← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၁၆ - တကယ့်ကို ဉာဏ်ကြီးရှင်ပါ

"နင်...တကယ်ပြန်လာတာလား"

လုံချန် က မှုန်ကုပ်နေသည့် ယန်လင်းချင် ကိုကြည့်ရင်း ပြုံးကာ "မင်း ခုနက နဂါးတံဆိပ်တော်ကို ကြည့်ပြီးတော်တော်လေးလိုချင်နေတာပဲ။ အခုတော့ အရှက်ကွဲပြီမဟုတ်လား။ ကောင်းပြီ၊ မင်းအတွက် ငါယူပေးပါ့မယ်​လေ"

ယန်လင်းချင် လည်း လုံချန် ပြန်လာရဲမယ်လို့မထင်ထားပေ။ သူ့စိတ်ထဲမှာ အနည်းနဲ့အများတော့ ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း အစ်ကိုဖြစ်သူ သေဆုံးတာကိုပြန်တွေးမိပြီး သူ့မျက်နှာက ချက်ချင်းပင်အေးစက်သွားကာ ဒေါသတကြီးအော်ငေါက်လိုက်သည် "ခွေးကောင်၊ ငါ့အစ်ကိုရဲ့ အသက်ကို ပြန်ပေးစမ်း"

ယန်လင်းချင် ၏ဒေါသတကြီးအော်သံကြောင့် လူတိုင်း အာရုံစိုက်လာကြသည်။

သိုင်းပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ချက်ချင်းဆိုသလို ဆွေးနွေးသံများ ပြည့်နှက်သွားလေတော့သည်။

လုံချန်က ခေါင်းမော့ပြီးကြည့်လိုက်ရာ သူ့အားစိုက်ကြည့်နေသည့် အေးစက်စက်အကြည့်တွေကို တွေ့လိုက်ရသည်။ သို့သော် ဂရုစိုက်မနေဘဲ တည်ငြိမ်သောအမူအရာဖြင့် တိုက်ပွဲစင်မြင့်ထက်သို့တက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ယန်ဘိုးဘေးက နတ်နဂါးတံဆိပ်တော် ကို ယန်လင်ရွဲ့ ထံ လွှဲပြောင်းပေးခါနီးဖြစ်နေသည်။

လုံချန်၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ သိုင်းပြိုင်ပွဲကွင်းပြင်ထက်ရှိ လူတိုင်း အမူအရာတွေပြောင်းကုန်ကြသည်။ တချို့ဆိုရင်တော့ မျက်နှာတွေအေးစက်သွားခဲ့သည်။ ယန်ရွဲ့ချင် က အဆိုးဆုံးပင်။ မတ်တပ်ထရပ်ပြီး လုံချန် ကိုကြိမ်းမောင်းဖို့ပြင်လိုက်၏။ သို့သော် နံဘေးရှိ ပိုင်ကျန်းရှောင် က သူ့ပခုံးကိုအသာဖိကာ ပြောလိုက်၏ "ညီမ ချင်၊ ဒီကလေး က တော်တော်လေးရဲတင်းတယ်။ သူဘာတတ်နိုင်လဲဆိုတာ ငါမြင်ချင်နေပြီ။ မင်း သူ့ကို လူမြင်ကွင်းမှာ တိုက်ခိုက်ရင် မင်းပဲနာမည်ပျက်လိမ့်မှာပေါ့"

ထိုမှသာ ယန်ရွဲ့ချင် က ပြန်ထိုင်လိုက်သည်။ သို့သော်လည်း သူ့အကြည့်တွေကတော့ အေးစက်နေဆဲပင်။

ဤအချိန်တွင် လုံချန် က ယန်ရွဲ့ချင်ကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်ကြောင့် ယန်ရွဲ့ချင်ဟာ ထိတ်လန့်သွားသည်။

"ဒီကောင်လေး၊ သူ ပုံမှန်ပြန်ဖြစ်လာပြီလား.."

ယန်ရွဲ့ချင် တစ်ယောက် တော်တော်လေးကို ထိတ်လန့်သွားသည်။

လုံချန် ကတော့ ယန်ရွဲ့ချင် ကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ ဤအချိန်တွင် သူသည် လူတိုင်း၏ အဓိကအာရုံစိုက်ရာဖြစ်နေခဲ့သည်။ လုံချန် က သူ့ရှေ့ရှိ လူအိုကြီးကို ကြည့်လိုက်သည်။ သူ ဘာကိုမှ မမြင်ရပေ။ အတိုင်းအဆမဲ့သောချောက်နက်ကြီးသဖွယ်ဖြစ်သည်။

ယန်ဘိုးဘေး ကလည်း သူ့ရှေ့က လူငယ်လေးကို အံ့အားသင့်စွာ ကြည့်နေ၏။ သို့တိုင် လုံချန်၏မျက်နှာမှာ ထိတ်လန့်မှုအရိပ်အယောင်ဟူ၍ မတွေ့ရပေ။

သူ့စိတ်ထဲမှာတော့ လုံချန်၏ အပြုအမူကို သဘောကျမိသည်။ လက်ရှိ ယန်မိသားစုဟာ လုံချန်အတွက်မော့ကြည့်ဖို့တောင် မဖြစ်နိုင်သည့် ဧရာမတောင်တန်းကြီးသဖွယ်ဖြစ်ခဲ့သည်။ သို့သော် သူက အနည်းငယ်ပင်ကြောက်ရွံ့သွားခဲ့ခြင်းမရှိပေ။

"သေခြင်းရှင်ခြင်းကို လုံးလုံးမကြောက်ဘူး။ အရာအားလုံးကို လစ်လျူရှုထားနိုင်တယ်။ ဒီကလေးက မိုက်မဲတာမဟုတ်ရင် ဉာဏ်ကြီးရှင်ပဲ"

ယန်ဘိုးဘေး က တွေးတောနေသည်။ ထို့အပြင် လုံချန်၏ စွမ်းဆောင်ရည်ကို တော်တော်လေးသိချင်သွားမိသည်။

ဤချိန်တွင် လူတိုင်း၏အကြည့်များသည် လုံချန် ကိုသာ အာရုံစိုက်နေခဲ့သည်။ အများစုကတော့ လှောင်ပြောင်မှုအကြည့်ဖြင့် ကြည့်နေကြသည်။ ယန်ဘိုးဘေး က လုံချန်အား အနည်းငယ်သဘောကျနေပုံပါ။ သို့သော်လည်း သူတို့အမြင်အရတော့ လုံချန်ဟာ ဦးနှောက်ပျက်နေသည့် အရူးတစ်ယောက်ပင်ဖြစ်၏။

လုံချန် သည် ယန်ဘိုးဘေးကို ကြည့်နေရင်း သူ့မျက်လုံးတွေမှာ မျှော်လင့်ချက်ရောင်ခြည်တွေ တောက်ပလာခဲ့သည်။ သူက ကြမ်းပြင်ပေါ်မဗာ

ဖြည်းညှင်းစွာ ဒူးထောက်လိုက်ပြီး "မြေး လုံချန်က အဖိုးကို နှုတ်ဆက်ပါတယ်။ ဒီနေ့ မိသားစုတွေ့ဆုံပွဲမှာ နောက်ကျတဲ့အတွက် အပြစ်ပေးသင့်တယ်။ ဒါပေမဲ့..."

သူက ခေါင်းကို မော့ပြီး ယန်လင်ရွဲ့ ကို အံ့အားသင့်စွာ ကြည့်ရင်း "ဒီမြေး က ယန်မိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ နဂါးတံဆိပ်တော်ကို ရယူဖို့ အခွင့်အရေးလည်း ရှိသင့်ပါတယ်။ အဖိုး၊ ငါ့ကို အစ်မလင်ရွဲ့ နဲ့ တိုက်ခိုက်ခွင့်ပြုပါ။ ပြီးတော့ ဘယ်သူက အနိုင်ရမလဲဆိုတာ ဆုံးဖြတ်ရအောင်"

ယန်ဘိုးဘေး က သူ့ရှေ့ရှိ လူငယ်လေးကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်ရင်း "ချန်အာ၊ ငါတို့မိသားစုကြီးတွေမှာ ကိုယ်ပိုင်စည်းမျဉ်းတွေရှိတယ်။ မင်းနောက်ကျတဲ့အတွက် သဘာဝအတိုင်း မျိုးနွယ်စုတွေ့ဆုံပွဲမှာ ပါဝင်ခွင့်မရှိဘူး။ နောက်ပြီး ဒီနှစ်ချန်ပီယံနေရာကို ရယူချင်တယ်ဆိုရင် တိုက်ပွဲတွေ ဆက်တိုက်ယှဉ်ပြိုင်ရမှာလေ။မင်းရောက်လာတာနဲ့ ချန်ပီယံနေရာကို တန်းပြီးယူချင်နေတာက သိပ်ပြီးသဘာဝမကျသလိုပဲ"

ယန်ဘိုးဘေး က သူ့ကို ပြတ်ပြတ်သားသား မငြင်းဆိုသောကြောင့် လုံချန်ဟာ အခွင့်အရေးရှိမှန်းသိလိုက်သည်။ သူက တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်၏ "အဖိုး၊ ငါက ပြိုင်ပွဲအဆင့်ဆင့်ကို ဝင်မပြိုင်ရသေးဘူးဆိုရင် အဖိုးကိုယ်တိုင် ငါ့ပြိုင်ဖက်ကို ရွေးချယ်နိုင်တယ်။ ပြီးတော့ အစ်မလင်ရွဲ့ တစ်ခါမှ မတိုက်ဖူးဘူး။ ဒါဆို သူမ ငါ့ထက်ပိုသန်မာတယ်လို့ပြောနိုင်ပါ့မလား"

ထို့နောက် သူက ယန်လင်ရွဲ့ ကို လှည့်ကြည့်လိုက်သည်။ ဤအချိန်တွင် ယန်လင်ရွဲ့၏မျက်လုံးအစုံက မီးဝင်းဝင်းတောက်နေသည်။ လုံချန်ဟာ သူ့ကိုယ်စား လူတိုင်း၏စိတ်ဝင်စားမှုကို ကြားဖြတ်ယူသွားပြီမဟုတ်ပါလား။

ဤအချိန်တွင် လုံချန် က ယန်လင်ရွဲ့ ကိုစိုက်ကြည့်ကာ ပြောလိုက်သည် "အစ်မ လင်ရွဲ့၊ ငါတို့ကြားက သဘောတူညီချက် ကိုမှတ်မိသေးလားမသိဘူး။ ဒါပေမဲ့ အစ်မလင်ရွဲ့ က ချက်ချင်းအရှုံးပေးမယ်ဆိုရင်တော့ ငါသက်ညှာပေးမှာပါ..."

