← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း 31

ယန်လင်ရွဲ့ သည် ပိုင်ရှီဂျီး၏ တပ်မက်ဖွယ်ရာ အကြည့်ကို မြင်လိုက်သောအခါတွင် သူမ၏မျက်လုံးတွေထဲ စိတ်ပျက်လက်ပျက်အမူအရာများနှင့် ပြည့်နှက်သွားခဲ့တော့သည်။

ယခုအချိန်တွင် ပိုင်ရှီဂျီး ဘာလုပ်ချင်နေမှန်း မမေးဘဲသိသာနေပေပြီ။ အစကတော့ သူမ၏စိတ်ထဲမှာလည်း ပိုင်ရှီဂျီးအား အမှန်တကယ် ချစ်မြတ်နိုးခဲ့ဖူးသည်။ ထို့အပြင် ယနေ့အဖြစ်အပျက်မျိုး ရောက်လာဖို့ပင် စိတ်ကူးယဉ်ခဲ့မိသေးသည်။ သို့သော် ယခုမူကား ပိုင်ရှီဂျီး၏ ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်ကြောင့် သူမ၏နှလုံးသားတစ်ခုလုံးဟာ နာကျင်နေခဲ့လေသည်။

“ပိုင်ရှီဂျီး၊ ဘာလို့လဲ ။ မင်းရဲ့ ပိုင် မိသားစုက ငါတို့ကို ဘာလို့ဒီလိုဆက်ဆံတာလဲ။ မင်းသတ်ချင်တဲ့သူ က ငါတို့မဟုတ်ဘူးလေ။ ဒါဆို မင်း ငါတို့ကို ဘာလို့ ပစ်မှတ်ထားနေတာလဲ။ အခုချက်ချင်း ငါ့ရဲ့ညီမလေး လွှတ်လိုက်ပါ”

ယန်ဝူ သည် ဒေါသတကြီးဖြင့် အော်ဟစ်ပြောဆိုလိုက်လေသည်။ သို့သော် သူသည် တစ်စက်ကလေးမှ မလှုပ်ရှားနိုင်တော့ပေ။ သူသည် ဒဏ်ရာအပြင်းအထန်ရနေသည့်အပြင် ပိုင်ရှီးဒုန် နှင့် ပိုင်ကျိရှင်း တို့နှစ်ယောက်၏ ဖိနှိပ်မှုအောက်၌ အလူးအလဲခံနေရသည်။

“အစ်ကို၊ ငါ့ကိုကယ်ပါဦး...”

ယန်လင်ရွဲ့ ၏ ဒေါသတကြီး အသံကြောင့် ယန်ဝူ၏မျက်လုံးတွေဟာ ရဲရဲနီလာတော့သည်။ သို့သော် သူ့ခန္ဓာကိုယ်ရှိ အရိုးဖောက်လုမတတ်နာကျင်မှုသည် သူ၏လှုပ်ရှားမှုများကို လုံးဝကန့်သတ်ထားသည့်အလား လှုပ်ရှားလို့မရခဲ့ပေ။

သည့်အတွက် သူ၏မျက်လုံးများက မကျေမနပ်မှုများဖြင့် ပြည့်နေခဲ့သည်။ ညီမဖြစ်သူ အရှက်ကွဲတော့မည်ကို မြင်လိုက်ရတော့ ယန်ဝူ၏မျက်လုံးများက မီးပွင့်မတတ် ဖြစ်လာသည်။ သို့ပါသော်လည်း ဘာမှမတတ်နိုင်သည့်အတွက် သူ့စိတ်ထဲမှာ သနားစရာကောင်းသည့် ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရသည်။

နှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်နေစဉ်မှာပင် သူတို့ဘေးဖက် ခပ်လှမ်းလှမ်းရှိ တောအုပ်ထဲမှ လေပြင်းတစ်ချက် ရုတ်ချည်းတိုက်ခတ်သွားသည်။ နောက်အခိုက်အတန့်တွင် ပိုင်ရှီဂျီး နှင့် မနီးမဝေး၌ ပုံရိပ်တစ်ခု ရပ်နေသည်အား မြင်လိုက်ရတော့သည်။ တစ်ချိန်တည်းမှာပဲ လူတိုင်း အံ့သြမှုအပြည့်ဖြင့် ကြည့်နေကြလေသည်။

ရုတ်တရက် ရောက်လာသူကား အခြားသူမဟုတ်၊ လုံချန် ပင်ဖြစ်ချေတော့သည်။

ခဏကြာပြီးနောက် ပိုင်ရှီဂျီး သည် သတိပြန်ဝင်လာတော့သည်။ ဤအခိုက်အတန့်မျိုး၌ လုံချန် ပေါ်လာရဲသည့်အတွက် သူ့မျက်လုံးထဲ အနည်းငယ်တော့ အံ့သြသွားမိလေသည်။ သို့သော် သူက ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် လုံချန် အား စိုက်ကြည့်ပြီး လှောင်ပြောင်လေတော့သည် “ပေါ်လာရဲတယ်ပေါ့။ အစကတော့ ငါလုပ်စရာရှိတာအရင်လုပ်ပြီးမှ မင်းကို လိုက်ရှာမယ်မှန်းထားတာ။ အခုလိုမျိုး မင်း ငါ့ရှေ့မှာ တမင်လာပြီးအသေခံမယ်လို့ ငါမမျှော်လင့်ထားဘူး။ ကောင်းပြီ၊ ဒါဆိုလဲ မင်းကိုအရင်သတ်လိုက်မယ်။ ပြီးတော့မှ ပျော်စရာလေးတွေ ခံစားရတာပေါ့”

တစ်ဖက်တွင်လည်း ယန်ဝူ တို့မောင်နှမ နှစ်ယောက်ဟာ ဤနေရာသို့ တစ်စုံတစ်ယောက်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်သက်သာရာရသွားကြသည်။ သို့သော်လည်း ရောက်လာသူကား လုံချန် ဖြစ်နေမှန်း တွေ့လိုက်ကြရာ နှစ်ယောက်စလုံး မျက်နှာတွေ အေးခဲကုန်တော့သည်။ ဤအချိန်တွင် သူတို့အတွက် မျှော်လင့်ချက်ဟူသည် လုံးဝမရှိတော့သယောင်ပင်။

လုံချန် ရုတ်တရက်ပေါ်လာသည့်အတွက်ကြောင့် ပိုင်ရှီးဒုန် နှင့် ပိုင်ကျိရှင်း တို့နှစ်ယောက်စလုံး အနည်းငယ်တုန်လှုပ်သွားလေသည်။ သို့ရာတွင် ပိုင်ရှီဂျီး ပါရှိနေသေးကြောင်း တွေးမိသွားရာ ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားကြသည်။

ဤအတောအတွင်း လုံချန် သည် ယန်ဝူ တို့မောင်နှမ နှစ်ယောက်ဖက် လှည့်ကာ “အခု ငါ့ကိုပြော။ လင်ချင်း၊ ဘယ်မှာလဲ” ဟူ၍ မေးလိုက်၏။

ယန်လင်ရွဲ့ က သူ့ကို ပြန်မဖြေ။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျန်အ၀တ်အစားများကို ဆက်လက်ဆွဲယူကာ တောင်ကုန်းငယ်နှစ်ခုကို မလုံတလုံဖုံးကွယ်နေလေသည်။

တစ်ဖက်တွင် လုံချန် သည် ယန်လင်ရွဲ့ ပြန်မဖြေသည့်အတွက် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူမ သူ့ကို အထင်သေးနေသောကြောင့်မဟုတ်ပေ။ သူ့စိတ်ထဲ၌ ယန်လင်ချင်း ကို တော်တော်လေးစိတ်ပူနေသောကြောင့်ပါ။

လုံချန်၏လေသံက တဖြည်းဖြည်းနှင့် အေးစက်လာပေပြီ “ယန်လင်ရွဲ့၊ ပြောစမ်း။ မင်းရဲ့ သောက်ရေးမပါတဲ့အရာတွေကို ငါစိတ်မဝင်စားဘူး။ လင်ချင်း ဘယ်သွားတာလဲ”

ယန်ဝူ တို့နှစ်ယောက်ကား အသံတစ်ချက်ပင်မထွက်ပေ။ လုံချန် အား လူပျက်တစ်ယောက်လိုပင်သဘောထားနေပုံရသည်။ သို့သော် ဤအချိန်တွင် တစ်ချိန်လုံး လစ်လျူရှုခံနေသည့် ပိုင်ရှီဂျီး ကား တဖြည်းဖြည်း ဒေါသဖြစ်လာသည်။

သူ့မျက်လုံးထဲတွင် မှုန်ကုပ်ကုပ် တိုးလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီ ဟာ ဟုန်းခနဲ မြင့်တက်လာတော့သည်။ လုံချန် ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း သူ့အသံက အေးစက်လွန်းပေရာ လူတိုင်းအား ဆောင်းရာသီ ရောက်နေသကဲ့သို့ ခံစားလိုက်ရစေသည်။

“မင်းကသေခါနီးနေပြီ။ ဒါတောင်မှ သူရဲကောင်းတစ်ယောက်လိုပြုမူနေသေးတယ်။ မင်းငါ့ညီလေးကို ဒုက္ခိတဖြစ်အောင် ဖျက်ဆီးခဲ့တယ်။ ငါမင်းကိုသတ်ချင်နေတာကြာပြီ။ ငါ့အဘိုးပြောထားလို့သာမဟုတ်ရင် မင်းအတွက် ဒီနေ့အထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ အခုတော့ မင်းရဲ့ အသုံးမကျတဲ့ အဖေ နဲ့သွားတွေ့ခိုင်းလိုက်မယ်”

“မင်းဘာပြောလိုက်တာလဲ”

