အခန်း (၉၉-၁၀၀)
Vol. 8 Ch. 99-100
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၈)
အပိုင်း ၉၉ -
လုံချန်ကို မိုးသောက်ကုန်သည်များအဖွဲ့၏ အရောင်းခန်းမ ဆီသို့ လိုက်လံပို့ဆောင်ပြီးနောက် ဇောင်တျန်းဖန်က နှုတ်မဆက်အားတော့ပေ။ အလုပ်ရှုပ်နေဟန်ဆောင်ခဲ့သည်။ ဇောင်တျန်းဖန်၏မျက်လုံးထဲမှ အေးစက်စက်အမူအရာကို မြင်လိုက်သည့် အိုရွှဲ့က ရယ်မောလိုက်သည်။ သူမက ဤအခြေအနေကို ကြိုပြီး မျှော်လင့်ထားခဲ့ပုံပါ။
“နင် ထွက်သွားစမ်း...”
အိုရွှဲ့က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
အကြောင်းကတော့ ဇောင်တျန်းဖန်၏ မျက်နှာကို ကြည့်ရင်း လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံးသာ ပေါင်းစပ်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ မိုးကြိုးမီးလျှံကျောက်တုံးတစ်လုံး ဆိုပါက သူမကိုယ်တိုင်လည်း ပေါင်းစည်းနိုင်လေသည်။ အနည်းငယ် အားထည့်ပြီး ကြိုးစားလိုက်လျှင်တော့ မိုးကြိုးမီးလျှံကျောက်တုံး ၂ လုံးထိ ပေါင်းစပ်နိုင်ပေမည်။
ဆိုလိုသည်မှာ လုံချန်အပေါ် ဇောင်တျန်းဖန်၏ စိတ်အားထက်သန်ခဲ့သော အရာရာတိုင်းက အကုန်အလဟဿ ဖြစ်သွားရသည်။
“သူက တကယ်တော့ ပါရမီရှင်တစ်ယောက်လို ဟန်ဆောင်ထားတဲ့ အမှိုက်ပဲ မဟုတ်လား။ ရယ်စရာကောင်းလိုက်တာ” အိုရွှဲ့က လုံချန်၏နောက်ကျောကို ကြည့်နေရင်း စိတ်ထဲမှာ လှောင်ပြောင်နေလေသည်။
လုံချန်ကတော့ “တကယ်လို့ နင် ပေါင်းစပ်နိုင်တဲ့ အရေအတွက်က ဒီထက်မက အများကြီးပဲ ဆိုတာ သူ သိခဲ့ရင် ဘယ်လို မျက်နှာမျိုး ဖြစ်သွားမလဲ မသိဘူး”
“ရှီအာ! ငါတို့တွေ အပြင်ကိုထွက်ပြီး ခဏတဖြုတ်လောက် လမ်းလျှောက်ကြရအောင်။ အခုမှ ညနေခင်းပဲရှိသေးတာ၊ ညမှောင်လာခါမှ လှုပ်ရှားသင့်တယ်။ မဟုတ်ရင် ငါတို့ ထွက်လာတာနဲ့ တစ်ချိန်တည်း ပစ္စည်းပျောက်သွားရင် ဇောင်တျန်းဖန်က သေချာပေါက် သံသယ ဖြစ်မှာ”
အိုရွှဲ့ နှင့်ပတ်သက်၍တော့ လုံချန်က ဂရုပင်မစိုက်ပေ။
စကားပြောပြီးနောက် လုံချန်က မိုးသောက်ကုန်သည်များအဖွဲ့၏ အရောင်းခန်းမကနေ ထွက်လာပြီး ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။ ခဏအကြာတွင် တိတ်ဆိတ်ငြိမ်သက်သော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ရှာတွေ့လိုက်သည်။ ဆိုင်ထဲသို့ ဝင်သွားပြီး လက်ဖက်ရည်သောက်ရင်း သူ့ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်ကြည့်နေလိုက်သည်။
“မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံး အထိ ပေါင်းစပ်နိုင်ရင် မူလခန္ဓာကိုယ်ကို မိုးကြိုးမီးလျှံ ခန္ဓာကိုယ် အဖြစ် ဖန်တီးနိုင်တယ်၊ ပြီးတော့ မိုးကြိုးမီးလျှံ ကျင့်ကြံသူ ဖြစ်လာနိုင်တယ်ပေါ့” လုံချန်က သူ့ခန္ဓာကိုယ်ထဲ၌ ထုံကျင်စေသော အင်အားတစ်မျိုး စီးဆင်းနေသည်ကို ခံစားရသည်။
“တကယ်တော့ မိုးကြိုး၊ လျှပ်စီး နဲ့ မီးလျှံတွေက ကောင်းကင်နဲ့မြေကြီး ကြားက အပြင်းထန်ဆုံး စွမ်းအားတွေပဲ” လုံချန် က ခပ်တိုးတိုးရေရွတ်လိုက်သည်။
လင်းရှီ ကလည်း ထောက်ခံသည့်အနေဖြင့် ပြောသည် “ဟုတ်တယ်။ မိုးကြိုးမီးလျှံ ခန္ဓာကိုယ်မှာလည်း အဆင့်အမျိုးမျိုး ရှိတယ်။ ဆယ်လုံးအထိ ပေါင်းစပ်နိုင်ရင် အဆင့် ၁ မိုးကြိုးမီးလျှံ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိမ့်မယ်။ နောက်ထပ်က အဆင့် ၂၊ နောက်ဆုံး ကျရင် အဆင့် ၃ မိုးကြိုးခန္ဓာကိုယ်၊ အဲဒီအဆင့်ကတော့ ဘယ်နှစ်လုံးအထိ ပေါင်းစပ်ဖို့ လိုအပ်မလဲ အတိအကျ မသိပေမယ့် ဆယ်လုံးထက် မနည်းလောက်ဘူး”
