အခန်း (၃၇-၃၉)
Vol. 3 Ch. 37-39
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 37)
ဘာသာပြန်သူ - ညီညီစိုး
ဤသို့ဖြင့် ....
မိသားစုကြီးနှစ်ခု ကြားက ရန်ငြိုးဖွဲ့စစ်ပွဲသည် ပြီးဆုံးသွားပုံရ၏။
ဖျက်ဆီးခံရလုနီးနီးဖြစ်နေသည့် ယန်မိသားစုသည် လုံချန်ရုတ်တရက်ရောက်လာပြီး ကယ်တင်ခဲ့သည့်အတွက် သက်သာရာရသွားခဲ့လေသည်။
လုံချန် သည် ပိုင် မိသားစု၏ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်ရုံသာမကဘဲ နောင်အနာဂတ်မှာ ယန်မျိုးနွယ်အား ထိခိုက်ခွင့်မပြုစေရန် တစ်ပါတည်းလုပ်ဆောင်ပေးခဲ့လေသည်။ ဤအချိန်တွင် ယန် မိသားစုဝင်တွေအားလုံးသည် လုံချန်အား လုံးဝခြားနားသော အမြင်များဖြင့် ကြည့်လိုက်ကြသည်။
သူတို့၏မျက်လုံးတွေထဲမှာ လေးစားအားကျမှု၊ ကျေးဇူးတင်မှုသာမက ကြောက်ရွံ့မှုများပင် ရှိနေခဲ့သည်။
အတိုချုပ်အားဖြင့်တော့ ယန်ဘိုးဘေးကြီး ဟာ သူ့သွေးသောက်ညီအစ်ကိုဖြစ်သူ၏ ထောင်ချောက်မိကာ မျိုးနွယ်စုတစ်ခုလုံး ဖျက်ဆီးခံရခါနီးဖြစ်သွားခဲ့သည်။
ဤအချိန်တွင် သူသည် ပိုင် မိသားစုခေါင်းဆောင်အား နောက်ထပ် လှည့်၍ပင်မကြည့်တော့ပေ။ မှုန်ကုပ်ကုပ်အမူအရာဖြင့် ယန် မိသားစုဝင်များကို ဦးဆောင်လျက်ခန်းမထဲမှ ထွက်ခွာလိုက်သည်။
“ကျန်းအာ၊ ဘယ်အချိန်မှာမှ ငါမင်းအတွက် လက်စားချေခွင့်ရမှာလဲ။ သူက အဆင့် ၇ နဂါးသွေးကြောနယ်ပယ် ကိုတောင် အသာလေးနဲ့သတ်ပစ်လိုက်တယ်။ နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲ မတိုင်ခင် သူ့ကို လုံးလုံးမထိဘူးလို့ အဖေ့ကို ကတိပေးထားတာ။ ဒါပေမဲ့ အခုတော့ နတ်ဆိုးအမဲလိုက်ပြိုင်ပွဲလည်း ပြီးဆုံးသွားပြီ။ ဒီတော့...
“ဒီညပြီးတာရင် ငါ သူ့ကို ရန်သူလို့မသတ်မှတ်တော့ဘူး၊ ဒါတောင်မှ လက်ရှိငါ့ခွန်အားနဲ့ဆို သူ့ကိုဘယ်တော့မှသတ်နိုင်မှာမဟုတ်ဘူး”
“ကျန်းအာ၊ ငါဘာလုပ်သင့်တယ်ထင်လဲ။ မင်းသူ့ကိုမုန်းလား။ ဟုတ်တယ်၊ ငါလည်း သူ့ကိုမုန်းတယ်။ ဒါပေမဲ့ ဒီနေ့မှာ သူက ယန် မျိုးနွယ်စုကြီးတစ်ခုလုံးကို ဖျက်ဆီးခံရမယ့်အရေးကနေ ကယ်တင်လိုက်ပြီ …”
ယန်ယွန်ထျန်း သည် သူ၏သားဖြစ်သူ ဖြစ်ခဲ့သမျှကို ပြန်တွေးပြီး သူ့နှလုံးသားထဲမှာ မုန်းတီးမှုများ ကြီးထွားလာခဲ့သည်။ ဤအချိန်ထွက်သွားပြီးသည်နှင့် နောင်တွင် လုံချန်အား ရင်ဆိုင်ဖို့မဖြစ်နိုင်တော့လို့ပါ။အံတင်းတင်းကြိတ်ရင်း သူ၏မျက်လုံးတွေထဲ ရူးသွပ်မှုတွေ ပြည့်နေသည်။
အမှန်တော့ ယန်ယွန်ထျန်း သည် လုံချန် နှင့် ခြေလှမ်းနှစ်လမ်းလောက်သာ ဝေးလေသည်။ ရုတ်တရက်ဆိုသလိုပဲ လုံချန် ဖက်သို့ လှည့်လိုက်ပြီး လက်သီးဖြင့် အားကုန်ထိုးချလိုက်တော့သည်။
ယန်ယွန်ထျန်း ရုတ်တရက်တိုက်ခိုက်လာသောကြောင့်လုံချန် လည်း ရှောင်ချိန်မရလိုက်ပေ။ သူ့လက်နှစ်ဖက်ကို အမြန်ဆန့်ပြီး တတ်နိုင်သမျှ တားဆီးလိုက်ပါသည်။
သို့သော်ငြားလည်း အမြန်လှုပ်ရှားရသည်ဖြစ်ရာ သူ့ကိုယ်သူ အပြည့်ကာချိန်မရလိုက်ပေ၊ တန်ပြန်အားလှိုင်းကြောင့် လုံချန်၏ ခန္ဓာကိုယ်ဟာ ပိုင် မိသားစု၏ခန်းမထဲသို့ နောက်ပြန်လွင့်ထွက်သွားလေသည်။
ဤရုတ်တရက်ဆန်သော အခြေအနေကြောင့် လူတိုင်း အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ပိုင် မိသားစုဖက်ခြမ်းရှိ လူတိုင်းဟာ ယန်ကလန်၏ ယန်ယွန်ထျန်းကို လှမ်းကြည့်ရင်း ဒေါသတကြီးရယ်မောလိုက်ကြသည်။
“ဒုတိယအစ်ကို၊ နင်ရူးနေပြီလား”
လုံချန် ကိုယ်တိုင်လည်း အလွန်ထိတ်လန့်သွားသည်။ ယန် မိသားစု၏ ထိပ်သီးပညာရှင် သုံးဦးစလုံး သူ့နောက်ကနေ အပြေးလိုက်လာသည့်တိုင် အနည်းငယ်နောက်ကျခဲ့သည်။ လုံချန် သည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူနှင့်အနီးဆုံးမှာရှိနေသော ပိုင်ကျန်းရှောင် ထံမှ လှောင်ပြောင်ရယ်မောသံ နှင့်အတူစိတ်လှုပ်ရှားနေတာကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ သူ့လက်ချောင်းထိပ်ကနေ အနက်ရောင်စွမ်းအင်စီးကြောင်းတစ်ခု ရုတ်တရက်လင်းလက်လာသည်။ ၎င်းက ပိုင်ရှီဂျီး အသုံးပြုချိန်ကထက်ပို၍အားကောင်းလေသည်။ အနည်းဆုံး ဆယ်ဆခန့်ပိုပြီးပြင်းထန်ခဲ့သည်။
လုံချန် လည်း အနည်းငယ်တော့ထိတ်လန့်သွား၏။ တစ်ချိန်တည်းမှာပင် သူ့နောက်ကွယ်မှ ယန်ရွဲ့ချင် နှင့် အခြားသူများ၏ စိုးရိမ်တကြီးသတိပေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ လုံချန် သည် ကြယ်ကြွေနတ်လက်သီး ကို အမြန်ထုတ်ဖော်လိုက်ရင်း လက်နှစ်ဖက်ကိုဖြန့်ကာ ထိုက်ချွမ်နဂါးတံဆိပ်ကို အလျင်အမြန်ဖန်တီးလိုက်၏။
ဤအချိန်မှာ လူတိုင်းကို ပိုပြီးအံ့သြသွားစေသည့်အရာကတော့ လုံချန်၏ ကြယ်ကြွေနတ်လက်သီးဟာ တိုက်ခိုက်နေရင်း ထူးဆန်းစွာပြောင်းလဲသွားလို့ပါ။ ထို့အပြင် လုံချန်၏ လက်ဝါးနှစ်ဖက်စလုံး လျင်မြန်သွက်လက်စွာလှုပ်ရှားနေလေသည်။ အမှန်တော့ သူက ထိုက်ချွမ်နဂါးတံဆိပ် ကို အင်အားအပြည့်ဖန်တီးနေတာဖြစ်သည်။
ဤအခိုက်အတန့်တွင် အစပိုင်းက လုံချန် ကိုအစိုးရိမ်လွန်ပြီး မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသည့် ယန်ရွဲ့ချင် သည် အံ့အားသင့်ကာ မျက်လုံးတွေပင် ပြူးကျယ်လာလေသည်။ ထို့အတူ တစ်ချိန်တည်းမှာပဲ လုံချန်၏လက်ဝါးနှစ်ဖက်ကနေ ကြောက်မက်ဖွယ်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ထို့နောက် သွေးနီရောင်အလင်းတန်း ၉ ခု ဖြာထွက်လျက် နတ်နဂါးကိုးကောင် အဖြစ်ပြောင်းလဲသွား၏။ ဤကြီးမားလှသောအရှိန်အဝါက ယန်မိသားစု၏ ထိပ်သီးကျင့်ကြံသူ ၃ ဦးအား တုန်လှုပ်စေခဲ့သည်။
“ထိုက်ချွမ်(နတ်နဂါးကိုးကောင်)နဂါးတံဆိပ် လား။ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ဒီလို....ဒီလိုမျိုး အဆင့်ထိရောက်အောင် ငါတောင်မှ မဖန်တီးနိုင်ဘူးလေ...”