လုံချန် သည် ဒေါသတကြီးပြန်ပြောရင်း သူ၏ လက်သီးများကို တဖြည်းဖြည်း ဆုပ်ထားသည်။ အထူးသဖြင့် ပိုင်ရှီဂျီး သို့မဟုတ် အခြားသူတွေ၏ ပါးစပ်ကနေ အမှိုက်ကောင်ဟု ခေါ်ပြောနေတာမခံနိုင်လို့ပါ။ အထူးသဖြင့် ပိုင်ရှီဂျီး ပင်၊ ယန်ရွဲ့ချင် သည် ပိုင်ကျန်းရှောင် ကို ရတနာတစ်ပါးသဖွယ်ဆက်ဆံနေသောကြောင့်လည်းပါလေသည်။

“သနားစရာကောင်းတဲ့မိန်းမ။ ဒီနေ့ ပိုင် မိသားစုထဲက တစ်ယောက်ယောက်က သူ့ ယန် မိသားစုရဲ့ တပည့်တစ်ယောက်အပေါ်မှာ ဒီလိုမျိုးလုပ်နေတာကို မြင်ရင် ဘယ်လိုနေမလဲ တွေးမိတယ်”

လုံချန် သည် ယန်လင်ရွဲ့ကို ပြန်လှည့်ကြည့်ကာ သူ့စိတ်ထဲ၌ ရုတ်တရက်ဆိုသလို ဆိုးရွားသော သတိပေးချက်တစ်ခု ရလိုက်သည်။ ယန်လင်ချင်း အတွက်ပင်။ ယန်လင်ရွဲ့၏အနေအထားကြောင့် ယန်လင်ချင်း လည်း အခြေအနေမကောင်းနိုင်တော့၊ တွေးမိလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီ တဟုန်ထိုးပေါက်ကွဲထွက်လာတော့သည်။

သူက ပိုင်ရှီဂျီးကို စိုက်ကြည့်လျက် လူသတ်ချင်စိတ်အပြည့်နှင့် ပြောလိုက်လေသည် “လင်ချင်း တစ်ခုခုဖြစ်သွားရင် မင်းရဲ့ ပိုင် မိသားစုဝင်တွေအားလုံးကို သူမနဲ့အတူ မြှုပ်နှံပစ်လိုက်မယ်။ မင်းတို့အားလုံး တစ်ယောက်မကျန် သေရမယ်”

လုံချန်၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် ပိုင်ရှီဂျီး သည် တခဏမျှ ထိတ်လန့်သွားခဲ့သည်။ သို့သော် သူက လှောင်ပြောင်လိုက်ပြီး “မင်းငါ့ရှေ့မှာ မတ်တပ်ရပ်ဝံ့တာ မဆန်းပါဘူး။ ဒါဆို မင်းက အဆင့် ၆ ကိုရောက်နေပြီပဲ။ ဒါပေမဲ့ မင်းငါ့ကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား။ တစ်ခုတော့ရှိတယ်၊ မင်းရဲ့တိုးတက်မှုအရှိန်က တော်တော်မြန်တယ်၊ မင်းကို အသက်ရှင်လျက်ထားလို့မရဘူး။ ဒီနေ့ သေကိုသေရမယ်”

ပိုင်ရှီဂျီး ပြောလိုက်သည့်စကားကို ကြားသောအခါ ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့နှစ်ယောက်စလုံး ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ သူတို့၏ မသိစိတ်ထဲတွင် လုံချန် သည် ပိုင်ရှီဂျီး ကို အနည်းငယ်ပင်အချိန်ဆွဲထားနိုင်မည်မဟုတ်ပေ။ မျှော်လင့်ချက်အချို့ရှိခဲ့သော်လည်း ယခုမူကား စိတ်ပျက်အားငယ်မှုတွေသာ ကြီးစိုးနေပေတော့သည်။

ဤအချိန်တွင် ပိုင်ရှီဂျီး က လုံချန်အား ချက်ချင်း တိုက်ခိုက်လိုက်သည်။ အဆင့် ၇ ကျင့်ကြံသူ၏ အရှိန်အဝါက လုံးဝ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော အော်ရာတစ်ခုက လုံချန် ဆီသို့ တိုးဝင်သွားသည်။

သို့သော် ပိုင်ရှီဂျီး အတွက် အံ့သြဖွယ်ရာမြင်ကွင်းတစ်ခုသာ မြင်လိုက်ရသည်။ လုံချန် သည် အဆင့် ၇ အရှိန်အဝါကို ရင်ဆိုင်ရသည့်တိုင် ခြေတစ်လှမ်းတစ်ဝက်ပင် နောက်ပြန်ဆုတ်မသွားခဲ့။

“တကယ်ပဲ သန်မာတာလား။ ဘယ်လောက်ခေါင်းမာတဲ့ကောင်လဲ...”

“ဒီအသက်အရွယ်မှာ ဒီလိုရလာဒ်တွေပိုင်ဆိုင်ထားတယ်ဆိုတာ မင်းက တကယ်တော့ အမှိုက်မဟုတ်ဘူး၊ ဒါပေမဲ့ ဒီနေ့ကစပြီး မင်းဟာ အမှိုက်ကောင်ပဲဖြစ်ရမယ်”

လုံချန် သည် သူ့စကားများကို လုံးဝဂရုမစိုက်ပေ။

ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးနီရောင်နဂါးကြီးဟာ အဆက်မပြတ်ဟိန်းဟောက်နေလေသည်။

“ဟုတ်ရဲ့လား”

လုံချန် သည် ရယ်မောလိုက်သည်။ သူ့ဆီ လျှောက်လာနေသော ပိုင်ရှီဂျီး ကို စိုက်ကြည့်ရင်း သူ၏မျက်လုံးအစုံဟာ ရက်စက်ကြမ်းကြုတ်မှုတို့ပေါ်လာတော့သည်။ ထို့နောက် ရှေ့သို့ ဆတ်ခနဲခုန်ထွက်လာလေသည်။

ဘုန်း...

သူတို့နှစ်ယောက် တိုက်မိသောအခြေအနေက ဥက္ကာခဲနှစ်စင်းကဲ့သို့ပင်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လင်းလက်တောက်ပနေသော ကြယ်အလင်း အလင်းရောင်ပင်လျှင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရသည် ။ ကြမ်းတမ်းရက်စက်သော လက်သီးရိပ်များ၊ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် နှစ်ဦးလုံး နောက်ပြန်ဆုတ်လိုက်ကြသည်။

လုံချန် ၏တိုက်ခိုက်မှုသည် ပိုင်ရှီဂျီး ကို ချက်ချင်းပင် ထိတ်လန့်သွားစေခဲ့သည်။ ထို့အတူ ယန်ဝူ တို့နှစ်ယောက်ပင် အံ့သြသွားကြသည်။ နောက်ဆုံးတွင် လုံချန် သည် ပိုင်ရှီဂျီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်လား။ မည်သို့ပင်ဖြစ်စေ ၎င်းသည် အလွန်ကောင်းမွန်သော ရလာဒ်ဖြစ်ခဲ့သည်။ လုံချန် က အချိန်ပိုဆွဲထားနိုင်လေလေ သူတို့ထွက်ပြေးဖို့အခွင့်အရေးပိုများလာလေလေပင်။ ထို့ကြောင့် လုံချန် သည် ပိုင်ရှီဂျီး ကို အချိန်ပိုကြာကြာ ထိန်းထားနိုင်ပါစေဟုသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလေသည်။

ဤအချိန်တွင် ပိုင်ရှီဂျီး က အနည်းငယ်အံ့အားသင့်နေသည့်အသံဖြင့် ပြောလိုက်သည်။

“မင်း ယန် မိသားစုရဲ့ ကြယ်ကြွေနတ်လက်သီး ကို ပြီးပြည့်စုံတဲ့အဆင့် ရောက်အောင် လေ့ကျင့်ထားတယ်လို့ ငါကြားတယ်။ ငါ့ရဲ့ နတ်ဆိုးလက်သီး ၅ ချက်ကိုခုခံနိုင်တာမဆိုးပါဘူး။ တကယ်တော့ ငါ ခွန်အား ၅၀ % လောက်ပဲသုံးလိုက်တာ”

ဤစကား ကြားလိုက်ရသောအခါ ယန်ဝူ တို့နှစ်ယောက်စလုံး၏မျက်နှာတွေ ပျက်ယွင်းကုန်ကြတော့သည်။ အကယ်၍ ပိုင်ရှီဂျီး သာ ခွန်အားပြည့်ထုတ်သုံးလျှင် လုံချန် အနေဖြင့် အသက်ရှင်ဖို့အခွင့်အရေးမရှိနိုင်ဟုယုံကြည်နေလို့ပါ။ ဤအတွေးနှင့်အတူ သူတို့မျက်နှာတွေဟာ လူသေကောင်ကဲ့သို့ဖြူဖျော့သွားခဲ့တော့သည်။

လုံချန် ကတော့ ဂရုမစိုက်ခဲ့ပေ။ သူ့စိတ်ထဲ၌ ရယ်ပင်ရယ်နေသေးသည်။ သူလည်း ခွန်အားတစ်ဝက်သာ သုံးထားခဲ့လို့ပါ။

သို့သော် ဤနေရာတွင် ပိုင်ရှီဂျီး နှင့် အချိန်ထပ်မဖြုန်းနိုင်တော့။ သူ့ရှေ့ရှိ လူငယ်ကို စိုက်ကြည့်ရင်း လုံချန်၏နှလုံးသားထဲ သတ်ဖြတ်ချင်စိတ်အပြည့်ကြီးထွားလာခဲ့သည်။

“ပိုင်ရှီဂျီး၊ မင်းကို တကယ်သတ်ပစ်ရမှာ။ ငါ့ဘဝမှာ ပထမဆုံးသတ်ဖူးတဲ့လူပဲ” လုံချန် က သူ့ရင်ထဲကနေအေးစက်စက်ရေရွတ်လိုက်သည်။

ထို့နောက် အချိန်မဖြုန်းလိုတော့ပေ။ သူ၏ အစစ်အမှန်ချီ သည် နဂါးကြီးတစ်ကောင်ကဲ့သို့ တဟုန်ထိုး ခုန်တက်လာသည်။ တစ်ချိန်တည်းမှာပင် ခြေတစ်ချက်ဆောင့်လျက် ပိုင်ရှီဂျီး ထံသို့ ဆတ်ခနဲခုန်ဝင်လိုက်သည်။

ခုန်ဝင်လိုက်စဉ် သူ၏လက်နှစ်ဖက်သည်အဆက်မပြတ်တုန်ခါလျက် အစစ်အမှန်ချီများထွက်ပေါ်လာကာ သွေးနီရောင် လက်သည်းရှည်များအဖြစ်ပြောင်းလဲသွားခဲ့သည်။

“ပိုင်ရှီဂျီး၊ ငရဲကိုသွားစမ်း...”

