← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 10 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 10 Ch. 117-118

အပိုင်း ၁၁၇

ဆန်းကြယ် ဆဌမအဆင့် ခရမ်းရောင်နဂါး အကြောင်း ရှင်းပြပြီးနောက် ခန်းမအရှင်လဲ့ယွမ် က လုံချန်၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို ကြည့်ရင်း ခပ်တိုးတိုးရယ်လိုက်သည်။ လုံချန် က နတ်ဆိုးဝိညာဉ်ပုလဲ ကို လိုချင်သည့်ဟန် ပြနေသောကြောင့် သူ့စိတ်ထဲမှာလည်း စိတ်သက်သာရာ ရသွားခဲ့သည်။ လုံချန် က သူ့အတွက် မမျှော်လင့်ထားသော အံ့သြဖွယ်ရာတစ်ခုပင်။ ယခုလို စိတ်ကျေနပ်မှုမျိုးမရတာ ကြာခဲ့ပြီဖြစ်ရာ လက်ရှိမှာ ခန်းမအရှင်လဲ့ယွမ်က တော်တော်လေး ပျော်ရွှင်နေမိသည်။ တစ်ချိန်တည်းမှာပင် သူက သမီးဖြစ်သူကို တစ်ချက်လှမ်းကြည့်ရင်း အလွန်နှစ်သက်အားရနေခဲ့လေသည်။ လဲ့လန်က ဤအတောအတွင်း လုံချန် ကို ဖိအားပေး လေ့ကျင့်စေခဲ့ကြောင်း သိနေလို့ပင်။ လုံချန်၏ ခွန်အားတိုးတက်လာမှုက အစိမ်းရောင်နေမင်းဌာနခွဲအတွက်လည်း လုံးဝအရေးပါနေခဲ့သည်။ ခန်းမအရှင်လဲ့ယွမ် က စိတ်ထဲ၌ တွေးနေသည်မှာ “လန်အာ က ဒီကလေးကို သွေးဝိညာဉ်ဂိုဏ်းအကြောင်း ပြောပြထားပြီ ဆိုရင် ငါ ထပ်ပြောစရာမလိုလောက်တော့ဘူး။ ဒါပေမဲ့ သူ့ကို တခြားကိစ္စတစ်ခုနဲ့ ဆွေးနွေးရမယ်”

ခဏကြာစဉ်းစားပြီးနောက် ခန်းမအရှင်လဲ့ယွမ် ကပြောလိုက်သည် “လုံချန်! လာမယ့်ရက်ပိုင်းမှာ ကျင်းပတော့မယ့် အတွင်းစည်းဂိုဏ်း တပည့်ရွေးချယ်ပွဲအကြောင်း မင်း သိလား...”

“အတွင်းစည်းဂိုဏ်း ဝင်ခွင့်လား...”

လုံချန် က ကန်လင် ထံကနေ အတွင်းဂိုဏ်းစည်းဂိုဏ်း ဝင်ခွင့်ရွေးချယ်ပွဲအကြောင်း ကြားဖူးထားခဲ့သည်။ သို့ရာတွင် ကန်လင် ပြောခဲ့သည်မှာ လုံချန်အနေဖြင့် အနည်းဆုံး ကောင်းကင်ယွမ်အဆင့် သို့ရောက်နေမှသာဟူ၍ ပြောခဲ့သည်။

“ခန်းမအရှင် က ငါ့ကို အတွင်းစည်းဂိုဏ်းဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်နိုင်တယ်လို့ အရိပ်အမြွက် ပြောနေတာများလား ...” လုံချန်က ခန်းမအရှင်လဲ့ယွမ်၏စကားကို တွေးတောနေခဲ့သည်။

“ဟုတ်တယ်။ အခု အပြင်စည်းဂိုဏ်း အသီးသီး က ပြိုင်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ ကို ရွေးချယ်ပြီးကြပြီ။ ငါတို့ရဲ့ အစိမ်းရောင်နေမင်းဌာနခွဲက ပြိုင်ပွဲဝင် တစ်နေရာစာ အမည်စာရင်း တင်ခွင့် ရှိနေတယ်။ ဒီရက်ပိုင်းထဲမှာ မင်းအကြောင်းကို တင်ပြလိုက်မယ်။ တကယ်လို့ စိစစ်မှု အောင်ခဲ့ရင် မင်းအနေနဲ့ အတွင်းစည်းဂိုဏ်း ဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်ခွင့် ရလိမ့်မယ်...”

လုံချန် က ရုတ်တရက်စဉ်းစားမိသည်မှာ ခန်းမအရှင်လဲ့ယွမ် ရှေ့ တွင် သူ့ကိုယ်သူ အောက်ကျို့ချင်ယောင်ဆောင်ခြင်းက တန်သည်ဟု ခံစားမိသည်။ လူအိုကြီးက သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေသဖြင့် လုံချန်လည်း ချက်ချင်း ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

“ငါ လုံချန် က မဟာအကြီးအကဲ ရဲ့ကျေးဇူးတရား ကို ပြန်ပေးဆပ်ဖို့ အစွမ်းကုန် ကြိုးစားမှာပါ ”

“ဟား..ဟား… ပြောတာ ကောင်းတယ်ဟေ့...”

ခန်းမအရှင်လဲ့ယွမ် က မုတ်ဆိတ်ရှည်ကြီး ကို ပွတ်သပ်ရင်း တဟားဟားရယ်လိုက်သည်။ အရင်က သူလည်း လုံချန် ကို အထင်အမြင်သေးကာ လှောင်ပြောင်ခဲ့ဖူး၏။ လက်ရှိမှာ လုံချန်အပေါ် ထားရှိသော သူ့သဘောထား တရားလွန်ဖြစ်နေခဲ့သည်။ လုံချန် ကို သူ၏သားတစ်ယောက်အလား ဆက်ဆံနေသည်။ အမှန်တော် သူကိုယ်တိုင်ပင် အနည်းငယ် ရှက်ရွံ့နေမိသည်။

“ဒါပေမဲ့ အရမ်း စိတ်လှုပ်ရှားနေပါနဲ့ဦး။ မင်း အခု မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် မှာ ရှိနေပေမယ်လို့ အတွင်းစည်းဂိုဏ်း ဝင်ဖို့ လိုအပ်ချက်တွေ ကို မဖြည့်ဆည်းနိုင်သေးဘူး။ မင်း ပိုကြိုးစားရမယ်။ ရွေးချယ်ပွဲ မစခင်မှာ ဆန်းကြယ်ဆဌမအဆင့်ခရမ်းရောင်နဂါးရဲ့ ဝိညာဉ်ပုလဲကို သန့်စင်နိုင်မှပဲ အခွင့်အရေး ရနိုင်မယ်”

“ဒီ ရွေးချယ်ပွဲက အရမ်း တင်းကျပ်နေတာလား” လုံချန် က ပြန်မေးလိုက်သည်။

ခန်းမအရှင်လဲ့ယွမ် က ခေါင်းညိတ်လိုက်သည် “အရမ်း ခက်ခဲနေတယ်။ စိစစ်မှု အောင်မယ့် လူ ဆယ်ယောက် ကနေ နှစ်ဆယ်ယောက်ပဲ ရှိမယ်။ ဒါပေမဲ့ အတွင်းစည်းဂိုဏ်းကို နောက်ဆုံး ဝင်နိုင်မယ့် လူအရေအတွက်က နှစ်ယောက်ပဲ။ ဒီတစ်ကြိမ် ရည်ရွယ်ချက် က မင်းကို တခြားဂိုဏ်းခွဲတွေ ကြားမှာ လူသိများလာအောင် လုပ်ဖို့ ပဲ။ တကယ် အတွင်းစည်းဂိုဏ်း ဝင်ဖို့ လား။ ငါ မင်းကို စကားတစ်ခွန်းပဲပြောမယ်။ အရမ်းကို ခက်ခဲတယ်...”

