အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ ) အပိုင်း ၅၅
အဘိုးကြီးပိုင်ရှန်နှင့် တိုက်ခိုက်နေသော ယန်မိသားစု၏ ဘိုးဘေးကြီးလည်း လုံချန်သည် မိုးပြာနဂါးတံဆိပ်ကို အသုံးပြုပြီး အမှောင်ကောင်းကင်လက်ချောင်းအား ရင်ဆိုင်နေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ သူ့နှလုံးသားထဲကနေပင် လုံချန်၏ ရဲရင့်မှုကို အလွန်အမင်း သဘောကျမိသည်။ သို့သော် ရဲရင့်မှုတစ်ခုတည်းဖြင့် မလုံလောက်ပေ။ ယန်မိသားစု၏ ဘိုးဘေးကြီးသည် မိုးပြာနဂါးတံဆိပ်ကို ဆယ်စုနှစ်များစွာ လေ့ကျင့်ခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ထိုက်ချွမ်မိုးပြာနဂါးတံဆိပ်သည် အမှောင်ကောင်းကင်လက်ချောင်းကို မဟန့်တားနိုင်ကြောင်း သိထားပါသည်။ ထို့ကြောင့် သူ၏မျက်နှာသည် ရုတ်တရက် စိုးရိမ်တကြီးဖြစ်သွားသည်။သို့သော် အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသည်။ ရုတ်တရက်ဆိုသလို ဒေါသတကြီး နဂါးဟိန်းသံ ထွက်ပေါ်လာသည်။ အမှောင်ကောင်းကင်လက်ညှိုး၏ အဖျက်စွမ်းအားအောက်တွင် ထိုက်ချွမ်နဂါးတံဆိပ်သည် ၎င်း၏အဖျက်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်တွင် လုံချန်၏ ခန္ဓာကိုယ်သည် အသွင်ပြောင်းသွားသည်။ အသွင်ပြောင်းသွေးနဂါးခန္ဓာကိုယ်တွင် ပြင်းထန်သော အဖျက်စွမ်းအားများ ပိုင်ဆိုင်ထားသည်။ ၎င်းကြောင့် လုံချန်သည် လူသားတစ်ပိုင်းနဂါးတစ်ပိုင်းပုံစံအဖြစ် ပြောင်းလဲသွားသလိုပင်။ ထို့နောက် အမှောင်ကောင်းကင်လက်ချောင်းဆီသို့ အရှိန်ဖြင့် ခုန်အုပ်လိုက်သည်။ သွေးနီရောင်အရိပ်သည် ချက်ချင်းဆိုသလို သွေးနီရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ လုံချန်၏ အသွင်ပြောင်းနဂါးဝိညာဉ်ခန္ဓာကိုယ်သည် အမှောင်ကောင်းကင်လက်ချောင်းကို တည့်တည့်တိုက်ချခဲ့သည်။ အမှောင်ကောင်းကင်လက်ချောင်းသည် အားပြင်းသော တိုက်ခိုက်နိုင်စွမ်းရှိပြီး ထိုက်ချွမ်နဂါးတံဆိပ်ကတော့ လုံးဝမချိုးဖျက်နိုင်သော ခံစစ်တံတိုင်းကြီးတစ်ခုအလားပင်။
ဤအခိုက်အတန့်တွင် မတူညီသောစွမ်းအားနှစ်ခုသည် ပြင်းထန်စွာ ဆုံတွေ့သွား၏။
ဘုန်း...
သဲမှုန်များ၊ ကျောက်တုံးများ လွင့်စင်တက်သွားသည်။ ရှေးဟောင်းသစ်ပင်ကြီးတွေအားလုံး အမြစ်မှ ပြတ်ထွက်သွားပြီး နေရာအနှံ့ အကိုင်းအခက်များ၊ အရွက်များ ပြန့်ကျဲကာ ဖုံးလွှမ်းသွားသည်။
ဘန်း..
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ နှစ်ယောက်စလုံး နောက်ပြန်လွင့်ထွက်လာသွား၏။
လုံချန် သည် ထိုက်ချွမ်နဂါးတံဆိပ် ကို အင်အားအပြည့်ထုတ်သုံးထားသည့်တိုင်အောင် အဘိုးကြီးပိုင်လီ၏ အဝါရောင်စမ်းချောင်းရှစ်သွယ်ထက် အနည်းငယ်အရေးနိမ့်ခဲ့သည်။ သူသည် အဘိုးကြီးပိုင်လီ ထက်စာလျှင် ခြေလှမ်းအနည်းငယ်ပိုဆုတ်လိုက်ရသည်။ သို့သော် ဤမျှဒဏ်ရာလောက်ဖြင့် လုံချန်၏ သွေးနဂါးခန္ဓာကိုယ်ဟာ သာမန်ယားယံရုံလောက်သာ။
အဘိုးကြီးပိုင်လီ ကတော့ ဒဏ်ရာမရခဲ့ပေ။သို့သော်လည်း လုံချန် သည် မိုးပြာနဂါးတံဆိပ်ဖြင့် သူ၏အဝါရောင်စမ်းချောင်းရှစ်သွယ်ကို ရင်ဆိုင်နိုင်ခဲ့သဖြင့်ခဲ့ ထိတ်လန့်သွားမိသည်။ သူသည် အရှက်ရသလို ခံစားလိုက်ရသည်။ သူ၏ဒေါသထဲသို့ နောက်ထပ်ဒေါသတစ်ထပ် ထပ်မံဖြည့်ထည့်လိုက်သလိုပင်။
“ဟဲ့... ငတုံး။ မင်း.... ကိုယ့်ကိုယ်ကို သေမှာကြောက်နေတာလား…” အစပိုင်းတွင် သူသည် လုံချန်ကို ချက်ချင်းအဆုံးသတ်ပြီးနောက် ပိုင်ရှန်း နှင့်ပေါင်း၍ ယန်ကန်းချောင်အား သတ်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ယခုတော့ ပထမဆုံးအကြိမ်မှာပင် မမျှော်လင့်ထားသော အဖြစ်အပျက်များ ဖြစ်ပျက်သွား၏။
အခြားတစ်ဖက်တွင်လည်း ယန်ဘိုးဘေးကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်မိသည်။ သူသည် လုံချန်၏ ကောင်းကင်ကိုဖီဆန်နိုင်သော စွမ်းဆောင်မှုများကို မြင်ဖူးနေကျဖြစ်သည့်တိုင်အောင် ယခုလောက်အထိတော့ မမျှော်လင့်ထားခဲ့ပေ။ ထို့အတူ ဤအခိုက်အတန့်တွင် ယန်မိသားစုအတွက် မျှော်လင့်ချက်ရှိနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လုံချန် သည် သူ့ရှေ့ရှိ အဘိုးကြီးပိုင်လီကို ကြည့်ရင်း သူ့နှလုံးသားဟာ တည်ငြိမ်နေ၏။ တစ်ဖက်လူ၏အင်အားကို အတိအကျမသိသော်လည်း ပိုင်ကလန်၏ “ကောင်းကင်ဘုံနတ်ဆိုးလက်” သည် အဆင့် ၃ ဆင့် ရှိမှန်း သိထားသည်။ ယခင်တိုက်ခိုက်မှုမှာ ပိုင်လီ ထုတ်ဖော်လိုက်သော “အမှောင်ကောင်းကင်လက်ချောင်း” သည် ကောင်းကင်ဘုံနတ်ဆိုးလက်၏ အဆင့် ၂ တိုက်ခိုက်မှုသာဖြစ်ခဲ့သည်။ သူ့အနေဖြင့် အဘိုးကြီးပိုင်လီကို အနိုင်ယူလိုပါက ကောင်းကင်ဘုံနတ်ဆိုးလက်၏ အဆင့် ၃ တိုက်ခိုက်မှု “အဝါရောင်စမ်းချောင်းကိုးသွယ်”
(နောက်ဆုံးလက်ချောင်း)ကို ရင်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ သူသည် “ထိုက်ချွမ်နဂါးတံဆိပ်”ကို ထပ်မံ၍အသုံးပြုခဲ့လျှင် “အဝါရောင်စမ်းချောင်းကိုးသွယ်” ကို ရင်ဆိုင်နိုင်ခြင်းရှိမရှိ မသိနိုင်သေးပါ။ မည်သို့ပင်ဖြစ်စေကာမူ သူ့အနေဖြင့် စွန့်စားမှုတစ်ခုကို သေချာပေါက် ပြုလုပ်ရပေမည်။
ဤအခိုက်အတန့်တွင် အဘိုးကြီးပိုင်လီသည် ရက်စက်ကြမ်းတမ်းသော မျက်နှာဖြင့် လုံချန် ဆီသို့ ချဉ်းကပ်လာနေသည်။ သူ၏ခန္ဓာကိုယ်မှလည်း ပြင်းထန်သောအငွေ့အသက်များ ဆက်လက်မြင့်တက်လာနေခဲ့သည်။
လုံချန် သည် အဘိုးကြီးပိုင်လီ ကိုကြည့်ရင်း နောက်ဆုံးအကြိမ်ထုတ်သုံးတော့မည့် လှုပ်ရှားမှုကို အနည်းငယ် ခံစားမိလိုက်သည်။ ယန်အိမ်တော်၏ မိုးပြာနဂါးတံဆိပ်တွင် လှုပ်ရှားမှုနှစ်ခုသာရှိသည်။ သို့သော် ပိုင် ကလန်၏ကောင်းကင်ဘုံနတ်ဆိုးလက် မှာတော့ အဆင့်ကြီး ၃ ဆင့်ရှိလေသည်။ ထို့ကြောင့် သာ ယန် အိမ်တော်အနေဖြင့် အတိတ်ကာ်၌ ပိုင် ကလန်ကို မယှဉ်နိုင်သည့်အကြောင်းအရင်းဖြစ်ခဲ့သည်။
ဤအချိန်တွင် အဘိုးကြီးပိုင်လီ သည် အေးစက်စွာပြုံးလိုက်ရင်း သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။ လက်ချောင်းထိပ်၌ ထက်ရှသော စွမ်းအားတစ်ခု လှည့်ပတ်နေသည်။ ထက်မြိနေသော ဓားတစ်လက်ကို လက်ချောင်းထဲမှာ ဖုံးဝှက်ထားသလိုပင်။ ထို့အတူ အဘိုးကြီးပိုင်လီ ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက်သည် ပိုမိုအားကောင်းလာခဲ့သည်။ ယန်ဘိုးဘေးကြီးပင်လျှင် အဝေးကနေ ထိုအငွေ့အသက်ကို ခံစားမိသည်။
