← Chapters

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

အခန်း (၄၀-၄၂)

Vol. 3 Ch. 40-42

..(သွေးနဂါးလုံချန်)

စာစဉ် -၃ (အပိုင်း - 40)

ဘာသာပြန်သူ - ညီညီစိုး

ပိုင်ကျန်းရှောင်၏ ရှုံ့တွနေသော ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ပိုင်မိသားစုခေါင်းဆောင် သည် ဤမြင်ကွင်းအား မြင်သောအခါ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သို့သော်လည်း ယန် မိသားစုတစ်ခုလုံးသည် မုန်းတီးမှုများ ပြည့်နှက်နေသည်ဖြစ်ရာ သူတစ်ယောက်တည်းဖြင့် ဘာမှမတတ်နိုင်ပေ။

ပိုင်ကျန်းရှောင် သေဆုံးသွားပြီးနောက် ပိုင် မိသားစု၏ အကြံအစည်ဟာ လုံးဝပျက်စီးသွားလေပြီ။

လူတိုင်း တိုက်ခိုက်နေကြစဉ် ယန်မိသားစုဝင်အချို့သည် ပိုင်မိသားစု၏ အကြံအစည်ကို သတင်းဖြန့်ကြလေသည်။ ကျော်ကြားခြင်းမြို့ရှိ အင်အားစုအသီးသီးဟာ နောက်ဆုံးတွင် အခြေအနေအားလုံးကို နားလည်သွားကြသည်။

အကယ်၍ ပိုင် မိသားစု၏အကြံအစည်သာ အောင်မြင်သွားခဲ့လျှင် ၎င်းတို့ဟာ ကျော်ကြားခြင်းမြို့၏ထိပ်ဆုံးအာဏာရှင်ဖြစ်လာပေမည်။ သို့သော် ကံမကောင်းစွာပဲ သူတို့ မအောင်မြင်ခဲ့ကြပေ။ ပိုင်မိသားစု၏ ဒုတိယခေါင်းဆောင်တစ်ဖြစ်လည်း ပိုင်ကျန်းရှောင်ပင်သေဆုံးခဲ့ရသည်။ ပိုင် မိသားစု၏ ဂုဏ်သိက္ခာသည် ချက်ချင်းပင် အောက်ဆုံးသို့ ထိုးကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ယန် မိသားစုသည် လုံချန် ဟူသော ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်သည့် ပါရမီရှင်ကို မွေးထုတ်ပေးခဲ့သည်။ သို့ဖြစ်ရာ လူအများအနေဖြင့် အခြေအနေအရ မည်သို့ရပ်တည်ရမည်ကို စိတ်ကူးထားပြီးသားဖြစ်သည်။

လုံချန် သည် တိုက်ခိုက်နေစဉ်မှာပင် အဆင့် ၇ နဂါးသွေးကြောနယ်ပယ်သို့ တက်လှမ်းနေသည်ကို မြင်သောအခါ လူတိုင်း ပို၍ပင်စိတ်ပိုင်းဖြတ်လိုက်ကြသည်။

ဤအချိန်တွင် သွေးနဂါး ၉ ကောင်သဖွယ် အလင်းတန်းသည် လုံချန်၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။ ပိုင်ကျန်းရှောင်၏ သွေးအဆီအနှစ်မှသန့်စင်ထားသော ချီစွမ်းအင်သည် လုံချန်၏မူလချီထက်မနိမ့်ကျပေ။

အချိန် နာရီဝက်ကျော်ကြာပြီးနောက်တွင် အဆင့် ၇ နဂါးသွေးကြောသည် ရုတ်တရက် ကျိုးပျက်သွားပြီး စူးရှသော နဂါးဟိန်းသံပင်င်ကြားလိုက်ရသည်။

လုံချန် သည် မူလအသွင်မဟုတ်သေးဘဲ နတ်နဂါးအသွင်ပြောင်းခြင်းမှာသာရှိနေဆဲဖြစ်သည်။ ဤအချိန်တွင် သူ၏အစစ်အမှန်ချီ သည် လျင်မြန်စွာ သိပ်သည်းလာသည်။ သာမန်နဂါးသွေးကြောချီ ထက် ၁၀ ဆခန့်ပိုပြီးသိပ်သည်းလေသည်။ ထို့ကြောင့် အဆင့် ၇ သာဖြစ်သော်လည်း လုံချန်၏ခွန်အားက အဆင့် ၈ ပညာရှင်နှင့်ညီမျှလေသည်။ အကယ်၍ နတ်နဂါးအသွင်ပြောင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်လျှင် လုံချန်၏အစစ်အမှန်ခွန်အားဟာ အဆင့် ၉ ပညာရှင်ကိုပင် ထိပ်တိုက်ရင်ဆိုင်လုနီးပါးဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် ယခုဆိုလျှင် လုံချန် သည်

ကျော်ကြားခြင်းမြို့၏ လူငယ်မျိုးဆက်အဆင့်ထက် လုံးဝကျော်လွန်နေခဲ့လေပြီ။ သူသည် ကျော်ကြားခြင်းမြို့၏ ထိပ်သီးပညာရှင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ပိုင်မိသားစုခေါင်းဆောင်၏မျက်လုံးတွေဟာ သွေးရောင်လွှမ်းနေသည့်တိုင် မတ်တတ်ရပ်နေသော လုံချန်၏ပုံရိပ်အား လှမ်းကြည့်ကာ သူ့ကံကြမ္မာကို လက်ခံလိုက်ရတော့သည်။

ခဏအကြာတွင် လုံချန် သည် အဆင့်ဆက်ခြင်းပြီးစီးသွား၏။ သူ ရပ်လာသည်နှင့် လူတိုင်း တိုးတိတ်စွာသက်ပြင်းချကြသည်။ လက်ရှိအခြေအနေအရ ယနေ့ညတိုက်ပွဲကို ဆက်ရန် မလိုအပ်တော့ပေ။

ထို့နောက်မှ ယန်မိသားစုဘိုးဘေးနှင့် အခြားလူတိုင်းဟာ ဆက်တိုက်ခိုက်မနေတော့ဘဲ မိသားစုဝင်အချင်းချင်း တွေ့ဆုံကြတော့သည်။ သို့သော် သူတို့အားလုံး လုံချန်ကို ကြောင်တက်တက် စိုက်ကြည့်နေကြသည်။

လုံချန် သည် ပိုသန်မာလာမှန်း သိနေသော်လည်း သူတို့နှလုံးသားထဲမှာတော့ ယန်မိသားစု၏ ကလေးဖြစ်နေတုန်းပါ။

အမှန်တော့ ယန်မိသားစုသည် တိုက်ပွဲကို ဆက်ပြီးမနွှဲလိုတော့ပေ။ ထို့အပြင် ယန် မိသားစု၌ ကောင်းကင်ဘုံကိုပင် အန်တုနိုင်သော လုံချန် ရှိနေပြီ မဟုတ်ပါလား။

ဆက်လက်တိုက်ခိုက်ရင်တော့ ပိုင် မိသားစုသာလျှင် တစ်ဖက်သက်ဆန်စွာ အသတ်ခံရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယန်မိသားစုသည် တိုက်ပွဲကို ဆက်မတိုက်ချင်ပေ။ ပိုင်မိသားစု မှ လူများလည်း ဒေါသတကြီးဖြစ်နေလေသည်။ သို့သော် သူတို့ခေါင်းဆောင်က ဘာမှမပြောသဖြင့် တစ်ယောက်မှ မလှုပ်ရှားရဲကြပေ။

အချုပ်ဆိုရသော် ယန် မိသားစုအနေဖြင့် ပိုင်မိသားစုမှာ ဆက်ပြီးရှိနေဖို့မလိုတော့ပေ။ ယန်မိသားစုဘိုးဘေးက လုံချန်ကို ကြည့်ပြီး “ချန်အာ၊ ငါတို့တွေ အိမ်ပြန်ကြရအောင်” ဟုပြောလိုက်ပါသည်။

လုံချန် သည် ပိုင်မိသားစုတစ်ခုလုံးကို ခွေးတစ်ကောင်၊ကြောင်တစ်မြီးမှမကျန်အောင် သတ်ဖြတ်ပစ်ရန်ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း ယန်ဘိုးဘေး၏ အေးစက်စက်မျက်နှာကို ကြည့်ပြီး မလိုအပ်သည့်သဘောမှန်း သိလိုက်သည်။

အမှန်တော့ ယန်ဘိုးဘေး နှင့် ပိုင်မိသားစုခေါင်းဆောင် တို့ဟာ ဆယ်စုနှစ်များစွာတိုင်အောင် ညီအစ်ကိုအရင်းများသဖွယ်ဖြစ်ခဲ့ကြသည်။ ယနေ့ မမျှော်လင့်ထားသောအခြေအနေဟာ ယန်ဘိုးဘေး၏ နှလုံးသားကို ပြင်းစွာ နာကျင်စေခဲ့ပုံရသည်။

ပိုင်မိသားစု သည် နှလုံးသားမဲ့ကာ ယန်မိသားစုအပေါ်

ယုတ်မာကောက်ကျစ်ခဲ့သည်။ ယန်မိသားစုသည် ပိုင်ကျန်းရှောင် နှင့် ပိုင်ကျန်းယွမ်ကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ပိုင်ရှီးချန် နှင့် ပိုင်ရှီဂျီး တို့ပါ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ထိုသို့ဖြစ်နေလေရာ ပိုင်မိသားစုကို ဆက်ပြီးသတ်ဖြတ်နေဖို့မလိုတော့ပေ။