မယုံနိုင်စရာကောင်းလွန်းသော မြင်ကွင်းကြောင့် ယန်မိသားစုဘိုးဘေးကြီး၏ နှလုံးသားဟာ တုန်လှုပ်ခြောက်ခြားနေပါသည်။
အတိတ်တစ်ချိန်က သူသည် မိုးပြာနဂါးတံဆိပ်ကို လျှို့ဝှက်ဆန်းကြယ်သောနယ်မြေတစ်ခုမှ ရရှိလာခြင်းဖြစ်သည်။ ထို့နောက် နှစ်ပေါင်းများစွာလေ့ကျင့်ခဲ့ပြီးမှ အသုံးချနိုင်ခဲ့၏။ သို့သော် ယခုလက်ရှိ လုံချန်လိုမျိုးအသုံးချနိုင်မည်ဟု မထင်ခဲ့ပေ။
သို့သော် လုံချန် ကတော့ သူ့လည်ပင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နဂါးဆွဲသီးကြောင့် အသုံးချနိုင်နေမှန်း ကောင်းကောင်းသိထားလေသည်။ ၎င်းက မိုးပြာနဂါးတံဆိပ်ကို အချိန် ၁၀ ရက်ခန့်အတွင်း လေ့လာသင်ယူနိုင်ရသည့် အကြောင်းအရင်းလည်းဖြစ်သည်။
ဒဏ်ရာရနေသည့်တိုင်အောင် လုံချန်၏ တိုက်ခိုက်မှုအရှိန်က အလွန်မြန်ဆန်နေပါသေးသည်။ ပိုင်ကျန်းရှောင်၏ ငရဲနတ်ဆိုးလက် ဒုတိယအဆင့်တိုက်ခိုက်မှုကိုမြင်သောအခါ လုံချန်၏မျက်လုံးထဲမှာ အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ရုတ်တရက် သူ၏လက်ဝါးနှစ်ဖက်ကို ရှေ့သို့ ပြိုင်တူတွန်းထုတ်လိုက်သည်။ လက်ဝါးနှစ်ဖက်ကနေ ပြင်းထန်သောစွမ်းအားလှိုင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့အတူ အနီရောင်ဖျော့ဖျော့ စွမ်းအင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး နဂါးတစ်ကောင်ပုံသဏ္ဍာန်ပြောင်းလဲသွား၏။
ထို့နောက်.....
ပိုင်ကျန်းရှောင်၏ ငရဲနတ်ဆိုးလက်ချောင်း ထံ တည့်တည့်တိုးဝင်သွားသည်။
ဘုန်း....
အဆင့် ၈ နဂါးသွေးကြောနယ်ပယ်ပညာရှင်၏တိုက်ခိုက်မှုသည် သာမန်မဟုတ်ပါ။ တိုက်ခိုက်နှစ်ခု ထိပ်တိုက်တွေ့ဆုံသည်နှင့် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ဘန်း...
လုံချန်၏ခန္ဓာကိုယ်သည် ချက်ချင်းပင် လွင့်ပျံထွက်ကာ ခန်းမနံရံနှင့်ပြေးရိုက်သွားသည်။ ခန်းမနံရံကြီးတစ်ခုလုံး တစ်စစီပြိုကျလာခဲ့သည်။
ထူးဆန်းစွာပင် လုံချန်သည် ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။ သို့သော်လည်း ပိုင်ကျန်းရှောင်က သူ့အား ဆက်တိုက်ဖိနှိပ်ထားခဲ့၏။ လုံချန် အတွက်ကတော့ ပိုင်ကျန်းရှောင်၏ သန်မာသောခွန်အားကို ရင်ဆိုင်နေရသည့်တိုင် အလွယ်တကူအရှုံးပေးမှာမဟုတ်ပေ။
ဤအခိုက်အတန့်တွင် ယန်မိသားစုနှင့် ပိုင်မိသားစုတို့၏ လက်ထပ်ပွဲသို့ရောက်ရှိလာသော ဧည့်သည်တော်များသည် ကျယ်လောင်သောပေါက်ကွဲသံများကြောင့် ထိတ်လန့်ကုန်ကြသည်။ လူတိုင်း အပြင်ကိုပြေးထွက်လာကြသည်။ ထို့နောက် သူတို့မြင်လိုက်ရသည့်မြင်ကွင်းကြောင့် လူတိုင်းဟာ ကျယ်လောင်သောဆူညံသံများနှင့်အတူ ပြောဆိုကြတော့သည်။
“ဘာဖြစ်နေတာလဲ။ ပိုင် မိသားစုနဲ့ ယန် မိသားစုက ဆွေမျိုးတွေ မဟုတ်ဘူးလား။ ဘာလို့ အသေအကြေတိုက်ခိုက်နေကြတာလဲ”
“ပိုင်မိသားစုခေါင်းဆောင် က ယန်ဘိုးဘေးကြီးကိုတိုက်ခိုက်နေတယ်။ပြီးတော့ အဲဒါက ယန်ရွဲ့ချင် နဲ့ ပိုင်ကျန်းဖုန်း တို့လဲတိုက်ခိုက်နေတာလား။ ခဏနေ.... ပိုင်ကျန်းရှောင်လဲပါသေးတယ်၊ သူက ဘယ်သူနဲ့တိုက်ခိုက်နေတာပါလိမ့်”
“အိုး....၊ ငါသိပြီ။ သူက ယန်စန်းနန်(လုံချင်းလန်)ရဲ့သားမဟုတ်လား။ မကြာသေးခင်ကမှ တဟုန်ထိုးသန်မာလာတဲ့ ယန်မိသားစုရဲ့ တတိယမြေးလေ။ ဒါပေမဲ့ သူက ပိုင်ကျန်းရှောင်ကို တကယ်ပဲတိုက်ခိုက်ရဲတာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
“သောက်ကျိုးနည်း ၊ ဒီကမ္ဘာမှာ ဘာဖြစ်နေတာလဲ”
“ကြည့်လိုက်စမ်း။ ပိုင်မိသားစုခေါင်းဆောင် နဲ့ ပိုင်ကျန်းဖုန်းတို့က တားဆီးဖို့ဟန်ပြလောက်ပဲတိုက်ခိုက်နေတာထင်တယ်။ ပိုင်မိသားစုက အဲဒီကလေးကိုတကယ်သတ်ချင်နေတာများလား။ ဒါပေမဲ့ ဘာကြောင့်လဲ။ ငါကြားတာတော့ သူက ပိုင်ကျန်းရှောင်ရဲ့သားနှစ်ယောက်စလုံးကို ဒုက္ခိတဖြစ်အောင် လုပ်လိုက်တာတဲ့။ ဒါအမှန်ပဲထင်တယ်”
