အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 43)
ဘာသာပြန်သူ - ညီညီစိုး
အရင်တစ်နေ့ကတော့ ကျော်ကြားခြင်းမြို့တော်၏ နာမည်ကျော် အမဲလိုက်ပြိုင်ပွဲဖြစ်ကာ ယနေ့မှာတော့ ပြိုင်ပွဲမှာအနိုင်ရသည့်အင်အားစုကို ကျော်ကြားခြင်းမြို့တော်အား စီမံခန့်ခွဲပိုင်ခွင့် လွှဲပြောင်းပေးအပ်မည့်နေ့ ဖြစ်လေသည်။
မြို့တော်ရှိ အင်အားစုများနှင့် အဖွဲ့အစည်းများအားလုံးဟာ ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ ကောင်းကင်ယံမှ နေအလင်းရောင် တောက်ပလာသည်နှင့်အမျှ မြို့ရင်ပြင်ထက်၌ လူပေါင်း သောင်းနှင့်ချီ စုရုံးနေပြီဖြစ်သည်။
ဤလူတွေ အားလုံးဟာ ကျော်ကြားခြင်းမြို့၏ နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ၎င်းတို့အပြင် မြို့အနီးအနားရှိ ဒေသမှ အင်အားစုများလည်း တက်ရောက်ကြလေသည်။
နတ်ဆိုးသားရဲအမဲလိုက်ပြိုင်ပွဲ၏ အနိုင်အရှုံးရလာဒ်ဟာ ကျော်ကြားခြင်းမြို့တော်အား စီမံခန့်ခွဲပိုင်ခွင့်ကိုအဆုံးအဖြတ်ပေးခဲ့သည်။ အနိုင်ရသူကား ယန်မိသားစု ဖြစ်သည့်အလျောက် ၎င်းတို့အနေဖြင့် မြို့အား စီမံခန့်ခွဲပိုင်ခွင့်ရရှိမည်ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ပိုင် နှင့် ယန် မိသားစုကြီး နှစ်ခုစလုံး တစ်ယောက်တစ်လေမျှ ရောက်မလာကြသေးပေ။ လူတိုင်း ကတော့ ပြိုင်ပွဲအတွင်း စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေကို ပြန်ပြောင်းပြောဆိုနေခဲ့ကြသည်။
အကြောင်းမှာ ကျော်ကြားခြင်းမြို့တစ်ခုလုံးအား ထိတ်လန့်စေခဲ့သော သတင်းထူးနှစ်ပုဒ် ပြန့်နှံ့နေခဲ့လို့ပါ။
ပထမတစ်ခုမှာ ပိုင် မိသားစု၏ ရက်စက်ကြမ်းကြုတ်လှသော အကြံအစည်ဖြစ်လေသည်။ နောက်ထပ်တစ်ခုကတော့ ယန် မိသားစုမှ ရုတ်တရက်ထွက်ပေါ်လာသော နာမည်ကျော်ပါရမီရှင်အကြောင်းပါ။
“မင်း မြင်လိုက်ရဲ့လားမသိဘူး။ အဲဒီ သွေးနီရောင် ချပ်ဝတ်တန်ဆာက မင်းကိုင်တဲ့ဓားထက်တောင် ပိုထက်တဲ့ အရိုးဆူးချွန်တွေလေ။ ပိုင်ကျန်းရှောင် ဆိုတာလေ သူ့ဆီက တိုက်ခိုက်မှု တစ်ချက်တောင် မတားနိုင်ခဲ့ဘူး။ ပြီးတော့ ပိုင် မိသားစုရဲ့ ငရဲနတ်ဆိုးလက် အဆင့် ၂ ဆိုတာကလဲ အဲဒီလူ ထုတ်သုံးသွားတဲ့ ထိုက်ချွမ်နဂါးတံဆိပ် နဲ့ယှဉ်ရင် ကလေးကစားစရာသက်သက်ပဲရှိတော့တယ်။ အခုတော့ အဲဒီလူငယ်က ကျော်ကြားခြင်းမြို့ရဲ့ တတိယမြောက် အစွမ်းထက်ဆုံးပညာရှင်လို့တောင် လူတိုင်းပြောနေကြပြီ”
“အသက် ၁၆ နှစ်နဲ့တင် မြို့တော်ရဲ့ တတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူတဲ့လား။ သူက တကယ်ကို ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ။ သူ့ပုံစံက အတိတ်တုန်းက လုံချင်းလန် ထက်တောင်မှ ပိုပြီးကြောက်ဖို့ကောင်းနေတယ်”
“ဒါဆို သူပဲပေါ့၊ သူက ပိုင် ကလန်ရဲ့ ပါရမီရှင်နှစ်ယောက်ကို နင်းချေလိုက်ပြီပေါ့...”
“ကောင်းပြီ၊ အားလုံး မင်းတို့ ပြောနေတဲ့
စကားတွေ ရပ်လိုက်ကြတော့။ ပိုင် ကလန် ရောက်နေပြီ”
လူအုပ်ကြီးသည် အသီးသီးလမ်းဖယ်ပေးလိုက်ကြတော့သည်။ ပိုင် မိသားစုခေါင်းဆောင်ကတော့ လူအုပ်ကိုကျော်ဖြတ်ကာ သုန်မှုန်နေသော မျက်နှာထားဖြင့် ရင်ပြင်ကျယ် ဆီသို့ လျှောက်သွားခဲ့သည်။
ပိုင် ကလန်၏ အဖွဲ့ဝင်များဆီကနေ သတ်ဖြတ်ချင်စိတ်များပင် ပျံ့လွင့်နေလေသည်။ လူတိုင်းဟာ ကြောက်လန့်တကြား တိတ်ဆိတ်သွားကြသည်။ သို့သော် ရင်ထဲမှာတော့ တိတ်တဆိတ်ကျိန်ဆဲနေကြလေသည်။
အမှန်စင်စစ် လူတိုင်းဟာ ဖြောင့်မတ်တည်ကြည်သော
အင်အားကြီးသူများကိုသာ လေးစားကြလေသည်။
ပိုင် ကလန် ကဲ့သို့ မိတ်ဆွေရင်းချာတွေအပေါ် ယုတ်မာကောက်ကျစ်သောသူများကိုတော့ အလွန့်အလွန်ကို ရွံရှာစက်ဆုပ်ကြသည်။
ဤအခိုက်အတန့်တွင် “ဟိုမှာကြည့်လိုက်.... ယန် မိသားစုလဲရောက်လာပြီဟ...” ဟူ၍ လူတစ်ယောက်၏ အော်ပြောသံ ထွက်ပေါ်လာလေသည်။
လူအုပ်ကြီးဟာ လမ်းဖယ်ပေးကြရင်း ယန်ဘိုးဘေး နှင့် ယန်အိမ်တော်၏အဖွဲ့ဝင်များကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ခဲ့ကြသည်။ အလားတူစွာ၊ ယန်အိမ်တော်၏အဖွဲ့သားအားလုံးကလည်း နွေးထွေးစွာ ပြန်လည် နှုတ်ဆက်ကြသည်။ ဤအချိန်တွင် လူတိုင်းဟာ ယန်အိမ်တော်၏ နာမည်ကျော်ပါရမီရှင် လုံချန် ကို ဝိုင်းရံကြည့်ရှုရင်း ချီးမွမ်းစကားများ အဆက်မပြတ်ပြောနေကြလေသည်။
“ကြည့်ရတာ သူ့အသက် တကယ်ကို ၁၆ နှစ်လောက်ပဲရှိသေးတာဖြစ်ရမယ်။ ဒါပေမဲ့ ဒီအသက်အရွယ်မှာတင် မျိုးဆက်ဟောင်းတွေနဲ့ တန်းတူအောင်မြင်နေပြီ...”
“ပြီးခဲ့တဲ့ရက်နည်းနည်းလောက်ကပဲ ငါ့ရဲ့သားက အဆင့် ၄ နဂါးသွေးကြောနယ်ပယ် ကို ရောက်သွားတာ။ ဒီတော့ သူက မာနထောင်လွှားနေတယ်။ ငါမေ့သွားတာ ၊ ငါ့သားကို ခေါ်လာပြီးတော့ ဒီမကောင်းဆိုးဝါး လုံချန်နဲ့ပေးတွေ့လိုက်ရမှာ။ ဒါဆို တောင်တစ်တောင်ထက်ပိုမြင့်တဲ့တောင်ရှိသေးတယ်ဆိုတာ သိသွားလိမ့်မယ်။ဟုတ်တယ်မလား.... စစ်မှန်တဲ့ ဉာဏ်ကြီးရှင်ဆိုတာ ဒီလိုမျိုးဖြစ်နေရမယ်”
ဤအချိန်တွင် လုံချန် ကတော့ ပိုင် ကလန်ရှိသည့် ဖက်ခြမ်းသို့ အာရုံစိုက်နေသည်။ ရောက်လာသည့်အထဲမှာ ပိုင် ကလန်၏ အဖွဲ့ဝင်အများစု ပါမလာပေ။ ပိုင်ရှန်း၊ ပိုင်ကျန်းလုံ၊ ပိုင်ကျန်းဖုန်း နှင့် အမည်မသိအဖိုးကြီးတစ်ဦးတို့သာ ပါလာလေသည်။
“ဟမ်....၊ နေပါဦး။ ဒီလူအိုကြီးက တောင်တန်းထဲမှာတုန်းက နတ်ဝိညာဉ်သစ်သီးကို စောင့်ကြည့်နေတဲ့ အ်ဖိုးကြီးမဟုတ်လား” လင်းရှီ က ရုတ်တရက် စိတ်ဝင်တစား ပြောလိုက်သည်။
လုံချန် သည် လူအိုကြီးကို တစ်ချက်ကြည့်လိုက်သည်။
လင်းရှီ ပြောတာမှန်ပါသည်။ ထိုနေ့က သူတွေ့ခဲ့သည့်အဖိုးကြီးပင်။
အဖြစ်အပျက်များကို ပြန်တွေးမိပြီးနောက် လုံချန် သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်လာခဲ့သည်။
“ကြားဖူးတာက နတ်ဝိညာဉ်သစ်သီး မရင့်မှည့်ခင်မှာ ထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ရှိလိမ့်မယ်။ အဲဒီအချိန်မှာ ငါ့ ယန်အိမ်တော် နဲ့ ပိုင် ကလန် က သေချာပေါက်တိုက်ပွဲဝင်ရမှာပဲ။ မှန်တယ်၊ နတ်ဝိညာဉ်သစ်သီးက ဘယ်အင်အားစုအတွက်မဆို အရမ်းအရေးကြီးတာပဲ။ ဒါပေမဲ့ ဒီလူအိုကြီးက ဒီကိစ္စကိုဘယ်လိုများသိသွာယတာပါလိမ့်မယ်။ ကြည့်ရတာ ပိုင် ကလန်က သတင်းပေးလိုက်တာနဲ့တူတယ်”
ဤအချိန်တွင် အဖိုးကြီးကလည်း လုံချန် ကို လှည့်ကြည့်လာသည်။ ပိုင်ကလန်၏ဘိုးဘေးက သူ့အနားကပ်ပြီးတစ်ခုခုပြောလိုက်ပုံပါ။ တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ အနည်းငယ်ပြန်သတိရသွားသည့်အလား လူအိုကြီး၏မျက်နှာဟာ ချက်ချင်း အေးစက်သွားခဲ့သည်။သူက လုံချန်ကို အေးစက်စက်အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
ထို့နောက် ပိုင် မိသားစု၏ခေါင်းဆောင် ကို ပြန်လှည့်ကြည့်ရင်း စကားတီးတိုးပြောလိုက်သည်။ ဘာပြောလိုက်မှန်း မသိသော်လည်း ပိုင်ရှန်း ၏ မျက်နှာကတော့ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားခဲ့လေသည်။