ထိုမှသာ လုံချန် သည် နတ်နဂါးအသွင်ပြောင်းကျင့်စဉ်ကို ရပ်တန့်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်ချီစွမ်းအင်သည် အနီရောင်ဖျော့ဖျော့ ပြန်ပြောင်းသွားသည်။ ၎င်းက သာမန်ချီစွမ်းအင်ထက်တော့ ၄ ဆလောက် သိပ်သည်းနေပါသေးသည်။

ဤအချိန်တွင် လုံချန်၏ချောမောသောအသွင်အပြင်နှင့် ပြေပြစ်သောစိတ်သဘောထားကြောင့် လူအများအမြင်မှာ သူ့ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဘုရင် ဟုပင်မထင်မိတော့ပေ။

လုံချန် အတွက်လည်း ယန်မိသားစု နှင့် ပို၍ရင်းနှီးလာသည်ဟု ခံစားရသည်။ လုံချန် သည် ယန်မိသားစုဖက်ခြမ်းသို့ လျှောက်သွားစဉ် လူတိုင်းဟာ လေးစားသဘောကျသည့်အကြည့်များဖြင့် ကြည့်နေလေသည်။

လုံချန် သည် သွားနေရင်း ယန်ရွဲ့ချင် ကို ရုတ်တရက်လှမ်းကြည့်လိုက်သည်။ သူမက လူတစ်စုဝန်းရံနေသော လုံချန်ကို ပြုံးပြနေသည်။ လုံချန် သည် အမေဖြစ်သူကို ကြည့်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့နှလုံးသားထဲ နောင်တရစရာတွေသာ ကျန်တော့သည်။ ဘေးမှာ ရပ်နေသည့် ယန်ယွန်ထျန်း ကတော့ မျက်နှာထက် နာကျင်ဟန်များပေါ်နေလေသည်။ စကားတော့တစ်ခွန်းမျှမပြောခဲ့ပေ။

ဤအချိန်တွင် ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့နှစ်ယောက်သား လုံချန်၏နံဘေးသို့ ရောက်လာကြသည်။ ယန်လင်ရွဲ့ က “ဒီနေ့ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။ နင် ငါတို့ကို ကယ်တင်ခဲ့ရုံတင်မကဘူး၊ ယန် မိသားစုတစ်ခုလုံးကိုပါ ကယ်တင်ခဲ့တယ်။ နင်က ငါတို့အားလုံးအတွက် တကယ်ကိုကျေးဇူးရှင်ပါပဲ။ ပြီးတော့ ငါနင့်ကိုတောင်းပန်စကားပြောနေတာပါ။ နောင်အခါကျ ငါတို့ကြားမှာ နင်နဲ့ လင်ချင်း တို့လို ပိုရင်းနှီးတဲ့ဝမ်းကွဲတွေ ဖြစ်လာဖို့ ငါတောင်းဆိုပါတယ်။ အဆင်ပြေလား”

ယန်ဝူ လည်း ခေါင်းညိတ်ပြပြီး ထပ်ပြောသည် “ငါလဲ တကယ် စိတ်မကောင်းပါဘူး၊ အရင်တုန်းကတော့ မင်းဟာ ငါတို့ ယန် မိသားစုရဲ့ လူပိုတစ်ယောက်လို့ ထင်ခဲ့တာ။ မင်း တကယ်ကို သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ ငါမမျှော်လင့်ထားဘူး။ ဒီနေ့ မင်းရဲ့လုပ်ရပ်က ငါတို့ကို အများကြီး သင်ပေးခဲ့တယ်။ လူတွေကို တစ်ဖက်သတ် မကြည့်တတ်ဖို့ပေါ့။ ဝမ်းကွဲညီ၊ ကျေးဇူးအများကြီးတင်ပါတယ်”

အမှန်တိုင်းပြောရလျှင် ဤကဲ့သို့ တန်ဖိုးထားဆက်ဆံခံနေရသည့်အတွက် လုံချန် သည် သူ့စိတ်ထဲတွင် တော်တော်လေး ရှက်ရွံ့နေခဲ့သည် ။ သူလည်း သူတို့ပြောသည့်အတိုင်းပင်။ တစ်ဖက်လူက သူ့အား ကောင်းကောင်းမွန်မွန် ဆက်ဆံသရွေ့ သူလည်း ထို့အတူပင်ဖြစ်သည်။

“ကောင်းပြီ၊ ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ ယန် မိသားစုကို ကူညီတာအပြင် ငါကိုယ်တိုင်လဲ လက်စားချေချင်တာပါပဲ”

လုံချန်၏ လေသံနှင့် အမူအရာသည် အနည်းငယ် ရွှတ်နောက်နောက်နိုင်လေသည်။ ယန်ဝူ၊ ယန်လင်ရွဲ့တို့အပါအဝင် အခြားလူငယ်တွေပါ နောက်ဆုံးတွင် စိတ်အေးလက်အေး ရယ်မောလိုက်ကြသည်။

လုံချန် က ခေါင်းမော့ကြည့်လိုက်ရာ ယန်ချင်းရွှမ် ပြုံးပြနေတာကို တွေ့လိုက်ရသည်။ ယန်ချင်းရွှမ်က ယန်ဝူ နှင့် ယန်လင်ရွဲ့ တို့အား သူ့ဆီလာဖို့တွန်းအားပေးခဲ့ပုံရသည်။

သူ၏ဦးလေးဖြစ်သူ နှင့်ပတ်သက်၍ လုံချန် သည် စိတ်ကွက်ခဲ့ခြင်းပင်မရှိပေ။ ယန်ချင်းရွှမ် သည် သူ့အပေါ်မှာ အမြဲတမ်း ကောင်းကောင်း၊ဆိုးဆိုး အကန့်အသတ်မကျော်သရွေ့ အလဟာသ မုန်းတီးနေမည်မဟုတ်ပေ။

သူ့ပတ်ဝန်းကျင်ရှိ စိတ်အားထက်သန်သော အကြည့်တွေကို ခံစားမိလိုက်သောအခါ လုံချန် အတွက် ယန်မိသားစုဟာ အမှန်တကယ် နွေးထွေးကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

.......

ယန်မိသားစုအိမ်တော် ။

လက်ရှိအချိန်တွင် ယန်မိသားစု၌ လုံချန်၏အဆင့်အတန်းသည် လူငယ်မျိုးဆက်၏ နံပါတ်တစ်တပည့်အဆင့်မဟုတ်တော့ပါ။ ယန်မိသားစု၏ ထိပ်သီးပညာရှင်အဆင့် ဖြစ်ခဲ့သည်။

ယန်ဘိုးဘေး ရှေ့သို့ ရောက်လာပြီးနောက်မှာ အဘိုးကြီး၏မျက်လုံးတွေ အနည်းငယ်နီရဲနေတာကိုသတိထားမိလိုက်လေသည်။ မှန်သည်၊ နှစ်ပေါင်းများစွာတိုင် ရင်းနှီးလာခဲ့သော ညီအစ်ကိုဖြစ်သူဟာ သစ္စာဖောက်ပြီး သူ့သားစဉ်မြေးဆက်အားလုံး အသတ်ခံရလုနီးပါးပင်မဟုတ်ပါလား။ ၎င်းက သူ့အတွက် အလွန်ပြင်းထန်သော ထိုးနှက်ချက်ပါ။

ခန်းမထဲသို့ လုံချန် ဝင်လာသည်ကို မြင်လိုက်ချိန်မှာတော့ ယန်ဘိုးဘေးက လုံချန် ကိုကြည့်ပြီး “မင်းငါ့ကို ဘာမှအားပေးနေစရာမလိုဘူး၊ ငါဘာလုပ်ရမယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ကလေး၊ မင်းကို သတိပေးပါရစေ။ နောင်မှာ အပြင်ထွက်ခဲ့လို့ ညီအစ်ကိုတွေရခဲ့ရင် မင်းဟာ သူ့နှလုံးသားထဲအထိ ခံစားကြည့်ရမယ်…”

လုံချန် က ခေါင်းညိတ်လိုက်သည် “ငါသိပြီ”

…

ထို့နောက်တွင် ယန်ဘိုးဘေးက ဂုဏ်ပြုသည့်အလား လုံချန်ကို သူ့ဘေးနားသို့ ဆွဲခေါ်လိုက်သည်။ အခြားယန်မိသားစုဝင်တွေလည်း စည်းစနစ်တကျ ထိုင်ကြသည်။ လုံချန် သည် ဘိုးဘေး နှင့်တန်းတူထိုင်နေသည်။ သို့သော် လူတိုင်း ဘာမှကန့်ကွက်ခြင်းမရှိကြ။

ယန်မိသားစု၏ဘိုးဘေးက လက်ဖက်ရည်တစ်ငုံကိုသောက်ပြီး “ဒီနေ့ ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်လို့ အများစုက ငါ့အမှားပါ။ ဒါကြောင့် မင်းတို့ကို အရင်တောင်းပန်ပါတယ်။ လူကြီးတစ်ယောက်အနေနဲ့ မင်းတို့အားလုံးကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့မိတယ်”

ယန်ချင်းရွှမ် က ရုတ်တရက် ထပြောလိုက်သည် “အဖေ က ကိုယ့်ကိုကိုယ် အပြစ်ပြောစရာ မလိုပါဘူး။ ဒါက အဖေ့ရဲ့ အပြစ်မဟုတ်ဘူးဆိုတာ ငါတို့အားလုံးသိတယ်။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် ပိုင်ရှန်းက ရက်စက်ပြီး မရိုးသားတာကိုပဲ အပြစ်တင်လို့ရတယ်”