ဤအချိန်တွင် ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့သည် လုံချန်အား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ အထူးသဖြင့် ယန်ဝူပင် ဖြစ်သည် ။ သူသည် “မိုးပြာနဂါးတံဆိပ်” ၏အငွေ့အသက်ကို ကောင်းကောင်း​ကြီးရင်းနှီးနေလို့ပါ။ လုံချန် သည် အချိန် ၁၀ ရက်လောက်ကလေးအတွင်းမှာပဲ “မိုးပြာနဂါးတံဆိပ်” ကို အမှန်တကယ် အသုံးချနိုင်လိမ့်မည်ဟု မထင်ထားမိပေ။ တစ်ချိန်တည်းမှာပင် မိုးကောင်းကင် အား ဆန့်ကျင်နိုင်လောက်သော လုံချန်၏ ပါရမီကို မျက်မြင်သိရှိသွားလေတော့သည်။

“ဆယ်ရက်တည်းလား၊ တကယ်ကို ဒီဆယ်ရက်အတွင်းမှာပဲ သူက မဖြစ်နိုင်ပါဘူး။ သူက ရုတ်တရက် ကြီး ဒဏ္ဍာရီဆန်တဲ့ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်ပါ့မလား...”

ဤအခိုက်အတန့်တွင် ယန်လင်ရွဲ့ နှင့် ယန်ဝူ တို့နှစ်ယောက်စလုံး အတွေးထဲမှာ နစ်မြောနေလေတော့သည်။

အခြားတစ်ဖက်တွင်....

လုံချန်၏ အသွင်အပြင် ရုတ်တရက်ပြောင်းလဲသွားမှုကြောင့် ပိုင်ရှီဂျီး သည် အနည်းငယ် ထိတ်လန့်သွားခဲ့သေးသည်။ သို့သော်လည်း သိပ်မကြာလိုက်၊ သူ့မျက်နှာက အေးစက်သော အပြုံးတစ်ခု ပေါ်လာလေတော့သည်။

“မိုးပြာနဂါးတံဆိပ် “၊ ဟမ့်.... ။ ပြီးတော့ အဆင့် ၆ နဂါးသွေးကြောနယ်ပယ် တဲ့လား။ ဒီလိုဆိုတော့ ဘာဖြစ်နိုင်မှာလဲ။ ဒီလိုတစ်ဝက်တစ်ပျက်ပဲသုံးလို့ရတဲ့နည်းစနစ်က ငါတို့ ပိုင်မိသားစုရဲ့ ငရဲနတ်ဆိုးလက်ချောင်းကိုဘယ်လိုလုပ်ပြီးယှဉ်နိုင်စရာရှိမှာတုန်း”

“ငရဲနတ်ဆိုးလက်ချောင်း....”

Translated By NyiNyiSoe

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - ညီညီစိုး

အပိုင်း - 32

လုံချန် သည် ရုတ်တရက်ဆိုသလိုပဲ ဧရာမသွေးနဂါးကြီးတစ်ကောင်ကဲ့သို့ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဆီကနေ အစွမ်းထက်ဖိအားများ ဖြာထွက်လျက် ပိုင်ရှီဂျီး အား ခုန်အုပ်လိုက်တော့သည်။

ဤအချိန်တွင် ပိုင်ရှီဂျီး၏ လက်ချောင်းများကြားကနေ အနက်ရောင်အလင်းတန်းတစ်ခု တဖျပ်ဖျပ်လင်းလက်လာသည်။ ထို့နောက်

“ငရဲနတ်ဆိုးလက်၊ အဆင့် ၁ ကောင်းကင်ဘုံနတ်ဆိုးလက်အသွင်ပြောင်းခြင်း”

တ်ဆိုးလက်အသွင်ပြောင်းခြင်း” ဟုအော်ဟစ်ကာ သူ့အပေါ် ခုန်အုပ်လာသည့် လုံချန် အား လက်ညိုးဖြင့် တည့်တည့်ထိုးချလိုက်လေသည်။

ဘန်း...

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ရူးသွပ်ဖွယ်ရာ စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားခြင်းဟာ ကြောက်ခမန်းလိလိပင်။ တစ်ချိန်တည်းဆိုသလို အလွန်တရာမှကို ပြင်းထန်လှသော စွမ်းအားလှိုင်းတစ်ခု ပေါက်ကွဲထွက်ကာ ပတ်ဝန်းကျင်ဆီသို့ အညှာအတာကင်းမဲ့စွာ ရိုက်ခတ်သွားလေတော့သည်။

“သူ တစ်စိတ်တစ်ပိုင်းပဲ လေ့ကျင့်ထားရသေးတဲ့ မိုးပြာနဂါးတံဆိပ် က ပိုင်ရှီဂျီး ရဲ့ နတ်ဆိုးလက်အသွင်ပြောင်းတိုက်ခိုက်မှု နဲ့ ယှဉ်ဖို့မဖြစ်နိုင်လောက်ဘူး”

ဤအခိုက်အတန့်တွင် ယန်ဝူ တစ်ယောက်တည်း အတွေးများနေခဲ့လေသည်။

အခြားတစ်ဖက်မှာတော့ ပိုင်ရှီဂျီး ဟာ သူ့ပြိုင်ဖက်၏ အစစ်အမှန်ချီ လုံလောက်အောင်မပြင်းထန်နိုင်ဟု ယုံကြည်နေလေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာတော့ သူ၏နှလုံးသားတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်လောက်သော အရှိန်အဝါတစ်ခုဟာ လုံချန် ဆီကနေ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာ အရှိန်အဝါ ကို ခံစားမိချိန်မှာပဲ ပိုင်ရှီဂျီး ၏မျက်နှာသည် လူသေကောင်ကဲ့သို့ ဖြူဖျော့သွားလေတော့သည်။

ဤအချိန်ခဏလေးအတွင်းမှာပဲ သူထုတ်ဖော်လိုက်သည့် နတ်ဆိုးလက်အသွင်ပြောင်းတိုက်ခိုက်မှုဟာ ချိုးဖျက်ခံလိုက်ရပြီဖြစ်သည်။ သို့သော် ပိုင်ရှီဂျီး အနေဖြင့် ဘာမှမတတ်နိုင်တော့ပေ။ သူ့ရှေ့မှ မြင်ကွင်းကိုသာ အင်အားမဲ့စွာကြည့်နေခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သွေးနီရောင်နဂါးအရိပ်ကြီးဟာ ပိုင်ရှီဂျီး၏ခန္ဓာကိုယ်အား တည့်တည့်ရိုက်ချလာလေတော့သည်။

အုန်း....

ပိုင်ရှီဂျီးတစ်ယောက်တော့ တစ်ချက်မျှပင်မကာနိုင်လိုက်ပေ၊ ပါးစပ်ကနေ သွေးများ အန်ထွက်လျက် မြေပြင်ပေါ် ပြုတ်ကျသွားတော့၏။ တစ်ဆက်တည်းမှာ သူ၏မျက်လုံးအစုံသည် ပေါက်ထွက်လုမတတ် ပြူးကျယ်နေလေသည်။အကြောင်းအရင်းက အဆင့် ၆ နဂါးသွေးကြောနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဟာ ယခုကဲ့သို့ သန်မာနေမည်ဟု မထင်ထားမိလို့ပင်။

လုံချန် သည် အချိန်တိုလေးအတွင်း မိုးပြာနဂါးတံဆိပ် ကို မည်သို့လေ့ကျင့်နိုင်လေသနည်း။ သူ မည်သို့မျှ စဉ်းစားမရပေ။ ထို့အတူ လုံချန် ထံကနေ ရုတ်တရက် ထွက်ပေါ်လာသည့် အရှိန်အဝါကလည်း သူ့နှလုံးသားကို ကွဲကြေလုနီးပါး တုန်ခါသွားစေခဲ့၏။

လုံချန်၏ မိုးပြာနဂါးတံဆိပ် သည် အနည်းငယ် အားပျော့သွားသည့်တိုင်အောင် ပိုင်ရှီဂျီး အား ရိုက်ချလိုက်စဉ် ကိုယ်တွင်းအင်္ဂါများကို ကွဲကြေသွားစေခဲ့သည်။