သူ့စိတ်ထဲတော့ ထိုသကောင့်သားက နတ်ဝိညာဉ်သစ်သီးအကြောင်း သိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခုတော့ ယန် အိမ်တော် သည်လည်း သေချာပေါက်သိရှိသွားပုံရ၏။
အမှန်တကယ်တော့ ပိုင် ကလန်ဟာ နတ်ဝိညာဉ်သစ်သီး အကြောင်းအရင်ဦးဆုံးရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းက ယန် အိမ်တော် ကိုဖယ်ရှားပစ်လိုသည့် အဓိကအကြောင်းအရင်းပါ။ သို့သော် ယန်အိမ်တော် ဖက်ကနေ လုံချန် ကဲ့သို့ ဝက်ယောင်ဆောင်ထားသောကျားတစ်ကောင် ထွက်ပေါ်လာမည်ဟု လုံးဝမမျှော်လင့်ထားပေ။
ဤအတောအတွင်း ယန်ဘိုးဘေး ကလည်း အမည်မသိလူအိုကြီးအား သတိထားမိလိုက်သည်။ သူက ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်... “ဒီလူက .... ငါမှတ်မိပြီ။ ပိုင်ရှန်း မှာ ပိုင်လီ ဆိုတဲ့ အဖေတူအမေကွဲ အစ်ကိုတစ်ယောက် ရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ သူက ယွမ်လင်းမြို့တော် မှာပဲနေနေတာမဟုတ်ဘူးလား။ ဒီတစ်ခေါက်တော့ ကျော်ကြားခြင်းမြို့ ကို တကယ်ပဲရောက်လာခဲ့တယ်။ သူ့ရဲ့ခွန်အားကလဲ အဆင့် ၉ အထွတ်အထိပ်ကိုတောင် ရောက်နေပြီ”
သူသည် ပိုင်ရှန်း ကို လက်ရည်တူရင်ဆိုင်နိုင်သည်။ သို့သော် နောက်ထပ် အဆင့်တူပညာရှင်တစ်ယောက် ထပ်ပေါင်းလိုက်ရင်တော့ ဘယ်လိုမှမဖြစ်နိုင်တော့ပေ။ ချက်ချင်းတောင်မှ အသတ်ခံရနိုင်လေသည်။
ယန်ဘိုးဘေးဟာ အတွေးများနေရင်းဖြင့် စိတ်သက်သာရာရသွားသည့်အမူအရာတစ်ခုပေါ်လာသည်။ သူ၏ ယန်အိမ်တော်၌ လုံချန် ဟူသော လူထူးဆန်းတစ်ယောက် ရှိနေသေးကြောင်း တွေးမိလိုက်လို့ပါ။
လုံချန်၏ လက်ရှိ အင်အားကို ရှင်းရှင်းလင်းလင်း မသိရသေးသည့်တိုင်အောင် သူ့မြေးဟာ ပိုင်ကျန်းရှောင် ကိုပင် သတ်နိုင်ခဲ့သည်မဟုတ်ပါလား။ လုံချန် အတွက်က ပိုင်လီ ကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းထားဖို့က ဖြစ်နိုင်ပါသည်။
သို့သော် ယန်ဘိုးဘေး သည် နတ်ဝိညာဉ်သစ်သီးအကြောင်းကိုတော့ မသိခဲ့ပေ။ သူ့စိတ်ထဲ၌ ပိုင် ကလန်အနေဖြင့် ယန် အိမ်တော် အား ရုတ်တရက်ကြီး တိုက်ခိုက်လာသည့်အကြောင်းအရင်းကို သိချင်နေမိသည်။
လုံချန် က မျက်ခုံးပင့်လိုက်သည်။ ယနေ့တွင် ပိုင် ကလန် တိတ်ဆိတ်နေခြင်းက မုန်တိုင်းကြီးအစပြိုးနေမှန်း ကြိုသိနေခဲ့လို့ပါ။ မကြာခင်မှာပဲ ပိုင် နှင့် ယန် အင်အားစုနှစ်ခုဟာ နတ်ဝိညာဉ်သစ်သီးအတွက် အသေအကြေ တိုက်ခိုက်ပါတော့မည်။
သူ့အနေဖြင့် ပိုင်လီ နှင့် ပိုင်ရှန်း တို့နှစ်ယောက်အား သိပ်ပြီးဂရုမထားသည့်တိုင် ပိုင်ကျန်းရှောင် မသေခင်ပြောခဲ့သည့် စကားများကို ပြန်တွေး၍ မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်လီ၏နောက်ကွယ်၌ “ သွေးကြာပန်းဂိုဏ်း “ ဟူသော အင်အားစုကြီးတစ်ခုရှိနေသည်ဟူ၍ပင်။ ၎င်းက သူ့ကို စိတ်ပူစေသည်။
ဥပမာအနေဖြင့် ယွမ်လင်းမြို့တော် မှ လာသည့် ဝံပုလွေသခင် သည်ပင် အစွမ်းထက်ပညာရှင်ဖြစ်နေလေသည်။ သို့ဖြစ်ရာ ပိုင်လီ သည်လည်း အစွမ်းထက်ပညာရှင် အများအပြားကို ခေါ်ဆောင်လာနိုင်ချေများ၏။ အကယ်၍ ၎င်းတို့သာ နတ်ဝိညာဉ်သစ်သီး လုပွဲထဲသို့ဝင်ရောက်လာခဲ့သော်.....
ယန်မိသားစု အနေဖြင့် ဘာမျှတတ်နိုင်တော့မည်မဟုတ်ပေ။
မူလက အနည်းငယ် ဖြေလျှော့နိုင်မည်ဟု ထင်ခဲ့လေရာ ယခုတော့ လုံချန် သည် ရုတ်တရက် ပိကျလာသော ဖိအားကို ခံစားလိုက်ရသည်။
မည်သို့ပင်ဆိုစေ နတ်ဝိညာဉ်သစ်သီး ရင့်မှည့်လာနှင့် သေခြင်း၊ရှင်ခြင်း တိုက်ပွဲကြီးပါ ရောက်လာပေတော့မည်။ ရှောင်လွှဲ၍မရနိုင်သောအခြေအနေဟု ဆိုလျှင်ပိုမှန်သည်။ ယန် အိမ်တော်သာ ဘေးရှောင်ထွက်သွားပါက သေချာပေါက်ကို သုတ်သင်ခံရနိုင်သည်။ အကြောင်းအရင်းက နတ်ဝိညာဉ်သစ်သီးဟာ မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်သည့် ရတနာတစ်ပါးဖြစ်နေသောကြောင့်ပင်။
အကယ်၍ ပိုင် မိသားစု သာ နတ်ဝိညာဉ်သစ်သီး ကိုရသွားပါက မြေကမ္ဘာအဆင့် ပညာရှင်နှစ်ဦး ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက ယန် အိမ်တော် အနေဖြင့် အသတ်ခံရမည့်နေ့အား စောင့်နေရုံသာ။
လုံချန် အတွက် စိတ်မချနိုင်သည့်ဖြစ်နေသည့်အရာကတော့ လက်ရှိ ယန်အိမ်တော်မှာ သူကာကွယ်ပေးလိုသည့် လူအနည်းငယ်ရှိနေလို့ပင်။ ပိုင် မိသားစု နှင့် သေခြင်း၊ရှင်ခြင်း တိုက်ပွဲသာ ဆင်နွှဲရလျှင် လက်ရှိသူ့ခွန်အားက မလုံလောက်ပါ။
အဓိကက ယန်ရွဲ့ချင် ပါ။ အရင်နေ့က အဖြစ်အပျက်ကို မျက်မြင်တွေ့ပြီးသည့်နောက်မှာ လုံချန်၏စိတ်ထဲ
အမေဖြစ်သူအား အမြဲတမ်းမနာကျင်စေချင်တော့ပေ။
ထို့အတူ သူသည် ပိုင် မိသားစု၏လူအများအပြားကို အစုလိုက်အပြုံလိုက် သတ်ပစ်ခဲ့သည်။ ပိုင် မိသားစု ကလည်း ရန်ကြွေးကို မေ့ဖျောက်ထားမှာမဟုတ်ပေ။ ၎င်းက လုံချန်၏နှလုံးသားထဲ၌ ပြင်းထန်သောဖိအားတစ်ခုဖြစ်ခဲ့သည်။
အရေးကြီးဆုံးကတော့ “နတ်ဝိညာဉ်သစ်သီး”ဟာ နောက် ၈ ရက်ခန့်ကြာလျှင် ရင့်မှည့်လာမည်ဖြစ်သည်။ ဆိုရလျှင် သူ့အနေဖြင့် ပိုင် မိသားစုအား ရင်ဆိုင်ဖို့နည်းလမ်းတစ်ခုမဟုတ်တစ်ခု စဉ်းစားထားရပေမည်။
ပိုင် ကလန်၏ အကြီးအကဲနှစ်ယောက်ဟာ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လုံချန်ကို စိုက်ကြည့်နေကြသည်။ ဤအချိန်တွင် လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လုံချန် လည်း စင်မြင့်ထက်သို့ လှည့်ကြည့်လိုက်သည်။ စင်မြင့်ထက်၌ လူတစ်ယောက်ရှိနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ အမှန်ပင်၊ ထိုလူကား လျှို့ဝှက်ဆန်းကြယ်သော ဝံပုလွေသခင် ဖြစ်၏။
ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်လုံးများသည် ဝံပုလွေသခင် အပေါ်မှာသာ အာရုံစိုက်နေကြသည်။ ရုတ်တရက်ဆိုသလိုပဲ ဝံပုလွေသခင်၏ အေးစက်စက်အသံဟာ စင်မြင့်ထက်မှ ပျံ့လွင့်လာပါသည်။
“ပိုင် ကလန်ခေါင်းဆောင် ပိုင်ရှန်း နဲ့ ယန်အိမ်တော်ခေါင်းဆောင် ယန်ကန်းချောင် ... နှစ်ယောက်စလုံး ရှေ့ထွက်လာကြ...”
ပိုင်ရှန်း နှင့် ယန်ကန်းချောင် တို့ဟာ ထိပ်တန်းပညာရှင်များ ဖြစ်နေသည့်တိုင် ဝံပုလွေသခင်၏အမိန့်ကို မနာခံဘဲမနေဝံ့ကြပေ။ သို့သော် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မကြည့်ကြပေ။
“အခု နတ်ဆိုးအမဲလိုက်ပြိုင်ပွဲရဲ့ ရလာဒ်ကို ကြေညာတော့မယ်” ဝံပုလွေသခင် က ညာလက်ကို ဝှေ့ယမ်းရင်းဖြန့်ပြလိုက်သည်။ လူတိုင်းက ထိတ်လန့်တကြားကြည့်ရှုလိုက်ကြသည်။ သို့သော် ပဲစိတစ်စိခန့်လောက်သာသာ နတ်ဆိုးသားရဲအမြုတေ ကိုသာ မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းပင် ရယ်မောလိုက်ကြတော့သည်။
“ယန် မိသားစု အနေနဲ့ အဆင့်မြင့်အဝါရောင်နတ်ဆိုးသားရဲအမြုတေ ကို ရယူနိုင်ခဲ့တယ်...”