“ဟုတ်တယ်...အဖိုး၊ အားလုံးနားလည်ပါတယ်”

မျိုးဆက်သစ်များက သူ့အား နားလည်သည်ကို မြင်သောအခါ ယန်မိသားစုဘိုးဘေးကြီး၏ စိတ်ထဲမှာသက်သာရာရသွားသည်။ သူ့မျက်လုံးအကြည့်တွေဟာ ထိုလူငယ်လေးတွေအပေါ် ခြုံငုံကြည့်လိုက်ပါသည်။ ယနေ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးက ယန်မိသားစုအနေဖြင့် အန္တာရာယ်ကြုံတွေ့ခဲ့သည့်တိုင်အောင် ဘာတစ်ခုမျှ ဆုံးရှုံးခဲ့ခြင်းမရှိ။ ဤအရာအားလုံးသည် လူတစ်ဦးကြောင့်ဖြစ်ရသည်ကို လူတိုင်းသိကြသည်။

ထို့နောက် ယန်မိသားစုဘိုးဘေးကြီး၏ အကြည့်တွေဟာ လူကြားထဲ၌ ခေါင်းအောက်ငုံ့နေသော ယန်ယွန်ထျန်း အပေါ် ရောက်လာပါသည်။ ဘာစကားမှ မပြောသေးသော်လည်း သူ့မျက်လုံးတွေက အေးစက်သွားသည်။ ဤအချိန်တွင် ယန်ချင်းရွှမ် က “ဒုတိယညီ၊ မတ်တပ်ရပ်လိုက်” ဟုပြောလိုက်သည်။

ယန်ချင်းရွှမ် လည်း သူ့အဖေ၏ဒေါသကို သိနေပုံဖြင့် သူ့ညီကို အရင်ဦးအောင်ကြိမ်းမောင်းလိုက်သည်။ သို့သော် ယန်ဘိုးဘေး၏မျက်နှာအနေအထားကိုကြည့်ပြီး စကားတော့ဆက်မပြောရဲပေ။ အမှန်တော့ ယန်ယွန်ထျန်းသာ လုံချန်ကို အလစ်အငိုက်ဖမ်းတိုက်ခဲ့၍မဟုတ်လျှင် တိုက်ပွဲဆက်ဖြစ်နေစရာမလိုပေ။ ထို့အပြင် လုံချန် အတွက်လည်း ကံကောင်းသွားလို့သာပင်။ မဟုတ်ပါက ယန်မိသားစု၏ အထွတ်အထိပ်ပါရမီရှင်ဟာ ပိုင်ကျန်းရှောင်၏လက်ထဲ၌ အသတ်ခံရနိုင်ပေသည်။

“ဒုတိယညီ၊ မင်းဘာပြောစရာရှိသေးလဲ”

ယန်ယွန်ထျန်း လည်း အတန်ကြာမှ သက်ပြင်းချလိုက်ပြီး ခေါင်းမော့လာပါသည်။ သူက လုံချန် နှင့် ယန်မိသားစုဘိုးဘေး ကို ကြည့်ပြီးပြောပါသည် “အဖေ၊ ကျုပ်မှာ ဘာမှပြောစရာ မရှိပါဘူး။ ဒီနေ့ ငါ့သားကို တရားမျှတမှု ပေးဖို့ ရည်ရွယ်ချက်ထားခဲ့တာ ဆိုပေမယ့် အဆုံးသတ်ကျတော့ မအောင်မြင်ခဲ့ဘူး။အနာဂတ်မှာ ဒီလိုအခွင့်အရေးမျိုး ထပ်ပြီးတော့လဲရမှာမဟုတ်တော့ဘူး”

“သောက်ကျိုးနည်း သားပဲ...” ယန်ဘိုးဘေးက သူ့လက်ဝါးကို စားပွဲပေါ် ဆောင့်ထုချလိုက်သည်။ လူငယ်တပည့်များအားလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

“မင်းရဲ့ နှလုံးသားထဲမှာ အပြစ်ရှိတဲ့ အရိပ်အယောင်တွေ မခံစားရဘူးလား။ ငါတို့မိသားစုရဲ့ အတွင်းရေးပဋိပက္ခကို ငါတို့ကြားမှာပဲ ဖြေရှင်းသင့်တယ်။ ငါတို့က ကိုယ့်လူကို မကျေနပ်လို့ ရန်သူ့လက်ကိုငှားစရာလိုသလား”

ယန်ယွန်ထျန်းက အံကြိတ်လိုက်ပြီး ဘာစကားမှ မပြောတော့ပေ။

ဒုတိယသားဖြစ်သူ၏ စိတ်ပျက်စရာအသွင်အပြင်ကိုမြင်လိုက်သည့်အခါ ယန်ဘိုးဘေးလည်း ဒေါသတအားထွက်ကာ တရှူးရှူးတရှားရှားဖြစ်လာတော့သည်။ သူက ဒေါသတကြီးပြောလိုက်သည် “ကျန်းအာ သေသွားတဲ့ အကြောင်းအရင်းက ချန်အာ ဆိုပေမယ့်လည်း သူ့ရဲ့ စိတ်နေစိတ်ထားက ခိုင်မာမှုမရှိလို့လေ။ ဒီလို ပျော့ညံ့တဲ့ စိတ်နေစိတ်ထားကြောင့် အနာဂတ်မှာ ချန်အာ မဟုတ်ရင်တောင် ဘယ်သူက သူ့ကိုသတ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ မင်းရဲ့သားကို ကောင်းကောင်း မသင်ပြပေးတာ မင်းအပြစ်ပဲ။ အခုတော့ သူများတွေကို မျက်စိစုံမှိတ်ပြီး အပြစ်ပြောနေတာလား။ ဒါဟာ ငါတို့ယန် မိသားစုရဲ့ ပုံစံလား”

ယန်ဘိုးဘေး၏ စကားတွေဟာ ယန်ယွန်ထျန်းကို လှုပ်နှိုးလိုက်သလိုပင်။ သူ့မျက်လုံးတွေထဲမှာ နာကျင်နေသည့်အမူအရာကို ထုတ်ဖော်ပြသရင်း လက်သီးများကို တင်းတင်းဆုပ်ထားသည်။ သူ့ကိုယ်သူ တွေးနေလေသည် “အဖေပြောတာ မှန်ပါတယ်။ ငါ့အနေနဲ့ ကျန်းအာ ကို ဒီနှစ်တွေမှာ လုံးလုံးအလိုလိုက်ထားမိတာပဲ။ သူ့ဆန္ဒအတိုင်း လုပ်ခွင့်ပေးတာလဲမှားတယ်။ အချိန်တိုင်းသာ သူ့ကို ကာကွယ်မပေးဘူးဆိုရင် သူ့စိတ်နေစိတ်ထားက ဒီလိုဖြစ်မှာ မဟုတ်ဘူး။ ငါ့သားက ပျော့ညံ့တဲ့သူ ဖြစ်လာမှာမဟုတ်ဘူး။ ယန်ယွန်ထျန်း၊ … နောက်ဆုံးတော့ မင်းကိုယ်တိုင်က မင်းရဲ့သားကို သေစေခဲ့တာပဲ…” ယင်းကြောင့် သူ့ကိုယ်သူ အပြစ်တင်တာအပြင် နာကျင်ခြင်းဟူသော ချောက်နက်ထဲသို့ ကျရောက်သွားပုံရသည်။ စိတ်လွတ်သွားသည့်အလား ရုန်းထွက်နိုင်ခြင်း မရှိခဲ့ပေ။

ယန်ဘိုးဘေး ကလည်း ဖခင်တစ်ယောက်အနေနှင့် ဒုတိယသား၏မျက်လုံးထဲရှိ နာကျင်မှုကို မမြင်ဘဲနေမည်မဟုတ်။ သူက လုံချန် ဖက်လှည့်ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်ပါသည် “ဒီနေ့ သူ မင်းကို ထိခိုက်စေခဲ့တာ။ မင်း သူ့ကို ဘယ်လို အပြစ်ပေးချင်လဲ၊ မင်းအပေါ်မှာ မူတည်တယ်”

ယန်ဘိုးဘေး က လုံချန် အား ကိုယ်တိုင်ကိုယ်ကျဆုံးဖြတ်ခိုင်းခဲ့သည်။ အစပိုင်းမှာတော့ အားလုံး အနည်းငယ် အံ့သြသွားကြ၏။ သေချာတွေးကြည့်လိုက်ချိန်မှာတော့ ၎င်းက ကျိုးကြောင်းဆီလျော်နေပေသည်။ သို့သော် လူတိုင်းက လုံချန်ကို မျှော်တလင့်တကြီး ကြည့်ရုံမှတပါး သူတို့ ကူညီနိုင်​တာဘာမှမရှိ။ ယန်မိသားစု ဟာ သေခြင်း၊ရှင်ခြင်း အခြေအနေကို ရင်ဆိုင်ခဲ့ရတာဖြစ်သည်။ အမှန်တိုင်းပြောရလျှင် သူတို့၏ နှလုံးသားထဲ၌ မည်သူ့ကိုမျှ အပြစ်ပေးစေလိုခြင်း မရှိပါ။ သို့သော် လုံချန်၏ စိတ်သဘောထားက နားလည်ရခက်သည်။ အရေးကြီးဆုံးအချိန်မှာ ယန်ယွန်ထျန်းကြောင့် လုံချန် ပင်သေဆုံးလုနီးပါးဖြစ်ခဲ့တာပါ။ သူ့အတွက် ယန်ယွန်ထျန်း အပေါ်မှာ နာကြည်းမှုရှိနေလျှင်ပင် ပုံမှန်သာဖြစ်သည်။

