အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
..နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 22 - ပျက်သုဉ်းခြင်းသားရဲဒေသ
“မလုပ်နဲ့”
ယန်လင်ချင်း သည် ပူပြင်းနေသော သွပ်မိုးပေါ်မှ ကြောင်တစ်ကောင်ကဲ့သို့ အဆုပ်ကွဲလုမတတ်ပင် အော်ဟစ်လိုက်သည်။
ထိုအော်သံ ထွက်ပေါ်လာပြီးနောက် လုံချန်၏ နဝမမြောက်လက်ချောင်း သည် ချက်ချင်းပင်ရပ်တန့်သွားသည်။ထို့အတူ ကြောက်မက်ဖွယ်သော ဖိအားသည်လည်း ပျောက်ကွယ်သွား၏။ လုံချန် သည် ဘာမှမဖြစ်သည့်အတိုင်းပင် ပိုင်ရှီးဒုန်၏ နောက်ကျောဖက်ကနေ ဖြတ်လျှောက်လာသည်။ တစ်လက်စတည်း သူ့ခြေထောက်ကိုမြှောက်ပြီး ပိုင်ရှီးဒုန်၏ တင်ပါးကို ဖြတ်ကန်ထည့်လိုက်ရာ ရှေ့သို့ ဟက်ထိုးလဲကျသွားခဲ့သည်။
ထို့နောက် လုံချန် သည် ထပ်ပြီးမတိုက်ခိုက်တော့ပေ။ ယန်လင်ချင်း နံဘေးသို့ ပြန်ရောက်လာသည်။ ယန်လင်ချင်း က လုံချန် အား စိုက်ကြည့်နေသည်။ လုံချန် က သူမ ကိုကြည့်ကာ ပြောလိုက်၏ “ငါက အရမ်းချောမှန်း သိပေမယ့် အခုလိုမျိုး အရမ်းကြီးစိုက်ကြည့်နေဖို့မလိုပါဘူး။ ငါတို့က ဝမ်းကွဲတွေဆိုတာ မင်းသိရမယ်။ မင်း ငါ့ကို မဟုတ်ကဟုတ်ကတွေ တွေးမနေနဲ့” ဟု
ပြောရင်း ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
ဤအတောအတွင်း ပိုင်ကျိရှင်း နှင့် ပိုင်ရှီးဒုန် တို့နှစ်ယောက် လည်း မြေပြင်မှ တဖြည်းဖြည်း ထရပ်လာသည်။
သို့သော် လုံချန် သည် ဂရုမစိုက်ပေ။ ယန်လင်ချင်း၏လက်ကို ကိုင်ကာ လှည့်ထွက်လာသည်။ ဤအချိန်မှာပဲ “ခဏနေဦး... ။ မင်းက လုပ်ချင်တာလုပ်ပြီးမှ ဒီအတိုင်း ထွက်သွားချင်တာလား” ဟူသော အေးစက်စက်အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
လုံချန့ သည် ချာခနဲ လှည့်ကြည့်လိုက်သည်။ သူမြင်လိုက်တာက အစောင့်အကြပ်တစ်စု ခြံရံကာ လျှောက်လာနေသည့် ပိုင်ရှီဂျီး ပင်ဖြစ်သည်။ သူ့ဆီကနေ အဆင့် ၇ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ပိုင်ရှီဂျီး က ပိုင်ကျိရှင်း နှင့် ပိုင်ရှီးဒုန် တို့နှစ်ယောက်အား ကြည့်ကာ အေးစက်စက်ပြောခဲ့သည် “အမှိုက်နှစ်စပဲ။ မင်းတို့လုပ်တာ ငါ့ပိုင်မိသားစုကို အရှက်ရစေတယ်။ အစောင့်တွေ၊ ဒီအမှိုက်နှစ်စကို ပြန်ခေါ်သွားတော့...”
ပိုင်ရှီဂျီး၏ အေးစက်စက်အပြုအမူကြောင့် ပိုင်ကျိရှင်းတို့နှစ်ယောက်လည်း ဆက်မနေရဲတော့ပေ။ အစောင့်များ၏ ကာကွယ်မှုအောက်၌ အလျင်အမြန်ထွက်ခွာသွားကြတော့သည်။
ဤအချိန်တွင် ပိုင်ရှီဂျီး က လှောင်ပြောင်ရင်း လုံချန် ဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ လုံချန်၏ နနောက်ကွယ်မှလူများ အားလုံး ဆုတ်ခွာသွားကြသည်။ယန်လင်ချင်း သာလျှင် ယခုထိထွက်မသွားသေးဘဲ ရပ်နေတုန်းပါ။
တစ်ချိန်တည်းမှာပဲ အဆင့် ၇ နဂါးသွေးကြောနယ်ပယ်
ဖိအားသည် လုံချန် အပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ ၎င်းသည် ဧရာမ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ပင်။ သို့သော်လည်း လုံချန်၏ ခြေထောက်များသည် မြေပြင်၌ သံဖြင့်ကပ်ရိုက်ထားသည့်အလား ခြေလှမ်းတစ်ဝက်မျှပင် နောက်ဆုတ်မသွားပေ။
ဤမြင်ကွင်းကြောင့် ပိုင်ရှီဂျီး လည်း အနည်းငယ် အံ့သြသွားသည်။ သို့သော် သူက လှောင်ပြောင်လိုက်ပြီး “မင်းသေချင်တာလား။ ကောင်းပြီ၊ ဒါဆို မင်းကို ပိုင်မိသားစုရဲ့ ကောင်းကင်ငရဲနတ်ဆိုးလက်ချောင်း ကို မြည်းစမ်းခိုင်းလိုက်မယ်။ ပြီီးတော့မှ နောင်တဆိုတာ ဘာလဲ ကောင်းကောင်းသိရတာပေါ့…”
စကားပြောရင်း သူ့လက်ချောင်းကို ရှေ့သို့ ဆန့်လိုက်၏။ တစ်ချိန့တည်းမှာပင် သူ့ခန္ဓာကိုယ်ကနေ အစစ်အမှန်ချီများ ပေါက်ကွဲလာသည်။ ထို့နောက် သူ့လက်ချောင်းထိပ်မှ မှိန်ပျပျ အနက်ရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ မှိန်ပျနေသော်လည်း ၎င်းတွင်ပါရှိသော စွမ်းအားသည် လုံချန်၏ လေနတ်ဆိုးလက်ချောင်း နှင့် ကြယ်တာယာစွမ်းအားထက်ပင် ဆယ်ဆပိုမိုအားကောင်းပါသည်။
“ဒါ...ဒါက ပိုင် မိသားစုရဲ့ ကောင်းကင်နတ်ဆိုးလက်ချောင်းသိုင်း လား။ မျှော်လင့်ထားတဲ့အတိုင်း စွမ်းအားက ထိတ်လန့်စရာပဲ။ တကယ်ပဲ ကောင်းကင်နဲ့ မြေကြီးကို ဖောက်ထွင်းနိုင်တယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့လိုက်ဖက်ပါပေတယ်…”
ယန်လင်ချင်း သည် ဤမြင်ကွင်းကိုမြင်လိုက်သောအခါ မျက်လုံးထဲမှ မျက်ရည်များစီးကျနေပြီဖြစ်သည်။ သို့သော်လည်း လုံချန်၏ ခေါင်းမာမှုသည် သူမ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။ လင်းရှီ ပင်လျှင် သူ့ကို မတားနိုင်ပေ။
လုံချန် သည် ပိုင်ရှီဂျီး၏ တိုက်ခိုက်မှုကို စူးစိုက်ကြည့်နေသည်။ တစ်ချိန်တည်းတွင် သူ၏.အစစ်အမှန်ချီ ကို အကန့်အသတ်ထိစုစည်းကာ ဝှက်ဖဲဖြစ်သည့် နတ်နဂါးတံဆိပ်ကို အသုံးပြုရန် ပြင်ဆင်နေသည်။
သို့သော် သူ့အတွက် အခွင့်အရေးသိပ်မရှိကြောင်း သိနေပါသည်။ အကြောင်းကတော့ သူ့အစစ်အမှန်ချီ သာ် ပြိုင်ဖက်ထက် အဆနှစ်ဆယ်လောက် အားနည်းနေခဲ့လို့ပါ။ သို့တိုင် လုံချန် သည် နောက်ပြန်မဆုတ်ခဲ့ပေ။
ဤမြင်ကွင်းကြောင့် လူတိုင်းသည် အံ့အားသင့်သွားကြသည်။
လုံချန် သည် ပြင်းထန်သောဖိအားကို ရင်ဆိုင်ရင်း သူ့နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။
“အဖေ၊ ငါက မဆင်မခြင်လုပ်တာမဟုတ်ဘူး။ ငါ့ရဲ့စိတ်ကို ဘယ်လိုမှထိန်းချုပ်မရတော့လို့ပဲ...”
ဤအချိန်တွင် အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
“ရှီးအာ.... ဒီလိုနေရာမျိုးမှာ တခြားသူတွေနဲ့ ဘာလို့
တိုက်ခိုက်နေတာလဲ”
တစ်ချက်ကြည့်လိုက်ရုံဖြင့် လုံချန် သည် အသံပိုင်ရှင် ကို တန်းသိလိုက်သည်။
ယန်ယွဲ့ချင်....
ယန်ယွဲ့ချင်၏အသံကိုကြားသောအခါ ပိုင်ရှီဂျီးလည်း ရပ်တန့်သွားသည်။ ထို့နောက် လုံချန် ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
“ဒေါ်လေး၊ ရောက်လာပြီလား...”
ယန်ယွဲ့ချင် မှန်းမြင်လိုက်သည်နှင့် ယန်လင်ချင်း သည် နာမည်ကိုအော်ခေါ်ကာ ငိုကြွေးလေတော့သည်၊
အစကတော့ ယန်ယွဲ့ချင် သည် ပိုင်ရှီဂျီး ကိုသာ မြင်ခဲ့သည်။ သို့သော် ယန်ယွဲ့ချင်၏အသံကိုကြားလိုက်သောအခါ သူ့မျက်နှာက နူးညံ့ပြေပြစ်လာသည်။ တစ်ဖန် လုံချန် ကိုမြင်လိုက်သည်နှင့် သူ့အကြည့်က ချက်ချင်း အေးစက်သွားသည်။
လုံချန် လည်း စိတ်ထဲကနေ ရယ်မောလိုက်သည်။ ဤအမျိုးသမီးက အပြောင်းအလဲမြန်သည်မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေကာမူ လုံချန် သည်လည်း အနည်းငယ်ပင် စိတ်မဝင်စားပေ။ သူက ဘညမှမဖြစ်သလိုပဲ လှည့်ထွက်သွားလေသည်။
“ရပ်စမ်း...”