“ဒါ.... ဒါက ပိုင် ကလန်၏ အထွတ်အထိပ်နည်းစနစ်ဖြစ်တဲ့ ကောင်းကင်ဘုံနတ်ဆိုးလက်ရဲ့ နောက်ဆုံးအဆင့်တိုက်ခိုက်မှုပဲ။ ဒီခွေးအိုကြီးက တကယ်ထုတ်သုံးလိုက်တာလား…”သူ့စိတ်ထဲမှာ လုံချန် အတွက် စိုးရိမ်သွားခဲ့သည်။ သို့သော်လည်း အဘိုးကြီးပိုင်ရှန် သည် သူ့ကို ဟန့်တားထားသဖြင့် လုံချန်ကို ကူညီပေးနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ယန်ဘိုးဘေးကြီးလည်း ဘာမှမတတ်သာပေ။ လုံချန် အနေဖြင့် ထိုတိုက်ခိုက်မှုအား ရင်ဆိုင်နိုင်ပါစေဟုဆုတောင်းရုံသာတတ်နိုင်တော့သည်။
အဘိုးကြီးပိုင်လီ သည် ကောင်းကင်ဘုံနတ်ဆိုးလက်၏ နောက်ဆုံးအဆင့်တိုက်ခိုက်မှုကို အသုံးပြုတော့မည်မှန်း သိလိုက်သည်နှင့် လုံချန် ဟာ သွေးနဂါးချီကိုထုတ်ဖော်၍ ထိုက်ချွမ်နဂါးတံဆိပ်နှင့်ပေါင်းစပ်လိုက်တော့သည်။ ယခင်က သူ့ခွန်အားအဆင့် နိမ့်ကျနေသောကြောင့်သာ ထိုက်ချွမ်နဂါးတံဆိပ်ကို အပြည့်အဝထုတ်မသုံးနိုင်ခဲ့ပေ။ ယခုအခါမှာတော့ သူ့ခွန်အားက နဂါးသွေးကြောနယ်ပယ်အဆင့် ၇ အထွတ်အထိပ် ရှိနေခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ ထိုက်ချွမ်နဂါးတံဆိပ်(နဂါးကိုးကောင်လက်ဝါး)ကို အကန့်အသတ်ထိ ထုတ်သုံးနိုင်လေပြီ။ထို့အပြင် ရှေးဟောင်းသွေးဝိညာဉ်နဂါး၏သွေးမျိုးဆက်ချီစွမ်းအားနှင့် ပေါင်းစပ်ထားသည်ဖြစ်ရာ လုံချန် ဆီမှ ထွက်ပေါ်လာသည့်ဖိအားဟာ ယခင်ထက် ဆယ်ဆတိုးမြှင့်လိုက်သလိုပင်။ ဤအချိန်တွင် မိုးပြာနဂါးတံဆိပ်၏ စွမ်းအားသည် ကောင်းကင်ဘုံနတ်ဆိုးလက်၏ နောက်ဆုံးအဆင့်စွမ်းအားထက် မနိမ့်ကျတော့ပေ။
ဂူအတွင်းပိုင်း၌ ချုပ်နှောင်ခံထားရသည့် ယန်ရွဲ့ချင် သည်ပင်လျှင် စိုးရိမ်တကြီး ကြည့်နေခဲ့ရာမှ ယခုအခါ မျက်လုံးတွေထဲမှာ စိတ်သက်သာရာရသွားလေသည်။ တစ်ချိန်တည်းမှာပင် လုံချန်သည် သူမ၏ရှေ့ကနေ ကာဆီးပေးထားသည့် မြင်ကွင်းဟာ ယန်ရွဲ့ချင် အတွက်တော့ ဘာနဲ့မှလဲမရနိုင်ပေ။ သူမ၏မျက်နှာပေါ်တွင် ပြုံးရွှင်မှုတစ်ခု ပေါ်ထွက်လာသည်။ ဤလူငယ်လေးသည် အဖြစ်မရှိသော အမှိုက်၊ လူရမ်းကားတစ်ယောက်အဖြစ်မှ ဤအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် သူမအတွက်ပင် လုံးဝ အံ့အားသင့်စေသည်။ ယခုအခါ အံ့အားသင့်မှုများ ကုန်ဆုံးသွားပြီးနောက် သူမ၏နှလုံးသားထဲမှာ အကန့်အသတ်မရှိသော ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေသည်။ “ဒါက ငါယန်ရွဲ့ချင်ရဲ့ သားပဲ။ အရင်တုန်းက လုံချင်းလန် ကြောင့်သာ သူ့ကို မုန်းသလိုဖြစ်ခဲ့သေးတာ။ နောက်ဆုံးတော့လဲ သူက ငါ့သားပဲလေ။ အခုတော့ ဒီလောက်တောင်သန်မာလာပြီပေါ့။ ဒီကလေးက ငါ့ထက်တောင် ပိုပြီး နာမည်ကျော်ကြားနေပြီ…”
လုံချန်သည် မိုးပြာနဂါးတံဆိပ်ဖြင့် ကောင်းကင်ဘုံနတ်ဆိုးလက်၏ နောက်ဆုံးလက်ချောင်းကို ထိပ်တိုက်ရင်ဆိုင်နေခဲ့သည်။ နှစ်ဖက်စလုံးသည် အားအပြင်းဆုံးလှုပ်ရှားမှုများကို ထုတ်သုံးနေကြပြီဖြစ်သည်။ အနိုင်ရသူသည် အင်အားစုနှစ်ခုအား ရှင်သန်မည့်ဖက်ခြမ်းကို အဆုံးအဖြတ်ပေးပါလိမ့်မည်။ ယန်ရွဲ့ချင် သည် အလွန်တရာ စိတ်လှုပ်ရှားနေသည်။ သံမဏိချိန်းကြိုးများဖြင့် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားခံရသည့်တိုင် လက်သီးများကို တင်းတင်းဆုပ်ထားသည်။
ဤအချိန်တွင် အဘိုးကြီးပိုင်လီ သည် လုံချန်ဆီသို့ အရှိန်ဖြင့် တိုးကပ်လာသည်။ လေထုအနှံ့ ပေါက်ကွဲသံများ တဝုန်းဝုန်းထွက်ပေါ်လာသည်။
လုံချန် သည် ကမ္ဘာတစ်ခုလုံး လှုပ်ခါနေသလိုပင် ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာ သူ့လက်ဝါးနှစ်ဖက်ကနေ သွေးနီရောင်နဂါးပုံရိပ် ၉ ခု ပေါ်ထွက်လာသည်။ သွေးနီရောင်အလင်းတန်း ၉ ခုသည် ဧရာမနဂါးတံဆိပ်ကြီး ၉ ခုအလား လုံချန်၏ပတ်လည်တွင် အဆက်မပြတ် လှည့်ပတ်နေလေသည်။ ထို့အတူ လုံချန် ဆီကနေ အားပြင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲလျက် လေးဖက်လေးတန်သို့ ပြန့်နှံ့သွားသည်။ ထို့နောက် စူးရှကျယ်လောင်သော နဂါးဟိန်းသံ ထုတ်လွှတ်လျက် လက်ဝါးနှစ်ဖက်ကိုဆန့်၍ ထိုက်ချွမ်နဂါးတံဆိပ် ကို အသက်သွင်းကာ ပြိုင်ဖက်ဆီသို့ အရှိန်ဖြင့် ဆောင့်ရိုက်လိုက်သည်။ ရုတ်တရက်ဆိုသလို တောင်ကြားထဲရှိ မြေပြင်သည် တဝုန်းဝုန်းတုန်ခါလာလျက် မြေဆိုင်ခဲများ ဖွာခနဲဖွာခနဲ လွင့်တက်လာသည်။
အဘိုးကြီးပိုင်လီ၏တိုက်ခိုက်မှု သည်လည်း အနည်းငယ်မျှ အားနည်းမနေပေ။ သူသည် လုံချန်ကို အေးစက်စွာ ကြည့်လိုက်သည်။ ဤအချိန်တွင်သူ၏လက်နှစ်ဖက်ဖြင့် ကောင်းကင်ဘုံနတ်ဆိုးလက် နောက်ဆုံးလက်ချောင်းကို ဖန်တီးပြီးသွားလေပြီ။
“မိုးပြာနဂါးတံဆိပ် ဆိုတာက ငါတို့ ပိုင် ကလန်ရဲ့ ကောင်းကင်ဘုံနတ်ဆိုးလက် ရှေ့မှာ အမှိုက်တစ်စစာသာလောက်ပဲ။ “ကောင်းကင်ဘုံနတ်ဆိုးလက်၊ ကောင်းကင်ဘုံနဲ့နှင့်ကမ္ဘာဖျက်လက်ချောင်း...” အေးစက်စက်အသံနှင့်အတူ ပိုင်လီ၏လက်မောင်းမှ ထက်ရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်ထက်ရှသော ဓားကြီးတစ်လက်အလား လုံချန်ဆီသို့ တည့်တည့် ထိုးဆင်းလာသည်။
အလွန် ကြောက်စရာကောင်းလှသော တိုက်ခိုက်မှုပင်။ သို့သော် လုံချန်သည် တုန်လှုပ်သွားခြင်းမရှိပေ။ သူ၏ သွေးနဂါးချီစွမ်းအင်ကို အကန့်အသတ်ထိ ထုတ်ဖော်လိုက်သည်။ ထို့နောက် ထိုက်ချွမ်နဂါးတံဆိပ် သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ဖြာထွက်လာ၏။ အကြောင်းအရင်းမှာ လုံချန်၏ ကမ္ဘာဦးသွေးနဂါးချီစွမ်းအင်သည် ထိုက်ချွမ်နဂါးတံဆိပ် နှင့်ပေါင်းစပ်ထားလို့ပင်။ နဂါးပုံရိပ် ၉ ခု သွေးနဂါး ၉ ကောင်သဖွယ် ဖြစ်ပေါ်လျက် စူးရှသောနဂါးဟိန်းသံများ ထုတ်လွှတ်လိုက်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလားပင်။ထို့အတူ လုံချန် သည် ဤအနှိုင်းမဲ့စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမရှိသလိုခံစားရသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်နေသလို ခံစားနေရသည်။ ဤအခိုက်အတန့်တွင် အဘိုးကြီးပိုင်လီ၏ ကောင်းကင်နှင့်ကမ္ဘာဖျက်လက်ချောင်း သည် သူ့အတွက် ကြောက်မက်ဖွယ်မဟုတ်တော့ပေ။
“ကောင်းကင်နဲ့ကမ္ဘာဖျက်လက်ချောင်း.... ဟုတ်လား။ ငါ့ရဲ့ ထိုက်ချွမ်နဂါးတံဆိပ် နဲ့ မင်းကိုအဆုံးသတ်မယ်... ”
ဝေါင်း....ဝေါင်း....ဘုန်း....