“အဲဒါကြောင့် မိသားစုကြီးနှစ်ခုကြားမှာ စစ်ပွဲစတော့မှာလား”
“ဒါဆိုရင်တော့ ဒီကလေးက သေချာပေါက်အသတ်ခံရလိမ့်မယ်”
ယန်မိသားစုဖက်မှာတော့ လူတိုင်းက လုံချန် ကို စိုးရိမ်တကြီးကြည့်နေရင်း ယန်ယွန်ထျန်းကိုပါစားတော့ဝါးတော့မတတ် ကြည့်နေကြလေသည်။ ယခုလက်ရှိ အခြေအနေဟာ ယန်ယွန်ထျန်း ကြောင့်ပင်မဟုတ်ပါလား။
ဤအချိန်တွင် ယန်လင်ချင်း ကလည်း အဖေဖြစ်သူအား မယုံကြည်နိုင်စွာကြည့်ကာ “အဖေ၊ သူက ငါ့အစ်ကိုကိုသတ်ခဲ့တာ ငါသိပါတယ်။ ဒါပေမဲ့ ဆိုလိုတာတာက လက်စားမချေဖို့မဟုတ်ဘူး၊ တကယ်တော့ ဒီနေ့မှာ ယန်မိသားစုတစ်ခုလုံး အသက်ရှင်နေတာက သူ့ကြောင့်ပဲ။ သူသာ လာမကယ်ရင် ငါတို့အကုန်လုံး ငရဲပြည်ကိုရောက်နေလောက်ပြီ။ ဒီအချိန်မှာ ဒီလိုလုပ်ရပ်မျိုးက တကယ်ပဲသင့်တော်တယ်ထင်နေသလား”
သမီးဖြစ်သူ၏ အမေးအမြန်းနှင့် သူ့မျိုးနွယ်စုဝင်တွေအားလုံးထံမှ ဒေါသတကြီးအကြည့်များကို မြင်လိုက်ချိန်မှာတော့ ယန်ယွန်ထျန်းဟာ မျက်နှာပင်မပြရဲလောက်အောင် ရှက်ရွံ့သွားသည်။ သူသည် မိသားစုဝင်တစ်ယောက်ချင်းစီကိုပင် မျက်နှာချင်းမဆိုင်ဝံ့လောက်အောင်ပါ။
သို့သော် ရုတ်တရက်ဆိုသလိုပဲ ယန်မိသားစုဝင်တွေအားလုံးဟာ အံ့အားသင့်စွာ အော်ဟစ်ကြလေသည်။ယန်ယွန်ထျန်း လည်း ခေါင်းမော့ကြည့်လိုက်ရာမှာတော့ ချက်ချင်း ထိတ်လန့်သွားသည်။
“ထိုက်ချွမ်နဂါးတံဆိပ် လား...”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကလေးက အဆင့် ၆ မှာပဲရှိနေသေးတာလေ။ ထိုက်ချွမ်နဂါးတံဆိပ် ကို သူဘယ်လိုလုပ် အသုံးချနိုင်တာလဲ”
“ဘာ...”
ပိုင်မိသားစုခေါင်းဆောင်၊ ပိုင်ကျန်းဖုန်းတို့အဖွဲ့နှင့်တိုက်ခိုက်နေသော ယန်ဘိုးဘေးအပါအဝင် အကြီးအကဲတွေဟာ လုံချန် ကို အလွန်ထိတ်လန့်စွာ ကြည့်နေကြသည်။
“သူ....သူက အဆင့် ၆ ခွန်အားလေးနဲ့ အဆင့် ၈ ရောက်မှသင်ယူနိုင်တဲ့ ထိုက်ချွမ်နဂါးတံဆိပ်ကို အသုံးချနိုင်နေပြီလား။ ဒီလုံချန် က တကယ်ပဲ ကောင်းကင်ဘုံကိုအန်တုနေတာပဲ”
တစ်ချိန်တည်းမှာပင် ပိုင်မိသားစုဖက်ခြမ်း၌လည်း ထိတ်လန့်သွားကြသည်။ ထို့အတူ လုံချန်ကိုတစ်ခါတည်းအသေသတ်ရန်ပါ ဆုံးဖြတ်လိုက်ကြလေသည်။ မဟုတ်လျှင် အနာဂတ်မှာ လုံချန်၏လက်ချက်ဖြင့် ပိုင်မိသားစုတစ်ခုလုံး သုတ်သင်ခံရနိုင်သောကြောင့်ပါ။
“ဒီလို ကောင်းကင်ကို စိန်ခေါ်နေတဲ့ ဘီလူးတစ်ကောင်...၊ ငါ့ ပိုင်မိသားပိုင်ထဲက ကလေးတစ်ယောက်သာဆိုရင် သူ့ကို ငါ့အသက်နဲ့လဲပြီးကာကွယ်ပေးလိုက်မယ်။ အခုတော့ ....”
ဤအချိန်တွင် ပိုင်ကျန်းရှောင် တစ်ယောက်လည်း မျက်လုံးထဲမှာ ရူးသွပ်မှုတွေ ပြည့်နှက်နေခဲ့သည်။
သူ့ရှေ့ရှိ လူငယ်လေး၏ အရည်အချင်းဟာ လုံးဝကိုမနာလိုဖြစ်စရာပင်မဟုတ်ပါလား။ အတိတ်က လုံချင်းလန်ကို ပြန်မြင်နေရသည့်အတိုင်းပါ။ ထို့အတူ သူ့ရင်ထဲရှိ သတ်ဖြတ်ချင်စိတ်ဟာ ပိုပိုပြီးတိုးလာလေတော့သည်။
“ကောင်လေး မင်းသေကိုသေရမယ်”
“ငရဲနတ်ဆိုးလက်ချောင်း၊ အဆင့် ၂ အဝါရောင်စမ်းချောင်းကိုးသွယ် ပိတ်လှောင်ခြင်း...”
###Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 38)
ဘာသာပြန်သူ - ညီညီစိုး
ပိုင်ကျန်းရှောင် သည် ငရဲနတ်ဆိုးလက်ချောင်း၏ ငရဲစမ်းချောင်း (အဝါရောင်စမ်းချောင်း)ကိုးသွယ်ကို ထုတ်သုံးလိုက်ကြောင်း မြင်သောအခါ ယန်ရွဲ့ချင်၏မျက်လုံးများသည် စိုးရိမ်စိတ်များ ပြည့်နှက်နေခဲ့သည်။ ဤအချိန်တွင် ပိုင်မိသားစုခေါင်းဆောင် က တဟားဟားရယ်မောပြီး ပြောခဲ့သည် “ယန်ကန်းချောင်၊ မင်းက တကယ်ကံမကောင်းပါဘူး။ ယန်မိသားစုမှာ ဒီလိုမျိုး ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်တစ်ယောက်ရှိတာ တကယ်ကံကောင်းပါတယ်လေ။ဒါပေမဲ့ အခုတော့ အသတ်ခံရတော့မယ်၊ သူနဲ့တိုက်ခိုက်နေတာက အဆင့် ၈ နဂါးသွေးကြောနယ်ပယ်ပညာရှင်နော်”
“ခွေးကောင်၊ လူယုတ်မာ....”