"လုံလောက်ပြီ "

ယန်လင်ရွဲ့၏မျက်နှာလှလှလေးက ရေခဲကဲ့သို့ အေးစက်နေသည်။ သူမက ယန်ဘိုးဘေးကို ကြည့်ပြီး "အဖိုး၊ ဒီနေ့ ဒီခွေးကောင်ကို ကောင်းကောင်းဆုံးမပေးရမယ်။ ငါ ငါ သူနဲ့ တိုက်ခိုက်မယ်၊ ငါ့ကို ချန်ပီယံနေရာနဲ့မထိုက်တန်သလိုမျိုးပြောတဲ့အတွက် သူပြန်ပေးဆပ်ရမယ်။ ဒီလိုစက်ဆုပ်ရွံရှာစရာကောင်းတဲ့ အမှိုက်ကောင်ကို ဒီနေ့ သင်ခန်းစာကောင်းကောင်းသင်ပေးလိုက်မယ်"

ယန်လင်ရွဲ့ က လူသတ်ချင်စိတ်အပြည့်ဖြင့်ပြောလိုက်သည်။ ယန်ဘိုးဘေးက ထူးထူးခြားခြား ပြုံးပြီးပြောခဲ့သည် "မင်းတို့နှစ်ယောက် ဒီလိုတောင်းဆိုလာတဲ့အတွက် ဒီလူအိုကြီးက သဘောတူလို့ရတယ်။ ဒါပေမဲ့ သိုင်းပြိုင်ပွဲဖြစ်နေတဲ့အတွက် နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကို ထိန်းထားရမယ်။ ယန်မျိုးနွယ်စုကို အရှက်ရစေရင် ဘယ်သူမှ နတ်နဂါးတံဆိပ်တော်ကို ရယူပိုင်ခွင့်မရှိဘူးလို့ သတိပေးပါရစေ"

အခြားတစ်ဖက်မှာတော့ လုံချန်ဟာ ယန်လင်ရွဲ့ လက်ခံလိုက်သဖြင့် အလွန်ဝမ်းသာသွားသည်။ ယန်ဘိုးဘေး ကိုဦးညွှတ်ကာ "ကျေးဇူးအများကြီးတင်ပါတယ် အဖိုး။ အစ်မ လင်ရွဲ့က အမျိုးသမီးတစ်ယောက်ပါ။ သဘာဝအတိုင်း ငါ သူမကို ညှာတာပေးပါ့မယ်" ဟု ကမန်းကတန်းပြောလိုက်သည်။

"နင်..." ယန်လင်ရွဲ့ လည်း ဒေါသထွက်သွားသည်။

ယန်ချင်းရွှမ် နှင့် ယန်ဝူ တို့သားအဖနှစ်ယောက်လည်း တီးတိုးပြောနေကြသည်။

ယန်ဝူ၏အကြည့်တွေက လုံချန်အပေါ် အနည်းငယ်ထူးဆန်နေပုံပါ။ "ဒီကောင်က အများဆုံးမှ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ပေါ့။ သူက ခန္ဓာကိုယ်အပြင်အားကျင့်စဉ်ကိုပဲလေ့ကျင့်ထားတာ။ဒါပေမဲ့ တော်တော်လေးမောက်မာနေတယ်။ တကယ်ကို ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲ"

ယန်ချင်းရွှမ် လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည် "တကယ်တော့ အဆင့်ကြီးနှစ်ဆင့် ကွာဟတာက ခန္ဓာကိုယ်အပြင်အားကျင့်စဉ်နဲ့ ဖြည့်ပေးလို့မရဘူး။ ဒါပေမဲ့ သူဒီမှာ ရပ်တည်ရဲတဲ့ ရဲစွမ်းသတ္တိနဲ့ပတ်သက်ရင်တော့ တကယ့်ကို အံ့မခန်းပဲ"

ယန်ဝူ က ခပ်လှောင်လှောင်ပြုံးပြီး "သတ္တိရှိပေမယ့် နောက်ဆုံးကျရင် သူက လူရယ်စရာဖြစ်လာလိမ့်မယ်"

ယန်ချင်းရွှမ် က သဘောတူသလို သဘောမတူသလိုဘဲ မှုန်ကုပ်ကုပ် ပြုံးလိုက်သည်။

ဤအချိန်တွင် ယန်ဘိုးဘေးက သူ့ထိုင်ခုံရှိရာသို့ ပြန်လာပြီး ဧည့်သည်များကို နှုတ်ဆက်နေသည်။ တစ်ချိန်တည်းမှာပဲ လုံချန်နှင့် ယန်လင်ရွဲ့ တို့ကြားကတိုက်ပွဲစတင်လေပြီ။

"အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ... "

လုံချန် က စူးစူးရဲရဲအကြည့်ဖြင့် ယန်လင်ရွဲ့ ကိုစိုက်ကြည့်ရင်း အံတင်းတင်းကြိတ်လိုက်သည်။ သူက

"ငါ မင်းကို နောက်နေတာ မဟုတ်ဘူး။ ဒီနေ့ မင်းကို အစွမ်းကုန် တိုက်ခိုက်မယ်။ တကယ်လို့ မတော်တဆနဲ့ မင်းသေခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့"

လုံချန်၏ ပြောစကားကြောင့် ယန်လင်ရွဲ့ က အေးစက်စက်လှောင်ပြောင်သည် "ဟမ့်.... အိပ်မက်ပဲမက်နေလိုက်။ ဒီစကားကို ကောင်းကောင်းမှတ်ထားပါ၊ နင်က ငါ့ယန်မိသားစုရဲ့ ကျွန်တစ်ယောက်ပဲ။ နင့်မှာ ခွန်အားနည်းနည်းရှိလို့ ကိုယ့်ကိုယ်ကိုအထင်တွေကြီးမနေနဲ့"

လုံချန် က ဘာစကားမှပြန်ပြောမနေပေ။

သူ့ခန္ဓာကိုယ်ကနေ ကြယ်ရောင်ဖျော့ဖျော့ ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးအစုံဟာ တောက်ပနေသော ကြယ်နှစ်ပွင့်အဖြစ် ပြောင်းလဲသွားပုံရသည်။ လုံချန် ဆီကနေ ထွက်ပေါ်လာသည့် ကြယ်အလင်းရောင်ကြောင့် ယန်လင်ရွဲ့ပင် အမြင်အာရုံတွေ မှုန်ဝါးသွားသည်။

" အရေးမပါတဲ့ ခန္ဓာကိုယ်အပြင်အားကျင့်စဉ်ပဲ။ ကြယ်ကြွေနတ်လက်သီး ကိုဘယ်လိုသုံးရမယ်ဆိုတာ ငါသိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ တခြားနည်းစနစ်နှစ်ခုပါ ကျွမ်းကျင်ထားတယ်။ ဒီနေ့တော့ နင့်ကို ကြယ်ကြွေနတ်လက်သီးရဲ့ စစ်မှန်တဲ့ စွမ်းအားကို ခံစားခွင့်ပေးလိုက်မယ်"

အေးစက်စက်အသံ နှင့်အတူ ယန်လင်ရွဲ့ ဆီကနေ အဆင့် ၆ နဂါးသွေးကြောနယ်ပယ် အရှိန်အဝါတွေ ဖြာထွက်လာတော့သည်။ ထို့နောက် ဧရာမလေပွေတစ်ခုလိုမျိုး လုံချန် ထံသို့ ခုန်ဝင်လိုက်၏။ တစ်ချိန်တည်းမှာပဲ ယန်လင်ရွဲ့၏ လက်သီးချက်က ကြယ်ရောင်တွေ တောက်လာကာ လုံချန်အား တည့်တည့် ထိုးချလိုက်သည် ။

လုံချန် သည် ယန်လင်ရွဲ့၏ခွန်အားကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း တုံ့ဆိုင်းမနေပေ။ အမှန်တော့ သူ၏ ကြယ်ကြွေနတ်လက်သီး ဟာ ပြီးပြည့်စုံသောအဆင့်မှာ ရောက်နေခဲ့လေပြီ။ တစ်ခုတည်းသောအားနည်းချက်မှာ သူ၏ချီစွမ်းအင်က ပြိုင်ဖက်ထက် အဆနှစ်ဆယ်နီးပါး အားနည်းနေခြင်းဖြစ်သည်။

"ကြယ်ကြွေနတ်လက်သီး နဲ့ပတ်သက်လို့ ပြောရရင် မင်းဟာ ငါ့အတွက် ဟာသတစ်ခုထက်မပိုဘူး"

လုံချန် က ယန်လင်ရွဲ့၏ ကြယ်ကြွေနတ်လက်သီး ကိုစိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။

သူ့မျက်လုံးတွေထဲမှာတော့ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များဖြင့် တောက်ပနေခဲ့သည်။ အောက်ကြမ်းပြင်ကို အားကုန်ဆောင့်နင်းလျက် မြှားတစ်စင်းအလား ရှေ့သို့ပြေးထွက်သွား၏။ ထို့နောက် လုံချန်၏ လက်သီးက ယန်လင်ရွဲ့၏ ကြယ်ကြွေနတ်လက်သီးထံ တည့်တည့်ထိုးချလိုက်သည်။

"ကောင်းလိုက်တာ၊ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် နဲ့တင် ကြယ်ကြွေနတ်လက်သီးကို ဒီအဆင့်ထိအသုံးချနိုင်တယ်။ ချင်အာ ထက်တောင် ပိုကောင်းနေသေးတယ်" ယန်ဘိုးဘေး ဟာ မတ်တပ်ထရပ်လိုက်ပြီး အံ့သြနေသံဖြင့်ပြောခဲ့သည်။

ယန်ရွဲ့ချင် သည်လည်း အံ့အားသင့်သွားသည် "သူက ကြယ်ကြွေနတ်လက်သီး ကိုသုံးပြီးတော့ ကျန်းအာ ကိုအနိုင်ယူခဲ့တယ်လို့ကြားတယ်၊ အဲဒီတုန်းက ငါမယုံခဲ့ဘူး။ ဒါပေမဲ့ ဒီလက်သီးချက်က ငါ့နားလည်နိုင်စွမ်းနဲ့ အဆင့်တူဖြစ်နေပုံပဲ"

သို့သော် လုံချန်၏ ယန်လင်ရွဲ့ကို ခွန်အားချင်းမယှဉ်နိုင်မှန်းမြင်လိုက်သောအခါ ယန်ရွဲ့ချင် က အေးစက်စက် ရယ်မောလိုက်သည်။

"တိုက်ခိုက်ရေးစွမ်းရည်ကို နားလည်နိုင်တဲ့ အရည်အချင်းက ဘာမှမဟုတ်သေးဘူးလေ။ ချီစွမ်းအင် အလုံအလောက်မရှိရင် သူက ကစားပွဲကို လှန်လို့မရဘူး"

ဤအခိုက်အတန့်တွင် လုံချန်၏ သွေးစွမ်းအားနှင့် ချီစွမ်းအင်တွေ ပရမ်းပတာဖြစ်နေခဲ့သည်။

"သူ့ရဲ့ ချီ က ငါ့ထက် အဆနှစ်ဆယ်လောက် ပိုသန်မာတယ်။ ဒါပေမဲ့ ငါလုံချန် ဒီမှာပဲသေလိမ့်မယ်ထင်နေကြတာလား"

လုံချန် က ဒေါသတကြီးအော်ဟစ်လိုက်ပြီး ဘယ်ညာလက်သီးနှစ်ဖက်ဖြင့် ပြိုင်တူထိုးချလိုက်လေသည်။

ဘုန်း...