သူ့နောက်ကွယ်မှ ယန်ယွဲ့ချင်၏ အေးစက်သော အသံ ပျံ့လွင့်လာခဲ့သည်။
လုံချန် သည် သူ့ခေါင်းကို နောက်ပြန်လှည့်ပြီး “ မိန်းမပျို ပိုင်၊ ဘာလို့ ငါ့ကို ရှာနေတာလဲ လို့ မေးချင်တယ်။ပိုင် မိသားစုရဲ့ အမှိုက်နှစ်စ ဒဏ်ရာရသွားလို့ ဖြစ်ကောင်းဖြစ်နိုင်မလား။ မှန်ပါတယ်၊ ငါလုံချန် က အဲဒီအမှိုက်နှစ်စ ကို ခွေးသေတွေလိုရိုက်နှက်ခဲ့တာပဲ။ ဒီတော့ အခု မင်းငါ့ကို ဘာလုပ်မလဲ သိချင်မိတယ်”
လုံချန်၏ စကားလုံးများကြောင့် ယန်ယွဲ့ချင် တစ်ယောက် ချက်ကောင်းထိသွားပုံရသည်။ သူ့မျက်နှာက ချက်ချင်းပင် အေးခဲသွားပါတော့သည်။
ဤအချိန်တွင် လုံချန် ကတော့ ထွက်သွားခဲ့ပါပြီ။
လုံချန် သည် လမ်းတွင် တွေးတောနေသည် “သူတို့ မင်္ဂလာပွဲကို တားချင်ရင်င် နည်းလမ်းတစ်ခုပဲရှိတယ်။ ငါ ပိုင်ကျန်းရှောင် ရဲ့ သားနှစ်ယောက်စလုံးကို လုပ်ကြံရမယ်။တစ်ယောက်ကို ဒုက္ခိတဖြစ်အောင်လုပ်လိုက်မယ်။ နောက်တစ်ယောက် ကိုတော့ သတ်လိုက်တာပေါ့။ ဒါဆို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲဖြစ်လာနိုင်ပါ့မလား”
ပိုင်ရှီဂျီး ကိုသတ်ရန် အကောင်းဆုံးအချိန်သည် သားရဲအမဲလိုက်ပြိုင်ပွဲ ဖြစ်ပေသည်။ သို့သော် လုံချန်အတွက် သူ၏ခွန်အားကို အဆင့် ၆ အထိ အနည်းဆုံးမြှင့်တင်နိုင်မှသာ။ လောလောဆယ်မှာတော့ အိပ်မက်လင်ဇီး ကို လင်းရှီ အတွက်သန့်စင်ပေးဖို့သာအရေးကြီးပါသည်။
ဤအတောအတွင်း ယန်ယွဲ့ချင် သည် ယန်လင်ချင်း အား တစ်ချက်ကြည့်လိုက်ပြီး “သူဘယ်ထွက်သွားတာလဲ” ဟု မေးလိုက်သည်။
ယန်လင်ချင်း က “အစ်ကိုကြီးချန်…သူ အခုလေးတင်ပဲ မိတ်ဆွေတစ်ယောက်ယောက်နဲ့တွေ့ပြီးခဏ လိုက်သွားမယ်လို့ပြောခဲ့တယ်။ ငါ့ကို အိမ်အရင်ပြန်ဖို့ ပြောခဲ့တာပဲ။ သူ ဘယ်သွားလဲဆိုတာတော့ ငါလည်းမသိဘူး…”
“တစ်စုံတစ်ယောက်နောက်ကိုလိုက်သွားတာလား”
ယန်ယွဲ့ချင် က နှာခေါင်းရှုံ့လိုက်ပြီး ပြောသည် “ဒါဟာ ဆင်ခြေတစ်ခုပဲ။ သူ့ကို အပြစ်ပေးမှာ ကြောက်နေပေမယ့် သူက ဒီလို ကလေးဆန်တဲ့ နည်းလမ်းကို သုံးသွားတယ်။ လုံ မိသားစုရဲ့ အဖွဲ့ဝင်တွေက ဒီလိုပဲလှည့်စားတတ်တာလား...”
ခဏကြာငြိမ်သက်သွားပြီးနောက် ယန်ယွဲ့ချင် က မေးလိုက်သည် “ချင်အာ၊ ဒီနေ့ ဘာဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ်ပြောပြပါ”
ယန်လင်ချင်း သည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လုံချန် သည် သူမကို ကာကွယ်ရန်အတွက် ပိုင်ကျိရှင်း တို့နှစ်ယောက်အား တိုက်ခိုက်ခဲ့ကြောင်း၊ ပိုင်ရှီဂျီး ရောက်လာပြီးနောက် ထပ်ပြီးပြဿနာတက်ခဲ့သည်ကိုပါ ရှင်းပြလိုက်တော့သည်။
ယန်ယွဲ့ချင်၏မျက်နှာထက်က အေးစက်စက်အမူအရာများ ပျောက်ကွယ်သွားကာ လုံချန် အား ချီးကျူးလိုသောအရိပ်အယောင်တို့ ပေါ်လာလေသည်။ သို့သော် ချက်ချင်းပင် ဖုံးကွယ်လိုက်ပြီး ဆက်မေးသည် “အိုး....၊ ဒါတကယ်ပဲလား။ သူက အဆင့် ၆ နဂါးသွေးကြောနယ်ပယ်နှစ်ယောက်ကို အနိုင်ယူနိုင်တာလား။ ဒါပေမဲ့ သူ့မှာ အဆင့် ၇ ကို ရင်ဆိုင်ဖို့ကျတော့ ခွန်အားမလုံလောက်သေးဘူးမဟုတ်လား”
ယန်လင်ချင်း သည် စကားပြန်မပြောဘဲ ယန်ယွဲ့ချင် ထွက်သွားသည့်မြင်ကွင်းကို ကြည့်ကာ သူမ၏နှုတ်ခမ်းများ အနည်းငယ်လှုပ်ယမ်းသွားသည်။တစ်စုံတစ်ခုကို စဉ်းစားမိလိုက်လို့ပါ။ အစောပိုင်းတိုက်ပွဲတုန်းက လုံချန် သည် ပိုင်ရှီဂျီး ကို မကြောက်မလန့်ဘဲ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ အကြောင်းကတော့ ယန်ယွဲ့ချင် ကြောင့်ပင်ဖြစ်သည်။
……
လုံချန် သည် လမ်းကြောင်း တစ်ခုပြီးတစ်ခု ဖြတ်လျှောက်လာပြီးနောက် သူ့ရှေ့ကနေ ပြေးလွှားနေသော လူ၏လည်ပင်းနောက်ဖက်ကို ရုတ်တရက် ဖမ်းကိုင်လိုက်ရင်း ယင်လုံအိမ်သာထဲသို့ ဆွဲနှစ်လိုက်သည်။ ထိုလူ၏နှာခေါင်းဝသို့ အလွန်ဆိုးရွားသော အနံ့အသက်များ ချက်ချင်းဆိုသလို တိုးဝင်လာသည်။ သို့သော် လုံချန်၏ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ လုံးဝမလှုပ်ရှားနိုင်ပေ။
လုံချန် သည် စစ်ပွဲလျှို့ဝှက်စျေးကနေ ပြန်ထွက်လာစဉ် သူ့နောက်သို့ လူတစ်ယောက် လိုက်နေမှန်းသတိထားမိခဲ့သည်။ သို့သော် သတိမထားမိသလိုနေရင်း မျှားခေါ်လာခဲ့လိုက်သည်။ အချိန်တော်တော်ကြာအောင် လှည့်ပတ်သွားပြီးနောက်မှသာ ထိုလုပ်ကြံသူအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။
လုံချန် က ထိုလူကို စိုက်ကြည့်ကာ “မင်းနဲ့ ငါ အချိန်မဖြုန်းချင်ဘူး။ ငါ့ကို သတ်ဖို့ အမိန့်ပေးတဲ့သူက ဘယ်သူလဲဆိုတာကို ပြောပါ ဒါမှမဟုတ် မင်းကို ဘယ်သူကလွှတ်လိုက်တာလဲ”
လုံချန်၏ အစစ်အမှန် ခွန်အားကို တွေးမိသောအခါ လုပ်ကြံသူ လည်း မျက်နှာဖြူဖျော့သွားတော့သည်။ ဒီအချိန်မှာ သူ့မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားခဲ့ပါပြီ။ သို့သော်လည်း ညှိနှိုင်းရန်အခြေအနေကောင်းနေသည်ကို သိလိုက်ရာ “ငါအမှန်တိုင်းပြောရင် ငါ့ကိုမသတ်ဘူးလား” ဟု ကမန်းကတန်း ပြောလိုက်သည်။
လုံချန် က ခေါင်းညိတ်ပြီး “ဒါပေမဲ့ မင်း အခုကိစ္စဖြေရှင်းပြီးတာနဲ့ ဒီမြို့ကနေ ထွက်သွားရလိမ့်မယ်”
လုပ်ကြံသူ က အမြန်ခေါင်းညိတ်ရင်း ပြန်ဖြေခဲ့သည် “ဒါက အသိသာကြီးပါ။ ပိုင် ကလန် နဲ့ပိုင်ကျန်းရှောင် ပဲ”
လုံချန် သည် အနည်းငယ် အံ့သြသွားသည်။
“ဒီ ပိုင်ကျန်းရှောင် က အမေ့ကိုလက်ထပ်ဖို့လုပ်နေတယ်။ ဒါဆို ငါ့ကို လုပ်ကြံဖို့ လိုသေးလား”
သူ့စိတ်ထဲမှာ ဘာကိုမှ နားမလည်နိုင်တော့ပေ။
ဤအချိန်တွင် လုပ်ကြံသူ က ကမန်းကတန်းပြောလေသည် “ငါမင်းကို လိမ်နေတာမဟုတ်ဘူး၊ မင်းကိုပြောပြရတဲ့ အကြောင်းရင်းက ငါလည်း သူ့ကို သေလောက်အောင် မုန်းလို့ပဲ။ သူပြောတာက ငါ့သမီးကို ပိုင် ကလန်မှာ ဆက်ခံခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ ငါ့သမီးကို သတ်ပစ်လိုက်ကြတယ်။ ငါ သူတို့ကို ကလဲ့စားချေဖို့ အခွင့်အရေး ရှိမရှိ သိရအောင်လို့ ဒီမြို့မှာ ဆက်ရှိနေသေးတာပဲ”
စကားပြောနေရင်းဖြင့် လုပ်ကြံသူ၏မျက်လုံးများသည် တဖြည်းဖြည်းနီရဲလာပါသည်။ ၎င်းက အလိမ်အညာစကားမပါဘဲ အမှန်တိုင်းဖြစ်ကြောင်းသိသာသည်။
လုံချန် သည် သူ့လက်ကို လွှတ်လိုက်ပြီး ပြုံးပြီး “ငါသာ မင်းလိုက်လာတာကို သတိမထားမိရင် အခုအချိန်မှာ သေနေလောက်ပြီ။ ကံကောင်းလို့ မင်းကို ဖမ်းမိလိုက်တာ။ ဒီနေ့ မင်း ငါ့လက်ထဲမှာ ရှိနေပြီ၊ ငါပြောခဲ့တဲ့အတိုင်း မင်းကို မသတ်ဘူးလို့ ကတိပေးထားပြီးပြီ။ ဒါကြောင့် မင်းက ကျေးဇူးတင်တဲ့အနေနဲ့ နည်းနည်းတော့ စားလိုက်ပေါ့”
ထိုစကားကို ပြောပြီးနောက် လုပ်ကြံသူ မတုံ့ပြန်နိုင်ခင်မှာပဲ အိမ်သာတွင်းထဲသို့ ပစ်ချလိုက်လေသည်။ ချက်ချင်းဆိုသလိုပဲ နေရာအနှံ့ ရေများ လျှံကျလာသည်။ လုံချန် လည်း အမြန်ခုန်ထွက်သွားရင်း “ဒါက တော်တော်လေးကို နီးကပ်နေပြီ။ ကံကောင်းထောက်မစွာပဲ ငါက မြန်မြန်ဆန်ဆန်ခုန်ထွက်လိုက်တာ...”
