အခန်း (၈၁-၈၂)
Vol. 7 Ch. 81-82
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၁ - ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး
နောက်တစ်နေ့ နံနက်တွင် လုံချန် သည် စီနီယာအစ်ကိုကန်လင် ထံသို့ သွားရောက်ပြီး မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ၏ တည်နေရာကို မေးမြန်းခဲ့သည်။ ထို့နောက် အစိမ်းရောင်ဂိုဏ်းခွဲ၏ ဂိတ်တံခါးကနေ ထွက်၍ လင်းဝူမြို့တော်မှ ထွက်ခွာသွားခဲ့သည်။
လုံချန် သည် လင်းဝူမိသားစု ထဲသို့ ဝင်ကာစပင်ရှိသေး၊ ရုတ်တရက် အပြင်ပြန်ထွက်သွားခြင်းက ကန်လင် ကို အံ့အားသင့်စေခဲ့သည်။ သို့သော် လုံချန်၏ ဆုံးဖြတ်ချက်က ခိုင်မာလွန်းသဖြင့် သူလည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
“နောက် (၄) ရက်ဆို မင်းတို့လို တပည့်အသစ်တွေရဲ့ပထမဆုံး တာဝန်ကျလာလိမ့်မယ်။ အခု ထွက်သွားရင် မြန်မြန်ပြန်လာခဲ့”
လုံချန် က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်
“ပစ္စည်းတချို့ ဝယ်ဖို့ပါ။ သိပ်မကြာပါဘူး။ နေ့တစ်ဝက်အတွင်း အရောက်ပြန်လာမှာပါ”
မိုးသောက်ကုန်သွယ်ရေးအဖွဲ့ သည် ယွမ်လင်းမြို့တော်၏ အကြီးမားဆုံး ကုန်သွယ်ရေးဌာန ဖြစ်ခဲ့သည်။ လုံချန် တွင် လင်းဝူမိသားစု မှ ပေးအပ်သောအကျိုးပြုမှတ် မရှိသေးသဖြင့် ဂိုဏ်း၏ ပစ္စည်းများကို လဲလှယ်နိုင်ခြင်းမရှိသေးပါ။ သာမန် ကျင့်ကြံသူများက မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ကိုသာ အားကိုးလေ့ ရှိသည်ဖြစ်ရာ ကန်လင် သည်လည်း မတားဆီးတော့ပေ။ သို့သော် လုံချန် သည် အရေးကြီးသော တာဝန်တစ်ခု ယူရတော့မည်ဖြစ်သဖြင့် ပိုမို ဂရုစိုက်သင့်သည်ဟု သူ ခံစားမိခဲ့သည်။
“မိုးသောက်ကုန်သွယ်ရေးအဖွဲ့ က ဒီလောက် ကြီးမားနေမယ်လို့ မထင်ခဲ့ဘူး။ ယွမ်လင်းမြို့တော်ထဲမှာတောင် ဌာနခွဲတွေက ရာနဲ့ချီရှိနေတာပါလား။ ပြီးတော့ လင်းဝူမြို့တော်ရဲ့ အစိမ်းရောင်ဂိုဏ်းခွဲ အပြင်ဖက်က (၁) ကီလိုမီတာ ခွဲလောက်အကွာမှာ ကုန်သွယ်ရေးဌာနခွဲတစ်ခုတောင် ရှိနေတယ်။ ဒါပေမဲ့ စီနီယာအစ်ကို ကန် ပြောတာက အဲ့ဒီ ဌာနခွဲလေးကတောင် အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ နဲ့ အင်အားအတူတူပဲလို့ပြောခဲ့တယ်”
ယွမ်လင်းမြို့တော်သို့ ရောက်ရှိလာပြီးနောက် လုံချန် တွေ့ကြုံခဲ့ရသော ရန်သူတိုင်းဟာ အတိတ်က သူ ရင်ဆိုင်ခဲ့သည့်အခြေအနေများထက် တစ်ဆင့် ပိုပြီး မြင့်မားနေခဲ့သည်။ သူ့လက်ထဲတွင်ကျန်ရှိနေသော အိပ်မက်လင်ဇီး ပမာဏက လင်းရှီ ကို အားဖြည့်ပေးရန် မလုံလောက်တော့ပေ။ ထို့ကြောင့် လင်းဝူမိသားစု ထဲ ဝင်ရောက်ပြီးနောက် ဒုတိယနေ့မှာပင် လုံချန် သည် ဝိညာဉ်အားဖြည့်ဆေးရှာဖွေရန် အပြင် ပြန်ထွက်လာရခြင်း ဖြစ်သည်။
“ဒီကောင်မလေး က ငါ အန္တရာယ်နဲ့ကြုံတဲ့အခါတိုင်း အမြဲ ကူညီချင်နေတယ်။ ငါ တားလည်း နားမဝင်ဘူး။ ဒီလိုဆိုတော့ ဝိညာဉ်အားဖြည့်ဆေးတွေ ထပ်ဝယ်ပြီး သူမရဲ့ မူလဝိညာဉ်ကို အားဖြည့်ပေးရမယ်”
မကြာမီမှာပင် လုံချန် သည် ကန်လင် ညွှန်ပြခဲ့သည့်အတိုင်း မိုးသောက်ကုန်သွယ်ရေးအဖွဲ့ခွဲ တည်ရှိရာသို့ ရောက်ရှိလာခဲ့သည်။
သူ့ရှေ့မှ မလှမ်းမကမ်းရှိ လူစည်ကားသော လမ်းမကြီးပေါ်တွင် အမည်းရောင် အဆောက်အဦးကြီးတစ်ခု ဘွားခနဲ ပေါ်ထွက်လာသည်။ ၎င်းသည် မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ခွဲပင် ဖြစ်သည်။
လုံချန် အနေဖြင့် ဤမျှကြီးမားသော ကုန်သွယ်ရေးဌာနအဖွဲ့ခွဲကို ပထမဆုံး တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ကျော်ကြားခြင်းမြို့ရှိ ကျင့်ကြံသူဈေးကွက်နှင့် နှိုင်းယှဉ်ပါက ၎င်းသည် အဆပေါင်းများစွာ ကြီးမားလှသည်။ ဤအချိန်တွင် လူအများအပြားသည်မိုးသောက်ကုန်သွယ်ရေးအဖွဲ့၏ အဆောက်အဦး ထဲသို့ ဝင်ထွက်သွားလာနေကြသည်။ လုံချန် လည်း အချိန်ဖြုန်းမနေဘဲ မြန်ဆန်ဆန်ပင် အတွင်းသို့ ဝင်ရောက်လိုက်သည်။
“ဝိုး...! ဒီမှာ အသုံးဝင်တဲ့ ပစ္စည်းတွေ အများကြီးပဲ...”
နတ်ဓားထဲမှ လင်းရှီ သည် အံ့အားသင့်စွာ အသံထွက်လာသည်။ လုံချန် လည်း မျက်စိရှေ့တွင် ပြသထားသော ပစ္စည်းများကို အနီးကပ် ကြည့်ရှုလိုက်သည်။ အဆင့်အတန်း မခွဲခြားနိုင်သော်လည်း အရည်အသွေးနှင့် ဈေးနှုန်းများအရ ဤပစ္စည်းများအားလုံး အလွန်ကောင်းမွန်ကြောင်း သိရှိနိုင်လေသည်။
“လေပွေပန်း၊ နတ်ဝိညာဉ်ကျောက်တုံး ၃ လုံး...”