“ဒါဆို မိုးကြိုးမီးလျှံကျောက်တုံးတွေ ပိုပြီး ပေါင်းစပ်ဖို့ ဘယ်လို လုပ်ရမလဲ” လုံချန်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“ပထမဆုံး မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစည်းတာက နင့်ခန္ဓာကိုယ်နဲ့ ဆက်စပ်နေတယ်။ အခြေခံအားဖြင့်တော့ နင်က နဂါးအသွင်ပြောင်းကျင့်ကြံသူ ဖြစ်နေလို့ပဲ။ နင့်ရဲ့ အစစ်အမှန်ချီ အများစုက နဂါးမျိုးနွယ်ရဲ့ စွမ်းအားလေ။ နင့်ခန္ဓာကိုယ်က မွေးကင်းစနဂါးတစ်ကောင်နဲ့ ညီမျှတယ်၊ ဒီတော့ လက်ရှိခန္ဓာကိုယ်အရ ဆိုရင် မိုးကြိုးမီးလျှံကျောက်တုံးတွေကို တော်တော်များများပေါင်းစပ်နိုင်တယ်”
“နောက်တစ်ခုက နင့်ရဲ့ အစစ်အမှန်ချီနဲ့ ပတ်သက်တယ်။ အစစ်အမှန်ချီ ပိုပြီးသပ်သည်းလေလေ၊ ခန္ဓာထဲက နဂါးဝိညာဉ်ချီက ပိုပြီးအားကောင်းလေလေပဲ။ ဒီလိုဆိုရင် မိုးကြိုးမီးလျှံကျောက်တုံးထဲက မိုးကြိုး၊ မီးလျှံ နဲ့ လျှပ်စီးစွမ်းအင်တွေကို နင် ထိန်းချုပ်နိုင်လိမ့်မယ်။ နင့်ရဲ့ခန္ဓာထဲမှာရှိတဲ့ နဂါးဝိညာဉ်ချီက မိုးကြိုး နဲ့ မီးလျှံ စွမ်းအားထက် ပိုအားကောင်းနေရင် အားလုံး အဆင်ပြေမှာပဲ”
“ဒါတွေ အကုန်ပြောနေရင်တောင်မှ အဲ့ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေ ရဖို့ မသေချာသေးဘူး” လုံချန်က အနည်းငယ်ပြုံးရင်း ခေါင်းယမ်းလိုက်သည်။ အမှန်တော့ မိုးကြိုးမီးလျှံကျောက်တုံးထဲရှိ ချီစွမ်းအင်က ခန္ဓာကိုယ်ကို သန့်စင်ပေးရုံတင်မကပေ၊ အစစ်အမှန်ချီ ထဲ၌ ပါရှိနေသော မိုးကြိုးစွမ်းအင်နှင့် မီးလျှံ စွမ်းအင်ကိုပါ တိုးမြှင့်ပေးနိုင်သည်။ ဤအခြေအနေက လုံချန်အား အတော်လေးဆွဲဆောင်နေ၏။
“နင် ငါ့ကို မယုံသေးဘူးပေါ့ လူယုတ်မာကြီး။ ခဏကြာရင် ဒီမှာပဲ စောင့်နေလိုက်။ ငါ ကိုယ်တိုင်လုပ်မယ်၊ ဘာအမှားအယွင်းမှ မရှိဘဲ ပြီးပြည့်စုံအောင် လုပ်ပေးမယ်လို့ အာမခံတယ်” လုံချန်၏ မယုံသလိုစကားကြောင့် လင်းရှီက ဒေါသထွက်လာပြီး အော်ပြောခဲ့သည်။ သူမ၏လေသံက အချိန်မသင့်သေးသဖြင့် ငြိမ်နေပုံပါ၊ မဟုတ်ပါက မိုးသောက်ကုန်သည်အဖွဲ့၏ အရောင်းခန်းမသို့ ပြန်သွားပြီး မိုးကြိုးမီးလျှံကျောက်တုံးများကို ခိုးယူပြီးနေလောက်ပြီဖြစ်သည်။
“ငါ ဘာတွေ လုပ်နိုင်လဲ နင်မယုံနိုင်ဖြစ်နေတာမဟုတ်လား။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ့ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေ နင့်အတွက် မရရအောင် လုပ်ပေးမယ်”
လင်းရှီက ရုတ်တရက် အလွန်ခိုင်မာနေသော ဆုံးဖြတ်ချက်ဖြင့် ပြောခဲ့သည်။ အရင်လို စနောက်တတ်သည့်ပုံစံမဟုတ်ပေ။ လုံချန် ကတော့ လင်းရှီ၏အတွေးကို ကောင်းကောင်းသိနေပါသည်။
ဤအချိန်အတောအတွင်း လုံချန်က သူမအပေါ် အစစအရာရာ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်မဟုတ်ပါလား။ မိသားစု အရေးနှင့် ရင်ဆိုင်နေရသည့်ချိန်မှာပင် လုံချန်က အန္တရာယ်တောထဲကို တိုးဝင်ပြီး သူမအတွက် ဝိညာဉ်အားဖြည့်ဆေးပင် ရှာပေးခဲ့၏။ ဤအချက်များက လင်းရှီကို နှလုံးသားတစ်ခုလုံး ထိမိသွားစေခဲ့သည်။ ထို့ကြောင့် သူမက လုံချန်အတွက် တစ်ခုခု ပြန်ပြီး လုပ်ပေးချင်နေတာဖြစ်သည်။
“ဒီကောင်မလေးနဲ့ ဆို ငါ နောက်ထပ် လှည့်ကွက်တွေ သုံးစရာမလိုတော့ဘူး…”