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လုံချန်၏

မမျှော်လင့်ထားသော လက်သီးချက်ဟာ ယန်လင်ရွဲ့ကို လုံးလုံးလျားလျား ဟန့်တားနိုင်ခဲ့သည်။ လုံချန် ကတော့ ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ်ရသည်။

သို့သော် ဘယ်ညာလက်သီးနှစ်ဖက်ဖြင့် ကြယ်ကြွေနတ်လက်သီး ကြေောင့် ယန်မိသားစုဝင်တိုင်း ထိတ်လန့်သွားခဲ့သည်။ ယန်ဘိုးဘေး ပင် မတ်တပ်ထရပ်လိုက်ပြီး "တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ အဆင့် ၄ နဂါးသွေးကြောနယ်ပယ် မှာ ကြယ်ကြွေနတ်လက်သီးကို ဒီလောက်အတိုင်းအတာအထိ အသုံးပြုနိုင်တယ်။ တကယ်ကို ထူးထူးခြားခြားပဲ"

ယန်ချင်းရွှမ် တို့သားအဖနှစ်ယောက်လည်း အတော်လေး ထိတ်လန့်သွားကြသည်။ ယခင်က လုံချန်ကို အထင်အမြင်သေးထားသော ယန်ဝူ လည်း မျက်နှာပေါ်မှာ ထိတ်လန့်မှုအထင်းသားနှင့်။ ထို့အပြင် သူ့မျက်လုံးတွေက စိတ်ဝင်စားစရာတစ်ခုခုကိုတွေ့လိုက်သလိုပင်။ သူက ချက်ချင်းပဲ တံတွေးတစ်လုတ်ကို မျိုချလိုက်ပြီး “အဖေ… ဒီကောင်က အခုမှ အသက် ၁၆

နှစ်ပဲရှိသေးတာ မဟုတ်လား…။ ယန်ကျန်း သေဆုံးတာနဲ့ပတ်သက်မနေဘူးဆိုရင် နောင်အနာဂတ်မှာ

ငါတို့ယန်မိသားစုက ပိုင်မိသားစုကိုသေချာပေါက် အနိုင်ယူနိုင်မှာ"

ကြယ်ကြွေနတ်လက်သီး နှစ်ချက်ဆင့်ထိုးလိုက်တာက ယန်လင်ရွဲ့ ကိုနောက်ဆုတ်သွားစေသော်လည်း လုံချန်ကိုယ်တိုင်လည်း အကောင်းကြီးမဟုတ်လှ။ သူ့တစ်ကိုယ်လုံး ကွဲထွက်မတတ်ပင်။ သို့သော် သူ့ခန္ဓာကိုယ်ထဲမှာ သွေးတွေပွက်ပွက်ဆူနေလေသည်။ တစ်ချိန်တည်းမှာပဲ တုန်တုန်ယင်ယင်နှင့် ဒေါသထွက်နေသော ယန်လင်ရွဲ့ ကိုစိုက်ကြည့်လိုက်သည်။

"ဒီ ယန်လင်ရွဲ့ က တကယ်ကို ကိုင်တွယ်ဖို့ မလွယ်ဘူးပဲ။ ငါ ကြယ်ကြွေနတ်လက်သီး ပြီးပြည့်စုံတဲ့အဆင့်ကို နှစ်ကြိမ်သုံးလိုက်တာတောင်မှ သူ့ကို ဖိအားမပေးနိုင်သေးဘူး။ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေရင် ငါသေချာပေါက်ရှုံးတော့မှာပဲ။ ပြီးတော့ ယန်ကျန်းရဲ့အဖေက သူ့သားအတွက် ငါ့ကိုကလဲ့စားချေလိမ့်မယ်"

တွေးကြည့်လေလေ သူ့အတွက် ထွက်လမ်းမရှိတော့သလိုပင်။ လုံချန်၏မျက်လုံးတွေထဲ ရူးသွပ်မှုတွေ

တဖြည်းဖြည်း ပေါ်လာသည်။ သူ့အမူအရာက ယန်လင်ရွဲ့ကိုပင် အနည်းငယ်ကြောက်လန့်သွား​စေခဲ့သည်။သို့သော်လည်း အံတင်းတင်းကြိတ်ကာ လုံချန် ကို ထပ်မံတိုက်ခိုက်လိုက်သည်။

"ဒီတစ်ခါတော့ အနိုင်ရတဲ့သူက အသက်ရှင်လိမ့်မယ်၊ ရှုံးတဲ့သူက သေရမယ်။ ဒါကြောင့် ငါသာ ဒီပြိုင်ပွဲမှာ အနိုင်ရရမယ်" လုံချန်၏စိတ်ထဲမှာတွေးတောနေသည်။ သူ၏ရူးသွပ်သောအပြုအမူကြောင့် ယန်လင်ရွဲ့ လည်း ကြောက်လန့်သွားပြီး အပြင်းထန်ဆုံး လှုပ်ရှားမှုကို ချက်ချင်း အသုံးချပါတော့သည်။

"ယန်ချန်၊ နင်မှတ်ထားလိုက်။ နဂါးတံဆိပ်တော်က နင်ရနိုင်တဲ့အရာမဟုတ်ဘူး"

"လေနတ်ဆိုးရဲ့ နတ်ဆိုးလက် ၉ ချောင်း။ လုံချန်၊ သေလိုက်တော့...."

ယန်လင်ရွဲ့ ထံမှ အေးစက်စက်အော်သံ နှင့်အတူ အနက်ရောင်လက်ချောင်း ၉ ချောင်းဟာ လေထုကိုဆုတ်ဖြဲ၍ လုံချန် ဆီသို့ တည့်တည့်ထိုးဆင်းလာပါတော့သည်။

ဤအချိန်တွင် လုံချန်၏အမူအရာသည် ထူးထူးခြားခြားကို တည်ငြိမ်နေလေသည်။ လူတိုင်းက လုံချန် ဘယ်လိုကိုင်တွယ်မလဲ သိချင်နေကြပြီဖြစ်သည်။ သို့သော်လည်း လူတိုင်းအား ထိတ်လန့်သွားစေသည့်အရာကတော့ လုံချန်ဟာ လုံးဝကို မလှုပ်ရှားခဲ့တာပင်။

"သောက်ကျိုးနည်း၊ ဒီကောင်က တကယ်သေချင်နေတာလား"

"ရူးသွားပြီ.... ယန်ချန်က သေချာပေါက်ရူးသွားပြီ။ကိုယ့်သေတွင်းကိုတူးနေတာပဲ"

Translated By NyiNyiSoe

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၁၇ - ချန်ပီယံ

လုံချန်၏ လုပ်ရပ်ကြောင့် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ဖြစ်ပျက်သွားခဲ့သည်။

ယန်လင်ရွဲ့၏ ပြင်းထန်ရက်စက်သော လေနတ်ဆိုးလက် ၉ ချောင်းတိုက်ခိုက်မှုဟာ လုံချန်၏ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ထိုးချလာသည်။ မထိမှန်သေးသည့်တိုင်အောင် သူ့ကိုယ်ပေါ်ရှိ ဝတ်ရုံဟာ စုတ်ပြဲသွားပြီး ပါးစပ်ကနေလည်း သွေးအန်ထွက်လာသည်။

ရုတ်​တရက်​ အလှည့်​အ​ပြောင်း​ကြောင့် ယန်မိသားစုမှ

လူတိုင်း အလိုလိုမတ်​တပ်​ထရပ်​မိကြသည်။

သူတို့၏ အမူအရာများကား တစ်ခုခုကိုစိုးရိမ်နေကြသလိုပင်။ အထူးသဖြင့် ယန်ရွဲ့ချင်၏ မျက်နှာဟာ ဖြူဖျော့နေပြီး ကုလားထိုင်၏ လက်ယမ်းကို အလိုလိုချေမွမိလိုက်သည်။

ဤအချိန်တွင် လုံချန် သည် ယန်လင်ရွဲ့ ကို စူးစိုက်ကြည့်နေခဲ့သည်။ သူ့ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူ့မျက်လုံးတွေထဲမှာတော့ တိုက်ခိုက်လိုစိတ်အပြည့်ပင်ဖြစ်သည်။ ယန်ဘိုးဘေး၏ နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားသည် ။

ဤမြင်ကွင်းကား သူ့ဘ၀မှာ မြင်ဖူးသမျှ ခေါင်းမာဆုံးလူတစ်ယောက်ကို မြင်နေသလိုပင်။

ကိုယ့်ကိုယ်ကိုတောင် ရက်စက်တယ်။ အလျှော့မပေးတတ်သော နှလုံးသား။ လုံးဝကို ရူးသွပ်ပြီးရက်စက်ကြမ်းကြုတ်တယ်။

“ဒီကလေး ကြီးပြင်လာရင်... သူ့စိတ်နေစိတ်ထားအတိုင်းဆို သေချာပေါက် ကြောက်စရာကောင်းလိမ့်မယ်”

ဤအခိုက်အတန့်မှာပဲ သတ္တမမြောက်နတ်ဆိုးလက်ချောင်း ကျဆင်းလာသည်။ လုံချန် သည် ဒေါသတကြီးအော်ဟစ်လျက် လက်သီးဖြင့် ဆောင့်ထိုးလိုက်သည်။ သူ့တိုက်ခိုက်မှုက အကြိမ်ပေါင်းထောင်ချီ လေ့ကျင့်ထားသလိုပဲ၊ စီးဆင်းနေသော ရေတွေလို ချောမွေ့နေခဲ့သည်။