“ဆီနှင်းမြက်၊ နတ်ဝိညာဉ်ကျောက်တုံး ၂ လုံး...”
“မိုးမခလင်ဇီး၊ နတ်ဝိညာဉ်ကျောက်တုံး ၃၅ လုံး...”
လုံချန်၏ အကြည့်သည် ဆေးပင်များ၏ တန်ဖိုးကိုဖြည်းဖြည်းချင်း ကြည့်ရှုသွားခဲ့သည်။ တစ်နေရာအရောက်တွင် သူ၏အကြည့်က ရုတ်တရက် ရပ်တန့်သွားလေသည်။ ထိုနေရာမှစ၍ ဝိညာဉ်ဆေးပင်များကိုသာ အဓိကဖော်ပြထားပုံရသည်။
“အဲ့ဒီ မိုးမခလင်ဇီး ဆိုတာ သာမန် နက်နဲအဆင့် ဝိညာဉ်ဆေးပင်ပဲ ဖြစ်ပေမဲ့ နတ်ဝိညာဉ်ကျောက်တုံး ၃၅ လုံးတောင် ကုန်ကျတယ်။ တကယ်ပဲ ဈေးကြီးလိုက်တာ။ ဒါပေမဲ့ လက်ရှိ ငါ့မှာ နတ်ဝိညာဉ်ကျောက်တုံး ၁၁ လုံးပဲ ရှိသေးတယ်”
အပြင်လောကသို့ ထွက်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဆင်းရဲမှုအား လက်တွေ့ရင်ဆိုင်လိုက်ရသဖြင့် လုံချန် သည် စိတ်ပျက်စွာ ရယ်မောလိုက်မိသည်။
“ဝိညာဉ်အားဖြည့်ဆေး ရှိမရှိ မင်း ခံစားမိလား...”
“စိတ်မပူနဲ့...” လင်းရှီ က ပြန်ပြောသည် “ဒီမှာ ဝိညာဉ်ဆေးပင်တွေ အများကြီး ရှိတယ်။ အနံ့တွေ ရောထွေးနေတော့ ငါ့ကို သေချာလေးကြည့်ခွင့်ပေးဦး...”
လုံချန် က ပခုံးတွန့်လိုက်ပြီး ဝင်ထွက်နေသော လူများကို ကြည့်ရင်း တွေးတောလိုက်သည် “ဒီနေရာမှာ အားနည်းတဲ့သူ တစ်ယောက်မှ မရှိဘူး။ ယွမ်လင်းမြို့တော်ကို လာခဲ့တာ မှန်သွားတယ်။ ငါ့ခွန်အားက အောက်ဆုံးမှာ ရှိနေတုန်းပဲ။ ဒီလိုမျိုး ဆက်မနေနိုင်တော့ဘူး။ ငါသာ မတော်တဆသေသွားခဲ့ရင် ယန်အိမ်တော်ကို ကယ်မယ့်သူ မရှိတော့ဘူး...”
မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ၏ ခန်းမထဲတွင် ဖောက်သည်များ များပြားနေသော်လည်း အဖွဲ့အတွင်းပိုင်းရှိ လုံခြုံရေးနှင့် ဝန်ဆောင်မှု ဝန်ထမ်းများသည်လည်း အများအပြား ရှိနေသည်။ ဤအချိန်တွင် မိန်းမလှလေးတစ်ဦး က လုံချန်အား သတိပြုမိပြီး ချဉ်းကပ်လာကာ ပြောလိုက်သည်။
“ဧည့်သည်တော် ရှင့်...၊ ဒီအမျိုးသမီးက ဘာများကူညီပေးနိုင်မလဲဆိုတာ မေးပါရစေရှင့်...”
အမျိုးသမီး သည် အရောင်းဝန်ထမ်းတစ်ဦးသာ ဖြစ်သော်လည်း ကျင့်ကြံမှု အဆင့်ကတော့ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ မှာ ရှိနေ၏။ သူမက လုံချန် ထက်ပင် တစ်ဆင့် ပိုမြင့်မားနေသည်။ သူသည် အမျိုးသမီးအပေါ် လေးစားမိသော်လည်း သူမ၏မျက်လုံးထဲမှ မထီမဲ့မြင်ပြုမှုကို မြင်ရသည်နှင့် လေးစားမှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
“ဟုတ်တယ်၊ ငါ တစ်စုံတစ်ခုကို ရှာနေတာ ။ ဒါပေမဲ့ ဒီမှာ ရှိမရှိ မသေချာသေးပါဘူး...”
လုံချန် သည် နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သာ ရှိသော်လည်း သခင်လေးတစ်ဦး လို စကားပြောလိုက်သည်။
ထိုအပြုအမူက အရောင်းဝန်ထမ်းမိန်းမလှလေးကို မကျေနပ် ဖြစ်သွားစေခဲ့သည်။ သူမက လုံချန် ကို စိန်ခေါ်သလို ကြည့်ရင်း ပြောလိုက်၏ “ဘာပစ္စည်း ရှာနေတာလဲ။ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ က ရောင်းချတဲ့ ပစ္စည်းတွေအကုန်လုံးက အရည်အသွေး အကောင်းဆုံးတွေချည်းပဲ။ ဒါပေမဲ့ ဈေးက သာမန်လူတွေ မတတ်နိုင်တဲ့ ဈေးနှုန်းမျိုးပဲ”
လုံချန် သည် လင်းရှီ အတွက် ရောက်လာခဲ့ရခြင်းဖြစ်လေရာ အရောင်းဝန်ထမ်းအမျိုးသမီးနှင့် ရန်ဖြစ်လိုခြင်း မရှိခဲ့ပေ။
“ဝိညာဉ်အားဖြည့်ဆေး လိုချင်တယ်...”
အမျိုးသမီး က ခဏ ငေးကြောင်ကြည့်နေပြီးနောက် ရယ်မောလိုက်သည် “အဲ့ဒီ ပစ္စည်းတွေ တန်ဖိုးတော်တော်များတယ်နော်။ ဧည့်သည်တော် အနေနဲ့တကယ်ပဲ ဝယ်ချင်တာလား”
သူမက လုံချန် ကို အပေါ်အောက် စစ်ဆေးကြည့်လိုက်သည်။ မည်သို့ပင် ကြည့်ကြည့် လုံချန် သည် ချမ်းသာကြွယ်ဝသူ တစ်ဦးပုံစံ မဟုတ်ပေ။ နတ်ဝိညာဉ်ကျောက်တုံး သည် ကောင်းကင်နယ်ပယ် ပညာရှင်များ အသုံးပြုသော ငွေကြေး ဖြစ်နေလို့ပင်။ လုံချန်၏ ပုံစံအရ သာမန်ဝိညာဉ်ကျောက်တုံး ကိုသာ သုံးနိုင်သူ ဖြစ်ပုံရသည်။
“ငါ တစ်ခုတော့ သတိပေးပါရစေ။ ဒီမှာ ချပြထားတဲ့ ပစ္စည်းတွေအားလုံးက နတ်ဝိညာဉ်ကျောက်တုံး နဲ့ သတ်မှတ်ထားတာချည်းပဲ။ သာမန်ဝိညာဉ်ကျောက်တုံး မဟုတ်ပါဘူး”
အမျိုးသမီး၏လေသံက မာန်တက်နေပြီး စကားအသွားအလာကလည်း လွန်ကဲစွာနှိမ့်ချနေသည်။ လုံချန် သည် သူ့စိတ်ထဲတွင် အကြိမ်အနည်းငယ်လောက် ကျိန်ဆဲလိုက်သည်။ သူက စိတ်ဆိုးနေပြီဖြစ်သော်လည်း ပြန်ထိန်းကာ ပြောလိုက်သည်။
“ငါသိပါတယ်။ လမ်းပြပေးပါ...”