ရုတ်တရက် ကြေညာသံကြောင့် လူတိုင်း အံ့ဩသွားကြသည်။
“ဒါဆို ပိုင် ကလန်က ဒီပြိုင်ပွဲမှာ တကယ်ပဲရှုံးနိမ့်သွားတာပေါ့လေ” ပထမတော့ လူတိုင်းဟာ ပိုင်ကလန် အနေဖြင့် အဝါရောင်အဆင့်မြင့်နတ်ဆိုးအမြုတေကို ရယူနိုင်ခဲ့သည်ဟု ထင်ခဲ့ကြတာဖြစ်သည်။
သို့ရာတွင် ဝံပုလွေသခင်၏ ကြေညာသံ ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း အံ့အားသင့်တုန်လှုပ်ကုန်သည်။ ချက်ချင်းဆိုသလိုပဲ အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး “ဒါနဲ့ ပိုင် ကလန်က ကျော်ကြားခြင်းမြို့ ကို ဆက်ပြီးစီမံပိုင်ခွင့်ရဦးမှာလား။ ဒါက… “
လူတိုင်း ဆက်ပြောခါနီးတွင် ဝံပုလွေသခင်၏ လှုပ်ရှားမှုကြောင့် ပါးစပ်ကို အမြန်ပိတ်လိုက်ကြသည်။
ဤအချိန်တွင် ဝံပုလွေသခင် က လူအုပ်ကြီးကို စစ်ဆေးကြည့်ရင်း သူ့ဘယ်ဖက်လက်ကို ဖြန့်ချလိုက်၏။ အားလုံးက စိတ်ဝင်တစား ကြည့်လိုက်သော်လည်း လက်ဗလာကိုသာ တွေ့လိုက်ကြရသည်။
“ကောင်းပြီ၊ အခု ပိုင်ကလန် ရဲ့အချက်အလက်တွေကို ကြေညာလိုက်ရအောင်။ တကယ်တော့ ငါတောင်မှ တော်တော်လေးကို စိတ်မကောင်းဖြစ်မိတယ်။ဘာလို့လဲဆိုတော့ ပိုင် ကလန် အနေနဲ့ ဒီပြိုင်ပွဲကနေ ဘာနတ်ဆိုးသားရဲအမြုတေမှ မရရှိခဲ့လို့ပဲ...”
လူတိုင်း၏အမူအရာတွေဟာ အလွန်စိတ်ဝင်စားစရာကောင်းလာပါသည်။
ပိုင် ကလန် နှင့် ယန် အိမ်တော် ကြားပြိုင်ပွဲ၌ ယန်အိမ်တော် အနိုင်ရသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ယခုအခါမှာတော့ ပိုင် ကလန် သာလျှင် နောက်ဆုံးလက်ဗလာဖြင့် ပြန်လာခဲ့ကြရသည်။
လူအုပ်ကြားထဲ၌ ရပ်နေသော လုံချန် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အခြေခံအားဖြင့် သူဟာ နတ်ဆိုးအမဲလိုက်ပြိုင်ပွဲ အတွင်း အမဲလိုက်သတ်ဖြတ်ခဲ့ခြင်းမရှိပေ။ ၎င်းကို ပိုင် ကလန်၏လက်ထဲကနေ လုယက်လာခဲ့ခြင်းသာဖြစ်လေတော့သည်။
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 44)
ဘာသာပြန်သူ - ညီညီစိုး
ပိုင်င်နှင့်ယန်မိသားစုကြီးနှစ်ခုအကြား စီမံခန့်ခွဲပိုင်ခွင့်အတွက် ယှဉ်ပြိုင်ပွဲတွင် ယန်မိသားစုအနေဖြင့် အဆင့်မြင့်သားရဲအမြုတေတစ်ခုဖြင့်သာ အနိုင်ရရှိသွားခဲ့သည်။ ကျော်ကြားခြင်းမြို့တစ်ခုလုံးအတွက် ဤသည်မှာ အလွန်ထူးခြားဆန်းကြယ်သောသတင်းတစ်ခုလိုပင်ဖြစ်ခဲ့ရသည်။
လူတိုင်းသည် အိပ်မက်မက်နေသလို ခံစားရသည်။
“ငါ့မိသားစုက လူငယ်တွေသာ ဒီပြိုင်ပွဲကို ဝင်ပါခိုင်းလိုက်ရင်ကောင်းမှာ။သူတို့သာ ပိုင်နဲ့ယန် မိသားစုရဲ့ အဖွဲ့ဝင်တွေကိုရှောင်ပြီးတော့ သားရဲအမြုတေလေး နဲနဲလောကလာရုံနဲ့ အကျိုးအမြတ်တွေရဦးမှာ အသေအချာပဲ ”လူများစွာက သူတို့စိတ်ထဲ၌ ဤကဲ့သို့အတွေးမျိုး တူညီစွာစဉ်းစားမိကြသည်။ ရလာဒ်ကို သိရှိထားပြီးဖြစ်သော်လည်း ဝံပုလွေသခင်က မြို့တော်အား စီမံခန့်ခွဲပိုင်ခွင့်ကို တရားဝင်ကြေညာသောအခါ ပိုင်င် မိသားစုမှ လူတိုင်း၏မျက်နှာတွေဟာ ဖြူဖျော့သွားခဲ့သည်။
ပိုင်ရှန်းသည် စကားတစ်ခွန်းမှမပြောဘဲ စင်မြင့်ပေါ်မှဆင်းကာ သူ၏မိသားစုထံသို့ ပြန်သွားခဲ့သည်။ သူသည် ဝံပုလွေကသခင်ရှေ့တွင် ရပ်နေသော ယန်မိသားစု၏ဘိုးဘေးကို စိုက်ကြည့်နေခဲ့သည်။ဝံပုလွေသခင်က ကျယ်လောင်ပြတ်သားသောအသံဖြင့် ပြောကြားခဲ့သည် “ယန်မိသားစုအနေနဲ့ မကြာခင်မှာ ကျော်ကြားခြင်းမြို့တော်ရဲ့ စီမံခန့်ခွဲမှုအခွင့်အရေးကို ရရှိလိမ့်မယ်။ ယန် အိမ်တော်ဆိုတာလဲ အခုကစလို့ မြို့တော်ဝန်အိမ်တော်ဖြစ်သွားပြီ။ ဒါ့အပြင် ယန်ကန်းချောင် အနေနဲ့ကတော့ ကျော်ကြားခြင်းမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်လာလိမ့်မယ်။ မြို့တော်ဝန်အိမ်တော် ဆိုတာက လင်းဝူတော်ဝင်မိသားစုရဲ့ လက်အောက်ခံအင်အားစုဖြစ်သွားပြီလို့ပြောလိုက်တာပဲ။ ပြီးတော့ လင်းဝူမိသားစုကိုယ်စား ကျော်ကြားခြင်းမြို့တော်ကို အုပ်ချုပ်နိုင်တယ်။ ဒီတော့ နောင်မှာ သူတို့ကို ဆန့်ကျင်တဲ့သူတိုင်းက လင်းဝူမိသားစုကို ဆန့်ကျင်တာနဲ့အတူတူပဲ” လင်းဝူမိသားစု၏ အကာအကွယ်ဖြင့် ယန်မိသားစုသည် အမှန်တကယ်ပင် ကောင်းကင်ကိုဆန့်ကျင်နိုင်သော အင်အားတစ်ခုအဖြစ် သတ်မှတ်ခံရပေတော့မည်။ ဝံပုလွေသခင် သည် ရိုးရှင်းသောဝတ်စုံတစ်ခုသာဝတ်ဆင်ထားသော်လည်း သူ၏အေးစက်စက်အကြည့်တစ်ချက်ဟာ ပိုင်ရှန်း အပါအဝင် လူတိုင်းကို ဦးရေပြားများ ထုံကျဉ်သွားစေခဲ့သည်။ သို့သော် ဝံပုလွေသခင်၏စကားတွေဟာ အမှန်တကယ်တွင် သူ့အား(ပိုင်ရှန်း)ကို ရည်ရွယ်ခဲ့မှန်း သူအပါအဝင် လူတိုင်း သိနေကြသည်။
“ငါ့ကို သတိပေးနေတာလား။ ဒါပေမဲ့ ပိုင် မိသားစုမှာ မြေကမ္ဘာအဆင့် ကျင့်ကြံသူ နှစ်ယောက်သုံးယောက်ရှိမယ်ဆိုရင် ဒီမြို့တော်ဝန်အိမ်တော်ကအသုံးမဝင်တော့ဘူး။ ပြီးတော့ ငါသာ ယန်ကန်းချောင် ကို သတ်လိုက်ရင် ဘာဖြစ်မလဲ။ ဟမ့်.... လင်းဝူမိသားစုက ကျော်ကြားခြင်းမြို့လို နေရာလေးကို အာရုံထားနိုင်မှာလား။”
“ကောင်းပြီ၊ ယန်ကန်းချောင်... မင်းက နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး အကြောင်း သိထားပြီးသားဆိုတော့ လာပြီး ယှဉ်ပြိုင်လိုက်စမ်းပါ။ မင်းသာ ပျက်သုဉ်းခြင်းတောင်တန်းမှာ သေသွားခဲ့ရင်၊ လင်းဝူမိသားစုက ငါသတ်ခဲ့တာလို့ ဘယ်လိုလုပ်သိမှာလဲ။”
ဤအရာကို တွေးတောရင်း ပိုင်ရှန်း၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူ့ဘေးတွင်ရပ်နေသော အဘိုးကြီးပိုင်လီ သည်လည်း ယန်မိသားစု၏ဘိုးဘေးကို မကောင်းသောအပြုံးဖြင့် ကြည့်လိုက်သည်။
ဤအချိန်တွင် ဝံပုလွဲသခင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ အညိုရောင်အိတ်ငယ်တစ်လုံးကို ထုတ်ယူလိုက်သည်။ အိတ်ပေါ်တွင် သွေးနီရောင်သင်္ကေတတစ်ခု ထွင်းထုထားပြီး ၎င်းမှထူးဆန်းသောစွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်။
ဤထူးဆန်းသောအိတ်ကို ကြည့်ရင်း ပိုင်မိသားစုမှ အကြီးကဲနှစ်ဦး၏ မျက်ဆံများ ချက်ချင်းကျုံ့သွားခဲ့သည်။ ကျန်လူတိုင်းကလည်း ၎င်းကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည် “ဒါက သိုလှောင်အိတ်ပဲ။”