နှလုံးအက်သွားသည့်အတွက် ပိုင်ရှီဂျီး၏ မျက်နှာသည် ချက်ချင်းဆိုသလို ဖြူရော်လာတော့သည်။ သူ့ပါးစပ်မှလည်း ညိုမည်းနေသော သွေးများ အဆက်မပြတ် အန်ထွ​က်နေခဲ့သည်။ သူ့လက်နှစ်ဖက်ကို မြေပြင်ပေါ် အားပြုလျက် မတ်တပ်ထရန်ပြင်လိုက်သေးသည်။သို့သော်လည်း သူ့ကိုယ်သူ ဘယ်လိုမှ မဟန်နိုင်တော့ပေ။

ဤအခိုက်အတန့်တွင် အစပိုင်းတုန်းက စိတ်ပျက်အားငယ်နေသော ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့နှစ်ယောက်စလုံးလည်း အံ့အားသင့်သွားကြသည်။ ယန်ဝူ အနေနှင့်လည်း အံ့သြလွန်းသည့်အတွက် ပါးစပ်ဟောင်းလောင်းဖြစ်ကာ ပြန်ပိတ်ဖို့တောင်မေ့လျော့နေလေသည်။ ခဏကြာမှသာ ပုံမှန်ပြန်ဖြစ်သွားပြီး သူ့ခေါင်းကို အကြိမ်အနည်းငယ်ခါယမ်းလိုက်ပါသည်။ သူ့ရှေ့ရှိမြင်ကွင်းက သူ့မျက်လုံးတွေကို လှည့်စားနေခြင်းမဟုတ်ကြောင်း သိလိုက်ပုံပါ။

တစ်ဖက်တွင်လည်း ယန်လင်ရွဲ့၏ ဝိုင်းစက်စက်မျက်လုံးရွဲကြီးများ အစွမ်းကုန်ပြူးကျယ်သွားသည်။ သူမ၏လက်နှစ်ဖက်ဖြင့် အတွင်းဆွဲစုထားသည့် ဝတ်ရုံစဟာ မသိလိုက်ဘဲ မြေပြင်ပေါ်ပြေကျသွားသည်။ တစ်ကိုယ်လုံး မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေသော်လည်း လုံချန် ပေးသော တုန်လှုပ်မှုက ကြီးမားလွန်းသောကြောင့် သူမကိုယ်တိုင်ပင် လုံးဝ သတိမထားမိလိုက်ပေ။

“မဖြစ်နိုင်ဘူး... ။ ဒါ....ဒါ လုံးဝမဖြစ်နိုင်ဘူး”

အရင်တုန်းက သူမ ထင်ခဲ့သည့်အခြေအနေဟာ လုံချန် သည် ပညာမဲ့၊တုံးအပြီး အရည်အချင်းမပြည့်မီသော အမှိုက်ကောင်သာဖြစ်ခဲ့သည်။ သို့သော် ထို လုံချန် က ကျင့်ကြံမှုအဆင့် ရုတ်တရက်ကြီး မြင့်တက်လာကာ ယန်ကျန်း ကိုပင် အနိုင်ယူပစ်လိုက်သည်။ တစ်ခါမျှ ထင်မထားဖူးသည့့် အခြေအနေပင်။

“ဒီကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ...”

ဤအချိန်တွင် ပိုင်ကျိရှင်း နှင့် ပိုင်ရှီးဒုန် တို့နှစ်ယောက်ကတော့ ကြောက်လန့်တုန်လှုပ်ကုန်သည်။ ပိုင်ရှီးဒုန် က ပိုဆိုးလေသည်။ ယခင်က သူပြောခဲ့သည့် စကားကို ပြန်တွေးပြီး သူ့ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရတော့သည်။

အခြားတစ်ဖက်တွင်လည်း ပိုင်ရှီဂျီး သည် အစွမ်းကုန်ရုန်းကန်နေပြီး အားယူကာ မတ်တပ်ရပ်ရန်အကြိမ်ကြိမ်ကြိုးစားနေသည်။ သို့သော် သူ့အတွင်းဒဏ်ရာများ ဆိုးရွားလှသည်ဖြစ်ရာ မဟန်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် သူ၏အမြင်အာရုံ မှုန်ဝါးလာသည်ကိုသာ ခံစားမိခဲ့သည်။ ထို့အတူ ပတ်ဝန်းကျင်မှ နေရောင်ခြည်သည်ပင် အနည်းငယ် မှိန်ဖျော့သွားပုံရသည်။ တစ်ဆက်တည်းမှာ သူ့အား အထင်မြင်သေးစွာငုံ့ကြည့်နေသော ပုံရိပ်တစ်ခုကိုပါ မသဲမကွဲမြင်လိုက်ရလေသည်။

ဤအချိန်တွင် ရုတ်တရက်ဆိုသလိုပဲ လက်တစ်ဖက်က သူ့လည်ပင်းကို ဖြစ်ညှစ်လာသည်။ အေးစက်စက်အငွေ့အသက်ပါ ခံစားလိုက်ရသဖြင့် ပိုင်ရှီဂျီး ဟာ စိတ်ထဲ ကြောက်လန့်မှုတို့ ကြီးစိုးလျက် “ငါ... ငါသေတော့မှာလား... သူငါ့ကို သတ်မှာလား။ ဘာလို့လဲ...ဒီလိုမဖြစ်သင့်ဘူးလေ”

သို့သော်လည်း အေးစက်စက်လက် က သူ့လည်ပင်းကို ညှစ်ထားရာက ရုတ်တရက် ဖြေလျော့သွားခဲ့သည်။

လုံချန် သည် ပိုင်ရှီဂျီး၏ မျက်နှာကို တံတွေးထွေးလိုက်ပြီး အေးစက်စက်ပြောလေသည် “အမှိုက်ကောင်ပဲ။ စောင့်နေလိုက်ဦး၊ လက်ချင်း ကို ကယ်တင်ပြီးတာနဲ့ မင်းရဲ့ခွေးအသက်ကို ယူဖို့ ငါပြန်လာမယ်”

ပိုင်ရှီဂျီး ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီးနောက် သူ့ပုံရိပ်က ရုတ်ချည်းဆိုသလို ရွေ့လျားသွားသည်။ အခြေအနေကို သတိမပြတ်စောင့်ကြည့်နေသည့် ပိုင်ကျိရှင်း တို့ မောင်နှမနှစ်ယောက်ဟာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ပိုင်ကျိရှင်း သည် ချက်ချင်း သတိ​မေ့သွားလေတော့သည်။ ပိုင်ရှီးဒုန် ကတော့ ကြောက်ကြောက်လန့်လန့်နဲ့ မြေကြီးပေါ် လဲကျသွားသည်။ သူ့မျက်နှာက ဖြူဖျော့နေသလို တစ်ကိုယ်လုံးလည်း ဆီးနံ့များ လွှမ်းနေတော့သည်။

လုံချန် သည် ပိုင်ရှီးဒုန်၏ ပေါင်ကြားကို ခြေတစ်ချက် ဖြတ်ကန်လိုက်ပြီး ဂရုမစိုက်တော့ပေ။

သူက အံ့သြတကြီး အမူအရာများ ပြည့်နေသည့် ယန်လင်ရွဲ့ ကိုလှည့်ကြည့်ပြီး အပြုံးမပျက်ဘဲ ပြောလိုက်ပါသည် “လင်ရွဲ့၊ မင်းရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပြသနေတာလား၊ ငါက မင်းရဲ့ ဝမ်းကွဲဖြစ်နေလို့ မကောင်းဘူးထင်တယ်နော်”

ဤအချိန်မှသာ ယန်လင်ရွဲ့ သည် သူမ၏ မိမွေးတိုင်းဖမွေးတိုင်း ခန္ဓာကိုယ်ကို သတိထားမိသွားတော့သည်။ ချက်ချင်းပင် မြေကြီးတုန်လုမတတ် အော်ဟစ်လိုက်သံ နှင့်အတူ ပြုတ်ကျနေသော အဝတ်စကို ကမန်းကတန်းဆွဲယူလိုက်သည်။ ထို့နောက် လုံချန် ကို ဝမ်းနည်းပူဆွေးစွာဖြင့် စိုက်ကြည့်နေလေသည်။

လုံချန် သည် သူမကို လုံးဝစိတ်မဝင်စားပေ။ ထပ်ပြီး အချိန်မဖြုန်းတော့ဘဲ “လင်ချင်းကို ငါကယ်လိုက်မယ်။ ဒီနေရာကို မင်းတို့နှစ်​ယောက်လက်ထဲ ခဏထားခဲ့မယ်။ ဒီသုံးယောက်ကို ငါကိုယ်စား ထိန်းချုပ်ထားလိုက်။ အခု ငါ့ကိုပြောပါ၊ ယန်လင်ချင်း ဘယ်မှာလဲ”

ဤတစ်ကြိမ်တွင် ယန်ဝူ က အရပ်မျက်နှာတစ်ခုသို့

ညွှန်ပြပြီး “ လင်ချင်း က အဲဒီလမ်းအတိုင်း ထွက်သွားတာ။ ပိုင်ရှီးချန် က သူ့နောက်ကို လိုက်သွားတယ်”

လုံချန် သည် အချိန်မဖြုန်းဘဲ ယန်ဝူ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ချက်ချင်း ပြေးလိုက်သွားတော့သည်။

ယန်ဝူ သည် လုံချန် ပျောက်ကွယ်သွားသည်အထိ အချိန်တော်တော်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် သွေးအန်ပြီး မြေပြင်ပေါ်တွင် ရုန်းကန်နေရဆဲဖြစ်သော ပိုင်ရှီဂျီး ကို ကြည့်ပြီး သတိလစ်နေသော ပိုင်ရှီဂျီး နှင့် ပိုင်ရှီးဒုန် ကို တစ်ချက်ကြည့်လိုက်သည်။

ကြည့်နေရင်းနဲ့ ရုတ်တရက်မေးလိုက်၏

“ ရှောင်ယွဲ့၊ သူ ပိုင်ရှီးချန် ကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်လား”

“ဟင်...”