တစ်ဖက်မှာ ယန်လင်ရွဲ့ ကတော့ လေနတ်ဆိုးလက်ချောင်းကို ထုတ်သုံးပြီးနောက် အားကုန်လုနီးပါးဖြစ်နေသည်။ သူမ၏နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းတွင် လုံချန်၏ ကြယ်ကြွေနတ်လက်သီးက ယန်လင်ရွဲ့၏ဝမ်းဗိုက်တည့်တည့် ထိုးချလိုက်သည်။ ငယ်သံပါအောင် အော်ဟစ်သံ နှင့်အတူ ယန်လင်ရွဲ့၏ ပါးစပ်ကနေ သွေးအန်ထွက်လာပြီး စင်မြင့်အောက်သို့ ပြုတ်ကျသွားတော့သည်။

ဤမြင်ကွင်းကြောင့် ယန်ဝူ က ဒေါသတကြီးဖြစ်သွားခဲ့သည်။ သို့သော်လည်း ယန်ချင်းရွှမ် က မျက်နှာထား ခပ်တင်းတင်းဖြင့်ကြည့်ကာ “လင်ရွဲ့ ရဲ့ဒဏ်ရာတွေကိုကုသပေးဖို့ပဲအာရုံစိုက်။ ဆက်ပြီးတိုက်ခိုက်နေစရာမလိုတော့ဘူး”

ဤအချိန်တွင်တော့ သိုင်းပြိုင်ပွဲကွင်းပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားသည် ။ လူတိုင်းက စင်မြင့်ထက်၌ ရပ်နေဆဲ လူငယ်လေးကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။

လုံချန်၏ဝတ်ရုံရှည်သည် လေနတ်ဆိုးလက်ချောင်းကြောင့် အပိုင်းပိုင်းကွဲသွားခဲ့ပြီး သူ၏နောက်ကျောမှာ သွေးတွေ တစ်စက်စက်စီးကျနေခဲ့သည်။

သို့သော် သူသည် စင်မြင့်ပေါ်တွင် အခိုင်အမာ ရပ်တည်နေခဲ့သည်။ လေနတ်ဆိုးလက် ၉ ချောင်းတိုက်ခိုက်မှုဟာ သူ့အား အရှုံးပေးဖို့မထိုက်တန်ပါ။ သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး စစ်နတ်ဘုရားကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက်တွင် သွေးဆာရက်စက်ဟန်အပြည့်ဖြင့် ယန်ရွဲ့ချင်ကို စိုက်ကြည့်ကာ အေးစက်စွာ ရယ်မောလိုက်သည်။

ယန်ရွဲ့ချင် ကတော့ စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသည့်ပုံရိပ်ကို ကြည့်လိုက်ရင်း မျက်နှာ ဖြူဖျော့သွားသည် ။ နောက်ကို အလိုလိုခြေလှမ်းဆုတ်လိုက်မိသည်။ ဒီအချိန်မှာ သူမ၏နှလုံးသားက ကမောက်ကမ ဖြစ်နေသည် ။

လုံချန် သည် ယန်ရွဲ့ချင်ကို ထပ်ပြီးဂရုမစိုက်တော့ပေ။ သူ့အကြည့်တွေက ယန်ဘိုးဘေး ထံကျရောက်လာသည်။ ခဏကြာမှ ခပ်ဖျော့ဖျော့ပြုံးကာ “ယန်လင်ရွဲ့ က ဆက်ပြီးမတိုက်ခိုက်နိုင်တော့ဘူး။ ဒါပေမဲ့ ငါဒီမှာ ရပ်နေတုန်းပဲ။ ဒါကြောင့် ဒီနှစ်ရဲ့ မျိုးနွယ်စုတွေ့ဆုံပွဲမှာ ချန်ပီယံက ဘယ်သူဖြစ်မလဲဆိုတာ သိသာပါတယ်။ အဖိုး၊ ကျေးဇူးပြုပြီး ငါ့ကို နတ်နဂါးတံဆိပ်တော် လွှဲပြောင်းပေးပါ”

“ ငါ့ကို နတ်နဂါးတံဆိပ်တော် ပေးပါ”

ဤအသံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး လူတိုင်း၏နားထဲတွင် တုန်လှုပ်သွားပါသည်။

တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း ပြိုလဲမသွားသေးသော ဤလူငယ်လေးနှင့် ပတ်သက်ပြီး မည်သူမျှ မကြည့်ဝံ့တော့ပေ။ ဤနေ့အဖြစ်အပျက်ဟာ လူတိုင်း၏နှလုံးသားထဲတွင် အခိုင်အမာ ထွင်းထုထားပေလိမ့်မည်။

ယန်ဘိုးဘေး က ချက်ချင်း အဖြေပြန်မပေး။ ခဏကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ဤအချိန်တွင် အစိမ်းရောင်အရိပ်တစ်ခုက စင်မြင့်ထက်သို့ ပျံ့လွင့်လာသည်။

“ခွေးကောင်၊ ငါ့သားအသက်ကို ပြန်ပေး”

ရုတ်တရက် တိုက်ခိုက်လာသူက ယန်ယွန်ထျန်း။

အဆင့် ၇ နဂါးသွေးကြောနယ်ပယ် ပညာရှင်ဖြစ်ခဲ့သည်။

ယန်ယွန်ထျန်း၏ ရုတ်တရက်တိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး မြန်ဆန်တိကျသည်။ လုံချန် က အဆင့် ၄ သာရှိသေးသောကြောင့် တိုက်ခိုက်ရေးနည်းစနစ်ပင်သုံးစရာမလိုပေ။ အဆင့် ၇ နဂါးသွေးကြောနယ်ပယ်ဖိအားဖြင့်ပင် လုံချန်ကိုသတ်ဖို့လုံလောက်နေပေပြီ။

ယန်ယွန်ထျန်း၏ လက်သီးချက်က လျှပ်စီးလက်သလိုပင် ကျရောက်လာသည်။

လုံချန် က ဒေါသတကြီးအော်ဟစ်ကာ ကြွယ်ကြွေနတ်လက်သီးကို နှစ်ချက်ဆင့်ထိုးလိုက်သည်။ သို့သော် အဆင့် ၇ နဂါးသွေးကြောနယ်ပယ်ဖိအားကို ချေဖျက်နိုင်စွမ်းမရှိခဲ့။ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာကာ လွင့်ပျံထွက်သွားလေတော့သည်။

သူ့တစ်ကိုယ်လုံး ပေါက်ကွဲလုနီးပါးပင်။

“အလစ်တိုက်ခိုက်တဲ့ ခွေးကောင် သေလိုက်စမ်း ...”

ရုတ်တရက်ဆိုသလို နဂါးဟိန်းသံ ထွက်ပေါ်လာပြီး လုံချန်၏တစ်ကိုယ်လုံးကို ကွဲလုမတတ် ပြင်းထန်သောတိုက်ခိုက်မှုတစ်ခု ပေါ်လာသည်။ ဤအချိန်တွင် လုံချန် သည်လည်း ကြောင်တက်တက် ဖြစ်နေသည်။ သူ၏အမြင်အာရုံသည် အလွန်မှုန်ဝါးနေလေပြီ။ သူ၏အမြင်အာရုံထဲမှာတော့ သွေးနီရောင်နဂါးကြီးတစ်ကောင်၏အရိပ်ကို မြင်နေရသည်။ ထိုခဏလေးမှာပဲ ကြယ်ကြွေနတ်လက်သီး ထက် ဆယ်ဆပိုပြင်းထန်သောစွမ်းအားတစ်ခု စီးဝင်လာပါတော့သည်။

“ဒါက နတ်နဂါးတံဆိပ်တော်...”

နဂါးတံဆိပ်ကို ရပြီး မကြာခင် သေရလိမ့်မယ်လို့ သူ့ကိုယ်သူ မမျှော်လင့်ထားပေ။ သူ့စိတ်ထဲ အနည်းငယ်တွန့်ဆုတ်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း သူသည် အနည်းဆုံးတော့ တစ်ခုခုကို ပြီးမြောက်ခဲ့ပြီမဟုတ်ပါလား။ ထိုအမျိုးသမီးအား သူ့အပေါ်မှာ မတူကွဲပြားသောအမြင် ရှိလာအောင်လုပ်နိုင်ခဲ့ပေပြီ။

ဤအချိန်တွင် သူ့ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စွမ်းအင်တစ်ခု ရုတ်တရက် စီးဆင်းသွားသည်။ လုံချန် သည် တဖြည်းဖြည်းနဲ့ရှင်းလင်းလာသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် မြင်လိုက်ရသည်မှာ သူ့နားရှိ လင်းရှီဓားပင်။ သူကြည့်နေစဉ်မှာပဲ ဓားက ရုတ်တရက် ပိုကြီးလာပါတော့သည်။ ထို့နောက် သူ့အမြင်အာရုံထဲမှာ နတ်သမီးနှင့်တူသော ပုံရိပ်လေးတစ်ခု တစ်ဖန် ပေါ်လာသည် ။

“လင်းရှီ... “ လုံချန် က တိုးညှင်းစွာခေါ်လိုက်သည်။

မှန်သည်။ သူမက လင်းရှီပင်။ သို့သော် သူ့ခန္ဓာကိုယ်လေးက အနည်းငယ်ယိုင်နဲ့နေပုံရသည်။

“အင်း.... ငါအိပ်တော့မယ်။ နောက်ဖြစ်လာမယ့်အရာတွေကို ငါမထိန်းနိုင်တော့ဘူး...”

“ရှီအာ...”