ဤအချိန်တွင် နေအလင်းရောင် ပျောက်ကွယ်ကာ အမှောင်ထုအလွှာကြီး တစ်စတစ်စ ကျရောက်လာပါတော့သည်။
“ရှီအာ ၊ ပျက်သုဉ်းခြင်းသားရဲဒေသကို သွားရအောင်” လုံချန် က ရုတ်တရက်ပြောလိုက်၏ ။
လင်းရှီ သည် လန့်သွားပြီး “ဘာလို့လဲ။ နင့်ရဲ့အမေက နင့်ကိုရိုက်မှာ ကြောက်နေတာလား။ မကြောက်ပါနဲ့ ၊အိပ်မက်လင်ဇီးကို သန့်စင်ပြီးတာနဲ့ နင့်ကို ငါကာကွယ်ပေးနိုင်ပြီ။ ဒီမိန်းမ နင့်ကို နာကျင်အောင်လုပ်ဖို့ ငါ ခွင့်မပြုတော့ဘူး”
လုံချန် က ပြုံးပြီး “ကောင်မလေး၊ ဘာသိလို့လဲ။ ငါ သူမကို မကြောက်ပါဘူး။ ဒါပေမဲ့ ယန် ကလန်မှာ လူတွေအများကြီးရှိနေတယ်လေ။ မင်းက အိပ်မက်လင်ဇီးကို သန့်စင်ချင်ရင် ပြီးတော့ နဂါးတံဆိပ်ရဲ့ လျှို့ဝှက်ချက်ဆိုတာကို သိချင်ရင် ငါတို့က တခြားနေရာတစ်ခုခုရှာရလိမ့်မယ်။ ယန် ကလန်မှာ အဆင်မပြေနိုင်ဘူး”
“ကောင်းပြီ၊ ဒါဆို သွားကြရအောင်။ နောက်ဆုံးတော့ အရသာရှိတာတွေ စားရဖို့နီးလာပြီ...”
လင်းရှီ၏ အသံသည် အားနည်းသော်လည်း သူ့လေသံက သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။
“အရသာရှိတာတစ်ခုခု စားချင်တာလား”
“ဟုတ်တယ်။ နင်မသိပေမယ့် ငါဒီလိုဖြစ်လာတော့ ဘာမှမစားရသေးဘူး။ ငါအရင်တုန်းက ဝိညာဉ်ဆေးအမယ်တချို့တွေ့ခဲ့တယ်၊ သူတို့က တော်တော်လေးအရသာရှိတယ်…”
“ရှီအာ...”
“ဟမ်”
“တစ်နေ့ကျရင်တော့ မင်းကို အစားအသောက်အစစ်တွေ စားခွင့်ပေးမယ်” လုံချန် က ပြောလိုက်သည်။
“တကယ်လား။ ငါက အများကြီး မစားရဘူး၊ ရှာဂတာ မလွယ်ဘူး။ အခုချိန်ထိ ငါက နည်းနည်းလေးပဲ စားနေရတယ်။ ဒီအိပ်မက်လင်ဇီးက ငါ့အတွက် မလုံလောက်ဘူး။ ဒါ့ကြောင့် နင် ပိုပြီး ကြိုးစားပေးရမယ်”
“ကောင်းပါပြီ။ ဒီငယ်သားက နာခံပါ့မယ်”
Translated By NyiNyiSoe
..နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 23 - ဒဏ္ဍာရီတွေပဲရှိတော့တယ်
ကမ္ဘာမြေတစ်ခွင်လုံး နေအလင်းရောင် ပျောက်ဆုံးပြီးနောက်
ညမိုးချုပ်ချိန်တွင် လုံချန် သည် ပျက်သုဉ်းခြင်း
တောင်ခြေသို့ ရောက်နေခဲ့ပြီဖြစ်သည်။
ပျက်သုဉ်းခြင်းတောင်တန်း သည် ဘိုင်ရှီးရွာ၏အရှေ့ဖက်၌ တည်ရှိကာ အလွန်တရာကြီးမားလှသောတောင်တန်းတစ်ခုဖြစ်သည်။ မိုင်ထောင်နှင့်ချီ၍ရှည်လျားပြီး အဆိပ်ပြင်းသောသတ္တဝါများ၊အမျိုးမျိုးသော နတ်ဆိုးသားရဲများ နေရာအနှံ့ ရှိနေသည်။ တစ်နည်းပြောရလျှင်တော့ အနှီပျက်သုဉ်းခြင်းတောင်တန်းသည် တားမြစ်နယ်မြေဟုပင်ဆိုသင့်ပေသည်။
လုံချန် ယခင်က ဝင်ရောက်ခဲ့ဖူးသော ပျက်သုဉ်းခြင်းသားရဲဒေသသည် အမှန်တကယ်တော့ ပျက်သုဉ်းခြင်းတောင်တန်း၏ အနက်ပိုင်းဖြစ်သည်။
ပျက်သုဉ်းခြင်းသားရဲဒေသ နှင့် မတူဘဲ ပျက်သုဉ်းခြင်းတောင်တန်းသည် ရှေးဟောင်းသစ်ပင်ကြီးများ၊ ထူထပ်သော သစ်တောများဖုံးလွှမ်းထားသည်။ စိမ်းလန်းသောသစ်ပင်သစ်ရွက်များဟာ ကောင်းကင်ယံတစ်ခုလုံးနီးပါးကို လွှမ်းခြုံထားလေသည်။
ဤအချိန်တွင် ပတ်ဝန်းကျင်သည် လုံးဝတိတ်ဆိတ်ငြိမ်သက်နေ၏။ လုံချန် သည် တိတ်ဆိတ်ပြီး လုံခြုံသောနေရာကို ရှာနေသည့်အလား ပျက်သုဉ်းခြင်းတောင်တန်းပေါ်သို့ တက်သွားခဲ့သည်။
ပျက်သုဉ်းခြင်းတောင်တန်းသည် ဝေးလံခေါင်သီလှပြီး လူသားများ သွားရောက်လည်ပတ်ခဲသည်။ တောင်ပေါ်၌ သဘာဝအတိုင်း ဖွဲ့စည်းထားသည့် လိုဏ်ဂူများ များစွာရှိနေ၏။ ၎င်းတို့ထဲမှအများစုသည် နတ်ဆိုးသားရဲများ သို့မဟုတ် သားရဲရိုင်းများ၏နေထိုင်ရာများဖြစ်လာသည်။ သို့သော်လည်း လွတ်နေသောနေရာတချို့တော့ ရှိနေသေးသည်။
လုံချန် သည် ညအမှောင်ထဲ၌ လျှောက်သွားနေရင်း လွတ်နေသော ဂူဝင်ပေါက်တစ်ခုကို တွေ့လိုက်သည်။ သူက အထဲမဝင်သေးဘဲ လင်းရှီကို အရင်ဆုံး စစ်ဆေးခိုင်းလိုက်၏။ ခဏအကြာမှာတော့ လင်းရှီ က ဂူအတွင်းပိုင်းမှာ အဝါရောင်အဆင့်နိမ့်သားရဲအနည်းငယ်သာရှိကြောင်း ပြန်ပြောခဲ့သည်။ ထို့နောက် လုံချန် သည် အထဲသို့ဝင်ကာ အကုန်လုံးသတ်ပစ်လိုက်သည်။ ဂူအတွင်းပိုင်းကို သန့်ရှင်းရေးလုပ်ပြီးနောက် အတန်ငယ်ကြီးမားသည့် ကျောက်တုံးတစ်တုံးရှာကာ ဂူဝင်ပေါက်ကိုပိတ်ဆို့ထားလိုက်သည်။
“ဒီနေရာက အရမ်းလျှို့ဝှက်ပြီး လုံးဝလုံခြုံတယ်။ ကောင်းပြီ ။ ရှီအာ၊ မင်းဒီနေရာမှာ အိပ်မက်လင်ဇီးကို သန့်စင်နိုင်တယ်”
လုံချန် သည် စကားပြောနေရင်းဖြင့် အိပ်မက်လင်ဇီး ကို ထုတ်ယူလိုက်သည်။ ဂူအတွင်းပိုင်း၌ ထူးခြားသောရနံ့တစ်ခု လွှမ်းခြုံသွားလေသည်။ လုံချန် သည် ရနံ့ကိုရှူရှိုက်လိုက်ရာ သက်တောင့်သက်သာ ခံစားရသည်။
“ဒါက စိတ်ဝိညာဉ် အားဖြည့်ဆေးတစ်ခုပဲ။ အကျိုးသက်ရောက်မှုက စိတ်ဝိညာဉ်ကို လုံးဝတည်ငြိမ်စေတယ်။ အဲဒါကို သန့်စင်လိုက်ရင် နားလည်နိုင်စွမ်း အဆင့် တစ်ခုအထိ တိုးမြှင့်စေလိမ့်မယ်။ ဒါဟာ အိပ်မက်လင်ဇီး ရဲ့းအကြီးမားဆုံး အကျိုးသက်ရောက်မှုပဲလေ”