မည်သို့ပင်ဖြစ်စေ လုံချန် အတွက်တော့ အရင်းအမြစ်များ ပိုရနိုင်သည့်အပြင် ဌာနခွဲကလည်း ဂရုတစိုက်လေ့ကျင့်ပေးပါလိမ့်မည်။ မကြာခင်မှာ သူ့ခွန်အားက သေချာပေါက်မြင့်တက်လာမည်ဖြစ်သည်။ ထို့အပြင် လုံချန် ကိုယ်တိုင်လည်း အတွင်းစည်းဂိုဏ်းထဲ ဝင်ရန် အလျင်စလို မရှိပေ။ ခန်းမအရှင်လဲ့ယွမ်၏ တည်ငြိမ်သောစကားသံကြောင့် ဝင်ခွင့်ရဖို့က အလ့်န်ခက်ခဲမှန်းသိသာပါသည်။

ခန်းမအရှင်လဲ့ယွမ် က ဝမ်းနည်းစွာ သက်ပြင်းချလိုက်ရင်း ဆက်ပြောခဲ့သည် “ငါတို့ ဌာနခွဲတွေ အားလုံးထဲမှာ ကြယ်ငါးပွင့်အလားအလာ ရှိတဲ့ ပါရမီရှင်ဆိုလို့ အစိမ်းရောင်ဧကရာဇ်ခန်းမ ရဲ့ နံပါတ်တစ်တပည့် ချူယွန်ရှီ ပဲ ရှိတယ်။ ချူယွန်ရှီ က အခု အသက် ၁၈ နှစ် ရှိနေပြီ။ သူ့ခွန်အားက ကောင်းကင်ယွမ်ကနဦးအဆင့် မှာ ရှိနေခဲ့တယ်။ သူ က ပြိုင်ပွဲဝင်ဖို့ တပည့်ရွေးချယ်ရေးလုပ်ငန်းစဉ်မှာပဲ အနိုင်ရဖို့ တစ် ပေးခံထားရပြီ”

ချူယွန်ရှီ အကြောင်းကို ပြောပြနေချိန်တွင် ခန်းမအရှင်လဲ့ယွမ် က အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော်လည်း လဲ့လန် က သူ့အား စိုက်ကြည့်နေကြောင်း သတိပြုမိလိုက်ချိန်မှာတော့ ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

“ချူယွန်ရှီ လား။ အသက် ၁၈ နှစ်ပဲ ရှိသေးတာလား။ ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်နေခဲ့ပြီလား...” လုံချန် အံ့အားသင့်မှုကြောင့် လျှာကိုက်မိလုမတတ် ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ လက်ရှိ သူ့ခွန်အားက အခြားလူများနှင့် ယှဉ်လျှင် ဘာမှမဟုတ်သေးမှန်း နားလည်လိုက်သည်။ ချူယွန်ရှီ ကသာ စစ်မှန်သော ပါရမီရှင် ဖြစ်ခဲ့သည်။ လုံချန် က သူ့ကိုယ်သူ အထင်ကြီးနေမိကြောင်း နားလည်သွားခဲ့သည်။ ဖုန်းဝူထျန်း ကို သူ အနိုင်ရခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို ပါရမီရှင်အဆင့် ဝင်နိုင်ခဲ့ပြီဟုပင် ယူဆခဲ့သေးသည်။ သို့ရာတွင် ခန်းမအရှင်လဲ့ယွမ်၏ စကားကို ကြားပြီးနောက် သူလျှောက်ရမည့်လမ်းဟာ ရှည်လျားနေသေးကြောင်း နားလည်လိုက်ပါတော့သည်။

“ငါ သွားရမယ့်လမ်းက အရမ်း ရှည်နေသေးတယ်…”

ဤအချိန်တွင် ခန်းမအရှင်လဲ့ယွမ် က ပြောလိုက်သည် “ဒီနေ့ အတွက် ဒါလောက်ပါပဲ။ လုံချန်! မင်း ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ ကနေ ပြန်ရောက်ရုံပဲရှိသေးတယ်။ ဒါ့ကြောင့် မင်း သေချာပေါက် ပင်ပန်းနေမှာပဲ။ ကောင်းပြီ... မင်း အရင် ပြန်နိုင်တယ်”

လုံချန် က ခေါင်းညိတ်လိုက်ရင်း လူတိုင်း ကို နှုတ်ဆက်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။

လူတိုင်းက ထွက်ခွာသွားသည့် လုံချန်၏နောက်ကျော ကို ကြည့်နေခဲ့ရင်း ယုံကြည်မှုအပြည့်ရှိနေသော လူငယ်လေးကို တွေးမိပြီး သက်ပြင်းချလိုက်ကြသည်။

“လန်အာ... ငါ နဲ့ လိုက်ခဲ့...”

ခန်းမအရှင်လဲ့ယွမ် က ရင်ထဲက အံ့အားသင့်မှုစွာ ထိန်းလိုက်ရင်း ခန်းမ ကနေ ထွက်သွားပြီး နောက်ဖက် ဥယျာဉ်ထဲသို့ ဝင်လာခဲ့သည်။ သူက နောက် လှည့်ကြည့်လိုက်ရင်း လဲ့လန် ကို ပြောလိုက်သည် “မင်း ကောင်းကင်စစ်သည်နယ်မြေ ထဲမှာ ရှိနေတဲ့အချိန်တုန်းက အစိမ်းရောင်ဧကရာဇ်ခန်းမ ရဲ့ မဟာအကြီးအကဲ ချူဖုန်းချင်း က ငါ့ ကို လာရှာခဲ့တယ်။ သူ က မင်း ရဲ့ လက်ထပ်ပွဲကို အရိပ်အမြွက် ပြောသွားတယ်...”

လဲ့လန် က ခဏတော့ အံ့သြသွားပြီး ပြန်မေးလိုက်သည် “ဒါဆို အဖေက သဘောတူလိုက်လား...”

“မင်းဆီက ခွင့်ပြုချက် မရရင် ငါ ဘယ်လို သဘောတူ နိုင်မှာလဲ။ ဒါပေမဲ့ လန်အာ... သူ က နောက်ရက်အနည်းငယ်ကြာရင် ချူယွန်ရှီ ကို ကိုယ်တိုင် ခေါ်လာပြီး မင်းတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို အဆိုပြုမယ် လို့ ပြောခဲ့တယ်။ ငါ ဒီကမ်းလှမ်းချက်ကို မငြင်းနိုင်ခဲ့ဘူး။ ဒါကြောင့်…”

“ငါတို့ မိသားစု နှစ်ခု ကြားက ဆက်ဆံရေး ကို မပျက်စီးစေချင်ရင် သမီးက သူ့ အဆိုပြုချက် ကို သဘောတူ ရမှာ မဟုတ်လား..” လဲ့လန်က မျက်နှာပျက်နေခဲ့ပြီဖြစ်သည်။

သမီးဖြစ်သူ၏ဝမ်းနည်းနေသောပုံစံကြောင့် ခန်းမအရှင်လဲ့ယွမ်၏ နှလုံးသား က အလိုလို နာကျင်လာခဲ့သည်... “လန်အာ! အရမ်းလဲ အတွေးမလွန်ပါနဲ့။ ချူယွန်ရှီ က ထူးချွန်တဲ့ ပါရမီရှင် ပဲလေ။ ဒီ တစ်ကြိမ်မှာ သူ အတွင်းစည်းဂိုဏ်းကို ဝင်နိုင်ဖို့ အလားအလာ အရမ်းများနေတယ်။ ဒီလူငယ်လေးမှာ အရမ်းကြီးမားတဲ့ အနာဂတ် ရှိနေတယ်။ မင်း သူ နဲ့ ရှိနေရင် ငါ စိတ်ချမ်းသာရမှာပါ”

