့် တွေးလိုက်သည်။
“ငါ မင်းရဲ့မြင်းကို သတ်လိုက်လို့လား။ ဒါက ဒေါသထွက်နေရမယ့် အရာလား။ ငါ မင်းကို သတ်လိုက်တဲ့ အခါကျရင်တော့ အရင်က ကိစ္စတွေက ဘာမှ မဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်...”
လုံချန်သည် လူအုပ်ကြီးထဲသို့ ရောက်သွားသည့်အခါ လူတိုင်းက သူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြသည်။ သို့သော်လည်း မည်သူမျှ သူ့အပေါ် စိတ်ဝင်စားမှု မရှိကြပေ။ ဤအချိန်တွင် လျူဖုန်းသည် လုံချန်ထံသို့ ပြေးလာပြီး သူ၏ ပခုံးကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်သည်။
“တော်တယ်ကွာ...။ တကယ်တော့ မင်းက ငါ ထင်ထားတာထက် ပိုတော်တာပဲ။ အသက်ရှင်လျက် ထွက်လာနိုင်တာက မဆိုးပါဘူး။ မင်း သံမဏိနှလုံးသား ဘယ်နှခု ရခဲ့လဲ...”
လုံချန် သည် ထိုလူငယ်ကို ကြည့်ပြီး မချိပြုံးပြုံးကာ ခေါင်းခါရုံသာ တုံ့ပြန်လိုက်သည်။
လျူဖုန်းသည် ထိုအဖြေကို မျှော်လင့်ထားသည့်အလား ဝမ်းသာအားရ ပြောလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး။ မင်း သံမဏိနှလုံးသား တစ်ခုမှ မရခဲ့ရင်တောင်မှ အဆင်ပြေပါတယ်။ အနည်းဆုံးတော့ မင်း ဒဏ်ရာ မရခဲ့ဘူးလေ။ နောက်တစ်ကြိမ် ယွမ်ဝူမြို့တော် ရဲ့ ရွေးချယ်ပွဲမှာ မင်း အခွင့်အရေး ရှိပါသေးတယ်...”
လျူဖုန်းက တစ်တွတ်တွတ် ပြောနေစဉ်မှာပင် ဟွမ်ရှန်းနှင့် လုံချန်တို့ဟာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ ဟွမ်ဖေးယန်က ၎င်းကို တွေ့ရှိသွားခဲ့သည်။ သူသည် လုံချန်ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဟွမ်ရှန်း နဲ့ ဒီကောင်လေးက ပြဿနာ ရှိနေတာလား။ ကောင်လေး!... ငါ ဒီမှာ ရှိနေတာကို သိသိကြီးနဲ့ ငါ့ရဲ့ ဟွမ်မိသားစုဝင် တစ်ယောက်ကို ရန်စရဲတယ်ပေါ့။ မင်းရဲ့ သတ္တိက မသေးဘူးပဲ...”
အစပိုင်းတွင် သူသည် လုံချန်က အချိန်အနည်းငယ် နောက်ကျသွားသဖြင့် ဒုတိယအဆင့် စမ်းသပ်ပွဲသို့ တက်လှမ်းခွင့် မရှိကြောင်း ကြေညာရန် စဉ်းစားမိလိုက်သည်။ သို့သော် သူ ဘာမှ မပြောနိုင်မီမှာပင် သူ့ဘေးနားမှ အစ်ကိုဝမ်က ကြေညာလိုက်သည်။
“အားလုံး တော်ကြပါတယ်...။ ကဲ... အခု မင်းတို့ အားလုံး တန်းစီကြပြီးတော့... တစ်ဦးချင်းစီရဲ့ သံမဏိနှလုံးသားတွေကို လာအပ်ကြတော့...”
အစ်ကိုဝမ် စကားပြောလိုက်သဖြင့် ဟွမ်ဖေးယန် သည်လည်း မကန့်ကွက်လိုတော့ပေ။ ထိုအစား သူသည် စိတ်ထဲတွင် တွေးလိုက်သည်။
“ထားလိုက်ပါတော့...။ မင်း ထိပ်သီး ၁၀ ယောက်ထဲ ပါသွားရင်တောင်မှ...မကြာခင် ဒုက္ခရောက်ဦးမှာပါ...”
ထို့နောက် သူသည် ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိ မှတ်တမ်းစာအုပ်ကို လှန်၍ လုံချန်၏ အချက်အလက်များကို ဖတ်ရှုလိုက်သည်။
“လုံချန်...၊ ကျော်ကြားခြင်းမြို့ရဲ့ ယန်အိမ်တော် က လာတာပဲ။ သားရဲအသွင်ပြောင်းကျင့်ကြံသူ... နဂါးသွေးကြောနယ်ပယ် အဆင့် ၈...၊ သားရဲဝိညာဉ်က နဂါးသွေးကြောနယ်ပယ်အဆင့် မြေအောက် သွေးမိကျောင်းလား...။ ဒီလောက် အဆင့်လေးနဲ့ကို ဟွမ်ရှန်း က သူ့ကို မသတ်နိုင်သေးဘူးလား။ ကြည့်ရတာ ဟွမ်ရှန်း ရဲ့ ကြိုးစားအားထုတ်မှုတွေက နည်းနည်းလေးလိုနေသေးပုံပဲ...”
ဤအချိန်တွင် အစ်ကိုဝမ်သည် ကျင့်ကြံသူ တစ်ဦးချင်းစီက လာရောက် အပ်နှံသော သံမဏိနှလုံးသား အရေအတွက်ကို မှတ်တမ်းတင်နေပြီ ဖြစ်သည်။
“ချန်ဝမ်လုံ... ၁၈ ခု...”