ပေါက်ကွဲသံနှင့်အတူ သွေးနဂါး ၉ ကောင် သည် ကျယ်လောင်စွာ ဟိန်းလျက် အလွန်ကြောက်မက်ဖွယ်ရာ သွေးနဂါးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတော့သည်။ ထို့နောက်တော့ လုံချန် သည် ရှေ့သို့ တရကြမ်းပြေးထွက်သွားကာ သူ၏လက်ဝါးနှစ်ဖက်ကို ပြိုင်တူဖိချလိုက်သည် “ထိုက်ချွမ်နဂါးတံဆိပ်၊ .... နတ်နဂါးကိုးကောင်လက်ဝါး.... ဆင်းသက်လော့...”
အုန်း....
ဤတစ်ကြိမ်တွင် နှစ်ဖက်လုံးသည် ၎င်းတို့၏ခွန်အားကို အကန့်အသတ်ထိ ထုတ်ဖော်၍တိုက်ခိုက်ခဲ့ကြသည်။ အားအပြင်းဆုံးစွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသည့်အတွက် မြင်ကွင်းသည် ယခင်ထက် ပို၍ကြောက်မက်ဖွယ်ရာပင်ဖြစ်ခဲ့သည်။ ပတ်ဝန်းကျင် သည် ပြိုကျတော့မတတ်တုန်လှုပ်နေခဲ့၏၊ သစ်ပင်များ အမြစ်ကနေပြတ်ထွက်ကာ ကျိုးကြကုန်သည်၊ တောင်ကုန်းငယ်များ ပြိုကျကာ မြေပြန့်အဖြစ်ပြောင်းလဲခဲ့သည်။
ဤအချိန်တွင် ယန်ဘိုးဘေးကြီးနှင့် ယန်ရွဲ့ချင်တို့နှစ်ယောက်စလုံးသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် လုံချန် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ မသိနိုင်။
“ယန်ကန်းချောင်...၊ နားထောင်စမ်း။ ငါတို့ ပိုင် ကလန်ရဲ့ ကောင်းကင်ဘုံနဲ့ကမ္ဘာဖျက်လက်ချောင်း ရှေ့မှာ မင်းတို့ ယန်အိမ်တော်ရဲ့ မိုးပြာနဂါးတံဆိပ်ဆိုတာ ကလေးကစားနည်းသာသာပဲရှိတယ်။ အဲဒီခွေးကောင်လေး သေသွားလောက်ပြီ။ နောက်တစ်ခါ မင်းအလှည့်လာမယ်” ပိုင်ရှန်း၏ ရက်စက်ကြမ်းတမ်းသော လှောင်ပြောင်ရယ်မောသံသည် ယန်ကန်းချောင် ဆီသို့ ပြင်းရှသောဖိအားတစ်ခုကျဆင်းလာသလိုပင်။ အဘိုးကြီးပိုင်ရှန်း သည် သူ့ညီပိုင်လီကို တစ်ချက်မျှမကြည့်ဘဲ ပြင်းထန်သောစွမ်းအားကိုထုတ်ဖော်လျက် ယန်ဘိုးဘေးကြီး ကိုသာ တိုက်ခိုက်ပါတော့သည်။ အကြောင်းကတော့ သူ့ညီဖြစ်သူ၏ ခွန်အားကို ကောင်းကောင်းသိထားလို့ပင်။ လက်ရှိသူကိုယ်တိုင်ပင် ပိုင်လီ၏ပြိုင်ဖက် မဖြစ်နိုင်ပေ။ လုံချန်ကဲ့သို့ လူငယ်မျိုးဆက်တစ်ယောက်ကား ပို၍ပင် ပြောရန်မလိုပါ။
ဤအခိုက်အတန့်တွင် လုံချန် နှင့် အဘိုးကြီးပိုင်လီ တို့နှစ်ယောက်၏ နောက်ဆုံးအဆင့် တိုက်ခိုက်မှုနှစ်ခုကြောင့် တောင်ကြားချိုင့်ဝှမ်းတစ်ဝက်လောက် ပြိုကျသွားခဲ့ရသည်။
ယန်ဘိုးဘေးကြီးနှင့် ယန်ရွဲ့ချင်တို့၏ စိုးရိမ်မကင်းဖြစ်နေသော အကြည့်များအောက်တွင် ဖုန်မှုန့်များ တဖြည်းဖြည်း ပြိုကွဲလာသည်။ သူတို့လည်း တိုက်ပွဲမြေပြင်မှ မြင်ကွင်းကို မြင်လိုက်ရသည့်အခါ နှစ်ယောက်စလုံး အံ့အားသင့်ကုန်ကြသည်။ သို့သော် သိပ်မကြာလိုက်၊ အကြီးအကျယ် ပျော်ရွှင်သွားကြလေသည်။
“ချန်အာ၊ ကောင်းပြီ။ မင်းဟာ ငါတို့ ယန်အိမ်တော်ရဲ့ ဂုဏ်ယူစရာပဲ…” ယန်ဘိုးဘေးကြီး၏ ကျေနပ်အားရမှုအပြည့်စကားတွေဟာ အဘိုးကြီးပိုင်ရှန်းကို ချက်ချင်းရယ်မောသွားစေသည်။ သူက လှောင်ပြောင်၏ “မင်းက ဒီလိုမျိုးဟာသစကားတွေနဲ့ ငါ့ကို အာရုံလွှဲချင်နေတာလား ”
စကားပြောနေရင်း ယန်ဘိုးဘေးကြီးကို တရကြမ်း တိုက်ခိုက်လိုက်သည်။ သူသည် ယန်ဘိုးဘေးကြီးကို လက်ဝါးတစ်ချက်ဖြင့် တွန်းထုတ်လိုက်ပြီး နောက်သို့လှည့်ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည် “ညီလေး၊ လုံချန်ကို အမြန်ဆုံး အဆုံးသတ်ပြီးတာနဲ့ ငါနဲ့အတူ ဒီခွေးအိုကြီးကို သတ်ကြမယ်…”
အဘိုးကြီးပိုင်ရှန်း၏စကားက တစ်ပိုင်းတစ်စနှင့်ရပ်တန့်သွားလေသည်။ သူသည် တိုက်ပွဲမြေပြင်ရှိ အခြေအနေကို မြင်လိုက်ရလို့ပင်။ ဤအချိန်တွင် အပျက်အစီးများ ဖုံးလွှမ်းထားသော ကောင်းကင်အောက်၌ လူနှစ်ဦးအနက် တစ်ဦးသာလျှင် မတ်တပ်ရပ်နေခဲ့သည်။ အခြားတစ်ဦးကတော့ ပါးစပ်ကနေ သွေးအန်လျက် ဂူအနီးသို့ လွင့်ပျံထွက်သွားသည်။ ထိုလူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် မလှုပ်မယှက်လဲလျောင်းနေလေတော့သည်။ ၎င်းသည် အဘိုးကြီးပိုင်ရှန်း၏ညီဖြစ်သူ ပိုင်လီ သာဖြစ်ပေတော့သည်။
လုံချန် သည် အဘိုးကြီးပိုင်လီကို အနိုင်ယူပြီးနောက် စကားတစ်ခွန်းမျှမပြောဘဲ ယန်ရွဲ့ချင်အား ဖမ်းဆီးချုပ်နှောင်ထားသော နေရာဆီသို့ တိုက်ရိုက်ပြေးထွက်သွားသည်။
တစ်ဖက်တွင် ဤကဲ့သို့ မယုံနိုင်စရာအဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားသည့်အတွက် အဘိုးကြီးပိုင်ရှန်း သည်လည်း စဉ်းစားရန် အချိန်မရှိပေ။ လုံချန်၏ လှုပ်ရှားမှုကို မြင်လိုက်သည့်အခါမှာတော့ ချက်ချင်းအော်လိုက်သည် “သခင် ရွှယ်ယွမ်ဇီ၊ ထွက်လာပြီး အမြန်ကူညီပါ....”