“အဖေ…”

လဲ့လန် က ခေါင်းမော့ကြည့်လိုက်ရင်း အေးစက်စက်ပြောခဲ့သည် “အဖေ အခုထိ နားမလည်သေးဘူးလား။ သူက အရမ်းမောက်မာထောင်လွှားလွန်းတယ်။ သူက ဘယ်လောက်ပဲ ပါရမီရှိပါစေ ... ငါ သူ့ ကို လက်မခံနိုင်ဘူး”

…………

ဤအခိုက်အတန့်တွင် လုံချန် က အစိမ်းရောင်နေမင်းဌာနခွဲ ကနေ ထွက်လာပြီး အစိမ်းရောင်မိုးမခခြံဝင်းထဲမှ သူ့ နေအိမ်ဆီသို့ တစ်ယောက်တည်း လျှောက်ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့ ကို မြင်တွေ့သော လူတိုင်းက ခြေလှမ်းများ ရပ်တန့်ကာ စူးစမ်းလိုသောအရိပ်အယောင်များဖြင့်ကြည့်ခဲ့ကြသည်၊ သူတို့၏အကြည့်ထဲ၌ လေးစားမှုများ ပြည့်နှက်နေလေသည။ အကြောင်းကတော့ ကောင်းကင်စစ်သည်နယ်မြေ ထဲ၌ လုံချန် လုပ်သမျှအရာရာတိုင်းဟာ အပြင်ဖက်သို့ သတင်းပြန့်နေခဲ့လို့ပင်။

“ရပ်လိုက်စမ်း...”

အော်သံ တစ်ခု ရုတ်တရက်ထွက်လာခဲ့သည်။ လုံချန်က လှည့်မကြည့်သော်လည်း သူ့နောက်ကျောမှာ ချစ်စရာ မိန်းမငယ်လေးတစ်ယောက် ရပ်နေမှန်း ခံစားမိလေသည်။ အခြားမဟုတ်ပေ၊ လဲ့လင် ဖြစ်သည်။

လက်ရှိမှာ သူမ၏မျက်လုံးများ နီရဲနေခဲ့သည်။ သေချာသည်မှာ ဖုန်းဝူထျန်း အတွက် ငိုကြွေးခဲ့ပုံရ၏။ လုံချန် က ရုတ်တရက် ရယ်ချင်စိတ်ပေါက်သွားသည်။ အမှန်တော့ ဖုန်းဝူထျန်း က လုံချန် နှင့် ရင်ဆိုင်တိုက်ခိုက်လိုခဲ့သည်။ သို့ရာတွင် နောက်ဆုံးမှာ သူကိုယ်တိုင်သာ ဒုက္ခိတဖြစ်လုနီးပါး ဒဏ်ရာရခဲ့သည်။ ဤအခြေအနေအတွက် မည်သူ့ကိုမျှ အပြစ်တင်လို့မရပေ။

“အိုး၊ မင်း ရဲ့ ချစ်သူ အတွက် အရမ်း ငိုခဲ့တာလား။ ဒါက ငါ့နှလုံးသားကိုတောင် အရမ်း ထိမိတယ်။ မျက်ရည်တွေ ငါ့ မျက်နှာတစ်ခုလုံး စီးကျ လုနီးနီးပဲ”

ဤလူယုတ်မာကို အမှတ်မထင်တွေ့လိုက်သောကြောင့် လဲ့လင် က ဒေါသတကြီးလှမ်းတားခဲ့သည်။ သို့သော် နောက်ဆုံးတော့ သူမကိုယ်တိုင်သာ လှောင်ပြောင်ခံလိုက်ရသည်။ ခုံချန်က သူမကို ကယ်တင်ခဲ့ခြင်းကြောင့်သာမဟုတ်ပါက ချက်ချင်းရှေ့တိုးပြီး တိုက်ခိုက်မိပါလိမ့်မည်။

“လုံချန်! နင်က တကယ် လူယုတ်မာ ပဲ...” လဲ့လင် က အံတင်းတင်းကြိတ်ကာ လက်ညိုးငေါက်ငေါက်ထိုးပြီး အော်ဟစ်ပြောခဲ့သည်။

လုံချန် က သူမ၏ ကျိန်ဆဲသံများကို လျစ်လျူရှုထားခဲ့သည် ...”ဟမ့်... မင်း ငါ့ဆီ က ဘာလိုချင်လို့လဲ”

လဲ့လင် က ထိုစကားကိုကြားပြီးနောက် လုံချန်၏မျက်နှာ ကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေခဲ့သည်...

“ကောင်စုတ်... ငါ နင့်ကို ပြောချင်တာက အစ်ကိုဝူထျန်း နတ်ဆိုးဝိညာဉ်ရဲ့ထိန်းချုပ်တာခံနေရတဲ့အချိန်မှာ အနိုင်ရခဲ့လို့ အရမ်းကြီး ပျော်မနေပါနဲ့။ ဒါ ဘာမှ မဟုတ်ဘူး။ သူ အခု သတိပြန်ရလာပြီ...”

“အိုး။ သူ သတိရနေပြီလား...”

“ဟုတ်တယ်။ နင် ကြောက်နေပြီလား။ ဘယ်လို သူရဲဘောကြောင်တဲ့လူလဲ။ နင်က အစ်ကို ဝူထျန်း အသိစိတ်ပျောက်နေတဲ့အချိန်မှာပဲ တိုက်ခိုက်ချင်နေတာဖြစ်မယ်” အဆက်မပြတ် အော်ဟစ်ပြောဆိုနေပြီးနောက်မှာ လဲ့လင် က လှောင်ပြောင်ရယ်မောရင်း ထွက်ခွာသွားခဲ့သည်။

လုံချန် က စိတ်ထဲမထည့်သလို ခေါင်းခါလိုက်ရင်း သူ့ အိမ်တော်သို့ ပြန်လာခဲ့သည်။

“ရှီအာ... ငါ ရဲ့ ခွန်အား ကို လုံးဝ မြန်မြန်ဆန်ဆန် မြှင့်တင်ချင်နေတယ်။ အခု ငါ အကန့်အသတ်ကို ရောက်နေပြီ။ ငါ့အနေနဲ့ နောက်ထပ် မြှင့်တင်နိုင်ဦးမလား”

“အဆင်ပြေတယ်...”

လင်းရှီ က နတ်ဓားထဲ ကနေ ထွက်လာခဲ့သည်။ သူမခန္ဓာကိုယ်သေးသေးလေးကို အညောင်းဆန့်လိုက်ရင်း အခန်းပတ်ပတ်လည်ကို လှည့်ပတ် ပျံသန်း ရင်း ပျော်ရွှင်နေလေသည်။ ခဏကြာပြီးနောက် သူမက လုံချန် ဆီ ပျံသန်းလာခဲ့ရင်း ချစ်စဖွယ် နှာခေါင်း ရှုံ့ ကာ ပြောခဲ့သည် “နင့်ရဲ့ လက်ရှိ ခွန်အား က နဂါးဝိညာဉ်ကုန်းမြေ မှာ အောက်ဆုံး အဆင့် ပဲ ရှိသေးတယ်။ ကျင့်ကြံမှု မှာ နင်က အချိန်နည်းနည်းလေး နောက်ကျခဲ့တယ်လို့ပြောရမယ်။ ဒါပေမဲ့ တခြားသူ တွေ ထက် တော်တော်လေးသန်မာနေပြီ”

“အခု ငါ ဘယ်လောက်ထိ သန်မာနေပြီလဲ...”

“အဲ့ဒါ ကို မပူပါနဲ့။ နင့် ခွန်အား ကို မြန်မြန် တိုးမြှင့်ချင်ရင် ဘာမှ ပြဿနာ မရှိနိုင်ဘူး...”