“ချင်းရွှီ... ၂၉ ခု...”
“ရှောင်ယန်... ၈ ခု...”
လူ ၂၀ ခန့်သည် တစ်ဦးပြီးတစ်ဦး အစ်ကိုဝမ် ထံသို့ ချဉ်းကပ်ကာ ၎င်းတို့၏ သိုလှောင်အိတ်ထဲမှ သံမဏိနှလုံးသားများကို ထုတ်ပေးကြသည်။ လျူဖုန်း သည် အခြေအနေကို စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီးနောက် လုံချန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“မင်း ဒီမှာ ခဏ စောင့်နေဦး။ ငါ အရင်သွားအပ်လိုက်ဦးမယ်...”
မကြာမီမှာပင် သူ၏ ရလာဒ်ကို ကြေညာလိုက်သည်။
“လျူဖုန်း... ၂၃ ခု...”
လျူဖုန်းသည် လုံချန်၏ ရှေ့သို့ ဂုဏ်ယူစွာ လျှောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“အခုထိတော့ ငါရထားတဲ့ သံမဏိနှလုံးသား အရေအတွက်အရ ငါက နံပါတ် ၉ နေရာမှာ ရှိနေတာပဲ။ ဟွမ်ရှန်း ကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံး ဒဏ်ရာ အပြင်းအထန် ရထားကြတာဆိုတော့... ဒီတစ်ခါ ငါ့ရဲ့ သံမဏိနှလုံးသား အရေအတွက်က ငါ့ကိုထိပ်သီး ၁၀ ယောက်စာရင်းထဲ ပါသွားပြီလို့ ထင်တယ်။ ကောင်းကင်ကြီးက ငါ့ကို တကယ် ကူညီနေတာပဲ...”
ဤအချိန်တွင် ဟွမ်ရှန်းသည် လုံချန်အား ရန်စသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အစ်ကိုဝမ် ထံသို့ လျှောက်သွားလိုက်သည်။ အစ်ကိုဝမ် သည် သူ့မိတ်ဆွေ၏ ညီဖြစ်သူကို ကြည့်ကာ ဝမ်းသာအားရ ပြုံးလျက် ပြောလိုက်သည်။
“မင်းက ဟွမ်ရှန်း လား...။ ကဲ... မင်း ရထားတဲ့ သံမဏိနှလုံးသားတွေကို ထုတ်ပြစမ်းပါဦး။ ဘယ်နှခု ရထားလဲဆိုတာ ကြည့်ရသေးတာပေါ့...”
ဟွမ်ဖေးယန်သည် သူ၏ညီဖြစ်သူကို ချစ်ခင်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါ ရွေးချယ်ပွဲတုန်းကတော့ သံမဏိနှလုံးသား ၅၈ ခု ရခဲ့တာ။ ငါတို့ရဲ့ အစ်ကိုကြီး ဝမ် ကတော့ ငါ့ထက် ပိုတော်ပြီး ၆၇ ခုတောင် ရခဲ့တာလေ။ အခုထိတော့ အများဆုံး ရထားတဲ့သူက ၄၁ ခုပဲ ရှိသေးတယ်။ ဟွမ်ရှန်း... မင်း နံပါတ်တစ် နေရာကို ရနိုင်မလား...”
ဟွမ်ရှန်းသည် ယုံကြည်မှုရှိရှိ ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။
“ရေတွက်ကြည့်လိုက်ရင် သိရမှာပေါ့...”
သူ ရယ်မောလိုက်စဉ်မှာပင် သူ၏သိုလှောင်အိတ်ထဲကနေ တောက်ပလှသော သံမဏိနှလုံးသား အမြောက်အမြားကို စားပွဲပေါ်သို့ သွန်ချလိုက်သည်။ ပါဝင်သူ အားလုံးမှာ အံ့အားသင့်သွားကြ၏။ အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့သည်လည်း ကျေနပ်သော အမူအရာများ ပြသလိုက်ကြသည်။
လျူဖုန်းမှာမူ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး ပြောလိုက်သည်။
“ငါ ဟွမ်ရှန်း ရဲ့ ခွန်အားကို အထင်သေးခဲ့မိတာပဲ။ သံမဏိနှလုံးသား အရေအတွက်က ၆၀ ကျော်မှာ သေချာတယ်။ ဒီလိုဆိုရင်တော့ ဟွမ်ရှန်း က နံပါတ်တစ် ဖြစ်သွားပြီး ငါက နံပါတ် ၁၀ နေရာကို ရောက်သွားမှာပေါ့။ ဒါပေမဲ့ အဆင်ပြေပါတယ်၊ ငါ ဒုတိယအဆင့် စမ်းသပ်ပွဲကို တက်ခွင့် ရသေးတာပဲ...”
အစ်ကိုဝမ်သည် သေချာစွာ ရေတွက်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်ရင်း ပြောလိုက်သည်။
“မဆိုးဘူး ကောင်လေး...၊ တကယ်ကို မဆိုးဘူး။ သံမဏိနှလုံးသား ၆၈ ခုတောင်ပဲ။ အရင်က ငါ ရခဲ့တာထက် တစ်ခု ပိုများတာပေါ့...”