လင်းရှီ၏ အသံသည် တိုးညှင်းစွာ ထွက်ပေါ်လာသည်။
လုံချန် သည် ပိုင်ရှီးဒုန်၏ သိုလှောင်လက်စွပ် ကို ဖွင့်ကြည့်လိုက်ရာ အားရကျေနပ်သွားသည် “ဟီးဟီး... ၊ ဒီအမှိုက်ကောင်က ဝိညာဉ်ကျောက်စိမ်း ၈၀ လောက်ယူလာတာပဲ။ ငါ ကံကောင်းတယ်။ ပိုက်ဆံမကုန်ရုံတင်မကဘူး၊ ဒီနေ့ တော်တော်လေး အမြတ်ရလိုက်တယ်”
ထို့နောက် လင်ရှီးဓားကို မြေပြင်ပေါ်တွင် ချထာလိုက်သည်။ သိပ်မကြာလိုက်၊ ဓားမှ အဖြူရောင် အခိုးအငွေ့တစ်ခု ထွက်လာပြီး အိပ်မက်လင်ဇီးကို ရစ်ပတ်သွားသည်။ စူးရှသောအသံနှင့်အတူ အိပ်မက်လင်ဇီး၏ ရနံ့များပင် ပျောက်ကွယ်သွားသည်အထိ တဖြည်းဖြည်း ကျုံ့သွားသည်။
နောက်ဆုံး အခိုးအငွေ့များ ပျောက်ကွယ်သွားသည့်အချိန်တွင်တော့ လင်းရှီ၏ အသံကို ကြားလိုက်ရသည်။ အရင်ကနဲ့ ယှဉ်ရင် အသံက ပိုပြီးကြည်လင်ပြတ်သားသည်။
“ကောင်စုတ်၊ နင့်အတွက် အံ့သြစရာတစ်ခုရှိတယ်။ နင်လိုချင်လား”
လုံချန် သည် ရယ်မောပြီး ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ့ကို မှန်းဆခိုင်းမနေနဲ့။ မြန်မြန်လုပ်၊ မင်းပြောတဲ့ အံ့သြစရာတစ်ခုခု မြင်ရဖို့ငါစောင့်နေတယ်”
လင်းရှီ ထံမှ တုံ့ပြန်သံထွက်မလာပေ။ ဤအချိန်တွင် လင်းရှီဓား သည် အပ်ချောင်းအရွယ်အစားထိကျုံ့သွားပြီး လုံချန်၏နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
“ကောင်မလေး၊ ဒါက မင်းပြောတဲ့ အံ့သြစရာလား”
“စိတ်မပူပါနဲ့…”
ရုတ်တရက်ဆိုသလိုပင် လုံချန်၏နံဘေးတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ လုံချန် သည် သူ့ပါးပြင်ပေါ်ထိခတ်လာသည့် နူးညံ့သော အသက်ရှုသံကြောင့် လန့်သွားသည်။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ ချက်ချင်းပင် ထိတ်လန့်သွားမိလေသည်။
သူ့ခေါင်းကို လှည့်လိုက်သည့်အခါ အလွန်လှပသောအမျိုးသမီးငယ်တစ်ဦးက သူနှင့် မျက်နှာချင်းကပ်သွားလို့ပါ။
မွှေးရနံ့တစ်ခုက သူ့နှာခေါင်းကို လွှမ်းမိုးသွားသော်လည်း သူထင်ထားသလို စွဲမက်ဖွယ်မရှိပေ။ အကြောင်းကတော့ အလွန်လှပသည့်တိုင်အောင် အရပ် ၂ စင်တီမီတာလောက်သာရှိသည့် လူသေးသေးလေးဖြစ်နေလို့ပါ။
သူမသည် မြူခိုးများဖုံးလွှမ်းနေသော်လည်း အရပ်နှစ်စင်တီမီတာသာခဲ့ရှိသည်။ သို့သော် လုံချန် သည် ကျောက်စိမ်းနတ်သမီးကဲ့သို့ လှပသောမျက်နှာလေးကိုမြင်နေရသည်။
ဤအချိန်တွင် အဖြူရောင်အခိုးအငွေ့များဖုံးလွှမ်းနေသော လင်းရှီ သည် ဇာမဏီငှက် တစ်ကောင်ကဲ့သို့ လှည့်ပတ်ပျံသန်းသွားခဲ့သည်။ သူမ က အနည်းငယ် မကျေမနပ်ဖြစ်ကာ “ကောင်စုတ်၊ နင် ငါ့ကို အသားယူနေတာပဲ”
လုံချန် သည် နတ်သူငယ် နှင့်တူနေသော လင်းရှီကိုကြည့်ပြီး စကားမပြောနိုင်တော့ပေ။
လုံချန် တိတ်ဆိတ်နေသဖြင့် လင်းရှီ၏ပါးသေးသေးလေးနှစ်ဖက်ဟာ တဖြည်းဖြည်း ဖောင်းလာပါတယ်။ ထို့နောက် ဒေါသတကြီးဖြင့် မေးတော့သည် “ဟေး ၊ နင်ဘာလို့ စကားမပြောတာလဲ။ ငါဒီလို ထွက်လာတာ အဆင်ပြေရဲ့လား”
လင်းရှီ၏ချစ်စရာကောင်းသောအသွင်အပြင်သည် လုံချန် အား တစ်ကိုယ်လုံးရှိအရိုးများပင် ပျော့ပျောင်းသွားစေသည်။ ယခင်က အလှတရားများစွာကို မြင်ဖူးသည့်တိုင် လင်းရှီ ကဲ့သို့ ပက်ပက်စက်စက် လှပလွန်းသူကိုတော့ တစ်ခါမှ မတွေ့ဖူးခဲ့ပေ...။
သို့သော် သူသည် အလျင်အမြန်ပဲ သတိဝင်လာပြီး ကမန်းကတန်းပြောလိုက်တော့သည် “ရှီအာ ၊ မင်းက ရှင်းရှင်းပြောရရင် ငါမြင်ဖူးသမျှ အလှဆုံး မိန်းကလေးပဲ။ မင်း ရဲ့ရုပ်ရည်အဆင့်အတန်းက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ နတ်ဘုရားမတစ်ပါးလိုပဲ”
လုံချန်၏ ချီးကျူးစကားကို ကြားပြီးနောင် လင်းရှီ သည် မျက်နှာတစ်ခုလုံး နီရဲလာတော့သည်။
“ဒါအမှန်ပဲ၊ ဟုတ်တယ် ။ မင်း ဒီပုံစံကို ထာဝရ ထိန်းသိမ်းထားနိုင်မလား” လုံချန် က သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။
လင်းရှီ သည် ခေါင်းညိတ်ပြီးး ပြန်ပြောသည် “ဒါက မကြာသေးခင်တုန်းကမှ ငါစဉ်းစားမိတဲ့ နည်းလမ်းတစ်ခုပဲ။ အရင်တုန်းကလို ခန္ဓာကိုယ်ကို အကြီးကြီးလုပ်လိုက်ရင် ငါ့ရဲ့ စွမ်းအားတွေ အရမ်းကုန်သွားလိမ့်မယ်။ ပြီးတော့ စကားပြောတဲ့အခါတိုင်း နင်ငါ့ကိုမကြည့်ဘူးလေ။ ဒါကြောင့် ဒီနည်းလမ်းကို ငါစဉ်းစားမိသွားတာပဲ”
အမျိုးသမီး များသည် လျစ်လျူရှုခံရခြင်းကို အမှန်တကယ်ကြောက်ကြသည်။ထို့ကြောင့် လင်းရှီ သည် ဤကဲ့သို့ တွေးလိုက်သည်မှာ ပုံမှန်ဖြစ်သည်။
ခဏအကြာတွင်တော့ လင်းရှီ၏မျက်နှာလေးသည် အနည်းငယ် အုံ့မှိုင်းသွားခဲ့သည်။ သူမက “ဒီအိပ်မက်လင်ဇီး က ငါဒီလိုမျိုး တစ်လနှစ်လလောက်နေဖို့ ပဲလုံလောက်တယ်...”