သို့သော် လုံချန်က ချက်ချင်း ခေါင်းခါလိုက်ပြီး မကောင်းသည့် အတွေးများကို ဖယ်ထုတ်ပစ်လိုက်သည်။ သူနှင့် လင်းရှီ၏ ဆက်ဆံရေးက အရာရာစွန့်လွှတ်နိုင်သောအဆင့်ထိ မရောက်သေးပါ။ အဓိကကတော့ လင်းရှီ၏နောက်ခံက အလွန်လျှို့ဝှက်ဆန်းကြယ်နေလို့ပင်။ တစ်ခါတစ်ရံမှာ လုံချန်၏စိတ့ထဲ၌ လင်းရှီနှင့် သူက မတူညီသော ကမ္ဘာနှစ်ခုကနေ လာခဲ့သလို ခံစားရသည်။
“ဒါပေမဲ့ လင်းရှီက အရမ်းလှတယ်။ နောက် နှစ်အနည်းငယ်လောက်ကြာရင် သူမရဲ့အလှက တိုင်းပြည်ကို ပျက်စီးစေနိုင်တဲ့အထိ ပေါ်ထွက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ သူမရဲ့ အလှတရားကို အံ့ဩပြီး ဒူးထောက်နေရမယ်ထင်တယ်။ ဒီလို နတ်သမီးလေးတစ်ပါးက တခြားလူရဲ့လက်ထဲကို ကျရောက်သွားရင် ဒုက္ခပဲ”
နောင်အနာဂတ်တွင် လင်းရှီက အခြားလူများနှင့် တာအိုလက်တွဲဖော် ဖြစ်သွားနိုင်သည်ဟူသော အတွေးက လုံချန်ကို သေချင်စိတ်ပင် ပေါက်လာစေသည်။
“ဒါက… ဒဏ္ဍာရီထဲက “ချစ်ခြင်းမေတ္တာ” လို့ ခေါ်တဲ့ အရာလား” လုံချန်က ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။
“တစ်ခါတုန်းက မိန်းကလေးယု ပြောခဲ့ဖူးတယ်၊ ပထမဆုံး တွေ့တာနဲ့ ချစ်မိတာက အလဟဿပဲ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက နှစ်ယောက်အတူ ခရီးတစ်ခု ဖြတ်သန်းရင်း အတူ ငိုကြွေးတာ၊ အတူတူ ရယ်မောကြတာ၊ ခံစားချက်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုတာပဲ။ ဒီအတိုင်းဆက်သွားရင် ငါတို့လည်း မကြာခင် အဲဒီအခြေအနေထိ ရောက်လာမှာပဲ” လုံချန်၏စိတ်ထဲ၌ တော်တော်လေးကို ရှုပ်ထွေးနေပေသည်။ ငယ်စဉ်ကတော့ ဇနီးမယားများစွာ ယူပြီး တော်ဝင်ဧကရာဇ် ဖြစ်ချင်ကြောင်း စိတ်ကူးယဉ်ခဲ့ဖူးသည်။ လက်ရှိအခြေအနေကတော့ အတိတ်က သူလိုချင်သည့်ပုံစံမျိုး ဟုတ်မနေခဲ့ပေ။
“ဟေ့ ... လူမိုက်ကောင်၊ နင်ပြုံးနေတာက အရမ်း ရွံစရာကောင်းတယ်။ ဘယ်လိုမကောင်းတဲ့အရာတွေ တွေးနေတာလဲ” လုံချန်က ရုတ်တရက် အတွေးထဲမှာ နစ်မျောနေပြီး မျက်နှာတစ်ခုလုံး ရွှင်ပြနေလေရာ လင်းရှီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
လုံချန်က ရှက်ရွံ့စွာ ရယ်လိုက်သည်။ စကားပြောနေရင်း တဖြည်းဖြည်း ညမှောင်လာသည်ကို သတိထားမိလိုက်၏။ လုံချန် က မိုးသောက်ကုန်သည်အဖွဲ့၏ အရောင်းခန်းမကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်သည် “လင်းရှီ! ‘မိုးသောက်(နံနက်ခင်း) ကုန်သည်အဖွဲ့’ ဆိုတဲ့ နာမည်ကို သတိထားမိလား…”
“ဘာထူးဆန်းလို့လဲ”
လုံချန်က ပေါ့ပါးစွာ ပြုံးလိုက်သည် “မိုးသောက်(နံနက်ခင်း)= (Chen Xi) ဆိုတာ ငါ့နာမည် ဒုတိယစာလုံး ‘ချန်’ နဲ့ မင်းရဲ့ နာမည်က ဒုတိယစာလုံး‘ရှီ’ ကို ပေါင်းထားတာ။ အတူတူပေါင်းလိုက်တော့ ငါတို့နှစ်ယောက်ပေါင်းနာမည်က ချန်ရှီ (Chen Xi) ဖြစ်သွားမှာပဲ”
လုံချန်၏ စိတ်အားထက်သန်သော အကြည့်ကို ခံစားမိသည့်အခါ လင်းရှီက မျက်နှာ နီရဲလာပြီး ရှက်ရွံ့စွာဖြင့် ခြိမ်းခြောက်သလို အော်ငေါက်လိုက်သည် “ငါ့ကို အခွင့်ကောင်း ယူရဲရင် နင့် တင်ပါးကို စုတ်ပြတ်သက်အောင် ရိုက်ပစ်မှာ သိထား” အော်ငေါက်ပြောဆိုနေသော်လည်း သူမ၏လေသံက နူးညံချိုသာမှုအပြည့်ပါ။
သို့သော် ရုတ်တရက် သူတို့ လုပ်ဆောင်မည့်အရာကို တွေးမိသွားကာ လင်းရှီက စကားလမ်းကြောင်းပြောင်းလိုက်သည် “လှုပ်ရှားဖို့အချိန်တန်ပြီ မဟုတ်လား။ ငါ အခု ထွက်ချင်တယ်”
လုံချန်က မတားခဲ့ပေ။ မိုးကြိုးမီးလျှံကျောက်တုံး ခိုးယူမည့်အစီအစဉ်က လင်းရှီအတွက် သိပ်ပြီးအန္တရာယ်မရှိနိုင်သောကြောင့် သဘောတူလိုက်ပါသည်။