ဟွမ်ဖေးယန်သည် မိမိညီ၏ အောင်မြင်မှုအတွက် များစွာ ကျေနပ်မိသည်။
သူသည် ဟွမ်ရှန်းကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် ဟွမ်ရှန်းက တစ်ခုခု ပြောရန် ပြင်လိုက်သည်။ သို့သော်လည်း ဟွမ်ဖေးယန်က ဟွမ်ရှန်း၏ နောက်ဖက် မလှမ်းမကမ်းတွင် ရပ်နေသော လုံချန်ကို လှမ်းကြည့်လိုက်သည့်အခါ သူ့ညီ၏ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။
ထို့ကြောင့် သူက ခေါင်းညိတ်လိုက်သည်။
ထိုအခါမှသာ ဟွမ်ရှန်းသည် ထွက်ခွာသွားခဲ့သည်။ ဤအချိန်အတောအတွင်း ဒဏ်ရာ အပြင်းအထန် ရရှိထားသူများသည် ဆေးများ လိမ်းကျံပြီးနောက် တစ်ဦးပြီးတစ်ဦး လာရောက် အပ်နှံကြသည်။ လျူဖုန်း မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းတို့၏ ရလာဒ်များမှာ သံမဏိနှလုံးသား ၁၀ ခုထက် ကျော်လွန်သူ နည်းပါးလှသည်။ လျူဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် ကျေနပ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။
“ကောင်းပြီ...။ ငါ ကံသီသီလေးနဲ့ နံပါတ် ၁၀ နေရာမှာ ပါသွားပြီ။ တော်တော်လေးကို နီးကပ်သွားတာပဲ...”
၎င်း ပျော်ရွှင်နေသည်ကို ကြည့်ပြီးနောက် လုံချန်သည် သူတစ်ယောက်တည်းသာ ကျန်ရှိနေတော့သဖြင့် သရော်သကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် လျူဖုန်းသည် လုံချန်တစ်ယောက် အစ်ကိုဝမ် ထံသို့ ချဉ်းကပ်သွားသည်ကို မြင်ရသည့်အခါ အံ့အားသင့်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီကောင်က သံမဏိနှလုံးသား တချို့ ရနိုင်ခဲ့လို့လား မသိဘူး...”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၆)
အပိုင်း ၇၄ - ပြင်းထန်သော တိုက်ပွဲ
“မင်းရဲ့နာမည်ကို ပြောပါဦး...”
အစ်ကိုဝမ်သည် လုံချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲရှိ ကလောင်တံကို ကစားရင်း မေးလိုက်သည်။
“လုံချန် ပါ...”
အစ်ကိုဝမ်က ခေါင်းညိတ်လိုက်သည်။ မှတ်တမ်းစာအုပ်ထဲတွင် လုံချန်၏ အမည်ကို ရှာတွေ့ပြီးနောက် သူက အေးဆေးစွာ ပြောလိုက်သည်။
“ဒါဆို မင်း ရထားတဲ့ သံမဏိနှလုံးသားတွေကို ထုတ်ပြစမ်းပါဦး...”
လုံချန်သည် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ ဤအချိန်တွင် ဟွမ်ဖေးယန်၏ အေးစက်စက်အကြည့်များ သူ့ကိုယ်ပေါ် ကျရောက်နေမှန်း ခံစားမိသော်လည်း အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
ယခုအချိန်တွင် လုံချန်တစ်ယောက်သာ ကျန်ရှိတော့သဖြင့် ထူးခြားသော အခြေအနေများ မရှိလျှင် ထိပ်သီး ၁၀ ယောက်စာရင်းမှာ အတည်ဖြစ်တော့မည် ဖြစ်သည်။
လျူဖုန်းကတော့ ကံကောင်းမှုကြောင့် ထိပ်သီး ၁၀ ယောက်စာရင်းထဲတွင် ပါဝင်နေလေသည်။
သူ့အမြင်တွင် လုံချန်က သံမဏိနှလုံးသား တစ်ခုတစ်လေပင် ထုတ်ပြနိုင်ပါ့မလားဟူသော စိတ်ဖြင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။
ဟွမ်ရှန်းကတော့ ပို၍ တည်ကြည်သော အကြည့်များဖြင့် ရှိနေသည်။ သူသည် လုံချန်အား ထိပ်သီး ၁၀ ယောက်စာရင်းထဲသို့ ပါဝင်စေလိုနေခြင်း ဖြစ်သည်။ ထိုအခါမှသာ သူ၏ ဒေါသများကို လုံချန်အပေါ်တွင် ပုံချနိုင်မည် မဟုတ်ပါလား။
“မင်း အနည်းဆုံးတော့ သံမဏိနှလုံးသား ၂၃ ခုလောက် ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်...”
သို့သော် လုံချန် သည် သံမဏိနှလုံးသား ၂၃ ခု ရရှိခဲ့လျှင် လျူဖုန်းအတွက် ကံမကောင်းနိုင်တော့ပေ။ လုံချန်သည် လျူဖုန်းထက် အသက်ငယ်သဖြင့် အသက်ကြီးနေသော ၎င်းအနေဖြင့် ပြိုင်ပွဲမှ ထွက်ခွာသွားရပေလိမ့်မည်။
အစ်ကိုဝမ်၏ ညွှန်ကြားချက်အပြီးတွင် လူတိုင်းသည် လုံချန်၏ သိုလှောင်အိတ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ဤအချိန်တွင် လုံချန်၏ လက်ထဲ၌ သံမဏိနှလုံးသားများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ များပြားလှသော သံမဏိနှလုံးသားများကို မြင်ရသည့်အခါ လျူဖုန်းသည်ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“သူ တကယ်ပဲ သံမဏိနှလုံးသားတွေ ရခဲ့တာလား။ ဆယ်ခုထက်တောင် ပိုနေပြီပဲ... ဟမ်...”