ဤအချိန်တွင် ယန်လင်ရွဲ့ သည် အ၀တ် ပြန်ဝတ်ထားသည့်တိုင် ဆုတ်ပြဲနေသည်ဖြစ်ရာ ဖြူဖွေးနေသော တောင်ပို့နှစ်လုံးကို အထင်းသားမြင်နေရသည် ။ ပိုင်ကျိရှင်း၏ အဝတ်အစားများကို ဆွဲချွတ်ပြီး သူ့ကိုယ်ပေါ် အမြန်ဝတ်ဆင်လိုက်တော့သည်။

ပိုင် မိသားစု၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ယန်လင်ရွဲ့ ထိုသူအားလုံးကို သေသည်အထိ မုန်းတီးခဲ့သည်။

“သူ ပိုင်ရှီးချန် နဲ့ ရင်ဆိုင်နိုင်မယ်လို့ မင်းထင်လား”

ယန်ဝူ၏ စကားကို ပြန်ရေရွတ်ရင်း ပတ်ဝန်းကျင်ကိုကြည့်ကာ တုန်လှုပ်သောအသံဖြင့် “...လင်ချင်း... သူမ အဆင်ပြေလောက်မှာပါ”

ယန်လင်ရွဲ့၏ အဖြေကို ကြားသည့်အခါ ယန်ဝူ သည် သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ ယ​နေ့မှစပြီး သူသည် ယန် မိသားစု၏ နံပါတ်​တစ်​လူငယ်​ဘွဲ့ကို မပိုင်ဆိုင်​​တော့​ကြောင်း သိလိုက်ရပြီဖြစ်သည်။ ယင်းအစား ထိုဂုဏ်ပုဒ် သည် တစ်ကိုယ်လုံးကိုသွေးများဖြင့် ဖုံးလွှမ်းနေသော ထိုလူငယ်က ပိုင်ဆိုင်သွားခဲ့လေပြီ။ လုံချန် သည် မိုးပြာနဂါးတံဆိပ် ကို ထုတ်သုံး၍ ပိုင်ရှီဂျီး ကို အနိုင်ယူခဲ့စဉ်ကတည်းက လူမဟုတ်တော့ဘဲ နဂါးတစ်ကောင်ဟုပင် သူ ထင်မိသွားလေသည်။

နဂါး လား....

ဒဏ္ဍာရီထဲတွင်သာ တည်ရှိကာ ကမ္ဘာခေတ်ဦး၏ အရှင်သခင်များပင်ဖြစ်လေသည်။

ထို့အပြင် လုံချန်၏ကိုယ်မှ ဖြာထွက်နေသည့် သွေးနီရောင်သည် သတ်ဖြတ်ခြင်း၏သင်္ကေတပင် ဖြစ်သည်။

“သတ်ဖြတ်ခြင်းဘုရင်” ဤသည်မှာ လုံချန်အား ယန်ဝူ ပေးလိုက်သည့် ဘွဲ့ ဖြစ်သည်။

…….

“ လုံချန်၊ ငါသူတို့ရဲ့ အငွေ့အသက်တွေကို ခံစားရတယ်။ သိပ်မဝေးလောက်တော့ဘူး “

လင်းရှီနတ်ဓား ကနေ အသံ ရုတ်တရက်ထွက်လာသည်။ ထို့နောက် လုံချန် သည် လင်းရှီ ညွှန်ပြသောလမ်းကြောင်းအတိုင်း အရှိန်မြှင့်ကာ ပြေးထွက်သွားတော့သည် ။

တစ်ချိန်တည်းမှာပင် လင်းရှီ ထံမှ အားပေးစကား ထပ်ကြားရသည် “လုံအာ၊ စိတ်မပူပါနဲ့။ နင့်ရဲ့ဝမ်းကွဲညီမ အဆင်ပြေပါတယ်။ သူတို့ စကားများနေကြတုန်းပဲ”

စကား ကြားလိုက်ချိန်မှာ လုံချန် သည် အနည်းငယ် စိတ်အေးသွားရသည်။ သို့သော် သူ့နှလုံးသားထဲမှာတော့ ပိုင်ရှီးချန် ကို အသေသတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ခဏအကြာတွင် မလှမ်းကမ်းကနေ စကားပြောနေသံများကို ကြားလိုက်ရသည်။ သို့သော် လုံချန် သည် ချက်ချင်း ထွက်မပြသေးဘဲ အရှိန်လျှော့ကာ ပုန်းနေလိုက်သည်။ မကြာခင်မှာပဲ ယန်လင်ချင်း ဟာ တဖြည်းဖြည်းနောက်ဆုတ်နေသည့် မြင်ကွင်းကို လှမ်းမြင်လိုက်လေတော့သည်။

ဤအချိန်တွင် ယန်လင်ချင်း၏ မျက်လုံးများ နီရဲနေပြီး မျက်နှာတစ်ခုလုံးသည် မျက်ရည်များဖြင့် ဖုံးလွှမ်းထားသည်။ ပိုင်ရှီးချန် ကို ရေခဲကဲ့သို့ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လျက် အံကြိတ်ကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

ပိုင်ရှီးချန် ကတော့ ဂရုစိုက်ပုံမပေါ်ပေ။

“လင်ချင်း၊ မင်းအပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို မင်းယုံကြည်သင့်တယ်။ တကယ်တော့ အရင်က ငါ မင်းကို အကြိမ်ပေါင်းများစွာ တွေ့ဖူးတယ်။ မင်းနဲ့ သိခွင့်ရဖို့ အခွင့်မသာခဲ့ဘူး ။ မင်း ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိနေရင် ငါ အရမ်းပျော်သွားမှာ သေချာတယ်”

ယန်လင်ချင်း သည် စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို မုန်းတီးစွာသာ ကြည့်နေခဲ့သည်။

ယန်လင်ချင်း တုတ်တုတ်မျှမလှုပ်သည်ကို မြင်လိုက်ရသောအခါ ပိုင်ရှီးချန်၏ အသံသည် တဖြည်းဖြည်း အေးခဲလာသည်။

“ယန်ဝူ နဲ့ ယန်လင်ရွဲ့ ကို ငါ့ဂျူနီယာတွေက တားဆီးထားတယ်။ မင်္ဂလာပွဲစတဲ့အခါ မင်းရဲ့ ယန်မိသားစုဝင်တွေအားလုံး အဆိပ်ခပ်ထားတဲ့ဝိုင်ကို သောက်ကြမှာ။ အဲဒီအချိန်မှာ တစ်ယောက်မှ မကျန်တော့ဘူး။ ယန်ဝူ ကတော့ သေချာပေါက်သေမှာပဲ။ လင်ရွဲ့ က သူမ ဉာဏ်ကောင်းရင် ရှီဂျီးကို သေချာပေါက် ရွေးလိမ့်မယ်”

“ယန်ရွဲ့ချင် က ငါ့အဖေကို ရွေးပြီး ယန် မိသားစုကို စွန့်ပစ်ခဲ့တာတောင်မှ မင်းကို ငါကြိုက်သေးတယ်။ ယန် မိသားစု မရှိရင်တောင်မှ မင်းတို့ အမျိုးသမီးသုံးယောက်စလုံး ပျော်ရွှင်နေရမှာပါ။ ပြီးတော့ ငါ့အဖိုး ငါ့ကို ပေးခဲ့တဲ့ အမိန့်က ယန်မိသားစုရဲ့ လူငယ်တပည့်တွေကို ဒီပျက်သုဉ်းခြင်းတောင်တန်း ထဲမှာ တစ်ခါတည်း သတ်ပစ်မယ်ဆိုတာပဲ”

ပိုင်ရှီးချန်၏ စကားကိုကြားလိုက်ချိန်မှာ လုံချန်၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

“ပိုင် မိသားစုရဲ့တပည့်တွေက ငါတို့ကို တိုက်ခိုက်တာ အံ့သြစရာတော့ မရှိပါဘူး။ အဖြစ်မှန်က ဒီလိုကိုး၊ လက်စသတ်တော့ သူတို့က ငါတို့ ယန်မိသားစုကို အပြတ်ရှင်းချင်နေတာပဲ”

ဤကဲ့သို့ အတွင်းကျကျစကားများကို ကြားလိုက်ရသည့်အခါ လုံချန်၏ နှလုံးသားတစ်ခုလုံး မုန်တိုင်းထန်သွားစေခဲ့သည်။

ပိုင် မိသားစု၏ ဘိုးဘေးကြီးသည် အပြင်ပန်းအရ လူကြီးလူကောင်းတစ်ဦးလိုပင်မဟုတ်ပါလား။ ၎င်းသည် ယန် မိသားစု၏ ဘိုးဘေးကြီးနှင့်လည်း ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ သို့သော် ဤမျှ ယုတ်မာကောက်ကျစ်လိမ့်မည်ဟု မထင်ထားမိပေ။

“ဒါဆို ပိုင် မိသားစုရဲ့ ရည်ရွယ်ချက်က ဘာလဲ။ လက်ရှိ သူတို့ လူငယ်တပည့်တွေရဲ့ ခွန်အားနဲ့ဆို အနှစ် ၂၀ စီမံခန့်ခွဲပိုင်ခွင့်ကို ရဖို့ဆိုတာ အလွယ်လေးပဲလေ။ ဒီလောက်ကြီးကြီးမားမား လှုပ်ရှားစရာ မလိုဘူးမဟုတ်လား”