လင်းရှီ က လျှို့ဝှက်ဆန်းကြယ်သော အင်အားစုကနေ လာခဲ့သူဖြစ်ရာ လက်ရှိကမ္ဘာမှ ကျင့်ကြံသူအများစုထက်ပင် အသိပညာ ဗဟုသုတ စုံလေသည်။ ထို့ကြောင့် လုံချန် က သူမ၏စကားကို အပြည့်အဝ ယုံကြည်ခဲ့သည်။

“ကောင်းပြီ၊ ငါ အပြင်းအထန် ကြိုးစားရမယ်။ ပြီးတာနဲ့ ငါ့ရင်ဘက် မှာ ဆူးတစ်ချောင်းစိုက်ဝင်သလိုဖြစ်နေတဲ့ သွေးဝိညာဉ်ဂိုဏ်း ကို ဖယ်ရှားပစ်ရမယ်။ အဲ့ဒါပြီးမှပဲ ငါ့ကိုယ်ငါ ဘယ်လို လေ့ကျင့်သင့်လဲဆိုတာ စိတ်အေးလက်အေး ဆုံးဖြတ်နိုင်မှာ...”

“ဟုတ်တယ်...”

လင်းရှီ က ခေါင်းညိတ်လိုက်ပြီး လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ရင်း လုံချန် ကို စိုက်ကြည့်ကာ “ငါ လိုချင်တယ်” ဟု ပြောခဲ့သည်။

“ဘာ လိုချင်တာလဲ...” လုံချန် က ရုတ်တရက်ကြီး အံ့သြသွားခဲ့ရသည်။

“ဝိညာဉ်အားဖြည့်ဆေး လေ...”

လုံချန် က မေ့လျောနေသောကြောင့် လင်းရှီ၏အကြည့်ထဲမှာ ခြိမ်းခြောက်သော အမူအရာများ ပေါ်လာပြီး ဒေါသတကြီး ကြည့်နေခဲ့သည်။

“အိုး...”

လုံချန် က သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

“ကောင်းပြီ၊ ငါ ဒီသားရဲဝိညာဉ်ပုလဲတွေ နဲ့ နတ်ဆိုးအမြုတေ တွေ ကို ချက်ချင်း ရောင်းလိုက်မယ်။ ပြီးရင် ရတနာလဲလှယ်ရေးခန်းမ ကို သွားပြီးတော့ မင်း အတွက် အသုံးဝင်မယ့်အရာ တစ်ခုခု ရှာလိုက်မယ်”

“ဒါကမှ ပိုကောင်းသေးတယ်...” လင်းရှီ က ကျေနပ်စွာ ပြုံးလိုက်သည်။

လုံချန် က မျက်နှာပေါ်တွင် ခါးသက်သက် အပြုံး တစ်ခု ရှိနေခဲ့သည်... “မင်း ငါ့ကို မိုးကြိုးမီးလျှံကျောက်တုံးတွေ ခိုးပေးခဲ့တဲ့ အချိန်တုန်းက ဝိညာဉ်စွမ်းအင်တွေ အများကြီး သုံးခဲ့ရတယ်။ ငါ ကောင်းကင်စစ်သည်နယ်မြေ ကနေ ထွက်တာနဲ့ မင်း အတွက် တစ်ခုခု ရှာပေးမယ် လို့ စီစဉ်ခဲ့တယ်။ အခုတော့ အချိန်ကျပြီ...”

“မိုးကြိုးမီးလျှံကျောက်တုံး တွေ လား...” ဤအကြောင်းကို ပြန်ပြောစဉ် လင်းရှီ က သူ့ကိုယ်သူ ကျေနပ်အားရနေခဲ့သည်။ “ဟုတ်တယ်၊ အခု နင်က မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် မှာ ရှိနေပြီ။ နင့်ရဲ့ အစစ်အမှန်ချီ က အရင်ထက် ဆယ်ဆ လောက် တိုးလာပြီလို့ ပြောနိုင်တယ်။ ဒါဆို နင့်ခန္ဓာကိုယ်က မိုးကြိုးမီးလျှံကျောက်တုံးတွေ ကို ပိုပြီးပေါင်းစပ်နိုင်မှာပဲ...”

“တကယ်လား... ငါ မိုးကြိုးမီးလျှံကျောက်တုံး တွေ ကို ပိုပြီးစုပ်ယူနိုင်မယ်ဆိုတာ သေချာလား ...” လုံချန်၏အသံ က စိတ်လှုပ်ရှားအပြည့် ဖြစ်နေခဲ့သည်။

“ဟုတ်ပါတယ်။ နင် မယုံရင် စမ်းကြည့်နိုင်တယ်...”

လုံချန် က လင်းရှီ ပြောသမျှစကားတိုင်းကို လုံးဝယုံကြည်ခဲ့သည်။ သို့ရာတွင် သူက အလျင်စလိုမဖြစ်ခဲ့ပေ။

ဤအခိုက်အတန့်တွင် လုံချန်က မြေအောက်ခန်းကျင့်ကြံရေးအခန်းထဲသို့ ဆင်းလာခဲ့ရင်း ပြိုင်ပွဲ ကနေရိတ်သိမ်းခဲ့သော အရာများကို စစ်ဆေးကြည့်ရှုနေခဲ့သည်။

“ငါ မှာ ဆန်းကြယ်ဒုတိယအဆင့် နတ်ဆိုးသားရဲ အမြုတေ နဲ့ ဝိညာဉ်ပုလဲ ၆ လုံး ရှိနေတယ်။ ဒါပေမဲ့ ဒီအရာတွေ က အရမ်းကြီး အဖိုးတန် မနေဘူး။ အဖိုးတန်ဆုံးက သွေးမီးလျှံနတ်ဆိုးသားရဲအလောင်း နဲ့ နှလုံးဖောက်နတ်ဆိုးသားရဲ တွေ ပဲ...”

“ဘယ်လောက်ပမာဏနဲ့ လဲလှယ်နိုင်မလဲ” လုံချန်က မေးလိုက်၏။

နံဘေးမှ လင်းရှီ သည်လည်း မျက်လုံးများ အရောင် တောက်လာပြီး ပြောခဲ့သည် “သွေးမီးလျှံနတ်ဆိုးသားရဲ ကနေ ရလာတဲ့ ပစ္စည်း နှစ်ခု နဲ့ ဆိုရင် ပံ့ပိုးမှု အမှတ် ၂၀ လောက် ရမယ်။ နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ ဝိညာဉ်ပုလဲ နဲ့ အမြုတေ က ပံ့ပိုးမှု အမှတ် ၂၀၀ ကျော်လောက် ရမယ် ”

“ဒါက နတ်ဝိညာဉ်ကျောက်တုံး နှစ်ထောင် လောက် ရှိတယ်...” လုံချန်က အားတက်သရော ပြောခဲ့သည်။ တစ်ချိန်တညးမှာပဲ ခန်းမရှင်လဲ့ယွမ် က ပံ့ပိုးမှု အမှတ် ၅၀၀ အကြောင်း ထည့်ပြောခဲ့သည်ကို ပြန်တွေးမိသွားခဲ့သည်။ ဆန်းကြယ်ဆဋ္ဌမအဆင့် ဝိညာဉ်ပုလဲ က စတုတ္ထအဆင့် ထက် အဆတစ်ရာလောက် ပိုပြီးတန်ဖိုးရှိနေခဲ့သည်။ သို့သော်လည်း သူက ပံ့ပိုးမှုအမှတ် ၅၀၀ ရရအောင် လုပ်ဆောင်ရန်သာ တောင်းဆိုခဲ့သည်။ အဓိပ္ပါယ်က လုံချန် ကို တမင်လက်ဆောင် ပေးခဲ့ခြင်းပင်။

“တစ်မျိုးပြောရရင် ဒီ ဝိညာဉ်ပုလဲကို ရဖို့၊ နတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း နဲ့ လဲဖို့ ဆိုရင် ကောင်းကင်ယွမ်အဆင့် ဖြစ်နေရင်တောင်မှ ဆန်းကြယ်စတုတ္ထ အဆင့် နတ်ဆိုးသားရဲ တွေ ကို မရေမတွက်နိုင်အောင် သတ်ဖြတ်ရမယ် ဆိုတာ ပဲ...”