အစပိုင်းတွင် သူ့စိတ်ထဲမှာ အံ့သြသွား၏၊ သို့သော်လည်း လုံချန်၏ သိုလှောင်အိတ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာသော သံမဏိနှလုံးသားများကို မြင်ရသည့်အခါ သူ့မျက်နှာက တဖြည်းဖြည်း ပျက်လာကာ တစ်ကိုယ်လုံး တုန်ရင်လာတော့သည်။
စားပွဲပေါ်ရှိ သံမဏိနှလုံးသား အရေအတွက်မှာ ၂၃ ခုထက် ကျော်လွန်သွားသည်ကို မြင်လိုက်ရသည့်အခိုက် လျူဖုန်း၏မျက်နှာက လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားခဲ့သည်။ သူက လုံချန်၏နောက်ကျောကို စိုက်ကြည့်နေတော့သည်။ မကြာမီမှာပင် သူ၏မျက်လုံးများသည် ဒေါသများကြောင့် နီရဲလာခဲ့သည်။
“လုံချန်!... ဘယ်လိုလုပ်ပြီးတော့လဲ။ ဒါ မဖြစ်နိုင်ဘူး၊ သူက နေရာငယ်လေးက လာတဲ့ တောသားလေးပဲလေ။ ငါက ယွမ်လင်းမြို့တော်မှာ ကြီးပြင်းလာတဲ့သူပါ၊ သူက ဘယ်လိုလုပ် ငါ့ထက် သာလွန်သွားရတာလဲ...”
လျူဖုန်းသည် မယုံကြည်နိုင်သော အကြည့်များဖြင့် ရှိနေခဲ့သည်။ သူ၏မျက်လုံးများကိုပင် အကြိမ်ကြိမ် ပွတ်သပ်ကြည့်နေမိသည်။ သို့ပါသော်လည်း သူ့ရှေ့မှ လက်တွေ့အခြေအနေကိုမူ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
လုံချန် ထုတ်ပြနေသည့် သံမဏိနှလုံးသားအရေအတွက်က ၂၃ ခုထက် ကျော်နေသည်ကို မြင်သောအခါ အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့နှစ်ယောက်စလုံးလည်း အံ့သြသွားကြသည်၊ ထို့နောက် လုံချန်ကို ပို၍ အာရုံစိုက်ကြည့်ရှုလိုက်ကြသည်။ ဟွမ်ရှန်းသည် သက်ပြင်းချကာခဲ့ စိတ်ထဲတွင် ကျိတ်၍ ရယ်မောလိုက်သည်။
“၂၃ ခုထက် ကျော်သွားပြီဆိုတော့... မင်း ဒုတိယအဆင့်ကို တက်ခွင့် ရပြီပေါ့။ မင်းကိုယ်တိုင်က သေလမ်းရှာတာဆိုတော့ ငါ့ကို အပြစ်မတင်နဲ့တော့...”
သို့သော် လုံချန်၏ လက်ထဲမှ သံမဏိနှလုံးသားများ ကုန်ဆုံးသွားဦးမည့်ပုံမရပေ၊ ဆက်လက်၍ ထုတ်ပြနေဆဲပင်။ လူတိုင်း၏ အာရုံသည် လုံချန်ထံသို့ ရောက်ရှိသွားခဲ့ပြီး အံ့သြလွန်းသဖြင့် ပါးစပ်များပင် ပိတ်မရ ဖြစ်နေကြသည်။
မကြာခင်မှာပဲ လုံချန် ထုတ်ပြသော သံမဏိနှလုံးသား အရေအတွက်မှာ ၅၀ ကျော်သို့ ရောက်ရှိလာသဖြင့် လူတိုင်း ကြောင်အမ်းသွားကြရသည်။ အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့၏ လုံချန်အပေါ် ထားရှိသော အမြင်များမှာလည်း များစွာ ပြောင်းလဲသွားခဲ့တော့သည်။
ဟွမ်ရှန်း ကတော့ တဖြည်းဖြည်း မျက်မှောင်ကြုတ်လာခဲ့သည်။ သူသာလျှင် နံပါတ်တစ် နေရာကိုသေချာပေါက် ရရှိမည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ တစ်စုံတစ်ယောက်သည် သူ့ကို ကျော်တက်သွားတော့မည့်အရိပ်အယောင်များ ပြသနေ၏။
သူ့အနေဖြင့် လုံချန်အား ရှုံးနိမ့်သွားနိုင်သည်ဟူသော အတွေးကြောင့် ဟွမ်ရှန်း၏စိတ်ထဲမှာ အလွန်အမင်း ဒေါသထွက်လာခဲ့သည်။
သူသည် လုံချန်အား တစ်ကြိမ် လွှတ်ပေးခဲ့ဖူးသော်လည်း ၎င်းသည် အခြေအနေကို နားမလည်ပုံရ၏။ ၎င်းသည် သူ့ကိုပင် ကျော်တက်ရန် ကြိုးစားနေသဖြင့် ဟွမ်ရှန်း၏လူသတ်လိုစိတ်မှာ ပို၍ ပြင်းထန်လာခဲ့သည်။
“မဆိုးဘူး ကောင်လေး...”