လုံချန်ဘေးရှိ ယန်ချင်းရွှမ်သည်လည်း စိတ်လှုပ်ရှားသောအမူအရာကို ပြသခဲ့သည်။ လုံချန်၏မျက်နှာပေါ်ရှိ အံ့ဩထိတ်လန့်သောအမူအရာကို မြင်သောအခါ သူကပြောလိုက်သည်။ “သိုလှောင်အိတ် ဆိုတာက သစ်သီးစေ့တစ်စေ့ထဲမှာ တောင်ကြီးတစ်လုံးလောက်ကို သိမ်းထားနိုင်သလိုမျိုးပဲ။ ဒါက သေးငယ်နေတဲ့ပုံပေါ်ပေမယ်လို့ အတွင်းပိုင်းကျတော့ အိမ်တစ်လုံးနီးပါးလောက်ကျယ်တယ်။ ပြောရရင် ကျင့်ကြံသူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပေါ့။ ပြီးတော့ ဒါက ငါတို့ ယန်အိမ်တော်ရဲ့ အဓိကပစ္စည်းတွေအကုန်လုံး ဒီအိတ်ထဲမှာ ထည့်သိမ်းလို့ရတာပဲ” ယန်ချင်းရွှမ်၏စကားများကို ကြားသောအခါ လုံချန် သည် တစ်စုံတစ်ခုကိုစဉ်းစားမိခဲ့၏။ သူ့အနေဖြင့် အနာဂတ်တွင် ပြင်ပကမ္ဘာသို့ခရီးထွက်ရမည်ဆိုပါက လိုအပ်သည့်အရာတွေကို သယ်ဆောင်လာရမည်ဖြစ်သည်။သိုလှောင်အိတ်တစ်ခု ပိုင်ဆိုင်ထားလျှင် သူ့အနေဖြင့် သေချာပေါက်အဆင်ပြေပါလိမ့်မည်။ ဤအချိန်တွင် လူတိုင်းသည် သိုလှောင်အိတ်ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။ ဝံပုလွေသခင်က ဆက်လက်ကြေညာသည် “ယန်မိသားစု ဟာ မြို့တော်ဝန်အိမ်တော်ဖြစ်လာပြီ။ ဒါတွေက လင်းဝူတော်ဝင်မိသားစု ရဲ့ ဆုလာဘ်တွေပဲ။ ထပ်ပြီးတော့ ယန် မိသားစုအနေနဲ့ ကျော်ကြားခြင်းမြို့တော်ကို တိုးတက်အောင်စီမံခန့်ခွဲနိုင်ခဲ့မယ်ဆိုရင် လင်းဝူမိသားစု ဆီကနေ မမျှော်မှန်းနိုင်လောက်တဲ့ ဆုလာဘ်တွေပိုရလာလိမ့်မယ်”လင်းဝူမိသားစု၏ ဆုလာဘ်များသည် သေးငယ်သည့်အရာမဟုတ်ပေ။ လူများစွာသည် ယန်မိသားစုအား မြို့တော်ဝန်အိမ်တော်ဖြစ်လာရန် အသိအမှတ်ပြုထောက်ခံထားပြီးဖြစ်သည်။ သို့သော်လည်း လင်းဝူမိသားစု၏ဆုလာဘ်များကို မြင်လိုက်ချိန်တွင် အထူးသဖြင့် ပိုင် မိသားစုမှလူတိုင်း မနာလိုဖြစ်နေကြသည်။ မူလက သူတို့ ပိုင်ဆိုင်သင့်သောအရာတွေမဟုတ်ပါလား။ ၎င်းကို ယန်အိမ်တော်က အပိုင်သိမ်းယူသွားခဲ့လေပြီ။ ပိုင်မိသားစုခေါင်းဆောင် ထိုင်နေသော သစ်သားထိုင်ခုံ လက်ယမ်းဟာ ရုတ်တရက် ကျိုးပဲ့သွားခဲ့သည်။
ဤအတောအတွင်း ဝံပုလွေသခင်က ယန်မိသားစု၏ဘိုးဘေးအား စိုက်ကြည့်ပြောကြားသည် “ယန်ကန်းချောင်၊ အကောင်းဆုံးလုပ်ဆောင်ပါ။ မင်းဟာ ဆုလာဘ်တွေကို သေချာပေါက်ရလိမ့်မယ်။ ငါအနာဂတ်မှာ ဒီမြို့ကို နောက်တစ်ကြိမ်လာဖြစ်လိမ့်မယ်”
ဝံပုလွေသခင် က စကားပြောပြီးသည်နှင့် ထွက်ခွာရန်ပြင်လိုက်၏။ ယန်ဘိုးဘေးက အလျင်အမြန်ပြောလိုက်သည် “ဝံပုလွေသခင်ကို လိုက်ပို့ကြ...” ဤအချိန်တွင် မမျှော်လင့်ဘဲ ဝံပုလွေသခင်၏အကြည့်သည် ရုတ်တရက် လုံချန်ထံသို့ လှည့်သွားပြီး ပြောလိုက်သည်။ “ငါ့နောက် ခဏလိုက်ခဲ့..”
လုံချန်သည် ခဏမျှ အံ့ဩတကြီးဖြစ်သွားပြီးမှ ဝံပုလွေသခင် ခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့သည်။ သူတို့သည် ရင်ပြင်နောက်ဖက်ရှိ လမ်းသွယ်တစ်ခုသို့ ရောက်ရှိလာသောအခါ လူပေါင်းတစ်သောင်းကျော်သည် အံ့ဩတကြီးကြည့်နေခဲ့ကြသည်။ ဝံပုလွေသခင်ဘာလုပ်နေသည်ကို သူတို့မသိကြပေ။
“ဝံပုလွဲသခင်က ဒီကောင်လေးရဲ့ အရည်အချင်းကို မြင်ပြီး သူ့ကို ခေါ်သွားချင်တာများလား”ဤသည်မှာ လူအများစုက ယခုတွေးနေသည့်အရာပင် ဖြစ်ပေလိမ့်မည်။ ယန်မိသားစု၏ဘိုးဘေးပင်လျှင် ထိုကဲ့သို့အတွေးမျိုး ရှိနေခဲ့သည်။ သို့သော် လုံချန်သာ ပိုမိုကောင်းမွန်သော အဆင့်အတန်းရခဲ့လျှင် သူ၏ယန်အိမ်တော်အတွက်လည်း ကောင်းမွန်သောအရာတစ်ခုဖြစ်ပေလိမ့်မည်။ ပိုင်ရှန်းနှင့် ပိုင်လီတို့နှစ်ယောက်လည်း မျက်ခုံးများတွန့်လျက် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။
“ဒုတိယညီ၊ ဝံပုလွေသခင်က သူ့ကို ခေါ်သွားထင်လား”
ပိုင်လီက မထီမဲ့မြင်ပြုံးလျက်ပြောသည် “မင်းအတွေးလွန်နေပြီ။ နဂါးသွေးကြောနယ်အဆင့်လောက်နဲ့ ယွမ်လင်းမြို့တော်မှာ အမှိုက်လို့ပဲ သတ်မှတ်ခံရလိမ့်မယ်။ မြို့တော်မှာ သူ့လိုမျိုး နဂါးသွေးကြောနယ်အဆင့် မျိုးဆက်ငယ်တွေ အများကြီးရှိတယ်။ ပြီးတော့ ဝံပုလွေသခင်က လင်းဝူမိသားစုရဲ့ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ပဲ။ သူ့မျက်လုံးထဲမှာ အဲဒီကောင်လေးက နဲနဲလေးပိုထူးခြားသွားရုံလောက်ပဲ”
ပိုင်လီ ၏စကားကိုကြားသောအခါ ပိုင်ရှန်းသည် သက်ပြင်းချလိုက်သည်။ သို့သော် ဆုလာဘ်ကို ယန်မိသားစု၏ဘိုးဘေးအား ပေးအပ်ခဲ့သည်။ ယန်ကန်းချောင် သည် ကျော်ကြားခြင်းမြို့၏မြို့တော်ဝန်ဖြစ်လာသည်ကို တွေးမိသောအခါ သူသည် လုံးဝကိုမနာလိုခဲ့ပေ။
ဤအတောအတွင်း ဝံပုလွေသခင်က ထွက်ခွာမည်ဟု မပြောသေးသဖြင့် လူပေါင်းတစ်သောင်းကျော်သည် ထွက်ခွာခြင်းမပြုရဲကြပေ။ အခြေအနေကို စိုးရိမ်တကြီးစောင့်ဆိုင်းနေကြသည်။
ဤအချိန်တွင် လမ်းသွယ်ထဲသို့ရောက်သောအခါ ဝံပုလွေသခင်သည် သူ၏ဝတ်ရုံကို ချွတ်လိုက်သည်။ ထိုအခါ ချောမောလှပသော မျက်နှာလေးကို ပြသလိုက်သလိုပင်။ ထို့အတူ ယခင်ဟန်ဆောင်ထားသော အေးစက်မှုနှင့် တည်ကြည်မှုတို့ ချက်ချင်းပျောက်ကွယ်သွား၏။ သူ့မျက်နှာပေါ်တွင် ကလေးဆန်သောအမူအရာဖြင့် အစားထိုးခံလိုက်ရသည်။ဤပြောင်းလဲမှုသည် အနည်းငယ်ကြီးမားလွန်းသဖြင့် လုံချန်သည် ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ သူ၏အတွေးများသည် အကန့်အသတ်မရှိဖြစ်နေလေသည်။ သူသည် ဝံပုပုလွေသခင်နှင့် အလွန်ရင်းနှီးနေသူဖြစ်ရာ ပြုံးလျက်ပြောလိုက်သည်။
“ဝံပုလွေသခင်က ငါ့ကို ဘယ်လိုကြောင့်များ ဒီနေရာကို ခေါ်လာပါလမ့်မယ်။ ဧကန္တ နာမည်ကျော် ဝံပုလွေသခင်က သဘောကျသွားတာများလား”
ဝံပုလွေသခင်၏မျက်နှာသည် ချက်ချင်းတောင့်တင်းသွားပြီး နောက်မှ ခါးသီးစွာပြုံးကာ ပြောသည် “မင်းက အမြဲတမ်း ဒီလိုပေါ့ပေါ့ပါးပါးနေတတ်တာလား။ ငါ့ကို ဝံပုလွေသခင်လို့ မခေါ်နဲ့၊ ဒီရက်တွေထဲ မင်း ငါ့ကို အဲဒီလိုခေါ်နေတာကြားရတာ အဆင်မပြေဘူး။ ငါ့နာမည်က မိုရှောင်းလန်ပဲ။ မင်းက ငါ့ကို ရှောင်းလန်လို့ ခေါ်နိုင်တယ်”
“မိုရှောင်းလန်...” လုံချန်သည် ဤနာမည်ကို အကြိမ်အနည်းငယ်ရေရွတ်ပြီး ဝံပုလွေသခင် အား ယခင်ထက် ပိုမိုရင်းနှီးလာသည်ဟု ခံစားရသည်။ သူသည် သူ့(ဝံပုလွေသခင်)ကို အကဲခတ်ကြည့်လိုက်ရာ သူလည်း အံ့ဩတကြီးကြည့်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။ “မင်းက ငါ့ကို ဘာကြောင့်ကြည့်နေတာလဲ”
မိုရှောင်းလန်သည် အနည်းငယ်ရှက်သွားပြီး ပြောလိုက်သည် “မင်းက တကယ်ပဲ သားရဲကျင့်ကြံသူဖြစ်လာတာကို ငါမြင်လိုက်တယ်လေ။ ကျော်ကြားခြင်းမြို့လို နေရာလေးမှာ သားရဲဝိညာဉ်ကို သန့်စင်တဲ့နည်းလမ်း မင်းသိနေတာက ငါ့ကို တော်တော်လေး အံ့ဩသွားစေတယ်။ ဒါပေမဲ့ မင်းရဲ့လျှို့ဝှက်ချက်ဆိုတော့ ငါမေးဖို့ အဆင်မပြေဘူး။ မင်း တစ်လလောက်အတွင်းမှာပဲ နဂါးသွေးကြောနယ်အဆင့် ၂ ကနေ ဒီအဆင့်ထိ ရောက်လာခဲ့တာပဲ။ မင်းရဲ့ပင်ကိုယ်အရည်အချင်းက ထူးခြားတယ်။ ငါမေးချင်တာက မင်း ငါနဲ့အတူ လင်းဝူတော်ဝင်မိသားစု ဆီ တစ်ခါတည်းလိုက်လာချင်သလား။ အဲဒီမှာဆို မင်းရဲ့အရည်အချင်းက ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့တွေ ရလိမ့်မယ်”