ဤအခိုက်အတန့်တွင် လုံချန်ကို ကြည့်နေသူတိုင်းပါ၊ အထူးသဖြင့် ယန်လင်ချင်း၏မျက်နှာသေးသေးလေးပေါ်မှာ အသနားခံ၊ တောင်းပန်လိုသော အမူအရာက လုံချန်၏နှလုံးသားကို နာကျင်စေခဲ့သည်။

ခဏအကြာတွင်တော့ လုံချန် သည် သက်ပြင်းချလိုက်ပြီး ယန်ယွန်ထျန်း ရှေ့ လျှောက်သွားလိုက်ပါသည်။ သူက မျက်နှာချင်းဆိုင်လိုက်ကာ ပြောသည် “ငာ့လုပ်ရပ်က မင်းရဲ့သားကို သွယ်ဝိုက်ပြီး သတ်လိုက်သလိုဖြစ်သွားတာ။ ဒါ ငါ့အမှားပဲ၊ ဒါပေမဲ့ ဒီနေ့ မင်းလုပ်လိုက်တာက ငါ့ကို အသတ်ခံလုနီးနီးပဲ။ ပြီးတော့ ငါတို့ နှစ်ယောက်စလုံးက ယန်မိသားစုဝင်တွေဆိုမှတော့ ရန်ငြိုးတွေဆက်မရှိစေချင်တော့ဘူး။ နားလည်လား”

Translated By NyiNyiSoe

..(သွေးနဂါးလုံချန်)

စာစဉ် -၃ (အပိုင်း - 41)

ဘာသာပြန်သူ - ညီညီစိုး

ယန်ယွန်ထျန်း သည် လုံချန်၏အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိထားလေသည်။ လုံချန် ဆိုသည်မှာ အသေးအဖွဲရန်ငြိုးလေးရှိရုံဖြင့်ပင် လက်စားချေတတ်သူမဟုတ်ပါလား။

လုံချန် သည် သူ၏ ရုတ်တရက်လုပ်ကြံမှုကြောင့် သေဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ တစ်ချိန်တည်းမှာပင်

ယန်မိသားစု၏ဘိုးဘေးကြီး ကိုယ်တိုင်က ယန်ယွန်ထျန်း အား အပြစ်ပေးဆပ်ရန်အတွက် ကိစ္စအားလုံးကို လုံချန်၏လက်ထဲသို့ လွှဲပေးထားခဲ့သည်။

ထို့အတူ လုံချန် ကဲ့သို့ ပါးနပ်ထက်မြတ်သူဟာ သူ့အား အချိန်မရွေး အန္တရာယ်ပေးနိုင်သည့်လူမျိုးကို အနားမှာ ထားနိုင်မည်လော။ လုံးဝမဖြစ်နိုင်ပေ။

သို့သော်လည်း လုံချန် ပြောသည့်စကားတွေဟာ သူမျှော်လင့်ထားသည့်အတိုင်း မဟုတ်ချေ။

ယန်မိသားစု၏အဖွဲ့ဝင်တွေအားလုံးလည်း စိတ်သက်သာရာရကာ သက်ပြင်းကိုယ်စီချလိုက်ကြသည်။ ယန်လင်ချင်း ကတော့ ချစ်စဖွယ်ပြုံးကာ လုံချန်ကို ကြည့်နေလေသည်။

လုံချန် အနေဖြင့် ယန်ယွန်ထျန်းကို လွှတ်ပေးလိုက်သည့်အကြောင်းပြချက်ကတော့ ရိုးရှင်းပါသည်။ ပထမဆုံးအနေနှင့် ယန်ကျန်းဟာ သူ့ကိုယ်သူ သတ်သေဖို့ သူလည်းမမျှော်လင့်ထားလို့ပါ။ တစ်နည်းအားဖြင့်တော့ ယန်ကျန်း ဟာ သူ့ကြောင့် သေဆုံးသွားခဲ့တာဖြစ်သည်။ သို့ဖြစ်ရာ ယန်ယွန်ထျန်းက သားဖြစ်သူအတွက် လက်စားချေတာပုံမှန်ပင်။ တိုက်ပွဲအတွင်း ယန်ယွန်ထျန်း၏လုပ်ရပ်သည် လွန်လွန်းသည်ဟု သူမထင်ခဲ့ပေ။

ဒုတိယအကြောင်းရင်းကတော့ ယန်လင်ချင်း၏အဖေဖြစ်နေလို့ပါ။ သူ နှင့် ယန်လင်ချင်း တို့ကြားကဆက်ဆံရေးဟာ မောင်နှမအရင်းများလိုပင်မဟုတ်ပါလား။ ထုံးစံအတိုင်း၊ သူ့အနေဖြင့် ယခုလိုအချိန်မျိုးမှာ ယန်ယွန်ထျန်း အတွက် ခက်ခဲအောင်မလုပ်ချင်ပေ။

အရေးကြီးဆုံးအချက်ဖြစ်သည့် တတိယအကြောင်းရင်းမှာ ဤနေ့ဤအချိန်ကစလို့ ယန်ယွန်ထျန်းဟာ သူ့ပြိုင်ဖက်မဟုတ်တော့လို့ပင်။

ဤအတောအတွင်း ယန်ယွန်ထျန်းက လုံချန်အား မယုံကြည်နိုင်စွာဖြင့်ကြည့်ကာ ပြောလေသည် “မင်းသေချာလား။ ငါတို့ကြားက ရန်ငြိုးတွေကို သင်ပုန်းချေပစ်တာလား”

လုံချန် က ခေါင်းညိတ်ပြီးပြောလိုက်သည် “မင်းရဲ့ကတိကို ထိန်းနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါ့အတွက် ယန်မိသားစုထဲမှာ မင်းကိုသတိထားနေရမယ့်အဖြစ်မျိုးမလိုချင်ဘူး။ ဒီလိုဆက်ဖြစ်နေရင် ငါလည်း မင်းကိုသတ်ပစ်မိလောက်တယ်”

ယန်ယွန်ထျန်း တစ်ယောက်တော့ သူ့ရှေ့မှလူငယ်လေးကိုကြည့်ရင်း သူ့မျက်လုံးတွေကိုပင် မယုံနိုင်ဖြစ်သွားသည်။ ကြည့်ရသည်မှာ လုံချန် သည် ရင့်ကျက်လာပုံရသည်။

မည်သိုပြင်ဖြစ်စေ သူတတ်နိုင်တာဘာမှမရှိ။ လက်ရှိမှာ လုံချန်၏ခွန်အားနှင့် အဆင့်အတန်းက သူ့ထက်ကျော်လွန်သွားပြီဖြစ်သည်။ ယန်ယွန်ထျန်းက ချက်ချင်းပင်ခေါင်းညိတ်ကာ ပြန်ပြောခဲ့သည် “ငါ ယန်ယွန်ထျန်း၊ ငါ့ကတိအတိုင်း သေချာပေါက် လိုက်နာမှာပါ”

ဤအခိုက်အတန့်တွင် ယန်ဘိုးဘေးကြီးကလည်း သူ့မြေးကို အားရကျေနပ်သည့်အမူအရာဖြင့် ကြည့်ပြီး ခေါင်းကို တိတ်တဆိတ်ညိတ်နေသည်။ သူ့နှလုံးသားထဲမှာ သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ခဏကြာပြီးနောက် သူက ပြောလိုက်သည် “ကောင်းပြီ၊ ငါတို့မိသားစုဝင်တွေ စည်းစည်းလုံးလုံး ဖြစ်သွားပြီဆိုတော့ အခုကစလို့ ငါတို့ ယန်မိသားစုက ပိုင်ကလန်ကို မပြတ်သတိထားနေရမယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကိုယ့်မိသားစုဝင်အချင်းချင်း မကောင်းကြံရင် အဲဒီလူကို ငါကိုယ်တိုင် အရင်ဆုံးအပစ်ပေးမယ်”

လူအုပ်ကို နောက်တဖန် လှည့်ကြည့်လိုက်ရင်း ယန်ဘိုးဘေးကြီး လည်း သက်ပြင်းချပြီး “ငါလည်း နည်းနည်းတော့ ပင်ပန်းသွားတယ်။ လူတိုင်းက ဒီနေ့အတွက် ပြန်ပြီး အနားယူလို့ရပြီ။ ဒါပေမဲ့ နောက်ရက်တွေမှာ ငါ့အမိန့်မပါဘဲနဲ့ ဘယ်သူမှ အလွယ်တကူ အပြင်မထွက်ရဘူး။ အားလုံး နားလည်ကြလား....”