ထိုအမျိုးသမီးက လုံချန် ကို ခဏလောက် စိုက်ကြည့်ပြီး လမ်းပြရန် ဦးဆောင်လိုက်သည်။ သူမ၏စိတ်ထဲတွင်တော့ “ဒီ ကျေးတောသားလူယုတ်မာ က ဘယ်ကျောက်ဂူထဲကနေ ထွက်လာတာလဲ။ ပိုက်ဆံ မထုတ်နိုင်ရင် ဘယ်လောက် အရှက်ကွဲမလဲဆို မသိဘူးလား” ဟု တွေးတောနေခဲ့သည်။
အမျိုးသမီးဟာ အစကတည်း စိတ်ရှုပ်နေလေရာ ယခုမူ ဤကျေးတောသားလူငယ်ကြောင့် ပို၍ပင်ဒေါသ ထွက်လာခဲ့သည်။
ဤအချိန်တွင် လင်းရှီ က စိတ်လှုပ်ရှားစွာ အသံပို့လိုက်သည်။
“လုံချန်၊ အခြေခံ နက်နဲအဆင့် ဝိညာဉ်ဖန်တီးခြင်းသစ်သီး တစ်လုံးကို ငါ အာရုံခံမိပြီ”
ဤစကားသံကို ကြားလိုက်သည်နှင့် လုံချန် သည်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ မူလက လင်းရှီအတွက် အလွန်အမင်းစိုးရိမ်နေခဲ့လေရာ ယခုအခါမှာတော့ အနညးငယ် စိတ်အေးချမ်းလာခဲ့သည်။
ဤအချိန်တွင် အမျိုးသမီးက လုံချန်အား ဝိညာဉ်ဖန်တီးခြင်းသစ်သီး တင်ထားသည့် နေရာသို့ မြန်မြန်ဆန်ဆန်ပင် ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် မထီမဲ့မြင်အကြည့်ဖြင့် လုံချန်ကို လှည့်ကြည့်လိုက်သည်။ လုံချန် သည် စျေးနှုန်းကို အနီးကပ် ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည်။ ဝိညာဉ်ပြန်လည်ဖန်တီးခြင်းသစ်သီး၏ တန်ဖိုးမှာ နတ်ဝိညာဉ်ကျောက်တုံး (၁၀၀) လုံး ဟု ရေးထားလို့ပင်။
အခြေခံ နက်နဲအဆင့် ဝိညာဉ်ဆေးပင်တစ်မျိုးတည်းကို နတ်ဝိညာဉ်ကျောက်တုံး (၁၀၀) လုံး ဈေးပေးရသည်။ ဈေးနှုန်းက အလွန်မြင့်မားလှသည်။ လုံချန် တွင် လောလောဆယ် နတ်ဝိညာဉ်ကျောက်တုံး ၁၀ လုံး သာ ရှိသဖြင့် မဝယ်နိုင်လောက်တော့ပေ။
လုံချန်အနေဖြင့် အမျိုးသမီးတစ်ဦး ရှေ့တွင် ပိုက်ဆံ မရှိဘဲ ကြွားဝါမိသလို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
“ငါ အရင်တုန်းက ကျောက်စိမ်းအိမ်တော်မှာ ငွေစတွေကို အလဟဿ ဖြစ်အောင် သုံးခဲ့တုန်းက အပြင်လောကမှာ ဒီလောက်အထိ ဆင်းရဲလိမ့်မယ်လို့ မထင်ခဲ့ဘူး”
လင်းရှီ သည်လည်း အလားတူပင်၊ ဈေးနှုန်းကို မြင်လိုက်သည်နှင့် သူမ၏နှလုံးသားသည် လေးလံသွားခဲ့သည်။ သူမအနေဖြင့် ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးကို မည်မျှ မျှော်လင့်ခဲ့မှန်း သိသာပါသည်။ သို့သော် လုံချန်၏လက်ထဲတွင် ထိုလောက် ပိုက်ဆံ မရှိခဲ့ပေ။
အမှန်တကယ်တော့ လုံချန် သည် အခြေခံအဆင့် နက်နဲဆေးပင်၏ တန်ကြေးက ဆီးနှင်းမြက် နှင့် တန်းတူမည်ဟု ထင်မှတ်ခဲ့သည်။
“မေ့လိုက်ပါ.... လုံချန်။ ငါတို့မှာ ပိုက်ဆံ အလုံအလောက်စုပြီးရင် ပြန်လာကြမယ်။ အလျင်လိုစရာ မရှိပါဘူး...”
လိုချင်တာ မရရှိခဲ့သဖြင့် လင်းရှီသည်လည်း စိတ်ညစ်သွားခဲ့သည်။ မျက်ရည်ဝဲနေသော မျက်လုံးဖြင့် ဝိညာဉ်သစ်သီးကို ကြည့်ရင်း စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
ဤအချိန်တွင် ဘေးနားရှိ အမျိုးသမီးကတော့ လုံချန်၏ လွန်ဆွဲနေသောမျက်နှာကို မြင်လိုက်သည်နှင့်အခြေအနေကို သိရှိနေခဲ့ပြီ ဖြစ်သည်။ သူမက မထီမဲ့မြင်ပြုကာ ပြောလိုက်သည်
“ငါ အစကတည်းက ပြောခဲ့ပြီးသားလေ။ နင့်လို ကျေးတောသားတစ်ယောက်က ဝိညာဉ်ဆေးပင်တွေ ဝယ်နိုင်မှာ မဟုတ်ဘူး။ ပြန်ထွက်တဲ့ လမ်းကို မှတ်မိသေးလား။ မမှတ်မိရင် ငါလည်း လိုက်ပို့ပေးဖို့ စိတ်မဝင်စားဘူး”
ဤသို့ လှောင်ပြောင်စကားများပြောဆိုပြီးနောက် လုံချန် ကို မကြည့်တော့ဘဲ လှည့်ထွက်ရန် ပြင်လိုက်သည်။ ဤအချိန်တွင် လုံချန် က အော်ပြောလိုက်၏
“ခဏ စောင့်...”
အမျိုးသမီး က ပြန်လှည့်ကြည့်ပြီး လုံချန် ကို ရွံရှာစွာ ကြည့်လိုက်သည်။
လုံချန် က ဂရုမစိုက်ဘဲ ချက်ချင်း ပြောလိုက်သည် “မိုးသောက်ကုန်သွယ်ရေးအဖွဲ့ က ဒီလိုဆေးအမယ်တွေကို တခြားပစ္စည်းနဲ့ လဲလှယ်ခွင့် ပေးလား...”