လုံချန် က ဤအချက်ကို တွေးမိပြီးနောက် အံ့သြသွားခဲ့သည်။ အစကတော့ သူ့စိတ်ထဲ၌ ပံ့ပိုးမှု အမှတ် ၅၀၀ ရရန် လွယ်ကူကြောင်း ယူဆခဲ့သည်။ လက်တွေ့ တွေးကြည့်လိုက်ချိန်မှာတော့ ရဖို့မလွယ်ကူပေ၊ အတော်လေးဒါပေမဲ့ ခက်ခဲနေခဲ့သည်။

“နှလုံးဖောက်နတ်ဆိုးသားရဲ က မြေကမ္ဘာယွမ်နယ်မြေမှာ ပေါ်လာခဲ့တယ်ဆိုပေမဲ့ ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲ တွေ ထဲမှာ အားနည်းဆုံး ပဲ။ ဒါကြောင့် ငါတို့ သတ်နိုင်ခဲ့တာ...”

လုံချန် က နတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း အကြောင်း စိတ်ကူးယဉ်နေစဉ် လင်းရှီ က သူ့ ကို သတိပေးခဲ့သည်... “အိပ်မက် မက်မနေပါနဲ့။ နင့်ရဲ့ဝိညာဉ်ပုလဲကို နတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း နဲ့ ဘယ်နေရာ က လဲမှာလဲ။ နင်သာ ရတနာလဲလှယ်ရေးခန်းမကို သွားရင် အဲ့ဒီလူအိုကြီး ကို သေချာပေါက် ဒေါသထွက်စေလိမ့်မယ်...”

ဤအချိန်တွင် လုံချန် က ဆန်းကြယ်ဆဌမအဆင့်ဝိညာဉ်ပုလဲကို လဲလှယ်ရန် အလွန်ခက်ခဲလှကြောင်း နားလည်လိုက်သည်။ တစ်ယောက်ယောက် ကသာ လုံချန်ကို မေးမြန်းလာပါက သူ ပြန်ဖြေစရာမရှိလျှင် သေချာပေါက် သံသယအဝင်ခံရနိုင်သည်။ ထိုသို့ဖြစ်သွားပါက လုံချန်အနေဖြင့် မည်သို့ရှင်းပြရမှန်း မသိခဲ့ပေ။

“ဘာပဲ ဖြစ်ဖြစ်။ ငါ အခုလောလောဆယ် မတွေးတော့ဘူး။ ပထမဆုံးလုပ်ရမှာက နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ ဝိညာဉ်ပုလဲကို သန့်စင်လိုက်မယ်။ပြီးတာနဲ့ ရတနာလဲလှယ်ရေးခန်းမကို သွားကြတာပေါ့...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၁၀)

အပိုင်း ၁၁၈

(သွေးနဂါးလုံချန်)

လုံချန်သည် ရတနာလဲလှယ်ရေးခန်းမသို့ ရောက်လာခဲ့သည့်အချိန်၌ ဤတစ်ကြိမ်တွင် ခန်းမသည် အရင်တုန်းကလို တိတ်ဆိတ်မနေခဲ့ပါ။ အစိမ်းရောင်ဂိုဏ်းခွဲ၏ အဖွဲ့ဝင်အားလုံး က ဤတစ်ကြိမ် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ ကို အထူး ဂရုစိုက်နေခဲ့ကြသည်။ ထို့ကြောင့် လူတိုင်း သူ့ကို သိနေကြ၏။ သို့သော် လုံချန် က လူအုပ် နှင့် ရင်းနှီးကျွမ်းဝင်သူ မဟုတ်လေရာ ဘယ်သူ မှ အရင်ဆုံး လာပြီးနှုတ်မဆက်ခဲ့ကြပေ။ သူ့ ပတ်ဝန်းကျင်မှာ တီးတိုးစကားပြောသံ၊ ဆွေးနွေးသံများ ကြားနေရသည်။

“သူ က နတ်ဖီးနစ်သွေးမျိုးစက်ကို အမွေဆက်ခံထားတဲ့ ဖုန်းဝူထျန်း ကို တောင် အနိုင်ရခဲ့တယ်။ အဓိက သူ့အသက်က အရမ်း ငယ်သေးတာပဲ။ ဒီလုံချန် က တကယ် အံ့သြစရာကောင်းတယ်”

“ဟုတ်တယ်။ သူ က အသက်ငယ်သေးတော့ အတွေ့အကြုံ သိပ်မရှိသေးဘူးလို့ဆိုရမယ်။ အချိန်အတိုင်းအတာတစ်ခုထိ ဂရုတစိုက် လေ့ကျင့်ပေးမယ်ဆိုရင်တော့ သေချာပေါက် အစိမ်းရောင်နေမင်းဌာနခွဲရဲ့ ထောက်တိုင်တစ်ခု ဖြစ်လာမှာပဲ”

“ငါ သတင်းတစ်ခု ကြားခဲ့တယ်။ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ မဟာအကြီးအကဲ လဲ့ယွမ် က သူ့ နာမည် ကို အတွင်းဂိုဏ်း ရွေးချယ်ပွဲအတွက် တင်သွင်းထားပြီတဲ့။ သူ အောင်ဖို့ မဖြစ်နိုင်ပေမယ့် အမည်စာရင်း တင်ခွင့် ရှိရင်တောင် သူ့မှာ အနည်းဆုံး ကြယ်လေးပွင့်အဆင့် ပါရမီ ရှိနေတယ် ဆိုတာ သိသာနေပြီ”

“မှန်တယ်။ လုံချန် က အန္တိမသလင်းနတ်ဓား ကို မရခဲ့တဲ့ အကြောင်းရင်း က ချူယွန်ယောင် ကြောင့် ပဲ...”

“တော်ပြီ... အဲဒီ သောက်ကျင့်ယုတ်တဲ့ အတွင်းစည်းဂိုဏ်းတွေ အကြောင်းကို ပြောမနေပါနဲ့တော့...”

လုံချန် က တစ်လှည့်စီ ဆူညံစွာ စကားပြောဆိုနေသည့် သက်လတ်ပိုင်းအမျိုးသား နှစ်ယောက် ကို ဖြတ်လျှောက်လာခဲ့သည်။ တစ်ယောက်က အန္တိမသလင်းနတ်ဓား ကို အစဖော်လိုက်သော်လည်း အခြား တစ်ယောက် က ချက်ချင်း ဟန့်လိုက်သည်။

လုံချန် က သူတို့ စကားရပ်သွားသည့် အကြောင်းအရင်းကို သိနေခဲ့သည်။ သူတို့ အမြင်မှာ အန္တိမသလင်းနတ်ဓား အတွက် တိုက်ပွဲ က လုံချန် နှင့် ချူယွန်ယောင် တို့ကြားမှ ယှဉ်ပြိုင်ပွဲပင်ဖြစ်သည်။ သို့ရာတွင် အတွင်းစည်းဂိုဏ်းမှ တစ်စုံတစ်ယောက် ပေါ်လာခဲ့ပြီး အပြင်စည်းဂိုဏ်းများ၏ စည်းမျဉ်းများကို ပေါ်တင်ချိုးဖောက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်း က တိတ်တဆိတ် မကျေမနပ်ဖြစ်ရုံသာတနိုင်ခဲ့ကြသည်။ လင်းဝူမိသားစု၏ ပင်မအင်အားက အတွင်းစည်းဂိုဏ်း ဖြစ်နေသာကြောင့်ပင်။