မိုရှောင်းလန်သည် သူ၏အရည်အချင်းကို အလွန်တန်ဖိုးထားကြောင်း လုံချန် လည်းသိလိုက်သည်။ ယခုပြောစကားတွေဟာ လုံချန် မျှော်လင့်ထားသည့်အတိုင်းပင်။ သူကိုယ်တိုင်လည်း ပြင်ပကမ္ဘာသို့ သွားရောက်လေ့ကျင့်လိုသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် ကျော်ကြားခြင်းမြို့၌ အချို့သောကိစ္စများ လုပ်ဆောင်ရန်ကျန်နေသေး၏။ လုံချန် က တောင်းပန်လိုသည့်အရိပ်အယောင်အပြည့်ဖြင့် ပြောလိုက်သည “ရိုးရိုးသားသားပြောရရင် မင်း ငါ့ကို ဒီလောက်တန်ဖိုးထားပေးတာ ငါအရမ်းကျေးဇူးတင်တယ်။ ဒါပေမဲ့ လောလောဆယ် ငါ့မှာ လုပ်စရာတွေရှိသေးတယ်ဆိုတော့…” မိုရှောင်းလန်သည် နှုတ်ခမ်းကိုဖိကိုက်လျက် ပြောခဲ့သည် “ဒါက နတ်ဝိညာဉ်သစ်သီးကြောင့်လား။ တကယ်ကို စိတ်မကောင်းဖြစ်စရာပဲ။ ငါက ယွမ်လင်းမြို့တော်မှာ အရေးတကြီးလုပ်စရာတွေရှိနေသေးတော့ခက်တယ်။ မဟုတ်ရင် ငါ မင်းအတွက် နတ်ဝိညာဉ်သစ်သီးကို ယူပေးနိုင်လောက်တယ်”
လုံချန်သည် အနည်းငယ်အံ့ဩသွားသည်။ သူ့ရှေ့က ဝံပုလွေသခင်ဟာ သူ့အပေါ် အလွန်ကောင်းမွန်လွန်းသည်ဟု ခံစားရသည်။
“တစ်ခါက ကလေးတစ်ယောက်ကို ကယ်ခဲ့လို့လား။ ဒါမှမဟုတ် ဒီလူက… ထူးဆန်းတဲ့ဝါသနာရှိတဲ့သူတစ်ယောက်လား” လုံချန်သည် ရုတ်တရက် ကြက်သီးထသွားပြီး မိုရှောင်းလန်ကို ကြည့်ရသည့်အကြည့်လည်း ပြောင်းလဲသွားသည်။ မိုရှောင်းလန်သည် လုံချန်၏မျက်နှာအမူအရာ ရုတ်တရက်ပြောင်းလဲသွားသည်ကို မြင်သောအခါ ဘုန်းကြီးတစ်ပါးလို ခေါင်းကုတ်ရင်း မေးလိုက်သည် “ဘာလဲ။ မင်းက ငါ ကြားဖြတ်လုယူမှာကို ကြောက်နေတာလား။ အဲဒီနတ်ဝိညာဉ်သစ်သီးက ငါ့အတွက် အသုံးမဝင်တော့ဘူး၊ ဒါကြောင့် မင်းစိတ်ပူစရာမလိုဘူး။ ဒါပေမဲ့ မင်းက ပိုင်ဆိုင်သွားပြီဆိုရင် အနာဂတ်မှာ ယွမ်လင်းမြို့တော်ကို သွားလိုက်။ ဒါက မင်းအတွက် သေချာပေါက်အကျိုးရှိနိုင်တယ်”
လူငယ်၏ အလွန်ရှင်းလင်းသောမျက်လုံးများကို ကြည့်ရင်း လုံချန်အနေဖြင့် သူ၏အတွေးများသည် ပေါက်ကရလေးဆယ်ဖြစ်နေမှန်း သိရှိလိုက်သည်။သို့သော် မိုရှောင်းလန်သည် ရည်ရွယ်ချက်ကောင်းတစ်ခုသာရှိနေခဲ့သည်။ လုံချန်သည် အလျင်အမြန်ပြောလိုက်သည်။ “ဒီက ကိစ္စတွေ ပြီးသွားရင် ငါ ယွမ်လင်းမြို့တော်ကို သွားဖို့များတယ်”
မိုရှောင်းလန် သည် ခေါင်းညိတ်ပြီး ပြောသည် “ဒါလည်း ကောင်းပါတယ်”
ထို့နောက် သူသည် မျက်ခုံးတွန့်လျက် ဆက်ပြောသည် “ပိုင်မိသားစုရဲ့ အဲဒီအဘိုးကြီးနှစ်ယောက်က အားမနည်းဘူး၊ ဒါကြောင့် ငါသူတို့နဲ့တိုက်ဖို့ အချိန်မရှိတာ စိတ်မကောင်းစရာပဲ။ မင်းအတွက် သတိထားပါ။ မြေကမ္ဘာအဆင့်ကို အမြန်ဆုံးရောက်အောင်လုပ်ပြီး ယွမ်လင်းမြို့ကို လာခဲ့။ အဲဒီနေရာမျိုးကပဲ မင်းအတွက် သင့်တော်တယ်” စကားပြောရင်း သူသည် နောက်ထပ်သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူပြီး ပြောပြန်သည် “ဒါကို ငါတို့ပထမဆုံးတွေ့တဲ့လက်ဆောင်အဖြစ် ယူလိုက်။ အနာဂတ်မှာ ဒီသိုလှောင်အိတ်နဲ့အတူ ခရီးသွားရင် ပိုအဆင်ပြေလိမ့်မယ်”
လုံချန်သည် သူ့ရှေ့ရှိလူငယ်ကို ကြည့်ရင်း နှလုံးသားထဲထိမိသွားခဲ့သည်။ သူသည် သိုလှောင်အိတ်ကို လှမ်းယူပြီး မိုရှောင်းလန်ကို ရိုးသားသောမျက်လုံးများဖြင့် ကြည့်ကာ တည်ကြည်သောလေသံဖြင့် ပြောလိုက်သည် “ဒါက ပထမဆုံးတွေ့တဲ့လက်ဆောင်မဟုတ်တော့ဘူး။ အရင်ကလဲ မင်း ငါ့ကို ကြယ်တာယာခန္ဓာကိုယ်ကျင့်စဉ်ပေးခဲ့သေးတယ်။ မဟုတ်ရင် ငါ့အနေနဲ့ ဒီနေ့ဒီလို အောင်မြင်မှုတွေ ရခဲ့မှာမဟုတ်ဘူး။ ရှောင်းလန်၊ မင်းကို အရမ်းကျေးဇူးတင်တယ်”
မိုရှောင်းလန်သည် ရှက်သွားသလိုပြုံးပြီး ပြောခဲ့သည် “ငါ့အတွက်တော့ ကြယ်တာယာခန္ဓာကိုယ်ကျင့်စဉ်က ဟိုးအရင်ကတည်းက မလေ့ကျင့်နိုင်ခဲ့ဘူးလေ။ မင်းက ဒီကျင့်စဉ်ကို လေ့ကျင့်နိုင်ရုံတင်မကဘူး၊ စွမ်းအားအပြည့်ပါ ထုတ်သုံးနိုင်တယ်ဆိုတော့ပေးလိုက်ရကျိုးနပ်ပါတယ်။ ကောင်းပြီ၊ ဒါဆိုရင် ငါ ယွမ်လင်းမြို့ကို အရင်ပြန်နှင့်လိုက်မယ်။ ဒီသိုလှောင်အိတ်ထဲမှာ ငါ့ရဲ့အမှတ်အသားရှိတယ်။ လင်းဝူမိသားစု ကိုရောက်တာနဲ့ ဒါကို ပြလိုက်ရင် မင်းကို တစ်ယောက်ယောက်က ငါ့ဆီ ခေါ်လာပေးလိမ့်မယ်”
လုံချန်သည် ခေါင်းညိတ်လိုက်သည်။ မိုရှောင်းလန်သည် သူ့ကို ခဏမျှကြည့်ပြီး မေးလိုက်သည် “ငါ မင်းနာမည်ကို မသိရသေးဘူး” လုံချန်သည် အံ့ဩသွားပြီး ပြန်ပြောသည် “ငါ့နာမည်က လုံချန်ပဲ”
“ယန်မိသားစုဝင်တစ်ယောက်ရဲ့ မျိုးရိုးနာမည်က ဘာလို့ “လုံ” ဖြစ်နေတာလဲ” “… ငါ့အမေက ယန်မိသားစုက၊ ငါ့အဖေရဲ့မျိုးရိုးနာမည်က “ လုံ “ပဲ”
မိုရှောင်းလန် သည် ခေါင်းညိတ်ပြီး ပြောသည် “ဒါဆိုငါသိပြီ”
မိုရှောင်းလန်သည် သူ့အပေါ် အဘယ်ကြောင့် ဤမျှလောက်ကောင်းမွန်နေသည်ကို လုံချန်သည် နားမလည်နိုင်သေးပေ။ ဤအချိန်တွင် မိုရှောင်းလန်ထွက်ခွာတော့မည်ကို မြင်သောအခါ သူသည် မမေးဘဲမနေနိုင်ဘဲ အမြန်မေးလိုက်သည် “မင်း ငါ့ကို ကြယ်တာယာခန္ဓာကိုယ်ကျင့်စဉ်နဲ့ သိုလှောင်အိတ်တောင်ပေးခဲ့သေးတယ်။ ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းပေးနေတာလဲ”
မိုရှောင်းလန် သည်လည်း လုံချန် မေးလာမည်ကို ခန့်မှန်းထားပုံရသည်။ သူက ခပ်ဖျော့ဖျော့ပြုံးပြီး ပြန်ပြောသည် “တကယ်တော့ ငါလည်း မသိဘူး၊ ဒါပေမဲ့ တစ်ခါတစ်ရံ မင်းပေးတဲ့ခံစားချက်က ငါ့အစ်ကိုကြီးနဲ့ တော်တော်လေးတူတယ်။ သူလည်း မင်းလိုမျိုး ပွင့်ပွင့်လင်းလင်းစကားပြောတတ်တယ်။ ငါအရမ်းငယ်သေးတဲ့အချိန်မှာ သူက ငါ့ကို နေ့တိုင်း မကောင်းတာတွေလုပ်ဖို့ အားပေးခဲ့တယ်။ အိမ်တော်ထဲက အိမ်ဖော်မိန်းကလေးတွေ ရေချိုးနေတာကို ခိုးကြည့်ခိုင်းတယ်၊ သူက ငါတို့အဖေကို သူပြန်ပေးဆွဲခံရတယ်လို့တောင် လိမ်ညာခိုင်းသေးတယ်…”ဤအကြောင်းပြောရင်း မိုရှောင်းလန်၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် တောက်ပလာသည်။ သို့သော် သူသည် လုံချန်ရှေ့တွင် ရုတ်တရက်ပြောဆိုလိုက်ခြင်းအား တွေးမိလိုက်ရာ ရှက်ရွံ့စွာပြုံးလိုက်သည်။
“ဒါကြောင့်ပဲ….” လုံချန်သည် ပြုံးလျက်ပြောသည်။
“မင်းက ဒီလောက်သန်မာတာ၊ မင်းရဲ့အစ်ကိုကြီးလည်း အရမ်းသန်မာမှာပဲ မဟုတ်လား”