လုံချန် သည် လိုချင်တာကို ရယူရန် အမြဲတမ်းကြိုးစားသူ ဖြစ်သည်။ အထူးသဖြင့် လင်းရှီ လိုချင်သော အရာများအတွက် ဖြစ်သည်။ နည်းလမ်းမျိုး စုံစမ်းမကြည့်ဘဲ ထွက်မသွားနိုင်ပေ။
“လဲလှယ်ပေးမလား” ဟူသော စကားကို ကြားလိုက်သည်နှင့် အမျိုးသမီး က စိတ်မရှည်စွာ ပြောလိုက်သည် “နင် ဘာပစ္စည်း ရှိလို့ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး နဲ့ လဲလှယ်နိုင်မှာလဲ။ ရှိရင် ထုတ်ပြလေ.... ငါ့အချိန်တွေကို မဖြုန်းနဲ့။ တခြား ဖောက်သည်တွေ ရှိသေးတယ်”
လုံချန် က မျက်လုံးကို ကျုံ့လိုက်သည်။ ဤအမျိုးသမီး၏အပြုအမူနှင့် လေသံက သူ့ကို လူသတ်ချင်စိတ် ဖြစ်ပေါ်လာစေသည်။ သို့သော် လက်ရှိ သူရောက်နေသည့်နေရာက ယွမ်လင်းမြို့တော် ဖြစ်နေသဖြင့် သည်းခံနေရသည်။ အထူးသဖြင့် လင်းရှီ အတွက် သည်းခံနေလိုက်သည်။
လင်းရှီ လည်း လုံချန် က နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို အသုံးပြု၍ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးကို လဲလှယ်မည်ဟု ထင်ပြီး စိုးရိမ်လာခဲ့သည်။ သို့သော် လုံချန်၏လက်ထဲမှ သံမဏိနှလုံးများကို မြင်တွေ့လိုက်မှသာ စိတ်အေးသွားသည်။ နတ်ဓားအပြင်ဖက်မှ လုံချန် ကို ကြည့်ရင်း အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ သူမ၏ ရင်ထဲမှာ နင့်ခနဲပင်....
“ဒီ လူယုတ်မာ က ငါ့အပေါ်မှာ ဘာလို့ ဒီလောက် ကောင်းကောင်း ဆက်ဆံရတာလဲ”
လင်းရှီ သည် နားလည်ရန် ကြိုးစားခဲ့သည်။
သို့သော် အမျိုးသမီးက သံမဏိနှလုံးများကို တစ်ချက်သာ လှမ်းကြည့်ပြီး မထီမဲ့မြင်ပြုသလို ရယ်မောလိုက်သည်
“ဒီ အမှိုက်လိုကျောက်တုံးတွေနဲ့ ဝိညာဉ်ဖန်တီးခြင်းသစ်သီးကို လဲချင်တယ်ပေါ့။ ကောင်လေး၊ ငါ့ကို ရယ်ပြီးသေအောင်လုပ်နေတာလား။ ကျေးတောသားက တကယ်ကို ကျေးတောသားပါပဲ။ နင့်ကြည့်ရတာ ကမ္ဘာကြီးကို မမြင်ဖူးသေးဘူးထင်တယ်”
“အိုရွှဲ့! မင်း ဘာလို့ ဒီလို ပြောရတာလဲ”
ဤအချိန်တွင် တည်ငြိမ်အေးဆေးသော အသံ တစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ လုံချန် နှင့် အမျိုးသမီး တို့လည်း လှည့်ကြည့်လိုက်ရာ တစ်ခေါင်းလုံးဆံပင်ဖြူနေသော်လည်း ကလေးမျက်နှာနှင့်အဘိုးကြီး တစ်ဦး ကို တွေ့ရှိခဲ့သည်။ ၎င်း လမ်းလျှောက်လာပုံက ပျံသန်းနေသလိုပင်၊ အလွန်မြန်ဆန်လှသည်။
ကလေးမျက်နှာအဘိုးကြီးကို မြင်လိုက်သည်နှင့် အိုရွှဲ့ ၏ မျက်နှာအမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ သူမက ချက်ချင်းပင် နှိမ့်ချသောလေသံဖြင့် နှုတ်ဆက်လိုက်သည်
“မန်နေဂျာ ကို အရိုအသေပြုပါတယ်ရှင့်....”
သူမက ဆံပင်ဖြူအဘိုးကြီး တစ်ဖြစ်လဲ မန်နေဂျာ ကို နှုတ်ဆက်ပြီးနောက် လုံချန် ကို လှည့်ကြည့်ပြီး သံမဏိနှလုံးများကို စစ်ဆေးလိုက်သည်။
ဤအချိန်တွင် အဘိုးကြီးက လုံချန်အား ခဏ စိုက်ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ မေးလိုက်သည် “ ငါက မန်နေဂျာ ရှောင်တျန်းဖန်! ဒီ သံမဏိနှလုံးသားတွေက လင်းဝူမိသားစု ရဲ့ သံမဏိရုပ်သေးတွေဆီက လာတာလား”
လုံချန်လည်း ဤအဘိုးကြီး က သံမဏိနှလုံးသားများကို သိရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့ ကျင့်ကြံမှုနှင့် ရာထူးအရ အိုရွှဲ့ ထက်ပင် ပို၍အရေးပါနေခဲ့သည်။ ထို့ပြင် ၎င်းက အလွန် ဖော်ရွေသောမျက်နှာထားနှင့် ပျော်ရွှင်စွာ ပြောဆိုနေသဖြင့် လုံချန် က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်...”
ထို့နောက် ရှောင်တျန်းဖန် က လေသံတိုးတိုးဖြင့် ထပ်မေးလိုက်သည် “ဒီ သံမဏိနှလုံးသားတွေ နောက်ထပ် အများကြီး ရှိသေးလား...”
လုံချန် သည် လူအိုကြီး က သံမဏိနှလုံးများကို အလေးအနက်ထားနေကြောင်း မြင်နေရသဖြင့် နားမလည်နိုင်သလိုခံစားမိသည်။ သို့သော် သူသည် ငွေကြေး လိုအပ်နေချိန်ဖြစ်သဖြင့် ရိုးရိုးရှင်းရှင်းပင် အဖြေပြန်ပေးလိုက်ပါသည်။
“နောက်ထပ် အများကြီး ရှိပါသေးတယ်...”
ဤစကားကို ကြားလိုက်သည်နှင့် ရှောင်တျန်းဖန် က ရယ်မောလိုက်ပြီး လုံချန်၏ ပခုံးကို အသာပုတ်လိုက်သည်။
“လူငယ်လေး၊ ငါတို့ ခဏလောက် သီးသန့် စကားပြောလို့ ရမလား”
သီးသန့် စကားပြောရန် ဆိုသည်မှာ လုံချန်အတွက် အခွင့်အရေး ရှိနေပြီ ဖြစ်သည်။
လုံချန် သည် မဆိုင်းမတွဘဲ လက်ခံလိုက်သည်။ ထို့နောက် အိုရွှဲ့ ကို စိန်ခေါ်သလို တစ်ချက် ကြည့်လိုက်ပြီး ရှောင်တျန်းဖန် နှင့်အတူ ထွက်ခွာသွားခဲ့သည်။
အိုရွှဲ့ လည်း မန်နေဂျာရှောင် က လုံချန် ကို အလေးထားနေကြောင်း မြင်လိုက်သဖြင့် မျက်နှာ တစ်ပြင်လုံး ဒေါသကြောင့် နီရဲလာခဲ့သည်။ သူမ၏ဖြူဖွေးသော မျက်နှာပေါ်တွင် သွေးကြောများ ပေါက်ကွဲလုနီးပါး ဖြစ်နေပုံရသည်။ လုံချန်က သူမ၏ပါးပြင်ကို ခပ်ပြင်းပြင်းရိုက်သွားသလိုပင် ခံစားလိုက်ရသည်။
“ဒီတောသားကောင်! တကယ်ပဲ ရိုက်နှက်ချင်စရာ ကောင်းတယ်။ နင် ငါ့ရှေ့မှာ နောက်တစ်ခါ မျက်နှာလာမပြမိစေနဲ့ လို့သာ ဆုတောင်းနေစမ်း...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၇)
အပိုင်း ၈၂ - ရက်ရောသူ
“ဒီအဘိုးကြီး က ဘယ်သူလဲ၊ သံမဏိနှလုံးသားတွေကို ဘာလို့ ဒီလောက် စိတ်ဝင်စားနေရတာလဲ”
လုံချန် သည် ရှောင်တျန်းဖန် နောက်ကို လိုက်ပါလာရင်း စိတ်ထဲတွင် တွေးနေခဲ့သည်။
“ဒီ သံမဏိနှလုံးသားတွေက လင်းဝူမိသားစု ရဲ့ ရတနာပစ္စည်းတွေ လို့ဆိုလို့ရတယ်။ သူ ဒါကိုတောင် သိနေရင် ငါက လင်းဝူမိသားစုရဲ့ တပည့်တစ်ယောက် ဆိုတာလည်း သိနေမှာပဲ။ ဒါပေမဲ့ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ရဲ့ ခွန်အားနဲ့ ဆိုရင် ငါ့ကို ဒီလောက်အထိ ဖော်ရွေဖော်ရွေ ဆက်ဆံဖို့ မလိုအပ်ပါဘူး။ ဟုတ်တယ် မဟုတ်လား....”