သံမဏိနှလုံးသား ခြောက်ဆယ်နီးပါးကို မြင်ရသည့်အခါ အစ်ကိုဝမ်ပင်လျှင် လုံချန်ကို ပြုံး၍ ကြည့်လိုက်သည်။
ဟွမ်ဖေးယန်မှာမူ အပြင်ပန်း တည်ငြိမ်နေသော်လည်း လုံချန် ထုတ်ပြနေသော သံမဏိနှလုံးသားအရေအတွက်က ဆက်လက် မြင့်တက်နေဆဲပင် ဖြစ်သည်။ အခြားသူများမှာလည်း မြင်တွေ့နေရသော မြင်ကွင်းကြောင့် ထုံကျင်အံ့သြနေကြကုန်ပြီ ဖြစ်သည်။ အထူးသဖြင့် လျူဖုန်းပင်၊ သူ၏ခေါင်းတစ်ခုလုံး မူးနောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
အခြားတစ်ဖက်တွင် ဟွမ်ရှန်းသည် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ အကြောင်းမှာ လုံချန် ရရှိထားသော သံမဏိနှလုံးသားအရေအတွက်သည် သူ့ထက် သာလွန်သွားတော့မည် ဖြစ်သောကြောင့်ပင်။
ထိုခဏလေးမှာပဲ လုံချန်၏ သံမဏိနှလုံးသားအရေအတွက်သည် သူ့ထက် သာလွန်သွားခဲ့တော့သည်။ ဟွမ်ရှန်း၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။ သူ၏ နံပါတ်တစ် နေရာကို လုယူသွားသော လုံချန်အား စူးစိုက်ကြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ၏ နှလုံးသားထဲတွင် အမုန်းတရားများမှာ တဖြည်းဖြည်း အမြစ်တွယ်လာခဲ့သည်။
“ဒီတစ်ခါတော့ မင်းကို သေချာပေါက် အပြတ်ရှင်းရမယ်။ မင်းကို မသတ်ရရင်တော့ ငါ တစ်ချိန်လုံး စိတ်အေးရမှာ မဟုတ်ဘူး။ ငါ့ကို ရန်စတဲ့သူမှန်သမျှ သေခြင်းတရားကနေ လွတ်မှာ မဟုတ်ဘူး...”
ဤအချိန်တွင် လူတိုင်းက လုံချန်ကို အံ့သြသော အကြည့်များဖြင့် ကြည့်နေကြသည်။ လုံချန်သည် သိုလှောင်အိတ်ကို ပြန်သိမ်းလိုက်သည့်အခါ သူ၏ရှေ့မှ သံမဏိနှလုံးသား အပုံမှာ ဟွမ်ရှန်းထက် ပို၍ ကြီးမားနေခဲ့သည်။ ယခုအခါတွင်မူ လူတိုင်း၏ လုံချန်အပေါ် ထားရှိသော အကြည့်များသည်လည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အစ်ကိုဝမ်က အားရပါးရ ရယ်မောလိုက်သည်။
“သံမဏိနှလုံးသား စုစုပေါင်း ၇၅ ခု... ဒါဟာ ဒီရွေးချယ်ပွဲမှာ အကောင်းဆုံး ရလာဒ်ပဲ။ ဒါပေမဲ့ မင်းက သားရဲအသွင်ပြောင်းကျင့်ကြံသူတစ်ယောက်ဆိုတော့ အားသာချက် ရှိတာပေါ့။ အဲ့ဒါကြောင့် ဒီရလာဒ်က အရမ်းကြီး ထူးခြားနေတာတော့ မဟုတ်ပါဘူး။ အရင်ကလည်း သားရဲအသွင်ပြောင်းကျင့်ကြံသူတွေ ပါဝင်တိုင်း ဒီလိုမျိုး ရလာဒ်ကောင်းတွေ ရခဲ့တာပဲလေ...”
အမှန်တကယ်တော့ လုံချန်သည် သံမဏိနှလုံးသား ၁၀၅ ခု ရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် နံပါတ်တစ် နေရာကို ရရှိပြီးဖြစ်သဖြင့် တချို့ကို လေ့လာကြည့်ရန် တမင်ချန်ထားခဲ့ခြင်း ဖြစ်သည်။
အစ်ကိုဝမ်က လုံချန် ရရှိထားသော အရေအတွက်ကို ကြေညာလိုက်သည့်အခါ လျူဖုန်းသည် မတ်တပ်ပင် မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။
မကြာမီမှာပင် ပထမအဆင့်ရွေးချယ်ပွဲ၏ ထိပ်သီး ၁၀ ယောက်စာရင်းမှာ ရှင်းလင်းသွားခဲ့သည်။ လုံချန်သည် နံပါတ် ၁ ဖြစ်ခဲ့ပြီး ဟွမ်ရှန်းကတော့ နံပါတ် ၂ ဖြစ်သွား၏။ လျူဖုန်းကတော့ ထိပ်သီး ၁၀ ယောက်စာရင်းမှ ထွက်ခွာသွားခဲ့ရသည်။
တစ်နည်းအားဖြင့်တော့ ပြိုင်ပွဲ၏ ထိပ်သီး ၁၀ ယောက်မှလွဲ၍ ကျန်ရှိသော သူများအားလုံးမှာ လင်းဝူမိသားစု၏ တပည့်အသစ်ရွေးချယ်ပွဲတွင် ဆက်လက် ပါဝင်ခွင့် ဆုံးရှုံးသွားကြပြီ ဖြစ်သည်။
အစ်ကိုဝမ်သည် လူအုပ်ကြီးကို အေးစက်စွာ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ထိပ်သီး ၁၀ ယောက်စာရင်းထဲမှာ မပါတဲ့သူတွေ အကုန်လုံး အခုချက်ချင်း ထွက်သွားကြတော့။ နောင်နှစ်တွေကျရင် ကျင်းပမယ့် လင်းဝူမိသားစုရဲ့ အပြင်စည်းတပည့် ရွေးချယ်ပွဲမှာ မင်းတို့ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါသေးတယ်...”