မင်္ဂလာလက်ထပ်ပွဲ၌ ယန် မိသားစုတစ်ခုလုံးကို အဆိပ်ခပ်သတ်လိုက်ခြင်းက လုံးဝကို ကောင်းမွန်လွန်းသည့်အကြံအစည်ပင်။ ယန် မိသားစု၏အကြီးအကဲများ အားလုံး သေဆုံးသည့်တစ်ချိန်တည်းမှာပင် လူငယ်မျိုးဆက်များလည်း အသတ်ခံရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပိုင် မိသားစု၏ လှုပ်ရှားမှုသည် အလွန်ရက်စက်ကြမ်းကြုတ်သလို ယန် မိသားစုတစ်ခုလုံးအားတစ်ရက်အတွင်း သုတ်သင်နိုင်ခဲ့သည်။

ထို့အတူ ပိုင် မိသားစုဖက်က မင်္ဂလာပွဲကို အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့ပုံရသည်။ ယန်ရွဲ့ချင် နှင့် ပိုင်ကျန်းရှောင် နှစ်ယောက်က ဤအကြံအစည်၏ အဓိကအကျဆုံးအစိတ်အပိုင်းပင်။

ယန်ရွဲ့ချင် အကြောင်းကို တွေးရင်း လုံချန်၏မျက်လုံးတွေ မီးဝင်းဝင်းတောက်သွားသည် ။

“မင်း ငါ့အပေါ် အေးစက်နေပေမယ့် မင်းဟာ လူသားဆန်နေသေးတယ်လို့ ငါထင်ခဲ့ဖူးတယ်။ မင်းရဲ့မိဘတွေကို သတ်ဖို့၊ မျိုးနွယ်စုကို အပြတ်ရှင်းဖို့ ယုတ်မာတဲ့အစီအစဉ်တွေထဲ ပါနေမှန်း ငါမမျှော်လင့်ထားဘူး။ ကိုယ့်ရဲ့မိသားစုကို သတ်ပစ်မှာသိရဲ့သားနဲ့ တစ်ဖက်လူကိုကူညီပေးနေတယ်။ ယန်ရွဲ့ချင်၊ ငါ မင်းကို လုံးလုံးနားမလည်တော့ဘူး။ မင်းရဲ့ ဦးနှောက် တစ်ကန့်ပျက်သွားတာများလား”

သို့သော် လုံချန် သည် ထပ်ပြီးမစဉ်းစားတော့ပေ။ အခြေအနေက သူ လက်လှမ်းမမှီနိုင်လောက်အောင်ဖြစ်နေလို့ပါ။

သူဆက်လုပ်ရမည့်အရာက ပိုင်ရှီးချန် ကိုသတ်ပြီးပြီး ယန်လင်ချင်း ကို ကယ်တင်ဖို့ပါ။ ထို့နောက် ပိုင် ကလန်၏ မျိုးဆက်အားလုံးကို တစ်ယောက်မကျန်သတ်၍ ပိုင် ကလန်သို့ အမြန်လိုက်သွားရန်ပင်။

ဤအချိန်တွင် ပိုင်ရှီးချန် က ယန်လင်ချင်း လုံးလုံးလက်မခံမှန်း သဘောပေါက်သွားပုံရ၏။ သူက အေးစက်စွာပြောသည် “ယန်လင်ချင်း၊ မင်းက ကမ်းပေးနေတဲ့လက်ကို ဆုပ်ကိုင်မထားချင်မှတော့ ငါမယဉ်ကျေးတော့ဘူး။ ဒီနေ့ မင်း ဘာလုပ်နိုင်မလဲ ကြည့်ရအောင်”

Translated By NyiNyiSoe

..(သွေးနဂါးလုံချန်)

စာစဉ် -၃ (အပိုင်း - 33)

ဘာသာပြန်သူ - ညီညီစိုး

နဂိုက လူကြီးလူကောင်းဆန်သည့် ပိုင်ရှီးချန် ဟာ ထိုစကားများပြောလာသည့်အတွက် ယန်လင်ချင်း လည်း လှောင်ပြုံးပြုံးလိုက်လေသည်။ သူမက မထီမဲ့မြင်ပြုသော မျက်နှာပေးဖြင့် “နင်က ကျော်ကြားခြင်းမြို့ရဲ့ မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံးပဲလို့ ငါကြားလိုက်တာနဲ့ ငါပါ တခြားမိန်းကလေးတွေလို စွဲလမ်းခဲ့ဖူးတယ်။ နင့့်ရဲ့ သူမတူနိုင်တဲ့ စွမ်းရည်တွေ၊ ထူးချွန်လွန်းတဲ့အရည်အချင်းတွေကြောင့်ပေါ့။ ဒါပေမဲ့ ဒီနေ့ ငါအထင်ကြီးလေးစားရတဲ့ ပိုင်ရှီးချန် က အရှက်မဲ့ပြီး ရိုင်းစိုင်းကြမ်းကြုတ်နေတယ်။ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး”

ယန်လင်ချင်း၏ မထီမဲ့မြင် အကြည့်များက မူလငြိမ်သက်နေသော ပိုင်ရှီးချန် ကို ရုတ်တရက် ရူးသွပ်သွားစေသည်။ ဤအချိန်တွင် သူ၏သဘာဝအမှန်ကို ဖော်ထုတ်ပြလိုက်သလိုပင်။ တရှူးရှူးတရှားရှားနှင့် ဒေါသထွက်ကာ အံကြိတ်လိုက်သည်။

သို့တိုင် ယန်လင်ချင်း၏ပုံစံက ပိုင်ရှီးချန် ကို ကြောက်လန့်နေမည့်အစား ဟာသတစ်ခုလိုသာ ကြည့်နေခဲ့သည်။ ထို့နောက် အေးစက်စက်ပြောလိုက်၏ “ပိုင်ရှီးချန်၊ နင် ငါ့ခန္ဓာကိုယ်ကိုရရင်တောင် ငါ့ဝိညာဉ်ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး”

တစ်ချိန်တည်းတွင် သူမစိတ်ထဲ တစ်စုံတစ်ယောက်အကြောင်း ရုတ်တရက်တွေးမိပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည် “တကယ်တော့ နင့်ထက်အများကြီးပိုထူးချွန်တဲ့လူတစ်ယောက်ရှိတယ်။ လူတိုင်းက သူ့ကို အမှိုက်ကောင်တစ်ယောက်လို့ ထင်နေကြတယ်။ သူက အရူးတစ်ယောက်လိုပြောတတ်ပေမယ့် သူ့ရဲ့ နက်ရှိုင်းတဲ့အကြည့်တွေ၊ ဖြူစင်သန့်ရှင်းမှု၊ အမြင်စူးရှမှမှုတွေက နင့်လို တိရစ္ဆာန်ကောင်ထက် အဆတစ်ထောင် ပိုသာတယ်”

ပိုင်ရှီးချန် က သူမ ပြောနေသည့်လူကို သိနေလေသည်။ သူက လှောင်ပြောင်ရယ်မောရင်း ပြန်ပြော၏ “နင်က အမှိုက်ကောင်တဲ့လား၊ မင်း ငါ့ကို ရိုင်းစိုင်းတဲ့​သားရဲလို့ ခေါ်လိုက်တာ။ ဒါပေမဲ့ မင်းရဲ့ဝမ်းကွဲအပေါ် မှာ ခံစားချက်တွေ တကယ်ရှိနေတာပဲ။ ဒီလိုလုပ်ရပ်မျိုးက သားရဲထက်တောင် မဆိုးဘူးလား”

ယန်လင်ချင်း၏မျက်နှာလှလှလေးက ဒေါသထွက်လွန်းသဖြင့် နီရဲသွားသည်။ သူမက ဒေါသတကြီးပြောလိုက်၏ “ခွေးကောင်... နင့်ရဲ့ အတွေးတွေက အရမ်းညစ်ပတ်တယ်။ နင်တစ်ယောက်ယောက်ကို အသိအမှတ်ပြုချင်ရင် အချစ်နဲ့ပတ်သက်လို့ ဖြစ်နိုင်ပါ့မလား။ နင့်ရဲ့အမေက နင့်ကို အရမ်းချစ်ရင် အဲ့ဒါကို ထည့်တွက်တာပဲလား”

လက်ရှိအချိန်တွင် ယန်လင်ချင်း က သူ့အား မကြောက်ကြောင်း ပိုင်ရှီးချန် မြင်သောအခါ သူ့စိတ်ထဲရှိ ကြမ်းကြုတ်သောအတွေးများ ပိုကြီးထွားလာပုံရသည်။ စကားတစ်ခွန်းမှ မပြောဘဲ သူက ယန်လင်ချင်းကိုစိုက်ကြည့်လျက် တစ်ချက်ရယ်လိုက်ရင်း “မင်းဘာလို့ ဒီလိုဖြစ်နေတာလဲ ငါဂရုမစိုက်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ကို ငါသိမ်းပိုက်ပြီးတာနဲ့ မင်းရဲ့ဝိညာဉ်ကို လွတ်မြောက်ခွင့်ပေးမယ်လို့ မင်းထင်နေတာလား။ ယန်လင်ချင်း.... ဟား...ဟား”

ယန်လင်ချင်း သည် ဒေါသတကြီး အော်ငေါက်ရန်ပြင်လိုက်၏။ သို့သော်လည်း ရုတ်တရက်ဆိုသလို ပိုင်ရှီးချန်၏ နောက်ကျောဖက်သို့ စိုက်ကြည့်နေသည်။

ပိုင်ရှီးချန် လည်း ထိုအကြည့်ကြောင့် အနည်းငယ်ထူးဆန်းသွားသလိုပင်။ သူမက သူ့ကို အနည်းငယ်မျှပင် ကြောက်လန့်မနေပေ။