ဤအချိန်တွင် ရှောင်တျန်းဖန် သည် လုံချန်၏သံသယများကို ခံစားမိသလိုပင်၊ သူက ရုတ်တရက် ပြုံးလိုက်ပြီး ပြောလေသည်
“လူငယ်လေး၊ မင်းရဲ့ သံမဏိနှလုံးသားတွေကို ငါ တကယ် ဝယ်ချင်တာပါ။ ဒါပေမဲ့ မင်း စိတ်မပူပါနဲ့၊ ဒီလဲလှယ်မှုကို ငါ ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး။ ဒါ့အပြင် ဒီ သံမဏိနှလုံးသားတွေက မင်းအတွက် ဘာမှ အသုံးမဝင်ပါဘူးလေ...”
လင်းဝူမိသားစု၏ စည်းမျဉ်းအရ သံမဏိနှလုံးသား၏တန်ဖိုးက သိပ်မမြင့်မားသည့်အတွက် အပိုရရှိထားသည့်အရာများကို အပိုင်သိမ်းယူထားနိုင်လေသည်။ ထို့ကြောင့် လုံချန် သည် လင်းဝူမိသားစု ထံသို့ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို မကြောက်ခဲ့ပေ။ ဤအဘိုးကြီး က သံမဏိနှလုံးသားကို အလေးထားနေသော်လည်း အမှန်တကယ်တော့ ၎င်းသည် သူ့ကိုသာ အဓိကအာရုံစိုက်နေမှန်း လုံချန်လည်း ခံစားမိခဲ့သည်။
သိပ်မကြာလိုက်ပေ၊ သူတို့နှစ်ယောက်သည် သီးသန့်အခန်းတစ်ခု ထဲသို့ ရောက်ရှိလာခဲ့ကြသည်။
“ဒါက ငါတို့ဌာနခွဲရဲ့ VIP(အထူးဧည့်သည်တော်) အခန်း ဖြစ်ပါတယ်။ ထိုင်ပါဦး.... လူငယ်လေး...”
ဤနေရာသည် အပြင်ဖက်ခန်းမနှင့် နီးကပ်နေသဖြင့် လုံချန် သည် အဘိုးကြီး က သူ့အား လုပ်ကြံတိုက်ခိုက်မည်ကို မစိုးရိမ်ခဲ့ပေ။ သူက တည့်တိုးပင်မေးလိုက်တော့၏ “အကြီးအကဲရှောင်! ဒီဂျူနီယာကို ဘယ်လိုကြောင့် အထူးဧည့်ခန်းထဲထိ ဖိတ်ခေါ်ရတာလဲ”
ရှောင်တျန်းဖန် က အနည်းငယ်ရယ်မောလိုက်သည် “ဘာအကြောင်းမှ မရှိပါဘူး။ မင်း လက်ထဲမှာ ရှိသမျှ သံမဏိနှလုံးအကုန် ငါ့ကို ရောင်းလိုက်။ ငါ မင်းကျေနပ်လောက်တဲ့ ဈေးပေးမယ်။ သံမဏိနှလုံးသားတွေထဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင် ပါနေပေမယ့် ကျင့်ကြံသူတွေ စုပ်ယူလို့ မရဘူး။ ဒါ့ကြောင့် မင်းအတွက်သိမ်းထားရင်တောင်မှ အသုံးမဝင်နိုင်ဘူး”
အရင်ကတည်းက လင်းရှီ ပြောပြထားသောကြောင့် လုံချန် သည် ဤအချက်ကို သိရှိထားခဲ့ပြီး ဖြစ်သည်။ ဤအချက်ကို ပြောပြလိုက်ခြင်းက ကံစမ်းကြည့်ရန်သာ ဖြစ်သည်။ ရှောင်တျန်းဖန် သည် သိရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ လုံချန် သည် သံမဏိနှလုံးသားများကို ချက်ချင်း ထုတ်မပြသေးဘဲ မေးလိုက်သည်။
“ဒါဆို အကြီးအကဲ က သံမဏိနှလုံးသား တစ်ခုကို ဘယ်လောက်ပေးနိုင်မလဲ”
“ကောင်းပြီ... ။ အခု ငါပေးနိုင်တဲ့ အမြင့်ဆုံး ဈေးကို ပြောပြမယ်။ တစ်ခုကို နတ်ဝိညာဉ်ကျောက်တုံး ၃ လုံး ....”
ရှောင်တျန်းဖန် က လက်ဖက်ရည်အိုးကို မ၍ လုံချန်အတွက် တစ်ခွက် လောင်းပေးကာ ကိုယ်တိုင်လည်း သောက်လိုက်သည်။ ထို့နောက် ဆက်ပြောပါသည်
“ရိုးရိုးသားသား ပြောရရင် ငါ ဝယ်နေတဲ့ ဒီ သံမဏိနှလုံးသားတွေက မိုးသောက်ကုန်သွယ်ရေးအဖွဲ့ နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါကြောင့် ဒီထက် ပိုပေးလို့ မရတာပဲ”
လုံချန် ရခဲ့သည့် သံမဏိနှလုံးသား အရေအတွက်က စုစုပေါင်း ၁၀၅ လုံးပင်။ လင်းဝူမိသားစု သို့ ၇၅ လုံး ပေးအပ်ခဲ့ရာ သူ့လက်ထဲတွင် အလုံး ၃၀ တော့ ကျန်ရှိနေသေး၏။ ရှောင်တျန်းဖန် ပေးထားသည့် ဈေးနှုန်းအရဆိုလျှင် သူ့အနေဖြင့် စုစုပေါင်း နတ်ဝိညာဉ်ကျောက်တုံး အလုံး ၉၀ ခန့် ရရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ၁ လုံး ဝယ်ယူပြီးသည်နှင့် လုံချန် သည် ကုန်းကောက်စရာ ဘာမှကျန်တော့မည်မဟုတ်ပေ။
အစကတော့ လုံချန် သည် ဈေးညှိချင်ခဲ့သော်လည်း တစ်ဖက်လူက အလွန် ပြတ်သားနေသည်။ ထို့ပြင် ဤဈေးနှုန်းသည် သူ မျှော်လင့်ထားသည်ထက် ပိုကောင်းနေသဖြင့် မငြင်းပယ်တော့ဘဲ လက်ခံလိုက်၏ ။
“ဒီဂျူနီယာ က လက်ခံပါတယ်...”