လျူဖုန်းသည် ခေါင်းမူးဝေနေသဖြင့် အခြားသူများ၏ တွဲခေါ်ခြင်းကို ခံလိုက်ရသည်။ သူ မထွက်ခွာမီမှာတော့ လုံချန်ကို စိုက်ကြည့်နေခဲ့သည်။သို့သော်လည်း ဤသို့သော အခြေအနေမျိုး ဘာကြောင့် ဖြစ်လာရသည်ကိုမူ စဉ်းစားမရနိုင်ဘဲ ရှိနေခဲ့သည်။
လက်ရှိတွင် တပည့်အသစ်ရွေးချယ်ပွဲ၌ ပါဝင်ရန် ရောက်ရှိလာကြသော လူ အယောက် ၅၀ ထဲမှ လူ ၁၀ ယောက်သာ ကျန်ရှိတော့သည်။
“မင်းတို့ အားလုံး ခဏလောက် နားလိုက်ကြဦး။ မကြာခင်မှာ ဒုတိယအဆင့် ရွေးချယ်ပွဲကို စတင်တော့မယ်။ အဲ့ဒါကတော့...”
အစ်ကိုဝမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“တစ်ယောက်ချင်းစီ တိုက်ခိုက်ရမှာပဲ။ စည်းမျဉ်းတွေကတော့ ရိုးရှင်းပါတယ်၊ ငါတို့ မင်းတို့ ဆယ်ယောက်ကို (၅)အုပ်စု ခွဲလိုက်မယ်။ အုပ်စုတစ်ခုစီမှာ လူနှစ်ယောက်ချင်းစီ တိုက်ခိုက်ရလိမ့်မယ်။ အနိုင်ရတဲ့သူက ငါတို့ လင်းဝူမိသားစုရဲ့ အဖွဲ့ဝင် ဖြစ်လာလိမ့်မယ်။ နားလည်ကြရဲ့လား...”
လုံချန် အပါအဝင် လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ဤအချိန်တွင် ဟွမ်ရှန်း၏အကြည့်များသည် လုံချန်ထံသို့သာ ဦးတည်နေခဲ့သည်။ အစ်ကိုဝမ် ပင်လျှင် ဟွမ်ရှန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများကို ခံစားမိလိုက်သည်။
သူသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဟွမ်ဖေးယန်၏ တည်ငြိမ်နေသော မျက်နှာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ဘာမှ ထပ်မပြောတော့ဘဲ တိုက်ရိုက်သာ ပြောလိုက်သည်။
“နောက် ၁၅ မိနစ် ကြာရင်... မင်းတို့ရဲ့ ပြိုင်ဖက်တွေကို ကြေညာပေးမယ်။ အခုကတည်းက ပြင်ဆင်ထားကြတော့...”
ထိုအခါမှသာ ကွင်းပြင်အတွင်း၌ ကြီးမားလှသော စင်မြင့်တစ်ခု ရှိနေသည်ကို သတိထားမိကြတော့သည်။ ၎င်းသည် ပြိုင်ပွဲဝင်များ တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသော တိုက်ခိုက်ရေးစင်မြင့် ဖြစ်ပုံရသည်။
ဤအချိန်တွင် ဟွမ်ဖေးယန်နှင့် အခြားကိုယ်စားလှယ်များသည် အချင်းချင်း ဆွေးနွေးနေကြသည်။ လုံချန်နှင့် ကျန်ရှိနေသော လူကိုးယောက်မှာမူ လာမည့် တိုက်ပွဲအတွက် ၎င်းတို့၏ ဒဏ်ရာများကို အလျင်အမြန် ကုသနေကြသည်။
လုံချန်ကတော့ မည်သည့် ပြင်ဆင်မှုမျှ လုပ်ဆောင်ရန် မလိုအပ်ပေ။ သူသည် ဟွမ်ရှန်းကို လှမ်းကြည့်လိုက်သည်။ ထိုအခါ ဟွမ်ရှန်းသည်လည်း သူ့အား ပြန်လည် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ၎င်း၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသော အရိပ်အယောင်များမှာ အလွန်ပင် သိသာလှပေသည်။
“နားငြီးစရာ ကောင်းတဲ့ ယင်ကောင်စုတ်၊ ဒီနေ့တော့ မင်းရဲ့ အဆုံးသတ် ရောက်ပြီပေါ့...” ဟွမ်ရှန်းက အေးစက်စွာ ပြောလိုက်သည်။
“ဟမ့်... ဒီခွေးဝါလေးက လူစကားတောင် ပြောတတ်သေးတာလား။ ဒါက ကြောက်စရာကောင်းတယ်နော်...”
လုံချန်သည် မိန်းကလေးတစ်ယောက်၏ အသံကို တုပ၍ ပြောဆိုလိုက်သဖြင့် ပတ်ဝန်းကျင်ရှိ လူများမှာ သူ့ကို ရွံရှာသွားကြသည်။ သို့သော် ဟွမ်ရှန်းအတွက်တော့ သူ၏ မျက်နှာကို အားပါပါ ရိုက်နှက်လိုက်သကဲ့သို့ပင် ခံစားလိုက်ရသည်။
သူ၏လက်သီးများကို ချက်ချင်းပင် တင်းတင်းကြပ်ကြပ် ဆုပ်ထားမိသည်။ အကယ်၍ ဤနေရာတွင် လင်းဝူမိသားစုမှ စစ်သေးသူများသာ မရှိပါက သူသည် လုံချန်ကို တစ်ခါတည်းသတ်ဖြတ်မိပေလိမ့်မည်။
“မင်းရဲ့ ပြိုင်ဖက်က ဘယ်သူလဲဆိုတာ ကြားရတဲ့အခါကျရင်တော့ မင်း ရယ်နိုင်တော့မှာ မဟုတ်ဘူး။ လင်းဝူမိသားစုဆိုတာ ငါ့ရဲ့ နယ်မြေပဲ၊ မင်းအတွက် နေရာ မရှိစေရဘူး...”