“ရှီအာ! မသွားခင် သေချာမှတ်ထားပါ၊ ဘာပဲဖြစ်ဖြစ်မင်းရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ”
“ငါသိပါတယ်”
ထို့နောက် လုံချန်၏နားထဲကနေ အဖြူရောင်ပုံရိပ်လေး လျှောထွက်လာပြီး ညအမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
လင်းရှီ ထွက်သွားသည်နှင့် လုံချန်က ရုတ်တရက် အထီးကျန်သွားသလို ခံစားရသည်။
“ငါ တကယ်ပဲ တစ်ယောက်တည်း ကျန်နေခဲ့မှာ ကြောက်နေတာလား” မှန်သည်၊ လင်းရှီသာမရှိခဲ့ပါက လုံချန်အနေဖြင့် ဤခရီးလမ်းတစ်လျှောက်လုံး ရှင်သန်နိုင်ဖို့မလွယ်ကူပါ။ သူ့အနာဂတ်လမ်းကြောင်းက ဘာဆက်ဖြစ်မှန်းပင် မသိနိုင်ပေ။
“‘ချန်ရှီ’ ဆိုတာ နေ့တစ်နေ့ရဲ့ အစပဲ။ ငါတို့နှစ်ယောက်ဟာ နံနက်ခင်းလို အမြဲလင်းလက်နေမှာဖြစ်သလို၊ ထာဝရ တည်ရှိနေမယ့် ဘဝသစ်ကို ကိုယ်စားပြုလိမ့်မယ်” ဤအချိန်တွင် လုံချန်က မျက်လုံးမှိတ်လိုက်ပြီး ထိုင်ခုံလက်ယမ်းပေါ် လက်တင်ကာ ကျောမှီချလိုက်သည်။ သူ၏နှလုံးခုန်သံကို အတိုင်းသား ပြန်ကြားနေရသည်။
လုံချန်က ပြန့်ကျဲနေသော စိတ်အစဉ်ကို တည်ငြိမ်အောင်ထိန်းပြီး ဂရုတစိုက် နားထောင်လိုက်သည်။အသံက နားကွဲမတတ်ပင် ကျယ်လောင်ခဲ့သည်။ ဤအသံက သူ့နားထဲမှာ စူးရှစွာကြားနေရ၏။ သူ၏နှလုံးသားထဲ၌ သွေးနဂါးကြီးတစ်ကောင် အမြဲ အိပ်စက်နေသလို ခံစားရပြီး အဆက်မပြတ်ဟိန်းဟောက်နေပေသည်။
“ရှေးဟောင်း သွေးဝိညာဉ်နဂါး… ငါ့ကံကြမ္မာက သွေးပင်လယ်နဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်ကိုပဲ လျှောက်ရမှာလား”
အချိန် တဖြည်းဖြည်း ကုန်ဆုံးသွား၏။ နာရီဝက်နီးပါး ကြာလာသည့်အချိန်တွင် လုံချန်၏မျက်လုံးများ မှိတ်ထားရာမှ ဖျတ်ခနဲပွင့်လာသည်။ ဤအခိုက်အတန့်တွင် သိုလှောင်အိတ်တစ်လုံးက သူ့လက်ဝါးထဲကျရောက်လာသည်။ ထို့အတူ ကျေနပ်နေသောအသံလေးပါ ကြားလိုက်ရသည်။
“လူမိုက်ကောင်... ၊ လင်းဝူမြို့တော်ကို အမြန်ဆုံး ပြန်ဖို့လုပ်တော့”
လုံချန်က ဘာစကားမှမပြောဘဲ ဆိုင်ထဲမှထွက်၍ လင်းဝူမြို့တော် ဆီသို့ အမြန်ဆုံးပြန်သွားခဲ့ပါတော့သည်။
လုံချန်က ပြေးလွှားနေရင်း စိုးရိမ်စွာ မေးခဲ့၏ “ဘယ်လိုလဲ... ဒဏ်ရာ ရလာသေးလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ” လင်းရှီက ဂုဏ်ယူစွာ ပြောလေသည် “အဲ့ဒီ လူအိုကြီး ငါ့ကို မသိခင်မှာတင် သိုလှောင်အိတ်ကို ခိုးလိုက်တာ။ ပြီးတော့ အဲဒီအရူးမ အိုရွှဲ့ကိုတောင် သင်ခန်းစာ ပေးခဲ့သေးတယ်။ သူမက တော်တော်လေး မုန်းဖို့ကောင်းတယ်”
လင်းရှီက တစ်ခုခုလုပ်လာခဲ့ကြောင်း ကြားသည့်အခါ လုံချန်က စိတ်ဝင်စားသွားသည်၊ “မင်း သူမကို ဘာလုပ်လိုက်တာလဲ”
မေးခံရသည့်အခါ လင်းရှီ၏ မျက်နှာလေးက နီရဲလာပြီး အနည်းငယ်ရှက်ရွံ့သွားပုံပေါ်သည်။
“ငါ… သူမဆံပင်ကို ဖြတ်ပစ်လိုက်တယ်…”
“ဆံပင်ဖြတ်လာတာလား”
“အိုး ... ဟုတ်တယ်၊ နောက်တစ်ခု ရှိသေးတယ်။ ဒီ သိုလှောင်အိတ်ကို ခိုးရင်း မန်နေဂျာဇောင်နဲ့ နည်းနည်းပါးပါးတော့ တိုက်ခိုက်ရသေးတယ်။ ကိုယ့်ကိုယ်ကို ဖုံးကွယ်ဖို့အတွက် လျှို့ဝှက်နည်းလမ်း ထုတ်သုံးလိုက်ရတော့ စွမ်းအင် အတော်လေး ကုန်သွားတယ်။ ဝိညာဉ်ဖန်တီးခြင်းသစ်သီး လေးလုံးထဲက နှစ်လုံး လောက် သုံးလိုက်ပြီ…”
လုံချန်က မျက်ခုံးလှုပ်သွား၏။ သူမကို ပြောလို့ဆိုလို့မနိုင်ပေ။
နောက်ဆုံးတော့ လင်းရှီ က လက်ကိုဝှေ့ယမ်းပြီး တည်ကြည်စွာပြောလိုက်သည်
“စိတ်မပူပါနဲ့၊ လိုသလောက် သုံးလိုက်။ မလုံလောက်ရင် ငါ ထပ်ခိုးလိုက်ရုံပေါ့”
“ကောင်းပြီ...”