ဤအချိန်မှာပဲ ယန်လင်ချင်း က ပိုင်ရှီးချန်ကို အားကုန်ဆောင့်တွန်း၍ သူ့နောက်ကျောဖက်၌ ရပ်နေသူကိုဆွဲကာထွက်ပြေးရန်ပြင်လိုက်သည်။ သို့သော် ထိုလူက နေရာကနေ မရွေ့ခဲ့ပေ။

ရုတ်တရက် ရောက်လာသူကား အခြားသူမဟုတ်၊ လုံချန် ပင်ဖြစ်လေတော့သည်။

ဤအချိန်တွင် ပိုင်ရှီးချန် သတိပြန်ဝင်လာတော့သည်။ နှစ်ယောက်စလုံး ထွက်ပြေးချိန်မရတော့ပါ။

ယန်လင်ချင်းက လုံချန် ရှေ့မှာ ကာရပ်ရင်း ပိုင်ရှီးချန် ကို ပြန်စိုက်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူမက လုံချန် အား အလောတကြီးပြောလိုက်သည် “မြန်မြန်ပြေးတော့။ ပိုင် မိသားစုက ဒီနေ့လက်ထပ်ပွဲမှာ ငါတို့ ယန်မိသားစုရဲ့ အကြီးအကဲတွေ အကုန်လုံးကို အဆိပ်ခပ်သတ်ဖို့ကြံစည်ထားတယ်။ မြန်မြန်ပြန်ပြေး... အဘိုးနဲ့တခြားသူတွေကို ရအောင်သတိပေးပါ”

ထိုစကားများကို ပြောရင်း မျက်ဝန်းမှ မျက်ရည်များ စီးကျလာသည်။

ယနေ့ကိစ္စသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သူမကြုံတွေ့ခဲ့ရသည့် အကြီးမားဆုံးသောဒုက္ခဖြစ်ပုံရသည်။

သို့သော် လုံချန် သည် ထွက်ပြေးဖို့ပင် ဝေးစွ၊ တုတ်တုတ်မျှပင်မလှုပ်ချေ။ သူ့လိုလူက အမျိုးသမီးတစ်ယောက်ကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုန်းပြေးရမည်လား။ လုံးဝမဖြစ်နိုင်ပါ။

ဤအချိန်တွင် ပိုင်ရှီးချန် က ရုတ်တရက် အေးစက်စွာ ရယ်မောလိုက်သည်။ “လုံချန်၊ ဟုတ်စ...။ မင်းက သူပြောနေတဲ့လူပဲလား။ ကောင်းကင်ဘုံကိုသွားတဲ့လမ်းရှိပေမယ့် မင်းမသွားဘူး။ အဲဒီအစား ငရဲသွားမယ့်လမ်းကိုရွေးခဲ့တယ်။ ကောင်းပြီ၊ မင်းနဲ့ လင်ချင်း က ဒီနေ့အတူတူရှိနေတာဆိုတော့ မင်းရှေ့မှာ ပြပွဲကောင်းလေးတစ်ခုပြပေးလိုက်မယ်”

ယန်လင်ချင်း သည် လုံချန်အား သတိပေးထားပြီးဖြစ်သည့်တိုင်အောင် မတုန်မလှုပ်အမူအရာကြောင့် အလောတကြီးထပ်ပြောပါသည် “အစ်ကိုကြီး ချန်၊နင်က ယောက်ျားမဟုတ်ဘူးလား။ ပိုအရေးကြီးတဲ့အခြေအနေကို မစဉ်းစားတတ်ဘူးလား။ ငါတို့အဖိုးနဲ့ တခြားသူတွေရဲ့ ဘဝတွေက နင့်လက်ထဲမှာ ရှိနေတာပါ”

လုံချန် သည် သူ့ခေါင်းကို မော့ပြီး ယန်လင်ချင်း ကို စူးစူးရဲရဲ ကြည့်နေသည် ။ နှုတ်ခမ်းကို ဖွဖွဆွဲညှစ်ကာ မိန်းမငယ်လေးအား သူ့နောက်သို့ ဆွဲခေါ်လိုက်သည်။ ထို့နောက် ပြတ်သားသောအသံက ယန်လင်ချင်း၏ နားထဲသို့ ရောက်ရှိလာသည်။

“ကောင်မလေး၊ တစ်သက်လုံး မင်းအတွက် တစ်ကြိမ်ပဲ မတ်တပ်ရပ်ပေးခဲ့ဖူးတာ။ ဒါပေမဲ့ ဒါက တကယ်ကို ရှက်စရာကောင်းလိုက်တာ။ ဒီနေ့ ဒီလူက မင်းကို တကယ်ငိုအောင်လုပ်ခဲ့တာပဲ။ ကောင်းပြီ၊ မင်းမျက်ရည်ကျတဲ့အတွက် ငါ သူ့ကို သွေးထွက်အောင် လုပ်လိုက်မယ်...”

“အဘိုးနဲ့ တခြားသူတွေ အတွက်လား၊ သူတို့ နာရီဝက်လောက် အချိန်ရပါသေးတယ်”

သူ့လေသံက တည်နေသော်လည်း ဆုံးဖြတ်ချက်၊ ယုံကြည်မှုနှင့် ပြတ်သားမှုတို့ပါရှိသည်။ ထိုစကားများကြားသောအခါ ယန်လင်ချင်း လည်း အနည်းငယ်အားတက်လာသလို ခံစားလိုက်ရသည်။

လုံချန် က ဆက်ပြောလိုက်သည် “မင်းရဲ့အစ်ကိုကြီး က ကိစ္စတွေကို ကိုင်တွယ်နေတယ်။ မ​င်း နောက်ပြန်ဆုတ်ပြီး စောင့်ကြည့်နေ။ လူဆိုးတွေကို ဘယ်လိုသင်ခန်းစာပေးရမယ်ဆိုတာ ငါ့ဆီကနေ သင်ယူပါ”

ယန်လင်ချင်း က နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် လုံချန် က သူမကို ခပ်လှမ်းလှမ်းသို့ ညင်သာစွာတွန်းပို့လိုက်သည်။

လုံချန် သည် ယန်လင်ချင်းကို အရင်ဦးဆုံးထွက်မပြေးစေသောကြောင့် ပိုင်ရှီးချန် တစ်ယောက် အတော်လေးအံ့သြနေခဲ့၏။ သူက အသံခပ်တိုးတိုးနဲ့ပြောလိုက်သည် “လုံချန်၊ သာမာန်အခြေအနေမှာ သူ့ကို အရင်လွတ်အောင် မလုပ်သင့်ဘူးလား။ သေဖို့ပဲ နီးနေပြီ၊ ဒါပေမဲ့ မင်းရဲ့ ဦးနှောက်က အကန့်ပျက်နေမယ်လို့ ငါ မမျှော်လင့်ထားဘူး”

သို့ရာတွင် လုံချန် က ခေါင်းခါရင်းပြန်ပြောခဲ့သည် “ဒါက မင်းနဲ့ငါရင်ဆိုင်ရုံပဲလေ။ သူမကို လွတ်အောင် ထွက်ပြေးခိုင်းစရာမလိုပါဘူး။ ငါ့အတွက် နာရီဝက်လောက်ဆို လုံလောက်ပြီ။ မင်းဆိုတဲ့ ပိုင်ရှီးချန် က ကျော်ကြားခြင်းမြို့ရဲ့ ဒဏ္ဍာရီလို့ ငါကြားတယ်။ ဒီနေ့ မင်းရဲ့ ဒဏ္ဍာရီကို ငါ့ညီမရှေ့မှာ တစ်စစီဖြိုချပစ်လိုက်မယ်”

ပိုင်ရှီးချန် သည် လုံချန်အား ခဏကြာအောင် စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည် “ကောင်းပြီလေ။ ဒီလိုဆိုလဲ စမ်းကြည့်ပေါ့…”

သူက ရယ်မောရင်း ဖိအားလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။ အလားတူပင် လုံချန် ဆီကနေလည်း အစွမ်းထက်အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ ထိုခဏလေးအတွင်းမှာပဲ နှစ်ယောက်စလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဤအချိန်တွင် ယန်လင်ချင်း က ရှေးဟောင်းသစ်ပင်အိုကြီးတစ်ပင်၏ဘေးတွင် ပုန်းအောင်းနေပြီး ၎င်းတို့နှစ်ဦးကို ထိတ်လန့်တကြားကြည့်နေလေသည်။ လုံချန် သည် ပိုင်ရှီးချန် နှင့် အဆင့်မတူကြောင်းသိနေသည့်တိုင် ယခုတိုက်ပွဲအား ကျိန်းသေအနိုင်ရမည်ဟု အလိုလိုယုံကြည်နေမိသည်။

ဤအချိန်တွင် လုံချန် သည် ပိုင်ရှီးချန် ကို စိုက်ကြည့်နေသည်။ ပိုင်ရှီးချန် နှင့် အကြိမ်အနည်းငယ် အပြန်အလှန် ထိုးနှက်ပြီးနောက်တွင် ပိုင်ရှီဂျီး ထက် များစွာ သန်မာကြောင်း သတိထားမိလိုက်သည်။ ၎င်းက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ သို့ တက်လှမ်းထားပုံပါ။

ပိုင်ရှီးချန် ကလည်း ရပ်လိုက်ပြီး လုံချန် ကို ထိတ်လန့်စွာ ကြည့်နေလေသည်။ သူက “မင်းဟာ နဂါးသွေးကြောနယ်ပယ် အဆင့် ၅မှာ ရှိနေတယ်လို့ အားလုံးက ပြောကြပေမယ့် အဆင့် ၆ ဖြစ်နေမယ်လို့ မထင်ထားဘူး။ ဒါ့အပြင်ကိုမှ အဆင့် ၇ တောင်ရောက်တော့မယ်။ ဒါဆို ဘာဖြစ်သေးလဲ၊ ဒီအဆင့်နဲ့ပဲ မင်းငါ့ကို ရင်ဆိုင်ချင်တာလား။ အဆင့် ၈ ကနဦးအဆင့်ကိုရောက်နေတဲ့ငါနဲ့ဘယ်လိုလုပ်ပြီးယှဉ်နိုင်မလဲ”