ယန်ဘိုးဘေး၏ အမိန့်ကို ကြားသည့်အခါ အားလုံးက ခေါင်းညိတ်ကြသည်။ လုံချန်က ရုတ်တရက်ထပြောလိုက်သည် “အဖိုး၊ ခဏစောင့်ပါဦး။ ဒီမြေးက ပြောစရာနဲနဲရှိပါသေးတယ်”

စကားပြောနေရင်းဖြင့် ယန်ယွဲ့ချင် ကို တစ်ချက်ကြည့်လိုက်တယ်။ သို့သော်လည်း ယန်ယွဲ့ချင် သည် လုံးလုံးစိတ်ဓာတ်ကျနေသည့်အလား ခေါင်းတစ်ချက်တောင်မော့မလာပေ။

ယန်ဘိုးဘေးက ပြုံးလျက် “ချန်အာ၊ မင်းပြောစရာရှိရင်ပြောပါ။ ငါတို့အားလုံး နားထောင်နေတယ်”

“ကောင်းပြီ။ အဖိုး၊ ငါ့အဖေမသေခင်မှာ သူက ငါ့ရဲ့နာမည်ကို လုံ (Long)မျိုးရိုး လို့ပြောင်းစေချင်တယ်။ ဒီတော့ အခုကစပြီး ငါ့ကို ယန်ချန် အစား လုံချန် လို့ ပြောင်းခေါ်စေချင်တာပါ။ အဖိုးက ငါ့အဖေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်တယ်”

လုံချန်၏ ထိုစကားကို ကြားလိုက်ချိန်တွင် လူတိုင်း အနည်းငယ် တုန်လှုပ်သွားသည်။ အထူးသဖြင့် ယန်ယွဲ့ချင်၏ သေးသွယ်သောခန္ဓာကိုယ်လေးဟာ အနည်းငယ် တုန်ရင်သွားလေသည်။

ယခင်ကတော့ လုံချန် ကိုယ်တိုင်က အဆင့်အတန်း နှင့် ခွန်အား မရှိသည့်အတွက် ပြောချင်သမျှအရာတွေကို ရေငုံနှုတ်ပိတ်နေခဲ့ရသည်။ လက်ရှိမှာတော့ အရင်လိုမဟုတ်တော့ပေ။ သူ့အဆင့်အတန်းနှင့် ခွန်အားက ယန်ဘိုးဘေးထက် တစ်ဆင့်သာနိမ့်တော့သည်။

ယန်စိုးဘေးက သူ့ကို ထိတ်လန့်စွာကြည့်ကာ အလျင်စလိုမေးခဲ့သည် “ချန်အာ၊ မင်း ယန်မိသားစုက ထွက်သွားချင်တာလား။ ငါတို့တွေ အရင်က မင်းကို ကောင်းကောင်းမဆက်ဆံလို့ အပြစ်တင်နေတာလား”

လုံချန် က ခေါင်းယမ်းပြီး ပြောလိုက်ပါသည် “ငါပြောတာ ဒီလိုသဘောမျိုးမဟုတ်ပါဘူး။ ငါ့ရဲ့ သွေးတစ်ဝက်က ယန်တွေပဲလေ။ ဒီတော့ ယန် မိသားစု မှာရှိတဲ့ ငါ့ရဲ့ အဆင့်အတန်းက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ နာမည်ရှေ့မှာ အဖေ့ရဲ့ မျိုးရိုးနာမည် “လုံ” လို့ပဲပြောင်းချင်ရုံပါ။ ဒါဟာ နာမည်တစ်ခုပြောင်းရုံသက်သက်ပဲလေ”

တစ်ဖက်တွင် ၎င်းသည် လုံချင်းလန်၏ နောက်ဆုံးဆန္ဒဖြစ်နေခဲ့သည်။ အခြားတစ်ဖက်တွင်လည်း ၎င်းက လုံချန်၏တောင်းဆိုချက် ဖြစ်နေပြန်သည်။ ယန်ဘိုးဘေးက သဘောမတူစရာအကြောင်းမရှိပေ၊ လုံချန်ဟာ ယန်မိသားစုကနေ ထွက်ခွာသွားခြင်းမရှိဘူးမဟုတ်ပါလား။ သူက ခေါင်းညိတ်ပြီးပြောလိုက်သည် “ကောင်းပြီလေ။ ဒါက လုံချင်းလန် ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့အတွက် မင်းဆန္ဒအတိုင်းလုပ်ပါ”

နောက်ဆုံးတွင် လုံချင်းလန်၏ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်သည်။ လုံချန် သည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် အခြားသူတွေနည်းတူ ယန်ဘိုးဘေးအား နှုတ်ဆက်ကာ ခန်းမထဲကနေ ထွက်ခွာသွားခဲ့သည်။ ယန်ချင်းရွှမ်လည်း ထွက်သွားရန်ပြင်လိုက်ပြီးမှ နောက်ပြန်လှည့်လာပြီး “အဖေ၊ ဒီနေ့ ပင်ပန်းနေလောက်ပြီ။ ပြန်သွားပြီး အနားယူပါလား။မနက်ဖြန်ဆိုရင် စီမံခန့်ခွဲပိုင်ခွင့်အာဏာကို လက်လွှဲယူရတော့မှာ။ ပိုင် မိသားစုက ငါတို့ကို ပြဿနာရှာလာနိုင်သေးတယ်”

ယန်ဘိုးဘေးက ခေါင်းခါပြီး “ငါ့အတွေးတွေကို ရှင်းဖို့ ခဏလောက် အချိန်ယူလိုက်ဦးမယ်။ ရွှမ်အာ၊ မင်းသွားတော့”

ယန်ချင်းရွှမ် လည်း ကူကယ်ရာမဲ့ ခေါင်းတညိတ်ညိတ်သာ လုပ်နိုင်ခဲ့သည်။

…….

ဤနေ့ညကတော့ ယန်မိသားစုဝင်တွေအတွက် အိပ်မပျော်နိုင်သောညတစ်ညဖြစ်နိုင်လေသည်။

လုံချန် သည် အခြားသူများကို နှုတ်ဆက်ပြီးနောက် သူ့ကိုယ်ပိုင်အိမ်တော် ဆီသို့ ပြန်လာခဲ့လိုက်သည်။ ရုတ်တရက်ဆိုသလိုပဲ ယန်ရွဲ့ချင် ဟာ နံရံကိုကျော်တက်ပြီး အိမ်တော် အပြင်ဖက်သို့ထွက်သွားတာကို မြင်လိုက်ရသည်။ သွေးကစကားပြောနေသည့်အလား လုံချန်သည် သူ့အမေအား စိုးရိမ်သဖြင့် နောက်ကနေ တိတ်တဆိတ်လိုက်ပါသွားခဲ့သည်။

လမ်းတွင် သူက ရုတ်တရက် တိုးတိုးလေးမေးလိုက်သည်

“ရှီအာ၊ သူဘယ်သွားမယ်ထင်လဲ”

“ဘာလဲ၊ ငါနင်နဲ့စကားမပြောချင်ဘူး”

လုံချန် သည် နေရကြပ်သွားသည်။ အရင်တိုက်ပွဲတုန်းက လင်းရှီအတွက် အန္တရာယ်ရှိနိုင်သောကြောင့် သူမကို ဝင်မပါရန် မာန်မဲထားလို့ပါ။ ကလေးမလေးက ယခုအထိ ဒေါသတကြီး ဖြစ်နေဦးမည်ဟု မထင်ခဲ့ပေ။ လုံချန် အနေနဲ့ကတော့ ချော့ရုံသာ ချော့နိုင်သည် “ကလေးမလေး၊ အဲဒီအချိန်တုန်းက ငါမှားမှန်းသိပေမယ့် မတော်တဆ ပြောမိလိုက်တာပါ။ မင်း ငါ့ကို တုံးအနေတဲ့ မြည်းတစ်ကောင်လို ဆက်ဆံလို့ ရမလား၊ ဝူး ဝူး ဝူး ဝူး....”

လင်းရှီ က တခစ်ခစ်ရယ်ပါတော့သည် “အဲဒါ ခွေးဟောင်နေသလိုပဲ။ မိုက်မဲလိုက်တာ၊ မြည်းအော်သံက

...ဟူ...ဟူး....”

“အိုက်ယား၊ ဒါဆို မင်းက မြည်းပဲ....”

“ငရဲကိုသွားစမ်း...”

“အို.... သခင်မလေး၊ ငါ့ကို ခွင့်လွှတ်ပေးပါဉီး”

လင်းရှီ ကို ချော့ဖို့က သိပ်မလွယ်လှပေ။ လုံချန် သည် သူ့ကိုယ်သူ နားဒုက္ခပေးမှာမဟုတ်။ သူဆက်ပြောခါနီးမှာတော့ ယန်ရွဲ့ချင် ဟာ မြို့ပြင်သို့ တရွေ့ရွေ့ထွက်သွားနေကြောင်းမြင်လိုက်ရာ သူလည်း ဆက်လိုက်ခဲ့သည်။

အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက်တွင် လုံချန် သည် ဤလမ်းတစ်လျှောက်လုံးက အနည်းငယ်ရင်းနှီးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သေသေချာချာ စဉ်းစားကြည့်လိုက်ရာမှာတော့ လုံချင်းလန်၏ ဂူသင်္ချိုင်းရှိရာသို့ သွားရာလမ်းဖြစ်နေမှန်းသတိရသွားလေတော့သည်။

လုံချန် သည် အနည်းငယ်အံ့သြသွား၏။ သူသည် ယန်ရွဲ့ချင် ကို ဤနေရာသို့ တစ်ခါမျှ ခေါ်မလာခဲ့ဖူးချေ။ ယန်ရွဲ့ချင် ကတော့ လုံချင်းလန် အား မြှုပ်နှံထားသည့်နေရာကိုပင် သိနေလေသည်။ အမှန်တော့ ယန်မိသားစုထဲရှိ ယန်ရွဲ့ချင်၏ အဆင့်အတန်းအရဆိုလျှင် မြို့ပြင်မှ ဂူသင်္ချိုင်းတစ်ခုရှာရန်ကား သိပ်ပြီးမခက်ခဲလှပေ။

သိပ်မကြာလိုက်ပါ၊ ယန်ရွဲ့ချင် သည် လုံချင်းလန်၏ အုတ်ဂူရှေ့၌ ရပ်ကာ မျက်တောင်မခတ်စတမ်းစိုက်ကြည့်နေလေသည်။ လုံချန် လည်း ထိုမြင်ကွင်းကို အဝေးကနေလှမ်းပြီးကြည့်နေလေသည်။