“သွားရအောင်။ ပြန်ရောက်ရင် မင်း မိုးကြိုးမီးလျှံကျောက်တုံး ဘယ်နှစ်လုံးရလာလဲ ကြည့်ကြရအောင်”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၈)
အပိုင်း ၁၀၀
လုံချန် သည် မြေကမ္ဘာယွမ်အဆင့်ကို ရောက်ရှိပြီးနောက် စတုတ္ထအဆင့် တပည့်ကနေ တတိယအဆင့် တပည့်အဖြစ် အဆင့်(ရာထူး)တိုးမြှင့်ခံခဲ့ရသည်။ အရင်က စတုတ္ထအဆင့် တပည့်များ နေထိုင်ရာ နေရာကနေ ယခုအခါ တတိယအဆင့် တပည့်များ နေထိုင်သည့် ခြံဝင်းသို့ ပြောင်းရွှေ့လာခဲ့သည်။
သူသည် လင်းဝူ မိသားစုတွင် ရှိနေခဲ့သည့် အချိန်တစ်လျှောက်လုံး ကျင့်ကြံရေး သို့မဟုတ် အပြင်သို့ကျင့်ကြံရေးခရီး ထွက်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့၏။ အသိမိတ်ဆွေဟူ၍ မရှိသည့်အပြင် အခြားသူများနှင့်လည်း ပြောဆိုဆက်ဆံသည်က ရှားပါးလှသည်။ ထို့ကြောင့် လုံချန်အနေဖြင့် တတိယအဆင့် တပည့်အများစုကို လုံးဝမသိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိ သူနေထိုင်သည့် နေရာအသစ်က ယခင်နေရာထက် ကျယ်ဝန်းသလို ပိုပြီးကြီးမားခဲ့သည်။ ကျေးငှက်သံများ ဆူဆူညံညံနှင့် ပန်းရနံ့များ သင်းပျံ့လျှက် အလွန် သာယာပါသည်။
ပြန်ရောက်ပြီးနောက် လုံချန်က အချိန်မဖြုန်းခဲ့ပေ။ အလျင်အမြန်ပဲ မြေအောက်လေ့ကျင့်ရေးအခန်းထဲသို့ ဝင်ခဲ့သည်။ လုံချန်က တင်ပြင်ခွေထိုင်ရင်း လင်ရှီ ခိုးလာခဲ့သည့် သိုလှောင်အိတ်ကို ဖွင့်လိုက်၏။
“အမြန် ကြည့်ကြည့်လိုက်။ အထဲမှာ ဘာတွေရှိလဲ သိချင်နေပြီ။ ဒါက အဲဒီလူအိုကြီး မိုးကြိုးမီးလျှံကျောက်တုံးတွေ သိမ်းထားတဲ့ သိုလှောင်အိတ် ဆိုတာပဲ မှတ်မိတယ်။ သူ့မှာ တခြား သိုလှောင်အိတ်တစ်လုံး ရှိသေးတယ်၊ ငါ ခိုးလို့မရခဲ့ဘူး။ အဲ့ဒီအထဲမှာကျ တခြား တန်ဖိုးကြီး ရတနာပစ္စည်းတွေ အားလုံး ရှိနေမယ် ထင်တယ်”
လုံချန်က သိုလှောင်အိတ်ကို ဖွင့်လိုက်ချိန်မှာ အလွန်ပြင်းထန်လှသော မိုးကြိုးစွမ်းအားနှင့် မီးလျှံ စွမ်းအားက သူ့ကို တိုက်ခိုက်လာသည်။ ဤစွမ်းအားနှစ်ခုက မိုးကြိုးမီးလျှံကျောက်တုံးတွေကနေ ထွက်ပေါ်လာသည့်တိုင်အောင် အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို့နောက် သိုလှောင်အိတ်ကို စူးစိုက်ကြည့်ရင်း နှစ်ယောက်စလုံး၏ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှု များ ပေါ်လာကြသည်။
“၄၇ လုံးတောင် ရှိနေတာပဲ”
မိုးကြိုးမီးလျှံကျောက်တုံးများကို ရေတွက်ရင်း လင်းရှီက အလွန်စိတ်လှုပ်ရှားနေလေသည်။
လုံချန်ကလည်း အတော်လေးဝမ်းသာသွား၏။ မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးအထိ ပေါင်းစပ်နိုင်ပါက သူ့အနေဖြင့် မိုးကြိုးမီးလျှံ ခန္ဓာကိုယ် ပိုင်ဆိုင်မည့်အပြင် မိုးကြိုးမီးလျှံ ကျင့်ကြံသူပါဖြစ်လာနိုင်ပါသည်။ ဤ မိုးကြိုးမီးလျှံကျောက်တုံး ၄၇ လုံး က သူ့အတွက် လုံလောက်ပါသည်။
“မိုးသောက်ကုန်သည်အသင်း ဌာနချုပ်က သူ့ကို မိုးကြိုးမီးလျှံကျောက်တုံး အလုံး ၅၀ ပေးထားတာ ထင်တယ်။ ငါ့ကို တစ်လုံး လက်ဆောင်ပေးခဲ့တယ်၊... တခြားလူ နှစ်ယောက်ကို နှစ်လုံး ပေးခဲ့သေးတယ်၊ ကျန်တာက ၄၇ လုံး”
မိုးသောက်ကုန်သည်အသင်း၏ ဌာနခွဲကနေ ထွက်လာပြီးနောက် လုံချန်က ကျန် မိုးကြိုးမီးလျှံကျောက်တုံး ၄ လုံးကို ဇောင်တျန်းဖန်ဆီ ပြန်ပေးခဲ့လိုက်သည်။ သို့သော် ယခုတော့ သူ့လက်ထဲကို ပြန်ရောက်နေလေသည်။ အကယ်၍ ဇောင်တျန်းဖန်သာ အဖြစ်အပျက်ကို သိသွားခဲ့ပါက ပါးစပ်ထဲက သွေးအန်ထွက်ပေလိမ့်မည်။
“ဒီလူအိုကြီးက သံမဏိနှလုံးသားတွေ ဝယ်ယူရင်းကနေ ငါ့ခန္ဓာကိုယ် ဘယ်လောက် သန်မာလဲ၊ ငါ့ အလားအလာ ဘယ်လောက်ထူးခြားတယ်ဆိုတာ သိသွားတာပဲ။ ပြီးတော့ မိုးကြိုးမီးလျှံကျောက်တုံးတွေနဲ့ ငါ့ကို စမ်းသပ်ချင်လို့ အရမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပြခဲ့တာ။ ရလာဒ်က ငါ့အနေနဲ့ မိုးကြိုးမီးလျှံကျောက်တုံးတွေနဲ့ သင့်တော်တယ်ဆိုရင် မိုးသောက်ကုန်သည်အဖွဲ့ထဲကို ဝင်ခိုင်းမယ်လို့ စီစဉ်ထားခဲ့တာပဲ…”
လုံချန်က ဇောင်တျန်းဖန်၏ရည်ရွယ်ချက်ကို အစကတည်းက သိနေခဲ့သည်။ ယခုတော့ သူ့အတွက် ဘာတွေဝေစိတ်မှ မရှိတော့ပေ။