Translated By NyiNyiSoe
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ ) အပိုင်း ၅၆
အဘိုးကြီးပိုင်ရှန်း၏နှုတ်မှ “ရွှယ့်ယွမ်ဇီ” ဟူသောနာမည်ကို အော်ဟစ်လိုက်ချိန်တွင် လုံချန် သည် မမျှော်လင့်ထားသည့်အရာတစ်ခုခု ဖြစ်လာတော့မည်မှန်း သိလိုက်၏။ အရင်ကတော့ အဘိုးကြီးပိုင်လီကို အနိုင်ယူပြီးသည်နှင့် ယန်ရွဲ့ချင်ကို ကယ်တင်မည်။ ထို့နောက် နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးကို ရယူကာ အိမ်ပြန်နိုင်မည်ဟု တွေးထားခဲ့သည်။ ယခုအခါမှာတော့ မထင်မှတ်ထားသော အနှောင့်အယှက်တစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။
ပိုင်ညီအစ်ကိုနှစ်ယောက်သည် ယန်ရွဲ့ချင်အား ဖမ်းဆီးထားသည့်တိုင် ခြိမ်းခြောက်လာခြင်းမရှိသေးရာ လုံချန်ကိုယ်တိုင်လည်း အစကတည်းက သံသယဝင်နေခဲ့၏။ ယခုတော့ ကျောက်လှိုဏ်ဂူထဲ၌ အစွမ်းထက်ပညာရှင်တစ်ဦး ပုန်းအောင်းနေခဲ့မှန်း သိလိုက်ရပြီဖြစ်သည်။
ဤအချိန်တွင် အဘိုးကြီးပိုင်လီ သည် မျက်နှာဖြူဖျော့နေသည့်တိုင် လုံချန်ကို ရူးသွပ်စွာ စိုက်ကြည့်ရင်း ပြုံးလိုက်သည် “ကောင်စုတ်လေး၊ မင်းက ငါ့ကို တကယ်အနိုင်ယူနိုင်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒါပေမဲ့ မင်းဘယ်တုန်းကမှ မခန့်မှန်းနိုင်ပါဘူးကွါ။ ငါတို့ပိုင် ကလန်က ဒီရလာဒ်ကို မမျှော်လင့်ထားပေမယ့် အစကနေအဆုံးထိ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားတယ်။ ရွှယ့်ယွမ်ဇီက မင်းကို ‘ဆင်းရဲဒုက္ခ’ နဲ့ ‘ဝေဒနာ’ ရဲ့ အဓိပ္ပါယ်ကို ဘာလဲဆိုတာသိအောင်ပြပေးလိမ့်မယ်လို့ ငါယုံတယ်…”
တစ်ချိန်တည်းမှာပင် လုံချန်သည် လှိုဏ်ဂူအတွင်းပိုင်းကနေ အားကောင်းသော အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရသည်။ လင်းရှီပင်အဆိုပါပညာရှင် ရှိနေမှန်း မသိခဲ့ပေ။ ဤအချိန်တွင် လူတိုင်း ဧရာမတောင်တန်းကြီး ဖိချလိုက်သည့်အလား ပြင်းထန်စွာဖိနှိပ်လာသောအငွေ့အသက်ကို ခံစားလိုက်ကြရသည်။
လုံချန် သည် အဘိုးကြီးပိုင်လီကို အနိုင်ယူလိုက်သည့်မြင်ကွင်းကြောင့် ဝမ်းသာနေသည့် ယန်ရွဲ့ချင်လည်း မျက်နှာ ဖြူဖျော့သွားသည်။ သူမက ထိတ်လန့်တကြားဖြင့် ပြော၏ “ချန်အာ၊ မင်း… မြန်မြန်ထွက်သွားတော့။ ဒီလူကို မင်းဘယ်လိုမှ မနိုင်နိုင်ဘူး။ ငါ့အဖေကို ခေါ်ပြီး ထွက်ပြေးတော့…”
ယန်ရွဲ့ချင်၏မျက်နှာတစ်ခုလုံးသည် ထိတ်လန့်သည့်အမူအရာများ ဖုံးလွှမ်းနေသည့်တိုင်အောင် လုံချန်သည် မျက်နှာအမူအရာတစ်ချက်ပင် ပျက်မသွားခဲ့ပေ။ သို့ရာတွင် သူ့စိတ်ထဲမှာတော့ တိတ်တဆိတ်တွေးနေ၏ “ဒီရွှဲ့ယွမ်ဇီဆိုတဲ့လူက သွေးဝိညာဉ်ဂိုဏ်းက ဖြစ်နိုင်တယ်။ သူ့ရဲ့ ခွန်အားက ဘယ်လောက်ထိသန်မာနိုင်မလဲ…”
ဤအချိန်တွင် လုံချန်သည် အပြင်ပန်း၌ ထုတ်မပြသော်လည်း သူ့ကိုယ်သူ ယုံကြည်မှု သိပ်မရှိခဲ့ပေ။ အဘိုးကြီးရွှဲ့ယွမ်ဇီသည် နဂါးသွေးကြောနယ်ပယ်အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သလို နဂါးသွေးကြောနယ်ထက် ကျော်လွန်သွားသော တည်ရှိမှုတစ်ခုလည်း ဖြစ်နေနိုင်သောကြောင့်ပင်။“တကယ်လို့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က နဂါးသွေးကြောနယ်ကို ကျော်လွန်နေခဲ့ရင် ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို အသတ်ခံရဖို့သေချာသလောက်ပဲ။ ငါ့အမေကို ကယ်ဖို့မပြောနဲ့၊ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေကို ရယူဖို့တောင်မဖြစ်နိုင်ဘူး…”သို့သော်လည်း လုံချန်သည် အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ထားသည့်တိုင်အောင်ယခုအချိန်မှာတော့ နောက်ပြန်ဆုတ်ရန်အတွက် နည်းလမ်းရှိမနေကြောင်းလည်း သိနေလေသည်။
ယန်ယွဲ့ချင်သည်လည်း မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အမူအရာများရှိနေသည့်တိုင် လုံချန်၏ မတုန်မလှုပ်သော ဆုံးဖြတ်ချက်နှင့် တာဝန်ယူမှုတို့ကြောင့် မည်သည့်စကားမျှ ထပ်မပြောနိုင်တော့ပါ။
“ဘာမှ ထပ်မပြောနဲ့။ ငါက အလွယ်တကူ ထွက်ပြေးတတ်တဲ့သူ မဟုတ်ဘူး…”လုံချန်သည် ယန်ရွဲ့ချင်ကို အော်ငေါက်ပြောလိုက်ရင်း ကျောက်လှိုဏ်ဂူထဲကနေ ခပ်ဖျော့ဖျော့ ပြုံးကာ ထွက်လာသော လူအိုကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ ယန်ယွဲ့ချင်သည် လုံချန်၏မျက်လုံးထဲမှ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်လိုက်ရသည့်အခါ ထိတ်လန့်နေရာကနေ ရုတ်တရက် ရပ်တန့်သွားလေ၏။ သူမ ရှေ့ရှိ လူငယ်ဟာ အချိန်တော်တော်ကြာကတည်းက အလုံးစုံပြောင်းလဲသွားပုံရသည်။
ဤအချိန်တွင် အဘိုးကြီးရွှယ့်ယွမ်ဇီ သည် လှိုဏ်ဂူအပြင်သို့ လျှောက်လာ၏။ ထို့နောက် မျက်နှာတပြင်လုံး လူသေကောင်လို ဖြူဖျော့နေသည့် အဘိုးကြီးပိုင်လီကို ကြည့်ပြီး လုံချန်ကို စိုက်ကြည့်နေသည်။ ခဏအကြာမှာတော့ မျက်မှောင်ကြုတ်ရင်း ပြောလိုက်၏“မင်းက ပိုင်လီကို အနိုင်ယူနိုင်ခဲ့တာလား၊ ဒါက သိပ်မဆိုးတဲ့ အောင်မြင်မှုပဲ။ ဒါပေမဲ့ ယွမ်လင်းမြို့မှာ ဒီလိုလုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ ဒီလို နေရာသေးသေးလေးမှာတော့ မင်းကို ထူးချွန်သူတစ်ယောက်လို့ သတ်မှတ်လို့ရမယ်…”သူ့အမြင်အရ လုံချန်ကို ရိုးသားစွာ အကဲဖြတ်ပေးလိုက်သည်။
သူက လုံချန်ကို အနီးကပ် သေချာစိုက်ကြည့်ပြီးနောက်တော့ လျှာတစ်ချက်သပ်လိုက်ရင်း ခေါင်းညိတ်ကာ ဆက်ပြောသည်“ဒီသားရဲအသွင်ပြောင်းခန္ဓာကိုယ်က သိပ်မဆိုးဘူး။ ငါခန့်မှန်းရရင် မင်းပြောင်းလိုက်တာက မြေအောက်သွေးပုတ်သင်ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ဖြစ်ရမယ်။ မဆိုးဘူး၊ ဒါပေမဲ့ ဒီနေ့ မင်းက ငါ့လူတွေကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့သလို ... ပြီးတော့လဲ ငါ့ရဲ့ နတ်ဝိဘာဉ်ပြောင်းလဲခြင်းသစ်သီးတွေကိုပါ လုယူဖို့ ကြိုးစားနေတယ်။ ဒီလိုဆိုတော့ အခု မင်းက ငါနဲ့ ရန်ငြိုးဖွဲ့လိုက်ပြီ။ ဒါ့ကြောင့် မင်းကို ဒီကနေ အသက်ရှင်လျှက်ထွက်သွားခွင့်ပေးနိုင်တော့မယ် မထင်ဘူး…”
လုံချန်ကလည်း သူ့ရှေ့ရှိ လူအိုကြီးကို အေးစက်စက်စိုက်ကြည့်နေသည်။ ၎င်းသည် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ခန္ဓာကိုယ်ကတော့ ပိန်ပိန်ပါးပါးဖြစ်၏။ အသက်အရွယ် နှင့်ပတ်သက်၍တော့ သိပ်ပြီးကြီးရင့်နေပုံမရ၊ အသက် ၃၀ အရွယ်လောက်သာရှိသေးပုံပင်။ သို့သော်လည်း မျက်လုံးမျက်ခုံးကတော့ အတော်လေးရက်စက်ကြမ်းကြုတ်ပုံရသည်။မျက်ခုံးနှစ်ခုကြား၌ သွေးဝိညာဉ်ဂိုဏ်း၏အမှတ်အသားဖြစ်ပုံရသော သွေးနီရောင်စက်ဝန်းလေးတစ်ခုရှိနေလေသည်။ ထို့အပြင် လူအိုကြီး၏ဆံပင်ရှည်များနှင့် မျက်ခုံးမွှေးများသည် သွေးနီရောင်သမ်းနေခြင်းကား အတော်လေးထူးခြားနေပေသည်။ တစ်ချိန်တည်းတွင် ၎င်း၏စိတ်အေးလက်အေးအမူအရာကို ကြည့်ခြင်းအားဖြင့် လုံချန် နှင့်ပတ်သက်၍ လုံးဝဂရုမစိုက်ကြောင်း သိသာလေသည်။
သို့သော်လည်း လုံချန်သည် ဤအရာကြောင့် တွန့်ဆုတ်သွားခြင်း မရှိပေ။ ဤအဘိုးကြီး၏ပုံပန်းသဏ္ဍာန်ကနေ ပိုင်ကလန်၏လူအိုကြီးနှစ်ယောက်ထက် များစွာပိုအစွမ်းထက်မှန်း ခံစားမိပါသည်။ ထို့အပြင် ၎င်းသည် လုံချန်၏အသက်အရွယ်ဖြင့် အဘိုးကြီးပိုင်လီကို အနိုင်ယူခဲ့ကြောင်း မြင်ထားသည့်တိုင်အောင် မည်သည့်အံ့သြမှုမျှ မပြခဲ့ပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အဘိုးကြီးရွှယ့်ယွမ်ဇီအတွက် အလားတူအခြေအနေမျိုး မကြာခဏကြုံတွေ့ဖူးမှန်းသိသာ၏။ “ဒီလိုအတွေ့အကြုံမျိုးရှိတဲ့သူက သေချာပေါက် အစွမ်းထက်တဲ့သူဖြစ်လိမ့်မယ်။ အနည်းဆုံးတော့ နဂါးသွေးကြောနယ်ပယ်ရဲ့ အဆင့် ၉ ထက် သေချာပေါက် ကျော်လွန်နိုင်မယ်ထင်...” ထိုကဲ့သို့ တွေးမိသောအခါ လုံချန်သည် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း ပြိုင်ဘက်၏ မျက်လုံးထဲရှိ မထီမဲ့မြင်ပြုမှုနှင့် လျစ်လျူရှုထားသော အမူအရာက လုံချန်အား အလွန်ဒေါသထွက်စေသည်။ “ငါ့အမေက ငါ့ရှေ့မှာ ရှိနေသလို နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးတွေလဲ အတူတူပဲ။ ပြီးတော့ ခွေးအိုကြီးပိုင်လီကိုတောင် အနိုင်ယူပြီးပြီ။ ငါလုံချန်က ရွှယ့်ယွမ်ဇီနဲ့ကျမှ ဘယ်လိုလုပ်ပြီး အရှုံးပေးရမှာတုန်း” ထူးဆန်းပြီး ရက်စက်ကြမ်းကြုတ်သည့် ရွှယ့်ယွမ်ဇီကို မြင်သောအခါ လုံချန်သည် လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ သို့သော် သူ့မျက်လုံးထဲရှိ အေးစက်စက်အငွေ့အသက်ကတော့ လျော့ကျသွားခြင်းမရှိပေ။
တစ်ဖက်ရှိ အဘိုးကြီးရွှယ်ယွမ်ဇီသည်လည်း ထိုအကြည့်ကို သတိထားမိပုံရ၏။ သို့သော် လှောင်ပြောင်ဟန်ဖြင့် ရယ်လိုက်သည်။ ထို့နောက် “မင်းက ကျားတစ်ကောင်ကို ကြောက်ရွံ့ရကောင်းမှန်းမသိတဲ့ မွေးကင်းစ နွားပေါက်လေးတစ်ကောင်လိုပဲ။ ပိုင်လီလို ဉာဏ်နည်းတဲ့အမှိုက်ကောင်ကို ရိုက်နှက်နိုင်ရုံနဲ့ မင်းကိုယ်မင်း ဘယ်သူမှအနိုင်မယူနိုင်တဲ့သူလို့ ထင်နေတာလား။ တကယ်တော့ မင်းက အပြင်လောကကို မမြင်ဖူးတာတောင် ကိုယ့်နေရာကို မသိတဲ့ကလေးသာသာပဲ”
သူက ချက်ချင်းနောက်လှည့်ပြီး ယန်ရွဲ့ချင်ကို ကြည့်လိုက်သည်။ သူ့အကြည့်ထဲမှာ တပ်မက်မှုတို့ပြည့်နှက်နေလေသည်။ ထို့နောက် သူ့လက်နှစ်ဖက်ကို ပွတ်သပ်ပြီး “ဒီအမျိုးသမီးက မင်းရဲ့အမေလား။ တကယ်တော့ သူမမှာ ငါအရမ်းသဘောကျတဲ့ မယုံနိုင်စရာ ဆွဲဆောင်မှုတစ်ခုရှိတယ်...”