“အတွင်းစည်းဂိုဏ်း က သြဇာအာဏာ အရမ်းကြီးမားတယ်ပေါ့။ ငါလည်း အတွင်းစည်းဂိုဏ်းထဲ မဝင်ရင် တစ်သက်လုံး အောက်ခြေအဆင့်မှာပဲ နေရလိမ့်မယ်ထင်တယ်” ရုတ်တရက် ဤအတွေးကြောင့်လုံချန် သည် စိတ်ထဲ၌ အနည်းငယ် တုန်လှုပ်သွားခဲ့ရသည်။

မကြာခင်မှာပဲ လုံချန်က ရတနာပစ္စည်းများ လဲလှယ်ရာ နေရာသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် နံရံ တစ်ခု ရှိနေကာ ပန်းကန်ပြား အရွယ်အစားခန့် ရှိသော အလုံပိတ်လမ်းကြောင်းငယ်လေး တစ်ခုလည်း ရှိနေ၏။ ၎င်းက လဲလှယ်မည့် ရတနာပစ္စည်းများ ပြသနိုင်သည့် လမ်းကြောင်းပါ။ သို့သော် အခြားတစ်ဖက်၌ ရှိနေသူကိုတော့ မမြင်တွေ့နိုင်ပေ။

“နင့်ရဲ့ နတ်ဆိုးသားရဲအမြုတေ နဲ့ ဝိညာဉ်ပုလဲတွေ ကို ဒီအပေါ်မှာ တင်လိုက်ပါ။ အိုး ... ဒါနဲ့ နင့် ရဲ့ အထောက်အထားကဒ်ကို တစ်ချက်လောက်ပြပါဦး...”

နံရံ၏ အခြားတစ်ဖက်မှ တည်ငြိမ်သောအသံတစ်သံ ထွက်လာခဲ့သည်။ လုံချန် က အချိန်မဖြုန်းပဲ သူ လဲလှယ်မည့် ပစ္စည်းများကို ထုတ်ပြီး လမ်းကြောင်းပေါ်တင်လိုက်သည်။ ထိုခဏလေးမှာပဲ ဖြူဖွေးနူးညံ့လှသော လက်တစ်စုံ ဆန့်ထွက်လာရင်း ပစ္စည်းအားလုံးကို ယာယီဆွဲယူသွားခဲ့သည်။

နှလုံးဖောက်နတ်ဆိုးသားရဲ၏ သားရဲအမြုတေ နှင့် ဝိညာဉ်ပုလဲကို ဆွဲယူချိန်မှာတော့ လက်က ရပ်တန့်ပြီး ရုတ်တရက် မေးလာခဲ့သည်... “နင် ဒီ ဆန်းကြယ်စတုတ္ထ အဆင့် နတ်ဆိုးသားရဲ ဝိညာဉ်ပုလဲကို သန့်စင်မှာ မဟုတ်ဘူးလား...”

လုံချန် က ရတနာလဲလှယ်ရေးခန်းမရှိ လူအများပင် သူ့အကြောင်းကို သိရှိနေခဲ့ကြောင်း သိလိုက်ရသည်။လူတိုင်းက လုံချန် အား သိရှိထားသည်မှာ သားရဲအသွင်ပြောင်းကျင့်ကြံသူ ပင်။ သူ မြေမ္ဘာယွမ်အဆင့်သို့ တက်လှမ်းပြီးနောက် နတ်ဆိုးသားရဲ ဝိညာဉ်များကို စုပ်ယူ၍ ပေါင်းစပ်သင့်သည်မဟုတ်ပါလား။ တွေ ကို ချက်ရမယ်။ သို့ရာတွင် လုံချန်က မလုပ်ဆောင်ခဲ့ပေ။

အခြား ပြိုင်ပွဲဝင်တပည့်များက သင့်တော်သည့်အဆင့်မြင့်နတ်ဆိုးသားရဲဝိညာဉ်ပုလဲကို မရှာနိုင်ခဲ့ကြပေ။ လုံချန် ကတော့ နှလုံးဖောက်နတ်ဆိုးသားရဲ၏ ဝိညာဉ်ပုလဲကို ရယူခဲ့မှန်း လူတိုင်း သိထားကြသည်။ သို့ဖြစ်ရာ လူတိုင်း ထင်နေသည်မှာ လုံချန်က သားရဲဝိညာဉ်ပုလဲနှင့် ပေါင်းစပ်လိမ့်မည်ဟူ၍ပင်။

“ငါ အလျင်စလို မလုပ်ချင်ဘူး...”

“အိုး…”

အသံပိုင်ရှင်က အနည်းငယ် အံ့အားသင့်သွားပုံရပြီး ခဏကြာအောင် စကားမပြောခဲ့ပေ။ သို့ရာတွင် သူ့လေသံကနေ လုံချန်ဟာ ဆန်းကြယ် စတုတ္ထ အဆင့် နတ်ဆိုးသားရဲဝိညာဉ်ပုလဲကိုပင် မကျေနပ်သေးမှန်း ခံစားရသည်။ သူ့အမြင်အရ လုံချန်က အတော်လေးမာန်တက်နေပုံရ၏။

“ဒီမှာ နင့်ရဲ့ ကျောက်စိမ်းတံဆိပ်ပြား... ပြန်ယူလို့ရပြီ။ ဒီ လဲလှယ်မှုမှာ ပံ့ပိုးမှုအမှတ် ၂၅၀ ရမယ်...”

အခြေအနေက သူ မျှော်လင့်ထားသည်ထက်ပင် ပိုနေခဲ့သည်။ လုံချန် က အတော်လေး ပျော်ရွှင်နေလေသည်။ အမည်မသိလူကို ကျေးဇူးတင်စကားပြောလိုက်ရင်း ဝိညာဉ်အားဖြည့်ဆေးများ လဲလှယ်သည့် နေရာဆီသို့ လျှောက်လာခဲ့သည်။ ထိုနေရာ၌ ဝိညာဉ်ဖန်တီးခြင်းသစ်သီးတစ်လုံး တင်ထားလေသည်။

“ငါ ဒီ ဝိညာဉ်ဖန်တီးခြင်းသစ်သီး ကို လိုချင်တယ်...”

လုံချန် က ဤနေရာ၏ တာဝန်ခံဝန်ထမ်း ကို ပြောလိုက်သည်။ သူမ က လှပပြီးကျက်သရေရှိသည့်အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သည်။ လုံချန် အရင်တစ်ကြိမ် လာခဲ့စဉ်က ဤအမျိုးသမီး ကို တစ်ခါတွေ့ခဲ့သေးသည်။ သို့သော် သူမက သိပ်ပြီးအလေးမထားခဲ့ပေ။

ဤတစ်ကြိမ်တွင် လုံချန် က နာမည်ဂုဏ်သတင်း ကျော်ကြားနေခဲ့ပြီဖြစ်သည်၊ သို့ဖြစ်ရာ အမျိုးသမီး၏သဘောထား က အလွန် သိသာစွာပင် ကောင်းမွန်နေခဲ့သည်။ သူမ က ချိုမြိန်စွာ ရယ်မောလိုက်ရင်း စကားပြန်ပြောခဲ့သည် “ဒါက ပံ့ပိုးမှု အမှတ် ၉ မှတ်ပဲ ကုန်ကျတယ်။ အရင် တစ်ကြိမ်လာတုန်းက နင် ဝိညာဉ်ဖန်တီးခြင်းသစ်သီးတွေ လိုအပ်တယ် လို့ ပြောခဲ့သေးတယ်မဟုတ်လား...”