“လုံချန်! ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ က ရက်အနည်းငယ်လောက်ပဲ ကျန်တော့တယ်။ မိုးကြိုးမီးလျှံကျောက်တုံးတွေနဲ့ ပေါင်းစည်းပြီး နင့်ရဲ့ အကန့်အသတ်ကို စမ်းကြည့်တာ ပိုကောင်းလိမ့်မယ်”
လုံချန်က ခေါင်းညိတ်လိုက်၏။ လင်းဝူ မိသားစုအတွင်း၌ တပည့်တစ်ဦးချင်း၏ ကိုယ်ပိုင်အိမ်များကို ကျောက်စိမ်းတံဆိပ်ပြားဖြင့်သာ ဖွင့်နိုင်သည်။ ထို့ကြောင့် လူတိုင်းအတွက် သီးသန့်လုံခြုံမှု ကအတိုင်းအတာတစ်ခုထိ ရှိနေပေသည်။ မြေအောက်လေ့ကျင့်ရေးအခန်းထဲ၌ လုံချန်က ကျန် မိုးကြိုးမီးလျှံကျောက်တုံးများ သိမ်းထားလိုက်ပြီး တစ်လုံးကိုသာ အရင်ထုတ်ယူလိုက်သည်။
“ပထမဆုံးတစ်လုံးနဲ့ ပေါင်းစပ်တဲ့အချိန်တုန်းက ကြောက်စရာကောင်းတယ်ဆိုပေမယ့် ခံနိုင်ခဲ့တယ်။ အခု နောက်တစ်လုံး ထပ်ပေါင်းစည်းတာက ပြဿနာ မရှိသင့်ဘူး”
လုံချန် က အသက်ပြင်းပြင်းရှူကာ သူ့လက်ထဲရှိ မိုးကြိုးမီးလျှံကျောက်တုံးကို ချက်ချင်း ပေါင်းစပ်လိုက်သည်။ ဤအချိန်တွင် ပထမဆုံးအကြိမ်ဖြစ်စဉ်တုန်းကလိုမျိုး နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့လာပါသည်။ သို့သော် လုံချန်၏မျက်နှာက ပျော်ရွှင်နေ၏။ ခဏအကြာတွင်တော့ လုံချန်၏မျက်နှာက လေးနက်တည်ကြည်လာပါသည်။ ဒုတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံး၏ စွမ်းအားတိုက်ခိုက်မှုက ပထမဆုံးအကြိမ်ကထက် ပို၍ပြင်းထန်နေလို့ပင်။ ပထမဆုံး မိုးကြိုးမီးလျှံကျောက်တုံး၏ စွမ်းအား ထက် နှစ်ဆ လောက်ရှိပေသည်၊ လုံချန်က မိုးကြိုးစွမ်းအင်နှင့် မီးစွမ်းအင် နှစ်ခုပေါင်း၏ ဖိအားကို အံကြိတ်၍ တောင့်ခံထားရသည်။
လင်းရှီ လည်း အစပိုင်းမှာ အနည်းငယ်စိုးရိမ်နေခဲ့၏၊ သို့ရာတွင် လုံချန်က တောင့်ခံထားနိုင်ကြောင်း မြင်လိုက်ချိန်မှာတော့ လေထဲ၌ ပျော်ရွှင်စွာ ပျံဝဲလျှက် နာကျင်နေသော သူ့မျက်နှာကို ကြည့်ရင်း ရယ်မောနေလေသည်။
ဤအချိန်တွင် မိုးကြိုး နှင့် မီးစွမ်းအားက လုံချန်၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်လျက် စိမ့်ဝင်နေသည်။ တစ်ချိန်တည်းမှာပဲ အလွန်သန့်စင်လှသော မိုးကြိုးမီးလျှံစွမ်းအားက ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပေးနေခဲ့သည်၊ တစ်ဆင့်ချင်း သူ၏ခန္ဓာကိုယ်က ယခင်ထက် ပိုသန်မာလာပြီး ပိုပြီးတော့လည်း ခံနိုင်ရည်ရှိလာခဲ့သည်။
လုံချန်အနေဖြင့် ပထမဆုံး မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစည်းစဉ်က ကြာချိန်ဟာ တစ်နာရီပင် မပြည့်ခဲ့ပေ။ ဒုတိယမြောက်အလုံးက ပထမဆုံးအကြိမ်ကနှင့် အခြေခံစွမ်းအားချင်း တူညီသော်လည်း မိုးကြိုးမီးလျှံကျောက်တုံးက ထူးဆန်းသည့် အရာ ဖြစ်သည်။ ဒုတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်သည့်ဖြစ်စဉ်က ပထမဆုံးအကြိမ်ထက် နှစ်ဆ ပိုခက်ခဲပါသည်။ တတိယမြောက် ထပ်မံပေါင်းစပ်ပါက ပထမဆုံးအကြိမ်နှင့် ဒုတိယအကြိမ်ထက် နှစ်ဆ ခက်ခဲနိုင်လေသည်။
မိုးကြိုးမီးလျှံကျောက်တုံး တစ်လုံးပြီးတစ်လုံး ပေါင်းစပ်လေလေ ခက်ခဲမှုကလည်း ဆတိုးမြင့်တက်လာခဲ့၏။ ထိုသို့ဆိုလျှင် မိုးကြိုးမီးလျှံကျောက်တုံး များစွာ သို့မဟုတ် ၁၀ လုံးအထိရောက်အောင် ပေါင်းစပ်ရန်ကား မည်မျှခက်ခဲမှန်း သိနိုင်လေသည်။
လုံချန် က ဒုတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့်ပေါင်းစပ်ရန် စုစုပေါင်း အချိန် နှစ်နာရီ လောက် ကြာမြင့်ခဲ့ပါသည်။ သူ လေ့ကျင့်ပြီးသည်နှင့် ညဉ့်နက်ချိန်ကိုပင် ရောက်နေလေပြီ။
လုံချန်က မတ်တပ်ထလိုက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုအပြည့်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အကြောအချင်များကို ဖြေလျော့လိုက်သည်။
“အရင်က နဲ့ ယှဉ်ရင် ငါ့ခန္ဓာကိုယ် အပြင်အား က အများကြီး တိုးလာတယ် မထင်ဘူး။ ဟုတ်တယ်၊ ငါ့ရဲ့ အစစ်အမှန်ချီထဲက မိုးကြိုး နဲ့ မီးလျှံ စွမ်းအား ကတော့ အရင်ထက် နဲနဲလေးပိုပြီးသိပ်သည်းလာတယ်”
“ဘယ်လိုလဲ ။ နောက်တစ်လုံး ထပ်စမ်းချင်သေးလား” လင်းရှီက လုံချန်၏နံဘေးမှာ စောင့်နေရင်း မျှော်လင့်ချက်ဖြင့် မေးသည်။ ဤအတိုင်းအတာက လုံချန်၏အကန့်အသတ် မဟုတ်သေးကြောင်း ခံစားမိလို့ပင်။
“ဟုတ်တယ်...”