သူမ အနည်းငယ်စိတ်ပျက်သွားသည်ကိုမြင်လိုက်သည့်အခါ လုံချန်၏နှလုံးသား လည်း အနည်းငယ်နာကျင်လာပြီး “အမိုက်မလေး၊ မင်းဘာတွေစိုးရိမ်နေတာလဲ။ ဒီနေ့တော့ မင်းကို အိပ်မက်လင်ဇီး ပဲပေးနိုင်တယ်။ အနာဂတ်ကျ ငါ ပိုပြီးသန်မာလာတဲ့အခါကျရင် ရှိသမျှ စိတ်ဝိညာဉ်အားဖြည့်ဆေးတွေ အကုန်ယူလာပေးမယ်”
“ဘာလဲ၊ ဒီလို အားဖြည့်ဆေးက လမ်းဘေးမှာရောင်းတဲ့ ဂေါ်ဖီထုပ်တွေလို့ ထင်လား။ ဒါတွေက အဆင့်မြင့်ကျင့်ကြံသူတွေ အတွက် အရမ်းအသုံးဝင်လို့ အဆင့်မြင့်နယ်မြေကြီးတွေမှာပဲရှိတတ်တယ်”
လင်းရှီ သည် စကားမပြောတော့ဘဲ လုံချန်၏
ပခုံးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
လုံချန်၏ မျက်လုံးများသည် ခိုင်မာသော ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည် “ကောင်းပြီ၊ စိတ်မပူပါနဲ့။ မင်းမှာ ရက်အနည်းငယ်ပဲ ကျန်တာမဟုတ်ဘူးလေ။ ကျန်တဲ့တစ်လ ဒါမှမဟုတ် နှစ်လလောက်ကို စကားထဲတောင် ထည့်မပြောနဲ့။ ငါသေချာပေါက် ဖြေရှင်းနိုင်မှာပါ။ သားရဲအမဲလိုက်ပြိုင်ပွဲ ပြီးသွားရင်တော့ ဒီလိုမျိုးတွေကို ငါသေချာပေါက် လိုက်ရှာလို့ရတယ်။ ဒါဆို မင်းစိတ်ပူစရာမလိုတော့ဘူး”
လင်းရှီ၏ မျက်လုံးများ အရောင်တောက်ပလာပြီး လုံချန် အား ပျော်ရွှင်စွာ ကြည့်နေလေသည်။ သူမက “တကယ်လား။ ဒါနဲ့ နင် ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းနေတာလဲ”
“ဘာလို့လဲဆိုတော့ ငါတို့က အရင်းနှီးဆုံးသူတွေမို့လို့ပဲ” လုံချန် သည် လေးနက်စွာပြောသည်။
ထို့နောက် နဂါးတံဆိပ် အကြောင်း တွေးတောမိပြီး “ရှီအာ၊ နတ်နဂါးသခင်(နဂါးစစ်သည်တော်) ဆိုတာ မင်းသိလား “ ဟု မေးလိုက်သည်။
လင်းရှီ က ရပ်လိုက်ပြီး သူ့ကိုကြည့်ရင်း မျက်လုံးကြီး မှိတ်ထားလိုက်သည်။ ခဏကြာမှ “ ဟေး...... ဒီဒဏ္ဍာရီကို နင်ဘယ်လိုသိလဲ” ဟူ၍ပြန်မေးခဲ့သည်။
လုံချန် သည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
နေရာကြီးတစ်ခုမှ လာသူအား မျှော်လင့်ထားသည့်အတိုင်း လင်းရှီ သည် ကျော်ကြားခြင်းမြို့ ထက် အဆင့်မြင့်သော နယ်မြေများအကြောင်းပင် သိရှိထားလေသည်။
“ငါဘယ်လိုသိတာလဲ စိတ်မပူပါနဲ့၊ မင်းသိတာလေးကိုပဲပြောပြပါလား”
“နတ်နဂါးသခင်တွေ အကြောင်းသိချင်တယ်ဆိုရင် သိုင်းစစ်သည်တွေ နဲ့ သားရဲကျင့်ကြံသူတွေ အကြောင်း သိလားလို့ အရင်ဆုံးမေးပါရစေ။ နတ်နဂါးသခင်တွေက သားရဲကျင့်ကြံသူတွေ နဲ့ခပ်ဆင်ဆင်တူပေမယ်လို့ တကယ်တမ်းကျမတူညီကြဘူး”
“သားရဲကျင့်ကြံသူတွေ အကြောင်း ငါသိတယ်” လုံချန် က သူဖတ်ဖူးသော စာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာကို ပြန်ပြောပြသည် “ဒဏ္ဍာရီအရ စစ်သည်တော်တစ်ယောက်ဟာ အထွတ်အထိပ် နဂါးသွေးကြောနယ်ပယ် ကို ရောက်ပြီးတဲ့နောက်မှာ လျှို့ဝှက်နည်းလမ်းတစ်ခု သုံးပြီးတော့ နတ်ဆိုးသားရဲရဲ့ ဝိညာဉ်ကို ဝါးမျိုခဲ့တယ်။ အဲဒါက သားရဲကျင့်ကြံသူဖြစ်လာဖို့ အရင်းအမြစ်ဖြစ်တဲ့ သားရဲဝိညာဉ်ပေါ့။ တစ်ခုရှိတာက သာမန်ချီ နဲ့နှိုင်းယှဉ်ရင် သားရဲဝိညာဉ်ချီက ပိုပြီးရက်စက်ကြမ်းကြုတ်သလို ပိုပြီးအစွမ်းထက်တယ်”“
“ပြီးတော့ သားရဲကျင့်ကြံသူတွေက နတ်ဆိုးသားရဲအမြုတေကို ဝါးမျိုလို့ရတယ်။ ပြီးတော့ သူတို့ရဲ့ သားရဲအသွင်ပြောင်းတာက ပိုပြီးမြန်ဆန်လာမယ်။
နတ်ဆိုးသားရဲရဲ့ ခွန်အားက သားရဲကျင့်ကြံသူရဲ့အရည်အချင်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့ သားရဲကျင့်ကြံသူ ဖြစ်လာတဲ့အခါကျရင် လေ့ကျင့်ဖို့ နည်းစနစ်တွေက အကန့်အသတ်ရှိလာတယ်။ ပြီးတော့ လုံလောက်အောင် မသန်မာဘဲနဲ့ အစွမ်းထက် သားရဲဝိညာဉ်ကို ဝါးမျိုဖို့ကြိုးစားရင် တစ်ခါတည်းသေသွားနိုင်သေးတယ်”
လင်းရှီ ကလည်း ခေါင်းညိတ်ပြီး “အင်း၊ ဒါအမှန်ပဲ” ဟု ပြောသည်။
လင်းရှီ သည် လုံချန် ရှေ့တွင် ရပ်လိုက်ပြီး ခေါင်းအောက်ငုံ့ကာ အတိတ်ကအရာများကိုပြန်ပြီးစဉ်းစားနေသည်။
ခဏကြာတော့ သူမက ပြောလိုက်သည် “ငါတို့လူသားတွေဟာ ကမ္ဘာခေတ်ဦးနတ်နဂါးတွေကနေ ဆင်းသက်လာတာကို နင်လည်းသိမယ်ထင်တယ်၊ ဒီနေ့ခေတ်မှာ
နဂါးအင်ပါယာ ဆိုတာက ဒဏ္ဍာရီတစ်ခုအနေနဲ့ပဲရှိတော့တယ်။ ငါ့အဖေက ဒီကမ္ဘာမှာ နတ်နဂါးတွေမရှိတော့ဘူးလို့ ပြောခဲ့တယ်။ ဒဏ္ဍာရီလာ နတ်နဂါးသခင်တွေပဲ၊ ပြီးတော့ မူလနတ်နဂါးမျိုးနွယ်နဲ့ သွေးမျိုးဆက်ချင်း နီးစပ်တဲ့ လူတစ်စုပေါ့။ သူတို့ရဲ့ ကျင့်ကြံတဲ့နည်းလမ်းက သားရဲကျင့်ကြံသူတွေ နဲ့ ဆင်တူတယ်။ ဒါပေမဲ့ သူတို့လိုအပ်တာက သားရဲဝိညာဉ်တွေ မဟုတ်ဘူး၊ မူလနတ်နဂါးမျိုးနွယ်ရဲ့ စစ်မှန်တဲ့ သွေးအဆီအနှစ်ပဲ”
“စစ်မှန်တဲ့ သွေးအဆီအနှစ် “ ဟူသော စကားလုံးများ ထွက်ပေါ်လာသောအခါ လုံချန် သည် သူ၏ လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီး အနည်းငယ်တုန်လှုပ်သွားတာကို ခံစားမိလိုက်သည်။ လုံချန် ကိုယ်တိုင်လည်း အလွန်တုန်လှုပ်သွားပြီး ပြောလိုက်၏ “တစ်နည်းပြောရင်တော့ စစ်မှန်တဲ့ မူလနဂါးသွေးဆက်ကို အမွေဆက်ခံနိုင်ရင် နတ်နဂါးသခင် ဖြစ်လာနိုင်တယ်ပေါ့”
လင်းရှီ က မျက်လုံးပြူးကြည့်ပြီး ပြန်ပြောခဲ့သည် “ငါဘယ်လိုသိမှာလဲ။ ဒါပေမဲ့ အဆင့်တူတွေကြားမှာ သိုင်းစစ်သည်တော်တွေက သားရဲကျင့်ကြံသူတွေထက်ပိုပြီးသန်မာတယ်။ သားရဲကျင့်ကြံသူတွေကလည်း သာမန်ကျင့်ကြံသူ တွေထက်ပိုပြီးသန်မာတယ်။ ဒါပေမယ်လို့ နတ်နဂါးသခင်တွေက သူတို့အားလုံးထက်ကို ပိုပြီးအားကောင်းသလို အစွမ်းထက်ကြတယ်လို့ ဒဏ္ဍာရီတွေကပြောတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကမ္ဘာခေတ်ဦး မူလနတ်နဂါးမျိုးနွယ်စုရဲ့သွေးမျိုးဆက်ကိုနိုးထစေခဲ့လို့ပဲ။ ဒဏ္ဍာရီအရ သူတို့တွေဟာ ကောင်းကင်ဘုံနဲ့မြေကြီးကို ဖျက်ဆီးနိုင်တဲ့ ကမ္ဘာခေတ်ဦးနတ်နဂါးရဲ့ မွေးရာပါစွမ်းအားကို အသုံးပြုနိုင်ကြတယ်။ ဒီနေ့ခေတ်မှာတော့ နတ်နဂါးသခင် ဆိုတာ ဒဏ္ဍာရီအနေနဲ့ပဲရှိတော့တယ်။ ဒီတော့ သူတို့ တကယ်အစွမ်းထက်တာပဲဖြစ်ဖြစ် ကြောက်စရာကောင်းမကောင်း ငါလည်းမသိဘူး”
လင်းရှီ၏ပြောစကားအရ နတ်နဂါးသခင်များသည် ဒဏ္ဍာရီလာကျင့်ကြံသူများဖြစ်ခဲ့ကြသည်။ သို့ရာတွင် လုံချင်းလန် သည် လုံချန် အား နတ်နဂါးသခင် အဖြစ် ကြိုပြီးဟောကိန်းထုတ်ခဲ့သည်။ သူတို့နှစ်ယောက်ကြား ပြောကြားချက်အရ တစ်ခုခုကွာဟနေမှန်းသိသာပါသည်။