လုံချန် အတွက်တော့ ပိုင်ရှီးချန် က သူကြုံတွေ့ဖူးသမျှ အပြင်းထန်ဆုံး ပြိုင်ဖက်ဖြစ်ကြောင်း ဝန်ခံရပေမည်။ မြေအောက်သွေးလိပ်ပြာဘုရင်၏ ခွန်အားက အလွန်ပြင်းထန်ပြီး ပိုင်ရှီးချန် ထက် အဆများစွာ အားကောင်း ပါသည်။ သို့သော်လည်း ပိုင်ရှီးချန် ကဲ့သို့ ကိုင်တွယ်ရန် မခက်ခဲပေ။

ပိုင်ရှီးချန် သည် သိုင်းပညာတွင် ဆယ်စုနှစ်ကျော်ကြာအောင် နှစ်မြှုပ်ခဲ့သည်။ ၎င်း၏ပါရမီနှင့်စွမ်းရည်သည် ပိုင်ရှီဂျီး ထက်ပင် ကြီးမားလှသည်။ လုံချန် ကိုယ်တိုင်ပင် ၎င်းကို ချက်ချင်း အနိုင်ယူရန် လွယ်ကူမည်မဟုတ်ပေ။

ဤအချိန်တွင် ပိုင်ရှီးချန် သည် ချစ်စဖွယ်ကောင်းသော ယန်လင်ချင်း ကို တစ်ဖန်ပြန်ကြည့်ကာ သူ့စိတ်ထဲတွင် ဒေါသများ ရုတ်တရက် ပြည့်နှက်သွားသည်။ သူ့မှာ လုံချန် နှင့် အချိန်မဖြုန်းလိုတော့သလို “မင်းဟာ တကယ်ကို ခက်ခဲတဲ့ ပြိုင်ဖက်ဖြစ်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ငရဲနတ်ဆိုးလက်ချောင်း ကလွဲရင် ငါ့ရဲ့ တခြားဘယ်နည်းစနစ်မှ မင်းကို မကိုင်တွယ်နိုင်ဘူး၊ ဒါ့ကြောင့် မင်းသေရမယ် ... “

“လာပြန်ပြီလား၊ နောက်ထပ် ဒီ ငရဲနတ်ဆိုးလက်ချောင်း ပဲလား...”

လုံချန် က သူ့ခေါင်းကို မြှောက်လိုက်ပြီး “မင်းက ငရဲနတ်ဆိုးလက်ချောင်း အဆင့် ၂ ထိရောက်နေပြီလို့ ငါကြားတယ်။ ဒီနေ့ စမ်းသုံးကြည့်ဖို့ ဆန္ဒရှိသလားလို့ တွေးမိတယ်”

ပိုင်ရှီးချန် လည်း အံ့အားသင့်သွားပြီး ချက်ချင်းရယ်မောလျက် “မင်းပြောတာကို ငါနားလည်ပါတယ်။ မင်းက လင်ချင်း ရှေ့မှာ သူရဲကောင်းတစ်ယောက်လိုသေချင်နေတာ မဟုတ်လား။ မင်းမှာ ခွန်အားတွေရှိနေသေးပုံပဲ။ ကောင်းပြီ၊ မင်းတောင်းဆိုတာကို ငါကျေကျေနပ်နပ် ဖြည့်ဆည်းပေးမယ်”

ဤအတောအတွင်း ယန်လင်ချင်း သည် နားမလည်နိုင်သောအကြည့်များဖြင့် လုံချန် အားစိုက်ကြည့်နေသည်။ “သူဘာလုပ်ဖို့ကြိုးစားနေတာလဲ”

ငရဲနတ်ဆိုးလက်ချောင်းသိုင်း၊ အဆင့် ၁

နတ်ဆိုးလက်အသွင်ပြောင်းခြင်း ၏စွမ်းအားက မိုးပြာနဂါးတံဆိပ် နှင့် အဆင့်တူဖြစ်သည်။ လုံချန် သည် ငရဲနတ်ဆိုးလက်ချောင်း အဆင့် ၂၏စွမ်းအားကို မည်သို့ပိတ်ဆို့နိုင်မည်နည်း။

သူမသည် လုံချန် ကို ယုံကြည်သော်လည်း ယခုအချိန်မှာတော့ နှလုံးသားတစ်ခုလုံး ပြောင်းဆန်နေတော့သည်။

ပိုင်ရှီးချန် ကတော့ ယန်လင်ချင်း ကို မကြာခင်အပိုင်ရတော့မည်မှန်း ခံစားမိသည့်အလား အလွန်စိတ်လှုပ်ရှားသွားသည်။

သေခြင်းတရားကို မကြောက်တတ်သော အရူးလုံချန် ကို အေးစက်စွာ ကြည့်ကာ သူ့ညာလက်၏ လက်ခလယ်ကို တဖြည်းဖြည်း ဆန့်ထုတ်လိုက်သည်။ လက်ချောင်းထိပ်မှ အနက်ရောင်စွမ်းအင်စီးကြောင်းတစ်ခု ချက်ချင်း လင်းလာသည်။ ထို့အတူ အားကောင်းသော အရှိန်အဝါက ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားသည်။

ဤစွမ်းအင်စီးကြောင်း လင်းလက်လာသည် နှင့်အမျှ စူးရှသော လေချွန်သံများ ထွက်လာပြီး ပတ်ဝန်းကျင်ရှိ ဖိအားက ပို၍အားကောင်းလာပုံရသည်။ တခဏလေးအတွင်းမှာပင် ကြီးမားသော ဝဲကတော့တစ်ခု ပေါ်လာတော့သည်။ ပိုင်ရှီးချန်၏ မျက်လုံးများ အေးစက်လာပြီး လုံချန် ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။ သူသည် အဆင့် ၂ ငရဲနတ်ဆိုးလက်ချောင်း ဖြင့် တိုက်ခိုက်ခါနီးတွင် လုံချန် သည် ၎င်း၏ လက်ဝါးနှစ်ဖက်ကို ယှက်၍ စည်းတံဆိပ်ကို လျင်မြန်စွာဖွဲ့စည်းနေကြောင်း မြင်လိုက်လေသည်။

“မင်းဟာ တကယ်ပဲ ဆယ်ရက်လောက်အတွင်းမှာ မိုးပြာနဂါးတံဆိပ်ကို လေ့ကျင့်ထားနိုင်တာပဲ။ ဒါက ငါ မင်းကို အသက်ရှင်လျက်မထားနိုင်ရတဲ့ အကြောင်းရင်း ပိုများတယ်လာစေတယ်”

သူ့စိတ်ထဲတွေးပြီးသည်နှင့် ငရဲနတ်ဆိုးလက်ချောင်း အဆင့် ၂ ၏စွမ်းအားကို အကန့်အသတ်ထိ ထုတ်လွှတ်လိုက်ပါတော့သည်။ အနက်ရောင် စွမ်းအင်ဝဲကတော့ကြီးဟာ ရုတ်တရက် ကျယ်ပြန့်လာကာ ပတ်ဝန်းကျင်အား ဖိနှိပ်လေတော့သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်ရင်း သူ၏လက်ချောင်းကို လုံချန် ဆီသို့ ထိုးချလိုက်သည်။

“ငရဲနတ်ဆိုးလက်ချောင်းသိုင်း၊ အဆင့် ၂ အဝါရောင်စမ်းချောင်းကိုးသွယ်”

ပတ်ဝန်းကျင်ရှိ အရာများ တဝုန်းဝုန်းပြိုကျလာသည်။

မြေတုန်မတတ်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် လုံချန်၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။

ပိုင်ရှီးချန်၏ အသေသတ်တိုက်ကွက်ကို စိတ်မဝင်စားပေ။ ယင်းအစား သူ၏ စည်းတံဆိပ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့သာ အာရုံစိုက်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲကနေ အလွန်တရာမှကိုပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ထို့အတူ သူ့လက်ချောင်းများကြား၌ အနီရောင်အဖျော့အလင်းကြောင်း ၉ ခု ဖျပ်ခနဲလင်းလက်လာလေသည်။

စည်းတံဆိပ်ကို ဖန်တီးပြီးသွားပုံပင်၊ လုံချန်၏လက်ချောင်းများကြားကနေ သွေးနီရောင်နတ်နဂါး ၉ ကောင် ပေါ်လာသည်။

ယန်လင်ချင်း သည် အစပိုင်းမှာ လုံချန် ကိုအမြန်ရှောင်ဖို့အော်ပြောချင်သော်လည်း သွေးနီရောင်နတ်နဂါး ၉ ကောင်ကို မြင်လိုက်သဖြင့် မျက်လုံးတွေပင်ပြူးကျယ်သွားခဲ့လေသည်။ ဤကဲ့သို့မြင်ကွင်းကို အရင်ကလည်း မြင်ဖူးထားလို့ပါ။ သူမ၏ ဦးရီးတော် ယန်ချင်းရွှမ် တိုက်ခိုက်သည့်အချိန်ကဖြစ်ခဲ့သည်။ ၎င်းသည် အခြားမဟုတ်ပေ၊ မိုးပြာနဂါးတံဆိပ်၏ အပြင်းထန်ဆုံးအဆင့် တိုက်ခိုက်မှုပါ။

“ထိုက်ချွမ် နဂါးတံဆိပ်(နတ်နဂါးကိုးကောင်တိုက်ခိုက်မှု)”

Translated By NyiNyiSoe

All Chapters