လုံချန်က ခေါင်းညိတ်လိုက်၏။ မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစည်းခြင်းဖြစ်စဉ် ပြီးဆုံးသွားသည်နှင့် အဆမတန် နာကျင်မှုများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ခန္ဓာကိုယ်က အနည်းငယ်ထုံကျင်နေရုံလောက်သာ။ ဤခံစားချက်က လုံချန်ကို အနည်းငယ် စိုးရိမ်မိစေသော်လည်း ကြောက်ရွံ့ရလောက်အောင်အထိတော့ မဟုတ်ခဲ့ပေ။
ခဏအကြာတွင် တတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံးကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် စုပ်ယူလိုက်ပါတော့သည်။ မထင်မှတ်ထားဘဲ တတိယအကြိမ်မြောက် ပေါင်းစပ်ရာတွင် ခက်ခဲမှုက ပိုပြီး အားကောင်းလာ၏။ ဤတစ်ကြိမ်မှာတော့ လုံချန်အနေဖြင့် အချိန် ၄ နာရီခန့်ကြာပြီးနောက်မှ တတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံးကို ပေါင်းစပ်နိုင်ခဲ့သည်။
သူ၏ရုပ်ခန္ဓာခွန်အား(ခန္ဓာကိုယ်အပြင်အား) အပြင် အစစ်အမှန်ချီကပါ အတိုင်းအတာ တစ်ခုထိတိုးတက်လာပါသည်။ သို့သော်လည်း နာကျင်မှုက အရင်အကြိမ်တွေကထက် အဆပေါင်းများစွာ ကြောက်မက်ဖွယ်ကောင်းလေသည်။ လုံချန်က စိတ်ဓာတ်ခွန်အား ကြံ့ခိုင်သန်မာသောကြောင့်သာ တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။ တတိယမြောက်ပေါင်းစပ်ခြင်းဖြစ်စဉ်က တော်တော်လေး ကြောက်စရာပင်။
“သုံးလုံး အထိ ပေါင်းစပ်နိုင်ခဲ့ပြီ၊ ဒါက မန်နေဂျာဇောင် နင်လုပ်နိုင်မယ်လို့ မျှော်လင့်ထားတဲ့အဆင့်ထက် ကျော်နေပြီ။ လုံချန်! ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ရအောင်။ နောက်အဆင့်တွေကျရင် နင့်ရဲ့ခန္ဓာကိုယ်က သိပ်ပြီးခုခံနိုင်တော့မှာမဟုတ်ဘူး” လုံချန် အသက်မျှင်းမျှင်းရှူနေသောကြောင့် လင်းရှီက အတော်လေး စိုးရိမ်နေပါသည်။
“ဒါက မိုးကြိုးမီးလျှံကျောက်တုံး သုံးလုံးပဲ မဟုတ်လား။ ငါ့ အကန့်အသတ် မဟုတ်သေးဘူး။ နေထွက်ဖို့ ၄ နာရီ လောက် ကျန်ပါသေးတယ်။ ထပ်ပြီးစမ်းကြည့်ရတာပေါ့”
လုံချန်၏လေသံက ခိုင်မာနေပြီး မျက်လုံးထဲမှာလည်း ပြတ်သားသောဆုံးဖြတ်ချက်များ ပေါ်လွင်နေသည်။ လင်းရှီက တားဆီးဖို့ရာ မတတ်နိုင်တော့ပေ၊ ခွင့်ပြုလိုက်ရ၏။
တတိယမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့်ပေါင်းစပ်ခြင်းက ကြောက်မက်ဖွယ်ကောင်းသော်လည်း လုံချန်ကတော့ ထပ်ပြီးစိန်ခေါ်ချင်နေသေး၏။
သူက တုံ့ဆိုင်းမနေတော့ဘဲ စတုတ္ထမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစည်းမှုကို ချက်ချင်း စတင်လိုက်၏။ “မထူးဆန်းပါဘူး၊ ဒါက လင်းရှီ ပြောခဲ့သလိုပဲ တတိယအကြိမ်ထက် ပိုကြောက်စရာကောင်းတယ်” လုံချန်က သူ၏ခန္ဓာကိုယ်ထဲ၌ ဓားအစင်းပေါင်းများစွာ လှီးဖြတ်နေသလို ခံစားရသည်။ နာကျင်မှုက သူ့မျက်နှာကို အစိမ်းရောင် ပြောင်းသွားစေသည်။
ဘေးနားရှိ လင်းရှီကတော့ လုံချန်၏ မချိမဆန့်နာကျင်နေသော ပုံစံကို ကြည့်နေရင်း လက်သီးကိုတင်းတင်းဆုပ်ထားမိသည်။
ဤသို့ဖြင့်...
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ လုံချန်က ပြင်းထန်လှသော နာကျင်မှုကို တောင့်ခံထားရင်း မိုးကြိုးမီးလျှံကျောက်တုံး၏စွမ်းအားကို မူလဒန်တျန်ထဲသို့ ပေါင်းစပ်ရန် ခက်ခဲနေသည်။
“ရုန်းကန်ပါ။ မရရအောင် တောင့်ခံထား။ ဒါမှ အောင်မြင်ဖို့ အခွင့်အရေး ရလိမ့်မယ်”
လုံချန်သည် အံ့ကြိတ်ထားရင်း ကိုယ့်ကိုယ်ကို အားပေးနေခဲ့သည်။
ယန်မိသားစုက သူ ပြန်အလာကို စောင့်မျှော်နေခဲ့ကြသည်။ ထို့အပြင် လင်းရှီကိုလည်း မူလခန္ဓာကိုယ်ပြန်ရအောင် ကူညီပေးရပါဦးမည်။ နောက်ဆုံးအနေဖြင့် လူတိုင်းအတွက် သူ သန်မာလာရန်လိုအပ်နေခဲ့၏။
“ဒီ သေးငယ်တဲ့ မိုးကြိုးမီးလျှံကျောက်တုံးက ငါ လုံချန်ကို ရှုံးနိမ့်စေနိုင်မယ်လို့ ထင်နေတာလား”
ပို သန်မာလာမှဖြစ်မည်ဟူသော ဆုံးဖြတ်ချက်ကြောင့် လုံချန်က နာကျင်မှုအားလုံးကို ဖိနှိပ်ပစ်လိုက်သည်။ သာမန်လူသားကျင့်ကြံသူတစ်ယောက်ဆိုပါက ဤအခြေအနေမှာ နှလုံးသားတစ်ခုလုံး ဆွဲဖြဲခံရသလို၊ တစ်ကိုယ်လုံး ပျက်စီးသွားနိုင်သည်။ သို့ရာတွင် လုံချန်ကတော့ အံကြိတ်ထားပြီး စတုတ္ထမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ဆက်လက်ပေါင်းစပ်နေလိုက်သည်။