“မင်းမှာ နောက်ထပ် သံမဏိနှလုံးသား ဘယ်လောက်ကျန်သေးလဲ”
သူ့လေသံအရ ဤကိစ္စသည် ရှောင်တျန်းဖန် အတွက် အလွန်အရေးကြီးပုံ ရသည်။
လုံချန်၏စိတ်ထဲတွင် သံသယ အနည်းငယ် ရှိနေသော်လည်း သူက ပြောလိုက်သေးသည်။
“စုစုပေါင်း သံမဏိနှလုံးသား အလုံး ၃၀ ရှိသေးတယ်...”
ရှောင်တျန်းဖန်၏ မျက်နှာအမူအရာက တောင့်တင်းသွား၏။ သူက လုံချန် ကို အနီးကပ် စိုက်ကြည့်ပြီး ပြောသည်
“၇၅ လုံး နဲ့ ၃၀ ပေါင်းရင် ၁၀၅ လုံး တောင်မှပဲ။ နဂါးသွေးကြောနယ်ပယ် အဆင့် ၈ လူငယ်တစ်ယောက်က သံမဏိနှလုံးသား ၁၀၅ လုံး ရခဲ့တာ ဆိုရင် လင်းဝူမိသားစုရဲ့ အပြင်စည်းဂိုဏ်းထဲမှာတောင် ထိပ်တန်း ပါရမီရှင် အဆင့်ပဲ။ အရင်က အဲ့နေရာမှာ ရှိခဲ့တဲ့ လူက သံမဏိနှလုံး ၁၀၂ လုံး ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့အချိန်မှာ သူ့အသက်က ၁၀ နှစ်ပဲ ရှိသေးတယ်”
ရှောင်တျန်းဖံ ထံမှ ၇၅ လုံး ရခဲ့သူ ဟူသော စကားကို ကြားလိုက်သည်နှင့် လုံချန် သည် ဤအဘိုးကြီးက သူ့အကြောင်းကို သိရှိထားမှန်း သိလိုက်လေတော့သည်။
“ဒီအဘိုးကြီး ငါ့ဆီက သံမဏိနှလုံးသားတွေကို ဝယ်ယူချင်နေတာက တခြား ရည်ရွယ်ချက် ရှိနေတာ သေချာတယ်။ လက်စသတ်တော့ သူ စိတ်ဝင်စားတာ သံမဏိနှလုံးသားတွေ မဟုတ်ဘဲ ကိုယ်တိုင် ဖြစ်နေတာကိုး...”
လုံချန်၏မျက်နှာအမူအရာကို သတိပြုမိသည်နှင့် ရှောင်တျန်းဖန် လည်း လူငယ်လေးဟာ သူ၏ရည်ရွယ်ချက်ကို သိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် သူလည်း ကွေ့ဝိုက်မနေတော့ဘဲ ရိုးသားစွာ ချီးကျူးရင်း ပြောလိုက်သည်။
“ရိုးရိုးသားသားပဲ ပြောကြရအောင်။ ငါ့ရဲ့သတင်းကွန်ယက်က လင်းဝူမိသားစု နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အကုန်လုံးသိနိုင်တယ်။ မင်း အပြင်စည်းဂိုဏ်းခွဲကို အခုမှဝင်လာတဲ့ တပည့်အသစ်ပဲ။ ပြီးတော့ ဘယ်ဂိုဏ်းခွဲ ထဲကို ဝင်ခဲ့လဲ ဆိုတာပါ ငါ သိတယ်။ ဒါပေမဲ့ မင်း သံမဏိနှလုံးသား ၁၀၅ လုံး ရခဲ့တာတော့ ငါ့ကို အံ့အားသင့်သွားစေတယ်”
“အကြီးအကဲရှောင် က ငါ့ကို ခေါ်ယူချင်နေတာလား”
လုံချန် က ပြုံးနေသလို မပြုံးသလို မျက်နှာဖြင့် ကြည့်လိုက်သည်။
ရှောင်တျန်းဖန် က ပြုံးရင်း ပြန်ဖြေလေသည်။
“မင်းက တကယ်ကို ထက်မြက်တဲ့ ကလေးပဲ။ ရှင်းရှင်းလင်းလင်း ပြောရရင် မင်းသာ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ထဲ ဝင်လာရင် လင်းဝူမိသားစု မှာထက် ပိုပြီး ဂရုစိုက်မှု ရမယ်၊ လေ့ကျင့်မှု ပိုရမယ် ဆိုတာ ငါ အာမခံနိုင်တယ်။ လင်းဝူမိသားစု ထဲမှာ ပါရမီရှင်တွေ အများကြီး ရှိနေတော့ မင်း ကြားညပ်သွားနိုင်တယ်”
ရှောင်တျန်းဖန်၏ စကားများသည် ကျွမ်းကျင်သူ တစ်ဦး အနေနှင့် ပြောဆိုခဲ့ခြင်း ဖြစ်သည်၊ လုံချန် ကို ဖိအားပေးရန် ရည်ရွယ်ခဲ့သော်လည်း သူ့အနေဖြင့် စိတ်မဝင်စားတော့ပေ။
“ဒီ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ က သိပ်မဆိုးပါဘူး။ ငါ့အတွက် သွေးဝိညာဉ်ဂိုဏ်း ကို ဖယ်ရှားဖို့ ကူညီပေးမယ့် အခွင့်အရေး ရှိနိုင်တယ်။ ဒါပေမဲ့ လင်းဝူမိသားစု ကနေ ဒီလို ထွက်သွားရင်...”