ထိုစကားပြောပြီးသည်နှင့် တစ်ဖန်ပြန်လှည့်ပြီး လုံချန်ကို စိုက်ကြည့်၍ ပြောလိုက်သည် “မင်းအမေရဲ့ တောင့်တင်းပြီးဖြောင့်ဆင်းနေတဲ့ခန္ဓာကိုယ်က အခုထိဆွဲဆောင်မှု ရှိနေဆဲပဲ၊ မင်းရဲ့ အရည်အချင်းကလည်း သိပ်မဆိုးပါဘူး။ ဆိုတော့ကား မင်းနဲ့ မင်းရဲ့အမေက ငါနဲ့အတူ ယွမ်လင်းမြို့ကို ပြန်လိုက်ခဲ့။ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးတယ်။ မင်း ဘယ်လိုထင်လဲ” ရွှယ့်ယွမ်ဇီ၏စကားထဲမှ အဓိပ္ပါယ်က မည်သည်ကိုဆိုလိုမှန်း လူတိုင်း နားလည်နိုင်လေသည်။
ဤအချိန်တွင် အဒေါသထွက်ဆုံးသူကို ပြပါဆိုလျှင်တော့ ပိုင်ညီအစ်ကိုနှစ်ယောက်ပင်။ အဘိုးကြီးပိုင်ရှန်းသည် ယန်ကလန်၏ဘိုးဘေးကြီးနှင့်တိုက်ခိုက်နေဆဲဖြစ်သည်။ သို့သော် အဘိုးကြီးပိုင်လီ ကတော့ ရွှယ့်ယွမ်ဇီကို မယုံကြည်နိုင်သလိုအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ဒေါသတကြီးအော်ပြောလိုက်၏ “ရွှယ့်ယွမ်ဇီ၊ မင်းသူတို့ကို သတ်မယ်လို့ ကတိပေးထားတယ်။ အခုကျတော့ မင်းဒီစကားတွေပြောနေတာလား... ဒါက ဘာကိုဆိုလိုတာလဲ”
သို့သော် ရွှယ့်ယွမ်ဇီက လှောင်ပြောင်လိုသောအပြုံးဖြင့် ပိုင်လီကိုကြည့်လိုက်ပြီး “တခြားဘာအဓိပ္ပာယ်ရှိဦးမှာလဲ။ ငါ ရွှယ့်ယွမ်ဇီက ငါကြိုက်တာမှန်သမျှ လုပ်မယ်။ မင်းလိုအမှိုက်ကောင်တစ်ကောင်ဆီ ငါလုပ်သမျှကို အစီရင်ခံရမယ်လို့တော့ မပြောနဲ့။ ပိုင်လီ၊ ငါ မြေကမ္ဘာယွမ်အဆင့် ကိုတက်သွားကတည်းက မင်းနဲ့ငါ တန်းတူမဟုတ်တော့ဘူး။ မင်းစိတ်ထဲမှာ ငါမင်းကို ကူညီလိမ့်မယ်လို့ မိုက်မဲစွာ ယုံကြည်နေတုန်းပဲလား” ဟူ၍ မေးလိုက်ရုံသာ။
ထိုကဲ့သို့ လှောင်ပြောင်စကားများကိုကြားလိုက်သည့်အခါ အဘိုးကြီးပိုင်လီ သည် ဒေါသကိုအတင်းထိန်းကာ အသက်ကိုပြင်းပြင်းရှူလျက် “ရွှယ့်ယွမ်ဇီ၊ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့တဲ့ မိတ်ဆွေသံယောဇဉ်ကိုမှ မထောက် ... ဒီနေ့ မင်း ဒီလိုစကားတွေ တကယ်ပြောထွက်တယ်လား။ ကောင်းကင်ဘုံနဲ့ နတ်ဘုရားတွေက အပြစ်ပေးခံရမှာ မကြောက်ဘူးလား”
“ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုလား။ နတ်ဘုရားရဲ့ ဒဏ်ခတ်မှုလား။ အိုကေ၊ ဘိုင်လီ၊ ငါ့ကို ရယ်စရာဖြစ်စေမယ့် ရယ်စရာစကားမျိုး မပြောနဲ့။ ဒီနှစ်တွေအကုန်လုံးမှာ မင်း ဘယ်လိုလုပ် ဒီလောက် ရယ်စရာကောင်းအောင် မသိနားမလည်ဘဲ နေနိုင်ရတာလဲ ငါတကယ် အံ့သြမိတယ်”
လုံချန် မမျှော်လင့်ထားသည့်အရာကား အသက် ၃၀ အရွယ်လောက်သာ ရှိသေးပုံရသည့် ရွှယ့်ယွမ်ဇီသည် အဘိုးကြီးပိုင်လီနှင့် အသက်အတူတူဆိုတာကိုပင်။ ဆိုလိုသည်မှာ ၎င်းက အသက်က ၆၀ လောက်ရှိနေပြီဖြစ်သည်။
သို့သော်……
လုံချန်သည် မျက်လုံးများကို မှိတ်လိုက်သည်။
“မင်းက ငါ့အမေကို တပ်မက်စိတ်နဲ့လိုချင်နေတာလား။ ပြီးတော့ ငါ့ကို မင်းရဲ့မွေးစားသား ဖြစ်စေချင်တာပေါ့....”
ယန်ရွဲ့ချင်၏ ကြောက်ရွံ့နေသော အမူအရာကို ကြည့်ရင်း လုံချန်သည် ရင်ကွဲမတတ်ပင်ဖြစ်ခဲ့သည်။ အမေဖြစ်သူ ယခုလိုအခြေအနေမျိုး ရင်ဆိုင်နေရခြင်းမှာ သူ့တွင် လုံလောက်သော ခွန်အား မရှိသောကြောင့်ဟု သူ ခံစားမိသည်။
သို့ရာတွင် ရွှယ့်ယွမ်ဇီက မည်မျှပင် ကြောက်စရာကောင်းနေပါစေ လုံချန် သည် ကြောက်ရွံ့စိတ်ကြောင့် မျက်နှာငယ်နေသော အမေဖြစ်သူကို မြင်ပြီးနောက် ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ရန်အချိန်တန်ပြီမှန်း သိလိုက်ပါသည်။ အမှန်တကယ်တော့ ယခုလိုအချိန်မျိုး၌ ယန်ရွဲ့ချင်ကို ကာကွယ်ဖို့က လုံချင်းလန်၏တာဝန်သာဖြစ်သင့်ပေသည်။ သို့သော်လည်း လုံချင်းလန် မရှိတော့သည့်အတွက်ကြောင့် လုံချန်အနေဖြင့် ဤတာဝန်ကို ကိုယ်စားယူရပါလိမ့်မည်။ သူ၏အမေ ဖြစ်နေသောကြောင့်ပင်။
“အဘိုးကြီး၊ ဒီကျိန်စာသင့်နေတဲ့ အဘိုးကြီးက ခင်ဗျားရဲ့မိန်းမကို စော်ကားချင်နေတာ။ ခင်ဗျားက ကျုပ်အဖေဆိုတော့ ကောင်းကင်ဘုံကနေ ကြည့်နေရင် ငါတို့အားလုံးကို ကောင်းချီးပေးသင့်တယ်။ ပြီးတော့ ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးသင့်တာပေါ့...”