မိုရှောင်းလန်၏အမူအရာသည် ချက်ချင်းမှိုင်းညှို့သွားပြီး သူ၏မျက်လုံးများထဲတွင် မုန်းတီးမှုများ ပေါက်ကွဲထွက်လာသည်။ လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး ခေါင်းခါလိုက်သည် “သူက ငါ့ထက်သန်မာခဲ့တယ်၊ ဒါပေမဲ့ သူသေသွားပြီ၊ သူတို့အားလုံး သေသွားကြပြီ…”လုံချန်သည် ငြိမ်သွားသည်။ မိုရှောင်းလန်၏ နာကျင်သောအကြည့်ကို မြင်သောအခါ လုံချင်းလန်သေဆုံးသွားစဉ်က သူကိုယ်တိုင်ကို ပြန်သတိရသွားသည်။ အောက်နှုတ်ခမ်းကို ဖိကိုက်လျက်သက်ပြင်းချပြီး ပြောလိုက်ပါသည် “တောင်းပန်ပါတယ်၊ မင်းရဲ့ ဝမ်းနည်းစရာအမှတ်တရတွေကို ငါပြန်ဖော်ထုတ်လိုက်မိပြီ”
“ရတယ်။ ငါက အသုံးမကျတာပဲ။ အခုထိ သူတို့အတွက် လက်စားမချေနိုင်သေးဘူး။ ထားလိုက်ပါ.... လောလောဆယ် ယွမ်လင်းမြို့မှာ ငါလုပ်စရာကိစ္စတွေ ရှိသေးတယ်၊ ဒီနေ့ပဲ အမြန်ဆုံးထွက်သွားရမယ်။ အနာဂတ်မှာ ယွမ်လင်းမြို့မှာ ငါ့ကို လာရှာဖို့ မမေ့နဲ့”
“သေချာပေါက်မမေ့ဘူး” မိုရှောင်းလန်၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်ရင်း လုံချန်သည် ယန်ဘိုးဘေး၏စကားကို ရုတ်တရက်တွေးမိသွားသည်။
“ကောင်လေး၊ မင်းကို သတိပေးချင်တယ်။ အနာဂတ်မှာ မင်းထွက်သွားလို့ မင်းရဲ့ညီအစ်ကိုတွေ ရှိလာရင် သူတို့ရဲ့စိတ်နှလုံးကို အတွင်းကျကျခံစားကြည့်ပါ။ဒါက အတုအယောင်လား၊ ဒါမှမဟုတ် စစ်မှန်တဲ့နှလုံးသားလားဆိုတာ…”
လုံချန်သည် ရုတ်တရက်ပြုံးလိုက်သည် “ငါ့ရဲ့စိတ်နှလုံးက စစ်မှန်တဲ့နှလုံးသားပဲ။ ရှောင်းလန်၊ မင်းကရော ဘာလဲ....”
Translated By NyiNyiSoe
..(သွေးနဂါးလုံချန်)
စာစဉ် -၃ (အပိုင်း - 45)
ဘာသာပြန်သူ - ညီညီစိုး
လုံချန်ပြန်ပေါ်လာသောအခါ ယန်မိသားစု၏ ဘိုးဘေးက စိတ်ပျက်သွားသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ ဝံပုလွေသခင်က လုံချန်ကို သိပ်ပြီးတန်ဖိုးမထားဟု ထင်မြင်သွားပုံပါ။ ပိုင်မိသားစုဖက်တွင်မူ လူတိုင်း စိတ်သက်သာရာရသွားကြသည်။ အကယ်၍ လုံချန်သာ ဝံပုလွေသခင်နှင့်အတူ ယွမ်လင်းမြို့တော်သို့ လိုက်ပါသွားခဲ့လျှင် သူတို့အနေဖြင့် ယန်မိသားစုကို ဖယ်ရှားနိုင်ခဲ့သည့်တိုင် ဘာမှထူးခြားလာမည်မဟုတ်။ ထို့အပြင် အနာဂတ်၌ လုံချန်၏ ပြန်လက်စားချေမည်ကိုပင်ကြုံရနိုင်ချေများလေသည်။
“လင်းဝူမိသားစုက ဒီလို ထူးချွန်တဲ့ လူငယ်လေးကိုတောင် အထင်မကြီးဘူး။ ဒါက လင်းဝူမိသားစုရဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်တယ်ဆိုတာ ပြလိုက်တာပဲ” ဤအချိန်တွင် ယန်မိသားစု၏ ဘိုးဘေးသည် ယန်မိသားစု၏အဖွဲ့ဝင်များ ရပ်နေသည့်နေရာသို့ ပြန်ရောက်လာပါသည်။ ယန်ဘိုးဘေးသည် ကျော်ကြားခြင်းမြို့၏ မြို့တော်ဝန် ဖြစ်လာသောကြောင့် မြို့တော်ရှိ အင်အားစုအားလုံးဟာ ယန်မိသားစုဖက်သို့ စုဝေးလာကြတော့သည်။ ပိုင် ကလန် ဖက်တွင်တော့ သူတို့တစ်ဖွဲ့တည်းသာကျန်နေခဲ့သည်။
“ချန်အာ၊ ဝံပုလွေသခင်က ဘယ်လိုလဲ။ သူဘာပြောသွားလဲ”
“သူ ယွမ်လင်းမြို့တော်ကို ပြန်သွားပြီ”ဝံပုလွေသခင်ထွက်ခွာသွားကြောင်း ကြားသောအခါ လူတိုင်းက ယန်မိသားစုခေါင်းဆောင်ကို ထပ်မံဂုဏ်ပြုပြီးနောက် ထွက်ခွာသွားကြသည်။
ထောင်ချီသော လူအုပ်ကြီးသည် မြို့တော်ရင်ပြင်မှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။ သို့သော်လည်း ဤအချိန်တွင် ပိုင်မိသားစုလူများသည် ယန်မိသားစုဆီသို့ ဦးတည်လာကြသည်။ ပိုင်ရှန်းနှင့် ပိုင်လီတို့က ရှေ့ဆုံးကနေ ဦးဆောင်လာသည်။ နှစ်ယောက်သား ယန်မိသားစုခေါင်းဆောင်နှင့် လုံချန်ကို အေးစက်စွာ ကြည့်နေလေသည်။ သူတို့၏မျက်လုံးများထဲတွင် ဒေါသနှင့် မလိုလားမှုများ ပြည့်နှက်နေခဲ့သည်။
ပိုင်မိသားစုလူတွေဟာ အလွန်ရန်လိုသည့်ပုံစံဖြင့် ပေါ်လာကြသည်။ ကြည့်ရသည်မှာ ယန်မိသားစုကို ရန်စရန် ရည်ရွယ်နေကြပုံပင်။
ဤအချိန်တွင် သူတို့ဆီကနေ နဂါးသွေးကြောနယ်ပယ် အဆင့် ၉ အရှိန်အဝါနှစ်ခု ထွက်ပေါ်လာသည်။ ပိုင်ရှန်း နှင့် ပိုင်လီဦးဆောင်သော ပိုင်မိသားစုမှ လူတွေဟာ ယန်မိသားစုနှင့် အနည်းငယ်အကွာအဝေးတွင် ရပ်တန့်လိုက်ကြသည်။ ပိုင်ရှန်းနှင့် ပိုင်လီတို့နှစ်ယောက်ကတော့ မှုန်ကုပ်နေသော အမူအရာအပြည့်ဖြင့် ယန်ဘိုးဘေးကို ကြည့်နေသည်။
ယန်ဘိုးဘေး သည် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ပညာရှင်နှစ်ဦး နှင့် ရင်ဆိုင်နေရသည့်တိုင် ကြောက်ရွံ့ဟန်မပြခဲ့ပေ။ ပိုင်ရှန်းက မဲ့ပြုံးပြုံးလိုက်ပြီး “ယန်မိသားစုလား၊ မြို့သခင်အိမ်တော်လား၊ အိပ်မက်မက်နေတာထင်တယ်”ယန်မိသားစုခေါင်းဆောင်က စကားတစ်ခွန်းမှပင်ပြန်မပြောခဲ့။
လုံချန်ကမူ ဤလူအိုနှစ်ဦးကို တော်တော်လေး မနှစ်သက်ဖြစ်နေသည်။ သူက မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “မင်းတို့ ခွေးအိုကြီးနှစ်ကောင်၊ ဝံပုလွေသခင်ရှိတုန်းကတော့ အမြီးတွေကိုကျုံ့နေတာပဲ။ အခု သူထွက်သွားတော့မှ လူတွေကိုကိုက်ချင်နေပြီလား” ပိုင်မိသားစုမှ အထွတ်အထိပ်ပညာရှင်နှစ်ဦးအား နှိမ့်ချစော်ကားလိုက်သံကိုကြားသောအခါ ပတ်ဝန်းကျင်ရှိလူအားလုံးဟာ ရယ်မောကြတော့သည်။ သို့သော် လုံချန်၏ အရှက်ခွဲမှုကြောင့် လူအိုကြီးနှစ်ဦးစလုံး မျက်နှာများမည်းမှောင်ကုန်လေသည်။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်းဆုံကြည့်ပြီး ပိုင်လီက လုံချန်ကို ကြည့်ကာ ပြောလိုက်သည် “ဘယ်လောက်ထက်မြက်တဲ့ လျှာရှည်တဲ့ ကောင်လေးလဲ။ ကိုယ့်ကိုယ်ကို ပါရမီရှင်လို့ ထင်နေပေမယ့် တကယ့်ပါရမီရှင်နဲ့ ဘယ်လောက်ကွာခြားတယ်ဆိုတာ မသိသေးဘူးပဲ။ ဝံပုလွေသခင်က မင်းကို လက်မခံခဲ့တာ မင်းရဲ့ ကံဆိုးမှုပဲ။ (၈) ရက်၊ မင်း အများဆုံး ၈ ရက်လောက်ပဲ အသက်ရှင်နိုင်မယ်လို့ ငါပြောနိုင်တယ်” ၈ “ရှစ်” ဟူသော နံပါတ်ကို ထပ်ခါတလဲလဲ ပြောရင်း သူက အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
လုံချန် လည်း ပိုင်လီ၏ဆိုလိုရင်းကိုနားလည်လိုက်သည်။၎င်းက နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး အကြောင်းပြောနေတာပင်။ သို့သော် သူသည် ရူးကြောင်ကြောင်နိုင်စွာ ပြန်ပြောလိုက်သည် “ဒီခွေးအိုကြီး၊ မင်းဘာတွေပြောနေသလဲဆိုတာ ငါမသိဘူး။ ငါက လူသားပဲ၊ ဒါကြောင့် နားမလည်တာပေါ့” ပိုင်လီက ချက်ချင်း ရှက်ကိုးရှက်ကန်းဖြစ်ပြီး ဒေါသထွက်သွားခဲ့သည်။ သို့သော်လည်း ပိုင်ရှန်းက သူ့ကို ဆွဲထားလိုက်ပြီး တိုးညင်းစွာ မဲ့ပြုံးပြုံးလိုက်သည်၊ “ဒုတိယညီ၊ မင်းက သူ့လိုလျှာစောင်းထက်တဲ့ကောင်ကို စကားပြန်ပြောမနေနဲ့။ မဟုတ်ရင် ငါတို့ပဲ ဒေါသထွက်ရလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ယန်မိသားစုတစ်ခုလုံး ဖျက်ဆီးခံရတော့မှာပဲလေ။ ဒီနေ့ သူတို့နဲ့ လေကုန်ခံပြီးစကားပြောနေစရာမလိုဘူး” ပိုင်လီကလည်း အနည်းငယ်ခေါင်းညိတ်ကာ ပြောသည် “ကောင်းပြီ၊ သူတို့ကို ရက်အနည်းငယ်လောက် ပျော်ပျော်နေခွင့်ပေးလိုက်ဦးမယ်။ အချိန်ကျရင်…”