ဤအမျိုးသမီးက လုံချန်အား ဆွဲဆောင်နေသည်မှာသိသိသာပင်။ လုံချန် က ဤအခြေအနေကို သတိပြုမိသည်နှင့်တစ်ချိန်တည်းမှာ သူ၏မောက်မာသောသဘာဝက ထွက်ပေါ်လာခဲ့ရင်း လှောင်ပြောင်လိုက်သည် “ငါ ဝိညာဉ်ဖန်တီးခြင်းသစ်သီးတွေ ဝယ်ဖို့ ဒီ ကို လာခဲ့တာ။ ဒါပေမဲ့ မင်းပုံစံကိုကြည့်ရတာ ငါ မင်း ကို လာတွေ့တယ်လို့ ထင်နေတာလား...”

“ဘယ်လို စကားပြောတာလဲ။ နင် အရိုက်ခံ ချင်နေတာ ပဲ...” အမျိုးသမီးက ပါးစပ် ကို အုပ်ရင်း ညင်သာစွာရယ်မောခဲ့သည်။

လုံချန် က စနောက်လှောင်ပြောင်နေခြင်းကို ရပ်ပြီး လိုရင်းကိုသာ မေးခဲ့သည် “စီနီယာအစ်မ၊ ရတနာ လဲလှယ်ရေးခန်းမ မှာ ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ တခြား ဝိညာဉ်ဆေးအမယ်တွေ ရှိနေသေးလားဆိုတာ ငါ သိနိုင်မလား...”

အမျိုးသမီးက ခဏလောက် တွေးကြည့်နေရင်း ပြန်ပြောပါသည် “နင် ဝိညာဉ်ဖန်တီးခြင်းသစ်သီးတွေ ထပ်လိုသေးတယ်ဆိုရင် ဒီမှာတော့ များများစားစားမရှိတော့ဘူး။ ဒါပေမဲ့ မကြာခင်မှာ ဝိညာဉ်အားဖြည့်ဆေးတွေ ထပ်ပြီးပို့ပေးဖို့ ဌာနချုပ်ကို လှမ်းအကြောင်းကြားလိုက်မယ်။ တစ်ခုတော့ရှိတယ်... နောက် ရောက်လာမယ့် ဝိညာဉ်အားဖြည့်ဆေးတွေက သေချာပေါက် တန်ဖိုးမြင့်မှာပဲ။ အိုး...၊ တကယ်တော့ ငါ တစ်ခုမေ့နေတာပဲ။ ခန်းမရဲ့ ဒုတိယ အလွှာ မှာ ထူးဆန်းတဲ့ဝိညာဉ်မြက်ပင်တစ်မျိုး ရှိနေခဲ့တယ် လို့ ငါမှတ်မိတယ်။ ဒါက ဆန်းကြယ် အလယ်အလတ်အဆင့် ဝိညာဉ်ဆေးပင် ပဲ...”

“ဝိညာဉ်မြက် လား...”

နတ်ဓားထဲရှိ လင်းရှီ က အလွန်စိတ်လှုပ်ရှားသွားပြီး လုံချန်၏ နားထဲသို့ တီးတိုး ပြောခဲ့သည် “ဟေ့...၊ ဝိညာဉ်မြက် က ဝိညာဉ်ဖန်တီးခြင်းသစ်သီး ထက် အများကြီး ပိုအားကောင်းတယ်။ ဒါက ဆန်းကြယ် အဆင့်မြင့် ဝိညာဉ်ဆေးအမယ် နီးနီးပဲ။ ထပ်ပြောရရင် ဝိညာဉ်မြက်ပင်တစ်ပင် က ဝိညာဉ်ဖန်တီးခြင်းသစ်သီး အလုံးတစ်ရာလောက်နဲ့ နှိုင်းယှဉ်နိုင်တယ်။ ငါ ဝိညာဉ်မြက်ပင်ကို သန့်စင်ပြီးရင် ကောင်းကင်ယွမ်အဆင့် တစ်ယောက်ကိုတောင် ရင်ဆိုင်နိုင်ပြီ...”

လင်းရှီ က လိုအပ်ကြောင်း ပြောလာသည့်အတွက် လုံချန် က ချက်ချင်း မေးခဲ့သည် “စီနီယာအစ်မ၊ ဒီ ဝိညာဉ်မြက် က ဘယ်လောက် ကုန်ကျမလဲ ဆိုတာ ငါ သိနိုင်မလား...”

လုံချန်၏ မေးခွန်းကို ကြားချိန်မှာ အမျိုးသမီး က ခေါင်းခါရင်း ပြန်ပြောပါသည်“စျေးနှုန်း ကို အရင်မပြောပါနဲ့။ နင်သိဖို့ကျန်တာတစ်ခုက ကောင်းကင်ယွမ်အဆင့် က ကျင့်ကြံသူတွေပဲ ဒုတိယအထပ် ကို တက်ခွင့် ရှိတယ်ဆိုတာပါပဲ”

“ဟမ်...”

လုံချန်၏မျက်နှာက အနည်းငယ် ဖြူဖျော့သွားခဲ့သည်။ လင်းဝူမိသားစုအတွင်း တင်းကျပ်လှသည့်အဆင့်ဆင့် ထိန်းချုပ်ထားသောစည်းစနစ် က သူ့ ကို အလွန် စိတ်ဓာတ်ကျစေခဲ့သည်။

“ဒါပေမဲ့ နင် တကယ် လိုအပ်နေတာဆိုရင် နင် ငါ့ ကို ‘အစ်မ’ လို့ ခေါ်တဲ့အတွက် ငါ တစ်ခုခု လုပ်ပေးနိုင်မယ်ထင်တယ်”

“အဲ့ဒါ ဆို ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်မ” လုံချန် က စိတ်လှုပ်ရှားနေခဲ့သည်။

“အရမ်း စိတ်လှုပ်ရှားမနေနဲ့ဦး...”

အမျိုးသမီးက မျက်မှောင် ကြုတ်လိုက်ရင်း ဆက်ပြောသည် “ဝိညာဉ်မြက် က ဆန်းကြယ် အလယ်အလတ်အဆင့် ဆေးပင်ပဲ။ အရမ်း အဖိုးတန်တယ် လို့ ယူဆနိုင်တယ်။ ဒါက ဉာဏ်အလင်းတိုးတက်မှုကို တော်တော်လေးထောက်ပံ့ပေးနိုင်တယ်။ နင့်မှာ ပံ့ပိုးမှုအမှတ် ၃၀၀ မရှိရင် ရဖို့ မဖြစ်နိုင်ဘူး”

လိုအပ်သော အမှတ် ၃၀၀ ဆိုသော စကားသံကို ကြားလိုက်စဉ် လုံချန် က ပြိုလဲကျလုမတတ်ဖြစ်သွားရသည်။

“ငါ့မှာ အခုလောလောဆယ် ပံ့ပိုးမှုအမှတ် ၂၄၀ လောက်ပဲ ရှိသေးတယ်။ ၃၀၀ ရဖို့ ဆိုရင် ငါ ကောင်းကင်စစ်သည်နယ်မြေထဲကို ထပ်ဝင်ရမယ်ထင်တယ်။ ဒါပေမဲ့ လူအိုကြီးလဲ့ယွမ် က ဆုလာဘ်အနေနဲ့ ငါ့ကို ပံ့ပိုးမှုအမှတ် ၅၀၀ ပေးချင်နေတာ။ ငါ ဘာ လုပ်ရမလဲ...” လုံချန် က စဉ်းစားနေရင်း မျက်မှောင် ကြုတ်သွားခဲ့သည်။

“နင် အလျင်စလို မလိုအပ်ရင် ပံ့ပိုးမှုအမှတ် လုံလောက်တာနဲ့ ချက်ချင်း လာဝယ်နိုင်တယ်...”