“မင်း ... သောက်အဘိုးကြီး၊ မင်းက ငါ့အဖေ ဖြစ်ချင်နေတာလား။ မင်းရဲ့ ရုပ်ရည်ကို ကြည့်လိုက်ဦး။ မင်းကို ငါ့မြေးအဖြစ် လက်ခံဖို့ တောင်းပန်ရင်တောင် ငါ့ရဲ့ အဆင့်အတန်း ကျဆင်းသွားသလို ခံစားရလိမ့်မယ်”
လုံချန်၏ လှောင်ပြောင်စော်ကားမှုက ရွှယ့်ယွမ်ဇီကို ခဏတာ အံ့အားသင့်နေစေခဲ့သည်။ တစ်ချိန်တည်းမှာပင် လုံချန်ဆီကနေ အေးတိအေးစက်အကြည့်များကို မြင်လိုက်သည့်အခါ အဘိုးကြီးရွှယ့်ယွမ်ထံမှ သတ်ဖြတ်ချင်စိတ်များ တဟုန်ထိုးမြင့်တက်လာပါတော့သည်။
“ကောင်လေး၊ ပထမတော့ မင်းမှာ ဦးနှောက်ရှိတယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ မင်းက ဉာဏ်ရည်ထုံထိုင်းနေတဲ့ မြည်းတစ်ကောင်ဖြစ်နေမယ်လို့ ဘယ်တော့မှ မထင်ထားမိဘူး။ မိုက်မဲတဲ့လူတွေက ဒီကမ္ဘာပေါ်မှာ နေထိုင်ခွင့်မရှိဘူး။ ကောင်းပြီ၊ ငါမင်းကို သေမင်းဆီ ပို့လိုက်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်းရဲ့ ချောမောလှပတဲ့ မိခင်အတွက် သူမ သိပ်ချစ်တဲ့ မင်းရဲ့အဖေနေရာမှာ ငါ အစားထိုးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်...”
ဤအခိုက်အတန့်တွင် အဘိုးကြီးပိုင်လီ လည်း အတော်လေး ဝမ်းသာသွား၏။ အစပိုင်းမှာတော့ လုံချန်သည် ဤအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ရွှယ့်ယွမ်ဇီနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ယခုတော့ လုံချန် သည် ရွှယ့်ယွမ်ဇီ၏အကြံဉာဏ်ကို ငြင်းပယ်ကာ သေလမ်းကို ရွေးချယ်သွားလိမ့်မည်ဟု မထင်ထားပေ။ သူ့စိတ်ထဲမှာ ခဏတာအံ့အားသင့်သွားခဲ့ပြီး နောက်မှာတော့ ဝမ်းသာအားရ ရယ်မောလျက် “ယန်မိသားစုရဲ့ ဒီကောင်လေးက ငါတို့နဲ့ရန်သူတွေ ဖြစ်နေကပေမယ်လို့ သူ့မှာ ရဲရင့်တဲ့စိတ်ဓာတ်တစ်ခုတော့ ရှိနေသေးတယ်။ ဝမ်းနည်းစရာကောင်းတာက သူ့မှာ သတ္တိဘယ်လောက်ပဲရှိရှိ မြေကမ္ဘာယွမ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ရင်ဆိုင်နေတာဆိုတော့ သေချာပေါက် အသတ်ခံရမှာပဲ။ ဘာပဲဖြစ်ဖြစ် မြေကမ္ဘာယွမ်အဆင့် က နဂါးသွေးကြောနယ်ပယ်ထက် သာလွန်တဲ့နယ်ပယ်တစ်ခုပဲလေ”
ရွှယ့်ယွမ်ဇီ သည် လုံချန် ကို ငရဲပို့မည်ဟုပြောနေသော်လည်း ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ ထိုအစား ယန်ရွဲ့ချင်၏နံဘေးသို့ လျှောက်သွားခဲ့သည်။ ထို့နောက် သူမ၏ ကြွေဖြူရောင်မေးစေ့ကို ပွတ်သပ်ကိုင်တွယ်ပြီး ယန်ရွဲ့ချင်းကို ကြည့်လိုက်သည်။ သူက ကျေနပ်အားရစွာရယ်လိုက်ပြီး “ဘယ်လောက်တောင် ငယ်ရွယ်ပြီး နူးညံ့လှပလိုက်တဲ့ အမျိုးသမီးလဲ။ မင်းက နှစ်ပေါင်းများစွာ မုဆိုးမတစ်ယောက်လို နေထိုင်လာခဲ့တယ်လို့ ငါကြားတယ်၊ မင်း နည်းနည်းယားယံနေမယ်လို့ ငါထင်တယ်။ မင်းရဲ့အစ်ကိုကြီး၊ ဒီလောက်နောက်ကျမှ ရောက်လာလို့ ငါတကယ်တောင်းပန်ပါတယ်”
ထိုစကားပြောပြီးသည်နှင့် သူက နောက်လှည့်ပြီး လုံချန်ဘက်ကို ပြန်ကြည့်ကာ ခေါင်းခါရင်း “မင်းတို့သားအမိနှစ်ယောက်လုံးကို ငါကောင်းကောင်းဆက်ဆံခဲ့တယ်။ ကံမကောင်းစွာပဲ မင်းရဲ့သားက ပါးနပ်မှုမရှိလို့ ငါ့ဆွေးနွေးချက်ကို ဖျက်ဆီးပစ်လိုက်တယ်” ဟူ၍ ပြောလိုက်သည်။
ဤအချိန်တွင် လုံချန်သည် ရွှယ့်ယွမ်ဇီ ထံသို့ တစ်လှမ်းချင်းစီ လျှောက်လာလေသည်။ တစ်ကိုယ်လုံးရှိ သွေးများပွက်ပွက်ဆူလာသလို သူ၏ခန္ဓာကိုယ်ကနေလည်း သွေးနီရောင်အခိုးအငွေ့များ ပျံ့လွင့်နေပေသည်။ သူ၏ သွေးနီရောင် မျက်လုံးအစုံမှ ရူးသွပ်မှုနှင့် ဒေါသများကို မြင်နိုင်လေသည်။
“အဘိုးကြီး၊ သူ့ကိုလွှတ်ပေးလိုက်...”
ရွှယ့်ယွမ်ဇီက ဟက်ခနဲရယ်လိုက်ပြီး “မင်း ဘာပြောလိုက်တာလဲ” ဟုသာ မေးပါသည်။
“ငါထပ်ပြောမယ်……”
လုံချန် သည် သူ၏ခန္ဓာကိုယ်ထဲကနေ စူးရှကြမ်းတမ်းသော သွေးနဂါးဟိန်းသံများကို ခံစားမိသောအခါ ရုတ်တရက် ခေါင်းမော့လာ၍ ဒေါသတကြီး အော်ဟစ်လိုက်သည် “သူမကို လွှတ်ပေးလိုက်ဖို့ ငါပြောနေတယ်”
Translated By Nyi Nyi Soe
...(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - ညီညီစိုး
(စာစဉ် ၄ ) အပိုင်း-၅၇
လုံချန် မည်မျှကြောက်စရာကောင်းသည်ကို ကြည့်ရင်း ရွှယ့်ယွမ်ဇီ၏မျက်လုံးများပင် မှေးကျဉ်း သွားခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလိုပင် သူ့လက်ကို အနည်းငယ်လှုပ်လိုက်ရာ ဖမ်းဆီးခံထားရသည့် ယန်ယွဲ့ချင် ဟာ သူမရှေ့က ကျောက်နံရံအား အလိုလိုပြေးဆောင့်လေတော့ သည်။ ယန်ယွဲ့ချင်ဟာ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ ကျင့်ကြံသူ ဖြစ်နေသည့်တိုင်အောင် နဖူးမှ သွေးများ စီးကျလာပေ သည်။
အမြင်ကွင်းဟာ လုံချန်၏နှလုံးသားတစ်ခုလုံးကို တိုက်ရိုက်မီးလောင်ကျွမ်းနေသလိုပင်။
“ရွှယ့်ယွမ်ဇီ! မင်းလိုကောင်က သူမကို တကယ်နာကျင်အောင်လုပ်လိုက်တာလား”
ရွှယ့်ယွမ်ဇီ က လှောင်ရယ်လိုက်ပြီး “သူမက အရင်ကလည်း စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးတစ် ယောက်ပဲလေ။ ငါ သူမကို နာကျင်အောင် လုပ်လိုက်တော့ကော ဘာဖြစ်သလဲ။ မင်း ငါ့ကို ဘာလုပ်နိုင်မှာမို့ လို့တုန်း။ မင်းစိတ်ထဲမှာ ငါ့ကို သတ်နိုင်တယ်လို့များ ထင်နေသလားကောင်လေး။ ကောင်းပြီ….ကောင်းပြီ …. မင်းကြည့်ရတာ ငါ့ကိုတိုက်ခိုက်ဖို့ အသင့်ပြင်နေတာဖြစ်ရမယ်။ ကောင်းပြီ….. မြေကမ္ဘာအဆင့် နဲ့ နဂါးသွေးကြောနယ်ပယ်အဆင့် က ဘယ်လောက်ကွာခြားသလြဆိုတာ သက်သေပြရသေးတာပေါ့”
ထိုစကားများပြောပြီးနောက် ရွှယ့်ယွမ်ဇီ သည် သူ၏ မြေကမ္ဘာအဆင့်စွမ်းအားကို ထုတ်လွှတ်လိုက် သည်။ ဤအချိန်တွင် လုံချန်သည် သူ့ရှေ့တွင် ရပ်နေသည့်လူအိုကြီးက လူမဟုတ်ဘဲ ကောင်းကင်အား ဖျက်ဆီးနိုင်သော နတ်ဆိုးတစ်ကောင်လိုပင် ခံစားလိုက်ရသည်။ သူ့အနေဖြင့် ဖိအားကြောင့် အသက်ရှူမဝ သလို ခံစားရသည်။ “ဒီလိုဖိနှိပ်ထားတဲ့စွမ်းအားမျိုးက ငါ့ခွန်အား အကုန်ထုတ်သုံးရင်တောင်မှ အခွင့်အရေး မရှိသလောက်ပဲ”
ရွှယ့်ယွမ်ဇီ သည် သူ၏ မြေကမ္ဘာအဆင့် စွမ်းအားကို ထုတ်လွှတ်ရုံသာ ရှိသေး၏။ သို့တိုင် လုံချန် အနေဖြင့် ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်ရှားနိုင်တော့သည်အထိ ဖိနှိပ်ခံနေရသည်။ ယခုအချိန်တွင် လုံချန် ၏မျက်လုံးတွေမှာ သွေးနီရောင်အလင်းတန်းများ တောက်ပနေလေသည်။ တစ်ဆက်တည်းဆိုရလျှင် သူ့အနေဖြင့် မသေချင်ပါက ဤနေရာကနေ အမြန်ဆုံးလွတ်မြောက်ရန် လိုကြောင်းလည်း သိနေပါသည်။
သို့သော်လည်း မလှမ်းမကမ်းရှိ ယန်ယွဲ့ချင် နှင့် သူမ၏နဖူးမှ သွေးစသွေးနများကို ကြည့်လိုက်ချိန် မှာတော့ လုံချန်၏နှလုံးသားထဲမှာ ပြင်းထန်သော လူသတ်လိုစိတ်များ ပေါ်လာပါတော့သည်။
“မင်းက မြေကမ္ဘာအဆင့် ပညာရှင်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ့ရှေ့မှာ မင်းအတွက် အဆုံးသတ်ကတစ်ခုပဲရှိတယ်။ အဲဒါက ဒီနေ့ ဒီနေရာမှာ မင်းသေရမယ်ဆိုတာပဲ”
ဤအခိုက်အတန့်တွင် လုံချန်၏လက်ထဲ၌ လင်းရှီနတ်ဓားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား၏။ သို့ဖြစ်ရာ နတ်ဓားထဲမှ လင်းရှီ သည်လည်း အလွန်စိုးရိမ်နေလေသည်။ လင်းရှီ သည် သူတို့ရှေ့မှ မြေကမ္ဘာအဆင့် ပညာရှင်ဟာ လုံချန်အား အဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားမှန်း သိသာနသဖြင့် အလောတကြီးတားလိုက်ပါသည်။ “လုံချန်! ငါတကယ်တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် အရမ်းကြီးတွန်းအားမပေးပါနဲ့၊ သူက အခုလက်ရှိ နင့်ရဲ့ခွန်အားနဲ့ ရင်ဆိုင်လို့ရတဲ့သူ မဟုတ်ဘူး။ တကယ်လို့ နင် ဒီအတိုင်း ရှေ့ဆက်တိုးနေ မယ်ဆိုရင် နင်တင်မကဘူး၊ ငါတို့အားလုံးလည်း သေရလိမ့်မယ်”
“ပါးစပ်ပိတ်ထားစမ်း….”