“အိုး ဟုတ်သားပဲ။ ဒုတိယညီ၊ မင်းရဲ့ သွေးဝိညာဉ်ဂိုဏ်းက ညီအစ်ကိုဆိုတာ ယုံကြည်ရရဲ့လား။ သူ့ရဲ့စွမ်းအားက ငါတို့ရင်ဆိုင်နိုင်တဲ့အဆင့်မဟုတ်ဘူး။ တကယ်လို့…”
“စိတ်မပူပါနဲ့၊ အစ်ကိုကြီး။ ငါ့ညီအစ်ကိုက ယုံကြည်ရတယ်။ မြေမ္ဘာအမြုတေအဆင့်ရဲ့ စွမ်းအားနဲ့ဆိုရင် ယန်ကန်းချောင်ပဲဖြစ်ဖြစ်၊ ဒီလုံချန်လို့ခေါ်တဲ့ ပါရမီရှင်ပဲဖြစ်ဖြစ် သူတို့က လူရွှင်တော်သက်သက်ပဲ” ပိုင်ရှန်း သည် ယန်မိသားစု၏ ဘိုးဘေးနှင့် လုံချန်ကို ကြည့်လိုက်သည်။ သူတို့မကြာခင် သေဆုံးတော့မည်ဟု တွေးမိပြီး စိတ်ထဲတွင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “မင်းတို့ အခုအချိန်မှာ စိတ်ရှိသလိုလုပ်ထားကြစမ်း။ အချိန်တန်ရင် ယန်မိသားစုကလူတွေ တစ်ယောက်ပြီးတစ်ယောက် သေသွားတာကို မြင်ရတဲ့အခါ ဒီကမ္ဘာပေါ်မှာ မွေးဖွားလာခဲ့တာကို နောင်တရလိမ့်မယ်” ဤအချိန်တွင် လူတိုင်းသည် ပိုင်မိသားစုနှင့် ယန်မိသားစုတို့ တိုက်ခိုက်တော့မည်ဟု ထင်နေသည့်အလား စိတ်လှုပ်ရှားစွာဖြင့်စောင့်ကြည့်နေလေသည်။
သို့သော် ပိုင်မိသားစုသည် စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားသည်ကို မြင်သောအခါ လူအုပ်ကြီးသည် ချက်ချင်းပင် ရယ်မောကြသည်။ ပိုင်မိသားစု၏ လက်ရှိအနေအထားသည် အတော်လေးအားနည်းနေပုံပင်။ သို့သော် လုံချန်ကမူ မျက်ခုံးများကို တွန့်ကွေးနေအောင်စဉ်းစားခန်းဝင်နေခဲ့သည်။ သူ့စိတ်ထဲမှာ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး နှင့်ပတ်သက်၍ အသေအကြေတိုက်ခိုက်ရနိုင်ကြောင်း ခံစားမိလို့ပါ။ အကယ်၍ သတိမထားမိလျှင် ယန်အိမ်တော်တစ်ခုလုံး အန္တရာယ်ကြီးထဲသို့ ကျရောက်သွားနိုင်သည်။ လွန်ခဲ့သောနှစ်လခန့်ကဆိုလျှင်တော့ ယန်မိသားစုတွင် ပြဿနာတစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် လုံချန်သည် ဂရုစိုက်နေမှာမဟုတ်ပေ။ လက်ရှိမှာတော့ သူအကာအကွယ်ပေးရမည့်သူ ရှိနေပြီဖြစ်သည်။ သဘာဝအတိုင်း ယန်မိသားစု၏ ရှင်သန်မှုသည် သူ့ဘဝနှင့် နီးကပ်စွာ ဆက်စပ်နေသည်။
“ဒါကြောင့်… ပိုင်မိသားစု၊ မင်းတို့အားလုံးကို သုတ်သင်ပစ်မှသာ ငါ စိတ်ချမ်းသာနိုင်မယ်”……ယန်အိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ယန်ဘိုးဘေးသည် အဓိကအဖွဲ့သားအားလုံးကို ထပ်မံစုဝေးရန်အမိန့်ထုတ်ပြန်လိုက်သည်။
ယန်ဘိုးဘေးသည် ယန်ချင်းရွှမ်၊ ယန်ယွဲ့ချင်၊ ယန်ယွန်ထျန်း၊ ယန်ဝူနှင့် လုံချန်တို့ကိုသာ ဆက်နေရန် တောင်းဆိုထားသည်။ သူက သိုလှောင်အိတ်ကို ထုတ်ယူပြီး ပြောလိုက်သည် “လင်းဝူမိသားစုက ပေးတဲ့ဆုလာဘ်တွေကို ငါစစ်ဆေးပြီးပြီ။ ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ နဲ့ နတ်ဝိညာဉ်ကျောက်တုံး ၃ လုံးရှိတယ်။ ဒါတင်မကဘူး၊ အဝါရောင်အဆင့်မြင့်ဝိညာဉ်ဓားတစ်ချောင်းနဲ့ အဝါရောင်အဆင့်မြင့်တိုက်ခိုက်ရေးကျင့်စဉ်စာအုပ်တစ်အုပ်လည်း ပါသေးတယ်”
စကားပြောပြီးသောအခါ ဘိုးဘေး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ထွက်လာသည်။ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ ဆိုသည်မှာ ယန်မိသားစုတစ်ခုလုံး၏ တစ်သက်တာစုဆောင်းထားသည့်ပမာဏနှင့်ညီပေသည်။ ထို့အပြင် နတ်ဝိညာဉ်ကျောက်တုံး ၃ လုံးပင် ရှိနေသေး၏။ နတ်ဝိညာဉ်ကျောက်တုံးတစ်လုံးသည် ရာချီသော ဝိညာဉ်ကျောက်တုံးများစွာ၏ အဓိကအမြုတေကဲ့သို့ပင်။ နတ်ဝိညာဉ်ကျောက်တုံးတစ်လုံးတွင်ပါဝင်သော ဝိညာဉ်စွမ်းအင်သည် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ပေါင်းစပ်ထားသော ဝိညာဉ်စွမ်းအင်နှင့် ညီမျှပေသည်။ ထို့ကြောင့် နတ်ဝိညာဉ်ကျောက်တုံး ၃ လုံး ဟူသော ဆုလာဘ်ကား ဝိညာဉ်ကျောက်တုံး ၅၀,၀၀၀ နီးပါးခန့်ပေးအပ်လိုက်သည်နှင့်အတူတူပင်။ သို့သော် ပုံမှန်အားဖြင့် နတ်ဝိညာဉ်ကျောက်တုံးများကို မြေမ္ဘာအမြုတေအဆင့်ရှိ ကျင့်ကြံသူများသာလျှင် အသုံးပြုနိုင်သည်။ နတ်ဝိညာဉ်ကျောက်တုံးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ နှင့် လဲလှယ်နိုင်၏။ သို့သော်လည်း လက်တွေ့မှာတော့ ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ဖြင့် နတ်ဝိညာဉ်ကျောက်တုံးတစ်လုံးကို လဲလှယ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ နတ်ဝိညာဉ်ကျောက်တုံးများသည် ဝိညာဉ်ကျောက်တုံးများထက် ပိုမိုရှားပါးသောကြောင့်ပင်။ ဤနတ်ဝိညာဉ်ကျောက်တုံး ၃ လုံးဖြင့်ဆိုလျှင် ယန်အိမ်တော်၏ အင်အားသည် မြန်ဆန်စွာ တိုးတက်လာပေလိမ့်မည်။ သို့ဖြစ်ရာ ဆုလာဘ်အကြောင်းကြားသည်နှင့် လူတိုင်းသည် အလွန်ဝမ်းသာအားရဖြစ်သွားကြတော့သည်။ ၎င်းအပြင် အဝါရောင်အဆင့်မြင့်ဝိညာဉ်ဓားနှင့် အဝါရောင်အဆင့်မြင့်တိုက်ခိုက်ရေးကျင့်စဉ်စာအုပ်ပါ ရှိနေသေး၏။ ယန်အိမ်တော်မှလူတိုင်း ပျော်မဆုံးဖြစ်သွားကြသည်။ ယန်မိသားစုတွင် အဆင့်မြင့်တိုက်ခိုက်ရေးကျင့်စဉ်ဟူ၍ မိုးပြာနဂါးတံဆိပ်သာ ပိုင်ဆိုင်လေသည်။ လက်ရှိမှာတော့ ယန်အိမ်တော်၏ ပိုင်ဆိုင်မှုသည် အရင်ထက် နှစ်ဆဖြစ်သွားသည်။ အဝါရောင်အဆင့်မြင့်ဝိညာဉ်ဓားနှင့်ပတ်သက်လျှင် ပို၍ပင် မယုံနိုင်စရာဖြစ်နေခဲ့သည်။ကျော်ကြားခြင်းမြို့တစ်ခုလုံး၌ပင် ဝိညာဉ်အဆင့်လက်နက်မရှိသလောက်ရှားပေသည်။ အဝါရောင်အဆင့်မြင့် ဝိညာဉ်လက်နက် ဆိုလျှင်တော တစ်ယောက်မှပင် မြင်တွေ့ဖူးသူမရှိပေ။
“ဒီအဝါရောင်အဆင့်မြင့်ဓားနည်းစနစ်ကိုတော့ အိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်လို့ ခေါ်တယ်” အမည်ကိုကြားရုံဖြင့် ၎င်းသည် ထူးကဲသောကျင့်စဉ်ဖြစ်မှန်း ပြောနေစရာပင်မလိုပေ။ ဤအိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်သည် ငရဲနတ်ဆိုးလက်ချောင်း နှင့် မိုးပြာနဂါးတံဆိပ်ထက် အားနည်းမည်မဟုတ်ပေ။ အကယ်၍ ၎င်းကို လေလှိုင်းဓားနှင့် ပေါင်းစပ်အသုံးပြုမည်ဆိုလျှင် ပို၍ပင် ကြောက်မက်ဖွယ်ဖြစ်လာနိုင်သည်။