“အဖေ၊ မင်းက ဘယ်သူလဲ။ လင်းရှီ သိထားတဲ့အကြောင်းအရာတွေက သူ့နောက်ခံကြောင့်ပဲ။ သူ့နောက်ခံက အရမ်းထူးခြားတယ်။ ဒါပေမဲ့ ငါ့အဖေက ပိုသိနေတယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကျောက်စိမ်းဆွဲသီးက ယန် မိသားစုရဲ့ နတ်နဂါးတံဆိပ် နဲ့ဘယ်လိုဆက်စပ်နေတာလဲ”
ဤအတောအတွင်း လင်းရှိ သည် လုံချန် အား စိုက်ကြည့်နေသည်။ သူမ ဘာတွေးနေမှန်းတော့မသိနိုင်ပေ။
လုံချန် အတွက်တော့ လုံချင်းလန် သည် အလွန်တရာမှပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။ ရုတ်တရက်ဆိုသလိုပဲ နဂါးတံဆိပ် အကြောင်းကို တွေးမိပြီး လင်းရှီကိုစိုက်ကြည့်ကာ မေးလိုက်သည် “ရှီအာ၊ မင်း နဂါးတံဆိပ်ကို ဘာလို့စစ်ဆေးမကြည့်တာလဲ။ ချိတ်ပိတ်စည်းကို မင်းချေဖျက်နိုင်မလား ကြည့်ရအောင်”
လင်းရှီ သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာပြီး ပြန်ပြောခဲ့သည် “ကောင်စုတ်၊ နင်မသိသေးပါဘူး။ ငါက ခက်ခက်ခဲခဲ ကျင့်ကြံတာမဟုတ်ဘူးလေ။ အထူးသဖြင့်တော့ ချိတ်ပိတ်စည်းတွေ၊ အစီအရင်တွေ ပိုရှုပ်ထွေးလေ ငါ့အတွက် ပိုပြီးစိတ်ပြင်းပြလာလေပဲ။ ငါက ချိတ်ပိတ်စည်းတွေချေဖျက်တဲ့နေရာမှာ ဆရာတစ်ဆူလေ။ ဒီနေ့ ငါ ရာနှုန်းပြည့် အောင်မြင်ဖို့ အာမခံတယ်”
လုံချန် က ရယ်မောလျက် “မကြွားပါနဲ့။ ကောင်းပြီ။ချိတ်ပိတ်စည်းကို မြန်မြန်ချိုးလိုက်။ မင်းလုပ်နိုင်ရင် ငါမင်းကို ဆုချမှာပါ”
လင်းရှီ၏မျက်နှာသည် နီရဲလာပြီး မကျေမနပ် အော်ဟစ်လိုက်သည်။ ထို့နောက် သေးသွယ်သော ခန္ဓာကိုယ်လေးဟာ နတ်နဂါးတံဆိပ် ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ခဏအကြာတွင် သူမ၏ အလွန်သေးငယ်သော မျက်ခုံးမွှေးများ တွန့်သွားသည်။
Translated By NyiNyiSoe
..နဂါးနတ်ဘုရား (သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
အပိုင်း 24 - ဒဏ္ဍာရီလာ သရဲအရိပ်သွေးဝိညာဉ်နဂါး
အချိန်အတော်ကြာပြီးနောက် လင်းရှီသည် ရုတ်တရက် မောပန်းသွားပုံရသည်။ နတ်နဂါးတံဆိပ် ပေါ်၌ တိုက်ရိုက်ထိုင်ချကာ စိုက် ကြည့်နေသည်။ ချိတ်ပိတ်စည်းကို ဘယ်လိုဖြေရှင်းရမလဲတွေးနေပုံပါ။
“ရှီအာ၊ ဘယ်လိုလဲ”
လုံချန် သည် မျှော်လင့်တကြီး မေးလိုက်သည်။
လင်းရှီ သည် ချိတ်ပိတ်စည်းကို ဖြေရှင်းဖို့ ကြိုးစားနေသည်မှာ အချိန် ၁ နာရီခန့်ပင်ရှိနေပြီဖြစ်သည်။ လုံချန် ကိုယ်တိုင်လည်း အတော်လေးကို စိုးရိမ်နေမိသည်။ နောက်ဆုံးတွင် နဂါးတံဆိပ်၏လျှို့ဝှက်ချက်သည် လုံချင်းလန် ပေးအပ်ထားခဲ့သော နဂါးကျောက်စိမ်းဆွဲသီးနှင့် ဆက်စပ်နေသည်မဟုတ်ပါလား။ ၎င်းသည် နတ်နဂါးသခင် ဖြစ်လာနိုင်သည့် အဓိကသော့ချက်လည်းဖြစ်ခဲ့သည်။
“လူယုတ်မာကောင်၊ နင်ငါ့ကိုနှောက်ယှက်လိုက်တာ”
လင်းရှီ သည် လုံချန်အား စူးစူးရဲရဲ စိုက်ကြည့်နေသော်လည်း အမှန်တကယ် စိတ်ဆိုးဒေါသထွက်နေခြင်းမရှိ။
“ကောင်းပြီ။ မင်း ခဏလောက် အနားယူလိုက်ပါလား။ မင်းပင်ပန်းနေတာမြင်ရင် ဒီအစ်ကိုကြီးရဲ့ နှလုံးသားကို နာကျင်စေတယ်။ စကားမစပ်၊ ချိတ်ပိတ်စည်းဆိုတာ ဘာလဲပြောပြနိုင်မလား။ မင်း ငါ့ကိုတစ်ခါမှမပြောပြရသေးဘူး”
လင်းရှီ က “ချိတ်ပိတ်စည်း ဆိုတာက ခိုင်ခံ့ပြီးအားကောင်းတဲ့ အစီအရင်တစ်ခုကိုတည်ဆောက်ဖို့အတွက် မူလချီကိုအသုံးပြုတဲ့နည်းလမ်းတစ်ခုပဲ။ စစ်တိုက်နည်းကိုသိတဲ့ စစ်သည်တွေလိုလဲ၊ လက်ရှိနင်က စေ့စပ်သေချာတဲ့အလုပ်ကို နားမလည်နိုင်သေးဘူး။ ချိတ်ပိတ်စည်းတစ်ခု ဖန်တီးတာကလွယ်ကူတဲ့ ပန်းထိုး၊ ချည်ထိုးတာလိုမျိုးမဟုတ်ဘူး။ ဖန်တီးထားတဲ့ ချိတ်ပိတ်စည်းကို ပြန်ဖျက်ဖို့ကလည်း ထင်သလောက်မလွယ်ပြန်ဘူး။ အစီအရင်ရဲ့ အဓိကဗဟိုချက်ကို ရှာဖို့က တော်တော်ခက်တယ်။ မှားသွားတာနဲ့ အစကနေပြန်စရလိမ့်မယ်”
ထိုမှသာ လုံချန် သည် သဘောတရားကို နားလည်သွားခဲ့သည်။ သို့သော် လင်းရှီ သည် အစီအရင်များအကြောင်း နက်နက်ရှိုင်းရှိုင်းနားလည်ထားပုံရ၏။ လုံချန် စိတ်ထဲမှာ လင်းရှီ အပေါ် အတော်လေး လေးစားမိသည်။
လုံချန် တိတ်ဆိတ်နေသဖြင့် လင်းရှီ သည် သူ့အတွေးကိုသိနေသည့်အလား ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ငါ့ကို အထင်မသေးပါနဲ့။ ငါလင်းရှီက ကျင့်ကြံတာမတော်ပေမယ်လို့ အရစီအရင်နဲ့ပတ်သက်လာရင်ဆရာတစ်ဆူပဲ။ ဒီနယ်ပယ်မှာ ငါ့အောင်မြင်မှုနဲ့ အဆင့်အတန်းအရ ငါ့အဖေနဲ့ တခြားလူတွေထက်တောင် မြင့်သေးတယ်”
လုံချန် သည် သူ့နှလုံးသားထဲ၌ လင်းရှီကို ယုံကြည်ထားခဲ့သော်လည်း လျစ်လျူရှုဟန်ဆောင်လိုက်သည်။ “ဟုတ်လား။ ဒါဆို ချိတ်ပိတ်စည်းက ဘာလို့ မပြယ်သေးတာလဲ”
လင်းရှီ သည် ချက်ချင်းပင် စိုးရိမ်လာပြီး “ငါနင့်ကိုလှည့်စားနေတယ်ထင်လို့လား။ ဒါ့အပြင် ဒီချိတ်ပိတ်စည်းက တော်တော်ကိုရှေးကျတယ်၊ ငါတောင် အရင်က တစ်ခါမှ မကြားခဲ့ဖူးဘူး။ အဲ့ဒါကြောင့် ငါအချိန်နည်းနည်းစောင့်ရမယ်၊ ငါအာမခံနိုင်တယ်”
ထိုစကားပြောပြီးနောက် နတ်နဂါးတံဆိပ်၏ ချိတ်ပိတ်စည်းကိုဖြေရန် ပြန်ပြီးအာရုံစိုက်လိုက်သည်။
နာရီဝက်ခန့်အကြာတွင် လုံချန် သည် နဂါးတံဆိပ်ပေါ်၌
လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုလင်းလက်သွားသည်ကို သတိပြုမိခဲ့သည်။
ဤအချိန်တွင် လင်းရှီ သည် တော်တော်လေးအလုပ်များနေ၏။ လုံချန် အံ့သြသွားသည်မှာ နဂါးတံဆိပ်ကနေ အလွန်ရှေးကျပြီး မြင့်မြတ်သောအလင်းတန်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ အလင်းတန်းမှ သွေးနံ့ပင် ပျံ့လွင့်နေပေသည်။
ဤရောထွေးနေသော အရှိန်အဝါသည် တဖြည်းဖြည်းနှင့်ပို၍အားကောင်းလာပုံရ၏။ ထို့အတူ လုံချန် သည်
သူ၏ နှလုံးခုန်သံ မြန်လာသည်ကို ခံစားလိုက်ရသည်။ ထို ရှေးကျသောအရှိန်အဝါသည် သူ့အား အလိုလိုဒူးထောက်စေချင်သောခံစားချက်မျိုး ခံစားနေရသည်။သွေးနံ့ကြောင့် လုံချန်၏မျက်လုံးအစုံ နီရဲလာတော့သည်။
ဤနေရာတွင် ရန်သူတစ်ယောက်မျှမရှိပေ။ သို့သော်လည်း လုံချန်၏ခန္ဓာကိုယ်ပေါ်ရှိ လူသတ်အငွေ့အသက်များ တဖြည်းဖြည်း သိပ်သည်းလာသည်။
လုံချန် သည် အကြီးအကျယ်တုန်လှုပ်သွားသည်။ ၎င်းသည် အားနည်းသည့်အရှိန်အဝါသာဖြစ်သည့်တိုင်
နဂါးတံဆိပ်၏ လျှို့ဝှက်ချက်က သူ့စိတ်ကို သိချင်စိတ်ပြင်းပြလာစေသည်။