သူ့စိတ်ထဲ၌လည်း ဤအမျိုးသမီး ဘာလုပ်နေမှန်း မသိပေ။၊ အမှန်တော့ သူလည်း အတော်လေးသိချင်နေမိသည်။

ယခုအချိန်ထိတော့ ယန်ရွဲ့ချင် က ဘာစကားမှမပြောသေးပေ။ မြေပြင်ပေါ်တွင် ထိုင်ချလျက် အုတ်ဂူကို မှီကာ အဝေးရှိကြယ်များကို ကြောင်တက်တက် ငေးကြည့်နေသည်။ ဖြာကျနေသော ကြယ်အလင်းရောင်တွေဟာ သူမ၏ မျက်လုံးများနှင့် ဖြူဖွေးသော ပါးပြင်ကို လင်းလက်တောက်ပနေစေသည်။

သူ့အမေ၏ ယခုလိုဖြစ်နေပုံမြင်ကွင်းအား မြင်လိုက်ရချိန်တွင် လုံချန် သည် ရုတ်တရက် ထိမိသွားသလို ခံစားလိုက်ရသည်ည်။ ဤအခိုက်အတန့့်ဟာ သူ့အတွက် တစ်ခါမှမမြင်ဖူးသော ချိုမြိန်သည့်မြင်ကွင်းတစ်ခုပါ။

“သူမ သူ့ကိုယ်သူ စကားပြောနေတယ်” လင်းရှီ က ရုတ်တရက် ပြောလိုက်သည်။

“သူမ ဘာတွေပြောနေတာလဲ၊ မင်းသိသလား” လုံချန်က စိုးရိမ်တကြီး မေးလိုက်သည်။

လင်းရှီ သည် ခဏတာနားထောင်ဟန်ပြုပြီးနောက် ယန်ရွဲ့ချင်၏လေသံအတိုင်း တုပကာ ပြောပြလေတော့သည်။

“... နင်သာ ငါ့ကိုအဲဒီလိုမဆက်ဆံခဲ့ဘူးဆိုရင် နင့်ကိုဘာလို့မုန်းရမှာလဲ။ ငါ့သားကိုဘာလို့မုန်းမှာလဲ။ လုံချင်းလန်၊ ငါ့မျက်လုံးထဲမှာ နင်ကအရူးတစ်ယောက်ပဲ...”

လုံချန် သည် အံ့သြသွားသည်။

“ဘယ်လို....ဖြစ်ပြီး ....ငါ့အဖေက အမေ့ရဲ့မျက်လုံးထဲမှာ ....တကယ်ပဲ အရူးတစ်ယောက်လား။ သူမ ဘာလို့ဒီလိုထင်ခဲ့တာလဲ”

အရင်ကတော့ လုံချင်းလန် ဒုက္ခိတဖြစ်သွားသည့်အချိန်မှာ ယန်ရွဲ့ချင်က စွန့်ပစ်ခဲ့သည်ဟု အမြဲတွေးနေခဲ့သည်။ အမှန်တကယ်တော့ အခြေအနေက သူထင်ထားသလိုမရိုးရှင်းခဲ့ပေ။

ဤအခိုက်အတန့်တွင် လုံချန် သည် ယန်ရွဲ့ချင်၏ နာကျင်နေသော အမူအရာကို စိုက်ကြည့်နေသည်။ ဤအချိန်တွင် လင်းရှီ က ဆက်လက်တုပပြီးပြောခဲ့သည် “... နင် အဲ့ဒီနေရာကနေ မဟာဧကရာဇ်ကုန်းမြေကိုရောက်လာခဲ့တယ်။ ပြီးတော့ ကုန်းမြေတစ်ခုလုံးကိုပတ်ပြီး ငါ့လိုမျိုး ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ အမျိုးသမီးတစ်ဦးကို ရှာတွေ့ခဲ့တယ်မဟုတ်လား။ ပြီးတော့ နင့်​ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မျိုးဆက်ကို မွေးဖွားပေးဖို့အတွက် တောင်းဆိုခဲ့တယ်။ တကယ်တော့ နင့်ရဲ့ နောက်ခံနဲ့အဆင့်အတန်းကို ငါသိပါတယ်။ မိန်းမသားတွေရဲ့ သဘာဝအတိုင်း ငါစိတ်​ကူးယဉ်​မိတယ်၊ ပိုင်ဆိုင်ချင်တယ်လေ။ ဒါ​ပေမဲ့ နင်ဟာ ငါ့ခံစားချက်​​တွေကို ​ဘယ်တော့မှ အသိအမှတ်မပြုခဲ့ဘူး...”

“ဒီနေ့ ချန်အာ က နောက်ဆုံးတော့ သူကိုယ်တိုင်ပါ “လုံ” မျိုးရိုး နာမည်ကို ယူချင်တယ်လို့ ပြောခဲ့ပြီ။ နင် အခုထက်ထိအောင် အနိုင်ရနေသေးတယ်နော်။ ဘာပဲဖြစ်ဖြစ် ငါဆိုတဲ့မိန်းမက နင်နဲ့ လိုက်ဖက်တာမှ မဟုတ်တာလေ။ နင့်ရဲ့မျက်လုံးထဲမှာ ငါ့လို သာမန်လူက အဆင့်အတန်းနိမ့်ကျတဲ့အတွက် နင်နဲ့ မထိုက်တန်ခဲ့ဘူး”

ယန်ရွဲ့ချင်ပြောနေသည့် စကားတွေဟာ လုံချန်ကို ကမ္ဘာပျက်လုနီးပါး ထိတ်လန့်သွားစေခဲ့သည်။

ယန်ရွဲ့ချင် ဟာ သူ့အပေါ် ဘာအတွက်ကြောင့် အေးစက်စက်ဆက်ဆံနေရသလဲဟူသောအဖြေကို ရှာတွေ့သွားခဲ့လေပြီ။ နဂို အေးစက်နေသောကြောင့် မဟုတ်၊ လုံချင်းလန်၏လုပ်ရပ်က သူမကို ဘဝပျက်လောက်အောင် နာကျင်စေခဲ့လို့ဖြစ်သည်။

လုံချင်းလန် သည် လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုမှ ဆင်းသက်လာကြောင်း လုံချန်ကိုယ်တိုင်လည်း သိထားလေသည်။ ထိုသို့ဖြစ်ရာ သူ၏ယခင်ခွန်အားအဆင့်က နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ထက် သေချာပေါက်ကို မြင့်မားပါသည်။ လုံချင်းလန် အကြောင်းကို ကျော်ကြားခြင်းမြို့တစ်ခုလုံး ယနေ့ထိတိုင် ပြောစမှတ်တွင်နေသည်ကား သက်သေပင်။

ထို့နောက် အခြေအနေက ဘာဆက်ဖြစ်သွားမှန်းသိသာပါသည်။ နဂါးကျောက်စိမ်းဆွဲသီးက လုံချင်းလန်၏ ကျင့်ကြံမှုအားလုံးကို ဝါးမျိုပစ်ခဲ့လေသည်။ သို့သော် လုံချင်းလန် က ဉာဏ်ကောင်းလွန်းခဲ့သည်။ သူဟာ နဂါးကျောက်စိမ်းဆွဲသီး၏စွမ်းအားကို နိုးထစေနိုင်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်ဆိုင်သူကို လိုက်လဲရှာဖွေလေတော့သည်။ နောက်ဆုံးတွင် ယန်ရွဲ့ချင် ကို တွေ့ရှိခဲ့သည်။

ထို့နောက်တော့ ယန်ရွဲ့ချင် ပြောခဲ့သည့်အတိုင်း ဖြစ်ပျက်ခဲ့သည်။ ယန်ရွဲ့ချင် ဟာ အမှန်တရားကို သိရှိပြီးနောက်တွင် မျိုးဆက်ပွားရန်အတွက် ကိရိယာတစ်ခုအဖြစ် လုံးဝလက်သင့်မခံနိုင်ခဲ့ပေ။

လုံချန် သည် လုံချင်းလန်၏နှလုံးသားဖြစ်သော်လည်း ယန်ရွဲ့ချင် အတွက်ကတော့ သူမ၏ပျော်ရွှင်မှုနှင့် စိတ်ခံစားမှုတွေအားလုံးကို လုယူသွားသော အရာတစ်ခုဖြစ်သည်။ လုံချင်းလန် က သူ့သားဖြစ်သူကို ပိုတန်ဖိုးထားလေလေ ယန်ရွဲ့ချင်ဟာ ပိုပြီးမုန်းတီးလေလေပင်။

အတိုချုပ်ပြောရလျှင်တော့ အခြေအနေက ထိုကဲ့သို့ဖြစ်သွားတာပင်။

လုံချန် သည် ယန်ရွဲ့ချင်၏ပုံစံကို မြင်ရလေလေစိတ်မကောင်းဖြစ်လေလေပါ။ အဆုံးသတ်မှာတော့ သူ၏အမေဖြစ်သူဟာ လောကတွင် သနားစရာအကောင်းဆုံးအမျိုးသမီး ဖြစ်ခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ယန်ရွဲ့ချင်အပေါ်အမုန်းတရားတွေ ပျောက်ကွယ်သွားခဲ့ပါပြီ။

Translated By NyiNyiSoe

..(သွေးနဂါးလုံချန်)

စာစဉ် -၃ (အပိုင်း - 42)