ယန်မိသားစု၏ဘိုးဘေးကြီး သည် ဒေါသတကြီးကျိန်ဆဲခဲ့သည်။ သို့သော် သူတတ်နိုင်တာ ဘာမှမရှိပေ။ ပိုင်မိသားစုခေါင်းဆောင်က သူ့ကို တားဆီးထားလို့ပါ။
ယန်ချင်းရွှမ် ကိုလည်း ပိုင်ကျန်းလုံ က တားဆီးထားသည်ဖြစ်ရာ လုံချန်ကို တစ်ယောက်မှ မကူနိုင်ကြပေ။
သို့သော်လည်း လုံချန် သည် အကြောက်အလန့်မရှိဘဲ ထိုက်ချွမ်နဂါးတံဆိပ် ကို စွမ်းအားအပြည့်ဖန်တီးလိုက်သည်။ သူ၏အားကောင်းသောတိုက်ခိုက်မှုကိုမြင်သောအခါ လူတိုင်း အထပ်ထပ်အခါခါချီးမွမ်းရုံသာ။ သူ့အသက်အရွယ်နှင့် ခွန်အားအရ ထိုက်ချွမ်နဂါးတံဆိပ် ကို အသုံးပြုရန်ကား မဖြစ်နိုင်သလောက်ပင်။
သွေးနဂါး ၉ ကောင်သည် ပြင်းထန်သောအငွေ့အသက်များ ထုတ်လွှတ်လျက် ပိုင်ကျန်းရှောင်၏ အဝါရောင်စမ်းချောင်း ကိုးသွယ် ထံ တည့်တည့်တိုးဝင်သွားသည်။
ဘုန်း...
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ပြင်းထန်သောဖိအားလှိုင်းက ထိုက်ချွမ်နဂါးတံဆိပ်ကို ချိုးဖျက်ကာ လုံချန် ထံဖိချလိုက်သည်။
အုန်း....
လုံချန်၏ခန္ဓာကိုယ်သည် ရုတ်တရက် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ပါးစပ်ကနေ သွေးအန်ထွက်ကာ လွင့်ပျံထွက်သွားခဲ့သည် ။
“ချန်အာ....”
အာမေဋိတ်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ယန်မိသားစု၏ဘိုးဘေးကြီး နှင့် ယန်ရွဲ့ချင် တို့၏မျက်နှာတွေဟာ ဖြူရော်သွားကြသည်။ နှစ်ယောက်စလုံးက ပြိုင်ဖက်တွေကို အပြင်းအထန်တိုက်ခိုက်ကြတော့သည်။
“ချန်အာ...”
ဤသတိပေးသံကြောင့် လုံချန် သည် နိုးထလာပုံရသည်။ အသံပိုင်ရှင်က ယန်ရွဲ့ချင် မှန်း ကောင်းကောင်းသိနေလို့ပါ။ သူ ငယ်ငယ်ကတည်းက ယန်ရွဲ့ချင် ဆီကနေ ယခုလိုမျိုး စိုးရိမ်တကြီးခေါ်သံကို တစ်ခါမှမကြားဖူးပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာဒဏ်ရာရနေသည့်တိုင်အောင် အမေဖြစ်သူ၏အသံကြောင့် စွမ်းအားများပေါက်ကွဲထွက်လာသလိုခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပဲ ဒေါသတကြီးကြုံးဝါးရင်း မြေကြီးပေါ်ကနေ ကုန်းရုန်းထလိုက်သည်။
ဤအခိုက်အတန့်တွင် ပိုင်ကျန်းရှောင် က အေးစက်စက် ရယ်မောလိုက်ပြီး “အဲဒီအသုံးမကျတဲ့ကောင် က အရက်စွဲနေတယ်လို့ ငါကြားလိုက်တယ်၊ ဒါကြောင့် သူသောက်မယ့်အရက်ထဲကို တစ်ခုခုထည့်ခိုင်းလိုက်တာပဲ။ အခုတော့ သူ့မိန်းမနဲ့ လက်ထပ်နိုင်ခဲ့တယ်”
ပိုင်ကျန်းရှောင် ပြောလိုက်သည့်စကားက လုံချန် ကို ပြင်းထန်သောစွမ်းအားလှိုင်းတစ်ခု ထိမှန်သွားသလိုပင်။ အဖေဖြစ်သူအကြောင်း သူပြန်တွေးမိလိုက်လို့ပါ။ လုံချင်းလန် မသေဆုံးခင်က မျက်နှာတစ်ခုလုံး မည်းနက်နေခဲ့သည်မဟုတ်ပါလား။ ၎င်းက အဆိပ်ခတ်ခံထားရမှန်းသိသာပါသည်။ သူ့လိုအရူးတစ်ယောက်ကသာ ထိုအချိန်က သတိထားရကောင်းမှန်းမသိတာဖြစ်သည်။
ယခင်အဖြစ်အပျက်များကို ပြန်သတိရသွားသောအခါ
သူ့အဖေ၏ သေဆုံးမှုဟာ ပိုင်ကျန်းရှောင် လုပ်ကြံခဲ့မှန်း ရုတ်တရက်သိလိုက်ရသည်။ “တကယ်ပဲ ဖြစ်နေတာကိုး။ လက်စသတ်တော့ ငါ့အဖေသေတာနဲ့ ပိုင်ကျန်းရှောင် က ယန်မိသားစုကိုလာပြီးတော့ လက်ထပ်ဖို့ကမ်းလှမ်းခဲ့တာ အံ့သြစရာမရှိတော့ဘူး”
လုံချန် သည် ပိုင်ကျန်းရှောင်၏ ဆိုးယုတ်သော အပြုံးကို စိုက်ကြည့်နေရာမှ သူ့မျက်လုံးတွေထဲမှာ သွေးရောင်လွှမ်းလာခဲ့သည်။ ဤအချိန်တွင် လုံချန်၏ခေါင်းပေါ်ရှိ ဆံပင်ရှည်များပင် သွေးရောင်ပြောင်းသွားခဲ့လေသည်။
တစ်ဆက်တည်းမှာပဲ လုံချန်၏ခန္ဓာကိုယ်မှ ပြင်းထန်သောအရှိန်အဝါများ နှင့်အတူ ကြောက်မက်ဖွယ်ရာသတ်ဖြတ်ခြင်းစိတ်ဆန္ဒများ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“ဟုတ်လား။ ဒါဖြင့် မင်းဟာ ငါ့အဖေကို လုပ်ကြံခဲ့တာပေါ့”
အဖြစ်မှန်ကို အမှန်တိုင်း ကြားလိုက်သောကြောင့် လုံချန်၏တစ်ကိုယ်လုံးဟာ သွေးများ ပွက်ပွက်ဆူလာလေတော့သည်။ သူ့နှလုံးသားထဲကနေ ပြင်းထန်သောသတ်ဖြတ်ချင်စိတ်ပင် ခံစားနိုင်သည်။ ဒေါသကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကနေ သွေးနီရောင်အလင်းတန်းများ အဆက်မပြတ် ဖြာထွက်လာခဲ့သည်။ ဤအချိန်တွင် လုံချန် သည် သွေးနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရ၏။
ဤအခိုက်အတန့်တွင် ပိုင်ကျန်းရှောင် သည်လည်း လုံချန် နှင့်ပတ်သက်၍ တစ်ခုခုမှားနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူအထင်မှားနေသည်ဟုသာ ယူဆလိုက်ပါသည်။ သူသည် လုံချန် ဆီကနေ လာသော အကူအညီမဲ့နေသည့်အကြည့်များကို အလွန်ကျေနပ်အားရမိသည်။
“တကယ်တော့ သူသေသင့်တာကြာပြီ။အဲဒီတုန်းက သူ့ကိုသေခွင့်ပေးလိုက်တာ အရမ်းသနားစရာကောင်းနေလို့ပဲ။ မင်းလည်း သေသင့်တယ်၊ ဒါပေမဲ့ မတော်တဆမှုလေးတစ်ခုတော့ ရှိခဲ့တယ်။ မင်းက လူအနည်းငယ်နဲ့ တင် သတ်လို့ရနိုင်တဲ့ အမှိုက်တစ်စလို့ ငါထင်ခဲ့တာပဲ။ မင်းဒီလောက်ထိ ခံနိုင်ရည်ရှိဖို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ မထူးပါဘူးလေ၊ ဒီနေ့ပြီးရင် မင်းရဲ့ အသုံးမကျတဲ့အဖေနဲ့ ပြန်ဆုံနိုင်မှာပါ။ ရှင်းပြီလား၊ တကယ်တော့ ငါဟာ သနားကြင်နာတတ်တဲ့သူတစ်ယောက်ပါ”
လုံချန် ကတော့ ဘာစကားမှ ပြန်မပြောခဲ့ပေ။
“အဖေ၊ အဖေသာ စောစောကပြောခဲ့မယ်ဆိုရင် ဒီခွေးကောင်ကို ဒီနေ့အထိ အသက်ရှင်ခိုင်းမှာမဟုတ်ဘူး”
“အဖေက ကိုယ့်ဘဝကို ဂရုမစိုက်ပေမယ့် သားဖြစ်တဲ့ကျုပ်ကတော့ ပိုင်ကျန်းရှောင် ကို အသေသတ်ရမှကျေနပ်နိုင်မယ်...”