သိပ်မကြာခင်မှာပဲ နားချိန် အချိန် ၁၅ မိနစ်ခန့် ပြည့်သွားလေသည်။
ဤအချိန်တွင် အစ်ကိုဝမ် နှင့် အခြားစစ်ဆေးသူများက တိုက်ပွဲအတွက် လူတွဲများကို သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။ လုံချန်သည် ဟွမ်ဖေးယန်နှင့် ဟွမ်ရှန်းတို့ ညီအစ်ကိုနှစ်ဦးစလုံးက သူ့အား ယုတ်မာကောက်ကျစ်သော အကြည့်များဖြင့် ကြည့်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဟွမ်ဖေးယန်ကို ကြည့်လိုက်ရုံနှင့်ပင် လုံချန်သည် ရလာဒ်ကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကြေညာချက် ထွက်ပေါ်လာသည့်အခါ လုံချန်၏ပြိုင်ဖက်က ဟွမ်ရှန်း ဖြစ်နေ၏။ ထို့အပြင် ၎င်းမှာ နောက်ဆုံး တိုက်ပွဲလည်း ဖြစ်နေခဲ့သည်။
“ဒါ ဟွမ်ရှန်း ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ ငါက သူ့ရဲ့ နံပါတ်တစ် နေရာကို လုယူခဲ့တာဆိုတော့ သူ့စိတ်ထဲမှာ ငါ့အပေါ်မှာ ထားတဲ့ အမုန်းတရားက တော်တော်လေးကို နက်ရှိုင်းမှာပဲ...”
ဟွမ်ရှန်း၏ ကျေနပ်နေသော မျက်နှာကို ကြည့်ပြီး လုံချန်သည် စိတ်ထဲတွင် ကျိတ်၍ ရယ်မောလိုက်သည်။
“အချိန်ကျလာရင်တော့... ဘယ်သူက ပိုပြီး သန်မာလဲဆိုတာ မင်းသိအောင် ငါ ပြပေးရတာပေါ့...”
ဤအခိုက်အတန့်တွင် အစ်ကိုဝမ်၏ စီစဉ်မှုအရ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ လူငယ်လေး နှစ်ဦးဟာ စင်မြင့်ပေါ်သို့ တက်လာပြီး တိုက်ခိုက်နေကြပြီ ဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးသည် ယန်ဘိုးဘေးနှင့် အဆင့်တူ ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ ၎င်းတို့က ပို၍ သန်မာကြသည်။
“ယွမ်လင်းမြို့တော်က လူတွေက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ။ ဒီမြို့စွန် နေရာလေးမှာတောင် ဒီလောက် သန်မာနေကြတာလား...”
ထိုလူငယ်နှစ်ဦး၏ တိုက်ပွဲကို ကြည့်ရင်း လုံချန်သည် အသိအမြင်သစ်အချို့ ရရှိခဲ့သည်။ ၎င်းတို့ တိုက်ခိုက်နေစဉ်မှာပင် အချိန်ကား တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ မကြာမီမှာပင် လင်းဝူမိသားစုသို့ ဝင်ခွင့်ရမည့် နေရာ ငါးခုအနက် လေးခုမှာ ပိုင်ရှင် ရှိသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး ကျန်ရှိနေသော နေရာတစ်ခုအတွက်မူ... လုံချန်နှင့် ဟွမ်ရှန်းတို့ကြားမှ တိုက်ပွဲဖြင့်သာဆုံးဖြတ်ရတော့မည် ဖြစ်သည်။
ဤအချိန်တွင် လူတိုင်း၏ အကြည့်များသည် လုံချန်နှင့် ဟွမ်ရှန်းတို့ထံ၌သာ ရှိနေတော့သည်။ ဟွမ်ရှန်းသည် လုံချန်ကို လှောင်ပြုံး ပြုံးပြလိုက်ပြီးနောက် စင်မြင့်ပေါ်သို့ အရင်ဆုံး တက်သွားခဲ့သည်။
စင်မြင့် အပြင်ဖက်တွင်မူ အစ်ကိုဝမ်သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသော ဟွမ်ရှန်းနှင့် လုံချန်တို့ကို လှမ်းကြည့်နေခဲ့သည်။ ထို့နောက် သူ့ဘေးနားရှိ အေးစက်စက်မျက်နှာထားဖြင့် ရှိနေသည့် ဟွမ်ဖေးယန်ကို လှည့်ကြည့်လိုက်ပြီးနောက် သနားစရာ ကောင်းလှသည်ဟူသော မျက်နှာထားဖြင့် ခေါင်းကို ခါယမ်းကာ တွေးလိုက်သည်။
“ဒီလုံချန် က တကယ်ကို ပါရမီရှိတဲ့ ပျိုးပင်ကောင်းလေးပဲ။ ဒါပေမဲ့ သူက ဟွမ်ရှန်း ကို မရန်စခဲ့သင့်ဘူး။နောက်ထပ် ပါရမီရှင် တစ်ယောက် ပျက်စီးသွားရဦးမှာကို ကြည့်ရတာ တကယ့်ကို နှမြောစရာ ကောင်းတာပဲ။ တကယ်လို့ အကြီးအကဲသာ ငါ ဒီနေရာမှာ မရိုးမသား လုပ်ခဲ့တာကို သိသွားရင်တော့... ငါလည်း ဒုက္ခရောက်မှာပဲ...”