ဤတစ်ကြိမ်နှင့်ဆိုပါက လင်းရှီ သူ့ကိုကယ်တင်ခဲ့တာ

နှစ်ကြိမ်မြောက်ပါ။ သူ့စိတ်ထဲမှာ တစ်သက်လုံး ပြန်မဆပ်နိုင်တော့သော ကျေးဇူးတရားများပေါက်ဖွားလာသလိုပင်ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေကာမူ နောင်တစ်ချိန်မှာ လင်းရှီကို သေချာပေါက် ပြန်ပေးဆပ်ရပါမည်။

အတိုချုပ်အားဖြင့်တော့ ဤနှစ် ယန်မျိိုးနွယ်စုတွေ့ဆုံပွဲသည် အံ့ဩတုန်လှုပ်စရာများ ပြည့်နှက်နေခဲ့သည်။ လုံချန် ထွက်ပေါ်လာမှုက မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်နေခဲ့၏။ ထို့နောက်တွင် သူသည် ယန်လင်ရွဲ့ ကို အနိုင်ယူခဲ့သည်။ တစ်ဖန် ယန်ယွန်ထျန်း တိုက်ခိုက်လာတာက ရုတ်တရက်ဖြစ်ပျက်သွားသောအရာပင်။ သို့ပါသော်လည်း ထိတ်လန့်စရာ အကောင်းဆုံးမှာ ဓားမှ ထွက်လာသော မှုန်ဝါးဝါးပုံရိပ်က လုံချန်အား ကယ်တင်ခဲ့တာဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ နှလုံးသားထဲ၌ လုံချန် သည် တဖြည်းဖြည်းနဲ့ လျှို့ဝှက်ဆန်းကြယ်လာခဲ့သည်။

ယန်ဘိုးဘေး ကဲ့သို့ မျိုးဆက်ဟောင်းပညာရှင်တစ်ယောက်တောင်မှ ဘာဖြစ်နေမှန်းမသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့မြေးဖြစ်သူက အံ့သြစရာတွေ အများကြီးပေးခဲ့သည်။ တစ်နည်းအားဖြင့်တော့ လုံချန် မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိမှန်းသိသာ၏။ သို့သော် လက်ရှိက မေးလို့ကောင်းတဲ့အချိန်မဟုတ်။

ယန်ယွန်ထျန်း က လက်လျှော့လိုပုံမရ။ ထပ်ပြီးတိုက်ခိုက်လာပြန်သည်။ သို့ရာတွင် ယန်ဘိုးဘေး ကိုယ်တိုင် လုံချန်ရှေ့မှာရပ်နေလေသည်။

ယန်ယွန်ထျန်း၏ မျက်လုံးအစုံက သွေးရောင်လွှမ်းနေကာ အော်ဟစ်လိုက်သည် “အဖေ၊ ဒီခွေးကောင်က အဖေ့ရဲ့မြေး၊ ငါ့သားကို သတ်လိုက်တာ။ ဒီနေ့ ဘာလို့ သူ့ကိုကာကွယ်နေတာလဲ”

ယန်ဘိုးဘေး၏မျက်လုံးတွေက အေးစက်လာပြီး “ဒီနေ့ ငါပြောချင်တဲ့စကားက.... မင်းက အသက်လေးဆယ်ရှိနေပြီ။ ဒါ မငယ်တော့ဘူး။ ငါထပ်ပြောစရာလိုမယ်မထင်ဘူး။ ဒါဟာ မျိုးနွယ်စုတွေ့ဆုံပွဲ ဖြစ်တယ်။

ယန်မိသားစုက ကျော်ကြားခြင်းမြို့တော်ရဲ့ အင်အားစုတွေအားလုံးကို ဖိတ်ခေါ်ထားတယ်။ ဒီလူအိုကြီးက

မင်းကို ဒီမှာ အရှက်ခွဲမှာ မဟုတ်ဘူး။ မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို နောက်မှပြောမယ်။ ရွှမ်အာ၊ သူ့ကို ခေါ်သွားတော့...”

ယန်ယွန်ထျန်း လည်း ယန်ဘိုးဘေး ဒေါသထွက်နေမှန်း ကောင်းကောင်းကြီးသဘောပေါက်သည်။ လုံချန် ကို မရမကသတ်ချင်နေသည့်တိုင် အခြေအနေကိုတွက်ဆတတ်ပါသည်။ သူ့အဖေ ဒေါသထွက်ပါက လုံချန်ကိုသတ်ဖို့အခွင့်အရေးမရှိနိုင်သည့်အပြင် သူကိုယ်တိုင်ပါကအပြစ်ပေးခံရနိုင်၏။

လောလောဆယ်မှာ လုံချန် ကို အပြင်းအထန် စိုက်ကြည့်ကာ သူ့ဒေါသကို မျိုသိပ်လိုက်ပြီး ထွက်သွားသည် ။

လုံချန် သာ ယန်အိမ်တော်မှာ ရှိနေသရွေ့ သူ့ကိုသတ်ရန် နည်းလမ်းပေါင်း တစ်သောင်းရှိပေသည်။ ဤနေ့ လုံချန်ကိုမသတ်နိုင်သော်လည်း နောင်မှာအခွင့်အရေးရှိပေသည်။

ယန်ယွန်ထျန်း ထွက်သွားပြီးနောက် ယန်ဘိုးဘေးက သက်ပြင်းတစ်ချက်ချလိုက်သည်။ ယနေ့အဖြစ်အပျက်တွေက သူ့ကို တော်တော်လေး ခေါင်းကိုက်စေခဲ့သည်။ ဤအချိန်တွင် စင်မြင့်ထက်၌ ရှိနေဆဲ လုံချန်ကို လှည့်ကြည့်လိုက်သည်။လုံချန်က ထထိုင်နေပါပြီ။ ယန်ဘိုးဘေးက ဒဏ်ရာတွေကို စစ်ဆေးပြီးကုသပေးဖို့ပြင်လိုက်၏။ သို့သော် လုံချန် က တင်ပျဉ်ခွေထိုင်လျက် သူ့ကိုယ်သူ ကုသနေလေရာ အခြေအနေကို ကြည့်ရုံသာကြည့်နေလိုက်သည်။

မှန်သည်။ လုံချန်က သူ၏ဒဏ်ရာတွေကိုစစ်ဆေးရင်းကုသနေသည်။ ယခင်က နတ်ဆိုးဂျင်ဆင်းကို ဝါးမျိုထားသည့်အတွက် သူ့ကိုယ်ထဲမှာ နတ်စွမ်းအင်တွေ

ကျန်ရှိနေသေး၏။ ယခု ဒဏ်ရာအပြင်းအထန်ရသွားသည့်အတွက် နတ်စွမ်းအင်က သူ့ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ကာ ပြန်လည်ကုသပေးနေခဲ့သည်။ တစ်ချိန်တည်းမှာပဲ လုံချန်ဟာ အဆင့် ၅ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းတော့မည့် အရိပ်အယောင်တွေခံစားလိုက်ရသည်။

“ဒါ....ဒါဆို.... ငါက လူတိုင်းရှေ့မှာ အဆင့်ချိုးဖျက်ရတော့မှာလား”

Translated By NyiNyiSoe

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း ၁၈ - နတ်နဂါးတံဆိပ်တော် ကိုရရှိခြင်း

လုံချန် ဟာ လွန်ခဲ့သည့် တစ်လခွဲလောက်တုန်းက အဆင့် ၃ နဂါးသွေးကြောနယ်ပယ် မှာသာရှိနေသည်ကို လူတိုင်းသိကြသည်။ သို့သော် ကျော်ကြားခြင်းမြို့တော်တစ်ခုလုံး၌ တစ်လခွဲအတွင်း အဆင့် နှစ်ဆင့်အားဆက်တိုက်ဖြတ်ကျော်နိုင်သည့် စွမ်းရည်ပိုင်ရှင်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးပေ။ ထိုအတိုင်းသာဆိုလျှင် ယန်ဘိုးဘေးဟာ လုံချန် ကို သေချာပေါက်ကာကွယ်ပေးမည်ဖြစ်သည်။

အမှန်ပင်။ လုံချန် လည်း သူပြသခဲ့သည့် စွမ်းဆောင်ရည်က လူတိုင်းအား ထိတ်လန့်စေမည်မှန်း လုံး၀ ယုံကြည်ခဲ့သည်။ သေချာပါသည်၊ မကြာခင်မှာ သူ့နာမည်က ကျော်ကြားခြင်းမြို့တော်တစ်ခုလုံး ကျော်ကြားလာပါလိမ့်မည်။

အဆင့် ၅ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းခြင်းဟာ လုံချန် ထင်ထားသည်ထက်ပင် ပို၍အဆင်ပြေချောမွေ့နေလေသည်။ အဆင့် ၄ နဂါးသွေးကြောနယ်ကို ချိုးဖျက်ရသည်ထက်ပင် ပိုပြီးလွယ်ကူနေသေး၏။ လုံချန် သည် နတ်ဆိုးဂျင်ဆင်းနှစ်ခု၏ စွမ်းအင်ကို အပြည့်အဝသန့်စင်ပြီးနောက် အဆင့် ၅ နဂါးသွေးကြောဟာ ရေကာတာကျိုးပေါက်သွားသကဲ့သို့ ပွင့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်နှင့်မြေပြင်အား တုန်လှုပ်​သွားစေနိုင်သော နဂါးဟိန်းသံလည်း ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် လုံချန်၏ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်းသတိထားမိကြသည်။ သူ့မျက်လုံးအစုံဟာ နတ်ဘုရားမျက်လုံးကဲ့သို့ အလင်းရောင်များဖြင့် တလက်လက်တောက်ပနေသည်။ လက်ရှိလုံချန် သည် ယန်လင်ရွဲ့ ကို အသာလေးအနိုင်ယူနိုင်ပေသည်။

"ဒီကောင်က ကောင်းကင်ဘုံကို ဆန့်ကျင်နေတာပဲ..."

ယခင်တုန်းက လုံချန် အား အနိုင်ကျင့်ခဲ့သည့် ချန်းလုဟာ လူအုပ်ကြားတွင် ပုန်းအောင်းနေရင်း ခြေထောက်များပင် တုန်ချိနေသည်။

သူ့အပြင် လုံချန် ကိုလှောင်ပြောင်ခဲ့သည့် လူတိုင်း မျက်နှာများ ဖြူဖျော့ကာ တံတွေးများအဆက်မပြတ်မျိုချနေကြသည်။

လုံချန်၏ အဆင့် ၅ နဂါးသွေးကြောနယ်ပယ် သို့တက်လှမ်းခြင်းသည် ယန်ဘိုးဘေးကို အလွန်ကျေနပ်သွားစေသည်။

ဤအချိန်တွင် ပိုင်ကလန်၏ ကိုယ်စားလှယ်အဖွဲ့သည် သိုင်းစင်မြင့် ဆီသို့ ရုတ်တရက်လျှောက်လာကြသည်။ သူတို့မျက်လုံးတွေဟာ အေးစက်စက်အရိပ်အယောင်အပြည့်ရှိနေခဲ့သည်။

ယန်ဘိုးဘေး လည်း အနည်းငယ်မျက်မှောင်ကြုတ်သွားကာ "ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

ပိုင်ကျန်းရှောင် သည် လုံချန်အား သတ်ဖြတ်ချင်စိတ်အကြည့်များဖြင့် ကြည့်လိုက်သည် ။ ထို့နောက် သူက ရှေ့တစ်လှမ်းတိုးလာပြီး ယန်ဘိုးဘေးကို အရိုအသေပေးကာ "ဦးရီးတော်၊ ဒီ ပိုင် က ယန်မိသားစုတွေ့ဆုံပွဲကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ဒါပေမဲ့ ငါတို့မှာ ယန်ချန် ကိုမေးစရာတစ်ခုတော့ရှိတယ်"