လုံချန်သည် သူ့ရှေ့ရှိ အဘိုးကြီး ရွှယ့်ယွမ်ဇီကို အေးစက်စွာစိုက်ကြည့်ရင်း အေးတိအေးစက် လေသံဖြင့် ပြန်ပြော၏ “နောက်ဆုတ်ရမှာတဲ့လား၊ငါ့အမေရှိသေးတယ်။ ငါ သူမကို ကယ်နိုင်ပါ့မလား ဆိုတာတော့ မသေချာဘူး။ လင်းရှီ… မင်းလည်း ထွက်သွားသင့်တယ်။ အိပ်မက်လင်ဇီး (၅)ပွင့်ရဲ့စွမ်း အင်က မင်း အသက်ဆက်ရှင်ဖို့အတွက် နည်းလမ်းရှာဖို့ လုံလောက်မယ်လို့ ငါထင်တယ်”
လင်းရှီ၏အမူအရာသည် ချက်ချင်းပြောင်းသွားပါတော့သည်။ သူမဟာ လုံချန်ကို မယုံနိုင်စွာ ကြည့်လိုက်မိလေသည်။လုံချန်အနေဖြင့် ယခုလိုစကားမျိုးပေါထွက်လိမ့်မည်ဟု လုံးဝမထင်ထားပုံရ သည်။ သူမက ချက်ချင်း အော်ငေါက်လိုက်၏ “နင်….. လူယုတ်မာကောင်… ငါလင်းရှီက သေရမှာ ကြောက်တဲ့လူ မဟုတ်ဘူး၊ ငါ…..”
“ဒါဆို မင်းပါးစပ်ပေါက်ကိုပိတ်ထားလိုက်….”
ဤအချိန်တွင် အဘိုးကြီး ရွှယ့်ယွမ်ဇီက လုံချန်ကို ကြည့်ကာ သတ်ဖြတ်ချင်စိတ်များ တားဆီးမရလောက်အောင်ပင်။၎င်းက သေခါနီးနေသည့်တိုင် သူ့အား ဂရုမစိုက်သလို လုပ်နေကြသည်မဟုတ်ပါလား။ ထို့ကြောင့် သူက မလှမ်းမကမ်းရှိ ယန်ယွဲ့ချင်ကို လှည့်ကြည့်ကာ ပြောလိုက်၏ “မင်းရဲ့သားကို ငါသတ်ပြီးတဲ့အထိ စောင့်ကြည့်နေစမ်း…. ဒါပြီးမှ မင်းနဲ့အတူ ပျော်စရာလေးတွေ ဖန်တီးရတာပေါ့”
ထိုစကားပြောပြီးနောက် ယန်ယွဲ့ချင် ရှေ့မှာပဲ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
ချန်အာ….သတိထားပါ။
ယန်ယွဲ့ချင် ထံမှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် လုံချန် သည် သူ့ရှေ့၌ လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရတော့သည်။ သို့သော် သူလည်း အဆင်သင့်ပြင်ထားပြီးသားဖြစ်သည်။ သူ၏ နဂါးသွေးကြောနယ်ပယ်စွမ်းအားကို အကန့်အသတ်ထိ ထုတ်ဖော်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ထိုက်ချွမ်နဂါးတံဆိပ်ကို အလျဉ်အမြန်ဖန်တီးကာ ရွှယ့်ယွမ်ဇီ အား ချိန်ရွယ်ကာ အားကုန်ရိုက်ချလိုက်တော့သည်။
ရွှယ့်ယွမ်ဇီကတော့ လုံချန်၏ ပြင်းထန်သောတိုက်ခိုက်မှုကို မြင်နေသည့်တိုင်အောင် တုန်လှုပ်သွားခဲ့ခြင်းပင်မရှိပေ။ ထိုအစား သူ့ဆီကနေ ပြင်းထန်သော ဖိအားများပင် ထွက်ပေါ်လာလေသည်။ တစ်ဆက်တည်း စူးရှသော သွေးနီရောင်အလင်းတန်းဟာ လွုချန် ဆီသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာ၏။ သွေးနီရောင်အလင်းတန်းသည် သာမန်ဟုသာ ထင်ရသော်လည်း ၎င်း၌ ပြင်းထန်သော ပျက်စီးခြင်းအရှိန်အဝါများ ပါဝင်နေသည်။ ထိုက်ချွမ်နဂါးတံဆိပ်နှင့် သွေးနီရောင်အလင်းတန်းတို့ တိုက်မိသွားချိန်မှာတော့ လုံချန်သည် သွေးနီရောင်အလင်း၏ မည်မျှ ကြောက်မက်ဖွယ်ကောင်းပုံကို သိရှိသွားတော့သည်။ သူ၏ ထိုက်ချွမ်နဂါး(နဂါးကိုးကောင်လက်ဝါး)တံဆိပ် ဟာ မြေကမ္ဘာအဆင့် ကျင့်ကြံသူ၏ စစ်မှန်သောခွန်အားကို ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။ လုံချန်၏တိုက်ခိုက်မှု သည် ချက်ချင်းပင် ကျိုးပျက်သွား၏။ ထို့နောက်တွင် စူးရှသောသွေးနီရောင်အလင်းတန်းဟာ လုံချန်၏ခန္ဓာကိုယ်အား တည့်တည့်ဝင်ဆောင့်လေတော့သည်။
ချန်အာ ….