ဘာသာပြန်သူ - ညီညီစိုး

အရင်နေ့က ကျော်ကြားခြင်းမြို့၏ အထင်ကရပွဲတော်ဖြစ်သော နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ ကျင်းပခဲ့လေသည်။ ယနေ့မှာတော့ နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ၌ အနိုင်ရရှိသည့်အင်အားစုကို ကျော်ကြားခြင်းမြို့အား ဆယ်စုနှစ်နှစ်ခုတိုင်တိုင် စီမံခန့်ခွဲပိုင်ခွင့်ပေးအပ်မှာဖြစ်သည်။

ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အခမ်းအနားသို့ ကျော်ကြားခြင်းမြို့တော်၏ အာဏာပိုင်များ နှင့် ထိပ်သီးအင်အားစုတွေအကုန်လုံး တက်ရောက်ကြလေသည်။ ကောင်းကင်ထက်မှ နေအလင်းရောင် တောက်ပလာရုံပင်ရှိသေး၊ မြို့တော်ရင်ပြင်၌ လူပေါင်း သောင်းနှင့်ချီ စုရုံးနေပြီဖြစ်သည်။

နတ်ဆိုးအမဲပြိုင်ပွဲ၏ ရလာဒ်အပေါ်အခြေခံ၍ ကျော်ကြားခြင်းမြို့တော်အား စီမံခန့်ခွဲပိုင်ခွင့်ကို ဆုံးဖြတ်ခြင်းဖြစ်လေသည်။ တစ်နည်းအားဖြင့် ယန် နှင့် ပိုင် မိသားစုတို့၏မျိုးဆက်သစ်များကြားက စွမ်းဆောင်ရည်ကို အကဲဖြတ်စေခြင်းပင်။ ဤအချက်ကို ကြည့်လျှင် လင်းဝူတော်ဝင်မိသားစု သည် အင်အားစုတစ်ခု၏ အနာဂတ်အလားအလာကို ပိုပြီးတန်ဖိုးထားမှန်းသိသာလေသည်။

ဤအချိန်တွင်တော့ ပိုင် နှင့် ယန် မိသားစုနှစ်ခုစလုံး မရောက်သေးသည့်တိုင်အောင် တိုက်ပွဲအကြောင်းကို ဆူညံပွက်လောရိုက်စွာပြောဆိုနေကြသည်။

ပိုင် နှင့် ယန် မိသားစုကြီးနှစ်ခုကြားမှ တိုက်ပွဲသတင်းဟာ ကျော်ကြားခြင်းမြို့တော်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီဖြစ်သည်။

တိုက်ပွဲပြီးဆုံးသွားပြီ ဖြစ်သော်လည်း လူတိုင်းအား ထိတ်လန့်စေသောအရာနှစ်ခု ရှိနေပါသေးသည်။ တစ်ခုမှာ ပိုင် မိသားစု၏ ရက်စက်ယုတ်မာသော အကြံအစည်ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ ယန် မိသားစုဟာ ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်စွမ်းသောပါရမီရှင်တစ်ဦး မွေးထုတ်ပေးခဲ့လေသည်။

“မင်း မမြင်လိုက်လို့ မသိတာနေမယ်။ အဲဒီ သွေးနီရောင် ချပ်ဝတ်တန်ဆာနဲ့ အရိုးဆူးချွန်တွေက မင်းလက်ထဲကဓားထက် ပိုပြီးတော့ ထက်မြိနေသေးတယ်။ ပိုင်ကျန်းရှောင် လိုလူတောင်မှ သူ့ဆီက တိုက်ခိုက်မှု တစ်ချက်တောင် မတားနိုင်ဘူး။ ငရဲနတ်ဆိုးလက်ရဲ့ နာမည်ကျော် အဝါရောင်စမ်းချောင်း ၉ သွယ်က ယန်တွေရဲ့ ထိုက်ချွမ်နဂါးတံဆိပ် ကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘူး။ အခုအချိန်မှာ အဲဒီကောင်လေးက ကျော်ကြားခြင်းမြို့တော်ရဲ့ တတိယမြောက် အ်စ်မ်းထက်ဆုံးပညာရှင်လို့ လူတိုင်းပြောနေကြတယ်”

“အသက် ၁၆ နှစ်မှာ တတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူလား။ သူက တကယ်ကို မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတာပဲ။ ဒါဆို သူ့အရည်အချင်းက အတိတ်တုန်းက လုံချင်းလန် ထက်တောင်မှ ပိုပြီးကြောက်စရာကောင်းနေသေးတယ်”

“အမှန်ပဲ။ သူက ပိုင် မိသားစုရဲ့ ဉာဏ်ကြီးနှစ်ယောက်ကို နဲနဲလေးမှမလှုပ်နိုင်အောင်ဖိနှိပ်ထားတာ...”

“အားလုံး စကားတွေ ရပ်လိုက်တော့။ ပိုင် မိသားစု ရောက်လာပြီ”

လူအုပ်ကြီးသည် ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဆုတ်သွားရင်း ပိုင် မိသားစုအတွက် လမ်းပေါက်ဖွင့်ပေးလိုက်ကြသည်။ ဤအချိန်တွင် ပိုင် မိသားစုခေါင်းဆောင်ဟာ သုန်မှုန်နေသောမျက်နှာထားဖြင့် မြို့တော်ရင်ပြင်ဆီသို့ လျှောက်သွားခဲ့သည်။

ပိုင် မိသားစု၏ ယခုထက်တိုင် မောက်မာမှုကို မြင်လိုက်ချိန်တွင် အတော်များများဟာ ကြောက်လန့်တကြား တိတ်ဆိတ်သွားကြသည်။ သို့သော် လူတိုင်းက စိတ်ထဲမှာ တိတ်တဆိတ်ကျိန်ဆဲနေလေသည်။

အမှန်မှာစင်စစ်၊ လူတိုင်းသည် ဖြောင့်မတ်တည်ကြည်သော အစွမ်းထက်ကျင့်ကြံသူများကို လေးစားကြသည်။ ကောက်ကျစ်ယုတ်မာသောနည်းလမ်းများသုံးကာ ညီရင်းအစ်ကိုများအပေါ် လုပ်ကြံသူတွေကိုတော့ ဘယ်သူမှ အထင်ကြီးလေးစားခြင်းမရှိပေ။

ပိုင် မိသားစု ရောက်လာပြီးနောက် လူတိုင်းက အတန်ငယ်တိတ်ဆိတ်သွား၏။ သို့သော် ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ယောက်က “ယန်မိသားစု ရောက်လာပြီဟေး ...” ဟူ၍ အသံကုန်အော်လိုက်သည်။

လူအုပ်ကြီးဟာ ယန် မိသားစု သွားလာနိုင်ရန် လမ်းဖွင့်ပေးကြသည်။ ထို့အပြင် လူတိုင်း ယန် မိသားစု၏ ဘိုးဘေးနှင့် အခြားအဖွဲ့ဝင်တွေကိုပါ နွေးထွေးစွာ နှုတ်ဆက်ကြသည်။ ယန်ဘိုးဘေး နှင့် အခြားလူတွေကလည်း လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်စကား ပြန်ပြောကြသည်။ ဤအချိန်တွင် လူတိုင်းဟာ ဒဏ္ဍာရီဆန်ဆန် မကောင်းဆိုးဝါးကဲ့သို့ ပါရမီရှင်လုံချန်အား ဝိုင်းကြည့်လျက် ချီးမွမ်းကြပါတော့သည်။

“ကြည့်ရတာ တကယ်ပဲ သူ့အသက်က ၁၆ နှစ်လောက်ပဲရှိဦးမယ်။ ဒါပေမဲ့ သူရဲ့အဆင့်အတန်းက မျိုးဆက်ဟောင်းတွေနဲ့ တန်းတူဖြစ်သွားပြီ...”

“ငါ့သားလေးလဲ ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ နဂါးသွေးကြောနယ်ပယ်အဆင့် ၄ ကို ရောက်သွားတာ။ ပြီးတော့ သူက မောက်မာလွန်းအားကြီးတယ်။ သူ့ကို တစ်ခါတည်းခေါ်လာခဲ့ရမှာ။ ဒါမှသာ ဒီလူငယ်ကို မြင်လိုက်တာနဲ့ အပြင်မှာ သူ့ထက်ပိုမြင့်တဲ့တောင်တစ်လုံးရှိနေတတ်တာ သဘောပေါက်သွားလိမ့်မယ်။တကယ့်ဉာဏ်ကြီးရှင်တွေက ဘယ်လိုမျိုးနေထိုင်ပြုမူတယ်ဆိုတာ သင်ပြပေးရမယ် “

ဤအတောအတွင်း ပိုင် မိသားစုရောက်လာခါစအချိန်၌ မည်သူမျှ အရေးတယူနှုတ်ဆက်ခြင်းမပြုကြပေ။ သို့သော် ယန် မိသားစု ရောက်လာချိန်မှာတော့ အားလုံးက ဝိုင်းဝန်း နှုတ်ဆက်ကြတော့သည်။

ဤအခြေအနေသည် ပိုင် ကလန်ဟာ သူတို့လုပ်ခဲ့သောအပြစ်အတွက် ပြန်ပြီးပေးဆပ်ရခြင်းပင်။ ယန် ကလန်က သူတို့အား အနိုင်ယူပြီးဖိနှိပ်သွားလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်ထားမှာမဟုတ်ချေ။ ချက်ချင်းဆိုသလိုပင် ပိုင် မိသားစုဝင်တွေအားလုံး၏ မျက်နှာတွေဟာ ပို၍ပင် မည်းမှောင်သွားသည်။