ဤအချိန်မှာပဲ “လုံချန်၊ နင်သတိထားပါ။ ချိတ်ပိတ်စည်း အကုန်ပြယ်တော့မယ်...”ဟူသော အသံထွက်ပေါ်လာသည်။
လင်းရှီ၏ အသံကို ကြားသောအခါ လုံချန် သည် အနည်းငယ်သတိဝင်လာလေသည်။ သို့သော်လည်း အလင်းစက်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် ပိုမိုသိပ်သည်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး သွေးနံ့များဖုံလွှမ်းထားခဲ့သည်။
လုံချန်၏ မျက်လုံးများသည်လည်း တဖြည်းဖြည်း နီရဲလာပါသည်။ သူ့အမြင်အာရုံထဲတွင် ပုံရိပ်ယောင်များစွာ ပေါ်လာသည်။ လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း သွေးကြောများပင် ဖောင်းကြွလာတော့သည်။ ဘာဖြစ်မှန်းမသိ သူ့တစ်ကိုယ်လုံး ဖြည်းညှင်းစွာ တုန်ခါလာသည်။ ဒီအချိန်မှာ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အတတ်နိုင်ဆုံး လုပ်နေတာပါ။
ဤအတောအတွင်း လင်းရှီ သည် အရေးကြီးသောအဆင့်သို့ ရောက်ရှိနေပုံရသည်။ နောက်ဆုံးအဆင့်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေသောကြောင့် လုံချန် ၏ ပုံမှန်မဟုတ်သော အခြေအနေကို မမြင်နိုင်ပေ။
“နဂါးတံဆိပ်ရဲ့လျှို့ဝှက်ချက်အတိအကျကဘာလဲ၊ ငါ့ခန္ဓာကိုယ်ကို အခုချက်ချင်းမထိန်းနိုင်တော့ဘူးလို့ ခံစားရတယ်။...ဒါပေမဲ့ ငါ့အဖေက ငါ့ကိုဒုက္ခမပေးဘူးဆိုတာ သေချာတယ်။ လုံချန်၊ မင်းဒါကို တောင့်ခံနိုင်ရမယ်။ မဟုတ်ရင် မင်းရဲ့အသိစိတ်တွေ လုံးလုံးပျောက်သွားလိမ့်မယ်…”
သူ့အဖေအကြောင်းကိုတွေးရင်း လုံချန် သည် သူ့မှာ အားကိုးစရာတစ်ခုရှိနေသလို ခံစားရသည်။ အလင်းစက်မှ ထွက်ပေါ်လာသည့် ရှေးကျသောအရှိန်အဝါသည် ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်နေခဲ့သည်။ သို့သော် လုံချန် သည် နှုတ်ခမ်းပေါက်ပြဲသွားသည်အထိ တင်းတင်းဖိကိုက်လိုက်သည်။ ထိုမှသာ နာကျင်မှုကြောင့် သူ့အသိစိတ်က အနည်းငယ် နိုးထလာခဲ့သည်။
“အဆင်သင့်ဖြစ်ပြီ၊ သတိထားပါ။ ချိတ်ပိတ်စည်းကို အကုန်ဖွင့်လိုက်တော့မယ်။ ငါလည်း ဘာဖြစ်မယ် မသိဘူး...”
လင်းရှီး၏ အသံသည် တိုးညှင်းစွာ ပျံ့လွင့်လာသည်။ ဤအချိန်တွင် ဂူအတွင်းပိုင်းရှိ ရှေးကျပြီးသွေးနံ့များထုတ်လွှတ်နေသောအရှိန်အဝါသည် လေထုကို အနီရောင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
လင်းရှီ သည် မောပန်းနေပုံရပြီး လင်းရှီနတ်ဓားဆီသို့ ချက်ချင်းပြန်သွားခဲ့သည်။ လုံချန် နှင့် တဖြည်းဖြည်းအသွင်ပြောင်းလဲနေသော နဂါးတံဆိပ်ကို ချန်ထားခဲ့သည်။
ဤအတောအတွင်း လုံချန်၏ မြင်ကွင်းထဲ၌ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သွေးပင်လယ်ကြီး ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် ရှေးကျပြီးသွေးနံ့အပြည့်အရှိန်အဝါသည် ကြောက်စရာကောင်းစွာ မြင့်တက်လာနေပြီဖြစ်သည်။ ဤအရှိန်အဝါအောက်တွင် လုံချန်၏မျက်နှာသည် လူသေကဲ့သို့ ဖြူဖျော့လျက် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။
ဤထူးခြားဆန်းကြယ်သော အငွေ့အသက်သည် လှိုဏ်ဂူထဲတွင်သာ ပေါ်လာခဲ့သည်။ ပျင်သုဉ်းခြင်းတောင်တန်းတစ်ခုလုံး၌ ဆိတ်ငြိမ်ပြီး အေးချမ်းနေဆဲဖြစ်သည်။
“လုံ… လုံချန်၊ ဒါက ဘာကောင်ကြီးလဲ။ ငါ.... ငါ အရမ်းကြောက်နေတယ်။ အချိန်မရွေး အစားခံရတော့မယ်ဘို့ခံစားချက်ကြီးရနေတယ်…”
လုံချန်၏နားထဲ၌ လင်ရှီး၏ တုန်လှုပ်သောအသံ ထွက်ပေါ်လာသည်။
ဤအချိန်တွင် လုံချန်၏နှလုံးသားသည်လည်း အလွန်တုန်လှုပ်နေပါသည်။ မည်သို့ပင်ဖြစ်စေ သူ့အဖေက သူ့အား အန္တရာယ်ပြုမှာမဟုတ်မှန်း သေချာပေါက်ယုံကြည်နေသည်။
“မကြောက်နဲ့...”
သူ့အဖေအကြောင်းကို တွေးမိလိုက်သည့်အခါ လုံချန်၏စိတ်ဓာတ်က တဟုန်ထိုးမြင့်တက်သွားပြန်သည်။
“လာခဲ့စမ်း။ မင်းဘာဖြစ်နေတာလဲ ငါဂရုမစိုက်ဘူး”
လုံချန်၏ စကားကိုကြားလိုက်သည့်အလား နဂါးတံဆိပ်ကနေ မှုန်ဝါးနေသောပုံရိပ်တစ်ခု ပေါ်လာသည်။
လုံချန် သည် ပုံရိပ်အားကြည့်လိုက်ကာ ကမ္ဘာခေတ်ဦးဒဏ္ဍာရီများထဲမှ နတ်နဂါးတစ်ကောင်မှန်း ယောင်ဝါးဝါးမျှသာ မြင်လိုက်သည် ။
“နဂါးမျိုးနွယ်အကြောင်းပြောရရင် သာမန်နဂါးနဲ့ နတ်နဂါးဆိုပြီးကွဲပြားသေးတယ်။ နွားဦးခေါင်း၊ သမင်ဦးချိုနဲ့ ပုစွန်လုံးတစ်ပေါင်လို မျက်လုံး။ ဆင်တစ်ကောင်လို နားရွက်တစ်စုံ၊ မြွေတစ်ကောင်လို လည်ပင်းနဲ့ မြွေလို ဝမ်းဗိုက်ရှိတယ်။ ငါးတစ်ကောင်လိုမျိုး အကြေးခွံတွေရယ် ဖီးနစ်ခြေသည်းတွေလို ဆင်တူတဲ့ လက်သည်း ၉ ချောင်းရှိတယ် လို့ပြောကြတယ်။ ပြီးတော့ ကျားတစ်ကောင်နဲ့တူတယ်။ နောက်ကျောမှာ အကြေးခွံ ရှစ်ဆယ့်တစ်ချပ် ရှိတယ်။ ပါးစပ်ဘေးမှာ ရှည်လျားတဲ့မုတ်ဆိတ်တွေနဲ့ မေးစေ့အောက်မှာ မွေးရာပါပုလဲလုံးလည်းရှိသေးတယ်။ အဓိကအချက်က လည်ချောင်းအောက်မှာ ပြောင်းပြန်အကြေးခွံတစ်ခုရှိတယ်။ ခေါင်းပေါ်မှာ သားရဲတို့ရဲ့အရှင်သခင် လို့ခေါ်တဲ့ အမောက်ပါရှိတယ်။ ဒါဟာ နတ်နဂါးတစ်ကောင်ရဲ့ လက္ခဏာတွေပဲ”
အမှန်ပင်၊ လုံချန် မြင်လိုက်သည့်ပုံရိပ်ဟာ နတ်နဂါးတစ်ကောင်ဖြစ်ခဲ့သည်။
သို့သော် ၎င်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ နဂါးတံဆိပ်မှ သွေးအရှိန်အဝါနှင့် ပေါင်းစပ်သွားပြီး နောက်ဆုံးတွင် လုံချန်၏မျက်လုံးရှေ့မှာပဲ သွေးစက်တစ်စက်အဖြစ် စုစည်းသွားသည်။
ဤသွေးတစ်စက်တွင် လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည့် အရှိန်အဝါတစ်ခုပါရှိသည်။ ယခင်က သူခံစားခဲ့ရသည့်
အခြေအနေထက်ပင် အဆပေါင်း ထောင်ချီပြင်းထန်လာပုံရသည်။ လုံချန် သည် ခေါင်းတစ်ခုလုံးပေါက်ကွဲတော့မည်ကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဤမြင်ကွင်းကြောင့် လင်းရှီ သည် ပို၍ထိတ်လန့်သွားပြီး အော်ဟစ်လိုက်သည် ။
လုံချန် ကတော့ ဤသွေးစက်အတွင်း၌ ဆန်းကြယ်သော ကမ္ဘာတစ်ခုအား မြင်နေရသည်။ ဤကမ္ဘာကြီးတစ်ခုလုံး အဆုံးမဲ့သွေးချီများ၊ သွေးနီရောင်ကောင်းကင်နှင့် သွေးပင်လယ်ကြီးသာ ပြည့်နှက်နေခဲ့သည်။
အကယ်၍ သူသည် လူသားမျိုးနွယ်တစ်ခုလုံးကို သတ်လိုက်လျှင်ပင် ဤမျှလောက် သွေးပင်လယ်ကြီး ဖန်တီးနိုင်မည်မဟုတ်မှန်း သိသာပါသည်။
ဤအချိန်တွင် လုံချန် ကိုယ်တိုင် အဆုံးအစမဲ့သွေးပင်လယ်ထဲ၌ ရှိနေပုံရသည်။