ချန်အာ……
လုံချန်……
ယန်ဘိုးဘေးကြီးနှင့် ယန်ယွဲ့ချင်တို့နှစ်ယောက်စလုံး မျက်နှာတွေ ဖြူဖျော့သွားခဲ့၏။ ယန်ယွဲ့ချင် သည် လုံးလုံးမလှုပ်ရှားနိုင်ခဲ့သလို ယန်ဘိုးဘေးကြီးအနေဖြင့်လည်း အဘိုးကြီးပိုင်လီနှင့်တိုက်ခိုက်နေလေရာ သူတို့နှစ်ယောက်လုံး ဘာမှမတတ်နိုင်ကြတော့ပေ။ သူတို့အနေဖြင့် လုံချန်တစ်ယောက် သွေးအန်ထွက်လျက် လွင့်ထွက်သွားသည့်မြင်ကွင်းအား မတတ်သာစွာ စောင့်ကြည့်နေခဲ့ကြရလေသည်။ နောက်ထပ်အော်သံကတော့ လင်းရှီထံမှ ထွက်ပေါ်လာခြင်းပင်။ လုံချန်၏တစ်ကိုယ်လုံး သွေးများဖုံးလွှမ်းနေသည်အား မြင်လိုက်ချိန်မှာ လင်းရှီတစ်ယောက် စိတ်ထဲ၌ ဒေါသအလိပ်လိုက် ထွက်လာတော့သည်။ ဤအချိန်တွင် သူမ၏နှလုံးသားတစ်ခုလုံး ကွဲအက်သွားခဲ့သည့်အလားပင် ဖြစ်သည်။ သူမကိုယ်တိုင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါချေ။
ဤအချိန်၌ အဘိုးကြီးရွှယ့်ယွမ်ဇီ သည် အေးစက်စက်ရယ်မောလျက် လဲကျနေသော လုံချန် ထံသို့ တဖြည်းဖြည်းချဉ်းကပ်လာနေခဲ့သည်။ လူအိုကြီး၏ခန္ဓာကိုယ်ပေါ်ကနေ ပြင်းထန်သော သွေးညှီနံ့များ ပျံ့လွင့်လာသည်။ လင်းရှီ ပင်လျင် ၎င်းကြောင့် မျက်စိမျက်နှာပျက်ကာ တုန်လှုပ်သွားရသည်။ သို့သော်လည်း လုံချန်၏ ပုံပျက်ပန်းပျက်အခြေအနေကို တွေးမိလိုက်ချိန်၌ လင်းရှီ၏နှလုံးသားထဲမှာ ပြင်းထန်သော လူသတ်ချင်စိတ်တွေ ပေါ်လာတော့သည်။….ခွေးအိုကြီး! နင် သူ့ကို အနိုင်ကျင့်ရဲတယ်ပေါ့။ နင် သေရမယ်။
သူမက အဘိုးကြီးရွှယ့်ယွမ်ဇီကိုကြည့်ရင်း ကိုယ့်ကိုကိုယ် ဘာဖြစ်နေမှန်းပင် မေ့လျော့သွားခဲ့သည်။ လင်းရှီ၏နှလုံးသားထဲ၌ သေလုမျောပါးဒဏ်ရာရနေသူကား လုံချန်မဟုတ်ဘဲ သူမကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် လုံချန်သည် သူ့ခန္ဓာကိုယ်ထဲ၌ တမြည့်မြည့်တိုက်စားနေသော မြေကမ္ဘာအဆင့်ကျင့်ကြံသူ၏ ပြင်းထန်သောအဖျက်စွမ်းအားကို ကောင်းကောင်းကြီး ခံစားလိုက်ရပါသည်။
မည်သို့ပင်ဆိုစေကာမူ လုံချန်ကား စိတ်ပျက်အားလျော့သွားခဲ့ခြင်းမရှိပေ။ အကယ်၍ သူသာ စိတ်ဓာတ်ကျပြီး နောက်ဆုတ်လိုက်လျှင် ဤနေရာရှိလူတိုင်း တစ်ယောက်မကျန် အသတ်ခံရမည်မှန်း သိသာနေသည်မဟုတ်ပါလား။
သူ၏ပုခုံးပေါ်တွင် လေးလံသောတာတန်ကို ထမ်းပိုးထားရသည်။ ကံမကောင်းစွာပဲ သူ့အနေဖြင့် ခုခံရန် ခွန်အား လုံးဝမရှိခဲ့ပေ။ မကြာသေးခင်ကမှ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သို့ တက်လှမ်းထားသည့်တိုင်အောင် လံးဝမလုံလောက်ခဲ့ပါ။
“တကယ့်စစ်မှန်တဲ့ စွမ်းအားရှင်တွေက သူတို့ကာကွယ်ပေးချင်တဲ့လူတွေကို ကာကွယ်ပေးနိုင်တာ။ အခုလက်ရှိ ငါ့ခွန်အားက အဲဒီနယ်ပယ်ကို ရောက်ဖို့ အလှမ်းဝေးနေသေးတယ်……”
“မဟုတ်ဘူး….. ငါ ဒီအတိုင်းသေသွားလို့မဖြစ်ဘူး။ငါ့မှာ တခြားလုပ်စရာကိစ္စတွေ အများကြီးကျန်နေသေးတယ်။ ဒီလိုမျိုးဖြစ်လို့မရဘူး။ ငါ….. ငါ ပိုပြီးသန်မာချင်တယ်……”
လုံချန်သည် သူ့ကိုယ်သူ စိတ်ပျက်လျက် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ ဤအချိန်တွင် ရွှယ့်ယွမ်ဇီ၏ တိုက်ခိုက်မှုသည် လုံချန်၏ကိုယ်ပေါ်သို့ကျရောက်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောအဖျက်စွမ်းအင်များ စိမ့်ဝင်ပြန့်နှံ့သွားတော့သည်။ သို့သော် ရုတ်တရက်ဆိုသလိုပဲ လုံချန်၏ခန္ဓာကိုယ်ထဲကနေ ပြင်းထန်သောစွမ်းအင်တစ်မျိုးမျိုး လောင်ကျွမ်းလာသည်။ ထို့နောက် ရွှယ့်ယွမ်ဇီ၏စွမ်းအားကို တိုက်ရိုက်ပင်ဝါးမျိုပစ်ခဲ့လေသည်။
“ဒါ… ဒါက ဘယ်လိုစွမ်းအားမျိုးလဲ…” လုံချန်ကိုယ်တိုင်လည်း ဤအဖြစ်အပျက်ကြောင့် ထိတ်လန့်သွား၏။ “မဟုတ်မှလွဲရော ဒဏ္ဍာရီလာနတ်နဂါးမျိုးနွယ်ရဲ့ နတ်ဘုရားစွမ်းရည် နိုးထလာတာများလား…”
လုံချန်သည် များများစားစားတွေးတောနေရန်အချိန်မရှိပေ။ သို့သော် အခြေအနေက အနည်းငယ်ထူးဆန်းနေသလိုပင်။ အကြောင်းမှာ ရွှယ့်ယွမ်ဇီက နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်လာခြင်းမရှိလို့ပါ။
လုံချန်သည် မျက်လုံးဖွင့်ပြီးကြည့်လိုက်ရာ သူ့ရှေ့တွင် လင်းရှီနတ်ဓား မျောလွင့်နေသည်ကို မြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် တဖြည်းဖြည်း ကြီးမားလျက် ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်မြူများ ဖုံးလွှမ်းသွားတော့သည်။ ထို့အတူ လုံချန်၏ရှေ့၌ မွှေးရနံ့များ သင်းပျံ့ကြိုင်လှိုင်လျှက် လှပသောရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။ အဆိုပါပုံရိပ်ကို မြင်လိုက်သည်နှင့် လုံချန်၏နှလုံးသားတစ်ခုလုံး ပရမ်းပတာဖြစ်သွားခဲ့သည်။
အမှန်တော့ လင်းရှီအတွက် စိုးရိမ်နေခဲ့ခြင်းပင်။ လုံချန်သည် ချက်ချင်းပင် ကမန်းကတန်းတားလိုက်တော့သည် “ရှီအာ… မလုပ်နဲ့…” သို့သော် လင်းရှီသည် ဘာမှမကြားသလိုပင်။ သူမ၏ပုံရိပ်က ရိပ်ခနဲလှုပ်ရှားသွားသည်။ အရှိန်မြန်လွန်းသောကြောင့် ရှင်းလင်းစွာမမြင်နိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ယန်ဘိုးဘေးကြီး အပါအဝင် အခြားလူတိုင်း ထိတ်လန့်သွားကြသည်။ အကြောင်းမှာ အဘိုးကြီးရွှယ့်ယွမ်ဇီ၏ရှေ့၌ ထူးဆန်းသောမိန်းမငယ်လေးတစ်ယောက် ရပ်နေသည်ကို မြင်လိုကြလို့ပင်။ အဘိုးကြီးရွှယ့်ယွမ်ဇီကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။ သို့သော် သူ၏တိုက်ခိုက်မှုကို ထုတ်လွှတ်ရန်တော့ သတိမမေ့ခဲ့ပေ။
“မရဏသွေးစက်ဝန်း လက်သီးချက်…” သူက အေးစက်စက်အော်ဟစ်လျှက် လက်သီးတစ်ချက် ထိုးချလိုက်သည်။
ဂျိန်း…
သွေးရောင်လက်သီးကြီးက ကောင်းကင်ကို ဖုံးလွှမ်းလျှက် လင်းရှီအပေါ်သို့ တည့်တည့်ကျဆင်းလာခဲ့သည်။ သို့သော် လင်းရှီသည် အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်းမရှိပေ။ တစ်ချိန်တည်းမှာပဲ လင်းရှီထံမှ အေးစက်စက်အသံတစ်သံ ပျံ့လွင့်လာသည်။ “အင်မော်တယ်အိပ်မက်ဓားသိုင်း… တိမ်လွှာဓားသွားကခုန်ခြင်း…”
လုံချန်သည် သူ၏အမြင်အာရုံ ရုတ်တရက်ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။ ထို့အတူ လင်းရှီ၏အနီးတစ်ဝိုက်ရှိ အဖြူရောင်မြူများ ဖြည်းညှင်းစွာ ရွေ့လျားလာကာ မရေမတွက်နိုင်သော တိမ်တိုက်များကဲ့သို့ ဓားအရိပ်များ ပေါ်လာသည်။
လုံချန်သည် ဤထူးဆန်းသောတိုက်ခိုက်မှုကြောင့် တုန်လှုပ်သွားမိသည်။ သူ့ရှေ့ရှိ မြင်ကွင်းတစ်ခုလုံး ပုံမှန်ပြန်ဖြစ်မလာခင်မှာပဲ ဖြူဖွေးတောက်ပနေသော ဓားအလင်းတန်းများဟာ ရွှယ့်ယွမ်ဇီ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ရိုက်ခတ်သွားကြောင်း မြင်လိုက်လေသည်။
လူတိုင်း အံ့ဩသွားကြသည်။ လုံချန်သည်လည်း လင်းရှီကို စိုက်ကြည့်နေသည်။ ယခုအချိန်တွင် လင်းရှီသည် အဖြူရောင်မြူခိုးလုံးလေး
တစ်လုံးအဖြစ် ပြောင်းလဲသွားပြီး လင်းရှီနတ်ဓားနှင့် ပေါင်းစပ်သွားခဲ့သည်။ ထို့နောက် အပ်တစ်ချောင်းအရွယ်အစားထိ ကျုံ့လာကာ လုံချန်၏နားထဲသို့ ပြန်ဝင်လာတော့သည်။ လုံချန်၏နှလုံးသားထဲ၌ စိုးရိမ်စိတ်များကြီးစိုးလျက် ဖြစ်နေစဉ်မှာပဲ လင်းရှီ၏ အားပျော့လွန်းသောအသံကို ကြားလိုက်ရသည်။
“ချန်အာ… စိတ်မပူပါနဲ့။ ငါခဏကြာလောက် တစ်ရေးတစ်မောအိပ်လိုက်ဦးမယ်။ ပြီးရင်တော့ အားပြန်ပြည့်လာမှာပါ။ ဒါပေမဲ့ ဒီရိုးရှင်းတဲ့ လှုပ်ရှားမှုက အိပ်မက်လင်ဇီး ၃ ပွင့်ရဲ့ စွမ်းအင်တွေကို အကုန်သုံးလိုက်ရတယ်။ အချိန်တစ်ခုကြာတဲ့အထိ နင့်ကိုကူညီပေးနိုင်မှာမဟုတ်တော့ဘူး။ ကောင်းပြီ… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ…”
လုံချန်သည် စွံ့အလျှက် ဘာပြန်ပြောရမှန်းမသိခဲ့ပေ။ “သူမ… သူမက ငါ့အတွက်နဲ့ ကိုယ့်ကိုယ်ကိုအနစ်နာခံပြီးတိုက်ခိုက်ခဲ့တာလား။ ရှီအာ… မင်းက တကယ့်ကို မိုက်မဲလိုက်တာ…”
ထို့နောက် နေရာမှာပင် မလှုပ်မယှက်ရပ်နေခဲ့သည့် အဘိုးကြီးရွှယ့်ယွမ်ဇီကို အံ့သြမှင်တက်စွာ ကြည့်နေလေသည်……
Translated By Nyi Nyi Soe