ဤအချက်ထိ တွေးမိသည်နှင့် လုံချန် က တည်ငြိမ်စွာ ပြုံးရင်း ပြောလိုက်သည်
“အကြီးအကဲရှောင်! မနောက်ပါနဲ့။ ငါ့အနေနဲ့ မကြာသေးခင်ကမှ လင်းဝူမိသားစု ထဲကို ဝင်ခဲ့တာလေ။ အခုပဲ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ကို ပြောင်းလိုက်ရင် ဆုံးဖြတ်ချက် မခိုင်မာတဲ့ လူကို မင်းတို့လဲ လိုချင်ပါ့မလား။ တစ်နေ့ကျရင် ငါ တခြား အဖွဲ့အစည်းကို ပြောင်းသွားမှာ မင်း မစိုးရိမ်ဘူးလား”
ရှောင်တျန်းဖန် သည် လုံချန်၏ စကားကို ကြားလိုက်သည်နှင့် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူက ချက်ချင်းပင် ယုံကြည်မှုအပြည့်နှင့် ပြန်ပြောလိုက်သည်
“ငါ ယုံကြည်တယ်။ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ က ပေးနိုင်တဲ့ အခွင့်အရေးထက် ပိုကောင်းတဲ့ အခွင့်အရေးမျိုး ဘယ်သူမှ မပေးနိုင်ဘူး”
လုံချန် က လက်ကို ယမ်းလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည် “အကြီးအကဲရှောင်! ဒီနေ့ ငါ့ကို တန်ဖိုးထားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ငါ နေရောင်ရှိတဲ့ ဖက်ကို ငုံ့ပြီး ပေါက်နေတဲ့ နံရံပေါ်က မြက်ပင်လို မဖြစ်ချင်ဘူး။ ဒါကြောင့် အခု ငါ့ကို ပြန်ခွင့်ပြုပါ။ တကယ်လို့ ငါကမိုးသောက်ကုန်သွယ်ရေးအဖွဲ့ နဲ့ ကံကြမ္မာ ဆက်စပ်နေတယ်ဆိုရင် ငါကိုယ်တိုင် ဒီကို ပြန်လာပြီး အကြီးအကဲရှောင် နဲ့ တွေ့ပါ့မယ်”
လုံချန် က ပြတ်သားစွာ ပြောလိုက်သည်နှင့် ရှောင်တျန်းဖန် လည်း အလျင်စလို လုပ်လျှင် အရသာရှိရှိ မစားနိုင် ဟူသော စကားကို နားလည်လိုကိသည်။ ထို့ကြောင့် သူက အတင်းပြုံးရင်း ပြောလိုက်သည်။
“မင်း ဒီလို ပြောမှတော့ လုံချန်! မင်း ဘယ်အချိန်မဆို ဒီကို လာနိုင်တယ်။ အချိန်ရောက်ရင် ကြည့်ကြမယ်။ လင်းဝူမိသားစု က မင်းနဲ့ မကိုက်ညီဘူးလို့ ခံစားရရင် ဒီကို လာခဲ့ပါ။ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ရဲ့ တံခါးက မင်းအတွက် အမြဲ ဖွင့်ထားမယ်”
ရှောင်တျန်းဖန်၏ မျက်လုံးထဲတွင် ရိုးသားမှုကြောင့် လုံချန် သည် စိတ်ထဲတွင် ခဏတာ ရုန်းကန်ရသလို ဖြစ်ခဲ့သော်လည်း သူ့ဆုံးဖြတ်ချက်ကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။ ထို့ကြောင့် ငြင်းပယ်ရုံသာတတ်နိုင်သည်။
“ဒါဆို လုံချန် က အကြီးအကဲရှောင် ကို ကျေးဇူးတင်ပါတယ်”
ရှောင်တျန်းဖန် က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောပါသည်
“ဘာမှ မဖြစ်ပါဘူး။ အိုး .... ဟုတ်တယ်၊ မင်း မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ကို ဘာကိစ္စ လာတာလဲ။ သံမဏိနှလုံးသားတွေကို ဘာလို့ လဲလှယ်ချင်တာလဲ ဆိုတာ ငါသိလို့ရမလား”
“ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး လိုချင်လို့ပါ”
ရှောင်တျန်းဖန် က ပွင့်ပွင့်လင်းလင်း ပြုံးရင်း ပြောသည်
“ငါ အိုရွှဲ့ ကို မင်းအတွက် ယူခိုင်းထားတယ်”
လုံချန် က ခေါင်းခါလိုက်ပြီး ပြောသည်
“အကြီးအကဲရှောင်! အခု ငါက မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ရဲ့ အဖွဲ့ဝင် မဟုတ်သေးပါဘူး။ မထိုက်တန်ရင် ဆုချမခံရဘူး ဆိုတဲ့ စကားအတိုင်း ဒီ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ကို ငါကိုယ်တိုင် ဝယ်ယူချင်ပါတယ်။ သံမဏိနှလုံးသား အလုံး ၃၀ နဲ့ နတ်ဝိညာဉ်ကျောက်တုံး ၁၀ လုံး ထပ်ပေးပါ့မယ်”
ရှောင်တျန်းဖန်၏အကြည့်ထဲတွင် တည်ကြည်မှုများ ရှိနေလေသည်။ သူက ပြောလိုက်၏
“ငါ မင်းကို ဒါပေးတယ်ဆိုတာ ငါတို့နှစ်ယောက်ကမိတ်ဆွေရင်းချာတွေ ဖြစ်လို့ပဲ။ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါတောင် မင်း လက်မခံဘူးလား”
လုံချန် သည် ရှောင်တျန်းဖန်၏ စကားကြောင့် စိတ်လှုပ်ရှားမသွားခဲ့ပေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“အကြီးအကဲရှောင်! ရိုးရိုးသားသား ပြောရရင် ဒီ လက်ဆောင်ပေးတဲ့အတွက် ငါ အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ တကယ်အမှန်က အကြီးအကဲဟာ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ကို ကိုယ်စားပြုနေတာ လေ။ ငါ့ကို လက်ဆောင်ပစ္စည်းပေးမယ်ဆိုရင် ငါ့အနေနဲ့ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ထဲ ဝင်ဖို့ ဆုံးဖြတ်ပြီးမှ ပေးပါလား”
ရှောင်တျန်းဖန် က လုံချန် ကို ခဏကြာ စိုက်ကြည့်ပြီး ရေရွတ်လိုက်သည်။
“ဒီကလေး မွေးရာပါ ပါရမီ မဆိုးဘူး၊ ခန္ဓာကိုယ်ထဲမှာလည်း လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိတယ်၊ ရဲစွမ်းသတ္တိလည်း ရှိတယ်၊ ဇွဲလုံ့လ ရှိတယ်။ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ဒီလို လူငယ်တစ်ယောက်ကို ငါ အလျင်စလို ကမ်းလှမ်းလိုက်ရင် သူ သဘောမကျဖြစ်သွားနိုင်တယ်”
ထို့ကြောင့် သူက လုံချန် ပေးလိုက်သည့် ပမာဏအတိုင်း လက်ခံယူလိုက်ပြီး ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းက ဒီလို ပြောနေမှတော့ လက်ခံလိုက်မယ်”
“အကြီးအကဲရှောင် မှာ တခြား ဝိညာဉ်အားဖြည့်ဆေးတွေ ရှိသေးလား”
“ဒီလို အဆင့်နိမ့်တဲ့ ဆေးတွေက အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ အဆင့်မြင့်ဆေးတွေက လူတစ်ယောက်ရဲ့ ဉာဏ်ရည်နဲ့ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ပေမယ့် လူချင်း ကွဲပြားတယ်၊ အတိုချုပ်ပြောရရင် အရမ်း ရှားပါးတယ်။ လောလောဆယ် ငါ့မှာ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး တစ်လုံးပဲ ရှိတယ်။ ဒါပေမဲ့ မင်း လိုအပ်ရင် အသစ်ရောက်လာတဲ့ ပစ္စည်းတချို့ ရှိတယ်။ တစ်ယောက်ယောက်ကို ပို့ပေးခိုင်းလိုက်မယ်”