လုံချန်၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်သောဒေါသတရားများ ပြန့်နှံ့သွားသည်။ ပိုင်ကျန်းရှောင်၏ရူးသွပ်သော အပြုံးကို ကြည့်ရင်း လုံချန်၏သွေးချီ သည် ပိုပြီးပြင်းထန်လာသလိုပင်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည် ။
ဤအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော နဂါးကျောက်စိမ်းဆွဲသီးဟာ ရုတ်တရက် တုန်ခါသွားသည်။
ကမ္ဘာခေတ်ဦး နတ်နဂါးသွေးမျိုးဆက်က သူ့ခန္ဓာကိုယ်ထဲမှာ နောက်တစ်ကြိမ်နိုးထလာပုံပါ။
ပိုင်ကျန်းရှောင် သည် သားဖြစ်သူရှေ့မှာ တစ်ခုခုပြောနေပုံရ၏။ လုံချန်၏မျက်လုံးများသည် သွေးရောင်လွှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ယန်ရွဲ့ချင်တစ်ယောက် ပို၍ပင် စိုးရိမ်လာမိသည်။
သို့သော်လည်း အဆင့်တူပြိုင်ဖက်နှင့် တိုက်ခိုက်နေရသည်ဖြစ်ရာ ဘာမှမတတ်နိုင်ခဲ့ပေ။
ရုတ်တရက် အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာသည်။
“အဲ့ဒီကလေးကိုကြည့်လိုက်....”
ရုတ်တရက်ဆိုသလို လူတိုင်း၏မျက်လုံးများသည် လုံချန်ကို အာရုံစိုက်လာခဲ့သည်။ ဤအချိန်တွင်မှ ပိုင်ကျန်းရှောင် လည်း တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်တော့သည်။ လုံချန်ကို မသတ်လျှင် သူအသတ်ခံရမည်ဟု ခံစားလိုက်ရလို့ပင်။ ထို့အတူ သူ့အမူအရာက ချက်ချင်းပင်ပြောင်းလဲသွားသည်။
ယခုတစ်ကြိမ်တွင် ပိုင်ကျန်းရှောင်ဟာ သူ့ခွန်အားကို အကန့်အသတ်ထိထုတ်ဖော်ကာ တိုက်ခိုက်ခဲ့သည်။
လုံချန် ကတော့ ဘာတစ်ခုမှ ကာကွယ်မထားပေ။ ယန်မိသားစု၏အဖွဲ့ဝင်တွေဟာ ဤမြင်ကွင်းကြောင့် မျက်လုံးတွေပြူးကျယ်သွားခဲသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် လုံချန် ဆီကနေ အနီရောင်အလင်းတန်းတစ်ခု လင်းလက်လာသည်။ ပိုင်ကျန်းရှောင်၏ ငရဲနတ်ဆိုးလက်ချောင်းတိုက်ခိုက်မှုဟာ အလင်းတန်းရိုက်ခတ်မှုကြောင့် ပြက်ပျယ်သွားခဲ့လေသည်။ သူကိုယ်တိုင်လည်း ပြင်းထန်သောစွမ်းအားလှိုင်းကို မခုခံနိုင်ဘဲ ကမန်းကတန်း နောက်ပြန်ဆုတ်သွားရသည်။ ဒီအချိန်မှာ ပိုင်ကျန်းရှောင်၏မျက်နှာတစ်ခုလုံး တုန်လှုပ်ခြောက်ခြားမှုတို့ပြည့်နှက်နေလေသည်။
ဤအချိန်တွင် လုံချန်၏အသိစိတ်သည် သူ့အသိစိတ်ထဲသို့ တစ်ဖန် နစ်မြုပ်သွားပြန်သည်။ သူ့အမြင်အာရုံထဲ၌ နဂါးကျောက်စိမ်းဆွဲသီးနှင့် ကမ္ဘာခေတ်ဦးနဂါးသွေးဆက်တို့ဟာ တစ်ဖန် ပေါင်းစပ်သွားခဲ့သည်။
မကြာခင်မှာပဲ နဂါးကျောက်စိမ်းဆွဲသီးဟာ သွေးနီရောင် ပြောင်းလွားခဲ့သည်။ နဂါးဝိညာဉ်သွေးကြော ၉ သွယ် ခါသော သွေးနီရောင် နတ်နဂါးပုံရိပ်ကြီးဟာ တစ်ဖန်ပေါ်လာလေသည်။ ထိူ့အတူ နဂါးဝိညာဉ်သွေးကြော ၉ သွယ်ကနေ သွေးနီရောင်ချီစွမ်းအင်များလှည့်ပတ်နေလေစည်။
လုံချန်၏တိုက်ခိုက်ချင်စိတ်၊ သတ်ဖြတ်ချင်စိတ်ဟာ တဟုန်ထိုးမြင့်တက်လာပြန်သည်။ နဂါးကျောက်စိမ်းဆွဲသီး သည် ကမ္ဘာခေတ်ဦးနတ်နဂါးသွေးစက်မှ စွမ်းအားကိုဖိနှိပ်ပြီး သူ့အား ကူညီပေးနေသည့်တိုင်အတော်လေးထိန်းချုပ်နေရဆဲဖြစ်သည်။ ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ၌ ရှေးခေတ်စာလုံးများပေါ်လာလေသည်။ ၎င်းသည် ရှေးခေတ်ဦးမှ အစွမ်းထက်နည်းစနစ်တစ်ခုဖြစ်ပုံရသည်။ ခဏအကြာ ရှေးဟောင်းစာလုံး၏အနက်အဓိပ္ပါယ်ကိုနားလည်ပြီးသည့်နောက်မှာတော့ လုံချန်၏အသိစိတ်ဟာ စိတ်ဝိညာဉ်ပင်လယ်ကနေပင် ခန္ဓာကိုယ်တစ်ခုလုံးအား အလိုအလျောက်မြင်ရလေတော့သည်။
ဤအချိန်တွင် သူ့တစ်ကိုယ်လုံး သွေးနီရောင်နဂါးအကြေးခွံများနှင့် ချွန်ထက်သော အရိုးဆူးချွန်များသာ ဖုံးလွှမ်းထားခဲ့သည်။ ထို့အပြင် သူ၏ခွန်အားသည် နဂိုထက် ဆယ်ဆကျော် တိုးလာပါသည်။
ပတ်ဝန်းကျင်ရှိ လူအများကလည်း လုံချန်၏ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော ပြောင်းလဲမှုကြီးကို တွေ့လိုက်ရတော့ အံ့အားသင့်သွားကြသည်။ ယန်မိသားစု၏ဘိုးဘေးကြီး အပါအဝင် အခြားတိုက်ခိုက်နေသူများလည်း တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။
“ဒါက အဲဒီညတုန်းကဖြစ်ရပ်နဲ့ အတူတူပဲ၊ ဒါပေမဲ့ ကွာခြားချက်ကတော့ အခုကစပြီး ငါ ဒီအသွင်ပြောင်းလဲမှုဖြစ်စဉ်ကို စိတ်အသိနဲတင် ထိန်းချုပ်နိုင်ပြီ...”
“ဒါက... မူလနတ်နဂါးအသွင်ပြောင်းလဲခြင်း လား...”