လုံချန် က ခေါင်းညိတ်လိုက်ရင်း အမျိုးသမီးကို ကျေးဇူး တင်စကားပြောကာ အစိမ်းရောင်မိုးမခခြံဝင်းဆီသို့ ပြန်လာခဲ့လိုက်သည်။

“အလျင်စလိုမလုပ်တာပဲ ကောင်းပါတယ်။ ငါ လူအိုကြီးလဲ့ယွမ် ဆီကို သွားမနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဆန်းကြယ် ဆဋ္ဌမအဆင့် သားရဲဝိညာဉ်ပုလဲကို ရောင်းဖို့က သေချာပေါက်ခက်ခဲမှာ ပဲ။ ဒါ့ကြောင့် လင်းရှီ ကို ပိုသန်မာလာအောင် လုပ်ပေးရမယ်။ ငါ့ပြိုင်ဖက်တွေက ပိုပြီးသန်မာတဲ့လူတွေချည်းဖြစ်လာပြီ။ တကယ်လို့ သူမ အပြင်ထွက်လာခဲ့ရင် သေချာပေါက် အန္တရာယ်များလိမ့်မယ်...”

သူ၏ ကိုယ်ပိုင်အိမ်တော် ထဲသို့ ဝင်လာခဲ့ရင်း မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံး ကို ထုတ်ယူလိုက်သည်...

“မိုးကြိုးမီးလျှံကျောက်တုံးတွေ က ဒီတိုက်ပွဲ မှာ ငါ့ ကို အများကြီး ကူညီခဲ့တယ်။ အခု ငါ့မှာ သုံးဆယ့်ရှစ်လုံး ရှိသေးတယ်။ ငါသာ ဒီမိုးကြိုးမီးလျှံကျောက်တုံး အကုန်လုံးနဲ့ ပေါင်းစည်းလိုက်ရင် ဘာဖြစ်နိုင်မလဲ။ အဆင့်(၁) မိုးကြိုးမီးလျှံခန္ဓာကိုယ် က ဆန်းကြယ် အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်နဲ့ ညီမျှရင် အဆင့်(၂) မိုးကြိုးမီးလျှံခန္ဓာကိုယ် က ဘယ်လို လဲ...”

အစစ်အမှန်ချီက မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့ပြီးနောက် လုံချန်က ကျန်ရှိသော မိုးကြိုးမီးလျှံကျောက်တုံးများနှင့် ပေါင်းစပ်ရန် ရည်ရွယ်ထားခဲ့သည်။ မမျှော်လင့်ပဲ ဆယ့်တစ်ခုမြောက် မိုးကြိုးမီးလျှံကျောက်တုံး က ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ခဲ့ချိန်က ထက် များစွာ လွယ်ကူနေခဲ့သည်။ လုံချန်က မိုးကြိုးမီးလျှံများဖြင့် တစ်နာရီနီးပါးလောက် လောင်ကျွမ်းခံနေရသော်လည်း လုံးဝ အန္တရာယ် မရှိခဲ့ပေ။ မကြာခင်မှာပဲ ဆယ့်တစ်ခုမြောက် မိုးကြိုးမီးလျှံကျောက်တုံး နှင့် ပေါင်းစပ်နိုင်လိုက်ပါသည်။

“နောက်ထပ် ဆယ့်နှစ်လုံးမြောက် ကို ပေါင်းစပ်ကြည့်မယ်…”

ပေါင်းစပ်ထားနိုင်ခဲ့သည်။မိုးကြိုးမီးလျှံကျောက်တုံးများနှင့် အဆက်မပြတ်ပေါင်းစပ်နေရင်း လုံချန် က အချိန် မည်မျှကုန်ဆုံးသွားမှန်း မသိခဲ့ချေ။ မည်မျှ ကြာသွားမှန်း မသိသော်လည်း သူ ခဏရပ်တန့်လိုက်သည့်အချိန်မှာတော့ မိုးကြိုးမီးလျှံကျောက်တုံး ဆယ့်ငါးလုံးအထိ ပေါင်းစပ်ထားနိုင်ခဲ့သည်။ နောက်ထပ် ပေါင်းစပ်ရန် ပြင်လိုက်ချိန်မှာတော့ လုံချန်က ခက်ခဲသောအခြေအနေကိုသတိပြုမိပြီး နဂါးဝိညာဉ်အသွင်ပြောင်းခန္ဓာကိုယ်ကို ချက်ချင်းထုတ်ဖော်လိုက်သည်။

“ငါ ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေ နဲ့ ပေါင်းစပ်ပြီးရင် ကောင်းကင်စစ်သည်နယ်မြေထဲကို ဝင်ပြီး လင်းရှီ အတွက် ဝိညာဉ်မြက် ကို မရရအောင်လဲလှယ်ရမယ်။ ပြီးရင် လင်းဝူမိသားစု ကနေ ခဏလောက် ထွက်သွားပြီးတော့ သွေးဝိညာဉ်ဂိုဏ်း ကို ဖြေရှင်းမယ်...”

လုံချန် က အစီအစဉ်များ တစ်ခုပြီးတစ်ခု ချမှတ်နေခဲ့သည်။ သို့သော် ဆယ့်ခြောက်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး နှင့် ပေါင်းစပ်ရန် ပြင်နေချိန်မှာပဲ အခန်းအပြင်ကနေ အလျင်စလို တံခါးခေါက်သံ ပေါ်လာခဲ့သည်။ လုံချန် က အခန်းတံခါးကို ထဖွင့်လိုက်သည့်အခါ စိုးရိမ်ပူပန်နေသောမျက်နှာထားဖြင့် ရပ်နေသည့် စီနီယာကန်လင် ကို တွေ့လိုက်ရသည်။

လုံချန် က အနည်းငယ် ရင်ထိတ်သွားခဲ့ရင်း မေးခဲ့သည် “အစ်ကို ကန်လင်၊ အပြင်မှာ ဘာဖြစ်သွားလို့လဲ...”

ကန်လင် က ချက်ချင်း ဖြေခဲ့သည် “လုံချန်! မင်းရဲ့ ယန်မိသားစုက တစ်စုံတစ်ယောက် မင်းကို လာရှာနေတယ်။ အခုချက်ချင်း သိုင်းပညာခန်းမ ကို မြန်မြန်သွား... ”

“ယန်မိသားစု လား...”

လုံချန် က ထိတ်လန့် အံ့သြသွားခဲ့သည်။ ယန်မိသားစုမှ တစ်စုံတစ်ယောက် ရောက်လာခဲ့ခြင်းမှာ ကျော်ကြားခြင်းမြို့တွင် သေချာပေါက် အခြေအနေ မကောင်းနိုင်လောက်ပေ။

လုံချန် က ချက်ချင်းပင် ဆိုးရွားသည့် ခံစားချက်ကို ရလိုက်ပြီး သိုင်းပညာခန်းမ ဆီသို့ အလျင်အမြန် ထွက်သွားခဲ့သည်။ ခဏကြာပြီးနောက် သူက ရောက်လာသူကို တွေ့လိုက်ရသည် ။ သူ၏ ဒုတိယ ဦးလေး ယန်ယွန်ထျန်း ပင်။

“ဒုတိယ ဦးလေး... ဘာဖြစ်ခဲ့တာလဲ...”

ယန်ယွန်ထျန်း က လုံချန် ကို ကြည့်ရင်း ဝမ်းနည်းမှုအပြည့်ဖြင့် ပြောပါတော့သည် “ချန်လေး!... လင်းချင် က သွေးဝိညာဉ်ဂိုဏ်းရဲ့ လူတွေ ဖမ်းဆီးတာခံလိုက်ရပြီ...”

All Chapters