“ဒီအတိုင်း ဆက်သွားရင် ငါ အများဆုံးမှ မိုးကြိုးမီးလျှံကျောက်တုံး ၄ လုံးပဲ ပေါင်းစပ်နိုင်လိမ့်မယ်။ မိုးကြိုးမီးလျှံခန္ဓာကိုယ် ရဖို့နဲ့ မိုးကြိုးမီးလျှံ ကျင့်ကြံသူ ဖြစ်ဖို့ဆိုရင်တော့ အတော်လေး ဝေးနေသေးတယ်…”
လုံချန်က မကျေနပ်ဖြစ်နေသော်လည်း သူ မသိခဲ့တာကတော့ မိုးသောက်ကုန်သည်အဖွဲ့၌ပင် မြေကမ္ဘာယွမ်အဆင့် တပည့်များထဲမှာ ဤအဆင့်ထိ ပေါင်းစပ်နိုင်သူ ရှားပါးလှသည်ဆိုတာပင်။
ထိုလူအားလုံးကလည်း ယွမ်လင်းမြို့တော်၏ ထိပ်တန်း ပါရမီရှင်များချည်းသာ။
“ဟုတ်တယ်... လုံချန်၊ နဂါးဝိညာဉ်အသွင်ပြောင်းပုံစံကို နင် မေ့နေတာလား။ အဲ့ဒီ ပုံစံပြောင်းထားလိုက်ရင် နင်က စစ်မှန်တဲ့ နဂါးအသွင်ပြောင်းကျင့်ကြံသူ ဖြစ်နေပြီ” ရုတ်တရက် လင်းရှီ၏သတိပေးစကားသံ ထွက်လာသည်။
လင်းရှီ ပြောလိုက်သည့်အချိန်မှ လုံချန်လည်း သတိရသွား၏။ ထို့နောက် ချက်ချင်းဆိုသလို နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ၏ခန္ဓာကိုယ်ပေါ်၌ သွေးနီရောနဂါးအကြေးခွံများ ဖုံးအုပ်ထားခဲ့သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီ ကလည်း ယခင်ထက် ၁၀ ဆ အထိ တိုးလာပါတော့သည်။ ဤအခိုက်အတန့်တွင် လုံချန်က မိုးကြိုးမီးလျှံကျောက်တုံးများကို ပေါင်းစပ်နိုင်ကြောင်း ခံစားမိလိုက်လေသည်။ အသွင်ပြောင်းပြီးနောက် လုံချန်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို နဂါးစွမ်းအင်အငွေ့အသက်များ လွှမ်းခြုံထားသလို ခံစားရသည်။ ဤခဏလေးအတွင်းမှာပဲ စတုတ္ထမြောက် မိုးကြိုးမီးလျှံကျောက်တုံး၏ ပြင်းထန်လှသောအဖျက်စွမ်းအားက ပျောက်ကွယ်သွားတော့သည်။
စတုတ္ထမြောက် မိုးကြိုးမီးလျှံကျောက်တုံး၏ စွမ်းအားက ယခင်လို မပြင်းထန်တော့ဘဲ လုံချန်က လွယ်ကူစွာ စုပ်ယူလိုက်ပါသည်။ ထို့နောက်မှာတော့ခန္ဓာကိုယ်ထဲမှာ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့၏။
“ပေါင်းစပ်တဲ့အရှိန်က ပထမအကြိမ်တုန်းကထက်တောင် အများကြီး ပိုမြန်နေသေးတယ်”
လုံချန်က နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်ကို ထုတ်ဖော်ပြီးနောက် မြင်တွေ့ရသော အခြေအနေကို အံ့ဩနေခဲ့သည်။ ဤအခြေအနေက ကောင်းကင်ဘုံကို ဆန့်ကျင်နေသလိုပင်မဟုတ်ပါလား။
“အလုပ်ဖြစ်တယ်”
လုံချန်က အချိန် ၄ နာရီ ကြာအောင် စုပ်ယူနေခဲ့ပြီးနောက် စတုတ္ထမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်နိုင်ခဲ့၏။
လင်းရှီက အဆိုပါမြင်ကွင်းကြောင့် နဂါးမျိုးနွယ် အမွေခံများ၏ ဆန်းကြယ်မှု နှင့် အင်အားကို အံ့ဩနေမိသည်။
“ဟေ့၊ ဒီ အသွင်ပြောင်းခန္ဓာကိုယ်နဲ့ဆိုရင် ဘယ်နှစ်လုံး အထိ ပေါင်းစပ်နိုင်မယ်လို့ ထင်လဲ”
“ဆက်စမ်းကြည့်ရင် သိမှာပဲမဟုတ်လား”
လုံချန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပါသည်။ အစက ပဉ္စမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ရန် မဖြစ်နိုင်ကြောင်း ထင်ထားခဲ့၏။ ယခုတော့ လုပ်ဆောင်နိုင်မည်ဟု သေချာပေါက်ယုံကြည်နေသည်။
“ဒီ မကောင်းဆိုးဝါး လူညစ်ကောင်…”
လုံချန် ပျော်ရွှင်နေသော မြင်ကွင်းကြောင့် လင်းရှီ က ဘာစကားမှ မပြောနိုင်တော့ပေ။ သူမ၏စိတ်ထဲ၌လည်း ထပ်တူပျော်ရွှင်နေလို့ပင်။
နောက်ထပ် တစ်နာရီ မပြည့်ခင်မှာပဲ လုံချန်က ပဉ္စမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ပြီးသွားခဲ့သည်။ သူ့မျက်လုံးကို ဖွင့်လိုက်ပြီး ကျေနပ်နေသောအမူအရာအပြည့် ရှိနေလေသည်။
“ပဉ္စမမြောက် မိုးကြိုးမီးလျှံကျောက်တုံးက ပထမအကြိမ်တုန်းကထက်တောင် ပိုလွယ်နေသေးတယ်။ ကလေးမလေး! ဒီည ငါ ဘယ်လို ဆက်လုပ်မလဲ ကြည့်နေလိုက်။ ငါလုံချန်က အရမ်း ခမ်းနားပြီး ဆွဲဆောင်မှု ရှိလွန်းလို့ မင်း ဘာလုပ်ရမှန်း မသိတော့အောင် ဖြစ်သွားစေမယ်လို့ အာမခံတယ်”
“သောက်ကျိုးနဲ ...အရူးကောင်၊ ခုနစ်လုံး ဒါမှမဟုတ် ရှစ်လုံးအထိ ရောက်လာရင် ခက်ခဲမှုက ပထမအကြိမ်တုန်းကထက် အဆ ၁၀၀ လောက် ဖြစ်သွားလိမ့်မယ်။ အဲ့ဒါကို နင် ဘယ်လို ရင်ဆိုင်မလဲ။ အဲ့အချိန်မှာ အခုလောက် မာန်တက်နေနိုင်သေးလားဆိုတာ ကြည့်ရသေးတာပေါ့”
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