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အဆုံးမဲ့ သွေးပင်လယ်ကြီးကိုသာ ကြောက်လန့်တကြား ကြည့်နေမိသည်။ ဤအချိန်တွင် သွေးပင်လယ်သည် ၎င်း၏အောက်၌ ဧရာမသတ္တဝါကြီးတစ်ကောင် ပုန်းအောင်းနေသကဲ့သို့ အဆက်မပြတ် တုန်ခါလာသည်။ ပြင်းထန်လွန်းသည်ဖြစ်ရာ သွေးပင်လယ်ကြီးပင် နှစ်ခြမ်းကွဲသွားမတတ်ထင်ရလေသည်။
လုံချန် သည် အဆုံးမဲ့ကောင်းကင်ယံထက်သို့ ပျံသန်းသွားပြီး သူ့အောက်ရှိ သွေးပင်လယ်ကို ငုံ့ကြည့်ရင်း တုန်လှုပ်သွားသည်။ အဆုံးအစမဲ့သွေးပင်လယ်ထဲ၌ ထင်မှတ်မထားလောက်သည်အထိ ကြီးမားလှသောပုံရိပ်ကြီးတစ်ခုရှိနေခဲ့သည်။ “ဒါက နဂါးတစ်ကောင်များလား”
ဤအချိန်တွင် သွေးပင်လယ်ကြီးတစ်ခုလုံး ဆူပွက်လာသည်။ သွေးပင်လယ်ထဲရှိ ပုံရိပ်ကြီးမှ ဦးခေါင်းပိုင်း ဖြည်းညှင်းစွာ မြှင့်တက်လာပြီး နဂါးဟိန်းသံပါထွက်ပေါ်လာခဲ့သည်။ နဂါးဟိန်းသံသည် ဤလောက၏ အချိန်နှင့် အာကာသနယ်နိမိတ်ကို ရုတ်တရက်ဖြတ်ကျော်သွားပြီး လုံချန်ဟာ နားကွဲမတတ်ခံစားလိုက်ရလေသည်။
ခဏအကြာတွင် လုံချန် သည် မျက်လုံးဖွင့်လိုက်သည်။ သူသည် မူလနေရာတွင်ပင် ရှိနေသေး၏။ သူ တော်တော်လေး အံ့သြသွားသည်။ သူ့ရှေ့ရှိ သွေးစက်ကလည်း လွင့်မျောနေဆဲပင်။
သို့သော် သွေးစက်ထဲ၌ ကြောက်မက်ဖွယ်ရာ နဂါးဟိန်းသံ ထွက်ပေါ်နေသည်။ ၎င်း၏ ဧရာမပုံရိပ်ကြီးက လုံချန်၏နှလုံးသားကို အကြီးအကျယ်တုန်လှုပ်သွားစေသည်။
“အိုး.... အဖေရေ၊ ဒါဘာကောင်ကြီးတုန်း။ နဂါးပြာ(မိုးပြာနဂါး)၊ အနီရောင်နဂါး နဲ့ လက်သည်းငါးခုရွှေနဂါး တွေအကြောင်း ငါကြားဖူးတယ်။ ဒါပေမဲ့ ဒီလိုကြောက်စရာကောင်းတဲ့ သွေးရောင်နဂါးကြီးအကြောင်းတော့ တစ်ခါမှ မကြားဖူးဘူး”
“ခဏနေ....၊ မဟုတ်မှလွဲရော ဒါ... ဒါက ဒဏ္ဍာရီလာ သရဲအရိပ်သွေးနဂါးကြီးလား။ မဟုတ်ဘူး… သေချာတယ် မဟုတ်နိုင်ဘူး”
လင်းရှီ၏အသံက လုံချန်၏နားထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြန်သည်။
လုံချန် ထိတ်လန့်နေတုန်းမှာပဲ သွေးစက်က သူ့မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားတော့သည်။
ချက်ချင်းဆိုသလိုပဲ လုံချန်၏ခန္ဓာကိုယ်အနှံ့ ကြောက်မက်ဖွယ်ကောင်းလှသော အေးစက်စက်အငွေ့အသက်ကို ရုတ်တရက် ပျံ့လွင့်လာတော့သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် လုံချန်ကိုယ်တိုင်ပင် ခံနိုင်ရည်မရှိပေ။ သူ့ခွန်အားက အားနည်းလွန်းလို့ပါ။ အကယ်၍ သွေးစက်က သူ့ကိုသတ်ချင်နေပါက အလောင်းပင်မကျန်ဘဲ သေဆုံးသွားရပေမည်။
သွေးစက် သည် အဆိပ်နှင့်တူပြီး သူ့ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပြန့်နှံ့သွားသည်။ ဤအချိန်တွင် လုံချန် သည် သေဆုံးခြင်း၏အရသာကို ခံစားလိုက်ရသလိုပင်။
ဤသွေးစက်က သူ့အတွက် နတ်ဘုရားသွေးစက်တစ်စက်ကဲ့သို့ပင်။ အလွန်အားကောင်းလှသည်။ သူ့စိတ်ထဲမှာ ချက်ချင်း သေဆုံးသွားတော့မလိုခံစားနေရသည်။
ထိုသွေးစက် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ချိန်တည်းမှာပင် လုံချန် သည် ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။
လုံချင်းလန် သည် သူ့အား နဂါးတံဆိပ်ကို အရယူဖို့ပြောခဲ့ရုံသာ။ နတ်နဂါးသခင်ဖြစ်လာရန် လမ်းကြောင်းကိုတော့ ပြောမသွားခဲ့ပေ။
သို့သော် လုံချန် သည် ဆက်မတွေးတော့ပေ။ လက်ရှိမှာ သူက သေခါနီးလူတစ်ယောက်လိုပင်။
“ဒါက ကမ္ဘာခေတ်ဦး မူလနဂါးရဲ့သွေးအဆီအနှစ်လား…”
“ဒါဆိုရင် ဒဏ္ဍာရီလာ မူလနဂါးမျိုးနွယ်က တကယ်ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုပဲ...”
“မဟုတ်ဘူး၊ ငါမရှိရင် လင်းရှီ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ငါ့အပြစ်ပဲ...”
ထိုအတွေး တွေးမိလိုက်သည်နှင့် လုံချန်၏နှလုံးသားသည် ခိုင်မြဲသော တွယ်တာမှုအာရုံဖြင့် ပြည့်နှက်သွားသည်။ သူသည် အလဟာသသေဖို့ဆန္ဒမရှိပေ။ သူ့မှာ လုပ်စရာအလုပ် အများကြီးရှိနေသည်မဟုတ်ပါလား။
ဤအခိုက်အတန့်တွင် သူ၏ အသိစိတ်ပင်လယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးသည် ရုတ်တရက် တုန်ခါသွားသည်။ မီးခိုးရောင်နဂါးပုံရိပ်က ရုတ်တရက်ဆိုသလို အနက်ရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ပါးလွှသောလေထုမှ စုပ်ယူအားတစ်ခု ထွက်လာသည်။ ထိုအခါ လုံချန်၏ခန္ဓာကိုယ်ထဲကို ဝင်လာသည့် သွေးစက်မှ ကြောက်မက်ဖွယ်ရာ နဂါးဟိန်းသံကြီး ထွက်ပေါ်လာလေသည်။
ဒါက နဂါးဟိန်းသံပဲ...
ဤတစ်ကြိမ်မှာတော့ လုံချန် သည် ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးမှ ပြောင်းလဲမှုများကြောင့် သေခါနီးဆဲဆဲဖြစ်နေသော လုံချန် သည် သတိပြန်လည်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့သွားသော နဂါးသွေးစက်များသည် တစ်နေရာဆီသို့ လျင်မြန်စွာ စုစည်းလာနေသည်ကို ယောင်ဝါးဝါး ခံစားလိုက်ရသည်။ ၎င်းအား စုပ်ယူခံလိုက်ရသလို ခံစားနေရသည်။
နောက်အခိုက်အတန့်တွင် သွေးစက်သည် လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးအောက်ရှိ လုံချန်၏ အသိစိတ်ပင်လယ်ထဲမှာ ပြန်ပေါ်လာသည်။ သို့သော် ထူးထူးခြားခြား ငြိမ်သက်နေ၏။တစ်စုံတစ်ခုကို နာခံနေသလိုထင်ရသည်။ သွေးစက်မှ ဆန်းကြယ်သောနဂါးဟိန်းသံ အဆက်မပြတ်ပျံ့လွင့်နေဆဲပင်။
“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နဂါးကျောက်စိမ်းဆွဲသီး က ဘာလဲ။ ဒီလို ကြောက်စရာကောင်းတဲ့ သွေးအဆီအနှစ် ကို တောင် ဖိနှိပ်ထားနိုင်တယ်”
ဤအချိန်တွင် လုံချန် သည် နောက်ဆုံးတော့ သတိပြန်လည်လာခဲ့သည်။ သူသည် သေဆုံးခြင်းမှ လွတ်မြောက်လာပြီး စိတ်သက်သာရာရစွာသက်ပြင်းတစ်ချက်ချလိုက်သည်။ သို့သော် လက်ရှိမှာ သူက သွေးအဆီအနှစ်ကို အပြည့်အဝမသန့်စင်နိုင်သေးပေ။သူ့ခန္ဓာကိုယ်ထဲမှာ သွေးစက်ပေါင်း တစ်ထောင်ခန့် ကျန်နေသေးသည်။
မူလနဂါးသွေးအဆီအနှစ်ကို ဝါးမျိုပြီးနောက် ၎င်းမှ သွေးစက်ပေါင်း တစ်ထောင်ခွဲဖြာကာ လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ တိုးဝင်လာသည်။
ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးက မလှုပ်ရှားတော့ပေ။ လုံချန်၏ အရေပြားပေါ်တွင် စူးရှသော နာကျင်မှုတစ်ခု ရုတ်တရက်ပေါ်လာတော့သည်။
Translated By NyiNyiSoe