လုံချန်သည် သူ၏ ခွန်အားများ သိသိသာသာ တိုးလာသည်ကို ခံစားမိသောအခါ တဟားဟားရယ်မောလိုက်လေသည်။ သူ၏ လက်ရှိအသွင်ပြောင်းလဲမှုကြောင့် အခြားသူများအားလုံး ထိတ်လန့်နေမှန်းလည်း သိနေပေသည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်တစ်ခုလုံး သုဿာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်သွားသည်။ အချိန်အနည်းငယ်ကြာပြီးနောက်မှသာ တစ်စုံတစ်ယောက်သည် အံ့အားသင့်တုန်လှုပ်နေသံဖြင့်ပြောခဲ့သည် “ဒါ...ဒါက သားရဲနတ်ဘုရား(နတ်ဘုရားသားရဲ)အသွင်ပြောင်းခြင်းများလား။ ဒါပေမဲ့ သူဘယ်တုန်းက ဒဏ္ဍာရီလာ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဖြစ်လာတာလဲ”
“နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ” ဟူသော စကားလုံးက လူတော်တော်များများ၏စိတ်ထဲ၌ ရုတ်တရက်ပေါ်လာခဲ့သည်။ လုံချန် သည် ယခင်ထက် ပိုမိုအားကောင်းလာသည်ဟု သူတို့ခံစားမိကြလို့ပါ။ ထို့အတူ လူတချို့က စိတ်ပူပန်နေသလို တချို့ကျတော့လည်း ပျော်ရွှင်နေကြလေသည်။
ဤအချိန်တွင် လုံချန်၏ရှေ့မှာ ရပ်နေသည့် ပိုင်ကျန်းရှောင် ဟာ အနည်းငယ် ထိတ်လန့်စပြုနေပြီဖြစ်သည်။ လုံချန် ဆီကနေ ထွက်ပေါ်လာသည့် ပြင်းထန်သော သွေးချီအရှိန်အဝါသည် ပိုင်ကျန်းရှောင်အား ရင်တုန်၊ပန်းတုန်ဖြစ်သွားစေသည်။ နှလုံးသားထဲမှာ ကြောက်ရွံ့စိတ်များဖြစ်ပေါ်လာပြီး သူ့မျက်နှာတစ်ခုလုံးဖြူရော်သွားလေသည်။
လူတိုင်း သတိပြန်ဝင်မလာကြသေး။ သို့သော် လုံချန်၏ သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့အကြည့်ကတော့ ပိုင်ကျန်းရှောင် အပေါ်မှာ ပိတ်လှောင်ထားပုံရသည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် သွေးနီရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ပိုင်ကျန်းရှောင် ဆီသို့ တဟုန်ထိုး ပြေးသွားခဲ့သည်။
သူလှုပ်ရှားလိုက်သည်နှင့်တစ်ချိန်တည်းမှာပင် လုံချန်၏လက်နှစ်ဖက်သည် ထိုက်ချွမ်နဂါးတံဆိပ် ကို အလျင်အမြန်ဖန်တီးနေလေသည်။ ထိုခဏလေးမှာပဲ စူးရှသောနဂါးဟိန်းသံများ ထွက်လာကာ သွေးနီရောင်နတ်နဂါး ၉ ကောင်ပေါ်လာတော့သည်။ လုံချန်၏လက်ဝါးနှစ်ဖက်မှ အဆက်မပြတ်လင်းလက်နေသည့် သွေးနီရောင်စွမ်းအင်အလင်းတန်းတွေဟာ လူတိုင်းကို မျက်နှာတွေဖြူဖျော့သွားစေခဲ့သည်။
အကြောင်းအရင်းက ထိုက်ချွမ်နဂါးတံဆိပ် ကိုဖန်တီးလိုက်ချိန်မှာ လုံချန်၏အရှိန်အဝါဟာ အဆင့် ၈ နဂါးသွေးကြောနယ်ပယ်ပညာရှင်ထက်ပင် ကျော်လွန်သွားခဲ့လို့ပါ။
“သောက်ကျိုးနည်း ...ကြောက်စရာကောင်းလိုက်တာ။
ဒါ...ဒါက အဆင့် ၈ ပညာရှင်တောင်မှ ဒီလိုတိုက်ခိုက်မှုကို ထုတ်ဖော်ဖို့မဖြစ်နိုင်ဘူးလေ”
ကျော်ကြားခြင်းမြို့၏ ဒုတိယအဆင့်အင်အားစုတ်စခုမှ အဆင့် ၈ ပညာရှင်ဟာ ကြောက်လန့်တကြားရေရွတ်လိုက်သည်။
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 39)
ဘာသာပြန်သူ - ညီညီစိုး
ပိုင်မိသားစုခေါင်းဆောင် သည်လည်း လုံချန် ဟာ ထိုကဲ့သို့ ကြောက်စရာကောင်းသောတိုက်ခိုက်မှုမျိုး ထုတ်ဖော်နိုင်မည်ဟု မထင်ထားပေ။ လက်တွေ့မှာတော့ လုံချန်းးတိုက်ခိုက်မှုက သူ့လိုလူကိုပင်တုန်လှုပ်သွားစေခဲ့သည်။ ပိုင်မိသားစုခေါင်းဆောင် က ချက်ချင်းပင် အလောတကြီးသတိပေးလိုက်တော့သည် “ရှောင်အာ၊ မြန်မြန်ရှောင်လိုက်”
သို့သော် သူသတိပေးလိုက်သည့်အချိန်က အတော်လေးကို နောက်ကျသွားခဲ့၏။ လုံချန်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မြင်လိုက်ချိန်မှာတော့ ပိုင်ကျန်းရှောင်၏ မျက်လုံးတွေဟာ မယုံနိုင်စရာများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့တိုင် သူက အေးစက်စက်ပြောလိုက်ပါသေးသည်။
“ခွေးကောင်လေး၊ မင်းရဲ့အသုံးမကျတဲ့အဖေက ငါ့လက်ထဲမှာ သေသွားရတယ်။ ဒီနေ့မှာ မင်းလဲ ငါ့လက်ထဲမှာ သေချာပေါက် သေလိမ့်မယ်။ ဒါဟာ မင်းတို့ ယန်မိသားစုရဲ့ ကံကြမ္မာပဲ။ မင်းဘယ်လောက်ပဲ ရုန်းကန်နေနေ အဲဒါက အသုံးမဝင်ဘူး။ ငါ့ရဲ့ ငရဲနတ်ဆိုးလက်ချောင်း အဆင့် ၂ တိုက်ခိုက်မှုက မင်းကိုမသတ်နိုင်ခဲ့ဘူးပေါ့။ ဒါဖြင့် နောက်တစ်ခါ ခံနိုင်မလား
....စမ်းကြည့်ရအောင်”
“ကောင်းကင်ဘုံငရဲနတ်ဆိုးလက်ချောင်း၊ အဝါရောင်စမ်းချောင်း ၉ သွယ်တိုက်ခိုက်ခြင်း”
“တကယ်လား....”