လုံချန် သည် ပိုင်ကျန်းရှောင်၏စကားကိုကြားသောအခါ တစ်ခုခုမှားနေပြီမှန်းသိလိုက်လေသည် "ဟူး.....၊ ငါ တစ်ကွက်မှားသွားတာပဲ။ တိုက်ပွဲမှာတုန်းက လင်းရှီနတ်ဓားကို အမှတ်တမဲ့ထုတ်သုံးမိလိုက်တယ်။ ငါ ဒီဓားကို ပိုင်ရှီးယွမ် လက်ထဲက လုယူထားတာဆိုတော့.....၊ ဒါဆို သူတို့တွေက ပိုင်ရှီးယွမ်ကိုလုပ်ကြံတဲ့သူ ငါမှန်းရိပ်မိနေလောက်ပြီ"

ဤအချိန်တွင် ယန်ဘိုးဘေး သည် ဘာမှမပြောသေးဘဲ ပိုင်ကျန်းရှောင် အား သံသယများဖြင့် ကြည့်နေလေသည်။

ဤအခိုက်အတန့်မှာ ပိုင်ကျန်းရှောင် က လုံချန် ကို အေးတိအေးစက်ဖြင့် ကြည့်ပြီး ပြောသည် "လူတိုင်း၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ငါ့သားငယ်လေး ဘာဖြစ်သွားမှန်း အားလုံးသိကြမှာ သေချာပါတယ်။ လူသတ်သမားက ရက်စက်လွန်းတဲ့အတွက် သူ့ကို ဖမ်းမိတာနဲ့ အပိုင်းပိုင်းခုတ်ထစ်ပစ်တာကလွဲရင်ဘာမှကိုမလိုချင်ဘူး"

"ရှီးယွမ် ပြောခဲ့တဲ့စကားအရဆို သူက သံနက်ဓားကို လိုက်ရှာနေတာ။ ဒါပေမဲ့ မထင်မှတ်ပဲ မျက်နှာဖုံးစွပ်လူတစ်ယောက်နဲ့တွေ့ပြီး သူ့ကို လုယက်သွားတယ်။ ပြီးတော့ သူ လူဖြစ်ရှုံးတဲ့အထိ ရိုက်နှက်ခံခဲ့ရတယ်။ ငါပြောချင်တာက ယန်ချန် သုံးသွားတဲ့ အနက်ရောင်ဓားပဲ။ အဲဒီဓားက ငါ့ သား ပြောပြထားတွေနဲ့ တူတယ်"

"ကလေး၊ မျက်နှာဖုံးစွပ်ထားတဲ့လူက မင်းပဲ"

"မင်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းရက်စက်ပြီး သနားညှာတာမှုကင်းမဲ့နေတာပဲ။ မင်း သေဖို့ ထိုက်တန်တယ်"

ပိုင်ကျန်းရှောင်၏ ဒေါသအပြည့်ပါသော စကားသံကြောင့် လူတိုင်း လုံချန် ကိုကြည့်လာကြသည်။

ပိုင်ရှီးယွမ်၏ အဖြစ်အပျက်ကို ကျော်ကြားခြင်းမြို့တော်တစ်ခုလုံးက သိရှိနေခဲ့ကြသည်မဟုတ်ပါလား။ သို့သော် ပိုင် ကလန်သည် ကျော်ကြားခြင်းမြို့၏ နံပါတ်တစ်အင်အားစုဖြစ်ခဲ့သည်။ လူအများစုဟာ ထိုအကြောင်းကို တိတ်တဆိတ်သာ ပြောဆိုကြသည်။ အပြင်ထုတ်မပြောရဲကြပေ။

သို့ပါသော်လည်း ပိုင်ရှီးယွမ် သည် ဘဝတစ်လျှောက် သုံးစားမရသော အမှိုက်ကောင်ဖြစ်သွားပြီမှန်း အားလုံးသိထားကြသည်။

လုံချန် က သူ့ကိုယ်သူ တွေးလိုက်၏ "တရားခံက ငါဆိုတာသိသွားရင် ပိုင် မိသားစု နဲ့ ယန် မိသားစုတွေက သေချာပေါက် ပဋိပက္ခဖြစ်လိမ့်မယ်။ မသိရင်တော့ သူတို့ ငါ့ကို လက်လျှော့သွားလိမ့်မယ်၊ ပြီးတော့ လောလောဆယ် ပိုင် မိသားစုမှာ ဘာသက်သေမှမရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါဝန်ခံလို့မရဘူး"

ထိုအချက်ကို တွေးမိသည်နှင့် လုံချန် သည် သူ့ခေါင်းကိုမော့ပြီး အေးစက်စွာပြောလိုက်သည် "မင်း ဘာတွေပြောနေတာလဲ ငါမသိဘူး။ မင်းရဲ့သား ဖြစ်ပျက်နေတဲ့ကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး။ ပြီးတော့ ဒီလို နတ်လက်နက်တွေက ပုံစံတူတွေအများကြီးပဲလေ။ ငါ့နတ်ဓား က မင်းရဲ့သား လိုက်ရှာနေတာနဲ့ အတူတူပဲလို့ သေချာပေါက် အာမခံနိုင်သလား"

လုံချန် ဖင်ပိတ်ငြင်းနေသောကြောင့် ပိုင်ကျန်းရှောင် လည်း အလွန် ဒေါသထွက်လာတော့သည်။ သူက အေးစက်စွာ ပြောလိုက်၏ "ဒီကမ္ဘာမှာ လက်နက်တွေအများကြီးရှိတာမှန်တယ်။ ဒါပေမဲ့ အရှည် (၇၀) စင်တီမီတာ နဲ့ လက်ချောင်းနှစ်ချောင်းလောက်အရွယ်အစားပဲရှိတဲ့ သံနက်ဓား ကတော့ အများကြီးမရှိဘူး၊ မင်းက ဆက်ပြီးငြင်းချင်သေးလား"

လုံချန် က ဂရုမစိုက်ဘဲ ပြန်ပြောပါသည် "ဒါကတော့ မင်း အခုလေးတင်ပဲ ဓားကို မြင်ဖူးသွားပြီလေ။ ဒီတော့ သဘာဝအတိုင်း ပုံဖော်လို့ရတယ်။ မင်းဟာ ကျော်ကြားခြင်းမြို့တော်ရဲ့ ဂုဏ်သိက္ခာရှိတဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ မင်းစိတ်ထဲမှာရှိတဲ့အတိုင်း ပုံဖော်ပြီးတော့ ငါ့လို ဂျူနီယာတစ်ယောက်ကို မဟုတ်မမှန် စွပ်ဆွဲနေတယ်။ ပိုင် ကလန်က ဘာဖြစ်ချင်နေတာလဲ"

သူတို့နှစ်ယောက် ကြားမှ အဆုံးမသတ်သော ငြင်းခုံနေမှုကြောင့် ယန်ဘိုးဘေး က ရုတ်တရက် ဝင်ပြောလိုက်သည် "ချန်အာ၊ မင်းဒီလိုမလုပ်ဘူးဆိုတာ မင်းငါ့ကို အာမခံပေးနိုင်မလား"

လုံချန် က ခေါင်းညိတ်ပြီး ပြန်ပြောခဲ့သည် "တကယ်ပဲ ငါ မဟုတ်ပါဘူး။ သူ့သား ဘာဖြစ်သွားလဲ ငါ သိတောင် မသိသေးဘူးလေ။ သူ့ခြေလက်တွေ ကျိုးသွားသလား ဒါမှမဟုတ် မူလဒန်တျန် ပျက်စီးသွားလို့များလား"

ယန်ဘိုးဘေးကို အကာအကွယ်ယူလိုပါက သူ့အနေ​ဖြင့် သွက်လက်ဖြတ်လတ်ပြီး ရဲရဲတင်းတင်းရှိဖို့လိုပါသည်။

ယန်ဘိုးဘေး၏ စိတ်ထဲမှာတော့ ထိုကလေး၏စွမ်းရည်ဆောင်က မဆိုးလှကြောင်း ခံစားမိသည်။ ထို့အတူ သူကိုယ်တိုင် ကလည်း အရည်အချင်းကို နှစ်သက်သူတစ်ယောက် ဖြစ်ခဲ့သည်။ ပိုင်ကျန်းရှောင် က လုံချန်အား တိုက်ရိုက်စွပ်ဆွဲနေသော်လည်း သူ့သွေးသားရင်းကို အလဟာသအထိအခိုက်မခံနိုင်ပေ။ သူက လုံချန်ကို အရင်ဦးဆုံး မေးလိုက်ခြင်းပင်။ အမှန်တော့ သူလည်း ဟန်ပြသက်သက်မေးလိုက်ခြင်းသာ။

လုံချန် က ပေါ်တင်လိမ်ညာနေသည်မဟုတ်ပါလား။

သို့သော် သူ့မြေးအရင်း ဖြစ်နေလေရာ ယန်ဘိုးဘေး လည်း မသိချင်ဟန်ဆောင်လိုက်၏။ လုံချန်အား ခဏကြာစိုက်ကြည့်ပြီးနောက် ပိုင်ကျန်းရှောင် ကိုလှည့်ကြည့်ပြီး ပြောလိုက်လေသည် "ရှောင်အာ၊ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းဖို့လိုတယ်၊ ငါတို့က ရမ်းသမ်းပြီး ကောက်ချက်ချလို့ မရဘူး။ ဒီနေ့ မင်းအဖေကို ပြန်သွားပြီး သေချာ ရှင်းပြလိုက်ပါ။ အစ်ကို ပိုင် နဲ့ ငါက သစ္စာဆိုထားတဲ့ ညီအစ်ကိုတွေ ဆိုတော့ သူ ငါ့ကိုယုံမှာပါ။ ကောင်းပြီ ၊ ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြရအောင်"