ပုံမှန်အားဖြင့် ပထမအဆင့် ရွေးချယ်ပွဲတွင် သံမဏိနှလုံးသား အရေအတွက်အများဆုံး ရရှိသူမှာ ပို၍ သန်မာလေ့ ရှိသဖြင့် ၎င်းသာလျှင် လင်းဝူမိသားစုသို့ ဝင်ခွင့်ရရန် ပို၍ လွယ်ကူပေလိမ့်မည်။ သို့သော် ဟွမ်ဖေးယန်ကြောင့် လုံချန်နှင့် ဟွမ်ရှန်းတို့မှာ တစ်ယောက်နှင့်တစ်ယောက် အသေအကြေတိုက်ခိုက်ရတော့မည် ဖြစ်သည်။
မူလက ၎င်းတို့ နှစ်ဦးစလုံးအား တိုက်ခိုက်စေခြင်းမရှိဘဲ လင်းဝူမိသားစုသို့ အလိုအလျောက်ဝင်ခွင့်ပေးရန် ဆုံးဖြတ်နိုင်သည်။ သို့သော်လည်း ယခုအခါတွင်တော့ ၎င်းတို့ထဲမှ တစ်ဦးသာ ဝင်ခွင့် ရပါတော့မည်။
“ဒီလုံချန် က သံမဏိနှလုံးသားတွေ အများကြီး ရခဲ့ပေမဲ့ ဟွမ်မိသားစုရဲ့ ပညာရပ်တွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခုတည်းနဲ့တင် လုံချန်ကို ဒုက္ခပေးဖို့ လုံလောက်တယ်...”
အစ်ကိုဝမ်သည် ထိုသို့ တွေးတောရင်း လုံချန်ကို သနားစရာ ကောင်းလှသည်ဟူသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် တိုက်ပွဲ စတင်ကြောင်း ကြေညာလိုက်လေတော့သည်။
ဟွမ်ရှန်းက ချက်ချင်းပင် ရယ်မောလိုက်သည်။
“ကောင်လေး... ငါ့ရဲ့ ယင်ယန်အလင်းစက်ဝိုင်းကိုမင်း အခုထိ မှတ်မိနေဦးမယ်လို့ ငါ ထင်တယ်။ကဲ... ဒီနေ့တော့ မင်းကို နောက်တစ်ကြိမ် မြည်းစမ်းခွင့် ပေးရတာပေါ့။ မင်း အဲ့ဒီတိုက်ကွက်ကို တစ်ကြိမ် ခုခံနိုင်ခဲ့ရင်တောင်မှ ဒုတိယတစ်ကြိမ်မှာတော့ ခုခံနိုင်လိမ့်မယ်လို့ ငါ မယုံဘူး...”
ဟွမ်ရှန်း လှောင်ပြောင်နေစဉ်မှာပဲ လုံချန်၏ အရှိန်အဝါသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သိပ်မကြာလိုက်ပေ၊ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူ၏ တစ်ကိုယ်လုံးဟာ သွေးနီရောင်အကြေးခွံများနှင့် ဆူးချွန်များ ဖုံးလွှမ်းထားခဲ့တော့သည်။ ဤမြင်ကွင်းအား မြင်လိုက်ရသည့်အခါ လူတိုင်း မျက်မှောင်ကြုတ်သွားကြရသည်။
လုံချန်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် လှောင်ပြုံး ပြုံးလိုက်သည်။
“အဲ့ဒီလောက် တိုက်ကွက်မျိုးကို ငါ တစ်ကြိမ် ခုခံနိုင်ခဲ့မှတော့ ဒုတိယတစ်ကြိမ်မှာလည်း သေချာပေါက် ခုခံနိုင်မှာပေါ့...”
“ဟုတ်လို့လား...”
ဟွမ်ရှန်းက လှောင်ပြုံး ပြုံးလိုက်စဉ်မှာပင် ယင်ယန်အလင်းစက်ဝိုင်း ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်ပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်ပြင်းထန်လှသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လုံချန်အပေါ်သို့ ရက်စက်စွာ ဖိနှိပ်လိုက်လေသည်။
“တူညီတဲ့ တိုက်ကွက်မျိုးက ငါ့အတွက်တော့ အဓိပ္ပာယ် မရှိဘူး...”
ယခင်တစ်ကြိမ်ကကဲ့သို့ပင် လုံချန်သည် ဟွမ်ရှန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။ လုံချန်ထံမှ သွေးနီရောင်နဂါးပုံရိပ် ၉ ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သွေးနီရောင်အလင်းတန်းကြီးဟာ ဟွမ်ရှန်းထံသို့ ရုတ်ချည်း ပြေးဝင်သွားလေတော့သည်။
“ယင်ယန်အလင်းစက်ဝိုင်း...”
“မိုးပြာနဂါးတံဆိပ်...”
ပြင်းထန်လှသော တိုက်ကွက်နှစ်ခုကြောင့် အစ်ကိုဝမ်နှင့် ဟွမ်ဖေးယန်တို့၏ မျက်နှာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
လုံချန် ထုတ်သုံးလိုက်သော မိုးပြာနဂါးတံဆိိပ်သည် သူတို့ ဟွမ်ကလန်၏ အဆင့်မြင့် တိုက်ခိုက်ရေးနည်းစနစ်ကို အမှန်တကယ်ပင် ခုခံနိုင်ခဲ့သည်။ အဆိုပါမြင်ကွင်းကို မြင်ရသည့်အခါ ဟွမ်ဖေးယန်၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။
အစ်ကိုဝမ်သည်လည်း ခါးသီးစွာ ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီလုံချန် ကတော့ ငါ့ကို တကယ်ပဲ အံ့သြအောင် လုပ်နိုင်တာပဲ။ ဒါပေမဲ့ ဒီရလာဒ်ကို ကြည့်ရင်တော့ သူ ဒီနေ့ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်သေးဘူးပဲ...”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