လုံချန် က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အကြီးအကဲရှောင် ကို အများကြီး အလုပ်ရှုပ်စေမိပြီ။ ဒီဂျူနီယာမှာ တခြား ကိစ္စတွေ ရှိနေသေးလို့ အရင် ပြန်ပါတော့မယ်”
“အင်း...။ ဒါဆို နှုတ်ဆက်ပါတယ်။ အိုရွှဲ့ ကို ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ပေးခိုင်းလိုက်မယ်”
ထိုစကားပြောပြီးနောက်မှာ နှစ်ယောက်သား အပြင်ထွက်လာခဲ့ကြသည်။ အပြင်ဖက်တွင် အိုရွှဲ့ ဆိုသည့် အရောင်းဝန်ထမ်းက စောင့်နေခဲ့သည်။ သူမက လုံချန် ကို မုန်းတီးစွာ ကြည့်လိုက်သည်။
သူမ မလိုလားသော်လည်း ရှောင်တျန်းဖန်၏ အမိန့်ကြောင့် ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ကို လုံချန် ထံ လွှဲပေးခဲ့သည်။ နောက်ထပ် ညွှန်ကြားချက်အရ လုံချန် ကို မိုးသောက်ကုန်သွယ်ရေးအဖွဲ့၏ အပြင်ဖက်ထိတိုင် လိုက်ပို့ခဲ့ရသည်။
“ငါတို့ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ ရဲ့ အမြတ်အစွန်းက ဒီလိုနဲ့ပဲ လက်လွတ်လိုက်ရပြီလား”
အိုရွှဲ့ က ကိုယ့်ကိုယ်ကို ကြားရုံသာ ရေရွတ်နေသော်လည်း လုံချန် ကတော့ ထိုစကားကို ကောင်းကောင်းကြားလိုက်ပါသည်။
“ဘယ်သူက မင်းတင်ပါးကို ရိုက်လိုက်တယ်လို့ ပြောနေတာလဲ။ မင်း တကယ်ပဲ အရှက်မရှိဘူး။ မင်းကို ထိရင် ငါ့လက်တွေ ညစ်ပတ်သွားမှာ စိုးရိမ်မိတယ်”
ထိုကဲ့သို့ စနောက်ပြီးနောက် လုံချန် သည် ထွက်ခွာသွားလေတော့သည်။ သူက အိုရွှဲ့၏ ဒေါသတကြီး အကြည့်များရှေ့မှာပဲ မိုးသောက်ကုန်သွယ်ရေးအဖွဲ့ခွဲ မှ မြန်မြန်ထွက်ပြေးလာခဲ့သည်။
“ရှီအာလေး၊ အဲ့ဒီ အနံ့ဆိုးဆိုးအမျိုးသမီး ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မင်း မြင်ခဲ့လား။ မျက်နှာပေါ်မှာ နွားချေး လိမ်းကျံထားသလိုပဲ”
လင်းရှီ က နှာရှုံ့လိုက်ပြီး ပြုံးရင်း ဆူပူလိုက်သည် “နင် တကယ်ပဲ ဆိုးတယ်။ သူမ နင့်ကို စကား နည်းနည်းလောက်ပဲ ပြောခဲ့တာ၊ ဒါပေမဲ့ နင် သူမကို ဒီလောက်ထိ ဒေါသထွက်အောင် လုပ်ခဲ့သေးတယ်”
“ဘာပဲဖြစ်ဖြစ် နင်လုပ်တာမှန်တယ်။ ဒါ သူမ နဲ့ ထိုက်တန်တာပဲ”
ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီး ရရှိလာပြီးနောက် နှစ်ယောက်စလုံး အလွန် စိတ်လှုပ်ရှားနေကြသည်။ လုံချန် သည် အတွေ့အကြုံ များစွာ ရှိခဲ့သော်လည်း လူငယ်တစ်ယောက်သာ ဖြစ်သည့်အတွက် လူငယ်ဆန်သော စိတ်ဓာတ် ရှိနေဆဲ ဖြစ်သည်။ ဝိညာဉ်ဖန်တီးခြင်းနတ်သစ်သီးကို ရရှိပြီးနောက် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့သည်။
နှစ်ယောက်သား လင်းဝူမြို့တော်ဆီသို့ အမြန်ပြန်လာခဲ့ကြသည်။ နေ့လည်ပိုင်းတွင် အစိမ်းရောင်တိမ်တိုက်ဂိုဏ်းခွဲ သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လုံချန် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် စီနီယာအစ်ကိုကန်လင် သည် သိုင်းပညာခန်းမထဲတွင် သူ့ကို ကြိုစောင့်နေခဲ့ကြောင်း တွေ့ရှိခဲ့သည်။
“မင်း သံမဏိနှလုံးသား ၁၀၅ လုံး ရခဲ့တာ ဟုတ်တယ်မဟုတ်လား”
တွေ့ဆုံချိန်တွင် ကန်လင် က စိတ်အားထက်သန်စွာ မေးလိုက်သည်။
လုံချန် သည် ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။
ကန်လင် က လုံချန်၏ပုံစံကို မြင်လိုက်သည်နှင့် ချက်ချင်း ပြောလိုက်သည်။
“မင်းတို့ လူငယ်တွေ မျက်နှာပျက်တာ တကယ် ကျွမ်းကျင်တယ်။ နောက်ဆုံး စစ်ဆေးချိန်မှာ မင်း ဖြတ်သန်းခဲ့တဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ သံမဏိနှလုံးသား အခု ၃၀ လုံး ပျောက်နေတာ မတွေ့ခဲ့ရင် ငါ ဘာမှ မသိနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒါတွေဟာ အတိတ်က အောင်မြင်မှုတွေပဲ၊ အခု ငါ မင်းကို တခြား ကိစ္စ တစ်ခု ပြောဖို့ လာခဲ့တာ”
ကန်လင် က သံမဏိနှလုံးသား ကိစ္စကို ကျော်သွားပုံပင်။ ထိုမှသာ လုံချန် သည် အသက်ရှူချောင်သွားသလို ခံစားလိုက်ရသည်။
“ကံကောင်းပါတယ်၊ သူ ဘာမှ မမေးခဲ့ဘူး။ မဟုတ်ရင် ငါ ပြီးသွားပြီ။ ဒီ သံမဏိနှလုံးတွေက သိပ်ပြီးတန်ကြေးမရှိဘူး ထင်တယ်။ ရှောင်တျန်းဖန် က တစ်လုံးကို နတ်ဝိညာဉ်ကျောက်တုံး ၃ လုံး ပေးခဲ့တာ ငါ့ကို ဆွဲဆောင်ချင်လို့ပဲ”
ထို့နောက် လုံချန် သည် သံမဏိနှလုံးသား ကိစ္စကို ချန်ထားခဲ့ပြီး မေးလိုက်သည်။
“စီနီယာအစ်ကို ကန် က ဘာကိစ္စ ပြောချင်တာလဲ”
ကန်လင် က ကုလားထိုင်တစ်လုံး ဆွဲယူထိုင်လိုက်ရင်း ပြောသည် “အကြီးအကဲလျူ က မင်းကို ပြောခိုင်းလိုက်တယ်။ သွေးဝိညာဉ်ဂိုဏ်း က ကျော်ကြားခြင်းမြို့ကို ဘာမှ လှုပ်ရှားမှု မလုပ်သေးဘူး။ ဒါက မင်း စိတ်အေးအေးထားပြီး ပထမဆုံး တာဝန်ကို အောင်မြင်အောင် လုပ်နိုင်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ လုံချန်...”
ဤစကားကို ကြားလိုက်သည်နှင့် လုံချန် သည် ပခုံးပေါ်မှ ဝန်ထုပ်ကြီးတစ်ခု လျော့ပါးသွားသလို ခံစားလိုက်ရသည်။ သို့သော် ကန်လင် ၏ “ဒါပေမဲ့” ဟူသေယ စကားလုံး သုံးလုံးက သူ့ကို ရင်ထိတ်သွားစေခဲ့သည်။
“မင်းရဲ့ ပထမဆုံး တာဝန်ကို ခွဲပေးဖို့ နောက်သုံးရက်လောက်တော့ ကျန်သေးတယ်။ မင်းရဲ့ တာဝန် အတိအကျ မဆုံးဖြတ်ရသေးပေမယ့် အကြီးအကဲလျူ က ဟွမ်ဖေးယန် နဲ့ ဝမ် တို့ကို မင်းရဲ့ ပထမဆုံး တာဝန်မှာ စစ်ဆေးသူ အဖြစ် ခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်။ အဲ့အချိန်မှာ...”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