လုံချန် ဆီကနေ လှောင်ပြောင်သံထွက်လာသည်။ တစ်ချိန်တည်းမှာပင် ထိုက်ချွမ်နဂါးတံဆိပ် ကို ဖန်တီးလို့ပြီးသွားပေပြီ။ ကောင်းကင်ထက်၌ အလွန်တရာကြောက်မက်ဖွယ်ကောင်းလှသော နတ်နဂါးဖိအားများ ပျံ့လွင့်လာလေသည်။ လုံချန်၏ခန္ဓာကိုယ်ကနေ သွေးနီရောင်အလင်းတန်း ၉ သွယ် ဖြာထွက်လာပြီး သွေးနဂါး ၉ ကောင်အဖြစ် ပြောင်းလဲသွားသည်။ သွေးနီရောင်နဂါး ၉ ကောင်ပေါ်လာသည် နှင့်တစ်ပြိုင်နက်တည်းမှာပင် မြေပြင်ပေါ်ရှိ ကျောက်တုံးများ အပိုင်းပိုင်းကွဲကြေကာ လေထဲသို့ ပျံဝဲနေလေသည်။
“အဖေ၊ ပိုင်ကျန်းရှောင် ရဲ့လက်ချက်နဲ့ သေသွားတာကို မပြောဘဲသေသွားခဲ့တယ်။ သားဖြစ်တဲ့ ကျုပ်ကိုပြောပြဖို့တောင် ရှက်ရွံ့ခဲ့တာလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ အဖေ့ကိုယ်စား လက်စားချေရမယ်”
သွေးနဂါး ၉ ကောင်မှ ဟိန်းသံကြောင့် မြေပြင်သည် ရုတ်တရက် တုန်ခါသွားသည်။
ဤအချိန်တွင် ပိုင်ကျန်းရှောင်၏ အဝါရောင်စမ်းချောင်း ၉ သွယ် သည် သွေးနဂါး ၉ ကောင်ကို ပိတ်လှောင်ထားခဲ့သည်။ သို့သော် ခဏသာကြာ၏။ သွေးနဂါး ၉ ကောင်ပုံသဏ္ဍာန်လက်ဝါးမှ ကမ္ဘာတုန်စေလောက်သော ဟိန်းသံ ၉ သံ နှင့်အတူ အဝါရောင်စမ်းချောင်း ၉ သွယ် (အနက်ရောင်စွမ်းအင်ဝဲကတော့ ၉ခု) သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေသည်။ ထိုက်ချွမ်နဂါးတံဆိပ် (နဂါးကိုးကောင်လက်ဝါး) သည် ရပ်တန့်မနေဘဲ ပိုင်ကျန်းရှောင်၏မျက်နှာတည့်တည့် ထိမှန်သွားသည်။ ရှောင်တိမ်းနိုင်စွမ်းမရှိတော့ပေ။ အဝတ်အစားများ စုတ်ပြဲကာ ခွေးလေခွေးလွင့်တစ်ကောင်လို လွင့်ပျံထွက်သွားခဲ့သည်။
“ရှောင်အာ...”
“တတိယညီလေး”
“တတိယညီ....”
ပိုင် မိသားစုမှ အခြားပညာရှင်တွေဟာ ပိုင်ကျန်းရှောင်အား ကယ်တင်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း
ကံကြမ္မာရဟတ်တစ်ပါတ်လည်လာသည့်အတိုင်း ယခုအချိန်မှာတော့ ယန်ဘိုးဘေးနှငံ အခြားပညာရှင်တွေဟာ သူတို့ကို တားဆီးထားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် လုံချန် သည် ရုတ်တရက် အလွန်အစွမ်းထက်လာသဖြင့် လူတိုင်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ယန်ရွဲ့ချင် ပါ။ ဤအချိန်တွင် သူမ၏နှလုံးသားထဲမှာ ရဲရဲရင့်ရင့်တိုက်ခိုက်နေသော လုံချန်၏ပုံရိပ်တွေသာ ကြီးစိုးနေသည်။ သွေးနီရောင်နဂါးအကြေးခွံများအပြည့် ဖုံးလွှမ်းထားသော ထိုပုံရိပ်ကလေးဟာ သူမ၏ဘဝတစ်ခုလုံး ဂုဏ်ယူရဆုံးအရာပင်။
“အရင်တုန်းက ငါတကယ်မှားခဲ့တာလား။ အဲဒီတုန်းက ငါဘာတွေတွေးနေတာလဲ။ နောက်ဆုံးတော့ သူက ငါ့သားပဲလေ...”
လုံချန် သည် အဆင့် ၈ ပညာရှင်ဖြစ်သည့် ပိုင်ကျန်းရှောင်အား အနိုင်ယူပြီးနောက်တွင် စောင့်ကြည့်နေသော အင်အားစုတိုင်းဟာ အသံပင်မထွက်ဝံ့တော့ဘဲ တိတ်ဆိတ်သွားကြသည်။
ယန်မိသားစုသည် ကောင်းကင်ဘုံကို အံတုနိုင်သော ထိုကဲ့သို့ဘီလူးတစ်ကောင်ကို မွေးထုတ်ပေးခဲ့သည်။ တစ်နည်းအားဖြင့် အနာဂတ်၌ ယန် မိသားစုဟာ ကျော်ကြားခြင်းမြို့၏ နံပါတ်တစ်အင်အားစု ဖြစ်လာနိုင်ပေတော့မည်။
လူတိုင်းသည် တစ်ကိုယ်လုံး သွေးရောင်လှမ်းနေသော အသွင်ကို စိုက်ကြည့်ကာ တံတွေး မျိုချလိုက်ကြသည်။
“ဒါ... အရင်က အမှိုက်ကောင်ပဲလား...”
အချိန်တိုလေးအတွင်း လုံချန် ပြောင်းလဲသွားသည့် အဖြစ်အပျက်ဟာ လူတိုင်းကို အနည်းငယ် ခြောက်ခြားသွားစေသည်။
ဤအချိန်မှာတော့ အခြေအနေတွေက သိသိသာသာ ပြောင်းလဲသွားပါပြီ။ မူလက ပိုင် မိသားစုသည် ယန် မိသားစုကို သုတ်သင်ဖယ်ရှားရန်ကြံစည်ခဲ့၏။ အဆုံးသတ်မှာတော့ ယန် မိသားစုကို ဖယ်ရှားနိုင်ခဲ့ခြင်းမရှိသည့်အပြင် အဆင့် ၈ ပညာရှင်ဖြစ်သော ပိုင်ကျန််းရှောင်ပါ သတ်ဖြတ်ခံလိုက်ရသည်။
ဤအချိန်တွင် လူတိုင်း လုံချန်၏ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ လုံချန် က ပိုင်ကျန်းရှောင်အား သတ်ဖြတ်ရဲခြင်းရှိမရှိ သိချင်နေကြပုံပါ။
ယန် မိသားစု ဖက်ခြမ်း၌ ယန်ယွန်ထျန်း တစ်ယောက်တော့ သွေးနီရောင်အသွင်သဏ္ဍာန်ကို လှမ်းကြည့်ပြီး နာကျင်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။ ဤဘဝမှာ သူ့သားအတွက် လက်စားချေခွင့်မရနိုင်တော့ပေ။
ဤအချိန်တွင် လုံချန် သည် ယန်ယွန်ထျန်း ဘယ်တော့မှ လက်လှမ်းမမှီနိုင်တော့သော ဧရာမတောင်တန်းကြီး ကဲ့သို့ပင်။
ယန်လင်ချင်း လည်း သူတို့ရှေ့ကနေ ကာကွယ်တိုက်ခိုက်ပေးနေသည့် ပုံရိပ်ကို ကြည့်နေသည်။ သူမ၏မျက်လုံးထဲကနေ မျက်ရည်တွေ တလဟော စီးကျလာပါပြီ။
“ကောင်လေး၊ ငါ့သားကို လွှတ်စမ်း...”
လုံချန်၏ လက်ထဲမှာ ခွေးသေတစ်ကောင်လို ဖြစ်နေသည့် ပိုင်ကျန်းရှောင် ကို မြင်သောအခါ ပိုင်မိသားစုခေါင်းဆောင် သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အဆုတ်ကွဲလုမတတ် အော်ဟစ်လိုက်သည်။
လုံချန် သည် နောက်လှည့်ပြီး ပိုင်မိသားစုခေါင်းဆောင်၏ မျက်နှာပေါ်မှ နာကျင်နေသည့်အကြည့်ကို မြင်တော့ အေးစက်စွာရယ်မောလိုက်သည်။
“ကောင်းကင်ဘုံကြောင့် ဖြစ်လာတဲ့ အပြစ်ကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့အပြစ်ကိုတော့ ခွင့်လွှတ်လို့မရဘူး”
ထိုစကားတွေ ပြောပြီးနောက် သူ့လက်ထဲရှိ ပိုင်ကျန်းရှောင် ကို စိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် ပိုင်ကျန်းရှောင် သည် ၎င်း၏သား ပိုင်ရှီဂျီး နှင့်အလားတူပင်။ မျက်နှာတစ်ပြင်လုံး ဖြူဖျော့ကာ ပါးစပ်ကနေသွေးများ အဆက်မပြတ်စီးကျနေသည်။ သူ့မျက်လုံးတွေက လုံချန်ကို ထိတ်လန့်စွာ ကြည့်နေခဲ့သည်။ အစောပိုင်းက မယုံကြည်နိုင်သောအကြည့်တွေ ပျောက်ကွယ်ကာ ယခုအခါမှာတော့ စိတ်ပျက်အားငယ်နေဟန်တို့အပြာ့်ပါ။
“သနားပါ... ငါ့ကိုသနားပါ၊ ကျေးဇူးပြုပြီး.... ငါမသေချင်သေးဘူး...”