ဤနေ့က ယန်မိသားစု၏ မိသားစုတွေ့ဆုံပွဲဖြစ်နေသည်။ ယန်ဘိုးဘေး၏ မျက်နှာ(ဂုဏ်သိက္ခာ)သည် အရေးကြီးဆုံးဖြစ်သည်။ ထို့အပြင် သူတို့ မိသားစုကြီးနှစ်ခုကြားမှ ဆက်ဆံရေးသည် အတော်လေးကိုရှုပ်ထွေးလှသည်။ မကြာခင်မှာ ပိုင်ကျန်းရှောင် သည် ယန်ရွဲ့ချင် နှင့် လက်ထပ်တော့မည်ဖြစ်သည်။ ပိုင်ကျန်းရှောင် လည်း ဤဆက်နွယ်မှုတွေကို တွေးမိသောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း သူက ခေါင်းညိတ်ပြလိုက်သေး၏ "ယန် ဦးရီးတော် က ဒီလိုပြောတဲ့အတွက် ငါဘယ်လိုလုပ် နားမထောင်ဘဲနေရဲမှာလဲ။ ဟိုးအရင်ကတည်းက ငါတို့တွေ တစ်ဖက်နဲ့တစ်ဖက် အကူအညီ ပေးခဲ့ကြတာပဲ။ ဒီတော့ ယန် ဦးရီးတော် နဲ့ ငါ့အဖေက ညီအစ်ကိုရင်းတွေလိုဖြစ်နေပြီ။ ပြီးတော့ ဦးရီးတော် က ဒီကိစ္စကို သေချာစုံစမ်းပေးမယ်လို့ ငါယုံကြည်တယ် …”

သို့သော် သူထွက်မသွားခင်တော့ လုံချန် ကို အေးစက်စက် ကြည့်ပြီးမှ လှည့်ထွက်သွားခဲ့သည်။

"ယန် မိသားစု... ဟား၊ ဒီကလေး၊ ငါ မင်းတို့ကို အခုလောလောဆယ်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ သိပ်မကြာတော့ပါဘူးလေ။ မင်းတို့အတွက် အချိန်သိပ်မကျန်တော့ဘူး။ ပိုင် မိသားစုကပဲ ကျော်ကြားခြင်းမြို့တော်ရဲ့ အစစ်အမှန် အုပ်ချုပ်သူဖြစ်လာရမယ်"

ပိုင်ကျန်းရှောင် ထွက်သွားသော်လည်း ပိုင်ရှီဂျီး ကတော့ ထွက်မသွားသေးဘဲ ကျန်နေခဲ့၏။ သူက လုံချန် ကို ရက်စက်စွာ ပြုံးပြပြီး ယန်ဘိုးဘေး အားလှည့်ကြည့်ကာ "အဖိုး ယန်၊ သူက သားရဲအမဲလိုက်ပြိုင်ပွဲမှာ ပါဝင်မှာ မဟုတ်လား" ဟု မေးလိုက်သည်။

ယန်ဘိုးဘေးကြီး၏ မျက်လုံးများ ကျဉ်းမြောင်းသွားသော်လည်း ဘာမှပြန်မပြောခဲ့ပေ။ သို့သော်လည်း သူ့ရှေ့ရှိ လူငယ်က တစ်ဖက်လှည့် သတိပေးနေမှန်းသိသာပါသည်။ အကယ်၍ လုံချန် သာ ပြိုင်ပွဲဝင်ပါက အကျိုးဆက်ဟာ ကောင်းမွန်မည်မဟုတ်ပေ။

ပိုင်ရှီဂျီး က လုံချန် ရှေ့သို့ လျှောက်လာရင်း "မကြာခင်မှာ သားရဲအမဲလိုက်ပြိုင်ပွဲ စတော့မယ်။ မင်းမပါဝင်တာ ပိုကောင်းမယ်လို့ ငါထင်တယ်။ မဟုတ်ရင် မင်း အသက်ဆုံးရှုံးနိုင်ချေ တော်တော်များတယ်"

ဟုပြောပြီး အဆင့် ၇ နဂါးသွေးကြောနယ်ပယ်၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

"ဒါက အင်အားပြနေတာလား..." လုံချန်၏ မျက်လုံးများကား အေးစက်လာခဲ့သည်။ သူက ပိုင်ရှီဂျီး ကိုမော့ကြည့်၍ အေးစက်စွာပြုံးပြလိုက်သည်။ သူ့အတွက် နောက်ထပ် သတ်ရမည့်သူ ရှိလာပြန်ပြီမဟုတ်ပါလား။

ခဏအကြာတွင်တော့ ပိုင်ရှီဂျီး လည်း ထွက်သွားခဲ့ပြီဖြစ်သည်။ ပိုင် မိသားစု ထွက်သွားပြီးနောက် အခြားအင်အားစုများလည်း ထွက်ခွာသွားကြတော့သည်။ ထို့အတူ ယန် မိသားစု၏ မိသားစုတွေ့ဆုံပွဲသည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်က သိပ်တော့အေးအေးချမ်းချမ်းမရှိလှပေ။ အနှောင့်အယှက်က တော်တော်လေးကို ကြီးမားခဲ့သည်။

ယန်ဘိုးဘေး၏ မျက်လုံးများသည် မှိတ်တုတ်မှိတ်တုတ်ဖြင့် ရှိနေသည်။သူဘာတွေးနေမှန်းတော့မသိနိုင်။

ခဏကြာမှသာ လုံချန် အား စိုက်ကြည့်ပြီး

"ငါ့နောက်လိုက်ခဲ့" ဟုပြောကာ သိုင်းပြိုင်ပွဲကွင်းပြင်ကနေ ထွက်ခွာသွားခဲ့သည်။ လုံချန် လည်း နောက်ကနေ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

အခြားလူတိုင်းကတော့ သူတို့ထွက်သွားသည့်မြင်ကွင်းအား စောင့်ကြည့်နေခဲ့ရုံသာ။

……

ထို့အပြင် လမ်းတစ်လျှောက်မှာ ကြောက်ရွံ့ရိုသေမှုအငွေ့အသက်များ ပြည့်နှက်နေခဲ့လေသည်။

လုံချန် သည် အားရကျေနပ်စွာ ပြုံးလိုက်သည်။ ဤသည်မှာ သူလိုချင်သော ဘဝပင်။

အချိန်အနည်းငယ်ကြာပြီးနောက် သစ်သားအိမ်ငယ်လေး ရှေ့သို့ ရောက်လာခဲ့သည်။ အထဲရောက်သည်နှင့် ယန်ဘိုးဘေးသည် တင်ပျဉ်ခွေထိုင်ကာ လုံချန် ကိုစိုက်ကြည့်လိုက်သည်။

"အရင်ဆုံး မေးပါရစေ။ ပိုင်ကျန်းရှောင် ရဲ့အငယ်ဆုံးသား ကိစ္စကို မင်းလုပ်လိုက်တာလား"

လုံချန် က တန်းပြီး ခေါင်းညိတ်လိုက်သည်။

"ငါထင်တဲ့အတိုင်းပဲ...." ယန်ဘိုးဘေး က လုံချန် ကိုသေသေချာချာ ကြည့်ပြီး အချိန်အတော်ကြာမှ သက်ပြင်းချပြီး ပြောလိုက်ပါသည် " မင်း ငယ်ငယ်တုန်းက ဒီလို စိတ်ဓာတ်မျိုးနဲ့ မင်းကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်တွေက ငါ့ကို တကယ် အံ့သြသွားစေတယ်။ မင်းက တော်တော်ဉာဏ်ကောင်းတာပဲ။ ယွန်ထျန်း နဲ့ ပိုင်ကျန်းရှောင် ကိုတားဖို့ ငါ့ကိုတောင် လူမိုက်ငှားလိုက်သေးတယ်။ ဒါက ကောင်းပေမယ်လို့ အရမ်းအန္တရာယ်များတယ်။ ထားပါ၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာ မှန်ကန်တဲ့လောင်းကြေးထပ်လိုက်တာပဲ။ နောက်ဆုံးတော့ မင်းမျှော်လင့်ထားသလို လွတ်မြောက်ခဲ့တယ်"

ယန်ဘိုးဘေးက သူ့အကြံအစည်ကို သိနေမြင်နေသည့်တိုင် လုံချန် သည် အံ့သြသွားခြင်းမရှိပေ။ သူက ယန်ဘိုးဘေး ကိုတည့်တည့်ကြည့်ကာ ပြောလိုက်၏ "ဒါတွေအားလုံးက ငါ့ကိုယ်ငါ ကာကွယ်ဖို့အတွက် သင့်လျော်တဲ့ လုပ်ဆောင်ချက်တွေပဲလို့ထင်ပါတယ်။ အဖိုးက ငါ့ကို ငြင်းပယ်မှာမဟုတ်ဘူးလို့ မျှော်လင့်တယ်"

သူ့အနေဖြင့် ယန်ဘိုးဘေး နှင့်ပတ်သက်၍ ခံစားချက်တစ်စုံတစ်ရာမရှိသော်လည်း ၎င်းသည် ယန်မိသားစု၏ခေါင်းဆောင်ဖြစ်နေဆဲပင်။ ယန်ဘိုးဘေး၏ အကာအကွယ်ကို ရယူနိုင်လျှင် လုံးဝကောင်းမွန်သောအရာဖြစ်ပေသည်။

ယန်ဘိုးဘေးက ခဏကြာအောင် နှုတ်ဆိတ်နေပြီး "အရင်တုန်းကလိုမျိုး ငါ့ရဲ့ စိတ်နေစိတ်ထားအရဆိုရင် မင်းကို လွယ်လွယ်နဲ့ ခွင့်မလွှတ်နိုင်လောက်ဘူး။ အခုတော့ ငါတို့မှာ အရေးတကြီး ကိစ္စတစ်ခုရှိနေတယ်။ မင်း ကောင်းကောင်းလုပ်ရင် ငါမင်းကို အပြစ်မပေးဘူး။ နောက်ဆုံးတော့ ကျော်ကြားခြင်းမြို့တော်မှာ ငါ့ကို ဒိုင်းကာလိုမျိုး ဘယ်သူကမှ အသုံးမချရဲဘူးဆိုတာမင်းလည်း သိလောက်မှာပါ"

"ဒါဆို ငါ့ကို ဘာလုပ်စေချင်တာလဲ"

ယန်ဘိုးဘေး က သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သက်ပြင်းချလိုက်ပြီး "အဓိကအချက်ကို မပြောခင်မှာ

ကျော်ကြားခြင်းမြို့ရဲ့ သမိုင်းကြောင်းကို အရင်ဦးဆုံး ပြောပြပါရစေ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်တုန်းက ကျော်ကြားခြင်းမြို့တော်မှာ ယန်မိသားစု မရှိဘူး၊ ပိုင် မိသားစုပဲရှိခဲ့တယ်။ အဲဒီတုန်းက ငါက ကလေးပဲရှိသေးတယ်။ ပြီးတော့ ပိုင်မိသားစု လက်ရှိ ဘိုးဘေးရဲ့အကူအညီနဲ့ ငါတို့ ယန်မိသားစုဟာ ကျော်ကြားခြင်းမြို့တော်မှာ ခြေချခွင့်ရခဲ့တယ်"