ဤအချိန်ကစ၍ ပိုင် မိသားစု၏ နာမည်ဂုဏ်သတင်းသည် ဆိုးဆိုးရွားရွားကျဆင်းသွားပြီဟုဆိုရပေမည်။

လုံချန် လည်း လူအုပ်ကြားထဲကနေ ပိုင် မိသားစုဝင်တွေရပ်နေသည့်ဖက်ခြမ်းသို့လှမ်းကြည့်နေသည်။ ယနေ့တွင် ပိုင် မိသားစုက အဖွဲ့ဝင်တွေအများကြီးခေါ်လာပုံမရ။ သို့သော် ပိုင်ရှန်း၊ ပိုင်ကျန်းလုံ၊ ပိုင်ကျန်းဖုန်း နှင့် မျက်ခုံးမွေးရှည်ရှည်အဘိုးကြီးတစ်ဦးတို့ရောက်လာကြသည်။

“ဟမ်၊ ဒါက နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး ကို မှည့်မမှည့် စောင့်ကြည့်နေတဲ့ လူအိုကြီးမဟုတ်လား” လင်းရှီ က စိတ်ဝင်စားသောလေသံနဲ့ ရုတ်တရက်ပြောခဲ့သည် ။

လုံချန် သည် လူအိုကြီး၏အသွင်အပြင်ကိုကြည့်ရင်း ၎င်း၏မျက်ခုံးကြားရှိ အနီရောင်အစက်သေးသေးလေးကို သတိထားမိလိုက်သည်။

ဤအခိုက်အတန့်တွင် အဘိုးကြီးက ပိုင်ရှန်းအနားသို့တိုးကပ်လျက် အနည်းငယ်တီးတိုးပြောလိုက်သည်။ ဘာပြောလိုက်မှန်းမသိသော်လည်း ပိုင်ရှန်း၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားသည်။

အနှီလုံချန် သည် နတ်ဆိုးအမဲလိုက်ပြိုင်ပွဲအတွင်း သူတို့ရှာဖွေထားသည့် အဓိကနေရာသို့ ရောက်သွားမည်ဟု မမျှော်လင့်ထားခဲ့ကြလို့ပါ။ သူတို့အမြင်အရတော့ ယန် မိသားစုသည်လည်း နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအကြောင်း သိနေလောက်ပြီဖြစ်သည်။

အမှန်တော့ သူတို့နှစ်ဖွဲ့ဟာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ရှာတွေ့ပြီးနောက် ယန် မိသားစုကို ဖယ်ရှားပစ်ရန် စီစဉ်ခဲ့ကြတာပါ။ သို့သော် လုံချန် ဟူသော မကောင်းဆိုးဝါးပေါ်လာပြီး သူတို့အစီအစဉ်တွေအကုန်လုံး ပျက်စီးသွားမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ တစ်နည်းအားဖြင့်တော့ ယန်မိသားစုသည်လည်း နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ပြင်ဆင်ထားလောက်ပါပြီ။

ဤအချိန်တွင် ယန်ဘိုးဘေးကြီးလည်း အမည်မသိအဘိုးကြီးအား တွေ့လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ပြီးပြောလိုက်သည် “ ကံဆိုးတာလားကံကောင်းတာပဲလား။ တကယ်တော့ ဒီပိုင်ရှန်း ဖအေတူမအေကွဲအစ်ကို ပိုင်လီ ဆိုတဲ့တစ်ယောက်ရှိသေးတယ်။ သူက မဟာယွမ်တော်ဝင်မြို့တော်မှာနေထိုင်တာလေ။ တစ်ခါမှ ပြန်လာဖူးတာမဟုတ်ဘူး။ ဒီတစ်ခါတော့ သူ တကယ်ကြီးပြန်ရောက်လာတာပဲ။ အခုဆိုရင်

ငါတို့မြို့မှာ အဆင့် ၉ ကျင့်ကြံသူ ၂ ယောက်တောင်ရှိနေပြီ…”

ဤအချိန်တွင် ဝံပုလွေသခင်လန်း ပေါ်လာခဲ့သည်။

သူရောက်လာသည်နှင့် ဆူညံနေသောလူအုပ်ကြီးဟာ ချက်ချင်းပင်တိတ်ဆိတ်သွားခဲ့သည်။ မြို့တော်ရင်ပြင်သည် အပ်ကျသံပင်ကြားနိုင်လောက်သည်အထိတိတ်ဆိတ်နေလေတော့သည်။

ဝံပုလွေသခင် က လူအုပ်ကြီးကို ခဏကြာဝေ့ဝဲကြည့်ကာ သူ၏ ဘယ်ဖက်လက်ဝါးကို ဖြန့်လိုက်သည်။ အားလုံးက တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။ သို့သော်လည်း သူ့ဘယ်လက်ထဲ၌ ဘာမှမရှိပေ။

“ပိုင် မိသားစု.... နတ်ဆိုးအမြုတေ သုည....”

ဝံပုလွေသခင်၏ ကြေညာသံကိုကြားလိုက်ချိန်တွင်

လူတိုင်း၏အမူအရာသည် သိသိသာသာကိုပြောင်းလဲသွားခဲ့သည်။

ပိုင် နှင့် ယန် မိသားစု၏မျိုးဆက်သစ်တပည့်တွေဟာ နတ်ဆိုးအမြုတေကိုယ်စီရလာလိမ့်မည်ဟုသာထင်ထားကြလို့ပင်။ ယခုအခါမှာတော့ ပိုင် မိသားစု၏တပည့်တွေဟာ လက်ဗလာဖြင့်သာပြန်လာကြရသည်။

လုံချန် သည် မသိမသာလေး လှောင်ပြုံးပြုံးလိုက်သည်။ အမှန်တော့ သူသည် နတ်ဆိုးအမြုတေတွေ လိုက်လံရှာဖွေခဲ့ခြင်းမရှိလို့ပါ။ သူက ပိုင် မိသားစုဝင်တွေဆီကနေ လုယက်ခဲ့ခြင်းသာ။

ဤသို့ဖြင့်....

ပိုင် နှင့် ယန် မိသားစုကြီးနှစ်ခုအကြား အာဏာပိုင်ဆိုင်ခွင့်ပြိုင်ပွဲ၌ ယန် မိသားစုဟာ အနီရောင်နတ်မြေခွေး၏အမြုတေဖြင့် အနိုင်ရခဲ့သည်။ ကျော်ကြားခြင်းမြို့အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပုံရသည်။

ဤအခိုက်အတန့်တွင် လူတိုင်းက အိပ်မက်မက်နေသလို ခံစားရသည်။

“ကံမကောင်းလိုက်တာ။ ငါတို့မိသားစုရဲ့ တပည့်တွေသာ ဒီပြိုင်ပွဲကိုဝင်ပါခွင့်ရရင်ကောင်းမယ်။ သူတို့က ပိုင် နဲ့ ယန် မိသားစုရဲ့တပည့်တွေကို ရှောင်ပုန်းရင်း နတ်ဆိုးအမြုတေတစ်ခုလောက်ရရင်တောင်မှ အာဏာသေးသေးလေးတော့ရနိုင်မှာသေချာတယ်”

လူတော်တော်များများက တူညီသော အတွေးမျိုးရှိနေခဲ့သည်။

ရလာဒ်ကို သူတို့သိပြီးဖြစ်သည်။ သို့တိုင်အောင် ဝံပုလွေသခင်၏ တရားဝင်ကြေညာသံကို ကြားလိုက်ချိန်မှာတော့ ပိုင် မိသားစုဝင်တွေအားလုံး မျက်နှာများဖြူရော်ကုန်ကြသည်။

ပိုင်ရှန်း ကတော့ ဘာမှ မပြောဘဲ စင်ပေါ်ကနေ ပြန်ဆင်းလာကာ သူ့မိသားစုဆီ ပြန်သွားခဲ့သည်။ သို့သော် မသွားခင် ယန်ဘိုးဘေးကြီးကို တစ်ချက်စိုက်ကြည့်သွားသေးသည်။

ဝံပုလွေသခင် က ကျယ်လောင်ပြတ်သားသော အသံဖြင့် အမိန့်ကြေညာလေတော့သည် “ ယန် မိသားစုဟာ ကျော်ကြားခြင်းမြို့ရဲ့ အနှစ် ၂၀ တိုင်တိုင် စီမံခန့်ခွဲပိုင်ခွင့်ကို ရရှိခဲ့ပြီလို့ ကြေညာလိုက်တယ်။ ယန် အိမ်တော် ဟာလည်း မြို့သခင်စံအိမ်ဖြစ်လာလိမ့်မယ်။ ဒါ့အပြင် ယန် မိသားစုခေါင်းဆောင်ဖြစ်တဲ့ ယန်ကန်းချောင်အနေနဲ့ကျော်ကြားခြင်းမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်တယ်။ ဒီတော့ ငါ့အနေနဲ့ ပြောချင်တာက ဘာလဲဆိုရင် မြို့တော်ဝန်စံအိမ် ဟာ လင်းဝူတော်ဝင်မိသားစုရဲ့ အစိတ်အပိုင်းဖြစ်သွားပြီဆိုတာပါပဲ။ နောင်မှာ မြို့တော်ဝန်ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ငါ့လင်းဝူတော်ဝင်မိသားစုကို ရန်စတာနဲ့အတူတူပဲ”

လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြသည်။ အကြောင်းကတော့ လင်းဝူတော်ဝင်မိသားစု၏ အကာအကွယ်ကို ရရှိထားသော ယန် အိမ်တော်အနေဖြင့် ဘာမှဂရုစိုက်နေစရာမလိုတော့ပေ။

Translated By NyiNyiSoe

All Chapters