သို့သော် လုံချန် သည် မကြားလိုက်သလိုပင်။ ပိုင်ကျန်းရှောင် ကို အေးစက်စက်စိုက်ကြည့်ရင်း ပြောခဲ့သည် “ဒီလိုဖြစ်လာမယ်ဆိုတာ မင်းသိရင် မင်းဘာလို့အမှန်တိုင်း ပြောခဲ့တာတုန်း။ မင်းဟာ ငါ့အဖေကို သတ်တဲ့လူ ဆိုတာသာ မသိခဲ့ရင် မင်းအတွက် ပိုကောင်းမှာသေချာတယ်။ ငါသေတဲ့အချိန်ထိတောင်မှ အမှန်တရားကို သိသွားနိုင်မှာမဟုတ်ဘူး။ အခုလိုသိလိုက်ရတော့ ငါ မင်းကို လွယ်လွယ်နဲ့သေခိုင်းမှာမဟုတ်တော့ဘူး”
စကားပြောနေစဉ်မှာပင် လုံချန်၏အသံသည် ပို၍ကျယ်လောင်လာသည်။ ပတ်ဝန်းကျင်ရှိ လူတိုင်းနီးပါး ကောင်းကောင်း ကြားလိုက်ရသည်။ လုံချန်၏ ပြောစကားတွေအရ ပိုင်ကျန်းရှောင်က လုံချင်းလန် ကို သတ်ဖြတ်ခဲ့တာဖြစ်သည်။
လုံချန် က သူ့ကို မုန်းတီးစွာ ကြည့်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
“မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ကိုယ့်ကိုယ်ကို သေလမ်းပို့မိတာကိုပဲ အပြစ်တင်။ တကယ်တော့ မင်းငါ့ကိုအမှန်အတိုင်းပြောပြပြီး စိတ်ဆိုးအောင်လုပ်လိုက်မှန်တယ်။ ဒါပေမဲ့ ငါလုံချန် က မင်းလို ထပ်တူညီတဲ့အမှားမျိုး လုပ်မယ်ထင်သလား”
လုံချန်၏ အေးစက်စက်အကြည့်တွေကို သတိထားမိသောအခါ ပိုင်ကျန်းရှောင်၏ နှလုံးသားထဲ မကောင်းသော ခံစားချက်တစ်ခု ရလာသည်။ လုံချန်၏သွေးမျက်လုံးတွေဟာ သူ့တစ်ကိုယ်လုံးကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးတွေဟာ ကြွက်သားများနှင့် အရေပြားကို ဖောက်ထွက်လျက် လုံချန်၏ခန္ဓာကိုယ်ဆီသို့ စုပ်ယူခံရလေသည်။ အခြေအနေကို သတိထားမိသည်နှင့် ပိုင်ကျန်းရှောင်ဟာ စူးစူးဝါးဝါးအော်ဟစ်ပါတော့သည်။
လုံချန် သည် တစ်စုံတစ်ဦးအပေါ် ချီစွမ်းအင်စုပ်ယူခြင်းနည်းစနစ် အသုံးပြုခဲ့တာ ပထမဆုံးအကြိမ်ဖြစ်သည်။
“မင်း ငါ့အဖေကိုသတ်လိုက်တဲ့အတွက် မင်းကို အထူးပြုစုပေးရမယ်။ ပိုင်ကျန်းရှောင်၊ ဒီခံစားချက်ကို ကောင်းကောင်းခံစားလိုက်ပါ”
ဤအခိုက်တွင် ပိုင်ကျန်းရှောင်၏ သနားစဖွယ်အော်ဟစ်ငြီးငြူသံတွေဟာ လူတိုင်းကို ကျောရိုးတစ်လျှောက် အေးစက်သွားစေခဲ့သည်။ အေးစက်စက် သွေးနီရဲနေသည့် အသွင်ကို ကြည့်လိုက်တော့ သူတို့အားလုံး နောက်ပြန်ဆုတ်သွားကြသည်။
သူ့သားဖြစ်သူ ထံမှ ထိတ်လန့်တကြား အော်သံကို ကြားလိုက်ချိန်မှာတော့ ပိုင်မိသားစုခေါင်းဆောင်၏ မျက်လုံးတွေဟာ သွေးရောင်နီရဲလာသည်။ သူက “ယန်ကန်းချောင်၊ ငါ့ရှေ့က ထွက်သွား။ ငါ့သားကို လွှတ်လိုက်စမ်း။ ယန် မိသားစုက ကိုယ့်သေတွင်းကိုတူးနေတာထင်တယ်”
ယန် မိသားစုဘိုးဘေး၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက ဆက်လက်တိုက်ခိုက်ရင်း ပြန်ပြောလိုက်သည် “ငါလည်း တစ်ခုလောက် မေးချင်ပါတယ်၊ မင်းက အသက်ကြီးနေပြီ၊ ဒါပေမဲ့ ဒီလိုရယ်စရာကောင်းတဲ့ အပြုအမူတွေကို မင်းရဲ့နှလုံးသားထဲမှာ အခုအချိန်အထိ ဘယ်လို ထိန်းသိမ်းထားနိုင်ခဲ့တာလဲ။ အခုနေတုန်း ပိုင်ကျန်းရှောင် သာ ချန်အာကိုအနိုင်ရသွားမယ်ဆိုရင် ပိုင် မိသားစုက ရပ်သွားမှာလား”
ယန် မိသားစုဘိုးဘေး လည်း အရင်က ပိုင် မိသားစုခေါင်းဆောင် ပြောခဲ့သည့် စကားအတိုင်း ပြန်ပြောလေသည်။ သူ့စိတ်ထဲ မည်မျှအထိပျော်ရွှင်နေမှန်း ပြောနေစရာတောင်မလိုပေ။ အမှန်တော့ ယခုလက်ရှိ စိတ်ဓာတ်အကျဆုံးသူဟာ သူကိုယ်တိုင်ပါ။ ဆယ်စုနှစ်များစွာတိုင် သွေးသောက်ညီအစ်ကိုဆက်ဆံရေးရှိသော မိသားစုနှစ်ခုဟာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ အသံထွက် မပြောသော်လည်း သူ့အား ထိုးနှက်ချက်က ကြီးမားလွန်းလှသည်။
ယနေ့ညတွင် ပိုင်ကျန်းရှောင်၏ မချိမဆန့်အော်သံတွေဟာ လူတိုင်းကို ရင်တုန်၊ပန်းတုန်ဖြစ်စေခဲ့သည်။
ထို့အပြင် လူတိုင်းဟာ ပိုင်ကျန်းရှောင်၏တစ်ကိုယ်လုံး တဖြည်းဖြည်းခြောက်ကပ်လာသည်ကို မြင်လိုက်ရလေသည်။ အားလုံး အသက်ရှူရပ်မတတ်ဖြစ်ကာ ဦးရေပြား ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ သူတို့လည်း လုံချန်၏ ရက်စက်ကြမ်းကြုတ်သောပုံစံကို အမှန်တကယ် ကြောက်လန့်သွားကြသည်။
လုံချန် သည် ပိုင်ကျန်းရှောင်၏ သွေးအဆီအနှစ်များကို အကုန်အစင်စုပ်ယူပစ်လိုက်သည်။ သိပ်မကြာလိုက်၊ ချက်ချင်းဆိုသလိုပဲ သူ့ခန္ဓာကိုယ်ထဲ၌ ပြင်းထန်သော ချီစွမ်းအင်များ ပြန့်နှံ့လာသည်။
“သိပ်ကိုကောင်းတဲ့ခံစားချက်ပဲ၊ အခုတော့ အဆင့် ၇ နဂါးသွေးကြောနယ်ပယ် ကို ချိုးဖျက်ဖို့ အချိန်တန်ပြီ”
Translated By NyiNyiSoe