"ဒီနေ့အထိ အစ်ကို ပိုင် နဲ့ ငါ့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းနေတုန်းပဲ။ ချင်အာ နဲ့ ရှောင်အာ တို့ရဲ့ အိမ်ထောင်ရေးက ငါတို့ မိသားစုကြီးနှစ်ခုကို ပြေလည်စေတယ်။ ဒါပေမဲ့ မကြာသေးခင်က ထွက်လာတဲ့ သတင်းက ငါ့အတွက်တောင် တော်တော်လေးလန့်စရာပဲ"

လုံချန် က ကမန်းကတန်း မေးလိုက်သည် "ဒါက ဘာလဲ။ အဲဒီသားရဲအမဲလိုက်ပြိုင်ပွဲ ဖြစ်နေမလား"

ယန်ဘိုးဘေး က ခေါင်းညိတ်ပြီး ဆက်ပြောသည် "ပိုင် နဲ့ ယန် မိသားစုတွေက အမြဲလိုလို နီးနီးကပ်ကပ် ရှိခဲ့တာမှန်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းကပဲ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။ မင်းတကယ်ပဲ ပိုင်ကျန်းရှောင် ရဲ့ အငယ်ဆုံးသားကို ဒုက္ခိတဖြစ်အောင်လုပ်ရဲတယ်။ အခုတော့ ငါတို့ကြားက ဆက်ဆံရေး ပိုဆိုးသွားပြီ။ ငါ မင်းကို မကာကွယ်ရင် အဆင်ပြေမှာသေချာတယ်။ ဒါပေမဲ့ အခု မင်းကို ငါကာကွယ်ပေးလိုက်တော့ ဆက်ဆံရေးက ပိုဆိုးလာပြီ။ ချင်အာ နဲ့ လက်ဆက်ပေးလိုက်မှပဲ ပြန်အဆင်ပြေတော့မယ်ထင်တယ်"

လုံချန် က သူ့နှုတ်ခမ်းကိုပွတ်သပ်ရင်း မသိသလိုပဲလုပ်နေသည်။ ထို့နောက်မှ "အဖိုး၊ မင်းပြောနေတဲ့ ဒီသားရဲအမဲလိုက်ပြိုင်ပွဲက ဘာလဲ" ဟုမေးလိုက်၏။

ယန်ဘိုးဘေး က လုံချန်အား စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်ကာ "ငါတို့ကျော်ကြားခြင်းမြို့ က "မဟာယွမ်လင်းမြို့တော်" ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတယ်။ လွန်ခဲ့တဲ့ ဆယ်ရက်လောက်တုန်းက မဟာယွမ် ရဲ့ လင်းဝူ မိသားစုကနေ လူငယ်တွေအတွက် အမိန့်စာတစ်စောင်ထုတ်ပြန်လိုက်တယ်။ ပိုင် နဲ့ ယန် မိသားစုတွေက သားရဲအမဲလိုက်ပြိုင်ပွဲမှာ မဖြစ်မနေ ပါဝင်ရမယ်။ ပြီးတော့ "မဟာဖုန်းဆိုးတောင်တန်း" ကိုဝင်ရောက်ပြီးတော့ သားရဲအမြုတေတွေ ရအောင်ကြိုးစားရမယ်။ အများဆုံးရတဲ့သူက ကျော်ကြားခြင်းမြို့တော်ကို နောက်ထပ် ဆယ်စုနှစ် နှစ်ခုစာထပ်ပြီးအုပ်ချုပ်ခွင့်ရလိမ့်မယ်။ တကယ်တော့ အစ်ကို ပိုင် နဲ့ ငါဟာ ညီအစ်ကိုရင်းတွေလိုပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ လွယ်လွယ်နဲ့ လက်မလျှော့နိုင်ဘူး"

ယန်ဘိုးဘေး က သက်ပြင်းချလိုက်ပြီး ဆက်ပြောပါသည် “သားရဲအမဲလိုက်ပြိုင်ပွဲက နောက်လ ၁၀ ရက်နေ့မှာ စတင်မယ်။ ပြီးတော့ အဲဒီနေ့က ချင်အာ ရဲ့လက်ထပ်ပွဲနေ့ပဲ။ ဒီတစ်ကြိမ်မှာ လူငယ်မျိုးဆက်သစ်တွေက ပွဲတက်လို့မရဘူး။ ဒါ့အပြင် မဟာယွမ် ရဲ့ အကြီးအကဲတွေ ကိုယ်တိုင် စောင့်ကြပ်နေမှာဆိုတော့ ငါတို့လို စီနီယာမျိုးဆက်တွေ အနေနဲ့ မဟာဖုန်းဆိုးတောင်တန်း ကိုအနီးကပ်သွားစောင့်နေလို့မရဘူး"

ထိုစကားကြားပြီးနောက် လုံချန် သည် သူဘာလုပ်ရမည်မှန်း သဘောပေါက်လိုက်သည်။

"တကယ်တော့ သားရဲအမဲလိုက်ပြိုင်ပွဲကို ကျင်းပတာ ကောင်းပါတယ်။ ပိုင် နဲ့ ယန် မိသားစုက ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ အချင်းချင်း သတ်မှာမဟုတ်ပေမယ့် ပိုင် မိသားစုရဲ့ တပည့်တွေကို ဂရုစိုက်ဖို့တော့ လိုသေးတယ်။ မင်းက မဟာဖုန်းဆိုးတောင်တန်း ကို ရောက်တဲ့အခါ အမဲလိုက်ဖို့အပြင် မင်းကိုယ်တိုင်က သားရဲတစ်ကောင်ဖြစ်သွားပြီပဲ။ မင်း ပိုင် မိသားစုရဲ့ လူတွေနဲ့တွေ့လို့မရဘူး။ ဒါဆို ငါတို့က သူတို့ထက် သားရဲအမြုတေတွေ ပိုပြီးရနိုင်မယ်"

လုံချန် က ခေါင်းညိတ်လိုက်သည်။ သူလည်း ယန်ဘိုးဘေး၏ ဆိုလိုရင်းကို ကောင်းကောင်းနားလည်ပါသည်။ သူ့အား ယန် မိသားစု၏ မြင်းနက်တစ်ကောင်အဖြစ် သရုပ်ဆောင်ခိုင်းနေတာပါ။ ထို့အပြင် ဘိုးဘေး၏ မျှော်လင့်ချက်လည်း ဖြစ်ခဲ့သည်။

သို့သော် ပြိုင်ပွဲထဲ ရောက်လျှင် ယန်ဘိုးဘေး မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာမည်လား။ လုံချန် အနေနဲ့ ပိုင်ရှီဂျီး ကို အနိုင်ယူဖို့ဖြစ်နိုင်ပါသလား။

မည်သို့ပင်ဖြစ်စေ လုံချန် က သိပ်ပြီး ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ ခေါင်းညိတ်ပြီး "မြေးက အဖိုးရဲ့ အမိန့်ကို နားထောင်မှာပါ" ဟု ပြန်ပြောပါသည်။

ယန်ဘိုးဘေးက ရယ်ပြီး ဆက်ပြောသည် "ယန်မိသားစုအတွက် မင်း ကြိုးကြိုးစားစား လုပ်ခဲ့တာပဲလေ။ ဒီတော့ သဘာဝအတိုင်း ငါ မင်းကို အပြစ်မပေးပါဘူး။ မင်းအတွက် ယွမ်ထျန်း ကို ငါကိုယ်တိုင် သတိပေးထားလိုက်မယ်။ နတ်နဂါးတံဆိပ်တော် က မင်းအပိုင်ပါ။

အခု လာမယ့် ပြိုင်ပွဲအတွက် ကောင်းကောင်းလေ့ကျင့်တော့။ လဝက်လောက် ကျန်နေသေးတဲ့အတွက် အောင်မြင်မှုတစ်ခုခုရဖို့ ကြိုးစား"

ယန် မိသားစုရဲ့ " နတ်နဂါးတံဆိပ်တော် "

လုံချန်၏ နှလုံးသားသည် သိသိသာသာပင် စိတ်လှုပ်ရှားသွားသည်။

သူ့စိတ်ထဲမှာလည်း "နတ်နဂါးတံဆိပ်တော် နဲ့ဆို ငါ့ရဲ့ ခွန်အားတွေ သေချာပေါက် မြင့်တက်လာလိမ့်မယ်။ ဒါ့အပြင် နတ်နဂါးတံဆိပ်က ထင်သလောက်မရိုးရှင်းပါဘူး။ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ။ ပြီးတော့ အဖေပြောတဲ့ နဂါးစစ်သည်တော် ဆိုတာ ဘယ်လိုမျိုးတည်ရှိနေသလဲ၊ ငါ တကယ်သိချင်မိတယ်"

ဤအချိန်တွင် ယန်ဘိုးဘေး က ချန်ခွန်အိတ် ကိုထုတ်ကာ “ဒီအထဲမှာ ဝိညာဉ်သလင်းကျောက်တုံး ၅၀၀ ရှိတယ်။ ယူသွားလိုက်။ ဒါတွေအားလုံးကို စုပ်ယူနိုင်ရင် မင်းက အဆင့် ၆ ကိုတက်နိုင်လိမ့်မယ်။ ဒါပေမဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ ဖြတ်လမ်းမလိုက်ဖို့ တားမြစ်ထားကြတယ်။ မင်းဟာ အဆင့် ၅ ကိုရောက်တာမကြာသေးဘူး။ ဒီတော့ အခုရက်ပိုင်းမှာ နတ်နဂါးတံဆိပ်တော် နဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားသင့်တယ်။ လောလောဆယ်တော့ ပြန်ပြီး အနားယူလိုက်ပါဦး"

ခဏအကြာတွင် လုံချန် လည်း ဘိုးဘေးကို အရိုအသေပြုကာ တဲအိမ်လေးထဲမှ ပြန်ထွက်လာခဲ့သည်။

"ငါ့အတွက် တစ်လခွဲလောက်ပဲအချိန်ရတယ်။ သားရဲအမဲလိုက်ပြိုင်ပွဲနဲ့ လက်ထပ်ပွဲ။ ဒီတစ်ခါ ထိပ်တိုက်တွေ့ရင် ဘာလုပ်ရမလဲ။ …ကောင်းပြီ၊ ဒါကို ခဏလောက် မေ့ထားလိုက်တာပေါ့။ အခုလောလောဆယ် နဂါးတံဆိပ်ကို လေ့ကျင့်ရမယ်။ ပြီးတော့ ငါဘယ်လောက် သန်မာလာမလဲဆိုတာ သိချင်နေပြီ"

Translated By NyiNyiSoe

All Chapters