ယန်မိသားစု၏ ဘိုးဘေးသည် လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည် “ဒီနေ့ မင်းတို့အားလုံးကို ခေါ်လိုက်တာက အထူးပြောစရာရှိလို့ပဲ။ ဒီဓားကျင့်စဉ် နဲ့ လေလှိုင်းဓားကို ဘယ်သူပိုင်ဆိုင်မလဲဆိုတာ ဆုံးဖြတ်စေချင်လို့ လို့ပြောရင်ပိုမှန်တယ်။ ဓားကျင့်စဉ်ကိုတော့ ဘယ်သူဖြစ်ဖြစ် လေ့ကျင့်နိုင်ပေမယ့် လေလှိုင်းဓားကတော့ တစ်ချောင်းပဲရှိတယ်။ ဒါကြောင့်… ငါက အသက်ကြီးနေပြီ၊ မိုးပြာနဂါးတံဆိပ်က ငါ့ရဲ့စွမ်းအားအကုန်လုံးကို သုံးစွဲထားပြီးပြီ။ ငါအခု မြေမ္ဘာအမြုတေအဆင့်ကို ဖြတ်ကျော်ဖို့ နည်းလမ်းရှာဖို့လိုတယ်။ ဒါကြောင့် ဒီလေလှိုင်းဓားကို မင်းတို့ထဲက တစ်ယောက်ကို ပေးမယ်”
စကားပြောပြီးနောက် သူသည် လုံချန်ကို လှည့်ကြည့်ပြီး လူအုပ်ကို ပြောလိုက်သည် “လူတိုင်းပဲ.... ချန်အာက ယန်မိသားစုအတွက် ကြီးမားတဲ့အလုပ်လုပ်ပေးခဲ့တယ်။ ဒါကြောင့် ဒီလေလှိုင်းဓားကို သူ့ကို ပေးရင်ကောင်းမယ်လို့ ငါစဉ်းစားနေတယ်။ မင်းတို့ ဘယ်လိုထင်လဲ” အကယ်၍ လုံချန်သာ လေလှိုင်းဓားကို ရရှိမည်ဆိုလျှင် လူတိုင်းသဘောတူမည်ဖြစ်သည်။ ယန်ချင်းရွှမ် အပါအဝင် အခြားသောအကြီးအကဲများလည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်။ သို့သော် လုံချန်က ပြောလိုက်သည် “အဘိုး၊ မိုးပြာနဂါးတံဆိပ်ကတင် ငါ့အတွက် လုံလောက်နေပြီ။ ပြီးတော့ ဓားနည်းစနစ်တွေ လေ့ကျင့်ဖို့လည်း မရည်ရွယ်ထားဘူး။ ဒီဓားကို ငါ့ပေးမယ့်အစား တခြားသူတစ်ယောက်ကို ပေးလိုက်တာ ပိုကောင်းမယ်ထင်တယ်”လုံချန်သည် လေလှိုင်းဓားကို မလိုချင်ပေ။ အကြောင်းမှာ သူ့ထံတွင် ၎င်းနှင့်အတူ မိုးပြာနဂါးတံဆိပ်ရှိနေပြီမဟုတ်ပါလား။ ထို့အပြင် လင်းရှီနတ်ဓား တစ်ဖြစ်လည်း လင်းရှီကိုယ်တိုင်က အထွတ်အထိပ်ဓားပညာရှင်တစ်ယောက် ဖြစ်နေခဲ့၏။ လင်းရှီ ရှိနေသောကြောင့် လုံချန် အတွက် အိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်ကို လေ့ကျင့်ရန် မရည်ရွယ်ထားပေ။ သူလိုအပ်သည်မှာ ပိုမိုမြင့်မားသောအဆင့် ကျင့်စဉ် သို့မဟုတ် လက်နက်ပင်ဖြစ်သည်။
လုံချန်၏စိတ်ပိုင်းဖြတ်ထားသော လေသံကြောင့် ယန်မိသားစု၏ ဘိုးဘေးသည် အိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်သည် မိုးပြာနဂါးတံဆိပ်ထက် အားမကောင်းနိုင်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူကခေါင်းညိတ်ပြီး အခြားသူများကို ကြည့်လိုက်သည်။ဤအချိန်တွင် ယန်ချင်းရွှမ်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည် “အဖေ၊ ငါလည်း အဖေ့လိုပါပဲ။ မိုးပြာနဂါးတံဆိပ်နဲ့တင် လုံလောက်နေပြီလေ။ အိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်ကို လေ့ကျင့်ရင် အများကြီးကိုက်ဝါးနေသလိုပဲ ဖြစ်လိမ့်မယ်” သူ့ဘေးနားရှိ ယန်ရွဲ့ချင်ကလည်း ခေါင်းညိတ်သည်။ ယခုအခါ ယန်ဝူနှင့် ယန်ယွန်ထျန်းသာ ကျန်ရှိတော့သည်။ အခြားမောင်နှမများက ၎င်းတို့၏အမြင်ကို ထုတ်ဖော်ပြီးနောက် ယန်ယွန်ထျန်းကလည်း ပြောလိုက်သည် “ငါက နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ကိုတောင် မရောက်သေးဘူး။ မိုးပြာနဂါးတံဆိပ်ကိုတောင် အခြေခံအဆင့်ပဲ လေ့ကျင့်ထားရသေးတာ။ အိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်ဆိုတာကို ထည့်မပြောနဲ့တော့” ယန်ဝူကလည်း ဝင်ပြောပြန်သည် “ငါလည်း ဒုတိယဦးလေးနဲ့ သိပ်မကွာဘူး။ အရင်ဆုံး မိုးပြာနဂါးတံဆိပ်ကို သေချာလေ့ကျင့်ပြီးမှ ပြောကြတာပေါ့”
ဤအချိန်တွင် လုံချန်က အကြံပေးလိုက်သည် “မိုးပြာနဂါးတံဆိပ်ကို မလေ့ကျင့်ရသေးတဲ့သူဆိုလို့ ယန်အိမ်တော်မှာ လင်ယွဲ့နဲ့ လင်ချင်းပဲ ရှိတယ်။ သူတို့နှစ်ယောက်လုံး နဂါးသွေးကြောနယ်ပယ် အဆင့် ၆ မှာရောက်နေပြီ။ ဒီအိပ်မက်ခုနစ်သွယ်ဓားကျင့်စဉ်ကို သူတို့နှစ်ယောက်လက်ထဲ အရင်ပေးလိုက်ကြရအောင်။ ဘယ်သူကများ အရင်ဆုံးအောင်မြင်အောင် လေ့ကျင့်နိုင်လဲဆိုတာကြည့်မယ်၊ပြီးတော့မှ လေလှိုင်းဓားကို အရင်ဆုံးအောင်မြင်တဲ့သူဆီ ပေးလိုက်ကြတာပေါ့။ အားလုံး ဘယ်လိုထင်လဲ”
မူလက ယန်မိသားစုမှလူတိုင်း၏စိတ်ထဲ၌ လုံချန်နှင့် ယန်လင်ချင်းတို့ကြားရှိ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ကြသည်။ လက်တွေ့မှာတော့ လုံချန်သည် ယန်လင်ချင်းကို ဦးစားမပေးခဲ့ပေ။ ၎င်းအစား သူတို့၏အရည်အချင်းဖြင့် လေလှိုင်းဓားကို မည်သူပိုင်ဆိုင်သင့်ကြောင်း ဆုံးဖြတ်ရန် ရွေးချယ်ခဲ့သည်။ ၎င်းသည် မျှတသော ယှဉ်ပြိုင်မှုတစ်ခုဟု ယူဆနိုင်သည်။
ယန်မိသားစု၏ ဘိုးဘေးသည် ခေါင်းညိတ်ပြီး ပြောခဲ့သည် “ဒါဆိုလည်း ဆုံးဖြတ်ပြီးပြီ။ ဝိညာဉ်ကျောက်တုံးနဲ့ နတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ ငါအရင်သိမ်းထားလိုက်မယ်။ ချန်အာက ကောင်းကောင်းလုပ်ပေးခဲ့တာမို့ သူ့ကို နတ်ဝိညာဉ်ကျောက်တုံး ၁ လုံး အရင်ပေးလိုက်မယ်”
သူ့စကားအပေါ် မည်သူမျှ ကန့်ကွက်ခြင်းမရှိပေ။ လုံချန်ကိုယ်တိုင်လည်း နတ်ဝိညာဉ်ကျောက်တုံးကို တစ်ခါမျှမမြင်ဖူးသောကြောင့် ငြင်းဆန်ခြင်းမပြုခဲ့ပါ။ သူသည် ယန်မိသားစု၏ ဘိုးဘေးထံမှ နတ်ဝိညာဉ်ကျောက်တုံး ၁ လုံးကို လက်ခံယူလိုက်သည်။ သူ့လက်ထဲရောက်သည်နှင့် ကောင်းကင်နှင့်မြေကြီး၏ အားကောင်းသော ဝိညာဉ်စွမ်းအင်စီးကြောင်း စီးဝင်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ အသက်ရှူသံဖွဖွလုပ်ရင်း လုံချန်သည် သက်တောင့်သက်သာခံစားရသည်။
ယန်မိသားစု၏ ဘိုးဘေးသည် ပြုံးလျက် လူအားလုံးကို ပြောလိုက်သည် “လက်ရှိ ယန်အိမ်တော် က မြို့သခင်အိမ်တော်ဖြစ်လာပြီဆိုတော့ ချင်းရွှမ်နဲ့ ယွန်ထျန်းတို့က ငါနဲ့အတူ တချို့ကိစ္စတွေကို ကိုင်တွယ်ဖို့ နေခဲ့ကြဦး။ ကျန်တဲ့သူတွေကတော့ ပြန်သွားနိုင်ပြီ”ယန်ရွဲ့ချင်နှင့် ယန်ဝူတို့ တူရီးနှစ်ယောက်လည်း ခေါင်းညိတ်ပြီး ထွက်ခွာရန် ပြင်လိုက်ကြသည်။ ဤအချိန်တွင် လုံချန်က ရုတ်တရက် ပြောလိုက်သည် “ခဏလေး...”
လူတိုင်းက သူ့ကို အံ့ဩထိတ်လန့်စွာ ကြည့်နေကြသည်။ လုံချန်က အသက်ပြင်းပြင်းရှူလိုက်ရင်း ပြောလိုက်သည် “အဘိုး၊ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးအကြောင်း သိသလား”
ထိုအသံကိုကြားသောအခါ ယန်မိသားစု၏ ဘိုးဘေးက တုန်ယင်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ချန်အာ၊..မင်း...မင်း နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးရဲ့ တည်နေရာကို မင်းသိနေတာလား”
Translated By NyiNyiSoe